← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

📗 Chapter 19

ယဲ့မိသားစုဝင်များအားလုံး စုံစုံလင်လင် ရောက်ရှိနေကြသဖြင့် ဤအခွင့်အရေးကို အသုံးချကာ နှစ်သစ်ကူးလက်ဆောင်များ အတူတူ ဝယ်ဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။

ယခုဆိုလျှင် နှစ်သစ်ကူးအကြိုညသို့ ရောက်ရှိဖို့ ရက်ပေါင်း ၂၀ ခန့်သာ လိုပါတော့သည်။

ထို့အပြင် မြောင်ဖုန့်ရှန်းသည် နှစ်သစ်ကူးကို သမီးဖြစ်သူတို့ မိသားစုအိမ်တွင်သာ အမြဲဖြတ်သန်းလေ့ရှိသည်။ ဤနှစ်လည်း အဆင်ပြေနိုင်လျှင် နှင်းမုန်တိုင်းမမိစေဖို့ ရွာသို့ စောစော ပြန်နိုင်ပါလိမ့်မည်။

ယဲ့ချန်းရှန့်သည် မှောင်ခိုဈေးမှ ဆန်နှင့် ဂျုံမှုန့် ပေါင် ၅၀ စီ ဝယ်ယူထားပြီးပြီ ဖြစ်ကြောင်း မိသားစုအား အသိပေးခဲ့ပါသည်။

သို့သော် မိသားစုဝင်များက များပြားလှသဖြင့် ထိုရိက္ခာများက ကြာကြာခံမည်မဟုတ်ပေ။ နေ့စဉ်စားသောက်ရန်အတွက် ဆန်ကြမ်းအချို့ကို ထပ်မံစုဆောင်းထားရန် လိုအပ်ပါသေးသည်။

ယဲ့ကျန်းကော်က ဆိုသည်။

“နှစ်သစ်ကူးလက်ဆောင်တွေဝယ်ဖို့ လူကြီးတွေ တာဝန်ယူလိမ့်မယ်၊ မင်းတို့ကလေးတွေ ဘာမှစိတ်ပူဖို့မလိုဘူး”

ယဲ့ရှောင်ရှောင်သည် ဆေးဆိုင်တွင် ပညာသင်နေသည့် ကိစ္စကို ဖွင့်ပြောပြကာ မြို့ထဲတွင် ရက်အနည်းငယ် ထပ်မံ နေထိုင်လိုကြောင်း ခွင့်တောင်းခဲ့သည်။

သူမအနေဖြင့် အကျိုးခံစားခွင့်များကို ရယူပြီးမှ ဆရာကြီးကို ပစ်ထားခဲ့၍ မဖြစ်ပေ။

အနည်းဆုံး‌တော့ ၂၄ ရက်နေ့လောက်အထိ အလုပ်လုပ်ပြီးမှ အနားယူဖို့ စဉ်းစားပါမည်။

မြောင်ဖုန့်ရှန်းက ပြောသည်။

“ဒါဆို မင်းတို့လူကြီးတွေက နှစ်သစ်ကူးလက်ဆောင်ပစ္စည်းတွေ ဝယ်ပြီးရင် အိမ်ပြန်နှင့်လိုက်ကြ၊ ရှောင်ရှောင်နဲ့ ငါနဲ့ နောက် ဆယ်ရက်လောက်နေမှ အတူတူလာခဲ့မယ်”

ယဲ့ကျန်းကော် သဘောတူလိုက်သော်လည်း သတိတော့ ပေးလိုက်ပါသည်။

“အဖေ၊ ရာသီဥတုအပြောင်းအလဲရှိရင် ရှောင်ရှောင်ကို စောစော ခေါ်လာခဲ့နော်၊ နှင်းမုန်တိုင်းမမိစေနဲ့”

မြောင်ဖုန့်ရှန်း: “စိတ်မပူစမ်းပါနဲ့၊ ရှောင်ရှောင့်ကို ငါစောင့်ရှောက်ပါ့မယ်”

စကားအနည်းငယ် ဆက်ပြောခဲ့ကြပြီးနောက် မြောင်ဖုန့်ရှန်း၏ အိမ်တွင် အားလုံး အိပ်စက်ခဲ့ကြပါသည်။

မြောင်စွေ့ဖန်း၊ လီကွေ့လန်နှင့် ယဲ့ရှောင်ရှောင်တို့က အိမ်မကြီး၏ အနောက်ဘက်အခန်းတွင် အိပ်စက်ကြသည်။ အခန်းထဲတွင် လူနှစ်ယောက်ပိုလာပြီဖြစ်၍ နွေးနွေးထွေးထွေးရှိသော်လည်း ယဲ့ရှောင်ရှောင် မျက်လုံးကြောင်ကာ အိပ်မပျော်ခဲ့ပါ။

ကုတင်တစ်လုံးတည်းတွင် လူအများကြီးနှင့် အိပ်စက်ရသည်ကို သူမ အသားမကျသေးပေ။

အရှေ့အခန်းတွင်မူ ယောက်ျားသားများဖြင့် ပို၍ပင် ကျပ်တည်းလှသလို စကားပြောသံများမှာ ညည့်နက်သည်အထိ မရပ်တန့်ခဲ့ဖြင့် သူတို့အားလုံးလည်း အိပ်ရေးဝကြမည် မထင်ပါ။

နောက်တစ်နေ့ မနက်စောစောတွင် မိသားစုဝင်များ မနက်စာ အတူတူစားခဲ့ကြပြီး နှစ်သစ်ကူးလက်ဆောင်ပစ္စည်များ ဝယ်ယူဖို့ ထွက်သွားကြပါသည်။

ယဲ့ရှောင်ရှောင်သည် မိသားစုနှင့် လိုက်မသွားခဲ့ဘဲ ဆေးဆိုင်သို့သာ ပုံမှန်အတိုင်း သွားခဲ့သည်။

ယဲ့မိသားစုသည် နှစ်သစ်ကူးအတွက် လိုအပ်မည့်ပစ္စည်းများကို သုံးရက်တိုင်တိုင် လိုက်လံဝယ်ယူခဲ့ပါသည်။

မူလက ယဲ့မိသားစုသည် ဟောက်ယန်ယန်ကြောင့် စုငွေများကို ဆုံးရှုံးလိုက်ရပြီးနောက် အရာရာကို ချွေတာသုံးစွဲခဲ့ရသည်။

သို့သော် ယခုတော့ ယဲ့ရှောင်ရှောင်၏ အကူအညီကြောင့် အားလုံးအဆင်ပြေသွားခဲ့ပါပြီ။

ဤနှစ်အတွက် နှစ်သစ်ကူးပစ္စည်းများက မနှစ်ကထက်ပင် ပိုမိုများပြားနေပါသေးသည်။

မြောင်စွေ့ဖန်းလည်း မိသားစုအတွက် အဝတ်အစားအသစ်များချုပ်ပေးရန် ပိတ်စများစွာ ဝယ်ယူခဲ့သေးသည်။

အခြားမိသားစုဝင်များက နှစ်သစ်ကူးပစ္စည်းများကို သယ်ဆောင်ပြီး ရွာသို့ပြန်နှင့်ကြသော်လည်း ယဲ့ချန်းရှန့်ကတော့ နေရစ်ခဲ့ပါသည်။

မိသားစုဝင်များ ပြန်သွားကြသောအခါ မြောင်ဖုန့်ရှန်း၏ အိမ်ကလေးမှာ ပြန်လည်တိတ်ဆိတ်သွားတော့သည်။

နောက်ဆုံးတော့ ယဲ့ရှောင်ရှောင်လည်း သွမ်လဲ့ထံမှ ရှရိထားသော သေတ္တာကြီးကို ဖွင့်ကြည့်ဖို့ အချိန်ရခဲ့ပါပြီ။

“သမီးသူငယ်ချင်း ပို့ပေးလိုက်တဲ့ လေ့လာစရာ သင်ခန်းစာတွေလေ၊ အသုံးဝင်နိုင်မယ်ထင်လား”

ယဲ့ရှောင်ရှောင်သည် ဤခေတ်၏ စာအုပ်စာပေများနှင့် မရင်းနှီးသဖြင့် ယဲ့ချန်းရှန့်ကို မေးမြန်းကြည့်လိုက်ပါသည်။

ယဲ့ချန်းရှန့်လည်း စာအုပ်များကို ဖွင့်ဖတ်ကြည့်လိုက်သောအခါ သိသိသာသာ စိတ်လှုပ်ရှားသွားခဲ့သည်။

“ဒီပုစ္ဆာတွေက ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်းက ပုစ္ဆာတွေထက်တောင် ပိုခက်သေးတယ်၊ ဒါတွေကို လေ့ကျင့်ရင် သဘောတရားကို တော်တော် နားလည်သွားမှာပဲ”

ယဲ့ရှောင်ရှောင်: “ဒါဆိုကောင်းတာပေါ့”

သွမ်လဲ့သည် အမှန်တကယ် အားကိုးထိုက်သူ ဖြစ်သလို သွမ်မိသားစုတွင်လည်း ထူးကဲသော ပညာရေး ရင်းမြစ်များစွာ ရှိနေပါသည်။

ယနေ့မှစ၍ ယဲ့ရှောင်ရှောင်သည် ဆေးဆိုင်တွင် ပညာသင်ယူရုံသာမကဘဲ ကျောင်းစာ လေ့ကျင့်ခန်းများကိုလည်း လေ့လာရပါတော့မည်။

ကျောင်းပြန်မဖွင့်မီ အထက်တန်း သင်ခန်းစာများအားလုံးကို ပြန်နွှေးနိုင်ဖို့ သူမ ရည်ရွယ်ထားပေသည်။

--- --- ---

ပေကျင်းမြို့၊ သွမ်မိသားစု စံအိမ်တွင်…

ဧည့်ခန်းထဲရှိ ကော်ဖီစားပွဲတစ်လုံးပေါ်တွင် စာတစ်စောင်ကို တင်ထားသည်။

ထိုစာကို ဖတ်ရှုပြီးနောက် အမျိုးသမီးက အိမ်စေကို ခိုင်းစေလိုက်ပါသည်။

“ခဏနေ ဒီစာကို သွမ်လဲ့ဆီ ပို့ပေးလိုက်”

“ဟုတ်ကဲ့ပါ သခင်မ”

ထိုအမျိုးသမီးသည် သွမ်မိသားစု၏ သခင်မ၊ သွမ်လဲ့၏ အမေဖြစ်သူ ဝူစစ်ဖန်ပင် ဖြစ်သည်။

ဝူစစ်ဖန်သည် သားဖြစ်သူ၏ ကိုယ်ရေးကိုယ်တာကို ဝင်မစွက်ဖက်တတ်သော်လည်း စာပေါ်က လိပ်စာကို မြင်ပြီး အတွေးများသွားခဲ့ရပါသည်။

သားဖြစ်သူသည် မကြာသေးခင်ကမှ ပညာရေးကို စိတ်ပါလာခြင်းဖြစ်၍ မည်သို့ကိုမှ လာရောက်နှောင့်ယှက်ခွင့် မပြုနိုင်ပါ။

သို့သော် စာကိုဖတ်ရှုပြီးနောက် သူမ စိတ်ချသွားခဲ့သည်။

စာထဲတွင် အာရုံလွဲမှားစေမည့် အကြောင်းအရာ မပါဝင်သည့်အပြင် သားဖြစ်သူအတွက် ကောင်းစေမည့် အမှာစကားများပင် ပါသေးသည်။

သူမ၏ သားဖြစ်သူသည် ဟောက်မိသားစုမှ မိန်းကလေး၏ စကားကို မိဘစကားထက်ပင် ပိုနားထောင်ပါသေးသည်။

ယခင်လက သူ့အပြုအမူကို ကြည့်ခြင်းအားဖြင့် သိသာသည်။

ခုတလော ဟောက်မိသားစုတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများအား စစ်တပ်ဝင်းထဲတွင် လူပြောများနေကြပါသည်။

ဟောက်မိသားစု၏ အိမ်ရှေ့တံခါးဝသို့ တစ်ယောက်တည်းရောက်ရှိလာသည့် ကောင်မလေးအတွက် အားလုံး စိတ်မကောင်း ဖြစ်မိကြသော်လည်း ချက်ချင်း လက်ခံရန်မှာမူ မဖြစ်နိုင်သေးပေ။

အဘယ့်ကြောင့်ဆိုသော် ထိုကောင်မလေ၏ အကျင့်စာရိတ္တနှင့် ကြီးပြင်းလာခဲ့ရသော ပတ်ဝန်းကျင်ကို လေ့လာ အကဲခတ်ကြည့်ဖို့ လိုအပ်နေခြင်းကြောင့်ပင်။

တစ်ဖက်တွင်လည်း ထွက်ခွာသွားရသည့် ရှောင်ရှောင်အတွက် အားလုံးက စိတ်မကောင်းဖြစ်နေကြပါသေးသည်။

ယနေ့ရောက်ရှိလာသည့် စာကို ဖတ်ရှုပြီးနောက် ထိုကောင်မလေးသည် ဇွဲလုံ့လရှိပြီး မိမိ၏ အနာဂတ်ကို ကိုယ်တိုင် ထုဆစ်ရန် ဆုံးဖြတ်ထားသူတစ်ဦးဖြစ်ကြောင်း ဝူစစ်ဖန်း နားလည်ခဲ့ရပါသည်။

ယဲ့ရှောင်ရှောင် အမှန်တကယ် အခက်အခဲရှိလာလျှင် သူမတို့မိသားစုအနေဖြင့် ကူညီပေးဖို့ ဝန်မလေးပေ။ သူမတို့ရှေ့တွင် ကြီးပြင်းလာခဲ့ရသည့် ကောင်မလေးဖြစ်နေခြင်းကြောင့်ပင်။

စာသွားပို့ပေးဖို့ အိမ်စေကို ညွှန်ကြားပြီးနောက် ဝူစစ်ဖန်းသည် အလုပ်သွားရန် အပြင်ထွက်လာခဲ့ပါသည်။

သူမ ထွက်လာစဉ် ဝင်းအတွင်း လမ်းလျှောက်နေသော သားအမိနှစ်ယောက်ကို တွေ့လိုက်ရသည်။

အခြားသူများမဟုတ်ကြဘဲ ဟောက်မိသားစု၏ သခင်မ ဟယ်ချောင်းရှန့်နှင့် သမီးဖြစ်သူ ဟောက်ယန်ယန်တို့ပင်။

မဆုံမိလျှင် ကိစ္စမရှိသော်လည်း ဆုံမိသွားပြီဖြစ်၍ နှုတ်ဆက်ရန် လိုအပ်လာခဲ့ပါသည်။

ဝူစစ်ဖန်းက အပြုံးဖြင့် လာနှုတ်ဆက်လိုက်သည်။

“ချောင်းရှန့်ပါလား လမ်းလျှောက်ထွက်လာတာလား”

သူမ၏ မျက်လုံးများက ဟယ်ချောင်းရှန့်ဘေးတွင် ရှိနေသည့် ကောင်မလေးထံသို့ အလိုလို ရောက်ရှိသွားခဲ့ပါသည်။

မျက်ခုံးထူထူ၊ မျက်လုံးကျယ်ကျယ်နှင် နက်မှောင်သော ဆံနွယ်များကို ပိုင်ဆိုင်ထားပြီး သူမ၏ မျက်နှာက ဟောက်ချန်းပင်နှင့် အတော်လေး ဆင်တူပါသည်။၊ နုနယ်သည်ထက် စူးရှထက်မြက်သော ရုပ်ရည်မျိုးပင်ဖြစ်သည်။

ကျေးလက်တွင် ကြီးပြင်းခဲ့ရခြင်းကြောင့် အသားအရေက အနည်းငယ်ညိုသော်လည်း ကျန်းမာသန်းစွမ်းသည့် အသွင်မျိုး ရှိသည်။

လူအများနှင့် ဆုံတွေ့သောအခါ သူမ၏ မျက်ဝန်းများတွင် အနည်းငယ်ရှက်ရွံ့နေဟန်ပေါ်တတ်သော်လည်း သူမသည် အမြဲတမ်း မတ်မတ်ရပ်ပြီး ဂုဏ်ယူဝံ့ကြွားသည့် ပုံစံမျိုးကို ထုတ်ပြနိုင်ရန် ကြိုးစားတတ်ပါသည်။

ကျေးလက်ဒေသတစ်ခုမှ ရောက်ရှိလာသည်မှာ မကြာသေးသည့် ကလေးတစ်ယောက်အဖို့ ဤကဲ့သို့ ပြုမူနိုင်ခြင်းသည်ပင် ထူးချွန်လှပြီဟု ယူဆနိုင်ပါသည်။

သို့သော် ဟယ်ချောင်းရှန့်မှာမူ ဂုဏ်သိက္ခာကိုသာ အဓိကထားတတ်သူဖြစ်သည်။ မည်သည့်ပြဿနာမှ ဖြစ်မနေလျှင်ပင် သူမ၏ သမီးဖြစ်သူကြောင့် လူရှေ့သူရှေ့တွင် အရှက်ကွဲရသည်ဟု အလိုလို ခံစားနေရပါသည်။

ဟယ်ချောင်းရှန့်က အားတင်း၍ ပြုံးကာ ပြောလိုက်သည်။

“စတိုးဆိုင်ကနေ အခုပဲပြန်လာတာ၊ ရှင်အလုပ်သွားမလို့လား”

ဝူစစ်ဖန်းသည် ဟောက်ယန်ယန်ထံမှ အကြည့်ကို ပြန်လွှဲကာ ဖြေလိုက်ပါသည်။

“ဟုတ်တယ်၊ ကျွန်မက သခင်မဟောက်တို့လောက်မှ မပြည့်စုံတာရှင်၊ သခင်ကြီးဟောက်သာဆိုရင် သခင်မဟောက်ကို ဒီလိုအပင်ပန်းခံခိုင်းမှာ မဟုတ်ဘူးမလား”

“ရှင်ကတော့ ပေါက်ကရတွေပြောပြီး နောက်နေပြန်ပါပြီ”

ဟယ်ချောင်းရှန့် ထိုသို့ပြောလိုက်သော်လည်း သူမ မျက်နှာပေါ်တွင် ချိုမြိန်မှုနှင့် အပြုံးပန်းများ ဝေဆာနေပါသည်။

တစ်ဖက်လူတွင် မိတ်ဆက်ပေးဖို့ ရည်ရွယ်ချက်မရှိမှန်းမြင်သောအခါ ဝူစစ်ဖန်းကသာ ဦးဆောင်မေးမြန်းလိုက်ရသည်။

“ဒါရှင့်ရဲ့ သမီးလေးလား”

ဟယ်ချောင်းရှန့်၏ အပြုံးမှာ ရုတ်တရက် တောင့်တင်းသွားခဲ့ရသည်။

“ဪ… အင်း ဟုတ်တယ်၊ ဟိုကောင်မလေး နှုတ်ဆက်လိုက်ဦးလေ၊ ဒါ ဒေါ်လေးဝူလို့ခေါ်တယ်”

ဟောက်ယန်ယန် ရှေ့သို့ တိုးလာပြီး စိတ်လှုပ်ရှားမှုကို အတင်းချုပ်တည်းကာ နှုတ်ဆက်လိုက်ပါသည်။

“တွေ့ရတာဝမ်းသာပါတယ် ဒေါ်လေးဝူ”

“ဟုတ်ပါပြီ၊ ဒေါ်လေးတို့ဆီ လာလည်ဦးလေ”

ဝူစစ်ဖန်းက ဖော်ရွေစွာ ပြန်ပြောလိုက်ပါသည်။

“ကျေး…ကျေးဇူးတင်ပါတယ် ဒေါ်လေးဝူ”

ဟောက်ယန်ယန်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေပုံ ပေါ်ပါသည်။

စိတ်မလှုပ်ရှားဘဲ နေနိုင်မည်တဲ့လား…။

ဒေါ်လေးဝူဟူသည့် ဤအမျိုးသမီးမှာ ယခင်ဘဝတုန်းက သူမ ဖတ်ဖူးခဲ့သည့် သတင်းစာများထဲတွင် အမြဲတမ်း ပါလေ့ရှိသည့် အကျော်အမော်ကြီးတစ်ဦးဖြစ်ပါသည်။

ယခုအချိန်တွင် သူမ၏ ကံကြမ္မာသည် ယခင်ဘဝနှင့် လုံးဝ ကွဲပြားသွားပြီဖြစ်မှန်း ဟောက်ယန်ယန် ယုံကြည်သွားခဲ့ပါပြီ။

မိသားစု၏ ဆင်းရဲနွမ်းပါးမှုကြောင့် အသုံးမကျသည့် ရွာသားတစ်ယောက်နှင့် လက်ထပ်ပြီး ဘဝပျက်ခံစရာ မလိုအပ်တော့ပေ။

ဝူစစ်ဖန်းလည်း ဘာမှဆက်မပြောတော့ဘဲ ဟောက်သားအမိကို နှုတ်ဆက်ပြီးနောက် ကိုယ့်လမ်းကိုယ် ဆက်လျှောက်လာခဲ့ပါသည်။

ဝူစစ်ဖန်း ခပ်လှမ်းလှမ်းသို့ ရောက်သွားသောအခါမှ ဟယ်ချောင်းရှန့်က ဟောက်ယန်ယန်ကို စိတ်မရှည်လက်မရှည် ဆူငေါက်လိုက်လေသည်။

“စကားကို သေသေချာချာပြောစမ်းပါ! ဘာလို့ ထစ်ငေါ့နေတာလဲ! နောက်တစ်ခါ အဲ့လိုလုပ်ရင် အပြင်ထွက်ဖို့ စိတ်မကူးနဲ့တော့”

ဟောက်ယန်ယန်သည် ခေါင်းသာ ငုံ့ထားပါသည်။

ဟယ်ချောင်းရှန့်: “ဘာဖြစ်တာလဲ… နည်းနည်းဆူလိုက်တာနဲ့ စိတ်ကောက်သွားတာလား၊ အဲ့လိုအချိုးမျိုး လာမချိုးနဲ့နော်”

ဟောက်ယန်ယန် ခေါင်းအမြန် ပြန်မော့လိုက်ရသည်။

“မဟုတ်ပါဘူး အမေ… သမီး ကြိုးစားပါ့မယ်”

“နင့်ကို ကိုယ်နှုတ်အမူအရာသင်ကြားပေးမယ့် ဆရာတစ်ယောက် ငါရှာတွေ့ထားပြီးပြီ၊ မနက်ဖြန်ကစပြီး သင်တန်းကို အချိန်မှန်မှန် တက်ရမယ်၊ စကားကို ချောချောမွေ့မွေ့ ပြောတတ်မှ အပြင်ထွက်ပြီး လူတောတိုးနိုင်မှာပေါ့”

ထိုသို့ပြောပြီးနောက် ဟယ်ချောင်းရှန့်သည် တစ်ယောက်တည်း ရှေ့မှ ထွက်သွားခဲ့ပါသည်။

သူမ နောင်တရနေမိပါပြီ။ ပစ္စည်းဝယ်ထွက်ခြင်းကို သူမတစ်ယောက်တည်း သွားနိုင်ပါလျက်နှင့် ဤကောင်မလေးကို အဘယ်ကြောင့်ခေါ်လာခဲ့မိမှန်း သူမကိုယ်သူမပင် နားမလည်နိုင်တော့ချေ။

ယခု သူမတို့ကို ဝူစစ်ဖန်းက မြင်သွားပြီဖြစ်၍ နောက်ကွယ်တွင် လူတွေ ဘာပြောကြမလဲ စိတ်ကူးပင် မယဉ်ရဲတော့ပေ။

ဟယ်ချောင်းရှန့်သည် သူမ၏ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ရဲ့လား ဆိုသည်ကိုပင် စတင်သံသယဝင်လာမိပါပြီ။

အကယ်၍ ရှောင်ရှောင်သာဆိုလျှင် ထိုကိစ္စများအတွက် သူမ စိတ်ပူပေးဖို့ မလိုအပ်ပါ။ ထိုကောင်မလေးက အဘက်ဘက်တွင် ထူးချွန်သည်။

နတ်သမီးလေးလိုလည်း လှပသည်။ မည်သည့်နေရာကိုပဲသွားသွား လူတိုင်းက အလုအယက် ချီးမွမ်းလေ့ ရှိကြပါသည်။

သူမသည် အခြားသူတစ်ယောက်ယောက်၏ ကလေးဖြစ်နေလျှင်ပင် ဟယ်ချောင်းရှန့်အတွက် ပြဿနာမရှိပါ။

သို့သော် ကံမကောင်းစွာဖြင့် ရှောင်ရှောင်သည် ‘ထိုမိန်းမ’၏ သမီးဖြစ်နေလေသည်။

ထိုအချက်ကို ဟယ်ချောင်းရှန့် လုံးဝ လက်မခံနိုင်ပေ။

📗 Chapter 20

အချိန်များက အလျင်အမြန်ပင် ကုန်ဆုံးသွားခဲ့သည်။

ယဲ့ရှောင်ရှောင်သည် ဤနေရာသို့ ၁၉၈၃ ခုနှစ် ဒီဇင်ဘာလတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် အနောက်တိုင်း ပြက္ခဒိန်အရ ၁၉၈၄ ခုနှစ် ဇန်နဝါလီလသို့ပင် ရောက်ရှိနေပါပြီ။

နှစ်သစ်ကူးရောက်ဖို့ ၉ ရက်သာ လိုပါတော့သည်။

ဤနေရာတွင် ယဲ့ရှောင်ရှောင် နေထိုင်ခဲ့သည်မှာ ၂ လကျော်ပင် ကြာခဲ့လေပြီ။

လတ်တလောတွင် ရာသီဥတုက အုံ့မှိုင်းနေပြီး မကြာခင် နှင်းကျတော့မည်ကို မြောင်ဖုန့်ရှန်း စိုးရိမ်နေသဖြင့် ယဲ့ရှောင်ရှောင်နှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။

“ရှောင်ရှောင်၊ အဘိုးတို့ ပိုင်ချွမ်ရွာကို စောစောပြန်ကြမလား”

နှင်းကျပြီဆိုသည်နှင့် အိမ်ပြန်ခရီး နှောင့်နှေးသွားမည်ကို ယဲ့ရှောင်ရှောင်လည်း နားလည်ပါသည်။

“အဘိုး၊ နှစ်သစ်ကူးမတိုင်ခင် ရှေ့ရက်တွေမှာ အလုပ်နားမယ့်အကြောင်း ဆရာကြီးကို သမီးခွင့်သွားတိုင်လိုက်ဦးမယ်နော်”

ယဲ့ရှောင်ရှောင်သည် ဦးထုပ်ဆောင်းကာ အပြင်သို့ ထွက်လာခဲ့သည်။ နှစ်သစ်ကူးဖို့ နီးကပ်လာသည်နှင့်အမျှ အပူချိန်မှာလည်း သိသိသာသာ ကျဆင်းနေပြီဖြစ်သည်။

တိုင်းရင်းဆေးဆိုင်သို့ ရောက်ရှိသောအခါ ဝင်ပေါက်တွင် လူတစ်ယောက် မတ်တပ်ရပ်နေသည်ကို ယဲ့ရှောင်ရှောင် မြင်လိုက်ရပါသည်။

ထိုလူသည် အထဲသို့မဝင်ဘဲ အပြင်တွင်သာ တိတ်တဆိတ် မတ်တပ်ရပ်နေလေသည်။

ယဲ့ရှောင်ရှောင် ခေါင်းလေးစောင်းကာ လှမ်းကြည့်လိုက်သည်။ ဆိုင်တံခါးလည်း သော့ခတ်ထားခြင်း မရှိပေ။

ထို့ကြောင့် သူမ မေးလိုက်သည်။

“တဆိတ်လောက်ရှင့်၊ ဆေးလာဝယ်တာလားမသိဘူး”

ထိုလူက လှည့်ကြည့်လာပြီး ပြန်မေးသည်။

“မင်းက ဘယ်သူလဲ”

ယဲ့ရှောင်ရှောင်: “ကျွန်မက ဒီဆိုင်က ဆရာကြီးရဲ့ တပည့်ပါ”

ထိုလူ၏ အေးတိအေးစက်မျက်နှာမှာ ချက်ချင်းပင် နူးညံ့သိမ်မွေ့သွားပြီး လေသံမှာလည်း ပိုမိုချိုသာသွားခဲ့ပါသည်။

“ဪ ဆရာကြီးရဲ့ တပည့်လား”

ယဲ့ရှောင်ရှောင်: “…”

ဒီလူက ထူးဆန်းလိုက်တာ…

ယဲ့ရှောင်ရှောင် ဘာမှဆက်မပြောနိုင်ခင် ဆိုင်တံခါးပွင့်လာပြီး စုန့်ကွမ်းကျင့်သည် ထိုလူ့ကို မကျေမနပ်အကြည့်ဖြင့် တစ်ချက်စိုက်ကြည့်လိုက်ကာ ပြောလိုက်သည်။

“ဝင်ခဲ့”

ထိုလူမှာ အလွန်ဝမ်းသာသွားပုံရသည်။

ဆေးဆိုင်ထဲသို့ ရောက်သောအခါမှ ထိုလူသည် စုန့်ကွမ်းကျင့်အား နှစ်သစ်ကူးအတွက် ပေကျင်းမြို့သို့ ပြန်လာဖို့ လာရောက်ဖိတ်ခေါ်ခြင်းဖြစ်မှန်း ယဲ့ရှောင်ရှောင် သိလိုက်ရပါသည်။

သို့သော် စုန့်ကွမ်းကျင့်က မပြန်ချင်ပေ။

“ဆရာကြီး၊ ကျွန်မ ဒီနေ့ ခွင့်လာတောင်းတာပါ၊ ပိုင်ချွမ်ရွာကို ပြန်ဖို့လေ၊ ဒီမှာ ဆရာကြီးတစ်ယောက်တည်း ကျန်ခဲ့ရင် ပျင်းစရာကောင်းမှာပေါ့၊ သူနဲ့အတူ လိုက်သွားပါလား”

ယဲ့ရှောင်ရှောင်သည် ယဉ်ကျေးမှုအရ ပြောဆိုနေခြင်းမဟုတ်ဘဲ ဤဆိုင်တွင် စုန့်ကွမ်းကျင့်တစ်ဦးတည်း အမှန်တကယ် အထီးကျန်နေမည်စိုးသဖြင့် အကြံပြုလိုက်ခြင်းဖြစ်သည်။

စုန့်ကွမ်းကျင့် တိတ်ဆိတ်နေဆဲပင်။

ထိုလူသည် အခွင့်အရေးကိုအရယူကာ ဖျောင်းဖျလိုက်ပါသည်။

“ဆရာကြီး ပေကျင်းကို ပြန်မလာတာ နှစ်တွေတောင်တော်တော်ကြာပြီ၊ မြို့တော်က အခု တော်တော်ပြောင်းလဲနေပါပြီ။ အခုချိန်မပြန်ရင် နောက်ဆို မှတ်တောင်မှတ်မိတော့မှာမဟုတ်ဘူး”

စုန့်ကွမ်းကျင့်၏ မျက်နှာမှာ အနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။

“ကောင်းပြီလေ၊ ငါတစ်ခေါက်တော့ ပြန်လိုက်မယ်၊ ဒါပေမယ့် ကြိုပြောထားမယ်နော်၊ နှစ်သစ်ကူးပြီးတာနဲ့ ငါဒီကို ပြန်လာမှာ၊ ဘယ်သူမှ လာတားလို့မရဘူး”

ထိုလူက တလေးတစား ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ၊ ဆရာကြီးရဲ့ သဘောပါပဲ”

ထို့နောက် စုန့်ကွမ်းကျင့်သည် စာအိတ်နီတစ်လုံးထုတ်လျက် ယဲ့ရှောင်ရှောင်အား ပေးလိုက်သည်။

“နှစ်သစ်ကူးရောက်တော့မှာဆိုတော့ ငါ့တပည့်ကို အန်ပေါင်းပေးရမှာပေါ့”

“ကျေးဇူးတင်ပါတယ် ဆရာကြီး”

ယဲ့ရှောင်ရှောင်သည် အန်ပေါင်းကို မဆိုင်းမတွ လက်ခံလိုက်လေသည်။

ဘေးမှ အမျိုးသားက သူတို့နှစ်ဦး၏ ပြောဆိုဆက်ဆံပုံများကိုကြည့်ကာ တပည့်အသစ်တစ်ယောက်ကို ဆရာကြီး အဘယ်ကြောင့် ရုတ်တရက် လက်ခံလိုက်ရသနည်းဟု မေးမြန်းချင်စိတ်များ တဖွားဖွား ပေါ်လာခဲ့ပါသည်။

ထိုဖြစ်ရပ်ဖြစ်ပြီးစဉ်ကတည်းက ဆရာကြီးမှာ တစ်ကိုယ်တည်းသာ နေတတ်ခဲ့သူဖြစ်သည်။

သူ့ကို ပေကျင်းမြို့သို့ ပြန်ခေါ်ဖို့ ကြိုးစားလိုက်တိုင်းလည်း အမြဲတမ်း ကျရှုံးခဲ့ရပါသည်။

ဆရာကြီး၏ တပည့်အသစ်ကလေးကို စည်းရုံးရကောင်း မစည်းရုံးရကောင်း စဉ်းစားရင်း သူ့အိတ်ကပ်ကို ပုတ်နေမိတော့သည်။

“ဘာတွေစိုက်ကြည့်နေတာလဲ၊ ပစ္စည်းတွေ သွားထုပ်ပိုးချေ”

စုန့်ကွမ့်ကျင်းက ထိုလူ့ကို ခပ်ပြတ်ပြတ် ငေါက်လိုက်သည်။

ထိုလူလည်း မကျေမနပ်မဖြစ်ဘဲ ဆရာကြီး၏အမိန့်အတိုင်း နောက်ဖေးသို့သွားကာ ပစ္စည်းများ ထုပ်ပိုးလေတော့သည်။

ထို့နောက် စုန့်ကွမ်းကျင့်သည် ယဲ့ရှောင်ရှောင်ကို နှစ်သစ်ကူးတွင် ပျော်ပျော်ရွှင်ရွှင်အနားယူဖို့နှင့် စောစော ပြန်မလာဖို့ ချိုချိုသာသာ မှာကြားခဲ့ပါသည်။

ယဲ့ရှောင်ရှောင် ခေါင်းညိတ်ကာ ဆုတောင်းပေးလိုက်သည်။

“ဆရာကြီးလည်း လမ်းခရီးမှာ ဘေးအန္တရာယ်ကင်းပါစေလို့ ဆုတောင်းပေးပါတယ်”

--- --- ---

ရွာမပြန်မီ ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းရှန့်ကို ခေါ်ဆောင်ကာ မနက်စောစော ဈေးဝယ်ထွက်ခဲ့ပါသည်။

ယဲ့ချန်းရှန့်: “နှစ်သစ်ကူးအတွက် လိုတဲ့ပစ္စည်းတွေအကုန် အဖေနဲ့အမေတို့ ဝယ်သွားပြီးပြီလေ၊ နင်ဘာဝယ်ချင်သေးလို့လဲ”

ယဲ့ရှောင်ရှောင်သည် သူ့ကို သကြားလုံးရောင်းသည့်နေရာသို့ ခေါ်ဆောင်သွားပါသည်။

နှစ်သစ်ကူးဖို့ နီးကပ်လာပြီဖြစ်၍ သမဝါယမ အရောင်းဆိုင်တွင်လည်း လူများဖြင့် ပြည့်ကျပ်နေပြီး ယဲ့ရှောင်ရှောင် မနည်း တိုးဝှေ့နေရသည်။

“အဖေနဲ့အမေတို့က သကြားလုံးတွေ ဝယ်သွားမှာမဟုတ်ဘူး သေချာတယ်”

ယဲ့ချန်းရှန့်သည် သူမကို ဘေးသို့ ဆွဲထုတ်လိုက်ပြီး သူကိုယ်တိုင် ဝင်တန်းစီပေးလိုက်ပါသည်။

မောင်နှမနှစ်ယောက် နေ့တစ်ဝက်နီးပါး တန်းစီခဲ့ကြရသည်။

နောက်ဆုံးတွင် သကြားလုံးနှစ်ထုပ်၊ မုယောနို့နှစ်ပုလင်း၊ ကလေးစီး ဖိနပ်နှစ်ရံ၊ ကလစ်နှစ်ခုနှင့် ဝိုင်တစ်ပုလင်းတို့ကို ဝယ်နိုင်ခဲ့ပါသည်။

ကလေးစီးဖိနပ်များမှာ ရိုးရိုး အဝတ်ဖိနပ်များ မဟုတ်ဘဲ ဤနှစ်တွင် လူကြိုက်အများဆုံး သားရေဖိနပ်များ ဖြစ်ကြသည်။

ယဲ့ချန်းရှန့်က ဈေးကြီးသည်ဟု ထင်မိသော်လည်း ယဲ့ရှောင်ရှောင်ကမူ အတင်းဝယ်ယူခိုင်းခဲ့ပါသည်။

“ဒါကလေးတွေအတွက် နှစ်သစ်ကူးလက်ဆောင်လေ”

ယဲ့ချန်းရှန့်: “သူတို့ သကြားလုံးလောက်နဲ့ ကျေနပ်မှာပါ၊ မုယောနို့က နင်ပဲ သောက်သင့်တယ်”

ယဲ့ရှောင်ရှောင်: “သမီးက အဲ့လောက် အရပ်မပုပါဘူးနော်”

သူမသည် ဤနှစ်သစ်ကူးတွင် အသက် ၁၈ နှစ်ပြည့်တော့မည်ဖြစ်ပြီး အရပ်ကလည်း ၁၆၅ စင်တီမီတာခန့် ရှည်ကာ နောင်လည်း ထပ်ရှည်လာဖို့ ရှိနေပါသေးသည်။

ဤအရပ်အမောင်းနှင့်သာဆိုလျှင် သူမသည် အရှေ့မြောက်ပိုင်းမှ ချောမောလှပသည့် အပျိုကလေးတစ်ဦး ဖြစ်နေပါပြီ။

ယဲ့ချန်းရှန့်က ခေါင်းခါသည်။

“နင်အရမ်းပိန်လွန်းလို့ ပြောနေတာ”

ယဲ့ရှောင်ရှောင်က ပြန်ချေပသည်။

“အစ်ကိုနားမလည်ပါဘူး”

သူမက မပိန်ပေ။ အရိုးပေါ်တွင် အသားများစွာ ရှိနေပါသေးသည်။

အနာဂတ်တွင် မိန်းကလေးအတော်များများ ဝိတ်ကျဖို့ အသည်းအသန်ကြိုးစားနေရချိန် သူမကတော့ သဘာဝအလျောက် လှပနေသည်ဟု ဆိုနိုင်သည်။

ယဲ့ချန်းရှန့်လည်း စကားမနိုင်တော့သဖြင့် ပါးစပ်ပိတ်လိုက်ရတော့သည်။

“ဪ ဒါနဲ့… သမီးတို့အိမ်မှာ ဓာတ်မီးရှိလား”

ယဲ့မိသားစုအိမ်တွင် ညဘက်ရေအိမ်သွားဖို့ မည်မျှခက်ခဲကြောင်းကို ရုတ်တရက် သတိရသွားခြင်းကြောင့် ယဲ့ရှောင်ရှောင် မေးမြန်းလိုက်ရခြင်းပင်။

နေ့ဘက်တွင် ပြဿနာမရှိသော်လည်း ညဘက်တွင်မူ အမှန်တကယ် မြင်ရခက်လှပါသည်။

ကြောက်စရာကောင်းသည်မှာ အိမ်တွင် လျှပ်စစ်မီးမရှိသဖြင့် အလင်းရောင်အတွက် ဖယောင်းတိုင်နှင့် ရေနံဆီမီးအိမ်များကိုသာ အားကိုးရသည်။

သို့သော် လေထန်သည့်နေ့များတွင် ၎င်းတို့ကို အသုံးမပြုနိုင်ပေ။

“အိမ်မှာ တစ်လက်တော့ရှိတယ်”

သို့သော် ယဲ့ရှောင်ရှောင်သည် ဓာတ်မီးဝယ်ယူချင်၍ ထိုသို့မေးခြင်းဖြစ်မှန်း ယဲ့ချန်းရှန့် နားလည်သဖြင့် သက်ပြင်းသာ ချမိပါသည်။

သေချာပါသည်။ ယဲ့ချန်းရှန့် စကားဆုံးသည်နှင့် ယဲ့ရှောင်ရှောင်က ချက်ချင်း ပြောလိုက်သည်။

“အိမ်မှာ မိသားစုဝင်တွေက အများကြီးလေ၊ နောက်တစ်လက်လောက် ဝယ်သင့်တယ်မထင်ဘူးလား”

ယဲ့ချန်းရှန့်: “ငါ့သဘောထားကို လာမေးနေတာလား”

ယဲ့ရှောင်ရှောင်: “မဟုတ်ပါဘူး… အစ်ကို့မှာ ကူပွန်တွေ ရှိသေးလား သိချင်လို့”

ယဲ့ချန်းရှန့် သက်ပြင်းနောက်တစ်ကြိမ် ထပ်ချလိုက်ပြီး ကူပွန်နှစ်ရွက် ထုတ်ပေးလိုက်ပါသည်။

ယဲ့ရှောင်ရှောင်သည် ဓာတ်မီး ခပ်ကြီးကြီး တစ်လက်နှင့် ဓာတ်ခဲအပိုတို့ကို ဝယ်ယူခဲ့သည်။

သူမတို့ ဈေးဝယ်ထွက်ပြီးချိန်တွင် မွန်းတည့်ချိန်ပင် ရောက်ရှိနေပါပြီ။

အိမ်တွင် မြောင်ဖုန့်ရှန်းသည် အထုပ်အပိုးများ ပြင်ဆင်ပြီးပြီဖြစ်ပြီး ယုန်များကို အိမ်နီးချင်းများထံတွင် ခေတ္တ အပ်ထားခဲ့ကာ တံခါးများကို သော့ခတ်လိုက်ပါသည်။

ယခင်က သူခိုးကြမ်းပိုးများ ပေါများခဲ့သော်လည်း သူတို့ ရပ်ကွက်ထဲတွင် ဖောက်ထွင်းခံရသည်မှာ ရှားပါသည်။

အားလုံးက ဆင်းရဲမွဲတေကြသူမျာားဖြစ်၍ ခိုးစရာလည်း သိပ်မရှိလှပေ။

ပြင်ဆင်စရာရှိသည်ကို ပြင်ဆင်ပြီးနောက် ယဲ့ရှောင်ရှောင်တို့ မြေးအဘိုးသုံးယောက် ပိုင်ချွမ်ရွာသို့ စတင်ထွက်လာခဲ့ကြတော့သည်။

ဤလမ်းကို မလျှောက်ရသည်မှာ နှစ်လခန့်ကြာပြီဖြစ်ရာ ခရီးဝေး လမ်းလျှောက်ရသည့် ဒုက္ခကို ယဲ့ရှောင်ရှောင် တစ်ဖန် ပြန်ခံစားလိုက်ရသည်။

သူတို့ လမ်းလျှောက်နေကြစဉ် ကောင်းကင်ကြီးမှောင်မိုက်လာပြီး နှင်းစက်ကလေးများ စတင်ကျဆင်းလာတော့သည်။

အိမ်ပြန်လမ်းရှိ အကြီးဆုံးတောင်ကုန်းတစ်ခုပေါ်ကို ရောက်ရှိသောအခါ တောင်စောင်းတွင် မတ်တပ်ရပ်နေသည့် လူနှစ်ဦးကို ယဲ့ရှောင်ရှောင် လှမ်းမြင်လိုက်ရသည်။

ယဲ့ချန်းရှန့်က လက်ဝှေ့ယမ်းပြကာ အော်ခေါ်လိုက်ပါသည်။

“အစ်ကိုကြီးနဲ့ တတိယအစ်ကိုတို့!”

ယဲ့ရှောင်ရှောင် မော့ကြည့်လိုက်သောအခါ အဆက်မပြတ်ကျဆင်းနေသည့် နှင်းစက်များကြောင့် သူမ အမြင်အာရုံများ ဝေဝါးသွားခဲ့ရသည်။

“မင်းတို့ ဒီနေ့ပြန်လာမယ်ဆိုတာသိလို့ မနက်ကတည်းက ကြိုစောင့်နေတာလေ”

ယဲ့ချန်းချင့်က ပြုံး၍ဆိုကာ မြောင်ဖုန့်ရှန်းဆီမှ ပစ္စည်းများကို ကူသယ်ပေးလိုက်သည်။

ယဲ့ရှောင်ရှောင်သည် ဘေးတွင်ကျန်ရှိနေသည့် အမျိုးသားကို လှည့်ကြည့်လိုက်ပါသည်။

ထိုလူသည် ယဲ့မိသားစုဝင်များနှင့် ရုပ်ချင်းဆင်တူပြီး အရပ်က ၁.၈ မီတာခန့်ရှိကာ အလယ်ခွဲဆံပင်ကေနှင့် ဂျစ်ကန်ကန်နိုင်စွာ ပြုံးနေသည်။

ထိုလူသည် ယဲ့မိသားစု၏ တတိယသား ယဲ့ချန်းနင် ဖြစ်ရမည်။

တစ်နည်းအားဖြင့် ဤခေတ်တွင် ဖက်ရှင်ကျသူတစ်ဦးဟု ဆိုနိုင်သော်လည်း သူ၏ စည်းမဲ့ကမ်းမဲ့ နေထိုင်မှုကပင် သူ့ကို ပျက်စီးစေခဲ့ပါသည်။

ယဲ့ချန်းနင်က ယဲ့ရှောင်ရှောင်ကို ကြည့်ကာ ပြောလိုက်သည်။

“ဒါ ငါတို့ရဲ့ ညီမအသစ်စက်စက်လေးပေါ့ ဟုတ်လား၊ အခုမှပဲ တွေ့ဖူးတော့တယ်”

ယဲ့ချန်းချင့်က သူ့ညီကို ခြေထောက်ဖြင့်ကန်သည်။

“အပိုတွေပြောမနေနဲ့၊ ရှောင်ရှောင်ကို အနိုင်ကျင့်တာ ငါတွေ့ရင် မင်းသေပြီသာမှတ်”

ယဲ့ချန်းနင်က ပိုပိုကဲကဲ အော်လိုက်သည်။

“အောင်မယ်လေးဗျ… မလုပ်ရဲပါဘူး မလုပ်ရဲပါဘူး!”

နှင်းမုန်တိုင်းမှာ ပိုမိုဆိုးရွားလာသဖြင့် သူတို့အားလုံး ခပ်မြန်မြန် ဆက်လျှောက်ခဲ့ရသည်။

ကံကောင်းစွာဖြင့် အိမ်နှင့် နီးနေပြီဖြစ်ရာ တောင်အောက်သို့ ဆင်းလိုက်သည် နှင့် ပိုင်ချွမ်ရွာကိုတွေ့ရပါတော့မည်။

အတန်ကြာအောင် လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် ရွာထိပ်သို့ ရောက်လာခဲ့ကြလေသည်။

အိမ်တစ်အိမ်ရှေ့မှဖြတ်သွားစဉ် ခြံထဲကို ထင်းများသယ်ယူနေသည့် ဝဝဖိန့်ဖိန့် အိမ်နီးချင်း အမျိုးသမီးတစ်ယောက်နှင့် ဆုံမိကြလေသည်။

ယဲ့ရှောင်ရှောင်ကို မြင်သောအခါ ထိုအမျိုးသမီးက ပိုပိုကဲကဲလေသံဖြင့် လှမ်းမေးလိုက်ပါသည်။

“ဟဲ့ အဲ့ဒီကောင်မလေးက နင်တို့နဲ့အတူတူနေနေတုန်းပဲလား”

All Chapters