အခန်း (၂၇၇-၂၇၈)
Vol. 24 Ch. 277-278
အပိုင်း (၂၇၇)
ဤအချိန်တွင် စုမန် အနေဖြင့် စိတ်အားထက်သန်စွာ၊ သွေးဆူစွာဖြင့် ရည်မှန်းချက် ကြီးမားလာပြီး ကမ္ဘာကြီးကို လွှမ်းမိုးထားနိုင်ပြီဟု ခံစားရမှာဖြစ်သည်။
အခြားသူ တစ်ယောက်ယောက်သာဆိုလျှင် သေချာပေါက် လေထဲ လွင့်မျောနေပြီ ဖြစ်၏။
သို့ပေမည့် စုမန်ကတော့ စိတ်ထဲတွင် အေးစက်နေပြီး အလွန် ကြောက်ရွံ့နေ၏။ သူ၏ အနာဂတ် အတွက် ကြောက်ရွံ့နေခြင်း မဟုတ်ဘဲ လူ့သဘာဝကို ကြောက်ရွံ့နေခြင်း ဖြစ်သည်။
သူ၏ ခေါင်းထဲတွင် စကားလုံး တစ်လုံး ထွက်ပေါ်လာ၏။ “လူအုပ်စု”
လူတစ်ယောက်တည်း နေလျှင် အသိဉာဏ် ရှင်းလင်းနိုင်သော်လည်း လူအုပ်စု အလယ်တွင် ရှိနေပါက တုံးအသွားနိုင်ကြောင်း သူ ကောင်းကောင်း သိရှိထား၏။ သို့ပေမည့် ဤမျှအထိ တုံးအသွားမည်ဟု မထင်ထားခဲ့ပေ။
ဤသူများ အားလုံးက ကျူရန်များနှင့် ရှို့ချိုင်များ ဖြစ်ကြရာ ကိုယ်ပိုင် တွေးခေါ်နိုင်စွမ်း ရှိသင့်သည် မဟုတ်လား။
ဤစာမေးပွဲ လိမ်လည်မှု အမှုကြီးမှာ မည်သည့် သက်သေမျှ မရှိဘဲ အလွန် ယုတ္တိမတန်လှပေ။ ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲ မေးခွန်းများမှာ မကြာမီကမှ သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး စာမေးပွဲ မတိုင်မီ သုံးရက် အလိုမှသာ ကျန်းကျိုးသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ကျူ့လန်ထျန်း အနေဖြင့် အဖြေရေးရန် အနည်းဆုံး တစ်ရက် အချိန်ယူရမှာဖြစ်၏။ ထိုသို့ဆိုလျှင် အောက်ယွီ အလွတ်ကျက်ရန် အချိန် နှစ်ရက်ပင် မပြည့်တော့ပေ။
နှစ်ရက်အတွင်း စာလုံးရေ သောင်းနှင့်ချီ အလွတ်ကျက်နိုင်မည်လား။ ကျက်နိုင်ခဲ့လျှင်တောင် ပါရမီရှင် ဖြစ်သွားပြီ ဖြစ်၏။
လုံးဝ မရှိခဲ့သော လိမ်လည်မှု ပြဿနာကို အနည်းငယ် လှုံ့ဆော်လိုက်ရုံဖြင့် လူသောင်းပေါင်းများစွာက လာရောက် ပြဿနာ ရှာကြပြီး လုံးဝတွေးခေါ်နိုင်စွမ်း မရှိဘဲ သူများ ပြောသမျှကို ယုံကြည်နေကြသည်။
‘ဒါက လူတွေလား။ သိုးအုပ်ကြီး နဲ့ တူနေတယ် မဟုတ်လား။ ကွန်ဖြူးရှပ်က ပြောခဲ့ဖူးတယ်။ ပြည်သူတွေကို ခိုင်းစေလို့ ရပေမယ့် အသိဉာဏ် ပေးလို့ မရဘူးတဲ့။ ဒါပေမဲ့ ဒီစကားအပေါ် အခုချိန်ထိ ငြင်းခုံမှုတွေ ရှိနေသေးတာပဲ။’
ပြည်သူတွေကို သတိပေး၊ တွေးခေါ်ခိုင်း၊ နားလည်အောင် လုပ်ပေးပြီး အင်ပါယာ၏ တိုးတက်မှု ထဲမှာကိုယ်တိုင် ပါဝင်လာအောင် လုပ်ရမည်ဟု စုမန်က အမြဲတမ်း တွေးတောခဲ့သည်။
ထိုမှသာ အင်ပါယာက တကယ် အင်အား ကြီးမားလာပြီး ပြည်သူတွေရဲ့ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်မှာဖြစ်၏။
သို့သော်ငြား ယခု အခြေအနေက အရမ်းကို ဝမ်းနည်းစရာ ကောင်းလို့နေ၏။ ကျူရန်နှင့် ရှို့ချိုင်များပင်လျှင် ဤမျှ တုံးအနေမှတော့ သာမန် ပြည်သူတွေ ဆိုလျှင် ပြောစရာ မလိုတော့ချေ။
အနာဂတ်မှာ တကယ်လို့များ လူတွေကို လှုံ့ဆော်သည့် နေရာမှာ ပိုတော်သော ပါရမီရှင် တစ်ယောက် ထွက်ပေါ်လာလျှင် အင်ပါယာ တစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
ပြည်သူက အဓိက၊ နိုင်ငံတော်က ဒုတိယ၊ ဧကရာဇ်က အရေးမကြီးဘူး ဟု မန်ဇီးက ပြောခဲ့ဖူး၏။ ထိုသို့ဆိုလျှင် ဤအထဲ၌ မျှခြေက မည်သည့်နေရာတွင် ရှိသနည်း။
စုမန်သည် လူသောင်းပေါင်းများစွာ၏ မြှောက်ပင့်ပေးမှု၊ နောက်လိုက်မှုများ အကြားတွင် နာကျင်စွာ စဉ်းစားနေ၏။
ဤသည်မှာ ဟန်ဆောင်နေခြင်း မဟုတ်ဘဲ တကယ်ကို လောကကြီး တစ်ခုလုံး မူးယစ်နေချိန်တွင် သူ တစ်ယောက်တည်း အသိဉာဏ် ရှင်းလင်းနေခြင်း ဖြစ်ပြီး အထီးကျန်ခြင်း ဆိုသည်မှာ လူတစ်အုပ်စု၏ ပျော်ရွှင်မြူးထူးမှု ပင်ဖြစ်သည်။
စုမန်က ဤလူများကို ဦးဆောင်ခဲ့၍ တော်သေးသည်ဟု ဆိုရမည်။ အသံများ ဆူညံနေသော်လည်း ဖျက်ဆီးမှုများ မဖြစ်ပေါ်ခဲ့သလို လူအများအပြား နင်းမိ၍ သေဆုံးခြင်း မျိုးလည်း မဖြစ်ပေါ်ခဲ့ပေ။
“သွားမယ်… စာမေးပွဲရုံကို သွားမယ်။”
တစ်ပတ် လှည့်လည်ပြီးနောက် စုမန်က လက်ကာပြလိုက်ရာ လူသောင်းပေါင်းများစွာက ကွန်ဖြူးရှပ်၏ ရုပ်တုကို ထမ်းကာ ကြီးကျယ်ခမ်းနားစွာဖြင့် စာမေးပွဲရုံဆီသို့ ဦးတည်သွားကြလေသည်။
တစ်နာရီ အကြာတွင် စာမေးပွဲရုံ သည် လုံးဝ ဝိုင်းရံခံလိုက်ရပြီ ဖြစ်၏။
“ယွီကျန်း ထွက်ခဲ့… ယွီကျန်း ထွက်ခဲ့”
“စာမေးပွဲ စစ်ဆေးသူတွေ အားလုံး ထွက်ခဲ့… စာမေးပွဲ စစ်ဆေးသူတွေ အားလုံး ထွက်ခဲ့”
လူသောင်းပေါင်းများစွာက တညီတညွတ်တည်း အော်ဟစ်ကြသည်။
ကွန်ဖြူးရှပ်၏ ရုပ်တုကို တံခါးဝတွင် ထားရှိထား၏။
“ကျုပ်တို့ကို တရားမျှတမှု ပေး… အမှန်တရားကို ဖော်ထုတ်ပေး...”
“လိမ်လည်မှုကို ဖော်ထုတ်… လိမ်လည်မှုကို ဖော်ထုတ်ကြ...”
လူသောင်းပေါင်းများစွာက အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကြသည်။
တစ်ချိန်တည်းမှာပင် လူသောင်းပေါင်းများစွာ ထဲတွင် လူသတ်သမား ဒါဇင်ပေါင်းများစွာ ပုန်းအောင်းနေပြီး အချိန်မရွေး လူသတ်ရန် အသင့် ရှိနေကြ၏။
လူတစ်ရာကျော် သတ်လိုက်လျှင် လုံလောက်ပြီ ဖြစ်၏။ ထို့နောက် နုလန်ဟောက် အိမ်တော်မှ သိုင်းပညာရှင်များအဖြစ် ဟန်ဆောင်ကာ နုလန်ဟောက် အောက်ရှင်းကို အပြစ်ပုံချရန် ဖြစ်သည်။
မည်သို့ ဟန်ဆောင်မည်နည်း။ နုလန်ဟောက် အိမ်တော်၏ အဝတ်အစားများ ဝတ်ဆင်မည်လား။ ထိုမျှ အဆင့်မနိမ့်ပေ။
နုလန်ဟောက် အိမ်တော်မှ သိုင်းပညာရှင်များ၏ ထူးခြားချက်မှာ အဘယ်နည်း။ ကိုယ်လက်အင်္ဂါ ချို့ယွင်းချက် ရှိခြင်းပင်ဖြစ်၏။
ဟုတ်ပေသည်။ အောက်ရှင်း သည် သူ၏ လက်အောက်ငယ်သား စစ်သည်များအပေါ် အလွန် ကောင်းမွန်သည်။
အထူးသဖြင့် မိသားစု မရှိဘဲ ဒဏ်ရာရကာ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားသော သိုင်းပညာရှင်များကို အိမ်သို့ ခေါ်ဆောင်ကာ ကျွေးမွေးထားလေ့ ရှိ၏။
ထို့ကြောင့် နုလန်ဟောက် အိမ်တော်၏ သက်တော်စောင့် ရာပေါင်းများစွာမှာကိုယ်လက်အင်္ဂါ ချို့ယွင်းချက် ရှိသူများသာ ဖြစ်ကြသည်။
ဤလူများက လူသတ်ပြီးနောက် ထွက်ပြေးချိန်တွင် ကိုယ်လက်အင်္ဂါ ချို့ယွင်းသူများအဖြစ် ဟန်ဆောင်လိုက်ရုံသာ ဖြစ်၏။
ထိုအချိန်ရောက်လျှင် လူတိုင်းက အလိုအလျောက် နုလန်ဟောက် အိမ်တော်ကို အပြစ်ပုံချကြမှာ ဖြစ်သည်။
‘သောက်ကျိုးနည်း... ဒီလို စွပ်စွဲတဲ့ နည်းလမ်းက အရမ်း ရိုးရှင်းလွန်းတယ် မဟုတ်ဘူးလား။ အလုပ် ဖြစ်ပါ့မလား။’
လူအုပ်ကြီးကို ရင်ဆိုင်ရာတွင် အကြံအစည်များက ရိုးရှင်းပြီး တိုက်ရိုက်ကျရန် လိုအပ်သည်။ လုံးဝ မရှုပ်ထွေးစေရပေ။
ယခုအခါ ဤ လူသတ်သမား ဒါဇင်ပေါင်းများစွာမှာ အသင့် ပြင်ဆင်ပြီး ဖြစ်နေပြီ ဖြစ်၏။ အမိန့် တစ်ချက် ပေးလိုက်သည်နှင့် ချက်ချင်း လူသတ်ကာ ကြီးကျယ်သော အမှုကြီး ဖန်တီးတော့မှာဖြစ်သည်။
ထိုသို့ဆိုလျှင် ကြီးကျယ်သော အမှုကြီး ဖြစ်သွားပြီး အောက်ယွီ လုံးဝ ပြီးဆုံးသွားပြီ ဖြစ်၏။
ဤလူ တစ်ရာကျော်ကို သတ်လိုက်ရုံဖြင့် ကြီးကျယ်သော အမှုကြီး ဖြစ်သွားမည် ဖြစ်ပြီး အောက်ယွီ လုံးဝ ပြီးဆုံးသွားကာ ထျန်းကျန်း မြစ်ထဲ ခုန်ချပြီး ဆေးလျှင်တောင် စင်တော့မည် မဟုတ်ပေ။
“ယွီကျန်း ထွက်ခဲ့… ယွီကျန်း ထွက်ခဲ့...”
“ကျုပ်တို့ကို တရားမျှတမှု ပေး… အမှန်တရားကို ဖော်ထုတ်ပေး။ လိမ်လည်မှုကို ဖော်ထုတ်...”
ဤကျောင်းသားများမှာ အန္တရာယ် အတွင်းသို့ ကျရောက်နေပြီ ဖြစ်သော်လည်း လုံးဝ မသိရှိကြဘဲ သွေးဆူကာ လက်သီးလက်မောင်း တန်းလျက် အော်ဟစ်နေကြဆဲ ဖြစ်၏။
“ဒုန်း…”
ကျယ်လောင်သော အသံကြီး တစ်သံနှင့်အတူ စာမေးပွဲရုံ၏ တံခါး ပွင့်လာလေသည်။
ပထမဆုံး ထွက်ပေါ်လာသည်မှာ အပြည့်အစုံ လက်နက်ကိုင်ဆောင်ထားသော စစ်သည် ရာပေါင်းများစွာ ဖြစ်၏။
ကျောင်းသား အားလုံး အံ့အားသင့်သွားကြသည်။ ဤသည်မှာ ဘာအဓိပ္ပာယ်နည်း။ စာမေးပွဲရုံက အင်အားသုံး နှိမ်နင်းတော့မည်လား။
လူရာပေါင်းများစွာက လူသောင်းပေါင်းများစွာကို မနှိမ်နင်းနိုင်ပေ။
ထို့နောက် ယွီကျန်း၊ မင်ကျင်းယွမ် အစရှိသော စာမေးပွဲ စစ်ဆေးသူ ဆယ်ယောက်ကျော်လုံး အမတ် ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ကာ ထွက်ပေါ်လာပြီး စင်မြင့်ပေါ်သို့ တက်ရောက်လာကြ၏။
“ထွက်လာပြီ… ထွက်လာပြီ။”
“အမှန်တရားကို ရှင်းပြ… အမှန်တရားကို ရှင်းပြ...”
လူသောင်းပေါင်းများစွာက တညီတညွတ်တည်း အော်ဟစ်ကြသည်။
စုမန်က လက်နှစ်ဖက်ကို မြှောက်လိုက်ရာ တည်နေရာ တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွား၏။
သူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “အားလုံး တိတ်တိတ် နေကြ။ ကျုပ်က ကိုယ်စားလှယ် အနေနဲ့ စာမေးပွဲ စစ်ဆေးသူတွေကို မေးခွန်းထုတ်မယ်။ ရမလား။”
“ရတယ်။” လူသောင်းပေါင်းများစွာက တညီတညွတ်တည်း အော်ဟစ်ကြ၏။
လွန်ခဲ့သော နာရီပေါင်းများစွာအတွင်း လူတိုင်းက စုမန်၏ အမိန့်ကို နာခံခဲ့ကြပြီး လုံးဝ မျက်စိစုံမှိတ် ယုံကြည်ခဲ့ကြသောကြောင့် သိုးအုပ် သက်ရောက်မှု အပြည့်အဝ ရှိနေပြီ ဖြစ်သည်။
စုမန်က စင်မြင့်ပေါ်သို့ တက်ရောက်သွားပြီး လူအုပ်ကြီးကို ဖြည်းညင်းစွာ ကြည့်လိုက်၏။
“ကျုပ် အခု ပြောမယ့် စကားက အရမ်း အရေးကြီးတယ်။ အားလုံးရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းနဲ့ သက်ဆိုင်နေတယ်။ ဒါကြောင့် ခင်ဗျားတို့ အားလုံး တိတ်တိတ်နေကြ။ စကား တစ်ခွန်းမှ မပြောနဲ့။ အားလုံး ကျုပ်ကိုပဲ ပြောခွင့်ပေး။ ရမလား။” စုမန်က အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
“ရတယ်။”
စုမန်က ပြုံးလိုက်၏။ “ကောင်းပြီ… အားလုံးရဲ့ ယုံကြည်မှုကို ကျေးဇူးတင်ပါတယ်။ ဒါဆို အခုကစပြီး အားလုံး တိတ်တိတ် နေကြပါ။”
လူအားလုံး တိတ်ဆိတ်သွားပြီး အသံ တစ်သံမှ မထွက်တော့ပေ။
စုမန်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “အခုချိန်မှာ အရမ်း အရေးကြီးပြီး အန္တရာယ်များတဲ့ အခြေအနေ ဖြစ်နေလို့ အားလုံး မြေကြီးပေါ်မှာ ထိုင်ချလိုက်ကြ။ အားလုံး ငြိမ်ငြိမ်လေး ထိုင်နေကြပါ။”
ချက်ချင်းပဲ ထိုနေရာတွင် ရှိနေသော လူသောင်းပေါင်းများစွာက မြေကြီးပေါ်တွင် ထိုင်ချလိုက်ကြ၏။
လူနည်းစုသာ ခြွင်းချက် ဖြစ်၏။ ထိုအထဲမှ အများစုမှာ ယွဲ့တန်းဖျင် အဖွဲ့အစည်းက စေလွှတ်ထားသော လူသတ်သမားများ ဖြစ်ကြပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် လူသတ်ကာ ကြီးကျယ်သော အမှုကြီး ဖန်တီးရန် ရည်ရွယ်ထားသူများ ဖြစ်သည်။
နောက်ထပ် လူအနည်းငယ်မှာ ချက်ချင်း နားမလည်လိုက်သောကြောင့် ကြောင်တောင်တောင် ဖြစ်နေသူများ ဖြစ်သည်။ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားပြီးနောက် ထိုလူများလည်း အမြန် ထိုင်ချလိုက်ကြ၏။
ယွဲ့တန်းဖျင်၏ ဆယ့်သုံးယောက်မြောက် ပညာတတ် တန်းကျိုးလည်း ရုပ်ဖျက်ကာ ထိုနေရာသို့ ရောက်ရှိနေပြီး အခြေအနေကို ထိန်းချုပ်နေသည်။
အောက်ထင်၏ လူယုံများ၊ ဝေမြို့စားကြီး အိမ်တော်၏ လူယုံများ လည်း ဤလူသောင်းပေါင်းများစွာ ထဲတွင် ပုန်းအောင်းနေကြ၏။
စုမန်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ ဘာလို့ ဒီမှာ လာစုရုံးနေကြတာလဲ။ ဘာလို့လဲဆိုတော့ ကြီးကျယ်တဲ့ စာမေးပွဲ လိမ်လည်မှုကြီးကို ကြားသိခဲ့ရလို့ပဲ။
ပြည်နယ်စာမေးပွဲ အဖြေလွှာတွေကို ပို့ဆောင်ပေးခဲ့တဲ့ တော်ဝင် သက်တော်စောင့် တပ်ဖွဲ့က စတုတ္ထ အဆင့် စစ်သူကြီး မော့ဖုန်းချွန်း ဟာ အရင်က နုလန်ဟောက်ရဲ့ လူယုံ ဖြစ်ခဲ့ဖူးတယ်။
သူက လမ်းမှာ မေးခွန်းတွေကို ခိုးယူပြီး တစ်စောင် ကူးရေးကာ အောက်ယွီကို ပေးခဲ့တယ်။ ကျူ့လန်ထျန်းကကိုယ်တိုင် အဖြေတွေကို ရေးပေးပြီး အောက်ယွီကို အလွတ်ကျက်ခိုင်းခဲ့လို့ အောက်ယွီက ပထမနေရာ ရသွားတာပဲ။”
ထိုစကားကို ကြားချိန်မှာတော့ လူတိုင်း ပို၍ ဒေါသထွက်လာကြ၏။
အကြိမ်ကြိမ် ကြားခဲ့ရပြီး ဖြစ်သော်လည်း ထပ်မံ ကြားရချိန်တွင် ဒေါသထွက်နေဆဲ ဖြစ်သည်။
ယွဲ့တန်းဖျင်၏ ဆယ့်သုံးယောက်မြောက် ပညာတတ် တန်းကျိုး မျက်လုံးများ ကျဉ်းမြောင်းသွား၏။ အဘယ်ကြောင့်ဆိုသော် လူသတ်ရန် အမိန့်ကို သူက ပေးရမည် ဖြစ်သောကြောင့်ပင်။
ထို့နောက် စုမန်က အောက်ယွီ နှင့် အင်ပါယာရှိ ဂုဏ်သရေရှိမှူးမတ်များကို ဆက်လက် တိုက်ခိုက်မှာဖြစ်၏။
ထိုနေရာတွင် ရှိနေသော လူသောင်းပေါင်းများစွာ လုံးဝ ဒေါသထွက်လာချိန်တွင် သူက လူသတ်ရန် အမိန့်ပေးမည် ဖြစ်ပြီး နုလန်ဟောက် အိမ်တော်၏ကိုယ်လက်အင်္ဂါ ချို့ယွင်းသော သိုင်းပညာရှင်များ အဖြစ် ဟန်ဆောင်ကာ လူသတ်မှာဖြစ်သည်။
ထိုသို့ဆိုလျှင် လုံးဝ မီးလောင်ရာ လေပင့် ဖြစ်သွားပေလိမ့်မည်။
ထို့နောက် စုမန်က လူသောင်းပေါင်းများစွာကို ခေါ်ဆောင်ကာ နုလန်ဟောက် အိမ်တော်သို့ သွားရောက် တိုက်ခိုက်ပြီး လျိုကတော်နှင့် အောက်ယွီ တို့ကို ဖမ်းဆီးကာ အဝတ်အစားများ ချွတ်ပြီး လမ်းပေါ်တွင် လှည့်လည် အရှက်ခွဲမှာဖြစ်သည်။
မည်သို့ပင် ဖြစ်စေ လူအုပ်ကြီး ဖြစ်သောကြောင့် အပြစ်ပေးခံရမည် မဟုတ်ပေ။ ထိုအချိန်ရောက်လျှင် နုလန်ဟောက်၏ ဇနီး လျိုကတော်နှင့် အောက်ယွီ တို့သည် လုံးဝ နာမည်ပျက်သွားပြီ ဖြစ်၏။
ထို့အပြင် ဂုဏ်သရေရှိ အိမ်တော်မှ သခင်မ တစ်ဦး အနေဖြင့် လူအများရှေ့တွင် အဝတ်အစား ချွတ်ကာ အရှက်ခွဲခံရပါက သေချာပေါက် သေကြောင်းကြံစည်ရမှာဖြစ်သည်။
ရက်စက်သည်လား။ ဤမျှ အထိ ရက်စက်လှ၏။
‘ခင်ဗျား အောက်ယွီက ကျုပ်တို့ ယွဲ့တန်းဖျင်ကို ဘာလို့ လာစော်ကားရတာလဲ။ ကျုပ်တို့ကို စော်ကားတဲ့ သူတိုင်း သေရမယ်။ ပြီးတော့ အဆိုးရွားဆုံး နည်းလမ်း နဲ့ သေရမယ်။’
“အမှန်တရားက ဘာလဲ။” စုမန်က ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ သူ၏ လက်ထဲတွင် သံဖြူဖြင့် ပြုလုပ်ထားသော အသံချဲ့စက် တစ်ခုပင် ပါရှိနေပြီး အသံက ပိုမို ကျယ်လောင်သွားသည်။
“အမှန်တရားက ဘာလဲ။”
“အမှန်တရားက ဘာလဲ။”
“အမှန်တရားက ဘာလဲ။” စုမန်က သုံးကြိမ်တိုင်တိုင် အော်ဟစ်လိုက်၏။
ချက်ချင်းပဲ လူတိုင်း၏ခေါင်းများ ထူပူလာပြီး ကြက်သီးမွေးညင်းများထကာ နားစွင့်လိုက်ကြပြီး စိတ်ကို စုစည်းလိုက်ကြသည်။
လူတိုင်း၏ အကြည့်များက စုမန်ထံသို့ စိုက်ကြည့်နေကြ၏။ သူသည် သူတို့၏ ခေါင်းဆောင် ဖြစ်၏။
အပိုင်း (၂၇၈)
စုမန်က အသံကျယ်ကျယ်ဖြင့် ရှင်းပြလိုက်သည်။ “အမှန်တရားကတော့ ဒီလိမ်လည်မှုကြီးဟာ လုံးဝ မရှိခဲ့ဘူး။ ဒါတွေ အားလုံးက ယွဲ့တန်းဖျင် အဖွဲ့အစည်းရဲ့ အကြံအစည် သက်သက်ပဲ။ ယွဲ့တန်းဖျင်ရဲ့ ပညာတတ် ဆယ့်သုံးယောက်ထဲက တန်းကျိုးက ကျုပ်ကို လာရှာတယ်။
ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ကို ခေါ်ပြီး ပြဿနာ ရှာခိုင်းတာ။ ကွန်ဖြူးရှပ် ကျောင်းတော်မှာ ငိုခိုင်းတာ၊ ပြည်နယ်ဝန်ကြီး အိမ်တော်ကို ဝိုင်းခိုင်းတာ၊ စာမေးပွဲရုံကို ဝိုင်းခိုင်းတာ အားလုံး သူတို့ ခိုင်းတာပဲ။
ကျုပ်သာ ဒီကိစ္စကို လက်ခံရင် ဒီတစ်ကြိမ် ပြည်နယ် စာမေးပွဲရဲ့ ပထမနေရာ (ကျွမ့်ယွမ်) ပေးမယ်၊ နောက်နှစ် နန်းတော် စာမေးပွဲမှာ ပထမ အဆင့် (ပထမ သုံးယောက်) ရစေမယ်၊ နန်းတော် စာမေးပွဲ ပြီးရင် ဟန်လင် နန်းတွင်းကျောင်းထဲ ဝင်ခွင့် ရစေမယ် ဆိုပြီးတော့ သူတို့က ကျုပ်ကိုကတိပေးခဲ့တယ်။
ဒါက စာချုပ်ပဲ။ ယွဲ့တန်းဖျင်ရဲ့ ခေါင်းဆောင် စာပေပညာရှင်ကိုယ်တိုင် ရေးပေးထားတဲ့ စာချုပ်။ အဲဒီမှာ သူ့ရဲ့ လက်မှတ်၊ သူ့ရဲ့ကိုယ်ပိုင် တံဆိပ်တုံး နဲ့ ယွဲ့တန်းဖျင်ရဲ့ တံဆိပ်တုံးတွေ ပါတယ်။”
စုမန်က သူ၏ လက်ထဲမှ စာချုပ်ကို အမြင့်သို့ မြှောက်ပြလိုက်၏။
ချက်ချင်းပဲ တည်နေရာ တစ်ခုလုံး ပေါက်ကွဲထွက်သွားလေသည်။
လူတိုင်း လုံးဝ အံ့အားသင့်သွားပြီး ခေတ္တမျှ လုံးဝ မတုံ့ပြန်နိုင်တော့ပေ။
ယွဲ့တန်းဖျင်၏ ဆယ့်သုံးယောက်မြောက် ပညာတတ် တန်းကျိုး၏ခေါင်းများ လုံးဝ ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားပြီး မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဝိညာဉ် လွင့်စင်သွား၏။
ကိစ္စများက အလွန် ရုတ်တရက် ဖြစ်ပေါ်လာသောကြောင့် သူလည်း ချက်ချင်း မတုံ့ပြန်နိုင်တော့ပေ။
အရေးအကြီးဆုံးက စုမန်၏ လက်ထဲရှိ စာချုပ်ကို သူတို့ ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ ထိုအပေါ်ရှိ လက်ရေးနှင့် တံဆိပ်တုံးများက အလိုအလျောက် ပျောက်ကွယ်သွားမှာ ဖြစ်သည်။ ယခုအချိန်အထိ အဘယ်ကြောင့် ရှင်းလင်းနေသေးသနည်း။
စုမန်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ကျုပ်ရဲ့ ဒီစာချုပ်ကို ဘယ်သူမဆို လာစစ်ဆေးလို့ ရတယ်။ ဒါက ယွဲ့တန်းဖျင်ရဲ့ ခေါင်းဆောင် စာပေပညာရှင်ရဲ့ လက်ရေး ဟုတ်၊ မဟုတ် ဆိုတာကို လာစစ်ကြပါ။”
ထိုအချိန်တွင် ယွဲ့တန်းဖျင်၏ ဆယ့်သုံးယောက်မြောက် ပညာတတ် တန်းကျိုး လုံးဝ သတိဝင်လာပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “သူ လိမ်ပြောနေတာ။ သူ့ကို အောက်ယွီက ဝယ်ယူလိုက်ပြီ။ နုလန်ဟောက်က ဝယ်ယူလိုက်ပြီ။ စုမန်က အားလုံးကို သစ္စာဖောက်သွားပြီ။”
ထို့နောက် တန်းကျိုးက အသံပြောင်းကာ အော်ဟစ်လိုက်ပြန်၏။ “လူသတ်ပြီ… လူသတ်ပြီ။ နုလန်ဟောက် အိမ်တော်က သိုင်းပညာရှင်တွေ လူသတ်ပြီ။”
ဤသည်မှာ အချက်ပြသံ ဖြစ်၏။ လူသတ်ရန် အချက်ပြသံပင် ဖြစ်သည်။
လူအုပ်ထဲတွင် ပုန်းအောင်းနေသော လူသတ်သမားများက အချက်ပြသံကို ကြားသည်နှင့် တပြိုင်နက် ဓားမြှောင်များကို ဆွဲထုတ်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ကြီးကျယ်သော အမှုကြီး ဖန်တီးရန် ပြင်ဆင်လိုက်ကြ၏။
ဘေးရှိ ကျောင်းသားများ လုံးဝ ကြောက်လန့်သွားကြပြီး သေးထွက်မတတ် ဖြစ်သွားကြကာ ထွက်ပြေးရန်ပင် ခြေထောက်များ မခိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ အားလုံးက မြေကြီးပေါ်တွင် ထိုင်နေကြသောကြောင့် ဖြစ်သည်။
“အားလုံးကို ဖမ်းလိုက်ကြ...” စုမန်က အမိန့်ပေးလိုက်၏။
“ရွှီး… ရွှီး… ရွှီး… ရွှီး… ရွှီး…”
သိုင်းပညာရှင် တစ်ရာကျော်က ရုတ်တရက် ထွက်ပေါ်လာပြီး ထို လူသတ်သမား ဒါဇင်ပေါင်းများစွာကို မြေကြီးပေါ်သို့ ဖိချကာ ချက်ချင်း ဖမ်းဆီးလိုက်ကြသည်။
“အောက်ယွီကို သေတွင်းထဲ ပို့ဖို့အတွက် သူတို့က လူအုပ်ထဲမှာ လူသတ်သမား ဒါဇင်ပေါင်းများစွာကို ထည့်ထားပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ လူသတ်ပြီး ကြီးကျယ်တဲ့ အမှုကြီး ဖန်တီးဖို့ လုပ်နေတာပဲ” စုမန်က ဆက်ပြောလိုက်၏။
ထိုစကားကို ကြားချိန်မှာတော့ လူအုပ်ကြီး ချက်ချင်း ဆူညံသွားတော့မည့်အလား ဖြစ်သွားသည်။
“မလှုပ်နဲ့… မလှုပ်နဲ့။”
စုမန်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ဒီ လူသတ်သမား ဒါဇင်ပေါင်းများစွာကို ကျုပ် အစောကြီးတည်းက မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့တာ။ သူတို့မှာ ထူးခြားချက် တစ်ခု ရှိတယ်။ လက်မောင်းမှာ အနီရောင် ပိတ်စလေး ပတ်ထားတယ်။ ဒါက သူတို့ အချင်းချင်း မှတ်မိဖို့ လုပ်ထားတာပဲ။
ဒါကြောင့် သူတို့ မလှုပ်ရှားခင်တည်းက နုလန်ဟောက် အိမ်တော်က သိုင်းပညာရှင်တွေက သူတို့ကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့တာ။ တစ်ယောက်ကို နှစ်ယောက် စောင့်ကြည့်နေတယ်။ အခု ဒီလူသတ်သမားတွေ အားလုံးကို ဖမ်းမိသွားပါပြီ။
အားလုံး မြေကြီးပေါ်မှာပဲ ထိုင်နေကြ။ မလှုပ်နဲ့… မလှုပ်နဲ့။ နောက်ထပ် လူသတ်သမားတွေ ပုန်းနေသေးလား မသိဘူး။ ရုန်းရင်းဆန်ခတ် ဖြစ်သွားရင် သူတို့ အခွင့်ကောင်း ယူပြီး လူသတ်လိမ့်မယ်။”
ထိုအချိန်တွင် တန်းကျိုးက လူအုပ်ထဲတွင် ပုန်းအောင်းကာ အသံစူးစူးဖြင့် အော်ဟစ်လိုက်သည်။ “လူသတ်ပြီ… လူသတ်ပြီ။ အားလုံး ပြေးကြ… ပြေးကြ…”
သေချာသည်မှာ သူက ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဖန်တီးပြီး နောက်ထပ် သွေးထွက်သံယို ဖြစ်စေရန် ကြိုးစားနေခြင်း ဖြစ်၏။
သူ အော်ဟစ်လိုက်သည်နှင့် လူအုပ်ကြီးက ထပ်မံ လှုပ်ရှားလာကြသည်။
ထို့အပြင် ယွဲ့တန်းဖျင်က စေလွှတ်ထားသော အခြားသူများ၊ ဝေမြို့စားကြီး အိမ်တော်၊ အောက်ထင် တို့က စေလွှတ်ထားသော အခြားသူများကလည်း အသံစူးစူးဖြင့် အော်ဟစ်ကြ၏။ “လူသတ်ပြီ… လူသတ်ပြီ။ အားလုံး ပြေးကြ…”
ထို့နောက် သူတို့ကိုယ်တိုင်လည်း ထွက်ပြေးကြပြီး အခြေအနေကို ကမောက်ကမ ဖြစ်အောင် ဖန်တီးကြလေသည်။
ဤအချိန်က အန္တရာယ် အများဆုံး အချိန်ဖြစ်၏။ လူသောင်းပေါင်းများစွာ ရှိနေသောကြောင့် တစ်ခါ ရုန်းရင်းဆန်ခတ် ဖြစ်သွားပါက လူအများအပြား နင်းမိ၍ သေဆုံးကြမည်မှာ သေချာ၏။
“မလှုပ်နဲ့… မလှုပ်နဲ့။” စုမန်က အော်ဟစ်လိုက်သည်။
စာမေးပွဲရုံမှ စစ်သည် ရာပေါင်းများစွာကလည်း တညီတညွတ်တည်း အော်ဟစ်ကြ၏။
သို့ပေမည့် အချိန်မမီတော့ပေ။ လူအုပ်ကြီးက စတင် လှုပ်ရှားနေပြီ ဖြစ်၏။ ဤသည်မှာ သိုးအုပ် သက်ရောက်မှု၊ လူအုပ်စု၏ သဘောသဘာဝ ပင်ဖြစ်သည်။
အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ထွက်ပြေးချင်ကြပြီး လူအများအပြား နင်းမိ၍ သေဆုံးမှုများ ဖြစ်ပေါ်လာတော့မှာဖြစ်၏။
“အဲဒါ တန်းကျိုး ပဲ။ အဲဒါ နောက်ကွယ်က ကြိုးကိုင်သူပဲ။ ဖမ်း… ဖမ်းကြ..”
“မတ်တတ်ရပ်နေတဲ့သူတွေ အားလုံးက လူဆိုးတွေရဲ့ အပေါင်းအပါတွေပဲ။ ဖမ်းလိုက်… ဖမ်းလိုက်ကြ”
နုလန်ဟောက် အိမ်တော်မှ သိုင်းပညာရှင် တစ်ရာကျော်က ဝံပုလွေများအလား ပြေးဝင်သွားကြပြီး လူအုပ်ထဲတွင် ပုန်းအောင်းနေသော ယွဲ့တန်းဖျင်၏ ဆယ့်သုံးယောက်မြောက် ပညာတတ် တန်းကျိုးကို ချက်ချင်း ဖမ်းဆီးလိုက်ကာ သူ၏ ရုပ်ဖျက်ထားမှုများ အားလုံးကို ဆွဲခွာလိုက်ကြသည်။
ထို့အပြင် သူ၏ အဝတ်အစားများ အားလုံးကိုပါ ချွတ်ပစ်လိုက်ကြသည်။ ထို့နောက် သူ့ကို အမြင့်သို့ မြှောက်တင်လိုက်ကြ၏။
“တန်းကျိုးကို ဖမ်းမိပြီ။ နောက်ကွယ်က ကြိုးကိုင်သူကို ဖမ်းမိပြီ။”
“လူသတ်သမားတွေ အားလုံး ဖမ်းမိပြီ။”
လူတိုင်း မော့ကြည့်လိုက်ရာ တကယ်ပင် ယွဲ့တန်းဖျင်၏ ဆယ့်သုံးယောက်မြောက် ပညာတတ် တန်းကျိုး ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ သူသည် အဝတ်အစားများ အချွတ်ခံထားရပြီး အမြင့်သို့ မြှောက်ကိုင် ခံထားရသည်။
ချက်ချင်းပဲ လူတိုင်း၏ အာရုံစိုက်မှုက ပြောင်းလဲသွား၏။
ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ကျောင်းသားတွေ အားလုံး မြေကြီးပေါ်မှာ ထိုင်နေကြ။ မလှုပ်နဲ့။ မလှုပ်နဲ့။ မတ်တတ်ရပ်တဲ့သူမှန်သမျှ ဘွဲ့တွေ အားလုံး ရုပ်သိမ်းမယ်။ စာမေးပွဲ ဖြေဆိုခွင့်ကို တစ်သက်လုံး ပိတ်ပင်မယ်။”
ယွီကျန်း၏ အသံက တိုးလွန်းသောကြောင့် လူသောင်းပေါင်းများစွာ မကြားရပေ။ ထို့ကြောင့် စာမေးပွဲ စစ်ဆေးသူ ဆယ်ယောက်ကျော်က တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။ “အားလုံး ထိုင်နေကြ။ မလှုပ်နဲ့။ မတ်တတ်ရပ်တဲ့ သူမှန်သမျှ ဘွဲ့တွေ အားလုံး ရုပ်သိမ်းမယ်။ စာမေးပွဲ ဖြေဆိုခွင့်ကို ပိတ်ပင်မယ်။”
ထို့နောက် စစ်သည် ရာပေါင်းများစွာကလည်း လိုက်လံ အော်ဟစ်ကြလေသည်။
ဤအရာက တကယ်ပင် သက်ရောက်မှု ကောင်းလှသည်။ ထိုနေရာတွင် ရှိနေသော ကျောင်းသား အားလုံး ချက်ချင်း ပြန်လည် ထိုင်ချလိုက်ကြ၏။
နောက်ဆုံးတွင် တည်နေရာ တစ်ခုလုံး ပြန်လည် ငြိမ်သက်သွား၏။ ရုန်းရင်းဆန်ခတ် ဖြစ်တော့မည့် အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
ယွီကျန်း၏ တစ်ကိုယ်လုံး ချွေးစေးများ ထွက်လာပြီး အင်္ကျီများပင် စိုရွှဲသွား၏။ သူ သေမင်းတမန် တံခါးဝမှ ပြန်လည် လွတ်မြောက်လာသကဲ့သို့ ခံစားလိုက်ရ၏။
အကယ်၍ စောစောက ရုန်းရင်းဆန်ခတ် ဖြစ်သွားပြီး တစ်ယောက်ယောက်က အခွင့်ကောင်းယူကာ လူသတ်လိုက်လျှင် သို့မဟုတ် လူအများအပြား နင်းမိ၍ သေဆုံးမှု ဖြစ်ပေါ်သွားလျှင် ယွီကျန်း အနေဖြင့် ရာထူး ကျရုံသာမက အသက်ပင် သေဆုံးရပေလိမ့်မည်။
လူထောင်ဂဏန်းလောက်သာ လာမည်ဟု ထင်မှတ်ထားခဲ့သော်လည်း လူသောင်းပေါင်းများစွာ ရောက်လာမည်ဟု မထင်ထားခဲ့ပေ။
ယွီကျန်းက အော်ဟစ်လိုက်၏။ “ဒီမှာ ဖြစ်ပျက်ခဲ့သမျှ၊ ယွဲ့တန်းဖျင် အဖွဲ့အစည်းရဲ့ အကြံအစည်တွေ အားလုံးကို လျှို့ဝှက် စာချွန်လွှာ ရေးပြီး လွန်ခဲ့တဲ့ နှစ်ရက်တည်းက မြို့တော်ကို ပို့လိုက်ပြီ။ အလျင်စလို ပို့လိုက်တာ ဖြစ်လို့ ဧကရာဇ်မင်းမြတ်က ဒီမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို သိနေလောက်ပြီ။
ဒီအကြံအစည်ကို ဖန်တီးခဲ့တဲ့သူတွေ… ခင်ဗျားတို့ လုံးဝ ပြီးသွားပြီ။ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော် မကြာခင် ရောက်လာတော့မယ်။
ခင်ဗျားတို့က စစ်သူကြီး မော့ဖုန်းချွန်းကို လုပ်ကြံပြီး သူ အပြစ်ကို ကြောက်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ ဟန်ဆောင်ချင်နေတာလား။ အိပ်မက် မက်မနေနဲ့။ သူက သတင်းရပြီးပြီ။ ခင်ဗျားတို့ လွှတ်လိုက်တဲ့ လူသတ်သမားတွေလည်း အခု ဖမ်းမိသွားပြီ။
ယွဲ့တန်းဖျင် အဖွဲ့အစည်း… ရူးသွပ်ပြီး ပြစ်မှုကျူးလွန်တဲ့သူတွေ… ခင်ဗျားတို့ရဲ့ နောက်ဆုံးအချိန် ရောက်လာပြီ။”
........................
တောင်ပိုင်းကျိုးအင်ပါယာ၏ မြို့တော်...
တော်ဝင် သက်တော်စောင့်တပ်ဖွဲ့၏ လက်ဝဲနှင့် လက်ယာ အစောင့်တပ်များမှ စတုတ္ထ အဆင့် စစ်သူကြီး မော့ဖုန်းချွန်းသည် အလုပ်ဆင်းပြီးနောက် အိမ်သို့ ပြန်လာခဲ့သည်။
ဤသည်မှာ သာမန် အိမ်ငယ်လေး တစ်လုံးသာ ဖြစ်ပြီး အလွန် ဆင်းရဲနွမ်းပါးသည်ဟု မဆိုနိုင်သော်လည်း လုံးဝ မချမ်းသာလှပေ။
သူသည် စတုတ္ထအဆင့် အမတ်တစ်ဦး ဖြစ်သော်လည်း စစ်ဖက်မှ စတုတ္ထအဆင့် ဖြစ်ကာ၊ မြို့တော်တွင် ပထမ အဆင့်၊ ဒုတိယအဆင့် အမတ်ကြီးများ ပေါများလွန်းလှသောကြောင့် သူကဲ့သို့ စတုတ္ထအဆင့် စစ်သူကြီးကို အရေးပါသူဟု လုံးဝ မသတ်မှတ်နိုင်ချေ။
သူ၏ လစာမှာ မများသလို မနည်းလှဘဲ ဤအိမ်လေးကိုသာ ဝယ်ယူနိုင်ခဲ့၏။ သေချာသည်မှာ သူ၏ ရာထူးဖြင့် လာဘ်စားလိုပါက ရနိုင်သည်မှာ သေချာသည်။
သို့ပေမည့် သူသည် ဆင်းရဲသော မိသားစုမှ မွေးဖွားလာသူဖြစ်ပြီး စိတ်ထား ကောင်းမွန်သောကြောင့် လာဘ်ငွေများကို မယူလိုပေ။
သူသည် ငယ်စဉ်တည်းက သိုင်းပညာ လေ့ကျင့်ရာတွင် ပါရမီ ပါသောကြောင့် ဆရာ တစ်ဦး၏ တပည့်အဖြစ် လက်ခံခြင်း ခံခဲ့ရ၏။ အနှစ် နှစ်ဆယ်ခန့် သိုင်းပညာ လေ့ကျင့်ခဲ့ပြီး စစ်ဖက်ဆိုင်ရာ ခရိုင်အဆင့် စာမေးပွဲနှင့် ပြည်နယ်အဆင့် စာမေးပွဲများကို အလွယ်တကူ အောင်မြင်ခဲ့သည်။
ထို့နောက် နုလန်ဟောက် အောက်ရှင်းနှင့်အတူ တောင်ပိုင်းသို့ စစ်ချီရာတွင် လိုက်ပါခဲ့ပြီး ကြီးမားသော စစ်ရေး အောင်မြင်မှုများ ရရှိခဲ့ကာ တစ်ကိုယ်လုံး ဒဏ်ရာများ ရရှိခဲ့၏။
သူ၏ ဘဝတွင်လည်း ကြီးကျယ်ခမ်းနားသော အချိန်များ ရှိခဲ့ဖူးသည်။ တောင်ပိုင်း လူရိုင်းများ၏ ခေါင်းဆောင် တစ်ဦးကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ဖူးပြီး အကြိမ်ကြိမ် အသက်စွန့်ကာ ရန်သူ့ မြို့ရိုးပေါ်သို့ အရင်ဆုံး တက်ရောက်နိုင်ခဲ့သောကြောင့် မြို့သိမ်း တိုက်ပွဲများတွင် ပထမတန်းစား အကျိုးပြုမှုများ ရရှိခဲ့၏။
အနှစ် နှစ်ဆယ်ကျော် အချိန်အတွင်း တပ်စုမှူး ရာထူးမှ တိန့်ယွမ် စစ်သူကြီး ရာထူးအထိ အဆင့်ဆင့် တက်လှမ်းလာခဲ့သည်။
တိန့်ယွမ် စစ်သူကြီးဟု ဆိုလိုက်လျှင် အလွန် ကြီးကျယ်ခမ်းနားသည်ဟု ထင်ရမှာ ဖြစ်သည်။ သို့ပေမည့် ဤသည်မှာ ပဉ္စမ အဆင့်ရှိ အမည်ခံ စစ်သူကြီး ရာထူးသာ ဖြစ်၏။
ဖျောက်ချီ စစ်သူကြီးချုပ်၊ ကျိန့်ကော် စစ်သူကြီးချုပ်၊ ကျိန့်ကျွန်း စစ်သူကြီးချုပ်၊ ကွမ်ကျွန်း စစ်သူကြီးချုပ်၊ ဟွိုင်ဟွာ စစ်သူကြီးချုပ် စသည့် ဘွဲ့များကမှ တကယ့် ကောင်းသော စစ်သူကြီး ဘွဲ့အမည်များ ဖြစ်၏။ တိန့်ယွမ် စစ်သူကြီး ဆိုသည်မှာ အလကား ဘွဲ့အမည်သာ ဖြစ်သည်။
မတတ်နိုင်ပေ။ သူက စစ်ရေး အောင်မြင်မှုများ ကြီးမားသော်လည်း မျိုးရိုးက နိမ့်ကျလွန်းနေ၏။ အကယ်၍ ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးမှ ကလေးတစ်ဦးသာ ဤမျှ စစ်ရေး အောင်မြင်မှု ရှိခဲ့ပါက ကွမ်ကျွန်း စစ်သူကြီးချုပ် ရာထူး ရရှိနေမည်ဖြစ်ပြီး ပြည်နယ် စစ်သေနာပတိ ဖြစ်နေပေလိမ့်မည်။
သို့ပေမည့် မတတ်နိုင်ပေ။ သူက သာမန်ပြည်သူမျိုးရိုး ဖြစ်နေသည်။