← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

📗 Chapter 23

အိမ်အနောက်ဘက်ခန်းထဲသို့ သယ်ဆောင်ခံလာရသူမှာ ယဲ့ရှောင်ရှောင် မသိမ်ကျွမ်းသော လူတစ်ယောက်ဖြစ်သည်။

ထိုလူ့လက်မောင်းပေါ်မှ သွေးများတစက်စက် ကျနေသဖြင့် တောရိုင်းတိရိစ္ဆာန်တစ်ကောင်ကောင် ကိုက်ထားသည့် ဒဏ်ရာနှင့် တူလှပေသည်။

ခဏအကြာတွင် အိမ်ထဲသို့ လူနှစ်ယောက် ထပ်ဝင်လာခဲ့သည်။

ရွာသူကြီးနှင့် အဘိုးလျို့တို့ပင်။

အဘိုးလျို့သည် ရွာဆေးဆရာတစ်ဦးဖြစ်သော်ငြား တောရိုင်းတိရိစ္ဆာန်များကြောင့် ရရှိလာသည့် ဒဏ်ရာများကို ကုသပေးနေကျဖြစ်သဖြင့် ထိတ်ထိတ်ပျာပျာ မဖြစ်ဘဲ တည်ငြိမ်နေခဲ့ကာ ဆေးနှင့်ပတ်တီးတို့ကို ချက်ချင်းယူလျက် သွေးတိတ်အောင် ပြုလုပ်ပေးခဲ့ပါသည်။

“အား!!!”

ထုံဆေးမရှိသဖြင့် ဒဏ်ရာရရှိထားသည့် အမျိုးသားမှာ နာကျင်လွန်း၍ အော်ဟစ်နေရလေသည်။

ယဲ့မိသားစုမှ ယောက်ျားသားများကလည်း ထိုအမျိုးသားကို အတင်းဖိချုပ်ထားရပါသည်။

“ရွာမှာဘာမှသိပ်မရှိတော့ လောလောဆယ် သွေးတိတ်အောင်ပဲလုပ်ထားပေးလို့ရမယ်၊ အသက်ရှင်မလား မရှင်ဘူးလားဆိုတာတော့ သူ့ကံပဲပေါ့”

ရာသီဥတုက အေးစက်နေသော်လည်း ကျန်းရန်ကွေ့မှာမူ ချွေးတပြိုက်ပြိုက်ကျနေလေသည်။

“ကျေးဇူးတင်ပါတယ် ဆရာကြီး”

မြောင်စွေ့ဖန်းက ယဲ့ကျန်းကော်ကို အကျိုးအကြောင်း မေးမြန်းလိုက်သည်။

“တောထဲမှာ ဘာတွေနဲ့ တွေ့လာလို့လဲ၊ ဒီလူ့ကို ကျွန်မတို့ ရွာထဲမှာ မမြင်ဖူးသလိုပဲနော်”

ယဲ့ကျန်းကော်က လက်ယမ်းပြလိုက်သည်။

“မေးမနေပါနဲ့တော့၊ အဲ့ဒီကလေးတွေ ဒီတစ်ခါ ပြဿနာကို ကြီးကြီးမားမား ရှာလိုက်တာပဲ”

တောထဲတွင် နာရီပေါင်းများစွာ ပြေးလွှားခဲ့ရသဖြင့် ယဲ့ကျန်းကော်၏အဝတ်အစားများမှာ ချွေးများ ရွှဲနစ်နေပါပြီ။

အထူးသဖြင့် သူ့ဂွမ်းဘောင်းဘီနှင့် ဖိနပ်တို့မှာ မြင်မကောင်းအောင် ရှိလှသည်။

တောထဲသို့ ဝင်သွားသည့် အခြားသူများလည်း ထိုနည်းလည်းကောင်းပင် ဖြစ်ကြသည်။

ကျန်းရန်ကွေ့သည် အလုပ်ကိစ္စများရှိသေးသဖြင့် လူနာအား စောင့်ကြည့်ထားဖို့ အဘိုးလျို့ကိုသာ အကူအညီတောင်းခဲ့ရပါသည်။

အဘိုးလျို့က ခေါင်းညိတ်သည်။

“သွားစရာရှိတာ သွားပါ သူကြီး၊ ဒီကိစ္စကြောင့် ဘာမှမနှောင့်နှေးစေနဲ့”

မြောင်စွေ့ဖန်းက ယဲ့ကျန်းကော်အတွက် အဝတ်အစားအသစ်များ ထုတ်ပေးခဲ့သည်။

ထိုစဉ် ယဲ့ရှောင်ရှောင်သည် အရှေ့ဘက်ခန်းမှထွက်လာပြီး နောက်ဘက်ခန်းတံခါးဝမှ ချောင်းကြည့်နေပါသည်။

“နင်က ဘာတွေစပ်စုနေတာလဲ၊ အိပ်ရာဝင်တော့!”

မည်သည့်နေရာကမှန်းမသိ ရောက်လာသည့် ယဲ့ချန်းနင်က ယဲ့ရှောင်ရှောင်ကို အခန်းထဲမှ တွန်းထုတ်ပစ်လိုက်လေသည်။

“ဘာတွေ…”

တောထဲတွင် ဘာတွေဖြစ်ခဲ့သလဲ ယဲ့ရှောင်ရှောင် မေးမြန်းချင်ခဲ့သော်လည်း မောင်းထုတ်ခံလိုက်ရသဖြင့် မတတ်သာတော့ဘဲ ကိုယ့်အခန်းကိုယ် ပြန်လာခဲ့ရတော့သည်။

ဘာတွေပဲ ဖြစ်ခဲ့ပါစေ မနက်ဖြန်မနက် သိရပါလိမ့်မည်။

ထိုအတွေးဖြင့် ယဲ့ရှောင်ရှောင် အိပ်ရာဝင်ခဲ့တော့သည်။

သို့သော် ထိုနေ့ညက ပိုင်ချွမ်ရွာမှာ ယခင်ကကဲ့သို့ တိတ်ဆိတ်အေးချမ်းမနေခဲ့ပေ။

ရံဖန်ရံခါ ယဲ့မိသားစုအိမ်အတွင်းမှ နာနာကျင်ကျင်အော်ညည်းသံများ ထွက်ပေါ်လာတတ်လေသည်။

နောက်တစ်နေ့နံနက်စောစောတွင် ခြံထဲရှိ နှင်းများမှာ ပိုလို့ပင် ထူထပ်လာပြီဖြစ်ရာ ယဲ့ချန်းချင့်က သိမ်းကျုံးဖယ်ရှားနေရပါပြီ။

ယဲ့ချန်းနင်လည်း ခေါင်မိုးပေါ်သို့ လှေကားဖြင့် တက်ပြီး နှင်းများကို တွန်းထုတ်ပေးနေရသည်။

ဤဒေသ၏အအေးဒဏ်မှာ ကြောက်မက်ဖွယ်ရာကောင်းလွန်းသဖြင့် နှင်းများကို အချိန်မီ မဖယ်ရှားလျှင် ဆောင်းရာ သီတစ်ခုလုံး ခြံထဲတွင် ပုံနေပါလိမ့်မည်။

နှင်းများ ပိုပိုထူလာပြီး လေးလံလာသည့်အခါ အိမ်ခေါင်မိုးပင်ပြိုကျနိုင်ပေသည်။

အနောက်ဘက်အခန်းထဲရှိ လူနာသည် တစ်ညလုံးအော်ညည်းနေခဲ့သော်လည်း ယခုတွင်မူ တိတ်ဆိတ်နေလေသည်။

“ရှောင်ရှောင်!”

ယဲ့ချန်းယွမ်တစ်ယောက် ခြံထဲသို့ အပြေးအလွှား ရောက်လာသည်။

“အစ်ကိုယွမ် ဘာကိစ္စရှိလို့လဲ”

“မနေ့ညက ဘာတွေဖြစ်သွားတာလဲ သိပြီးပြီလား”

ယဲ့ချန်းယွမ် တိုးညှင်းစွာ မေးလိုက်သည်။

ယဲ့ရှောင်ရှောင် တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်ပါသည်။

“ရွာထဲက လူတွေပျောက်သွားတာလေ”

ယဲ့ချန်းယွမ်သည် ယဲ့ရှောင်ရှောင်ကို အိမ်ထဲထိ ဆွဲခေါ်လာပြီး ဇာတ်ကြောင်းအစုံ ပြောပြခဲ့ပါသည်။

“အဲ့ထက် ပိုဆိုးတယ်ဟ၊ ကျန်းအာ့နီတို့အုပ်စု တောထဲမှာ လမ်းပျောက်ပြီး ဝက်ဝံတစ်ကောင်နဲ့ တည့်တည့်တိုးခဲ့တာလေ၊ သူတို့ ဘာလို့မသေတာလဲ သိလား”

ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်သည်။

ယဲ့ချန်းယွမ်က ဆက်ပြောသည်။

“ဖြစ်ချင်တော့ တောထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတချို့နဲ့ တွေ့သွားတာလေ! စစ်သားတွေမှာ သေနတ်ပါတော့ သူတို့ကို ကယ်ပေးနိုင်ခဲ့တာ”

အနောက်ဘက်အခန်းကို ယဲ့ရှောင်ရှောင်လှမ်းကြည့်လိုက်သည်။

ထိုအခန်းထဲတွင် အနားယူနေသည့် လူနာမှာ စစ်သားတစ်ယောက် ဖြစ်နိုင်ပေသည်။

ယဲ့ချန်းယွမ်က စိတ်လှုပ်ရှားစွာ ဆက်ပြောလိုက်ပါသည်။

“ဒါပေမယ့် ကျန်းအာ့နီနဲ့ သူ့အဖွဲ့ကြောင့် စစ်သားတွေ တာဝန်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်၊ သူတို့ကို ကယ်လိုက်ရလို့ တာဝန်ကျရှုံးသွားပြီး စစ်သားတစ်ယောက်ပါ ဒဏ်ရာရသွားတယ်တဲ့၊ အခု ရွာသူကြီးက ခါးကိုကုန်းနေအောင်လိုက်တောင်းပန်နေရပြီ၊ ဒီလောက်နဲ့ ပြဿနာမပြီးရင် မနေ့က တောထဲဝင်သွားတဲ့လူတွေအကုန်လုံး ထောင်ကျနိုင်တယ်၊ ကျန်းရန်ကွေ့လည်း ရွာသူကြီးရာထူးကနေ အထုတ်ခံ… အောင်မယ်လေးဗျ!”

မြောင်စွေ့ဖန်း ရုတ်တရက်ရောက်လာပြီး ယဲ့ချန်းယွမ်၏ ခေါင်းကို ခေါက်ပစ်လိုက်လေသည်။

“ဟဲ့ ပြဿနာကောင်၊ အတင်းအဖျင်းတွေ လျှောက်ပြောမနေနဲ့၊ မဟုတ်တာတွေ ဘယ်ကကြားလာတာလဲ”

ယဲ့ချန်းယွမ်က ပြန်ချေပသည်။

“မဟုတ်တာပြောတာ မဟုတ်ဘူးဗျ! တပ်ဖွဲ့ဆီကနေ ကြားလာခဲ့တာ၊ တစ်ရွာလုံးလည်း အဲ့သတင်းပျံ့နေပြီ!”

ပိုင်ချွမ်ရွာကဲ့သို့ ရွာငယ်လေးတစ်ရွာတွင် အပန်းဖြေစရာသိပ်မရှိသဖြင့် အတင်းအဖျင်းပြောခြင်းသည် အပန်းဖြေစရာ နည်းလမ်းတစ်ခုပင်။

မြောင်စွေ့ဖန်းက ပြောသည်။

“ဘာပဲဖြစ်ဖြစ် အာချောင်ပြီး လျှောက်ပြောမနေနဲ့၊ မနက်စာစားပြီးပြီလား၊ မစားရသေးရင် ထမင်းဝိုင်းပြင်ဖို့ လာကူဦး”

ယဲ့ချန်းယွမ် ရယ်မောလိုက်ပြီး စကားနားထောင်ကာ ပါးစပ်ပိတ်ထားလိုက်တော့သည်။

ရွာဆေးဆရာကြီး အဘိုးလျို့လည်း ယဲ့မိသားစုအိမ်တွင် မနက်စာစားခဲ့ပါသည်။

မနက်စာစားနေရင်း အဘိုးလျို့ကပြောလိုက်သည်။

“ဟိုစစ်သား အခြေအနေမကောင်းဘူး၊ အနာရှိန်နဲ့ အဖျားတော်တော်တက်နေတယ်”

ယဲ့ကျန်းကော်က မေးသည်။

“အဲ့တာဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ၊ ဒီရွာမှာ သူတစ်ခုခုဖြစ်သွားလို့ မဖြစ်ဘူးနော်”

သို့သော် ယဲ့ချန်းနင်က စိတ်မရှည်လက်မရှည် ဝင်ပြောလိုက်လေသည်။

“ရွာသူကြီးက ကျုပ်တို့ခေါင်းပေါ် ဘာလို့လာပုံချတာလဲ!”

အဘိုးလျို့က နားလည်မှုဖြင့် ရှင်းပြပေးလိုက်ပါသည်။

“သူတို့အိမ်က ကျဉ်းပြီး မင်းတို့အိမ်လောက်လည်း မသန့်ရှင်းဘူးလေ၊ ပြီးတော့ ကျန်းရန်ကွေ့မိန်းမအကြောင်းကို မင်းတို့လည်း သိတာပဲ၊ ဒီစစ်သားကို အဲ့ဒီအိမ်သာ ပို့လိုက်ရင် ပြဿနာအကြီးအကျယ်တက်လိမ့်မယ်”

ယဲ့ချန်းနင်: “ဒါပေမယ့် ကျုပ်တို့အိမ်မှာ အလကားနေအလကားစားလို့ မရဘူးလေ!”

အိမ်တွင် အခန်းပေါင်းများစွာရှိသော်လည်း တည်းခိုခတော့ တောင်းသင့်ပါသည်။

ယဲ့ကျန်းကော်က သားဖြစ်သူကို လှည့်ငေါက်လိုက်သည်။

“မင်း စကားမများဘဲ စားစရာရှိတာ မစားနိုင်ဘူးလား”

ယဲ့ချန်းချင့်က အကြုံဝင်ပြုသည်။

“မြို့နယ်ဆေးဆိုင်ကနေ ရှောင်ရှောင်ဝယ်လာတဲ့ အရောင်ကျဆေးတွေ ရှိသေးတယ်၊ အဲ့ဒီစစ်သားအတွက် သုံးလို့ရလောက်လား”

အဘိုးလျို့က ဆိုသည်။

“ယူလာခဲ့၊ ငါစစ်ကြည့်ပေးမယ်”

အဘိုးလျို့ စစ်ဆေးပြီးနောက် ထိုဆေးသည် အမှန်တကယ် အရောင်ကျဆေးဖြစ်ကာ ဒဏ်ရာရရှိထားသူအတွက် အသုံးပြုနိုင်ကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။

ယဲ့မိသားစု အနည်းငယ် စိတ်အေးသွားရသည်။

မနက်စာစားပြီးနောက် အခြားအစီအစဉ်လည်းမရှိ၊ အပြင်ထွက်လို့လည်း မရသဖြင့် မြောင်စွေ့ဖန်းနှင့် ကျန်းရွှယ်တို့နှစ်ဦး ရေမိုးချိုးကာ နှစ်သစ်ကူးညစာအတွက် စတင်ပြင်ဆင်ကြတော့သည်။

မြောင်ဖုန့်ရှန်းကမူ အပူပေးကုတင်ပေါ်တွင် စားပွဲတစ်လုံးချကာ ကလေးများကို စုတ်တံဖြင့် စာရေးနည်း သင်ကြားပေးနေပါသည်။

မနေ့က ပြဿနာများကို ခေတ္တမေ့ထားလျှင် နှစ်သစ်ကူးအငွေ့အသက်များကို စတင်ခံစားနေရပါပြီ။

ယဲ့မိသားစုဝင်များ အလုပ်ရှုပ်နေကြစဉ် ရွာသူကြီးက လူအချို့နှင့်အတူ ရောက်ချလာပြန်သည်။

ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းရှန့်နှင့်အတူ အခန်းထဲတွင် စာဖတ်နေစဉ် ရုတ်တရက်ခေါင်းမော့ကြည့်လိုက်သောအခါ ခြံထဲတွင် ရင်းနှီးနေသည့် လူရိပ်တစ်ခုအား ဖျပ်ခနဲ မြင်လိုက်ရပါသည်။

သူမ စာအုပ်ကို ဘေးချလိုက်သည်။

ယဲ့ချန်းရှန့်: “ဘာဖြစ်လို့လဲ”

အနောက်ဘက်အခန်းဆီမှ အသံများကြားနေရသည်။

လက်ရှိရာသီဥတုအခြေအနေကြောင့် ပိုင်ချွမ်ရွာမှ ထွက်သွားဖို့ မဖြစ်နိုင်ကြောင်း၊ အပြင်ဘက်နှင့် ဆက်သွယ်ဖို့မဖြစ်နိုင်သေးကြောင်း တစ်စုံတစ်ယောက်ကို ရှင်းပြနေပုံရပါသည်။

“ပိုင်ချွမ်ရွာက တခြားရွာတွေနဲ့ တော်တော်လေး ဝေးတယ်၊ ဗိုလ်မှူးတို့ လိုက်ရှာနေတဲ့လူက တောင်ပေါ်မှာပဲ ရှိနေသေးတယ် ဆိုရင်တော့ တကယ်ဒုက္ခရောက်နေလောက်ပြီ၊ တောင်အောက်ကို ဆင်းလာရင်လည်း အနီးဆုံးရွာက ပိုင်ချွမ်ရွာပဲမို့လို့ ပြေးမလွတ်နိုင်ပါဘူး”

ကျန်းရန်ကွေ့က ယုံကြည်ချက်အပြည့်ဖြင့် အာမခံလိုက်လေသည်။

သို့သော် သူ့ရှေ့တွင် ရပ်နေသည့်လူကိုတော့ မျက်လုံးချင်းဆုံအောင်ပင် မကြည့်ရဲချေ။

ထိုလူသည် ငယ်ရွယ်သော်လည်း အရှိန်အဝါမသေးသည့် ဒုဗိုလ်မှူးတစ်ယောက်ဖြစ်ကာ မနေ့ညက ကျန်းရန်ကွေ့ကို အလွန်ကြောက်လန့်စေခဲ့သူလည်းဖြစ်သည်။

ထိုလူသာ ဒေါသထွက်သွားလျှင် တောထဲသို့ဝင်ခဲ့သည့် ကလေးများအားလုံးကို ထောင်ချပစ်လိုက်နိုင်သဖြင့် ကျန်းရန်ကွေ့ အလွန်စိတ်ပူနေမိပါသည်။

ထိုကလေးများအနက် သူ့သမီးလည်း ပါဝင်နေသည် မဟုတ်ပါလား၊

ယဲ့ရှောင်ရှောင်သည် အရှေ့ဘက်အခန်းတံခါးကို ဖွင့်ကြည့်လိုက်သောအခါ တစ်စုံတစ်ယောက်နှင့် မျက်လုံးချင်းဆုံသွားလေသည်။

လုဟန်ချွမ် မှင်သက်သွားခဲ့ပါသည်။

တိုက်ဆိုင်လိုက်တာ…

“ကောင်းပြီလေ၊ ဒါဆို ကျုပ်တို့အတွက် နေရာထိုင်ခင်း စီစဉ်ပေးပါ၊ ကုန်ကျစရိတ်နဲ့ လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ကျုပ်တို့ဘက်က ထောက်ပံ့ပေးမယ်”

လုဟန်ချွမ် အေးစက်စွာ ပြောလိုက်ပါသည်။ သူ့မျက်နှာပေါ်တွင် အပြုံးဟူ၍ အရိပ်အယောင်ပင် မမြင်ရချေ။

သူသည် ယခုတစ်ခေါက်တွင် တပ်သားငါးယောက်သာ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတော့ တစ်ယောက်က ဒဏ်ရာရရှိသွားလေပြီ။

မနေ့ညက ထိုစူးစူးဝါးဝါးအော်ဟစ်သံများကို ပြန်အမှတ်ရကာ လုဟန်ချွမ်၏မျက်နှာမှာ ပိုမိုအေးစက်သွားခဲ့သည်။

ထိုအခါ ကျန်းရန်ကွေ့လည်း ပိုမိုတုန်လှုပ်သွားရသည်။

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ၊ တပ်သားတွေကို ရွာသားတွေရဲ့အိမ်တွေမှာ နေရာချပေးပါ့မယ်၊ ဒုဗိုလ်မှူးလုကကော ဘယ်မှာ…”

လုဟန်ချွမ်: “ဒီအိမ်မှာ နေရာရှိလား၊ ဒဏ်ရာရနေတဲ့ တပ် သားနဲ့အတူ ဒီမှာတည်းချင်တယ်”

ကျန်းရန်ကွေ့ ချက်ချင်း ပြန်ဖြေလိုက်သည်။

“ရှိတာပေါ့ဗျာ၊ ဒီအိမ်ဝင်းကြီးကို ကြည့်လိုက်ပါဦး၊ ပိုင်ချွမ်ရွာမှာ အကြီးဆုံးပဲ!”

အားလုံးက ယဲ့မိသားစု သားအဖတို့၏ ကျေးဇူးများပင်။

နွေရာသီအတွင်း ကျောက်တုံးများကို မနားမနေ သယ်ယူ၍ မြေညှိခဲ့ကြသဖြင့် ကျယ်ဝန်းသန့်ပြန့်သည့် အိမ်ဝင်းကြီးတစ်ခု ဖြစ်လာခဲ့ရသည်။

သားများအတွက် ကိုယ်ပိုင်အခန်းရှိရုံသာမကဘဲ သမီးဖြစ်သူအတွက်လည်း သီးသန့်အခန်းတစ်ခန်းရှိပါသည်။

အိမ်ဝင်းနံရံများကို ကျောက်သားဖြင့် စနစ်တကျပြုလုပ်ထားသဖြင့် အခြားအိမ်များထက် ပိုမိုခိုင်ခံ့မှုရှိပေသည်။

ရွာထဲရှိ နေအိမ်အများစုတွင် အသက် ၁၇ - ၁၈ အရွယ် သားသမိးများက မိဘများနှင့်အတူ ရောနှော၍စုပြုံနေထိုင်ကြရဆဲဖြစ်သည်။

ထို့ကြောင့် အခြားမိသားစုများ၏နေအိမ်တို့မှာ ယဲ့မိသားစုအိမ်ကဲ့သို့ စနစ်ကျကာ သပ်ရပ်မှုမရှိလှပေ။

📗 Chapter 24

လုဟန်ချွမ်သည် နှစ်ခါပြန်စဉ်းစားစရာပင်မလိုဘဲ ယဲ့မိသားစုအိမ်တွင်သာ တည်းခိုခဲ့ပါသည်။

ဤခေတ်ကာလတွင် စစ်ဘက်ဆိုင်ရာ ဂြိုဟ်တု တည်နေရာပြစနစ်များ ရှိမရှိ ယဲ့ရှောင်ရှောင် သေချာမသိသော်လည်း ဤလူများသည် သူတို့၏ တပ်ဖွဲ့ဝင်များကိုတော့ ဆက်သွယ်နိုင်သင့်ပါသည်။

ယဲ့ရှောင်ရှောင်: “ဘယ်သူ့ကို လိုက်ဖမ်းနေတာလဲ”

လုဟန်ချွမ် ပြုံးလိုက်လေသည်။

“အကြမ်းဖက် ဝရမ်းပြေးတွေပေါ့၊ သတိထားနော်၊ သူတို့က မင်းလို မိန်းကလေးငယ်ငယ်လေးတွေကို ပစ်မှတ်ထားတတ်တယ်”

ယဲ့ရှောင်ရှောင်: “…”

သူမက သုံးနှစ်သမီး မဟုတ်ပေ။

ယဲ့ချန်းရှန့်လည်း လုဟန်ချွမ်ကို မှတ်မိပါသည်။ သို့သော် သူဘေးတွင် ရှိနေသည့်အခါ သတိကပ်ထားဆဲပင်။

လုချွမ်၏ တပ်သားသည် အခြေအနေအလွန်ဆိုးရွားနေပြီး အကိုက်အခဲပျောက်ဆေးများဖြင့်ပင် နာကျင်မှုကို မသက်သာစေနိုင်တော့ပေ။

သတိရနေချိန်ဖြစ်စေ၊ သတိမေ့နေချိန်ဖြစ်စေ သူ့နှုတ်ဖျားမှ နာနာကျင်ကျင် အော်ညည်းသံများ အဆက်မပြတ် ထွက်ပေါ်နေပါသည်။

ယဲ့ရှောင်ရှောင်သည် ပိုင်ချွမ်ရွာသို့ ပြန်မလာခင် စုန့်ကွမ်းကျင့်ထံမှ အပ်စိုက်ကုသရာတွင် အသုံးပြုသည့် ငွေအပ်တစ်စုံကို ယူဆောင်လာခဲ့သည်။

“သူ့ကို အပ်စိုက်ကုသနည်းနဲ့ ကုသကြည့်လိုက်မယ်”

ဒဏ်ရာကို မပျောက်ကင်းစေနိုင်သော်လည်း နာကျင်မှုကိုတော့ သက်သာစေပါလိမ့်မည်။

သို့သော် မြောင်စွေ့ဖန်းက ချက်ချင်းတားလိုက်သည်။

“ရှောင်ရှောင် အပ်တွေနဲ့ လျှောက်မလုပ်နဲ့လေ”

မြောင်စွေ့ဖန်း ငယ်စဉ်က အပ်စိုက်ကုသမှုကြောင့် အောက်ပိုင်းသေသွားသည့် လူတစ်ယောက်ကို မြင်ဖူးပါသည်။

လုဟန်ချွမ်က နာကျင်နေသည့် တပ်သားကို ငုံ့ကြည့်ရင်း အချိန်အတန်ကြာအောင် နက်နက်နဲနဲ စဉ်းစားကာ နောက်ဆုံးတွင် ခွင့်ပြုပေးခဲ့တော့သည်။

“စမ်းကြည့်လိုက်ပါ”

မျှော်လင့်မထားဘဲ တစ်စုံတစ်ယောက်၏ ယုံကြည်မှုကို ရုတ်တရက် ရရှိသဖြင့် ယဲ့ရှောင်ရှောင် တွန့်ဆုတ်သွားမိလေသည်။

သို့သော် သူမသည် သူမ၏ ဆေးပညာစွမ်းရည်အပေါ် အပြည့်အဝ ယုံကြည်မှုရှိသည်။

ထို့အပြင် နာကျင်မှုကို သက်သာစေဖို့အတွက်သာဖြစ်၍ အမှားအယွင်းဖြစ်စရာအကြောင်း မရှိပေ။

ယဲ့ရှောင်ရှောင်သည် ငွေအပ်များကို ထုတ်လိုက်ပြီး အပ်စိုက်ဖို့ မှန်ကန်သည့်နေရာများကို စတင်ရှာဖွေခဲ့ပါသည်။

တပ်သား၏ အရေပြားထဲ ပင်အပ်များ စိုက်ဝင်သွားသော်လည်း ရုန်းရင်းဆန်ခတ် မဖြစ်ခဲ့ပေ။

ခေတ္တကြာသောအခါ အဆက်မပြတ် အော်ညည်းနေခဲ့သည့် တပ်သားမှာ မျက်လုံးများ မှိတ်သွားပြီး အိပ်စက်သွားလေတော့သည်။

လုဟန်ချွမ် အလွန်အံ့အားသင့်သွားခဲ့ပါသည်။

စစ်တပ်ဝင်းထဲတွင် ဤကဲ့သို့ စွမ်းရည်ရှိသူမျိုးကို သူ မမြင်ဖူးခဲ့ပေ။

ထို့အပြင် ယခု သူရှေ့တွင်ရှိနေသည့် ယဲ့ရှောင်ရှောင်မှာ တစ်ချိန်က ရှုကျမ့်ဝမ် ပြောခဲ့ဖူးသည့် ယဲ့ရှောင်ရှောင်နှင့် တခြားစီ ဖြစ်နေလေသည်။

ဘယ်ပုံစံက သူ့ရဲ့ သရုပ်မှန်လဲ…

အခန်းထဲမှ ယဲ့ရှောင်ရှောင် ပြန်ထွက်လာသည်။

လုဟန်ချွမ်: “ကျေးဇူးတင်ပါတယ်”

ယဲ့ရှောင်ရှောင်: “ရပါတယ်၊ အပန်းမကြီးပါဘူး”

လုဟန်ချွမ်က ရုတ်တရက် မေးလိုက်သည်။

“မင်းကို ရှုကျမ့်ဝမ် လာတွေ့ပြီးပြီလား”

ယဲ့ရှောင်ရှောင် မျက်မှောင်ကြုတ်သွားလေသည်။

“သူက ဘာလုပ်ဖို့ လာတွေ့ရမှာလဲ”

မတွေ့ရင်ပိုတောင်ကောင်းဦးမယ်…

လုဟန်ချွမ်: “ထားလိုက်ပါတော့…”

ရှုကျမ့်ဝမ်ပြောခဲ့သလို ယဲ့ရှောင်ရှောင်သည် သူ့ကို အတင်းအကျပ် လိုက်နှောင့်ယှက်နေသည်ဟူသည့် အရိပ်အယောင်မျိုး လုံးဝ မတွေ့ရပေ။

‘စိတ်ဝင်စားစရာတော့ ကောင်းလာပြီ…’

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်၏ ချောချောမောမော မျက်နှာကို ငေးကြည့်ရင်း ထိုလူ့၏ စကားပြောဆိုပုံမှာ အလွန်ထူးဆန်းလှသည်ဟု တွေးလိုက်မိတော့သည်။

--- --- ---

လီသဲ့ရှုတစ်ယောက် လက်ဆောင်ပစ္စည်းအချို့ကို သယ်ယူရင်း ယဲ့မိသားစုအိမ်သို့ ရောက်ရှိလာခဲ့ပါသည်။

“ဦးလေးကျန့်ကော်၊ ကျွန်တော့်မိဘတွေက တောထဲမှာ ကျွန်တော့်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင် ပေးခိုင်းလိုက်လို့ပါ”

လီသဲ့ရှုသည် ယဲ့ကျန်းကော်ကို စကားပြောဆိုနေခြင်းဖြစ်သော်လည်း သူ့မျက်လုံးများမှာမူ ဟိုကြည့်ဒီကြည့် ဖြစ်နေပြီး တစ်စုံတစ်ယောက်ကို ရှာဖွေနေသယောင်ရသည်။

ယဲ့ကျန်းကော်က အခိုင်အမာ ငြင်းဆန်လိုက်ပါသည်။

“ပြန်ယူသွားလိုက်ပါ၊ ကယ်ဆယ်ရေးကို ရွာသူကြီးက ဦးဆောင်ခဲ့တာ၊ ငါ့တစ်ယောက်တည်းကို တကူးတက ကျေးဇူးတင်ဖို့ မလိုဘူး”

လီသဲ့ရှု ပြုံးလိုက်လေသည်။

“ဦးလေးကလည်း၊ ဒဏ်ရာရထားတဲ့ အဲ့ဒီတပ်သားက ဒီမှာတည်းခိုနေတာ မဟုတ်ဘူးလား၊ ဒီပစ္စည်းတွေက သူ့အတွက်ပါ”

ထိုအခါမှ ယဲ့ကျန်းကော် ပစ္စည်းများကို လက်ခံလိုက်ပါသည်။

အိမ်ထဲမှ လီသဲ့ရှု ပြန်ထွက်လာစဉ် ခြံထဲတွင် ရှိနေသည့် ယဲ့ရှောင်ရှောင်ကိုမြသွားင်ပြီး မျက်လုံးများ အရောင်လက်သွားလေသည်။

“ယဲ့ရှောင်ရှောင်မလား၊ တွေ့ရတာ ဝမ်းသာပါတယ်”

ယဲ့ရှောင်ရှောင် ခေါင်းမော့ကြည့်လိုက်သောအခါ အလွန်စိတ်ရှုပ်သွားပုံရသည်။

ရေအိမ်သွားဖို့ အပြင်ထွက်လာစဉ် သူမ ကြည့်မရသည့် လူတစ်ယောက်နှင့် တည့်တည့် လာဆုံလေသည်။

စကားပြန်ပြောဖို့အစီအစဉ်မရှိသဖြင့် ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ဖို့သာ ဆုံးဖြတ်ခဲ့ပါသည်။

ယဲ့ရှောင်ရှောင်သည် သူ့ကို ရှောင်ချင်သဖြင့် ဘေးမှ ကွေ့လျှောက်သွားလိုက်သည်။

လီသဲ့ရှုသည် မိမိဘက်မှ တကူးတက သွားရောက်နှုတ်ဆက်ခဲ့သော်လည်း တစ်ဖက်လူက ဤကဲ့သို့ လျစ်လျူရှုသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

သူ့ကြိုးစားအားထုတ်မှုကို ယဲ့ရှောင်ရှောင် တန်ဖိုးထားပုံမပေါ်ပါ။

လီသဲ့ရှု ဟန်ဆောင်ပန်ဆောင် ပြုံးလိုက်သည်။

“ငါအမှားတစ်ခုခု လုပ်ထားမိလို့လား၊ ငါ့ကို မသိချင်ယောင် ဆောင်မသွားပါနဲ့”

ယဲ့ရှောင်ရှောင် တစ်ချက်ကလေးပင် လှည့်မကြည့်ဘဲ အိမ်ထဲ ပြန်ဝင်သွားတော့သည်။

လီသဲ့ရှု: “…”

အိမ်ထဲရောက်သည်နှင့် လီသဲ့ရှု ပေးသွားသည့် လက်ဆောင်ပစ္စည်းများကို ယဲ့ရှောင်ရှောင် သတိပြုမိသွားလေသည်။

ယခုချိန်တွင် ရှားပါးပစ္စည်းများဖြစ်ကြသော ကြက်ဥနှင့် သကြားညိုတို့ပင် ပါသေးသည်။

ယဲ့ရှောင်ရှောင် မေးလိုက်သည်။

“အဖေ၊ လီသဲ့ရှုဘာလာလုပ်တာလဲ”

ယဲ့ကျန်းကော်က ခါးမတ်မတ်ထထိုင်လိုက်ပြီး ဆေးတံကို ဘေးချကာ သေချာရှင်းပြလိုက်ပါသည်။

“ဪ… အဖေတို့ကယ်ထားတဲ့ တပ်သားကို ကျေးဇူးတင်ဖို့ လာခဲ့တာ”

“ဪ”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်ပါသည်။

သမီးဖြစ်သူနှင့်စကားပြောရသည့်အခါတိုင်း ယဲ့ကျန်းကော် အလွန်စိတ်ဖိစီးမိဆဲပင်။ သမီးဖြစ်သူ၏ အမြင်တွင် သူမည်သို့ ဖြစ်နေမည်ကို အမြဲ စိတ်ပူနေခဲ့ပါသည်။

ယဲ့ရှောင်ရှောင် အခန်းထဲဝင်သွားခါမှ ယဲ့ကျန်းကော် စိတ်အေးနိုင်လေသ်ည။

နှင်းများတဖွဲဖွဲ ကျဆင်းပြီးနောက် အပြင်ဘက်တွင် ယခင်ကထက်ပင် ပိုမို အေးစက်လာခဲ့ပါသည်။

ထို့ကြောင့် ရွာထဲတွင် အပြင်ထွက်သူဟူ၍ မရှိသလောက် ရှားသွားခဲ့သည်။

ယဲ့ချန်းရှန့်သည် အပူပေးကုတင်ပေါ်တွင် ထိုင်ရင်း လေ့ကျင့်ခန်းလုပ်နေစဉ် ခက်ခဲသည့် ပုစ္ဆာများနှင့် ရင်ဆိုင်ရသောအခါ မျက်မှောင်အလွန်ကြုတ်သွားခဲ့ရသည်။

ယဲ့ရှောင်ရှောင်က ဘေးမှ လှမ်းကြည့်ကာ ရှင်းပြလိုက်လေသည်။

“ဒီလိုတွက်ရတယ်”

လွန်ခဲ့သည့်ရက်ပိုင်းက အထက်တန်း ကျောင်းသင်ခန်းစာများကို ပြန်လည်လေ့လာပြီးနောက် ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းရှန့်ကိုပင် သင်ကြားပေးနိုင်စွမ်း ရှိနေပါပြီ။

ယဲ့ချန်းရှန့်က အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။

ယဲ့ရှောင်ရှောင် ပြသလိုက်သည့် နည်းလမ်းက ကွက်တိမှန်ကန်နေခြင်းကြောင့်ပင်။

ယဲ့ချန်းရှန့် တစ်ခေါက်သာ ပြန်လည်တွက်ချက်လိုက်ရပြီး အားလုံးကို နားလည်သွားခဲ့ပါသည်။

‘သူက စာတကယ်တော်တာလား…’

“ဆရာက အဲ့လိုရှင်းပြထားလို့ပါ”

ယဲ့ရှောင်ရှောင် အကြောင်းပြချက်ပေးလိုက်ပါသည်။

ယဲ့ချန်းရှန့်လည်း မေးခွန်းပြန်မထုတ်ခဲ့ပေ။

မြို့ကြီးပြကြီးများတွင်ရှိသည့် ဆရာဆရာမများက ဤနေရာရှိ ဆရာဆရာမများထက် အဆပေါင်းများစွာ ပိုသာလွန်ပါလိမ့်မည်။

ဤအတိုင်းသာဆိုလျှင် ယဲ့ရှောင်ရှောင် အမှန်တကယ် တက္ကသိုလ်တက်နိုင်ပေလိမ့်မည်။

သူမအတွက် ယဲ့ချန်းရှန့် ဝမ်းသာမိပါသည်။

ယဲ့ချန်းရှန့်သည် မနာလိုစိတ်မရှိဘဲ သူအခက်အခဲကြုံလာရတိုင်း ယဲ့ရှောင်ရှောင်ကို မေးမြန်းခဲ့ပါသည်။

မောင်နှမနှစ်ယောက် သဟဇာတဖြစ်စွာ စာအတူတူ လေ့လာခဲ့ကြလေသည်။

ငပျင်းဖြစ်သည့် ယဲ့ချန်းယွမ်ကမူ ထိုနေရာနှင့် မသက်ဆိုင်သလို ခံစားလိုက်ရပြီး ယဲ့ချန်းနင်နှင့်အတူ အပြင်ထွက်သွားလေသည်။

ရွာအနီးအနားတွင် အကြမ်းဖက်များ ရှိနေသည်ဟူသော သတင်းက ရွာထဲတွင် ပျံ့နှံ့သွားခြင်း မရှိသေးပါ။

ထို့အပြင် ယဲ့ရှောင်ရှောင်ကလည်း လုဟန်ချွမ် ကျီစယ်နေသည်ဟုသာ ထင်ခဲ့မိပါသည်။

သို့သော် ယဲ့မိသားစုအိမ်၌ လုဟန်ချွမ် လာရောက်တည်းခိုသည့် သုံးရက်မြောက်နေ့ ညတွင် ထူးခြားမှု ရှိခဲ့ပါသည်။

ညည့်နက်အချိန်ရောက်သောအခါ တောင်ကုန်းနောက်တွင် မွေးထားသည့် ခွေးဝါကြီးက အသည်းအသန် ဟောင်နေသဖြင့် ယဲ့မိသားစုပင် ဆူညံသံများကို ကြားခဲ့ရလေသည်။

အိပ်စက်နေပြီဖြစ်သည့် ယဲ့ရှောင်ရှောင်လည်း ရုတ်တရက် လန့်နိုးလာခဲ့ပါသည်။

ခြံပြင်သို့ တစ်စုံတစ်ယောက် ထွက်သွားသည်ကို သတိထားမိသော်လည်း မှောင်မိုက်နေသဖြင့် မည်သူမည်ဝါဖြစ်မှန်း ယဲ့ရှောင်ရှောင် မမြင်နိုင်ခဲ့ပေ။

ခေတ္တကြာသောအခါ ပြူတင်းပေါက်အပြင်ဘက်မှ မြောင်စွေ့ဖန်း၏ အသံကို ကြားလိုက်ရသည်။

“ရှောင်ရှောင် နိုးနေပြီလား၊ အခန်းထဲမှာပဲနေပြီး တံခါးကို လော့ခ်ချထားနော်”

ယဲ့ရှောင်ရှောင်: “ဟုတ်ကဲ့”

မြောင်စွေ့ဖန်း ထွက်သွားပြီးနောက် ယဲ့ရှောင်ရှောင် ပြန်အိပ်မပျော်နိုင်တော့ပေ။

မနက်မိုးလင်းသောအခါ ညက အပြင်ထွက်သွားသည့်လူမှာ အခြားသူမဟုတ်ဘဲ လုဟန်ချွမ်ဖြစ်နေမှန်း သိခဲ့ရပါသည်။

ယဲ့ကျန်းကော်လည်း အမဲလိုက်ရိုင်ဖယ်ကို ကိုင်ပြီး လိုက်သွားခဲ့သေးသည်။

မနက် ၇ နာရီဝန်းကျင်တွင် ယဲ့ကျန်းကော် ပြန်ရောက်လာပါသည်။

မြောင်စွေ့ဖန်းက မေးသည်။

“ညက ဘာတွေဖြစ်တာလဲ”

ယဲ့ကျန်းကော်: “တောင်ပေါ်ကနေ လူတစ်ယောက် ပြေးဆင်းလာလို့၊ အခုတော့ ဖမ်းမိသွားပါပြီ”

မြောင်စွေ့ဖန်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။

“တော်သေးတာပေါ့၊ ကျွန်မတို့လည်း ရင်တမမနဲ့ နေစရာမလိုတော့ဘူး”

ထို့နောက် သူမ ဆက်မေးလိုက်သည်။

“ဒါနဲ့ ဗိုလ်မှူးလုကော၊ သူ ရှင်နဲ့ ပြန်လိုက်မလာဘူးလား”

“ရွာထုတ်ကုန်စခန်းမှာ နေခဲ့တယ်၊ အဲ့ဒီအကျဉ်းသားကို သေချာစောင့်ကြည့်ထားရမယ်လေ”

ယဲ့ကျန်း‌ကော် အိမ်သို့ ပြန်ရောက်လာပြီးနောက် လုဟန်ချွမ်အကြောင်းကို ချီးကျူးမဆုံးနိုင် ဖြစ်နေလေသည်။

“ဒီလူငယ်တွေက တစ်ခုခုတော့ တစ်ခုခုပဲ၊ မနေ့ညက ငါတောင်နောက်ကို ရောက်သွားတော့ လုဟန်ချွမ်က ဟိုကောင့်ကို ချုပ်တောင်ချုပ်ထားပြီးပြီ”

မြောင်စွေ့ဖန်း: “ကျွန်မ ရှင့်ကို မသွားပါနဲ့လို့ ပြောသားပဲ၊ ရှင့်အသက်က ငယ်တော့တာမဟုတ်ဘူး၊ အရင်ကလို တိုက်နိုင်ခိုက်နိုင်မှာလည်းမဟုတ်ဘူး၊ အခုတော့ သူများကို ဒုက္ခပေးမိသလိုတောင်ဖြစ်နေပြီ”

ယဲ့ကျန်းကော်က ပြန်ချေပသည်။

“မတရားလိုက်တာ၊ ငါအသန်ကြီး ရှိပါသေးတယ်ဟ”

မနက်စာစားချိန်ရောက်သည့်တိုင်အောင် လုဟန်ချွမ် ပြန်ရောက်မလာသေးပေ။

မြောင်စွေ့ဖန်းက အစားအသောက်အချို့ကို ထမင်းချိုင့်ထဲ ထည့်ကာ ယဲ့ချန်းနင်အား တာဝန်ပေးလိုက်လေသည်။

“ထုတ်ကုန်စခန်းဆီသွားပြီး ဗိုလ်မှူးလုကို ပေးလိုက်”

ယဲ့ချန်းနင်: “သူက အရာရှိတစ်ယောက်လေ၊ သူ့ကို ရွာသူကြီးက ပြုစုပေးရမှာ မဟုတ်ဘူးလား”

သားဖြစ်သူကို မြောင်စွေ့ဖန်း ငေါက်လိုက်သည်။

“ငါခိုင်းတာကိုပဲ လုပ်စမ်းပါ၊ စကားမရှည်နဲ့”

ထိုစဉ် ယဲ့ရှောင်ရှောင်က ဝင်ပြောလိုက်ပါသည်။

“အမေ သမီးသွားပို့ပေးလိုက်မယ်လေ”

မြောင်စွေ့ဖန်း: “သမီးက လမ်းမှ မသိတာ၊ အပြင်မှာ အရမ်းလည်းအေးတယ်၊ သမီးရဲ့ တတိယအစ်ကိုကိုပဲ သွားခိုင်းလိုက်စမ်းပါ”

ယဲ့ချန်းနင်က ထမင်းချိုင့်ကိုယူရင်း ပွစိပွစိ ပြောနေတော့သည်။

“ပြီးတာပဲ… သားတွေဆိုတာ အပိုပစ္စည်းပဲဥစ္စာ”

All Chapters