← Chapters

တရုတ်နိုင်ငံ၏ ကိုယ်ပိုင် စူပါမန်း

Vol. 10 Ch. 142

တရုတ်နိုင်ငံ၏ ကိုယ်ပိုင် စူပါမန်း

Vol. 10 Ch. 142

ကလေးနှစ်ယောက်ကို မြင်သောအခါ ရဲ့လင်းချန် အံ့ဩသွားပြီးမှ ပြုံး၍ ပြောလိုက်သည်။

“ဟုတ်တယ် ကိုကြီးက စူပါမန်း”

“ကိုကြီးစူပါမန်း၊ ဒါဆို … ကိုကြီးက သားတို့ကို ကယ်မလို့ လာတာလား”

ကောင်လေးက ရဲ့လင်းချန်ကို မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်နေ၏။

“အင်း ဟုတ်တယ်”

ရဲ့လင်းချန် မျက်လုံးစပ်လာသလို ခံစားလိုက်ရသည်။ သူက ပြင်ဆင်ထားသည့် ရေစိုနေသော သဘက်နှစ်ထည်ကို ထုတ်၍ ကလေးနှစ်ယောက်ကို ပေးလိုက်သည်။

“ကိုကြီးစကားကို လိမ်လိမ်မာမာနဲ့ နားထောင်နော်၊ ဒီသဘက်နဲ့ မင်းတို့ ပါးစပ်နဲ့ နှာခေါင်းကို အုပ်ထားကြ”

ကလေးနှစ်ယောက်က ဉာဏ်ကောင်းသည်။ သူတို့သည် အငိုရပ်၍ မျက်နှာကို သဘက်များဖြင့် အုပ်လိုက် ကြသည်။

ထို့နောက် ရဲ့လင်းချန်က သူ့ကုတ်အင်္ကျီကိုချွတ်၍ ကလေးနှစ်ယောက်ကို ရင်ဘတ်နှင့် ကျောတွင်ပိုး၍ အင်္ကျီဖြင့် ချည်လိုက်သည်။

ရဲ့လင်းချန် ဘာလုပ်နေသလဲ ဆိုသည်ကို အောက်ဘက်မှလူများ သေချာမမြင်ရချေ။ သူတို့ စိုးရိမ်တကြီးဖြင့်သာ ငြိမ်၍ ကြည့်နေကြသည်။

ထိုအခါတွင်မှ သူတို့ တစ်စုံတစ်ရာကို သတိပြုမိလာသည်။ ရဲ့လင်းချန်က အပေါ်ကို တက်နိုင်လျင်တောင်မှ ကလေး နှစ်ယောက်ကို ကယ်ရန် ဖြစ်နိုင်ချေ မရှိပေ။ သူ ပြန်ဆုတ်နိုင်မည့် လမ်းမရှိတော့ချေ။

တံခါးဘက်တွင် မီးများ ဝန်းရံနေပြီ ဖြစ်ပြီး တစ်ခုတည်းသော နည်းလမ်းက ပြတင်းပေါက်မှ ခုန်ချရန်သာ ဖြစ်သည်။

ထို့အပြင် အဲကွန်း၏ ကွန်ဒင်ဆာကလည်း သူ့ကြောင့် ယိုင်နဲ့နေပြီ ဖြစ်သည်။ ကလေး နှစ်ယောက် မဆိုထားနှင့် သူပင် ခြေချရန် နေရာမရှိပါ။

ထိုအခိုက်တွင် မီးတောက်က ပိုပို၍ ကြီးလာသည်။ မီးတောက်များက နံရံကို ခွင်း၍ အခန်းထဲ ဝင်စပြုလာ၏။ နံရံများက နီရဲလာပြီး အခန်းက မီးဖိုနှင့်ပင် သဏ္ဌာန်တူလာသည်။ အလွန်တရာ ပူပြင်း၍ အချိန်မရွေး ပျော်ကျတော့မည်ဟု ထင်မှတ်ရသည်။

[ချီးပဲ ချီး … ဒါ ဘယ်လိုဖြစ်ရတာလဲ]

[ဒါ လုံးဝ ဇာတ်သိမ်းပြီ၊ သူကိုယ်တိုင် ပိတ်မိသွားပြီ]

[ဘုရားသခင် မရယ်ရတဲ့ ဟာသကိုများ ပြနေလေသလား၊ အဲ့လိုမလုပ်ပါနဲ့၊ ရပ်လိုက်ပါ၊ အဲ့လို မလုပ်လိုက်ပါနဲ့]

[သူတို့ အသက်ရှင်မှာ၊ သူတို့ အသက် ရှင်ကိုရှင်မှာ]

…

ကလေးနှစ်ယောက်ကို ချီထားသည့် ရဲ့လင်းချန်၏ ပုံရိပ်က တစ်ဖန် ပြန်ပေါ်လာပြီး အောက်မှလူများထံမှ အားပေးသံများ ထွက်ပေါ်လာသည်။

“သူ…”

အားလုံး အံ့ဩနေပြီး မရေတွက်နိုင်သော မျက်လုံးများနှင့် ကင်မရာများက ရဲ့လင်းချန်ကို ချိန်ရွယ်၍ ကြည့်နေ၏။

*မဟုတ်မှလွဲရော သူ ခုန်ချဖို့ ပြင်နေတာလား*

တစ်ခဏကြာသော် ရဲ့လင်းချန်က သူတို့၏ မှန်းဆချက်ကို အတည်ပြုလာလေသည်။

သူက ပြတင်းပေါက်ဘောင်ကို လက်နှစ်ဖက်ဖြင့်ကိုင်၍ ကိုယ်ကို ယိမ်းထိုးနေသည်။ ယင်းက အလွန် အန္တရာယ်များသော အနေအထားပင်။ သူ့လက်များသာ အနည်းငယ်မျှ ချော်သွားပါက အောက်သို့ ပြုတ်ကျ လာနိုင်သည်။

“မကြောက်နဲ့၊ ဘာတွေပဲဖြစ်ဖြစ် အောက်ငုံ့မကြည့်နဲ့၊ လိမ္မာတယ်မလား မျက်လုံးမှိတ်ထား၊ ဆယ့်ငါးအထိ ရေထား၊ ဒါဆို မင်းတို့မိဘတွေနဲ့ ပြန်တွေ့ရလိမ်မယ်”

ရဲ့လင်းချန်က ကလေးနှစ်ယောက်ကို ချော့နေ၏။

“အင်း … သားတို့မှာ ကိုကြီးစူပါမန်း ရှိတာပဲ၊ မကြောက်ပါဘူး”

ကလေးနှစ်ယောက်လုံး မျက်လုံးမှိတ်လိုက်ကြသည်။ ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်ပြီးနောက် အသက်အောင့် လိုက်မိသည်။ ထို့နောက် လက်ကိုလွှတ်၍ အောက်သို့ ခုန်ချလိုက်သည်။

“အား … သူ ဘာလုပ်တာလဲ၊ သူ ဘာလို့ လက်လွှတ်လိုက်တာလဲ”

ကြောက်လန့်တကြား အော်ဟစ်သံများက ကောင်းကင်ယံပင် ပေါက်ထွက်မတတ် ထွက်ပေါ်လာသည်။ လူတော်တော်များများက မကြည့်ရဲသဖြင့် မျက်လုံးပိတ်ထားကြသည်။

ထိုအခိုက်တွင် ရဲ့လင်းချန်၏ လက်များက အောက်ထပ်မှ ပြတင်းပေါက်ဘောင်ကို မြဲမြံစွာ ဖမ်းဆုပ်ထား လိုက်သည်။

*သူ … သူ ကိုင်ထားလိုက်နိုင်တာလား*

*ချီးပဲ … သောက်ကျိုးနည်း … သူက မိုက်တယ်ဟ*

“ငါ အိပ်မက်မက်နေတာ မဟုတ်ဘူးမလား၊ ဒါ လူတစ်ယောက်အတွက် ဖြစ်နိုင်လို့လား”

“စူပါဟီးရိုး၊ သူက တရုတ်ပြည်ရဲ့ စူပါဟီးရိုးပဲ၊ သူက တခြားနိုင်ငံတွေက စူပါဟီးရိုးတွေထက် ပိုမိုက်သေးတယ်”

“အားလုံး တိတ်တိတ်နေ၊ ငါ့ကို ဒူးထောက်ပြီး ငြိမ်ငြိမ်လေး ကြည့်ခွင့်ပေးကြပါဟ”

အထပ်တိုင်းမှ ပြတင်းပေါက်ဘောင်များကို ဘာခြားခံမှ မထားဘဲ ထောင့်မှန်ကျကျ တပ်ဆင်ထားသည်။

ရဲ့လင်းချန်သည် ယခင်ကအတိုင်း လက်ကိုလွှတ်၍ အောက်သို့ ခုန်လိုက်သည်။ ဆယ့်လေးထပ် ရောက်သည်နှင့် ပြတင်းပေါက်ဘောင်ကို ထပ်ဖမ်းကိုင်လိုက်လေသည်။

ထိုအတိုင်း ဆယ့်သုံးထပ်၊ ဆယ့်နှစ်ထပ်၊ ဆယ့်တစ်ထပ် …

သူ ခုန်ဆင်းသည့်အရှိန်က မြန်သထက် မြန်လာသည်။ ဆယ့်ငါးစက္ကန့်အကြာ၌ သူ မြေကြီးပေါ် အောင်မြင်စွာ ခုန်ချလိုက်နိုင်သည်။

*ချောလိုက်တာ၊ မိုက်တယ်၊ အံ့ဩဖို့ကောင်းလိုက်တာ*

ထိုအခိုက်တွင် လူတိုင်း အတွေးထဲ ဗလာဖြစ်နေကြသည်။ သူတို့က ရဲ့လင်းချန်အား အလန့်တကြားဖြင့် ဘာမှမပြောနိုင်ဘဲ ကြည့်နေလေသည်။

“အခု အဆင်ပြေသွားပြီ၊ မင်းတို့အမေဆီ သွားကြတော့”

ရဲ့လင်းချန်က ကလေးနှစ်ယောက်ကို မျက်လုံးပြန်ဖွင့်ခိုင်းပြီး ပြုံး၍ ပြောလိုက်သည်။

သူ ကြာကြာနေရန် မတွေးထားပါ။ လူတိုင်း သတိပြန်မကပ်ခင် လူအုပ်ကြားထဲမှ သူ ဖြတ်ထွက်လာ၏။

[အား … တိုက်ပေါ်ကနေ ဒီလိုဆင်းတဲ့ နည်းလမ်းမျိုး ရှိလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ လုံးဝကို အိပ်မက် တစ်ခုလိုပဲ]

[မဟုတ်ဘူး ငါ အိပ်မက်မက်နေတာပဲ ဖြစ်မယ်၊ တစ်ယောက်လောက် ငါ့ကို နှစ်ချက်ချပြီး လာနှိုးစမ်းပါ]

[ငါ့အမေက ခုလေးတင် ငါ့ကို ဘာလို့ ကြမ်းပြင်ပေါ်မှ ဒူးထောက်နေတာလဲလို့ မေးနေတာ၊ ငါ စူပါမန်းကို ကြည့်နေတာလို့ ပြန်ဖြေလိုက်တယ်]

[တင်ဆက်သူရေ ခင်ဗျား ဘာလုပ်နေတာလဲ၊ သူ့နောက် မြန်မြန်လိုက်လေ]

[ဟုတ်တယ် တုံးလိုက်တဲ့ တင်ဆက်သူ၊ မြန်မြန် မြန်မြန်လုပ်]

တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များက ရှောင်မင်ကို သတိပြန်ဝင်လာစေသည်။ သူမ အသိဝင်သည်နှင့် ချက်ချင်း ရဲ့လင်းချန်နောက် လိုက်လေသည်။

“ဟေ့ ခဏလေး နေပါဦး၊ ရှင် ဘယ်သူလဲ ပြောပြလို့ရမလား”

ရှောင်မင်က ရဲ့လင်းချန်ကို စိတ်အားထက်သန်စွာ ကြည့်နေသည်။

“မင်း ဘာလို့ထင်လဲ”

ရဲ့လင်းချန် ပြံး၍ မျက်နှာပေါ်မှ သဘက်ကို တင်းနေအောင် စည်းလိုက်သည်။

“ဒါဆို ရှင့်နာမည်လေး ပြောပြလို့ရမလား”

ရှောင်မင် ထပ်မေးလိုက်သည်။

“ငါ့နာမည်လား၊ မင်း အရင်က ကြားဖူးလောက်ပါတယ်၊ ငါ့နာမည်က ဝိုင်”

“ရှင်က တကယ်ပဲ စူပါမန်းဝိုင်လား”

ရှောင်မင် မျက်လုံးပြူးသွားသည်။ သူမ ပြောမပြတတ်လောက်အောင် စိတ်လှုပ်ရှားသွားပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“ရှင်က ကျွန်မရဲ့ စံပြပုဂ္ဂိုလ်လေ”

ရဲ့လင်းချန်က အေးအေးလူလူ ခေါင်းညိတ်၍ ထွက်သွားရန် ပြင်သည်။

“စူပါမန်းဝိုင်၊ ဒါ ကျွန်မရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုလေ၊ သူတို့အားလုံးက ရှင့်ပရိသတ်တွေပါ၊ ရှင် နည်းနည်းလောက် စကားပြောပေးလို့ ရမလား”

ရှောင်မင်က နှုတ်ခမ်းကိုက်၍ စိုးရိမ်တကြီး မေးလိုက်သည်။ ရဲ့လင်းချန် ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်သည်။ သူ တစ်ခဏမျှ ငြိမ်နေပြီးမှ ကင်မရာကို ကြည့်၍ ပြောသည်။

“သရုပ်ဆောင်ဝိုင်က တော်တယ်၊ သူ့မှာ တကယ့် အရည်အချင်းတွေ ရှိတယ်”

ထိုသို့ပြောပြီးသည်နှင့် သူ ခပ်သုတ်သုတ် ထွက်လာလိုက်သည်။ သူ့အရှိန်က မြန်လွန်းသဖြင့် တစ်ခဏအတွင်း လမ်းမထက်မှ ပျောက်ကွယ်သွားသည်။

လမ်းသွားလမ်းလာများက သူ့နောက် လိုက်ချင်သော်လည်း ရဲ့လင်းချန်အား လုံးဝ ရှာမတွေ့တော့ချေ။

မိဘနှစ်ပါးက ကလေးများကို တင်းနေအောင် ဖက်ကာ ငိုနေကြသည်။

“မာမီ၊ ဒယ်ဒီ ဘာလို့ ငိုနေတာလဲ၊ မငိုပါနဲ့၊ သားတို့ ကိုကြီး စူပါမန်းနဲ့ တွေ့ခဲ့တယ်”

ကောင်လေးက ဝမ်းသာအားရ ပြောပြသည်။

“ကိုကြီး စူပါမန်းက ပြောတယ်၊ ငိုတဲ့ကလေးတွေက လိမ္မာတဲ့ကလေးတွေ မဟုတ်ဘူးတဲ့”

“မာမီ ပျော်လို့ပါ”

ကလေးများ၏ မိခင်က ငိုလျက်ဖြင့် ပြုံးနေသည်။

“သားတို့ ကိုကြီး စူပါမန်းကို မမေ့ရဘူးနော်၊ သားတို့ အမြဲ ကျေးဇူးတင်ရမယ်၊ နားလည်တယ်မလား”

“အင်း … သား ကိုကြီး စူပါမန်းလို ဖြစ်ချင်တယ်၊ သားလည်း သူရဲကောင်းကြီး ဖြစ်ချင်တယ်”

ကောင်လေးက လေးနက်စွာ ခေါင်းညိတ်ပြသည်။

[ဒဏ္ဍာရီလာ နဂါးကို ခေါင်းပဲမြင်ပြီး အမြီး မမြင်လိုက်ရသလိုပဲ၊ သူလည်း အတူတူပဲ]

[စံပြပုဂ္ဂိုလ်ပဲ ငါ့စံပြပုဂ္ဂိုလ်နဲ့ အနီးကပ် ရှိနေခဲ့တာကို မယုံနိုင်ဘူး၊ ဟင့်ဟင့် မရတော့ဘူး၊ ငါ ငိုပြီ]

[စူပါမန်းဝိုင်၊ နောက်ဆုံးတော့ သူ ပေါ်လာပြီပဲ၊ စူပါမန်း ရှိတာကို ငါ သိနေတယ်]

[သူ အားလုံးကို ခြေရာဖျောက်သွားတာ၊ သူက သူ့အောင်မြင်မှုနဲ့ နာမည်ကို ဖုံးထားချင်တဲ့ပုံပဲ၊ သူ့လို အကျင့်မျိုးကမှ တကယ့် လူကောင်းတစ်ယောက်ရဲ့ အကျင့်ပဲ]

ထိုအဖြစ်က မယုံနိုင်လောက်အောင် မြန်ဆန်သောအလျင်ဖြင့် ပျံ့နှံ့သွားသည်။ ဆယ်မိနစ်အတွင်း ဝေ့ပေါ်၏ ရေပန်းအစားဆုံး ခေါင်းစဉ်၊ Tencent ၏ အထူးသတင်းနှင့် သတင်းချန်နယ်များအားလုံးက အသည်းအသန် သတင်း တင်ဆက်ကြသည်။

မြို့တော်၏ သတင်းချန်နယ်သို့ပင် တက်သွားသေးသည်။

မီးလောင်ခြင်းက ပေါ့လျော့၍ ဖြစ်ခြင်းဟု မြင်ကြပြီး လူပြောအများဆုံး ခေါင်းစဉ်မှာ စူပါမန်းဝိုင် ဖြစ်သည်။

လူအများက သူ့အစွမ်းနှင့် ဝင်ကူပေးသော သူ့အပြုအမူကို ချီးကျူးကြသည်။

အချိန်တိုအတွင်းမှာပင် လူငယ်တော်တော်များများက စူပါမန်းဝိုင်အား တရုတ်ပြည်၏ ကိုယ်ပိုင် စူပါမန်းဟု သတ်မှတ်လာကြလေသည်။

All Chapters