အခန်း (၆၉-၇၀)
Vol. 5 Ch. 69-70
အပိုင်း (၆၉) ပဉ္စမမင်းသမီး
ရုံးတော်တွင် အသေးစား အပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။
ရုံးတော် အစည်းအဝေး ပြီးဆုံးသွားချိန်မှာတော့ ကော်ထျန်းယန်က မျက်လုံးများကို မှေးကာ လျှို့ဝှက်သော အမူအရာဖြင့် ဖန်ကျန်းရီအနားသို့ ကပ်လာ၏။
“ညီလေး … အရှင်မင်းကြီးက စာကြည့်ဆောင်ကို လာခဲ့ဖို့ ခေါ်ခိုင်းလိုက်တယ်။”
“အို ကျေးဇူးပါ အစ်ကိုကြီးကော်။” ဖန်ကျန်းရီက မသိမသာဖြင့် ငွေစက္ကူတစ်ရွက် ထုတ်ကာ ကော်ထျန်းယန်၏ အင်္ကျီလက်ထဲသို့ ထည့်ပေးလိုက်သည်။
ကော်ထျန်းယန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ “လက်ဖက်ခြောက်နဲ့ ပတ်သက်တာတွေ မေးဖို့ ဖြစ်နိုင်တယ်။”
“ကောင်းပါပြီ။”
ဖန်ကျန်းရီ၏ ကျောပြင်ကို ကြည့်ကာ ကော်ထျန်းယန်၏ စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်သွားမိသည်။
ဤကောင်လေးမှာ အပြောအဆို ကြမ်းတမ်းလှသော်ငြား လူမှုဆက်ဆံရေး၌မူ အလွန် ပါးနပ်ကျွမ်းကျင်လှသည်။ သို့ပါလျက်နှင့် အချို့သော အချိန်များတွင် အဘယ်ကြောင့် ဤမျှလောက်ပင် အကင်းမပါး ဖြစ်ရသနည်း။
သူ့အား မွေးစားသားအဖြစ် ကောက်ယူလိုကြောင်းကို ငါကိုယ်တိုင် နှုတ်မှ ဖွင့်ဟပြောဆိုရတော့မည်လား။
...
စာကြည့်ဆောင်ထဲသို့ ဝင်သွားချိန်မှာတော့ ကျင်းဘုရင်က အခန်းထဲတွင် ထိုင်ခုံများ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။
ဖန်ကျန်းရီ ရောက်လာသည်ကို မြင်သည်နှင့် ချက်ချင်း ပြောလိုက်၏။ “အထူးတလည် ဂါရဝပြုနေစရာ မလိုပါဘူး။ ထိုင်။”
ထိုစကားကို ကြားချိန်မှာတော့ ဖန်ကျန်းရီ၏ စိတ်ထဲတွင် ဝမ်းသာသွားသည်။ ကြည့်ရတာ ဒီနေ့တော့ ဘာပြဿနာမှ မရှိလောက်ဘူးထင်တယ်။
ကျင်းဘုရင်က သဝဏ်လွှာများကို ဖတ်နေရင်း ခေါင်းမမော့ဘဲ မေးလိုက်၏။ “ပြောစမ်း။ ကျန်းချန်ကို မင်း ဘယ်လိုရိုက်လိုက်တာလဲ။”
“......”
“အရှင်မင်းကြီး ဘာလို့ ဒီလို ပြောရတာလဲ။” ဖန်ကျန်းရီက ချက်ချင်း သတိထားလိုက်မိသည်။ သူ့နောက်သို့ လူလွှတ်ကာ လိုက်ကြည့်ခိုင်းထားခြင်းလား။
ကျင်းဘုရင်က ခပ်ဟဟ ရယ်မောလိုက်၏။ “ဟားဟား … မင်း ဖန်ကျန်းရီ ဘယ်လိုလူမျိုးလဲဆိုတာ ကိုယ်တော် မသိဘဲ နေမလား။ စကားများတယ်ဟုတ်လား။ မင်းနဲ့ စကားများတဲ့လူ ဘယ်သူကများ အကောင်းပကတိ ကျန်ခဲ့ဖူးလို့လဲ။”
ဖန်ကျန်းရီက ဟန်လုပ်ကာ ရယ်မောလိုက်သည်။ ကြည့်ရတာ အရှင်မင်းကြီးက ငါ့ကို အကာအကွယ်ပေးမလို့ ထင်တယ်။
“ကျွန်တော်မျိုး ရှက်မိပါတယ်။ ဒီတိုင်း အပျော်သဘော ကစားလိုက်ရုံပါ... ပြင်းပြင်းထန်ထန်လည်း မလုပ်ခဲ့ပါဘူး။ ရိုက်ပြီးတော့ သူတို့ကို ရေတောင် ချိုးပေးလိုက်ပါသေးတယ်။”
ကျင်းဘုရင်က ခေါင်းမော့လာပြီး စုတ်တံဖြင့် ဖန်ကျန်းရီကို ထိုးပြလိုက်သည်။ “ကျန်းချန်က ဘဏ္ဍာရေးအမတ်ရဲ့ သားဆိုတာ မင်း မသိဘူးလား။ မြို့တော်က တောက်ယွမ်ခရိုင်နဲ့ မတူဘူး။ နောက်ဆိုရင် ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့။ နေ့တိုင်း ဆူပူအော်ဟစ်နေတာက အမတ်တစ်ယောက်ရဲ့ ပုံစံနဲ့ နည်းနည်းမှ မတူဘူး။”
ဘုရင်မင်းမြတ်၏ ဂရုစိုက်မှုကို ခံရသောကြောင့် ဖန်ကျန်းရီက ရှက်ရွံ့စွာ ပြုံးလိုက်၏။ “အရှင်မင်းကြီး ကျွန်တော်မျိုးကို ခေါ်တာ ဘာအရေးကြီးကိစ္စ ရှိလို့လဲ။”
ကျင်းဘုရင်၏ မျက်နှာက တဖြည်းဖြည်း တည်တင်းလာသည်။ “လက်ဖက်ခြောက်တွေ... ရောင်းမထွက်တော့ဘူး။
ပြီးခဲ့တဲ့အကြိမ်က တောက်ယွမ်ခရိုင်ကနေ မှာလိုက်တဲ့ လက်ဖက်ခြောက်တွေက အစပိုင်းမှာတော့ အရောင်းသွက်ပေမဲ့ နောက်ပိုင်းမှာ တစ်ရက်ထက်တစ်ရက် ရောင်းအားကျလာတယ်။
လွန်ခဲ့တဲ့ နှစ်ရက်လောက်ကစပြီး လုံးဝ ရောင်းမထွက်တော့ဘူး။ ပြီးတော့ စျေးကွက်ထဲမှာလည်း ဆင်တူတဲ့ အမျိုးအစားတွေ ထွက်လာပြီ။ ဒါကြောင့် ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ မင်းကို မေးချင်လို့။”
ထိုအခြေအနေကို ကြားရသောအခါ ဖန်ကျန်းရီ အံ့အားသင့်မသွားပေ။ အစကတည်းက ၎င်းပစ္စည်းများက အဆင့်နိမ့် ပစ္စည်းများသာ ဖြစ်၏။
လူအများမှာ အသစ်အဆန်းဖြစ်နေ၍သာ စမ်းသောက်ကြည့်ကြခြင်း ဖြစ်သည်။ အထူးသဖြင့် ကျင်းဘုရင်သည် ဈေးနှုန်းကို အဆမတန် မြှင့်တင်ထားလေရာ မည်မျှပင် ဓနဥစ္စာ ကြွယ်ဝပေါများနေပါစေ နေ့စဉ်ရက်ဆက် မည်သူက အလဟဿ အသုံးချနိုင်မည်နည်း။
“အရှင်မင်းကြီး ဒါတွေအကုန်လုံးက ပုံမှန်အခြေအနေပါ။”
“လက်ဖက်ခြောက်ရဲ့ အရည်အသွေးက အကောင်းစား မဟုတ်ဘူးလေ။ ပြီးတော့ အမျိုးအစားကလည်း တစ်မျိုးတည်း ရှိပြီး စျေးကလည်း အရမ်းကြီးတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့က သိပ်မခက်ခဲပါဘူး။ တောက်ယွမ်ခရိုင်ကနေ တခြား လက်ဖက်ခြောက် အမျိုးအစားတွေ ထပ်မှာပြီး စျေးကွက်ကို အမျိုးအစား ခွဲခြားလိုက်ရုံပါပဲ။ ဥပမာ အသက်ရှည်လက်ဖက်ခြောက်၊ အလှပြုပြင်ရေး လက်ဖက်ခြောက်၊ ဝစေတဲ့ လက်ဖက်ခြောက်၊ အားတိုးလက်ဖက်ခြောက်... စသဖြင့်ပေါ့။
ထုပ်ပိုးမှုကိုတော့ သေချာလှလှပပလေး လုပ်ရမယ်။ အပြင်ခွံလှလို့ အတွင်းက ပစ္စည်းကိုပါ ဝယ်ချင်သွားအောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ။ အထဲမှာ လက်ဖက်ခြောက်ရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းကို ရှင်းပြထားတဲ့ ဇာတ်လမ်းတိုလေး တစ်ပုဒ် ထည့်ရေးထားရမယ်။
ဆိုင်ရဲ့ငွေခံခုံတွေကိုလည်း အမျိုးအစားအလိုက် သေချာခွဲခြားပြီး ပြင်ဆင်ရမယ်။ ဥပမာ အသက်ရှည် လက်ဖက်ခြောက်ကို ရောင်းဖို့အတွက် နတ်မင်းပုံပေါက်တဲ့ အဘိုးအိုတွေကို ငှားရမယ်။ အလှပြုပြင်ရေး လက်ဖက်ခြောက်အတွက်ဆိုရင်တော့ အလှမယ်တွေကို ငှားပြီး ရောင်းခိုင်းရမယ်။
အားတိုးလက်ဖက်ခြောက်အတွက်ဆိုရင်တော့ အစ်ကိုကြီးကော်လို လူမျိုးကို ငှားပြီးတော့ သူကိုယ်တိုင် သောက်ပြီး စွမ်းဆောင်ရည်တွေ ကောင်းလာတယ်လို့ လူတိုင်းကို လိုက်ပြောခိုင်းရမယ်။ တွေးကြည့်လေ။ ဘယ်ယောကျ်ားကများ ဒီလို ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိမှာလဲ။”
ဖန်ကျန်းရီ ကော်ထျန်းယန်ကို နောက်ပြောင်နေကြောင်း ကြားချိန်မှာတော့ ကျင်းဘုရင်က ရယ်ချင်သွားသော်လည်း ချက်ချင်း မျက်နှာတည်လိုက်၏။ “သေချာပြောစမ်း။”
“အင်း .. ဒုတိယအချက်က လက်ရှိ ရောင်းချနေတဲ့ စနစ်က ကောင်တာမှာပဲ ရောင်းနေတာဆိုတော့ သိပ်မထိရောက်ဘူး။
တခြား စားသောက်ဆိုင်တွေ ဒါမှမဟုတ် ပြည့်တန်ဆာရုံတွေနဲ့ ရေရှည် ပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်ချုပ်တာ ပိုကောင်းမယ်။ ရောင်းစျေးထက် သက်သာတဲ့စျေးနဲ့ အများကြီး သွင်းပေးပြီးတော့ သူတို့ကို စျေးကွက်ထဲမှာ ကြော်ငြာပေးခိုင်းရမယ်။ အရေးအကြီးဆုံးက စျေးနှုန်း သတ်မှတ်တာပဲ။ ခွင့်လွှတ်ပါ။ အရှင်မင်းကြီး ရောင်းနေတဲ့ လက်ဖက်ခြောက်ရဲ့ စျေးနှုန်းက အရမ်းကြီးလွန်းတယ်။
“ဒီလို အမြတ်ထုတ်တာကို တစ်သုတ်ပြီး တစ်သုတ် ဖြည်းဖြည်းချင်း လုပ်ရမှာလေ။ မြေကြီးကိုပါ အကုန် တူးပစ်လိုက်ရင် အရှုံးပေါ်သွားမှာပေါ့။”
ကျင်းဘုရင်က ဖန်ကျန်းရီကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ “ဒါဆို မင်းရဲ့ တောက်ယွမ်ခရိုင်က ပစ္စည်းတွေကျတော့ နည်းနည်းမှ မသက်သာပါလား။”
ဖန်ကျန်းရီက ရှက်ရွံ့စွာ ပြောလိုက်၏။ “မြို့တော်နဲ့ တောက်ယွမ်ခရိုင်ရဲ့ စနစ်က မတူဘူးလေ။ တောက်ယွမ်ခရိုင် က ခရီးသွားလုပ်ငန်း စနစ်ကို သုံးထားတာ။”
“ခရီးသွားလုပ်ငန်း စနစ်လား။”
“ဟုတ်ပါတယ်။ တောက်ယွမ်ခရိုင်ကို အပြင်လူ လာတာ အရမ်းနည်းတယ်။ ပြီးတော့ ပစ္စည်းလာဝယ်တဲ့ ကုန်သည်တွေကလည်း တောက်ယွမ်ခရိုင်ကနေ မဖြစ်မနေ ဝယ်ရတာဆိုတော့... ဟီးဟီး။”
ကျင်းဘုရင်က အံ့အားသင့်စွာဖြင့် ရယ်မောလိုက်သည်။ “တကယ်လို့ ကိုယ်တော်က လက်ဖက်ခြောက် ရောင်းတဲ့ကိစ္စကို မင်းကို လွှဲပေးလိုက်ရင်ရော။”
ဖန်ကျန်းရီက အလျင်အမြန် ခေါင်းခါလိုက်သည်။ “မလုပ်ပါဘူး။ မလုပ်ပါဘူး။ ကျွန်တော်မျိုး မလုပ်နိုင်ပါဘူး။ အိမ်ရှေ့စံမင်းသားကို စာသင်ပေးရတာနဲ့တင် ကျွန်တော်မျိုးရဲ့ ခွန်အားတွေ ကုန်ခန်းနေပါပြီ။ အခုဆိုရင် အိပ်ရာက ထတာနဲ့ ခေါင်းတွေတောင် ကိုက်နေတာ။ တကယ်လို့ လက်ဖက်ခြောက် ရောင်းတဲ့ကိစ္စကိုပါ ထပ်လုပ်ရမယ်ဆိုရင်... ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မိပါတယ်။”
နောက်ပြောင်နေခြင်းလား။ သခင်လေးဖန်သည် မည်သည့်အခါကများ အရှုံးခံဖူးသူ ဖြစ်ခဲ့ပါသနည်း။
“မင်းကို အမြတ်ရဲ့ တစ်ဆယ်ရာခိုင်နှုန်း ပေးမယ်။”
“လုပ်မယ်။”
ဖန်ကျန်းရီက တစ်ချက်မျှပင် မစဉ်းစားဘဲ ချက်ချင်း ပြန်ဖြေလိုက်မိပြီး နောက်မှ နောင်တရသွား၏။
ကျင်းဘုရင်က ဖန်ကျန်းရီကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “ကိုယ်တော့်ကို စျေးဆစ်ရဲတာ မင်း ပထမဆုံးပဲ။ မင်းကို ကိုယ်တော် ဘာလို့ ဒီလောက်တောင် မျက်နှာသာပေးနေရလဲ သိလား။”
ထိုစကားက အနည်းငယ် နားဝင်ခက်သောကြောင့် ဖန်ကျန်းရီ၏မျက်နှာက အနည်းငယ် ပြောင်းလဲသွား၏။ “ကျွန်တော်မျိုးက ပိုက်ဆံရှာနိုင်လို့လား။”
ကျင်းဘုရင်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “မှန်တယ်။ မနှစ်က တစ်နိုင်ငံလုံးရဲ့ ဘဏ္ဍာရေး ဝင်ငွေက ငွေနှစ်သိန်းကျော် ရှိတယ်။ ဒါပေမဲ့ မင်းရဲ့ နည်းလမ်းတစ်ခုတည်းနဲ့တင် ကိုယ်တော့်အတွက် ငွေတစ်သိန်းကျော် ရှာပေးနိုင်ခဲ့တယ်။ မင်းရဲ့ အဲဒီစွမ်းရည်ကို ကိုယ်တော် သဘောကျတာပဲ။
အခု နိုင်ငံတော် ဘဏ္ဍာတိုက်က ဟာလာဟင်းလင်း ဖြစ်နေပြီး ရှေ့ဆက်ဖို့ ခက်ခဲနေတယ်။ ရိက္ခာလည်း လိုသလို ငွေလည်း လိုနေတယ်။ ကိုယ်တော် အရမ်းကို ခေါင်းကိုက်နေရတယ်။”
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ “တကယ်တမ်း ပြောရရင် အဓိကက ရိက္ခာလိုနေတာပါ။ တကယ်လို့ ရိက္ခာသာ လုံလောက်မယ်ဆိုရင် လုပ်သားအင်အား အများကြီး လွတ်လပ်သွားပြီး ဓနဥစ္စာတွေလည်း ဖန်တီးနိုင်လာမယ်၊ စီးဆင်းလာမယ်။”
“အင်း သဘောကျစရာပဲ။ ပိုက်ဆံရှာတဲ့နေရာမှာ မင်းရဲ့ စွမ်းရည်ကို ကိုယ်တော် မြင်ဖူးပြီးပြီ။ ဒါဆို... ရိက္ခာ ထုတ်လုပ်ရေးမှာရော။ မင်းမှာ ဘာနည်းလမ်းများ ရှိလဲ။”
ကျင်းဘုရင်၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး ဖန်ကျန်းရီထံမှ သူ လိုချင်သော အဖြေကို ကြားရမည်ဟု မျှော်လင့်နေ၏။ သို့သော်ငြား မကြာမီမှာပဲ စိတ်ပျက်သွားရသည်။
“ကျွန်တော်မျိုးမှာ ဘာနည်းလမ်းမှ မရှိပါဘူး။”
ဖန်ကျန်းရီလည်း အလွန် စိတ်ပျက်နေရသည်။ အာလူး၊ ကန်စွန်းဥ၊ ပြောင်းဖူး စသည်တို့ကို ကျင်းတိုင်းပြည်က လူတွေ တစ်ခါမှ မကြားဖူးကြပေ။ သူ ကိုယ်တိုင်လည်း လူလွှတ်ပြီး စုံစမ်းရှာဖွေခိုင်းခဲ့ဖူး၏။
သို့သော်ငြား ဘာမှမတွေ့ခဲ့ရပေ။ မျှော်လင့်ချက် အရမ်းနည်းလွန်းသောကြောင့် လူအင်အားနှင့် ငွေကြေးများကို အလကား မဖြုန်းတီးချင်တော့သဖြင့် ရှာဖွေရေးကို ရပ်ခိုင်းခဲ့ရသည်။ နောက်ဆုံးတွင် တောက်ယွမ်ခရိုင်၌ ရှိပြီးသား အဓိက ကောက်ပဲသီးနှံများကိုသာ မျိုးစေ့ချရန် လူလွှတ်ခဲ့ရ၏။ သို့ပေမည့် လုပ်ငန်းပမာဏက သေးငယ်လွန်းသောကြောင့် တိုးတက်မှု သိပ်မရှိခဲ့ပေ။
စွမ်းဆောင်ရည်ကောင်းသော ထွန်ယက်ရေး ကိရိယာအချို့ကိုတော့ တီထွင်နိုင်ခဲ့သည်။ သို့သော်လည်း ဤခေတ်တွင် လုပ်သားအင်အားက အလွန် ဈေးပေါလွန်းသောကြောင့် ၎င်းကိစ္စများက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်လျှင် သိပ်အရေးမပါလှပေ။
ကျင်းဘုရင်က စိတ်ပျက်လက်ပျက်ဖြင့် လက်ကာပြလိုက်၏။ “ထားလိုက်ပါတော့။ မင်းလည်း ခက်ခဲမှာပါ။ ဒီလိုကိစ္စမျိုးက လူတစ်ယောက်တည်း ဖြေရှင်းလို့ရတဲ့ ကိစ္စမှ မဟုတ်တာ။ ကဲ ဒီနေ့တော့ ဒီလောက်ပဲ။ အိမ်ရှေ့စံမင်းသားက မင်းကို စောင့်နေလောက်ပြီ။”
ကျင်းဘုရင်၏ စကားဆုံးသည်နှင့် ကော်ထျန်းယန်က ကတိုက်ကရိုက် ပြေးဝင်လာသည်။
သူက တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး ထိတ်လန့်တကြားဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး။ ပဉ္စမမင်းသမီး အခြေအနေ မကောင်းတော့ဘူးလို့ သမားတော်ဟူ လာလျှောက်တင်ပါတယ်။ သွားကြည့်ပါအုံး။”
အပိုင်း (၇၀) နတ်သမားတော်။
“ဘာ။”
ကျင်းဘုရင်က ချက်ချင်း မတ်တတ်ရပ်ကာ ထိတ်လန့်နေသော မျက်နှာဖြင့် စာကြည့်ဆောင်ထဲမှ ပြေးထွက်သွားရာ ဖန်ကျန်းရီ တစ်ယောက်တည်း ကြောင်အလျက် ကျန်ရစ်ခဲ့၏။ စာကြည့်ဆောင်ထဲတွင် ခဏမျှ လေ့လာကြည့်ရှုပြီးနောက်မှ ဖြည်းညင်းစွာ ထကာ ထွက်လာခဲ့သည်။
ချန်ရှီရုံးတော်သို့ ရောက်ချိန်မှာတော့ လီယွမ်ကျောက်က လျိုကျင်းနှင့်အတူ အေးအေးဆေးဆေး စစ်တုရင် ကစားနေဆဲ ဖြစ်၏။
ဖန်ကျန်းရီကို မြင်သည်နှင့် ချက်ချင်း ခုန်ထကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ကောင်းတယ် ဖန်ကြီး။ ဒီနေ့ ကျန်းရှီအဘိုးကြီး ဘာမှပြန်မပြောနိုင်အောင် လုပ်လိုက်တာပဲ။ ဒါနဲ့ ဘာလို့ အခုမှ ရောက်လာတာလဲ။”
ဖန်ကျန်းရီက နားမလည်စွာဖြင့် ပြန်ဖြေလိုက်၏။ “အရှင်မင်းကြီးက စာကြည့်ဆောင်ကို ခေါ်လို့ သွားတာ။ ပြီးတော့ ပဉ္စမမင်းသမီး အခြေအနေ မကောင်းတော့ဘူးလို့ ကြားတာနဲ့ ချက်ချင်း ထွက်သွားတယ်။”
“အိမ်ရှေ့စံမင်းသား … ပဉ္စမမင်းသမီးက ဘယ်သူလဲ။”
“ဘာ။”
လီယွမ်ကျောက်က ထိုစကားကို ကြားသည်နှင့် ထိတ်လန့်တကြားဖြင့် ပြေးထွက်သွားသည်။
ဖန်ကျန်းရီက နောက်ထပ်တစ်ကြိမ် ကြောင်အသွားပြီး လျိုကျင်းဘက်သို့ လှည့်ကြည့်လိုက်၏။
“ပဉ္စမမင်းသမီးက ဘယ်သူလဲ။”
လျိုကျင်းက သတင်းကို ကြားရသောကြောင့် စိတ်ပူပန်နေသော မျက်နှာဖြင့် ရှိနေပြီး ဖန်ကျန်းရီ၏ မေးခွန်းကို ကြားချိန်မှာတော့ ခါးသီးစွာ ဖြေလိုက်၏။ “ပဉ္စမမင်းသမီးက အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံမင်းသား အချစ်ဆုံး မင်းသမီးပါ။ ငယ်ငယ်ကတည်းက ကျန်းမာရေး မကောင်းဘူး... ဟူး။”
“လမ်းပြ။ ကျုပ် သွားကြည့်မယ်။”
လျိုကျင်း၏ မျက်နှာက ပို၍ ခါးသက်သွားသည်။ “မြို့ဝန်ဖန် အဲဒါက နန်းတွင်းဆောင်လေ။ လူကြီးမင်း ဝင်လို့မရဘူး။”
ဖန်ကျန်းရီက လက်ဖြန့်ကာ ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသားတောင် ထွက်သွားပြီပဲ။ ကျုပ်က ဒီမှာနေပြီး ဘာဆက်လုပ်ရမှာလဲ။ စကားများမနေနဲ့။ လမ်းပြ ….. အိမ်ရှေ့စံမင်းသား ရှိနေတာပဲ ဘာကြောက်စရာ ရှိလို့လဲ။”
“မရဘူး။ ကျွန်တော်မျိုး မလုပ်ရဲဘူး...” လျိုကျင်းက မိန်းမငယ်လေး တစ်ယောက်လို ကြောက်ရွံ့နေသည်။
ထိုအခြေအနေကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက ရှေ့သို့ တစ်လှမ်းတိုးကာ လျိုကျင်းကို ဖက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “လျိုကျင်း။ ကျုပ် နန်းတော်ထဲ ဝင်လာကတည်းက မင်းကို အသဘောကျဆုံးပဲ ဆိုတာ သိလား။ ကျုပ်မှာ မင်းရဲ့ အောက်က ပစ္စည်းလေး ပြန်ပေါက်လာအောင် လုပ်နိုင်တဲ့ နည်းလမ်း ရှိတယ်။”
“တကယ်လား။” လျိုကျင်း၏ မျက်လုံးများ အရောင်လက်သွား၏။
“ကျုပ် ဖန်ကျန်းရီလို ဂုဏ်သိက္ခာရှိတဲ့ မြို့ဝန်က မင်းကို လိမ်စရာလား။” ဖန်ကျန်းရီက သံသယဝင်စရာ မရှိသော တည်ကြည်လေးနက်သည့် မျက်နှာဖြင့် ပြောလိုက်သည်။
ပြန်ပေါက်လာနိုင်တယ်။ ပြန်ပေါက်လာနိုင်တယ်။
ထိုစကားလုံးများက လျိုကျင်း၏ ခေါင်းထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေပြီး တဖြည်းဖြည်း မျက်လုံးများ နီရဲလာပြီးနောက် အံကြိတ်ကာ ဆုံးဖြတ်လိုက်၏။
“လာ … ကျုပ်နဲ့ လိုက်ခဲ့ပါ။”
“ဒါမှ လိမ္မာတာ။”
လမ်းတစ်လျှောက်လုံး လျိုကျင်း၏ စိတ်နှလုံးများက လှိုင်းထန်နေပြီး သူ၏ ခြေထောက်များက ပုံရိပ်ယောင်များ ဖြစ်သည်အထိ မြန်ဆန်နေ၏။
ဖန်ကျန်းရီမှာ သူ၏ နောက်မှ အသည်းအသန် လိုက်ပြေးနေရပြီး ပါးစပ်မှလည်း မရပ်မနား ဆဲဆိုနေမိသည်။ ရောက်ချိန်မှာတော့ အမောဆို့နေပြီ ဖြစ်သည်။
မင်လွမ်နန်းဆောင်ထဲတွင် ကျင်းဘုရင်နှင့် အိမ်ရှေ့စံမင်းသားက ကုတင်ပေါ်တွင် လဲလျောင်းနေသော ပဉ္စမမင်းသမီး ကို စိုးရိမ်တကြီး ကြည့်နေကြသည်။ ဖန်ကျန်းရီ ရောက်လာသည်ကို မြင်ချိန်မှာတော့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြ၏။
ကျင်းဘုရင်က ဒေါသတကြီး ဆူပူလိုက်သည်။ “မင်း ဘယ်လိုလုပ် ရောက်လာတာလဲ။ ဒါက မင်းလာရမယ့် နေရာလား။”
“အရှင်... အရှင်မင်းကြီး... ကျွန်တော်မျိုးက အိမ်ရှေ့စံမင်းသား နောက်ကနေ လိုက်လာတာပါ... အခြေအနေ ဘယ်လိုရှိလဲ မသိလို့...” ဖန်ကျန်းရီက အမောတကော ပြောလိုက်၏။ သောက်ကျိုးနည်း သင်းကွပ်ခံထားရတဲ့ကောင်က ဒီလောက် မြန်မြန် ပြေးနိုင်တာလား။
လီယွမ်ကျောက်က အလျင်အမြန် ဝင်ဖြေရှင်းပေးလိုက်သည်။ “ခမည်းတော် မလောပါနဲ့။ သားတော် ဖန်ကြီးကို လာခိုင်းတာပါ...”
“အဓိပ္ပာယ်မရှိတာ။”
ကျင်းဘုရင်က ဆူပူပြီးနောက် ဆက်မပြောတော့ဘဲ မင်းသမီးကိုသာ စိုက်ကြည့်ပြီး သက်ပြင်းများ အဆက်မပြတ် ချနေမိ၏။
ဖန်ကျန်းရီ အသက်ရှူမှန်သွားချိန်မှာတော့ ကုတင်ဘက်သို့ ခေါင်းပြူကြည့်လိုက်ရာ ချက်ချင်း ကြောင်အသွားပြီး သူ၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
အပြစ်ကင်းစင်ပြီး ဆွဲဆောင်မှုရှိတဲ့ ထိပ်တန်းအလှလေးပဲ။
မျက်စိရှေ့ရှိ အလှလေးက ကုတင်ပေါ်တွင် လဲလျောင်းနေပြီး ပါးပြင်နှစ်ဖက်တွင် ဝမ်းနည်းမှုများ စွန်းထင်းနေကာ ခန္ဓာကိုယ်လေးမှာလည်း ဖျားနာနေပုံရသည်။ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး တစ်ချက်တစ်ချက် တိုးတိုးလေး ချောင်းဆိုးနေ၏။
လှပသော နှာတံလေး၊ နှင်းလိုဖြူဖွေးသော အသားအရည်၊ ချယ်ရီသီးလေးလို နှုတ်ခမ်းလေး၊ နှင်းထဲတွင် ပွင့်နေသော ခပ်လှလှ ဆီးနှင်းပန်းလေး တစ်ပွင့်နှင့်တောင် ပိုတူနေသေးသည်။
ထူထဲသော စောင်အောက်မှနေ၍ သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် အချိုးအစားကိုပင် မြင်တွေ့နိုင်သေး၏။
ဖန်ကျန်းရီ ကြည့်ရင်း နှလုံးခုန် အနည်းငယ် မြန်လာသည်။ တော်ဝင်မျိုးနွယ်တွေက ဤမျှလှကြသည်လား။
ကျင်းဘုရင်က ဝမ်းနည်းစွာဖြင့် မေးလိုက်သည်။ “သမားတော်ဟူ … မင်းသမီးရဲ့ အခြေအနေ ဘယ်လိုရှိလဲ။”
သမားတော်ဟူက နတ်သမားတော်ပုံစံ ပေါက်နေပြီး သူ၏ မုတ်ဆိတ်မွေးများကို အဆက်မပြတ် သပ်ကာ သက်ပြင်းချလိုက်၏။ “အခြေအနေက သိပ်မကောင်းပါဘူး။ စောစောကဆို မင်းသမီး ခံနိုင်တော့မှာ မဟုတ်ဘူးလို့ ကျွန်တော်မျိုး ထင်ခဲ့တာ။ ကံကောင်းလို့ ကောင်းကင်ဘုံက ကယ်မလို့ ဒီတစ်ကြိမ်တော့ အသက်ဘေးက လွတ်သွားပါပြီ။ ကျန်တာကတော့ မင်းသမီး ခဏလောက် အနားယူပြီးမှ ဆက်စောင့်ကြည့်ရမှာပါ။”
ကျင်းဘုရင်က ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။ “ဆယ်နှစ်။ ဆယ်နှစ်တောင် ရှိပြီ။ ဆယ်နှစ်လုံးလုံး ကုလို့မရဘူး။ ကိုယ်တော့်ရဲ့ သမီးတော်လေးက ဘာအပြစ်လုပ်ထားလို့လဲ။”
“မြောင်ဟန်... မြောင်ဟန်။ သမီးတော် အခု ခမည်းတော် ပြောတာကို ကြားရလား။”
သမားတော်ဟူက ခေါင်းခါလိုက်၏။ “ကျွန်တော်မျိုးလည်း သေချာမသိပါဘူး။ မင်းသမီးက အခုချိန်မှာ တည်ငြိမ်မှု မရှိသေးပါဘူး... အရှင်မင်းကြီး မင်းသမီးကို ခဏလောက် အနားယူခွင့် ပေးလိုက်ပါ။ အခြေအနေ ထူးခြားလာရင် ကျွန်တော်မျိုး လျှောက်တင်ပါ့မယ်။”
ကျင်းဘုရင်က အားအင်ကုန်ခမ်းစွာဖြင့် ခေါင်းခါလိုက်သည်။ “အိမ်ရှေ့စံမင်းသား … ဖန်အမတ် သွားကြရအောင်။ မင်းသမီးကို အေးအေးဆေးဆေး အနားယူခွင့် ပေးလိုက်ပါ...”
“မသွားဘူး။ သားတော် ဒီမှာပဲ စောင့်နေမယ်။” လီယွမ်ကျောက်က ကျင်းဘုရင်ကို ခေါင်းမာစွာဖြင့် ကြည့်လိုက်၏။
ကျင်းဘုရင်က လီယွမ်ကျောက်ကို ကြည့်လိုက်ပြီးနောက် ဖန်ကျန်းရီကလည်း မင်းသမီးကို စိုးရိမ်တကြီး ကြည့်နေကြောင်း မြင်သောကြောင့် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။ “ထားလိုက်ပါတော့... မင်းတို့ ကြာကြာ နေချင်ရင်လည်း နေခဲ့ကြပါ။ ကိုယ်တော်မှာ အရေးကြီး ကိစ္စရှိသေးတယ်။”
ပြောပြီးသည်နှင့် အင်္ကျီလက်ကို ခါကာ ထွက်သွား၏။
လီယွမ်ကျောက်က ခေါင်းငုံ့ကာ ဖန်ကျန်းရီ၏ အင်္ကျီလက်ကို ဆွဲ၍ တိုးတိုးလေး မေးလိုက်သည်။ “ဖန်ကြီး ခင်ဗျားမှာ နည်းလမ်း တစ်ခုခု ရှိလား။ တောက်ယွမ်ခရိုင်မှာ တော်တဲ့ သမားတော် ရှိလား။”
“ဖန်ကြီး... ဖန်ကြီး။”
“ဟင်။”
ဖန်ကျန်းရီ သတိဝင်လာပြီး ခါးသက်စွာ ပြန်ဖြေလိုက်၏။ “အိမ်ရှေ့စံမင်းသား ကျုပ်က သမားတော်မှ မဟုတ်တာ။ တောက်ယွမ်ခရိုင်က သမားတော်တွေက နန်းတွင်းသမားတော်တွေလောက် ဘယ်တော်ပါ့မလဲ။ မင်းသမီး ဘာရောဂါ ဖြစ်နေတာလဲဆိုတာ အရင်သိအောင် လုပ်ရမယ်။ ပြီးမှ နည်းလမ်း ရှိမရှိ စဉ်းစားလို့ ရမှာပေါ့။”
ပြောပြီးသည်နှင့် သမားတော်ဟူရှေ့သို့ လျှောက်သွားလိုက်သည်။ “သမားတော်ကြီး မင်းသမီး ဘာရောဂါ ဖြစ်နေတာလဲဆိုတာ သိခွင့်ပြုပါ။”
သမားတော်ဟူက ဖန်ကျန်းရီ၏အမေးကို ကြားချိန်မှာတော့ တွေဝေစွာဖြင့် ပြန်မေးလိုက်၏။ “ဒီအမတ်က ဘယ်သူပါလဲ။”
“ဖန်ကျန်းရီ။”
ဖန်ကျန်းရီ ဆိုသည့် နာမည်ကို ကြားသည်နှင့် သမားတော်ဟူ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် အထင်သေးသော အမူအရာများ ပေါ်လာပြီး ပေါ့ပေါ့ဆဆ ပြန်ဖြေလိုက်သည်။ “ပြောပြလည်း အမတ်က နားလည်မှာ မဟုတ်ပါဘူး...”
ဖန်ကျန်းရီ မျက်တောင်ခတ်လိုက်ပြီး အခြေအနေကို ချက်ချင်း နားမလည်လိုက်ပေ။
နန်းတော်တွင်း၌ သူ၏ နာမည်သတင်းက ဤမျှလောက်ပင် ဆိုးရွားစွာ ပျက်ယွင်းနေခဲ့ပြီလော။ သမားတော်ရုံး အထိပင် ပြန့်နှံ့နေခဲ့ပြီလား။
သူက ရှေ့သို့ တစ်လှမ်းတိုးကာ သမားတော်ဟူ၏ အင်္ကျီကို ဆွဲကိုင်လိုက်ရာ ပတ်ဝန်းကျင်ရှိ အစေခံများနှင့် မိန်းမစိုးများ အားလုံး ထိတ်လန့်တကြား နောက်ဆုတ်သွားကြ၏။
ဖန်ကျန်းရီက အေးစက်စွာ ပြောလိုက်သည်။ “ကျုပ် မေးရင် ခင်ဗျား ဖြေရမှာပေါ့။ စကားများနေရင် ခင်ဗျားကို အပြစ်ပေးဖို့ တိုင်လိုက်မယ်။ ဆယ်နှစ်လုံးလုံး ရောဂါမကုနိုင်တဲ့ အသုံးမကျတဲ့ အဘိုးကြီးကများ ဘာတွေ ဂုဏ်ယူနေရတာလဲ။”
သမားတော်ဟူက နန်းတော်ထဲတွင် ဤသို့သော လူမျိုးကို တစ်ခါမှ မမြင်ဖူးသောကြောင့် တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။ “အဆုတ်ရောဂါပါ။”
“အဆုတ်ရောဂါ။ အဆုတ်ရောဂါက အများကြီးပဲ။ ဘယ်အဆုတ်ရောဂါလဲ။”
“အား … ကျုပ်ကို လွှတ်ပါ။ ဒီရောဂါက အရမ်း ထူးဆန်းတယ်။ အဆုတ်ရောင်ရောဂါနဲ့ တူပေမဲ့လည်း မဟုတ်ဘူး။ ခင်ဗျား နားလည်မှာ မဟုတ်ဘူးလို့ ပြောနေတာကို...”
ထိုစကားကို ကြားချိန်မှာတော့ ဖန်ကျန်းရီက သမားတော်ဟူကို လွှတ်ပေးလိုက်ပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်လုပ်ပေးရင်း ပြုံး၍ ပြောလိုက်၏။ “ကောင်းကောင်းမွန်မွန် ပြောပါလား။ အစကတည်းက ဒီလိုပြောလိုက်ရင် ရပြီ။ ခင်ဗျား ယဉ်ကျေးမှု လုံးဝ မရှိဘူး။”
“…….”
လီယွမ်ကျောက်က မကျေနပ်သော မျက်နှာဖြင့် လျှောက်လာသည်။ “ဘာတွေ ဆူညံနေတာလဲ။”
“ဖန်ကြီး …. မေးတာ ဘယ်လိုနေလဲ။”
ဖန်ကျန်းရီက သမားတော်ဟူကို မျက်စောင်းထိုးလိုက်၏။ “သေချာ မသိရသေးဘူး။”
အိမ်ရှေ့စံမင်းသား ရောက်လာသည်ကို မြင်ချိန်မှာတော့ သမားတော်ဟူက အလျင်အမြန် ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသား … ဒီရောဂါက အရမ်းကို ထူးဆန်းပါတယ်။ အရင်တုန်းကတော့ မင်းသမီးရဲ့ အသည်းအားနည်းလို့ ဖြစ်တာလို့ ကျွန်တော်မျိုး ထင်ခဲ့တာပါ။ ဆေးနည်းပေးလိုက်တော့လည်း အနည်းငယ် သက်သာ သွားပါတယ်။
“ဒါပေမဲ့ ဒီနေ့ မင်းသမီး ရုတ်တရက် ရောဂါ ပြန်ထလာတယ်... ကြည့်ရတာ ထပ်ပြီး သေချာ စဉ်းစားရအုံးမယ်...”
ထိုစကားကို ကြားချိန်မှာတော့ လီယွမ်ကျောက်က ချက်ချင်း ဒေါသထွက်သွား၏။ “ဆယ်နှစ်အတွင်းမှာ ခင်ဗျား ဆေးနည်း ဘယ်နှစ်ခု ပြောင်းခဲ့ပြီလဲ။ ဒီအသုံးမကျတဲ့ သမားတော်။ ကျုပ် ခင်ဗျားကို သတ်ပစ်မယ်။”
ပြောပြီးသည်နှင့် လက်သီးဆုပ်ကာ သမားတော်ဟူကို ထိုးရန် ပြင်လိုက်သည်။
သမားတော်ဟူလည်း ချက်ချင်း ခေါင်းအုပ်ကာ ထွက်ပြေးတော့၏။
ဖန်ကျန်းရီက လီယွမ်ကျောက်ကို အလျင်အမြန် ဖက်ထားလိုက်သည်။ “မလောနဲ့။ မလောနဲ့။ ကျုပ် ထပ်ကြည့်ပါအုံးမယ်။”
ဖန်ကျန်းရီ ပြောသည်ကို ကြားချိန်မှာတော့ လီယွမ်ကျောက်က ဒေါသတကြီးဖြင့် လက်သီးကို ချလိုက်၏။
ယခုအခါ ဖန်ကျန်းရီက သမားတော်ဟူကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားသည်။
ဤသူသည် ဆယ်နှစ်တာ ကာလပတ်လုံး ဆေးညွှန်းများကို အဆက်မပြတ် ပြောင်းလဲကုသနေခဲ့သော်ငြား မင်းသမီးမှာ ယနေ့တိုင် အသက်ရှင်သန်နေဆဲ ဖြစ်သည်။ သောက်ကျိုးနည်း အမှန်တကယ် နတ်သမားတော်ကြီးပင်။