အခန်း (၂၇၁-၂၇၂)
Vol. 24 Ch. 271-272
အပိုင်း (၂၇၁)
ချက်ချင်းပဲ အခန်း အတွင်းရှိ လူတိုင်း၏ မျက်နှာများ လုံးဝ ဖြူရော်သွားပြီး မိုးကြိုး အကြိမ်တစ်ရာ အပစ်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး ထုံကျင်သွားကာ အကြောဆွဲတော့မည့်အလား ဖြစ်နေလေသည်။
“မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်ဘူး။”
“အောက်ယွီက သုံးရက်လုံး အိပ်နေခဲ့တာ မဟုတ်ဘူးလား။ စာမေးပွဲ အောင်ဖို့တောင် မဖြစ်နိုင်တာ၊ ဘယ်လိုလုပ် ပထမနေရာ (ကျွမ့်ယွမ်) ရမှာလဲ။”
“ဒီအထဲမှာ သေချာပေါက် တစ်ခုခုမှားနေပြီ။ တစ်ခုခုမှားနေပြီ။”
အထူးသဖြင့် တွမ်ယင်းယင်းပင် ဖြစ်သည်။ သူမ၏ ခေါင်းများပင် ထူပူလာ၏။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စက သူမနှင့် အောက်မင်တို့ကို အများဆုံး ထိခိုက်စေသောကြောင့် ဖြစ်သည်။
ထိုစာချုပ်ကို လူထောင်သောင်းချီ အရှေ့တွင် လက်မှတ်ထိုးခဲ့ခြင်း ဖြစ်၏။
အကယ်၍ အောက်ယွီသာ ပြည်နယ် စာမေးပွဲတွင် ပထမ သုံးယောက်စာရင်း ဝင်သွားပါက အောက်မင်သည် နုလန်ဟောက် အိမ်တော်၏ အမွေဆက်ခံခွင့် အားလုံးကို ဆုံးရှုံးရမှာဖြစ်ပြီး သူမ တွမ်ယင်းယင်းကလည်း အောက်ယွီကို လက်ထပ်ရမှာဖြစ်သည်။
‘တကယ်ပဲ အဲဒီ ဝက်ရုပ်ကြီးကို လက်ထပ်ရတော့မှာလား။ မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်ဘူး။’
ကျန်းကျိုးမြို့ တွင် အခြား အာရုံစိုက်စရာ တစ်ခု ရှိသေးသည်။ ထိုအရာမှာ ယွဲ့တန်းဖျင် အဖွဲ့အစည်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့သည် ယွဲ့တန်းဖျင်နှင့်လည်း စာချုပ် ချုပ်ဆိုခဲ့သောကြောင့် ဖြစ်၏။ အကယ်၍ သူ ပြည်နယ်စာမေးပွဲတွင် ပထမ သုံးယောက်စာရင်း ဝင်သွားပါက ယွဲ့တန်းဖျင် အဖွဲ့အစည်းသည် မျက်စိကန်းနေသည်ဟု သတ်မှတ်ကာ လုံးဝ ဖျက်သိမ်းရမှာဖြစ်သည်။
ဖျက်သိမ်းရုံတင် မကပေ။ လုံးဝ နာမည်ပျက်သွားပေလိမ့်မည်။
ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးယောက်သည် အစိုးရ အရာရှိများ မဟုတ်သော်လည်း အာဏာ ကြီးမားကြသည်။ မည်သည့်အရာကို အားကိုးသနည်း။ နာမည် ဂုဏ်သတင်းနှင့် သူတို့၏ လက်ထဲတွင် ရှိသော ထင်မြင်ယူဆချက် အာဏာကို အားကိုးခြင်း ဖြစ်၏။
အစိုးရအဖွဲ့မှ အမတ်ကြီးများပင် သူတို့ထံသို့ ကိုယ်တိုင် လာရောက်ကာ အပေးအယူ လုပ်ကြရ၏။ ထို့ကြောင့် သူတို့ကိုယ်တိုင်က အစိုးရ အရာရှိများ မဟုတ်သော်လည်း သူတို့၏ တပည့် အများအပြားက အစိုးရ အရာရှိများ ဖြစ်နေကြသောကြောင့် ကြီးမားသော ပါတီဂိုဏ်းဂဏကြီး တစ်ခု ဖြစ်နေလေသည်။
ယွဲ့တန်းဖျင်သည် ကျန်းကျိုးတွင်သာမက မြို့တော်နှင့် အင်ပါယာအတွင်းရှိ အခြား ယဉ်ကျေးမှု မြို့ကြီးများတွင်လည်း ရှိသည်။ ယွဲ့တန်းဖျင်၏ အင်အားသည် အင်ပါယာ တစ်ခုလုံးတွင် ပျံ့နှံ့နေပြီး ထင်မြင်ယူဆချက် အာဏာကို ချုပ်ကိုင်ထား၏။
ဤအဖွဲ့အစည်းက မည်သည့် အဖွဲ့အစည်းနှင့် တူသနည်း။ မင်မင်းဆက် နှောင်းပိုင်းက ဖူရှဲ (ပြန်လည် ဖွဲ့စည်းရေး အသင်း) နှင့် တူသည်။
ဖူရှဲ၏ အာဏာသည်လည်း အလွန် ကြီးမားပြီး အစိုးရအဖွဲ့၏ နိုင်ငံရေးကိုပင် လွှမ်းမိုးနိုင်ကာ ဝန်ကြီးချုပ်များ၏ ရာထူး အတက်အကျကိုပါ ဝင်ရောက် စွက်ဖက်နိုင်၏။
သေချာသည်မှာ မင်မင်းဆက် နှောင်းပိုင်းက ဖူရှဲ သည် တုန်းလင်အုပ်စု ပျက်စီးသွားပြီးနောက် ပြန်လည် ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သည်။ ယခု တောင်ပိုင်းကျိုးအင်ပါယာ၏ ပညာတတ် အမတ် အုပ်စုကြီးမှာမူ ပျက်စီးသွားခြင်း မရှိဘဲ နေမင်းကြီးအလား တောက်ပနေဆဲ ဖြစ်၏။
(တုန်းလင်အုပ်စု - တရုတ်မင်းဆက်သမိုင်း၏ နောက်ဆုံးကာလဖြစ်သော မင်မင်းဆက် နှောင်းပိုင်းတွင် အလွန်ဩဇာညောင်းခဲ့သည့် နိုင်ငံရေးအင်အားစုတစ်ခု)
ယနေ့ အောင်စာရင်း ထွက်မည့်နေ့တွင် ယွဲ့တန်းဖျင် အဖွဲ့အစည်း၏ အပြင်ဘက်၌ လူရာပေါင်းများစွာ ဝိုင်းရံနေကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုနေ့က ချုပ်ဆိုခဲ့သော စာချုပ်က အလွန် နာမည်ကြီး သောကြောင့်ပင်။
အောက်ယွီသာ ပထမ သုံးယောက်စာရင်း ဝင်သွားပါက ကျန်းကျိုး ယွဲ့တန်းဖျင် အဖွဲ့အစည်းကို ဖျက်သိမ်းရမည်ဖြစ်ရာ ဤသည်မှာ ပညာတတ် ဆယ့်သုံးယောက်အတွက် လုံးဝ ဖျက်ဆီးခံရမည့် အခြေအနေ ဖြစ်သည်။
သို့ပေမည့် နောက်ပိုင်း အခြေအနေများက သူတို့ကို စိတ်အေးသွားစေခဲ့၏။
အဘယ်ကြောင့်ဆိုသော် စာမေးပွဲ မတိုင်မီ အောက်ယွီ၏ အခြေအနေက အလွန် ဆိုးရွားနေပြီး စာမေးပွဲရုံ တွင်လည်း သုံးရက်လုံးလုံး အိပ်နေခဲ့သောကြောင့် ဖြစ်သည်။
ဘာမျှော်လင့်စရာ ရှိတော့မည်နည်း။ ပထမ သုံးယောက်စာရင်း မပြောနှင့်၊ စာမေးပွဲ အောင်ရန်ပင် မျှော်လင့်ချက် မရှိတော့ပေ။
သို့ပေမည့် ယွဲ့တန်းဖျင် ပညာတတ်များက အောက်ယွီကို လွှတ်ထားမည် မဟုတ်ပေ။ အဆုံးထိ လိုက်လံ တိုက်ခိုက်မှာ ဖြစ်၏။
‘ခင်ဗျား အောက်ယွီက ဘာကောင်မို့လို့လဲ။ လူရွှင်တော်လို ကောင်ကများ ကျုပ်တို့ ယွဲ့တန်းဖျင် ပညာတတ်တွေကို လာစော်ကားရဲတယ်။ ပြီးတော့ ကျုပ်တို့ကို စာချုပ် လက်မှတ်ထိုးခိုင်းရဲသေးတယ်။ တကယ့်ကို အရှက်ရစရာပဲ။ ကျုပ်တို့က ခင်ဗျားကို ဘယ်သူနဲ့မှ မပတ်သက်သင့်ဘူး ဆိုတာ သိအောင် လုပ်ပြမယ်။’
ယွဲ့တန်းဖျင် အဖွဲ့အစည်းက ထင်မြင်ယူဆချက် အာဏာကို ချုပ်ကိုင်ထားပြီး တစ်လောကလုံးကို အထင်သေးနေသူများ ဖြစ်၏။
သူတို့ အောင့်အည်း သည်းခံနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ယနေ့ အောင်စာရင်း ထွက်ပြီဖြစ်ရာ သူတို့ လက်စားချေရမည့် အချိန် ရောက်လာပြီ ဖြစ်သည်။
ပြစ်မှုကတော့ တစ်ခုတည်းသာ ရှိသည်။ အောက်ယွီက မွန်မြတ်သော စာမေးပွဲ စနစ်ကို စော်ကားပြီး ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးများ၏ နာမည်ကို ဖျက်ဆီးခဲ့သည် ဟူ၍ပင်။
ထို့ကြောင့် ယွဲ့တန်းဖျင် အဖွဲ့အစည်းက ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးများအနေဖြင့် ပြည်နယ် စာမေးပွဲနှင့် မြို့တော် စာမေးပွဲများကို တိုက်ရိုက် ဝင်ရောက် ဖြေဆိုခွင့်ရခြင်းမှာ အကြီးမားဆုံးသော မတရားမှု ဖြစ်ကြောင်း ထင်မြင်ယူဆချက်များ ဖန်တီးကာ တိုက်ခိုက်မှာဖြစ်၏။
အစိုးရအနေဖြင့် ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးများကို အခွင့်ထူး မပေးသင့်ဘဲ နန်းတွင်းကျောင်း ကျောင်းသား သို့မဟုတ် ကော်ဇီကျန့် ကျောင်းသား ဟူသော ဘွဲ့များကို တိုက်ရိုက် မပေးသင့်ပေ။
ဤထင်မြင်ယူဆချက်များ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သေချာပေါက် နာမည်ကြီးသွားမှာဖြစ်ပြီး ပညာတတ် အများစုအတွက်တော့ ဤသည်မှာ လုံးဝမှန်ကန်သော နိုင်ငံရေး အမြင်ပင် ဖြစ်၏။
သို့ပေမည့် ဤကိစ္စက အင်ပါယာ တစ်ခုလုံးရှိ ဂုဏ်သရေရှိ မှူးမတ်များကို စော်ကားရာ ရောက်သွားမည် ဖြစ်ပြီး သူတို့၏ အခွင့်ထူးများကို ဖျက်ဆီးပစ်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် ယွဲ့တန်းဖျင် အဖွဲ့အစည်းကလည်း အတိုင်းအတာ တစ်ခုအထိသာ လုပ်ဆောင်မည်ဖြစ်ပြီး အောက်ယွီကို လုံးဝ ဖယ်ရှားပြီးသည်နှင့် ချက်ချင်း ရပ်တန့်လိုက်မှာဖြစ်၏။
ထိုအချိန်တွင် ယွဲ့တန်းဖျင်၏ နဝမ ပညာတတ်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေသည်။ “ကျုပ်တို့လို ဆင်းရဲတဲ့ ကျောင်းသားတွေက နေ့ရောညပါ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်လောက် ကြိုးစားပမ်းစား စာဖတ်ခဲ့တာတောင် ပြည်နယ်စာမေးပွဲ ဖြေခွင့်ရဖို့ မသေချာဘူး။
ဒါပေမဲ့ တချို့ ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးတွေကတော့ ပြည်နယ်စာမေးပွဲ ဖြေခွင့်ကို အလွယ်တကူ ရနေတယ်။ ဒါ တရားမျှတမှု ရှိလား။ ဒါ တရားမျှတမှု ရှိလား။”
ပညာတတ် ရာပေါင်းများစွာက အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကြ၏။ “တရားမျှတမှု မရှိဘူး။ တရားမျှတမှု မရှိဘူး။”
“ဟုတ်တယ်။ တရားမျှတမှု မရှိဘူး။”
ယွဲ့တန်းဖျင်၏ နဝမ ပညာတတ်က ဆက်ပြောသည်။ “ဒါတောင် သူတို့က ဒီအဖိုးတန်တဲ့ အခွင့်အရေးကို တန်ဖိုးမထားဘဲ စာမေးပွဲရုံမှာ အိပ်နေခဲ့တယ်။ ဒါက မွန်မြတ်တဲ့ စာမေးပွဲ စနစ်ကို စော်ကားတာပဲ။ သူတော်စင်တွေကို စော်ကားတာပဲ။ ပြီးတော့ ကျုပ်တို့ ကျောင်းသားတွေ အားလုံးကိုပါ စော်ကားတာပဲ။
ကျုပ်တို့ ယွဲ့တန်းဖျင် အဖွဲ့အစည်းက တစ်လောကက ကျောင်းသားတွေကိုယ်စား တောင်းဆိုပါတယ်။ တခြား ယွဲ့တန်းဖျင် အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းပြီး ဧကရာဇ်မင်းမြတ်ဆီမှာ ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးတွေရဲ့ အခွင့်ထူးတွေကို ပယ်ဖျက်ပေးဖို့၊ သူတို့ရဲ့ အထူးဘွဲ့တွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုသွားပါမယ်။
သူတော်စင်တွေနဲ့ စာမေးပွဲ စနစ်ကို စော်ကားခဲ့တဲ့ အောက်ယွီကို အပြင်းထန်ဆုံး အပြစ်ပေးဖို့လည်း ဧကရာဇ်မင်းမြတ်ဆီ တောင်းဆိုသွားပါမယ်။ နုလန်ဟောက် အောက်ရှင်းက သားကို သေချာ မဆုံးမနိုင်တဲ့ အတွက် အစိုးရအဖွဲ့ထဲမှာ ဆက်နေဖို့ မထိုက်တန်ပါဘူး။”
ချက်ချင်းပဲ အောက်ဘက်ရှိ ပညာတတ် ရာပေါင်းများစွာက အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကြတော့၏။ “အောက်ယွီကို အပြစ်ပေး… အောက်ယွီကို အပြစ်ပေး။ အခွင့်ထူးတွေကို ပယ်ဖျက်… အခွင့်ထူးတွေကို ပယ်ဖျက်...”
သို့ပေမည့် ထိုအချိန်တွင် လူအချို့ အလျင်အမြန် ပြေးဝင်လာကြသည်။
သူတို့ထဲမှ တစ်ဦးမှာ ယွဲ့တန်းဖျင် အဖွဲ့အစည်း၏ ဓားသမား တစ်ဦးဖြစ်ပြီး သိုင်းပညာကို အသုံးပြုကာ ပြေးဝင်လာခြင်း ဖြစ်သည်။ သူ၏ မျက်နှာက အလွန် ဆိုးရွားနေ၏။
သူ ရောက်လာချိန်မှာတော့ အောက်ယွီကို အပြစ်ပေးရန် အော်ဟစ်နေကြသည်ကို ကြားလိုက်ရသောကြောင့် သူ၏ မျက်နှာက ပို၍ပင် ဆိုးရွားသွားသည်။ ထို့နောက် သူက စကားတစ်ခွန်းမှ မပြောဘဲ ခြံဝင်း အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။
ယွဲ့တန်းဖျင်၏ နဝမ ပညာတတ်၏ နှလုံးသား တစ်ချက် တုန်ခါသွား၏။ ဤသည်မှာ ဘာအဓိပ္ပာယ်နည်း။ ဤဓားသမားသည် မနက်စောစောတည်းက အောင်စာရင်း သွားကြည့်ရန် ထွက်သွားခဲ့ခြင်းဖြစ်ပြီး ယခု ပြန်လာချိန်တွင် မျက်နှာ ဆိုးရွားနေခြင်းမှာ တစ်ခုခု မှားယွင်းသွားပြီလား။
ထို့နောက် သူလည်း ပညာတတ် ရာပေါင်းများစွာကို ထားရစ်ခဲ့ကာ ခြံဝင်းအတွင်းသို့ ပြန်ဝင်သွားလေသည်။
ယခုအခါ ယွဲ့တန်းဖျင်၏ ချင်းရွှေ (ရေကြည်) စံအိမ် အတွင်း၌ ပညာတတ် ဆယ့်သုံးဦးလုံး စုံညီစွာ ရှိနေကြပြီ ဖြစ်၏။
“အားလုံး စုံပြီ။ လောက်ချီ… ခင်ဗျား ပြောတော့...”
အောင်စာရင်း သွားကြည့်သော ဓားသမား ချီက ပြောလိုက်သည်။ “ဒီတစ်ကြိမ် ချန်လန် ပြည်နယ်စာမေးပွဲမှာ ပထမနေရာ (ကျွမ့်ယွမ်)က အောက်ယွီ ပါ။ ဒုတိယနေရာ (ယာ့ယွမ်)က စုမန် ပါ။”
တတိယနေရာ အကြောင်းကိုတော့ မည်သူကမှ ဂရုမစိုက်ကြတော့ပေ။
ထိုစကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးဦးလုံးမှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကျောရိုးမကြီးများ စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
အချိန်အတော်ကြာမှ အားလုံး အချင်းချင်း ကြည့်ကာ အံ့အားသင့်မှုများကို ဖလှယ်ကြလေသည်။ မဟုတ်ပေ။ ကြောက်လန့်မှုများဖြစ်သည်။
“မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်ဘူး။ အရူး တစ်ယောက်ယောက်ကများ အောင်စာရင်းအတု လာကပ်သွားတာလား။” ယွဲ့တန်းဖျင်၏ နဝမ ပညာတတ်က တုန်ယင်စွာ မေးလိုက်၏။
“မဟုတ်ပါဘူး။ အောင်စာရင်း အစစ်ပါ။ ဒုတိယ စာမေးပွဲ စစ်ဆေးသူ မင်ကျင်းယွမ် ကိုယ်တိုင် လာကပ်သွားတာပါ။” ဓားသမား ချီက ပြန်ဖြေသည်။
ပညာတတ် ဆယ့်သုံးဦးလုံး ခေါင်းမူးသွားသကဲ့သို့ ခံစားလိုက်ရပြီး ခြေလက်များ အေးစက်လာကာ ထွက်သက်များပင် အေးစက်နေသကဲ့သို့ ခံစားလိုက်ရ၏။
“ဒီ… ဒီအထဲမှာ တစ်ခုခုမှားနေပြီ မဟုတ်လား။ လိမ်လည်ထားတာများလား။”
“ဟုတ်တယ်။ အောက်ယွီက စာမတတ်ပေမတတ် ဆိုတာ အားလုံး အသိပဲ။ စာမေးပွဲ မတိုင်ခင် ညကအထိ ကျုံးယုံရဲ့ ပဉ္စမ စာမျက်နှာကို အလွတ်ကျက်နေသေးတာ။ ပြီးတော့ စာမေးပွဲရုံထဲမှာ သုံးရက်လုံးလုံး အိပ်နေခဲ့တာ။ ဘယ်လိုလုပ် စာမေးပွဲ အောင်နိုင်မှာလဲ။ ပြီးတော့ ပထမနေရာ တောင် ရသေးတယ်။”
“စာမေးပွဲ စစ်ဆေးသူတွေကများ ရူးကြောင်ကြောင် လုပ်နေတာလား။”
“မေးခွန်းတွေ ပေါက်ကြားသွားတာများလား။”
ပညာတတ် အားလုံးက ဝိုင်းဝန်း ပြောဆိုနေကြ၏။ ဤသို့ ပြောဆိုခြင်းဖြင့်သာ သူတို့၏ ရင်တွင်းမှ ကြောက်လန့်မှုများကို ဖြေဖျောက်နိုင်မည်ဟု ထင်မှတ်နေကြသည်။
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က တည်ငြိမ်စွာ ပြောလိုက်၏။ “ယွီကျန်းက ရူးသွားတယ် ဆိုရင်တောင် မင်ကျင်းယွမ်က ရူးသွားမှာလား။ ကျန်တဲ့ စာမေးပွဲ စစ်ဆေးသူ ဆယ့်တစ်ယောက်လုံးကရော ရူးသွားကြတာလား။ ယွီကျန်းရဲ့ စရိုက်က ချို့ယွင်းချက် ရှိပေမယ့် သူ့ရဲ့ ပညာအရည်အချင်းကို ဘယ်သူက သံသယ ဝင်ရဲလို့လဲ။”
ယွီကျန်းသည် လွန်ခဲ့သော နှစ်လေးဆယ်ကျော်က တတိယအဆင့် အမတ် ဖြစ်ခဲ့သူဖြစ်ရာ သူ၏ ပညာ အရည်အချင်းမှာ ပြောစရာ မလိုလောက်အောင် အလွန် ကောင်းကြောင်း သေချာလှသည်။
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ဆက်ပြော၏။ “နောက်တစ်ခုက… မေးခွန်း ပေါက်ကြား သွားတာလားလို့ မေးနေကြတယ်။ ဒါဆို ကျုပ် ပြန်မေးမယ်။ အကယ်၍ ဒီတစ်ကြိမ် ပြည်နယ်စာမေးပွဲ မေးခွန်းတွေ တကယ် ပေါက်ကြားသွားခဲ့တယ်ဆိုရင် ပထမဆုံး သိမယ့်သူက ဘယ်သူလဲ။”
ပညာတတ် အားလုံး ငြိမ်ကျသွားကြ၏။ ယွဲ့တန်းဖျင် အဖွဲ့အစည်းက ထင်မြင်ယူဆချက် အာဏာကို ချုပ်ကိုင်ထားပြီး အဆက်အသွယ် အလွန်များပြားသည်။
အကယ်၍ ဤတစ်ကြိမ် ပြည်နယ်စာမေးပွဲ မေးခွန်းများ တကယ် ပေါက်ကြားသွားခဲ့ပါက သူတို့က အရင်ဆုံး သိရှိရမည်ဖြစ်ပြီး နုလန်ဟောက် အောက်ရှင်း ထံသို့ ရောက်ရှိရန် အကြောင်း မရှိပေ။
“ကျုပ်တို့ အားလုံး အရူးလုပ်ခံလိုက်ရပြီ။ အောက်ယွီ ဆိုတဲ့ကောင်က သရုပ်ဆောင်နေတာ။”
ယွဲ့တန်းဖျင်၏ ပညာတတ်က ပြောလိုက်၏။ “သူက ဝက်လို ဟန်ဆောင်ပြီး ကျားကို စားတာပဲ။ သူက လူတိုင်းကို ဒုက္ခပေးလိုက်တာပဲ။ ကျုပ် အဲဒီတုန်းက စဉ်းစားမိသား။ ကျူ့လန်ထျန်းက သာမန် လူမဟုတ်ဘူး၊ သူက ဆယ်နှစ်လုံးလုံး လက်စားချေဖို့ မကြိုးစားဘဲ ဘာလို့ အခုမှ လာလုပ်တာလဲလို့။ အခု ပြန်တွေးကြည့်တော့ သူ့ရဲ့ အမြင်က အရမ်း ကျယ်လွန်းတယ်။ သူ တစ်ယောက်တည်းကသာ အောက်ယွီရဲ့ တကယ့် ပါရမီကို သိထားတာပဲ။
ပြီးတော့ ကျောက်တုံးမှတ်တမ်း ဆိုတာလည်း အောက်ယွီ ရေးတာပဲ။ ကျုပ်တို့က သူ့ကို ခိုးချတယ်လို့ စွပ်စွဲတုန်းက သူက ဘာမှ မငြင်းဘူး။ ကျူ့လန်ထျန်းကလည်း အောက်ယွီကို ကာကွယ်ပေးဖို့ ထွက်မလာဘူး။ အားလုံးက အောက်ယွီကို ခိုးချတယ်လို့ စွပ်စွဲနေတာကို သူတို့က သဘောတူသလို ဟန်ဆောင်နေကြတာ။
သူတို့က ကျုပ်တို့ကို အောက်ယွီကို အထင်သေးနေစေချင်တာပဲ။ ဒါမှသာ လူသောင်းပေါင်းများစွာ ရှေ့မှာ အဲဒီ စာချုပ်ကို လက်မှတ်ထိုးမှာလေ။ သူတို့ရဲ့ ရည်ရွယ်ချက်က ကျုပ်တို့ရော၊ အောက်မင်ရော၊ တွမ်ယင်းယင်းကိုပါ တပြိုင်နက်တည်း ဖျက်ဆီးပစ်ဖို့ပဲ။ ဒီကောင်လေးက အရမ်း ရက်စက်တာပဲ။”
ယွဲ့တန်းဖျင်၏ အခြား ပညာတတ် တစ်ဦးက တုန်ယင်စွာ မေးလိုက်၏။ “ဒါဆို ဘယ်လိုလုပ်မလဲ။ ကျုပ်တို့ တကယ်ပဲ ယွဲ့တန်းဖျင် အဖွဲ့အစည်းကို ဖျက်သိမ်းရတော့မှာလား။ ဒါဆိုရင် နာမည် လုံးဝ ပျက်သွားပြီလေ။ ဒီမှာရှိနေတဲ့ ကျုပ်တို့ အားလုံးရဲ့ နာမည်ဂုဏ်သတင်းနဲ့ အနာဂတ်တွေ အားလုံး ပျက်စီးသွားပြီပေါ့။”
အပိုင်း (၂၇၂)
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ပြောလိုက်သည်။ “သွားမယ်… စာမေးပွဲရုံကို သွားမယ်။ သူတို့က အဖြေလွှာတွေကို သေချာပေါက်ကပ်ထားလိမ့်မယ်။ အောက်ယွီရဲ့ အဖြေလွှာကို သွားကြည့်မယ်။ ကြက်ဥထဲကနေ အရိုးရှာရရင်တောင် ရှာမယ်။ ဟာကွက် တစ်ခုလေးတွေ့တာနဲ့ သူ့ကို သေတဲ့အထိ တိုက်ခိုက်မယ်။”
ထို့နောက် ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးဦးလုံး ထွက်ခွာကာ စာမေးပွဲရုံသို့ ဦးတည်သွားကြလေ၏။
သူတို့ တစ်ဖွဲ့တည်း မဟုတ်ပေ။ ဝေမြို့စားကြီး အိမ်တော်မှ တွမ်ယင်းယင်း၊ အောက်မင်၊ အောက်ထင် တို့လည်း အားလုံး ထွက်လာကာ စာမေးပွဲရုံသို့ ဦးတည်သွားကြသည်။
အဖြေလွှာများကပ်ထားမည်မှာ သေချာသည်။ အောက်ယွီ မည်သို့သော နိုင်ငံရေး စာစီစာကုံးများကို ရေးသားခဲ့သနည်း၊ မည်သို့သော ကဗျာ လင်္ကာများကို ရေးဖွဲ့ခဲ့သနည်း ဆိုသည်ကို သူတို့ ကြည့်ချင်ကြ၏။
ဘာအကြောင်းကြောင့် စုမန်ကို ကျော်ဖြတ်နိုင်ခဲ့သနည်း။ ဘာအကြောင်းကြောင့် ပထမနေရာ (ကျွမ့်ယွမ်)ကို ရရှိခဲ့သနည်း။
“စာမေးပွဲရုံသို့ သွားကြ။ စာမေးပွဲရုံသို့ သွားကြမယ်။”
“ကျုပ်တို့ လုံးဝ မကျေနပ်ဘူး။ လုံးဝ မကျေနပ်ဘူး။”
အမှန်တကယ်တော့ ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးဦး သို့မဟုတ် ဝေမြို့စားကြီး အိမ်တော်မှ လူများ လာရောက်ရန် မလိုအပ်ပေ။
ဤအနီရောင် အောင်စာရင်း ကပ်လိုက်သည်နှင့် တပြိုင်နက် လူအုပ်ကြီးက ချက်ချင်း ပေါက်ကွဲထွက်သွား၏။
ပထမဆုံး လုံးဝ အံ့အားသင့်သွားကြပြီးနောက် ဒေါသတကြီး ဆူညံသွားကြသည်။
“လိမ်လည်မှု… လိမ်လည်မှု… လိမ်လည်မှု…”
“စာမေးပွဲ မတရားဘူး။ လိမ်လည်မှု ရှိတယ်။ လိမ်လည်မှု ရှိတယ်…”
အစပိုင်းတွင် လူအနည်းငယ်ကသာ အော်ဟစ်ခဲ့ပြီး အများစုမှာ စာမေးပွဲ ကျရှုံးခဲ့သူများ ဖြစ်ကြ၏။
စာမေးပွဲ အောင်မြင်ခဲ့သူများကမူ အလွန် ထူးဆန်းသည်ဟု ခံစားရသော်လည်း ချက်ချင်း လိမ်လည်မှုဟု မအော်ဟစ်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က အလွန် ခက်ခဲစွာဖြင့် စာမေးပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
အကယ်၍ အကြီးအကျယ် လိမ်လည်မှု တကယ် ဖြစ်ပေါ်ခဲ့ပါက စာမေးပွဲ ပြန်လည် ဖြေဆိုရမှာဖြစ်၏။ နောက်တစ်ကြိမ် ထပ်မံ ဖြေဆိုရပါက အောင်မြင်ရန် ယုံကြည်ချက် မရှိကြတော့ပေ။
သို့ပေမည့် မိမိကိုယ်ကို ပါရမီရှင်ဟု ထင်မှတ်ထားပြီး အဆင့် သတ်မှတ်ချက်ကို မကျေနပ်သူများလည်း ပါဝင်ကာ လိမ်လည်မှုဟု အော်ဟစ်ကြ၏။
ထို့အပြင် စာမေးပွဲရုံ အပြင်ဘက်တွင် ရှိနေသူ အများစုမှာ စာမေးပွဲ ကျရှုံးသူများ ဖြစ်ကြသည်။ ကျောင်းသား သုံးထောင့်ငါးရာတွင် ကိုးဆယ့်ငါးဦးသာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
“လိမ်လည်မှု… လိမ်လည်မှု… လိမ်လည်မှု…”
“ပင်မစာမေးပွဲ စစ်ဆေးသူ ထွက်ခဲ့… ပင်မစာမေးပွဲ စစ်ဆေးသူ ထွက်ခဲ့…”
မကြာမီပဲ လူထောင်ပေါင်းများစွာက တညီတညွတ်တည်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်လာကြ၏။
သို့ပေမည့် အချိန်ကြာကြာ မစောင့်လိုက်ရပေ။ ဒုတိယ စာမေးပွဲ စစ်ဆေးသူ မင်ကျင်းယွမ်က ထွက်ပေါ်လာပြီး စာရေးသူ ဒါဇင်ပေါင်းများစွာကို ခေါ်ဆောင်ကာ ပထမ ဆယ်ယောက်၏ အဖြေလွှာများကို နံရံတွင် ကပ်လိုက်လေသည်။
“ခင်ဗျားတို့က လိမ်လည်မှုလို့ အော်နေတယ် မဟုတ်လား။ အခု အဖြေလွှာတွေ အားလုံးကို ကပ်ထားလိုက်ပြီ။ ကိုယ့်ဘာသာ ဖတ်ကြည့်ကြ။”
အထူးသဖြင့် အောက်ယွီ၏ အဖြေလွှာကို အထင်ရှားဆုံး နေရာတွင်ကပ်ထားပြီး အားလုံးကို ရှင်းရှင်းလင်းလင်း ဖတ်ရှုစေကာ အံ့အားသင့်သွားစေရန် ရည်ရွယ်ထား၏။
ထင်ထားသည့် အတိုင်းပင် အဖြေလွှာများကိုကပ်လိုက်သည်နှင့် တပြိုင်နက် လူတိုင်းက အလုအယက် ပြေးသွားကြပြီး အောက်ယွီ၏ အဖြေလွှာ ရှေ့တွင် ဝိုင်းအုံသွားကြသည်။
သေချာသည်မှာ လူအလွန် များပြားလွန်းသောကြောင့် အဝေးမှနေ၍ ရှင်းလင်းစွာ မမြင်ရပေ။ ထို့ကြောင့် အနီးဆုံးတွင် ရှိနေသူများက အသံကျယ်ကျယ်ဖြင့် ဖတ်ပြရသည်။ တစ်ယောက်တည်း ဖတ်ပြရုံဖြင့် မလုံလောက်သောကြောင့် လူအနည်းငယ်က အတူတကွ ဖတ်ပြကြ၏။
ပထမဆုံး အနေဖြင့် ထိုနေရာတွင် ရှိနေသူ အားလုံး လုံးဝ အံ့အားသင့်သွားကြ၏။ ပထမနေ့၏ ကွက်လပ်ဖြည့်နှင့် ကျမ်းစာ ဖွင့်ဆိုချက် မေးခွန်း နှစ်ရာလုံး မှန်ကန်နေသည်။
ဤသည်မှာ အလွန် အံ့အားသင့်ဖွယ် ကောင်းလှ၏။ ယခုတစ်ကြိမ် စာမေးပွဲ၏ ကွက်လပ်ဖြည့်နှင့် ကျမ်းစာ ဖွင့်ဆိုချက် မေးခွန်းများက ဤမျှ ခက်ခဲနေသည်ကို အောက်ယွီက အားလုံး မှန်ကန်အောင် ဖြေနိုင်သည်လား။
ဤကဲ့သို့ ကိစ္စရပ်မျိုး ချန်လန်ပြည်နယ်၏ သမိုင်းတစ်လျှောက် အတိတ်တွင်လည်း မရှိခဲ့သလို အနာဂတ်တွင်လည်း ရှိလာမည် မဟုတ်တော့ပေ။
ထို့နောက် နိုင်ငံရေး စာစီစာကုံး သုံးပုဒ်ကို ဆက်လက် ဖတ်ပြကြ၏။
ဆရာကြီး ဆူးရှီ၏ ရှေးဟောင်း စည်းမျဉ်းများ ပြန်လည် ဖော်ထုတ်ခြင်းကို ဖတ်ပြချိန်တွင် အနည်းငယ် ငြိမ်သက်သွားကြသည်။
ဆရာကြီး အိုးရန်ရှို့၏ ပါတီဂိုဏ်းဂဏ အကြောင်းကို ဖတ်ပြချိန်တွင် လုံးဝ ငြိမ်သက်သွားကြပြီး မည်သူကမှ မအော်ဟစ်ကြတော့ဘဲ တိတ်ဆိတ်စွာ နားထောင်နေကြ၏။
ထို့နောက် အရေးအကြီးဆုံး စာစီစာကုံးရှည် ဖြစ်သော စုန့်မင်းဆက်၏ ပထမရသူ (ကျွမ့်ယွမ်) ဟွမ်ရှန်၏ လက်ရာကို ဖတ်ပြကြသည်။
တည်နေရာ တစ်ခုလုံး တိတ်ဆိတ်သွား၏။ ဤသူများအားလုံးက ရှို့ချိုင်များ ဖြစ်ကြရာ ကိုယ်ပိုင် အရည်အချင်းက မည်သို့ပင် ရှိစေကာမူ အကဲဖြတ်နိုင်စွမ်းကတော့ အလွန် မြင့်မားကြသည်။ ဤစာစီစာကုံး သုံးပုဒ်၏ အဆင့်အတန်းက အလွန် မြင့်မားကြောင်း သူတို့ သေချာပေါက် သိရှိကြ၏။
ပထမနေရာ (ကျွမ့်ယွမ်) ရနိုင်မရနိုင် မသေချာသော်လည်း ထိပ်ဆုံး နေရာများတွင် ပါဝင်မည်မှာ သေချာလှသည်။
ယွင်ကျုံးဟဲ့၏ အထင်အရ ပါတီဂိုဏ်းဂဏ အကြောင်းကို ဖတ်ပြချိန်တွင် လူတိုင်း အံ့အားအသင့်ဆုံး ဖြစ်မည်ဟု ထင်မှတ်ထားခဲ့၏။
အဘယ်ကြောင့်ဆိုသော် ဤစာစီစာကုံးမှာ ဆရာကြီး အိုးရန်ရှို့ ရေးသားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းခေတ် ကမ္ဘာတွင် အလွန် နာမည်ကြီးသောကြောင့် ဖြစ်သည်။
သို့ပေမည့် မမျှော်လင့်ဘဲ နေမင်း၏ အရောင်ငါးမျိုး လင်္ကာကို ဖတ်ပြချိန်တွင် လူတိုင်း၏ တုံ့ပြန်မှုက အပြင်းထန်ဆုံး ဖြစ်နေခဲ့၏။
ထိုနေရာတွင် ရှိနေသော ပညာတတ်များက ရူးသွပ်မတတ် နစ်မြောနေကြသည်။
မတတ်နိုင်ပေ။ ထန်မင်းဆက်၏ ပထမရသူ (ကျွမ့်ယွမ်)၏ ဤနေမင်း၏ အရောင်ငါးမျိုး လင်္ကာက အလွန် ခမ်းနားလွန်းပြီး အလွန် တောက်ပလွန်းနေ၏။
လူတိုင်း နားထောင်ပြီးနောက် ဤလင်္ကာဖြင့် ပထမနေရာ (ကျွမ့်ယွမ်) သေချာပေါက် ရသင့်သည်ဟု ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ဤလင်္ကာက ဧကရာဇ်မင်းမြတ်ကို မြှောက်ပင့်ပေးထားခြင်း ဖြစ်ပြီး ဤနေမင်း၏ အရောင်ငါးမျိုး လင်္ကာသည် အထွတ်အထိပ်သို့ ရောက်ရှိနေကာ အကြီးကျယ်ဆုံးသော လက်ရာ ဖြစ်သောကြောင့်ပင်။
ထို့နောက် လမင်း အကြောင်း ရေးဖွဲ့ထားသော ပထမ လပြည့်ည ကဗျာကို ဖတ်ပြချိန်တွင် လူအုပ်ကြီးက လုံးဝ ပေါက်ကွဲထွက်သွား၏။
“လမင်းကြီးက သစ်ကိုင်းဖျားပေါ် ရောက်လာတဲ့ အချိန်၊ ညနေစောင်းမှာ လူတစ်ယောက်နဲ့ ချိန်းတွေ့ခဲ့တယ်။
ဆိုတဲ့ စာသားက အရမ်း လှပလွန်းတယ်။”
“ဒါပေမဲ့ မနှစ်က လူကို မတွေ့ရတော့ဘူး၊ မျက်ရည်တွေက နွေဦး အင်္ကျီလက်ကို စိုရွှဲသွားစေတယ် ဆိုတာကတော့ တကယ်ကို ကြေကွဲ ဝမ်းနည်းစရာ ကောင်းလွန်းတာပဲ။”
ထို့နောက် နောက်ဆုံးကဗျာကို ဖတ်ပြကြ၏။
ကိုယ်ခန္ဓာမှာ ရောင်စုံ ဖီးနစ်ငှက်လို အတောင်ပံ မပါပေမယ့်၊ နှလုံးသားချင်းကတော့ နားလည်မှု ရှိနေပါတယ်" ဆိုသည့် စာကြောင်း ထွက်ပေါ်လာချိန်တွင် လူအားလုံး ထပ်မံ ဆူညံသွားပြန်၏။ ဤသည်မှာ တကယ့် ထာဝရ ဂန္ထဝင် စာကြောင်းဖြစ်ပြီး အလွန် ကောင်းမွန်စွာ ရေးဖွဲ့ထားသည်။
လူတိုင်း ရူးသွပ်မတတ် နစ်မြောသွားကြသည်။ အောက်ယွီ၏ အဖြေလွှာကို ဖတ်ရှုရခြင်းက စိတ်လှုပ်ရှားဖွယ် ကောင်းသော စိတ်ပိုင်းဆိုင်ရာ ခရီးစဉ် တစ်ခုကို ဖြတ်သန်းရသကဲ့သို့ ဖြစ်နေ၏။
ပထမနေ့၏ ကွက်လပ်ဖြည့်နှင့် ကျမ်းစာ ဖွင့်ဆိုချက်က လုံလောက်အောင် အံ့အားသင့်ဖွယ် ကောင်းနေပြီး သမိုင်းဝင် စံချိန်ကို ချိုးဖျက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။
သို့ပေမည့် ထိုအရာက အဖြေလွှာ၏ အညံ့ဆုံးအပိုင်း ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။ နိုင်ငံရေး စာစီစာကုံးက ပိုမို အံ့အားသင့်ဖွယ် ကောင်းမည်ဟု ထင်မှတ်ထားချိန်တွင် နေမင်း၏ အရောင်ငါးမျိုး လင်္ကာက ပို၍ပင် အဆင့်အတန်း မြင့်မားနေပြန်၏။
ဤလင်္ကာက အထွတ်အထိပ်သို့ ရောက်နေပြီဟု ထင်မှတ်ထားချိန်တွင် နောက်ဆုံးကဗျာ နှစ်ပုဒ်က ထပ်မံ ရိုက်ခတ်လာပြန်သည်။
တကယ့် ထာဝရ ဂန္ထဝင် စာကြောင်းများဖြစ်ပြီး လူကို ကြက်သီးထသွားစေကာ နှလုံးသားကို ချက်ချင်း ထိမှန်သွားစေ၏။ ရင်တွင်း အနက်ရှိုင်းဆုံး နေရာတွင်ပင် နက်ရှိုင်းသော အမှတ်အသား တစ်ခု ချန်ထားခဲ့နိုင်စွမ်း ရှိ၏။
ဒုတိယ စာမေးပွဲ စစ်ဆေးသူ မင်ကျင်းယွမ်က အေးစက်စွာ ရယ်မောလိုက်ပြီး မေးလိုက်သည်။ “အားလုံး ဖတ်ပြီးပြီလား။”
လူတိုင်း တိတ်ဆိတ်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက လုံးဝ သန့်စင်သွားသကဲ့သို့ ခံစားလိုက်ရသောကြောင့်ပင်။
ဒုတိယ စာမေးပွဲ စစ်ဆေးသူ မင်ကျင်းယွမ်က ဆက်ပြောလိုက်၏။ “အရမ်း အံ့သြသွားကြတယ် မဟုတ်လား။ အရမ်း လန့်သွားကြတယ် မဟုတ်လား။ ဒါဆို ကျုပ် ခင်ဗျားတို့ကို ပြောပြမယ်။ ကျုပ်တို့က ဒီအဖြေလွှာကို စစ်ဆေးရတဲ့ အချိန်မှာ ခင်ဗျားတို့ထက် ပိုပြီး အံ့သြခဲ့ရတယ်။ ပိုပြီး လန့်ခဲ့ရတယ်။
နာမည် ဖုံးအုပ်ထားတာကို ဖွင့်လိုက်ပြီး ဒါက အောက်ယွီရဲ့ အဖြေလွှာ ဆိုတာကို သိလိုက်ရတဲ့ အချိန်မှာ ကျုပ်တို့ရဲ့ ဝိညာဉ်တွေတောင် လွင့်စင်မတတ် ဖြစ်သွားခဲ့ရတယ်။”
ထိုစကားကို ကြားချိန်မှာတော့ ကျောင်းသား အများအပြားက ရယ်မောလိုက်ကြသည်။
“လိမ်လည်မှု… လိမ်လည်မှုလို့ ခင်ဗျားတို့က ပထမဆုံး အော်ဟစ်ခဲ့တယ်လို့ ထင်နေတာလား။ ကျုပ် ပြောပြမယ်။ ကျုပ်တို့က ဒီအဖြေလွှာကို စစ်ဆေးရတဲ့ အချိန်၊ ပထမနေ့ ကွက်လပ်ဖြည့်နဲ့ ကျမ်းစာ ဖွင့်ဆိုချက် မေးခွန်း နှစ်ရာလုံး မှန်ကန်နေတာကို တွေ့လိုက်ရတဲ့ အချိန်မှာ ကျုပ်တို့ အရမ်း ကြောက်လန့်ပြီး ခြေလက်တွေတောင် အေးစက်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့ရဲ့ ပထမဆုံး တုံ့ပြန်မှုက ဒီကျောင်းသား အရမ်း တော်တာပဲလို့ မတွေးမိဘူး။ မေးခွန်းတွေ ပေါက်ကြားသွားတာများလားလို့ပဲ တွေးမိခဲ့တာ။”
ဒုတိယ စာမေးပွဲ စစ်ဆေးသူ မင်ကျင်းယွမ်က ဆက်ပြောပြလိုက်၏။ “အဲဒီနောက် ရက်ပေါင်းများစွာ ညရောနေ့ပါ အဖြေလွှာတွေကို စစ်ဆေးနေတဲ့ အချိန်မှာ ကျုပ်တို့ရဲ့ ခေါင်းထဲမှာ ဒီမေးခွန်းကိုပဲ စဉ်းစားနေခဲ့တာ။
ဒီပထမနေ့ စာမေးပွဲမှာ အမှတ်ပြည့် ရတဲ့သူက တကယ် ဘယ်သူလဲ။ လူလား သရဲလား ဆိုတာပေါ့။ ဒါကြောင့် အားလုံး အဆင်သင့် ဖြစ်ပြီး နာမည် ဖုံးအုပ်ထားတာကို ဖွင့်တဲ့ အချိန်မှာ ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းကိုယ်တိုင် ဖွင့်ခဲ့တာ။ အောက်ယွီ ဆိုတဲ့ နာမည်ကိုတွေ့လိုက်ရတဲ့ အချိန်မှာ သူ သတိလစ်မတတ် ဖြစ်သွားခဲ့တယ်။ အခုထိ သတိမလည်သေးလို့ ကုတင်ပေါ်မှာ လှဲနေရတုန်းပဲ။”
ထိုနေရာတွင် ရှိနေသူ အားလုံးက ထပ်မံ ရယ်မောလိုက်ကြပြန်၏။ အကယ်၍ ယွင်ကျုံးဟဲ့သာ ထိုနေရာတွင် ရှိနေပါက မင်ကျင်းယွမ်ကို ဟန်လင် နန်းတွင်းကျောင်းတွင် ဆက်မနေရန် အကြံပြုပေလိမ့်မည်။
‘ဒီနေရာမှာ နေတာက ခင်ဗျား၏ ပါရမီကို ဖြုန်းတီးရာ ရောက်တယ်။ အပြင်ထွက်ပြီးကိုယ်ပိုင် စီးပွားရေး အဖြစ် ပြဇာတ်ရုံ တစ်ခု ဖွင့်လိုက်ပါလား။’
မင်ကျင်းယွမ်က မေးလိုက်သည်။ “ခင်ဗျားတို့က ပထမဆုံး လိမ်လည်မှုလို့ အော်ခဲ့တယ် ထင်နေတာလား။ ကျုပ်တို့ စိတ်ထဲမှာ နှစ်ခါတောင် အော်ခဲ့ပြီးပြီ။ ဒါပေမဲ့ ဒီအဖြေလွှာကို ကြည့်စမ်း။ ရင်ဘတ်ပေါ် လက်တင်ပြီး စဉ်းစားကြည့်။ တကယ်လို့ ခင်ဗျားတို့က စာမေးပွဲ စစ်ဆေးသူ ဆိုရင် ပထမနေရာ (ကျွမ့်ယွမ်)ကို ဘယ်သူ့ကို ပေးမလဲ။”
လူတိုင်း တိတ်ဆိတ်သွားကြ၏။
သူက ဆက်ပြောလိုက်သည်။ “ကျုပ်တို့အဖွဲ့က ပညာအရည်အချင်း မြင့်မားတဲ့ သူတွေပါ။ လမ်းပေါ်က တောင်းရမ်းစားသောက်နေတဲ့ အဘိုးကြီး တစ်ယောက်ကိုပဲ ဖြစ်ဖြစ်၊ လမ်းပေါ်က ဗေဒင်ဟောနေတဲ့ လိမ်လည်သူ တစ်ယောက်ကိုပဲဖြစ်ဖြစ် ခေါ်လာပြီး စာမေးပွဲ စစ်ဆေးသူ လုပ်ခိုင်းရင်တောင်၊ သူ စာဖတ်တတ်ရင် အောက်ယွီကိုပဲ ပထမနေရာ ပေးမှာပဲ။
ကျုပ် သိပါတယ်။ ဒီမှာ ရှိနေတဲ့ လူအများစုက အောက်ယွီကို မကြိုက်ကြဘူး ဆိုတာကို။ တိုက်ဆိုင်လိုက်တာ၊ ကျုပ်လည်း သူ့ကို မကြိုက်ဘူး။ ပိုပြီး တိုက်ဆိုင်တာက ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းက အမုန်းဆုံးပဲ။ သူ့ကို စာမေးပွဲရုံကနေတောင် နှင်ထုတ်လုနီးပါး ဖြစ်ခဲ့သေးတာ။
ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးတွေလေ။ ဘိုးဘေးတွေရဲ့ ကောင်းမှုကြောင့် ချမ်းသာကြွယ်ဝမှုတွေကို ခံစားနေရတာဆိုတော့ ကျုပ်တို့လို ပညာတတ်တွေရဲ့ ရန်သူတွေပေါ့။
ကျုပ် သူ့ကို အမြင်မကြည်တာ ကြာပြီ။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ သူက ကောင်းနေတာကိုး။ ဒီအဖြေလွှာကို တွေ့လိုက်ရတော့ မကြိုက်ပေမယ့် နှာခေါင်း ပိတ်ပြီးတော့ကို ပထမနေရာ ပေးလိုက်ရတာပဲ။ သေချာတာပေါ့။ ဒီအဖြေလွှာက အောက်ယွီရဲ့ အံ့မခန်း ပါရမီကို အပြည့်အဝ ပြသနေပါတယ်။
ဒါပေမဲ့ သူ့အပေါ် ကျုပ်ရဲ့အမြင် ဘယ်လိုရှိလဲလို့ မေးရင် စကား တစ်ခွန်းပဲ ပြောစရာ ရှိတယ်။ ခင်ဗျားက ဘိုးဘေးတွေရဲ့ ကောင်းမှုကြောင့် ချမ်းသာကြွယ်ဝမှုတွေကို အေးအေးဆေးဆေး ခံစားနေတာကမှ ပိုကောင်းအုံးမယ်။ ဘာလို့ လာပြီး ကျုပ်တို့ရဲ့ ထမင်းပန်းကန်ကို လုနေရတာလဲ။ ခင်ဗျားက ဝက်လို ဟန်ဆောင်ပြီး ကျားကို စားတာ မဟုတ်ဘူး၊ ခင်ဗျားက လူတွေကို ဒုက္ခပေးနေတာပဲ။
ကျုပ် ပြောစရာ ရှိတာ ကုန်ပြီ။ အခြေအနေတွေကတော့ ဒီအတိုင်းပဲ။ ခင်ဗျားတို့ မကျေနပ်ရင် အောက်ယွီရဲ့ အဖြေလွှာကို တစ်လုံးချင်း သေချာ လေ့လာပြီး အမှားရှာဖို့ ဖိတ်ခေါ်ပါတယ်။ တကယ်လို့ ခင်ဗျားတို့က သူ့ကို ပထမနေရာ (ကျွမ့်ယွမ်)ကနေ ဆွဲချနိုင်ရင် ခင်ဗျားတို့ကို တကယ် တော်တယ်လို့ အသိအမှတ် ပြုပါ့မယ်။”
စကားအဆုံးတွင် ဒုတိယ စာမေးပွဲ စစ်ဆေးသူ မင်ကျင်းယွမ်က ထွက်ခွာကာ စာမေးပွဲရုံ အတွင်းသို့ ပြန်ဝင်သွားလေ၏။
ထိုစဉ် ကျောင်းသား တစ်ဦးက နားထောင်လို့ အလွန် ကောင်းနေသောကြောင့် အော်ပြောလိုက်သည်။ “သခင်ကြီးမင်… နောက်ထပ် တစ်ပိုဒ်လောက် ထပ်ပြောပြပါအုံး။”
မင်ကျင်းယွမ်က မေးလိုက်၏။ “ခင်ဗျား နာမည်က ယွီအန်း မဟုတ်လား။ အဆင့် ဆယ့်သုံးနေရာ ရတဲ့သူလေ။ ကြုံလို့ ပြောပြလိုက်မယ်။ နောက်နှစ် မြို့တော်စာမေးပွဲမှာ ကျုပ်က ဒုတိယ စာမေးပွဲ စစ်ဆေးသူ ဖြစ်ဖို့များတယ်။ ခင်ဗျားက တကယ်ပဲ ကျုပ်ကို နောက်ထပ် တစ်ပိုဒ်လောက် ထပ်ပြောပြစေချင်သေးလား။”
ထို ယွီအန်းဆိုသော ကျူရန် အသစ်လေးမှာ အလျင်အမြန် ဒူးထောက်ကာ လက်သီးဆုပ်ပြီး တောင်းပန်လေတော့သည်။
......................