အခန်း (၂၈၁-၂၈၂)
Vol. 24 Ch. 281-282
အပိုင်း (၂၈၁)
ထိုအချိန်တွင်… အပြင်ဘက်မှ ဓားသမားတစ်ဦး အလျင်အမြန် ပြေးဝင်လာကာ သတင်းပို့လိုက်၏။
“ဒုက္ခရောက်ပြီ... ဒုက္ခရောက်ပြီ။ စုမန်က ကျုပ်တို့ကို သစ္စာဖောက်သွားပြီ။ လူအများရှေ့မှာ ကျုပ်တို့ရဲ့ အကြံအစည်တွေကို ဖော်ထုတ်လိုက်ပြီ။ ကျုပ်တို့ရဲ့ လူသတ်သမားတွေ အားလုံး အဖမ်းခံရပြီ။ သခင်ကြီး တန်းကျိုးလည်း အဖမ်းခံရပြီ။
ကျုပ်တို့ ထောင်ချောက်ထဲ ကျသွားပြီ။ ကျုပ်တို့ ထောင်ချောက်ထဲ ကျသွားပြီ။ ကျုပ်တို့ကို အောက်ယွီ၊ စုမန်နဲ့ ယွီကျန်းတို့ ပေါင်းပြီး လုပ်ကြံလိုက်တာပဲ။”
ချက်ချင်းပဲ ထိုနေရာတွင် ရှိနေသော ယွဲ့တန်းဖျင်၏ ပညာတတ် ဆယ့်နှစ်ဦးလုံး မျက်နှာ ပြောင်းလဲသွားကြ၏။
ပထမဆုံး အပ်ကျသံ ကြားရလုမတတ် တိတ်ဆိတ်သွားသည်။
ထို့နောက် ပဉ္စမ ပညာတတ်က အော်ဟစ်လိုက်၏။ “အခြေအနေကို ပြန်ပြောင်းလို့ ရမလား။ အခြေအနေကို ပြန်ပြောင်းလို့ ရမလား။ စုမန်ကို ဝယ်ယူခံလိုက်ရပြီလို့ ပြောပြီး ကျောင်းသားတွေကို ထပ်လှုံ့ဆော်လို့ ရမလား။ ဒီတစ်ကြိမ် ပြည်နယ်စာမေးပွဲမှာ တတိယ နေရာရတဲ့ ကျန်ကျွယ်ကို ခေါင်းဆောင် လုပ်ခိုင်းလို့ ရမလား။ သူက ကျုပ်တို့ လူလေ။”
သို့ပေမည့် မည်သူကမှ ပြန်မဖြေကြပေ။ အသုံးမဝင်တော့ပေ။ အကောင်းဆုံး အချိန်ကို လွတ်သွားခဲ့ပြီ ဖြစ်သည်။
စောစောက စာမေးပွဲရုံတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် အခွင့်ကောင်းယူကာ ပြဿနာ ဖန်တီး၍ ရသော်လည်း စုမန်နှင့် ယွီကျန်းတို့က အခြေအနေကို ထိန်းချုပ်လိုက်ပြီဖြစ်ရာ အခွင့်အရေး မရှိတော့ပေ။
“စုမန်… စုမန်…”
ပဉ္စမ ပညာတတ်က အော်ဟစ်လိုက်၏။ “ဘာလို့လဲ။ သူ ဘာလို့ အဲဒီလို လုပ်တာလဲ။ သူက ဦးနှောက်ထဲ ရေဝင်နေတာမှ မဟုတ်တာ။ ခြေဖျားလေးနဲ့ စဉ်းစားရင်တောင် ကျုပ်တို့ဘက်မှာ ရပ်တည်သင့်တယ် ဆိုတာ သိနိုင်တာပဲ။ အောက်ရှင်းက သူ့ကို ဘာပေးနိုင်မှာလဲ။ ဘာမှ ပေးနိုင်မှာ မဟုတ်ဘူး။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ကိုယ်ကျင့်တရား၊ မြင့်မြတ်မှု၊ စံနမူနာ၊ အဲဒီလို အရာတွေကြောင့် နေမှာပေါ့။ ရယ်စရာ ကောင်းတဲ့ကိုယ်ကျင့်တရား၊ လူကို သတ်နိုင်တဲ့ကိုယ်ကျင့်တရား ပါပဲ။”
ပဉ္စမ ပညာတတ်က တုန်ယင်စွာ မေးလိုက်၏။ “ဒါဆို အခု ဘယ်လိုလုပ်မလဲ။ ကျုပ်တို့ ဒီအတိုင်း ထိုင်ပြီး သေဖို့ စောင့်နေရမှာလား။”
ကျန်းကျိုး ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က အေးစက်စွာ ပြောလိုက်သည်။ “ဒီတစ်ခေါက် ကျုပ်တို့က အရမ်း ကြီးကျယ်တဲ့ ပြဿနာကြီးကို ဖန်တီးခဲ့တာ။ အတင်း ဖိနှိပ်ရင်တောင် ဖိနှိပ်လို့ ရမှာ မဟုတ်တော့ဘူး။ အဲဒီ ပြဿနာကြီးထက် ပိုကြီးကျယ်တဲ့ ပြဿနာကြီး၊ ကောင်းကင်တောင် ပေါက်ထွက်သွားမယ့် ပြဿနာကြီး တစ်ခု မပေါက်ကွဲလာဘူးဆိုရင်ပေါ့။”
ထိုစကားကို ကြားချိန်မှာတော့ လူတိုင်း၏ မျက်နှာများ တဆတ်ဆတ် တုန်ယင်သွားကြ၏။
‘ဒါက ဘာလုပ်ချင်တာလဲ။ တကယ်ကြီး ကမောက်ကမ ဖြစ်အောင် လုပ်တော့မှာလား။’
“အစ်ကိုရွှီ… အဲဒီလို လုပ်ရင်တောင် ကျုပ်တို့က အပြစ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလေ။” ပဉ္စမ ပညာတတ်က ပြောလိုက်သည်။
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ပြော၏။ “ပြင်ဆင်ထားကြ။ ကျုပ်တို့ ချက်ချင်း ထွက်သွားမယ်။ ပင်လယ်ရပ်ခြားကို သွားမယ်။”
ဤလူများက တကယ်ကို ရက်စက်ပြီး ပြတ်သားလှ၏။ အခြေအနေ မကောင်းသည်ကို သိသည်နှင့် တပြိုင်နက် ထွက်ပြေးရန် ပြင်ဆင်ကြသည်။
ထို့အပြင် ထွက်ပြေးပြီးနောက် ပိုမို ကြီးကျယ်သော ပြဿနာကြီး တစ်ခုကို ဖန်တီးကာ လူအများအပြားကို အမှုန့်ကြိတ်ပစ်ရန် ရည်ရွယ်ထားကြသေး၏။
ပထမဆုံး ထိခိုက်မည့် သူများမှာ ယွီကျန်း၊ အောက်ယွီ၊ စုမန်နှင့် အခြားသူများ ပင်ဖြစ်သည်။
ဤလူများက ထင်မြင်ယူဆချက် အာဏာနှင့် ဩဇာအာဏာကို အချိန်အကြာကြီး ချုပ်ကိုင်ထားခဲ့ပြီး သူတို့၏ ကိုယ်ပိုင် အာဏာကမ္ဘာလေးအတွင်း နစ်မြောကာ လုပ်ချင်ရာ လုပ်နေခဲ့ကြသောကြောင့် အကြောက်တရား ကင်းမဲ့နေကြပြီ ဖြစ်၏။
“သွားမယ်… ကျုပ်တို့ ချက်ချင်း ပျောက်ကွယ်သွားမယ်။ ဒီကြီးကျယ်တဲ့ ပြဿနာကြီးကို ဖန်တီးပြီး လူလုံးထွက်ပြစရာ မလိုဘဲ ပင်လယ်ရပ်ခြားကို ထွက်ပြေးမယ်။”
“ချက်ချင်း သွားမယ်… ချက်ချင်း သွားမယ်…”
ထို့နောက် ပညာတတ် ဆယ့်နှစ်ဦးလုံး ရုပ်ဖျက်ကာ မြေအောက် လျှို့ဝှက် လမ်းကြောင်းကို ဖွင့်ပြီး လူအုပ်ကြီးကို ရှောင်ကွင်းကာ ထွက်ပြေးရန် ပြင်ဆင်ကြလေသည်။
ဤသို့ဖြင့် ယွဲ့တန်းဖျင်၏ ပညာတတ် ဆယ့်နှစ်ဦးသည် မည်သူ့ကိုမှ မပြောဘဲ၊ ဝေမြို့စားကြီးနှင့် အောက်ထင် တို့ကိုပင် အသိမပေးဘဲ ကျန်းကျိုးမြို့မှ တိုက်ရိုက် ပျောက်ကွယ်သွားကြ၏။
နှစ်ရက် အကြာတွင် သူတို့က ပင်လယ်ပြင်ပေါ်ရှိ သင်္ဘော တစ်စီးပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ရွက်လွှင့်ကာ အရှေ့ဘက်သို့ ဦးတည် သွားနေကြသည်။
ပင်လယ်ရပ်ခြားသို့ ထွက်ပြေးခြင်းက အသက်ရှင်နိုင်မည့် လမ်းကြောင်း တစ်ခုဖြစ်ပြီး ချမ်းသာကြွယ်ဝမှု များကိုပင် ဆက်လက် ခံစားနိုင်သေး၏။
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင် သည် ကျန်းကျိုးမြို့ တဖြည်းဖြည်း ဝေးကွာသွားပြီး ပင်လယ်ပြင်တွင် ပျောက်ကွယ်သွားသည်ကို ကြည့်ကာ စိတ်သက်သာရာ ရသွား၏။ သူတို့ အချိန်မီ ထွက်ပြေးနိုင်ခဲ့သောကြောင့် ယခုအခါ လုံခြုံသွားပြီ ဖြစ်သည်။
ထို့အပြင် မီးစ တစ်ခု ချန်ထားခဲ့ပြီဖြစ်ရာ မကြာမီ ပေါက်ကွဲထွက်လာတော့မှာဖြစ်ပြီး သူတို့၏ ရန်သူများ အားလုံးကို အမှုန့်ကြိတ်ပစ်နိုင်ပေတော့မည်။
သို့ပေမည့် မကျေနပ်မှုများလည်း ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က အခြေခံအုတ်မြစ်ကို ကျန်းကျိုးတွင် ဆယ်နှစ်ကျော်ကြာ တည်ဆောက်ခဲ့ရသောကြောင့် ဖြစ်၏။
ထင်မြင်ယူဆချက် အာဏာကို ဆယ်နှစ်ကျော်ကြာ ချုပ်ကိုင်ထားခဲ့ပြီး ပြည်နယ်ဝန်ကြီးနှင့် မြို့ဝန်များပင် တစ်ခါတစ်ရံ သူတို့ကို အလျော့ပေးခဲ့ရ၏။ ယခုအခါ အားလုံးကို စွန့်လွှတ်ကာ ပင်လယ်ရပ်ခြားသို့ ထွက်ပြေးရပြီ ဖြစ်သည်။
“အောက်ယွီ၊ စုမန်၊ ယွီကျန်း… ခင်ဗျားတို့ စောင့်နေကြ။ မကြာခင် ကျုပ်တို့ ပြန်လာခဲ့မယ်။ ကျုပ်တို့ ပြန်လာတဲ့ အချိန်ကျရင် ခင်ဗျားတို့ကို သေချာပေါက် အမှုန့်ကြိတ်ပစ်ပြီး မျိုးဖြုတ်ပစ်မယ်။
ကျုပ်တို့ရဲ့ အာဏာ ဘယ်လောက် ကြီးလဲ၊ ကျုပ်တို့နဲ့ ရန်သူ ဖြစ်ရတာ ဘယ်လောက် ကြောက်စရာ ကောင်းလဲ ဆိုတာ ခင်ဗျားတို့ကို သိစေရမယ်။ အောက်ယွီ… ခင်ဗျားတို့ကို သေချာပေါက် မျိုးဖြုတ်ပစ်မယ်။ တစ်မိသားစုလုံးကို သတ်ပစ်မယ်။”
သို့ပေမည့် ထိုအချိန်တွင် သင်္ဘောကြီးက ရုတ်တရက် နောက်ကြောင်း ပြန်လှည့်လိုက်၏။
‘ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ။’
“ခင်ဗျားတို့ ဘာလုပ်ချင်နေတာလဲ။ လားရာကို ပြန်လှည့်။ အရှေ့ဘက်ကို သွား… အရှေ့ဘက်ကို သွား…” ယွဲ့တန်းဖျင်၏ ပဉ္စမ ပညာတတ်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
သို့ပေမည့် နောက်တစ်စက္ကန့်တွင် သင်္ဘောပေါ်၌ လူရိပ်များ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာ၏။
နောက်ဆုံး၌ လူတစ်ယောက် ထွက်လာ၏။ ထိုလူမှာ တောင်ပိုင်းကျိုးအင်ပါယာ ဟေးပင်းထိုင်၏ ခွေးရူး နန်ကုန်းအာ ပင်ဖြစ်သည်။
ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ်ယောက်ကျော်လုံး၏ မျက်နှာများ ပြောင်းလဲသွားကြပြီး အလိုအလျောက် ဓားဆွဲထုတ်ရန် ပြင်လိုက်ကြ၏။
နန်ကုန်းအာက နှာခေါင်းကိုကုတ်ကာ ဓားဆွဲထုတ်ထားသော ပဉ္စမ ပညာတတ်၏ အရှေ့သို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
“ခင်ဗျား… ခင်ဗျား… ကျုပ်ကို… သတ်ချင်လို့လား။” နန်ကုန်းအာက မေးလိုက်၏။
သူ၏ ရက်စက်သော နာမည်ကို ကြားဖူးထားသောကြောင့် ပဉ္စမ ပညာတတ်၏လက် တုန်ယင်သွားပြီး ဓား ပြုတ်ကျသွားလေသည်။
“ဧကရာဇ်မင်းမြတ်…မှာ ခင်ဗျား… ခင်ဗျားတို့ အတွက် အမိန့်တော် ရှိတယ်။ ခင်ဗျားတို့က နားမထောင်ဘဲ ထွက်ပြေးတာ…မှား…မှားတယ် မဟုတ်လား။”
နန်ကုန်းအာက ပြောလိုက်၏။ “ခင်… ခင်ဗျားတို့လည်း ကျုပ်ရဲ့ စည်းကမ်းကို သိပါတယ်။ လူ နှစ်ယောက်…ကို ရွေးပြီး ကျုပ်ခွေးတွေကို ကျွေးရမယ်။ ဒါ… ဒါပေမဲ့ ခင်ဗျားတို့ရဲ့ နည်းလမ်းတွေက အရမ်း ညစ်ပတ်လွန်းတော့ ကျုပ်… ကျုပ်ခွေးတွေ ခင်ဗျားတို့ကို စားရင် ဗိုက်နာမှာ စိုးလို့ မစားခိုင်းတော့ဘူး။”
ပညာတတ် ဆယ့်နှစ်ဦးလုံး သက်ပြင်းချလိုက်ကြသည်။
နန်ကုန်းအာက ဆက်ပြော၏။ “ရာသီဥတုက အေးလာပြီ။ ကျုပ်… ကျုပ်ခွေးတွေ အဝတ်အစား ဝတ်ဖို့ အရေခွံ တချို့ လိုနေတယ်။ ခင်ဗျားတို့… ကူညီပေးပါလား။ လူ နှစ်… နှစ်ယောက်ဆိုရင် လုံလောက်ပါပြီ။”
ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်နှစ်ဦးလုံး အချင်းချင်း ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့က ပဉ္စမ ပညာတတ်နှင့် နဝမ ပညာတတ် တို့ကို ရှေ့သို့ တွန်းထုတ်လိုက်ကြသည်။
ပဉ္စမ ပညာတတ်နှင့် နဝမ ပညာတတ်တို့ ချက်ချင်း ထိတ်လန့်သွားကြပြီး အော်ဟစ်လိုက်၏။ “ဘာလို့ ကျုပ်တို့လဲ။ ဘာလို့ ကျုပ်တို့လဲ။”
‘ဘာလို့လဲဆိုတော့ ခင်ဗျားတို့က အမြဲတမ်း ရိုင်းစိုင်းတဲ့ စကားတွေ အပြောဆုံးမို့လို့ပဲ။’
“ခွေးလို ကောင်တွေ… ခွေးလို ကောင်တွေ။ ပုံမှန်အချိန်တုန်းက ညီအစ်ကိုတွေလို့ ပြောပြီး အရေးကြီးတဲ့ အချိန်ကျတော့ ကျုပ်တို့ကို သေဖို့ တွန်းထုတ်ရက်တယ်။ ခင်ဗျားတို့ အားလုံး အသေဆိုးနဲ့ သေရမယ်။ အသေဆိုးနဲ့ သေရမယ်။”
ပဉ္စမ ပညာတတ်က ခေါင်းဆောင် စာပေပညာရှင်နှင့် တခြားသူများကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။ “ဒုတိယ သခင်လေး… ဟေးပင်းထိုင်ရဲ့ ဒုတိယ သခင်လေး… ကျုပ် တိုင်ချင်ပါတယ်။ သူတို့ လုပ်ခဲ့တဲ့ ညစ်ပတ်တဲ့ ကိစ္စတွေ အားလုံးကို ကျုပ် သိပါတယ်။ အကုန်လုံး ဖွင့်ပြောပါ့မယ်။”
နန်ကုန်းအာက ပြောလိုက်သည်။ “တိုက်… တိုက်ဆိုင်လိုက်တာ။ ကျုပ်… ကျုပ်လည်း သိတယ်။ ခင်ဗျား ဖွင့်ပြောစရာ မလိုပါဘူး။”
“အရေခွံ ခွာ… အကြော ဆွဲထုတ်…” နန်ကုန်းအာက အမိန့်ပေးလိုက်၏။
ထို့နောက် ပဉ္စမ ပညာတတ်နှင့် နဝမ ပညာတတ်တို့ကို ခွေးသေ တစ်ကောင်အလား ဆွဲခေါ်သွားကြလေသည်။
ခဏအကြာတွင် အလွန် ကြောက်မက်ဖွယ် ကောင်းသော အော်ဟစ်သံများ ထွက်ပေါ်လာ၏။ တကယ့်ကို အရေခွံ ခွာ၊ အကြော ဆွဲထုတ်နေခြင်း ပင်ဖြစ်၏။
နန်ကုန်းအာက ကျန်ရှိနေသော ပညာတတ် ဆယ်ဦးကို ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်တို့… ကျန်းကျိုးကို ပြန်ပြီး ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ကို နာခံကြမလား… ဘယ်… ဘယ်လိုလဲ။”
ကျန်းကျိုး ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က တုန်ယင်စွာ ပြန်ဖြေလိုက်၏။ “ကောင်းပါပြီ။”
ကျန်းကျိုးမြို့သို့ ပြန်ရောက်ပြီးနောက် လွန်ခဲ့သော နှစ်ရက်တည်းက သူတို့ကို ယွဲ့တန်းဖျင် ဌာနချုပ်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင် သိရှိလိုက်ရသည်။
ထို့နောက် ဧကရာဇ်၏ အပြစ်တင် အမိန့်တော် ရောက်ရှိလာသည်။ ပြီးသည့်နောက်မှာတော့ လူသိရှင်ကြား တရားစီရင်ခြင်း ခံရတော့၏။
ထို့နောက် လမ်းပေါ်တွင် လှည့်လည် အရှက်ခွဲခြင်း။ အရေခွံ ခွာ၊ အကြောဆွဲထုတ် ခံရသော ထိုနှစ်ဦးမှလွဲ၍ ကျန်ရှိနေသော ဆယ့်တစ်ဦးလုံးကို လမ်းပေါ်သို့ ဆွဲထုတ်ကာ လှည့်လည် အရှက်ခွဲကြသည်။
ကြက်ဥပုပ်များ၊ ဟင်းသီးဟင်းရွက်ပုပ်များ၊ ချီးနှင့် သေးများ အားလုံး ဤပညာတတ် ဆယ့်တစ်ဦး အပေါ်သို့ ကျရောက်လာကြသည်။ တကယ့်ကို သနားစရာ ကောင်းလွန်းလှပြီး ရှင်လျက်နဲ့ သေချင်စိတ် ပေါက်သွားစေ၏။
လမ်းပေါ်တွင် လှည့်လည် အရှက်ခွဲပြီးနောက် ထိုဆယ့်တစ်ဦး အပေါ် မြင်းငါးကောင်ဖြင့် ဆွဲဖြဲသတ်ရန် တရားဝင် စီရင်ချက် ချမှတ်လိုက်တော့၏။ သုံးရက် အကြာတွင် ကွပ်မျက်မှာဖြစ်သည်။
ချက်ချင်းပဲ လူတိုင်း၏ အကြည့်များက ဝေမြို့စားကြီး အိမ်တော်နှင့် အောက်မင် ထံသို့ ရောက်ရှိသွားကြ ပြန်၏။
‘ယွဲ့တန်းဖျင် အဖွဲ့အစည်းကတော့ စာချုပ်အတိုင်း လုံးဝ ဖျက်သိမ်းသွားပြီနော်။ ခန္ဓာကိုယ်တွေပါ ဖျက်သိမ်းခံရတာ။ ခင်ဗျားတို့ကရော စာချုပ်အတိုင်း လုပ်မှာလား။ တွမ်ယင်းယင်း… ခင်ဗျား အောက်ယွီကို လက်ထပ်မှာလား။ အောက်မင်… ခင်ဗျား တစ်ခုခု ကြေညာသင့်ပြီ မဟုတ်လား။’
ချန်လန်ပြည်နယ် ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲ၏ လိမ်လည်မှု အရှုပ်တော်ပုံကြီးသည် ဤသို့ဖြင့် ကြီးကျယ်ခမ်းနားစွာ စတင်ခဲ့ပြီးနောက် အသံတိတ် ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။
လူအများအပြား အတွက်တော့ တွေးတောစရာများ၊ စိတ်ကူးယဉ်စရာများစွာ ချန်ရစ်ထားခဲ့၏။
လူအုပ်ကြီး ဆိုသည်မှာ အလွန် ဟာလာဟင်းလင်း ဖြစ်နေတတ်သော အဖွဲ့အစည်း တစ်ခု ဖြစ်၏။ မည်သည့် ကိစ္စကိုမဆို ပြည့်စုံသော အဆုံးသတ် တစ်ခုကို လိုချင်ကြသည်။ အစကောင်းပြီး အဆုံးမလှ ဖြစ်သွားသည်ကို လုံးဝ လက်မခံနိုင်ကြပေ။
ယခု ဤစာမေးပွဲ လိမ်လည်မှု အရှုပ်တော်ပုံကြီးကတော့ တကယ့်ကို အစကောင်းပြီး အဆုံးမလှ ဖြစ်သွားခြင်း ဖြစ်သည်။
လူတိုင်းက ကြီးကျယ်သော အမှုကြီး တစ်ခုကို မျှော်လင့်နေကြချိန်တွင် ရုတ်တရက် မည်သည့် လိမ်လည်မှုမှ မရှိဘူးဟု လာပြောခြင်း ဖြစ်၏။
‘ဒါတော့ ဘယ်ရမလဲ။ ကျုပ်တို့ မကျေနပ်ဘူး။ ဒီအထဲမှာ သေချာပေါက် လျှို့ဝှက်ချက်တွေ ရှိရမယ်။’
‘ကျုပ်တို့က ဘောင်းဘီတောင် ချွတ်ပြီးနေပြီ။ ခင်ဗျားက ဒီလောက်ပဲ ပြမှာလား။ ကျုပ်တို့ မျှော်လင့်နေတဲ့ ပြဇာတ်ကြီးကရော။’
သို့သော်ငြား ကံကောင်းထောက်မစွာဖြင့် သူတို့ မျှော်လင့်နေသော ပြဇာတ်ကြီးကို မြင်တွေ့လိုက်ရသည်။
‘ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးဦးရဲ့ ခေါင်းတွေက ခင်ဗျားတို့ကို စိတ်လှုပ်ရှားသွားစေဖို့၊ ခင်ဗျားတို့ရဲ့ အတင်းအဖျင်း ပြောချင်တဲ့ စိတ်ကို ကျေနပ်သွားစေဖို့ လုံလောက်ပြီ မဟုတ်လား။’
‘လုံလောက်ပါတယ်… လုံလောက်ပါတယ်။’
ကျန်းကျိုးမြို့၏ လူသန်းပေါင်းများစွာအတွက် အရေးအကြီးဆုံး အချက်မှာ ဤအရှုပ်တော်ပုံကြီးတွင် နောက်ကွယ်က ကြိုးကိုင်သူ အစစ်အမှန် တစ်ဦး ရှိနေရမည် ဆိုခြင်း ဖြစ်၏။
ထို နောက်ကွယ်က ကြိုးကိုင်သူက မည်သူပင် ဖြစ်ပါစေ၊ သေချာပေါက် ရှိနေရမှာဖြစ်သည်။
အောက်ယွီနှင့် အောက်ရှင်း တို့သည် ဤစာမေးပွဲ လိမ်လည်မှု အရှုပ်တော်ပုံကြီး၏ နောက်ကွယ်က ကြိုးကိုင်သူများ မဖြစ်လာခဲ့သော်လည်း ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးဦးက ဖြစ်လာခဲ့၏။
ဤသို့ဆိုလျှင် ပြီးပြည့်စုံသွားပြီ ဖြစ်သည်။ လူတိုင်းက လက်ခံနိုင်ကြသလို ယုံကြည်ချင်ကြသည်။
မည်သို့ပင် ဖြစ်စေ ဤအကြံအစည်ကြီးကလည်း လုံလောက်အောင် ကြီးကျယ်ပြီး ရလဒ်ကလည်း လုံလောက်အောင် အံ့အားသင့်ဖွယ် ကောင်းလှ၏။ အားလုံးကို မြင်းငါးကောင်ဖြင့် ဆွဲဖြဲသတ်လိုက်ခြင်းဖြစ်၏။
သို့ပေမည့် လူတိုင်း သတိရသွားကြပြန်၏။ ဤပြဇာတ်ကြီး၏ အဓိက ဇာတ်ကောင်များမှာ ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးဦးတည်းသာ မဟုတ်ပေ။ အောက်မင် လည်း ရှိသေးသလို ဝေမြို့စားကြီး အိမ်တော်လည်း ရှိသေးသည် မဟုတ်လား။
ဤအချက်ကို လုံးဝ မေ့ပစ်၍ မရပေ။ ထို့ကြောင့် လူအုပ်ကြီးက ဝေမြို့စားကြီး အိမ်တော်နှင့် အောက်မျိုးနွယ်စု အိမ်တော်ဆီသို့ ထပ်မံ ဦးတည်သွားကြပြန်သည်။
........................
အပိုင်း (၂၈၂)
ဝေမြို့စားကြီး အိမ်တော်အတွင်း၌ အောက်ထင်၊ အောက်ကျင်း၊ ဝေမြို့စားကြီး တွမ်ပိ၊ သခင်လေး၊ တွမ်ယင်းယင်း၊ ဝေမြို့စားကြီး၏ ဇနီး၊ မိခင်အိုကြီး အားလုံး တိတ်ဆိတ် ငြိမ်သက်နေကြ၏။
မြို့ဝန် ဝေ့ချီတွမ်မှာမူ လုံးဝ မလာရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ အလွန် ကြောက်လန့်နေပြီ ဖြစ်သောကြောင့်ပင်။
ဤ လိမ်လည်မှု အရှုပ်တော်ပုံကြီးတွင် မြို့ဝန် ဝေ့ချီတွမ်၏ သဘောထားက အနည်းငယ် လွန်ကျူးသွားခဲ့၏။ သူ၏ စကားများထဲတွင် ရည်ရွယ်ချက်က အလွန် ရှင်းလင်းလွန်းနေသည်။
အစိုးရ အနေဖြင့် အမှန်တရားကို စုံစမ်းစစ်ဆေးပြီး အားလုံးအတွက် တရားမျှတမှု ဖော်ဆောင်ပေးမည်ဟု ပြောခြင်းက ကိစ္စမရှိပေ။
သို့ပေမည့် လိမ်လည်သူက မည်သူပင် ဖြစ်ပါစေ၊ နောက်ခံ မည်မျှပင် ကြီးမားပါစေ သေချာပေါက် အပြစ်ပေးမည်ဟု ပြောခဲ့ခြင်းက မည်သို့သော အဓိပ္ပာယ်နည်း။
ယခု အမှန်တရား ပေါ်ပေါက်လာပြီဖြစ်သောကြောင့် စာမေးပွဲတွင် မည်သည့် လိမ်လည်မှုမှ မရှိဘဲ အားလုံးက ယွဲ့တန်းဖျင် အဖွဲ့အစည်း၏ အကြံအစည်များသာ ဖြစ်ကြောင်း သိရှိသွားကြပြီ ဖြစ်၏။
‘မြို့ဝန်မင်း… ခင်ဗျား အဲဒီတုန်းက ပြောခဲ့တဲ့ စကားတွေက လိမ်လည်မှု ရှိတယ်ဆိုတဲ့ဘက်ကို ဦးတည်နေတာ မဟုတ်ဘူးလား။ ဘာဖြစ်တာလဲ။ ခင်ဗျားနဲ့ ယွဲ့တန်းဖျင်က ပညာတတ် ဆယ့်သုံးယောက်က တစ်ဖွဲ့တည်းလား။’
“ရေက လှေကို ပင့်တင်နိုင်သလိုမှောက်အောင်လည်း လုပ်နိုင်တယ်။” အောက်မင်က သက်ပြင်းချကာ ပြောလိုက်သည်။
ဤစကားမှာ အလွန် ကောင်းမွန်သောစကား ဖြစ်သော်လည်း ယခု အောက်မင်၏ နှုတ်မှ ထွက်လာချိန်တွင်မူ အလွန် အေးစက်ပြီး နာကြည်းမှုများ ပါဝင်နေသကဲ့သို့ ဖြစ်နေ၏။
လွန်ခဲ့သော ရက်အနည်းငယ်က လူထု၏ ထင်မြင်ယူဆချက်များသည် သူတို့၏ လက်ထဲတွင် ရှိနေပြီး အောက်ယွီကို လုံးဝ အသေအလဲ တိုက်ခိုက်နိုင်တော့မည့် အခြေအနေ ဖြစ်ခဲ့သည်။
သို့ပေမည့် မျက်စိတစ်မှိတ် အတွင်းမှာပင် လူထု၏ ထင်မြင်ယူဆချက်များက ချက်ချင်း ပြောင်းပြန် ဖြစ်သွားပြီး အောက်ယွီ၏ လက်ထဲသို့ ရောက်ရှိသွားကာ ယွဲ့တန်းဖျင် အဖွဲ့အစည်းကတော့ လုံးဝ သေဆုံးသွားခဲ့ရ၏။
အောက်မင်က ဗုံး ဟူသော စကားလုံးကို မသိရှိသောကြောင့်သာ တော်သေးသည်။ မဟုတ်ပါက သူက လူထု၏ ထင်မြင်ယူဆချက် ဆိုသည်မှာ ဗုံးတစ်လုံးနှင့် တူသည်ဟု ပြောမည်မှာ သေချာသည်။
ကောင်းကောင်း အသုံးချတတ်ပါက ရန်သူကို အမှုန့်ကြိတ်ပစ်နိုင်သော်လည်း အနည်းငယ် အမှားအယွင်း ဖြစ်သွားပါက မိမိကိုယ်တိုင် အမှုန့်ကြိတ်ခံရမှာဖြစ်၏။
ထို့ကြောင့် သူ တကယ် ပြောချင်သည်မှာ လူတွေရဲ့ နှလုံးသားက ရေလိုပဲ၊ ပြည်သူတွေရဲ့ လှုပ်ရှားမှုက မီးခိုးတွေလိုပဲ ဟူ၍ ဖြစ်နိုင်သည်။
အရေးအကြီးဆုံးမှာ ဆက်လက်၍ မည်သို့ လုပ်ဆောင်မည်နည်း။
ယခု အပြင်ဘက်တွင် လူထောင်ပေါင်းများစွာက ဝေမြို့စားကြီး အိမ်တော်ကို ဝိုင်းရံထားပြီး အောက်မင်၏ တုံ့ပြန်မှုနှင့် တွမ်ယင်းယင်း၏ တုံ့ပြန်မှုကို စောင့်ကြည့်နေကြ၏။
ယခင်က သူတို့ စာချုပ်၌ လက်မှတ်ထိုးခဲ့ကြသည် မဟုတ်ပါလား။
အောက်ယွီသာ ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲတွင် ပထမ သုံးယောက်စာရင်း ဝင်သွားပါက အောက်မင် သည် အမွေဆက်ခံခွင့် အားလုံးကို အလိုအလျောက် စွန့်လွှတ်ရမည်ဖြစ်သလို ဝေမြို့စားကြီး အိမ်တော်ကလည်း တွမ်ယင်းယင်းကို အောက်ယွီနှင့် လက်ထပ်ပေးရမှာဖြစ်သည်။
လူအများရှေ့တွင် လူသောင်းပေါင်းများစွာက သက်သေ လုပ်ပေးထားခဲ့ခြင်း ဖြစ်၏။
“အခု ပြဿနာက ပြည်သူတွေက ဒီကစားပွဲကို အရမ်း သဘောကျနေကြပြီး ကျုပ်တို့ကိုပါ သူတို့ရဲ့ ရန်သူ အဖြစ် သတ်မှတ်ချင်နေကြပြီ။”
အောက်မင်က ပြောလိုက်သည်။ “ယွဲ့တန်းဖျင်က ပညာတတ် ဆယ့်သုံးယောက်က နောက်ကွယ်က ကြိုးကိုင်သူတွေ ဖြစ်သွားပြီဆိုတော့ ကျုပ်တို့ကိုပါ အဲဒီအထဲ ဆွဲသွင်းချင်နေကြတယ်။”
သခင်လေးက မေးလိုက်၏။ “ဒါဆို ဘယ်လိုလုပ်မလဲ။ ကျုပ်တို့ အခုပဲ ကြေညာချက် ထုတ်လိုက်ရမလား။”
အောက်မင်က ခေါင်းခါလိုက်သည်။ “မလိုဘူး… မလောနဲ့။ လူတွေရဲ့ နှလုံးသားက အရမ်း ထူးဆန်းတယ်။ သူတို့ကို အရမ်း မြန်မြန် အလိုလိုက်လို့ မရဘူး။ ယွဲ့တန်းဖျင်က ပညာတတ် ဆယ့်သုံးယောက်ကို သုံးရက်နေရင် မြင်းငါးကောင်နဲ့ ဆွဲဖြဲသတ်မယ် မဟုတ်လား။
အဲဒီအချိန် မတိုင်ခင်အထိ ပြည်သူတွေက ကြီးမားတဲ့ မျှော်လင့်ချက်ကြီးနဲ့ စောင့်နေကြမှာပဲ။ အဲဒီ မြင်းငါးကောင်နဲ့ ဆွဲဖြဲသတ်တဲ့ အချိန် မတိုင်ခင်အထိ သူတို့ သည်းခံနိုင်ကြသေးတယ်။ ပြည်သူတွေက သနားကြင်နာတတ်တဲ့ စိတ်လည်း ရှိကြတယ်။
သူတို့က မြင်းငါးကောင်နဲ့ ဆွဲဖြဲသတ်တာကို အရမ်း မြင်ချင်နေကြပြီး လူဆိုးတွေ အပြစ်ပေးခံရတာကို အရမ်း လိုလားနေကြပေမယ့် တကယ်တမ်း နာမည်ကြီး ပညာတတ်တွေကို မြင်းငါးကောင်နဲ့ ဆွဲဖြဲသတ်တဲ့ အချိန်ကျရင် သူတို့ လုံးဝ တုန်လှုပ်သွားကြမှာပဲ။ ပြီးတော့ ကြောက်လန့်သွားကြလိမ့်မယ်။
လူတွေက သေသွားတဲ့ သူတွေကို အလွယ်တကူ ခွင့်လွှတ်တတ်ကြတယ်။ သေတဲ့သူက အဓိကပဲ ဆိုပြီးတော့လေ။ ဒါကြောင့် မြင်းငါးကောင်နဲ့ ဆွဲဖြဲသတ်ပြီးတဲ့ အချိန်ကျရင် ပြစ်မှုတွေ အားလုံး လေထဲ လွင့်ပျောက်သွားသလို ဖြစ်သွားလိမ့်မယ်။ ကျုပ်တို့ ကြေညာချက် ထုတ်မယ် ဆိုရင်တောင် အဲဒီအချိန်ကျမှ ထုတ်ရမယ်။”
သခင်လေးက မေးလိုက်၏။ “ကြေညာချက် ထုတ်မယ်။ ဘယ်လို ထုတ်မှာလဲ။ ခင်ဗျားက နုလန်ဟောက် ရာထူးကို ဒီအတိုင်း လက်လွှတ်လိုက်တော့မှာလား။”
အောက်မင်က တည်ငြိမ်စွာ ပြောလိုက်သည်။ “သခင်လေး… စစ်မြေပြင်က ပြောင်းလဲသွားပြီ။ ကျုပ်က နှစ်ပွဲ ဆက်တိုက် ရှုံးခဲ့ပြီ။ အခုချိန်မှာ နုလန်ဟောက် ရာထူးကို ထပ်ပြီးလုယူဖို့ ကြိုးစားရင် လုံးဝ နာမည်ပျက်သွားလိမ့်မယ်။”
တွမ်ယင်းယင်းက ထပ်မေးလိုက်၏။ “ဒီတစ်ခေါက် စာမေးပွဲ လိမ်လည်မှု အရှုပ်တော်ပုံမှာ ကျွန်မတို့လည်း ပါဝင်ပတ်သက်နေတာပဲ။ ဧကရာဇ်မင်းမြတ်က ကျွန်မတို့ကို အရေးယူမလား။”
အောက်မင်က ဖြေလိုက်သည်။ “စောင့်ကြည့်ကြတာပေါ့။ မြို့ဝန် ဝေ့ချီတွမ်ဆီကို ဧကရာဇ်မင်းမြတ်က ဘာအမိန့်တော်ပေးမလဲ ဆိုတာကို စောင့်ကြည့်ရမယ်။ ပြီးတော့ အမတ်ချုပ်ကြီးလင်ရဲ့ ညွှန်ကြားချက် ကိုလည်း စောင့်ရမယ်။ ကျုပ်တို့ ဘယ်လို ကြေညာချက် ထုတ်ရမလဲ ဆိုတာက အမတ်ချုပ်ကြီးလင်ရဲ့ ဆန္ဒ အပေါ်မှာ မူတည်နေတယ်။”
.............
မြို့တော်၊ လျှို့ဝှက် အခန်းတစ်ခန်း အတွင်း၌ လူသုံးဦး တိတ်ဆိတ်စွာ ထိုင်နေကြ၏။
တစ်ဦးမှာ အမတ်ချုပ်ကြီးလင်ဖြစ်ပြီး၊ တစ်ဦးမှာ ဒုတိယမင်းသား ဖြစ်ကာ၊ ကျန်တစ်ဦးမှာ ဆံပင်၊ မုတ်ဆိတ် ဖြူဖွေးနေသော အဘိုးအို တစ်ဦး ဖြစ်၏။ ထိုအဘိုးအိုမှာ နာမည်ကြီး ပညာတတ် တူဟွေးဖြစ်ပြီး မြို့တော် ယွဲ့တန်းဖျင်၏ ခေါင်းဆောင်လည်းဖြစ်သည်။
“ကျန်းကျိုးက ယွဲ့တန်းဖျင်ရဲ့ လူဆယ့်သုံးယောက် သေတာ သေပါစေတော့။ ဧကရာဇ်မင်းမြတ်က အားလုံးကို ခြောက်လှန့်ချင်တာ ဆိုတော့ ကျုပ်တို့လည်း လုံးဝ ကြောက်လန့်သွားပါပြီ။”
တူဟွေးက တည်ငြိမ်စွာ ပြောလိုက်၏။ “အခု ဒုတိယ မင်းသားနဲ့ အမတ်ချုပ်ကြီးလင်တို့ကပဲ ကျုပ်တို့ကို အသက်ချမ်းသာရာရဖို့ ကယ်တင်ပေးပါအုံး။”
သူ ပြောဆိုနေသည်မှာ အသနားခံနေသည့် စကားများ ဖြစ်သော်လည်း သူ၏ ဟန်ပန်က အလွန် အေးစက်ပြီး မာနကြီးနေဆဲ ဖြစ်သည်။
ဒုတိယ မင်းသားက ရယ်မောကာ ပြောလိုက်၏။ “သခင်ကြီးတူ… စကားတွေ လွန်ကုန်ပါပြီ။ လွန်ကုန်ပါပြီ။”
အမတ်ချုပ်ကြီးလင်က ဝင်ပြောလိုက်သည်။ “သခင်ကြီးတူ… ဒီကိစ္စက ကြီးကျယ်နိုင်သလို သေးငယ် သွားအောင်လည်း လုပ်လို့ ရပါတယ်။ ဒါကြောင့် အခုအချိန်မှာ ခင်ဗျားတို့ အနေနဲ့ အလုပ် လုပ်တဲ့အခါ အရမ်း သတိထားဖို့ လိုပါတယ်။”
တူဟွေးက ခေါင်းညိတ်လိုက်၏။ “သူများ လက်ထဲ ရောက်နေပြီ ဆိုတော့ ကျုပ်တို့က အခုချိန်မှာ ခေါင်းငုံ့ပြီး စကား တစ်ခွန်းမှ မပြောရဲတော့ပါဘူး။”
အမတ်ချုပ်ကြီးလင်က တောင်းဆိုလိုက်သည်။ “အရေးကြီးတဲ့ အချိန်မို့လို့ နားလည်ပေးပါ။”
အရေးကြီးသောအချိန် ဆိုသည်မှာ အဘယ်နည်း။ တာယင်အင်ပါယာနှင့် တောင်ပိုင်းကျိုးအင်ပါယာ တို့၏ ဆွေးနွေးပွဲများ တရားဝင် ပျက်ပြားသွားပြီ ဖြစ်၏။
မကြာမီတွင် တာယင်အင်ပါယာက ပိုင်ရှင်မဲ့နယ်မြေကို သိမ်းပိုက်ကြောင်း လူသိရှင်ကြား ကြေညာတော့မှာ ဖြစ်ပြီး ပိုင်ရှင်မဲ့နယ်မြေကို တာယင်အင်ပါယာ၏ ပြည်နယ် တစ်ခုအဖြစ် တရားဝင် သတ်မှတ်တော့မှာ ဖြစ်သည်။
ဤသို့ဆိုလျှင် မနှစ်က ဖြစ်ပွားခဲ့သော စစ်ပွဲကြီးနှင့်ပတ်သက်၍ ကြီးမားသော မုန်တိုင်းကြီးတစ်ခု ထပ်မံ ပေါက်ကွဲလာပေတော့မည်။
ထိုအချိန်ရောက်လျှင် ထိုစစ်ပွဲ၏ အရှုံးအနိုင်ကို သေချာပေါက် ဆုံးဖြတ်ရတော့မှာဖြစ်သည်။ မည်သို့ပင် ပြောစေကာမူ ရှုံးနိမ့်ခဲ့သည်မှာ သေချာပြီး အလွန် ကြီးမားသော ရှုံးနိမ့်မှုကြီးပင် ဖြစ်၏။
တောင်ပိုင်းကျိုးအင်ပါယာ ကဲ့သို့သော အင်အားကြီး နိုင်ငံကြီး တစ်ခုသည် ယခင်က ဧကရာဇ်ဟောင်း၏ အုပ်ချုပ်မှု အောက်တွင် တောင်ပိုင်းသို့ စစ်ချီရာ၌ အောင်ပွဲများ ဆက်တိုက် ရရှိခဲ့သည်။
ယခု ဧကရာဇ်ဝမ်ယွင် နန်းတက်လာပြီး မြောက်ပိုင်းသို့ စစ်ချီရာတွင်မူ ဤမျှ ကြီးမားသော ရှုံးနိမ့်မှုကြီးနှင့် ရင်ဆိုင်ခဲ့ရ၏။
ဤကိစ္စက မည်မျှ ကြီးမားသော ထင်မြင်ယူဆချက်များကို ဖြစ်ပေါ်စေမည်နည်း။ လူထု၏ အမြင်များ မည်မျှ အထိ ပေါက်ကွဲလာမည်နည်း။
ယွဲ့တန်းဖျင် အဖွဲ့အစည်းက အင်ပါယာ တစ်ခုလုံး၏ ထင်မြင်ယူဆချက် အာဏာကို ချုပ်ကိုင်ထား၏။
ထို့ကြောင့် ယခုအချိန်တွင် ကျန်းကျိုး၌ ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲသည် အလွန် အရေးကြီးသော ကိစ္စ ဖြစ်သော်လည်း တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံးနှင့် ယှဉ်ပါက အောက်မင်နှင့် အောက်ယွီတို့၏ အမွေဆက်ခံခွင့် ပြဿနာမှာ အလွန် သေးငယ်သော ကိစ္စလေး တစ်ခုသာ ဖြစ်သည်။
နန်းတော်နှင့် ပိုနီးကပ်လေလေ လေထုက ပို၍ လေးလံလေလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာက မုန်တိုင်း၏ ဗဟိုချက် ဖြစ်သောကြောင့်ပင်။
ကြီးမားသော အပြောင်းအလဲကြီး လာတော့မည်။ လူတိုင်းက မကြာမီ ရောက်ရှိလာတော့မည့် နိုင်ငံရေး မုန်တိုင်းကြီး အတွက် အရာအားလုံးကို ပြင်ဆင်ထားရမှာဖြစ်၏။
အကယ်၍ ကောင်းစွာ ဖြေရှင်းနိုင်ပါက သေးငယ်သော ထင်မြင်ယူဆချက် မုန်တိုင်းလေး တစ်ခုသာ ဖြစ်သွားပေလိမ့်မည်။
အကယ်၍ ကောင်းစွာ မဖြေရှင်းနိုင်ပါက ကြီးမားသော နိုင်ငံရေး မုန်တိုင်းကြီး ဖြစ်လာမှာဖြစ်ပြီး လူမည်မျှ သေဆုံးရမည်ကို မသိနိုင်တော့ပေ။
ထို့ကြောင့် ယခုအချိန်တွင် မြို့တော်ရှိ အရာရှိကြီးများ အားလုံး အသက်ရှူအောင့်ကာ ဤမုန်တိုင်းကြီး ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။
သို့ပေမည့် ကျန်းကျိုးတွင်မူ လူတိုင်းက အနည်းငယ် နှေးကွေးနေကြသည်။
ဤသည်မှာ ၂၀၀၈ ခုနှစ် စီးပွားရေး အကျပ်အတည်းနှင့် တူ၏။ မုန်တိုင်း၏ ဗဟိုချက် ဖြစ်သော ဝေါလ်စထရိ သည် လအနည်းငယ် ကြိုတင် သိရှိထားပြီး အရာအားလုံးကို ပြင်ဆင်ထားခဲ့၏။
အဆိုးရွားဆုံး အခြေအနေ အတွက် အကောင်းဆုံး ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့၏။ ထို့နောက်မှ ထိုစီးပွားရေး အကျပ်အတည်းကို ရုတ်တရက် ဖောက်ခွဲလိုက်ခြင်း ဖြစ်သည်။
သာမန် ပြည်သူအများစုကတော့ ရုပ်မြင်သံကြားတွင် လေမန်ဘရားသားကုမ္ပဏီ ဒေဝါလီခံကြောင်း ကြေညာပြီး ကျွမ်းကျင်သူ အများအပြားက စီးပွားရေး အကျပ်အတည်း ရောက်လာပြီဟု ကြေညာမှသာ သိရှိကြခြင်း ဖြစ်၏။
ယခု တောင်ပိုင်းကျိုးအင်ပါယာ ရင်ဆိုင်နေရသည်မှာ ကြီးမားသော နိုင်ငံရေး အကျပ်အတည်းကြီး ဖြစ်သည်။
ထို့အပြင် ဤနိုင်ငံရေး အကျပ်အတည်းကို ယင်ချွဲ့ အား ဖမ်းဆီးထားနိုင်မှုကြောင့် ခြောက်လခန့် အချိန်ဆွဲထားနိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ပေါက်ကွဲလာတော့မှာဖြစ်၏။
တောင်ပိုင်းကျိုး အစိုးရအဖွဲ့ အနေဖြင့် လုပ်ဆောင်ရမည့် တစ်ခုတည်းသော အရာမှာ ဤ နိုင်ငံရေး အကျပ်အတည်းကို အပြင်းစား ထိုးနှက်မှုမှ အပျော့စား ထိုးနှက်မှုအဖြစ် ပြောင်းလဲပစ်ရန် ဖြစ်သည်။
ဆိုလိုသည်မှာ ဖင်ထိုင်ကျအောင်သာ လုပ်ပြီး ခေါင်းထိုးကျခြင်းအား လုံးဝ အဖြစ်မခံရန် ဖြစ်၏။
အပျော့စား ထိုးနှက်မှု ဆိုသည်မှာ အဘယ်နည်း။
စစ်ရှုံးမှု တာဝန်ကို အိမ်ရှေ့စံမင်းသား ကျိုးလီကသာ ယူလိုက်ခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤလူများက ဧကရာဇ်မင်းမြတ်၏ အကာအကွယ်များ ဖြစ်သောကြောင့်ပင်။
အကယ်၍ စစ်ရှုံးမှု တာဝန်က ဧကရာဇ်မင်းမြတ်ထံသို့ ရောက်ရှိသွားပါက အပြင်းစား ထိုးနှက်မှု ဖြစ်သွားမှာ ဖြစ်၏။
အကယ်၍ တစ်ယောက်ယောက်က ဧကရာဇ်ဟောင်းထံ အာဏာ ပြန်လွှဲပေးဟု အော်ဟစ်လိုက်ပါက အပြင်းစား ထိုးနှက်မှုသာမက ခေါင်းပါ ကွဲသွားမှာဖြစ်သည်။
အမတ်ချုပ်ကြီးလင်က ပြောလိုက်၏။ “သခင်ကြီးတူ… ဒီအခွင့်အရေးကို ယူပြီး ခင်ဗျားတို့ အနေနဲ့ တံခါးပိတ်ပြီး အမှားပြင်ဆင်မယ်လို့ လူသိရှင်ကြား ကြေညာလိုက်ရင် မကောင်းဘူးလား။ အနည်းဆုံးတော့ သဘောထားလေးတော့ ပြရမယ် မဟုတ်လား။”
‘သဘောထား ပြရမယ်။ ဘာကို သဘောထား ပြရမှာလဲ။’
တောင်ပိုင်းကျိုးအင်ပါယာ၏ နိုင်ငံရေး အကျပ်အတည်း တရားဝင် ရောက်ရှိလာချိန်တွင် ယွဲ့တန်းဖျင် အဖွဲ့အစည်း ကဲ့သို့သော ကြီးမားသည့် ထင်မြင်ယူဆချက် အာဏာကို ချုပ်ကိုင်ထားသူများ အနေဖြင့် သေချာပေါက် စကားနားထောင်ရမည်၊ ထိန်းချုပ်၍ ရရမည်။ အကျပ်အတည်းကို ပိုမို ကြီးထွားအောင် မလုပ်ဘဲ မီးငြိမ်းသတ်ရန် ကူညီပေးရမှာဖြစ်သည်။
ထို့ကြောင့် မည်သည့် ကိစ္စမဆို ဧကရာဇ်၏ လက်နက် ဖြစ်သည်။ ကျန်းကျိုး၏ စာမေးပွဲ လိမ်လည်မှု အရှုပ်တော်ပုံနှင့် ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးဦး သေဆုံးခြင်းလည်း အပါအဝင် ဖြစ်၏။
...........................