အခန်း (၂၇၃-၂၇၄)
Vol. 24 Ch. 273-274
အပိုင်း (၂၇၃)
ထိုအချိန်တွင် ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးဦး၊ အောက်ထင်၊ အောက်မင် နှင့် တွမ်ယင်းယင်း တို့ပင် ရုပ်ဖျက်ကာ စာမေးပွဲရုံ အရှေ့သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ သူတို့က အောက်ယွီ၏ အဖြေလွှာကို အသေးစိတ် စစ်ဆေးကာ ကြက်ဥ ထဲကနေ အရိုးရှာသကဲ့သို့ ဟာကွက် တစ်ခုခုကို သေချာပေါက် ရှာဖွေ တွေ့ရှိရန် ကြိုးစားနေကြ၏။
အကြိမ်ပေါင်း ဒါဇင်ချီ ကြည့်ရှုပြီးသွားသော်လည်း သူတို့ ကြည့်လေ ကြောက်လန့်လေ၊ ကြည့်လေ စိတ်ပျက်လေ ဖြစ်လာသည်။
ဤကဲ့သို့သော အဖြေလွှာမျိုးသည် ချန်လန်ပြည်နယ်တွင် သာမက တာရှအင်ပါယာသို့ သွားရောက် ဖြေဆိုလျှင်ပင် ပထမနေရာ သေချာပေါက် ရရှိမှာဖြစ်သည်။ အလွန် ကောင်းလွန်းလှ၏။
လုံးဝ အပြစ်ပြောစရာ မရှိအောင် ပြီးပြည့်စုံနေပြီး အံ့အားသင့်ဖွယ် အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေသည်။
ယခုအခါ အပြင်ဘက်တွင် ဒုတိယ နေရာမှ ဒသမ နေရာအထိ အဖြေလွှာများကိုလည်းကပ်ထားသေး၏။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အောက်ယွီ၏ အဖြေလွှာက ထိုသူများ အားလုံးကို လုံးဝ အပြတ်အသတ် ဖိနှိပ်ထားပြီး လုံးဝ ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်၏။
တတိယနေရာ ရရှိသော အဖြေလွှာသည် မူလက အလွန် ကောင်းနေပြီဖြစ်ပြီး အခြားပြည်နယ်များတွင် ဆိုလျှင် ပထမနေရာ ရရှိနိုင်စွမ်း ရှိသည်။
ထို့အပြင် ဤ တတိယ နေရာ ရရှိသော ကျန်ကျွယ် ဆိုသူမှာ မြို့ဝန် ဝေ့ချီတွမ်နှင့် အောက်ထင် တို့က အောက်ယွီကို တားဆီးရန်အတွက် အခြား ပြည်နယ်မှ အတင်းအကျပ် ပြောင်းရွှေ့လာစေခဲ့သော ပါရမီရှင် တစ်ဦး ဖြစ်၏။
သူ၏ အဖြေလွှာက အလွန် ကောင်းမွန်နေပြီ ဖြစ်သောကြောင့် တတိယ နေရာ ရရှိခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် အောက်ယွီ၏ အဖြေလွှာ အရှေ့တွင်မူ လုံးဝမှေးမှိန်သွားခဲ့သည်။
ယခုတစ်ကြိမ် အောက်ယွီက အခြားသော ကျောင်းသား သုံးထောင့်ငါးရာကျော်ကို လုံးဝ မြေကြီးပေါ် ဆွဲချကာ အပြတ်အသတ် ဖိနှိပ်လိုက်ခြင်း ပင်ဖြစ်၏။
ထို့အပြင် အကြိမ်ပေါင်း ဒါဇင်ချီ စစ်ဆေးပြီးသွားသော်လည်း အောက်ယွီ၏ အဖြေလွှာတွင် မည်သည့် ဟာကွက်မျှ မရှိကြောင်း၊ သွယ်ဝိုက်သော တိုက်ခိုက်မှုများ မရှိကြောင်း၊ ဝှက်စာများ မရှိကြောင်း၊ တားမြစ်ချက်များကို ချိုးဖောက်ထားခြင်း မရှိကြောင်း တွေ့ရှိရသည်။
အတိုချုပ်ဆိုရလျှင် လုံးဝ ပြီးပြည့်စုံနေပြီး မည်သည့် အပြစ်မျှ ရှာ၍ မရနိုင်ပေ။
ယခုအခါ စာမေးပွဲရုံ အရှေ့ရှိ လေထုက လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ လူတိုင်းနီးပါးက အောက်ယွီ၏ အဖြေလွှာကြောင့် လုံးဝ အံ့အားသင့်သွားကြပြီး ကြက်သီးမွေးညင်းများ ထကာ ကြောက်ရွံ့ တုန်လှုပ်နေကြပြီ ဖြစ်၏။
ထို့အပြင် ထင်မြင်ယူဆချက်များကလည်း မကောင်းသော ဘက်သို့ ပြောင်းလဲလာသည်။
“အောက်ယွီက အရမ်း ကောင်းတယ်။ အရမ်း ရက်စက်တယ်။ အရမ်း တော်တာပဲ။”
“အခုတော့ အောက်မင် ဒုက္ခရောက်ပြီ။ တွမ်ယင်းယင်း ဒုက္ခရောက်ပြီ။ ယွဲ့တန်းဖျင်က ပညာတတ် ဆယ့်သုံးယောက် ဒုက္ခရောက်ပြီ။”
“အခု ပြန်တွေးကြည့်တော့ အောက်ယွီက အဲဒီနေ့က တမင် လုပ်ခဲ့တာပဲ။ ပြဿနာ ကြီးထွားအောင် လုပ်ပြီး အဲဒီ သုံးဖွဲ့ကို လူထောင်ပေါင်းများစွာ ရှေ့မှာ စာချုပ် လက်မှတ်ထိုးအောင် အတင်းအကျပ် ဖိအားပေးခဲ့တာ။”
“အခု ကျုပ် သိချင်တာက အောက်မင်က စာချုပ်အတိုင်း တကယ် လုပ်မှာလား။ နုလန်ဟောက် ရာထူး အမွေဆက်ခံခွင့်ကနေ လုံးဝ နုတ်ထွက်ကြောင်း ကြေညာမှာလား။”
“ကျုပ် ပိုပြီး သိချင်တာက တွမ်ယင်းယင်းက စာချုပ်အတိုင်း အောက်ယွီကို လက်ထပ်မှာလား ဆိုတာကိုပဲ။”
“မဟုတ်ဘူး… မဟုတ်ဘူး… ကျုပ် အသိချင်ဆုံးက ကျန်းကျိုး ယွဲ့တန်းဖျင် အဖွဲ့အစည်းကို တကယ် ဖျက်သိမ်းမှာလား ဆိုတာကိုပဲ။”
‘သောက်ကျိုးနည်း… ခင်ဗျားတို့ လေစီးရာ လိုက်တဲ့ကောင်တွေ၊ သဘောထားပြောင်းတာ အရမ်း မြန်လွန်းတယ်။ မကြာခင်ကပဲ အောက်ယွီ လိမ်လည်တယ်ဆိုပြီး တိုက်ခိုက်နေကြတာ မဟုတ်ဘူးလား။ အခုကျတော့ ကျုပ်တို့ကို လှောင်ပြောင်ဖို့ လုပ်နေကြပြီလား။’
‘တောင်းပန်ပါတယ်။ ဒါက ပွဲကြည့်ချင်တဲ့ လူတွေရဲ့ သဘောသဘာဝပါပဲ။ တစ်ယောက်ယောက် ဒုက္ခရောက်ရင် ကျုပ်တို့ ပျော်တယ်။ ပိုဒုက္ခရောက်လေ ကျုပ်တို့ ပိုပျော်လေပဲ။’
ထို့ကြောင့် ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးယောက် အပါအဝင် အားလုံးက သူတို့၏ ဆုံးဖြတ်ချက်ကို ကျေးဇူးတင်နေမိ၏။ “ကံကောင်းလို့ ရုပ်ဖျက်ပြီး လာခဲ့တာ။ မဟုတ်ရင် ဒီနေ့ တကယ့် ဟာသကြီး ဖြစ်သွားမှာပဲ။”
ထို့နောက် ဤလူများက အချင်းချင်း မျက်စပစ်ကာ အမြန်ဆုံး ထွက်ပြေးကြလေသည်။
သို့ပေမည့် ဝေမြို့စားကြီး အိမ်တော်ကို ပြန်၍ မရတော့ပေ။ အောက်မျိုးနွယ်စု အိမ်တော်ကိုလည်း ပြန်၍ မရတော့သလို၊ ယွဲ့တန်းဖျင်၏ ခြံဝင်းကိုလည်း ပြန်၍ မရတော့ပေ။
အားလုံးက လူအုပ်ကြီးဖြင့် ဝိုင်းရံခံထားရပြီ ဖြစ်သည်။
သတင်းက အလွန် လျင်မြန်စွာ ပျံ့နှံ့သွားသောကြောင့် လူသောင်းပေါင်းများစွာက ထိုနေရာ သုံးခုကို ဝိုင်းရံထားကြပြီး သူတို့၏ တုံ့ပြန်မှုကို စောင့်ကြည့်နေကြခြင်း ဖြစ်၏။
မြို့ဝန် ဝေ့ချီတွမ်၏ မြို့ဝန် အိမ်တော်ပင်လျှင် ဝိုင်းရံခံထားရပြီး ထိုစာချုပ် သုံးစောင်အတိုင်း တကယ် လုပ်ဆောင်မည်လား ဆိုသည်ကို စောင့်ဆိုင်းနေကြသည်။
မည်သို့ လုပ်မည်နည်း။ ကိစ္စမရှိပေ။ သူတို့တွင် ကျန်းကျိုးမြို့၌ ပိုင်ဆိုင်မှုများ အလွန်များပြားသောကြောင့် လူသူကင်းမဲ့သော နေရာတစ်ခုကို အလွယ်တကူ ရှာဖွေနိုင်၏။
သို့ပေမည့် ရင်နာစရာ ကောင်းသည်မှာ လမ်းတစ်လျှောက်လုံး မည်သည့်နေရာသို့ သွားသွား လူအများအပြားက အောက်ယွီ အကြောင်းကို ပြောဆိုနေကြသည်ကို ကြားနေရခြင်း ဖြစ်သည်။
သူ ပထမနေရာ (ကျွမ့်ယွမ်) ရသွားခြင်းက ပေါက်ကွဲထွက်မတတ် ကြီးမားသော သက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်၏။
ကျန်းကျိုး တစ်မြို့လုံး၏ ပြောစမှတ်တွင် အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပြီဖြစ်ရာ နောက်ပိုင်းတွင် ကျန်းကျိုးမြို့ရှိ လူသန်းပေါင်းများစွာ၏ အကြည့်များသာမက ချန်လန်ပြည်နယ် တစ်ခုလုံး၏ အကြည့်များကပါ အောက်မင်၊ ဝေမြို့စားကြီး အိမ်တော်နှင့် ယွဲ့တန်းဖျင် အဖွဲ့အစည်း တို့အပေါ်သို့ ရောက်ရှိလာတော့မှာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထို စာချုပ် သုံးစောင် အကြောင်းက နေရာအနှံ့ ပျံ့နှံ့နေပြီ ဖြစ်သောကြောင့်ပင်။ တကယ့်ကို ဖိအား ကြီးမားလှ၏။
အောက်ယွီက အရမ်း ရက်စက်လွန်းသူဖြစ်၏။ လအနည်းငယ်တည်းက တွင်းတူးထားပြီး သူတို့ကို မြှုပ်နှံဖို့ စောင့်နေခဲ့ခြင်းပင်။
......................
လျှို့ဝှက်ခြံဝင်း တစ်ခုအတွင်း၌ လူတစ်စုက တိတ်ဆိတ်စွာ ရှိနေကြပြီး မည်သူကမှ စတင် စကား မပြောလိုကြပေ။
“ပြောကြပါအုံး။ ဒီကိစ္စက ပြီးသွားမှာ မဟုတ်ဘူး။ ကျုပ်တို့မှာ အချိန် သိပ်မရှိတော့ဘူး။”
နောက်ဆုံးတွင် အောက်ထင်က စတင် ပြောဆိုလိုက်၏။ “တိုက်ရိုက် အရှုံးပေးမှာလား၊ နောက်ဆုတ်မှာလား၊ ဒါမှမဟုတ် ပြန်လည် ခုခံမှာလား။”
နောက်ဆုတ်မည်လား။ အရှုံးပေးမည်လား။
တကယ် လုပ်၍ မရပေ။ အောက်မင် သည် အမွေဆက်ခံခွင့်ကို ဆုံးရှုံးရမည် ဖြစ်၏။ တွမ်ယင်းယင်းကလည်း အောက်ယွီ ဆိုသော ထိုဝက်ကြီးကို လက်ထပ်ရမှာ ဖြစ်သည်။
ယွဲ့တန်းဖျင်၏ ပညာတတ် ဆယ့်သုံးယောက်ကတော့ ပိုဆိုးသေး၏။ ချက်ချင်း ဖျက်သိမ်းရမှာဖြစ်ပြီး လုံးဝ နာမည်ပျက်သွားပေလိမ့်မည်။
သို့ပေမည့် ပြန်လည် ခုခံမည် ဆိုလျှင်ရော မည်သို့ ခုခံမည်နည်း။
အမှန်တကယ်၌ အောက်ယွီက လမ်းကြောင်း အားလုံးကို ပိတ်ဆို့ထားခဲ့ပြီး ဖြစ်သည်။
ထိုအချိန်က ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးယောက်က မခိုင်လုံသော အကြောင်းပြချက်ဖြင့် ခိုးချသည် ဟူသော ပြစ်မှုကို အောက်ယွီ အပေါ်သို့ ပုံချခဲ့စဉ်က အောက်ယွီက ပြောခဲ့၏။
“ဒီတစ်ကြိမ်တော့ ထားလိုက်တော့။ ကျုပ်လည်း ကိုယ့်ကိုယ်ကိုယ် မကာကွယ်တော့ဘူး။ ကျုပ်တို့ နောက်တစ်ကြိမ်မှာ တကယ့် အရည်အချင်းနဲ့ ယှဉ်ကြတာပေါ့။ ဒါပေမဲ့ နောက်တစ်ကြိမ် ပြည်နယ်စာမေးပွဲ ကျရင်တော့ အရင်က နည်းလမ်း အဟောင်းတွေကို ပြန်သုံးဖို့ မစဉ်းစားနဲ့တော့။”
ဤသည်မှာ ကျန်းကျိုးမြို့ရှိ လူသန်းပေါင်းများစွာကို ကြိုတင် ကာကွယ်ဆေး ထိုးပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
သေချာသည်မှာ ဤကမ္ဘာတွင် ကြိုတင် ကာကွယ်ဆေး ဟူသော စကားလုံး မရှိသေးပေ။ သို့ပေမည့် ထိုသဘောမျိုး ပင်ဖြစ်၏။
‘ခင်ဗျားတို့ ပထမ တစ်ကြိမ် အောက်ယွီကို မတရား စွပ်စွဲတုန်းက ခင်ဗျားတို့မှာ အားကောင်းတဲ့ ထင်မြင်ယူဆချက် အာဏာရှိပြီး၊ အားကောင်းတဲ့ ယုံကြည်ရမှု ရှိလို့ လူတိုင်းက ယာယီ အားဖြင့် ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒါက ယွဲ့တန်းဖျင်ရဲ့ ယုံကြည်ရမှုကို အသုံးပြုလိုက်တာပဲ။ ယခု ခင်ဗျားတို့က နောက်တစ်ကြိမ် ထပ်လုပ်ချင်သေးတယ်ပေါ့။’
ထိုသို့ဆိုလျှင် ကျန်းကျိုး၏ ပြည်သူများက လုံးဝ ဆန့်ကျင်ကြပေလိမ့်မည်။
“ဒီအတိုင်း အရှုံးပေးလို့ လုံးဝ မဖြစ်ဘူး။ အဆုံးထိ တိုက်ခိုက်ရမယ်။”
တွမ်ယင်းယင်းက ပြတ်ပြတ်သားသား ပြောလိုက်၏။ “အောက်ယွီလို အသုံးမကျတဲ့ လူမိုက် တစ်ယောက်က ပထမနေ့ ကွက်လပ်ဖြည့် စာမေးပွဲမှာ မေးခွန်း နှစ်ရာလုံး မှန်တယ်ဆိုတာ ဖြစ်နိုင်ခြေ ရှိလို့လား။”
မြို့ဝန် ဝေ့ချီတွမ်က ပြောလိုက်သည်။ “နှစ်ရာပေါင်းများစွာအတွင်း ပထမဆုံးပဲ။ အတိတ်မှာလည်း မရှိခဲ့ဖူးသလို အနာဂတ်မှာလည်း ရှိလာမှာ မဟုတ်ဘူး။”
တွမ်ယင်းယင်းက ခေါင်းညိတ်လိုက်၏။ “ဒါဆို အဲဒါကိုပဲ သူ လိမ်လည်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက် အနေနဲ့ သုံးမယ်။”
မြို့ဝန် ဝေ့ချီတွမ်က ငြင်းပယ်လိုက်သည်။ “တကယ်လို့ တကယ် လိမ်လည်ခဲ့တယ်ဆိုရင် မေးခွန်း နှစ်ရာလုံး အကုန်မှန်အောင် ဖြေမှာ မဟုတ်ဘူး။ အဲဒီလို လုပ်ရင် သံသယ ဝင်ခံရမှာပေါ့”
တွမ်ယင်းယင်းက ပြောလိုက်၏။ “သူ တကယ် လိမ်လည်ခဲ့သည် ဖြစ်စေ၊ မလိမ်လည်ခဲ့သည် ဖြစ်စေ၊ မလိမ်လည်ခဲ့ရင်တောင် သူ့ကို လိမ်လည်ခဲ့တယ်ဆိုပြီး စွပ်စွဲရမယ်။ သေချာပေါက် သူ့ကို အပြစ်ပေးနိုင်အောင် လုပ်ရမယ်။ ကျွန်မကတော့ အဲဒီ ဝက်ကြီးကို လုံးဝ မလက်ထပ်နိုင်ဘူး။ ကျွန်မကို သတ်ပစ်ရင်တောင် ကျွန်မကတော့ အဲဒီ ဝက်ကြီးကို လက်မထပ်နိုင်ဘူး။”
မြို့ဝန် ဝေ့ချီတွမ်က ခေါင်းခါယမ်းလိုက်သည်။ “ဒါပေမဲ့ ကျုပ်တို့က လူလုံးထွက်ပြလို့ မရတော့ဘူး။ ယွဲ့တန်းဖျင်က ပညာတတ် ဆယ့်သုံးယောက်လည်း ထွက်ပြလို့ မရတော့ဘူး။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က အကြံပေးလိုက်၏။ “ကျုပ်တို့ ထွက်ပြစရာ မလိုဘူး။ ကျောင်းသားတွေကို လှုံ့ဆော်မယ်။ သက်သေ မရှိရင် ကျုပ်တို့က သက်သေ အတု ဖန်တီးမယ်။ စာမေးပွဲ ကျသွားတဲ့ ကျောင်းသားတွေကို ပြဿနာ ရှာအောင် လှုံ့ဆော်မယ်။ ကျောင်းသား ထောင်ပေါင်းများစွာကို ကွန်ဖြူးရှပ် ကျောင်းတော်ကို သွားပြီး ဝိုင်းရံအောင် လှုံ့ဆော်မယ်။
ဒီပညာတတ်တွေက အရမ်း တုံးအတယ်။ အလွယ်တကူ လှုံ့ဆော်လို့ ရတယ်။ အလွယ်တကူ ဦးနှောက် ဆေးလို့ ရတယ်။ ပြည်သူတွေက သူတို့ထက် ပိုတုံးသေးတယ်။ ကျုပ်တို့က ဒီလေကို စတိုက်လိုက်တာနဲ့ ထင်မြင်ယူဆချက် လေလှိုင်းကြီးက ကျုပ်တို့ဘက်ကို ပါလာလိမ့်မယ်။ အဲဒီအချိန်ကျရင် အောက်ယွီက မလိမ်လည်ခဲ့ရင်တောင် လိမ်လည်ခဲ့တယ်လို့ ဖြစ်သွားလိမ့်မယ်။”
မြို့ဝန် ဝေ့ချီတွမ်က ဝင်ရောက်ကာ အကြံပေးလိုက်သည်။ “ဒီလောက်နဲ့ မလုံလောက်သေးဘူး။ သွေးထွက်သံယိုဖြစ်ဖို့ လိုသေးတယ်။ အသက်စတေးဖို့ လိုသေးတယ်။ ဒါမှသာ လူတွေရဲ့ နှလုံးသားကို တုန်လှုပ်သွားစေမှာ။
ဒါကြောင့် ရှို့ချိုင် အနည်းငယ်၊ ကျူရန် အနည်းငယ်ကို သတ်ပစ်ဖို့ နည်းလမ်း ရှာရမယ်။ ပြီးရင် နုလန်ဟောက် အိမ်တော်ကို အပြစ်ပုံချမယ်။ လူသေသွားပြီ ဆိုတာနဲ့ ပြီးတော့ သေတာက ရှို့ချိုင်တွေနဲ့ ကျူရန်တွေ ဆိုတာနဲ့ ဒီကိစ္စက ကြီးကျယ်သွားပြီ။ အောက်ယွီ နဲ့ အောက်ရှင်းတို့ လုံးဝ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ဆက်ပြောလိုက်၏။ “အရှေ့လေက အနောက်လေကို မလွှမ်းမိုးနိုင်ရင် အနောက်လေက အရှေ့လေကို လွှမ်းမိုးသွားလိမ့်မယ်။ အားလုံးရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းနဲ့ သက်ဆိုင်တဲ့အချိန် ရောက်လာပြီဆိုတော့ အစွမ်းကုန် ကြိုးစားရမယ်။ ပြီးတော့ အခွင့်ကောင်း ယူပြီး…”
အားလုံးက သူ့ကို လှမ်းကြည့်လိုက်ကြသည်။
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ဆက်ပြော၏။ “အခွင့်ကောင်း ယူပြီး နုလန်ဟောက် အိမ်တော်ကို မီးရှို့မယ်။ အောက်ယွီတို့ သားအမိကို မီးရှို့သတ်ပစ်မယ်။”
မြို့ဝန် ဝေ့ချီတွမ်က တင်းမာခက်ထန်သည့် လေသံဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင် လူထုရဲ့ ထင်မြင်ယူဆချက်က သူတို့ကို သနားသွားလိမ့်မယ်။ အရင်ဆုံး အခြေအနေကို စောင့်ကြည့်ရအောင်။ သူတို့ကို လုံးဝ အသေအလဲ တိုက်ခိုက်နိုင်ရင် နုလန်ဟောက် အိမ်တော်ကို မီးမရှို့နဲ့။ ဒါပေမဲ့ လုံးဝ အသေအလဲ မတိုက်ခိုက်နိုင်ဘူး ဆိုရင်တော့ ပြတ်ပြတ်သားသား လုပ်ပစ်ရမယ်။”
တွမ်ယင်းယင်းက ဝင်ပြောလိုက်၏။ “ဒီလို ကိစ္စမျိုးမှာ ခေါင်းဆောင် တစ်ယောက် လိုတယ်။ ဒီလူက အရမ်း နာမည်ကြီးတဲ့ သူ ဖြစ်ရမယ်။”
“စုမန်”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ပြောလိုက်သည်။ “သူက ဆယ်နှစ်လုံးလုံး ဓားသွေးလာခဲ့ပြီး ဒီတစ်ကြိမ် ပထမနေရာကို သေချာပေါက် ရမယ်လို့ ယုံကြည်ထားခဲ့တာ။ ဒုတိယ နေရာ ဆိုတာ သူ့အတွက်တော့ ရှုံးနိမ့်မှုပဲ။ ဒါကြောင့် ဒီတစ်ကြိမ် ပြည်နယ်စာမေးပွဲမှာ သူက အထိနာဆုံးပဲ။ ဒါကြောင့် အောက်ယွီကို အရိုးထဲစွဲအောင် မုန်းတီးနေမှာ သေချာတယ်။ ပြီးတော့ ဒီလူက အရမ်း အစွဲအလမ်း ကြီးပြီး ရူးသွပ်လုနီးပါး ဖြစ်နေတာ ဆိုတော့ ဘာမဆို လုပ်ရဲတယ်။”
မြို့ဝန် ဝေ့ချီတွမ်က သဘောတူလိုက်၏။ “ကောင်းပြီ… စုမန်ကို ရှာပြီး သူ့ကို ခေါင်းဆောင် လုပ်ပြီး ပြဿနာ ရှာခိုင်းမယ်။ ကျုပ်တို့က ထင်မြင်ယူဆချက်တွေကို ဖန်တီးမယ်။ အောက်ယွီ လိမ်လည်တယ် ဆိုတဲ့ ကောလာဟလတွေကို ဖန်တီးမယ်။ သက်သေ အတုတွေကို ဖန်တီးမယ်။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ခေါင်းညိတ်လိုက်သည်။ “အရေးကြီးတဲ့ အချိန် ရောက်လာပြီ။ ဒီသက်သေက အရမ်း ခိုင်လုံရမယ်။ အရင်းအနှီး ထုတ်ရမှာကို နှမြောမနေနဲ့။”
အပိုင်း (၂၇၄)
မြို့ဝန် ဝေ့ချီတွမ်က အေးစက်စွာ ပြောလိုက်၏။ “စတုတ္ထ အဆင့် အမတ် တစ်ယောက် သေရင် လုံလောက်ပြီ မဟုတ်လား။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ “လုံလောက်ပြီ။ ပြီးတော့ အောက်ရှင်းနဲ့ အောက်ယွီတို့ ထျန်းကျန်း မြစ်ထဲ ခုန်ချပြီး ဆေးရင်တောင် မစင်အောင် လုပ်ရမယ်။”
မြို့ဝန် ဝေ့ချီတွမ်က ပြုံးလိုက်၏။ “သခင်ကြီးရွှီ… ခင်ဗျား စိတ်ချပါ။ ကျုပ်တို့ အလုပ် လုပ်တဲ့ နည်းလမ်းတွေကို ခင်ဗျား မြင်ဖူးပါတယ်။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ပြောလိုက်သည်။ “ဒါဆို အားလုံး ခွဲပြီး အလုပ် လုပ်ကြတာပေါ့။ ကျုပ် စုမန်ဆီ သွားတွေ့ဖို့ လူ ချက်ချင်း လွှတ်လိုက်မယ်။”
အောင်စာရင်း ထွက်ပြီးနောက်၊ အောက်ယွီ၏ အဖြေလွှာကို ဖတ်ရှုပြီးနောက် လူတိုင်းက ထိုနေရာတွင် ဆက်လက် ကျန်ရှိနေပြီး ထွက်မသွားလိုကြပေ။ ဘာကို စောင့်နေမှန်း မသိသော်လည်း ဆက်လက် စောင့်ဆိုင်းချင်နေကြ၏။
သို့ပေမည့် စုမန်ကတော့ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။ အထီးကျန်ခြင်း ဆိုသည်မှာ လူတစ်အုပ်စု၏ ပျော်ရွှင်မြူးထူးမှု ပင်ဖြစ်၏။ ထို့ကြောင့် လူအုပ်ကြီး အလယ်တွင် ရှိနေသော်လည်း သူက အလွန် အထီးကျန်နေသည်ဟု ခံစားရသည်။
ထို့ကြောင့် အများစုသော အချိန်များတွင် သူက တစ်ယောက်တည်း နေထိုင်လိုသောကြောင့် သူ တစ်ခါမှ မသွားဖူးသော ခြံဝင်း တစ်ခုသို့ ပြန်လာခဲ့၏။
သူ၏ မိသားစုသည် ဂုဏ်သရေရှိ မှူးမတ်မျိုးရိုး မဟုတ်သော်လည်း ပညာတတ် မိသားစုဖြစ်ပြီး ပိုင်ဆိုင်မှု အတော်လေး ရှိသည်။
ဘိုးဘေးက အမတ်ကြီး လုပ်ခဲ့ဖူးပြီး၊ အဘိုးက မြို့ဝန် လုပ်ခဲ့ဖူးသည်။ သူ၏ ဖခင် မှာလည်း ငယ်ရွယ်စဉ် ကွယ်လွန်သွားသော်လည်း ခရိုင်ဝန် လုပ်ခဲ့ဖူး၏။
သို့ပေမည့် ဤနောက်ခံ အားကိုးစရာများ အားလုံးက သူ့ကို ထားရစ်ခဲ့ပြီဖြစ်ရာ ယခု စုမန် သည် အားကိုးရာမဲ့ ဖြစ်နေပြီဟု ဆိုရမည်။ မိသားစု ပိုင်ဆိုင်မှုများကိုပင် ထိန်းသိမ်းရန် အနည်းငယ် ခက်ခဲနေပြီ ဖြစ်သည်။
သေချာသည်မှာ သူက ပါရမီရှင် တစ်ဦး ဖြစ်သောကြောင့် ဆွေမျိုးများက သူ သေချာပေါက် အောင်မြင် ကြီးပွားမည်ကို သိရှိထားကြရာ အလွန်အကျွံ မလုပ်ရဲကြပေ။ အနာဂတ်တွင် သူ့ကို အားကိုးရဦးမည် မဟုတ်ပါလား။
သို့ပေမည့် သူက ဆွေမျိုးများနှင့် အတူ မနေလိုသောကြောင့် ကျန်းကျိုးမြို့ တွင် လူသူကင်းမဲ့သော အိမ်အနည်းငယ် ဝယ်ယူထားပြီး တစ်ယောက်တည်း နေထိုင်လေ့ ရှိ၏။
ထိုအချိန်တွင် သူက အခန်း အတွင်း၌ တိတ်ဆိတ်စွာ တရားထိုင်ကာ မျက်လုံးမှိတ်ပြီး ငြိမ်သက်နေသည်။
“သခင်လေး စုမန် ရှိပါသလား။” ရုတ်တရက် အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။
စုမန် မျက်မှောင်ကြုတ်သွားသည်။ ဤနေရာကို မည်သူမှ မသိသလောက် ရှားပါးလှသည် မဟုတ်လား။ မည်သို့ကြောင့် တစ်ယောက်ယောက်က လာရှာနိုင်ရသနည်း။
ခဏအကြာတွင် လူတစ်ယောက် ဝင်လာ၏။ ယွဲ့တန်းဖျင်၏ ဆယ့်သုံးယောက်မြောက် ပညာတတ် တန်းကျိုး ဖြစ်သည်။
“သခင်လေး စုမန်ကို ရှာရတာ တကယ် ခက်တာပဲ။”
ယွဲ့တန်းဖျင်၏ ဆယ့်သုံးယောက်မြောက် ပညာတတ် တန်းကျိုးက ရယ်မောကာ ပြောလိုက်၏။ “နွားကိုးကောင်နဲ့ ကျားနှစ်ကောင်ရဲ့ခွန်အား (မယုံနိုင်လောက်အောင် ကြီးမားတဲ့ အင်အားစု) ကို သုံးပြီးမှ ဒီနေရာကို ရှာတွေ့တာပဲ။”
စုမန်က မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်ပြီး လက်ဖက်ရည် ကျိုလေ၏။ သူက အထီးကျန် ဆန်သော်လည်း ယဉ်ကျေးမှု ရှိသူဖြစ်သည်။
“ဝမ်းနည်းကြေကွဲနေသူက သခင်လေး စုမန်ပဲ။” ဟု ယွဲ့တန်းဖျင်၏ ဆယ့်သုံးယောက်မြောက် ပညာတတ် တန်းကျိုးက ရယ်မောကာ ပြောလိုက်၏။
စုမန်က ပြန်ဖြေသည်။ “ရယ်စရာ ဖြစ်သွားပါပြီ။”
တန်းကျိုးက ပြောလိုက်၏။ “သခင်လေး စုမန်… ခင်ဗျား တကယ် ကျေနပ်ရဲ့လား။ ပထမနေရာ (ကျွမ့်ယွမ်)ကို ဒီအတိုင်း လုယူခံလိုက်ရတာ။ တစ်သက်မှာ ပြည်နယ် စာမေးပွဲကို တစ်ခါပဲ အောင်လို့ ရတာလေ။ ပထမနေရာကို ဆုံးရှုံးသွားပြီဆိုရင် ထာဝရ ဆုံးရှုံးသွားပြီပဲ။”
စုမန်က မေးလိုက်သည်။ “မကျေနပ်တော့ကော ဘာလုပ်လို့ ရမှာလဲ။”
တန်းကျိုးက ပြုံးလိုက်၏။ “အခု သခင်လေး စုမန်ရဲ့ အရှေ့မှာ ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခု ရှိနေတယ်။”
စုမန်က အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “ဘာအခွင့်အရေးလဲ။”
တန်းကျိုးက ဖြေ၏။ “အောက်ယွီ လိမ်လည်ခဲ့တယ်ဆိုတာ ကျုပ်တို့မှာ ခိုင်လုံတဲ့ သက်သေတွေ ရှိတယ်။ ပြည်နယ်စာမေးပွဲ မေးခွန်းတွေကို ပို့ဆောင်ပေးခဲ့တဲ့ စစ်သူကြီးက အောက်ရှင်းရဲ့ လက်အောက်ငယ်သားဟောင်း တစ်ယောက် ဖြစ်နေတယ်။
သူက လမ်းမှာ မေးခွန်းတွေကို ခိုးယူပြီး တစ်စောင် ကူးရေးကာ အောက်ယွီဆီကို လျှို့ဝှက် ပေးပို့ခဲ့တာ။ အဲဒီနောက် အောက်ယွီက ကျူ့လန်ထျန်းဆီကို သွားပြပြီး ကျူ့လန်ထျန်းက ပြီးပြည့်စုံတဲ့ အဖြေလွှာကို ရေးပေးခဲ့တာ။ အောက်ယွီက အဲဒါကို အလွတ်ကျက်ပြီး ပြည်နယ်စာမေးပွဲမှာ ပထမနေရာ (ကျွမ့်ယွမ်) ရသွားတာပဲ။”
စုမန်က မေးလိုက်သည်။ “တကယ်လား။”
တန်းကျိုးက ပြန်ဖြေလိုက်၏။ “တကယ်ပေါ့။ ပြီးတော့ အဲဒီ စစ်သူကြီးကို ဟေးပင်းထိုင်က လူတွေ လျှို့ဝှက် ဖမ်းဆီးထားလိုက်ပြီ။ မကြာခင်မှာ အမှန်တရား ပေါ်ပေါက်လာတော့မယ်။ ဒါကြောင့် သခင်လေး စုမန်… ခင်ဗျား တစ်ခုခု လုပ်ဖို့ လိုအပ်နေပြီ။
ခင်ဗျားက ကျောင်းသားတွေရဲ့ ခေါင်းဆောင်ပဲ။ ဒီအချိန်မှာ ခင်ဗျားက ရှေ့ထွက်ပြီး ကျောင်းသား ထောင်ပေါင်းများစွာအတွက်၊ ကျုပ်တို့ ကျန်းကျိုးရဲ့ မွန်မြတ်တဲ့ စာမေးပွဲအတွက် တရားမျှတမှုကို တောင်းဆိုပေးရမယ်။”
စုမန်က အေးစက်စွာပြောလိုက်သည်။ “သခင်ကြီးတန်း… ကြီးကျယ်တဲ့ စကားတွေနဲ့ ကျုပ်ကို လာမဖိပါနဲ့။ ကျုပ် ဘာလုပ်ပေးရမလဲ၊ ကျုပ် ဘာအကျိုးအမြတ်ရမလဲ ဆိုတာကိုပဲ သိချင်တယ်။”
တန်းကျိုးက ပြုံးလိုက်၏။ “ကျောင်းသား ထောင်ပေါင်းများစွာကို စည်းရုံးပြီး စာမေးပွဲရုံကို ဝိုင်းရံဖို့၊ မြို့ဝန် အိမ်တော်ကို ဝိုင်းရံဖို့၊ ပြည်နယ်ဝန်ကြီး အိမ်တော်ကို ဝိုင်းရံဖို့ ကျုပ်တို့ လိုချင်တယ်။ ပြီးရင် ကွန်ဖြူးရှပ် ကျောင်းတော်မှာ သွားငိုကြ။ အကောင်းဆုံးက ကွန်ဖြူးရှပ်ရဲ့ ရုပ်တုကို ထမ်းပြီး မြို့ဝန် အိမ်တော်၊ ပြည်နယ်ဝန်ကြီး အိမ်တော်နဲ့ စာမေးပွဲရုံတွေကို ဝိုင်းရံကြဖို့ပဲ။”
စုမန်က ထပ်မေးသည်။ “ကျုပ် ဘာအကျိုးအမြတ် ရမလဲ။”
တန်းကျိုးက ကတိပေးလိုက်၏။ “ဒီကိစ္စ အောင်မြင်သွားရင် ခင်ဗျားက ဒီတစ်ကြိမ် ပြည်နယ် စာမေးပွဲရဲ့ ပထမနေရာ (ကျွမ့်ယွမ်) ပဲ။”
စုမန်က အေးစက်စွာ ပြောလိုက်သည်။ “ဒီ ပထမနေရာက ကျုပ်ဟာ ဖြစ်နေပြီးသားပါ။”
တန်းကျိုးက ဆက်ပြော၏။ “နောက်နှစ် မြို့တော် စာမေးပွဲနဲ့ နန်းတော် စာမေးပွဲမှာ ခင်ဗျား ပထမ အဆင့် (ပထမ သုံးယောက်) ရအောင် ကျုပ်တို့ အာမခံတယ်။ ပြီးရင် ဟန်လင် နန်းတွင်းကျောင်းထဲ ဝင်နိုင်အောင် အာမခံတယ်။ ကျုပ်တို့မှာ ဒီစွမ်းရည် ရှိတယ် ဆိုတာကို ခင်ဗျား ယုံကြည်သင့်တယ်။”
စုမန်က ခေါင်းညိတ်လိုက်သည်။ “ကျုပ် သေချာပေါက် ယုံကြည်ပါတယ်။ ခင်ဗျားတို့ ယွဲ့တန်းဖျင် အဖွဲ့အစည်းက အပြင်မှာ ရှိနေပြီး အမတ်ချုပ်ကြီးလင်တို့က အစိုးရအဖွဲ့ ထဲမှာ ရှိနေတယ်။ အချင်းချင်း ချိတ်ဆက်ပြီး ကောင်းကင်ကိုတောင် ဖုံးကွယ်ထားနိုင်တာပဲ။”
တန်းကျိုးက ပြော၏။ “သခင်လေး စုမန်… ခင်ဗျားရဲ့ အဘိုး ကွယ်လွန်သွားပြီးတည်းက ခင်ဗျား အရမ်းကို အားကိုးရာမဲ့ ဖြစ်နေပြီလို့ ခံစားရတယ် မဟုတ်လား။ နောက်ခံ အားကိုးစရာ မရှိရင် အနာဂတ်မှာ အစိုးရအဖွဲ့ ထဲမှာ အလုပ် လုပ်ဖို့ အရမ်း ခက်ခဲတယ်။
ယွီကျန်းကို ကြည့်လေ။ အဲဒီတုန်းက တတိယ နေရာ (ထန်ဟွာ) ရခဲ့တဲ့ သူက အခု အသက် ခုနစ်ဆယ် နီးပါး ရှိနေပြီ ဖြစ်ပေမယ့် ချန်လန်ပြည်နယ်မှာ ပညာရေးဝန်ကြီး လာလုပ်နေရတယ်။ တကယ်လို့ သူ့ရဲ့ အတွေ့အကြုံနဲ့ ဘွဲ့တွေအရဆိုရင် အစိုးရအဖွဲ့ထဲ မဝင်နိုင်ရင်တောင် ဝန်ကြီးဌာန ခြောက်ခုထဲက တစ်ခုခုကို အုပ်ချုပ်နေရပြီ။ ဒါမှမဟုတ် ပြည်နယ်ဝန်ကြီး ဖြစ်နေရပြီ။”
စုမန်က လက်ကာပြလိုက်ပြီး ပြောလိုက်သည်။ “ဆက်မပြောပါနဲ့တော့။ ကျုပ် အားလုံး နားလည်ပါတယ်။ ပြီးတော့ ခင်ဗျားတို့ဆီမှာ သက်သေ လုံးဝ မရှိဘူး မဟုတ်လား။ အောက်ယွီလည်း မလိမ်လည်ခဲ့ဘူး မဟုတ်လား။”
တန်းကျိုးက ပြုံးလိုက်၏။ “သူ လိမ်လည်ခဲ့သည် ဖြစ်စေ၊ မလိမ်လည်ခဲ့သည် ဖြစ်စေ ဘာအရေးကြီးလို့လဲ။ ထင်မြင်ယူဆချက်တွေ ထွက်ပေါ်လာပြီဆိုရင် ဘယ်လို သက်သေမဆို ဖန်တီးလို့ ရတယ်။”
စုမန်က ပြောလိုက်သည်။ “ဒါနဲ့ မလုံလောက်သေးဘူး။ လူသေဖို့ လိုတယ်။”
တန်းကျိုးက မေးလိုက်၏။ “စတုတ္ထ အဆင့် အမတ် တစ်ယောက် သေရင် လုံလောက်ပြီလား။”
စုမန်က ခေါင်းခါလိုက်သည်။ “မလုံလောက်သေးဘူး။ လူအများကြီး သေဖို့ လိုသေးတယ်။ ဒါဇင်ပေါင်းများစွာ၊ ရာပေါင်းများစွာ သေရင် အကောင်းဆုံးပဲ။ ကျူရန် အနည်းငယ်၊ ရှို့ချိုင် အများကြီး သေရင် ဒါက ကြီးကျယ်တဲ့ အမှုကြီး ဖြစ်သွားပြီး အင်ပါယာ တစ်ခုလုံးကို တုန်လှုပ်သွားစေလိမ့်မယ်။”
ယွဲ့တန်းဖျင်၏ ဆယ့်သုံးယောက်မြောက် ပညာတတ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီးနောက် ပြောလိုက်၏။ “သခင်လေး စုမန်က တကယ့် ကံကြမ္မာဆိုး ကျရောက်နေသူ ပီသပါပေတယ်။ ကျုပ်တို့ကို စိတ်ပျက်မသွားစေဘူး။ စိတ်ချပါ… အားလုံး ပြင်ဆင်ထားပြီးပါပြီ။ ပိုပြီး သေချာအောင် လုပ်သွားမှာပါ။ သေချာပေါက် ကြီးကျယ်တဲ့ အမှုကြီး ဖြစ်စေရမယ်။ အောက်ယွီကို သေချာပေါက် သေတွင်းထဲ ပို့ပေးမယ်။”
စုမန်က ဆက်ပြောလိုက်သည်။ “ကျုပ်ကို ခေါင်းဆောင် လုပ်ပြီး ပြဿနာ ရှာခိုင်းမယ်၊ ရှို့ချိုင် ထောင်ပေါင်းများစွာကို ခေါ်ပြီး ပြည်နယ်ဝန်ကြီး အိမ်တော်၊ စာမေးပွဲရုံ၊ မြို့ဝန် အိမ်တော်တွေကို ဝိုင်းရံခိုင်းမယ် ဆိုရင် ပြဿနာ မရှိပါဘူး။ ကွန်ဖြူးရှပ် ကျောင်းတော်မှာ သွားငိုခိုင်းမယ် ဆိုရင်လည်း ပြဿနာ မရှိပါဘူး။ ကွန်ဖြူးရှပ်ရဲ့ ရုပ်တုကို ထမ်းပြီး လမ်းလျှောက်ခိုင်းမယ် ဆိုရင်လည်း ပြဿနာ မရှိပါဘူး။
ဒါပေမဲ့ ကျုပ် ဒီကိစ္စကို လုပ်ရတာ အရမ်း အန္တရာယ်များတယ်။ နှုတ်ကတိ နဲ့ မရဘူး၊ စာချုပ် ချုပ်ရမယ်။ ကျုပ်ကို ပေးထားတဲ့ကတိတွေ အားလုံးကို စာချုပ်ထဲမှာ ထည့်ရေးရမယ်။ ပထမနေရာ (ကျွမ့်ယွမ်) ရစေရမယ်၊ နောက်နှစ် နန်းတော် စာမေးပွဲမှာ ပထမ အဆင့် (ပထမ သုံးယောက်) ရစေရမယ်၊ ဟန်လင် နန်းတွင်းကျောင်း ထဲ ဝင်နိုင်အောင် အာမခံရမယ် ဆိုတာတွေ ပါရမယ်။”
ယွဲ့တန်းဖျင်၏ ဆယ့်သုံးယောက်မြောက် ပညာတတ်က အေးစက်စွာ ပြောလိုက်၏။ “မဖြစ်နိုင်ဘူး။”
စုမန်က ပြန်ဖြေသည်။ “ဒါဆို တောင်းပန်ပါတယ်။ ကျုပ်လည်း လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ အတွက် ရှေ့ဆုံးကနေ တိုက်ခိုက်ပေးပြီး အသေခံပေးရလောက်အောင် ကျုပ် မတုံးသေးပါဘူး။”
တန်းကျိုးက ပြောလိုက်၏။ “ခင်ဗျား မလုပ်ချင်ရင် တတိယ နေရာရတဲ့ ကျန်ကျွယ်က လုပ်ချင်နေမှာပါ။”
စုမန်က ပြုံးလိုက်သည်။ “သူ သေချာပေါက် လုပ်ချင်မှာပေါ့။ ဘာလို့လဲဆိုတော့ သူက ခင်ဗျားတို့ အောက်ယွီကို တားဆီးဖို့ တခြားပြည်နယ်ကနေ ခေါ်လာတဲ့ သူပဲလေ။ သူ လုပ်ချင်ရင် သူ့ကို လုပ်ခိုင်းလိုက်လေ။”
တန်းကျိုး၏ မျက်လုံးများ အေးစက်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်၏။ “သခင်လေး စုမန်က တကယ် ဉာဏ်ကောင်းတဲ့ သူပဲ။ ကျုပ်တို့က ဉာဏ်ကောင်းတဲ့သူတွေနဲ့ ပူးပေါင်းရတာကို ကြိုက်တယ်။”
ထို့နောက် သူက ရင်ဘတ်အတွင်းမှ စာချုပ် တစ်စောင်ကို ထုတ်ယူလိုက်ကာ ပြောလိုက်သည်။ “စာချုပ်က ဒီမှာပါ။ ကျုပ်တို့ အစတည်းက ရေးထားပြီးသား။ ကျုပ်တို့ရဲ့ ပထမဆုံး ပညာတတ် သခင်ကြီးရွှီကိုယ်တိုင် ရေးထားတာ။ ခင်ဗျား ကျေနပ်ပြီလား။”
စုမန်က စာချုပ်ကို ယူကြည့်လိုက်ရာ ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင် ရွှီဖူ၏ လက်ရေး ဖြစ်ကြောင်းတွေ့လိုက်ရ၏။ သူသည် လက်ရေးလှ ရေးသားရာတွင် နာမည်ကြီးသူ တစ်ဦး ဖြစ်ရာ မည်သူကမှ အတုခိုး၍ မရနိုင်ပေ။
ထို့အပြင် သူ၏ကိုယ်ပိုင် တံဆိပ်တုံး နှင့် ယွဲ့တန်းဖျင် အဖွဲ့အစည်း၏ တံဆိပ်တုံး တို့လည်း ပါဝင်နေသည်။ ထိုစာချုပ်ထဲတွင် အလွန် ရှင်းလင်းစွာ ရေးသားထား၏။ အကယ်၍ စုမန် သာ ပူးပေါင်းပြီး ရှို့ချိုင်များကို ဦးဆောင်ကာ ပြဿနာ ရှာပေးပါက သူ့ကို ပထမနေရာ (ကျွမ့်ယွမ်) ပေးမည်၊ ပထမ အဆင့် (ပထမ သုံးယောက်) ပေးမည်၊ အနာဂတ်တွင် ဟန်လင် နန်းတွင်းကျောင်းသို့ ဝင်ရောက်နိုင်ရန် အာဏာခံမည် ဟု ပါရှိ၏။
တန်းကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။ “သခင်လေး စုမန်… ကျုပ်တို့ရဲ့ အင်အား ဘယ်လောက် ကြီးလဲ ဆိုတာ ခင်ဗျား သိသင့်တယ်။”
စုမန်က ပြန်ဖြေ၏။ “သေချာပေါက် သိတာပေါ့။ ခင်ဗျားတို့ ကျုပ်ကို သတ်ချင်ရင် ပုရွက်ဆိတ် တစ်ကောင်ကို သတ်သလို လွယ်လွယ်လေးပဲ။ ဒါကြောင့် စိတ်ချပါ။ ခင်ဗျားတို့ကို ကျုပ် အစွမ်းကုန် ပူးပေါင်း ကူညီပေးပါ့မယ်။ အောက်ယွီကို လိမ်လည်မှု ဆိုတဲ့ သံတိုင်မှာ အသေအလဲ ရိုက်နှက်ထားပြီး ထျန်းကျန်းမြစ်ထဲ ခုန်ချပြီး ဆေးရင်တောင် မစင်အောင် လုပ်ပေးပါ့မယ်။”
တန်းကျိုးက ဆက်ပြောလိုက်သည်။ “လိုအပ်ရင် ခင်ဗျားတို့ နုလန်ဟောက် အိမ်တော်ကိုပါ သွားဝိုင်းရမယ်။ အလိုအပ်ဆုံး အချိန် ရောက်ရင် နုလန်ဟောက် အိမ်တော်ကို မီးရှို့ရမယ်။ သေချာတာပေါ့။ မီးရှို့မယ့် သူက ခင်ဗျားတို့ မဟုတ်ပါဘူး။ အချိန်မဆွဲနဲ့တော့၊ သခင်လေး စုမန် ချက်ချင်း သွားလုပ်တော့။”
စုမန် အခန်း အတွင်းသို့ ဝင်ရောက်ကာ ရုပ်ဖျက်ပြီးနောက် ချက်ချင်း ထွက်လာခဲ့၏။
သူ၏ နောက်တွင် သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာက လျှို့ဝှက် လိုက်ပါလာပြီး သူ၏ လှုပ်ရှားမှု အားလုံးကို စောင့်ကြည့်ကာ နာရီဝက် တစ်ခါ သတင်းပို့နေကြသည်။
.....................