← Chapters

ပိတ်ပင်ခံရခြင်း

Vol. 10 Ch. 146

ပိတ်ပင်ခံရခြင်း

Vol. 10 Ch. 146

ရဲ့လင်းချန်၏ စကားက ကျောင်းအုပ်ရှန့်နှင့် ဥက္ကဋ္ဌကျန်းတို့အား ထိတ်လန့်သွားစေသည်။

*သူ မောက်မာတာလား၊ သွေးနားထင်ရောက်နေတာလား ဒါမှမဟုတ် ယုံကြည်မှု လွန်ကဲနေတာလား*

ဘတ်စကက်ဘောသည် ဘောလုံး အားကစားတစ်ခု ဖြစ်ပြီး တစ်ကိုယ်တော် အရည်အချင်းအပြင် အသင်း အဖွဲ့လိုက် လုပ်ဆောင်တတ်သည့် စွမ်းရည်လည်း လိုအပ်သည်။ ထို့ကြောင့် ပုံမှန် လေ့ကျင့်ရေးက မရှိမဖြစ် လိုအပ်သည်။ အားကစားတစ်ယောက်အနေဖြင့် ပြီးပြည့်စုံသော ခန္ဓာကိုယ်အား ထိန်းသိမ်းရန် လိုအပ်ပေ၏။ အားကစားသမား တစ်ယောက်၏ လေ့ကျင့်ရေးနှင့် စားသောက်ပုံကို ပြင်းပြင်းထန်ထန် ထိန်းချုပ်မှရသည်။

သို့သော် ရဲ့လင်းချန်က ဘတ်စကက်ဘော အဖွဲ့အစည်း၏ မည်သည့် လှုပ်ရှားမှုတွင်မှ ပါဝင်ရန် စိတ်မကူးဘဲ ပြိုင်ပွဲများ၌ ဝင်ပြိုင်ရန်သာ စိတ်ဝင်စားနေ၏။

ဤသည်ကို ဘတ်စကက်ဘော အဖွဲ့အစည်းထဲ ဝင်သည်ဟုပင် သတ်မှတ်၍ ရပါနိုင်မည်လော။

ဥက္ကဋ္ဌကျန်း ပါးစပ်အဟောင်းသား ဖြစ်ကာ တစ်ခဏမျှ ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။

“ရဲ့လင်းချန် မင်းက သိပ်ကို ထူးချွန်ပါတယ်၊ လူငယ်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာက ကောင်းတဲ့အချက်ပဲ၊ ဒါပေမဲ့ ယုံကြည်မှု လွန်ကဲလို့ မရဘူး၊ မင်းမှာ အချိန်မရှိဘူးဆိုရင် တစ်ပတ်ကို နည်းနည်းလောက် လေ့ကျင့်ရေး လာဆင်းရင် အဆင်ပြေတယ်၊ မင်းရဲ့ အသင်းသားတွေနဲ့ ရင်းနှီးမှု တည်ဆောက် သင့်တယ်”

ကျောင်းအုပ်ရှန့်က နှစ်ဖက်လုံးအတွက် ညှိနှိုင်းပေးသည်။

“ကျောင်းအုပ်ရှန့်နဲ့ ကျောင်းအုပ်ကျန်း၊ ကျွန်တော့်မှာ တကယ် အချိန်မရှိတာပါ၊ ကျွန်တော် အားတဲ့အချိန်ကျရင် ဘတ်စကက်ဘော အဖွဲ့အစည်းကို သွားလို့ရပါတယ်၊ ဒါပေမဲ့ ကျွန်တော့် လွတ်လပ်မှုကို ကန့်သတ်ထားလို့ မဖြစ်ဘူး၊ ဒါကို သဘောတူလို့ မရဘူးဆိုရင် ကျွန်‌တော် ဝင်ဖို့ မဖြစ်နိုင်ပါဘူး”

ရဲ့လင်းချန်‌ ခေါင်းခါလိုက်သည်။ သူ့အမူအရာက အစမှ အဆုံးထိတိုင် တုံတိဘာတွေ အမူအရာမျိုး ဖြစ်နေပြီး လေသံက အလွန် ခိုင်မာ ပြတ်သားနေ၏။

“မင်းရဲ့ အရည်အချင်းက သိပ်ကောင်းတယ်၊ ကျောင်းချင်း ဘတ်စကက်ဘော ပြိုင်ပွဲမှာ မင်း တစ်သင်းလုံးကို ဆွဲခေါ်လုနီးပါး ဖြစ်ခဲ့တာ၊ ဒါပေမဲ့ ဒါက ကျောင်းချင်း ယှဉ်ပြိုင်မှုလေး တစ်ခုပဲ၊ ငါတို့ အဖွဲ့အစည်းက တစ်ကမ္ဘာလုံးနဲ့ ယှဉ်ပြိုင်ရမှာ”

ဥက္ကဋ္ဌကျန်း၏အသံက လေးနက်တည်ငြိမ်နေသည်။

“တရုတ်နိုင်ငံရဲ့ ဘတ်စကက်ဘောက အဆင့် ဘယ်လောက် သတ်မှတ်ခံရလဲ သိလား၊ အောက်ကနေ ရေကြည့်မှ ရတာကွ၊ ဥရောပတိုက်နဲ့ အမေရိကတိုက်က နိုင်ငံတွေကို မပြောနဲ့၊ ငါတို့က ဂျပန်နိုင်ငံလောက်တောင် မတော်ဘူးကွ”

“လေ့ကျင့်ရေးကိုတောင် ကျော်ချင်တဲ့ မင်းရဲ့ ယုံကြည်မှုက ဘယ်ကနေ ရောက်လာတာလဲ၊ တခြားနိုင်ငံတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်ကျရင် မင်း နိုင်မယ်လို့ ထင်နေတာလား”

“ကျွန်တော် နိုင်နိုင်တယ်လို့ ဥက္ကဋ္ဌကျန်း မယုံရင် ဘာလို့ ကျွန်တော့်ဆီ လာတာလဲ”

ရဲ့လင်းချန်က ဥက္ကဋ္ဌကျန်းကိုသာ စိုက်ကြည့်နေသည်။ သူ၏ စူးရဲရဲ အကြည့်ကြောင့် ဥက္ကဋ္ဌကျန်း မျက်လုံး စပ်ဖျဉ်းဖျဉ်း ဖြစ်သလို ခံစားလိုက်ရသည်။

“ကျွန်တော် နိုင်နိုင်တယ်လို့ အာမခံတယ်ဆိုရင် ကျွန်တော့်ကို ယုံမှာလား”

တိတ်ဆိတ်သွားသည်။

ဥက္ကဋ္ဌကျန်းနှင့် ကျောင်းအုပ်ရှန့်တို့ နှစ်ယောက်လုံးသည် ရဲ့လင်းချန်၏ ခန္ဓာကိုယ်မှ ပျံ့လွင့်နေသော အရှိန်အဝါကို ခံစားမိနေသည်။ ၎င်းက အရာအားလုံးကို ထိုးဖောက်နိုင်စွမ်း ရှိသည့် စူးရှသော အလင်းတန်းတစ်ခုနှင့် တူပုံရသည်။

“မင်းရဲ့ ကမ်းလှမ်းမှုကို ငါ စဉ်းစားဦးမယ်၊ မင်းလည်း ပြန်စဉ်းစားမယ်လို့ မျှော်လင့်ပါတယ်”

နောက်ဆုံးတွင် ဥက္ကဋ္ဌကျန်း အလျော့ပေးလာသည်။ သူသည် ရဲ့လင်းချန်ကို ကြည့်ပြီး သက်ပြင်းချလေသည်။

“ငါ မင်းကို ထပ်လာဦးမှာပါ”

ရဲ့လင်းချန်၏ အရည်အချင်းက ကောင်းလွန်းနေသဖြင့် သူ သည်အတိုင်း လက်မလျော့နိုင်ပေ။

ကျောင်းအုပ်ရုံးခန်းထဲမှ ထွက်လာသည့်အချိန်တွင် ရဲ့လင်းချန်၏ ဖုန်းက မြည်လာသည်။ ဖုန်းခေါ်သူက စုန့်ချမ်ပင်။

သည်အချိန် ဖုန်းခေါ်ပုံထောက်လျင် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်နေပုံရသည်။

“ဟဲလို ဒါရိုက်တာစုန့်”

“ဝိုင်နတ်ဘုရား ငါ သတင်းဆိုး ပြောရဦးမယ်၊ မင်းကိုယ်မင်း ပြင်ဆင်ထားဖို့ မျှော်လင့်ထားပါတယ်”

ဖုန်းထဲမှ စုန့်ချမ်၏ အသံက လေးနက်နေပြီး သူ စိတ်အခြေအနေ မကောင်းမှန်း သိသာလှသည်။

“ပြောပါ”

“ငါတို့ အထက်ကနေ ညွှန်ကြားချက် ရလာတယ်”

စုန့်ချမ် စက္ကန့်ပိုင်းမျှ ရပ်လိုက်ပြီးနောက် ကြိုးစား၍ စကားကို ဆုံးအောင် ပြောလေသည်။

“အဲ့ဒါက မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ဖို့ ပြောတဲ့ ညွှန်ကြားချက်ပဲ”

“အထက်က ဟုတ်လား၊ ရုပ်မြင်သံကြား အစိုးရဌာနကလား”

ရဲ့လင်းချန်၏ အသံက ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်နေ၏။

“အင်း … သူတို့က ပိတ်စေချင်တာဆိုလည်း ပိတ်ပါစေ”

“ဝိုင်နတ်ဘုရား မင်း ဒေါသမထွက်ဘူးလား”

စုန့်ချမ် အံ့ဩသွားသည်။

အမှန်အတိုင်း ပြောရမည်ဆိုလျင် ထိုသတင်းရပြီးနောက် သူ ဒေါသထွက်သည်ထက်ပင် ပိုသေးသည်။ သူ ဒေါသဖြေရန် တစ်စုံတစ်ယောက်ကို ရှာမည်ဟုပင် တွေးမိခဲ့သည်။

“ဒါ ပုံမှန်ပဲလေ၊ ဆန်းကြယ်သော လူသတ်မှုဆယ်ခုထဲက ရာဇဝတ်မှုတွေက သွေးထွက်သံယိုများပြီး ကြမ်းကြုတ်တယ်၊ တစ်ချို့ ရာဇဝတ်မှုတွေက အများပြည်သူအတွက် မသင့်တော်ဘူးလေ၊ ရုပ်မြင်သံကြား အစိုးရဌာက ထုတ်လျွင့်တာကို ပိတ်ပင်ခွင့် ရှိတာပဲ”

ရဲ့လင်းချန်က ဘာမှမဖြစ်ဟန်ဖြင့် ဆက်ပြောလေသည်။

“နိုင်ငံ့ အမိန့်ကို ကျွန်တော်တို့ နာခံသင့်တာပေါ့၊ ကျွန်တော့် အကောင့်ကို ပိတ်ပင်တာထက်စာရင် တိုက်ရိုက် ထုတ်လွှင့်မှုကိုပဲ ပိတ်ပင်လိုက်လို့ တော်သေးတယ်”

လက်တလော ဝိုင်ဟူသော နာမည်များ ရေပန်းစားနေမှုအပြင် ဆန်းကြယ်သော လူသတ်မှုဆယ်ခုက အတော်လေး မကောင်းသော သက်ရောက်မှုများ ယူဆောင်လာနိုင်သည်မှာ အသေအချာပင်။

“ဒါ … ဒါက …”

ရဲ့လင်းချန်၏ စဉ်းစားချင့်ချိန်နိုင်စွမ်းကို စုန့်ချမ် အံ့ဩမိသည်။ တိုက်ရိုက် ထုတ်လွှင့်မှုကို ပိတ်ပင်လိုက်ခြင်းက တင်ဆက်သူ၏ ရေပန်းစားမှုနှင့် ဝင်ငွေကို အတော်လေး ဆုံးရှုံးစေသည်။ အခြားသူများသာဆိုလျင် ယခုအခြေအနေကို လက်မခံနိုင် ဖြစ်နေပြီး ဆဲဆိုနေလောက်သည်။ သို့ရာတွင် ရဲ့လင်းချန်က အလွန် တည်ငြိမ် လှသည်။

*ရဲ့လင်းချန်က အောင်မြင်ထိုက်တာပဲ*

စုန့်ချမ် အရှက်ရသလို ခံစားလိုက်ရသည်။

“ဝိုင်နတ်ဘုရား ငါ အစွမ်းကုန် ကြိုးစားပြီး မင်းကို ကူညီပေးပါ့မယ်၊ ဒါပေမဲ့ မင်း ပြင်ဆင်မှုတွေ လုပ်ထားပါ၊ ဖြစ်နိုင်ရင် ပိုကောင်းတဲ့ လက်ရာနဲ့တွေနဲ့ ပြန်လာစေချင်တယ်”

စုန့်ချမ်က ရဲ့လင်းချန်ကို ထိုသို့ထပ်ပြောပြီး ဖုန်းချလိုက်သည်။

*အပိတ်ခံလိုက်ရတာ ကောင်းပါတယ်၊ ခဏလောက် နားလို့ရတာပေါ့*

ရဲ့လင်းချန် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

သို့သော် သူသည် သတိရှိသူ ဖြစ်သည်။ သူ ဖုန်းထဲမှနေ၍ တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်ထဲသို့ ဝင်ပြီး ယခင်ကတည်းက သူ ရထားသော ပိုက်ဆံအားလုံးကို ထုတ်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပင်လိုက်သဖြင့် ပိုက်ဆံကိုပါ ပိတ်လိုက်မလား သူ မသိနိုင်ပါ။

စုစုပေါင်း ယွမ် ၅၁၃,၈၆၅.၀၄ ဖြစ်သည်။

နှစ်လမပြည့်ခင်အတွင်း သူ ဤမျှ ရသည်ကိုက အတော်လေး အံ့ဩစရာ ကောင်းနေပြီ ဖြစ်သည်။ ရဲ့လင်းချန်သည် နေ့တိုင်း အချိန် အနည်းငယ်မျှသာ ထုတ်လွှင့်ပြီး အနားယူထားသည်က များသည်။ ထိုသို့မဟုတ်ပါက သူ ယခုထက် ပိုရပေလိမ့်မည်။

သူသည် ဟူယွီ၏ ချမ်းသာကြွယ်ဝမှုကို ယူဆောင်ပေးလာသူ ဖြစ်သည်။

သို့သော် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းနှင့် ဆန်းကြယ်သော ရာဇဝတ်မှုတို့၏ တန်ဖိုးအရဆိုလျင် ယွမ်ငါးသိန်းလောက်က များသည်ဟု မဆိုနိုင်ပါ။

စုန့်ချမ် ဖုန်းချလိုက်ပြီးနောက် သူ့ထံ ဝန်ထမ်းတစ်ယောက်က ပြေးလာပြီး အသည်းအသန် ပြောလေသည်။

“ဒါရိုက်တာစုန့်၊ စီအီးအိုဝမ်က အခု အစည်းအဝေးခန်းကို လာခဲ့ဖို့ ပြောလိုက်ပါတယ်”

စုန့်ချမ် ခေါင်းညိတ်လိုက်ပြီး အစည်းအဝေး၌ ပြောနိုင်သည့် အကြောင်းအရာများကို ခန့်မှန်းမိသဖြင့် အစည်းအဝေးခန်းသို့ သူ ခပ်သုတ်သုတ် သွားလိုက်သည်။

အစည်းအဝေးခန်း၌ ဟူယွီ၏ ရာထူးကြီး အဖွဲ့ဝင်များအားလုံး ရောက်နေသည်။ ဝမ်ယွမ်၊ ကျိုးမင်နှင့် စစ်ယွီ တို့လည်း ရှိနေသည်။

စုန့်ချမ် ရောက်လာသောအခါမှ ဝမ်ယွမ်က စကားပြောလာသည်။

“ဝိုင်နတ်ဘုရားရဲ့ ထုတ်လွှင့်မှု ပိတ်ပင်ခံလိုက်ရတာကို အားလုံး သိပြီးဖြစ်မှာပါ၊ ဒါကို မင်းတို့‌ရော ဘယ်လိုထင်လဲ”

“စီအီးအိုဝမ် အခုအချိန်က ကျွန်တော်တို့ ဝိုင်နတ်ဘုရားကို ပိုထောက်ပံ့ပေးသင့်တယ်လို့ ကျွန်တော် ထင်တယ်၊ ကျွန်တော်တို့ သူ့ကို ဆက်ပြီး ကြော်ငြာပေးနေရင် သူ ဝမ်းသာသွားမှာပဲ”

စုန့်ချမ်က ချက်ချင်း ပြောလိုက်ပြီး‌ောနက် ဆက်ပြောလေသည်။

“ကျွန်တော်တို့ ဒီလို ပိတ်ပင်တာကို ချန်နယ် မဟုတ်ဘဲ ဆန်းကြယ်သော လူသတ်မှု ဆယ်ခုကိုပဲ ပိတ်ပင်တာမျိုး ဖြစ်အောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ”

“ဟေ့ ဟေ့ ရှင် ရူးနေလား စုန့်ချမ်”

ကျိုးမင်က လှောင်ရယ်လေသည်။

“ရှင်က ဝိုင်နတ်ဘုရားကို ဆက်ပြီး ကြော်ငြာပေးချင်နေတာလား၊ သူ့ကို ဘာလို့ ကျွန်မတို့ ကြော်ငြာပေးရမှာလဲ၊ သူ့မှာ ဘာဂုဏ်ယူစရာ ရှိလို့ ကျွန်မတို့က သူ့ကို မျက်နှာလိုမျက်နှာရ လုပ်ရမှာလဲ”

“ပိတ်ပင်တာကို ဖျက်ဖို့ ကြိုးစားတာက ပိုပြီး ရယ်ချင်စရာ ကောင်းနေပြီ၊ အဲ့ဒါအတွက် ကျွန်မတို့ ဘယ်လောက် ကုန်ကျမလဲ ရှင် သိလား”

“စီအီးအိုဝမ် အရည်အချင်းက အရေးအကြီးဆုံးပါ၊ ဝိုင်နတ်ဘုရားရဲ့ အလားအလာက ဒါကို အသာလေး တောင့်ခံ နိုင်ပါတယ်”

စုန့်ချမ်က ဆက်၍ ဖျောင်းဖျလေသည်။

“စုန့်ချမ် မင်း ပြောတာကို ငါ သဘောမတူဘူး”

ကတုံးနှင့်လူတစ်ယောက်က ဝင်ပြောသည်။

“ဝိုင်နတ်ဘုရားက ငါတို့ စတူဒီယိုမှာ တိုက်ရိုက် ထုတ်လွှင့်မှုလုပ်တာ နှစ်လလောက်ပဲ ရှိသေးတယ်၊ ငါတို့ သူတို့ကို ငါတို့လူတစ်ယောက်အဖြစ် မသတ်မှတ်နိုင်ဘူး၊ ငါတို့ သူ့အတွက် ငွေကုန်ကြေးကျ ခံမနေသင့်ဘူး”

“ငါလည်း အဲ့လိုပဲ ထင်တယ်”

အခြား စီနီယာ အဖွဲ့ဝင်တစ်ဦးကလည်း ဝင်ပြောလေသည်။

“ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းနဲ့ သေစေနိုင်သော ရာဇဝတ်မှုဆယ်ခုကို ဖန်တီးနိုင်တဲ့ သူ့အရည်အချင်းအရ ဝိုင်နတ်ဘုရားက တကယ်ကို တော်ပါတယ်၊ ဒါပေမဲ့ ဒီလိုလက်ရာမျိုးက တော်တော် များတယ်၊ ခဏခဏ မှီငြမ်းဖို့ လိုတယ်၊ ဝိုင်နတ်ဘုရားရဲ့ နောက်ထပ် ဖန်တီးမှုကရော ပေါက်မယ်ထင်လား၊ ငါတို့ လောင်းကြေး မထပ်နိုင်ဘူး”

“ဒါပေမဲ့ …”

“ထားတော့၊ တော်လောက်ပြီ”

စီအီးအိုဝမ်က ချက်ချင်း ကြားဖြတ်ပြော၏။

“ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းရဲ့ မူပိုင်ခွင့် တစ်ဝက်က ငါတို့လက်ထဲမှာပဲ၊ ငါတို့မှာ လုပ်ပိုင်ခွင့် ရှိတယ်၊ ဝိုင်နတ်ဘုရားရဲ့ ထုတ်လွှင့်မှုက ပိတ်ပင်ခံလိုက်ရပြီဆိုတော့ သူက လုံးဝ တန်ဖိုးမရှိတော့ဘူး၊ ဒီကိစ္စကို နောက်ထပ် ဆွေးနွေးဖို့ မလိုဘူး”

…

All Chapters