← Chapters

ဘတ်စကတ်ဘော အဖွဲ့အစည်း၏ ဖိတ်ကြားမှု

Vol. 10 Ch. 145

ဘတ်စကတ်ဘော အဖွဲ့အစည်း၏ ဖိတ်ကြားမှု

Vol. 10 Ch. 145

*ငါ ဘယ်သူလဲ*

*ငါ ဘယ်ရောက်နေတာလဲ*

*ငါ ဘာလုပ်နေတာလဲ*

ရဲ့လင်းချန် ယခုလောက် တစ်ခါမှ နားဝေတိမ်တောင် မဖြစ်ဖူးပါ။ သူ့အတွေးထဲ ဗလာဖြစ်နေပြီး နေရာမှာတင် ကြက်သေ သေနေမိသည်။

တစ်ချိန်တည်းမှာပင် ရီဝေနေသော မျက်လုံးတစ်စုံက အံ့ဩနေပြီးမှ ကြောက်လန့်လာကာ အလန့်တကြား ဖြစ်လာပြီးနောက် အလွန် စူးရှသော အသံဖြင့် အော်ဟစ်လေတော့သည်။

“အားးးးးးး”

လီမူရွှယ် ပျာယာခတ်လာပြီး မျက်နှာ နီရဲကာ သတိလစ်လုနီးပါး ဖြစ်သွားလေသည်။

ထိုအော်သံက ရဲ့လင်းချန်က အသိ ပြန်ဝင်လာစေ၏။ သူ တုံ့ဆိုင်းမနေဘဲ ချက်ချင်း အောက်သို့ ပြန်ခုန်ချ၍ လျင်မြန်စွာ ထွက်ပြေးလေတော့သည်။

“ငါ့ကို လူမိသွားပြီ၊ ပြေး”

ရဲ့လင်းချန်က ရှောင်ဟွေနှင့် ရှောင်ချင်ကို အချက်ပြလိုက်သည်။ လူတစ်ယောက်နှင့် သူ၏ ဝံပုလွေ နှစ်ကောင်တို့သည် အရိပ်ပင် မမြင်ရအောင် သုတ်ခြေတင် ပြေးကြလေသည်။

“အစ်မ မူရွှယ် ဘာဖြစ်လို့လဲ၊ ကျွန်မ နာအောင် လုပ်မိလို့လား”

ဟွမ်ရှောင်မန်သည် သွေးပျက်နေသော လီမူရွှယ်ကို ကြည့်၍ စိုးရိမ်တကြီး မေးလိုက်သည်။

“ငါ … ငါ ခုနက ရဲ့လင်းချန်ကို မြင်လိုက်တယ်”

လီမူရွှယ် ငိုချလုနီးပါး ဖြစ်နေ၏။

“ဘာ…”

ဟွမ်ရှောင်မန် ထိတ်လန့်သွားသည်။

“ဘယ်မှာလဲ”

လီမူရွှယ်က ပြတင်းပေါက်ကို လက်ညှိုးထိုး၍ ငိုနေသော အသံဖြင့် ပြန်ပြောသည်။

“အဲ့ပြတင်းပေါက်နားမှာ၊ ငါတို့ ဘာလုပ်ကြမလဲ၊ သူ အားလုံးကို မြင်သွားမှာပဲ”

ဟွမ်ရှောင်မန် လှည့်ကြည့်လိုက်သော်လည်း ရဲ့လင်းချန်၏ အရိပ်အယောင်ကို လုံးဝ မမြင်ပေ။ သူမ မယုံသင်္ကာဖြင့် ပြန်မေးလိုက်သည်။

“အဲ့မှာ ဘယ်သူမှ မရှိပါဘူး၊ မှားမြင်မိတာလား”

“အစ်မ မူရွှယ်၊ နင် ထင်ယောင်ထင်မှား ဖြစ်တာနေမှာ၊ ဒါ တောင်စမ်းရေ အိမ်ရာလေ၊ လူနေမှုအဆင့်အတန်း မြင့်တဲ့ အိမ်ရာပါ၊ ဘယ်လိုလုပ် ရဲ့လင်းချန်က ဒီမှာ ရှိနိုင်မှာလဲ၊ ပြီးတော့ ဒီကမ္ဘာကြီးထဲမှာ အဲ့လောက် တိုက်ဆိုင်တာမျိုး ဘယ်လိုလုပ်ပြီး ရှိမှာလဲ”

“ငါ အမြင်မမှားဘူး၊ သူပဲ”

လီမူရွှယ် ခိုင်ခိုင်မာမာ ပြောလိုက်သည်။

“အင်းပါ ကျွန်မ နားလည်ပါပြီ”

ဟွမ်ရှောင်မန် ပြန်ပြောလိုက်သည်။ သူမသည် ဖြစ်နိုင်ချေတစ်ခုကို တွေးမိပြီးနောက် ဒေါသတကြီး ပြောလာသည်။

“ဒါဆိုရင် သူ့ရဲ့ ချမ်းသာတဲ့ သကြားမေမေက ဒီမှာ နေတာပဲ ဖြစ်ရမယ်၊ အရှက်မရှိလိုက်တာ”

“ရှောင်မန် ငါတို့ ကိုယ်လုံးတီး ဖြစ်နေတာကို မြင်သွားတာလေ၊ နင် အဲ့ဒါကို နည်းနည်းလေးမှ နေရမခက်ဘူးလား”

ဟွမ်ရှောင်မန်၏ ဦးနှောက်က အနည်းငယ် မူမမှန်ဟု လီမူရွှယ် အမြဲလိုလို ခံစားမိသည်။

“ဘာဖြစ်လို့လဲ၊ လူတိုင်းက အရေပြားနဲ့ အသားနဲ့ပဲကို၊ လူတစ်ယောက်က ဘယ်လောက်များ မတူနိုင်မှာမို့လို့လဲ၊ ကျွန်မတို့လည်း အရင်တစ်ခါက သူ့ကို အိမ်သာထဲမှာ ချောင်းကြည့်ခဲ့လို့ သူ့ဟာကို မြင်ခဲ့တာပဲလေ၊ အခု ကျေပြီလို့ ပြောလို့ရတာပဲကို”

ဟွမ်ရှောင်မန်က အရေးမစိုက်သလို ပြောလိုက်သည်။

လီမူရွှယ်သည် ဟွမ်ရှောင်မန်အား ငိုင်၍ ကြည့်နေပြီး တစ်ခဏမျှ ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။

“ရှောင်မန် ငါတို့ ဒီလိုလုပ်တာကို ရပ်လိုက်သင့်ပြီ၊ တခြားလူတွေသာ ငါ့ကို မြင်ခဲ့မယ်ဆိုရင် ငါ သေလောက်အောင် ရှက်မိမှာ”

ထိုသို့ပြောပြီး လီမူရွှယ် ပင့်သက်ရှိုက်လိုက်သည်။

“အာ ... အစ်မမူရွှယ် စိတ်မပူပါနဲ့၊ ကျွန်မတို့ နောက်တစ်ခါဆို ပိုသတိထားမယ်လေ၊ လိုက်ကာတွေ ပိတ်ထားတာပေါ့”

တစ်ခဏမျှ ငြိမ်နေပြီးနောက် ဟွမ်ရှောင်မန်က စိတ်ပျက်လက်ပျက် အကြည့်လွှဲ၍ ဆက်ပြောသည်။

“ဒါပေမဲ့ အဲ့ချူဆီက ကျွန်မတို့ကို ချောင်းကြည့်ရဲမှတော့ သူ့ဆီကနေ ဖြေရှင်းချက် သွားတောင်းရမယ်”

...

နောက်တစ်နေ့ ကျောင်းတက်သောအခါ ရှောင်ကမ်းတို့ သုံးယောက်က စိတ်လှုပ်ရှားနေသော အမူအရာဖြင့် အနားသို့ ကပ်လာကြသည်။ ထို့နောက် သူတို့က ရဲ့လင်းချန်ကို ခပ်တိုးတိုး ပြောသည်။

“‌ရှောင်ရဲ့ရေ သတင်းကောင်းပဲဟေ့၊ ငါ ခုနက အားကစားဌာနကနေ ဟဲယွမ်ရဲ့ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ရာထူး ဖယ်ရှားခံလိုက်ရပြီလို့ ကြားလာတယ်၊ အားကစား ကော်မတီအဖွဲ့ဝင်ဆိုတဲ့ အဆင့်လည်း သူ့မှာ မရှိတော့ဘူး၊ မကောင်းတဲ့ကောင်ဆိုတော့ ဝဋ်ပြန်လည်တာပဲ၊ ဝါးဟားဟား ... ငါ တအား ပျော်တယ်”

အာလူးလေးက ပျော်ရွှင်စွာ ပြောလာသည်။

“နောက်ပိုင်း သူ စောက်ရေးမပါတာတွေ ဆက်လုပ်ဦးမလား ကြည့်ရသေးတာပေါ့”

ရှန်းက ဆက်ပြောသည်။

“သူ ငါ့ရှေ့ ပေါ်မလာရင် ပိုကောင်းမယ်၊ မဟုတ်လို့ကတော့ ငါ သူ့ကို တွေ့တိုင်း ဆော်မိမှာ”

“ရှောင်ရဲ့သာ ရှေ့မထွက်ခဲ့ဘူးဆိုရင် အခုလောက်ဆို ငါတို့ကျောင်းရဲ့ သိက္ခာက မြောင်းထဲ ထိုးကျနေလောက်ပြီ၊ အဲ့ဒါကြောင့် ကျောင်းက အာဏာပိုင်တွေ သတိထားမိသွားတာလေ”

ရှောင်ကမ်းက ပြောလာသည်။

ထိုအခိုက်တွင် အားကစား ကော်မတီ အဖွဲ့ဝင် ကောင်းဝမ်က အနားသို့ ရောက်လာသည်။

“ရဲ့လင်းချန် ကျောင်းအုပ်ရှန့် နင့်ကို ခေါ်နေတယ်”

“ကျောင်းအုပ်ရှန့်ကလား”

လူတိုင်း တအံ့တဩ ပြိုင်တူ ရေရွတ်လာ၏။

“ရှောင်ရဲ့ မဟုတ်မှလွဲရော မင်းကို ကျောင်းသား ဥက္ကဋ္ဌလုပ်ဖို့ ဖိတ်ချင်တာလား မသိဘူး”

ရှောင်ကမ်းက ခန့်မှန်းပြောဆိုသည်။

“လခွမ်း သောက်ရမ်း မိုက်မှာကွ၊ ရှောင်ရဲ့ မင်း နောက်တစ်ခါကျရင် ငါတို့သုံးယောက်ကို ကာကွယ်ပေးရမယ်”

အာလူးလေး၏ မျက်လုံးများ အရောင်တောက်လာသည်။

ရဲ့လင်းချန်က မချိတင်ကဲ ပြုံး၍ ခေါင်းခါလိုက်သည်။ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ လုပ်ရန် သူ့တွင် အချိန်မရှိပါ။

ကောင်းဝမ်၏ အနောက်မှနေ၍ သူ ကျောင်းအုပ်ရုံးခန်းသို့ လိုက်လာသည်။ သူ အထဲဝင်လိုက်သည်နှင့် ကျောင်းအုပ်ရှန့်က စားပွဲရှေ့၌ ထိုင်နေပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကို သူ မြင်ဖူးပါသည်။ ကျောင်းချင်း ဘတ်စကက်ဘော ပြိုင်ပွဲတုန်းက သူသည် ကျောင်းအုပ်ဘေး၌ ထိုင်နေခဲ့သူ ဖြစ်ပြီး သူ့အဆင့်အတန်းက အလွန် မြင့်မှန်း သိသာလှသည်။

နှစ်ယောက်လုံးက ရဲ့လင်းချန်ကို မြင်သောအခါ ပြုံးလာကြသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက ရှေ့သို့ လှမ်းလာပြီး လက်ကိုဆန့်၍ အရင် စကားစသည်။

“ဟဲလို ကျောင်းသားရဲ့ ငါက မြို့တော် ဘတ်စကက်ဘော လေ့ကျင့်ရေး အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌပါ၊ ငါ့မျိုးရိုးနာမည်က ကျန်း”

“ဥက္ကဋ္ဌကျန်း တွေ့ရတာ ဝမ်းသာပါတယ်”

ရဲ့လင်းချန်သည်လည်း လက်ပြန်ဆန့်၍ ဥက္ကဋ္ဌကျန်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

“ဘတ်စကက်ဘော ပြိုင်ပွဲတုန်းက ငါလည်း ရှိနေခဲ့တယ်၊ ကျောင်းသားရဲ့ရဲ့ စွမ်းဆောင်ရည်က အံ့ဩစရာပါပဲ၊ မင်းရဲ့အဆင့်က သာမန် ပရော်ဖက်ရှင်နယ် အားကစားသမားတစ်ယောက်ထက် သာတယ်၊ ငါတို့ ဘတ်စကက်ဘော အဖွဲ့အစည်းထဲ မင်း ဝင်ချင်သလား”

ဥက္ကဋ္ဌကျန်းက လိုရင်းကိုသာ တန်းမေးလိုက်သည်။

“ဘတ်စကက်ဘော အဖွဲ့အစည်းထဲ ဝင်ဖို့လား”

ရဲ့လင်းချန်လည်း အံ့ဩသွားရသည်။

“ဘတ်စကက်ဘော အဖွဲ့အစည်းက ဘာလုပ်ရသလဲ အတိအကျ ပြောပြပေးလို့ ရမလား”

“အာ … ငါ လောသွားလို့ စိတ်မရှိပါနဲ့”

ဥက္ကဋ္ဌကျန်းက ဆက်ပြောလိုက်သည်။

“ဘတ်စကက်ဘော အဖွဲ့အစည်းက ပရော်ဖက်ရှင်နယ် ဘတ်စကက်ဘော ကစားသမားတွေကို လေ့ကျင့်ပေးတဲ့ နေရာပဲ၊ မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်းက နိုင်ငံအနှံ့က ငယ်ရွယ်ထူးချွန်တဲ့ ဘတ်စကက်ဘော ကစားသမားတွေကို ရွေးချယ်တယ်၊ သေချာ လေ့ကျင့်ပေးပြီးရင် ပြည်ပထွက်ပြီး နိုင်ငံခြား အသင်းတွေနဲ့ ယှဉ်ပြိုင်ရတယ်”

ခဏရပ်လိုက်ပြီးနောက် သူ ဆက်ပြောလေသည်။

“ကျောင်းသားရဲ့ မင်း DBA နဲ့ MBA တို့ကိုတော့ ကြားဖူးလောက်မှာပါ၊ အခု ဘတ်စကက်ဘောက နာမည်ကြီး အားကစားတစ်ခု ဖြစ်နေပြီ၊ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် အနာဂတ် ဘတ်စကက်ဘော ကြယ်ပွင့် ဖြစ်လာမှာ၊ မင်း ငါတို့ အဖွဲ့အစည်းထဲ ဝင်မယ်ဆိုရင် နှစ်စဉ် ထောက်ပံ့ကြေး ယွမ်လေးသိန်း ရမယ်၊ အစားအသောက်တိုင်းကို အာဟာရ စနစ်အမြင့်ဆုံးတွေ ပါဝင်တဲ့ ဟင်းတွေနဲ့ပဲ ကျွေးမှာ၊ ငါတို့ မင်းကို အာမခံ ငါးခုနဲ့ အိမ်တစ်လုံး ပေးမယ်၊ မင်း အနားယူသွားမယ်ဆိုရင်တောင်မှ မင်းဘဝရဲ့ အခြေခံ လိုအပ်ချက်တွေ ရဦးမှာ”

သူဘေးမှ ကျောင်းအုပ်ရှန့်ကလည်း ဝင်ပြောသည်။

“ကျောင်းသားရဲ့ မင်းက ပီကင်းတက္ကသိုလ်ရဲ့ ဂုဏ်ဆောင်သူလည်း ဖြစ်လာမှာလေ၊ ကျောင်းက မင်းကို ကူညီမှာပါ”

ကျော်ကြားမှုနှင့် ကံကောင်းမှု။

ဥက္ကဋ္ဌကျန်းနှင့် ကျောင်းအုပ်ရှန့်တို့ ပြင်ဆင်ထားပြီးမှ ခေါ်ခြင်းဖြစ်ကြောင်း သိသာလှသည်။

လူ ဘယ်လောက်များက အထူးသဖြင့် ငယ်ရွယ်တက်ကြွသော လူငယ်များက ဤသို့သော သွေးဆောင်မှုမျိုးကို တောင့်ခံနိုင်ပါမည်း။

ထို့အပြင် ကျော်ကြားမှုနှင့် ကံကောင်းမှုအပြင် မကြောင့်မကျ နေရသော နေထိုင်မှုကလည်း ဒွန်တွဲ ပါဝင်နေ သေးသည်။

ဘတ်စကက်ဘော ကစားသမားတိုင်းက ထောင်ချီသော လူများထဲမှ ရွေးချယ်ထားခြင်း ဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်အား နိုင်ငံ့အားကစားအတွက် ပေးဆပ်ထားပြီး ခက်ခဲသော လေ့ကျင့်ရေးများကို ဖြတ်ကျော်ရသည်။ ဤသို့သော အလေးပေးမှုမျိုး ရရှိသည်က အံ့ဩစရာ မဟုတ်ပေ။

သူတို့နှစ်ယောက် တွေ့နေရသည့် လူငယ်လေးက ရဲ့လင်းချန် ဖြစ်နေသည်ကတော့ စိတ်မကောင်းစရာပင်။

“ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကျန်း၊ ကျွန်တော် ကမ်းလှမ်းမှုကို လေးစားပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ပန်းတိုင်က တစ်ခြားအရာ ဖြစ်နေလို့ပါ၊ ကျွန်တော် စိတ်မကောင်းပါဘူး”

ဥက္ကဋ္ဌကျန်းနှင့် ကျောင်းအုပ်ရှန့်တို့ မှင်တက်သွားသည်။ ရဲ့လင်းချန်က ပြတ်ပြတ်သားသား ငြင်းဆန်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပါ။ သူတို့ တစ်ဒင်္ဂမျှ ငိုင်တွေသွားလေသည်။

ဥက္ကဋ္ဌကျန်းက ရဲ့လင်းချန်ကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ပြီးမှ မေးလိုက်သည်။

“ကျောင်းသားရဲ့ မင်း ငါ့ကို အကြောင်းပြချက်လေး ပြောပြလို့ရမလား”

“ကျွန်တော် လေ့ကျင့်ရေးမှာ ပါဝင်ဖို့ အချိန်မရှိလို့ပါ”

ရဲ့လင်းချန် တုံးတိတိ ပြန်ဖြေလေ၏။

ကျော်ကြားမှုက သူ့ကို ဆွဲဆောင်နိုင်သော်လည်း ထိုမျှလောက် ပိုက်ဆံလေးအတွက်နှင့် ရဲ့လင်းချန် အထင်မကြီးပါ။ ဘောလုံးအပြင် ဘတ်စကက်ဘောသည် ပရိသတ်များသော အားကစားတစ်ခု ဖြစ်သည်။ ရဲ့လင်းချန်သည် ထူးချွန်သော ကစားသမား ဖြစ်လာပါက ထိုကျော်ကြားမှုက စူပါစတား တစ်ယောက်နှင့် တူညီသည်။ လူအများက သူ့ကို အရူးအမူး သဘောကျလာပြီး သူ၏ ရေပန်းစားမှုက ထိုးတက်လာပေမည်။

သို့သော် သူ လေ့ကျင့်ရေးကို ပုံမှန်ဝင်လေ့ကျင့်ရမည်ဆိုပါက သူ တွေဝေခြင်းမရှိ ငြင်းရမှာပင်။

“ကျွန်တော့်ကို အဖွဲ့အစည်းထဲ ဝင်စေချင်ရင် ရပါတယ်၊ ဒါပေမဲ့ ကျွန်တော် လေ့ကျင့်ရေးကို အချိန်တိုင်း လာတက်နေမှာ မဟုတ်ဘူး၊ ကျွန်တော် ပြိုင်ပွဲရှိတဲ့အချိန်မှပဲ ကစားနိုင်မှာပါ”

All Chapters