← Chapters

အခန်း (၂၇၉-၂၈၀)

Vol. 24 Ch. 279-280

အခန်း (၂၇၉-၂၈၀)

Vol. 24 Ch. 279-280

အပိုင်း (၂၇၉)

မည်သူ့ကို အပြစ်တင်ရမည်နည်း။ နုလန်ဟောက် အောက်ရှင်းကို အပြစ်တင်ရမည်လား။

အောက်ရှင်းကိုယ်တိုင်ပင်လျှင် ရာထူး မတက်နိုင်ဘဲ ဖြစ်နေ၏။ လွန်ခဲ့သော ဆယ်နှစ်ကျော်တည်းက ကွန်းမြို့စားဘွဲ့ ရမည်ဟု သတင်းတွေ ထွက်ခဲ့သော်လည်း ယခုအထိ မရသေးပေ။

တောင်ပိုင်းသို့ စစ်ချီစဉ်က တပ်တော် အုပ်ချုပ်ရေးမှူး ရာထူးကို ရရှိခဲ့ပြီး အမြင့်ဆုံး အချိန်တွင် တောင်ပိုင်း လူရိုင်းများ နေထိုင်သော ပြည်နယ် အချို့၏ အုပ်ချုပ်ရေးမှူးချုပ် တာဝန်ကိုပါ ပူးတွဲ ယူခဲ့ရ၏။

သို့ပေမည့် ထိုအရာများက ယာယီ ရာထူးများသာ ဖြစ်သည်။ စစ်ပွဲ ပြီးဆုံး၍ စစ်တပ် အမိန့်ပေး တံဆိပ်ပြားကို ပြန်အပ်လိုက်သည်နှင့် ဖျောက်ချီ စစ်သူကြီးချုပ် ဟူသော အမည်ခံ ရာထူးသာ ကျန်ရှိတော့သည်။

ဟုတ်ပေ၏။ ဖျောက်ချီ စစ်သူကြီးချုပ်သည် အမည်ခံ ရာထူးသာ ဖြစ်၏။

ယခင်က အောက်ရှင်း ကဲ့သို့သော လူများသည် အသက် ငါးဆယ်ကျော် လာပါက တပ်တော် ဌာနချုပ်၏ အကြီးအကဲသို့မဟုတ် စစ်သူကြီးချုပ် ကဲ့သို့သော ဂုဏ်ထူးဆောင် ရာထူးများကို တောင်းဆိုလေ့ ရှိကြ၏။ အနည်းဆုံးတော့ ကာကွယ်ရေး ဝန်ကြီး ရာထူးကို ရရှိလေ့ ရှိကြသည်။

သို့ပေမည့် ဧကရာဇ်မင်းမြတ်က မပေးသလို အောက်ရှင်းကလည်း မတောင်းဆိုခဲ့ပေ။ ထို့ကြောင့် စစ်သူကြီးချုပ် ရာထူးလည်း မရခဲ့သလို တပ်တော် ဌာနချုပ်၏ အကြီးအကဲ၊ ဒု-အကြီးအကဲ ရာထူးလည်း မရခဲ့ပေ။ ကာကွယ်ရေး ဝန်ကြီး ရာထူးလည်း မရခဲ့ပေ။

လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက အင်ပါယာကြီးများ အားလုံး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် ခဲ့ကြပြီး ရှန်ရှုရှန်း (အုပ်ချုပ်ရေး ဌာန)နှင့် ကျုံးရှုရှန်း (ဥပဒေပြု ဌာန)တို့ကို ဖျက်သိမ်းကာ နိုင်ကော် (အစိုးရအဖွဲ့)ကို ဖွဲ့စည်းခဲ့ကြသည်။

တပ်တော် ဌာနချုပ်၏ အာဏာများကိုလည်း ခွဲဝေပေးလိုက်သောကြောင့် တပ်တော် ဌာနချုပ်၏ အကြီးအကဲ ရာထူး အတွက် ပြိုင်ဆိုင်မှုများ သိပ်မပြင်းထန်တော့ပေ။ အောက်ရှင်း ကဲ့သို့ စစ်ရေးကိုသာ အာရုံစိုက်သူများ အတွက် ဤရာထူးက အသင့်တော်ဆုံး ဖြစ်ပြီး အတွေ့အကြုံကလည်း အပြည့်အဝ ရှိနေ၏။

ဤရာထူးနှင့် ဂုဏ်ထူးများကို ဧကရာဇ်ဝမ်ယွင် နန်းတက်လာချိန်တွင် အောက်ရှင်းကို ပေးအပ်ရန် ချန်ထားခဲ့ခြင်း ဖြစ်သည်ဟု လူတိုင်းက ထင်မှတ်ခဲ့ကြသည်။

သို့ပေမည့် ဧကရာဇ် အသစ် နန်းတက်လာပြီးနောက်တွင်လည်း နုလန်ဟောက် အောက်ရှင်းမှာ ရာထူး မရှိဘဲ ဆက်လက် နေထိုင်ခဲ့ရ၏။

မြောက်ပိုင်းသို့ စစ်ချီကာ ပိုင်ရှင်မဲ့နယ်မြေကို တိုက်ခိုက်ပြီး တာယင်အင်ပါယာနှင့် စစ်ဖြစ်မှသာ ဧကရာဇ်က အောက်ရှင်းကို ပြန်လည် အသုံးပြုခဲ့ပြီး မြောက်ပိုင်းတပ်တော် ဌာနချုပ်၏ လက်ယာဘက် အကြီးအကဲ၊ ဆိုလိုသည်မှာ ဒုတိယ ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

စစ်သေနာပတိ ဖြစ်သူ အောက်ရှင်းပင်လျှင် ဤမျှ အသုံးမချခံရဘဲ ဖြစ်နေပါက သူ၏ လက်အောက်ရှိ စစ်သူကြီးများမှာ ပြောစရာပင် မလိုတော့ပေ။

ထို့ကြောင့် မော့ဖုန်းချွန်းက နောက်ခံ အားကိုးစရာ ရှာဖွေခဲ့ရပြီး ဆရာဖြစ်သူ၏ အဆက်အသွယ်ဖြင့် တော်ဝင် သက်တော်စောင့် တပ်ဖွဲ့သို့ ပြောင်းရွှေ့လာကာ ဤအလယ်အလတ်ရာထူးဖြစ်သော စတုတ္ထအဆင့် စစ်သူကြီး ဖြစ်လာခဲ့ခြင်း ဖြစ်၏။

ယခုတစ်ကြိမ် မြောက်ပိုင်းသို့ စစ်ချီကာ ပိုင်ရှင်မဲ့နယ်မြေကို တိုက်ခိုက်ရာတွင် လူအများအပြားက ကောင်းကျိုး ရယူရန်ကိုယ်တိုင် လျှောက်ထားခဲ့ကြသည်။

သို့ပေမည့် မော့ဖုန်းချွန်းကတော့ ကောင်းကျိုး ရယူလိုစိတ် နည်းပါးသွားပြီ ဖြစ်သလို နုလန်ဟောက် အောက်ရှင်းနှင့် ပြန်တွေ့ရမည်ကို အားနာနေသောကြောင့် ထိုကိစ္စကို မပြောဆိုခဲ့ပေ။

မဟုတ်ပါက မော့ဖုန်းချွန်း၏ သိုင်းပညာက အလွန် မြင့်မားသောကြောင့် ဤတစ်ကြိမ် ပိုင်ရှင်မဲ့နယ်မြေ တိုက်ပွဲတွင် ကြီးမားသော စစ်ရေး အောင်မြင်မှုများ ရရှိနိုင်မည်သာ ဖြစ်၏။

အိမ်သို့ ပြန်ရောက်ပြီးနောက် မော့ဖုန်းချွန်း၏ ပထမဆုံး အလုပ်မှာ သိုင်းပညာ လေ့ကျင့်ခြင်း ဖြစ်သည်။

ပေါင် ရာပေါင်းများစွာ လေးသော ကျောက်တုံးကြီးများကို သူက ကစားစရာ အလား ပေါ့ပါးစွာ မြှောက်ချည် ချချည် လုပ်နေ၏။ သူတွင် တကယ်ကို လူတစ်သောင်းနှင့် ယှဉ်တိုက်နိုင်သော ခွန်အားမျိုး ရှိ၏။

သိုင်းပညာ လေ့ကျင့်ပြီးနောက် တစ်ကိုယ်လုံးရှိ ကြွက်သားများက ပေါက်ကွဲထွက်တော့မည့်အလား တင်းမာနေသည်။

ဇနီးဖြစ်သူက တဘက်တစ်ထည် ယူလာပေးပြီး ချွေးများ သုတ်ပေးလေ၏။

ဇနီးသည်က ယုယစွာ ပြောလိုက်သည်။ “ထမင်းစားရအောင်။”

“အင်း” မော့ဖုန်းချွန်းက ခေါင်းညိတ်လိုက်သည်။ သူက စစ်မြေပြင် ရှေ့တန်းမှ ထွက်ခွာပြီး မြို့တော်သို့ ပြန်လာရခြင်း၏ အဓိက အကြောင်းရင်းမှာ ဇနီးနှင့် ကလေးများနှင့်အတူ နေထိုင်လိုသောကြောင့် မဟုတ်ပါလား။

အိမ်ထဲရှိကလေး သတိမထားမိချိန်တွင် သူက ဇနီးသည်၏ မျက်နှာကို ငုံ့၍ နမ်းလိုက်၏။

ဇနီးသည်က အသက် လေးဆယ်ခန့် ရှိပြီဖြစ်ပြီး နုပျိုလှပခြင်း မရှိတော့သော်လည်း အနမ်းခံလိုက်ရချိန်တွင် ချစ်စဖွယ် ဟန်ပန်လေးများ ထွက်ပေါ်လာကာ သူ့ကို မျက်စောင်း ထိုးလိုက်သည်။

ချွေးများ သုတ်ပြီးနောက် မော့ဖုန်းချွန်းက အိမ်ထဲသို့ ဝင်ကာ ထမင်းစားရန် ပြင်ဆင်လိုက်၏။

ထိုစဉ် သူ၏ ခြေလှမ်းများ ရုတ်တရက် ယိုင်ထွက်သွားသည်။

‘သောက်ကျိုးနည်း… အဆိပ်မိသွားပြီ။ ဒီတဘက်ထဲမှာ အဆိပ် သုတ်ထားတယ်။’

ချက်ချင်းပဲ မော့ဖုန်းချွန်း ခေါင်းမူးလာပြီး မျက်စိများ ပြာလာကာ ခြေလက်များ အားနည်းလာ၏။

“ကျုပ် မိသားစုကို ဒုက္ခမပေးပါနဲ့… ကျုပ် မိသားစုကို ဒုက္ခမပေးပါနဲ့…” မော့ဖုန်းချွန်းက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

ဇနီးသည်က ဘာဖြစ်သွားမှန်း မသိဘဲ အလျင်အမြန် လာတွဲကာ ပြောလိုက်၏။ “ယောကျာ်း… ရှင် ဘာတွေ ပြောနေတာလဲ။ ရှင် ဘာတွေ ပြောနေတာလဲ။”

အိမ်ထဲမှ သားဖြစ်သူကလည်း စာအုပ်ကို ပစ်ချကာ ဓားတစ်လက်ကို ဆွဲယူပြီး ပြေးထွက်လာသည်။

မော့ဖုန်းချွန်းက သားဖြစ်သူကို သိုင်းပညာ မသင်စေချင်ဘဲ စာဖတ်ရန်ကိုသာ အတင်းအကျပ် ခိုင်းစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခုခေတ်တွင် ပညာတတ် အမတ်များက ပို၍ မျက်နှာပန်း လှသောကြောင့် ဖြစ်၏။

သို့ပေမည့် သားဖြစ်သူက သူ၏ဗီဇကို လိုက်သောကြောင့် စာဖတ်ရန် စိတ်မဝင်စားဘဲ သိုင်းပညာကိုသာ စိတ်ဝင်စားနေသည်။

“အိမ်ထဲ မြန်မြန် ပြန်ဝင်… အိမ်ထဲ မြန်မြန် ပြန်ဝင်…”

မော့ဖုန်းချွန်းက အော်ဟစ်လိုက်၏။ “ထွက်လာခဲ့… ထွက်လာပြီး စကားပြောကြ။ ကျုပ်မိသားစုကို ဒုက္ခမပေးနဲ့။”

“ရွှီး… ရွှီး… ရွှီး… ရွှီး…”

ချက်ချင်းပဲ အမည်းရောင် လူရိပ် အချို့ ပြေးဝင်လာပြီး လျှို့ဝှက် လက်နက်ပုန်းများက မုန်တိုင်းအလား ပစ်ခတ်လာကြသည်။

ဇနီးသည်က လျှို့ဝှက် လက်နက်ပုန်း ထိမှန်ပြီး ချက်ချင်း လဲကျသွား၏။

သားဖြစ်သူက ဓားကို ဝှေ့ယမ်းကာ စက္ကန့် အနည်းငယ်မျှ ကာကွယ်နိုင်ခဲ့၏။ သိုင်းပညာ သင်ယူရန် ပါရမီပါသူ တစ်ဦး ဖြစ်ကြောင်း သိသာလှသော်လည်း နောက်ဆုံးတွင်တော့ လဲကျသွားခဲ့ရသည်။

အကယ်၍ အဆိပ်မိမထားပါက မော့ဖုန်းချွန်း သည် လှံကိုကိုင်ဆောင်ကာ ဝင်ရောက် တိုက်ခိုက်နေပြီ ဖြစ်၏။

“အား… အား… အား…”

ခေါင်းမူးပြီး မျက်စိပြာကာ ခြေလက်များ အားနည်းနေသော မော့ဖုန်းချွန်းက ပေါင်ရာပေါင်းများစွာ လေးသော ကျောက်တုံးကြီးကို မကာ ဆယ်မီတာခန့် အဝေးသို့ အားကုန် ပစ်ပေါက်လိုက်သည်။

ထို့နောက် အိမ်ဝင်းအတွင်းရှိ ကြိတ်ဆုံကို ကောက်ယူကာ မီတာ ဒါဇင်ပေါင်းများစွာ အဝေးသို့ ပစ်ပေါက်လိုက်ပြန်သည်။ ထို့နောက် သူ၏ လှံကို ရှာဖွေရာ မတွေ့တော့ပေ။

ထို့ကြောင့် ခြံဝင်း အတွင်းရှိ သစ်ပင် တစ်ပင်ကို ဆွဲနုတ်ကာ ဝှေ့ယမ်းပြီး ပြေးဝင်သွားလေသည်။ မတ်တတ်ပင် ကောင်းကောင်း မရပ်နိုင်တော့ဘဲ ခေါင်းမူးပြီး မျက်စိပြာနေချိန်တွင်ပင် သူက နတ်ဘုရား တစ်ပါးအလား တိုက်ခိုက်နိုင်နေဆဲ ဖြစ်ရာ သူ၏ သိုင်းပညာ မည်မျှ မြင့်မားကြောင်း သိရှိနိုင်၏။

သို့ပေမည့် နောက်တစ်စက္ကန့်တွင်တော့ အမည်းရောင် လူရိပ်တချို့ အမိုးပေါ်မှ ခုန်ဆင်းလာပြီး ဇနီးနှင့် သားဖြစ်သူ၏ လည်ပင်းပေါ်သို့ ဓားများ တင်ထားလိုက်ကြသည်။

အကယ်၍ မော့ဖုန်းချွန်းတွင် အာဏာနှင့် ဩဇာ ရှိပါက မြို့တွင်းပိုင်းတွင် နေထိုင်နိုင်မည်ဖြစ်ပြီး ဤကဲ့သို့ ဆူညံသံများ ထွက်ပေါ်လာပါက ကင်းလှည့်နေသော တော်ဝင် သက်တော်စောင့်များ ချက်ချင်း ရောက်ရှိလာပေလိမ့်မည်။

သို့ပေမည့် သူက ငွေမရှိသောကြောင့် မြို့ပြင်ပိုင်းတွင်သာ အိမ်ဝယ်နိုင်ခဲ့သည်။

ဤသည်မှာလည်း ရယ်စရာ ကောင်းလှ၏။ တော်ဝင် သက်တော်စောင့် တပ်ဖွဲ့၏ စတုတ္ထ အဆင့် စစ်သူကြီး တစ်ဦး၏ အိမ်အနီးတွင်ကင်းလှည့်နေသော တော်ဝင် သက်တော်စောင့် တစ်ဦးမှ မရှိပေ။

“ပြဿနာက ဇနီးနဲ့ သားသမီးကို မသက်ဆိုင်ဘူး။ ခင်ဗျားတို့ ဘာလိုချင်လို့လဲ။” မော့ဖုန်းချွန်းက တုန်ယင်စွာ မေးလိုက်၏။

ခေါင်းဆောင် ဖြစ်သူ လူသတ်သမားက ပြောလိုက်သည်။ “ခင်ဗျားက အောက်ရှင်းရဲ့ လက်အောက်ငယ်သား ဟောင်း ဆိုပြီး ကြားတယ်။ ဟုတ်သလား။”

“ဟုတ်တော့ကော ဘာဖြစ်လဲ။” မော့ဖုန်းချွန်းက ပြန်ဖြေ၏။

ခေါင်းဆောင် လူသတ်သမားက ဆက်ပြောသည်။ “မကြာခင်က ခင်ဗျား တော်ဝင် သက်တော်စောင့်တွေကို ဦးဆောင်ပြီး ချန်လန်ပြည်နယ်ရဲ့ ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲ မေးခွန်းတွေကို ကျန်းကျိုးမြို့ကို ပို့ဆောင်ပေးခဲ့တယ် မဟုတ်လား။”

မော့ဖုန်းချွန်းက ပြောလိုက်၏။ “ဟုတ်တော့ကော ဘာဖြစ်လဲ။”

ခေါင်းဆောင် လူသတ်သမားက ဆက်ပြောသည်။ “ခင်ဗျားက လမ်းမှာ စာမေးပွဲ မေးခွန်းတွေကို ခိုးယူခဲ့တယ်။ ပြီးတော့ မိတ္ထူတစ်စောင် ကူးရေးပြီး အောက်ယွီဆီကို လျှို့ဝှက် ပေးပို့ခဲ့တယ် မဟုတ်လား။”

မော့ဖုန်းချွန်းက အသံကျယ်ကျယ်ဖြင့် ပြော၏။ “လျှောက်ပြောမနေနဲ့။ ကျုပ်နဲ့ နုလန်ဟောက် အောက်ရှင်းက သိပ်ပြီး ရင်းနှီးတာ မဟုတ်ဘူး။ တော်ဝင် သက်တော်စောင့် တပ်ဖွဲ့ကို ရောက်ပြီးတည်းက သူ့ကို တစ်ခါမှ မဆက်သွယ်ဖူးဘူး။ ပြီးတော့ စာမေးပွဲ မေးခွန်းတွေက ချိတ်ပိတ်ထားသလို သော့လည်း ခတ်ထားတာ။ ကျုပ်က ဘယ်လိုလုပ် ခိုးထုတ်လို့ ရမှာလဲ။”

ခေါင်းဆောင် လူသတ်သမားက အမိန့်ပေးလိုက်သည်။ “မဟုတ်ဘူး… ခင်ဗျား သေချာပေါက် လုပ်ခဲ့တယ်။ ခင်ဗျားကိုယ်တိုင်လည်း လုပ်ခဲ့တယ်လို့ ဝန်ခံရမယ်။ မဟုတ်ရင် ခင်ဗျားရဲ့ ဇနီးနဲ့ ခင်ဗျားရဲ့ သား ခင်ဗျားရှေ့မှာ သေသွားလိမ့်မယ်။”

ထို့နောက် ထိုခေါင်းဆောင်လူသတ်သမားက စာရွက် တစ်ရွက်ကို ထုတ်ယူလိုက်၏။ ထိုအပေါ်တွင် စာလုံးများ အပြည့် ရေးသားထားပြီး သူက ဆက်ပြော၏။ “ဒါက ခင်ဗျားရဲ့ ဝန်ခံချက်ပဲ။ ခင်ဗျားရဲ့ နာမည်ကို လက်မှတ်ထိုးပြီး လက်ဗွေနှိပ်လိုက်။ ပြီးရင် အဆိပ်သောက်ပြီးကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်။”

မော့ဖုန်းချွန်းက တုန်ယင်စွာ မေးလိုက်သည်။ “ဒီလိုပဲ လုပ်ရမှာလား။ ဒီလိုပဲ လုပ်ရမှာလား။”

“ဟုတ်တယ်။ ဒီလိုပဲ လုပ်ရမယ်။ မဟုတ်ရင် ခင်ဗျား ဇနီးနဲ့သား သေရလိမ့်မယ်။ ခင်ဗျားရှေ့မှာတင် သေရလိမ့်မယ်။” ခေါင်းဆောင် လူသတ်သမားက အေးစက်စက် ပြောလိုက်၏။

မော့ဖုန်းချွန်းက မေးလိုက်သည်။ “ကျုပ် ဝန်ခံပြီးရင်လည်း ခင်ဗျားတို့က ကျုပ်ဇနီးနဲ့ သားကို သတ်မှာပဲ မဟုတ်လား။”

ခေါင်းဆောင် လူသတ်သမားက ဖြေလိုက်၏။ “မဖြစ်နိုင်ဘူး။ သူတို့ကို သတ်လိုက်ရင် ခင်ဗျား အပြစ်ကို ကြောက်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ် ဆိုတာ သဘာဝ မကျတော့ဘူး ဖြစ်သွားမှာပေါ့။ ပြီးတော့ ခင်ဗျားမှာ ရွေးချယ်စရာ မရှိဘူး မဟုတ်လား။”

ခေါင်းဆောင် ဖြစ်သူက မော့ဖုန်းချွန်း၏ဇနီး လည်ပင်းပေါ်သို့ ဓားဖြင့် အနည်းငယ် ခြစ်လိုက်ရာ သွေးများ ချက်ချင်း ထွက်လာသည်။

မော့ဖုန်းချွန်း၏ ရင်ထဲတွင် ဓားဖြင့် အမွှမ်းခံရသကဲ့သို့ နာကျင်သွားပြီး တုန်ယင်စွာ ပြောလိုက်၏။ “ရပ်လိုက်… ရပ်လိုက်။ ကျုပ် လက်မှတ် ထိုးမယ်… ကျုပ် လက်မှတ် ထိုးမယ်…”

ထို့နောက် သူက လက်ထဲရှိ သစ်ပင်ကို လွှင့်ပစ်လိုက်ပြီး ကျောက်စားပွဲအနီးသို့ ယိုင်နဲ့ယိုင်နဲ့ လျှောက်သွားလေသည်။

ခေါင်းမူးပြီး မျက်စိပြာကာ တစ်ကိုယ်လုံး အားနည်းနေသောကြောင့် သူ၏ လက်ကို အတင်း ဖိထားကာ မနည်း လက်မှတ် ထိုးလိုက်ရ၏။ ထို့နောက် လက်ညှိုးကို ကိုက်ဖြတ်ကာ သွေးဖြင့် လက်ဗွေနှိပ်လိုက်သည်။ စာမေးပွဲ မေးခွန်းများကို ခိုးယူကာ အောက်ယွီ ထံသို့ ပေးပို့ခဲ့ကြောင်း ဝန်ခံလိုက်ခြင်း ဖြစ်၏။

“ရပြီလား။ ကျုပ်ဇနီးကို လွှတ်ပေးလို့ ရပြီလား။” မော့ဖုန်းချွန်းက မေးလိုက်သည်။

ခေါင်းဆောင် လူသတ်သမားက ရင်ဘတ်အတွင်းမှ ပုလင်း တစ်လုံးကို ထုတ်ယူကာ စားပွဲပေါ် တင်ပေးလိုက်ပြီး ပြောလိုက်၏။ “ဒါက ဟဲ့တင်းဟုန် အဆိပ်ပဲ။ သောက်လိုက်တော့။ အရမ်း နာကျင်ရပေမယ့် နာကျင်မှုက ကြာရှည် မခံပါဘူး။ ခဏနေရင် လွတ်မြောက်သွားမှာပါ။ ခင်ဗျားက အပြစ်ကို ကြောက်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာပဲ။”

မော့ဖုန်းချွန်း၏ မျက်လုံးများမှ မျက်ရည်များ အဆက်မပြတ် စီးကျလာပြီး ဇနီးနှင့် သားဖြစ်သူကို အလွန် သံယောဇဉ် ကြီးစွာဖြင့် ကြည့်နေမိသည်။

‘ဒီလောကကြီး ဘာဖြစ်သွားတာလဲ။ ကျုပ်က ဘယ်သူ့ကိုမှ မစော်ကားခဲ့ပါဘူး။ ဒီတော်ဝင် သက်တော်စောင့် တပ်ဖွဲ့ရဲ့ စတုတ္ထအဆင့် စစ်သူကြီး ရာထူးကိုလည်း အလွန် သတိထားပြီး လုပ်ဆောင်နေခဲ့တာပဲ။ ဘာလို့ ဒီလို ဘေးအန္တရာယ်တွေ ကျရောက်လာရတာလဲ။

ကျုပ်က အောက်ရှင်းရဲ့ လက်အောက်ငယ်သားဟောင်း ဖြစ်ခဲ့ဖူးလို့လား။ ဒီလောကကြီး ဘာဖြစ်သွားတာလဲ။ ကျုပ်က စစ်ရေး အောင်မြင်မှုတွေ အများကြီး ရခဲ့တယ်။ ရန်သူ့ နယ်မြေမှာ ကြီးကျယ်ခမ်းနားခဲ့တယ်။ ရန်သူ့ နိုင်ငံရဲ့ ခေါင်းဆောင်ကိုတောင် သတ်ဖြတ်ခဲ့ဖူးတယ်။ ဘာလို့ အင်ပါယာကို ပြန်ရောက်တဲ့ အချိန်မှာ ဒီလောက် အသုံးမကျ ဖြစ်နေရတာလဲ။ ဒီလောကကြီးက ပုံမှန် မဟုတ်ဘူး။ ပုံမှန် မဟုတ်ဘူး။’

ထို့နောက် သူက ထို အဆိပ်ပုလင်းကို ယူကာ ဖွင့်လိုက်ပြီး အဆိပ်ပြင်းကို သောက်ရန် ပြင်လိုက်၏။

....................

အပိုင်း (၂၈၀)

“ရွှီး…”

ထိုအချိန်မှာပဲ အလင်းတန်းတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာပြီး မော့ဖုန်းချွန်း၏ လက်ထဲရှိ အဆိပ်ပုလင်းကို ရိုက်ခွဲလိုက်လေသည်။

ထို့နောက် အိမ်တံခါး ပွင့်လာကာ လူရိပ် တစ်ခု ဖြည်းညင်းစွာ ဝင်ရောက်လာ၏။ ထိုလူသတ်သမားများက အလိုအလျောက် ပြေးဝင်ကာ သတ်ဖြတ်ရန် ပြင်လိုက်ကြသည်။

သို့ပေမည့် ခြေလှမ်း အနည်းငယ် ပြေးပြီးနောက် ချက်ချင်း ရပ်တန့်သွားကြပြီး ထိုနေရာတွင်ပင် မလှုပ်မယှက် ရပ်နေကြတော့၏။

အဘယ်ကြောင့်ဆိုသော် ဝင်ရောက်လာသူမှာ တောင်ပိုင်းကျိုးအင်ပါယာ ဟေးပင်းထိုင်မှ နန်ကုန်းအာ ဖြစ်ပြီး ဟေးပင်းထိုင် စစ်သူကြီးချုပ်၏ ဒုတိယ မွေးစားသား ဖြစ်သည်။

နန်ကုန်းအာက ထိုလူသတ်သမားများကို လုံးဝ ဂရုမစိုက်ဘဲ မော့ဖုန်းချွန်း၏ အရှေ့သို့ လျှောက်သွားကာ စားပွဲပေါ်ရှိ ဟဲ့တင်းဟုန် အဆိပ်ကို လက်ချောင်းဖြင့် တို့ယူလိုက်ပြီး လျှာဖြင့် လျက်ချင်စိတ်ကို မနည်း ထိန်းချုပ်နေရ၏။

‘ဒါက အဆိပ်ပြင်းလေ။’

သို့ပေမည့် သူ မထိန်းချုပ်နိုင်ခဲ့ပေ။ သူက တကယ်ပင် လျှာဖြင့် လျက်ကြည့်လိုက်ပြီးနောက် မျက်နှာ ရှုံ့မဲ့သွား၏။ ထို့နောက် အရက်ပြင်းကို ယူကာ လျှာကို ပြန်ဆေးလိုက်သည်။

‘သောက်ကျိုးနည်း… ဒီလူက စိတ်ရောဂါ ရှိတာပဲ။’

ထို့နောက် သူက မော့ဖုန်းချွန်း၏ဇနီး အနီးသို့သွားကာ သေ၊ မသေ သိရှိရန်အတွက် လည်ပင်း သွေးကြောကို စမ်းသပ်ရန် ပြင်လိုက်၏။

သို့ပေမည့် လက်တစ်ဝက်လောက် အရောက်တွင် လက်ကိုင်ပဝါကို ယူကာ လက်ချောင်းတွင် ပတ်ပြီးမှ အဝတ်ခံကာ လည်ပင်း သွေးကြောကို စမ်းသပ်လိုက်သည်။

ထို့နောက် မော့ဖုန်းချွန်း၏ သားဖြစ်သူ၏ လည်ပင်းသွေးကြောကို ထပ်မံ စမ်းသပ်ကြည့်သည်။ သားအမိ နှစ်ယောက်လုံး အသက်ရှင်လျက် ရှိသေးပြီး သတိလစ်နေခြင်းသာ ဖြစ်၏။

နန်ကုန်းအာက ခေါင်းဆောင် လူသတ်သမား၏ အရှေ့သို့ သွားကာ လက်ဖြန့်လိုက်သည်။

ထို ခေါင်းဆောင်လူသတ်သမား တစ်ကိုယ်လုံး တုန်ယင်သွားပြီး မော့ဖုန်းချွန်း၏ ဝန်ခံချက် စာရွက်ကို ပေးအပ်လိုက်ရ၏။

“ချင်… ချင်ဟုန်လျန် လား။” နန်ကုန်းအာက မေးလိုက်သည်။

ဤ ခေါင်းဆောင် လူသတ်သမားသည် မျက်နှာဖုံး တပ်ထားသော်လည်း နာမည်ကို ချက်ချင်း အခေါ်ခံလိုက် ရ၏။

သူသည် ကျွမ်းကျင်သော လူသတ်သမား တစ်ဦးဖြစ်ပြီး ထိပ်တန်း သိုင်းပညာရှင် တစ်ဦး ဖြစ်သော်လည်း အချို့သော အဖွဲ့အစည်းများ၏ မွေးမြူခြင်းကို ခံထားရကာ ညစ်ပတ်သော အလုပ်များကို လုပ်ဆောင်ပေးရသူ ဖြစ်ပြီး အလွန် ရက်စက်သူ ဖြစ်သည်။

ဤမျှ ရက်စက်သော ယောကျာ်း တစ်ဦးက မိန်းကလေး ဆန်သော နာမည်မျိုး ရရှိထားသည်။ ခေါင်းဆောင် လူသတ်သမား ချင်ဟုန်လျန် တုန်ယင်သွားပြီး ဘာမှ မပြောပေ။

ထိုနေရာတွင် လူသတ်သမား ဒါဇင်ကျော်ရှိနေပြီး နန်ကုန်းအာက တစ်ယောက်တည်း ဝင်လာခြင်း ဖြစ်သော်လည်း သူတို့ လုံးဝ မလှုပ်ရှားရဲကြပေ။

“ခင်ဗျား… ခင်ဗျားတို့ ယွဲ့တန်းဖျင်က အားလုံး ပညာ… ပညာတတ်တွေ မဟုတ်ဘူးလား။ ဘာလို့ လူ… လူသတ် မီးရှို့ တာတွေ လုပ်နေရတာလဲ။” နန်ကုန်းအာ သည် စကားထစ်သူ တစ်ဦး ဖြစ်သော်လည်း တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံးတွင် အကြောက်ရဆုံး စကားထစ်သူ ဖြစ်၏။

သူသည် ဟေးပင်းထိုင် စစ်သူကြီးချုပ်၏ လက်အောက်ရှိ အကြောက်ရဆုံး ခွေးရူး တစ်ကောင်လည်း ဖြစ်သည်။

သိုင်းပညာ အလွန် မြင့်မားရုံသာမက သစ္စာစောင့်သိမှုလည်း အလွန် ကြီးမားပြီး အလွန် ရက်စက်သူ ဖြစ်၏။

“ခင်ဗျားတို့ အရမ်း… အရမ်း ညစ်ပတ်တာပဲ။” နန်ကုန်းအာက ပြောလိုက်သည်။

ထို့နောက် သူက မော့ဖုန်းချွန်း၏ အရှေ့သို့ သွားကာ ထိုင်ချလိုက်ပြီး ပြော၏။ “တော်ဝင် သက်တော်စောင့် တပ်ဖွဲ့မှာ နေရတာ ဒီလောက်တောင်… ဒုက္ခရောက်နေမှတော့ ကျုပ်… ကျုပ်တို့ ဟေးပင်းထိုင်ကို လာခဲ့ပါလား။”

“ကောင်းပါပြီ။” မော့ဖုန်းချွန်းက တုန်ယင်စွာ ပြန်ဖြေသည်။

နန်ကုန်းအာက ထို ဝန်ခံချက်စာရွက်ကို ယူကာ အပြင်ဘက်သို့ လျှောက်သွားလေ၏။ ထို လူသတ်သမား ဒါဇင်ကျော်မှာ လုံးဝ မတားဆီးရဲကြပေ။

“လူနှစ်… နှစ်ယောက်ကို ထုတ်ပေး။ ကျုပ်ခွေးတွေကို ကျွေးဖို့။ ထုံး… ထုံးစံ အတိုင်းပဲ။” နန်ကုန်းအာက ခြံဝင်း ပြင်ပသို့ ရောက်ရှိသွားပြီးနောက် ပြောလိုက်၏။

ခေါင်းဆောင် လူသတ်သမား၏မျက်နှာ ပြောင်းလဲသွားပြီးနောက် လူနှစ်ယောက်ကို ကျပန်း ရွေးချယ်လိုက်သည်။

“ရွှီး… ရွှီး… ရွှီး… ရွှီး…”

သူက လျင်မြန်စွာ ဓားခုတ်လိုက်ပြီး ထို လူသတ်သမားနှစ်ဦး၏ ခြေလက် သွေးကြောများကို ဖြတ်တောက်လိုက်ကာ အပြင်ဘက်သို့ လွှင့်ပစ်လိုက်၏။

“ဝူး… ဝူး… ဝူး…”

ထို့နောက် အပြင်ဘက်မှ ဝံပုလွေများအလား ကြောက်စရာကောင်းသော ခွေး ဒါဇင်ကျော် ပြေးဝင်လာကြသည်။

ခဏအကြာတွင် ထို လူသတ်သမား နှစ်ဦးလုံး အစားခံလိုက်ရ၏။

“ခင်… ခင်ဗျားတို့ ငါ့ကို အသက်… တစ်ချောင်း အကြွေးတင်သွားပြီ။ ကျုပ်… ကျုပ် အချိန်မရွေး လာယူမယ်။”

နန်ကုန်းအာ၏ အသံက ခေါင်းဆောင် လူသတ်သမား ချင်ဟုန်လျန်၏ နားထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားသကဲ့သို့ ဖြစ်နေသည်။

“ဟုတ်ကဲ့ပါ ဒုတိယ သခင်လေး။ အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒုတိယ သခင်လေး”

အစမှ အဆုံးတိုင်အောင် ဟေးပင်းထိုင်မှ သိုင်းပညာရှင်များ တစ်ဦးမှ ထွက်မလာခဲ့ပေ။

နာရီဝက်ခန့် အကြာတွင် ဤ မော့ဖုန်းချွန်း၏ ဝန်ခံချက်စာရွက် နှင့်အတူ ဟေးပင်းထိုင်၏ သတင်း အချက်အလက်များ အားလုံး တောင်ပိုင်းကျိုးအင်ပါယာ၏ ဧကရာဇ်ဝမ်ယွင် လက်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်၏။

စားပွဲပေါ်တွင် ယွီကျန်း၏ လျှို့ဝှက် စာချွန်လွှာ တစ်စောင်လည်း ရှိနေသည်။

ဧကရာဇ်က ယွီကျန်းကို မုန်းတီးသောကြောင့် ထို လျှို့ဝှက်စာချွန်လွှာကို အဝေးသို့ လွှင့်ပစ်ထား၏။

“ခွေးရူးက သူတို့ကို လွှတ်ပေးလိုက်တာလား။” ဧကရာဇ်က မေးလိုက်သည်။

“ဟုတ်ပါတယ်။” ဟေးပင်းထိုင် စစ်သူကြီးချုပ် နန်ကုန်းချော့က ပြန်ဖြေ၏။

“အင်း...” ဧကရာဇ်က ကျပန်း အသံပြုလိုက်ပြီး သိရှိကြောင်း ပြသလိုက်သည်။

ဤသည်မှာလည်း ဟေးပင်းထိုင်၏ သာမန် လုပ်ထုံးလုပ်နည်း တစ်ခုဖြစ်ပြီး ဤကဲ့သို့သော ကြေးစား လူသတ်သမားများကို ဟေးပင်းထိုင် အပေါ် အသက်တစ်ချောင်း အကြွေးတင်စေခြင်း ဖြစ်၏။

“ဒီနည်းလမ်းတွေက နည်းနည်း ညစ်ပတ်နေပြီ။”

ဧကရာဇ်က ပြောလိုက်သည်။ “သူတို့က အောက်ယွီကို ဖျက်ဆီးချင်တာ ကိုယ်တော် နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလောက် အထိ ကြီးကျယ်အောင် လုပ်နေတာက ကိုယ့်ကိုယ်ကိုယ် မေ့သွားတာလား။ ဒီကမ္ဘာကြီးက ဘယ်သူ့ဟာလဲ ဆိုတာ မေ့သွားတာလား။ သူတို့ အမြဲ ပြောလေ့ရှိတဲ့ စကားက ဘာတဲ့လဲ။”

“ပညာတတ် အမတ်တွေနဲ့ ဧကရာဇ်တို့ ကမ္ဘာကြီးကို အတူတူ အုပ်ချုပ်တယ်တဲ့။” ဟေးပင်းထိုင် စစ်သူကြီးချုပ် နန်ကုန်းချော့က ပြန်ဖြေ၏။

“ဟုတ်တယ်။ အဲဒီစကားပဲ။”

ဧကရာဇ်က ဆက်ပြောလိုက်သည်။ “သူတို့က တကယ်ပဲ ကမ္ဘာကြီးကို သူတို့ပိုင်တယ်လို့ ထင်နေရင် ကိုယ့်ပိုင်ဆိုင်မှုကို ဒီလောက် ဖျက်ဆီးဖို့ မသင့်ဘူးလေ။ ဒါပေမဲ့ ကမ္ဘာကြီးက ငါကိုယ်တော်ရဲ့ ပိုင်ဆိုင်မှုမှန်း သိလို့ ဒီလို ဖျက်ဆီးချင်တိုင်း ဖျက်ဆီးနေတာဆိုရင် သူတို့ရဲ့ သဘောထားက နည်းနည်း လွန်ကဲနေပြီ။ ခင်ဗျား ဘယ်လို ထင်လဲ။”

“ဟုတ်ပါတယ်။ လွန်ကဲလွန်းပါတယ်။” နန်ကုန်းချော့က ခေါင်းညိတ်လိုက်၏။

တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်က အော်ခေါ်လိုက်သည်။ “ဟောက်ကျန်း… ဟောက်ကျန်း…”

ချက်ချင်းပဲ မိန်းမစိုးကြီး ဟောက်ကျန်းက ခြေသံမကြားစေဘဲ ပြေးဝင်လာ၏။

တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်က ပြောသည်။ “အမိန့်တော် ရေးလိုက်။ ဘယ်လို ရေးရမလဲ ဆိုတာ ခင်ဗျား သိတယ် မဟုတ်လား။”

မိန်းမစိုးကြီး ဟောက်ကျန်းက ဖြေလိုက်၏။ “သိပါတယ်။”

ထို့နောက် မိန်းမစိုးကြီးက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဧကရာဇ်အတွက် အမိန့်တော်ကို ရေးသားလိုက်သည်။

ဧကရာဇ်က တစ်ချက် ကြည့်ပြီးနောက် သူ၏ကိုယ်ပိုင် တံဆိပ်တုံးကို နှိပ်လိုက်၏။

မိန်းမစိုးကြီး ဟောက်ကျန်းက မေးလိုက်၏။ “အရှင်မင်းမြတ်… ဒီ အမိန့်တော်ကို ကျန်းကျိုးကို တိုက်ရိုက် ပို့ရမလား၊ ဒါမှမဟုတ် အစိုးရအဖွဲ့ကနေ တစ်ဆင့် ပို့ရမလား။”

ဧကရာဇ်က ပြန်ဖြေသည်။ “အစိုးရအဖွဲ့ကို လေးစားရမယ်။ သွားပြီး အစိုးရအဖွဲ့က ဝန်ကြီးချုပ်တွေကို အရင် ပြလိုက်အုံး။ ပြီးမှ ကျန်းကျိုးကို ပို့လိုက်။ အုပ်ချုပ်ရေးဌာနက ဝန်ကြီးချုပ်တွေလည်း ဝန်ကြီးချုပ်တွေပဲ၊ အစိုးရအဖွဲ့က ဝန်ကြီးချုပ်တွေလည်း ဝန်ကြီးချုပ်တွေပဲ။”

“ကောင်းပါပြီ။” မိန်းမစိုးကြီး ဟောက်ကျန်းက ပြောလိုက်၏။

ထို့နောက် သူက အမိန့်တော်ကို ယူကာ ခြေသံမကြားစေဘဲ ထွက်ခွာသွားလေသည်။

စာကြည့်ဆောင် အတွင်း၌ နန်ကုန်းချော့နှင့် ဧကရာဇ် နှစ်ဦးတည်းသာ ကျန်ရှိတော့၏။

“ဒီ အောက်ရှင်းက တကယ် ဉာဏ်နည်းတာပဲ။” ဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်သည်။

နန်ကုန်းချော့က ပြော၏။ “အရှင်မင်းမြတ်… သူသာ ဉာဏ်များရင် အောက်ရှင်း မဟုတ်တော့ဘူးလေ”

ထို့နောက် နန်ကုန်းချော့က ဆက်ပြောသည်။ “ကျုပ် သွားပြီး သူ့ကို စကား နည်းနည်း သွားပြောရမလား။”

ဧကရာဇ်က ခေါင်းခါလိုက်၏။ “မလိုပါဘူး။ ခင်ဗျား ပြောသလိုပဲလေ၊ သူသာ ဉာဏ်များရင် အောက်ရှင်း မဟုတ်တော့ဘူးပေါ့။ ဒီလူက အရမ်း မာနကြီးတယ်။ ခင်ဗျား သွားရင်လည်း အငေါက်ခံရမှာပဲ။”

ထို့နောက် ဧကရာဇ်က ဆက်မေးသည်။ “ဒီရက်ပိုင်း ကောလာဟလတွေ ဘာတွေ ထွက်သေးလဲ။”

နန်ကုန်းချော့က ဖြေ၏။ “ကျုပ် တစ်နိုင်ငံလုံးကို စောင့်ကြည့်နေပါတယ်။ အမတ်တချို့ စကားပြောရင်းနဲ့ အဲဒီ တားမြစ်ထားတဲ့ စကားလုံး နှစ်လုံးကို ပြောမိတာတော့ ရှိပါတယ်။ ဒါပေမဲ့ ပြဿနာ ဖြစ်လာမှာ ကြောက်လို့ ပြောတာပါ။ တမင် လုပ်ချင်လို့ ပြောတာ မဟုတ်ပါဘူး။”

ဧကရာဇ်က သက်ပြင်းချလိုက်သည်။ “ကျန်းကျိုးက ယွဲ့တန်းဖျင်ရဲ့ ပညာတတ် ဆယ့်သုံးယောက်ရဲ့ ခေါင်းတွေက သူတို့ကို နည်းနည်းလောက် ခြောက်လှန့်နိုင်ဖို့ မျှော်လင့်ပါတယ်။”

........................

ကျန်းကျိုးမြို့၊ ယွဲ့တန်းဖျင် ခြံဝင်းအတွင်း...

မူလက ဤပညာတတ်များသည် အပြင်သို့ မထွက်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် တစ်ယောက်ယောက်က လာရောက်ကာ၊ အောက်ယွီ ပထမနေရာ ရသွားပြီ ဖြစ်သောကြောင့် ခင်ဗျားတို့ ဘယ်တော့ ဖျက်သိမ်းမှာလဲ ဟု မေးမြန်းမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

သို့ပေမည့် ယခုအခါ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သည်။ အောက်ယွီ၏ လိမ်လည်မှု သတင်းက ပိုမို ကြီးကျယ်လာပြီး မြို့တစ်ခုလုံး ပျံ့နှံ့နေပြီ ဖြစ်၏။ ရှေ့တန်းမှ သတင်းများကလည်း ပိုမို ကောင်းမွန်လာသည်။

ရောက်ရှိလာသော သတင်းများ အားလုံးက ကောင်းမွန်နေသည်။ အရာအားလုံးက ထင်မှတ်ထားသည်ထက် ပိုမို ချောမွေ့နေသည်။

စုမန်၏ နောက်တွင် လိုက်ပါလာသူများမှာ လူထောင်ပေါင်းများစွာ မဟုတ်ဘဲ လူသောင်းပေါင်းများစွာ ဖြစ်နေ၏။

မြို့ဝန် အိမ်တော်ကို ဝိုင်းရံခြင်း၊ ပြည်နယ်ဝန်ကြီး အိမ်တော်ကို ဝိုင်းရံခြင်း၊ ကွန်ဖြူးရှပ် ကျောင်းတော်တွင် ငိုယိုခြင်း၊ ကွန်ဖြူးရှပ်၏ ရုပ်တုကို ထမ်းကာ လမ်းလျှောက်ခြင်း၊ နောက်ဆုံးတွင် စာမေးပွဲရုံကို ဝိုင်းရံခြင်း အရာအားလုံးက အရမ်းကို ချောမွေ့လွန်းနေသည်။

နောက်ဆက်တွဲ အနေဖြင့် သွေးထွက်သံယို အမှုကြီး ဖန်တီးလိုက်ပါက လုံးဝ ပြီးပြည့်စုံသွားပြီ ဖြစ်၏။

မြို့တော်ဘက်ကလည်း သေချာသလောက် ရှိနေ၏။ မော့ဖုန်းချွန်း သည် ဇနီးနှင့် သားသမီးကို အလွန် သံယောဇဉ်ကြီးသူဖြစ်ရာ သေချာပေါက် ဝန်ခံပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် အောက်ယွီ တကယ် မလိမ်လည်ခဲ့လျှင်တောင် လိမ်လည်မှုအဖြစ် သေချာပေါက် သတ်မှတ်ခံရမှာဖြစ်သည်။

ထို့နောက် လူသောင်းပေါင်းများစွာက နုလန်ဟောက် အိမ်တော်ကို ဝိုင်းရံကာ အောက်ယွီတို့ သားအမိကို အဝတ်အစားများ ချွတ်ပြီး လမ်းပေါ်တွင် လှည့်လည် အရှက်ခွဲပေလိမ့်မည်။

ဤသည်မှာ ထိုသားအမိကို ရှင်လျက်နဲ့ သေချင်စိတ် ပေါက်အောင် လုပ်ခြင်း ပင်ဖြစ်သည်။

ထင်မြင်ယူဆချက်များကို ချုပ်ကိုင်ပြီး တစ်လောကလုံးရှိ ပညာတတ်များကို ကြိုးကိုင်ရသည့် အာဏာ အရသာက အလွန် ကောင်းမွန်လှ၏။

လူထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာက သိုးအုပ်ကြီးအလား တုံးအကြပြီး အနည်းငယ် လှုံ့ဆော်လိုက်ရုံ၊ အနည်းငယ် ဒေါသထွက်အောင် လုပ်လိုက်ရုံဖြင့် ဤလူအုပ်ကြီးက သူတို့ ခိုင်းသည့် နေရာတိုင်းကို တိုက်ခိုက်ကြသည်။

အနာဂတ်တွင် ဤအင်အားစုကိုသာ တကယ် အပြည့်အဝ ချုပ်ကိုင်နိုင်မည်ဆိုပါက တော်ဝင် မိသားစုနှင့်ပင် အာဏာ ခွဲဝေယူနိုင်မှာဖြစ်၏။

ယခုအချိန်တွင် ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်သည် အဝေးမှနေ၍ ဗျူဟာများ ချမှတ်ကာ အရာအားလုံးကို ထိန်းချုပ်ထားနိုင်ပြီဟု ခံစားနေရသည်။

သူ၏ လက်တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် လူသောင်းပေါင်းများစွာက မုန်တိုင်းအလား တိုက်ခိုက်ကြပြီး နုလန်ဟောက် အိမ်တော်ကြီးပင်လျှင် အမှုန့်ကြိတ်ခံရပေမည်။

“အချိန် တော်တော် ကြာနေပြီ။ စာမေးပွဲရုံဘက်က သတင်းသစ်တွေ ရောက်လာတော့မယ်။”

“ကျုပ်တို့ရဲ့ လူသတ်သမားတွေ လှုပ်ရှားပြီး လူတစ်ရာကျော်လောက် သတ်လိုက်တာနဲ့ ဒီကိစ္စက ကြီးကျယ်သွားပြီး အောက်ယွီ သေချာပေါက် သေရတော့မှာပဲ။”

“လျိုကတော်ကို အဝတ်အစား ချွတ်ပြီး လမ်းပေါ် လှည့်လည် အရှက်ခွဲတာကို ခင်ဗျားတို့ သွားမကြည့်ချင်ဘူးလား။ အသက် လေးဆယ်တောင် မပြည့်သေးဘူး။ အရမ်း လှနေသေးတယ်။”

ယွဲ့တန်းဖျင်၏ ပဉ္စမ ပညာတတ်က ရိုင်းစိုင်းစွာ ရယ်မောလိုက်၏။ “ကြည့်ရုံ သက်သက်ပဲလေ။ တကယ် လုပ်လို့ရတာမှ မဟုတ်တာ။”

ဤစကားက အလွန် ရိုင်းစိုင်းသည် မဟုတ်လား။ အလွန် အောက်တန်းကျသော်လည်း ဤသည်မှာ ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ်ယောက်ကျော်၏ သာမန် ပြောဆိုနေကျ စကားများသာ ဖြစ်သည်။

“အခွင့်ကောင်း ယူပြီး အောက်ယွီကို သတ်ပစ်လိုက်ရမလား။ ဒေါသထွက်နေတဲ့ ကျောင်းသားတွေက သူ့ကို ကျောက်ခဲတွေနဲ့ ထုသတ်ပြီး အသားစ ဖြစ်သွားအောင် လုပ်တာလည်း သဘာဝ ကျတာပဲလေ။”

“အရမ်း သဘာဝ ကျတာပေါ့။ အဓိကက အခု သတ်ပစ်မလား ဆိုတာပဲ။”

“သတ်ပစ်တာ ပိုကောင်းမယ်။ နောက်မှ ပြဿနာ ထပ်ဖြစ်လာမှာ စိုးလို့။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါသထွက်နေတဲ့ ကျောင်းသားတွေက သတ်တာလေ။ ကျုပ်တို့နဲ့ ဘာမှ မဆိုင်ဘူး။”

ယွဲ့တန်းဖျင်မှ ပညာတတ်အချို့က ယွင်ကျုံးဟဲ့ကို အချိန်မရွေး သတ်ပစ်နိုင်သကဲ့သို့ အလွန် စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။

...................

All Chapters