← Chapters

ခွေးတိုက်ပွဲပြိုင်ကွင်း

Vol. 10 Ch. 148

ခွေးတိုက်ပွဲပြိုင်ကွင်း

Vol. 10 Ch. 148

ဈေးရုံထဲတွင် အမျိုးသားများနှင့် အမျိုးသမီးများစွာ စုဝေးနေ၏။ သူတို့၏ ဆံပင်ပုံစံများက ဟွမ်ရှောင်မန်နှင့် ဆင်တူပြီး အရောင်မျိုးစုံ ဆိုးထားကြသည်။ သူတို့အားလုံးက လူမိုက်ပုံစံ ဝတ်စားထားကြပြီး စိတ်ကြီးသော ပုံစံပေါ်ကာ မောက်မာကြမည့်ပုံပင်။

ဤနေရာက ဆိုးသွမ်းသော နေရာဖြစ်ကြောင်း ပြောနေစရာပင် မလိုတော့ပါ။

လီမူရွှယ် အနည်းငယ် စိုးရိမ်သွားသည်။ သူမက ဟွမ်ရှောင်မန်ကို တစ်ဖက်သို့ဆွဲ၍ ချိုချိုသာသာ မေးလေသည်။

“ရှောင်မန် ဒီနေရာက ဘာကြီးလဲ၊ ငါတို့ ဒီကို ဘာလာလုပ်ကြတာလဲ”

“ဪ မစိုးရိမ်နဲ့ အစ်မမူရွှယ်၊ ငါ ဒီနေရာကို အရင်က ခဏခဏ ရောက်ဖူးတယ်၊ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတာ”

ဟွမ်ရှောင်မန်က ပြောပြသည်။

“ငါတို့မှာ သက်တော်စောင့်အဖြစ် ရဲ့လင်းချန်လည်း ရှိနေတာပဲကို၊ အဆင်ပြေပါတယ်၊ သူက တအားသန်မာတယ်”

ထို့နောက် သူမက ရဲ့လင်းချန်ကို အထက်စီးဆန်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“ဟဲ့ နင် ငါတို့ကို ကာကွယ်ရမှာနော်၊ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် နင့်လို သန်မာတဲ့ ယောက်ျားသားက အားနွဲ့တဲ့ မိန်းမသားဖြစ်တဲ့ ငါတို့ကို ကာကွယ်ရမယ်၊ နားလည်လား”

ရဲ့လင်းချန် ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်သည်။

သုံးယောက်သား တောင်တက်လမ်းအတိုင်း လျှောက်လာကြသည်။

သူတို့ တဖြည်းဖြည်း နီးလာလေ သတ်ဖြတ်လိုသည့် အငွေ့အသက်တစ်ခုက စနီးကပ်လာသည်။ လူတစ်ယောက်အဖို့ ၎င်းအရှိန်အဝါအား မဖြုံရန် မဖြစ်နိုင်ပါ။ အထဲမှ ငြင်းခုန်သံများနှင့် ညစ်ကျယ်ကျယ် ရယ်သံများကဲ့သို့သော ဆူညံသံများကို ခပ်သဲ့သဲ့ ကြားနေရသည်။  ပတ်ဝန်းကျင်က ဗြုတ်စဗျင်းတောင်း နိုင်ပြီး ပရမ်းပတာ နိုင်လှည်။

သူတို့ အထဲ ဝင်လိုက်သည်နှင့် မြင်ကွင်းက ပြောင်းလဲသွားနိုင်သည်။

အသံများက ဆူညံပွက်လောရိုက်နေပြီး လူမျိုးစုံ ရှိနေသည်။ သို့သော် အများစုမှာ သန်မာသော ယောက်ျားသားများ ဖြစ်သည်။ သူတို့ အများစုတွင် ခက်ထန်သော မျက်နှာများ ရှိပြီး မျက်လုံးများက ဝံပုလွေများလိုပင်။ ထို့အပြင် လှပစွာ ဝတ်စားထားသည့် ရှိုက်ဖိုကြီးငယ် အသွယ်သွယ် ပြည့်စုံသော အမျိုးသမီးများလည်း ရှိသည်။ သူတို့သည် ခန္ဓာကိုယ် တစ်ဝက်ကိုသာ ဖုံးထားသည့် ပါးလျသော အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူတို့သည် ကလူမြူဆွယ်စွာ ရယ်မောပြီး လူတိုင်းကို မျက်စိမှိတ်ပြကြသည်။

ဤနေရာသည် သာမန်မြို့ပြလောကနှင့် တစ်ခြားစီပင်။ သူတို့သည် သားရဲဆန်၍ ပရမ်းပတာဆန်မှုတို့ဖြင့် ပြည့်နေသော အခြားကမ္ဘာထဲသို့ ဝင်လာခဲ့သည်ဟု ထင်မှတ်ရသည်။

ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်သွားသည်။ ဤနေရာက သူ ထင်ထားသည်ထက်ပင် ပို၍ ရှုပ်ထွေးနေသည်။ သူ တစ်ချက်ကြည့်လိုက်ပြီးနောက် ခန်းမက ကြီးမားသည်ကို သတိထားမိသွားသည်။ ဟွာချင် တက္ကသိုလ်၏ အားကစားရုံထက်ပင် ပိုကြီးသေးသည်။ သို့သော် ဒုတိယထပ်က ဆူညံနေသော ပထမထပ် ထက်စာလျင် ပို၍ သန့်ရှင်းပုံပေါ်သည်။

ခန်းမက စက်ဝိုင်းပုံစံဖြစ်ပြီး ဒုတိယထပ်မှာမူ ဘေးပတ်လည် ကာရံထားသည့် ပလက်ဖောင်းပုံစံ ဖြစ်သည်။ ထိုအထပ်၌ ထိုင်နေသူများက ချမ်းသာကြွယ်ဝသူများ ဖြစ်ကြောင်း သိသာလှသည်။ အချို့သည် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး သက်တော်စောင့်များ ခြံရံလျက် ရှိကာ အောင်မြင်သောသူတစ်ယောက်၏ အရှိန်အဝါမျိုး ဖော်ထုတ်နေကြသည်။ အချို့က မဆိုသလောက် ဝပြီး အဆီပိတ်နေသော မျက်နှာများရှိကာ သူဌေးကြီး တစ်ယောက်သဖွယ် ဝတ်စားထားကြသည်။ ကျန်လူများမှာမူ ဆံပင်များ ဖြူနေသော အဘိုးကြီးများ ဖြစ်သော်လည်း တက်ကြွသန်မာနေသေးပုံ ပေါ်၏။

ခန်းမအလယ်တွင် ကြီးမားသော နေရာလပ်တစ်ခု ရှိပြီး ထိုနေရာတွင် ကြီးမားသော သံလှောင်အိမ်ကြီးတစ်ခု ရှိလေသည်။

သံလှောင်အိမ်ကို အလုံပိတ်ထားသဖြင့် အထဲမှာ ဘာရှိသလဲ မသိနိုင်ပါ။

*တော်တော် ငွေသုံးထားတာပဲ*

တစ်စုံတစ်ယောက်က ဖုလုံတောင်ကို လိုဏ်ခေါင်းဖောက်၍ ဤသို့သော လျှို့ဝှက်နေရာကို တည်ဆောက်ခဲ့သည်။ အခြေအနေကို ကြည့်ခြင်းဖြင့် အထဲ၌ လောင်းကစားတစ်မျိုး ပြုလုပ်နေသည်ဟု ခန့်မှန်းမိသည်။

ရဲ့လင်းချန် တစ်ကိုယ်တည်း သက်ပြင်းချမိသည်။ လူပေါင်းများစွာက ဖော်ပြရခက်သော အကြည့်များဖြင့် ကြည့်နေကြသည်။

သူတို့သည် ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး နှစ်ယောက်ပါသော အဖွဲ့ဖြစ်သည်။ ထို့အပြင် လီမူရွှယ်၏ အလှက အလွန် ဖမ်းစားနိုင်နေပြီး ဟွမ်ရှောင်မန်၏ တောင်နှစ်လုံးကလည်း အထင်ကြီးစရာပင်။

“ဟေ့ မင်းတို့သုံးယောက် ခွေးတိုက်ပွဲ ပြိုင်ကွင်းကို ပထမဆုံး ရောက်ဖူးတာလား၊ ငါ မင်းတို့ကို လိုက်ပြပေး ရမလား”

လူတစ်ယောက်က ချက်ချင်း အနားကပ်လာပြီး သူတို့ကို နှုတ်ဆက်လေသည်။ သူ ပြုံးနေသော်လည်း သူ့အာရုံက လီမူရွှယ်ထံသို့သာ ကျ‌ရောက်နေသည်။

“ဒိုးစမ်း ငါ ဒီကို ရှစ်နှစ်အရွယ်ကတည်းက ‌ရောက်ဖူးတာ”

ဟွမ်ရှောင်မန်က ရိုင်းပျစွာ ပြန်ငေါက်လိုက်သည်။ သူမသည် ထိုလူကိုပင် မကြည့်ဘဲ နံရံနားက ထောင့်သို့ လျှောက်သွားသည်။

ထောင့်နားတွင် လုံးကြီးပေါက်လှ အမျိုးသမီးတစ်ယောက် ရှိပြီး ဟွမ်ရှောင်မန်ကို သိသည့်ပုံပင်။ ဟွမ်ရှောင်မန်ကို နှုတ်ဆက်ပြီးနောက် ထိုအမျိုးသမီးက လက်ကမ်းစာစောင် သုံးခုကို ထုတ်၍ သူတို့ တစ်ယောက်ချင်းစီကို ဝေပေးသည်။

ရဲ့လင်းချန် စာစောင်ကို ဖွင့်လိုက်သောအခါ ပထမဆုံး မြင်ရသည့် အရာက “ခွေးတိုက်ပွဲ ပြိုင်ကွင်း” ဟူသည့် စကားလုံးပင်။

ခွေးတိုက်ပွဲ ပြိုင်ကွင်းဟူသည့် နာမည်အတိုင်းပင် ဤနေရာက ခွေးတိုက်ပွဲ ကျင်းပသည့် နေရာ ဖြစ်လေသည်။ စာစောင်၏ အနောက်တွင် ပြိုင်ကွင်း၏ စည်းမျဉ်းများ ရေးထားသည်။

အော်ကျယ်ဟစ်ကျယ် ငြင်းခုံခြင်း၊ ဗွီဒီယို ရိုက်ကူးခြင်းနှင့် လက်နက်များ သယ်ဆောင်ခြင်းတို့ကို ခွင့်မပြုထားပေ။

ခွေးတိုက်ပွဲအား နေ့စဉ် ရှစ်နာရီ၌ ကျင်းပသည်။ ပွဲတစ်ပွဲတိုင်းတွင် ခွေးနှစ်ကောင်ကို လွှတ်ပေး၍ ကိုက်စေသည်။ ထို့နောက် လူအုပ်ကြီးက ထိုခွေးနှစ်ကောင်ကို လောင်းကြေးထပ်ကြသည်။ ဆယ်စက္ကန့်ကျော် လဲနေသော ခွေးအား အရှုံးဟု သတ်မှတ်ကြသည်။ ၎င်းက လောင်းကစားနည်း တစ်မျိုးပင်။

ထို့နောက်တွင်မူ ခွေးတိုက်ပွဲပြိုင်ကွင်း၏ နာမည်ကြီး ခွေးများကို မိတ်ဆက်ပေးသည်။

“Bull Terriers တွေက ဗြိတိန်မှာ မွေးဖွားတဲ့ ခွေးအမျိုးအစားပါ၊ ဒီမျိုးစိတ်က Bulldog နဲ့ မျိုးသုဉ်းသွားတဲ့ Black and Tan Terrier တို့ စပ်ထားတာ ဖြစ်ပါတယ် …”

Canary Mastiff, Chinese Tibetan Mastiff, Barzilian Mastiff …

ဤခွေးမျိုးစိတ် တစ်ခုချင်းစီတိုင်းက ကြမ်းတမ်း၍ ရန်လိုသည်ဟု လူသိများသည်။

“ခွေးတိုက်ပွဲလား၊ ရက်စက်လိုက်တာ”

လီမူရွယ် မျက်မှောင်ကြုတ်နေပြီး ရဲ့လင်းချန်နှင့် ဟွမ်ရှောင်မန်တို့ကြား၌ ကြောက်လန့်တကြား ပုန်းလေသည်။

“နောက်ထပ် နည်းနည်း လာပြီးရင် နင် ကျင့်သွားရမှာလေ”

ဟွမ်ရှောင်မန် အေးအေးလူလူ ပြောလိုက်သည်။

“ဒီခွေးတွေက အသားစိမ်းစားပြီး ကြီးလာတာ၊ သူတို့ကို မွေးကတည်းက လေ့ကျင့်ထားတော့ အတိုက်အခိုက်က တအား ကောင်းတယ်၊ ရုပ်ရှင်ကြည့်တာထက်တောင် ဒါက ပိုစိတ်ဝင်စားစရာ ကောင်းတယ်”

“ခွေးတိုက်ပွဲ စပါတော့မယ်၊ လှောင်အိမ် ဖွင့်လိုက်တော့”

ဒိုင်က မိုက်ခရိုဖုန်းကို ကိုင်၍ ခပ်ကျယ်ကျယ် ပြောလာသည်။

သူ့စကားကို ကြားလိုက်ရပြီးသည်နှင့် အလယ်ရှိ ကြီးမားသော လှောင်အိမ်ထဲမှ အော်ဟစ်သံ ထွက်ပေါ်လာ၏။ ကလစ်ဟုသော အသံထွက်လာပြီးနောက် လှောင်အိမ်က ပွင့်သွားပြီး လေးဖက်လေးတန်ကို ကာရံထားသည့် သံပိုက်ကွန်အဖြစ် ပြောင်းလဲသွားလေသည်။

“ဝုတ် ဝုတ် ဝုတ်”

“ဂီး …”

လှောင်အိမ်ကြီး၏ ဘေးတွင် လှောင်အိမ်ငယ်များစွာ ရှိသည်။ တစ်ခုချင်းစီ၌ ခွေးတစ်ကောင်စီ ရှိ၏။ ဟောင်သံများက တကယ်ပင် ကြောက်စရာ ကောင်းလှသည်။

ထိုလှောင်အိမ်ထဲ၌ ရှိနေသော ခွေးများသည် အလွန် အရွယ်အစား ကြီးမားသည်။ တစ်ကောင်စီက လူ့တစ်ဝက်နီးပါး မြင့်သည်။ သူတို့၏အသံက ဟိန်းနေပြီး တစ်ကောင်ချင်းစီက ကြောက်စရာ ကောင်းလှသည်။

“မျက်လုံးတစ်ဖက်နဲ့ကောင်ကို ကြည့်လိုက်၊ အဲ့ဒါ အရင် ခွေးဘုရင်လေ”

“ပြီးတော့ ဟိုတစ်ကောင် အရမ်း သန်မယ့်ပုံပဲ၊ အနည်းဆုံး ကီလိုဂရမ် ရှစ်ဆယ်လောက် ရှိတယ်၊ အံ့ဩစရာပဲ”

“လခွမ်း Chinese Tibetan Mastiff ပါလား၊ စောက်ရမ်း သန်တာ”

“အဲ့တစ်ကောင်က နိုင်ချေများမယ်လို့ ငါ ထင်တယ်၊ သူ့ခြေထောက်တွေက ဘယ်လောက် သန်မာပြီး ကျစ်လျစ်လည်း ကြည့်ဦး”

မျက်တောင်တစ်ခတ်အတွင်းမှပင် တအံ့တဩ ပြောဆိုသံများ ထွက်ပေါ်လာ၏။ လူတိုင်း မျက်လုံး အရောင် တောက်လာပြီး စမ်းကြည့်ချင်စိတ် ထက်သန်လာသည်။

“လူတိုင်း ပြိုင်ပွဲရဲ့ စည်းကမ်းတွေကို သိနေလောက်ပြီဆိုတော့ ကျုပ် အပို ပြောမနေတော့ဘူး၊ တစ်ယောက်ယောက်က မကောင်းတဲ့စိတ်နဲ့ စည်းကမ်းဖောက်မယ်ဆိုရင် နောက်တစ်နေ့မှာ ပျောက်ကွယ် သွားစေရမယ်လို့ အာမခံတယ်”

ဒိုင်က အသေးအဖွဲသဖွယ် ပြောလိုက်ပြီးမှ ဆက်ပြောလေသည်။

“တစ်ပွဲစီကို လုံးဝ မျှမျှတတ ပြိုင်အောင် စီမံထားတယ်၊ လူတိုင်း ခွေးတစ်ကောင်ချင်းစီ၏ ခွန်အားကို လေ့လာဖို့ အတွက် ငါးမိနစ် အချိန်ပေးမယ်၊ ငါးမိနစ် ကျော်သွားရင်တော့ ပြိုင်ပွဲ စမယ်”

“ဟေး ဟေး …”

စိတ်လှုပ်ရှားစွာ‌ အော်ဟစ်သံများက ခန်းမထဲ၌ ပဲ့တင်ထပ်လာ၏။

“ရှောင်မန် နင် လောင်းဖို့တွေးနေတာတော့ မဟုတ်ဘူးမလား”

လီမူရွှယ် မနေနိုင်ဘဲ မေးလိုက်သည်။

“ငါတို့ ရောက်လာပြီဆိုမှတော့ စမ်းကြည့်ရမယ် မဟုတ်လား”

ဟွမ်ရှောင်မန်က အသာပြုံး၍ လီမူရွှယ်နားနားကပ်၍ ခပ်တိုးတိုး ပြောသည်။

“စိတ်ချပါ၊ ငါက အမြင်ကောင်းပါတယ်၊ ငါပြောတဲ့အတိုင်း လောင်းမယ်ဆိုရင် သေချာပေါက် နိုင်မှာ”

ထိုသို့ပြောပြီးသည်နှင့် သူမက ရဲ့လင်းချန်ကို မျက်လုံးမှေး၍ ကြည့်လိုက်သည်။

“ဘယ်လိုလဲ၊ နင်ရော စမ်းကြည့်ချင်လား၊ နင်သာ ယောက်ျားဆို မကြောက်သင့်ဘူးမလား”

ရဲ့လင်းချန် ဘာမှမပြောပေ။ သူသည် သံလှောင်အိမ်အား ထူးဆန်းသော မျက်နှာထားနှင့် ကြည့်နေ၏။

ခွေးဘာသာစကားကို နားလည်သော သူ့စွမ်းရည်ကြောင့် ခွေးဟောင်သံများက သူ့နားထဲတွင် အလွန် ကွဲပြားနေသည်။

“ထပ်လာပြန်ပြီ၊ ဒီလူသားတွေမှာ ဘာလို့ ထူးဆန်းတဲ့ အကျင့်မျိုး ရှိနေတာလဲ”

“ဟုတ်ပါ့ကွာ၊ ငါတို့ ရန်ဖြစ်တာကို သူတို့က ကြည့်ချင်နေတာ၊ သူတို့က စိတ်တောင် လှုပ်ရှားနေလိုက်သေးတယ်၊ အရူးတွေ”

“ငါ ဒီနေ့ နည်းနည်း ဝမ်းလျှောနေတယ်၊ ငါနဲ့ တိုက်ရမယ့်သူ ဘယ်သူဖြစ်ဖြစ် အရမ်း မကြမ်းပါနဲ့”

“ရှောင်မေ့ မင်း သိပ်လှတယ်၊ ငါနဲ့အတူတူ ကလေးလေး မွေးရအောင်လေ”

“ယီးပဲ ရှောင်မေ့က ငါ့အပိုင်ကွ၊ မင်းကများ ငါ့ဆီကနေ သူ့ကို လုဖို့ ကြိုးစားရဲတယ်လား၊ မင်း ဆုတောင်းနေလိုက်၊ မင်း ငါနဲ့ တွေ့လို့ကတော့ မင်းကို ချီးထွက်အောင် ကိုက်ပစ်မယ်”

…

All Chapters