← Chapters

အခန်း (၅၇-၅၈)

Vol. 5 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 5 Ch. 57-58

အပိုင်း (၅၇) ထူးဆန်းသော မျောက်နှစ်ကောင်။

ထိုနှစ်ယောက်သည် အချိန်အတော်ကြာအောင် စကားပြောခဲ့ကြ၏။ အများစုမှာ ဖန်ကျန်းရီက ပြောပြီး လီယွမ်ကျောက် က နားထောင်ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် ဖန်ကျန်းရီ၏ ပြောစကားများက စိတ်ထဲရှိ အစောပိုင်း ပုံရိပ်ကို ပြောင်းလဲ သွားစေသဖြင့် လီယွမ်ကျောက်သည် အလွန် ဂရုတစိုက်နှင့် ယခင်ကထက် ပို၍ လေးနက်စွာ နားထောင်နေခဲ့၏။

အစပိုင်းတွင် အမြဲတမ်း ရယ်မောနေပြီး ပေါ့တန်တန်နိုင်သော ပုံရိပ်တစ်ခုမှ ရုတ်တရက် ကြမ်းတမ်း၊ ရက်စက်ပြီး စိတ်ပိုင်းဖြတ်ထားသော သူတစ်ဦးအဖြစ် ပြောင်းလဲသွားကာ နောက်ဆုံးတွင် ဖန်ကျန်းရီ၏ အားဖြည့်စကားများကြောင့် အနည်းငယ် ကြေကွဲဖွယ်ကောင်းသော ခံစားချက်တစ်ခုကို ရရှိသွားခဲ့သည်။

သူ၏ ပုံရိပ်တစ်ခုလုံးသည် အခြေခံအားဖြင့် မာ့ခ်ဂေါ်၊ ချန်းဟိုနန်နှင့် ဂေါ့ဒ်ဖာသား တို့၏ ရောနှောမှုတစ်ခု ဖြစ်လာခဲ့၏။

သာမန် စကားပြောဆိုမှု တစ်ခုပြီးနောက် လီယွမ်ကျောက်သည် ဖန်ကျန်းရီကို အနည်းငယ် ပို၍ လေးစားသော အကြည့်ဖြင့် ကြည့်လာခဲ့သည်။

ဖန်ကျန်းရီသည် လီယွမ်ကျောက်၏ လေးစားမှုကို ခံစားလိုက်ရပြီး ရင်ထဲတွင် ဝမ်းသာအားရ ခေါင်းညိတ်ကာ တွေးလိုက်၏။ 'ငါ့ရဲ့ ဉီးနှောက်ဆဲလ်တွေကို ဒီလောက်တောင် အလဟဿ အသုံးပြုလိုက်ရတာ အလကားတော့ မဖြစ်သွားဘူး။ ငါ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို သေချာပေါက် တည်ဆောက်နိုင်ခဲ့ပြီ'

မှောင်နေပြီဖြစ်ပြီး သူတို့သုံးယောက်စလုံး အပျော်စီးသင်္ဘောဆီသို့ ဦးတည်သွားကြသည်။

အစေခံမလေးသည် ဧည့်သည်များကို နှုတ်ဆက်နေပြီး ကျန်းပြောင် စကတ်ဝတ်ထားသလို ဂုံနီအိတ်များကို ဝတ်ဆင်ထားကြောင်း မြင်ချိန်မှာတော့ သူမ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ သို့ပေမည့် ဖန်ကျန်းရီကို မြင်တော့ စိတ်သက်သာရာရသွားသည်။ ဤပုံစံကျသော သခင်လေးက ခေါင်းဆောင်ဖြစ်ပြီး သူ့နောက်က လူနှစ်ယောက်က ကိုယ်ရံတော်တွေဖြစ်ကြောင်း သိသာ၏။

"သခင်လေး... ဒီနေ့ ကဗျာရွတ်ပွဲ သင်္ဘောပေါ်မှာ ကိုယ်ရံတော်တွေကို တက်ခွင့်မပြုပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ"

"ဘာ ကိုယ်ရံတော်လဲ။ သူတို့က ငါ့ညီအစ်ကိုတွေကွ" ဖန်ကျန်းရီက ဖိတ်စာသုံးစောင်ကို ပေါ့ပေါ့ဆဆ ပစ် ပေးလိုက်၏။

ထို့နောက် အစေခံမလေး၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် သူတို့သုံးယောက်စလုံး အပျော်စီး သင်္ဘောပေါ်သို့ ခမ်းနားစွာ တက်သွားကြသည်။

ဤအပျော်စီးသင်္ဘောက အလွန် ကြီးမား၏။ အရှည် မီတာ ၃၀၊ အကျယ် ၁၀ မီတာခန့်ရှိပြီး သုံးထပ် ပါရှိသည်။

ဗဟိုခန်းမဆောင်က ဟာလာဟင်းလင်းဖြစ်ပြီး တတိယထပ်အထိ တောက်လျှောက် ပွင့်နေသည်။ ခန်းမထဲတွင် စားပွဲဝိုင်း ဆယ်ခုကျော်ရှိပြီး အပြည့်အဝ မပြည့်သေးသော်လည်း နေရာများ၏ ခုနစ်ဆယ်မှ ရှစ်ဆယ် ရာခိုင်နှုန်းခန့် ပြည့်နေပြီ ဖြစ်၏။

အားလုံးက ခမ်းနားစွာ ဝတ်ဆင်ထားကြပြီး အများစုက ခေါက်ယပ်တောင်များဖြင့် မိမိတို့ကိုယ်ကိုယ် အနည်းငယ် ယပ်ခတ်နေကြသည်။

လီယွမ်ကျောက်သည် အလွန် စပ်စုချင်နေပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေသော်လည်း ဖန်ကျန်းရီက သူ့ကို လွတ်နေသော စားပွဲတစ်လုံးဆီသို့ တိုက်ရိုက် ဆွဲခေါ်သွားပြီး အရင် ထိုင်စေ၏။

ကျန်းပြောင်ကို မြင်ချိန်မှာတော့ အနားတဝှိုက် စားပွဲရှိ လူများက အလျင်အမြန် ထပြောင်းသွားကြသည်။

ထို့နောက် ဖန်ကျန်းရီ၏ စားပွဲသည် သီးသန့် ဖြစ်သွားသည်။ သူတို့သုံးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ၏။

ကျန်းပြောင်က ရေရွတ်နေသည်။ "အသား ဘယ်မှာလဲ။ အသား ဘယ်မှာလဲ"

ထိုစကားကို ကြားချိန်မှာတော့ ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့လည်း ဗိုက်ဆာလာခဲ့သည်။ တာဝန်များ ပြီးတည်းက သူတို့ တစ်လုတ်မှ မစားရသေးဘဲ နေ့တစ်ဝက်လုံး လမ်းလျှောက်နေခဲ့ရသည်။ လောလောဆယ် စားပွဲပေါ်တွင် မုန့်ပန်းကန် အနည်းငယ် ရှိသော်လည်း စားချင်စရာ လုံးဝ မကောင်းပေ။

"ခဏလောက် စောင့်ပါအုံး၊ သေချာပေါက် ဟင်းပွဲတွေ ရောက်လာမှာပါ။ အရင်ဆုံး သရေစာလေးတွေ စားထား။" ဖန်ကျန်းရီက မုန့်တစ်ခုကို အရင် ယူလိုက်၏။

သူက အနည်းငယ် ဝါးစားကြည့်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ရွံစရာကောင်းလိုက်တာ"

လီယွမ်ကျောက်လည်း တစ်ခု ယူကာ ပါးစပ်ထဲ အပြည့်ထည့်ပြီး ညည်းညူလိုက်၏။ "ငါ့အိမ်က ဟာတွေ ထက်တော့ ပိုကောင်းပါတယ်"

ဖန်ကျန်းရီက မျက်နှာကို တင်းမာစွာထားပြီး ပြောလိုက်သည်။ "မင်းအိမ်မှာ စားစရာ ဘာမှမရှိဘူး"

"အင်း... မှန်တယ်။ ငါ့အိမ်က အစားအသောက်တွေက ဘာလို့ ဒီလောက် စားချင်စရာ မကောင်းရတာလဲ။ ဖန်ကြီး... ဘာလို့လဲ" လီယွမ်ကျောက် ရုတ်တရက် ဤပြဿနာကို သတိပြုမိသွား၏။

"အရေးမကြီးပါဘူး၊ အာဟာရဖြစ်တဲ့ အစားအစာတွေက အမြဲတမ်း စားချင်စရာ မကောင်းဘူး။"

"အာဟာရဖြစ်တဲ့ အစားအစာဆိုတာ ဘာလဲ"

"အာဟာရဖြစ်တဲ့ အစားအစာဆိုတာ ပါဝင်ပစ္စည်းတွေကို အရသာမရှိအောင် လုပ်ထားတဲ့ အစားအစာတွေပဲ။"

"အဲဒါပဲ"

လီယွမ်ကျောက် အံကြိတ်လိုက်၏။ "ငါ့မိသားစုက ဘာလို့ စားချင်စရာမကောင်းအောင် လုပ်ရတာလဲ။ ဒါက အာဟာရဖြစ်တဲ့ အစားအစာတွေ မလို့ကိုး။"

ဖန်ကျန်းရီက အထင်သေးစွာဖြင့် ပြောလိုက်သည်။ "အဓိက က စားချင်စရာ မကောင်းရုံတင် မကဘူး၊ ဈေးလည်းကြီးတယ်။မယုံရင် သာမန်ပြည်သူတွေရဲ့ ဟင်းသီးဟင်းရွက် ဈေးနှုန်းတွေကို သွားကြည့်။ မင်းအိမ်က ဟင်းသီးဟင်းရွက်တွေက သာမန်ပြည်သူတွေဆီကထက် အများကြီး ပိုဈေးကြီးတယ်။"

"ဟုတ်လား။ နန်းတွင်းမီးဖိုချောင်က လူတွေကို ငါ စုံစမ်းစစ်ဆေးရမယ်။ သူတို့က ငါ့ကို ဘယ်လိုလုပ် လှည့်စားရဲတာလဲ"

သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပဲ စားပွဲပေါ်ရှိ ပန်းကန်နှစ်ချပ်ကို ကျန်းပြောင်က စားသုံးပြီးသွားပြီ ဖြစ်၏။

ဖန်ကျန်းရီက အလျင်အမြန် လက်လှမ်းကာ ဆူပူလိုက်သည်။ "သောက်ကျိုးနည်း... ဖြည်းဖြည်းစားစမ်း။ အခုလို စားနေရတဲ့အချိန်မှာ အိမ်ကို သတိရစမ်း။ ရှောင်ထောင် ဘာစားနေမလဲ။ ကျန်တာတွေကို ထုပ်ပြီး ယူသွားလိုက်"

ကျန်းပြောင် နှစ်ချက်ခန့် တွန့်ဆုတ်သွားပြီးနောက် ရှက်ရွံ့စွာဖြင့် ပန်းကန်ကို ကြမ်းပြင်ပေါ် ချထားလိုက်၏။

မကြာမီ လူတိုင်း ရောက်ရှိလာပြီး အပျော်စီးသင်္ဘောက ကန်အလယ်သို့ ဖြည်းညှင်းစွာ ထွက်ခွာသွားသည်။

ကျန်းချန်သည် ဒုတိယထပ်တွင် ရပ်ကာ အောက်သို့ အဆက်မပြတ် ကြည့်နေပြီး ဖူးယောင်နေသော ခန္ဓာကိုယ်ဖြင့် ကျားလျန်သည်လည်း သူ့အနားတွင် ရှိနေ၏။

"ဘယ်လိုလဲ။ သူ့ကို တွေ့ပြီလား။ ဖန်ကျန်းရီက ဘယ်သူလဲ"

ကျားလျန် ပြုံးလိုက်ပြီးနောက် ရုတ်တရက် အော်လိုက်သည်။ "ဟိုမှာ။ ဟိုမှာ။ သခင်လေး ကြည့်... သူ သင်္ဘောနောက်ပိုင်းက စားပွဲမှာ ထိုင်နေတယ်။ သူတို့ သုံးယောက်တည်းပဲ ရှိတာ"

ထိုအချိန်တွင် ကျားလျန်သည် အလွန် စိတ်လှုပ်ရှားနေခဲ့၏။ လက်စားချေရမည့် အချိန် ရောက်လာပြီ။

ထိုနေ့က ကျန်းပြောင်က သူ့ကို အပြင်ပစ်ထုတ်ခဲ့သည်။ သူက ဘဏ္ဍာရေးအမတ် အိမ်တော်သို့ ပြန်သွားခဲ့သော်လည်း ဆိုင်ပိုင်ရှင်ရာထူး ရုပ်သိမ်းခံရပြီး ထပ်မံ အရိုက်ခံရပြန်သည်။

ဖန်ကျန်းရီအပေါ် သူ၏ အမုန်းတရားများက အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

အခု သခင်လေးကျန်း ဒီမှာ ရှိနေပြီဆိုတော့ သူ ဘယ်လောက် မောက်မာရဲသေးလဲ ဆိုတာ ကြည့်ကြတာပေါ့။

ကျန်းချန်သည် ဖန်ကျန်းရီ စကားပြောကာ ရယ်မောနေပြီး ခေါက်ယပ်တောင်ဖြင့် ယပ်ခတ်နေသည်ကို ကြည့်ကာ မဲ့ကာရွဲ့ကာ ပြောလိုက်သည်။ "မျှော်လင့်ထားတဲ့အတိုင်းပဲ၊ မြို့ထဲကို ဝင်လာတဲ့ တောသားက အစေခံတွေနဲ့ တွဲနေတာကိုး။ ဒီနှစ်ယောက် ဘယ်လိုများ ဝင်လာတာလဲ"

ကျားလျန်က ချက်ချင်း ထောက်ခံလိုက်၏။ "သေချာတာပေါ့။ အဲဒါ သေချာတယ်။ အဲဒီဖန်ကျန်းရီမှာ ကောင်းမွန်တဲ့ အကျင့်စာရိတ္တ မရှိဘူး၊ သူတို့ကို အတင်း ဝင်လာတာ ဖြစ်ရမယ်။"

"ဟမ့်... ကောင်းပြီ။ ခင်ဗျား အရင်ဆင်းသွား။ သူ့ကို သွားတွေ့လိုက်အုံးမယ်"

"သခင်လေး... သတိထားပါ။"

"ထွက်သွားစမ်း"

...

ပထမထပ်။

လီယွမ်ကျောက် မေးစေ့ကို ပွတ်သပ်ရင်း အလွန် ငြီးငွေ့စွာဖြင့် ပြောလိုက်၏။ "ဟင်းပွဲတွေ ဘယ်တော့ ရောက်လာမှာလဲ။ ဖန်ကြီး... ဒီမှာ စိတ်ဝင်စားစရာ ဘာမှ မတွေ့ရပါလား။"

ဖန်ကျန်းရီ မျက်လုံးပြူးသွားသည်။ "မင်း ဘာတွေ လောနေတာလဲ။ မစရသေးဘူးလေ... ဟေး... ဟေး။ အစားအသောက်တွေ လာနေပြီ။"

သူတို့သုံးယောက်လုံး စိတ်မရှည်ဖြစ်လာချိန်မှာပဲ ကျက်သရေရှိပြီး အသားအရည် တစ်စိတ်တစ်ပိုင်းကို ပြသထားသော ပါးလွှာသည့် ဂါဝန်များကို ဝတ်ဆင်ထားသော အစေခံမလေးများ တစ်ယောက်ပြီး တစ်ယောက် ချဉ်းကပ်လာကြ၏။

လီယွမ်ကျောက်သည် လည်ပင်းကို ဆန့်ကာ ကြည့်ရန် ကြိုးစားချိန်မှာတော့ ဖန်ကျန်းရီက သည်းမခံနိုင်တော့ဘဲ အလျင်အမြန် လှမ်းဆွဲလိုက်သည်။ "ဟေး။ အဲလိုမကြည့်ရဘူး။"

"ဘာလဲ။ ဘာအစားအစာတွေ ကျွေးတာလဲ။"

"ဟင်"

ဖန်ကျန်းရီ မှင်တက်သွား၏။ အိမ်ရှေ့စံမင်းသားက မိန်းမတွေကို ကြည့်နေတာ မဟုတ်ဘူး၊ အစားအသောက် ရှာနေတာပဲ။ ဒါ ပုံမှန်မဟုတ်ဘူး။

သူ ချက်ချင်း မေးလိုက်သည်။ "ကြည့်စမ်း။ ဟိုအစေခံမလေး လှတယ် မဟုတ်လား။ တကယ်လို့ တောက်ယွမ်ခရိုင် ကို ခေါ်သွားရင် အနည်းဆုံးတော့ ပြည့်တန်ဆာ ဖြစ်မှာပဲ။"

လီယွမ်ကျောက် နှုတ်ခမ်းကို သပ်ကာ ပြောလိုက်၏။ " အဲဒီမိန်းမရဲ့ အလှက ငါနဲ့ ဘာဆိုင်လို့လဲ"

"……"

ဖန်ကျန်းရီ မေးလိုက်သည်။ "မင်း အိမ်ထောင်ကျနေပြီလား"

"မကျသေးဘူး။... ဘာဖြစ်လို့လဲ"

"ဒါဆို မင်း မိန်းမတွေကို မကြိုက်ဘူးပေါ့"

လီယွမ်ကျောက် ဤသည်ကို ကြားချိန်မှာတော့ ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်၏။ "အဲဒါ သိပ် စိတ်ဝင်စားစရာ မကောင်းပါဘူး။ ငါက စာအုပ်တွေထဲက မိန်းမတွေကိုပဲ ကြိုက်တာ။ အပြင်က မိန်းမတွေကို မြင်ရင် ငါ စိတ်မဝင်စားဘူး။"

ဖန်ကျန်းရီ ရုတ်တရက် အတည်ပြုလိုက်သည်။ "ဒါဆို ဂေးလားမသိဘူး။”

လီယွမ်ကျောက် အံ့အားသင့်စွာဖြင့် မေးလိုက်၏။ "ဂေး …. ဘာကိုဆိုလိုတာလဲ"

"ဆိုလိုတာက... စာပေရော သိုင်းပညာမှာပါ ပါရမီရှိပြီး ချောမောလှပတဲ့ သူတစ်ယောက်လို့ ဆိုလိုတာပဲ။"

လီယွမ်ကျောက် ပြုံးကာ ပါးပြင်ကို ပွတ်သပ်လိုက်သည်။ "မဆိုးပါဘူး။ ဒါဆို ငါက ဂေး တစ်ယောက်ပဲ"

ကျန်းပြောင်က ရှေ့သို့ ကိုင်းကာ တိတ်တဆိတ် တီးတိုးမေးလိုက်၏။ "သခင်လေး... ကျုပ်ရော ဂေးပဲလို့ ထင်လား။"

"မင်းက သန်မာတဲ့ အစ်ကိုကြီးပဲ။ မင်းက တန်ဖိုးရှိတဲ့ အစ်ကိုကြီးပဲ။"

ကျန်းပြောင် ဝမ်းသာအားရ ပြန်ထိုင်လိုက်သည်။ သူ ဂေး မဖြစ်နိုင်လျှင်တောင် 'သန်မာတဲ့ အစ်ကိုကြီး' ဖြစ်ရတာ ကောင်းသေးသည်။

စားပွဲပေါ်တွင် အရသာရှိသော အစားအစာများ စတင် တည်ခင်းချိန်တွင် ကျန်းချန်က ခန်းမရှေ့သို့ တိုက်ရိုက် လျှောက်လာပြီး လက်သီးဆုပ်ကာ လူတိုင်းကို နှုတ်ဆက်လိုက်၏။

"ဒီနေရာကို လာရောက်ပြီး ကျုပ်တို့ကို ဂုဏ်ပြုပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်..."

အပိုင်း (၅၈) ခင်ဗျား ပြဿနာရှာမလို့လား။

"ကဗျာရွတ်ပွဲ ကို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ချစ်လှစွာသော မိတ်ဆွေတို့…..။

ဒီကဗျာရွတ်ပွဲ အတွက် ဘာကန့်သတ်ချက်မှ မရှိပါဘူး။ ကောင်းမွန်တဲ့ ဝိုင်နဲ့ အစားအသောက်တွေအပြင် ပုံမှန် ကဗျာရွတ်ပွဲ တွေလိုပဲ ချန်ရှန်းအိမ်တော်က အလှမယ်တွေလည်း ဒီနေ့ ခင်ဗျားတို့ကို အဖော်ပြုပေးပါလိမ့်မယ်။

ဒါ့အပြင်... ဆုလာဘ်တစ်ခုလည်း ရှိပါတယ်။

အကယ်၍ ခင်ဗျားတို့သာ ဒီပြိုင်ပွဲမှာ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ချန်ရှန်းအိမ်တော်ရဲ့ ထိပ်တန်းအပျော်မယ်လေးဖြစ်တဲ့ မိန်းကလေးလော်နဲ့အတူ ကြည်နူးဖွယ်ရာ နွေဦးညယံလေးကို အတူတူ ဖြတ်သန်းခွင့် ရရှိပါလိမ့်မယ်။

"ကျေးဇူးပြုပြီး ဝိုင်ကို သောက်သုံးပြီး ခင်ဗျားတို့ရဲ့ အရည်အချင်းတွေကို ပြသကြပါ။ အကယ်၍ စိတ်ကူးဉာဏ် ရလာရင် ချက်ချင်း ရေးပြီး ကျွန်တော့်နောက်က ပြခန်းနံရံမှာ ချိတ်ထားပါ။ ပြီးရင် မိန်းကလေး လော်နင်ရှင်း က အဲဒါတွေကို အကဲဖြတ်ပေးပါလိမ့်မယ်"

ကျန်းချန်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဒုတိယထပ်မှ ကျက်သရေရှိသော အလှမယ်တစ်ဦး ဖြည်းညှင်းစွာ ဆင်းလာပြီး အစေခံနှစ်ဦးက သူမ၏ နှစ်ဖက်စလုံးတွင် ကုချင်းတီးရန် ပြင်ဆင်နေကြ၏။

သူမသည် မျက်နှာဖုံးကို တပ်ဆင်ထားပြီး မျက်စိဖမ်းစားနိုင်သော၊ ကျက်သရေရှိပြီး တောက်ပနေသော သူမ၏ ဇာမဏီ မျက်လုံးများကိုသာ မြင်တွေ့ရပေသည်။

အောက်ဘက်မှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ "ဒါ မိန်းကလေးလော်ပဲ"

ဖန်ကျန်းရီသည် တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီး စိတ်ဝင်စားမှု ကုန်ဆုံးသွားလေသည်။ ပြည့်တန်ဆာရုံများရှိ ပွဲလမ်းသဘင်များတွင် အဓိကဆွဲဆောင်မှုဖြစ်သော အလှမယ်ဆိုသူများမှာ အလွယ်တကူ ကိုယ်ထင်ပြလေ့ မရှိကြပေ။ သူတို့သည် အမြဲလိုလို လျှို့ဝှက်ဆန်းကြယ်ဟန် ဖန်တီးကာ ပဟေဠိဆန်ဆန် ခြေလှမ်းများဖြင့် တစ်ဝက်တစ်ပျက်သာ ဖော်ကျူးပြသလေ့ ရှိကြသည်။

ဤအရာက လျှို့ဝှက်သေတ္တာတစ်လုံးကို ဖွင့်ဖောက်ရသည်နှင့် ဆင်တူ၏... ဖွင့်ကြည့်လိုက်သည့် အခါတိုင်းမှာလည်း အမြဲတမ်း စိတ်ပျက်ရသည်ချည်းသာ ဖြစ်သည်။

ထို့ပြင် သူမ၏ အဝတ်အစားများကလည်း အထပ်ထပ်နှင့် ထူထဲလွန်းနေသဖြင့် ဘာမှလည်း ကြည့်စရာ မရှိလှပေ။

ဖန်ကျန်းရီက သူ၏အစားအစာထဲတွင် ခေါင်းကို ဆက်လက် နစ်မြုပ်ထားသလို ကျန်းပြောင်ကလည်း ခေါင်းမဖော်ပေ။

လီယွမ်ကျောက် စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်၏။ "ဖန်ကြီး... ဖန်ကြီး၊ ကြည့်စမ်း။ အလှမယ် တစ်ယောက်၊ ပြီးတော့ မျက်နှာဖုံးနဲ့"

"ဟင်... မင်း အပြင်က မိန်းမတွေကို မကြိုက်ဘူး မဟုတ်လား" ဖန်ကျန်းရီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"သူ့ခေါင်းမှာ မျက်နှာဖုံး တပ်ထားတော့ သေချာ မမြင်ရဘူး။ သိချင်လိုက်တာ။ ဖန်ကြီး... မင်း စိတ်မဝင်စားဘူးလား"

ဖန်ကျန်းရီက အထင်သေးစွာဖြင့် ပြောလိုက်၏။ "Victoria's Secret ဆိုတာ ဘာလဲ ငါသိတယ်။ အဲဒါက... သာမန်ပါပဲ"

"ဗစ်... ဗစ်တို၊ ဘာလျှို့ဝှက်ချက်လဲ"

"နောက်မှ ပြောပြမယ်။ ဗိုက်ဆာလို့ အရင်စားလိုက်အုံးမယ်။"

လော်နင်ရှင်းသည် အောက်ထပ်ကို ဝေ့ကြည့်လိုက်ပြီး သူမကို စိုက်ကြည့်နေသော လူသုံးယောက်ကြောင့် ခဏမျှ အာရုံလွဲသွားသည်။ ပြီးနောက် လက်ကို ညင်သာစွာ မြှောက်လိုက်သည်။

ဂီတသံက ကြည်လင်သော စမ်းပေါက်တစ်ခုလို စီးဆင်းလာပြီး စူးရှသော အသံဖြင့် ထွက်ပေါ်လာခဲ့၏။ အစပိုင်းတွင် အသံက နူးညံ့သော်လည်း နောက်ပိုင်းတွင် မြေကြီးပေါ်သို့ ပြဒါးများ စီးကျလာသကဲ့သို့ ပြင်းထန် လာခဲ့၏။

ထိုအချိန်တွင် အနုပညာသင်္ဘောပေါ်ရှိ သခင်လေးများသည် သေချာစွာ နားထောင်နေကြ၏။ အစပိုင်းက ဆူညံနေသော လူအုပ်ကြီးသည် ကုချင်း၏ အထင်ကြီးဖွယ်ရာကောင်းသော သံစဉ်ထဲတွင် နစ်မြုပ်သွားကာ အလွန် တိတ်ဆိတ်သွားပြီး ငြိမ်သက်စွာ ခံစားနေကြသည်။

လီယွမ်ကျောက်ပင် ဒုတိယထပ်ကို မကြည့်ဘဲ မနေနိုင်တော့ချေ။ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့် ချီးကျူးသော အမူအရာတစ်ခု ပေါ်လာခဲ့၏။

ထို့နောက် သူက အစားအစာကို စားနေဆဲဖြစ်သော လူနှစ်ယောက်ကို ကြည့်လိုက်သည်။

လီယွမ်ကျောက်သည် သူစိမ်းတစ်ယောက်လို ခံစားလိုက်ရပြီးနောက် ခေါင်းငုံ့ကာ စတင်စားသောက်လိုက်၏။ ပြီးနောက် ဖန်ကျန်းရီကို ပုတ်ကာ ပြောလိုက်၏။ "ဖန်ကြီး... လှလိုက်တာ၊ မင်း ဘာလို့ နားမထောင်တာလဲ"

"ဘာလဲ"

"ကုချင်းလေ။ ကုချင်း" လီယွမ်ကျောက် ဆွံ့အနေသည်။ ဖန်ကြီး တစ်ခွန်းမှ မကြားသလို နေနိုင်သည်မှာ အံ့အားသင့်စရာပင်။

ဖန်ကျန်းရီ ခေါင်းမော့ကာ ပါးစပ်ကို သုတ်လိုက်သည်။ "ဒါက ဘာအဓိပ္ပါယ်ရှိလို့လဲ။”

ဖန်ကျန်းရီသည် ဂီတနှင့် ပတ်သက်လျှင် နွားတစ်ကောင်ထက်ပင် ဆိုးရွားပြီး ဂီတအရသာဟူ၍ လုံးဝ မရှိချေ။ သာမန်အားဖြင့် သူ အများဆုံး နားထောင်လေ့ရှိသည်မှာ ကြေးစည်နှင့် ဗုံသံများသာ ဖြစ်၏။

ဤတစ်ကိုယ်တော် ကုချင်းတီးခတ်မှုက သူ့အတွက် ဘာမှမထူးခြားပေ။

လီယွမ်ကျောက် ခေါင်းငုံ့ကာ တိတ်ဆိတ်သွား၏။

သီချင်းပြီးဆုံးသွားချိန်မှာတော့ အောက်ဘက်မှ ဆူညံသံများ ထပ်မံ စတင်လာခဲ့သည်။

အပေါ်မှ တစ်ယောက်ယောက်က ထအော်လိုက်၏။ "မိန်းကလေးလော်... နောက်တစ်ပုဒ်"

လော်နင်ရှင်း၏ မျက်ခုံးများသည် လခြမ်းပုံသဏ္ဍာန် ဖြစ်သွားပြီး ချိုသာသော အသံဖြင့် ပြောလိုက်၏။ "အားလုံးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ပြခန်းနံရံက ကဗျာတွေကို ကူးယူပြီး အပေါ်ကို ပို့ပေးပါလိမ့်မယ်။ နင်ရှင်းက အဲဒါတွေကို တစ်ပုဒ်ချင်းစီ ဖတ်ပါ့မယ်။"

စကားပြောပြီးနောက် စားသောက်နေသော လူသုံးယောက်ကို ခဏမျှကြည့်ကာ အိပ်ခန်းဆီသို့ ကျောခိုင်းသွားသည်။

အောက်ဘက်မှ လေချွန်သံများ ထွက်ပေါ်လာ၏။

ထို့နောက် အောက်ထပ်သည် ခွက်များ၏ ဆူညံသံများဖြင့် ထပ်မံ ပြည့်နှက်သွားပြန်၏။ အစေခံမလေး များသည်လည်း ဧည့်သည်များကြားသို့ လမ်းလျှောက်လာကြပြီး ပိုမို ပွင့်လင်းကာ ရဲရင့်သော အဝတ်အစားသစ်များကို ဝတ်ဆင်ထားကြသည်။

အကယ်၍ တစ်ယောက်ယောက်က သဘောကျလျှင် ငွေတချို့ပေးပြီး ပွေ့ဖက်ထားနိုင်၏။

တစ်ခဏအတွင်းမှာ အဝါရောင်ငှက်များနှင့် ပျံလွှားများ၏ အသံများနှင့် ကဗျာရွတ်ဆိုသံများ၏ ခမ်းနားသော အသံများကို ကြားလိုက်ရသည်။

ကျန်းပြောင် အစာစားချင်စိတ် ပြင်းပြနေသေးသောကြောင့်များလား မသိ၊ ဖန်ကျန်းရီထံသို့ အပျော်မယ် တစ်ယောက်မှ ရောက်မလာဘဲ နေရာလွတ်တစ်ခု ဖြစ်နေခဲ့၏။

လီယွမ်ကျောက်သည် တခြားသူများအားလုံး ကောင်မလေးတွေနှင့် ရှိနေသည်ကို ကြည့်ရင်း သူ့ဘေးရှိ ယောကျ်ားနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။

အစာစားပြီးခါစ ဖန်ကျန်းရီသည် သွားကြားထိုးတံဖြင့် သွားများကို ရှင်းလင်းရင်း ပြောလိုက်၏။ "မင်း ကဗျာ မရေးဘူးလား။ မှင်နဲ့ စုတ်တံ ပြင်ဆင်ခိုင်းလိုက်မယ်။ ဒီမှာပဲ ရေးကြရအောင်။ စိတ်ချမ်းသာပြီဆိုရင် အိမ်ပြန်ကြစို့။ ကဗျာရေးရင် စစ်ဧကရာဇ် ဆိုတာကို မေ့ပြီး အသစ်တစ်ခု ရှာရေးနော်။"

လီယွမ်ကျောက်၏ အစွမ်းအစမရှိစွာ ခေါင်းညိတ်မှုကြောင့် ဖန်ကျန်းရီ ရင်ထဲတွင် တဟားဟား ရယ်လိုက်မိသည်။ ဤအိမ်ရှေ့စံသည် နန်းတော်ထဲမှာတော့ အထင်ကြီးစရာ ကောင်းပေမဲ့ လူအုပ်ထဲမှာတော့ အသုံးမကျဖြစ်လာခဲ့သည်။

မှင်နှင့် စုတ်တံ အသင့်ဖြစ်ပြီးနောက် လီယွမ်ကျောက်သည် စုတ်တံကို ကိုင်လိုက်သည်။ သူ၏ အမူအရာက လေးနက်နေ၏။ သို့ပေမည့် အချိန်တစ်ခုကြာပြီးနောက် သူက စကားလုံးသုံးလုံးကိုသာ နာကျင်စွာဖြင့် ရေးနိုင်ခဲ့၏။

ဖန်ကျန်းရီ၏ ခပ်ရိရီ အကြည့်ကို မြင်ချိန်မှာတော့ သူက စုတ်တံကို မြေပြင်ပေါ်သို့ ဒေါသတကြီး ပစ်ချလိုက်သည်။ "ငါ မလုပ်ဘူး။ ဒီနေ့ ငါကဗျာ မရေးတော့ဘူး"

"ဟင်"

"လေကောင်းလေသန့် ရှူဖို့ အပြင်ထွက်တော့မယ်" လီယွမ်ကျောက် အလျင်အမြန် သင်္ဘောခန်းထဲမှ ထွက်သွား၏။

လီယွမ်ကျောက် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းချန် ရောက်လာပြီး ဖန်ကျန်းရီရှေ့တွင် ရပ်ကာ ဦးညွှတ်၍ ပြောလိုက်သည်။ "ကျုပ်က ဘဏ္ဍာရေးအမတ်ရဲ့ သား ကျန်းချန်ပါ။ မြို့ဝန်မင်းဖန်ကို အရိုအသေပေးပါတယ်"

ဖန်ကျန်းရီသည် လီယွမ်ကျောက်ကို ပြန်ခေါ်ရန် ပြင်လိုက်စဉ် သူ၏စကားကို ကျန်းချန်က ရုတ်တရက် ဖြတ်ပြောလိုက်သဖြင့် မရည်ရွယ်ဘဲ ခေါင်းမော့ကာ စစ်ဆေးကြည့်ရှုလိုက်သည်။

အပြုံးမျက်နှာ၊ ပါးလွှာသော နှုတ်ခမ်းများနှင့် ကျက်သရေရှိသော မျက်ခုံးများ ရှိသည်။ ကျန်းချန်လား။ သဘော ကောင်းပုံလည်းပေါ်၏။

"ကောင်းပါပြီ သခင်လေးကျန်း... ဒီအရာရှိကို ဘာများ ပြောချင်လို့လဲ။"

ကျန်းချန်သည် တိတ်ဆိတ်စွာ အစာစားနေဆဲဖြစ်သော ကျန်းပြောင်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် အထင်သေးမှု အနည်းငယ် ပေါ်လာသည်။ ပြီးနောက် ပြုံးကာ ပြောလိုက်၏။ "ညီလာခံတက်ရောက်နိုင်တဲ့ အရာရှိတစ်ယောက် ရောက်လာတာက တကယ်ပဲ ဒီပန်းချီသင်္ဘောကို တောက်ပစေပါတယ်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရှေ့နန်းတော်မှာ တာဝန်ထမ်းဆောင်ခွင့် ရတာ နိုင်ငံရဲ့ ကျူးရင်တွေ အားလုံး မနာလိုဖြစ်ရတဲ့ ကိစ္စပါပဲ။ ဘာလို့ စင်ပေါ်တက်ပြီး စကားအနည်းငယ် မပြောရတာလဲ"

ချက်ချင်းပင် ဖန်ကျန်းရီ၏ တုံ့ပြန်မှုကို မစောင့်ဘဲ ကျန်းချန်က အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။ "အားလုံးပဲ။ အားလုံးပဲ ….. ကျုပ် ပြောစရာရှိလို့ ကျေးဇူးပြုပြီး တိတ်တိတ်လေး နားထောင်ပေးပါ။ ဒါက တောက်ယွမ်ခရိုင်က မြို့ဝန်မင်း ဖန်ကျန်းရီ ဖြစ်ပြီး လက်ရှိ ပညာရေးဒုတိယအမတ်ပါ။ဒီကနေ့ ကဗျာရွတ်ပွဲ မှာ တရားဝင် အရာရှိ ရှိနေတဲ့အတွက် ကျုပ်တို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မြို့ဝန်မင်းဖန်က ပြောစရာရှိလို့ ကျေးဇူးပြုပြီး တိတ်တိတ်နေပေးပါ။"

ဤသည်ကို ကြားသူတိုင်း ချက်ချင်း တိတ်ဆိတ်သွားသည်။ သူတို့၏အကြည့်များက ဖန်ကျန်းရီထံသို့ ချက်ချင်း ရောက်သွားကြ၏။ ထို့နောက် အများအပြားက တီးတိုး စတင်ပြောဆိုလာကြပြီး မျက်လုံးများတွင် အထင်သေးမှုများလည်း ရှိနေ၏။

" ဒီလူက ဖန်ကျန်းရီပဲ... ဒီလူက အရှက်မဲ့ပြီး နန်းတော်ထဲမှာ အိမ်ရှေ့စံမင်းသားကို လမ်းမှားအောင် လုပ်ခဲ့တယ်လို့ အဖေ တစ်ခါက ပြောတာ ကြားဖူးတယ်။"

"အစ်ကိုချန်... ခင်ဗျား ကြားပြီးပြီလား။ ဒီလူက သစ္စာဖောက် အရာရှိ တစ်ယောက်ပဲ။ သူနဲ့ တစ်ခန်းတည်း အတူ ရှိနေရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ ရှက်စရာပဲ"

"ဟား... ဒီလို လူဆိုက ဖားယားပြီး ဒီရာထူးကို ရလာတာပဲ။ အရှင်မင်းကြီး လှည့်စားခံလိုက်ရတာ ဖြစ်ရမယ်"

"..."

လေထု ငြိမ်သက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းပြောင် နှုတ်ခမ်းကို သပ်လိုက်ပြီး လက်က ခါးဆီသို့ ချက်ချင်း ရောက်သွားသည်။ ပြီးနောက် ဖန်ကျန်းရီကို ကြည့်လိုက်၏။

လီယွမ်ကျောက် ရှိနေသေးသည်ကို ထည့်စဉ်းစားကာ ဖန်ကျန်းရီ ပြဿနာ မရှာချင်တော့ချေ။

ထို့ကြောင့် စားပွဲအောက်တွင် ကျန်းပြောင်၏ လက်ကို ဆွဲရမ်းကာ အချက်ပြ ခေါင်းညိတ်လိုက်ပြီးနောက် ပြုံးလျက် ပြောလိုက်သည်။ "ကောင်းပြီလေ။ လူတိုင်းက ကြားချင်နေတော့ ကျုပ်က စကားနည်းနည်း ပြောရမှာပေါ့"

ထို့နောက် လူအုပ်ကြီး၏ နှိမ့်ချသော အကြည့်များကြားမှ သူက ယုံကြည်မှုရှိစွာဖြင့် ရှေ့သို့ လျှောက်သွားခဲ့၏။

"ဒီအရာရှိက ဒီနေ့ တခြားသူတွေနဲ့ တစ်ခန်းတည်းမှာ အရက်သောက်ခွင့် ရတဲ့အတွက် အရမ်း ဝမ်းသာပါတယ်။ လောလောဆယ်တော့ ပျော်စရာကောင်းအောင် လူတိုင်းကို ဆုလာဘ်တစ်ခု ပေးပါ့မယ်။

ဒီအရာရှိနဲ့ အိမ်ရှေ့စံမင်းသားက ညီအစ်ကိုလို ရင်းနှီးတယ်လို့ ပြောလို့ရပါတယ်။ ပြီးတော့ အိမ်ရှေ့စံမင်းသားက ကဗျာကို အရမ်း သဘောကျတယ်ဆိုတာ ဒီအရာရှိ သိပါတယ်။ ပထမဆုရမယ့်သူက လှပတဲ့ အမျိုးသမီး တစ်ယောက်နဲ့ အတူရှိခွင့်ရမှာဆိုတော့ ဒီအရာရှိက အပိုတစ်ခု ထပ်ပေါင်းထည့်ပေးနိုင်ပါတယ်။

"ဒီနေ့ရဲ့ အနိုင်ရရှိသူကို ဒီအရာရှိက အိမ်ရှေ့စံမင်းသားဆီ စိတ်အေးချမ်းသာစွာနဲ့ အကြံပြုပေးပါ့မယ်။ ဒါဆို... အလှမယ်လေးကို ပွေ့ဖက်ပြီး အိမ်ရှေ့စံမင်းသား ရှေ့မှောက်မှာ အရည်အချင်းတွေကို ပြသခွင့်ရတာ မကောင်းဘူးလား။ ကျုပ် ပြောစရာရှိတာ ပြီးပြီ... ကျေးဇူးပြုပြီး လုပ်ကြပါ"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ မျက်လုံးများက ဖန်ကျန်းရီထံသို့ လှည့်လာကြ၏။

အိမ်ရှေ့စံမင်းသားနှင့် တွေ့ဆုံခွင့်ရဖို့ဆိုသည်မှာ နန်းတွင်းမိဖုရား တစ်ပါးနှင့် တွေ့ရသည်ထက် များစွာ ရှားပါးသည်။

ယခုမူကား နာမည်ကျော် အလှမယ်လေးနှင့် အတူရှိခွင့်ရမည့်အပြင် အိမ်ရှေ့စံမင်းသားနှင့်ပါ တွေ့ဆုံခွင့် ရရှိမည်။ ဤသည်မှာ အချစ်ရေးနှင့် ရာထူးအာဏာ နှစ်ရပ်စလုံးအတွက် အောင်မြင်မှု သရဖူကို ဆွတ်ခူးလိုက်ခြင်းပင်။ ဖန်ကျန်းရီကဲ့သို့သော အောက်တန်းစားကောင်ပင် ဤသို့ နေရာရနိုင်သေးလျှင်၊ သူတို့ကကော အဘယ်ကြောင့် မရနိုင်ရမည်နည်း။

All Chapters