← Chapters

အခန်း (၅၅-၅၆)

Vol. 5 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 5 Ch. 55-56

အပိုင်း (၅၅) အစ်ကိုပြောင်က ပြိုင်ဘက်ကင်းတယ်။

နောက်တစ်နေ့ ဖန်ကျန်းရီ ချန်ရှီရုံးတော်သို့ ပြန်သွားချိန်တွင် အိမ်ရှေ့စံမင်းသား၏ မျက်လုံးများက တောက်ပနေကြောင်း တွေ့လိုက်ရ၏။

အိမ်ရှေ့စံမင်းသားသည် သူ့ထံသို့ ထော့နင်းထော့နင်း လျှောက်လာခဲ့သည်။

ဖန်ကျန်းရီ ချက်ချင်း သွားတွေ့လိုက်၏။ "အရှင့်သား... ခြေထောက်က ဘာဖြစ်တာလဲ။ ထပ်အရိုက်ခံရပြန်ပြီလား"

လီယွမ်ကျောက်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ဟုတ်တယ်။ မနေ့က ခမည်းတော် ကျုပ်ကို ခေါ်ပြီး ဘာအကြောင်းပြချက်မှ မရှိဘဲ စကားတစ်ခွန်းမှ မပြောခင် ရိုက်တော့တာပဲ။ အရမ်း ရက်စက်တယ်။ ကျုပ် နန်းတော်မှာ ဆက်မနေနိုင်တော့ဘူး... သွားကြစို့။ ဖန်အိမ်တော်မှာ ရက်အနည်းငယ်လောက် သွားပုန်းနေကြစို့။ ဒီမင်းသားက ဒီလိုဘဝမျိုးကို ထပ်သည်းမခံနိုင်တော့ဘူး"

ဖန်ကျန်းရီ ချက်ချင်း နှစ်သိမ့်ပေးလိုက်၏။ "အရှင့်သား... စကားပုံမှာ ရိုက်နှက်တာက ချစ်ခြင်းမေတ္တာရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ဆူပူတာကလည်း ချစ်ခြင်းမေတ္တာရဲ့ လက္ခဏာတစ်ခုပါ... ဒါက ဖခင်တစ်ယောက်ရဲ့ အချစ်စစ်ပါပဲ။ ဒီအရာရှိက ဒါကို ကြားရတာ အရမ်း ဂုဏ်ယူပါတယ်။"

လီယွမ်ကျောက် အံကြိတ်ကာ ပြောလိုက်၏။ "ကောင်းပြီလေ... ဒါဆို အခုပဲ ကျုပ် သွားပြီး ခမည်းတော်ကို အသိပေးလိုက်မယ်၊ ခင်ဗျား လည်း အဲဒီအချစ်ကို ခံစားကြည့်လို့ရတာပေါ့။"

"နေပါအုံး …. အဲဒီလို လုပ်ဖို့ မလိုပါဘူး။"

လီယွမ်ကျောက် သက်ပြင်းချလိုက်သည်။ "ဖန်ကြီး...ကျုပ်က တကယ်ပဲ အဖေ့ရဲ့ သွေးရင်းသားရင်းလို့ ခင်ဗျား ထင်လား"

ဖန်ကျန်းရီ တုန်လှုပ်သွား၏။ "အရှင့်သား... စကားပြောတာ သတိထားပါ။ ဘယ်လိုလုပ် သွေးရင်းသားရင်း မဟုတ်ရမှာလဲ။ သွေးရင်းသားရင်းမှပဲ ဒီလို အရိုက်ခံရတာလေ။ ဒီအရာရှိ ငယ်ငယ်တုန်းကလည်း အဲဒီလိုပဲ အရိုက်ခံခဲ့ရတာပါ။"

"ဒါဆို ဘာလို့ ကျုပ်ညီမတွေကျတော့ အရိုက်မခံရတာလဲ"

အံ့အားသင့်စရာ မေးခွန်းပင်။

ဖန်ကျန်းရီသည် လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီးက တကယ်ကို ကြီးမားတဲ့ မျှော်လင့်ချက်တွေ ရှိနေတာကိုး။"

ဖန်ကျန်းရီ၏ စကားများမှ ရွဲ့စောင်းမှုကို ကြားသောအခါ လီယွမ်ကျောက်သည် လှောင်ရယ်,ရယ်လိုက်ပြီး ဆက်ပြောသည်။ "ဒါပေမဲ့ ဒီမင်းသား တကယ် နန်းတော်ကနေ ထွက်သွားချင်တယ်။ ဟန်လင်ကျောင်းက အရာရှိတချို့ ကဗျာရွတ်ပွဲ အကြောင်း ပြောနေတာ ခုနလေးတင် ကျုပ် ကြားလိုက်တယ်။

ဒီမင်းသား တစ်သက်လုံး ကဗျာပြိုင်ပွဲ မဝင်ဖူးဘူး။ တောက်ယွမ်ခရိုင်က ပြန်ရောက်တည်းက လောကကြီးကို လျှောက်လည်ချင်ခဲ့တာ၊ ကံမကောင်းစွာနဲ့ အခွင့်အရေး မရခဲ့ဘူး"

သူ စကားပြောနေစဉ်တွင် ဖန်ကျန်းရီကို မျက်လုံးများဖြင့် အရိပ်အမြွက်ပြနေခဲ့၏။

ဖန်ကျန်းရီက မျက်နှာတည်ဖြင့် ပြောလိုက်သည်။ "ဒီအရာရှိကတော့ အိမ်မှာ အိပ်ရတာ အသက်သာဆုံးပဲလို့ ပြောချင်တယ်။ ကုတင်ထက် ကောင်းတဲ့နေရာ မရှိဘူး။"

အရိပ်အမြွက်များက အလုပ်မဖြစ်သည်ကို မြင်သောအခါ လီယွမ်ကျောက်သည် ခြေဆောင့်ကာ ပြောလိုက်၏။ "ဖန်ကြီး... ကျုပ် ကဗျာဆွေးနွေးပွဲကို သွားချင်တယ်။ ခမည်းတော် ပေးထားတဲ့ ရွှေအဆောင်အယောင် ခင်ဗျား ဆီမှာ ရှိတယ် မဟုတ်လား။ ကျုပ် ရုပ်ဖျက်လိုက်မယ်။ ခင်ဗျား ကျုပ်ကို အပြင်ခေါ်သွားပေး။"

ဖန်ကျန်းရီ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။ "အရှင့်သား ကဗျာရေးတတ်လို့လား"

လီယွမ်ကျောက်က ပြန်ဖြေ၏။ "သေချာတာပေါ့။ ဒီမင်းသားက အခုချက်ချင်း တစ်ပုဒ် ရေးပြမယ်... မွေးရာပါ စစ်ဧကရာဇ် ငါဟာ..."

"တော်တယ်။ ကောင်းလိုက်တာ။ အရှင့်သားရဲ့ ကဗျာပါရမီကို ဒီအရာရှိ မြင်တွေ့ပြီးပါပြီ" ဖန်ကျန်းရီ ချက်ချင်း တားလိုက်သည်။

ကောင်းကင်ဘုံ ... သူက ထီးနန်းအရိုက်အရာကိုပင် မဆက်ခံရသေးဘဲ စစ်ဧကရာဇ် ဆိုသည့် ဘွဲ့ကို မိမိကိုယ်ကို ပေးအပ်ထားသည်လား။ အကယ်၍ ဆက်လက် နားထောင်နေရမည် ဆိုပါက သူ၏ နှလုံးသား ခံနိုင်ရည်ရှိတော့မည် မဟုတ်ဟု ဖန်ကျန်းရီ စိုးရိမ်ထိတ်လန့်သွားမိသည်။

"ဖန်ကြီး... တည့်တည့်သာ ဖြေစမ်းပါ ။ ကျုပ် အပြင်ထွက်လို့ ရမလား"

"မရဘူး... ပထမအချက်၊ တကယ်လို့ မိသွားရင် ကျုပ်တို့ အဆူခံရမယ်။ ဒုတိယအချက်၊ ကျုပ်တို့မှာ ဖိတ်စာ မရှိဘူး။ တတိယအချက် ကျုပ် ခင်ဗျားကို အပြင်ခေါ်မသွားနိုင်ဘူး။”

လီယွမ်ကျောက်က ပြောလိုက်၏။ "ဒါတွေက ပြဿနာ မဟုတ်ပါဘူး။ အခုချက်ချင်း ဖိတ်စာ တစ်စောင် ပို့ပေးမယ်။ ဒီည ကျုပ်က ကိုယ်ရံတော် တစ်ယောက်လို ဟန်ဆောင်ပြီး ခင်ဗျားနဲ့ အပြင်ထွက်မယ်။ ကျုပ်တို့ မြန်မြန် ပြန်လာရင် ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ဘယ်လိုထင်လဲ"

လီယွမ်ကျောက်၏ စိတ်အားထက်သန်နေသော မျက်လုံးများကို ကြည့်ကာ ဖန်ကျန်းရီ တွန့်ဆုတ်သွားခဲ့သည်။

အိမ်ရှေ့စံမင်းသားက တကယ်ကို သနားစရာကောင်းပြီး မကြာသေးမီက အကြိမ်များစွာ အရိုက်ခံခဲ့ရသောကြောင့် သူ တာဝန်ယူရမည်။

ဒုတိယအချက်အနေဖြင့် အပန်းဖြေစရာ လှုပ်ရှားမှုများ အလွန်ပင် နည်းပါးလွန်းနေခြင်း ဖြစ်သည်။ ဤအခြေအနေက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် မည်သို့မျှ အထောက်အကူ မပြုနိုင်ပေ။ နေ့စဉ်ရက်ဆက် နန်းတော်ထဲ၌ စာထိုင်ကျက်နေရရုံဖြင့် မည်သည့် ပျော်ရွှင်မှုမျိုးမှ ရရှိနိုင်မည် မဟုတ်ချေ။ ဖန်ကျန်းရီကဲ့သို့ အိပ်စက်ခြင်း၌ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူပင်လျှင် ဤကဲ့သို့သော ဘဝမျိုးနှင့် အသားကျနိုင်လိမ့်မည် မဟုတ်ပေ။

ထို့ပြင် အိမ်ရှေ့စံမင်းသားမှာ သွက်လက်တက်ကြွ၍ ဆော့ကစားရန် နှစ်သက်သည့် လူငယ်အရွယ်မျှသာ ရှိသေးသည်။ အကယ်၍ အပြင်သို့ မထွက်ချင်ဘူး ဆိုမှသာလျှင် သာမန်မဟုတ်သည့် ကိစ္စဖြစ်လာပေမည်။

လီယွမ်ကျောက်၏ မျှော်လင့်ချက်အပြည့်ရှိသော အကြည့်များရှေ့တွင် ဖန်ကျန်းရီသည် နောက်ဆုံး၌ စိတ်ပျော့သွားခဲ့၏။

သူက ပြောနိုင်သည်မှာ ဤမျှသာ။ "ကျုပ်တို့က ညီအစ်ကိုတွေပဲ။ အပြင်ထွက်ချင်ရင်လည်း ထွက်ကြတာပေါ့။ ဒါပေမဲ့ အပြင်ထွက်တဲ့အခါ ကျုပ်ရဲ့ ညွှန်ကြားချက်အတိုင်း အရာအားလုံးကို လုပ်ရမယ်။ တကယ်လို့ အဆင်မပြေတာ တစ်ခုခု ဖြစ်ရင် ဒီအရာရှိက တာဝန်မယူနိုင်ဘူး။"

"ကောင်းတယ်... ခင်ဗျား သစ္စာရှိမယ်ဆိုတာ ဒီမင်းသား သိပြီးသားပါ။ လျိုကျင်း... လျိုကျင်း... မြန်မြန်သွားပြီး ဟန်လင်ကျောင်းက အရာရှိတွေကို ရှာ၊ ဒီမင်းသားအတွက် ကဗျာရွတ်ပွဲ ဖိတ်စာတချို့ သွားယူချေ။ ပြီးတော့ နေ့ခင်းဝတ်ဖို့ အဝတ်အစားတချို့ ယူလာခဲ့"

လျိုကျင်းသည် ချွေးစေးများ ချက်ချင်း ထွက်လာခဲ့၏။ ယနေ့ညတွင် သူက ဧကရာဇ်မင်းမြတ်ထံ သတင်းလျှောက်တင်ရဦးမည်။ အကယ်၍သာ အိမ်ရှေ့စံမင်းသား အပြင်ခိုးထွက်သည်ကို သိပါက မည်သို့ လုပ်မည်နည်း။ သို့သော်ငြား လီယွမ်ကျောက်၏ အမိန့်အရ ဟန်လင်ကျောင်းသို့ သွားပြီး ဖိတ်စာတောင်းရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။

မကြာမီမှာပဲ ဖိတ်စာအနည်းငယ်နှင့် ကိုယ်ရံတော် ဝတ်စုံတစ်စုံကို ယူဆောင်၍ ပြန်ရောက်လာခဲ့ပြီး တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။ "အရှင့်သား... ဒါတွေက အမှတ်အသား မပါတဲ့ ဖိတ်စာတွေပါ။ ဒီအစေခံက ရအောင် ယူလာခဲ့တာပါ... ကျေးဇူးပြုပြီး စောစော ပြန်လာခဲ့ပါ။"

...

အတန်းချိန်ရောက်သည်နှင့် တစ်ပြိုင်နက် ဖန်ကျန်းရီသည် အိမ်ရှေ့စံမင်းသားကို ရှာရန် အချိန်မီ ရောက်လာခဲ့၏။ တွေ့လိုက်ရချိန်မှာတော့ လုံးဝ စကားမပြောနိုင်တော့ချေ။

လီယွမ်ကျောက်သည် ကိုယ်ရံတော်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတွင် မိတ်ကပ် အထူကြီး လိမ်းထားသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖန်ကျန်းရီက မေးလိုက်၏။ "အရှင့်သား... ဘယ်သူ မိတ်ကပ် လိမ်းပေးတာလဲ"

လီယွမ်ကျောက်က ဂုဏ်ယူစွာဖြင့် ဖြေလိုက်သည်။ "ကျုပ် ကိုယ်တိုင် လိမ်းတာ။ အဲဒီအစေခံတွေက အရည်အချင်း မရှိဘူး၊ ပြီးတော့ ဒီမင်းသားက သူတို့ကို မယုံဘူးလေ။ ဘယ်လိုထင်လဲ ကျုပ် လုပ်တာကောင်းလား"

"အရမ်းကောင်းတယ်... ဒီစွမ်းရည်နဲ့ဆိုရင် အရှင့်သားက ဂေါသမ်နယ်မြေရဲ့ မြို့ဝန် ဖြစ်လာနိုင်တယ်"

ဖန်ကျန်းရီ မည်သို့မှ မထိန်းနိုင်ဘဲ ရွဲ့လိုက်မိ၏။

"ဂေါသမ်လား။ အဲဒါ ဘယ်မှာလဲ။ ဒီမင်းသားက အဲဒီနေရာအကြောင်း တစ်ခါမှ မကြားဖူးပါဘူး"

"အို... အဲဒါက လှပတဲ့တိုင်းပြည်တစ်ခုရဲ့ မြို့တော်ပါ။"

"လှပတဲ့ တိုင်းပြည် ဟုတ်လား။ ဘယ်လောက်တောင် သစ်ဆန်းလိုက်လဲ။ ဖန်ကြီး ခင်ဗျားက အများကြီး သိတာပဲ။"

"..."

ဖန်ကျန်းရီသည် ဘာစကားမှ ဆက်မပြောတော့ဘဲ လီယွမ်ကျောက်ကို ဆွဲခေါ်ကာ ထွက်လာခဲ့၏။

ကံကောင်းထောက်မစွာဖြင့် အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားခဲ့သည်။ ကိုယ်ရံတော်များသည် လူရွှင်တော်လို မိတ်ကပ်လိမ်းထားသော လီယွမ်ကျောက်ကို အနည်းငယ် အံ့အားသင့်သွားကြသော်လည်း ဖန်ကျန်းရီက ရွှေအဆောင်အယောင်ကို ပြသလိုက်သည်နှင့် ချောမွေ့စွာ ဖြတ်သန်းခွင့် ရခဲ့သည်။

သူတို့နှစ်ယောက် ရထားလုံးဖြင့် ဖန်အိမ်တော်သို့ အောင်မြင်စွာ ရောက်ရှိလာကြ၏။

ရထားလုံးပေါ်မှ ဆင်းသည်နှင့် တစ်ပြိုင်နက် ဖန်ကျန်းရီက ရှောင်ထောင်ကို ချက်ချင်းခေါ်ကာ လီယွမ်ကျောက်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ "ရှောင်ထောင်... ဒါက ငါ့ညီလေး အသစ်ပဲ။ မျက်နှာသစ်ပေးပြီး မိတ်ကပ်နည်းနည်း လိမ်းပေးလိုက်။"

လီယွမ်ကျောက် မပျော်မရွှင်ဖြင့် အော်လိုက်၏။ "ကျုပ် ဘာလို့ မျက်နှာသစ်ရမှာလဲ။ ပြီးတော့ မိတ်ကပ်အသစ် လိမ်းရအုံးမယ် ဟုတ်လား"

ရှောင်ထောင် ဘာမှမပြောဘဲ လီယွမ်ကျောက်ကို သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သခင်လေး၏ သနားကြင်နာတတ်သော စိတ်ထားက နောက်တစ်ဖန် ပေါ်ထွက်လာပြန်သည်။ မြို့တော်သို့ ရောက်နေသည့်တိုင် အသိဉာဏ် ချို့တဲ့နေရှာသော ကလေးငယ်တစ်ဦးကို ကောက်ယူမွေးစားလိုက်ပြန်ပြီ ဟု သူမ တွေးလိုက်မိသည်။

ထို့ကြောင့် လီယွမ်ကျောက်၏ လက်ကို တိုက်ရိုက်ဆွဲကာ အိမ်ထဲသို့ ခေါ်သွားလိုက်၏။

မကြာမီမှာပင် မိတ်ကပ်လိမ်းခြင်း ပြီးစီးသွားခဲ့၏။ ပညာရှင်က ပညာရှင်ပင် .. ရှောင်ထောင်၏ အထိအတွေ့ဖြင့် လီယွမ်ကျောက်သည် ရိုးရှင်းပြီး ဆွဲဆောင်မှုရှိသော လူငယ်တစ်ဦးအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူ၏ ဆံပင်ရှည်များကို စံပြကျောင်းသား တစ်ယောက်လို သေချာစွာ ပုံသွင်းထားသည်။

ခဏမျှ စစ်ဆေးကြည့်ပြီးနောက် ဖန်ကျန်းရီက ဝမ်းသာအားရ ခေါင်းညိတ်လိုက်၏။ "မဆိုးဘူး။ အခုကစပြီး မင်းက ကျုပ်ကို 'မင်း' လို့ပဲ ခေါ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် 'ငါ' လို့ သုံးရမယ်။ နားလည်လား"

"ငါ နားလည်ပြီ" လီယွမ်ကျောက်က လိုက်ပြောလိုက်သည်။

ရှောင်ထောင်က ထပ်မံ၍ သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်ပြန်၏။

ထို့နောက် ဖန်ကျန်းရီက ကျန်းပြောင်ကို ခေါ်ကာ ညွှန်ကြားချက်များ ပေးလိုက်သည်။ ဤတစ်ကြိမ် အိမ်ရှေ့စံမင်းသား အပြင်ထွက်သောကြောင့် ကာကွယ်ပေးရန် ကိုယ်ရံတော်များ ခေါ်သွားရမည်။

ကျန်းပြောင် ဆိုသည်ကို ကြားသောအခါ လီယွမ်ကျောက်၏ မျက်လုံးများ တောက်ပသွားခဲ့၏။ သူက လက်မောင်းကို ပင့်တင်ကာ ကြွက်သားများကို ပြသလိုက်သည်။ ပြီးနောက် အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။ "မင်းက ကျန်းပြောင်လား။ ဟိုလေ... ငါ မင်းနဲ့ ကစားချင်တယ်"

ကျန်းပြောင်၏ ပညာရှိသော မျက်လုံးများတွင် အထင်သေးမှု တစ်ခဏမျှ ပေါ်လာပြီးနောက် ရိုးရှင်းသော အသံဖြင့် ပြောလိုက်သည်။ "ထားလိုက်ပါတော့။ လူသတ်တာ ဥပဒေနဲ့ ဆန့်ကျင်တယ်"

ဤလူမှာ သခင်လေး ကောက်ယူမွေးစားထားသည့် အသိဉာဏ် ချို့တဲ့နေရှာသော ကလေးတစ်ယောက် ဖြစ်ကြောင်း ရှောင်ထောင်ထံမှ သူ ယခုလေးတင် သိရှိခဲ့ရသည်။ ထို့ကြောင့် ဤကဲ့သို့သော လူမျိုးနှင့် အဆင့်တူဆင်းကာ ငြင်းခုံနေမည် မဟုတ်ချေ။

ဖန်ကျန်းရီက လီယွမ်ကျောက်ကို မျက်လုံးထောင့်ဖြင့် ကြည့်ကာ ပြုံးလိုက်မိသည်။ လူငယ်တွေက ကိုယ့်အဆင့်ကိုယ် တကယ် နားမလည်ကြပါလား။ ငါ့ရဲ့ ကျန်းပြောင်ဆိုတာ ပြိုင်ဘက်ကင်းတဲ့သူပဲလေ။

ထို့နောက် မိန်းမစိုးက ငွေစတစ်ခုကို မရည်ရွယ်ဘဲ ထုတ်ပေးလိုက်ရာ ကျန်းပြောင်က အခြေအနေကို ချက်ချင်း နားလည်သွားပြီး ၎င်းကို ငွေပြားလေး အဖြစ် လဲပေးလိုက်၏။

ဖန်ကျန်းရီက လီယွမ်ကျောက်ကို ငွေပြား ကမ်းပေးရင်း ပြောလိုက်သည်။ "ဒါက မင်းရဲ့ မုန့်ဖိုးပဲ။ အပြင်မှာ သုံးတဲ့အခါ သတိထား။"

လီယွမ်ကျောက် ငွေပြားကို ယူလိုက်၏။

"သခင်လေး... ဒီတစ်ခါရော ကြိုးကြာခေါင်းနီ အဆိပ်၊ အဆိပ်လူးမြားတွေ၊ မေ့ဆေး၊ ကတ်ကြေး... ယူသွားအုံးမလား။"

ဖန်ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ "အို... ကြိုးကြာခေါင်းနီ အဆိပ် မလိုပါဘူး။ ငါတို့ အားလုံး သိတာပဲကိုး၊ အဆိပ်ခတ်တာက ညစ်ပတ်တဲ့ အလုပ်ဆိုတာ"

"..." လီယွမ်ကျောက် နေရာမှာတင် ကြက်သေ,သေနေမိ၏။

အပိုင်း (၅၆) သင်ပြခြင်း။

"ကောင်းပြီ... လီယွမ်၊ ဖိတ်စာပေး။ ကဗျာရွတ်ပွဲ ဘယ်မှာ လုပ်သလဲ ဆိုတာ ကြည့်ချင်လို့"

လီယွမ်ကျောက်က ဖိတ်စာကို ကမ်းပေးလိုက်၏။

ဖန်ကျန်းရီက ဖိတ်စာကို ဖွင့်ပြီးနောက် ချက်ချင်းပဲ တဟားဟား ရယ်မောလိုက်သည်။

တိုက်ဆိုင်လိုက်တာ။ ချွီဇိုကန် ကဗျာရွတ်ပွဲ ။ သိသာထင်ရှားတာက ဒီစားသောက်ပွဲကို မသွားလို့ မရတော့ဘူးပဲ။

ကျန်းပြောင်က အရိုအသေပေးပြီး မေးလိုက်၏။ "သခင်လေး... ကျုပ်တို့ ဘယ်သွားကြမလဲ"

"ချွီဇိုကန်"

ဤသည်ကို ကြားချိန်မှာတော့ ကျန်းပြောင်က ဝမ်းသာအားရ ပြောလိုက်သည်။ "ကောင်းပြီ... ကျုပ် ဂုံနီအိတ် သွားယူလိုက်အုံးမယ်"

လီယွမ်ကျောက် အံ့အားသင့်စွာဖြင့် မေးလိုက်၏။ "ဂုံနီအိတ်က ဘာလုပ်ဖို့လဲ"

"မင်း နားလည်မှာ မဟုတ်ဘူး။ စားသောက်ပွဲတွေမှာ သူတို့က အသားစိမ်းတွေ စားကြတာ။ ငါတို့ ပြန်လာရင် အသားတွေ ယူလာပြီး စားကြမယ်" ကျန်းပြောင်က ထိုနေရာ၌ အကြိမ်ကြိမ်အခါခါ စားသောက်ဖူးပြီးသား လူတစ်ယောက်ကဲ့သို့ ယဉ်ပါးကျွမ်းဝင်နေသော အမူအရာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

ထို့နောက် ဂုံနီအိတ် ရှာရန် ဝမ်းသာအားရ ပြေးထွက်သွား၏။

ဝေးကွာသွားသော ကျန်းပြောင်၏ ပုံရိပ်ကို ကြည့်ရင်း လီယွမ်ကျောက်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ ထို့နောက် ဖန်ကျန်းရီနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "သူ့ဦးနှောက်မှာ ပြဿနာ တစ်ခုခု ရှိနေတယ်။"

ဖန်ကျန်းရီ သဘောမကျချေ။

ကျန်းပြောင်ကို ဘယ်လိုများ ပြောနိုင်ရတာလဲ။ တောက်ယွမ်ခရိုင်က အကောင်းဆုံး တိုက်ခိုက်ရေးသမားကို လှောင်ပြောင်နေတာလား။

"အရှင့်သား... အဲဒါကို နားလည်မှာ မဟုတ်ဘူး။ စွမ်းရည်တစ်ခုက အမြင့်ဆုံးကို ရောက်သွားတဲ့အခါ တခြားစွမ်းရည်တွေက အရေးမပါတော့ဘူးလေ"

"ကျုပ်နဲ့ အတူတူပဲ။ ကျုပ်ကို ကြည့်ရတာ ဘယ်လိုနေလဲ။"

"တကယ်... တကယ်ကို ကောင်းပါတယ်။" လီယွမ်ကျောက် တွန့်ဆုတ်သွား၏။

"ဒါကြောင့် အရှင်မင်းကြီးက ကျုပ်ကို မြို့တော်လာပြီး အရာရှိ လုပ်ခိုင်းတာလေ၊ နားလည်လား။ ကျုပ် စာဖတ်တတ်တယ်လို့ ထင်လား။ မဖတ်တတ်ဘူး။ ကျုပ် တိုက်ခိုက်တတ်လား။ မတိုက်ခိုက်တတ်ဘူး။ ဒါဆို ဘာလို့ အရှင်မင်းကြီးက ကျုပ်ကို ဒီလောက် ဂရုစိုက်နေရတာလဲ" ဖန်ကျန်းရီက လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။

လီယွမ်ကျောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေ၏။ "ရေဘေးထိန်းချုပ်ရေးမှာ ပြခဲ့တဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် မဟုတ်ဘူးလား..."

"တွေ့လား။ အရှင့်သား... အိမ်ရှေ့စံမင်းသား တစ်ယောက်အနေနဲ့ အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က အနှစ်သာရကို မြင်နိုင်ဖို့ သင်ယူရမယ်။ ရေဘေးမှာ ကျုပ်ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေက ချန်ရှီရုံးတော်မှာ တာဝန်ပေးခံရတာနဲ့ ဘယ်လိုလုပ် ဆက်စပ်နေမှာလဲ။ ဆက်စပ်မှု ရှိလို့လား။ မရှိဘူး။

အဓိကကတော့ ကျုပ်က ချောလို့ပဲ။ ဒါကြောင့် အရှင်မင်းကြီးက ကျုပ်ကို ချန်ရှီရုံးတော်ကို ပို့လိုက်ပြီး နန်းတော်ထဲ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာခွင့် ရွှေအဆောင်အယောင်တောင် အလကား ပေးလိုက်သေးတယ်"

လီယွမ်ကျောက် ထိတ်လန့်တကြား ခြေနှစ်လှမ်း နောက်ဆုတ်သွား၏။ "ခင်ဗျား ဆိုလိုတာက... ခမည်းတော်က ယောကျ်ားတွေကို သဘောကျတယ်ပေါ့။"

တဖက်သတ်ဆန်တာ။ တဖက်သတ်ဆန်တာ။ အလှတရားကို တန်ဖိုးထားတာမှာ လိင် ဒါမှမဟုတ် လူမျိုး မခွဲခြားဘူးလေ။ အလှတရားက လူတစ်ယောက်ကို လွှမ်းမိုးနိုင်တယ်။ ဒါကြောင့် အရှင်မင်းကြီးက ကျုပ်ကို အရှင့်သားနဲ့ အတူထားတာပေါ့။

သူတို့ ပြောကြတယ်... သစ်ခွပန်းတွေ အပြည့်ရှိတဲ့ အခန်းထဲမှာ အချိန်အကြာကြီး နေတဲ့သူက ပန်းနံ့ကို မရတော့ဘူးတဲ့။ အရှင်မင်းကြီးက မသိမသာနဲ့ တော်တော်လေး ပြောင်းလဲသွားပြီ။ အခု အရှင့်သားမှာ ဘယ်လောက် စတိုင်ကျတဲ့ ဆံပင်ပုံစံ ရှိနေလဲ ကြည့်လိုက်စမ်း။"

"တကယ်လား" လီယွမ်ကျောက်သည် အရူးတစ်ယောက်လို ပြုံးကာ သူ၏ ဆံပင်များကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူ ဝမ်းနည်းသွားသည်။ “ကျုပ် မအံ့ဩပါဘူး။ ဘာလို့ ခမည်းတော် ကျုပ်ကို မျက်နှာသာမပေးရတာလဲ ဆိုတာ။ ခမည်းတော် ချောတာကိုပဲ ကြည့်တာကိုး။ ကျုပ်က ဘက်စုံတော်တယ်ဆိုပေမဲ့ သောက်ကျိုးနည်း ရုပ်ရည်ချောမောတဲ့ နေရာမှာတော့ ပါရမီနည်းပါးတယ်လေ။”

ဖန်ကျန်းရီ "..."

သူတို့ စကားပြောနေစဉ်မှာပဲ ကျန်းပြောင်သည် ဂုံနီအိတ် သုံးအိတ်ဖြင့် အသင့်ဖြစ်နေပြီ ဖြစ်သည်။

ဖန်ကျန်းရီ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ထပ်မပြောချင်တော့ချေ။

အစ်ကိုပြောင်က ဤသို့ပင်။ သူ အသားကျလို့နေလေ၏။

ရထားလုံး ပြင်ဆင်ပြီးနောက် သူတို့သုံးယောက်သည် ခရီးစဉ်ဆီသို့ တိုက်ရိုက် ထွက်ခွာခဲ့ကြသည်။

ချွီဇိုကန်သည် မြို့တော်၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။ ကန်၏ ကမ်းရိုးတန်း နှစ်ဖက်စလုံးတွင် ချမ်းသာသောဆိုင်များဖြင့် ပြည့်နှက်နေပြီး သာမန်အားဖြင့် လူအုပ်ကြီးသည် ရက်ကန်းစင်ကဲ့သို့ စီးဆင်း သွားလာနေလေ့ရှိ၏။

သူတို့သုံးယောက် ရောက်ခါနီးတွင် ဖန်ကျန်းရီက ရထားလုံးကို ရပ်လိုက်သည်။

စောလွန်းနေသေးပြီး မှောင်လည်း မမှောင်သေးချေ။ လီယွမ်ကျောက်အတွက် အပြင်ထွက်ပြီး လမ်းလျှောက်တာက အချိန်နည်းနည်း ပိုရနိုင်တာကြောင့် ပိုကောင်းလိမ့်မယ်ဟု ဖန်ကျန်းရီ တွေးလိုက်၏။

အကယ်၍ သူတို့ တိုက်ရိုက် သွားမည်ဆိုပါက အခန်းတစ်ခန်းမှ တစ်ခန်းသို့ ပြောင်းရွှေ့သွားသကဲ့သို့ ဖြစ်နေမည်။ ရှုခင်းများစွာကို အလဟဿ လက်လွတ်သွားမည်ဖြစ်ပြီး ခရီးစဉ်၏ အဓိပ္ပါယ်များစွာလည်း ပျောက်ဆုံး သွားလိမ့်မည်။

သူတို့သုံးယောက် မြစ်ကမ်းဘေးလမ်းတွင် လျှောက်သွားကြ၏။ လီယွမ်ကျောက်က ဖန်ကျန်းရီနှင့် ဘေးချင်းယှဉ် လျှောက်သွားနေစဉ် ကျန်းပြောင်က သူတို့နောက်မှ အနီးကပ် လိုက်ပါလာခဲ့သည်။

လေပြည်လေး တိုက်ခတ်လာသောကြောင့် ကမ်းစပ်နှစ်ဖက်ရှိ မိုးမခပင်များမှ သစ်ကိုင်းများသည် အဆက်မပြတ် လှုပ်ယမ်းနေကြ၏။

မြစ်လယ်တွင် ပြည်သူများ အဆက်မပြတ် အသွားအလာ ရှိနေပြီး စကားပြောသံများ၊ ညှိနှိုင်းသံများနှင့် ကဗျာ ရွတ်ဆိုသံများက လေထုထဲတွင် ပဲ့တင်ထပ်နေသည်။

လီယွမ်ကျောက်သည် သဘာဝထဲသို့ လွှတ်ပေးလိုက်သော ငှက်တစ်ကောင်ကဲ့သို့ လက်မောင်းများကို ဖြန့်ကာ အသက်ပြင်းပြင်း ရှူပြီး ပြောလိုက်၏။ "ဒီနေရာက တကယ်ကို ကောင်းတာပဲ။ တောက်ယွမ်ခရိုင်နဲ့ ယှဉ်ရင် ဘာမှ မကွာဘူး။ ငါ တစ်ခါက မြို့တော် အစွန်အဖျားကို လျှောက်လည်ဖူးတယ်၊ မြို့တော် တစ်ခုလုံးက ဒီလိုပဲလို့ ထင်ခဲ့တာ"

ဖန်ကျန်းရီ တဟားဟားရယ်လိုက်သည်။ "မင်း နောက်နေတာ ဖြစ်ရမယ်။ ဒါက မြို့တော်လေ။ တောက်ယွမ် ခရိုင်က ဘယ်လောက်ပဲ ကောင်းကောင်း အားနည်းချက် ရှိသေးတယ်။”

"မဟုတ်ဘူး။ မြို့တော်ရဲ့ အုပ်ချုပ်မှုက တောက်ယွမ်ခရိုင်ထက် အများကြီး နိမ့်ကျတယ်လို့ ငါ ထင်တယ်။ ဒါကို ကြည့်... ဒါကို ကြည့်။ သူတို့အားလုံးက သူတောင်းစားတွေပဲ။ ဒါပေမဲ့ တောက်ယွမ်ခရိုင်မှာ သူတောင်းစား တစ်ယောက်မှ ငါ မတွေ့ခဲ့ဘူး။ ဘာလို့လဲ" လီယွမ်ကျောက်သည် ဆိုင်များအနီးရှိ တောင်းရမ်းနေသော ကလေးများကို လက်ညှိုးထိုးပြကာ ဖန်ကျန်းရီကို အံ့သြစွာ ကြည့်လိုက်၏။

တောက်ယွမ်ခရိုင်သို့ သူ ပထမဆုံး ရောက်လာစဉ်က ထိုမေးခွန်းကို မေးခဲ့ပြီး ယနေ့မှသာ သူတောင်းစားများကို သတိရသွားခြင်း ဖြစ်သည်။

ဖန်ကျန်းရီ အနည်းငယ် ပြုံးလိုက်၏။ "တောက်ယွမ်ခရိုင်မှာ ဘယ်လိုလုပ် သူတောင်းစား ရှိနိုင်မှာလဲ။ ငါ သူတို့ အားလုံးကို အလုပ်ခိုင်းလိုက်ပြီလေ။ လက်ခြေအင်္ဂါ ပြည့်စုံပြီး စွမ်းရည်ရှိတဲ့ သူတွေကို ရက်အနည်းငယ် အနားပေးပြီးရင် ပိုက်ဆံရှာဖို့နဲ့ မိသားစုကို ထောက်ပံ့ဖို့ အလုပ်တစ်ခု ပေးတယ်။ အဲဒါကို အလုပ်ကတစ်ဆင့် ကူညီတာလို့ ခေါ်တယ်။

အကယ်၍ သူတို့က မသန်စွမ်းဖြစ်နေရင် သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်အတွင်းက တစ်ခုခုကို လုပ်နိုင်အောင် အစွမ်းကုန် ကြိုးစားပေးတယ်။

ဒါ့အပြင် အထောက်အပံ့ မရှိတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ အားနည်းသူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ခရိုင်အုပ်ချုပ်ရေးမှူးက အမှုတစ်ခုချင်းစီကို စစ်ဆေးပြီး သူတို့ရဲ့ အခြေခံ လူနေမှုဘဝကို လုံခြုံစေဖို့အတွက် လစဉ် ငွေတချို့ ဝေငှပေးတယ်။

ဒါကြောင့် တောက်ယွမ်ခရိုင်မှာ သူတောင်းစားတွေကို မြင်ရမှာ မဟုတ်ဘူး။”

“ဒီမြို့တော်ကြီးက အရမ်း ကြီးမားလွန်းတော့ တောက်ယွမ်ခရိုင်နဲ့ နှိုင်းယှဉ်ဖို့ ခက်တယ်။ ဒီမှာ သူတောင်းစား ဘယ်နှစ်ယောက် ရှိလဲ၊ အလုပ် ဘယ်လောက် ရှိလဲ၊ ပိုက်ဆံ ဘယ်လို ဝေငှရမလဲ ဆိုတာ သိလား။”

"ဒါက ကြီးမားတဲ့ ပြဿနာတစ်ခုပဲ၊ ခရိုင်လေးတစ်ခုကို အုပ်ချုပ်နေတာထက် အများကြီး ပိုရှုပ်ထွေးတယ်။ ဒါ့အပြင် မြို့တော်အတွင်းက ဆက်ဆံရေးတွေက အရမ်း ရှုပ်ထွေးပြီး ဖြေရှင်းဖို့ ခက်ခဲတယ်။ ငါ ဦးဆောင်မယ်ဆိုရင်တောင် တိုးတက်မှုရအောင် လုပ်ဖို့ ခက်လိမ့်မယ်လို့ ထင်တယ်"

လီယွမ်ကျောက် အံ့အားသင့်စွာဖြင့် ခေါင်းညိတ်လိုက်၏။ "ဒီသူတောင်းစားတွေက တကယ်ပဲ ကြိုးကြိုးစားစား အလုပ်လုပ်ချင်ကြတာလား။ သာမန်လူတချို့က မွေးရာပါ ပျင်းရိကြပြီး လေ့ကျင့်ပေးဖို့ မဖြစ်နိုင်ဘူးလို့ ဆရာတွေ ဆီကနေ ကြားဖူးတယ်"

ဖန်ကျန်းရီ မျက်နှာပျက်သွားပြီး တစ်ခုခုကို အရိပ်အမြွက် ပြောနေသလို ခံစားလိုက်ရသည်။ ထို့နောက် သူက တဟားဟားရယ်ကာ ပြောလိုက်သည်။ "မင်းရဲ့ ဆရာတွေ ပြောတာ မှားတယ်လို့တော့ မဆိုလိုပါဘူး။

အလုပ်လုပ်နိုင်ပြီး မိသားစုကို ထောက်ပံ့နိုင်တဲ့ သူတောင်းစားတွေနဲ့စာရင် ငွေရှာပြီးရင်တောင် ပြဿနာရှာတဲ့သူတွေ၊ လိမ်လည်တဲ့သူတွေ၊ မကောင်းမှုအမျိုးမျိုး လုပ်တဲ့သူတွေ ရှိတယ်။ အခြေအနေ ပိုဆိုးလာရင် အာဏာပိုင်တွေက သူတို့ရဲ့ ခြေထောက်တွေကို ချိုးပစ်ပြီး သူတို့ လုပ်နိုင်တာတစ်ခုခုကို လုပ်ခိုင်းလေ့ ရှိတယ်။

တကယ်လို့ သူတို့က နောင်တရဖို့ ငြင်းဆန်ရင် သူတို့ရဲ့ လက်တွေကို ချိုးပစ်ပြီး အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင် လစဉ် ငွေတချို့ ဝေငှပေးတယ်။ ဒါကြောင့်... အချိန်အတော်ကြာပြီးနောက် ဘယ်သူမှ ပြဿနာ မရှာတော့ဘူး"

ဖန်ကျန်းရီ ပြုံးနေဆဲဖြစ်သော်လည်း လီယွမ်ကျောက်၏ မျက်လုံးထဲတွင် ဤအပြုံးက အနည်းငယ် ကြောက်စရာ ကောင်းနေခဲ့၏။

ပုံမှန်အားဖြင့် ရွှင်လန်းတက်ကြွနေတတ်တဲ့ ဖန်ကြီးမှာ တကယ်တော့ အရမ်း ရက်စက်တဲ့ အခြမ်းတစ်ခု ရှိနေတာပဲ...

ဖန်ကျန်းရီက သူ့ကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။ "အုပ်စိုးရှင် တစ်ယောက်အတွက် အလွန်အကျွံ သဘောကောင်းတာက အနာဂတ် ကပ်ဆိုးတွေရဲ့ မျိုးစေ့ကို စိုက်ပျိုးတာပဲ။

သေချာတာပေါ့၊ သဘာဝအရ ဆိုးသွမ်းတဲ့ လူတွေ ရှိပါတယ်။ သူတို့က နောင်တရဖို့ ငြင်းဆန်ကြတယ်၊ မကောင်းမှုအမျိုးမျိုး လုပ်ကြတယ်၊ မကောင်းမှု လုပ်ဖို့ မွေးဖွားလာသလိုပဲ သနားညှာတာမှု မပြကြဘူး။

တောက်ယွမ်ခရိုင်မှာ ခရိုင်မြို့ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ခုနစ်နှစ်အတွင်း မုဒိမ်းမှု၊ ဓားပြတိုက်မှု၊ လုယက်မှု၊ အိမ်ဖောက်ထွင်းမှု၊ လူအုပ်စုနဲ့ အဓိကရုဏ်း ဖန်တီးမှု၊ ရာဇဝတ်မှု ကျူးလွန်မှု စတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့တဲ့ သာမန်လူ ခုနစ်ရာလောက် ရှိခဲ့တယ်... အားလုံး ခေါင်းဖြတ်ခံခဲ့ရတယ်။ ငါ လုပ်ခဲ့တာ မှားတယ်လို့ မင်း ထင်လား"

လီယွမ်ကျောက် သူတို့၏ လက်များ ထုံကျင်နေသေးသည်ကို ခံစားရပြီး အံကြိတ်ကာ ပြောလိုက်၏။ "မမှားဘူး... စစ်တပ်တစ်ခုကို ကောင်းကောင်း အုပ်ချုပ်ဖို့ တင်းကျပ်တဲ့ စစ်ဘက်ဆိုင်ရာ ဥပဒေတွေ လိုအပ်ပါတယ်။ ဒီမူဝါဒကို ငါ နားလည်ပါတယ်"

ဖန်ကျန်းရီက ဝမ်းသာအားရ ပြုံးလိုက်သည်။ "မှန်တယ်။ ဒါပေမဲ့ ပြည်သူတွေကို အုပ်ချုပ်တာက စစ်တပ်ကို အုပ်ချုပ်တာ မဟုတ်ဘူး။ ဒီလူဆိုးတွေက ဘာပဲဖြစ်ဖြစ် လူနည်းစုလေးပါပဲ။ အများစုရဲ့ အဆိုးရွားဆုံး အခြေအနေတွေကို လေ့ကျင့်မှုကတစ်ဆင့် ပြုပြင်ပေးနိုင်တယ်။ ကောင်းမွန်တဲ့ ပြည်သူတွေကို ကောင်းမွန်တဲ့ အုပ်ချုပ်မှု ပေးပြီး လူဆိုးတွေကို တင်းကျပ်တဲ့ ဥပဒေတွေ ချမှတ်ရမယ်။ မင်းကို ချစ်ပြီး ထောက်ခံတဲ့ ပြည်သူတွေကို မျှော်လင့်ချက် မမဲ့စေနဲ့"

All Chapters