← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

📗 Chapter 25

ယဲ့ရှောင်ရှောင်သည် ရွာလမ်းများကို လေ့လာချင်သည်ဟူသော အကြောင်းပြချက်ဖြင့် နောက်ဆုံးတွင် ယဲ့ချန်းနင်နှင့်အတူ လိုက်လာခွင့်ရခဲ့ပါသည်။

ရွာထဲတွင် အိမ်ခြေများများစားစား မရှိသော်လည်း မြေနေရာမှာမူ အတော်လေး ကျယ်ဝန်းလှသည်။

အိမ်တိုင်း၏ ခြံဝင်းများမှာ အတော်လေး ကျယ်ဝန်းပြီး တစ်ခြံနှင့်တစ်ခြံ ဝေးကွာလှသဖြင့် ညဘက် ဘေးအိမ်မှ ဆူညံသံများကို ကြားနိုင်ရန် မလွယ်ကူလှပေ။

ယဲ့ချန်းနင်သည် ထမင်းချိုင့်ကို ကိုင်ရင်း ဘေးတွင် ခက်ခက်ခဲခဲ လမ်းလျှောက်နေရသည့် ယဲ့ရှောင်ရှောင်ကို အကဲခတ်နေပါသည်။

ဤမျှအေးစက်နေသော ရာသီဥတုတွင် သူမအဘယ်ကြောင့် ဒုက္ခခံပြီး လိုက်လာခဲ့ရသလဲ ယဲ့ချန်းနင် နားမလည်နိုင်တော့ပေ။

မောင်နှမနှစ်ယောက် ထုတ်ကုန်စခန်းနှင့် မလှမ်းမကမ်းသို့ ရောက်ရှိသောအခါ လမ်းဘေးမှ တစ်စုံတစ်ယောက်က ယဲ့ချန်းနင်၏ အမည်ကို လှမ်းအော်ခေါ်လေသည်။

“နင်ကျစ်ရေ! ဒီကိုခဏလာဦး!”

အသံပိုင်ရှင်သည် မည်သူမည်ဝါဖြစ်မှန်း ယဲ့ချန်းနင်မြင်သောအခါ ဘာကြောင့်မှန်းမသိဘဲ ထမင်းချိုင့်ကို ယဲ့ရှောင်ရှောင်လက်ထဲ ထိုးထည့်ပေးလိုက်လေသည်။

“ဟိုရှေ့က စာလုံးအနီတွေရေးထားတဲ့ နံရံကြီးကိုမြင်လား၊ အဲ့တာ ထုတ်ကုန်စခန်းဝင်းပဲ၊ ဒီတိုင်း ဝင်သာသွားလိုက်”

မူရင်းဝတ္ထုထဲတွင် ယဲ့ချန်းနင်သည် အချစ်ဆုံးသူငယ်ချစ်ဖြစ်သူ၏သစ္စာဖောက်မှုကို ခံခဲ့ရပြီး အသတ်ခံခဲ့ရခြင်းဖြစ်မှန်း ယဲ့ရှောင်ရှောင်မှတ်မိပါသည်။

ထို့ကြောင့် သူမ စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

“ဘယ်သွားမလို့လဲ”

ယဲ့ချန်းနင်: “သူငယ်ချင်းတစ်ယောက်နဲ့ စကားခဏပြောမလို့”

ယဲ့ရှောင်ရှောင် နှုတ်ခမ်းများ စည်းတင်းသွားသည်။

“အဲ့တာဆို သမီးနောက်မြန်မြန်လိုက်ခဲ့နော်၊ တစ်ယောက် တည်း သွားရမှာ ကြောက်လို့”

ယဲ့ချန်းနင် လက်ကို ပေါ့ပေါ့တန်တန် ယမ်းကာဆိုလိုက်သည်။

“အေးပါ အေးပါ”

‘မိန်းကလေးတွေက တော်တော်စိတ်ရှုပ်ဖို့ကောင်းတာပဲ’

ထိုနေရာတွင် ညီမ မဟုတ်ဘဲ ညီတစ်ယောက်သာဆိုလျှင် ဒီတိုင်း ပစ်ထားခဲ့မိလောက်သည်။

ယဲ့ချန်းနင်သည် သူငယ်ချင်းဖြစ်သူနှင့်အတူ အတော်ဝေးဝေးသို့ ထွက်သွားခဲ့သည်။ ခဏတာ စကားပြောဆိုခြင်းဟူသည်ထက် ပိုမှန်းသိသာလှပေသည်။

ယဲ့ရှောင်ရှောင်သည် ထမင်းချိုင့်ကို လက်ထဲတွင် မြဲမြဲဆုပ်ကိုင်ရင်း ထုတ်ကုန်စခန်းဝင်းဆီသို့ လျှောက်သွားခဲ့ပါသည်။

ဝင်ပေါက်နားသို့ရောက်သောအခါ အထဲမှထွက်လာသည့်တစ်စုံတစ်ယောက်နှင့် ဝင်တိုက်မိလေသည်။

လီသဲ့ရှု မျက်လုံးများ အရောင်လက်သွားခဲ့သည်။

“ရှောင်ရှောင်ပါလား၊ ဒီကိုဘာလာလုပ်တာလဲ”

ယဲ့ရှောင်ရှောင် စိတ်မပါလက်မပါ ပြန်ဖြေလိုက်ပါသည်။

“ထမင်းချိုင့်လာပို့ပေးတာ”

လီသဲ့ရှု တားလိုက်လေသည်။

“ဘယ်သူ့အတွက်လဲ၊ ငါ သွားပို့ပေးမယ်လေ”

ပြောပြောဆိုဆိုနှင့် သူမ လက်ကိုကိုင်ဖို့ လီသဲ့ရှု လက်လှမ်းလိုက်ပါသည်။

ယဲ့ရှောင်ရှောင် သူ့လက်ကို အမြန်ရှောင်ရှားရင်း ပြန်ပြောလိုက်သည်။

“မလိုပါဘူး ကျေးဇူး”

သူငယ်ချင်းများအကြား အလွန်အလိုလိုက်ခံခဲ့ရသည့် လီသဲ့ရှုသည် ဤကဲ့သို့ အေးတိအေးစက် ဆက်ဆံခံရခြင်းမျိုးကို တစ်ကြိမ်တစ်ခါမှ မကြုံဖူးခဲ့ပေ။

စိတ်အနှောင့်အယှက်ဖြစ်သွားမိသော်လည်း တစ်ချိန်တည်းတွင် ပိုမိုစိတ်အားထက်သန်လာသေးသည်။

သူမကဲ့သို့ ချောမောလှပသော မျက်နှာပိုင်ရှင်လေးကို စိတ်ဆိုးဖို့ဟူသည်မှာ အလွန်ခဲယဉ်းလှပေသည်။

လီသဲ့ရှုက မေးသည်။

“ရှောင်ရှောင်၊ ငါနင့်ကို စိတ်ဆိုးအောင် တစ်ခုခုလုပ်မိလို့လား၊ ငါ့ကိုဆို နင်လှည့်တောင် မကြည့်တတ်သလိုပဲ၊ ငါတို့ သူငယ်ချင်းတွေ လုပ်ကြရအောင်လေ”

ယဲ့ရှောင်ရှောင် အေးတိအေးစက်သာ ပြန်ပြောလိုက်သည်။

“ကျွန်မက သူငယ်ချင်းလုပ်ရတာ မကြိုက်ဘူး”

လီသဲ့ရှု လမ်းမဖယ်သေးသည်ကိုမြင်သောအခါ ယဲ့ရှောင်ရှောင်သည် သူ့ခြေထောက်ကို ဆောင့်ကန်ပစ်လိုက်ပါသည်။

“အား!”

နာကျင်သွားသော ခြေထောက်ကို ကိုင်ရင်း လီသဲ့ရှု အာရုံများနေစဉ် ယဲ့ရှောင်ရှောင်သည် ထုန်ကုန်စခန်းထဲသို့ ပြေးဝင်သွားတော့သည်။

အတွင်းပိုင်းတွင် အခန်းအနည်းငယ်သာ ရှိသဖြင့် လူရှာဖွေဖို့ လွယ်ကူပါသည်။

ယဲ့ရှောင်ရှောင် အထဲဝင်လာသည်နှင့် လုဟန်ချွမ်ကိုမြင်လိုက်ရသည်။

ဤအခန်းမှာ ဟောင်းနွမ်းနေသည့် ထိုင်ခုံစားပွဲများနှင့် ရုံးခန်းတစ်ခန်းဖြစ်ပုံရသည်။ အခန်းထဲတွင် အပူပေးမီးဖိုပင် မရှိချေ။

ထို့ကြောင့် တစ်ခန်းလုံးက မြေအောက်အကျဉ်းခန်းပမာ အေးစက်နေပါသည်။

လုဟန်ချွမ်က မေးလိုက်သည်။

“ဒီကို ဘာလာလုပ်တာလဲ”

ယဲ့ရှောင်ရှောင် ပြန်ဖြေသည်။

“အမေက ထမင်းချိုင့်ပို့ခိုင်းလိုက်လို့”

လုဟန်ချွမ် မတ်တပ်ထရပ်လိုက်လေသည်။

“မင်း အိမ်မှာပဲ သွားစားကြရအောင်လေ”

ဤနေရာတွင် အေးလွန်းသဖြင့် ကြာကြာနေဖို့ အဆင်မပြေနိုင်ပါ။

သူတို့ ထွက်သွားဖို့ပြင်လိုက်စဉ် အခန်းထဲတွင် ရှိနေသည့် ကျန်းရန်ကွေ့က ချက်ချင်းအာမခံလိုက်ပါသည်။

“စိတ်မပူပါနဲ့ ဗိုလ်မှူးလု၊ ဒီကကိစ္စတွေကို ကျုပ်သေချာ စောင့်ကြည့်ထားလိုက်ပါ့မယ်”

လုဟန်ချွမ် ခေါင်းသာညိတ်ပြလိုက်ပြီး ယဲ့ရှောင်ရှောင်နှင့်အတူတူထွက်လာခဲ့တော့သည်။

ထုတ်ကုန်စခန်းဝင်ပေါက်ရှေ့တွင် လီသဲ့ရှု ရှိနေဆဲပင်။

သို့သော် ယဲ့ရှောင်ရှောင်နား သူထပ်မကပ်ရဲတော့ပါ။

လုဟန်ချွမ်၏အရှိန်အဝါသည် ထက်ရှသည့် ဓားတစ်လက်လိုပင်ဖြစ်သည်။ မည်သူမှ လာမစမ်းသပ်ရဲကြပေ။

ရှေ့မှ သူတို့ ဖြတ်သွားသောအခါ လီသဲ့ရှုက ခြေတစ်လှမ်းပင် နောက်ဆုတ်ပေးလိုက်ရပါသေးသည်။

လုဟန်ချွမ်က လီသဲ့ရှုကို လှည့်ပင်မကြည့်ဘဲ ယဲ့ရှောင်ရှောင်ကိုသာ မေးမြန်းလိုက်ပါသည်။

“သူ မင်းကို စောင့်နေတာလား”

ယဲ့ရှောင်ရှောင်: “မသိဘူးလေ”

ယဲ့ရှောင်ရှောင်ကို လုဟန်ချွမ် တစ်ချက်လှည့်ကြည့်လိုက်သည်။

အပြန်လမ်းတွင် လုဟန်ချွမ်က ရှေ့မှ ဦးဆောင်ပြီး ယဲ့ရှောင်ရှောင်က နောက်မှ ကပ်လိုက်လာခဲ့ပါသည်။

ထို့ကြောင့် ယဲ့ရှောင်ရှောင်သည် လေအေးဒဏ်မှ အနည်းငယ်သက်သာရာ ရခဲ့ပါသည်။

ယဲ့မိသားစုအိမ်နှင့် နီးကပ်လာသောအခါ လုဟန်ချွမ်က ရုတ်တရက် ပြောလိုက်လေသည်။

“ယဲ့မိသားစုက မချမ်းသာဘူး၊ ပြီးတော့ ဒီနေရာက ကောင်တီမြို့နဲ့လည်း အဝေးကြီးပဲ၊ ငါ သိသလောက်တော့ ကောင်တီမြို့တစ်မြို့လုံးမှာ တစ်ခုတည်းသော ကျောင်းဆိုလို့ ပိုင်ချွမ်အထက်တန်းကျောင်းပဲ ရှိတာမလား၊ မင်း ကျောင်းတက်ချင်ရင် အဆောင်နေရလိမ့်မယ်၊ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး”

ယဲ့ရှောင်ရှောင် သူ့ကို မော့ကြည့်လိုက်သည်။ ထိုအကြောင်းကိုရုတ်တရက်ကြီး ဘာကြောင့် ပြောနေရသလဲ သူမ နားမလည်နိုင်ပေ။

လုဟန်ချွမ်က ဆက်ပြောသည်။

“ပေကျင်းမြို့က အထက်တန်းကျောင်းတစ်ကျောင်းဆီ မင်းပြောင်းလို့ရအောင် ငါ ကူညီပေးနိုင်တယ်၊ အရင် ကျောင်းအဟောင်းမှာ ပြန်မတက်ချင်ဘူးဆိုရင်တောင် တခြားကျောင်းတစ်ခုကို ရွေးလို့ရတယ်၊ ဘာပဲဖြစ်ဖြစ် ဒီကပတ် ဝန်းကျင်အခြေအနေနဲ့ သင်ကြားပို့ချမှုအရည်အသွေးတွေထက် ပိုသာမှာတော့ အမှန်ပဲ”

နောက်ဆုံးတော့ ယဲ့ရှောင်ရှောင် မနေနိုင်တော့ဘဲ မေးလိုက်ပါသည်။

“ကျွန်မတို့က အဲ့လောက် ရင်းနှီးတာလား”

လုဟန်ချွမ် ပြုံးလိုက်သည်။

“ငါက သဘောကောင်းလို့ပါ”

ယဲ့ရှောင်ရှောင် ငြင်းဆန်လိုက်ပါသည်။

“ကျွန်မ ပေကျင်းကိုပြန်စရာမလိုဘူးထင်တာပဲ၊ ဒီမှာလည်း အဆင်ပြေနေတာပဲလေ”

အမှန်အတိုင်းဆိုရလျှင် ထိုကိစ္စအတွက် ယဲ့ရှောင်ရှောင်လည်း အနည်းငယ်စိုးရိမ်နေမိသည်။

ယခင်ဘဝက ခေတ်သစ်တွင် ကျောင်းတွင်း အဆောင်နေထိုင်မှုစံနှုန်းများမှာ အတော်လေး ကောင်းမွန်ခဲ့ပါသည်။

ထို့အပြင် သူမသည် တက္ကသိုလ်စတက်သည့်အခါမှ အဆောင်နေဖူးခြင်းဖြစ်၍ သူမ၏ အခန်းဖော်များကလည်း ရင့်ကျက်သူများဖြစ်ကြသည်။

သို့သော် ယခုတွင်မူ…

ရင်ဆိုင်လာရမည့်အခက်အခဲများကို ယဲ့ရှောင်ရှောင် စိတ်ကူးပင် ယဉ်မကြည့်ရဲတော့ချေ။

လုဟန်ချွမ်က နားလည်ပါသည်။

ဤကဲ့သို့ အေးစက်နေသည့် ရာသီဥတုမျိုးတွင် အဆောင်နေထိုင်ရသည့် ကျောင်းသားများမှာ ရေနွေးပင် အသုံးပြုခွင့် ရှိကြမည် မဟုတ်ပေ။

ယဲ့ရှောင်ရှောင်ကဲ့သို့ ရွှေဇွန်းကိုက်ကာ ကြီးပြင်းလာရသူအဖို့ ထိုပုံစံမျိုးနှင့် နှစ်ဝက်ခန့် နေထိုင်ရမည်မှာ မသက်သာနိုင်ပါ။

“ဒါဆိုလည်း အချိန်ယူပြီး သေချာထပ်စဉ်းစားပေါ့”

တစ်ချိန်ချိန်ကျလျှင် ဤကောင်မလေးသည် သူ့ထံကျိန်းသေပေါက် အကူအညီလာတောင်းလိမ့်မည်ဟု လုဟန်ချွမ် ယုံကြည်နေပါသည်။

သူ့ဖုန်းနံပါတ်ကို ပေးပြီး တစ်လကြာသည့်တိုင်အောင် ယဲ့ရှောင်ရှောင်ဘက်မှ ဆက်သွယ်မလာခဲ့သော်လည်း လုဟန်ချွမ် ယုံကြည်မှု မပျက်သေးပေ။

အပြင်ဘက်တွင် စကားအနည်းငယ် ပြောပြီးနောက် နှစ်ယောက်စလုံး အေးခဲနေပြီဖြစ်ရာ အိမ်ထဲသို့ အမြန်ဝင်ခဲ့ကြတော့သည်။

အိမ်ထဲတွင် အပူပေးကုတင်နိမ့်ရှိသော်လည်း ကုတင်ပေါ်တွင်သာ နွေးထွေးမှုရှိပါသည်။

အပူပေးမီးဖိုမရှိသဖြင့် တစ်အိမ်လုံး အေးစိမ့်နေခဲ့လေသည်။

အပူပေး သံမီးဖိုများက အလွန်ဈေးကြီးသဖြင့် သာမန်မိသားစုများ မတတ်နိုင်ကြချေ။

ထို့ကြောင့် ဤရွာကလေးတွင် ဆောင်းရာသီတိုင်းသည် အလွန်ပြင်းထန်လေ့ရှိပါသည်။

ယဲ့ရှောင်ရှောင်မှာ အိမ်နေရင်းပင် ဝါဂွမ်းအနွေးထည်များကို ဝတ်ထားဆဲဖြစ်သည်။

သို့သော် လုဟန်ချွမ်မှာမူ အခက်အခဲများနှင့် မစိမ်းလှသဖြင့် အအေးဒဏ်ကို ခံနိုင်ရည်ရှိခဲ့ပါသည်။

ထို့အပြင် ပိုင်ချွမ်ရွာမှ ပြန်လည်ထွက်ခွာသည်နှင့် ယဲ့မိသားစုအတွက် အသုံးဝင်မည့်ပစ္စည်းအချို့ကို ပို့ပေးလိုက်ဖို့လည်း ဆုံးဖြတ်ထားပါသည်။

မှောင်ရီပျိုးကာ မိသားစုညစာစားပြီးချိန်မှ ယဲ့ချန်းနင်တစ်ယောက် ပြန်ရောက်လာလေသည်။

မရီးဖြစ်သူ ကျန်းရွှယ်က သူ့အတွက် ဟင်းအချို့ ချန်ထားပေးပါသေးသည်။

ကျန်းရွှယ်က မေးသည်။

“ဘာလို့ နောက်ကျနေတာလဲ”

ယဲ့ချန်းနင် မလုံမလဲ ပြန်ဖြေလိုက်သည်။

“ကျွန်တော့်သူငယ်ချင်းတွေနဲ့ စကားပြောရင်း အချိန်ကုန်လို့ကုန်သွားမှန်းတောင် မသိလိုက်လို့ပါ”

ကျန်းရွှယ်: “နင် အလေလိုက်နေတာပါဟယ်၊ အဖေဆူတာ ထပ်ခံရတော့မှာပဲ”

ယဲ့ချန်းနင် နှုတ်ခမ်းစူသွားသည်။

“အိမ်မှာ ဧည့်သည်တွေရှိနေတော့ ကျွန်တော့်ကို ဆူဖို့တောင် အဖေ့မှာ အချိန်ရှိမှာမဟုတ်ဘူး”

ထိုစဉ် အရှေ့ဘက်အခန်းထဲမှ ယဲ့ရှောင်ရှောင်ထွက်လာလေသည်။

“အဖေကတော့ ဆူဖို့အချိန်မရှိလောက်ဘူး၊ ဒါပေမယ့် တတိယအစ်ကို ကတိမတည်ဘူး၊ သမီးနောက် လိုက်ခဲ့မယ်လို့ ပြောခဲ့တယ်လေ”

ယဲ့ရှောင်ရှောင်ကို ယဲ့ချန်းနင် လုံးဝ မေ့လျော့သွားခဲ့ပါသည်။

သို့သော် ရွာထဲတွင် ပြဿနာတစ်စုံတစ်ရာဖြစ်ဖူးသည်ကို မကြားဖူးသဖြင့် တစ်ယောက်တည်းအိမ်ပြန်ရလည်း အန္တရာယ်မရှိနိုင်လောက်ပေ။

“ငါ အရေးကြီးကိစ္စတစ်ခုရှိလို့ သွားလုပ်နေတာပါ၊ အခုနင်လည်း အိမ်ပြန်ရောက်နေပြီပဲ မဟုတ်ဘူးလား”

ထို့နောက် ယဲ့ချန်းနင်သည် ပြုံးဖြီးဖြီးနှင့် ကတိပေးလိုက်သည်။

“ငါ ပိုက်ဆံတွေရလာမှ နင့်ကို မုန့်ဝယ်ကျွေးပါ့မယ်”

ယဲ့ရှောင်ရှောင်သည် ချက်ချင်းပင် သံသယဝင်သွားပြီး တဲ့တိုး မေးလိုက်ပါသည်။

“တတိယအစ်ကိုက ဘယ်လိုအရေးကြီးတဲ့ကိစ္စတွေကို သွားလုပ်နေရလို့လဲ”

“ငွေရှာဖို့လေ၊ ငါနင့်ကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်၊ နှစ်သစ်ကူးပြီးရင် ငါသစ်စက်မှာ အလုပ်လုပ်စရာ မလိုတော့ဘူး၊ အပြင်လာကမှာ အတွေ့အကြုံသွားယူတော့မှာ”

ယဲ့ချန်းနင် ကြွားလုံးထုတ်နေစဉ် ကျန်းရွှယ်ရောက်လာပြီး သူ့ခေါင်းကို ခေါက်လိုက်လေသည်။

“ပေါက်ကရတွေ လျှောက်ပြောမနေနဲ့၊ အဖေသာကြားရင် နင့်ကို သေအောင် ရိုက်လိမ့်မယ်”

“မရီးကလည်း၊ အဖေ့ကို သွားမတိုင်နဲ့နော်”

ကျန်းရွှယ်: “နင့်ကိစ္စတွေလည်း ငါဝင်မပါချင်ပါဘူး၊ စားစရာရှိတာ မြန်မြန်စားပြီး ပန်းကန်တွေဆေး”

သူချမ်းသာလာနိုင်သည်ကို မိသားစုဝင်များက မယုံကြည်ကြမှန်း ယဲ့ချန်းနင် သိသော်လည်း ဤတစ်ကြိမ်တွင် သူအတည်ပြောနေခြင်းဖြစ်သည်။

ကမ်းရိုးတန်းမြို့ကြီးများတွင် စီးပွားရေးလုပ်ကိုင်ရင်း ချမ်းသာကြွယ်ဝနေကြသည့် ဆွေမျိုးများရှိသည်ဟု ကန်းကျစ်က သူ့ကို ပြောပြထားသည်။

ဤကဲ့သို့ တောင်ရွာလေးတစ်ရွာတွင် မည်သည့်အခွင့်အလမ်းမှ မရှိနိုင်ပေ။

ထို့ကြောင့် အပြင်လာကသို့ သူရအောင် ထွက်ရပါမည်။

ယဲ့ရှောင်ရှောင် ဆက်မေးဖို့ ဆုံးဖြတ်လိုက်သည်။

“တတိယအစ်ကိုက ဘယ်လိုပိုက်ဆံရှာတာမျိုးကို ပြောတာလဲ”

ယဲ့ချန်းနင်သည် ပိုက်ဆံအများအပြားကို အမှန်တကယ် စတင်ရှာဖွေနိုင်နေပြီဖြစ်ရာ ဤခရီးစဉ်မှာ အခက်အခဲမရှိ အဆင်ပြေချောမွေ့နေပါလိမ့်မည်။

ထို့ကြောင့် အလွန်အမင်း စိုးရိမ်ပူပန်နေစရာ မလိုအပ်ပေ။

📗 Chapter 26

“…”

ယဲ့ချန်းနင် ရုတ်တရက် နှုတ်ဆိတ်သွားခဲ့သည်။

ထိုအခါ ယဲ့ရှောင်ရှောင်လည်း တိတ်ဆိတ်သွားတော့သည်။

သူမသည် စိတ်ကိုအမြဲတမ်း တည်ငြိမ်အောင် ထားတတ်ပါသည်။

“တတိယအစ်ကိုကို သူငယ်ချင်းတွေက ဘယ်လိုချမ်းသာအောင် လုပ်ရမလဲဆိုပြီး လာပြောသွားတာတော့ မဟုတ်ပါဘူးနော်”

“ဘာပဲဖြစ်ဖြစ် ဒီလိုနေရာထက် မြို့ကြီးပြကြီးတွေမှာ ငွေရှာဖို့ အခွင့်အလမ်းပိုများတယ်လေ…”

မသေချာမရေရာသည့် သူငယ်ချင်းဖြစ်သူ၏ စကားတစ်ခွန်းကြောင့် မွေးရပ်မြေမှထွက်သွားဖို့ ကြံနေသည်ဟု ဝန်ခံရမည်ကို ယဲ့ချန်းနင် ရှက်ရွံ့နေမိပါသည်။

“သမီးမှာ အကြံတစ်ခုရှိတယ် တတိယအစ်ကို”

ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်ကို တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပါသည်။

ယဲ့ချန်းနင်က ညစာကိုအမြန်ကုန်အောင်စားလိုက်ပြီး မေးလိုက်သည်။

“ဘာအကြံလဲ”

“အစ်ကို့မှာ ဘာအစီအစဉ်မှမရှိဘဲ ကမ်းရိုးတန်းဒေသကို ထွက်သွားမယ်ဆိုရင် လမ်းပျောက်နေမှာပေါ့၊ အခုချိန်မှာ အကျိုးအမြတ်အများဆုံးလုပ်ငန်းက အဝတ်အထည်လုပ်ငန်းပဲ၊ ကမ်ရိုးတန်းစက်ရုံတွေဆီကနေ ဈေးသက်သက်သာသာနဲ့ ဝယ်ယူပြီးတော့ ပြန်ရောင်းရင် အမြတ်အများကြီး ရနိုင်တယ်”

“နောက်တစ်မျိုးက လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေ၊ ဒါပေမယ့် အဲ့တာတွေက ဈေးကြီးတယ်၊ သယ်ယူပို့ဆောင်ခတွေလည်း ထည့်တွက်ရမယ်၊ အဲ့တာတွေက မြို့ပေါ်မှာပဲ ရောင်းလို့ရတာမျိုးဆိုတော့ ဈေးကွက်က ကျဉ်းပေမယ့် ကုန်ပစ္စည်းတင်သွင်းပေးမယ့်သူကောင်းကောင်း ရှာနိုင်ရင် အကျိုးအမြတ် အများကြီး ရလိမ့်မယ်”

ယဲ့ရှောင်ရှောင် မေးထောက်လျက် ရှင်းပြလိုက်ပါသည်။

စာအုပ်ထဲတွင် ယဲ့ချန်းနင် မည်သို့ စတင်ချမ်းသာလာသည်ကို အသေးစိတ် ဖော်ပြမထားသဖြင့် သူမအနေဖြင့် အချက်အလက်အချို့ကိုသာ အကြံပြုနိုင်ခဲ့လေသည်။

ထိုစကားများကိုကြားပြီးနောက် ယဲ့ချန်းနင် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

“တကယ်တော့ ငါလည်း ကမ်းရိုးတန်းဒေသက အထည်တွေကို ယူပြီးရောင်းဖို့ စိတ်ကူးနေတာ၊ ဒါပေမယ့် ငါတို့ရွာမှာတော့ မဟုတ်ဘူးပေါ့၊ အနည်းဆုံးတော့ ကောင်တီမြို့လောက်မှာ စရောင်းသင့်တယ်”

ယဲ့ရှောင်ရှောင်က ထပ်မေးသည်။

“တတိယအစ်ကိုမှာ လုပ်ငန်းစဖို့ အရင်းအနှီးငွေကော ရှိရဲ့လား”

ယဲ့ချန်းနင်: “ကန်းကျစ်က ကောင်တီမြို့မှာ ငါတို့ကို ငွေချေးပေးနိုင်တဲ့ ဘော်ဒါတစ်ယောက် ရှိတယ်လို့ ပြောတယ်၊ အကြွေးယူစာချုပ်တော့ ချုပ်ရမှာပေါ့”

ယဲ့ရှောင်ရှောင်တွေးလိုက်သည်။

ထိုပဟေဠိဆန်သော သူငယ်ချင်းမှာ ယဲ့ချန်းနင်၏ နောက်ကျောကို ဓားနှင့်ထိုးမည့်လူမဖြစ်နိုင်သော်လည်း သံသယဝင်စရာတော့ ကောင်းပေသည်။

ငွေများကို လွယ်လွယ်ကူကူ ထုတ်ပေးနိုင်ရခြင်း၏ ရည်ရွယ်ချက်မှာ ဘာဖြစ်နိုင်မည်နည်း။

‘ယဲ့ချန်းနင်မှာ ချမ်းသာတဲ့ သူငယ်ချင်းတွေ ရှိနေလို့လား’

ယဲ့ရှောင်ရှောင်သည် မသိနားမလည်ချင်ယောင်ဆောင်ကာ မေးမြန်းကြည့်လိုက်ပါသည်။

“တတိယအစ်ကိုရဲ့ သူငယ်ချင်းက ဘယ်လိုလူမျိုးလဲ၊ အရင်ကတည်းက သေချာစီစဉ်ထားတာလား၊ တကယ်လို့ သူတို့ဘက်က အရေးတကြီး ပိုက်ဆံပြန်လိုချင်လာရင် အစ်ကိုပြဿနာမတက်နိုင်ဘူးလား”

ယဲ့ချန်းနင် မေးပွတ်ကာ ဆိုလိုက်သည်။

“ငါတို့က ဆင်းရဲတယ်လေ၊ ကိုယ့်ငွေကိုယ် သုံးချင်တယ်ဆိုရင်တောင် ငါတို့မှာ နည်းလမ်းမှ မရှိတာ၊ ငါ့မှာရှိတဲ့ ပိုက်ဆံက ခရီးစရိတ်အတွက်ပဲ လုံလောက်တယ်၊ ကန်းကျစ်ဆိုတဲ့ကောင်က ငါ့ထက်တောင် အခြေအနေ ပိုဆိုးသေးတယ်”

ယဲ့ရှောင်ရှောင် တီးတိုး ပြောလိုက်သည်။

“အစ်ကို့ကို သမီး ငွေနည်းနည်း ထုတ်ပေးနိုင်တယ်”

ယဲ့ချန်းနင် မျက်လုံးများ အရောင်လက်သွားပါသည်။

“အများကြီးတော့မဟုတ်ပါဘူး၊ တစ်ထောင်လောက်ပဲ၊ အစ်ကို အောင်မြင်သွားတဲ့အခါကျရင် သမီးကို အတိုးနဲ့ ပြန်ပေးပေါ့၊ အဲ့တာဆို အစ်ကိုလည်း သူငယ်ချင်းတွေကို အရမ်းကြီး အားကိုးစရာမလိုတော့ဘဲ ကိုယ်ပိုင်အရင်းအနှီး ရှိသွားလိမ့်မယ်၊ အစ်ကိုလုပ်ချင်တဲ့ အလုပ်ကိုလည်း လွတ်လွတ်လပ်လပ် လုပ်နိုင်လိမ့်မယ်”

ယဲ့ချန်းနင်က ယဲ့ရှောင်ရှောင်ကို သေချာ အကဲခတ်ကာ မေးလိုက်သည်။

“အဲ့လောက်ငွေတွေ အများကြီး နင်ဘယ်ကရလာတာလဲ၊ နင့်အရင်မိသားစုဆီကတော့ မဟုတ်ပါဘူးနော်၊ အဲ့လိုဆိုရင် ငါမလိုချင်ဘူး”

ယဲ့ရှောင်ရှောင်: “သူငယ်ချင်းတစ်ယောက်ဆီက ချေးထားတာပါ၊ နောက်ကျရင် ပြန်ဆပ်မှာ”

ယဲ့ချန်းနင်၏ စိတ်ခံစားချက်များ ရှုပ်ထွေးလာသည်။

သူ့ကို စိတ်ဒုက္ခပေးနေသော ပြဿနာအတွက် အဖြေတစ်ခုကို ဤမျှမြန်မြန်ရရှိလိုက်မည်ဟု မျှော်လင့်မထားခဲ့ပါ။

အမှန်တကယ်တော့ မည်သူက ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး ပိုက်ဆံမရှာချင်ဘဲ နေမည်နည်း။

သို့သော် အားလုံးက စီးပွားရေးအမြင်ကျဉ်းမြောင်းခြင်း သို့မဟုတ် ဆင်းရဲမွဲတေခြင်းတို့ကြောင့် ထိုအိပ်မက်ကို လက်လျှော့လိုက်ကြရသည်။

“နင်တို့နှစ်ယောက် ဘာတွေ တီးတိုးပြောနေကြတာလဲ၊ ပြဿနာ မရှာကြနဲ့နော်၊ နှစ်သစ်ကူးတောင် ရောက်တော့မယ်”

ကျန်းရွှယ်က ပန်းကန်အချို့ လာယူရင်း မောင်နှမနှစ်ယောက်ကို ဆုံးမလိုက်ပါသည်။

ယဲ့ချန်းနင် ချက်ချင်းပင် နှုတ်ဆိတ်သွားတော့သည်။

မိဘများက သဘောတူမည် မဟုတ်မှန်း သေချာသဖြင့် သူ့မိသားစုကို ပြောမပြချင်ပါ။

ယဲ့ရှောင်ရှောင်သည် သွမ်လဲ့ထံမှ ရရှိထားသော ယွမ်တစ်ထောင်ကို ယဲ့ချန်းနင်အား ထုတ်ပေးလိုက်ပါသည်။

“သမီးကို စိတ်မပျက်စေနဲ့နော် တတိယအစ်ကို”

“စိတ်မပူစမ်းပါနဲ့၊ ငါနင့်ကို ဒီ့ထက် ၁၀ ဆလောက် ပြန်ဆပ်မှာ”

ယဲ့ချန်းနင်သည် ငွေကို သိမ်းဆည်းလိုက်ပြီး နောက်တစ်နေ့ ကန်းကျစ်ကို သွားတွေ့ကာ ငွေချေးဖို့ မလိုအပ်တော့ကြောင်း ပြောဖို့ ဆုံးဖြတ်လိုက်ပါသည်။

သူ့တွင် လုပ်ငန်းစတင်ဖို့ ကိုယ်ပိုင်အရင်းအနှီးရှိသွားခဲ့လေပြီ။

--- --- ---

အချိန်များမှာ အလျင်အမြန်ပင် ကုန်ဆုံးသွားခဲ့ရာ မည်သူမှ သတိမထားမိလိုက်စဉ်မှာပင် နှစ်သစ်ကူးအကြိုညသို့ ရောက်ရှိလာခဲ့ပါပြီ။

လုဟန်ချွမ်လည်း နှစ်သစ်ကူးကို သူမတို့အိမ်တွင် ဖြတ်သန်းလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ထင်ထားခဲ့သည်။

သို့သော် ရဟတ်ယာဉ်တစ်စင်း ရုတ်တရက် ရောက်ချလာကာ ရွာထဲတွင် ဆင်းသက်ပြီ ဤရွာ၌ ရက်အတော်ကြာအောင် ပိတ်မိနေခဲ့သည့် တပ်သားများကို လာရောက်ခေါ်ဆောင်ခဲ့ပါသည်။

ရွာထဲရှိ ကလေးများစွာက ရဟတ်ယာဉ်ကြီးကို စိတ်ဝင်တစား သွားကြည့်ခဲ့ကြသည်။

ရွာထဲရှိ ကလေးများသည် လေပေါ်တွင် ပျံသည့် အရာမှန်သမျှကို မမြင်ဖူးကြပေ။

လုဟန်ချွမ်သည် တာဝန်နှင့် ရောက်ရှိလာခြင်းဖြစ်၍ ငွေများများစားစား ပါမလာခဲ့ပါ။

သို့သော် သူထွက်မသွားခင် တပ်သားများ၏ နေထိုင်စားသောက်စရိတ်များအတွက် အမြန်ဆုံး ပို့ဆောင်ပေးလိုက်မည်ဟု ကျန်းရန်ကွေ့အား ပြောကြားခဲ့ပါသည်။

ကျန်းရန်ကွေ့ကလည်း စိတ်မရှိပေ။

အကြောင်းမှာ ရွာတွင် ရက်ပိုင်းလောက် နေထိုင်ရုံနှင့် ကုန်ကျစရိတ် အများကြီး မရှိနိုင်ခြင်းကြောင့်ပင်။

ထို့ကြောင့် ဒုဗိုလ်မှူးထံမှ စရိတ်စခများ တောင်းဆိုဖို့မှာ အားနာစရာပင် ကောင်းလှပေသည်။

ဒဏ်ရာရရှိထားသည့် တပ်သားကို ရဟတ်ယာဉ်ပေါ်သို့ ကူညီသယ်ဆောင်ပေးနေစဉ် လုဟန်ချွမ်က ယဲ့ရှောင်ရှောင်ကို လှမ်းပြောလိုက်ပါသည်။

“တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်ခင် စိတ်ပြောင်းသွားတယ်ဆိုရင် ငါ့ကို အချိန်မရွေးဆက်သွယ်လို့ ရတယ်နော်”

ယဲ့ရှောင်ရှောင် ပြုံးလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ရဟတ်ယာဉ် ပြန်လည်ထွက်ခွာသွားသောအခါ ‌ပိုင်ချွမ်ရွာကလေးမှာ ယခင်ကကဲ့သို့ပင် ပြန်လည် အေးချမ်းသွားတော့သည်။

သို့သော် အေးချမ်းမှုက ကြာရှည်မခံခဲ့ဘဲ အိမ်တိုင်းတွင် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့ပြန်ပါသည်။

ယဲ့မိသားစုသည်လည်း လွန်ခဲ့သည့် ရက်ပိုင်းများအတွင်း အလွန်အလုပ်များနေခဲ့သည်။

ရွာသူရွာသားအချို့က မြောင်ဖုန့်ရှန်းထံသို့ လာရောက်ကာ နှစ်သစ်ကူး ဆုတောင်းစာသားများ ရေးသားပေးဖို့ အကူအညီ တောင်းကြသည်။

နှစ်သစ်ကူးအကြိုညသို့ ရောက်ရှိခါမှ အားလုံးငြိမ်သက်သွားခဲ့ကြလေသည်။

နှစ်သစ်ကူးညစာကို အရှေ့ဘက်ခြံဝင်းရှိ ဦးလေးအကြီးဆုံးတို့ မိသားစု၏အိမ်တွင် အဘိုးအဘွားများနှင့်အတူ စုပေါင်း စားသောက်ရပါသည်။

ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းယွမ်၏ အစ်ကိုကြီးဖြစ်သူ ယဲ့ချန်းကျွင်းနှင့် တွေ့ဆုံခဲ့ရသည်။

ယဲ့ကျမ့်ယဲ့တွင် သားသမီးလေးယောက်ရှိပါသည်။ သမီးနှစ်ယောက်နှင့် သားနှစ်ယောက်တို့ဖြစ်ကြသည်။

သမီးနှစ်ယောက်က အိမ်ထောင်ကျသွားပြီဖြစ်ပြီး ယခု မိသားစုက ယဲ့ချန်းကျွင်းကို လက်ဆက်ထိန်းမြှားပေးဖို့ ကြံရွယ်နေကြပါသည်။

ပိုင်ချွမ်ရွာသားများ ကြင်ယာတော်ရှာဖွေဖို့ ဟူသည်မှာ အတော်လေး ခဲယဉ်းလှသည်။

အကြောင်းမှာ အခြားရွာများမှ သမီးပျိုတို့သည် ဤအရပ်က ရွာသားများနှင့် လက်ဆက်ထိန်းမြှားလိုခြင်း မရှိခြင်းကြောင့်ပင်။

ယဲ့ချန်းယွမ်က ယဲ့ရှောင်ရှောင်ကို တီးတိုး ပြောပြလိုက်သည်။

“ငါ့အဖေက အစ်ကိုကြီးအတွက် မြို့မှာ မိန်းကလေးတစ်ယောက် ရှာထားပေးပြီးပြီ၊ ဒါပေမယ့် အဲ့မိန်းကလေးရဲ့ မိသားစုက ယွမ် ၁၀၀ နဲ့ ပစ္စည်းကြီးသုံးမျိုးကို တင်တောင်းခိုင်းနေတာ၊ ငါတို့က ဘယ်လိုလုပ် တတ်နိုင်မှာတုန်း”

ယဲ့ချန်းရှန့်က ဝင်မေးလိုက်သည်။

“အစ်ကိုကျွင်းက အဲ့မိန်းကလေးကို သဘောကျလို့လား”

ယဲ့ချန်းယွမ် ခေါင်းကုတ်လိုက်ပါသည်။

“ငါ့အစ်ကိုကြီးက တည်တည်ငြိမ်ငြိမ်ပဲ နေတတ်တာ၊ သူ့ကို ကြိုက်လားမေးရင်တောင် ဘာမှ ပြန်ဖြေမှာ မဟုတ်ဘူး”

ယဲ့ရှောင်ရှောင်: “အဲ့တာဆို အစ်ကိုကျွင်းကလည်း သူ့ကို သိပ်သဘောမကျလောက်ပါဘူး၊ သဘောကျရင် မေးစရာတောင် မလိုဘဲ ထုတ်ပြောမှာပဲ”

ယဲ့ချန်းယွမ်: “နင့်လိုကလေးမက ဘာသိမှာတုန်း၊ ကဲပါ ထားလိုက်ပါတော့… စိတ်ရှုပ်စရာတွေ မစဉ်းစားဘဲ ဗြောက်အိုးပဲ သွားဖောက်ကြရအောင်”

ထို့နောက် ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းယွမ်တို့နှင့်အတူတူ ဗြောက်အိုး သွားဖောက်ခဲ့ပါသည်။

အပြင်ဘက်တွင် ခေတ္တကစားပြီးနောက် ခြေဖျားလက်ဖျားများ အလွန်အေးစက်လာခဲ့ကြသည်။

မောင်နှမသုံးယောက် အိမ်သို့ ပြန်ပြေးလာကြပြီး အာလူးပူပူများနှင့် လက်ကို အနွေးဓာတ်ပေးလိုက်ပါသည်။

နှစ်သစ်ကူးညစာတွင် ဖက်ထုပ်များနှင့် စားကောင်းသောက်ဖွယ် ဟင်းလျာပေါင်းစုံ ပါဝင်ပေသည်။ ထို့အပြင် တစ်နှစ်ပတ်လုံး မွေးမြူခဲ့ရသည့် ကြက်များ၊ ဘဲများ၊ ငန်းများသည်လည်း စားပွဲပေါ်သို့ ရောက်ရှိနေပါပြီ။

အပြင်ဘက်မှ ဗြောက်အိုးဖောက်သံများ စီစီညံလာသောအခါ ယဲ့မိသားစုတစ်စုလုံး ခွက်ချင်းတိုက်ကာ နှစ်သစ်ကူးကို ကြိုဆိုလိုက်ကြတော့သည်။

ဤကမ္ဘာသစ်တွင် ယဲ့ရှောင်ရှောင် ပထမဆုံးအကြိမ်အဖြစ် ကြုံတွေ့ရသော နှစ်သစ်ကူးသည် သူမအား နွေးထွေးမှုများ ပေးစွမ်းနိုင်ခဲ့ပါသည်။

ယခင်ဘဝတွင်မူ နှစ်သစ်ကူးသည့်တိုင်အောင် သူမ၏ မိသားစုက အလုပ်ကိုသာ အာရုံစိုက်နေကြစမြဲဖစြ်သည်။ အဘိုးဖြစ်သူ ဆုံးပါးသွားပြီးနောက် ယဲ့ရှောင်ရှောင် တစ်ယောက်တည်း အလွန်အထီးကျန်ခဲ့ရပါသည်။

သို့သော် ယခုတော့ ဆွေမျိုးများအားလုံးနှင့်အတူတူ နှစ်သစ်ကူးကို ကြိုဆိုနိုင်ခဲ့သည်။

ညည့်နက်သည်အထိ ပျော်ပါးခဲ့ကြပြီးနောက် နှစ်သစ်ကူး၏ ပထမဆုံးနေ့တွင် အားလုံး အိပ်ရာ စောစောထကာ တစ်ဦးကိုတစ်ဦး နှစ်သစ်ဆုတောင်းစကားများ ပြောခဲ့ကြပါသည်။

ယဲ့ရှောင်ရှောင်သည် ယဲ့မိသားစုနှင့် နှစ်သစ်ကူးကို ပထမဆုံးအကြိမ် အတူတူဖြတ်သန်းဖူးခြင်းဖြစ်ရာ အဘိုးအဘွားများက ပိတ်စနီဖြင့် အုပ်ထားသော ၅ ယွမ်ကို အန်ပေါင်းအဖြစ် ပေးခဲ့ကြသည်။

ယဲ့ကျန်းကော်တို့လင်မယား၊ ယဲ့ကျမ့်ယဲ့တို့ လင်မယား၊ အစ်ကိုများ၊ မရီးများကလည်း ယဲ့ရှောင်ရှောင်ကို အန်ပေါင်းများ ပေးခဲ့ပါသည်။

ယဲ့ရှောင်ရှောင်သည်လည်း ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့လေသည်။

ထို့နောက် သူမ ကိုယ်တိုင် ပြင်ဆင်ထားသည့် အန်ပေါင်းများကို တူလေးနှစ်ယောက်အား ပေးလိုက်သည်။

ယဲ့ပေါင်ယွမ်သည် ထိုစာအိတ်နီများမှာ ဘာဖြစ်မှန်း နားမလည်ပေ။ ဒေါ်လေးဖြစ်သူက တစ်ခုခု ပေးသည်ကို မြင်သောအခါ သကြားလုံးထင်ပြီး ပါးစပ်ထဲ ချက်ချင်း ထည့်ကိုက်လိုက်ပါသည်။

ယဲ့ပေါင်ချန်းက သူ့ပါးစပ်ထဲမှ အမြန်ဆွဲထုတ်ကာ ဆူလိုက်သည်။

“ငတုံးကောင်လေး၊ အဲ့တာသကြားလုံးမဟုတ်ဘူး၊ ပိုက်ဆံတွေ”

ယဲ့ချန်းချင်က သားကြီးကို ပွေ့ချီကာ မေးလိုက်ပါသည်။

“သားညီလေးက ငတုံးကောင်လေးဆိုရင် သားကကော ဘာလဲ”

ယဲ့ပေါင်ချန်းက အသံကျယ်ကျယ်ဖြင့် ဂုဏ်ယူဝံ့ကြွားစွာ ဆိုလိုက်သည်။

“သားက ဒီမှာ ဉာဏ်အကောင်းဆုံးပဲ!”

အားလုံး ရယ်မောခဲ့ကြပါသည်။

မိသားစုကို နှစ်သစ်ကူးဆုတောင်းစကားများ ပြောပြီးနောက် ယဲ့ရှောင်ရှောင်သည် အစ်ကိုဖြစ်သူများနှင့်အတူ အခြား ဦးလေး၊ ဒေါ်လေးတို့၏ အိမ်များကို သွားရောက်ကာ ယဲ့မိသားစုဝင်အားလုံးနှင့် တရားဝင် တွေ့ဆုံ နှုတ်ဆက်ခဲ့လေသည်။

မိသားစုဝင်တိုင်းကို နှစ်သစ်ကူးဆုတောင်းစကားများ ဆိုပြီးချိန်တွင် နေ့လယ်ခင်းပင် ရောက်ရှိနေပါပြီ။

ထို့ကြောင့် ညစာအတွက် ချက်ပြုတ် ပြင်ဆင်ရပြန်သည်။

ယဲ့ရှောင်ရှောင်သည် အိမ်တွင် ဘာမှလုပ်စရာမရှိဘဲ မီးဖိုချောင်ထဲတွင်လည်း သူမ ကူညီပေးနိုင်သည့်အရာ မရှိပါ။

သူမသည် ဟင်းအိုးများအတွက် မီးပင်သေချာ မမွှေးတတ်ပေ။

ယဲ့ချန်းရှန့်က ထုံးစံအတိုင်း စာဖတ်နေပြီး ယဲ့ချန်းယွမ်က အပြင်ထွက်သွားသဖြင့် ယဲ့ရှောင်ရှောင်တစ်ယောက် ယဲ့ပေါင်ချန်းလေးနှင့်သာ အတူတူကစားနိုင်တော့သည်။။

ယဲ့ပေါင်ချန်းလေးက ဖန်ဂေါ်လီလုံးလေးများကို တောက်ကာ ကစားနေပြီး ခဏအကြာတွင် ယဲ့ရှောင်ရှောင်ကို လှည့်ပြောလိုက်လေသည်။

“ဒေါ်လေးက တော်တော်ညံ့တာပဲ”

ယဲ့ရှောင်ရှောင် ဆွံ့အသွားရလေသည်။

All Chapters