← Chapters

အခန်း (၅၁-၅၂)

Vol. 5 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 5 Ch. 51-52

အပိုင်း (၅၁) ငါနဲ့ အိမ်ရှေ့စံမင်းသားက ညီအစ်ကိုတွေပဲ။

လီယွမ်ကျောက်သည် ဖန်ကျန်းရီကို လူသူကင်းမဲ့သော နေရာတစ်ခုသို့ ခေါ်သွားသည်။ အစောင့်များကို နေရာတစ်ခုတွင် ထားခဲ့ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "ခင်ဗျားကို မေးစရာ မေးခွန်းတွေ အများကြီး ရှိတယ်။ ရေဘေးအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းတဲ့အချိန်မှာ..."

"အရှင့်သား... ခဏလောက် နေပါအုံး။ ကျုပ် ပြောစရာတစ်ခု ရှိပါတယ်..." ဖန်ကျန်းရီက လီယွမ်ကျောက်ကို ကြားဖြတ် ပြောလိုက်သည်။

"အရှင့်သားရဲ့ မျက်နှာပေါ်က ဒဏ်ရာ ဘယ်လိုရလာတာလဲ။ နန်းတော်ထဲက တစ်ယောက်ယောက်က အရှင့်သားကို ရိုက်ရဲလို့လား"

ဖန်ကျန်းရီ ဝင်လာကတည်းက စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ အိမ်ရှေ့စံမင်းသား၏ မျက်နှာပေါ်ရှိ ဒဏ်ရာမှာ ကြာပွတ်နှင့် ရိုက်ခံထားရသည့်ပုံ ပေါ်နေသည်။ ဘယ်လို ရက်စက်သည့်သူကများ အိမ်ရှေ့စံမင်းသားရဲ့ မျက်နှာကို ထိခိုက်အောင် လုပ်ရဲသနည်း။

လီယွမ်ကျောက်သည် မေးခွန်းဆုံးသည်နှင့် တစ်ပြိုင်နက် အံကြိတ်ကာ အော်လိုက်သည်။ "တခြား ဘယ်သူဖြစ်နိုင်မှာလဲ။ တခြား ဘယ်သူဖြစ်နိုင်အုံးမှာလဲ"

"နန်းတော်ထဲမှာ ဧကရာဇ်ကျင်းကလွဲလို့ ကျုပ်ကို ဘယ်သူ ရိုက်ရဲမှာလဲ"

"ဧကရာဇ်ကျင်း ဘာဆေးစားထားလဲတော့ မသိဘူး။ မနေ့က ကျုပ် သူ့ဆီ သွားပြီး အရိုအသေပေးတော့ စကားနည်းနည်း ပြောပြီးတာနဲ့ ကြိုးချည်ပြီး ရိုက်တော့တာပဲ။ မတော်တဆ မျက်နှာကို ထိသွားတာ။ ကျုပ် အကြာကြီး စဉ်းစားခဲ့ပေမဲ့ ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ အာ... နာတုန်းပဲ"

"ကျုပ်..." ဖန်ကျန်းရီက စကာစလိုက်သည်။

"အာ... အိမ်ရှေ့စံက အရင်တည်းက ချောမောပြီး ရှင်းလင်းတဲ့ မျက်လုံးတွေ၊ ယဉ်ကျေး သိမ်မွေ့တဲ့ မျက်နှာသွင်ပြင် ရှိပါတယ်။ အခု မျက်နှာပေါ်က အမာရွတ်နဲ့ဆိုရင် စစ်မြေပြင်က ပြန်လာတဲ့သူလို ပိုချောမောပြီး ယောကျ်ား ပီသလာတာပေါ့။ ဧကရာဇ်ကျင်းရဲ့ သိုင်းပညာက ပြိုင်ဘက်ကင်းတယ်။ စကားပုံမှာ ဆိုသလိုပေါ့... ကျားအဖေမှာ ခွေးသား မရှိဘူးတဲ့။ အိမ်ရှေ့စံမင်းသား ယွမ်ကျောက်လည်း အတူတူပဲ ဖြစ်ရမယ်။"

လီယွမ်ကျောက်က ပါးပြင်ပေါ်ရှိ ဒဏ်ရာကို ကိုင်ကာ တဟားဟား ရယ်လိုက်၏။ "တကယ်လား"

ဖန်ကျန်းရီက သူ့ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ပုတ်ကာ ပြောလိုက်သည်။ "တကယ်ပေါ့။ ဖန်ကျန်းရီဆိုတဲ့ ကျုပ်ရဲ့ ဂုဏ်သိက္ခာနဲ့ အာမခံပါတယ်။ အိမ်ရှေ့စံရဲ့ မွေးရာပါ နဂါးရောင်ဝါကို ခဏထားလိုက်။ မျက်နှာပေါ်က သေစေနိုင်တဲ့ အငွေ့အသက်က ပြိုင်ဘက်ကင်းတဲ့ စွမ်းအားတစ်ခု ရှိတယ်။ အဲဒါက ယောကျ်ားတွေကိုတောင် ဒူးထောက် ဦးညွှတ်စေတယ်။"

သာမန် လူငယ်လေးများသည် ချီးမွမ်းခံရခြင်းကို အနှစ်သက်ဆုံး ဖြစ်ပြီး အိမ်ရှေ့စံမင်းသား ဆိုပင်လျှင် ချွင်းချက်မရှိပေ။

လီယွမ်ကျောက် ချက်ချင်း ရယ်မောလာခဲ့၏။ "ကောင်းတယ်... ကောင်းတယ်။ နန်းတော်မှာ ဖန်ကျန်းရီ ခင်ဗျားတစ်ယောက်ပဲ ကျုပ်ကို နားလည်တယ်။ ကျုပ်က မွေးရာပါ စစ်ရေးပါရမီရှင် တစ်ယောက်ပါ။ ဒါပေမဲ့ ဧကရာဇ်ကျင်းနဲ့ နန်းတော်ထဲက အဘိုးကြီးတွေက ကျုပ်ကို အမြဲတမ်း နှိမ်နေကြတယ်။ သူတို့က မျက်ကန်းတွေပဲ"

ဖန်ကျန်းရီ မရည်ရွယ်ဘဲ သက်ပြင်းချလိုက်မိသည်။

အိမ်ရှေ့စံမင်းသားက နန်းတော်မှာ သိပ်အဆင်ပြေပုံ မရဘူး။ သူက ဧကရာဇ်ကျင်းနဲ့ အရာရှိတွေရဲ့ အမြဲတမ်း အနိုင်ကျင့်တာကို ခံနေရသလိုပဲ။ သူငယ်ချင်းလည်း တစ်ယောက်မှမရှိဘူး။ ဒီလို အပြစ်ကင်းစင်ပြီး အကောင်းမြင်တတ်တဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးကို ကာကွယ်ဖို့က တကယ်တော့ မလွယ်ကူဘူး။

"အို... အရှင့်သား ခုနက ကျုပ်ကို ဘာမေးလိုက်တာလဲ"

"သိပ္ပံနည်းကျ မိုးကြိုးလေ။ ရေဘေးကို ထိန်းချုပ်ဖို့အတွက် မိုးကြိုးကို ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ ဆိုတာ သိချင်တာ။" လီယွမ်ကျောက်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေခဲ့၏။

"အရှင့်သား နောက်နေတာလား။ ကောင်းကင်က ကျလာတဲ့ မိုးကြိုး မဟုတ်ပါဘူး... တူ ဒါမှမဟုတ် တံစဉ်လိုမျိုး လူလုပ်ကိရိယာ တစ်ခုပါ။ ဒါပေမဲ့ အဲဒါကို တိုက်ဆိုင်စွာနဲ့ ရခဲ့တာဖြစ်ပြီး ပမာဏက သိပ်မများပါဘူး။ ပိုလုပ်ပြီးသွားရင် အရှင့်သား အလိုရှိသလောက် ယူလို့ရပါတယ်။"

"အမ် …"

လီယွမ်ကျောက်၏ မျက်နှာပေါ်တွင် သိသာထင်ရှားသော စိတ်ပျက်မှုများ ပေါ်လာသော်လည်း အရှုံးမပေးဘဲ ဆက်မေးလိုက်၏။ "ဒါဆို ဓားအပေါ်မှာ ပျံသန်းနေတဲ့ ဓားသူရဲကောင်းတွေ အားလုံးက စာအုပ်တွေထဲမှာပဲ ရှိတာလား။ ဒီကမ္ဘာပေါ်မှာ သရဲတစ္ဆေတွေ၊ နတ်ဘုရားတွေ မရှိဘူးလား။"

ဖန်ကျန်းရီသည် ဤနေရာတွင် တွန့်ဆုတ်သွားခဲ့သည်။ ခေတ်လူငယ်တစ်ဦး အနေဖြင့် သရဲတစ္ဆေများနှင့် နတ်ဘုရားများအကြောင်း ပြောဆိုမှုများကို သဘာဝကျကျပင် အလေးအနက် မထားခဲ့ချေ။ သို့သော်ငြား သူက တခြားခန္ဓာကိုယ်ထဲ ရောက်လာသူဆိုတော့ ထိုစကားများကို ကြားရချိန်တွင် အနည်းငယ် ထူးဆန်းသလို ခံစားနေရသည်။

ခဏမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်၏။ "သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေ... အင်း .. ကျုပ် မယုံပါဘူး။ အဲဒါတွေအားလုံးက ပညာမဲ့တဲ့ သာမန်ပြည်သူတွေ ဖြန့်ထားတဲ့ ကောလာဟလတွေချည်းပါပဲ။ အသုံးမကျတဲ့ သာမန်လူတွေက သေသွားရင်လည်း အသုံးမကျတဲ့ သာမန်လူတွေပါပဲ။ နည်းနည်းလေး မကျေနပ်ချက် ရှိရုံနဲ့ သူတို့က နတ်ဆိုးမိစ္ဆာတွေ ဖြစ်လာနိုင်တယ်လို့ ထင်နေတာလား။ အဲလိုနည်းနဲ့ မကျေနပ်ချက်တွေကို လက်စားချေချင်နေတာမျိုးလား။ ဒါက သာမန်လူတွေရဲ့ လှပတဲ့ဆန္ဒတွေကို ရောင်ပြန်ဟပ်နေတာထက် မပိုပါဘူး။

ဒါအပြင် အရှင့်သား စဉ်းစားကြည့်မယ်ဆိုရင် အဲဒီဝတ္ထုတွေထဲက ပြိုင်ဘက်ကင်းဆရာတွေက မျက်ကန်း၊ သူတောင်းစား ဒါမှမဟုတ် ဂျိုကျိုးနားရွက်ပဲ့တွေကြီးပဲ။ အဲဒီစာအုပ်အများစုက ဘဝရဲ့မကျေနပ်ချက်တွေကို ဖော်ပြချင်ကြတဲ့ အူကြောင်ကြောင်လူတွေ ရေးသားထားတာပါ။"

"အင်း.. အဲဒါ အဓိပ္ပါယ်ရှိတယ်..." လီယွမ်ကျောက်သည် သူအမြဲတမ်း အိပ်မက်မက်ခဲ့သော ဝိညာဉ်ရေးရာ ကမ္ဘာကြီး ပြိုကွဲသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် အံ့အားသင့်သွားခဲ့၏။

"ဓားနဲ့ ပျံသန်းတာတွေက စာအုပ်တွေထဲမှာ လုပ်ကြံဖန်တီးထားတာချည်းပဲ။ အရှင့်သား ပိုဖတ်လေလေ... နိုင်ငံရပ်ခြားမှာ စုန်းတွေက တံမြက်စည်းနဲ့ ပျံသန်းတယ်ဆိုတာ ပိုသိလာလိမ့်မယ်။ အဲဒါကရော အဓိပ္ပါယ်ရှိလို့လား"

လီယွမ်ကျောက် မျက်ခုံးပင့်လိုက်၏။ "တံမြက်စီးကို စီးတာလား။ လိုအပ်ရင် တစ်ခါတည်း အမှိုက်ပါ လှည်းလို့ရတာပေါ့။ ဘယ်လောက်ကောင်းလဲ။ ဒါပေမဲ့ အဲလို စီးတော့ ဥမနာဘူးလား။"

“ဟားဟား .. ဟုတ်ပ။ အစ်ကိုကြီးကော် ကို စီးခိုင်းမှပဲ ဖြစ်မယ်။”

စကားဝိုင်းက ပိုပိုပြီး ရယ်စရာကောင်းလာသည်မို့ ဤအတိုင်း ဆက်သွား၍ မဖြစ်တော့ချေ။ ဖန်ကျန်းရီက ချက်ချင်း ကြားဖြတ်ပြောလိုက်သည်။ "အရှင့်သား မေးစရာ တခြားဘာရှိသေးလဲ။"

"အို... ပြီးတော့ အဲဒီ ဓာတ်ပြားစက်က..."

"အဲဒါ ဧကရာဇ်ကျင်းဆီ ဆက်သပြီးပါပြီ"

"ဒါဆို တောက်ယွမ်ခရိုင်မှာ ပန်းချီဆရာ တစ်ယောက်ရှိတယ်လို့ ကြားတယ်။ သူ့ရဲ့ပန်းချီဆွဲတဲ့ ပါရမီက ထူးကဲပြီး အရာဝတ္ထုတွေကို တကယ့်အစစ်အမှန်အတိုင်း အသက်ဝင်အောင် ဆွဲနိုင်တယ်တဲ့။ ကျုပ် ကြည့်ချင်တယ်။"

ဖန်ကျန်းရီ ပြုံးလိုက်၏။ "အရှင့်သား... ပန်းချီဆွဲတယ်ဆိုတာ အတတ်ပညာတစ်ခုပါ။ အကယ်၍ အရှင့်သား စိတ်ဝင်စားရင် ကျွန်တော်မျိုး ပန်းချီဆရာ တစ်ယောက်ရှာပြီး အရှင့်သားကို ချက်ချင်း သင်ပေးခိုင်းပါ့မယ်။"

"အဲဒီလို လုပ်စရာ မလိုဘူး။ ကျုပ်က ကြည့်ရုံပဲ ကြည့်ချင်တာ။ ကျုပ်လည်း ပန်းချီဆွဲပါတယ်။ ဒါပေမဲ့ ဘယ်ပန်းချီကားက အသက်ဝင်ပြီး တကယ့်အစစ်အမှန်အတိုင်းပဲ ဆိုတဲ့ စကားလုံးနဲ့ ထိုက်တန်သလဲဆိုတာ သိချင်နေမိတယ်

နန်းတော်က ပန်းချီဆရာတွေက တကယ့်အစစ်အမှန်အတိုင်း သိပ်မဆွဲတတ်ကြဘူး... ကြည့်... ဒါ ကျုပ် ဒီမနက် ဆွဲထားတဲ့ ပန်းချီကားပဲ။ ဘယ်လိုနေလဲ။"

ပြောပြီးသည်နှင့် လီယွမ်ကျောက်သည် ရင်ခွင်ထဲမှ ရွှမ်စက္ကူ တစ်ရွက်ကို ထုတ်ကာ ဖွင့်ပြလိုက်၏။ အမည်းရောင်၊ အဖြူရောင် မျဉ်းကြောင်းတွေနှင့် ဆွဲထားသော တိရစ္ဆာန်ပုံတစ်ပုံလိုပင်။

ဖန်ကျန်းရီ ပန်းချီကားကို ကြည့်ပြီး ချက်ချင်း အံ့အားသင့်မိကာ ပြောလိုက်သည်။ "အို... အရှင့်သားက ပင်ဂွင်းတွေကို ဒီလောက် တကယ့်အစစ်အမှန်အတိုင်း ဆွဲနိုင်လိမ့်မယ်လို့ ကျုပ် တစ်ခါမှ မမျှော်လင့်ခဲ့ဘူး"

လီယွမ်ကျောက် အံ့အားသင့်သွား၏။ "ပင်ဂွင်းက ဘာကြီးလဲ။ ကျုပ် ဆွဲတာ ပိန်ညှင်းငှက်လေ။"

(ပိန်ညှင်းငှက်ဆိုသည်မှာ ပင်လယ်နားတွင် ကျက်စားပြီး ငါးဖမ်းသော ငှက်တစ်မျိုးဖြစ်သည်။ ဘာသာပြန်သူ)

"အမ် …..."

ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်။ ကျုပ်တို့ မွေးရပ်မြေမှာတော့ ပိန်ညှင်းငှက်တွေကို ပင်ဂွင်းလို့ ခေါ်ပါတယ်။ ဒါက ဒေသသုံး စကား ပြဿနာပါ"

"ဪ... ဟုတ်လား။ တွေ့တယ်မလား။ ကျုပ်က ဒီနယ်ပယ်မှာ တကယ် ပါရမီရှိတယ်နော်" လီယွမ်ကျောက် သက်ပြင်းချလိုက်၏။

ဖန်ကျန်းရီ၏ မျက်ခွံများ နှစ်ချက်ခန့် ပြင်းထန်စွာ တုန်သွားခဲ့သည်။

"ဟုတ်ပါတယ်။ အရှင့်သားက အရပ်ဘက်ရော စစ်ဘက်ရေးရာမှာပါ ကျွမ်းကျင်လိမ့်မယ်လို့ ကျုပ် မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီလို ပန်းချီအနုပညာမျိုးက လူသားတွေအတွက် စောလွန်းနေသေးတယ်။ နှစ်တစ်ထောင် ဒါမှမဟုတ် ရှစ်ရာလောက် ကြာရင်တော့ တကယ့်ကို နိုင်ငံတော်ရဲ့ ရတနာတစ်ခု ဖြစ်လာမှာ သေချာပါတယ်။ အခုတော့ ဒါကို ခဏ သိမ်းထားလိုက်ပါတော့။"

"ဟားဟားဟား။ ခင်ဗျားက တကယ် အမြင်ရှိတာပဲ။ ဒါဆို ဒီပန်းချီကား ခင်ဗျားကို လက်ဆောင်ပေးမယ်။"

"ကျေးဇူးတင်ပါတယ် အရှင့်သား"

ဖန်ကျန်းရီသည် ပန်းချီကားကို ရင်ခွင်ထဲ ထည့်လိုက်ပြီး သူ၏ ရင်ခွင်ထဲမှ ထူထဲသော တစ်စုံတစ်ခုကို ထုတ်ကာ တိုးတိုးလေး ပြောလိုက်၏။ "အရှင့်သားနဲ့ ကျုပ်က အရင်ကတည်းက သိခဲ့တဲ့ သူငယ်ချင်းဟောင်းတွေလို ခံစားရပါတယ်။ ဒါပေမဲ့ ကျုပ်က အရှင့်သားအတွက် လက်ဆောင်တစ်ခု ပြင်ဆင်လာပါတယ်။"

ဖန်ကျန်းရီ ကမ်းပေးသော ထူထဲသည့် ငွေစက္ကူများကို ကြည့်လိုက်ချိန်မှာတော့ လီယွမ်ကျောက် ချက်ချင်းပဲ စိတ်လှုပ်ရှားသွားပြီး အော်လိုက်သည်။ "ဒါ ဘာကြီးလဲ။ ငွေစက္ကူတွေလား"

ဤငွေစက္ကူများကို ဖန်ကျန်းရီက အထူးတလည် လဲလှယ်ထားသော ငွေစက္ကူအသေးလေးများဖြစ်ပြီး စုစုပေါင်း ငွေစ တစ်သောင်း ရှိသည်။ ဤအထပ်လိုက်ကြီးသည် အရင်က ဧကရာဇ်ကျင်းကို သူပေးခဲ့သည့် အထပ်ထက်ပင် ပိုများနေပုံရ၏။

အိမ်ရှေ့စံ၏ အမူအရာကိုမြင်တော့ ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ ပေါ်လာခဲ့သည်။ "အရှင့်သားက ဒါကို ဘာဆိုလိုတာလဲ။ ဖန်ကျန်းရီ ဆိုတဲ့ ကျုပ်ကို အထင်သေးတာလား။

ဒါက ငွေစ တစ်သောင်းတန်တဲ့ လေးစားမှုရဲ့ အမှတ်အသား အသေးလေးတစ်ခုပါ။ အိမ်ရှေ့စံမင်းသားကို ရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက်လို့ သဘောထားပါတယ်။ ဒါကြောင့် ဒီငွေပမာဏ သေးသေးလေးက ဘာများ အရေးပါလို့လဲ။"

လီယွမ်ကျောက် အံ့အားသင့်သွား၏။ "ဒါက ငွေစ တစ်သောင်းလား။ ပွင့်ပွင့်လင်းလင်း ပြောရရင်လေ"

လီယွမ်ကျောက်၏ မျက်လုံးများတွင် လောဘရမ္မက်များ ချက်ချင်း ပေါ်လာခဲ့သည်။ ဧကရာဇ်ကျင်း အရှေ့နန်းတော်သို့ လစဉ်ပေးသော စရိတ်မှာ ပုံမှန်အားဖြင့် ငွေစ လေးငါးရာခန့်သာ ရှိသဖြင့် ငွေစ တစ်သောင်းမှာ သူ့အတွက် ကြီးမားသော ကြွယ်ဝချမ်းသာမှုတစ်ခု ဖြစ်သည်။

သို့သော်ငြား သူက တွန့်ဆုတ်စွာ ပြောလိုက်၏။ "ကျုပ် ခင်ဗျားရဲ့ ပိုက်ဆံကို မယူပါဘူး... အဲဒါ မသင့်တော်ဘူး။"

ဖန်ကျန်းရီ ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ "ညီအစ်ကိုတွေဆိုတာ လက်နဲ့ ခြေထောက်လိုပဲ။ ပိုက်ဆံဆိုတာ ဖုန်မှုန့်လိုပဲ။ အကယ်၍ အရှင့်သားက ဒီငွေကို လက်မခံဘူးဆိုရင် ကျုပ်ကို အထင်သေးပြီး သူငယ်ချင်းလို့ မသတ်မှတ်ဘူးလို့ပဲ ယူဆရပါမယ်။

ကျုပ် .. ဖန်ကျန်းရီရဲ့ အိမ်မှာ ငွေကလွဲလို့ ဘာမှမရှိပါဘူး။ အရှင့်သားက ကျုပ်ရဲ့ ကြီးမားတဲ့ ချမ်းသာ ကြွယ်ဝမှုကြောင့် အထင်သေးနေတာလား သိချင်မိပါတယ်။"

လီယွမ်ကျောက် ချက်ချင်းပဲ လက်ကို ဝှေ့ယမ်းကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။ "မဟုတ်ဘူး... မဟုတ်ဘူး။ ကျုပ် ခင်ဗျားကို သူငယ်ချင်းလို သဘောထားပါတယ်။ အဲဒီလို မတွေးပါနဲ့"

စကားပြောပြီးနောက် သူက ဖန်ကျန်းရီ၏ လက်ထဲမှ ငွေများကို ဝမ်းသာအားရ ဆွဲယူကာ အင်္ကျီလက်မောင်းထဲ ထည့်ပြီး ပြောလိုက်သည်။ "ခင်ဗျားကို ညီအစ်ကိုလို့ အသိအမှတ်ပြုလိုက်ပြီ။ ဒီနောက်ပိုင်း နန်းတော်ထဲမှာ တစ်ယောက်ယောက်က ခင်ဗျားကို အနိုင်ကျင့်ရင် ကျုပ်ဆီ လာခဲ့"

"အရှင့်သားက အရမ်း သဘောကောင်းတာပဲ။ ဘာမှမဖြစ်ပါဘူး။ အခုကစပြီး အရှင့်သားက ကျုပ်ကို ဖန်ကြီး လို့ ခေါ်လို့ရပါတယ်။ အရှင့်သားမှာ ကိစ္စတစ်ခုခု ရှိရင် ကျုပ်ကိုသာ ပြောပါ။"

မကြာမီမှာပဲ ထိုနှစ်ယောက်သည် ရင်းနှီးသွားကြပြီး အားရပါးရ စကားပြောဆိုနေကြလေသည်။

ထိုအချိန်တွင် မိန်းမစိုးလေး လျိုကျင်းသည် သူတို့ထံသို့ ထိတ်လန့်တကြား ပြေးလာခဲ့သည်။ အိမ်ရှေ့စံမင်းသားနှင့် ဖန်ကျန်းရီတို့ အားရပါးရ ပျော်ရွှင်နေကြသည်ကိုမြင်တော့ သူက အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။ "အိမ်ရှေ့စံမင်းသား ယွမ်ကျောက်... ဆရာယန် ရောက်နေပါပြီ။"

အပိုင်း (၅၂) မင်းသား၏ ပထမဆုံး သင်ခန်းစာ

လီယွမ်ကျောက်က ဖန်ကျန်းရီ၏ လက်မောင်းကို ဆွဲကာ တိုးတိုးလေး ပြောလိုက်၏။ "ဖန်ကြီး ... ဆရာယန်ကို သတိထားရမယ်။ သူက အရမ်း တင်းကျပ်တယ်။ ပုံမှန်ရက်တွေမှာ ကျုပ်ကို အလွတ်ကျက်ခိုင်းတဲ့အခါ စာတစ်လုံး လွတ်သွားရင်တောင် လက်ဝါးကို တုတ်နဲ့ ရိုက်တယ်။ ကျုပ် လက်တွေဆို ရောင်ကိုင်းလို့။”

ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "အရှင့်သား... မစိုးရိမ်ပါနဲ့။ ကျုပ်က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ပါ။ သူ ကျုပ်ကို ရိုက်လို့မရပါဘူး။"

လီယွမ်ကျောက်သည် ချက်ချင်းပံ အံကြိတ်ကာ ပြောလိုက်၏။ "ကျုပ်မှာ ခင်ဗျားလို ညီအစ်ကို မရှိဘူး"

"ဒါဆို အရှင့်သား... ကျုပ်ရဲ့ ပိုက်ဆံတွေ ပြန်ပေးပါ။"

"မပေးဘူး"

သူတို့နှစ်ယောက် ငြင်းခုံနေရင်း ချန်ရှီရုံးတော်၏ ပင်မခန်းမဆောင်သို့ ရောက်ရှိသွားကြသည်။

ယန်ကော်အန်းသည် ခန်းမဆောင်ထဲတွင် လေးနက်သော မျက်နှာထားဖြင့် ရပ်နေသည်။ အိမ်ရှေ့စံမင်းသားနှင့် ဖန်ကျန်းရီတို့ အတူတကွ ရယ်မော နောက်ပြောင်နေသည်ကို မြင်သောအခါ သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့၏။

"ဖန်ကျန်းရီ။ အရှင်မင်းကြီးက မင်းကို ဒီမှာ အိမ်ရှေ့စံမင်းသား စာသင်တဲ့နေရာမှာ အဖော်အဖြစ် အကြံပြုဖို့ တာဝန်ပေးထားတာ။ ဟီးဟီးဟားဟားနဲ့ ရယ်မောပျော်ရွှင်နေရအောင် ဒါက ဘယ်လို ယဉ်ကျေးမှုမျိုးလဲ"

ဖန်ကျန်းရီ သူ့ကို မကြောက်ချေ။ ဤလူက အမြဲတမ်း မှုန်ကုပ်နေပြီး တွေ့တွေ့ချင်းမှာပဲ သူ့ကို ချေမှုန်းချင်နေခဲ့သည်။ ဖန်ကျန်းရီက မြင်မြင်ချင်းတည်းက ထိုသူ့ကို သိပ်ကြည့်မရတော့ပေ။

"ယန်ချန်ရှီ... ကျုပ်တို့ စာသင်ဖို့ မစရသေးဘူးလေ ဟုတ်တယ်မလား။ အိမ်ရှေ့စံမင်းသား ရယ်တာ မှားနေလို့လား"

သူက ပြောလိုက်၏။ "ဒါမှမဟုတ် ယန်ချန်ရှီက မွေးရာပါ မရယ်တတ်တဲ့သူ ဖြစ်နေပြီး တခြားသူတွေရဲ့ အပြုံးတွေကို မြင်ရတာ အနှောင့်အယှက် ဖြစ်နေတာလား။"

ယန်ကော်အန်းက အေးစက်စွာ ညည်းညူလိုက်သည်။ "စကားပြောတာ ရပ်လိုက်။ အိမ်ရှေ့စံမင်းသားက ထီးနန်းဆက်ခံသူ ဖြစ်တာမို့ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို အမြဲတမ်း ထိန်းသိမ်းထားရမယ်။ မင်း ဘယ်လိုလုပ် ဒီလို အဓိပ္ပါယ်မရှိတာတွေ ပြောနေရတာလဲ"

"ဟုတ်လို့လား။ ယန်ချန်ရှီက ဒီလောက် ကြီးကျယ်တာလား။ ကောင်းကင်ဘုံရဲ့ သားတော်က ဘယ်လို ပြုမူသင့်တယ်ဆိုတာကို ခင်ဗျားက အတိအကျ သိနေတာပေါ့။ ယန်ချန်ရှီ နောက်ကျမှ မွေးလာတာ နှမြောစရာပဲ။ တကယ်လို့ ခင်ဗျားသာ စောမွေးလာခဲ့ပြီး အိမ်ရှေ့စံမင်းသားတွေ အားလုံးကို ယန်ချန်ရှီရဲ့ နည်းလမ်းအတိုင်း လေ့ကျင့်ပေးခဲ့မယ်ဆိုရင် မင်းဆက်ပြောင်းလဲတာမျိုး ရှိလာမှာ မဟုတ်တော့ဘူးပေါ့။"

ဖန်ကျန်းရီသည် ရွဲ့စောင်းသော လေသံဖြင့် စတင် ပြောဆိုလိုက်၏။

လီယွမ်ကျောက်သည် ထိုသူတို့နှစ်ယောက် တွေ့တွေ့ချင်း တိုက်ခိုက်နေသည်ကို ကြည့်ရင်း မရည်ရွယ်ဘဲ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

ဖန်ကျန်းရီကို သူ အတည်ပြုသည့် လက္ခဏာ မသိမသာ ပြလိုက်၏။

ယန်ကော်အန်းသည် ချက်ချင်းပဲ ပြင်းပြင်းထန်ထန် ပြစ်တင်မောင်းမဲလိုက်သည်။ "ဖန်ကျန်းရီ။ ဒီအရာရှိက ရာထူးပိုမြင့်တယ်။ မင်း ဘယ်လိုလုပ် ဒီလောက် မာနထောင်လွှားရဲတာလဲ။"

"ဟုတ်လို့လား။ ယန်ချန်ရှီက ကျုပ်နဲ့ ငြင်းခုံလို့ မနိုင်တော့လို့ အာဏာကို အသုံးပြုတာလား။ ဒါဆို အရှင်မင်းကြီး ပြောတာတွေက ဘယ်ရောက်သွားလဲ။ အရှင်မင်းကြီးက ကျုပ်ရဲ့ အထက်လူကြီးလေ။ အရှင်မင်းကြီးက ပိုကြီးသလား ဒါမှမဟုတ် ယန်ချန်ရှီက ပိုကြီးသလား"

ဖန်ကျန်းရီက လီယွမ်ကျောက်၏ တင်ပါးကို မသိမသာ ပုတ်လိုက်၏။

လီယွမ်ကျောက် ချက်ချင်း အားတက်သွားသော်လည်း ယန်ကော်အန်း၏ ပြင်းထန်သော အကြည့်များနှင့် ဆုံတွေ့ရချိန်တွင် အနည်းငယ် စိုးရွံ့စွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။ "ဟုတ်ပါတယ်။ ဖန်ကြီး ပြောတာ မှန်တယ်။"

ယန်ကော်အန်း၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွား၏။ "အရှင့်သား... သူက အရှင့်သားရဲ့ နောက်လိုက်ပါ။ သူ့ကို ဘာလို့ ဖန်ကြီး လို့ ခေါ်ရတာလဲ။"

"အုပ်စိုးရှင်က အုပ်စိုးရှင်လို၊ နောက်လိုက်က နောက်လိုက်လို နေရမယ်။ အဖေက အဖေလို ပြုမူပြီး သားက သားလို ပြုမူရမယ်။ အရှင့်သားတို့ရဲ့ စကားပြောဆိုမှုက ဘယ်လိုလုပ် ဒီလောက် ပေါ့တန်တန် နိုင်ရတာလဲ။"

ဖန်ကျန်းရီ၏ တည်ငြိမ်ပြီး ယုံကြည်မှုရှိသော သဘောထားကို မြင်သောအခါ ယန်ကော်အန်း၏ ရင်ထဲတွင် ဒေါသများ တိုးပွားလာခဲ့၏။

လီယွမ်ကျောက်သည် ဤသည်ကို ကြားသောအခါ ကြောက်ရွံ့တုန်ယင်သွားပြီး ဖန်ကျန်းရီကို တောင်းပန်သော အကြည့်ဖြင့် ချက်ချင်း ကြည့်လိုက်သည်။

ဖန်ကျန်းရီက သက်ပြင်းချလိုက်၏။ ဒီလူ ဆရာယန်ကို တော်တော်ကြောက်ရတာပဲ။

"ယန်ချန်ရှီ... ခင်ဗျား အိမ်ရှေ့စံမင်းသားကို မနှိမ်ဘဲ မနေနိုင်ဘူးလား။ စာပဲ ရိုးရိုးသင်ပြီး အိမ်ရှေ့စံမင်းသားကို ပိုကောင်းအောင် ဆက်ဆံပါလား" သူက ပြောလိုက်သည်။

ယန်ကော်အန်း ဒေါသထွက်သွားပြီး ဖန်ကျန်းရီကို အရမ်း မုန်းတီးသွားခဲ့၏။ ဖန်ကျန်းရီက အပြည့်အဝကို အိမ်ရှေ့စံမင်းသားဘက်ကို ယိမ်းနေတာပဲ။ ငယ်ရွယ်တဲ့ အိမ်ရှေ့စံမင်းသားတောင် လှည့်စားခံနေရပြီ။ သူ တကယ် သေသင့်တယ်။

"ဒီအရာရှိက အိမ်ရှေ့စံမင်းသားကို စာသင်ပေးဖို့ အရှင်မင်းကြီးရဲ့ တာဝန်ပေးချက်ကို ရထားတာ။ ချန်ရှီရုံးတော်မှာ ဒီအရာရှိရဲ့ အဆင့်အတန်းက အိမ်ရှေ့စံမင်းသားရဲ့ ဆရာပဲ။ ဒါက ပုံမှန် တာဝန်ထမ်းဆောင်နေတာပဲ။”

ဖန်ကျန်းရီ နောက်မဆုတ်ဘဲ ယန်ကော်အန်း၏ မျက်လုံးများကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။ "ကျုပ်က တရားဝင် အကြံပြုဖော် ၊ စာသင်ဖက် တစ်ယောက် ဖြစ်ပေမဲ့ အိမ်ရှေ့စံမင်းသားကို စာသင်ပေးဖို့ အရှင်မင်းကြီးရဲ့ တာဝန်ပေးချက်ကို ရထားတယ်။ ဒါကြောင့် အိမ်ရှေ့စံမင်းသားက ကျုပ်ရဲ့ တဝက် ကျောင်းသားပဲ။ ဒါ့အပြင် ကျုပ်တို့က ဆရာတပည့်ရော သူငယ်ချင်းတွေပါ ဖြစ်တဲ့အတွက် ကျေးဇူးပြုပြီး ယန်ချန်ရှီ... ကျုပ်ရဲ့ ကျောင်းသား ကို မအော်ပါနဲ့။

ပြီးတော့ ခင်ဗျားနဲ့ ကျုပ်က သီးခြားစီဖြစ်တာမို့ ကိုယ့်လမ်းကိုယ်လျှောက်ပါ။ ဒီအရာရှိ ရှိနေချိန်မှာ အရှင့်သားကို ခင်ဗျား လေးစားသမှုထားပါ။”

ယန်ကော်အန်း၏ မျက်နှာသည် ပို၍ ပျက်ရွင်းလာခဲ့သည်။ "ဖန်ကျန်းရီ … အစ်ကိုကော် နောက်ခံရှိလို့ မင်း စည်းကမ်းမဲ့ ပြုမူနိုင်တယ်လို့ မထင်နဲ့။ ပြီးတော့ လေးစားခံရတဲ့ ပညာရှင် တစ်ယောက်အနေနဲ့ မိန်းမစိုးတွေနဲ့ အခုလို တပူးတတွဲ ဆက်ဆံနေတာ ရှက်ဖို့မကောင်းဘူးလား"

အနီးနားတွင် အလုပ်အကျွေးပြုနေသော မိန်းမစိုးလေးများနှင့် အိမ်ရှေ့စံမင်းသားနှင့်အတူ ပါလာသော လျိုကျင်းတို့သည် ဤစကားများကို ကြားသောအခါ အနည်းငယ် နေရထိုင်ရ ခက်သွားကြပြီး ခေါင်းငုံ့သွားကြ၏။

ဖန်ကျန်းရီသည် လူတိုင်း၏ တုံ့ပြန်မှုများကို သေချာစွာ စောင့်ကြည့်နေခဲ့ပြီး တစ်ချိန်တည်းမှာပဲ ယန်ကော်အန်းအပေါ် သူ၏ မုန်းတီးမှုများလည်း တိုးပွားလာခဲ့သည်။

အာဏာကို အသုံးပြု၍ မရတော့သည့်အခါ ယခုတစ်ဖန် ကိုယ်ကျင့်တရားကို လက်နက်သဖွယ် အသုံးချလာပြန်သည်။

အလွန်ပင် သနားစရာ ကောင်းလှပေစွ။ သူ ဖန်ကျန်းရီသည် အတိတ်ဘဝက စံပြကျောင်းသားကောင်း တစ်ဦးဖြစ်ခဲ့ပြီး၊ ယခုဘဝတွင်လည်း ကိုယ်ကျင့်တရားကို စောင့်ထိန်းသော လူကြီးလူကောင်း တစ်ဦး ဖြစ်နေသည်။ ခင်ဗျားက ဒီအမတ်ကို ကိုယ်ကျင့်တရား ရှုထောင့်မှနေ၍ ချိုးနှိမ်အနိုင်ယူချင်နေသည်ပေါ့လေ။ သို့ဆိုလျှင်မူ အဆိုပါ ကိုယ်ကျင့်တရား ဆိုသည်ကို ခင်ဗျား အရင်ဆုံး ရှာတွေ့အောင် လုပ်ရပေလိမ့်ဦးမည်။

ထို့နောက် သူက လှည့်ကာ အိမ်ရှေ့စံမင်းသား၏ နားထဲသို့ တိုးတိုးလေး ပြောလိုက်၏။ "အရှင့်သား... ဒါက ဒီနေ့ အရှင့်သားကို ဒီအရာရှိ ပေးတဲ့ ပထမဆုံး သင်ခန်းစာပါ။ ကျေးဇူးပြုပြီး သေချာနားထောင်ပါ"

လီယွမ်ကျောက်၏ မျက်လုံးများသည် အံ့အားသင့်မှုများဖြင့် တောက်ပသွားပြီး ခေါင်းညိတ်လိုက်သည်။

ယန်ချန်ရှီ ဤမျှ စိတ်လှုပ်ရှားနေသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး ဖန်ကျန်းရီက သူ့ရှေ့တွင် ရပ်တည်ပေးထားသောကြောင့် လုံခြုံမှုနှင့် ကာကွယ်ပေးခံရမှုတို့ကို ခံစားရစေခဲ့၏။

ဖန်ကြီးက ယုံကြည်ရတာပဲ။

ဖန်ကျန်းရီ သူ၏ လက်ဖြင့် မျက်လုံးများကိုပွတ်ကာ အားမွေးလိုက်သည်။

လက်ကိုချလိုက်ချိန်မှာတော့ မျက်လုံးများ နီရဲနေလေသည်။ သို့နောက် ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ယန်ချန်ရှီ... မိန်းမစိုးကော်နဲ့ ဒီအရာရှိက တွေ့တွေ့ချင်းပဲ သူငယ်ချင်းတွေ ဖြစ်သွားတာ။ ဒီအရာရှိက သူ့ကို မြင်လိုက်တာနဲ့ ရင်းနှီးမှုကို ခံစားရတယ်။"

လီယွမ်ကျောက် သိချင်သွားသည်။ ဤစကားတွေကို အဘယ့်ကြောင့် ရင်းရင်းနှီးနှီး ခံစားနေရသနည်း။

"ကျုပ်ရဲ့ အစ်ကိုကြီးကော်က ကျုပ်ထက် အသက်ပိုကြီးတယ်။ ဒါကြောင့် ဒီအရာရှိ သူ့ကို အစ်ကိုကြီးလို့ ခေါ်တာ သဘာဝကျတယ် မဟုတ်လား။ ယန်ချန်ရှီက ဘာလို့ မိန်းမစိုးတွေနဲ့ ခင်မင်မှုရှိတာကို ကိစ္စကြီးတစ်ခုလို ပြောနေရတာလဲ။ အာ... ဟုတ်တယ်။ ဒီအရာရှိက မိန်းမစိုးတွေနဲ့ ပေါင်းသင်းမယ်။ ခင်မင်မယ်။ မိန်းမစိုးတွေက ဘာဖြစ်လဲ။ နန်းတော်ထဲက ကြီးကြီးငယ်ငယ် ကိစ္စတိုင်းမှာ မိန်းမစိုးတွေ မပါဘဲ ဘယ်လိုလုပ်ပြီးမြောက်နိုင်မှာလဲ။

အညစ်ပတ်ဆုံးနဲ့ အပင်ပန်းဆုံး အလုပ်တွေကို လုပ်ရင်းနဲ့ လူတိုင်းရဲ့ အထင်သေးမှုတွေ၊ ရာထူးကြီးတဲ့ လူကြီးလူကောင်းတွေရဲ့ စော်ကားမှုတွေကို သူတို့ သည်းခံနေကြရတာလေ။

တကယ်လို့ ဒါက ပညာရှင်လို့ ခေါ်တဲ့ သူတွေ၊ လူကြီးလူကောင်းလို့ ခေါ်တဲ့ သူတွေရဲ့ လမ်းစဉ်ဆိုရင် ဒီအရာရှိ ဖန်ကျန်းရီက ကုန်းကုန်းတွေနဲ့ပဲ ပေါင်းသင်းဆက်ဆံရတာကို ပိုနှစ်သက်တယ်"

ခန်းမထဲရှိ မိန်းမစိုးများသည် ဖန်ကျန်းရီကို အံ့အားသင့်စွာ ကြည့်နေကြပြီး သူတို့၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်များ ဖြစ်ပေါ်လာခဲ့၏။ သူတို့ နန်းတော်ထဲ ဝင်လာကတည်းက မည်သူကမှ ထိုသို့မပြောပေးဖူးကြပေ။

ယန်ကော်အန်းက အထင်သေးစွာဖြင့် ညည်းညူလိုက်သည်။ "ဟမ့်... မင်းက တကယ်ကို အရှက်မရှိတာပဲ။ မင်းရဲ့ ခန္ဓာကိုယ်၊ ဆံပင်နဲ့ အရေပြားတွေက မိဘတွေဆီက ရလာတာ။ မိန်းမစိုးတွေက လူ့ဂုဏ်သိက္ခာကိုတောင် စွန့်လွှတ်ထားကြချိန်မှာ မင်းက သူတို့နဲ့ အတူရှိနေရတာကို ဂုဏ်ယူနေသေးတယ်။ နန်းတော်မှာ မင်းနဲ့ အတူ အမှုထမ်းရတာ တကယ်ကို ရှက်ဖို့ကောင်းတယ်"

"ပါးစပ်ပိတ်ထားစမ်း။"

ဖန်ကျန်းရီ က အလွန်ဒေါသထွက်သွားဟန်ဖြင့် ပြောလိုက်၏။

"ယန်ချန်ရှီ …. အရာရှိ တစ်ယောက်အနေနဲ့ ပြည်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးရမယ်။ စားစရာမရှိလို့ ငတ်မွတ်နေတဲ့ ပြည်သူတွေကို ခင်ဗျား မြင်ဖူးလား။ မိဘမဲ့ ကလေးတွေကို ခင်ဗျား မြင်ဖူးလား။ ပြည်သူတွေ ဘာမှားနေလို့လဲ။ တရားမျှတမှုဆိုတာ ဘယ်မှာလဲ။ လူတိုင်းက ယန်ချန်ရှီလို ဇိမ်ကျကျ မွေးဖွားလာတာ မဟုတ်ဘူး။ လူတိုင်းက စာရေးကိရိယာတွေနဲ့ မွေးဖွားလာတာ မဟုတ်ဘူး။

သူတို့က သာမန်ပြည်သူတွေပဲလေ။ သူတို့သာ အကူအညီမဲ့ မနေဘူးဆိုရင် ဘယ်သူက ကိုယ့်ခန္ဓာကိုယ်ကို ထိခိုက်အောင်လုပ်ပြီး နန်းတော်မှာ အထင်သေးခံမှာလဲ။

စားစရာ၊ သောက်စရာသာ ရှိရင် သဘာဝနိယာမတွေကို ချိုးဖောက်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ထိခိုက်အောင် ဘယ်သူကမှ လုပ်ချင်မှာ မဟုတ်ဘူး။

ဒီလို သနားစရာကောင်းတဲ့ အသိုင်းအဝိုင်းကို ယန်ချန်ရှီက နည်းနည်းလေးတောင် သနားညှာတာမှု မရှိဘူးလား။ အမြဲတမ်း ဆူပူကြိမ်းမောင်းပြီး ရိုက်နှက်နေတာပဲလား။ သူတို့အတွက် တစ်ခါလောက်များ စဉ်းစားပေးဖူးလား။”

ဖန်ကျန်းရီ ကောင်းကင်ကို ၄၅ ဒီဂရီ ထောင့်ချိုး မော့ကြည့်လိုက်ရာ မျက်လုံးများမှ မျက်ရည်များ ဖြည်းညှင်းစွာ ကျဆင်းလာခဲ့၏။

ဤမြင်ကွင်းက အံ့အားသင့်စွာ စောင့်ကြည့်နေသော မိန်းမစိုးများကို မျက်ရည်ကျစေခဲ့သည်။ အထူးသဖြင့် ထိခိုက်လွယ်သော နေရာကို အထိခံလိုက်ရသဖြင့် လျိုကျင်းမှာ မထိန်းနိုင်တော့ဘဲ မျက်နှာကို လက်ဖြင့်အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

လီယွမ်ကျောက်လည်း အလွန် ရှက်ရွံ့သွားပြီး လျိုကျင်း၏ ကျောကို အလျင်အမြန် ပွတ်သပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ငါ မှားခဲ့ပါတယ်။ ငါ မင်းကို မရိုက်နှက်ခဲ့သင့်ဘူး ..."

ဖန်ကျန်းရီ မျက်လုံးထဲမှ မျက်ရည်တစ်ပေါက်ကို သုတ်လိုက်ပြီး လက်တစ်ဖက်ဖြင့် ယန်ကော်အန်းကို ညွှန်ပြကာ ပြောလိုက်၏။ "ယန်ချန်ရှီ... ခင်ဗျား အမှားကို နားလည်ပြီလား။"

ဖန်ကျန်းရီ၏ လက်ညှိုးကို လိုက်၍ လူတိုင်း၏ အကြည့်များက ယန်ကော်အန်းထံသို့ ရောက်သွားကြသည်။

အားလုံး တစ်စုတစ်ဝေးတည်း စောင့်ကြည့်နေချိန်တွင် ယန်ကော်အန်း အလွန် ဂဏာမငြိမ် ဖြစ်နေခဲ့သော်လည်း သူက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "အမှားလား။ ဒီအရာရှိက ဘာအမှားလုပ်ခဲ့လို့လဲ။ မင်း ဘယ်လောက်ပဲ ကောင်းအောင် ပြောပြော ဒီအရာရှိ ပြောတဲ့ အမှန်တရားတွေကိုတော့ ပြောင်းလဲလို့ မရဘူး။ မင်းလို လူမျိုးက နန်းတော်ထဲမှာတောင် ဖုန်မှုန့်လေး တစ်ခုကလွဲပြီး ဘာမှ မဟုတ်ဘူး။"

လီယွမ်ကျောက် ဤမြင်ကွင်းကို ကြောင်တောင်တောင် ကြည့်နေခဲ့သည်။ တစ်ခုခု ပြောင်းလဲသွားသည်။ လေထုက ပြောင်းလဲသွားပြီဆိုသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

ဖန်ကျန်းရီ သက်ပြင်းချကာ ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ... ဒီနေ့ မနက်ပိုင်း သင်ခန်းစာကို ယန်ချန်ရှီက သင်မှာလား ဒါမှမဟုတ် ကျုပ် သင်ရမှာလား"

ဖန်ကျန်းရီ သူ့ကို လျစ်လျူရှုပြီး ထွက်ပေါက်တစ်ခု ပေးကာဖြင့် တိုက်ရိုက် မေးခွန်းထုတ်လိုက်သည်။

ယန်ကော်အန်းက အေးစက်စွာ ညည်းညူလိုက်၏။ "မင်းပဲ သင်လိုက်။ ဒီမနက် ဒီအရာရှိရဲ့ အချိန်တွေကို မင်း ဖြုန်းတီးလိုက်တာပဲ။ နေ့လယ်ကျမှ ဒီအရာရှိ လာသင်ပေးမယ်။ အရှင်မင်းကြီးက မင်းနဲ့ ဒီအရာရှိကို သီးခြားစီ သင်ပေးရမယ်လို့ ပြောထားတည်းက နောင်ကျရင် ဒီအရာရှိက မင်းနဲ့ တွဲလုပ်စရာ မလိုတော့ဘူး။ ဟမ့်... သွားတော့မယ်။"

ထို့နောက် သူက သူ၏ အင်္ကျီဝတ်ရုံလက်ကို ခါရမ်းကာ ဒေါသတကြီးဖြင့် ထွက်သွားသည်။

ဖန်ကြီး နိုင်သွားတာလား။ လီယွမ်ကျောက် အံ့အားသင့်သွားသည်။

ဒါ ပထမဆုံးအကြိမ်ပဲ။ ဆရာယန် တစ်ယောက်ယောက်ကြောင့် အရှက်ကွဲပြီး ထွက်ပြေးသွားတာ ပထမဆုံး အကြိမ်ပဲ။

ယန်ကော်အန်း ထွက်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီသည် သရုပ်ဆောင်ခြင်းကို မရပ်နားဘဲ ထိုနေရာရှိ မိန်းမစိုးများကို လေးစားမှု ပြသလိုက်၏။

"ကျေးဇူးပြုပြီး ကုန်းကုန်းတွေအားလုံး... ခဏလောက် အပြင်ထွက်ပေးကြပါ။ ဒီအရာရှိက အိမ်ရှေ့စံမင်းသားနဲ့ စကားပြောဖို့ လိုလို့ပါ" သူက တောင်းဆိုလိုက်သည်။

မိန်းမစိုးများသည် ကျေးဇူးတင်သော အကြည့်များဖြင့် အရိုအသေ ပြန်ပေးကြပြီးနောက် ပင်မခန်းမဆောင်ထဲမှ ထွက်သွားကြသည်။ "ကျေးဇူးတင်ပါတယ် မြို့ဝန်မင်းဖန်..."

ဖန်ကျန်းရီသည် လီယွမ်ကျောက်ကို လှည့်ကာ ပြုံးပြပြီး မေးလိုက်၏။ "အရှင့်သား ဘာသတိထားမိလဲ"

လီယွမ်ကျောက် ယုံကြည်နိုင်သေးဘဲ အရူးတစ်ယောက်လို ပြောလိုက်၏။ “ကျုပ် နားလည်ပြီ။ ဆရာယန်ကို အဖွဲ့လိုက် ပစ်မှတ်ထားဖို့ ခင်ဗျား လှုံ့ဆော်ခဲ့တာပဲ။ ဆရာယန် ကြောက်သွားပြီ။"

ဖန်ကျန်းရီ ခေါင်းညိတ်လိုက်သည်။ "မှားတယ်။ ဒီအရာရှိ ပြောချင်တာက …. ကိုးထပ်တိုက်ကြီးဆိုတာ မြေကြီး အပုံလေး ကနေ စတင်တာပါ။ သာမန်ပြည်သူတွေ အပါအဝင် အရှင့်သား ပတ်ဝန်းကျင်က အောက်ခြေလူတန်းစား သာမန်ပြည်သူတွေကို အထင်မသေးနဲ့။ အင်ပါယာ တစ်ခုက ဘယ်လောက်ပဲ ကြီးပွားချမ်းသာနေပါစေ အောက်ခြေကနေ ပံ့ပိုးပေးနေတာက ပြည်သူတွေပဲ။ ရေက လှေကို သယ်ဆောင်နိုင်သလို လှေကို မှောက်လည်း မှောက်နိုင်တယ်"

လီယွမ်ကျောက်လည်း ပြုံးလိုက်၏။ "ကျုပ် နားလည်ပါပြီ။ ဒါပေမဲ့ ကျုပ်က ခင်ဗျားလောက် ပါရမီမပါဘူး။ ကျုပ် မငိုတတ်ဘူး၊ သာမန်ပြည်သူတွေကိုလည်း မလှည့်စားတတ်ဘူး"

‘ဒီလူ မဟုတ်တာတွေပဲ တွေးတော ကောက်ချက်ချတတ်တာပါလား။’

ဖန်ကျန်းရီ ရုတ်တရက် အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့၏။ ထို့နောက် အောင့်သက်သက် အပြုံးဖြင့် ပြောလိုက်သည်။ "မှားနေတုန်းပဲ"

"အဲဒါတွေက အသေးအဖွဲ လှည့်ကွက်တွေ၊ ရိုးရှင်းတဲ့ နည်းပညာတွေပါ၊ ပြောဖို့တောင် မတန်ပါဘူး။ သင်ယူထားတာ ကောင်းပေမဲ့ မသင်ရင်လည်း ကိစ္စမရှိပါဘူး။ အဲဒါတွေက အပေါ်ယံတွေပါပဲ။ ကျုပ် အရှင့်သားကို ပြောချင်တာက ပြည်သူတွေရဲ့ နှလုံးသားကို တကယ် ရရှိဖို့ဆိုရင် တခြားသူတွေအပေါ် ရိုးသားတဲ့ နှလုံးသား ရှိရမယ် ဆိုတာပါပဲ။"

All Chapters