အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
📗 Chapter 17
ပန်းကန်ကို ကိုင်ထားရင်း ယဲ့ချန်းယွမ်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ မေးမြန်းလိုက်သည်။
“ဒီနေ့ ဟိုအဘိုးကြီး နင့်ကို ဘာကိစ္စနဲ့လာတွေ့တာလဲ”
ယဲ့ရှောင်ရှောင် ခေတ္တစဉ်းစားလိုက်ပြီး အစ်ကိုဖြစ်သူများကို တပည့်ခံမည့်ကိစ္စ လောလောဆယ် မပြောပြသေးရန် ဆုံးဖြတ်လိုက်ပါသည်။
“သူ့တရုတ်တိုင်းရင်းဆေးဆိုင်မှာ အကူအညီလိုလို့ လာပြောတာပါ”
ယဲ့ချန်းယွမ် အံ့အားသင့်သွားသည်။
“အဲ့တာ အလုပ်လုပ်ရတာနဲ့ ဘာခြားမှာလဲ! နင်က စာသင်ရဦးမှာလေ ရှောင်ရှောင်”
ယဲ့ချန်းရှန့်လည်း လှည့်ကြည့်လာပြီး လေးနက်စွာ ပြောလိုက်သည်။
“နှစ်သစ်ကူးပြီးရင် ကျောင်းတွေ ပြန်ဖွင့်တော့မှာ၊ အခုချိန်မှာ ကျောင်းသူကျောင်းသားတွေအတွက် စာလုပ်ဖို့က ထိပ်တန်းဦးစားပေးဖြစ်သင့်တာ”
“ဟုတ်တယ် ရှောင်ရှောင်၊ သမီးက ငယ်ပါသေးတယ်၊ တခြားဘာမှ စိတ်ပူမနေနဲ့၊ အားလပ်ရက်ကို အကျိုးရှိအောင်သာ အသုံးချ”
မြောင်ဖုန့်ရှန်းကလည်း စိုးရိမ်တကြီး သတိပေးသည်။
“…”
ဤနေရာ၏ ဆောင်းရာသီအားလပ်ရပ်မှာ အတော်ပင်ရှည်လျားသည်ဟု ယဲ့ရှောင်ရှောင် တွေးလိုက်မိပါသည်။
ယဲ့ရှောင်ရှောင်သည် ပညာရေးကိုတော့ လုံးဝ စွန့်လွှတ်မည်မဟုတ်ပေ။
“သမီးအားတဲ့အချိန်ပဲ သွားကူညီပေးမှာပါ၊ ပညာရေးကို မထိခိုက်စေရဘူး စိတ်ချ”
ယဲ့ရှောင်ရှောင်က အခိုင်အမာ အာမခံသဖြင့် ယဲ့ချန်းရှန့်တို့လည်း မတတ်သာဘဲ သဘောတူလိုက်ကြရတော့သည်။
--- --- ---
နောက်တစ်နေ့ နံနက်စောစောအချိန်တွင် ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ အိမ်ပြန်ဖို့ အထုပ်အပိုးများ ပြင်ဆင်ကြရသည်။
ယခုတစ်ခေါက် နှစ်သစ်ကူး လက်ဆောင်ပစ္စည်းများကို ဝယ်ယူမသွားရန် ဆုံးဖြတ်လိုက်ကြသည်။
တောင်တက်လမ်းမှာ အန္တရာယ်များပြားလှသဖြင့် အပိုပစ္စည်းများကိုပါ သယ်ယူရမည်ဆိုလျှင် သူတို့အတွက် စိုးရိမ်စရာ ကောင်းပါသည်။
နှစ်စဉ်နှစ်တိုင်း မိသားစုဝင်များအားလုံး ခရီးအတူထွက်ကြသည့်အချိန်ကျမှ နှစ်သစ်ကူးလက်ဆောင်ပစ္စည်းများကို ဝယ်ယူလျက် စွတ်ဖားများဖြင့် အိမ်သို့ သယ်ယူလေ့ ရှိကြပါသည်။
ယဲ့ရှောင်ရှောင်သည် ကတိပေးထားသည့်အတိုင်းပင် တရုတ်တိုင်းရင်းဆေးဆိုင်သို့ ရောက်ရှိလာခဲ့သည်။
စုန့်ကွမ်းကျင့်သည် ဆိုင်၏ ရှေ့နောက်ဝင်းတစ်ခုလုံးကို သန့်ရှင်းသပ်ရပ်နေအောင် အိပ်ရာစောစောထပြီး သန့်ရှင်းရေး လုပ်ခဲ့လေသည်။
အသက် ၆၀ ဝန်းကျင် ရှိသည်ဟု ထင်ရသော ဆရာကြီးမှာ ခက်ခဲသော အတိတ်ကာလများကို ဖြတ်သန်းခဲ့ရသူဖြစ်ရာ ပုံမှန်ထက် ပိုမို အိုမင်းရင့်ရော်နေခဲ့ပါသည်။
ယဲ့ရှောင်ရှောင်၏ ပါရမီကို မျက်မြင်တွေ့ခဲ့ရခြင်းကြောင့်သာ မဟုတ်လျှင် တပည့်တစ်ယောက်ထားဖို့ စိတ်ကူးမိခဲ့မည် မဟုတ်ချေ။
ယဲ့ရှောင်ရှောင်သည် ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ဆိုင်ထဲတွင် ထိုင်နေသည့် စုန့်ကွမ်းကျင့်ကို မြင်လိုက်ရပါသည်။
“ဝင်ခဲ့ ကလေးမ၊ ဒီအဘိုးကြီးကို ကြိုက်သလိုသာ စမ်းသပ်လိုက်စမ်းပါ”
ယဲ့ရှောင်ရှောင်သည် အဘိုးအိုထံသို့ တည်တည်ငြိမ်ငြိမ်လျှောက်သွားကာ ဆိုလိုက်သည်။
“မလောပါနဲ့ဦး၊ အရင်ဆုံး ကျွန်မတို့အချင်းချင်း မိတ်ဆက်သင့်တယ် မထင်ဘူးလား”
စုန့်ကွမ်းကျင့် ခေါင်းညိတ်ကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်လေသည်။
“ငါ့နာမည်က စုန့်ကွမ်းကျင့်၊ အသက် ၅၂ နှစ်ရှိပြီ၊ အရင်က ပေကျင်းမှာ နေဖူးပေမယ့် နောက်တော့ ဟေးယွင်ဘက်ကိုပြောင်းလာပြီး ဘယ်တော့မှ ပြန်မသွားတော့ဘူး”
ယဲ့ရှောင်ရှောင်ကလည်း မိတ်ဆက်လိုက်သည်။
“ကျွန်မနာမည်က ယဲ့ရှောင်ရှောင်ပါ၊ အသက် ၁၇ နှစ်ရှိပြီ၊ ကျွန်မလည်း ပေကျင်းမြို့ကလာခဲ့တာပဲ၊ ဒါပေမယ့် ဒီမှာ အထက်တန်းပြီးအောင် အရင်တက်ရမှာ၊ နောက်နှစ်ကျရင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေရတော့မှာဆိုတော့ အဘိုးရဲ့ တပည့်ဖြစ်လာရင်တောင် ဆေးပညာတွေ သင်ဖို့ အချိန်အများကြီးပေးနိုင်မှာ မဟုတ်ဘူးနော်”
သူမသည် ပညာကို အဆုံးထိ ဆက်လက်သင်ယူရန်ဆုံးဖြတ်ထားပြီး တက္ကသိုလ်တက်သည့်အခါ ဆေးပညာမဟာဌာနသို့ လျှောက်ထားရန် ရည်ရွယ်ထားပါသည်။
“နောက်နှစ်စာမေးပွဲအောင်ရင် တက္ကသိုလ်တက်ရတော့မှာပေါ့ ဟုတ်လား၊ သိပ်ကောင်းတာပေါ့!”
စုန့်ကွမ်းကျင့် ရုတ်တရက် စိတ်လှုပ်ရှားသွားပါသည်။
“တက္ကသိုလ်ရွေးရမယ်ဆိုရင် ကျိန်းသေပေါက် ကျင့်ဟွာတက္ကသိုလ်ကိုပဲရွေးနော်၊ နိုင်ငံတော်ထဲမှာ တရုတ်တိုင်းရင်း ဆေးပညာကို သင်ကြားပေးနိုင်တဲ့ လက်ချိုးရေတွက်လို့ရတဲ့ တက္ကသိုလ်တွေထဲက တစ်ခုပဲ”
ယဲ့ရှောင်ရှောင်: “…”
နိုင်ငံတော်၏ ထိပ်တန်းတက္ကသိုလ်တစ်ခုကို တက်နိုင်သည်မတက်နိုင်သည်ကို ခေတ္တဘေးချိတ်ထားလျှင်ပင် ကျင့်ဟွာတက္ကသိုလ်ဟူသည်မှာ ပေကျင်းမြို့တွင် တည်ရှိနေသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။
ယဲ့ရှောင်ရှောင် လုံးဝ မသွားဖို့ ဆုံးဖြတ်ထားသည့် နေရာကလည်း ပေကျင်းမြို့ပင် မဟုတ်ပါလား။
တွန့်ဆုတ်သွားသည့် ယဲ့ရှောင်ရှောင်ကို ကြည့်ရင်း စုန့်ကွမ်းကျင့် အံ့အားသင့်စွာ မေးလိုက်ပါသည်။
“ဘာဖြစ်လို့တုန်း… နင့်မှာ တခြားအစီအစဉ်ရှိလို့လား”
“လောလောဆယ်တော့ မရှိသေးပါဘူး”
ယခုအချိန်မှာ ထိုကိစ္စကို ဆွေးနွေးဖို့ အချိန်မဟုတ်သေးပေ။
ယဲ့ရှောင်ရှောင်သည် သူမ ပြင်ဆင်ထားသော ခက်ခဲလှသည့် ဆေးပညာပုစ္ဆာတစ်ပုဒ်ကို စုန့်ကွမ်းကျင့်အား ပေးကာ စမ်းသပ်ဖို့ ယနေ့ ရောက်လာခဲ့ခြင်းဖြစ်ပါသည်။
ထိုမေးခွန်းသည် သူမအဘိုး၏ မှတ်စုထဲတွင် တွေ့ခဲ့ရသည့် ရှုပ်ထွေးလှသော ရှားပါးရောဂါအခြေအနေတစ်ခုနှင့် သက်ဆိုင်နေသည်။
ယဲ့ရှောင်ရှောင်သည် အသင့်ပြင်ဆင်လာသည့် မေးခွန်းကို ကမ်းပေးကာ ဆိုလိုက်သည်။
“သမီးကို လမ်းညွှန်ပေးပါဦး ဆရာကြီးစုန့်”
စုန့်ကွမ်းကျင့်သည် မေးခွန်းကိုယူကာ သေသေချာချာ ဖတ်ရှုကြည့်လိုက်ပါသည်။
ရလဒ်မှာ မည်သို့ပင်ဖြစ်စေကာမူ သူ၏ တည်ငြိမ်အေးဆေးမှုက ချီးကျူးစရာကောင်းလှပေသည်။
“ဒီလိုရောဂါမျိုး ငါတစ်ခါမှ မတွေ့ဖူးဘူး…”
ထို့အပြင် လူနာနှင့်မျက်နှာချင်းဆိုင် တွေ့ဆုံနေရခြင်းမဟုတ်ဘဲ စာဖြင့်ဖော်ပြချက်ကိုသာ ဖတ်ရှုရခြင်းသည် ဆရာဝန်တစ်ယောက်ကို လမ်းလွဲသွားစေနိုင်ပါသည်။
စုန့်ကွမ်းကျင့်သည့် ဆေးဆိုင်၏ ကောင်တာတွင် ထိုင်လျက် အကြာကြီး စဉ်းစားပြီးနောက် စက္ကူပေါ်တွင် ဆေးအမျိုးအမည်အချို့ကို ချရေးလိုက်သည်။
“ကလေးမ၊ ငါ့ကို စမ်းသပ်ဖို့ အဖြေတွေပါ ကြိုတင်ပြင်ဆင်လာတယ်မလား၊ ငါရေးပြီးတဲ့အထိ စောင့်မနေနဲ့ဦး၊ နင်ကိုယ်တိုင်လည်း နားမလည်ဘဲ နေဦးမယ်”
ယဲ့ရှောင်ရှောင်က ယုံကြည်မှုရှိရှိပြုံးကာ ဆိုလိုက်သည်။
“သမီးကို အထင်မသေးပါနဲ့ ဆရာကြီးရဲ့၊ သမီးနားလည်တာ သေချာပါတယ်”
ယခင်ဘဝက သူမ၏ အဘိုးဖြစ်သူ အသက်ရှိစဉ်က ဤရှားပါးရောဂါအကြောင်းကို သူမနှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ဖူးသည် မဟုတ်ပါလား။
စုန့်ကွမ်းကျင့်သည် စာရွက်ပေါ်မှ မင်များကို ခြောက်သွားအောင် လေဖြင့် မှုတ်ကာ ပြောလိုက်သည်။
“ပြီးသွားပြီ”
ယဲ့ရှောင်ရှောင် စာရွက်ကို ယူကြည့်လိုက်ရာ အလွန်အံ့အားသင့်သွားခဲ့ရပါသည်။
ဆရာကြီးစုန့်ရေးပေးလိုက်သည့် ဆေးညွှန်းမှာ သူမအဘိုးနှင့် ဆွေးနွေးခဲ့သော နောက်ဆုံးအဖြေနှင့် လွန်စွာနီးစပ်နေခြင်းကြောင့်ပင်။
ထို့အပြင် ဤရောဂါမျိုးကို စုန့်ကွမ်းကျင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်း ဖြစ်သည်။
ယဲ့ရှောင်ရှောင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
“ဆရာကြီးစုန့်၊ ဆရာကြီးဆီမှာ ကျွန်မ တပည့်အဖြစ် ခံယူပါရစေ”
စုန့်ကွမ်းကျင့်၏ အပြုံးမှာ တဖြည်းဖြည်းကျယ်လာပြီး နောက်ဆုံးတွငင် အားရပါးရ ရယ်မောလိုက်တော့သည်။
“ဟားဟားဟားဟား! ကောင်းတယ် သိပ်ကောင်းတယ်၊ ဒီနေ့ဒီအချိန်ကစပြီး မင်းက စုန့်ကွမ်းကျင့်ဆိုတဲ့ ငါ့ရဲ့ တပည့်ရင်း ဖြစ်သွားပြီ၊ တကယ်ဆိုရင် တပည့်ခံယူပွဲ အခမ်းအနားလေးတစ်ခုပါ ကျင်းပသင့်တာ၊ ဒါပေမယ့် ဒီနေရာက ကျဉ်းကျဉ်းလေးဖြစ်နေတယ်၊ ပေကျင်းကို ပြန်ရောက်တဲ့အခါကျမှ တပည့်ခံယူပွဲတစ်ခု ခမ်းခမ်းနားနား ကျင်းပပေးမယ် ဟုတ်ပြီလား”
ယဲ့ရှောင်ရှောင်သည် တစ်စုံတစ်ခု မူမမှန်သည်ကို ရိပ်မိသွားခဲ့သည်။
ဆရာကြီးစုန့်မှာ သာမန်လူတစ်ယောက် ဟုတ်ပုံမရပေ။
သို့သော် စုန့်ကွမ်းကျင့်သည် နောက်ဖေးဝင်းထဲသို့ လှည့်ထွက်သွားပြီဖြစ်ကာ ယဲ့ရှောင်ရှောင်ကိုလည်း လှမ်းခေါ်လိုက်ပါသည်။
“လာခဲ့လာခဲ့၊ ငါ့တပည့်အတွက် အထူးတလည် ပြင်ဆင်ထားတာတစ်ခု ရှိတယ်”
ယဲ့ရှောင်ရှောင်လည်း နောက်ဖေးဝင်းထဲ ဆင်းလာခဲ့ပါသည်။
နောက်ဖေးဝင်းသည် မကျယ်ပြန့်လှသော်လည်း ရေတွင်းတစ်တွင်းနှင့် နံရံဘေးတွင် လဆောင်းသစ်ပင်ကြီးတစ်ပင်ရှိရာ ကဗျာဆန်လှပေသည်။
စုန့်ကွမ်းကျင့်၏ ဝင်းအတွင်း၌ ဆေးပင်များသိုလှောင်ထားသော အခန်းငယ်လေးခန်းရှိပြီး လေထုထဲတွင် ဆေးမြစ်ခြောက်နံ့များ ပျံ့လွင့်နေလေသည်။
အိမ်မကြီးတွင် အခန်းကြီး သုံးခန်းနှင့် အခန်းငယ် တစ်ခန်းတို့ ရှိသေးသည်။
စုန့်ကွမ်းကျင့်သည် အိမ်မကြီး၏ အိပ်ခန်းထဲသို့ဝင်ကာ သေတ္တာလေးတစ်လုံးကို ယူဆောင်လျက် ယဲ့ရှောင်ရှောင်အား ပေးလိုက်ပါသည်။
အထဲတွင် ကျောက်စိမ်းဖြူ တံဆိပ်ပြားလေးတစ်ခု ရှိနေပါသည်။
ထိုကျောက်စိမ်းမှာ ချောမွေ့ဝင်းပနေပြီး အရည်အသွေးအလွန်ကောင်းမွန်မှန်း သိသာသည်။
တံဆိပ်ပြား၏ အောက်ဘက်တွင်မူ ‘မေတ္တာနှင့်သီလ’ဟူသော စာလုံးများကို ရေးထွင်းထားလေသည်။
စုန့်ကွမ်းကျင့်က အတိတ်ကို ပြန်လည်အောက်မေ့သတိရဟန်ဖြင့် ရှင်းပြလိုက်ပါသည်။
“ငါ့ဆရာဆီမှာ ငါတပည့်ခံခဲ့တုန်းက သူပေးခဲ့တဲ့ တံဆိပ်ပြားလေးပဲ၊ မေတ္တာနဲ့ သီလတဲ့၊ ငါတို့လို ဆေးပညာ လေ့လာသင်ယူနေတဲ့လူတွေက အဲ့ဒီစကားလုံးနှစ်လုံးကို ဘယ်တော့မှ မေ့ပျောက်လို့မဖြစ်ဘူး”
ယဲ့ရှောင်ရှောင်က လက်ဆောင်ကို တရိုတသေ လက်ခံလိုက်ပါသည်။
“ကျွန်မ မှတ်ထားပါ့မယ် ဆရာကြီး”
စုန့်ကွမ်းကျင့်သည် ‘ဆရာကြီး’ဟူသည့် ခေါ်သံကြောင့် အလွန်ပျော်ရွှင်သွားခဲ့ပါသည်။
“အရင်တစ်ခေါက်က ကတိပေးထားတဲ့အတိုင်းပဲ ငါ့တပည့်ဖြစ်လာပြီဆိုတော့ နင့်ကို လစာပေးမယ်၊ ဘာမှစဉ်းစားစရာမလိုဘူး၊ ဆရာက တပည့်ကို မုန့်ဖိုးပေးတယ်လို့ပဲ သဘောထားလိုက် ဟုတ်ပြီလား”
စုန့်ကွမ်းကျင့်သည် စကားတည်ခဲ့ပြီး ယွမ် ၁၀ တန် ငါးရွက်ကို ထုတ်ကာ ယဲ့ရှောင်ရှောင်အား ပေးလိုက်သည်။
ယဲ့ရှောင်ရှောင် ပို၍ပင် စိတ်မသက်မသာ ဖြစ်လာပါသည်။
သူမ၏ ဆရာကြီးတွင် လျှို့ဝှက်ချက်များ ကျိန်းသေပေါက် ရှိနေနိုင်သည်။
ဤဆေးဆိုင်တစ်ဆိုင်လုံး၏ တစ်လဝင်ငွေမှာ ယွမ် ၅၀ မရှိနိုင်လောက်သဖြင့် သူ့စုငွေများကို ထုတ်ပေးနေခြင်းသာ ဖြစ်ပါလိမ့်မည်။
“များလွန်းပါတယ် ဆရာကြီး”
စုန့်ကွမ်းကျင့် လက်ခါပြကာ ပြောလိုက်သည်။
“မများပါဘူး၊ ဒါပေမယ့် ငါ့ဆီမှာတော့ ပညာကို သေချာသင်ယူရမယ်၊ လေးနက်မှုမရှိရင် ငါက အပြစ်ပေးတတ်တယ်”
ယဲ့ရှောင်ရှောင်ကိုယ်တိုင်က တရုတ်တိုင်းရင်းဆေးပညာကို လိုလိုလားလား သင်ယူချင်သူဖြစ်ရာ ကြိုးစားဖို့ကို သတိပေးစရာ မလိုအပ်ပေ။
ယဲ့ရှောင်ရှောင်သည် တရုတ်တိုင်းရင်းဆေးဆိုင်တွင် တစ်နေကုန်နီးပါး ဆေးပင်များကို အမျိုးအစားခွဲခြားခဲ့ရသည်။ သူမ၏ အခြေခံမည်မျှရှိသည်ကို ဆရာကြီးစုန့်က စမ်းသပ်နေခြင်းပင်။
ဆောင်းရာသီတွင် နေ့လယ်စာ မစားကြဘဲ တစ်နေ့လျှင် နှစ်နပ်သာ စားတတ်ကြပါသည်။
ထို့ကြောင့် ညနေ ၃ နာရီထိုးသောအခါ စုန့်ကွမ်းကျင့်က ပြောလိုက်သည်။
“ဒီနေ့တော့ ဒီလောက်ပဲ၊ အိမ်စောစောပြန်လိုက်တော့”
ယဲ့ရှောင်ရှောင်ကလည်း ဆေးပင်များကို သေချာသိမ်းဆည်းကာ မတ်တပ်ရပ်လိုက်ပါသည်။
“ဟုတ်ကဲ့ပါဆရာကြီး၊ မနက်ဖြန် ပြန်လာခဲ့မယ်နော်”
ယနေ့တော့ အိမ်တွင် ယဲ့ရှောင်ရှောင်နှင့် မြောင်ဖုန့်ရှန်းတို့ မြေးအဘိုးနှစ်ဦးသာ ရှိသည်။
မြောင်ဖုန့်ရှန်းသည် ယုန်တစ်ကောင်ကို ထပ်မံသတ်လိုက်ပြန်သည်။
“အဘိုး ယုန်တွေ ထပ်သတ်ပြန်ပြီလား”
မြောင်ဖုန့်ရှန်း: “ရာသီဥတုက အေးနေပြီလေ၊ ယုန်တွေကို အသက်ရှင်အောင်မွေးဖို့ မလွယ်တော့ဘူး၊ ပြီးတော့ သူတို့ကို ကျွေးဖို့လည်း လုံလုံလောက်လောက်မရှိတော့ဘူး၊ အဲ့တော့ အဘိုးတို့ပဲ စားပစ်လိုက်တာ ပိုကောင်းပါတယ်”
သို့သော် အဘိုးဖြစ်သူသည် သူမကို ဟင်းကောင်းကျွေးချင်သဖြင့် ဆင်ခြေပေးနေခြင်းသာဖြစ်မှန်း ယဲ့ရှောင်ရှောင် နားလည်ပါသည်။
ယုန်များကို ဆက်မမွေးနိုင်တော့လျှင်ပင် အသားအတွက် ရောင်းချနိုင်ပါသည်။ အားလုံးကို စားပစ်လိုက်၍ မဖြစ်ပေ။
“ဒီနေ့ ဆေးဆိုင်မှာ အခြေအနေဘယ်လိုရှိလဲ၊ အရမ်းပင်ပန်းခဲ့လား”
ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်သည်။
“ဆေးပင်တွေ အမျိုးအမည်ခွဲပြီး စီစဉ်ပေးရုံပါပဲ၊ ဘာမှမပင်ပန်းဘူး”
ထိုစကားကြားခါမှ မြောင်ဖုန့်ရှန်း စိတ်အေးသွားခဲ့ပါသည်။
“ဒါဆိုလည်း ကောင်းတာပေါ့၊ အရမ်းပင်ပန်းရတယ်ဆိုရင် ဆက်မလုပ်နဲ့၊ ထွက်သာထွက်လိုက် ဟုတ်ပြီလား”
ယဲ့မိသားစုတွင် ဟောက်ယန်ယန်ရှိစဉ်က သူမကို တစ်မိသားစုလုံး အလုပ်မခိုင်းရက်ခဲ့ကြပေ။ ပိုင်ချွမ်ရွာရှိ လူတိုင်းသည် မည်သည့်အလုပ်မှ မလုပ်ရသည့် ယဲ့ကျန်းကော်၏ သမီးဖြစ်သူကို မနာလိုအားကျခဲ့ကြရသည်။
ယခုတော့ တစ်နေကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်နေရသည့် ယဲ့ရှောင်ရှောင်ကို မြင်သောအခါ မြောင်ဖုန့်ရှန်းတစ်ယောက် အမှန်တကယ် အပြစ်ရှိသလို ခံစားရပါသည်။
📗 Chapter 18
ယဲ့ရှောင်ရှောင်မှာမူ လူကြီးသူမများ၏ စိုးရိမ်ပူပန်မှုများကို သတိမထားမိဘဲ အရာရာကို ကိုယ့်နည်းလမ်းနှင့်ကိုယ်သာ ဆောင်ရွက်ခဲ့ပါသည်။
နောက်တစ်နေ့တွင် ယဲ့ရှောင်ရှောင်သည် ဆေးဆိုင်သို့မသွားမီ စာတိုက်သို့ အရင်ဆုံး သွားခဲ့သည်။
အံ့အားသင့်ဖို့ကောင်းစွာဖြင့် သူမအတွက် ပါဆယ်ထုပ်တစ်ခုရောက်နေပါပြီ။
အလွန်ကြီးမားသည့် သေတ္တာကြီးတစ်လုံးဖြစ်ရာ တစ်ယောက်တည်း သယ်ဆောင်ဖို့ပင် အခက်တွေ့နေလေသည်။
ယဲ့ရှောင်ရှောင် တွေးလိုက်မိသည်။
“ငါတော့မှားပြီ၊ ကူသယ်ပေးမယ့်သူတစ်ယောက် ခေါ်လာခဲ့သင့်တာ”
သေတ္တာအပြင် စာတစ်စောင်လည်း ပါလာသေးသည်။ စာအိတ်ကို ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် ငွေလွှဲလက်မှတ်တစ်စောင်ကို တွေ့လိုက်ရပါသည်။
သွမ်လဲ့သည် သူမထံသို့ ယွမ်တစ်ထောင်ပင် ပို့လိုက်လေသည်။
ယဲ့ရှောင်ရှောင်သည် ငွေလွှဲလက်မှတ်နှင့် စာတို့ကို သေသေချာချာ သိမ်းဆည်းလိုက်ပြီး သေတ္တာကို မည်သို့ အိမ်ပြန်သယ်ရမှန်းမသိဘဲ အခက်တွေ့နေတော့သည်။
ကံကောင်းစွာဖြင့် စာတိုက်အဝင်ဝတွင် ရစ်သီသီလုပ်နေသည့် သူမကို စာတိုက်ဝန်ထမ်းတစ်ဦးက သတိပြုမိသွားပြီး သေတ္တာကို အိမ်သို့ရောက်အောင် ကူညီသယ်ဆောင်ပေးမည်ဟု ကမ်းလှမ်းခဲ့ပါသည်။
ယဲ့ရှောင်ရှောင်လည်း သေတ္တာကို မြောင်ဖုန့်ရှန်း၏ အိမ်သို့ ပို့ပေးဖို့ ဝန်ထမ်းကို အကူအညီတောင်းလိုက်ရတော့သည်။
သူမကတော့ စာနှင့် ငွေလွှဲလက်မှတ်တို့ကိုသာ ယူဆောင်လာပြီး ဆေးဆိုင်သို့ရောက်သောအခါ ဖွင့်ဖတ်ကြည့်ခဲ့ပါသည်။
သွမ်လဲ့ အိမ်ပြန်ရောက်သွားသောအခါ မိဘများ၏ အပြစ်ပေးခြင်းကို ခံခဲ့ရသော်လည်း နောင်တွင် ပြဿနာမရှာဘဲ စာကိုသာ ကြိုးစားသင်ယူပါမည်ဟု ကတိပေးခဲ့သဖြင့် အိမ်မှထွက်ပြေးသည့်ပြဿနာ ပြေလည်သွားခဲ့ပါသည်။
နေအိမ်အကျယ်ချုပ်မှ သွမ်လဲ့ ပြန်လည်လွတ်မြောက်လာသည်နှင့် စာအုပ်များကို အသည်းအသန်ဖတ်ရှုကာ ဆရာဖြစ်သူထံမှလည်း အထက်တန်း သင်ခန်းစာများကို တောင်းယူခဲ့လေသည်။
ယဲ့ရှောင်ရှောင်ထံသို့ ယခုပို့လိုက်သော ယွမ်တစ်ထောင်မှာလည်း သူစာကြိုးစားသည့်အတွက် မိခင်ဖြစ်သူက ပေးသော မုန့်ဖိုးများပင်ဖြစ်ပေသည်။
လေ့လာစရာ သင်ခန်းစာများနှင့် ငွေအားလုံးကို ယဲ့ရှောင်ရှောင်ထံသို့ သူပို့ပေးခဲ့ပါသည်။
ထို့နောက် စစ်တပ်ဝင်းထဲက လက်ရှိအခြေအနေများကိုလည်း စာထဲတွင် သွမ်လဲ့ ရှင်းပြထားသေးသည်။
သူမ၏ မိတ်ဆွေဟောင်းများစွာက သူမပြန်လာမည့် အချိန်ကို စောင့်မျှော်နေကြပါသည်။
တစ်ဖက်တွင် ဟောက်ယန်ယန်သည် စစ်တပ်ဝင်းထဲတွင်နေထိုင်နေရပြီဖြစ်သော်လည်း မည်သူကမှ သူမကို အဖက်မလုပ်ကြပေ။
သူတို့သည် ဟောက်ယန်ယန်ကို ဝိုင်းပယ်ထားခြင်းကြောင့် မဟုတ်ဘဲ သူမကိုယ်တိုင်က အခြားကမ္ဘာတစ်ခုမှလာသည့် လူတစ်ယောက်သဖွယ် ဖြစ်နေခြင်းကြောင့်ဟု သွမ်လဲ့က ဆိုလေသည်။
ထို့အပြင် ရှုကျမ့်ဝမ်ကလည်း သူမအကြောင်းကို လိုက်လံစုံစမ်းနေပြီး လာရောက်တွေ့ဆုံချင်နေသည်ဟု ဆိုပါသည်။
ရှုကျမ့်ဝမ်ကို သွမ်လဲ့ အမှန်အတိုင်း ပြောရကောင်း မပြောရကောင်း ဝေခွဲမရဖြစ်ခဲ့ရသည်။
ထိုအကြောင်းအရာများကို ဖတ်ရှုပြီးနောက် ယဲ့ရှောင်ရှောင် အနည်းငယ် ပြုံးလိုက်မိပါသည်။
ဟောက်ယန်ယန်နှင့် ပတ်သတ်သည့် ဇာတ်လမ်းများက ထင်မှတ်ထားသည့်အတိုင်း စတင်နေလေပြီ။
ဇာတ်လိုက်မင်းသမီးဖြစ်သည့် ဟောက်ယန်ယန်သည် မကြာမီ ပြောင်းလဲလာခဲ့ပြီး သူမ၏ ပြတ်သားခိုင်မာသော စိတ်ဓာတ်ကြောင့် သူမကို အထင်အမြင်သေးခဲ့ကြသူများကိုပင် သိမ်းသွင်းနိုင်ပါလိမ့်မည်။
ဇာတ်လိုက်မင်းသားဖြစ်သူ ရှုကျမ့်ဝမ်သည်လည်း အစပိုင်းတွင် ဇာတ်လိုက်မင်းသမီးကို အထင်မကြီးသော်ငြား သူမ ပြောင်းလဲလာခဲ့ပြီးနောက် စွဲလမ်းသွားခဲ့ပြီး နှစ်ယောက်သား နောက်ဆုံးတွင် ချစ်ကြိုက်သွားကြလိမ့်မည်။
ယဲ့ရှောင်ရှောင် စာရွက်နှင့် ဖောင်တိန်တစ်ချောင်းတို့ကိုထုတ်ကာ သွမ်လဲ့ထံသို့ စာတစ်စောင်ပြန်ရေးပေးလိုက်ပါသည်။
ယခုတစ်ခေါက်တော့ သင်ခန်းစာများနှင့် ငွေတို့ကို လက်ခံလိုက်ပါမည်။
သို့သော် နောက်နောင် ငွေတွေထပ်မပို့တော့ဖို့ သေချာမှာ ကြားလိုက်သည်။ မဟုတ်ပါက သူ့ထံသို့ ပြန်စာရေးပေးတော့မည် မဟုတ်ကြောင်းဆိုခဲ့ပါသည်။
သွမ်လဲ့ စိတ်မပူရစေဖို့အတွက် သူမတွင် ယခုရှိနေသည့် ငွေနှင့်သာဆို တက္ကသိုလ်ကိုပင် အေးအေးလူလူ တက်နိုင်ပြီ ဖြစ်ပြီး လက်ထဲတွင် ငွေများစွာ ကိုင်ထားရပါက စိတ်မသက်မသာဖြစ်ရသည်ဟု ယဲ့ရှောင်ရှောင် ရှင်းပြခဲ့ပါသည်။
သူမသည် ထိုငွေများကို သွမ်လဲ့ထံမှ ချေးယူထားသည့်ငွေဟုသာ သဘောထားကာ နောက်ပိုင်း ပြန်ဆပ်ဖို့လည်း စိတ်ကူးထားသည်။ ထို့ကြောင့် အကြွေးထပ်များလာလျှင် သူမ စိတ်ဖိစီးရပါလိမ့်မည်။
စာအဆုံးတွင် အသိပညာဖြင့် ကံကြမ္မာကိုပြောင်းလဲနိုင်ကြောင်းနှင့်၊ အခြားသူတို့၏ကိစ္စများတွင် မဆိုင်ဘဲ ဝင်မပါသင့်ကြောင်း သွမ်လဲ့ကို ယဲ့ရှောင်ရှောင် သတိထပ်ပေးလိုက်ပါသည်။
ထို့အပြင် သူမ ရှိနေသည့် နေရာကိုလည်း မည်သည့်အကြောင်းကြောင်းနှင့်မှ ရှုကျမ့်ဝမ်အား ပြောမပြဖို့ သေချာ သတိပေးလိုက်သည်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမဖြေခင်ကာလတွင် စာကိုသာ အာရုံစိုက်ထားချင်သည်ဟု ယဲ့ရှောင်ရှောင် အကြောင်းပြချက်ပေးခဲ့လေသည်။
စာရေးသားပြီးနောက် ဖောင်တိန်နှင့် စာရွက်တို့ကို ပြန်သိမ်းလိုက်သည်။
နောက်မှ စာကိုပေကျင်းမြို့သို့ပြန်ပို့ပေးဖို့ စီစဉ်ထားပါသည်။
ထို့နောက် သူမ၏ နေ့စဉ်လုပ်ငန်းဆောင်တာများဖြစ်သော စာလေ့လာခြင်းနှင့် အလုပ်လုပ်ခြင်းတို့ကို စတင်ခဲ့တော့သည်။
ဆေးဆိုင်တွင် အချိန်များ အလွန်လျှင်မြန်စွာ ကုန်ဆုံးခဲ့သည်။ စုန့်ကွမ်းကျင့်သည်လည်း သူ့တပည့်လေးအပေါ် အလွန်စိတ်ကျေနပ်မှုရှိနေသည်။
သူမသည် ငယ်ရွယ်ထက်မြက်သည့်အပြင် ပါရမီလည်း ပြည့်ဝလှသည်။
သူမကိုသာ ပေကျင်းမြို့သို့ ပြန်ခေါ်သွားနိုင်လျှင် အခြားသူတွေ မနာလိုဝန်တို ဖြစ်ကုန်ကြပါလိမ့်မည်။
--- --- ---
အဘိုးဖြစ်သူ၏အိမ်သို့ ယဲ့ရှောင်ရှောင် ပြန်ရောက်လာသောအခါ အတွင်းဘက်မှ စကားပြောသံအချို့ကို ကြားလိုက်ရသည်။
ယဲ့ရှောင်ရှောင် အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ယဲ့ကျန်းကော်တို့ လင်မယား၊ ယဲ့ချန်းချင့်၊ ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ကို သိုက်သိုက်မြိုက်မြိုက် မြင်လိုက်ရလေသည်။
ထို့အပြင် ယဲ့ရှောင်ရှောင် သိပ်မရင်းနှီးသည့် လင်မယားနှစ်ယောက်လည်း ပါပါသေးသည်။ ယဲ့ကျန်းကော်တို့နှင့် သက် တူရွယ်တူလောက်ရှိမည်ဟု ထင်ရသည်။
ထိုသူတို့သည် ယဲ့ချန်းယွမ်၏မိဘများဖြစ်ကာ သူမ၏ ဦးလေးနှင့် ဒေါ်လေးတို့ဖြစ်ရမည်ဟု ယဲ့ရှောင်ရှောင် ခန့်မှန်းလိုက်ပါသည်။
“ရှောင်ရှောင် ပြန်လာပြီပဲ”
တံခါးဝတွင်ရှိနေသည့် အဘိုးမြောင်က ယဲ့ရှောင်ရှောင်ကို ဦးစွာ မြင်လိုက်ပါသည်။
မြောင်စွေ့ဖန်းလည်း ချက်ချင်းဆိုသလိုပဲ ခေါင်းလှည့်လာလေသည်။
“သမီးလေး ဒီလာပါဦး၊ အရမ်းပိန်သွားတာပဲ”
ယဲ့ရှောင်ရှောင်မှာမူ မိမိကိုယ်မိမိ ပိန်သွားသည်ဟု မထင်မိသော်လည်း တစ်လခန့် လေ့ကျင့်ခန်းမှန်မှန် လုပ်ထားသဖြင့် ခန္ဓာကိုယ် ပိုမိုကျစ်လျစ်သွားသည်ကတော့ အမှန်ပင်ဖြစ်သည်။
“အမေတို့… အားလုံး ဘာလို့ရောက်လာကြတာလဲ”
ယဲ့ရှောင်ရှောင်သည် လူအများကြီးနှင့် တွေ့ဆုံရခြင်းကို သိပ်အသားမကျသေးပါ။
ထိုအခါ မြောင်စွေ့ဖန်း၏မျက်နှာက အလွန်တည်ကြည်လေးနက်သွားပြီး ပြတ်ပြတ်သားသား ပြောလိုက်ပါသည်။
“ရှောင်ရှောင်၊ သမီးနဲ့ ယဲ့ချန်းရှန့်တို့ ပို့ပေးလိုက်တဲ့ ငွေတွေကို အမေတို့ လက်မခံနိုင်ဘူး”
ယဲ့ချန်းရှန့် ငွေတွေယူပြီး အိမ်ပြန်လာသောအခါ တစ်မိသားစုလုံး အံ့အားသင့်ခဲ့ရသည်။
သေသေချာချာ ဆွေးနွေးတိုင်ပင်ပြီးနောက် ထိုငွေများက ယဲ့ရှောင်ရှောင်၏ငွေများသာဖြစ်သည်ဟု တစ်မိသားစုလုံး သဘောတူလက်ခံခဲ့ကြပါသည်။
မိသားစုအကြီးအငယ်အားလုံးက ကလေးမလေးတစ်ဦးထံမှ ငွေကို မည်သို့ ယူရက်ပါမည်နည်း။
ထိုအချိန်တုန်းက ယဲ့ချန်းချင့်သည်လည်း ဤသို့ ဆိုခဲ့သည်။
“အဖေနဲ့အမေ၊ ဒီငွေတွေကို ညီမလေးလက်ထဲပဲ ပြန်ထည့်ပေးသင့်တယ်၊ နွေဦးရာသီရောက်ရင် ကျွန်တောင် မိုင်းတွင်းမှာ အလုပ်သွားလုပ်မယ်၊ ကျွန်တော်တို့မိသားစု မငတ်စေရပါဘူး”
ထို့ကြောင့် တစ်မိသားစုလုံး သေသေချာချာ ဆွေးနွေးတိုင် ပင်ပြီးနောက် ဤသို့ ရောက်လာရခြင်းဖြစ်ပါသည်။
အိမ်မှထွက်လာစဉ်က ယဲ့မိသားစု၏ အစ်ကိုအကြီးဆုံးနှင့်ဆုံခဲ့ရပြီး ယဲ့ချန်းယွမ်တစ်ယောက် သူယူလာသော ငွေများကြောင့် အိမ်တွင်အရိုက် ခံရတော့မလိုပင် ဖြစ်ခဲ့ရပါသည်။
ယဲ့ရှောင်ရှောင် ဆွံ့အသွားခဲ့သည်။
ဤမိသားစုမှာ အလွန်ရိုးသားဖြူစင်လှပေသည်။
ထိုသို့ ရိုးသားလွန်းခြင်းကြောင့်ပင် သူမ အနည်းငယ် စိုးရိမ်မိသည်။
ယဲ့ချန်းယွမ်၏အမေဖြစ်သူ လီကွေ့လန်က ဆိုလိုက်ပါသည်။
“ဒီငွေတွေ ဘယ်ကရလဲဆိုတာ ယွမ်အာပြောလို့ ဒေါ်လေးတို့ သိပြီးပြီ၊ ဒါပေမယ့် သူက ဘာမှကူညီပေးခဲ့တာမှ မဟုတ်တာ၊ အဲ့တာကြောင့် သမီးပေးတဲ့ငွေတွေ ဒေါ်လေးတို့ လက်မခံနိုင်ဘူး”
ယဲ့မိသားစု အဘယ်ကြောင့် ရောက်ရှိလာရကြောင်းကို နားလည်သွားသောအခါ ယဲ့ရှောင်ရှောင် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချမိပါသည်။
ထို့နောက် ခိုင်မာပြတ်သားသောအသံဖြင့် သူမ ပြောလိုက်သည်။
“အဲ့ဒီငွေတွေက သမီးရယ်၊ စတုတ္ထအစ်ကိုရယ်၊ အစ်ကိုယွမ်ရယ် သုံးယောက်အတူတူရှာထားတဲ့ငွေတွေပါ၊ သမီးတို့ ခိုးလည်းမခိုးဘူး၊ ဓားပြလည်း မတိုက်ခဲ့ဘူး၊ ရိုးရိုးသားသား ရှာဖွေခဲ့တဲ့ငွေတွေပဲ၊ အကြံတွေကို သမီးထုတ်တာဆိုပေမယ့် တကယ်အပင်ပန်းခံရတာက စတုတ္ထအစ်ကိုနဲ့ အစ်ကိုယွမ်တို့ပါ”
“မိသားစုကို ဒီငွေတွေပေးတယ်ဆိုတာက သမီးတို့ရဲ့ စိတ် ရင်းစေတနာပါ၊ အခု ဒီငွေတွေကို လက်မခံဘူးဆိုရင် သမီးကို မိသားစုဝင်တစ်ယောက်အဖြစ် အသိအမှတ်မပြုတဲ့သဘောပဲ၊ အဲ့လိုဆိုရင်တော့ သမီးဒီကနေ ထွက်သွားလိုက်တာကမှ ပိုကောင်းပါဦးမယ်”
နဂိုကတည်းကမှ ဂနာမငြိမ်ဖြစ်နေသည့် ယဲ့ချန်းယွမ်တစ်ယောက် ထိုစကားကိုကြားပြီးထိတ်လန့်သွားခဲ့သည်။
“မဟုတ်တာ ရှောင်ရှောင်! နင်က ငါတို့မိသားစုဝင်တစ်ယောက်ပါ၊ ဟုတ်တယ်မလား အဖေနဲ့ အမေ!”
ဤမျှလောက် ထူးချွန်သည့် ညီမလေးတစ်ယောက် အမှန်တကယ် ထွက်သွားမည်ကို ယဲ့ချန်းယွမ် စိတ်ပူမိပါသည်။
ယဲ့ကျန်းကော် သက်ပြင်းချကာ ပြောလိုက်သည်။
“ရှောင်ရှောင်၊ သမီးကို အဖေတို့အိမ်က အမြဲတမ်း ကြိုဆိုနေမှာပါ၊ ဒါပေမယ့် သမီးအတွက် အဖေတို့အိမ်က ဝန်ထုပ် ဝန်ပိုးတစ်ခုလိုဖြစ်သွားမှာကို မလိုလားဘူး”
ယဲ့ရှောင်ရှောင်လည်း အခိုင်အမာ ပြန်ပြောဆိုသည်။
“သမီးကို ယဲ့မိသားစုနဲ့ ဆက်မနေစေချင်ကြဘူးဆိုမှပဲ ဒီငွေကို ပြန်ယူမယ်”
နောက်ဆုံးတွင် အဘိုးဖြစ်သူ မြောင်ဖုန့်ရှန်းကသာ ကြားဝင်ဖြေပေးလိုက်ရပါသည်။
“ကလေးတွေက ငွေကို ကြိုးစားပမ်းစားရှာထားကြတာဆိုတော့ မိဘကျေးဇူးဆပ်တယ်လို့ပဲ သဘောထားလိုက်ကြပေါ့ကွာ၊ နှစ်သစ်ကူးပြီးရင် ဒီကလေးတွေက ကျောင်းပြန်တက်ရတော့မှာ၊ ဒီလိုအခွင့်အရေးမျိုး ထပ်ရလာမှာ မဟုတ်တော့ဘူး”
“ဒီရက်ပိုင်းတွေမှာ သူတို့ရှိနေခဲ့လို့ ငါလည်း အရမ်းပျော်ခဲ့ရတယ်၊ ဒါ တို့အိမ်ကို ရှောင်ရှောင် ရောက်လာတဲ့ ပထမဆုံး နှစ်သစ်ကူးဆိုတော့ နှစ်သစ်ကူးလက်ဆောင်တွေဝယ်ပြီး ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကား အောင်ပွဲခံကြတာပေါ့”
မြောင်ဖုန့်ရှန်း ဝင်ပြောလိုက်မှသာ အားလုံး ငြိမ်ကျသွားခဲ့ပါသည်။
နောက်ဆုံးတွင် ယဲ့ရှောင်ရှောင် ဆန္ဒရှိသည့်အတိုင်း ငွေကို လက်ခံခဲ့ကြသည်။
သို့သော် ယဲ့မိသားစုသည် ဤစိတ်ရင်းစေတနာကို နှလုံးသားထဲတွင် အမြစ်တွယ်အောင် မှတ်သားထားလိုက်ပါပြီ။
ဟောက်ယန်ယန် ငွေခိုးယူသွားသည့် အဖြစ်နှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ သူတို့နှလုံးသားက ယဲ့ရှောင်ရှောင်ဘက်သို့သာ ပိုမိုယိမ်းယိုင်လာခဲ့ကြတော့သည်။
မြောင်စွေ့ဖန်းက ယဲ့ရှောင်ရှောင်၏ လက်ကလေးကို ဆုပ်ကိုင်ကာ ပျော်ရွှင်စွာပြောလိုက်သည်။
“ရှောင်ရှောင်၊ သမီးပို့ပေးလိုက်တဲ့ ဝါဂွမ်းတွေ၊ ပိတ်စတွေကိုသုံးပြီး သမီးအတွက် အနွေးထည်နဲ့ ဘောင်းဘီရှည်လေးတွေ လုပ်ပေးထားတယ်၊ စမ်းဝတ်ကြည့်လိုက်ပါဦး”
ယဲ့ရှောင်ရှောင် ဝယ်ခဲ့သော အပြာရောင်ပန်းပွင့်ပိတ်စမှာ သာမန်ဟုသာ ထင်ခဲ့ရသော်လည်း အနွေးထည်အဖြစ် ချုပ်လိုက်သောအခါ အမှန်တကယ် လှပသွားခဲ့ပါသည်။
အရေးအကြီးဆုံးက အလွန်နွေးထွေးမှုရှိပြီး၊ ယဲ့ရှောင်ရှောင်နှင့်လည်း လိုက်ဖက်မှုရှိပေသည်။
အနွေးထည်အပြင် ဂွမ်းဘောင်းဘီးနှစ်ထည်နှင့် ဂွမ်းဖိနပ် နှစ်ရံတို့လည်း ပါသေးသည်။
ထိုကဲ့သို့သော အဝတ်အစားမျိုးမှာ နေ့စဉ်ဝတ်ရန်သာမကဘဲ နှစ်သစ်ကူးအတွက်ပင် မိသားစုက ဝယ်ပေးနိုင်ရန် ခဲယဉ်းလှပေသည်။
သို့သော် ယဲ့ရှောင်ရှောင်အတွက် အဝတ်အစားများချုပ်ပေးရသည့်အခါ မြောင်စွေ့ဖန်းသည် ငွေဖြုန်းတီးရာကျသည်ဟု မခံစားမိပါ။
သူမ သမီးလေးသည် အကောင်းဆုံး အဝတ်အစားများနှင့်သာ ထိုက်တန်ပေသည်။
ဝါဂွမ်းနှင့် ပိတ်စများကို ယဲ့ရှောင်ရှောင် ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူခဲ့ကြောင်း သိလိုက်ရပြီးနောက် မြောင်စွေ့ဖန်း အနည်းငယ်ပင် ရှက်ရွံ့မိခဲ့ပါသည်။
ယဲ့ရှောင်ရှောင်သည် အဝတ်အစားများကို ရင်ခွင်ထဲတွင် ဖက်ထားကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ်အမေ၊ သမီးတကယ် သဘောကျပါတယ်”
“ရှောင်ရှောင် သဘောကျတယ်ဆိုတော့ အမေ ဝမ်းသာပါတယ်”