← Chapters

ဒုတိယမြောက် သိုင်းပညာ အဆင့်မြှင့်တင်ခြင်း

Vol. 10 Ch. 143

ဒုတိယမြောက် သိုင်းပညာ အဆင့်မြှင့်တင်ခြင်း

Vol. 10 Ch. 143

ရုပ်ရှင်ထဲမှ သူရဲကောင်းများကို အပြင်ဘက်၌ မြင်လိုက်ရသောအခါ လူတိုင်း စိတ်လှုပ်ရှားလွန်လာကြပြီး ရှင်းရှင်းလင်းလင်း မပြောနိုင်ကြတော့ချေ။

အခြေအနေက ဆက်လက် ကြီးထွားလျက် ရှိပြီး ထိုအဖြစ်အပျက်၏ သတင်းနှင့် ဗွီဒီယိုများက အလျင်အမြန် ပျံ့နှံ့လာကာ ကြည့်ရှုသူ အရေအတွက်လည်း ထောင်သောင်းချီလာ၏။

ဝေ့ပေါ်တွင် ပို၍ ဆူညံနေပြီး သမိုင်းတစ်လျှောက် ရေပန်းအစားဆုံး ခေါင်းစဉ် ဖြစ်လာလေသည်။

“တစ်လကြာပြီးမှ စူပါမန်းဝိုင်က လူလုံးထွက်ပြတာပဲ၊ စူပါမန်းက ငါနေနေတဲ့ မြို့တော်ကို စောင့်ရှောက်နေမှတော့ ငါ ဘာကို ကြောက်စရာ လိုသေးလဲ”

[မြတ်စွာဘုရား ဒါက ရုပ်ရှင်ကြည့်နေရသလိုပဲ]

[ဒါ ဒဏ္ဍာရီလာလိုပဲ၊ စူပါမန်းဝိုင်က ဂြိုဟ်သားလား]

[စူပါမန်းတော့ ပေါ်လာပြီ၊ လင်းနို့လူသား၊ သန္ဓေပြောင်းတွေ၊ သူတို့တွေ ဘယ်မှာလဲ]

[စူပါမန်းဝိုင် မြို့တော်မှာပဲ မနေပါနဲ့၊ အချိန်ရရင် နန်ကင်းကို လာပါဦး]

[အိုး အိုး အိုး ... ငါ ဒီဗွီဒီယိုကို သုံးခါကြည့်ပြီး သုံးခါလုံး ငိုရတယ်ဆိုတာ မင်းတို့ သိကြလား၊ နောက်ဆိုရင် ငါ့ကို iron man တို့ Captain America အကြောင်း မပြောနဲ့တော့၊ ငါက စူပါမန်းဝိုင်ရဲ့ ပရိသတ်ပဲ၊ သူက သူ့ပရိသတ် ကောင်မလေး]

[ငါ ဒီဗွီဒီယိုကို ကြည့်ပြီး တစ်ညလုံး ငိုခဲ့ရတယ်၊ အမေတစ်ယောက်အနေနဲ့ ဒီဆောက်တည်ရာမရတဲ့ ခံစားချက်က င့ါကို စိတ်ထိခိုက်စေတယ်]

[ဗွီဒီယိုထဲက မိသားစုက ကံမကောင်းဘူး၊ ဒါပေမဲ့ သူတို့ ကံကောင်းခဲ့ပါတယ် ဘာလို့လဲဆို‌တော့ သူတို့ စူပါမန်းဝိုင်နဲ့ တွေ့ခဲ့ရတယ်လေ]

....

အသည်းအသန် ဆွေးနွေးပြောဆိုမှုများ ရပ်တန့်သွားမည့် အရိပ်အယောင် မရှိချေ။ လူတော်တော်များများက စူပါမန်းဝိုင်ကို စိတ်ဝင်စားနေကြသည်။ အင်တာနက်တွင် သူ့အား သူတို့ကို တပည့်အဖြစ် လက်ခံပေးရန် တောင်းဆိုနေကြပြီး ကမ္ဘာ့ သူရဲကောင်းများ ဖြစ်လာစေရပါမည်ဟု ကျိန်ဆိုနေ၏။

အားလုံး ဆူညံပွက်လောရိုက်နေချိန်တွင် ရှောင်ယာဟူသော တင်ဆက်သူက ဗွီဒီယိုအတိုလေးတစ်ခု တင်လာသည်။

“စူပါမန်းဝိုင်ကို အနီးကပ် အင်တာဗျူးခွင့် ရလိုက်လို့ ကျွန်မ ကံကောင်းတယ်၊ ကျွန်မ တကယ်ကို ကံကောင်းတာ၊ စူပါမန်းဝိုင်ကလေ တအားကို ယောကျ်ားပီသတာ”

ထိုဗွီဒီယို ပေါ်လာသည်နှင့် အင်တာနက်တွင် အုတ်အော်သောင်းနင်း ဖြစ်လာပြီး ပျက်စီးလုနီးနီး ဖြစ်သွားရသည်။

[အား ... နင်က တအား ကံကောင်းတာပဲ၊ တင်ဆက်သူရေ ငါ နင့်ကို မနာလို ဖြစ်မိတယ်]

[တင်ဆက်သူ နင်က အရူးပဲ၊ နင် သူနဲ့ ဒီလောက် နီးနေတာကို၊ ဘာလို့ အနားတိုးပြီး သူ့ကို မနမ်းလိုက်တာလဲ]

[စူပါမန်းဝိုင်က ငယ်တဲ့ပုံပဲ၊ ဘာလို့ သူ့မျက်နှာက တဘက်ကို ဆွဲမဖယ်လိုက်တာလဲ]

[အဲ့စူပါမန်းဝိုင် ပြောသွားတဲ့ အဆုံးသတ်စကားကို မင်းတို့ သတိထားမိကြလား၊ သူ သရုပ်ဆောင်ဝိုင်ကို ပြောသွားတာနော်]

...

စူပါမန်းဝိုင်၏ အဆုံးသတ်စကားက ပရိသတ်များစွာကို စိတ်လှုပ်ရှား၍ ဆူညံလာစေသည်။ အားလုံး၏ မျက်နှာတွင် စိတ်လှုပ်ရှားဟန်များ ပေါ်နေပြီး ရင်တဒိန်းဒိန်းခုန်နေကာ မသိလျင် ရတနာတစ်ခုကို ရှာတွေ့လိုက် သည်ဟုပင် ထင်မှတ်မှားရသည်။

တစ်ခဏအတွင်းမှာပင် သရုပ်ဆောင်ဝိုင်၏ ဝေ့ပေါ်အကောင့်သို့ လူများစွာ ရောက်ရှိလာ၏။

[သရုပ်ဆောင်ဝိုင် ထွက်လာပါဦး၊ မင်း စူပါမန်းဝိုင်နဲ့ တကယ် သိတာလား]

[မင်းက တကယ် အံ့ဩဖို့ကောင်းတယ်၊ စူပါမန်းဝိုင်က မင်းမှာ အရည်အချင်း ရှိတယ်လို့ ပြောသွားတယ်၊ အဲ့ဒါ ဘာကိုပြောချင်တာလဲ၊ မင်းတို့ အရင်တုန်းက ယှဉ်ပြိုင်ဖူးတာလား]

[သောက်ကျိုးနည်း၊ ဝိုင်တွေ များလှချည်လား၊ တကယ့်ဘဝမှာ သူတို့ တစ်ယောက်နဲ့ တစ်ယောက် သိနေနိုင်လား၊ ဒါကြီးက စောက်ရမ်းလန်းတယ်ကွာ၊ မယုံနိုင်စရာပဲ]

[အဲ့ဒါကို ခဏထားဦး၊ သရုပ်ဆောင်ဝိုင်ရဲ့ ကွန်ဖူးက အထင်ကြီးစရာကောင်းနေမှာ သေချာတယ်၊ အရင်တုန်းက ဝံပုလွေကို လက်သက်သက်နဲ့ ရင်ဆိုင်တဲ့ သူ့ဗွီဒီယိုက အစစ် ဖြစ်လောက်တယ်]

[အား ... ငါတို့ တရုတ်လူမျိုးတွေရဲ့ ကွန်ဖူးကို စူပါမန်းဝိုင်က အသိအမှတ် ပြုတာပဲ၊ မယုံနိုင်စရာပဲ၊ သရုပ်ဆောင်ဝိုင်ရေ ကျေးဇူးပြုပြီး ငါ့ကို တပည့်အဖြစ် လက်ခံပေးပါ]

...

စူပါမန်းဝိုင်သည် နှစ်ကြိမ်သာ ပေါ်လာခဲ့သော်လည်း အားလုံး၏ ရင်ထဲတွင် စူပါမန်းနှင့် အခြားသော ဟီးရိုးများကဲ့သို့ သတ်မှတ်သွားကြသည်။ အိပ်မက်တစ်ခုက တကယ့် လက်တွေ့ဘဝထဲ၌ ပေါ်လာလျင် လူတိုင်း၏ မျှော်မှန်းချက်နှင့် စိတ်အားထက်သန်မှုက ဝုန်းခနဲ ကြီးထွားလာရသည်။

အချိန်တိုအတွင်းမှာပင် စူပါမန်းဝိုင်၏ ကျော်ကြားမှုက ကျန်ဝိုင်များအားလုံးထက် သာသွားသည်။ သူသည် ဝိုင်များအားလုံး၌ အကျော်ကြားဆုံးသူ ဖြစ်လာ၏။

ရဲ့လင်းချန်သည် သရုပ်ဆောင်ဝိုင်၏ ဝေ့ပေါ်အကောင့်ကို ကြည့်သာကြည့်၍ ငြိမ်နေကာ အခြားသူများကို ထင်ရာ ပြောထားစေလိုက်သည်။

စူပါမန်းဝိုင်၏ စကားလုံးဖြင့် သူ ရှစ်လေ့ကို အနိုင်ပိုင်းချင်ရုံသာ ဖြစ်သည်။ မကြာခင်မှာပင် ဝေဖန်ပြောဆို သူများက ရှေးဟောင်းနှောင်းဖြစ်များကို တူးဆွလာပြီး ရှစ်လေ့နှင့် ဝူဟန်ကို ဝေ့ပေါ်၌ ပြစ်တင်ပြောဆို လေတော့သည်။

[ရှစ်လေ့ မင်းက တော်တော် အကျင့်မကောင်းတာပဲ၊ သရုပ်ဆောင်ဝိုင်က တကယ့် ကွန်ဖူးကို သိတယ်၊ မင်း မလုပ်နိုင်တာနဲ့ အခြားသူတွေလည်း မလုပ်နိုင်ဘူးလို့ မထင်နဲ့]

[သရုပ်ဆောင်ဝိုင်ရဲ့ ကွန်ဖူးက အတုအယောင်ကကြီးလို့ သူ ပြောခဲ့တာက ရှက်ဖို့ကောင်းလိုက်တာ၊ ဘယ်လောက်တောင် မိုက်မဲလိုက်လဲ]

[ရှစ်လေ့၊ မင်းသာ စူပါမန်းဝိုင်ဆီကနေ အသိအမှတ်ပြုတာ ခံရရင် ငါ မင်းကို အခုလို ဆဲမနေဘူး]

[ဝူဟန် မင်းက တော်တော် မိန်းမလိုမိန်းမရ ဆန်တာပဲ၊ သရုပ်ဆောင်ဝိုင် မင်းကို အထင်သေးတာကို အပြစ်မြင် မနေနဲ့]

[ဝူဟန်လို့ ငပျော့ကောင်က သိုင်းရုပ်ရှင် ရိုက်တာလား၊ သရုပ်ဆောင်ဝိုင်က ဝူဟန်ကို လက်တစ်ချောင်းလောက် တောက်လိုက်ရုံနဲ့ သတ်နိုင်တယ်လို့ ငါ ထင်တယ်]

[ငါ သေချာပေါက် ဟော်ရန်ကျားကို ကြည့်မယ်၊ အဲ့မှာ တကယ့် ကွန်ဖူးပညာတွေ ပါမှာ သေချာတယ်]

...

နောက်သုံးရက်ကြာသော် စူပါမန်းဝိုင်၏ မျက်နှာဖုံးက Taobao ၌ ပေါ်လာသည်။ Marvel စူပါဟီးရိုး အချို့၏ မျက်နှာဖုံးကို မှီငြမ်း၍ စူပါမန်းဝိုင်၏ မျက်နှာဖုံးမှာ အနက်ရောင်ခေါင်းစွပ်တစ်ခု ဖြစ်သည်။ သို့သော် နဖူးပေါ်၌ ကြီးမားသော အနီရောင် ဝိုင်ဟူသည့် စာလုံးကို ထိုးထားသည်။

ဈေးကွက်တွင်း၌ မျက်နှာဖုံးပေါ်လာသည်နှင့် ရောင်းအားက ထိုးတက်သွားသည်။ ဤသည်က နောက်ပိုင်းမှ ဖြစ်လာသည့် ကိစ္စများပင်။

ထိုကိစ္စက အခြားသော ဝိုင်များ၏ ကျော်ကြားမှုကိုပါ မြင့်တက်လာစေသည်။ ရဲ့လင်းချန်၏ ညဘက် တိုက်ရိုက် ထုတ်လွှင့်မှု၌ မရေတွက်နိုင်သော မှတ်ချက်များ ပေါ်လာပြီး သူ့အား အခြားသော ဝိုင်များနှင့် ပတ်သက်မှု ရှိသလားဟု မေးကြလေသည်။

ရဲ့လင်းချန်က ဤပြဿနာများကို ရိုးရိုးရှင်းရှင်းသာ ကိုင်တွယ်လိုက်သည်။ သူသည် ပေါ်လာနေသော မှတ်ချက်များကို ပိတ်၍ မသိချင်ယောင်ဆောင်ထားလိုက်လေသည်။

ထိုအဖြစ်အပျက်၏ နောက်ဆက်တွဲ ကျော်ကြားမှုများကြောင့် ရဲ့လင်းချန်၏ ရေပန်းစားမှုအမှတ်က တစ်သိန်း ကျော်သွားသည်။ အမှတ်သည် ၁၀၅,၈၇၆ သို့ ရောက်နေပြီး မှန်မှန် တိုးလာနေ၏။

သူသည် အစက သူ့ပညာများကို အဆင့်မြှင့်တင်ချင်စိတ် မရှိဘဲ ရေပန်းစားမှုအမှတ်ကိုသာ တိုးလာအောင် လုပ်ချင်ခဲ့သည်။ သို့သော် အဆင့်မြှင့်တင်ခြင်းက စွဲလမ်းမှုတစ်ခုသဖွယ် ဖြစ်လာသလို သူ ခံစားလာရသည်။ သူ အဆင့်မမြှင့်ရလျင် လက်များက ယားယံနေတတ်သလို ခံစားရပြီး နေမထိထိုင်မသာ ဖြစ်လာ၏။

ထို့ကြောင့် နောက်ဆုံးတွင် သူသည် စနစ်ထဲဝင်၍ အဆင့်မြှင့်တင်တော့သည်။ ၎င်းက ရှောင်လွှဲ၍ မရသော အရာဟု သူ သဘောထားလိုက်သည်။

ရှစ်ဆပြင်းထန် လက်သီး၊ သိုင်းလက်သီး၊ အနှိပ်ပညာ၊ ဂျာမန်ဘာသာစကား၊ ရုရှားဘာသာစကား ...

အဝါရောင် အလင်းတန်းလေးက ခုန်ပေါက်နေပြီး ပညာတစ်ခုပြီး တစ်ခုကို ကျော်သွားသည်။ ရဲ့လင်းချန် စူးစိုက်ကြည့်နေစဉ်မှာပင် ယင်းက ရှစ်ဆပြင်းထန် လက်သီးသိုင်း၌ ရပ်သွားတော့သည်။

*နောက်ဆုံးတော့ သိုင်းပညာ နောက်တစ်ခု ရပြီကွ*

ရဲ့လင်းချန် မသိမသာ စိတ်လှုပ်ရှားလာသည်။ သူ့ခန္ဓာကိုယ်က အဓိက ပြောင်းလဲမှုဆိုလျင် သူ၏ သိုင်းပညာက နောက်ထပ် ကာကွယ်မှုတစ်ခုသာ ဖြစ်၏။

ပြီးခဲ့သော မီးလောင်မှုက ဥပမာကောင်းပင်။ သူ့၌ လုံလောက်သော ခွန်အားသာ မရှိလျင် သူ ဆယ်ကြိမ်မက သေသွားလောက်သည်။ သို့မဟုတ် သူ ပိုသန်မာနေခဲ့လျင် သူ့အတွက် ကယ်ဆယ်ခြင်းက ပိုလွယ်ကူသွားနိုင်သည်။

ဆက်တိုက် တိုးတက်လာမှုကြောင့်သာ စူပါမန်းဝိုင်ဟူသော လမ်းကို သူ ဖောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ စူပါဟီးရိုး တစ်ယောက် ဖြစ်ရသော ခံစားချက်က တကယ်ပင် မှင်တက်စရာ ကောင်းလှသည်။

မျက်စိကျိန်းလောက်သော အလင်းတန်း ဖြာထွက်လာပြီးနောက် ရှစ်ဆပြင်းထန် လက်သီးသိုင်း၏ တိုင်က မသိမသာ ပြောင်းလဲသွားကာ အမည်က ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်း (အခြေခံအဆင့်) ဟု ပြောင်းလဲသွားသည်။

*လက်သီးသိုင်းအစား လေ့ကျင့်ခန်းအဖြစ် ပြောင်းသွားတာလား*

လက်တွေ့က ရဲ့လင်းချန် မှန်းထားသည်နှင့် ကွဲပြားနေ၏။ လက်သီးသိုင်း ဖြစ်သော်လည်း ပြောင်းလဲသွားပုံက မတူညီပေ။

သို့သော် သူ ချက်ချင်း ပြန်စိတ်အေးသွားသည်။ ရှစ်ဆပြင်းထန် လက်သီးသိုင်းသည် အရဟာ လက်သီးနှင့် အလွန် ခြားနား၏။

အရဟာ လက်သီးသိုင်းက တကယ့် လက်သီးသိုင်းတစ်ခု ဖြစ်ကာ ပိုသန်မာ၍ ပိုကျစ်လစ်ပြီး ခန္ဓာကိုယ် တစ်ခုလုံး၏ စွမ်းအင်က လက်သီး၌ လာစုဝေးနိုင်သည်။ ၎င်းသည် တိုက်စစ်အပေါ် အလေးထားသော သိုင်းပညာ ဖြစ်သည်။ သို့သော် ရှစ်ဆပြင်းထန် လက်သီး၌ နပန်းလုံးခြင်း၊ ခုခံခြင်း၊ ကိုင်ပေါက်ခြင်း စသဖြင့် အားလုံး ပါဝင်သည်။

ထို့ကြောင့် ရှစ်ဆပြင်းထန် လက်သီးသိုင်းသည် ခန္ဓာကိုယ် လေ့ကျင့်ရေးဘက်သို့ ပိုယိမ်းသည်။ တစ်နည်း ပြောရလျင် ခန္ဓာကိုယ်တစ်ခုလုံး မျှမျှတတ တိုးတက်စေနိုင်သော ပညာပင်။ ဥပမာအားဖြင့် ရှစ်ဆ ပြင်းထန် လက်သီးသိုင်း၏ တောင်ဖြိုလက်သီးသည် လက်သီးမှအားကို မဟုတ်ဘဲ ကျောရိုးအားကို မှီခိုအသုံးပြုထားခြင်း ဖြစ်သည်။

သားရဲလေ့ကျင့်ခန်းဟု ဆိုသဖြင့် လူ့ကြွက်သားနှင့် အရိုးအဆစ်များကို သန့်စင်မွမ်းမံသည့် ပညာ ဖြစ်နိုင်ပြီး ခန္ဓာကိုယ် မာကြောလာစေနိုင်လောက်သည်။

လူ့ခန္ဓာကိုယ်တစ်ခုလုံးကို လက်သီးသဖွယ် မွမ်းမံလိုက်ခြင်း ဖြစ်နိုင်သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကသာ လက်နက်သဖွယ် ဖြစ်လာပါက သူ၏ ခုခံနိုင်စွမ်းက ပိုမြင့်လာနိုင်ပေ၏။

ရဲ့လင်းချန် ကျေနပ်အားရစွာ ပြုံးလိုက်သည်။ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းနှင့် အရဟာ လက်သီး စွမ်းအင်တို့က တစ်ခုနှင့်တစ်ခု မှီခိုနေသည်ဟု ဆိုနိုင်ပေသည်။

*မဆိုးဘူး*

ရဲ့လင်းချန် စနစ်ထဲမှ ပြန်ထွက်လိုက်သည်။ သူ ဖုန်းကိုထုတ်၍ သူ့ ဝိုင်အကောင့်များကို ဝင်ကြည့်လေသည်။

ဘာမှထပ်မရေးထားသော်လည်း သူ့အကောင့်၌ လာ‌ရေးနေသော မှတ်ချက်များက အသက်ဝင်နေဆဲ ဖြစ်ပြီး စာတိုများစွာ ပို့ထားကြသည်။ စာတိုတစ်ခုက ရဲ့လင်းချန်အား တုံ့ခနဲ ဖြစ်သွားစေသည်။ တစ်ခဏမျှ တွေဝေနေပြီးမှ သူ ထိုစာကို ဝင်ဖတ်လိုက်သည်။

ထိုအကောင့်၏ ပုံမှာ အလွန် လှပသော မိန်းကလေးတစ်ယောက်ပုံ ဖြစ်ပြီး ဝေ့ပေါ် အကောင့်နာမည်က ... ချန်ရှောင်ယွမ်ပင်တည်း။

All Chapters