အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
📗 Chapter 21
“နင်တို့ ယဲ့မိသားစုက တော်တော်ကံကောင်းတာပဲနော်၊ အရွယ်ရောက်ပြီးသား သမီးမိန်းကလေးတစ်ယောက်ကို အလကားရလိုက်တာပဲ”
အဒေါ်ဝမ်က အတင်းအဖျင်း မျက်လုံးများဖြင့်ဆိုသည်။
“ဒါနဲ့ နင်တို့ယန်ယန်က တကယ်ပဲ ပေကျင်းကနေ ပြန်မလာတော့ဘူးတဲ့လား”
ယဲ့ရှောင်ရှောင်: “…”
ဒါဘယ်သူကြီးလဲ…
ယဲ့ချန်းနင်က ရိုင်းရိုင်းပျပျ ပြန်ပြောလိုက်လေသည်။
“ဒေါ်ကြီးဝမ်၊ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ကိုယ့်ကိစ္စကိုယ်လုပ်တာ ပိုကောင်းမယ်နော်”
ဝမ်မေ့လီ အနေခက်သွားသည်။
“ဪ နင်ကလည်း ငါကဒီတိုင်းမေးကြည့်တာပါ…”
ယဲ့ချန်းရှန့်က ယဲ့ရှောင်ရှောင်ကို ရှင်းပြပေးလိုက်သည်။
“သူက ဝမ်မေ့လီတဲ့၊ ရွာသူကြီးကတော်ပေါ့၊ ရွာထဲမှာ အမြဲတမ်း အတင်းပဲလိုက်ပြောနေတာ၊ ဂရုစိုက်မနေနဲ့”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်ပါသည်။
နောက်ဆုံးတော့ ယဲ့မိသားစု၏ အိမ်သို့ သူတို့ရောက်ရှိလာခဲ့ကြပါပြီ။
အိမ်ကလေးမှာ ရွှံ့အုတ်အိမ်ဖြစ်သော်လည်း ကျယ်ကျယ်ဝန်းဝန်း လင်းလင်းထင်းထင်းရှိကာ အိမ်တွင်းကော အိမ်ပြင်ပါမကျန် သန့်ရှင်းသပ်ရပ်နေပါသည်။
မြောင်စွေ့ဖန်းနှင့် ယောက်မအကြီးဆုံး ကျန်းရွှယ်တို့သည် အားလုံးအတွက် အခန်းများ ကြိုတင်စီစဉ်ပေးထားသည်။
ယဲ့ရှောင်ရှောင် နေထိုင်ရမည့်အခန်းသည် ယခင်က ဟောက်ယန်ယန် နေထိုင်ခဲ့သည့်အခန်းဖြစ်သော်လည်း ယခုတစ်ခေါက်တွင်မူ အတွင်းအပြင်အားလုံးကို အသစ်တဖန်ဖြစ်အောင် ပြန်လည်ပြင်ဆင်ထားပါသည်။
အခန်းနံရံများကို သတင်းစာအသစ်များဖြင့် ကပ်ထားပြီး ယဲ့ရှောင်ရှောင်၏ အိပ်ရာခင်းများမှာလည်း အသစ်စက်စက် ချုပ်လုပ်ထားခြင်းဖြစ်သည်။
သူမ၏ အကျိုးခံစားခွင့်များမှာ အိမ်သို့ရောက်လာခါစ သတို့သမီးတစ်ဦးထက်ပင် ပိုပါသေးသည်။
အိမ်သို့ ပြန်ရောက်လာသည်နှင့် ဤအခန်းငယ်လေး၏ ပြောင်းလဲမှုများကို ယဲ့ရှောင်ရှောင် ချက်ချင်း သတိပြုမိခဲ့သည်။
သူမသည် မိမိအတွက် သကြားလုံံးတစ်ထုပ်ကို ဖယ်ထားလိုက်ပြီး ကျန်ပစ္စည်းများအားလုံးကို မြောင်စွေ့ဖန်းအား ပေးလိုက်ပါသည်။
“ရှောင်ရှောင်၊ ပိုက်ဆံကို မလိုအပ်ဘဲ အရမ်းမသုံးပါနဲ့၊ အမေက အဲ့လိုတောက်တောက်ပပ ကလစ်တွေ တပ်ရလောက်အောင် မငယ်တော့ဘူးလေ”
“အမေက အဲ့လောက် အသက်မကြီးသေးပါဘူးနော်၊ ဒီကလစ်လေးက အမေနဲ့ဆို လိုက်မှာ”
မြောင်စွေ့ဖန်းသည် ရုပ်ရည်ပြေပြစ်သူဖြစ်သော်ငြား နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရသဖြင့် အလှအပအတွက် ဂရုမစိုက်နိုင်ခဲ့ပေ။
သူမသာ ရုပ်မရှိလျှင် ယဲ့မိသားစုမှ သားသမီးများလည်း ဤမျှ ချောမောနေကြမည် မဟုတ်ပေ။
မြောင်စွေ့ဖန်း ပြုံးလိုက်သည်။
“ဒါဆိုလည်း အမေယူလိုက်မယ်နော်၊ ကျေးဇူးတင်ပါတယ်”
ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်းအတွက် ခရမ်းရောင်ကလစ်ကို ရွေးချယ်ပေးခဲ့ပြီး ယောက်မဖြစ်သူ ကျန်းရွှယ်အတွက်မူ အနီရင့်ရင့်ကလစ်ကို ရွေးပေးလိုက်ပါသည်။
ထိုကလစ်နှင့် ကလေးစီးဖိနပ်နှစ်ရံတို့ကို ကျန်းရွှယ်အား သွားပေးလိုက်သည်။
“သမီးအရင်က ဒေါသထွက်လွယ်လို့ စိတ်ထင်ရာလုပ်ခဲ့မိတာ ဝန်ခံပါတယ်၊၊ ဒါပေမယ့် သမီးတို့က အခုမိသားစုအဖြစ် အတူတူနေကြရတော့မှာဆိုတော့ နောက်ဆို အဲ့လိုမဖြစ်စေရတော့ဘူးလို့ ကတိပေးပါတယ်”
ကျန်းရွှယ်သည် လက်ကို ဘယ်နားထားရမှန်းမသိလောက်အောင် အနေခက်သွားခဲ့သည်။
“တို့တွေက မိသားစုတွေပဲလေ၊ အဲ့တာတွေ ပြန်ပြောနေစရာမလိုပါဘူး”
ယဲ့ရှောင်ရှောင်က အခွင့်အရေးကို အရယူကာ သူမလက်ထဲ လက်ဆောင်များအတင်းထိုးထည့်ပေးလိုက်ပါသည်။
“မိသားစုတွေဆိုတော့ သမီးလက်ဆောင်တွေကို ငြင်းလို့မရဘူးနော်”
ကျန်းရွှယ်: “…”
လက်ဆောင်များ ပေးပြီးနောက် ယဲ့ရှောင်ရှောင် အမြန်လစ်ထွက်လာခဲ့တော့သည်။
ခရီးရှည်ကြောင့် အလွန်ပင်ပန်းနေကာ အပူပေးကုတင်ပေါ်တွင် ခေတ္တအိပ်စက်အနားယူချင်နေပါပြီ။
အခန်းက သက်တောင့်သက်သာရှိသော်လည်း အပူပေးကုတင်ပေါ်တွင်သာ အနွေးဓာတ်ရှိသည်။
ယဲ့ရှောင်ရှောင်သည် လက်မောင်းများကို ခေါင်းအုံးကာ အပူပေးကုတင်ပေါ်တွင် လှဲလျောင်းနေမိသည်။
မည်သို့ပင်ဆိုစေကာမူ ယဲ့မိသားစုသည် အလွန်ဆင်းရဲ နွမ်းပါးနေကြဆဲဖြစ်သည် ဟူသည့် အမှန်တရားကိုငြင်း ပယ်၍ မရပေ။
ညနေစောင်းသောအခါ မိသားစုဝင်များ ညစာအတူတူ စားခဲ့ကြသည်။
ညစာစားပြီးနောက် ယဲ့ချန်းနင်ကို အပြင်သွားဖို့ လူတစ်ယောက်လာခေါ်လေသည်။
ယဲ့ကျန်းကော်က မျက်မှောင်ကြုတ်ကာ သတိပေးလိုက်သည်။
“အပြင်သွားတာ ကိစ္စမရှိဘူး၊ မကောင်းတဲ့ကောင်တွေနဲ့ပေါင်းပြီး ပေါက်ကရတွေ ထပ်လုပ်လို့ကတော့ မင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်”
ယဲ့ချန်းနင်က ဂရုမစိုက်သည့်ဟန်ဖြင့် အမြန်ပြေးထွက်သွားပါသည်။
အဖေဖြစ်သူ၏ ဆုံးမစကားများကို ဘာမှအရေးမပါသလို မှတ်ယူထားသည့်ပုံစံပင်။
ယဲ့ရှောင်ရှောင်က မေးလိုက်သည်။
“အပြင်မှာ နှင်းတွေဒီလောက်ကျနေတာ၊ တတိယအစ်ကိုက ဘယ်သွားတာလဲ”
ယဲ့ချန်းရှန့်က ဝင်ဖြေပေးလိုက်ပါသည်။
“တောင်ကုန်းနောက်ဘက်က လီမာကျစ်တို့ရဲ့အိမ်မှာ ဖဲသွားရိုက်တာ နေမှာပေါ့”
ယဲ့ရှောင်ရှောင် အံ့အားသင့်ကာ မျက်လုံးများ ဝိုင်းစက်သွားရသည်။
သူမ နားလည်မှုလွဲသွားမည်စိုးသဖြင့် ယဲ့ချန်းရှန့် အမြန်ထပ်ရှင်းပြလိုက်ပါသည်။
“လောင်းကစားသဘောမျိုးမဟုတ်ပါဘူး၊ သူတို့မှာ လောင်းဖို့တောင် ပိုက်ဆံမရှိလောက်ဘူး”
“ဪ…”
အိမ်ပြန်ရောက်သည့် ပထမဆုံးနေ့သည် အေးအေးချမ်းချမ်းပင် ကုန်လွန်သွားခဲ့ပြီး ယဲ့ရှောင်ရှောင်သည်လည်း ခရီးပန်းလာသဖြင့် ထိုနေ့ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါသည်။
နောက်တစ်နေ့ မနက်မိုးလင်းသောအခါ အိမ်တွင်မွေးထားသည့် ကြက်ဖတွန်သံကြောင့် ယဲ့ရှောင်ရှောင် အိပ်ရာနိုးလာခဲ့သည်။
ယဲ့ရှောင်ရှောင်သည် သူမ၏ ဖိနပ်အသစ်နှင့် အနွေးထည်အသစ်တို့ကို ထုတ်ဝတ်လိုက်ရာ သစ်လွင်လန်းဆန်းသော ပုံစံလေးပေါက်သွားပါသည်။
မနက်စာစားပြီးနောက် ယဲ့မိသားစုအိမ်သို့ ယဲ့ချန်းယွမ် ရောက်ရှိလာလေသည်။
သူနှင့်အတူ ယဲ့မိသားစု၏ ဆွေမျိုး အဘိုးအဘွားနှစ်ယောက်လည်း ပါလာသည်။
နှစ်ဦးစလုံးက အသက် ၇၀ ဝန်းကျင်အရွယ်ရှိပြီ ဖြစ်သော် လည်း ကျန်းမာရေးကောင်းကြပါသည်။
အဘိုးအဘွားများသည် ဆွေမျိုးများထံ လည်ပတ်ရန်နှင့် ယဲ့ရှောင်ရှောင်ကို ကြည့်ရှုရန် ရောက်လာခြင်းဖြစ်သည်။
ယဲ့ရှောင်ရှောင်သည် ပိုင်ချွမ်ရွာသို့ စတင်ရောက်ရှိလာစဉ်က ထိုအဘိုးအဘွားများနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း ထိုအချိန်တုန်းက သူမမှာ ယဉ်ကျေးပျူငှာမှု မရှိခဲ့ပေ။
သို့သော် ယခုတစ်ခေါက်တွင်မူ ယဲ့ရှောင်ရှောင် အနည်းငယ်ပြောင်းလဲသွားမှန်း အဘိုးအဘွားများပင် သတိပြုမိခဲ့သည်။
ယဲ့ရှောင်ရှောင်သည် သူတို့ကို ဆွေမျိုးများအဖြစ် ချက်ချင်း မမှတ်မိခဲ့ပေ။ စကားပြောဆိုရင်းနှင့်မှ မည်သူမည်ဝါဖြစ်မှန်း သိခဲ့ရကာ ရိုရိုသေသေ နှုတ်ဆက်ခဲ့ပါသည်။
သူတို့နှင့် အလွန်အမင်း ရင်းနှီးခြင်းမရှိသဖြင့် နှုတ်ဆက်ပြီးနောက် စကားဝိုင်းမှာ ပြီးဆုံးသွားခဲ့သည်။
အပြင်ဘက်တွင်လည်း ဆီးနှင်းများ ကျဆင်းခြင်း ရပ်တန့်သွားခဲ့ပါပြီ။
တစ်ချိန်တည်းမှာပင် ကလေးများ၏ ဆော့ကစား ရယ်မောနေသံများ ပျံ့လွင့်လာသည်။
ယဲ့ချန်းယွမ်သည် ယဲ့ရှောင်ရှောင်ကို အပြင်ထွက်ကစားဖို့ လာခေါ်လေသည်။
မြောင်စွေ့ဖန်းက သဘောမတူချင်ပေ။
“အပြင်မှာ ဒီလောက် အေးစက်နေတာ၊ နင့်ညီမကို ဘာလို့ခေါ်သွားမှာလဲ”
ယဲ့ချန်းယွမ်: “ဒေါ်လေးကလည်း ကျွန်တော်တို့ သိပ်ဝေးဝေးမသွားပါဘူး၊ ခဏနေရင် ပြန်လာမှာ”
အိမ်တွင် လူကြီးများစကားပြောသည်ကို ထိုင်နားထောင်နေရခြင်းထက်တော့ ပိုပျော်စရာကောင်းပါလိမ့်မည်။
ဤကဲ့သို့ နှင်းထူသော နေ့ရက်များကို မကြုံဖူးသည့် ယဲ့ရှောင်ရှောင်လည်း အပြင်ထွက်ကြည့်ချင်စိတ် ဖြစ်ပေါ်မိသည်။
သူမသည် လည်ပင်းတွင် ပဝါတစ်ထည်ပတ်ကာ လက်အိတ်များစွပ်ပြီး ယဲ့ချန်းယွမ်နှင့်အတူ အပြင်ထွက်လာတော့သည်။
ယဲ့ချန်းရှန့်တစ်ယောက် အိမ်တွင် စာဖတ်နေသော်လည်း ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းယွမ်တို့ အပြင်ထွက်သွားသည်ကို မြင်သောအခါ စိတ်ပူသွားပြီး အတူလိုက်လာခဲ့သည်။
တောင်နောက်ဘက်ရှိ ကွင်းပြင်တွင် လူအတော်များများ ရောက်ရှိနေကြပြီဖြစ်ပြီး နှင်းလုံးများဖြင့် ပစ်ပေါက် ကစားနေကြလေသည်။
အားလုံးက ရွာထဲမှ ကလေးများသာဖြစ်ပြီး အသက် ၁၀ ကျော်မှ ၂၀ ကျော်ဝန်းကျင်အထိ ရှိကြသည်။
အနီရောင်သိုးမွေးပဝါလေးကို လည်ပင်းတွင်ပတ်ထားပြီး ဆံပင်ကို နှစ်ဖက်ခွဲကာစည်းထားသည့် ယဲ့ရှောင်ရှောင်မှာ နှင်းလို ဖြူဖွေးသော အသားအရေကိုလည်း ပိုင်ဆိုင်ထားသေးသဖြင့် အလွန်ကြည့်ကောင်းလှပါသည်။
ရွာထဲက လူတိုင်းနှင့် ခြားနားလှသည့် သူမ၏ အသွင်အအပြင်ကြောင့် လူအတော်များများက ချက်ချင်း သတိမူမိသွားကြသည်။
ကောင်လေးတစ်ယောက်က အနားရောက်လာကာ မေးမြန်းလိုက်သည်။
“ချန်းယွမ်၊ သူလေးက ဘယ်သူလဲ”
ယဲ့ချန်းယွမ်က ချက်ချင်း ငေါက်လွှတ်လိုက်သည်။
“မင်းတို့တွေ လာမရှုပ်နဲ့နော်၊ ဒါ ငါ့ညီမလေးကွ”
“မင်းညီမက တော်တော်လှတာပဲ၊ မြို့ကလာတာလား ဘာလား”
“ငါ့တို့လည်း သူ့ကို တစ်ခါမှ မမြင်ဖူးဘူး၊ ဘယ်မိသားစုဘက်က ညီမလေးလဲ”
လူအုပ်ကြားထဲတွင် အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး လူတစ်ယောက်က ယဲ့ရှောင်ရှောင်ကို အလွန်စိုက်ကြည့်နေလေသည်။
ထိုလူ့ဘေးတွင်ရှိနေသည့် ကောင်မလေးက သူ့လက်မောင်းကို ဆွဲဆိတ်ကာ ပြောလိုက်ပါသည်။
“ဟဲ့ ဒီဘက်ကို ကြည့်စမ်းပါ! ယဲ့မိသားစုဆီရောက်လာတဲ့ ကောင်မလေးက ပေကျင်းမြို့ကလာတာတဲ့၊ နင် သိတယ်မလား ပေကျင်းမြို့လေ၊ မြို့သားကြီးတွေ မြို့သူကြီးတွေ နေတာ၊ ငါတို့နဲ့ ဘာမှမဆိုင်ဘူး”
ထိုလူက နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။
“အဲ့တာဆိုလည်း သူက ငါတို့တောရွာကို ဘာလာလုပ်တာလဲ”
“ယဲ့မိသားစုက ကလေးချင်း မှားသွားခဲ့တာတဲ့၊ မကြားမိဘူးလား”
ကျန်းအာ့နီက မျက်စပစ်ကာ သူ့ခြေထောက်ကို မကျေမနပ်ဆောင့်နင်းလိုက်ပြီး မေးလိုက်သည်။
“နင် နှင်းရုပ်လုပ်မှာလား ဘာလုပ်မှာလဲ”
လီသဲ့ရှု လှောင်ပြုံးပြုံးလိုက်ပါသည်။
“နှင်းရုပ်တွေဘာတွေ ခဏမေ့ထားလိုက်၊ မြို့သူတွေက ဘာများထူးခြားနေလို့လဲ သွားကြည့်ကြရအောင်”
ကျန်းအာ့နီလည်း မျက်နှာရှုံ့မဲ့ကာ နောက်မှ လိုက်လာခဲ့ရတော့သည်။
“ဟယ်လို ငါက လီသဲ့ရှုပါ”
အားလုံးထဲတွင် လီသဲ့ရှုသည် ရုပ်ရည်အတန်အသင့်ရှိပြီး သပ်သပ်ရပ်ရပ်ရှိပါသည်။
သူသည် အခြားသူများထက် ပိုသာသည်ဟု အမြဲတမ်းယုံကြည်ခဲ့သူဖြစ်သည်။
သို့သော် သူ့အမည်ကို ကြားလိုက်သည်နှင့် ယဲ့ရှောင်ရှောင် တစ်ကိုယ်လုံး တုန်ယင်သွားပါသည်။
လခွမ်း!
အဲ့တာ ဇာတ်လိုက်မင်းသမီး(ဟောက်ယန်ယန်)ရဲ့ အရင်ဘဝက လင်ယုတ်မဟုတ်လား ?
လီသဲ့ရှုသည် ဇာတ်လိုက်မင်းသမီးကို လက်ထပ်ထိန်းမြှားခွင့်ရဖို့အတွက် စကားချိုချိုများဖြင့် ဖြားယောင်းသိမ်းသွင်းခဲ့သည်။
လက်ထပ်ပြီး သိပ်မကြာခင်မှာပင် လီမိသားစုသည် စီးပွားရေးပျက်ခဲ့ရပြီး လီသဲ့ရှု၏စရိုက်မှန်များလည်း ဘူးပေါ်သလို ပေါ်လာခဲ့ပါသည်။
လီသဲ့ရှုသည် လောင်းကစားလုပ်ခြင်း၊ အိမ်တွင်းအကြမ်း ဖက်ခြင်း၊ ဇာတ်လိုက်မင်းသမီးကို နှိပ်စက်ခြင်းနှင့် ယဲ့မိသားစုကိုခြိမ်းခြောက် အကျပ်ကိုင်ခြင်းတို့ကို ပြုလုပ်ခဲ့လေသည်။
ယခင်ဘဝက ထိုသို့ ဘဝဆိုးခဲ့ရခြင်းကြောင့်ပင် ဟောက်ယန်ယန်သည် ပြန်လည်မွေးဖွားလာပြီးနောက် ပိုင်ချွမ်ရွာမှလွတ် မြောက်နိုင်ဖို့ အသည်းအသန်ကြိုးစားခဲ့ရခြင်းဖြစ်သည်။
သို့သော် လီသဲ့ရှုကို ယဲ့မိသားစုက အတင်းအကျပ် လက်ထပ်ခိုင်းခဲ့ခြင်းမဟုတ်ဘဲ ဟောက်ယန်ယန်ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း မဟုတ်ပါလား။
ထို့ကြောင့် ယခုဘဝတွင် ဟောက်ယန်ယန်သည် သူမ၏ ကံကြမ္မာဆိုးမှ လွတ်မြောက်နိုင်ဖို့အတွက် ယဲ့မိသားစု၏ ငွေများကို ခိုးယူသွားခဲ့သည့်လုပ်ရပ်အား ယဲ့ရှောင်ရှောင် နားမလည်နိုင်ဖြစ်နေလေသည်။
တစ်ဖက်လူက စကားပြန်မပြောသဖြင့် လီသဲ့ရှု၏အပြုံး တဖြည်းဖြည်း မှေးမှိန်သွားပါသည်။
“ချန်းယွမ်၊ မင်းညီမလေးနဲ့ မိတ်ဆက်ပေးဦးလေကွာ၊ နောက်ဆို တို့တွေ အတူတူ ကစားလို့ရတာပေါ့”
“ဆုတောင်းလေ၊ ငါ့ညီမလေးက မင်းလိုလူမျိုးနဲ့ ဘယ်တော့မှ ပေါင်းမှာမဟုတ်ဘူး”
ထို့နောက် ယဲ့ချန်းယွမ်သည် ယဲ့ရှောင်ရှောင်ကို ခေါ်ထုတ်သွားဖို့ ပြင်လိုက်သည်။
“ဟိုဘက်မှာ နှင်းရုပ်သွားလုပ်ကြရအောင် ရှောင်ရှောင်”
ထိုစဉ် ကျန်းအာ့နီက ဘေးမှ သရော်လိုက်ပါသည်။
“သူက နင့်လိုကောင်နဲ့ မပတ်သတ်ချင်ဘူးတဲ့”
လီသဲ့ရှု: “နင့် ပါးစပ်ပိတ်ထား ရုပ်ဆိုးမ!”
ကျန်းအာ့နီလည်း နှင်းများကို လက်တစ်ဆုပ်စာ ကျုံးကာ လီသဲ့ရှုအား ပစ်ပေါက်လိုက်သည်။
“ခွေးကောင် လီသဲ့ရှု! ငါ့ကို ရုပ်ဆိုးမလို့ ခေါ်တယ်ပေါ့၊ နင့်ကိုသတ်ပစ်မယ်!”
နှင်းများက လီသဲ့ရှု၏ခေါင်းပေါ်သို့ ကျကုန်သဖြင့် ဆံပင်စတိုင် ပျက်သွားခဲ့ရသည်။
ထို့ကြောင့် လီသဲ့ရှု အလွန်ဒေါသထွက်ကာ အော်ဟစ်လိုက်တော့သည်။
“ကျန်းအာ့နီ! နင် တော်တော် သောက်ကျင့်မကောင်းတဲ့ ဟာမပဲ!”
📗 Chapter 22
ယဲ့ရှောင်ရှောင်သည် လီသဲ့ရှုတို့ဘက်ကိုသာ မကြာခဏ လှည့်ကြည့်နေမိသည်။
ထို့ကြောင့် ယဲ့ချန်းရှန့်က သတိပေးလိုက်သည်။
“လီသဲ့ရှုတို့ မိသားစုက ပြည့်စုံတယ်ဆိုပေမယ့် အဲ့ဒီကောင်က အပျင်းကြီးပြီး ဘာမှလက်ကြောတင်းတင်း မလုပ်တတ်တဲ့ကောင်၊ အပြောကလည်း ကောင်းတော့ လုံးဝ ယုံကြည်လို့မရဘူး၊ သူနဲ့ ဝေးဝေးမှာနေနော်”
လီသဲ့ရှု၏ အဖေသည် သစ်တောလုပ်ငန်းတွင် အစုရှယ်ယာဝင်တစ်ယောက်ဖြစ်ကာ ပိုင်ချွမ်ရွာတွင် အချမ်းသာဆုံး ပုဂ္ဂိုလ်ပင်ဖြစ်သည်။
သူ့မိသားစုက ပြည့်စုံသဖြင့် လူအတော်များများက သူ့နားတွင် ကပ်ဖားရပ်ဖားလုပ်တတ်ကြသည်။
ကျန်းအာ့နီဟူသည်မှာ ရွာသူကြီး၏ သမီးဖြစ်ကာ မနေ့က ယဲ့ရှောင်ရှောင်တို့ အိမ်ပြန်လာစဉ် တွေ့ခဲ့ရသည့် ဝဝဖိန့်ဖိန့် အမျိုးသမီးမှာလည်း ကျန်းအာ့နီ၏အမေဖြစ်သည်။
ဝမ်မေ့လီသည် ကျန်းအာ့နီနှင့် လီသဲ့ရှုတို့ကို ပေးစားဖို့ ရည်ရွယ်ချက်ရှိပါသည်။
လီသဲ့ရှုကို သူမ၏သားမက်လောင်းအဖြစ်ပင် သဘောထားနေပြီဖြစ်သည်။
ယဲ့ရှောင်ရှောင် အကြည့်ပြန်လွှဲလိုက်လေသည်။
“သမီး နားလည်ပါတယ်”
လီသဲ့ရှုသည် ပြဿနာကောင်ဖြစ်၍ ဝေးဝေးမှ ရှောင်ကျဉ်သင့်ပါသည်။
သို့သော် သူတို့အားလုံးသည် တစ်ရွာတည်းနေထိုင်ကြသူများဖြစ်သဖြင့် မဆုံမိဖို့ ဟူသည်မှာ ခဲယဉ်းလှပေသည်။
ယဲ့ရှောင်ရှောင် နှင်းရုပ် ဖန်တီးနေစဉ် လီသဲ့ရှုက တမင်တကာလား၊ မတော်တဆလား မသိနိုင်သော်လည်း အနားသို့ တဖြည်းဖြည်း ကပ်လာပါသည်။
ယခင်ဘဝက ယဲ့ရှောင်ရှောင်သည် တောင်ပိုင်းတွင်သာ အနေများခဲ့သဖြင့် ဤကဲ့သို့ နှင်းထူထပ်သည့် အခြေအနေမျိုးကို မကြုံဖူးသလောက်ရှိပါသည်။
ထို့ကြောင့် နှင်းများကို ကလေးတစ်ယောက်သဖွယ် ကစားနေမိပြီး မျက်နှာပေါ်တွင်လည်း ဖြူစင်သည့် အပြုံးတစ်ခု ပေါ်လွင်နေခဲ့လေသည်။
နှင်းရုပ်ကလေး ပြီးဆုံးသွားသောအခါ ယဲ့ရှောင်ရှောင်သည် သူမ၏အနီရောင်လည်စည်းပဝါလေးကို နှင်းရုပ်ကလေး၏ လည်ပင်းတွင် ပတ်ပေးလိုက်ပါသည်။
ဒေါသတထောင်းထောင်းထနေသည့် ကျန်းအာ့နီက သူမဘေးတွင် ပိုကြီးသည့် နှင်းရုပ်တစ်ရုပ်ကို ဆောက်ပြလိုက်သည်။
ယဲ့ရှောင်ရှောင်ထက် ပိုသာအောင်လုပ်နိုင်သည်ဟူ၍ တိတ်တဆိတ် ယှဉ်ပြိုင်နေသည့် ပုံစံမျိုးပင်။
သို့သော် လီသဲ့ရှုမှာ ယဲ့ရှောင်ရှောင်ကိုသာကြည့်နေပြီး သူမကို လျစ်လျူရှုထားသဖြင့် ကျန်းအာ့နီ အလွန်ပေါက်ကွဲကာ နှင်းရုပ်၏ခေါင်းကို ရိုက်ချပစ်လိုက်တော့သည်။
ကွင်းပြင်ကြီးထဲ ကလေးများကစားနေကြစဉ် နှင်းများ ထပ်မံကျဆင်းလာပြန်ပါပြီ။
ထိုစဉ် ရုတ်တရက်ဆိုသလို တောင်နောက်ဘက်မှ သေနတ်ပစ်သံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ယဲ့ရှောင်ရှောင် ကြက်သေသေသွားလေသည်။
ယဲ့ချန်းရှန့်လည်း ခြေလှမ်းများ ရပ်တန့်သွားကာ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ပါသည်။
ယဲ့ချန်းယွမ်: “သေနတ်ပစ်သံနဲ့ တူတယ်နော်…”
ယဲ့ချန်းရှန့်: “ဘယ်သူက ဒီရာသီဥတုမျိုးမှာ အမဲလိုက်နေတာလဲ”
ပိုင်ချွမ်ရွာသည် တောင်တန်းများအကြားတွင် တည်ရှိသည်ဖြစ်၍ မိသားစုအတော်များများတွင် အမဲလိုက်ရိုင်ဖယ်သေနတ်များ ကိုယ်စီရှိတတ်ကြသည်။
တောင်ပေါ်တွင် ဘာတွေဖြစ်ပျက်နေမှန်း သေချာမသိနိုင်သဖြင့် ယဲ့ချန်းရှန့် စိုးရိမ်လာပြီး နှင်းရုပ်လေးပေါ်မှ ပဝါကို ပြန်ဆွဲယူလိုက်လေသည်။
“ငါတို့ ပြန်ကြစို့”
ယဲ့ရှောင်ရှောင်: “ဟုတ်ပြီ”
“တစ်ယောက်ယောက် အမဲလိုက်နေတာ နေမှာပေါ့ဟယ်၊ ဘယ်သူသွားကြည့်ရဲကြလဲဟေ့!”
ကျန်းအာ့နီက ရည်ရွယ်ချက်ရှိရှိ အော်ပြောလိုက်လေသည်။
လူနည်းစုက သေနတ်သံလာရာဘက်သို့ သွားကြည့်ဖို့ အသင့်ပြင်ဆင်နေကြပါပြီ။
သို့သော် အများစုမှာမူ မသွားရဲကြဘဲ အသံလာရာကိုသာ မဝံ့မရဲငေးကြည့်နေကြသည်။
အားလုံး၏သတ္တိကြောင်သော အပြုအမူကိုမြင်သောအခါ မြင်သောအခါ ကျန်းအာ့နီက ပိုမိုရိုင်းရိုင်းစိုင်းစိုင်းပြောလိုက်ပါသည်။
“နင်တို့တွေ ဘာဖြစ်နေကြတာလဲ၊ နင်တို့ကို အမေ့ရင်ခွင်ထဲမှာ ထည့်ပိုက်ထားရတုန်းလား၊ သူများအမဲလိုက်တာ သွားကြည့်ဖို့တောင် သတ္တိမရှိကြဘူးလား”
ကောင်လေးတစ်ယောက်က ပြန်ငေါက်လိုက်သည်။
“နင်ဘာတွေ အာချောင်နေတာလဲ ကျန်းအာ့နီ၊ နင်လည်း တောင်ပေါ်မှာ အမဲလိုက်ဖူးတာမဟုတ်ဘဲနဲ့”
ကျန်းအာ့နီက ပြန်ချေပသည်။
“ဘာလို့မလိုက်ဖူးရမှာလဲ! ငါအခုချက်ချင်း တောထဲဝင်ရဲတယ်!”
ကျန်းအာ့နီက သွေးထိုးပေးနေသဖြင့် ကောင်လေးအချို့လည်း သွေးဆူလာပြီး တောထဲဝင်ဖို့ ပြင်လိုက်ကြပါသည်။
အိမ်ပြန်ဖို့ ပြင်နေသည့် ယဲ့ချန်းရှန့်မှာ ကျန်းအာ့နီ၏စကားကိုကြားပြီး တီးတိုးရေရွတ်လိုက်မိသည်။
“နှင်းတွေဒီလောက်ကျနေတာကို… တောင်ပေါ်မှာ နှင်းကျရင် နဂိုကတည်းကမှ အန္တရာယ်များနေတာ၊ ထင်ရာစိုင်းပြီး ပြဿနာရှာချင်နေတဲ့ဟာတွေပဲ”
ကျန်းအာ့နီနှင့်အတူ လူငယ်အချို့ ရွာနောက်ဘက်ရှိ တောင် ကုန်းများထံသို့ ဦးတည်သွားနေကြသည်ကို ယဲ့ရှောင်ရှောင် မြင်လိုက်ရပါသည်။
သို့သော် လီသဲ့ရှုကတော့ မသွားသေးဘဲ ယဲ့ရှောင်ရှောင်တို့ မောင်နှမများကိုကြည့်ရင်း ပြုံးနေလေသည်။
“ဟေ့ ချန်းယွမ်နဲ့ ချန်းရှန့်တို့! မင်းတို့ကောင်တွေ မသွားဘူးလား”
ယဲ့ချန်းယွမ်သည် ပုံမှန်အားဖြင့် သတ္တိကောင်းသော်လည်း ယခုလို အချိန်တွင်မူ တောထဲမဝင်သင့်မှန်းတော့ ကောင်း ကောင်းနားလည်ပါသည်။
ဆောင်းရာသီဖြစ်၍ တောရိုင်းတိရိစ္ဆာန်များ ဆာလောင်ငတ်မွတ်နေကြချိန် ဖြစ်ရုံသာမကဘဲ ဤနေရာကြီးသည် နွေရာသီတွင်ပင် အန္တရာယ်များလှသည်။
ထို့ကြောင့် ယဲ့ချန်းယွမ် ချက်ချင်းငြင်းဆန်လိုက်သည်။
“ငါတို့မသွားဘူး၊ မင်းလည်း မသွားသင့်ဘူး”
ယဲ့ရှောင်ရှောင် စိတ်ထဲမှ သက်ပြင်းချမိသည်။
၂၁ ရာစုတွင် ဤကဲ့သို့ အပြုအမူမျိုးကို ‘ဖျင်ယားခြင်း’ဟု ခေါ်ဝေါ်ပါသည်။
လီသဲ့ရှုက စိတ်ကြီးဝင်စွာ လှောင်ပြုံးပြုံးလိုက်သည်။
“တကယ်တမ်းကျတော့လည်း မင်းတို့ကောင်တွေက ကြောက်ချေးပန်းတဲ့ ငကြောက်တွေပဲ၊ ငါ ထင်မထားဘူး”
ယဲ့ချန်းယွမ် ဒေါသအလွန်ထွက်သွားသည်။
သို့သော် သူ မတုံ့ပြန်ခဲ့ပေ။
ဆောင်းရာသီအတွင်း တောထဲဝင်သွားသည့်အကြောင်း အဖေဖြစ်သူသာ သိသွားလျှင် သူအသတ်ခံရပါလိမ့်မည်။
ယဲ့မောင်နှမများ စိတ်ကူးမပြောင်းသည်ကို မြင်ပြီး လီသဲ့ရှုလည်း ဘာမှဆက်မပြောဘဲ လှည့်ထွက်သွားတော့သည်။
“ဘာကောင်တွေရှိနေလဲ ကြည့်ကြသေးတာပေါ့၊ ဝက်ဝံနက်ကြီးတွေနဲ့တောင် တွေ့ချင်တွေ့မှာ”
သူတို့အားလုံးသည် တောင်ပေါ်သားများဖြစ်ကြသဖြင့် သတ္တိရှိခြင်းကို ဂုဏ်ဒြပ်တစ်ခုဟု မှတ်ယူထားပါသည်။
ထို့အပြင် သားကောင်တစ်ကောင်လောက် အမဲလိုက်နိုင်လျှင် ဆင်းရဲနွမ်းပါးသည့် မိသားစုများအတွက် များစွာအထောက် အကူဖြစ်နိုင်ပေသည်။
သေနတ်သံများကြောင့် ကွင်းပြင်တွင် ကစားနေသည့် ကလေးများ မပျော်မရွှင်နှင့် အိမ်ပြန်သွားကြရသည်။
အချို့ကလေးများမှာမူ တောထဲဝင်သွားသည့် သူငယ်ချင်းဖြစ်သူများကို ကြည့်ရင်း စိုးရိန်ပူပန်မိကြပါသည်။
“ငါတို့ သူကြီးကို သွားခေါ်ရင်ကောင်းမယ်နော်”
“ဟုတ်တယ်၊ သူကြီးသာဆို တားမှာပဲ”
ယဲ့ရှောင်ရှောင်တို့ မောင်နှမများကတော့ အိမ်သို့သာ ပြန်လာခဲ့ကြသည်။
သူတို့၏ပြဿနာမဟုတ်သဖြင့် ဝင်ပါစရာမလိုအပ်ပေ။
ထို့အပြင် ဤနေရာတွင်နေထိုင်လာသည်မှာကြာပြီဖြစ်၍ သူတို့အကြောင်းသူတို့ နားလည်သင့်သည်ဟု ယဲ့ချန်းရှန့် တွေးခဲ့ပါသည်။
အိမ်သို့ပြန်ရောက်သောအခါ ယဲ့ချန်းရှန့် စာအုပ်သာပြန်ဖတ်နေခဲ့သည်။
ယဲ့ရှောင်ရှောင်လည်း ဘာမှလုပ်စရာမရှိသဖြင့် စာအုပ်တစ်အုပ်ယူကာ ဖတ်ရှုနေလိုက်ပါသည်။
ကလေးများဖြစ်သည့်အလျောက် တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်လိုစိတ်ဖြင့် တောထဲ အပျော်သဘော ဝင်သွားကြသည်ဟု ထင်ထားခဲ့သော်လည်း ညနေစောင်းသောအခါ ရွာသူကြီး ကျန်းရန်ကွေ့သည် ယဲ့မိသားစုအိမ်သို့ ရုတ်တရက် ရောက်ချလာခဲ့လေသည်။
“ညီလေးယဲ့၊ မင်းရဲ့ အမဲလိုက်သေနတ် အလုပ်လုပ်သေးလား၊ အလုပ်လုပ်သေးရင် အမြန်ယူခဲ့၊ တို့တွေ တောထဲဝင်ရမယ်”
ယဲ့မိသားစုများ ညစာစားဖို့ ပြင်ဆင်နေကြစဉ် ရွာသူကြီး၏ အသံကိုကြားလိုက်ရသည်။
ယဲ့ကျန်းကော် ထိတ်လန့်သွားခဲ့လေသည်။
“ဒီအချိန်ကြီး တောထဲကို ဘာသွားလုပ်မှာလဲ”
“ဪ… ရွာက ကလေးတွေလေ တောထဲဝင်သွားကြတာ ပြန်ရောက်မလာသေးလို့၊ မှောင်သွားရင် အခြေအနေတွေ ဆိုးကုန်လိမ့်မယ်”
ထိုကလေးများအနက် ရွာသူကြီး၏သမီးဖြစ်သူ ကျန်းအာ့နီလည်း အပါအဝင်ပင်။
ယဲ့ကျန်းကော် လက်ထဲက တူများကိုချကာ မတ်တပ်ထရပ်လိုက်ပါသည်။
“ကျုပ်လိုက်ကြည့်ပေးပါ့မယ်”
မြောင်စွေ့ဖန်းက သတိပေးလိုက်သည်။
“သတိထားဦးနော်၊ တောနက်ထဲကို သိပ်အဝေးကြီး ဝင်မသွားနဲ့ဦး”
ယဲ့ကျန်းကော်: “စိတ်မပူပါနဲ့၊ အားလုံးစားစရာရှိတာ ဆက်စားနှင့်ကြ”
ယဲ့ချန်းချင့် မတ်တပ်ရပ်ကာ ဆိုလိုက်သည်။
“ကျွန်တော် လိုက်ခဲ့မယ် အဖေ”
သို့သော် ယဲ့ကျန်းကော် တားလိုက်ပါသည်။
“အိမ်မှာပဲနေခဲ့၊ ဒီရာသီဥတုနဲ့ဆို လူများလည်း ဘာမှအကျိုးထူမှာမဟုတ်ဘူး၊ ပြဿနာ ပိုများလာရုံပဲရှိမယ်”
ထိုသို့ပြောပြီးနောက် သားရေဦးထုပ်ကိုဆောင်း၊ သိုလှောင်ခန်းထဲမှ အမဲလိုက်ရိုင်ဖယ်ကိုယူရင်း ကျန်းရန်ကွေ့နှင့်အတူ လိုက်သွားခဲ့တော့သည်။
ထိုစဉ် ယဲ့ရှောင်ရှောင် တစ်စုံတစ်ခုကို သတိရသွားသည်။
“အဖေ နေဦး!”
ထို့နောက် သူမအခန်းထဲမှ ဓာတ်မီးအသစ်ကိုထုတ်ကာ ယဲ့ကျန်းကော်နောက်သို့ လိုက်ပေးခဲ့ပါသည်။
“ဓာတ်မီးယူသွားဦး၊ သတိထားနော် အဖေ”
ယဲ့ကျန်းကော်လည်း ဓာတ်မီးကိုလက်ခံလိုက်လေသည်။
“ဟုတ်ပါပြီ၊ အိမ်ထဲပြန်ဝင်တော့၊ အပြင်မှာ အရမ်းအေးတယ်”
ထို့နောက် ယဲ့ကျန်းကော်နှင့် ကျန်းရန်ကွေ့တို့ နှင်းစက်များအကြား တိုးဝင်ပျောက်ကွယ်သွားကြတော့သည်။
ယဲ့ကျန်းကော် ထွက်သွားသောအခါ ယဲ့မိသားစုလည်း ညစာစားချင်စိတ် မရှိကြတော့ပေ။
ယဲ့ကျန်းကော်သည် စစ်တပ်တွင် တာဝန်ထမ်းဆောင်ဖူးပြီး ဒဏ်ရာကြောင့် အနားယူခဲ့ရကာ ပြည်သူ့စစ်အဖွဲ့ထဲသို့ ဝင်ခဲ့ရသော်လည်း ရိုင်ဖယ်သေနတ်တစ်လက်နှင့် တောထဲသို့ မကြာခဏ သွားတတ်ဆဲပင်။
သို့သော် တစ်နှစ်တာ၏ ဤကဲ့သို့ အချိန်ကာလမျိုးတွင် ကောင်းကင်ကြီးမှာ မှောင်မိုက်နေတတ်သဖြင့် ဘာမဆို ဖြစ်သွားနိုင်ပေသည်။
ထို့ကြောင့် ယဲ့မိသားစုမှာ ရင်တမမနှင့် စောင့်နေခဲ့ကြရပါသည်။
အငယ်ဆုံးလေး ယဲ့ပေါင်ယွမ်ပင် အားလုံး၏ စိတ်ဖိစီးမှုများကို အာရုံခံမိသည့်အလား ကြောက်ရွံ့နေပြီး ကျန်းရွှယ်၏ ရင်ခွင်ထဲ တိုးဝင်နေပါသည်။
ငါးနှစ်သားလေး ယဲ့ပေါင်ချန့်ကမူ အဘွားဖြစ်သူဘေးတွင်ထိုင်ကာ ပုံပြောပြသည်ကို နားထောင်နေလေသည်။
“ဒင်း… ဒေါင်… ဒေါင်…”
ယဲ့မိသားစုအိမ်၏ ဧည့်ခန်းထဲမှ နာရီသည် ကိုးကြိမ်မြောက် အသံမြည်လာခဲ့ပါသည်။
ညကိုးနာရီ ထိုးသွားပြီဟူသည့် သဘောပင်။
ယဲ့ချန်းချင့်နှင့် ယဲ့ချန်းနင်တို့ ညီအစ်ကိုနှစ်ယောက် နာရီဝက်တစ်ကြိမ် အပြင်ထွက်ပြီး အခြေအနေကို စောင့်ကြည့်ခဲ့ပါသည်။
တစ်လက်စတည်း ခြံဝင်းထဲရှိ နှင်းများကိုလည်း ကျုံးခဲ့ကြသေးသည်။
နှင်းများ ပိုမိုထူထပ်စွာ ကျဆင်းလာသော်လည်း ယဲ့ကျန်းကော်ပြန်လာသည့် အရိပ်အယောင်ကို မတွေ့ရသေးပေ။
ကျန်းရွှယ်သည် ညကိုးနာရီအထိ စောင့်နေခဲ့ပြီးနောက် ကလေးနှစ်ယောက်ကို သိပ်ဖို့ အခန်းထဲ ဝင်သွားခဲ့ပါသည်။
ယဲ့ရှောင်ရှောင်သည်လည်း မနက်က စောစောထရသဖြင့် အနည်းငယ် ငိုက်မျဉ်းလာပါသည်။
ယဲ့ရှောင်ရှောင် အိပ်ငိုက်နေစဉ် အိမ်အပြင်ဘက်မှ လှုပ်လှုပ်ရှားရှားအသံများကို ရုတ်တရက် ကြားလိုက်ရသည်။
“မြန်မြန်လုပ်! အိမ်ထဲကို အရင်သယ်ကြ!”
ယဲ့ကျန်းကော်၏ အသံပင်။
အပြင်ဘက်မှ ခြေသံများမှာ အလွန်ပင် ယောက်ယက်ခတ်နေပြီး လူတစ်ဦးထက်မက စုပြုံ ရောက်ရှိလာခြင်းဖြစ်မှန်း သိသာလှပါသည်။
အိမ်တံခါးပွင့်သွားသောအခါ သွေးနံ့ကို ဦးစွာ ရရှိလိုက်သဖြင့် ယဲ့ရှောင်ရှောင်မှာ အိပ်ငိုက်နေရာမှ ချက်ချင်းပင် နိုးကြားသွားတော့သည်။