← Chapters

အခန်း (၂၇၅-၂၇၆)

Vol. 24 Ch. 275-276

အခန်း (၂၇၅-၂၇၆)

Vol. 24 Ch. 275-276

အပိုင်း (၂၇၅)

ဤ စုမန်၏ အလုပ်လုပ်ပုံက တကယ် ထက်မြက်လှ၏။ သူက လက်ဖက်ရည်ဆိုင်များ၊ လူစုလူဝေး နေရာများ နှင့် စားသောက်ဆိုင်များကို အထူး ရွေးချယ် သွားရောက်ခဲ့သည်။ အတိုချုပ်ဆိုရလျှင် ဤတစ်ကြိမ် ပြည်နယ် စာမေးပွဲတွင် ကျရှုံးခဲ့သော ရှို့ချိုင် အများဆုံး ရှိသည့် နေရာများကို သွားရောက်ခဲ့ခြင်း ဖြစ်၏။

သူ၏ ဆွဲဆောင်နိုင်စွမ်းက တကယ် အားကောင်းလှသည်။ ဤကျရှုံးခဲ့သော ရှို့ချိုင်များမှာ မူလတည်းက ရင်ထဲတွင် နာကျင်နေကြပြီး အရက်လည်း မူးနေကြရာ စုမန်၏ လှုံ့ဆော်မှုကြောင့် ချက်ချင်း ဒေါသထွက်လာကြပြီး သူ၏ နောက်သို့ လိုက်ပါလာကြသည်။

တစ်ယောက်ကနေ ဆယ်ယောက်၊ ဆယ်ယောက်ကနေ တစ်ရာ..

စုမန်၏ နောက်တွင် လိုက်ပါလာသော စာမေးပွဲကျသည့် ရှို့ချိုင်များ တစ်ဖြည်းဖြည်းများပြားလာပြီး အောက်ယွီ၏ စာမေးပွဲ လိမ်လည်မှုအကြောင်း ကောလာဟလများလည်း ပိုမို ကျယ်ပြန့်လာခဲ့၏။

နာရီအနည်းငယ် အကြာတွင် စုမန်၏ နောက်၌ လူနှစ်ထောင်ကျော် လိုက်ပါလာပြီ ဖြစ်၏။ ကြီးမားသော မုန်တိုင်းကြီး တစ်ခု ဖြစ်တည်လာနေပြီ ဖြစ်သည်။

ထို့အပြင် ယွဲ့တန်းဖျင် အဖွဲ့အစည်းက ပြင်ဆင်ထားသော လူသတ်သမားများလည်း နေရာယူပြီးပြီဖြစ်ရာ အချိန်မရွေး လူသတ်ပြီး သွေးထွက်သံယို ဖြစ်စေရန် အသင့် ရှိနေကြ၏။ ထို့အပြင် နုလန်ဟောက် အိမ်တော်မှ သိုင်းပညာရှင်များ အဖြစ် ဟန်ဆောင်ကာ လူသတ်နိုင်ကြ၏။

ယွဲ့တန်းဖျင် အဖွဲ့အစည်းက တစ်နာရီ တစ်ခါ သတင်းရရှိနေ၏။ ချက်ချင်းပဲ သူတို့ အလွန် ဝမ်းသာသွားကြသည်။

ဤ စုမန်သည် တကယ် ထက်မြက်ပြီး အလုပ်လုပ်ရာတွင် အလွန် ရက်စက်လှ၏။ အခြေအနေများက သူတို့ ထင်မှတ်ထားသည်ထက် ပိုမို ကောင်းမွန်နေသည်။ နာရီအနည်းငယ် အကြာတွင် လူသောင်းပေါင်းများစွာက စုမန်၏ နောက်သို့ လိုက်ပါကာ ပြဿနာ ရှာကြမည်မှာ သေချာလှ၏။

ထိုအချိန်ရောက်လျှင် ကြီးကျယ်သော အမှုကြီး ဖြစ်လာမှာဖြစ်သည်။ ကွန်ဖြူးရှပ် ကျောင်းတော်တွင် ငိုယိုခြင်း၊ ကွန်ဖြူးရှပ်၏ ရုပ်တုကို ထမ်းကာ လမ်းလျှောက်ခြင်း၊ ပြည်နယ်ဝန်ကြီး အိမ်တော်ကို ဝိုင်းရံခြင်း၊ စာမေးပွဲရုံကို ဝိုင်းရံခြင်းတို့အပြင် လူရာပေါင်းများစွာ သေဆုံးသွားပြီးနောက် အောက်ယွီ၏ လိမ်လည်မှု သက်သေများ ပိုမို ထင်ရှားလာပေလိမ့်မည်။

ဤကိစ္စက အကြီးအကျယ် ဖြစ်ပွားလာခဲ့လျှင် အောက်ယွီ လုံးဝ ပြီးဆုံးသွားပြီဖြစ်၏။ ဘွဲ့များ ဆုံးရှုံးရုံသာမက မြို့စားဘွဲ့ အမွေဆက်ခံခွင့်ပါ ဆုံးရှုံးရမည်ဖြစ်ပြီး အသက်ပင် ရှင်နိုင်မည် မဟုတ်တော့ပေ။

‘ကျုပ်တို့ကို ရက်စက်တယ်လို့ မပြစ်တင်နဲ့။ ခင်ဗျားက မစော်ကားသင့်တဲ့ သူတွေကို စော်ကားခဲ့တာကိုး။’

စုမန်က လူထောင်ပေါင်းများစွာကို ခေါ်ဆောင်ကာ လန်ကျန်း စာသင်ကျောင်း အရှေ့သို့ ရောက်ရှိလာ၏။ သူသည် ယခင်က ဤကျောင်း၏ ကျောင်းသား တစ်ဦး ဖြစ်ခဲ့ဖူးသည်။

“ကျုပ် အထဲဝင်ပြီး ကျောင်းအုပ်ကြီးနဲ့ သွားဆွေးနွေးမယ်။ ကျောင်းသား ထောင်ပေါင်းများစွာကို ခေါ်ပြီး ကွန်ဖြူးရှပ် ကျောင်းတော်မှာ အတူတူ သွားငိုကြမယ်။ ကျုပ်တို့ အားလုံး အတူတူ တရားမျှတမှုကို တောင်းဆိုပြီး ဒီကြီးမားတဲ့ လိမ်လည်မှု ကြီးကို ဖော်ထုတ်ကြမယ်။” ဟု စုမန်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

“ကောင်းတယ်… ကောင်းတယ်… ကောင်းတယ်။”

“ကွန်ဖြူးရှပ် ကျောင်းတော်မှာ သွားငိုကြမယ်။ ကွန်ဖြူးရှပ် ကျောင်းတော်မှာ သွားငိုကြမယ်။”

“လိမ်လည်မှုကို ဖော်ထုတ်ပြီး ကျုပ်တို့ ကျောင်းသားတွေအတွက် တရားမျှတမှုကို တောင်းဆိုကြမယ်။”

ထို့နောက် စုမန်က မာနတခွဲသားဖြင့် လန်ကျန်း စာသင်ကျောင်း အတွင်းသို့ ဝင်ရောက်သွားလေသည်။

သို့သော်ငြား စုမန် စာသင်ကျောင်း အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ချက်ချင်းပဲ သူနှင့် ရုပ်ရည် ဆင်တူပြီး အဝတ်အစား ဆင်တူသော လူတစ်ယောက် ထွက်ပေါ်လာ၏။

လူနှစ်ယောက် ဖြတ်လျှောက်သွားပြီးနောက် စုမန် ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့နောက် သူက အမြန်ဆုံး အဝတ်အစား လဲလှယ်ကာ စာမေးပွဲရုံဘက်သို့ အလျင်အမြန် ပြေးသွားလေတော့သည်။

မြို့ဝန်ကို ယုံကြည်၍ မရသလို၊ ပြည်နယ်ဝန်ကြီးကိုလည်း ယုံကြည်၍ မရပေ။ သို့ပေမည့် ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းကိုတော့ ယုံကြည်၍ ရ၏။

စုမန် သည် သိုင်းပညာ အသုံးပြုကာ အလျင်အမြန် ပြေးသွား၏။ သူက စာဖတ်ရုံသာမက သိုင်းပညာကိုလည်း အမြဲတမ်း လေ့ကျင့်နေကြောင်း မည်သူမှ မသိကြပေ။

‘မြန်မြန်… မြန်မြန်… မြန်မြန်… အချိန်မီ ပါစေလို့ မျှော်လင့်ပါတယ်။ အချိန်မီ ပါစေလို့ မျှော်လင့်ပါတယ်။’

စုမန် သည် အမည်းရောင် ငှက်တစ်ကောင်အလား စာမေးပွဲရုံ အတွင်းသို့ ခုန်ဝင်သွားပြီး ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်း၏ စာကြည့်ခန်းကို ရှာဖွေကာ တိုက်ရိုက် ဝင်ရောက်သွားလေသည်။

“သခင်ကြီး ယွီကျန်း… တစ်ယောက်ယောက်က အောက်ယွီကို စာမေးပွဲ လိမ်လည်မှုနဲ့ စွပ်စွဲဖို့ ကြိုးစားနေတယ်။ သူတို့က သက်သေ အတုတွေ ဖန်တီးပြီး ပြည်နယ်စာမေးပွဲ အဖြေလွှာတွေကို ပို့ဆောင်ပေးခဲ့တဲ့ စတုတ္ထအဆင့် စစ်သူကြီးကို သတ်ပစ်ဖို့ ကြိုးစားနေတယ်။ ဒီလူက အရင်က နုလန်ဟောက် အောက်ရှင်းရဲ့ လက်အောက်မှာ အလုပ် လုပ်ခဲ့ဖူးတဲ့ သူပါ။

ဒီအကြံအစည်ကို ဖန်တီးသူက ယွဲ့တန်းဖျင် အဖွဲ့အစည်း ပါ။ သူတို့က လူသောင်းပေါင်းများစွာကို စည်းရုံးပြီး ကွန်ဖြူးရှပ် ကျောင်းတော်မှာ သွားငိုခိုင်းဖို့၊ စာမေးပွဲရုံကို ဝိုင်းရံခိုင်းဖို့၊ ပြည်နယ်ဝန်ကြီး အိမ်တော်ကို ဝိုင်းရံခိုင်းဖို့ လုပ်နေပါတယ်။

သူတို့က ရှို့ချိုင် အများအပြားနဲ့ ကျူရန် အနည်းငယ်ကို သတ်ပစ်ဖို့ ပြင်ဆင်ထားပြီး နုလန်ဟောက် အိမ်တော်ကို အပြစ်ပုံချဖို့ လုပ်နေပါတယ်။ သူတို့က ကြီးကျယ်တဲ့ အမှုကြီး ဖန်တီးပြီး အောက်ယွီကို သတ်ပစ်ချင်နေတာပါ။ နုလန်ဟောက် အောက်ရှင်းကိုပါ ဆွဲသွင်းချင်နေတာပါ။ ဒါက စာချုပ်ပါ။ ယွဲ့တန်းဖျင်က ကျုပ်ကို လက်မှတ်ထိုးပေးခဲ့တဲ့ စာချုပ်ပါ။”

စုမန် သည် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းဘဲ အတိုတောင်းဆုံး အချိန်အတွင်း အကြောင်းအရာ အားလုံးကို ရှင်းလင်းစွာ ပြောပြလိုက်၏။

“သခင်ကြီး ယွီကျန်း… မြန်မြန် လုပ်မှ ရမယ်။ ကျုပ် ဒီဘက်ကနေ သူတို့ကို အချိန်ဆွဲထားပေးနိုင်သလို အရေးကြီးတဲ့ အချိန်ကျရင် သူတို့ကို သေရေးရှင်ရေး တိုက်ခိုက်မှု လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ သခင်ကြီး အနေနဲ့ ဒီကိစ္စကို ဧကရာဇ်မင်းမြတ်ဆီ အမြန်ဆုံး သတင်းပို့ပေးဖို့ လိုပါတယ်။

မြန်မြန်လုပ်မှ ရပါမယ်။ ကျုပ်မှာ အချိန်သိပ်မရှိဘူး။ ချက်ချင်း ပြန်သွားရမယ်။ ဒါကြောင့် သခင်ကြီး အနေနဲ့ အတိုတောင်းဆုံး အချိန်အတွင်း ကျုပ်ကို အစီအစဉ် တစ်ခု ပေးပါ။” စုမန်က အလျင်အမြန် ပြောလိုက်သည်။

ယွီကျန်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး စုမန်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်၏။ “ခင်ဗျားက ကျုပ်ကို တကယ် စိတ်ပျက်မသွားစေဘူး။ နိုင်ငံတော်ရဲ့ အဖိုးတန် ရတနာပဲ။ နိုင်ငံတော်ရဲ့ အဖိုးတန် ရတနာပဲ။ အောက်ယွီ… ခင်ဗျား ခန့်မှန်းတာ အကုန်မှန်တာပဲ။ ခင်ဗျားရဲ့ အမြင်က တကယ် ကျယ်လွန်းတယ်။”

ထိုစဉ် ယွင်ကျုံးဟဲ့ သည် အခန်းကန့်လန့်ကာ နောက်မှ ထွက်လာပြီး စုမန်ကို ဦးညွှတ်ကာ ပြောလိုက်သည်။ “အစ်ကို စုမန်… ကြီးမားတဲ့ ကျေးဇူးအတွက် ကျေးဇူးတင်စကား မပြောတော့ပါဘူး။ အခု ကျုပ်တို့ နှစ်ယောက် ပူးပေါင်းပြီး ဒီရန်သူတွေကို၊ ဒီလျှို့ဝှက်ကြံစည်သူတွေကို အသေအလဲ ရိုက်နှက်ကြရအောင်။”

ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ စုမန် အနည်းငယ် အံ့အားသင့်သွားသော်လည်း သေသပ်စွာ အရိုအသေပေးလိုက်၏။

“အောက်ယွီနဲ့ သခင်ကြီး ယွီကျန်း တို့ ကြိုတင် ပြင်ဆင်ထားတယ် ဆိုတော့ ကျုပ် ပြန်ပါတော့မယ်။”

စုမန်က ပြောလိုက်သည်။ “နောက်ထပ် ဘာဆက်လုပ်ရမလဲ ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ အချိန်အခါကောင်း တစ်ခု လိုအပ်တယ် ထင်ရင် ကျုပ်ကို အချက်ပြလို့ ရပါတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အစ်ကို စုမန်… ယွဲ့တန်းဖျင်က ခင်ဗျားကို ပေးလိုက်တဲ့ စာချုပ်ကို ကျုပ် ကြည့်လို့ ရမလား။”

စုမန်က ထိုစာချုပ်ကို ထုတ်ပေးလိုက်သည်။

ယွင်ကျုံးဟဲ့က ယူကြည့်ပြီးနောက် သေချာစွာ စစ်ဆေးကာ နှာခေါင်းဖြင့် နမ်းကြည့်လေသည်။ ပထမဆုံး အနေဖြင့် အဖြူရောင် ဖော့စဖရပ် ပါဝင်ခြင်း ရှိ၊ မရှိ စစ်ဆေး၏။ အလိုအလျောက် မီးလောင်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

သေချာသည်မှာ မပါဝင်ပေ။ ယွင်ကျုံးဟဲ့က ပိုင်ရှင်မဲ့နယ်မြေတွင် စာချုပ် အလိုအလျောက် မီးလောင်သော ပြဇာတ်ကို ကပြပြီးနောက် အဖြူရောင် ဖော့စဖရပ်၏ ဂုဏ်သတ္တိကို လူအများအပြား သိရှိသွားကြပြီ ဖြစ်သည်။

သို့ပေမည့် အမှန်တကယ် လက်တွေ့တွင်မူ ဓာတုဗေဒ နည်းလမ်းများဖြင့် သန့်စင်ရန် လိုအပ်သောကြောင့် ယခုအချိန်အထိ အဖြူရောင် ဖော့စဖရပ် အစစ်အမှန် ထွက်ပေါ်လာခြင်း မရှိသေးပေ။

ထို့နောက် ယွင်ကျုံးဟဲ့က မှင်ရည်ကို ဆက်လက် စစ်ဆေး၏။ အချို့သော မှင်ရည်များသည် အချိန်ကြာလာသည်နှင့်အမျှ အရောင် ဖျော့သွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားတတ်သည်။

ထိုသို့ဆိုလျှင် ဤစာချုပ်က သက်သေ လုံးဝ ပြ၍ မရတော့ပေ။ ဤကဲ့သို့သော မျက်လှည့်ပြကွက်များ အများအပြား ရှိ၏။

ထင်ထားသည့်အတိုင်းပင် ဤစာရွက်ပေါ်ရှိ မှင်ရောင်များ အနည်းငယ် ဖျော့တော့လာကြောင်း ယွင်ကျုံးဟဲ့ တွေ့ရှိလိုက်ရသည်။

ယွဲ့တန်းဖျင် အဖွဲ့အစည်းက တကယ်ကို ကောက်ကျစ်လွန်းလှ၏။

ထို့နောက် ယွင်ကျုံးဟဲ့က ရေအနည်းငယ်ဖြင့် စမ်းသပ်ကြည့်ရာ ပိုမို လျင်မြန်စွာ အရောင် ဖျော့သွား၏။ ချွေးကို အတုယူကာ ဆားရည်ဖြင့် စမ်းသပ်ချိန်မှာတော့ ပို၍ပင် လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းက အေးစက်စွာ ရယ်မောလိုက်၏။ “ယွဲ့တန်းဖျင်ဆိုတဲ့ နာမည်ကြီး ပညာတတ်တွေရဲ့ အဖွဲ့အစည်းက ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးရဲတယ်ပေါ့။ ပြန်ပြင်လို့ ရမလား။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ရတယ်… ရတယ်။ ကျုပ်ရဲ့ သေတ္တာကို ယူခဲ့”

ခဏအကြာတွင် ခြေမသန်စွမ်းသော သိုင်းပညာရှင်တစ်ဦး ဝင်လာပြီး သေတ္တာ တစ်လုံးကို စားပွဲပေါ် တင်ပေးလိုက်၏။

ယွင်ကျုံးဟဲ့က ပုလင်းငယ် အချို့ကို ထုတ်ယူကာ အတွင်းမှ အရာများကို အချိုးကျ ရေထဲသို့ ရောစပ် လိုက်သည်။

ထို့နောက် ယွဲ့တန်းဖျင်၏ စာချုပ်ကို ထိုဆေးရည်ထဲသို့ ထည့်စိမ်လိုက်၏။ အချိန် အကြာကြီး မလိုပေ။ စက္ကန့် အနည်းငယ်မျှသာ ကြာပြီးနောက် အမြန် ပြန်ဆယ်ယူလိုက်၏။

ထို့နောက် မီးပေါ်တွင် ဂရုတစိုက် အပူပေးကာ အခြောက်ခံလေ၏။ မိနစ် အနည်းငယ် ကြာပြီးနောက် ထိုစာချုပ် လုံးဝ ခြောက်သွေ့သွားတော့သည်။

“အခုတော့ ဒီအပေါ်က စာလုံးတွေ ဘယ်တော့မှ ပျောက်မသွားတော့ဘူး။ ယွဲ့တန်းဖျင်က အဆိပ်ပြင်းတဲ့ ကောင်တွေ လွတ်မြောက်ဖို့ မစဉ်းစားနဲ့တော့။”

ထို့နောက် ယွင်ကျုံးဟဲ့က စာချုပ်ကို စုမန်ထံသို့ ပြန်ပေးလိုက်၏။

“သွားခွင့်ပြုပါအုံး။” စုမန်က လက်သီးဆုပ်ကာ ပြောလိုက်သည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အစ်ကို စုမန်… ခင်ဗျား သေချာ စဉ်းစားပြီးပြီလား။ ခင်ဗျား ဒီလို လုပ်တာက အမတ်ချုပ်ကြီးလင်တို့ရဲ့ အဖွဲ့ကို သေတဲ့အထိ စော်ကားရာ ရောက်ရုံတင် မကဘူး၊ ဒုတိယ မင်းသားကိုပါ စော်ကားမိလိမ့်မယ်။

ပြီးတော့ ယွဲ့တန်းဖျင် အဖွဲ့အစည်းက ထင်မြင်ယူဆချက် အာဏာကို ချုပ်ကိုင်ထားတာ။ သူတို့က ခင်ဗျားကို အရိုးထဲစွဲအောင် မုန်းတီးသွားလိမ့်မယ်။ အနာဂတ်မှာ ခင်ဗျားအတွက် အဆုံးမရှိတဲ့ ဒုက္ခတွေ ယူဆောင်လာပေးနိုင်သလို အသက်အန္တရာယ်ပါ ရှိနိုင်တယ်။”

စုမန်က ခေတ္တ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ “ဒီလောကကြီးမှာ သန့်ရှင်းတဲ့ နေရာတစ်ခုတော့ ရှိသင့်တယ် မဟုတ်လား။ တကယ်လို့ မရှိဘူး ဆိုရင်တောင်ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းအောင် နေရမယ်။”

မည်သည့် ကြီးကျယ်သော စကားများကိုမှ မဆိုဘဲ သူက ချက်ချင်း ထွက်ခွာသွားလေ၏။

အောင်စာရင်းထွက်ပြီး မကြာမီ ယွင်ကျုံးဟဲ့က ယွီကျန်းထံသို့ လျှို့ဝှက်စွာ လာရောက်ကာ ဖြစ်ပေါ် လာနိုင်သော အန္တရာယ် အားလုံးကို ပြောပြခဲ့သည်။

ယခင်က နည်းလမ်း အတိုင်းပင်။ ယွင်ကျုံးဟဲ့က မိမိကိုယ်ကို ရန်သူ အဖြစ်တွေးတောကာ အောက်ယွီကို မည်သို့ သတ်ရမည်ကို စဉ်းစားခဲ့သည်။ ထို့နောက် သူက နည်းလမ်း ဒါဇင်ပေါင်းများစွာကို စဉ်းစားမိခဲ့၏။

ထိုအထဲမှ အဆိုးရွားဆုံးမှာ စာမေးပွဲ ကျရှုံးသူများကို လှုံ့ဆော်ကာ ကွန်ဖြူးရှပ် ကျောင်းတော်တွင် ငိုယိုခိုင်းခြင်း၊ ပြည်နယ်ဝန်ကြီး အိမ်တော်နှင့် စာမေးပွဲရုံကို ဝိုင်းရံခိုင်းခြင်း၊ သွေးထွက်သံယို ဖြစ်စေကာ ကြီးကျယ်သော အမှုကြီး ဖန်တီးခြင်းပင် ဖြစ်သည်။

ယွီကျန်း သည် ဖြောင့်မတ်သူ တစ်ဦး ဖြစ်ရာ ယွဲ့တန်းဖျင် အဖွဲ့အစည်းနှင့် ဝေမြို့စားကြီးထံသို့ ချက်ချင်း သွားရောက် ဖြေရှင်းရန် လုပ်ဆောင်လေသည်။ ထို့အပြင် စုမန် ထံသို့လည်း လူလွှတ်ကာ လမ်းမှားပေါ် မရောက်စေရန် တားဆီးဖို့ ကြိုးစားသေး၏။

သို့ပေမည့် ယွင်ကျုံးဟဲ့က တားဆီးခဲ့သည်။ သူခိုးကို အမြဲတမ်း ကာကွယ်နေရန် မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့၏။ အထိရောက်ဆုံး နည်းလမ်းမှာ သူတို့၏ အကြံအစည် အတိုင်း ပြန်လည် အသုံးချကာ ရန်သူကို သတ်ပစ်ရန် ဖြစ်သည်။

.........................

အပိုင်း (၂၇၆)

စုမန် နှင့်ပတ်သက်လျှင် သူ လုံးဝ စိုးရိမ်စရာ မလိုပေ။ ယွင်ကျုံးဟဲ့က စုမန်၏ အဖြေလွှာကို ဖတ်ပြီးပြီ ဖြစ်ရာ သူ၏ စရိုက်ကို သိရှိထား၏။

ဤသူသည် အလွန် မာနကြီးသူဖြစ်ပြီး အကြွင်းမဲ့ စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းမှု၊ ကိုယ်ကျင့်တရား သန့်ရှင်းမှု ရှိသူ ဖြစ်သည်။ လုံးဝ သူတစ်ပါးနှင့် ပူးပေါင်း ကြံစည်မည် မဟုတ်ပေ။

သူက အထီးကျန်သူ တစ်ဦး ဖြစ်သော်လည်း အသိဉာဏ် ရှင်းလင်းသူ တစ်ဦး ဖြစ်၏။ သို့ပေမည့် ယွင်ကျုံးဟဲ့က စုမန်ကို အထင်သေးခဲ့မိသည်။

သူက ယွဲ့တန်းဖျင် အဖွဲ့အစည်းကို ဟန်ဆောင် သဘောတူခဲ့ပြီး စာချုပ်ကိုပင် လက်မှတ်ထိုးခိုင်းခဲ့သည်။ ထို့နောက် တစ်ကိုယ်တော် အင်အားဖြင့် ရန်သူ၏ အကြံအစည်ကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့၏။

ဤကဲ့သို့သော ကိုယ်ကျင့်တရား၊ သတ္တိနှင့် ဉာဏ်ပညာမျိုးရှိသူမှာ ယွီကျန်း ပြောသကဲ့သို့ပင် နိုင်ငံတော်၏ အဖိုးတန် ရတနာ အစစ် ဖြစ်သည်။

ဤလောကတွင် ပညာ အရည်အချင်း ကောင်းမွန်ရန် ခက်ခဲလှပြီ ဖြစ်သည်။ ဉာဏ်ကောင်းရန်က ပို၍ပင် ခက်ခဲသေး၏။ ထို့အပြင် ကိုယ်ကျင့်တရား မြင့်မားခြင်း၊ သတ္တိရှိခြင်း၊ ဉာဏ်ပညာရှိခြင်းတို့ ပေါင်းစပ်နေပါက တကယ့်ကို သောင်းနှင့်ချီထဲမှ တစ်ယောက် ရှားသည့်သူ ဖြစ်သည်။ တကယ့် နိုင်ငံတော်၏ အဖိုးတန် ရတနာ ပင် ဖြစ်၏။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤတစ်ကြိမ် ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲတွင် စုမန်မှာ ပထမနေရာ (ကျွမ့်ယွမ်)ကို သေချာပေါက် ရရှိမှာဖြစ်သည်။

သို့ပေမည့် ယွင်ကျုံးဟဲ့က ဆရာကြီး လေးငါးဦး၏ လက်ရာများကို ကူးချပြီး တရုတ် သမိုင်းတစ်လျှောက် ထာဝရ တည်တံ့မည့် ဂန္ထဝင် လက်ရာများကို အသုံးပြုကာ စုမန်၏ အဖြေလွှာကို ဖိနှိပ်နိုင်ခဲ့ခြင်း ဖြစ်၏။

ဤသည်မှာ ဘာကိုကိုယ်စားပြုသနည်း။ တရုတ် သမိုင်းတစ်လျှောက် ထိပ်ဆုံး ဆရာကြီးအချို့က ပူးပေါင်းကာ စုမန်ကို အနိုင်ယူခဲ့ခြင်းပင်။

အမှန်တကယ်၌ အောက်ယွီ၏ အဖြေလွှာကို ဖတ်ပြီးနောက် စုမန်၏ စိတ်ခံစားမှုကို မည်သူမှ နားလည်နိုင်မည် မဟုတ်ပေ။

သူ အလွန် စိတ်လှုပ်ရှားခဲ့ပြီး အထီးကျန်နေသော သူ၏ နှလုံးသားပင်လျှင် တုန်ခါသွားခဲ့၏။

စိတ်ပျက်မှု ရှိသည်မှာ သေချာသော်လည်း အောက်ယွီ၏ အဖြေလွှာအတွက် စိတ်လှုပ်ရှားမှုက ပိုမိုများပြား၏။ သူက ဒုတိယ နေရာသာ ရရှိခဲ့သော်လည်း ပထမနေရာ ရရှိခဲ့သည်ထက် ပိုမို၍ စိတ်လှုပ်ရှားခဲ့သည်။

သေချာသည်မှာ သူသည် ပြိုင်ဘက်ကင်း ဖြစ်နေ၍ ရှုံးနိမ့်ချင်သူ တစ်ဦး မဟုတ်ပေ။ သို့ပေမည့် သူက ဂန္ထဝင်မြောက် စာစီစာကုံးများ၊ အံ့အားသင့်ဖွယ် ကောင်းသော အဖြေလွှာများနှင့် ထာဝရ တည်တံ့မည့်ကဗျာ လင်္ကာများ ထွက်ပေါ်လာရန် မျှော်လင့်နေသူ ဖြစ်၏။

ထိုအရာများက သူကိုယ်တိုင် ရေးသားခြင်း မဟုတ်ဘဲ ပြိုင်ဘက်က ရေးသားခြင်း ဖြစ်လျှင်တောင် ကိစ္စမရှိပေ။

ထို့ကြောင့် ဤသူသည် တကယ်ကို မြင့်မြတ်သောသူ တစ်ဦးဖြစ်ပြီး အောက်တန်းကျသော အရာများမှ ကင်းလွတ်နေသူ တစ်ဦး ဖြစ်၏။

ယွီကျန်းက သူ့ကို ဤမျှ သဘောကျပြီး ကြီးမားသော မျှော်လင့်ချက်များ ထားရှိသည်မှာ အံ့သြစရာ မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ယွီကျန်း၏ အမြင်တွင် စုမန်သည် သူနှင့် တူညီစွာ ဖြောင့်မတ်ပြီး ပါရမီ ထူးချွန်သော်လည်း သူ့ကဲ့သို့ အစွဲအလမ်း ကြီးပြီး သဘောထား ကျဉ်းမြောင်းသူ မဟုတ်ဘဲ အလွန် သဘောထား ကြီးမြတ်သူ ဖြစ်သောကြောင့်ပင်။

ယွီကျန်းက သက်ပြင်းချကာ ပြောလိုက်၏။ “အောက်ယွီ… ခင်ဗျားက ပါရမီ ထူးချွန်တဲ့ လူလည် တစ်ယောက်ပဲ။ စုမန်ကတော့ ပါရမီ ထူးချွန်တဲ့ မြင့်မြတ်တဲ့ သူတော်ကောင်း တစ်ယောက်ပဲ။ ဒါပေမဲ့ အခုချိန်မှာ ခင်ဗျားတို့ နှစ်ယောက်ထဲက ဘယ်သူက တကယ့် နိုင်ငံတော်ရဲ့ အဖိုးတန် ရတနာလဲ ဆိုတာ ကျုပ် မဝေခွဲတတ်တော့ဘူး။”

ဤမေးခွန်းကို ယွင်ကျုံးဟဲ့လည်း မဖြေနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရာထူး ပိုမြင့်လေ တရားမျှတမှုနှင့် ဖြောင့်မတ်မှုကို ပိုမို အရေးပေးလေ ဖြစ်သောကြောင့်ပင်။

အကြံအစည်နှင့် လှည့်ကွက်များက တစ်ခဏတာ အောင်မြင်နိုင်သော်လည်း တစ်သက်လုံး အောင်မြင်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် နိုင်ငံတော်ကို အုပ်ချုပ်ရန်၊ အစိုးရအဖွဲ့ကို ဦးဆောင်ရန် ဆိုပါက စုမန် ကဲ့သို့သော နိုင်ငံတော်၏ အဖိုးတန် ရတနာက ပိုမို သင့်တော်သည်မှာ သေချာလှ၏။

ယွီကျန်းက ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ် သေချာ ပြောနိုင်တာက ကျုပ်လို လူမျိုးက အသုံးမကျဘူး။ နိုင်ငံတော်အတွက် ဘာအကျိုးမှ မရှိဘူး။ ဒါပေမဲ့ ဒါက စရိုက် ချို့ယွင်းချက်ပဲ။ ပြင်လို့ မရတော့ဘူး။”

မကြာမီပင် ယွီကျန်းက လျှို့ဝှက် စာချွန်လွှာကို ရေးသား ပြီးစီးသွားသည်။ သို့ပေမည့် သူက အခက်အခဲနှင့် ကြုံတွေ့နေရသည်။ အဘယ်ကြောင့်ဆိုသော် ဤစာကို ပို့ဆောင်ရန် ယုံကြည်ရသော လူယုံ မရှိသောကြောင့် ဖြစ်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်ကို ပေးလိုက်ပါ။ အဖေက လူမှုဆက်ဆံရေး မတတ်ပေမယ့် စစ်သည်တွေအပေါ် အရမ်း ကောင်းပါတယ်။ ဒါကြောင့် အိမ်မှာ သစ္စာရှိတဲ့ သိုင်းပညာရှင်တွေ အများကြီး ရှိတယ်။ သခင်ကြီးရဲ့ လျှို့ဝှက် စာချွန်လွှာကို မြို့တော်ထဲက ဧကရာဇ်မင်းမြတ်ရဲ့ လက်ထဲ အမြန်ဆုံး အရောက်ပို့ပေးနိုင်မှာ သေချာပါတယ်။”

“ကောင်းပြီ။” ယွီကျန်းက လျှို့ဝှက် စာချွန်လွှာကို ယွင်ကျုံးဟဲ့၏ လက်ထဲသို့ ပေးအပ်လိုက်၏။

ခဏအကြာတွင် သိုင်းပညာရှင် တစ်ဦးက ထို လျှို့ဝှက်စာချွန်လွှာကို ယူဆောင်ကာ ကျန်းကျိုးမြို့မှ ထွက်ခွာပြီး မြို့တော်သို့ အလျင်အမြန် ပြေးသွားလေသည်။

.................

နောက်တစ်နေ့ မိုးလင်းစ အချိန်တွင် ကျန်းကျိုးမြို့ တစ်မြို့လုံး ဆူညံသွားပြီး လမ်းမများပေါ်တွင် လူတွေ တိုးကြိတ်နေ၏။

လူအများအပြား အိမ်တံခါး ဖွင့်လိုက်သည်နှင့် အလွန် အံ့အားသင့်ဖွယ် ကောင်းသော သတင်းတစ်ခုကို ကြားလိုက်ရသည်။

အောက်ယွီ၏ ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲ လိမ်လည်မှုမှာ ခိုင်လုံသော သက်သေများ ရှိနေပြီ ဖြစ်၏။

စာမေးပွဲ အဖြေလွှာများကို ပို့ဆောင်ပေးခဲ့သော စတုတ္ထ အဆင့် စစ်သူကြီး မော့ဖုန်းချွန်းသည် ယခင်က နုလန်ဟောက် အောက်ရှင်း၏ လက်အောက်ငယ်သား ဖြစ်ခဲ့ပြီး နန်းတော်အတွင်း၌ အောက်ရှင်း ထားရှိခဲ့သော လျှို့ဝှက် သူလျှို တစ်ဦး ဖြစ်သည်။

ယခုတစ်ကြိမ် အောက်ယွီကို ပထမ သုံးယောက် စာရင်း ဝင်စေရန်အတွက် ထိုစစ်သူကြီး မော့ဖုန်းချွန်းက သိုသိပ်စွာဖြင့် စာမေးပွဲ မေးခွန်းများကို ခိုးယူကာ တစ်စောင် ကူးရေးပြီး အောက်ယွီထံသို့ လျှို့ဝှက် ပေးပို့ခဲ့၏။

ထျန်းယီ စာသင်ကျောင်း၏ ကျောင်းအုပ်ကြီး ကျူ့လန်ထျန်းက မေးခွန်းများကို ရရှိပြီးနောက်ကိုယ်တိုင် အဖြေများကို ရေးသားကာ အောက်ယွီကို အလွတ်ကျက်ခိုင်းခဲ့သည်။

ကျူ့လန်ထျန်းသည် အလွန်တော်သူ တစ်ဦးဖြစ်ပြီး ဆရာကြီး အဆင့်သို့ ရောက်ရှိနေသူ ဖြစ်၏။

အောက်ယွီ သည် စာမေးပွဲရုံတွင် သူ၏ အဖြေများကို ကူးရေးခဲ့သောကြောင့် ပထမနေရာ (ကျွမ့်ယွမ်)ကို ရရှိခဲ့ခြင်း ဖြစ်သည်။

သို့ပေမည့် အောက်ယွီ ကဲ့သို့သော လောကနံပါတ်တစ် အသုံးမကျတဲ့ကောင်မှာ အလွန် တုံးအလွန်းလှ၏။ ခိုးချရာတွင် အကုန်လုံး တစ်လုံးမကျန် ခိုးချခဲ့သည်။ ပထမနေ့ ကွက်လပ်ဖြည့်နှင့် ကျမ်းစာ ဖွင့်ဆိုချက် မေးခွန်းများတွင် အနည်းငယ်မှားအောင် တမင် ဖြေလိုက်လျှင်တောင် ရလဒ်အပေါ် မည်သို့မှ မထိခိုက်နိုင်ပေ။

သို့ပေမည့် အောက်ယွီက နားမလည်ဘဲ အလွန် တုံးအစွာဖြင့် မေးခွန်းများ အားလုံးကို မှန်ကန်အောင် ဖြေဆိုခဲ့၏။

နှစ်ရာပေါင်းများစွာ သမိုင်း တစ်လျှောက်တွင် မည်သူမှ အားလုံးမှန်ကန်အောင် မဖြေဆိုနိုင်ခဲ့သည်ကို အောက်ယွီက အားလုံးမှန်ကန်အောင် ဖြေဆိုခဲ့ခြင်းက လိမ်လည်မှု မဟုတ်လျှင် ဘာဖြစ်မည်နည်း။

ဤအချက်ကပင် လျှို့ဝှက်ချက်ကို ပေါက်ကြားသွားစေခဲ့ခြင်း ဖြစ်၏။

ထို့အပြင် မြို့တော် တွင် အင်ပါယာ၏ ဟေးပင်းထိုင်က မော့ဖုန်းချွန်းကို ဖမ်းဆီးရန် သွားရောက်နေပြီ ဖြစ်ရာ မကြာမီ အမှန်တရား ပေါ်ပေါက်လာတော့မှာဖြစ်သည်။

ကောင်းသော သတင်းက မပျံ့နှံ့သော်လည်း ဆိုးရွားသော သတင်းကတော့ အလွန် လျင်မြန်စွာ ပျံ့နှံ့သွား၏။

အောက်ယွီ ပထမနေရာ (ကျွမ့်ယွမ်) ရရှိခြင်းက မူလတည်းက အလွန် အံ့အားသင့်ဖွယ် ကောင်းနေပြီ ဖြစ်သည်။

ယခု ဤသတင်း ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း သဘောပေါက်သွားကြ၏။ ‘သြော်… ဒီလိုကိုး။ အမှန်တရား ပေါ်ပေါက်သွားပြီပေါ့။ လိမ်လည်မှု တကယ် ရှိခဲ့တာပဲ။’

ထို့အပြင် ပြဿနာ ရှာရန် ဦးဆောင်သူမှာ စုမန် ဖြစ်၏။ သူသည် ကျန်းကျိုးတွင် နာမည်ကြီးသော ပညာတတ်၊ ကံကြမ္မာဆိုး ကျရောက်နေသူ ဖြစ်ရာ ဤကိစ္စကို ပို၍ပင် ယုံကြည်သွားစေသည်။

ဤ ကျရှုံးခဲ့သော ရှို့ချိုင်များသည် မူလတည်းက မကျေနပ်ကြဘဲ မိမိတို့တွင် ပါရမီ ရှိသည်ဟု ထင်မှတ်ကာ အဘယ်ကြောင့် စာမေးပွဲ မအောင်မြင်ရသနည်း ဟုတွေးတောနေကြသူများ ဖြစ်၏။

အရက်သောက်ပြီး ဝမ်းနည်းနေကြချိန်တွင် ဤသို့ လှုံ့ဆော်ခံလိုက်ရချိန်မှာတော့ အားလုံး ဒေါသထွက် သွားကြသည်။

အစပိုင်းတွင် ကျရှုံး ရှို့ချိုင် ထောင်ပေါင်းများစွာသာ ပါဝင်သော်လည်း နောက်ပိုင်းတွင် ရှို့ချိုင် မဟုတ်သော ကျောင်းသားများလည်း ဝင်ရောက်လာကြသည်။ သူတို့က ဒေါသတကြီးဖြင့် တရားမျှတမှု နှင့် အမှန်တရားကို ဆုပ်ကိုင်ထားသည်ဟု ထင်မှတ်နေကြ၏။

“ကျုပ်တို့ လုပ်တာက ကိုယ်ကျိုးအတွက် မဟုတ်ဘူး။ အင်ပါယာရဲ့ အကျိုး အတွက်၊ မွန်မြတ်တဲ့ စာမေးပွဲ စည်းမျဉ်းအတွက်ပဲ။”

နောက်ဆုံးတွင် ကျောင်းသားသောင်းနှင့်ချီ စုရုံးမိသွားကြပြီး ကျောင်းသား မဟုတ်သူများပင် ရောနှော ပါဝင်လာကြ၏။

လူသောင်းပေါင်းများစွာက လမ်းမများပေါ်တွင် ကြီးကျယ်ခမ်းနားစွာ ချီတက်လာကြသည်။

ထို့အပြင် ဤအချိန်တွင် အစိုးရ၏ သဘောထားက အလွန် ဝေဝါးနေ၏။

ဤကျောင်းသား တစ်ထောင်၊ နှစ်ထောင်ခန့် လမ်းမပေါ်သို့ စတင် ထွက်လာချိန်တွင် အစိုးရက တားဆီးလိုက်ပါက လူအများစုမှာ ကြောက်ရွံ့ကြသောကြောင့် အခြေအနေကို ထိန်းချုပ်နိုင်မှာဖြစ်သည်။

သို့ပေမည့် မြို့ဝန် အိမ်တော်နှင့် ပြည်နယ်ဝန်ကြီး အိမ်တော်တို့က ဤအခြေအနေကို လျစ်လျူရှုထားကာ ပိုမို ကြီးထွားလာစေရန် ခွင့်ပြုထား၏။

နောက်ဆုံးတွင် မြို့ဝန် အိမ်တော်က ကျောင်းသားများအတွက် လမ်းရှင်းပေးရန် မြို့စောင့်တပ်ကိုပင် စေလွှတ်ပေးခဲ့သေးသည်။

ဤအရာက ကျောင်းသားများ၏ သတ္တိကို ပိုမို ကြီးမားလာစေပြီး လိမ်လည်မှု တကယ် ရှိနေကြောင်း ပို၍ ယုံကြည်သွားစေ၏။

လူသောင်းပေါင်းများစွာက စုမန်၏ ဦးဆောင်မှုဖြင့် မြို့ဝန် အိမ်တော်ကို အရင်ဆုံး ဝိုင်းရံကြသည်။

မြို့ဝန် ဝေ့ချီတွမ်ကိုယ်တိုင် ထွက်လာပြီး ကျောင်းသားများကိုတွေ့ဆုံကာ အစိုးရက ဤကိစ္စကို သေချာပေါက် စုံစမ်းစစ်ဆေးပြီး အားလုံးအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း၊ သည်းခံကြရန် တောင်းဆိုခဲ့၏။

အကယ်၍ လိမ်လည်မှု တကယ် ရှိခဲ့ပါက သူ၏ နောက်ခံ မည်မျှပင် ကြီးမားစေကာမူ၊ မျိုးရိုး မည်မျှပင် မြင့်မားစေကာမူကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကျောင်းသား သောင်းနှင့်ချီ ဝမ်းသာအားရ အော်ဟစ်ကြပြီး ကြီးမားသော ခွန်အားများ ရရှိသွားကြ၏။

ထို့နောက် စုမန်က လူသောင်းပေါင်းများစွာကို ခေါ်ဆောင်ကာ ပြည်နယ်ဝန်ကြီး အိမ်တော်ကို သွားရောက် ဝိုင်းရံပြန်သည်။

ပြည်နယ်ဝန်ကြီးလည်း ထွက်လာပြီး ကျောင်းသားများကိုတွေ့ဆုံကာ သည်းခံကြရန်၊ အစိုးရက သေချာပေါက် စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့၏။

ထို့နောက် စုမန်က လူသောင်းပေါင်းများစွာကို ခေါ်ဆောင်ကာ ကွန်ဖြူးရှပ် ကျောင်းတော်သို့ သွားရောက် ကြပြန်သည်။

လူသောင်းပေါင်းများစွာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသံကျယ်ကျယ် ငိုကြွေးကြပြီး ကောင်းကင်ဘုံ မတရားကြောင်း၊ စာမေးပွဲ မတရားကြောင်း၊ သူတော်စင်ကို စော်ကားကြောင်း ပြောဆိုကြ၏။

ဤသည်မှာ ကျိန်းသေပေါက် အစီအစဉ် အဟောင်းကြီးပင် ဖြစ်၏။ စာမေးပွဲ လိမ်လည်မှု ပြဿနာ တိုင်းတွင် ကွန်ဖြူးရှပ် ကျောင်းတော်သို့ သွားရောက် ငိုယိုလေ့ ရှိကြသည်။

ငိုယိုပြီးနောက် စုမန်၏ အမိန့်ပေးသံနှင့်အတူ ကျောင်းသား ဒါဇင်ပေါင်းများစွာက ကွန်ဖြူးရှပ် ကျောင်းတော် အတွင်းမှ သူတော်စင်၏ ရုပ်တုကို ထမ်းယူလာကြ၏။

ဤသို့ဖြင့် ကျောင်းသား သောင်းပေါင်းများစွာက ကွန်ဖြူးရှပ်၏ ရုပ်တုကို ထမ်းကာ လမ်းလျှောက်ကြပြီး တစ်ဖက်မှ ငိုယိုနေကြ၏။ မသိသော သူများက အသုဘ ချနေသည်ဟုပင် ထင်မှတ်သွားနိုင်ပြီး ဆိုင်းဝိုင်း၊ ဗုံဝိုင်း တီးမှုတ်ရန်သာ လိုတော့သည်။

ဤအချိန်အတွင်း စုမန်သည် လုံးဝ တောက်ပနေပြီး အကြွင်းမဲ့ ခေါင်းဆောင် ဖြစ်နေသည်။ တကယ့်ကို တစ်ချက် ခေါ်လိုက်ရုံဖြင့် အားလုံးက တုံ့ပြန်ကြပြီး သူ ဘာပြောပြော အောက်မှ လူသောင်းပေါင်းများစွာက ချက်ချင်း ထောက်ခံကာ ချက်ချင်း လုပ်ဆောင်ကြ၏။

ဤသည်မှာ ဘာနှင့် တူသနည်း။ မျက်စိစုံမှိတ် ယုံကြည်မှု ပင်ဖြစ်၏။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် လေပြင်းများ တိုက်ခတ်လာပြီး လူသောင်းပေါင်းများစွာက လိုက်ပါလာကြသည်။

မီးရှူးမီးပန်း တစ်ချက် ဖောက်လိုက်ရုံဖြင့် စစ်တပ် ထောင်သောင်းချီ ရောက်လာသည်နှင့် တူနေ၏။

....................

All Chapters