ခွေးတိုက်ပွဲ စတင်ပြီ
Vol. 10 Ch. 149
*သောက်ချီး*
ခွေးဘာသာစကားကိုသာ သူ နားမလည်လျင် သူ ဤအကြောင်းများကို သိနိုင်မည် မဟုတ်ပါ။ သို့သော် နားလည်ပြီးသွားသည့်အခါတွင်လည်း ခွေးတို့၏ လောကက စိတ်ဝင်စားစရာ ကောင်းလိမ့်မည်ဟု သူ ထင်မထားမိပေ။
“ဟဲ့ ရဲ့လင်းချန် နင် ငါပြောတာကို နားထောင်နေလား၊ နင် မလောင်းဘူးလား”
ဟွမ်ရှောင်မန်က သူမကို သူ လျစ်လျူရှုထားမှန်း သတိထားမိသဖြင့် သူမက တိုက်တွန်းလာသည်။
“အင်း”
ရဲ့လင်းချန် စိတ်ကူးရလာသဖြင့် ခေါင်းညိတ်လိုက်သည်။
“ဟီးဟီး အချိန်တန်ရင် နင် ငါ ပြောတာကိုသာ နားထောင်၊ နင် ပိုက်ဆံအများကြီး ရှာနိုင်လိမ့်မယ်လို့ ငါ အာမခံတယ်”
ဟွမ်ရှောင်မန်၏ မျက်လုံးရွဲကြီးများက ရဲ့လင်းချန်ကို စိုက်ကြည့်နေပြီး ခင်မင်သော အပြုံးမျိုး ပြုံးနေသည်။ တကယ်တမ်းတွင် သူမသည် ရဲ့လင်းချန်အား နှပ်ချရန် အသင့်ဖြစ်နေ၏။
“အာ ... ရှောင်မန် ငါ မင်းကို မတွေ့ရတာတောင် ကြာနေပြီ”
ဆံပင်အဝါရောင်နှင့် လူငယ်တစ်ယောက်က အနားသို့ လျှောက်လာသည်။ သူ့ရင်ခွင်တွင်း၌ အပြာရောင် ဆံနွယ်ရှည်များနှင့် အမျိုးသမီးတစ်ယောက် ရှိနေသည်။ သူမ၏ မိတ်ကပ်နှင့် eyeliner က ထူလွန်းလှသည်။
“ငါ အခုတလော လက်က ယားသလို ဖြစ်နေလို့ လာကစားတာ”
ဟွမ်ရှောင်မန်က အေးအေးလူလူ ပြန်ပြောလေသည်။
“ကျားသစ် ဘာလို့ နင်တို့ နှစ်ယောက်တည်း ဖြစ်နေတာလဲ၊ ကျန်တဲ့လူတွေ ဘယ်မှာလဲ”
“သူတို့ ဟိုမှာလေ၊ သူတို့ ခွေးတွေကို သွားကြည့်ပြီး ဘယ်လို လောင်းရမလဲ ကြံနေကြတာ”
ကျားသစ်က ပြုံး၍ ပြောသည်။ သူ့အကြည့်က ရဲ့လင်းချန်ထံ ရောက်လာပြီးနောက် အထင်သေးဟန် ပြလာသည်။
“မင်း ဘာလို့ အစ်ကိုချူနဲ့မလာတာလဲ၊ ဒီလိုနေရာမျိုးက မိန်းကလေး နှစ်ယောက်အတွက် အန္တရာယ်များတယ်”
သူ့အကြည့်က လီမူရွှယ်ထံမှ မကြာခဏ အကြည့်မလွှဲနိုင် ဖြစ်နေသည်။ သူမကဲ့သို့ မှင်တက်ဖွယ်ကောင်းသော မိန်းကလေးက လွယ်ကူသော ပစ်မှတ်ပင်။
“အခု ငါတို့မှာ သက်တော်စောင့် ပါတာပဲလေ ဟုတ်တယ်မလား”
ဟွမ်ရှောင်မန်က ရဲ့လင်းချန်ကို ကြည့်လိုက်သည်။
“သူလား”
ကျားသစ်က အထင်သေးစွာ ခေါင်းခါယမ်းလေသည်။
“ရှောင်မန် ဒီနေ့ ငါတို့ ညီအစ်ကိုတွေလည်း လာလို့ မင်း ကံကောင်းသွားတယ်၊ မင်းတို့ မိန်းကလေး နှစ်ယောက်ကို အခြားသူတွေ အနိုင်ကျင့်မှာကို စိုးရိမ်စရာ မလိုတော့ဘူး”
ရဲ့လင်းချန်က အားကိုးမရဟု သူ တစ်ဖက်လှည့်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။ သူတို့ စကားပြောနေချိန်တွင် လူတစ်စု ရောက်လာ၏။
ထိုလူများသည် ဝတ်ပုံစားပုံနှင့် ဆံပင်ပုံစံ ဆင်တူကြသော အမျိုးသား သုံးယောက်နှင့် အမျိုးသမီး နှစ်ယောက် ဖြစ်လေသည်။ သူတို့အားလုံး စုနေကြသောအခါ cosplay လုပ်နေသည်နှင့်ပင် တူနေသည်။
သူတို့အားလုံး၌ ထီမထင်သော အငွေ့အသက်နှင့် အေးစက်သော အမူအရာများ ရှိသည်။ သူတို့အားလုံးက တစ်လောကလုံး သူတို့လက်ထဲ၌ ရှိနေသော ပုံစံမျိုး ပြုမူနေကြသည်။
“ရှောင်မန် ဒီနေ့ နင် ဘယ်လိုလုပ် လာကစားချိန် ရသွားတာလဲ၊ ယို့ … နင် သူငယ်ချင်းအသစ် နှစ်ယောက်ပါ ခေါ်လာတာပဲ”
သူတို့ထဲမှ တစ်ယောက်က အပြုံးနှင့် ပြောလေသည်။ သူ့အကြည့်က လီမူရွှယ်ထံ ရောက်နေပြီး ညစ်ကျယ်ကျယ် ပြောလေသည်။
“သူတို့နဲ့ မြန်မြန် မိတ်ဆက်ပေးဦးလေ”
“နင်တို့အားလုံး တော်လိုက်တော့၊ အစ်မမူရွှယ်က နင်တို့ လိုက်ပိုးလို့ရမယ့်လူ မဟုတ်ဘူး၊ ထွက်သွား”
ဟွမ်ရှောင်မန်က လီမူရွှယ်ကိုဖက်၍ ရန်တွေ့သည်။ ကျန်လူများက တစ်ချိန်လုံး ငြိမ်နေသော ရဲ့လင်းချန်ထံ အကြည့် ရောက်လာသည်။
“ပြီးတော့ မင်းက …”
“သူ့နာမည်က ရဲ့လင်းချန်၊ ဒီနေ့ သူက ငါတို့ရဲ့ သက်တော်စောင့်”
ဟွမ်ရှောင်မန်က ဝင်ပြောလိုက်ပြီးနောက် တစ်ယောက်ချင်းစီကို မိတ်ဆက်ပေးသည်။
“သူ့နာမည်ပြောင်က သိမ်းငှက်၊ ကျန်းဟွာလုပ်ငန်းစုရဲ့ သား၊ ဒါက မြွေ၊ ဟွာယွီကုမ္ပဏီရဲ့ သခင်လေး၊ ပြီးတော့ ဒါက …”
လူတိုင်း၌ နာမည်ပြောင်ကိုယ်စီ ရှိနေပြီး အားလုံးက ကြမ်းကြုတ်သော တိရစ္ဆာန်များ၏ နာမည်များပင်။ သူတို့က ထိုအရာကို အလွန် မိုက်သော ကိစ္စဟု ထင်နေပုံရသည်။
ထို့အပြင် သူတို့အားလုံးက မြို့တော်၌ နေထိုင်သော သခင်လေးများ ဖြစ်ကြသည်။ သူတို့သည် သန်းဆယ်ချီ၊ ရာချီ ပိုင်ဆိုင်သူများ ဖြစ်ပြီး အချိန်များ ပိုနေသဖြင့် စိတ်လှုပ်ရှားစရာများ ရှာဖွေရသည်ကို နှစ်ခြိုက်ကြလေသည်။
“ရဲ့လင်းချန်၊ နင် ငါတို့ထဲက တစ်ယောက်ယောက်အတွက် အမှုထမ်းပေးရင် နင့်နောက်ကွယ်က ငွေထုပ်ကြီးထက် ပိုပြီး ပိုက်ဆံရနိုင်တယ်”
ဟွမ်ရှောင်မန်က မိတ်ဆက်ပေးပြီးသည်နှင့် ရဲ့လင်းချန်ကို ရုတ်တရက် ပြောလာသည်။
ရဲ့လင်းချန် မျက်နှာမည်းမှောင်သွားသည်။
*ဒါ ဘာစကားကြီးလဲ၊ ရူးနေတာလား*
မကြာခင်မှာပင် သူတို့သည် လူစုံလာသဖြင့် ဆူညံလာလေသည်။ သူတို့က စကားပြောလိုက်၊ ရယ်လိုက်ဖြင့် ခွေးတိုက်ပွဲနားတွင် ဆွေးနွးကြသည်။ ထို့နောက် အချင်းချင်း ကြည့်၍ ပြောဆိုကြသည်။
“Chinese Tibetan Mastiff ကို ပြိုင်ပွဲမှာ တွေ့ရတာ ရှားတယ်၊ အဲ့ကောင်ရဲ့ ခွန်အားက နာမည်ကျော်ဖို့ ထိုက်တန်တာပဲ”
‘ရှောင်မန် မင်း မမြင်လိုက်လို့၊ ပြီးခဲ့တဲ့ ခွေးဘုရင်က တအား ကြမ်းတာ၊ စတိုက်တာနဲ့ အခြားခွေးတွေကို လိုက်ကိုက်တာ၊ အဲ့ကောင် နိုင်နေတာ သုံးပွဲဆက်တိုက်ပဲ”
“အဲ့ကောင်တွေရဲ့ အားသာချက်တွေအတွက် ငါ စာရင်းတောင် လုပ်ထားတယ်၊ ပွဲစတဲ့အချိန်ကျရင် ငါ့စာရင်း အတိုင်းသာ လောင်းကြ၊ မင်းတို့ နိုင်လိမ့်မယ်”
ဟွမ်ရှောင်မန်က ရဲ့လင်းချန်ကို တစ်ချက်ကြည့်ပြီးနောက် အဖွဲ့ကို လက်ယမ်းပြသည်။ အဖွဲ့က သူတို့ ဆက်ဆွေးနွေးချင် ယောင်ဆောင်၍ အဝေးသို့ နေရာရွှေ့သွားသည်။
“ရှောင်မန် ငါတို့ကို ဘာလို့ ခေါ်ထုတ်တာလဲ”
“ငါ လူတစ်ယောက်ကို နှပ်ချချင်လို့ နင်တို့ကို ဝင်ကူညီစေချင်လို့”
ဟွမ်ရှောင်မန်က အံကြိတ်၍ ပြောသည်။
“အဲ့လူက ရဲ့လင်းချန်ပဲ”
“ကိစ္စမရှိဘူး၊ ငါ လူတွေကို နှစ်ပေါက်တစ်ပေါက် ရိုက်ရတာကို သဘောကျတယ်၊ သူ မင်းကို ဘာများ ရန်ရှာမိလို့လဲ”
အားလုံးက စိတ်အားထက်သန်စွာ မေးလာ၏။
“အဲ့ဒါ နင်တို့အပူ မဟုတ်ဘူး”
ဟွမ်ရှောင်မန်က လက်ခါ၍ ပြောသည်။
“ပွဲစတာနဲ့ ငါတို့ သူ့ကို ရှုံးမယ့်ခွေးတို့ကို ထောက်ခံပေးရမယ်၊ သူ အားလုံး ရှုံးသွားတာကို ငါ မြင်ချင်တယ်၊ သူ့အတွင်းခံပါ မကျန်ပေါ့”
“လွယ်လွယ်လေးပါ၊ သူက လူသစ်ပဲကို၊ သူ့ကိုမှ မဟုတ်ရင် ငါတို့ ဘယ်သူ့ကို သွားနှပ်ချလို့ ရမှာလဲ”
“ဟားဟားဟား မင်း လူမှန်ဆီကို ရောက်လာတာပဲ၊ ငါ့နာမည်ပြောင်က ပရိုငလိမ်ကောင်လေ၊ စိတ်ချထားလိုက်”
…
ရဲ့လင်းချန်နှင့် လီမူရွှယ်မှလွဲ၍ ဤနေရာမှ လူတိုင်းသည်လည်း ဆွေးနွေးပြောဆိုနေကြသည်။
ဤတိုက်ခိုက်မည့် ခွေးများ၏ အရည်အချင်းကို ရဲ့လင်းချန် တစ်ခဏအတွင်း သတိထားမိသည်။ ခွေးဘာသာာစကားကို သူ တတ်နေသည့်အတွက် မကြားချင်လည်း ကြားနေရသည်ပင်။
လောင်းကစားပွဲထဲ ဝင်ပါရလိမ့်မည်ဟု လီမူရွှယ် တစ်ခါမှ ထင်မထားမိပါ။ ပတ်ဝန်းကျင်က သူမအား အနည်းငယ် နေရခက်စေသည်။ သူမဘေးမှ ရဲ့လင်းချန်ကို တစ်ချက်ကြည့်၍ သူ့အင်္ကျီကို အသာဆွဲလိုက်သည်။
ထို့နောက် သူမက အသံတိုးတိုးဖြင့် ပြောလေသည်။
“ဟို … အရင်တစ်ခါက နင် ဘာပဲမြင်ခဲ့မြင်ခဲ့ အဲ့ဒါက နင် ထင်သလို မဟုတ်ဘူး”
“ငါ မင်းကို အာမခံတယ်၊ ငါ ဘာမှမမြင်ခဲ့ဘူ”
ရဲ့လင်းချန်က ချက်ချင်း တည်ငြိမ်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
လီမူရွှယ်၏ နားရွက်များပါ နီမြန်းလာသည်။
“ငါ ပြောချင်တာ အဲ့လိုမျိုး မဟုတ်ဘူး၊ ငါ ပြောချင်တာက ငါ့ရဲ့ လိင်စိတ် တိမ်းညွှတ်မှုက သာမန်ပါပဲ၊ ဒါက … ဒါက ဒီအတိုင်း ရှောင်မန် ငါ့ကို အတင်းဆွဲလို့ ဖြစ်တာ”
“မင်း အတင်း ဖိအားပေးခံရတာလား”
ရဲ့လင်းချက် ပင့်သက်ရှိုက်လိုက်မိသည်။ ရူးချင်စရာ လောကကြီးပါတကား။
“မဟုတ်ဘူး”
လီမူရွှယ် တံတွေးနင်မတတ် ဖြစ်သွားရသည်။ သူမ ရှက်ရှက်ဖြင့် ရှင်းပြသည်။
“ရှောင်မန်က … သူက ငါ့ကို သဘောကျသလို ဖြစ်နေတယ်လေ ပြီးတော့ စိတ်လှုပ်ရှားစရာ ကိစ္စတွေ စမ်းသပ် ကြည့်ရတာကို သဘောကျတယ်၊ သူ ငါ့ကို ခဏခဏ တောင်းပန်နေတာနဲ့၊ အဲ့ဒါနဲ့ ငါတို့ … ငါတို့ … စမ်းကြည့် ဖြစ်သွားတာ”
ရဲ့လင်းချန် စိတ်ထဲမှ အတွေးကို မဖော်ထုတ်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
*ဟားဟား … ငါ မြင်ခဲ့တာ သုံးခါရှိနေပြီ၊ စမ်းကြည့်တာလို့ ပြောရအောင် နည်းနည်း များမနေဘူးလား၊ မဟုတ်မှလွဲရော … မင်း နည်းနည်းလောက် စမ်းကြည့်တာနဲ့ စွဲလမ်းသွားတာလား*
ထိုအခိုက်တွင် ဟွမ်ရှောင်မန်နှင့် အခြားသူများ အစီအစဉ်များ ဆွဲပြီးသဖြင့် ပြန်ရောက်လာကြသည်။ သူတို့က ရဲ့လင်းချန်ကိုသာ ကြည့်နေသဖြင့် သူ တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။
“အားလုံးပဲ၊ ခွေးတိုက်ပွဲ စပါတော့မယ်၊ အားလုံး အသင့်ပြင်ထားကြပါ”
ဒိုင်လူကြီးက စပြောလာသည်။ သူ ကျယ်လောင်စွာ ကြေညာလိုက်သည်နှင့် လူအုပ်ကြီးက လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။
“အခု ဖန်သားပြင်ကို ကြည့်လိုက်ကြပါ၊ ပထမဆုံးပွဲအတွက် ဘယ်အကောင်တွေ ယှဉ်ပြိုင်ရမလဲ၊ အားလုံး သတိကပ်ပြီး သေချာ ကြည့်ကြပါ”
သူ့စကားဆုံးသည်နှင့် အပေါ်မှ ကြီးမားသော အနက်ရောင် ဖန်သားပြင် ပွင့်လာသည်။ မကြာခင်မှာပင် အနီရောင် စာတန်းများ ပေါ်လာသည်။ ၎င်းတို့မှာ ခွေးများ၏ နာမည်များ ဖြစ်လေသည်။
နာမည်များက လျင်မြန်စွာ ရောယှက်နေပြီးနောက် ဒင်ဟူသော အသံပေါ်လာသောအခါတွင်မှ ရပ်သွားသည်။
“ရှောင်ပိုင်နဲ့ ရှောင်ဟိုင်”
ချက်ချင်းဆိုသလိုပင် ရှောင်ပိုင်နှင့် ရှောင်ဟိုင်တို့ကို ထည့်ထားသော လှောင်အိမ်များအား ရှေ့သို့ တိုးထုတ်လာ၏။
“ဒီပွဲကတော့ စိတ်ဝင်စားစရာပဲ၊ Pitbull တွေက အကောင်သေးကောင်း သေးနိုင်ပင်မယ့် ကြွက်သားတွေက သန်မာတယ်၊ ကိုက်ချက်က ပြင်းတယ်၊ ခံနိုင်ရည်အားလည်း မြင့်တယ်၊ သုံးမိနစ်အတွင်း သိုးထိန်းခွေး နှစ်ကောင်ကို သတ်နိုင်တယ်၊ Tosa အမျိုးအစားကတော့ မိစ္ဆာဆန်တယ်လို့ လူသိများပြီး မွေးဖို့ ပိတ်ပင်ထားတဲ့ အကောင်ပဲ”
“ချီးပဲကွာ အစကတည်းက ပွဲက ကြမ်းနေပြီ၊ ဝိုး … ဝိုး … ဝိုး … ဘယ်ကောင် နိုင်မလဲ ငါ သိချင်နေပြီ”
“ဒါ အကောင်ကြီးတွေကြားက တကယ့် တိုက်ပွဲပဲ၊ လောင်းကြေးထပ်ဖို့ ခက်လိမ့်မယ်”
…
လူတိုင်း စိတ်လှုပ်ရှားစိတ်နှင့် ဝေခွဲမရစိတ်တို့ ဒွန်တွဲနေ၏။ စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ရန် ခက်ခဲပေသည်။
“အခု လောင်းကြေးထပ်ရမယ့် အချိန်ပါ၊ ဘယ်ခွေးကို မင်းတို့ ပိုကြိုက်လဲ၊ ငါတို့ ဝန်ထမ်းထဲက တစ်ယောက်စီမှာ လောင်းကြေး တင်လို့ရပါပြီ၊ မင်းတို့ရဲ့ ခန့်မှန်းမှုကို ယုံကြည်လိုက်ပါ၊ ချမ်းသာနိုင်မယ့် အခွင့်အရေးက မင်းတို့ လက်ထဲမှာပဲ”
ဒိုင်က အားသွန်ခွန်စိုက် လှုံ့ဆော်အားပေးနေ၏။