← Chapters

အခန်း (၆၁-၆၂)

Vol. 5 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 5 Ch. 61-62

အပိုင်း (၆၁) မိစ္ဆာမြို့ဝန် တစ်ကျော့ပြန်ပေါ်လာခြင်း။

အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် ဖန်ကျန်းရီက နောက်ဆုံးစာကြောင်းနှစ်ကြောင်းကို စဉ်းစား၍ မရခဲ့ပေ။ မတတ်နိုင်သည့်အဆုံး နောက်ဆုံး၌ မျဉ်းတိုနှစ်ကြောင်းကိုသာ ဆွဲလိုက်သည်။ လက်ဖြင့် စားပွဲကို အားကုန် ရိုက်ချကာ ပြောလိုက်၏။ “သွားကပ်လိုက်တော့။”

အစေခံမိန်းကလေးက စာရွက်ပေါ်ရှိ ကဗျာကို မျက်လုံးလေးများ အရောင်လက်ကာ ကြည့်နေသည်။ ၎င်းကဗျာ၏ ရသထဲတွင် နစ်မျောသွားပုံရ၏။ သို့ပေမည့် နောက်ဆုံးစာကြောင်းကို မြင်ချိန်မှာတော့ သူမ၏မျက်လုံးထဲတွင် နားမလည်နိုင်မှုများ ဖြတ်ပြေးသွားသည်။ အဘယ့်ကြောင့် စာနှစ်ကြောင်း လိုနေရသနည်း။ တကယ့်ကို နှမြောစရာပင်။ နံရံတွင် ကပ်ပြီးသည်နှင့် နောက်ထပ်တစ်စောင်ကို အမြန်ကူးယူကာ ဒုတိယထပ်သို့ အလျင်အမြန် ပို့ဆောင်လိုက်သည်။

အောက်ထပ်ရှိ ပညာတတ်များစွာက နံရံပေါ်ရှိ 'ယွီလင်လင်း' ကဗျာကို ကြည့်ကာ မချီးကျူးဘဲ မနေနိုင်ကြချေ။

“တကယ့်ကို ကောင်းကင်ဘုံက ဖန်ဆင်းထားတဲ့ ကဗျာတစ်ပုဒ်ပဲ။ စကားလုံး အသုံးအနှုန်းက အပြစ်ပြောစရာမရှိဘူး။ ရှုခင်းဖွဲ့နွဲ့ထားတာကလည်း ရှင်းလင်းပြီး သဘာဝကျတယ်။ မြင်ကွင်းက အသက်ဝင် လွန်းတယ်။”

“ဖတ်လိုက်တာနဲ့ ကိုယ်တိုင်ရောက်နေသလို ခံစားရတယ်။ စိတ်နှလုံးကို ဖမ်းစားနိုင်လွန်းတယ်။ ဒီကဗျာက ဒီနေ့အတွက် အကောင်းဆုံးပဲ။ ကြည့်ရတာ ပထမဆုက မြို့ဝန်ဖန်ကလွဲပြီး တခြားသူမဖြစ်နိုင်တော့ဘူး။”

“အတက်အကျ အရမ်းကောင်းတယ်။ အသံနဲ့ ခံစားချက်ကိုလည်း သေချာဖော်ကျူးထားတယ်။ သီချင်းအဖြစ် ဆိုလိုက်မယ်ဆိုရင်လည်း လူကို ဆွဲဆောင်နိုင်မှာ အသေအချာပဲ။ အပြစ်ပြောစရာကို မရှိတာ။ လော့သခင်မလေးကို ဒီကဗျာလေး သီဆိုခိုင်းသင့်တယ်။”

“ဒါပေမဲ့ ဘာလို့ နှစ်ကြောင်း လိုနေရတာလဲ။”

“ဟုတ်ပ။ ဘာလို့ နှစ်ကြောင်း လိုနေရတာလဲ။ ဒါဆို မလှတော့ဘူးလေ။”

နင်ဟုန်ယွမ်၏ မျက်နှာက အနည်းငယ် ဖြူရော်နေသည်။ ကိစ္စများက သူထင်ထားသည်ထက် ကျော်လွန်သွားခဲ့၏။ ဖန်ကျန်းရီတွင် တကယ်ပဲ ဤသို့ပညာရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ နားဘေးတွင် ကျန်းချန်ကလည်း တတွတ်တွတ် ရေရွတ်နေသောကြောင့် သူ အနည်းငယ် စိတ်ရှုပ်လာမိသည်။ နံရံပေါ်ရှိ ကဗျာကို စူးစိုက်ကြည့်ကာ အချိန်အတော်ကြာ စဉ်းစားနေလိုက်၏။ ရုတ်တရက် သူ၏ မျက်လုံးများ အရောင်လက်သွားပြီး ကျန်းချန်၏ နားနားသို့ ကပ်ကာ တီးတိုးပြောလိုက်သည်။ “သခင်လေး ဒီကဗျာက သံသယဖြစ်စရာ ကောင်းတယ်လို့ ကျုပ် ထင်တယ်။

ဒီကဗျာထဲက ခံစားချက်က အရမ်းကို စစ်မှန်ပြီး နက်ရှိုင်းတယ်။ ဒါမျိုးကို ဖန်ကျန်းရီလို လူမျိုးက ရေးနိုင်ပါ့မလား။ ဒါအပြင် ဘာလို့ နောက်ဆုံးစာကြောင်း နှစ်ကြောင်းက လိုနေရတာလဲ။ ကျုပ်တော့ သူ သူများဆီက ခိုးချလာတာလို့ သံသယရှိတယ်။”

ထိုစကားကို ကြားချိန်မှာတော့ ကျန်းချန် ကြောင်အသွားသည်။ သူက နံရံဘက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်၏။ “ဟုတ်တယ်။ ဟုတ်တယ်။ သေချာပေါက် ဒီလိုပဲ ဖြစ်ရမယ်။”

ကိစ္စကို နားလည်သွားပြီးနောက် နင်ဟုန်ယွမ်က ယုံကြည်မှုအပြည့်ဖြင့် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ “မြို့ဝန်ဖန်ရဲ့ ကဗျာက တကယ့်ကို တစ်သောင်းမှာ တစ်ပုဒ်တောင် ရှားပါတယ်။ ကျုပ်တော့ တကယ်ကို လေးစားသွားပြီ။ ဒါပေမဲ့ ဘာလို့ နောက်ဆုံးနှစ်ကြောင်းက လိုနေရတာလဲ။ ပြီးတော့ အောက်က မျဉ်းနှစ်ကြောင်း ကရော ဘာအဓိပ္ပာယ်လဲ။”

လူတိုင်းက ဤမေးခွန်းကို သိချင်နေကြသည်။ ဖန်ကျန်းရီက အစကတည်းက အဖြေကို ကြိုတင်စဉ်းစားထားပြီး ဖြစ်၏။ သူက ဟန်လုပ်ကာ ပြောလိုက်၏။ “ဒီကဗျာကို ရေးတဲ့အချိန်မှာ ကျုပ်ရဲ့ ဉာဏ်ကွန့်မြူးမှုက စမ်းရေလို စီးဆင်းလာတယ်။ အရမ်းကို ချောမွေ့လွန်းလို့ ဒီကဗျာက ပထမဆု ရမယ်ဆိုတာ ကျုပ် ယုံကြည်ထားတယ်။ ဒါပေမဲ့ ဒီနေ့တော့ ကျုပ်က ပွဲကြည့်ပရိသတ် တစ်ယောက်အနေနဲ့ပဲ နေချင်တယ်။ ဒါကြောင့် ကျန်နေတဲ့ နှစ်ကြောင်းကို ခင်ဗျားတို့ ဖြည့်စွက်လို့ ရအောင် ချန်ထားခဲ့တာပဲ။

တကယ်လို့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူ ရှိရင် ကျုပ် အရှုံးပေးပါ့မယ်။ သေချာတာပေါ့ အဲဒီလို အရည်အချင်းရှိတဲ့သူကိုလည်း အိမ်ရှေ့စံမင်းသားဆီ အကြံပြုပေးပါအုံးမယ်။

အောက်က မျဉ်းနှစ်ကြောင်းကတော့ ကွက်လပ်ဖြည့်ဖို့ပါ။ လူတိုင်း ရေးရတာ အဆင်ပြေအောင်လို့ပေါ့။ အနိုင်ရတဲ့သူက နောက်ဆုံးနှစ်ကြောင်းကို အဲဒီမျဉ်းပေါ်မှာ ရေးလိုက်ရုံပါပဲ။”

ရောက်နေသူအားလုံး ရုတ်တရက် သဘောပေါက်သွားကြသည်။ ဖန်ကျန်းရီအပေါ် ထားရှိသည့် သူတို့၏ အမြင်များက အတော်လေး ပြောင်းလဲသွား၏။ တစ်စုံတစ်ယောက်က ခပ်လှမ်းလှမ်းမှနေ၍ လက်သီးဆုပ်ကာ ပြောလိုက်သည်။ “မြို့ဝန်ဖန်က တကယ့်ကို သဘောထားကြီးတာပဲ။ အစက ကျုပ် မြို့ဝန်ဖန်အပေါ် အထင်လွဲနေခဲ့တာ။ ဒီနေ့မှပဲ ကိုယ်တိုင် မျက်စိပိတ် နားပိတ် ဖြစ်နေမှန်း သိရတော့တယ်။ တကယ်ကို ရှက်စရာကောင်းလိုက်တာ။”

ဖန်ကျန်းရီက လက်ကာပြကာ သဘောထားကြီးစွာဖြင့် ပြောလိုက်၏။ “ကိစ္စမရှိပါဘူး။ ကျုပ်တို့လို ပညာတတ်တွေက ရေဆန်ကို လှော်ခတ်ပြီး ကြိုးစားရှေ့ဆက်ရမှာပဲလေ။ ဒီမှာရှိတဲ့သူတွေ အားလုံးက ကျုပ်တို့ တိုင်းပြည်ရဲ့ အနာဂတ် ခေါင်းဆောင်တွေပဲ။ ကျုပ်က ခင်ဗျားတို့နဲ့အတူ အတူတူ ကြိုးစားသွားပါ့မယ်။”

ကျန်းချန်၏ မျက်နှာက ပြာနှမ်းသွားသည်။ ဖန်ကျန်းရီ ဤမျှ နှုတ်ရေးကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အခြေအနေကို ထပ်မံပြောင်းလဲသွားစေပြန်သည်။ သူက အလောတကြီးဖြင့် ပြောလိုက်သည်။ “ဒါဆိုရင် မြို့ဝန်ဖန်က ကျုပ်တို့ကို ဒီကဗျာနောက်ကွယ်က ဇာတ်လမ်းလေးကို ပြောပြပါလား။ ကျုပ်တို့လည်း လေ့လာလို့ ရတာပေါ့။”

ဖန်ကျန်းရီ၏ မျက်နှာက တဖြည်းဖြည်း တည်တင်းသွားသည်။ ထပ်လာပြန်ပြီလား။ သုံးခါတောင် ရှိနေပြီနော်။

“ကျုပ်က မပြောပြချင်ဘူးဆိုရင်ရော …။”

နင်ဟုန်ယွမ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ “မြို့ဝန်ဖန်က နောက်နေပြန်ပါပြီ။ လူကြီးမင်း ကိုယ်တိုင်ရေးထားတဲ့ ကဗျာဆိုမှတော့ ဘာလို့ ပြောမပြနိုင်ရမှာလဲ။ လူကြီးမင်း ရေးထားတာ မဟုတ်လို့သာ နေမှာပါ။

ဒီကဗျာရဲ့ ဇာစ်မြစ်ကို မပြောပြဘူးဆိုရင် လူတိုင်းက အလကား အချိန်ကုန်ခံနေရသလို ဖြစ်နေမှာပေါ့။ ဒီလိုဆိုရင်တော့ လုပ်ရကိုင်ရတာ ခက်ခဲလိမ့်မယ်။”

လူငါးယောက်ကြားတွင် တင်းမာနေသော လေထုက ဖုံးလွှမ်းသွားသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဖန်ကျန်းရီက ရုတ်တရက် ရယ်မောလိုက်၏။ “ခက်ခဲတယ်ဟုတ်လား။ သောက်ကျိုးနည်း အဲဒီလိုဆိုရင်လည်း မလုပ်နဲ့တော့။”

စကားသံဆုံးသည်နှင့် ကျန်းပြောင်က ရုတ်တရက် ထလာသည်။ သူ၏ လက်နှစ်ဖက်မှ အင်အားများ အပြည့်အဝ ထွက်ပေါ်လာကာ လေးလံလှသော သစ်သားစားပွဲဝိုင်းကြီးကို လှန်ချလိုက်ပြီး နင်ဟုန်ယွမ်နှင့် ကျန်းချန်တို့ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။ သူတို့နှစ်ယောက်က နှစ်ပေါင်းများစွာ အတူနေလာခဲ့သူများ ဖြစ်သည်။ ကျန်းပြောင်သည် ဖန်ကျန်းရီ၏ ညာလက်ရုံးသဖွယ် ဖြစ်နေခဲ့ပြီမို့ သူတို့ကြားရှိ နားလည်မှုက ပြောစရာပင် မလိုတော့ချေ။

ထိုနှစ်ယောက် တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ စားပွဲအောက်တွင် ပြားပြားဝပ်သွားရ၏။ စားပွဲ ပြုတ်ကျသွားသည့် အခိုက်အတန့်တွင် ကျန်းပြောင်နှင့် ဖန်ကျန်းရီက စားပွဲပေါ်သို့ ပြိုင်တူ ခုန်တက်လိုက်ကြသည်။ လီယွမ်ကျောက်က ခေတ္တမျှ တွေဝေသွားပြီးနောက် သူလည်း ခုန်တက်လိုက်သည်။ လူသုံးယောက်က စားပွဲပေါ်တွင် ပျော်ရွှင်စွာ ခုန်ပေါက်နေကြပြီး စားပွဲအောက်တွင် ပိနေသော နှစ်ယောက်ကမူ မရပ်မနား ဆဲဆိုနေကြ၏။

ပတ်ဝန်းကျင်ရှိ လူတိုင်းက ကြောင်အစွာ ကြည့်နေကြသည်။ စောစောကမှ အကောင်းကြီး ရှိနေသေးသည်ကို ဘာကြောင့် ရုတ်တရက် ဇာတ်လမ်းပြောင်းသွားရသနည်းဟု နားမလည်နိုင်အောင် ဖြစ်နေကြသည်။

သို့သော်ငြား စားပွဲအောက်ရှိ လူနှစ်ယောက်၏ စူးစူးဝါးဝါး အော်ဟစ်သံများကို ကြားရချိန်မှာတော့ လူတိုင်း၏ စိတ်ထဲတွင် ချမ်းစိမ့်စိမ့် ဖြစ်လာကြ၏။ လူတိုင်းက နားလည်မှု ရှိစွာဖြင့် နံရံထောင့်သို့ ကပ်သွားကြပြီး အသံတစ်သံမှ ထွက်မလာရဲကြချေ။ ခန်းမတစ်ခုလုံးတွင် ကျန်းချန်တို့နှစ်ယောက်၏ ဆဲဆိုသံများသာ ထွက်ပေါ်နေ၏။

“အား ဖန်ကျန်းရီ။ အား မင်း သတ္တိကတော့ မသေးဘူးပဲ။ ငါက အား ဘဏ္ဍာရေးအမတ်ရဲ့ သားကွ။ မြန်မြန် ငါ့ကို လွှတ်ပေးစမ်း။ အား။ ဖန်ကျန်းရီ။ ငါက အား ငါ့အဖေကို မင်းအကြောင်း တိုင်ခိုင်းရမယ်။ အား မင်းတော့ သွားပြီပဲ။ အား အား အား။”

“ကယ်ကြပါအုံး။ ကယ်ကြပါအုံး။”

ထိုနှစ်ယောက် အရှုံးမပေးသေးသည်ကို ကြားချိန်မှာတော့ ဖန်ကျန်းရီ၏ ဒေါသက ပို၍ ထွက်လာ၏။ သူက ဘေးဘယ်ညာသို့ လှည့်ကာ ပြောလိုက်သည်။ “လာ ….ဘယ်သူ ပိုအမြင့်ကြီး ခုန်နိုင်လဲ ပြိုင်ကြရအောင်။”

“ကောင်းပြီ။”

လူသုံးယောက်က ပို၍ စိတ်အားထက်သန်စွာဖြင့် ခုန်ပေါက်နေကြပြီး တစ်ယောက်ထက် တစ်ယောက် ပိုမြင့်အောင် ခုန်နေကြသည်။ လီယွမ်ကျောက်သည် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် ကိုယ့်ကိုယ်ကိုယ်ပင် မထိန်းချုပ်နိုင်တော့ဘဲ မျက်နှာတစ်ခုလုံး နီရဲနေသည်။ အနာဂတ်တွင် နန်းတက်လျှင် ဖန်ကျန်းရီကို တရားရေး အမတ်ရာထူး သေချာပေါက် ပေးမည်ဟု သူ တွေးနေမိ၏။

ရုတ်တရက် လူအုပ်ထဲမှ တစ်ယောက်က အော်ဟစ်လိုက်သည်။ “လှေကမ်းကပ်ပြီဟေ့။”

ဤအရူးသုံးယောက် သူတို့ကိုပါ ထိခိုက်လာမည်ကို ကြောက်ရွံ့သောကြောင့် လူအုပ်ကြီးက အပြင်သို့ ပျားပန်းခပ်သလို ပြေးထွက်သွားကြသည်။ ခဏအကြာတွင် လှေခန်းထဲ၌ လူသူကင်းမဲ့သွား၏။

ထိုလူသုံးယောက်ကမူ အမြင့်ခုန်ပြိုင်ပွဲကို အာရုံစိုက်နေကြဆဲ ဖြစ်သည်။ စားပွဲအောက်မှ ဆဲဆိုသံများက တောင်းပန်သံများအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အားပျော့လှသော ညည်းညူသံများအဖြစ်သာ ကျန်ရစ်တော့သည်။

ဒေါသများ ပြေသွားချိန်မှာတော့ ဖန်ကျန်းရီက စားပွဲပေါ်မှ အရင်ဆုံး ခုန်ဆင်းလိုက်၏။ “ရပြီ။ ဒီလောက်ဆို တော်ပြီ။ ဆက်လုပ်ရင် လူသေလိမ့်မယ်။”

ထိုစကားကို ကြားချိန်မှာတော့ သူတို့နှစ်ယောက်လည်း နောက်မှလိုက်၍ ခုန်ဆင်းလာကြသည်။ ထို့နောက် ကျန်းပြောင်က စားပွဲကို မ,ဖယ်လိုက်ရာ အောက်တွင် အသက်ရှူရခက်ခဲနေသော လူနှစ်ယောက် ပေါ်လာ၏။ သူတို့၏ ပါးစပ်ထောင့်များမှ သွေးများပင် စိမ့်ထွက်နေသည်။

ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်များက တဆတ်ဆတ်နှင့် တုန်ခါသွား၏။

ဘယ်လိုလုပ် ဒီလောက်တောင် ဖြစ်သွားရတာလဲ။ နည်းနည်း လွန်သွားသလိုပဲ။

ကျန်းပြောင်ကို လှည့်ကြည့်လိုက်မှ သူ သတိရသွားသည်။ ဤအကောင်၏ ခန္ဓာကိုယ်တွင် လက်နက်များနှင့် ငွေများ အပြည့်အမောက် ပါရှိနေပြီး လူက လမ်းကြိတ်စက်ကြီးနှင့်ပင် တူနေ၏။ ကံကောင်း၍ စောစော ဆင်းလာခဲ့ခြင်းဖြစ်သည်။ နောက်ထပ် ခဏလောက်သာ ဆက်ခုန်နေပါက ဒီနှစ်ယောက် တကယ် သေသွားလောက်သည်။

ထို့နောက် ဖန်ကျန်းရီက ဆောင့်ကြောင့်ထိုင်ကာ ကျန်းချန်၏ ဆံပင်ကို ဆွဲမ,ပြီး ခက်ထန်စွာ ပြောလိုက်၏။ “အခွင့်အရေး ပေးတာကို အသုံးမချတတ်ဘူးပဲ။ အခွင့်အရေး ပေးတာကို မင်း အသုံးမချတတ်ဘူးပဲ။”

ကျန်းချန်၌ ပြန်လည်ခုခံလိုသော စိတ်ကူး လုံးဝမရှိတော့ချေ။ သူက ကြောက်လန့်တကြား တောင်းပန်လိုက်သည်။ “ကျုပ် မှားသွားပါပြီ။ မြို့ဝန်ဖန် ကျုပ် မှားသွားပါပြီ။ ကျုပ်ကို ချမ်းသာပေးပါ။”

ခွင့်လွှတ်သင့်သည့်နေရာတွင် ခွင့်လွှတ်ရမည်။ သူ အရှုံးပေးသွားသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီလည်း ဆက်ပြီး အပြစ်ပေးလိုစိတ် မရှိတော့ဘဲ ဆံပင်ကိုဆွဲကာ မြေကြီးပေါ်သို့ ပစ်ချလိုက်၏။

ကျန်းချန်ဘေးတွင် သတိလစ်နေသော နင်ဟုန်ယွမ်ကို လှည့်ကြည့်ကာ ပြုံးလိုက်ပြီး မျက်နှာပေါ်သို့ ခြေထောက်ဖြင့် နင်းချလိုက်၏။ ကျန်းချန်က ကိစ္စမရှိသော်လည်း နောက်လိုက်ခွေးက ပို၍ မုန်းဖို့ကောင်းသည်။

သို့သော်ငြား ဤတစ်ချက် နင်းချလိုက်ချိန်တွင် နင်ဟုန်ယွမ်က နှာခေါင်းကို အုပ်ကာ စူးစူးဝါးဝါး အော်ဟစ် လိုက်၏။ “အမလေး … နာလိုက်တာ။”

လီယွမ်ကျောက်က ချက်ချင်း လက်ညှိုးထိုးကာ အော်လိုက်သည်။ “သူ သတိလစ်ချင်ယောင် ဆောင်နေတာပဲ။ ထပ်ချရအောင်။”

အပိုင်း (၆၂) မြို့ဝန်ဖန် ကျေးဇူးပြုပြီး သနားညှာတာပေးပါ။

သူ၏ ဉာဏ်နီဉာဏ်နက်များ ပေါ်လွင်သွားသည်ကို မြင်ချိန်မှာတော့ နင်ဟုန်ယွမ်က ချက်ချင်း တောင်းပန် လိုက်၏။ “မြို့ဝန်ဖန်... ကျုပ် မှားသွားပါပြီ။ ကျုပ်ကို တစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါ။”

“အို မင်းက ဘယ်နေရာ မှားသွားတာလဲ။”

“နေရာတိုင်း မှားသွားတာပါ။”

ဖန်ကျန်းရီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “အင်း မဆိုးဘူး။ ကောင်လေးက ဉာဏ်များသားပဲ။”

ထို့နောက် ခြေထောက်ဖြင့် လှမ်းကန်လိုက်ရာ ဤတစ်ကြိမ်တွင်တော့ နင်ဟုန်ယွမ် တကယ် သတိလစ် သွားတော့၏။

မြေကြီးပေါ်တွင် လဲကျနေသော နှစ်ယောက်ကို ကြည့်ရင်း ဖန်ကျန်းရီ၏ စိတ်ထဲတွင် သောကရောက်လာမိသည်။ ဒေါသထွက်သည်ကို ဖြေရှင်းလိုက်ခြင်းက ကောင်းမွန်သည် ဆိုသော်လည်း နောက်ကွယ်က ကိစ္စက ပို၍ ရှုပ်ထွေးလိမ့်မည်။ ရှေးခေတ်လူများက ဂုဏ်သိက္ခာကို အလွန်ဂရုစိုက်ကြသည်။ သူ့လက်ထဲတွင်သာ အသံဖမ်းစက်နှင့် ကင်မရာရှိလျှင် မည်မျှ ကောင်းမည်နည်း။

ခဏမျှ စဉ်းစားပြီးနောက် ရှေးရိုးနည်းလမ်းဖြင့်သာ ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ “ကျန်းပြောင် သူတို့နှစ်ယောက်ကို အဝတ်အစားတွေ ချွတ်လိုက်။ ပြီးရင် စားပွဲပေါ်မှာ ထပ်တင်ထားလိုက်။”

ကျန်းပြောင်က ကျွမ်းကျင်စွာဖြင့် သူတို့နှစ်ယောက်၏ အဝတ်အစားများကို ချွတ်ပစ်လိုက်ပြီး ကျန်းချန်ကို စားပွဲပေါ်တွင် မှောက်လျက် အနေအထားဖြင့် ထားလိုက်သည်။ နင်ဟုန်ယွမ်ကိုတော့ ကျန်းချန်၏ အပေါ်တွင် ထပ်တင်လိုက်၏။

ဖန်ကျန်းရီ တစ်ချက် အကဲခတ်ကြည့်လိုက်ရာ ပုံစံမှာ တကယ့်ကို သိမ်မွေ့လွန်းလှသည်။ သို့သော်ငြား ကြည့်နေရင်းနှင့် မပြည့်စုံသေးဟု ခံစားရသဖြင့် အရက်တစ်အိုးကို ယူကာ သူတို့အပေါ် လောင်းချလိုက်၏။ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်တွင် အရက်နံ့များ ချက်ချင်း ဖုံးလွှမ်းသွားသည်။

ထိုအချိန်တွင် ဒုတိယထပ်မှ အစေခံမိန်းကလေးတစ်ယောက် လင်ပန်းကို ကိုင်လျက် ဆင်းလာသည်။ ခန်းမကြီး လွတ်နေသည်ကို မြင်လိုက်ရပြီး စားပွဲပေါ်တွင် ထပ်နေသော အဖြူရောင်ခန္ဓာကိုယ် နှစ်ခုကို ထပ်မံ မြင်လိုက်ရ၏။ ထိတ်လန့်သွားသောကြောင့် လက်ထဲမှ လင်ပန်း ပြုတ်ကျသွားပြီး သစ်သားပြားတစ်ခုလည်း ပြုတ်ကျသွားသည်။ ထိုအပေါ်တွင် 'အကောင်းစား' ဟူသော စာလုံးနှစ်လုံးကို ရေးသားထား၏။ ဖန်ကျန်းရီတို့ သုံးယောက်၏ အကြည့်များက သူမထံသို့ ချက်ချင်း ရောက်သွားသည်။ အစေခံမိန်းကလေးသည် အလွန်အမင်း ထိတ်လန့်သွားပြီး လှေကားပေါ်မှ ကတိုက်ကရိုက် ဆင်းလာကာ ဖန်ကျန်းရီရှေ့သို့ ပြေးလာ၏။ သူမက အထစ်ထစ်အငေါ့ငေါ့ ဖြင့် ပြောလိုက်သည်။ “လူကြီးမင်း... ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ။ လူတွေအကုန် ဘယ်ရောက်သွားကြတာလဲ။ သူတို့က...”

ဖန်ကျန်းရီက ထိုအခြေအနေကို မြင်ချိန်မှာတော့ ဝမ်းသာအားရဖြင့် ပြောလိုက်၏။ “လာတာ အချိန်ကိုက်ပဲ။ ဒီလှေထဲမှာ တခြားလူတွေ ရှိသေးလား။”

“ရှိပါတယ်။ လှေဝမ်းဗိုက်ထဲမှာ အစားအသောက် ပြင်ဆင်နေတဲ့လူတွေ အများကြီး ရှိပါသေးတယ်။”

“မြန်မြန်သွား။ လူတွေအကုန်လုံးကို ငါ့ဆီ ခေါ်လာခဲ့။”

အစေခံမိန်းကလေး၏ မျက်လုံးများက ဟိုယိမ်းဒီယိမ်း ဖြစ်နေပြီး ထိုနေရာတွင် ရပ်ကာ ဘာမှမပြောဘဲ နေ,နေ၏။ ကျန်းပြောင်က ရှေ့သို့တိုးကာ မျက်စောင်းထိုးလိုက်ချိန်မှာတော့ အစေခံမိန်းကလေး လန့်သွားပြီး အလျင်အမြန် ထွက်ပြေးသွားတော့သည်။

အချိန်တိုအတွင်း လူနှစ်ဆယ်ကျော်ကို ခေါ်လာခဲ့ရာ အစေခံယောကျ်ားလေးများနှင့် မိန်းကလေးများ ပါဝင်၏။ ဖန်ကျန်းရီရှေ့တွင် တစ်တန်းတည်း ရပ်နေကြ၏။

ကိုယ်တုံးလုံး ဖြစ်နေသော ခန္ဓာကိုယ်နှစ်ခုကို ကြည့်ကာ လူတိုင်းက အံ့အားသင့်နေကြပြီး ဘာတွေဖြစ်နေမှန်း နားမလည်နိုင်အောင် ဖြစ်နေကြသည်။ စောစောက အပေါ်ထပ်မှ ဆူညံသော ခြေသံများကို ကြားလိုက်ရသည်။ တိတ်ဆိတ်သွားပြီးနောက် ပထမထပ်သို့ အခေါ်ခံရခြင်း ဖြစ်ကြောင်းကိုသာ သူတို့ သိကြ၏။ လူစုံသွားသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက စားပွဲပေါ်ရှိ ယုန်ဖြူကြီးနှစ်ကောင်ကို လက်ညှိုးထိုးကာ ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်သည်။

“အားလုံးပဲ ကြည့်ကြပါအုံး။ ဒီလူနှစ်ယောက်က ယောကျ်ားကောင်းတွေရဲ့ ကျင့်ဝတ်ကို မစောင့်ထိန်းဘဲ အရက်မူးပြီး လူမြင်ကွင်းမှာ ဒီလိုကိစ္စမျိုး လုပ်ရဲကြတယ်။ ပြီးတော့ သတိလစ် သွားတဲ့အထိတောင် သာယာနေကြသေးတယ်။

ကျုပ်က အိမ်ရှေ့စံမင်းသားရဲ့ အကြံပေးဖော်အဖြစ် တာဝန်ထမ်းဆောင်နေတာဆိုတော့ ဒီလို ယုတ်ညံ့တဲ့ ကိစ္စမျိုးကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။ ဒါပေမဲ့ အားလုံးက ပညာတတ်တွေ ဖြစ်နေတာကို ထောက်ထားပြီးတော့ တစ်ခဏတာ သာယာမှုက ကြီးမားတဲ့ အမှားကြီး မဟုတ်ဘူးလို့ သဘောထား လိုက်ပါ့မယ်။

ဒါကြောင့် ခင်ဗျားတို့ကို ခေါ်လိုက်ရတာက ဒီကိစ္စကို လျှို့ဝှက်ထားပေးဖို့ပါ။ သူတို့ရဲ့ အနာဂတ်ကို မထိခိုက်စေဖို့ပေါ့။ တကယ်လို့ အပြင်မှာ ကောလာဟလတွေ ထွက်လာတာကို ကျုပ် ကြားရရင်တော့ ကျုပ်ကို အားမနာဘူးလို့ မပြောနဲ့နော်။ အားလုံး နားလည်ကြလား။”

လူတိုင်းက ရုတ်တရက် အချင်းချင်း ကြည့်လိုက်ကြသည်။ ငါတို့ကို ခေါ်ပြပြီးတော့ လျှို့ဝှက်ထားခိုင်းသေးတယ်ပေါ့။ ရူးနေတာလား။

ထို့နောက် ဖန်ကျန်းရီက လူတစ်ယောက်ကို ရေတစ်ဇလုံ ခပ်ခိုင်းကာ ကျန်းချန်တို့ နှစ်ယောက်ကို ပက်၍ နှိုးလိုက်၏။

ကျန်းချန်နှင့် နင်ဟုန်ယွမ်တို့သည် တဖြည်းဖြည်း သတိရလာပြီးနောက် ချက်ချင်းပင် လန့်ဖြန့်ကာ ထထိုင်လိုက်ကြသည်။

အစေခံမိန်းကလေး အများအပြားက ဤမြင်ကွင်းကို မြင်ချိန်မှာတော့ မျက်လုံးများကို အုပ်လိုက်ကြ၏။

သူတို့နှစ်ယောက် သတိအပြည့်အဝ ပြန်ရလာပြီးနောက် ကြည့်လိုက်ရာ ဖန်ကျန်းရီ ရှိနေသေးကြောင်း၊ သူတို့ကိုယ်ပေါ်တွင် အဝတ်အစားများ မရှိတော့ဘဲ အရက်နံ့များ နံနေကြောင်း၊ သူတို့ဘေးတွင်လည်း ကြည့်ရှုနေသူများ တစ်တန်းကြီး ရပ်နေကြောင်း မြင်လိုက်ရသဖြင့် စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်သွားသည်။ ထို့အတူ ရှက်ရွံ့သွားကြသည်။ သူတို့နှစ်ယောက်၏ မျက်နှာများ ဖြူရော်သွားပြီး ဖော်ပြ၍ မရသော နေရာများကို အုပ်ကာ ဖန်ကျန်းရီထံသို့ တောင်းပန်နေသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ဖန်ကျန်းရီက ချက်ချင်းပဲ လူအုပ်ကြီးကို ဆူပူလိုက်၏။ “ဘာတွေ ကြည့်နေကြတာလဲ။ လူမှုရေး နားမလည်ကြလား။ ဟိုဘက် လှည့်နေကြစမ်း။”

လူတိုင်းက အလျင်အမြန် လှည့်သွားကြပြီး စိတ်ထဲတွင် ငြီးတွားနေကြသည်။ သူပဲ ငါတို့ကို ခေါ်ပြတာ မဟုတ်လား။

လူအုပ်ကြီး ကျောခိုင်းသွားသည်ကို မြင်ချိန်မှာတော့ ကျန်းချန်နှင့် နင်ဟုန်ယွမ်တို့က ပြိုင်တူ ဒူးထောက်ချလိုက်ကြပြီး ခေါင်းကို အစွမ်းကုန် ငုံ့ထားကြ၏။

“မြို့ဝန်ဖန်။ ကျုပ်...”

“ငါ မင်းကို မေးမယ်။ ကောင်းရဲ့လား။”

ကျန်းချန် နားမလည်ပေ။ သို့သော်ငြား ခေါင်းမော့ကြည့်လိုက်ချိန်မှာတော့ ဖန်ကျန်းရီက သူ့ကို အပေါ်စီးမှနေ၍ ပြုံးကာ ကြည့်နေကြောင်း မြင်လိုက်ရသည်။ ဤအပြုံးက ကျန်းချန်၏ မျက်လုံးထဲတွင် မိစ္ဆာတစ်ကောင်၏ အပြုံးနှင့်ပင် တူနေ၏။ ထို့ကြောင့် သူက အလျင်အမြန် ပြောလိုက်သည်။ “ကောင်းတယ်။ ကောင်းတယ်။”

“ကောင်းပါတယ်ခင်ဗျာ။”

နင်ဟုန်ယွမ်ကလည်း နောက်မှလိုက်၍ ထောက်ခံလိုက်သည်။

ကျောခိုင်းထားသူ အများအပြားက မထီမဲ့မြင်ဖြင့် နှုတ်ခမ်းမဲ့လိုက်ကြသည်။ သပ်သပ်ရပ်ရပ် ဝတ်စားထားသော ဤသခင်လေး နှစ်ယောက်က အရှက်သိက္ခာမဲ့လွန်းလှ၏။

ဖန်ကျန်းရီက အဝတ်အစား နှစ်ထည်ကို ယူကာ သူတို့နှစ်ယောက်ကို ရင်းနှီးစွာ ခြုံပေးလိုက်ပြီးနောက် အစေခံ ယောကျ်ားလေး တစ်ယောက်ကို ခေါ်လိုက်၏။ “လာ စောစောက ဘာဖြစ်သွားလဲဆိုတာ ငါ့ကို တစ်ခေါက် ပြန်ပြောပြစမ်း။”

ခေါ်ခံရသော အစေခံက တုန်တုန်ယင်ယင်ဖြင့် လျှောက်လာကာ တိုးတိုးလေး ပြောလိုက်သည်။ “သခင်လေး နှစ်ယောက်က အရက်မူးပြီးတော့ ပျော်ပါးကြရင်း... အတူတူ သာယာ... သာယာပြီး သတိလစ်သွားကြတာပါ။”

“အသံကျယ်ကျယ် ပြောစမ်း။ မကြားရဘူး။”

“သခင်လေး နှစ်ယောက်က အရက်မူး ပျော်ပါးကြရင်း သာယာပြီး သတိလစ်သွားကြတာပါ။”

“ကောင်းတယ်။ တော်တော် ပြောတတ်တာပဲ။ ပြန်သွားတော့။”

အစေခံက အလျင်အမြန်ဖြင့် သူ့နေရာသူ ပြန်သွား၏။

ကျန်းချန်နှင့် နင်ဟုန်ယွမ်တို့က ခေါင်းငုံ့ထားကြသည်။ ထိုစကားကို ကြားချိန်မှာတော့ သူတို့၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်လုံးအိမ်တွင် သွေးကြောများ အပြည့် ပေါ်လာသော်လည်း စကားတစ်ခွန်းမှ မပြောရဲကြချေ။ ဖန်ကျန်းရီ ဒေါသထွက်ပြီး သူတို့ကို သတ်ပစ်မည်ကို ကြောက်ရွံ့နေကြသည်။

သူတို့နှစ်ယောက် အရှုံးပေးသွားပြီကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက ခပ်ဖွဖွ ပြုံးလိုက်၏။ “ခေါင်းမော့လိုက်စမ်း။”

သူတို့နှစ်ယောက် ဖြည်းညင်းစွာ ခေါင်းမော့လာကြသည်။

“ကဲ ဒီလောက်ဆိုရင်လည်း အားလုံး အထင်လွဲတာတွေ ပျောက်သွားလောက်ပါပြီ။ ဒီနေ့ ဒီမှာရှိတဲ့ တစ်... နှစ်... ခုနစ်... ဆယ့်သုံး... အာ သုံးဆယ့်နှစ်ယောက်လုံးရဲ့ နာမည်တွေကို ကျုပ် မှတ်ထားပြီးပြီလို့ မင်းတို့နှစ်ယောက်ကို အာမခံနိုင်တယ်။ ဘယ်သူမှ ဒီကိစ္စကို အပြင်မှာ ပြောပြမှာ မဟုတ်ဘူး။”

“မင်းတို့ နားလည်လား။”

ကျန်းချန်နှင့် နင်ဟုန်ယွမ်တို့က အံကြိတ်ထားကာ ကြောက်မက်ဖွယ် မျက်နှာထားဖြင့် ပြန်ဖြေလိုက်ကြ၏။ “နားလည်ပါပြီ။”

“ကောင်းတယ်။ ဒီနေ့ ဒီမှာရှိတဲ့ သူတွေအကုန်လုံးက သက်သေတွေပဲ။ တကယ်လို့ သူတို့ ဒါမှမဟုတ် သူတို့ရဲ့ မိသားစုဝင်တွေ တစ်ခုခု ဖြစ်ခဲ့ရင် ခြေထောက်ခေါက်တာလေးကအစ ငါက မင်းတို့ခေါင်းပေါ် ပုံချမှာနော်။ နားလည်လား။”

“နားလည်ပါပြီ။”

“ကောင်းတယ်။ ဒါဆိုရင် မင်းတို့ အိမ်ပြန်ရောက်ရင် ဘယ်လိုပြောကြမလဲ။”

ကျန်းချန်သည် ပြောမပြတတ်အောင် နာကြည်းနေပြီ ဖြစ်သည်။ သူက မျက်ရည်ဝဲကာ ပြောလိုက်သည်။ “ဒီနေ့ ကျုပ် အရက်တွေ အများကြီး သောက်မိသွားတယ်။ စိတ်လိုက်မာပါ လုပ်မိပြီး လူကြီးမင်းနဲ့ စကားများခဲ့တယ်... ဒါပါပဲ။”

ဖန်ကျန်းရီက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး နင်ဟုန်ယွမ်ကို ကြည့်လိုက်၏။ “မင်းကရော။”

“ကျုပ်လည်း အတူတူပါပဲ။ အတူတူပါပဲ။”

ဖန်ကျန်းရီက ရှေ့သို့ တစ်လှမ်းတိုးကာ သူတို့နှစ်ယောက်ကို ခင်မင်ရင်းနှီးစွာ ထူပေးလိုက်သည်။ “သခင်လေး နှစ်ယောက်လုံး အရက်တွေ အများကြီး သောက်ထားတာဆိုတော့ အဝတ်အစား သေချာဝတ်ပြီး အိမ်မြန်မြန ်ပြန်ကြတော့။ အအေးပတ်နေအုံးမယ်။”

ထိုစကားကို ကြားချိန်မှာတော့ သူတို့နှစ်ယောက်လည်း အလျင်အမြန် ထကာ ထွက်သွားကြတော့သည်။

နှစ်လှမ်းပင် မလျှောက်ရသေးချိန်တွင် မိစ္ဆာ၏ အသံက ထပ်ထွက်လာပြန်၏။ “ဒီတိုင်း ထွက်သွားတော့မလို့လား။ ယဉ်ကျေးမှု မရှိလိုက်တာ။”

“ကျေးဇူးတင်ပါတယ် မြို့ဝန်ဖန်။”

“အင်း... သွားတော့ သွားတော့။”

လီယွမ်ကျောက်သည် ထိုနေရာတွင် ကြောင်အလျက် ရှိနေပြီး သူ၏စိတ်ထဲတွင် လှုပ်ရှားပျော်ရွှင်မှုများ ပြည့်နှက်နေ၏။ နန်းတော်ပြင်ပရှိ ကမ္ဘာကြီးက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှဿည်။

ထိုနှစ်ယောက် လှေခန်းထဲမှ ထွက်သွားသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက ကျောခိုင်းထားသော လူအုပ်ကြီးဘက်သို့ လှည့်လိုက်၏ “အားလုံးပဲ လူစုခွဲလိုက်ကြတော့။ ကိုယ့်အလုပ် ကိုယ်သွားလုပ်ကြ။”

ထိုစကားကို ကြားချိန်မှာတော့ လူတိုင်းက ဝန်ကျသွားသလို ခံစားလိုက်ရပြီး ချက်ချင်းပဲ အရပ်မျက်နှာ အသီးသီးသို့ ပြေးထွက်သွားကြ၏။ အရမ်း ကြောက်စရာကောင်းတယ်။ ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်ဘူး။

ယခုအခါ ခန်းမထဲတွင် လူသုံးယောက်သာ ကျန်တော့သည်။ ကျန်းပြောင်က အနားသို့ ကပ်လာကာ မေးလိုက်သည်။ “သခင်လေး နောက်ထပ် ဘာလုပ်ကြမလဲ။”

ဖန်ကျန်းရီက သူ့ကို မျက်စောင်းထိုးလိုက်သည်။ “လူတွေအကုန် ပြန်ကုန်ကြပြီလေ။ ဘာလုပ်ရအုံးမှာလဲ။ အစားအစာတွေ ထုတ်ယူသွားရမှာပေါ့။ လုပ်တော့။”

ကျန်းပြောင်က ရိုးအစွာ ရယ်မောလိုက်ပြီး ခါးတွင်ချိတ်ထားသော ဂုန်နီအိတ် သုံးအိတ်ကို ဖြုတ်လိုက်သည်။ တစ်ယောက် တစ်အိတ်စီ ယူကာ ခန်းမထဲတွင် စတင် ရှင်းလင်းရေး လုပ်ကြ၏။ မုန့်ပန်းကန်များ၊ ဟင်းပွဲများကို ဂုန်နီအိတ်ထဲသို့ လောင်းထည့်လိုက်ကြ၏။

ထွက်ပြေးသွားသော အစေခံမိန်းကလေးက ရုတ်တရက် ပြန်လှည့်လာပြီး ဖန်ကျန်းရီအနားသို့ သတိထားကာ ကပ်လာ၏။ သူမက တိုးတိုးလေး ပြောလိုက်သည်။ “မြို့ဝန်ဖန်... ကျွန်မတို့ သခင်မလေးက လူကြီးမင်းရဲ့ ကဗျာကို ဖတ်ပြီးသွားလို့ စကားပြောဖို့ အပေါ်ထပ်ကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်။”

ဖန်ကျန်းရီသည် ဟင်းများထည့်နေရင်း အရှိန်ရနေဆဲ ဖြစ်သည်။ ထိုစကားကို ကြားချိန်မှာတော့ ကြောင်အသွားပြီးနောက် ပြုံးကာ ပြောလိုက်၏။ “ကောင်းပြီလေ။ မင်းတို့နှစ်ယောက် ဒီမှာ ဆက်လုပ်နေကြ။ ငါ အပေါ် ခဏသွားလိုက်အုံးမယ်။”

ပြောပြီးနောက် ဂုန်နီအိတ်ကို ဆွဲကာ အစေခံမိန်းကလေးနှင့်အတူ ဒုတိယထပ်သို့ တက်သွားသည်။

ဖန်ကျန်းရီကို ဒုတိယထပ်သို့ ဖိတ်ခေါ်ပြီးနောက် အစေခံမိန်းကလေးက တံခါးပင် မပိတ်နိုင်တော့ဘဲ ကမန်းကတန်း ပြေးထွက်သွားတော့၏။

ဖန်ကျန်းရီ အခန်းထဲ ရောက်သည်နှင့် ပတ်ဝန်းကျင်ကို စတင် အကဲခတ်လိုက်သည်။ ဤအခန်းထဲရှိ အပြင်အဆင်များက သပ်ရပ်လှပပြီး အလယ်တွင် စောင်းတစ်လက်ကိုလည်း ထားရှိသည်။ နှာခေါင်းထိပ်တွင် မိန်းကလေးတစ်ယောက်၏ ရနံ့သင်းသင်းလေးကိုလည်း ခံစားလိုက်ရသည်။

မျက်စိရှေ့တွင် ဇာပုဝါပါးလေး ဖုံးအုပ်ထားသော ကုတင်တစ်လုံး ရှိနေသည်။ ကုတင်ပေါ်တွင် ကျောခိုင်း ထိုင်နေသော လှပသည့် ခန္ဓာကိုယ်လေးကို ဝိုးတဝါး မြင်နေရသည်။ လော့နင်ရှင်းက သူမ၏ နှုတ်ခမ်းလေးကို ဟကာ ပြောလိုက်၏။ “မြို့ဝန်ဖန် ရောက်လာပြီလား။”

“ဟုတ်ပါတယ်။”

ထိုစကားကို ကြားချိန်မှာတော့ လော့နင်ရှင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ “ကျွန်မက အစေခံလေးပြောမှပဲ လူကြီးမင်းက နန်းတော်အရာရှိမှန်း သိရတော့တယ်။ ကဗျာကို ဖတ်ပြီးမှပဲ မြို့ဝန်ဖန်က စာပေဘက်မှာ ဒီလောက် တော်မှန်း သိရတော့တယ်။ တကယ်ကို ရှက်စရာကောင်းလိုက်တာ။

ဒီကဗျာနဲ့ဆိုရင် ဒီကဗျာပြိုင်ပွဲရဲ့ ပထမဆုက လူကြီးမင်းကလွဲပြီး တခြားသူ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ ကျွန်မမှာ မြို့ဝန်ဖန်ကို မေးချင်တဲ့ မေးခွန်းတစ်ခု ရှိနေသေးတယ်။ မေးလို့ ရမလား။”

“အာ မေးပါ။” ဖန်ကျန်းရီက ဟိုဟိုဒီဒီ လိုက်လှည့်ကြည့်နေရင်း စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်သွားမိသည်။ ဒီထိပ်တန်းပြည့်တန်ဆာရဲ့ အခန်းက သာမန်အခန်းနဲ့ ဘာမှမကွာပါလား။ သာမန်တည်းခိုခန်းလောက်တောင် မကောင်းဘူး။

“စောစောက ကျွန်မ စောင်းတီးနေတဲ့အချိန်မှာ မြို့ဝန်ဖန်က အစားပဲ စားနေတာကို တွေ့လိုက်ရတယ်။ နင်ရှင်းရဲ့ စောင်းသံက လူကြီးမင်းရဲ့ နားထဲ မဝင်လို့များလား။”

“ကောင်းပါတယ်။ ကောင်းပါတယ်။ အဲဒီအချိန်က ကျုပ် နည်းနည်း ဗိုက်ဆာနေလို့ပါ။”

လော့နင်ရှင်းက ခပ်ဖွဖွ ရယ်မောလိုက်၏။ “ဒါဆိုရင် ကျွန်မက မြို့ဝန်ဖန်အတွက် နောက်တစ်ပုဒ် ထပ်တီးခတ် ပြချင်ပါတယ်။ ကျေးဇူးပြုပြီး...”

“လော့သခင်မလေး ဒီမုန့်တွေကို စားအုံးမှာလား။” ဖန်ကျန်းရီက စားပွဲပေါ်ရှိ မုန့်များကို လက်ညှိုးထိုးကာ မေးလိုက်သည်။

“... မစားတော့ပါဘူး။ မြို့ဝန်ဖန် သဘောရှိ သုံးဆောင်ပါ။”

ထိုစကားကို ကြားချိန်မှာတော့ ဖန်ကျန်းရီက မုန့်များကို ဂုန်နီအိတ်ထဲသို့ အလျင်အမြန် လောင်းထည့်လိုက်ပြီးနောက် လှည့်ကာ အခန်းထဲမှ ထွက်၍ အောက်ထပ်သို့ ဆင်းသွား၏။ ငါ အရူးဖြစ်မှပဲ မင်းရဲ့ ကုချင်းသံကို နားထောင်မယ်။

လော့နင်ရှင်းက မြို့ဝန်ဖန် ထွက်သွားပြီကို မသိသောကြောင့် သူမဘာသာ တစ်ယောက်တည်း စကားဆက်ပြောနေသည်။ “ဒါဆိုရင် ကျွန်မက မြို့ဝန်ဖန်အတွက် နောက်တစ်ပုဒ် ထပ်တီးပြချင်ပါတယ်။ မြို့ဝန်ဖန်က ဝေဖန်ပေးပါ။”

“...”

ခဏစောင့်နေသော်လည်း ဖန်ကျန်းရီ၏ တုံ့ပြန်သံကို မကြားရချေ။ လော့နင်ရှင်းက မျက်မှောင်ကြုတ်လိုက်သော်လည်း ချက်ချင်းပဲ မျက်နှာကို ပြုံးပြုံးလေး ထားလိုက်သည်။။ သူမက ချွဲနွဲ့သောအသံဖြင့် ပြောလိုက်၏။ “လူကြီးမင်းက စောင်းသံကို နားမထောင်ချင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ဒီကဗျာလေးနဲ့တင် လူကြီးမင်းက ကျွန်မရဲ့ စိတ်ထဲမှာ ထိုက်တန်တဲ့ ပထမဆုရှင် ဖြစ်နေပါပြီ။ ကျွန်မက အိပ်ယာဝင်အဖော်အဖြစ် ဆန္ဒရှိပါတယ်။ ဒါပေမဲ့ နင်ရှင်းက အပျိုစင်လေးမို့လို့ လူကြီးမင်းက သနားညှာတာပေးပါအုံးနော်...”

ပြောပြီးနောက် မျက်နှာဖုံးကို ဖြည်းညင်းစွာ ချွတ်ကာ လှည့်ကြည့်လိုက်သည်။

“……..”

All Chapters