← Chapters

ဒါ ပိုက်ဆံရှာပေးနေတဲ့ ပြိုင်ပွဲပဲ

Vol. 10 Ch. 150

ဒါ ပိုက်ဆံရှာပေးနေတဲ့ ပြိုင်ပွဲပဲ

Vol. 10 Ch. 150

“ဒီတော့ ဘယ်ကောင်က နိုင်နိုင်ချေ များလဲ”

ဟွမ်ရှောင်မန်နှင့် အခြားသူများက ဆွေးနွေးရန် စိတ်အားထက်သန်နေလေသည်။ သူတို့ ရဲ့လင်းချန်၏ နောက်ကွယ်၌သာ ဆွေးနွေးခြင်း ဖြစ်သည်။

“ဟားဟားဟား … ဒါ ပိုက်ဆံရှာပေးတဲ့ ပြိုင်ပွဲပဲ”

အခြားသူများ စိတ်ဖိစီးနေချိန်တွင် ကျားသစ်က ပြုံး၍ ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလေသည်။

“ဟမ် မင်း မြင်နိုင်လို့လား”

အားလုံးသ သိချင်စိတ်ဖြင့် ကြည့်လာသည်။

“မင်းတို့ ကြည့်ဖို့မလိုပါဘူး”

ကျားသစ်က အေးအေးလူလူ ပြုံး၍ သူ့ခေါင်းကို ထောက်ပြသည်။ သူ့အပြုအမူက မူးနေသူများကြားတွင် တည်ငြိမ်သူက သူတစ်ယောက်တည်းသာ ရှိကြောင်း ပြနေသလိုပင်။

“မင်းတို့ ဦးနှောက်သုံးဖို့ပဲလိုတာ”

“စောက်ရေးမပါတာတွေ ရပ်လိုက်တော့၊ မြန်မြန်ပြော၊ ငါတို့ လောင်းကြေးထပ်တော့မှာ”

တစ်ယောက်က အလောသုံးဆယ် ပြောလိုက်သည်။

“ရှောင်ပိုင် နိုင်လိမ့်မယ်”

ကျားသစ်က ချက်ချင်း ပြောလိုက်သည်။

“ဘာလို့လဲ”

“မင်းတို့ ပြီးခဲ့တဲ့ ခွေးတိုက်ပွဲနဲ့ အဲ့ရှေ့က တစ်ပွဲကို မှတ်မိလား”

ကျားသစ်က ပြန်ဖြေမည့်အစား မေးခွန်းပြန်ထုတ်လာသည်။

“ငါတို့ကို မှတ်မိမယ်လို့ ထင်နေတာလား၊ ခွေးတိုက်ပွဲတွေက တစ်ချိန်လုံး အများကြီးပဲလေ၊ ငါတို့က ဘယ်လိုလုပ် အကုန် မှတ်မိမှာလဲ”

“ဟားဟားဟား ဆောရီးကွာ၊ ငါ တစ်ပွဲလောက် မှတ်မိသွားလို့၊ အဲ့ဒါကလည်း ရှောင်ပိုင်နဲ့ ရှောင်ဟိုင်တို့နဲ့ ပတ်သက်နေတာ”

ကျားသစ်သည် ဘဝ၏ အထွတ်အထိပ်သို့ ရောက်နေသလို ခံစားလိုက်ရပြီး ဟန်ထုတ်တော့သည်။

“အရင်တစ်ခါတုန်းက ရှောင်ပိုင်နဲ့ ရှောင်ဟိုင် တိုက်ခိုက်ဖူးတယ်၊ ရှောင်ပိုင်က ရှုံးသွားတာ၊ အဲ့တိုက်ပွဲရဲ့ ရှေ့တုန်းက သူတို့ တိုက်ခိုက်တော့ ရှောင်ဟိုင် နိုင်ခဲ့တယ်၊ အခုတစ်ခေါက် ဘယ်သူ နိုင်မယ်လို့ မင်းတို့ ထင်လဲ”

“ရှောင်ဟိုင် နိုင်မှာပေါ့”

“မဆိုးဘူး၊ မင်းတို့ မှန်းတာမှန်တယ်”

ကျားသစ်က ဟန်အပြည့်နှင့် ရပ်နေသည်။

“ချီးပဲ၊၊ အဲ့ဒါဆို ငါတို့ ဘာကို စောင့်နေမှာလဲ၊

အားလုံး၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။ လူတိုင်း အင်္ကျီလက်ကို ခေါက်တင်ပြီး အကြီးအကျယ် ရန်ဖြစ်တော့မည့်ဟန်ဖြင့် မာန်တင်းနေကြသည်။

“မင်း ဘယ်လောက် လောင်းမှာလဲ”

“ငါတို့ ဒီလို ပိုက်ဆံရှာနိုင်တဲ့ပွဲမျိုး အမြဲ မရနိုင်ဘူး၊ ဘာကိုတွေးနေစရာ လိုလို့လဲ၊ လေးသိန်းကွာ၊ အားလုံး ထည့်လောင်းပစ်မယ်”

“မင်း ငါနဲ့ အကြံတူနေတာပဲ၊ ငါ့မှာ သုံးသိန်းခွဲ ရှိတယ်၊ အားလုံး ထည့်မယ်”

“အဲ့လိုဆိုရင် ငါလည်း အကုန်ထည့်မယ်”

ဟွမ်ရှောင်မန် အံကြိတ်၍ ပြောလိုက်သည်။ သူမ၌ ရှိသော ငါးသိန်းလုံးကို အကုန် ထည့်လောင်းလိုက်သည်။

“ကျားသစ် နင် ငါ့ကို လိမ်လို့ကတော့ နင် သေပြီသာမှတ်”

သူတို့အားလုံးက သူဌေးသားများ ဖြစ်သော်လည်း ဤမျှလောက်သော မုန့်ဖိုးကိုသာ စုနိုင်ကြသည်။

“စိတ်အေးအေးထားစမ်းပါ၊ သေချာပေါက် နိုင်မှာ”

ကျားသစ်က ရင်ဘတ်ကိုပုတ်၍ ပြောသည်။

တစ်ချိန်တည်းမှာပင် အားလုံးက လှောင်အိမ်ထဲမှနေ၍ အချင်းချင်း ဟောင်နေကြသော ရှောင်ပိုင်နှင့် ရှောင်ဟိုင်တို့ကို ကြည့်နေကြသည်။ သူတို့နှစ်ယောက်လုံးက ကြမ်းတမ်းပြီး အသင့်ဖြစ်နေသည့်ပုံပင်။

ရဲ့လင်းချန်သည် ငြိမ်ငြိမ်လေးထိုင်၍ ခွေးနှစ်ကောင်၏ စကားကို အေးအေးလူလူ နားထောင်နေသည်။

ရှောင်ပိုင် : “သေစမ်း အစ်ကိုဟိုင် ဘယ်လိုလုပ် ကျွန်တော်က အစ်ကိုနဲ့ ကျရတာလဲ၊ အသက်ချမ်းသာပေးပါ၊ အစ်ကိုကြီး အသက်ချမ်းသာပေးပါ၊ ကျွန်တော့်ကို သက်ညှာပေးပါဦး”

ရှောင်ဟိုင် : “တောင်းပန်ရမယ့်သူက ငါ ဖြစ်ရမှာ ခွေးသူတောင်းစားရ၊ သူတောင်းစားတစ်ကောင်က ဘာမှန်းမသိတဲ့ ဆေးနဲ့ ငါ့ကို ထိုးသွားတယ်၊ အခု ငါ့တစ်ကိုယ်လုံး ထုံပြီးတော့ ဘာအားမှ မရှိတော့ဘူး”

ရှောင်ပိုင် : “လခွမ်း တကယ်လား၊ ခင်ဗျား ကျွန်တော့်ကို အကွက်ချဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူးမလား”

ရှောင်ဟိုင် : “ငါ ဘာလို့ မင်းကို လိမ်ရမှာလဲ”

ရှောင်ပိုင် : “ဝါးဟားဟားဟား ဘုရားမတာပဲ၊ နောက်ဆုံးတော့ ငါ လက်စားပြန်ချေနိုင်ပြီ၊ ရှောင်ဟိုင် မင်း နှိပ်စက်ခံရဖို့ စောင့်နေလိုက်တော့”

….

ဟွမ်ရှောင်မန်က လောင်းကြေးထပ်ပြီးနောက် စိတ်ပျက်သလို အကြည့်လွှဲပြီး ရဲ့လင်းချန်ထံ လျှောက်လာသည်။

“ဘယ်လိုလဲ၊ နင် ဘယ်ကောင်ဘက်က လောင်းမယ်လို့ စိတ်ကူးထားလဲ”

ရဲ့လင်းချန် ခေါင်းယမ်း၍ တမင် မေးလိုက်သည်။

“မသိသေးဘူး … မင်း ငါ့ကို အကြံလေး ပေးလို့ရမလား”

သူ အရာအားလုံးကို ရိပ်စားမိသလို ဟွမ်ရှောင်မန်၏ နောက်ကွယ်မှ အကြံကိုလည်း သိနေပါ၏။

“ရှောင်ပိုင်ဘက်က လောင်းလိုက်၊ သူ နိုင်မှာ”

ဟွမ်ရှောင်မန်က ရဲ့လင်းချန်ကိုကြည့်၍ မျက်နှာသေဖြင့် ပြောသည်။ ထို့နောက် သူက ထူးဆန်းသော အမူအရာဖြင့် ပြောသည်။

“ငါ အတွင်းလူဆီကနေ သတင်းရလာတယ်၊ ရှောင်ပိုင်က တအား သန်တာတဲ့၊ ပြီးတော့ တစ်ခါမှ မရှုံးဖူးဘူးဆိုပဲ၊ ငါ့ကို ယုံလိုက်”

“ဪ … အဲ့လိုလား”

ရဲ့လင်းချန် ရယ်စရာကောင်းသည်ဟု တွေးမိသော်လည်း အပေါ်ယံ၌ ဘာမှမသိဟန်ဆောင်ထားသည်။

“ကောင်းပြီလေ၊ ဒါဆိုလည်း ငါ ရှောင်ပိုင် နိုင်မယ့်ဘက်က လောင်းလိုက်မယ်”

“ဟေ့ ဘရို၊ ဘယ်လောက် လောင်းမှာလဲ၊ ယွမ်တစ်ရာ့ရှစ်ဆယ်လောက်တော့ မလောင်းနဲ့နော်၊ ရှက်ဖို့ ကောင်းတယ်၊ ဒီက အနည်းဆုံး လောင်းကြေးက ငါးထောင်ပဲ”

“ဟုတ်တယ် ကိုယ့်လူ၊ မင်းက ရှောင်မန်နဲ့ လာတာဆိုတော့ အဆင့်အတန်းကို ထိန်းသင့်တာပေါ့၊ ငါတို့အားလုံးရဲ့ လောင်းကြေးက တစ်သိန်းအောက် မရောက်ဘူး”

“ငါလည်း အဲ့လိုပဲ ထင်တယ်၊ ယောကျ်ားဆိုတာ ပိုသတ္တိရှိသင့်တယ်၊ ငါ့ကို ကြည့်လေ၊ ငါက မိန်းမ ဖြစ်ပင်မယ့် အကုန် လောင်းရဲတယ်”

ဟွမ်ရှောင်မန်တို့အဖွဲ့က ချက်ချင်း ဝေဖန်ကြသည်။ သူ့ကို ဆွပေးနေမှန်း သိသာလှသည်။

“ကောင်းပြီလေ ငါ ခြောက်သိန်း လောင်းမယ်’

ရဲ့လင်းချန် အပြုံးနှင့် ပြောလိုက်သည်။ သူ့မျက်နှာတွင် ရိုးသားသော ကောင်လေးဟူသော စကားလုံးပင် ရေးထား၍ ရနိုင်လောက်သည်။

ဟွမ်ရှောင်မန်က ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီးမှ ထိတ်လန့်သွားလေသည်။ သူမ ရဲ့လင်းချန်ကို လက်ညှိုးထိုး၍ ဘာပြောရမှန်း မသိအောင် ဖြစ်သွားသည်။

“နင် … နင် ခြောက်သိန်း လောင်းမှာလား”

ကျန်လူများလည်း အလန့်တကြား ဖြစ်သွားကြသည်။

သူတို့ကဲ့သို့သော သူများပင် တစ်ခါထုတ်လျင် နှစ်သိန်း၊ သုံးသိန်းသာ ထုတ်နိုင်သည်။ သို့သော် ဤငမွဲက ခြောက်သိန်း တန်းထုတ်သည်တဲ့လား။

*ဘယ်သူက သူဌေးသားလဲ*

“နင့်မှာ ဘာလို့ အဲ့လောက် ပိုက်ဆံအများကြီး ရှိတာလဲ”

လီမူရွှယ်လည်း အံ့ဩသွားသည်။ ပိုင်ဆိုင်မှု ယွမ်ခြောက်သိန်း မဟုတ်ဘဲ လက်ငင်း ငွေသား ခြောက်သိန်း မဟုတ်ပါလော။

“ငါ့ဘာသာငါ ရှာထားတာလေ”

ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။

“အဲ့အလုပ်နဲ့ နင် ပိုက်ဆံ အဲ့လောက် ရမယ်လို့ ငါ ထင်မထားမိဘူး၊ အရင်းအနှီး ကောင်းသားပဲ၊ လွယ်လည်း လွယ်တယ်၊ အမြတ်လည်း ရတယ်”

ဟွမ်ရှောင်မန် မနေနိုင်ဘဲ ထုတ်ပြောလေသည်။

“ရဲ့လင်းချန် နင် မလောင်းဘဲ ခဏနေဦး”

လီမူရွှယ်က ကြားဖြတ်ဝင်ပြော၍ ဟွမ်ရှောင်မန်ကို တစ်ဖက်သို့ ဆွဲခေါ်သွားသည်။

“ရှောင်မန် နင် ရှောင်ဟိုင်ကို လောင်းထားတာ မဟုတ်ဘူးလား၊ နင် ဘယ်လိုလုပ် ရဲ့လင်းချန်ကို ရှောင်ပိုင်ဘက်က လောင်းခိုင်းတာလဲ”

“အစ်မမူရွှယ် သူက ကျွန်မတို့ကို ခိုးကြည့်ခဲ့တာလေ၊ သူ့ကို ဒုက္ခမပေးရရင် ကျွန်မ ဟွမ်ရှောင်မန် မဟုတ်တော့ဘူး”

ဟွမ်ရှောင်မန် ပြန်ပြောသည်။

“ဒါပေမဲ့ … ဒါက ရက်စက်လွန်းတယ်လေ၊ ဒါ ခြောက်သိန်းတောင်လေ”

“အဲ့တော့ ဘာဖြစ်လဲ၊ သူက ချူဆီဆိုတာ မမေ့နဲ့ဦးလေ၊ သူ့ပိုက်ဆံတွေက တခြား လူချမ်းသာမိန်းမတွေက သူ့ကို ဆုချထားတာ၊ ကုန်သွားရင်လည်း ကုန်တယ်ပေါ့”

“သူ့အတွက် အဲ့အလုပ်လုပ်တာ မလွယ်ဘူးလေ၊ တချို့ လူချမ်းသာမိန်းမတွေက ထူးခြားတဲ့ အကျင့်ရှိတယ်လို့ ကြားဖူးတယ်၊ ငါတို့ လုပ်တာ လွန်မနေဘူးလား”

“အစ်မမူရွှယ် ဘာလို့ သူ့ကို အရမ်း စိတ်ပူနေတာလဲ၊ သူ့အပေါ် ခံစားချက် ရှိနေတာလို့တော့ … မပြောနဲ့နော်”

ဟွမ်ရှောင်မန် မယုံသင်္ကာ ဖြစ်သွားရသည်။

“မဟုတ်ဘူး၊ ဒါ လွန်လွန်းတယ်လို့ ငါ ထင်ရုံသက်သက်ပဲ”

လီမူရွှယ်က အလျင်အမြန် ခေါင်းခါ၍ ငြင်းပယ်သည်။

သူတို့နှစ်ယောက် ပြန်ရောက်လာချိန်တွင် ရဲ့လင်းချန်က လောင်းကြေး တင်ပြီးသွားလေပြီ။ ရဲ့လင်းချန် ပြုံးနေသည်ကို မြင်ပြီး လူတိုင်းက ပြုံးလိုက်ကြသည်။

*ဒီငတုံးက သူ နှပ်ချခံနေရမှန်း မသိဘူးပဲ၊ သူ နိုင်နိုင်မယ့် အခွင့်အရေး ရှိတယ်လို့ ထင်နေတာ၊ သူ အတွင်းခံပါ ဆုံးတဲ့အထိ စောင့်နေလိုက်တော့*

*သနားစရာ၊ နှမြောစရာ*

“လောင်းကြေးထပ်မယ့်အချိန်က ကုန်သွားပါပြီ၊ အခု … ပြိုင်ပွဲ စပါပြီ”

ဒိုင်၏ ကြေငြာသံအဆုံး၌ ရှောင်ပိုင်နှင့် ရှောင်ဟိုင်တို့၏ လှောင်အိမ်များက အပေါ်သို့ တဖြည်းဖြည်း တက်လာသည်။ ပွဲကြည့် ပရိသတ်များ ငြိမ်သက်သွားလေသည်။ လူတိုင်း စိုးရိမ်တကြီး ကြည့်နေကြပြီး လေထုက တင်းမာလာလေသည်။

“ဝုတ် ဝုတ် ဝုတ်”

အချိန်အနည်းငယ်မျှ ဟောင်နေပြီးနောက် ခွေးနှစ်ကောင်က ရှေ့သို့ ပြေးတက်ကာ အချင်းချင်း ကိုက်ကြ တော့သည်။

“လုပ်စမ်းပါ၊ သူ့ကို ချပစ်လိုက်”

“အိုး ဟိုးဟိုး … မိုက်တယ်ကွ၊ ကြမ်းတယ်ကွာ”

“ငါ့ကို ရှုံးအောင် မလုပ်နဲ့၊ ကိုက်ပစ်၊ သူ့ကို ကိုက်ပစ်”

“ငါ့ပိုက်ဆံအားလုံး မင်းပေါ်မှာ ပုံထားတာနော်၊ မင်း ခြေတစ်လှမ်းက နတ်ပြည် မဟုတ်ရင် ငရဲပြည်ကို ရောက်သွားမှာ၊ လုပ်စမ်း၊ ဆော်ပစ်လိုက်”

အချိန်တစ်ချို့မျှ တိတ်ဆိတ်နေပြီးနောက် လူတိုင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လာကြသည်။

ခွေးများ ကိုက်နေချိန်တွင် ဟွမ်ရှောင်မန်နှင့် အခြားသူများ၏ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ သူတို့ ယုံကြည်မှု ရှိနေရာမှ စိုးရိမ်စိတ် ဝင်လာ၏။

“လခွမ်း ဘာတွေ ဖြစ်နေတာလဲ၊ ဘာလို့ ရှောင်ဟိုင်က ရုတ်တရက်ကြီး အားနည်းနေတာလဲ”

ကျားသစ် အံ့ဩသွားပြီး နဖူး၌ ချွေးစေးများ စို့လာကာ မယုံသင်္ကာ ရွေရွတ်လာသည်။

ရှောင်ဟိုင်၏ အခြေအနေက အစတွင် ကောင်းနေသေးသည်။ အချင်းချင်း ကိုက်ဖြတ်လာချိန်တွင် သူ့လှုပ်ရှားမှုက ထုံထိုင်းလာပြီး ခွန်အား ယုတ်လာ၏။ ရှောင်ပိုင်ကို ကိုက်ချိန်တွင်လည်း ထိခိုက်မှု ကြီးကြီးမားမား ဖြစ်အောင် မလုပ်နိုင်ပေ။

“ရှောင်ဟိုင် မလဲကျနဲ့နော်၊ ငါ့အတွက် တောင့်ထားပေးပါ၊ မင်း ရှုံးရင် ငါ တစ်လလုံး မြေကြီးပဲ စားနေရမှာ”

မြွေက ငိုသံနှင့်ပြောသည်။

“ချီးပဲ သွားပြီ၊ အားလုံး သွားပြီ၊ ငါ ရှုံးသွားရင် ငါ့အမေကို ဘယ်လို ရှင်းပြရတော့မလဲ”

“သူ့ပြိုင်ဘက်ရှေ့မှာ သူက အားနည်းချင်ယောင်ဆောင်နေတာ၊ ဒါ ရှောင်ဟိုင် တမင် လုပ်နေတာ၊ သူ ပြန်တိုက်မှာ …”

ဟွမ်ရှောင်မန်တို့ အဖွဲ့၏ အမူအရာက လေးလံသထက် လေးလံလာသည်။ သူတို့ ပါးစပ်နှင့် အာခေါင် ခြောက်နေသလို ခံစားရသည်။ အခြေအနေက လွဲနေပြီဖြစ်ကြောင်း သူတို့ ခံစားနေရသည်။

*ဒါလား သောက်ကျိုးနည်း ပိုက်ဆံရှာနိုင်တဲ့ပွဲ၊ ရိုက်စားနေသလိုပဲ*

All Chapters