← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

📗 Chapter 27

ယဲ့မိသားစု၏ ပျော်ရွှင်စရာကောင်းသော အငွေ့အသက်များသည် ပေကျင်းမြို့ရှိ အခြေအနေများနှင့်မူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်၍နေပါသည်။

ပေကျင်းမြို့ရှိ ရှုမိသားစုတွင်…

ကျောက်ဟုံရှား: “ကျမ့်ဝမ်၊ နင့်သူငယ်ချင်းတွေနဲ့ အပြင်မသွားခင် ခဏစောင့်လိုက်ဦး၊ ဟောက်မိသားစုက နှစ်သစ်ကူး နှုတ်ဆက်စကားပြောဖို့ လာလိမ့်မယ်”

ရှုမိသားစုနှင့် ဟောက်မိသားစုတို့သည် တစ်ကိုင်းတည်းနားသည့် ငှက်များပမာ ယခင်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ကြသူများဖြစ်သည်။

ထို့ကြောင့်လည်း သူတို့၏ သားသမီးများကို လက်ဆက်ထိန်းမြှားပေးဖို့ ဆုံးဖြတ်ခဲ့ရခြင်းပင် မဟုတ်ပါလား။

ရှုကျမ့်ဝမ် စိတ်ရှုပ်သွားလေသည်။

ဟောက်မိသားစုက အမှန်တကယ် အလွန် အာရုံနောက်ဖို့ ကောင်းပါသည်။ ယခင်က ‘ဟောက်ရှောင်ရှောင်’၊ ယခု ‘ဟောက်ယန်ယန်’ ရောက်လာပြန်လေပြီ။

ယနေ့ခေတ်တွင် လူငယ်များ လွတ်လပ်စွာ ချစ်ကြိုက်ကြသည်ကို လူကြီးမိဘများက အားပေးကြသော်လည်း သူ့မိဘများမှာမူ ခေါင်းမာနေကြဆဲပင်။

“ကျွန်တော် မွန်းလွဲချိန်လောက် အပြင်သွားမှာနော်၊ သူတို့ကို ၂ နာရီ ထပ်စောင့်ပေးမယ်၊ အဲ့တာမှ မလာသေးရင် စောင့်မနေတော့ဘူး”

ကျောက်ဟုံရှား: “နင်ယန်ယန်ကို မတွေ့ဖူးသေးဘူးမလား၊ ဒီအခွင့်အရေးကို အသုံးချပြီး သူနဲ့ ရင်းနှီးအောင်လုပ်ထားဦးနော်”

ကျောက်ဟုံရှားသည် ချွေးမဖြစ်သူ ရုတ်တရက်ပြောင်းလဲသွားခြင်းကို ခပ်မြန်မြန်ပင် လက်ခံနိုင်ခဲ့ပါသည်။

သူမ အမှန်တကယ် တန်ဖိုးထားသည်မှာ ဟောက်မိသားစု၏ ဂုဏ်ဝါကိုသာဖြစ်၍ မည်သည့်သမီးဖြစ်နေသည်မှာ အရေးမကြီးလှပေ။

ဟောက်မိသားစု၏ သမီးလေးဖြစ်နေသ၍ သူမ လက်ခံပေးနိုင်ပါသည်။

သူမ နှမြောမိသည့် အချက်တစ်ခုတည်းသာရှိသည်။ ရှောင်ရှောင်သည် ယန်ယန်ထက် ပိုမိုလှပသည့် မိန်းကလေး ဖြစ်နေခြင်းပင်။

သို့သော် လှပတိုင်းလည်း မကောင်းသလို ထိုမိန်းကလေး၏ စိတ်နေစိတ်ထားမှာ အနည်းငယ် ကြမ်းတမ်းခက်ထန်မှုရှိပါသည်။

ယခုတစ်ယောက်မှာမူ လိမ္မာယဉ်ကျေးမှု ရှိမည့်ပုံစံလေးဖြစ်သည်။

ရှုကျမ့်ဝမ် ဘာမှပြန်မပြောခဲ့သော်လည်း မျက်နှာကိုကြည့်ခြင်းအားဖြင့် သဘောတူလိုစိတ်လုံးဝ မရှိမှန်း သိသာပါသည်။

ဟောက်မိသားစုကလည်း သူတို့ကို ကြာကြာ မစောင့်စေခဲ့ပါ။ ရှုသားအမိနှစ်ယောက် စကားပြောဆိုပြီး နာရီဝက်ခန့် အကြာတွင် ဟောက်မိသားစု ရောက်ရှိလာကြပါသည်။

ကျောက်ဟုံရှားသည် ခင်ပွန်းဖြစ်သူကိုခေါ်ပြီး ဧည့်သည်များကို ကြိုဆိုလိုက်ပါသည်။

ဟောက်ယန်ယန်သည် ပေကျင်းမြို့၏ နောက်ဆုံးပေါ် ဖက်ရှင်ဖြစ်သော အနီရောင်ဂွမ်းခံ ကုတ်အင်္ကျီလေးကို ဝတ်ဆင်ထားလေသည်။

သူမ၏ ကျစ်ဆံမြီးများကို ပခုံးထိတိုအောင် ကျစ်ထားသဖြင့် ပိုမို ခေတ်ဆန်စေပြီး ခေါင်းလေးအနည်းငယ် ငုံ့ထားသည်မှာ အလွန်ယဉ်ကျေးသိမ်မွေ့သည့်ပုံစံ ပေါက်စေပါသည်။

“ယန်ယန် ဒီကိုလာထိုင်ပါဦး”

ကျောက်ဟုံရှားက သူမကို ဆိုဖာပေါ်သို့ ခေါ်လာကာ သားဖြစ်သူနှင့် မိတ်ဆက်ပေးလိုက်သည်။

“သူက ကျမ့်ဝမ်တဲ့၊ သမီးရဲ့အစ်ကိုလေ”

“အစ်ကိုကျမ့်ဝမ်”

ဟောက်ယန်ယန်သည် မိသားစုနှစ်စုကြားက ပတ်သတ်ဆက်နွယ်မှုကို သိထားပြီး ဤရုပ်ရည်ချောမောသည့် အမျိုးသားက သူမ၏ သတို့သားလောင်းဖြစ်သည်ဟု မိဘများက ပြောပြထားသဖြင့် အနည်းငယ် ရှက်သွေးဖြာမိပါသည်။

ရှုကျမ့်ဝမ်က ဟောက်ယန်ယန်ကို ခေါင်းသာညိတ်ပြပြီး မျက်နှာလွှဲလိုက်လေသည်။

ယခုအခါတွင် သူသည် ရှောင်ရှောင့်အကြောင်းကို ပြန်တွေးနေမိပါပြီ။

သူမ၏ စိတ်နေစိတ်ထားမှာ မည်သို့ပင်ရှိစေကာမူ ငြင်းမရအောင် လှပပြီး သူမကို မိတ်ဆွေအပေါင်းအသင်းများရှေ့တွင် ထုတ်ပြရသည်မှာ သူ့အတွက် ဂုဏ်ယူစရာတစ်ခုပင် ဖြစ်ခဲ့သည်။

ယခုဟောက်ယန်ယန်မှာမူ ထိုင်းမှိုင်းပြီး ပျင်းစရာ ကောင်းလှပါသည်။

ရှုကျမ့်ဝမ်က သာမန်ကာလျှံကာ ဆက်ဆံသဖြင့် ဟောက်ယန်ယန် အနည်းငယ် အားစိတ်ငယ်သွားရသည်။

ရှုကျမ့်ဝမ်၏ စိတ်ထဲ ယဲ့ရှောင်ရှောင် ရှိနေဦးမလားဟု ဟောက်ယန်ယန် စိတ်ပူမိပါသည်။

ထိုယဲ့ရှောင်ရှောင်သည် သူမ၏ ဘဝကို ၁၇ နှစ်တိုင်အောင် ခိုးယူခဲ့ရုံသာမကဘဲ သူမ၏ သတို့သားလောင်းကိုပါ ခိုးယူဖို့ စိတ်ကူးရှိခဲ့ပုံရသည်။

ဟောက်မိသားစုနှင့် ယဉ်ကျေးမှုအရ စကားအနည်းငယ်ပြောပြီးနောက် ရှုကျမ့်ဝမ် အပြင်ထွက်ဖို့ ကြံလိုက်ပါသည်။

“အဖေနဲ့ အမေ၊ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိလို့”

ကျောက်ဟုံရှားက အမြန်ဝင်ပြောလိုက်သည်။

“ကျမ့်ဝမ်၊ ယန်ယန်က ဒီနားကို သိပ်မကျွမ်းကျင်သေးဘူး၊ သူ့ကိုပါ ခေါ်သွားပေးလိုက်ပါလား”

“အမေကလည်း..”

ရှုကျမ့်ဝမ် တွန့်ဆုတ်နေပါသည်။

“ဦးလေးဟောက်နဲ့ ဒေါ်လေးဟယ်တို့ပါ ရှိနေတာနော်၊ နင့်အချိုးကိုပြင်!”

ကျောက်ဟုံရှား တီးတိုး သတိပေးလိုက်လေသည်။

ရှုကျမ့်ဝမ်လည်း ရွေးချယ်စရာမရှိတော့ဘဲ ဟောက်ယန်ယန်ကို အတူခေါ်သွားရတော့သည်။

ဟယ်ချောင်းရှန့်သည် ရှုမိသားစု၏ နားလည်မှုကို သဘောကျသွားပြီး အပြုံးဖြင့် ဆိုလိုက်ပါသည်။

“သူတို့နှစ်ယောက်က တော်တော်လေး အဆင်ပြေမယ့်ပုံပဲနော်”

“ဟုတ်တယ်၊ ယန်ယန်က ကျောင်းတက်နေတုန်းပဲမလား၊ ကျောင်းစာတွေ အခက်အခဲတစ်ရှိရင် ကျမ့်ဝမ်ကို လာသင်ပြခိုင်းလို့လည်း ရတယ်”

ကျောက်ဟုံရှားက သဘောရိုးဖြင့် ပြောလိုက်ခြင်းဖြစ်သော်လည်း ဟယ်ချောင်းရှန့်မှာ မျက်နှာအနည်းငယ် ပျက်သွားရသည်။

အမှန်တော့ ဟောက်ယန်ယန် ကျောင်းထွက်ခဲ့သည်မှာ ကြာပါပြီ။

ယဲ့မိသားစုက မထောက်ပံ့ပေးနိုင်ခဲ့ခြင်းကြောင့် မဟုတ်ဘဲ သူမကိုယ်တိုင်က စာညံ့သဖြင့် ကျောင်းထွက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းပင်။

ပေကျင်းသို့ ပြန်ရောက်လာသောအခါ ဟယ်ချောင်းရှန့်က သူမအတွက် ဆရာတစ်ယောက် ရှာဖွေပေးခဲ့သော်လည်း အကူအညီ သိပ်မဖြစ်ခဲ့ပေ။

အမေဖြစ်သူ စိတ်ပျက်သွားမည်စိုးသဖြင့် ဟောက်ယန်ယန်သည် ယဲ့မိသားစုတွင်နေစဉ်က မူလတန်းအဆင့်ထိသာ သင်ခဲ့ရသဖြင့် ယခုလို သင်ခန်းစာများကို နားမလည်နိုင်ခြင်းဖြစ်သည်ဟု လိမ်ညာပြောဆိုခဲ့ပါသည်။

ကျောက်ဟုံရှား၏ စကားကြောင့် ဟယ်ချောင်းရှန့် နေရခက်လာပြီး စကားလမ်းကြောင်း အမြန်လွှဲလိုက်ရလေသည်။

ရှုကျမ့်ဝမ်နှင့် ဟောက်ယန်ယန်တို့ အိမ်ပြင်ထွက်လိုက်သည်နှင့် အိမ်ကိုပြန်ရောက်လာသော ရှုကျမ့်လီနှင့် တည့်တည့် တိုးလေသည်။

ရှုကျမ့်လီမှာ ရှုကျမ့်ဝမ်၏ ညီဖြစ်ပြီး အသက် ၁၆ နှစ်သာ ရှိပါသေးသည်။

သူ့အစ်ကိုနှင့် မျက်နှာစိမ်း မိန်းကလေးတစ်ယောက်ကို အတူတူ တွေ့လိုက်ရသောအခါ ရှုကျမ့်လီ စိတ်ရှုပ်သွားပြီး လွှတ်ခနဲ ပြောလိုက်လေသည်။

“အစ်ကိုကြီး ရှောင်ရှောင်ကို ဘယ်တော့ ပြန်သွားခေါ်မှာလဲ”

အရိပ်အကဲမကြည့်ဘဲ ပြောလိုက်သည့် ညီဖြစ်သူသည့် စကားကြောင့် ရှုကျမ့်ဝမ် ဒေါသထွက်သွားပြီး သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပါသည်။

ဘေးတွင် ဟောက်ယန်ယန်၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။

ရှုကျမ့်ဝမ်: “သူဘယ်မှာရှိနေမှန်းတောင် မသိဘဲ ငါကဘယ်လိုပြန်သွားခေါ်ရမှာလဲ၊ အိမ်မှာပဲ နေပြီး ကိုယ့်ကိစ္စမဟုတ်တာကို ဝင်မပါစမ်းနဲ့”

ရှုကျမ့်လီ ဒေါသထွက်သွားသည်။

“အစ်ကိုက လူယုတ်မာပဲ”

ရှုကျမ့်ဝမ်: “မင်းတော့…”

ရှုကျမ့်ဝမ် ဘာမှဆက်မပြောနိုင်ခဲ ရှုကျမ့်လီက အိမ်ထဲပြေးဝင်သွားပြီး သူတို့နှစ်ဦးကို အပြင်တွင်ထားခဲ့ကာ တံခါးကို ဆောင့်ပိတ်လိုက်တော့သည်။

ဒေါသကြောင့် ရှုကျမ့်ဝမ်၏ နားထင်တွင် သွေးကြောများပင် ထောင်လာပါသည်။

“အဲ့ကောင်ကို ဂရုစိုက်မနေနဲ့၊ သွားကြစို့”

ထို့နောက် ရှုကျမ့်ဝမ် ရှေ့ဆက်လျှောက်လာခဲ့သည်။ ဟောက်ယန်ယန်လည်း နောက်မှ ကပ်လိုက်လာရပါသည်။

နွေဦးပွဲတော်ကာလအတွင်း စစ်တပ်ဝင်းထဲတွင် တိတ်ဆိတ်နေတတ်သဖြင့် လမ်းတွင် လူများများစားစားနှင့် မဆုံခဲ့ရပေ။

ရှုကျမ့်ဝမ်ကတော့ အနည်းငယ် စိတ်သက်သာရာရမိသည်။

သူသွားမည့်နေရာက အနည်းငယ်အလှမ်းဝေးသဖြင့် ဟောက်ယန်ယန်ကို စက်ဘီးပေါ် တင်ခေါ်လာခဲ့ရသည်။

စစ်တပ်ဝင်း၏ ဂိတ်တံခါးဝသို့ ရောက်သောအခါ ဂျစ်ကားတစ်စီး ရုတ်တရက် ဆိုက်လာပြီး အမျိုးသားတစ်ဦး ဆင်းလာခဲ့သည်။

ရှုကျမ့်ဝမ်သည် စက်ဘီးကို ဘရိတ်အမြန်အုပ်ကာ အော်ခေါ်လိုက်ပါသည်။

“အစ်ကိုလု ပြန်လာပြီလား!”

အသံလာရာသို့ လုဟန်ချွမ် လှည့်ကြည့်လိုက်ရာ ရှုကျမ့်ဝမ်နှင့် သူ့နောက်ရှိ မိန်းကလေးတစ်ဦးတို့ကို မြင်လိုက်ရသည်။

“အေး”

သူ့အမူအရာက အေးစက်လွန်းပါသည်။

ရှုကျမ့်ဝမ်လည်း လုဟန်ချွမ်နှင့် စကားအများကြီး မပြောရဲပေ။

သူတို့နှစ်ဦးက အသက်အရွယ်ချင်း မတိမ်းမယိမ်းရှိသော် လည်း လုဟန်ချွမ်သည် အသက် ၁၆ နှစ်သားကတည်းက အဘိုးဖြစ်သူ၏စေလွှတ်မှုဖြင့် စစ်တပ်တွင် လေ့ကျင့်ခဲ့ရသူဖြစ်သည်။

ယခုအခါတွင် သူသည် ဒုဗိုလ်မှူးအဆင့်ထိ ရရှိထားပြီဖြစ်ရာ တစ်ဝင်းလုံးတွင် အလွန်ထင်ရှားကျော်ကြားပြီး အရှိန်အဝါကြီးသူတစ်ယောက် ဖြစ်နေပါပြီ။

ထို့အပြင် လုဟန်ချွမ်သည် ငယ်စဉ်ကတည်းကပင် အတော်လေး ကြောက်စရာကောင်းသူဖြစ်ခဲ့ပါသည်။

သူ့ကို သွားရှုပ်ရဲသည့် ဝင်းထဲကလူတိုင်း ပညာပေးခံရသည်။

သူ့မိဘများမှာလည်း နိုင်ငံတော်အတွက် အရေးပါသည့် ပုဂ္ဂိုလ်များဖြစ်ကြသဖြင့် လုဟန်ချွမ်၏မိသားစုနောက်ခံမှာ အမြင့်ဆုံးအဆင့်တွင်ရှိနေသည်။

ဤမျိုးဆက်တွင် လုမိသားစု၏တစ်ဦးတည်းသော သားဖြစ်၍ ပေကျင်းမြို့ရှိ မည်သူကမှ သူ့ကို ပြဿနာသွားမရှာရဲကြပေ။

“ကျွန်တော်တို့ သွားတော့မယ်နော် အစ်ကိုလု”

လုဟန်ချွမ်နှင့်နီးရာတွင် ရှုကျမ့်ဝမ် ကြာကြာမနေချင်ပါ။

စစ်တပ်ဝင်းထဲမှ ထွက်လာပြီးနောက် ထိုလူ့၏ခက်ခက်ထန်ထန်မျက်နှာကို ပြန်မြင်ယောင်ရင်း ဟောက်ယန်ယန် တီးတိုး မေးကြည့်လိုက်ပါသည်။

“အစ်ကိုကျမ့်ဝမ်၊ ခုနက ဘယ်သူလဲဟင်”

ရှုကျမ့်ဝမ်: “အဲ့တာ လုဟန်ချွမ်လေ၊ အရင်က စစ်တပ်ဝင်းထဲမှာနေတဲ့ ကလေးတစ်ယောက်ပဲ၊ ဒါပေမယ့် သူ့အဆင့်အ တန်းက ငါတို့မော့ကြည့်ရလောက်အောင် မြင့်တယ်၊ အဲ့တာကြောင့် ငါတို့နဲ့လည်း အပေါင်းအသင်းသိပ်မလုပ်ဘူး၊ သူက ဒေါသကြီးတတ်လို့ ဝေးဝေးကရှောင်တာ အကောင်းဆုံးပဲ”

ဟောက်ယန်ယန်: “နားလည်ပါပြီ အစ်ကိုကျမ့်ဝမ်”

ဟောက်ယန်ယန်သည် လိမ္မာသော ဇနီးငယ်လေးတစ်ယောက်ပမာ အလွန်ယဉ်ကျေးပျူငှာနေပါသည်။

ဟောက်ယန်ယန်၏ နူးညံ့သိမ်မွေ့မှုကို မြင်သောအခါ ရှုကျမ့်ဝမ် အနည်းငယ်စိတ်ရှုပ်မိဆဲဖြစ်သော်လည်း သူ့အမူအရာကို အနည်းငယ် ပျော့ပြောင်းပေးလိုက်ခဲ့သည်။

အနည်းဆုံးတော့ သူမသည် အလိုလိုက်ခံထားရသော ‘ဟောက်ရှောင်ရှောင်’ထက် ပြောရဆိုရပိုလွယ်ပါသည်။

ထိုစဉ် ရှုကျမ့်ဝမ်နှင့် ဟောက်ယန်ယန်တို့ ထွက်သွားသည့်ဘက်ကို ငေးကြည့်ရင်း လုဟန်ချွမ်တစ်ယောက် နက်ရှိုင်း သော အတွေးများနှင့် ကျန်ရစ်ခဲ့တော့သည်။

--- --- ---

နှစ်သစ်ကူး အားလပ်ရက်များသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

မကြာမီမှာပင် မီးထွန်းပွဲတော်မတိုင်မီ တစ်ရက်အလိုဖြစ်သော ၁၄ ရက်နေ့သို့ ရောက်ရှိလာခဲ့သည်။

ယဲ့မိသားစုသည်လည်း မီးထွန်းပွဲတော်အတွက် တန်ယွမ် (မုန့်လုံးရေပေါ်)များ ပြုလုပ်ရန် ပြင်ဆင်နေကြပါသည်။

နှစ်သစ်ကူးမတိုင်ခင် နှင်းများ အပြင်းအထန်ကျဆင်းခဲ့သော် လည်း နောက်ဆက်တွဲ ဆယ်ရက်မှာမူ နေသာသော နေ့များ ဖြစ်ခဲ့ပါသည်။

မွန်းတည့်ချိန်ရောက်သောအာခါ ယဲ့ချန်းယွမ်တစ်ယောက် ရေးကြီးသုတ်ပျာ ရောက်ချလာလေသည်။

“ဦးလေးနဲ့ ဒေါ်လေးတို့၊ ကျွန်တော့် ဒုတိယအစ်မ ပြန်ရောက် လာပြီ!”

မြောင်စွေ့ဖန်း အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“ယဲ့မိန် ပြန်လာပြီဟုတ်လား၊ သူတစ်ယောက်တည်းလား၊ ကလေးတွေကော ပါသေးလား”

ယဲ့ချန်းယွမ် အနည်းငယ် စိတ်ပျက်သွားပါသည်။

“မပါပါဘူးဗျာ၊ ဒုတိယအစ်မတို့ လင်မယားနှစ်ယောက်ပဲ၊ တောင်လမ်းတွေက ကြမ်းတမ်းတော့ ဟူကျစ်ကို ခေါ်မလာခဲ့တာတဲ့”

မြောင်စွေ့ဖန်း: “ဟုတ်ပြီ ဟုတ်ပြီ၊ ငါဒီမှာ အလုပ်ပြီးရင် လာခဲ့ဦးမယ်၊ မိန်ကျစ်နဲ့ မတွေ့ရတာ တစ်နှစ်လောက်တောင် ရှိတော့မယ်”

ယဲ့မိန်၏ခင်ပွန်းမိသားစုသည် ကောင်တီမြို့မှ ဖြစ်သဖြင့် ပိုင်ချွမ်ရွာတွင် လင်ကောင်းသားကောင်းရသည့် လူနည်းစုထဲ ယဲ့မိန် ပါဝင်ပါသည်။

ယဲ့မိန်နှင့် သူမ၏ခင်ပွန်း ဝမ်တုံချမ်းတို့မှာ ကျောင်းနေဖက်များဖြစ်ကာ တစ်ဦးပေါ်တစ်ဦး သံယောဇဉ် အလွန်ရှိကြသည်။

ဝမ်တုံချမ်း၏မိဘများမှာလည်း လူကောင်းများဖြစ်ကြသည်။ ယဲ့မိန် သားလေးတစ်ယောက် ဖွားမြင်သောအခါ ယောက္ခမဖြစ်သူသည် အထည်စက်ရုံမှ သူမ၏ အလုပ်ကို ယဲ့မိန်အားပေးအပ်ကာ သူမကမူ မြေးလေးကို စောင့်ရှောက်ရန် အိမ်တွင်သာ နေခဲ့ပါသည်။

ယဲ့မိန်သည် ပညာတတ်တစ်ဦးဖြစ်သည်။

နှစ်အနည်းငယ်အတွင်းမှာပင် သူမသည် စက်ရုံအလုပ်သမားတစ်ဦးဘဝမှ အလုပ်သမားခေါင်းဆောင်အဖြစ်သို့ ရာထူးတက်သွားခဲ့ပြီး ခင်ပွန်းဖြစ်သူ၏မိသားစုအတွင်း အရေးပါမှုက ပိုမိုမြင့်တက်လာခဲ့လေသည်။

ယဲ့ရှောင်ရှောင်သည် အရှေ့ဘက်ခြံဝင်းထဲသို့ လျှောက်လာစဉ် ခပ်ကြီးကြီးအနီရောင်ဆံထိုးကို ထိုးထားသည့် ဆံပင်ကောက်ကောက်နှင့် အမျိုးသမီးတစ်ယောက်အား ချက်ချင်း မြင်လိုက်ရပါသည်။

📗 Chapter 28

ယဲ့မိန်သည် အိမ်တွင်ဖြစ်ပျက်ခဲ့သမျှကို ကြားသိထားပြီးပြီဖြစ်၍ ယဲ့ရှောင်ရှောင်ကို မြင်လိုက်ရသည့်အချိန်တွင် အံ့အားသင့်ခြင်း မရှိခဲ့ပေ။

မြောင်စွေ့ဖန်းက ယဲ့ရှောင်ရှောင်နှင့်အတူ အိမ်ထဲဝင်လာကာ ယဲ့မိန်အား မေးမြန်းလိုက်ပါသည်။

“နင်ပြန်လာတော့ နင့်အစ်မကြီးဆီ ဝင်သေးလား၊ ဘာလို့ အတူတူ ပြန်မလာကြတာလဲ”

ယဲ့မိန် သက်ပြင်းချလိုက်သည်။

“အစ်မက နေမကောင်းဖြစ်နေတဲ့ပုံပဲ၊ ကျွန်မ သွားတွေ့တုန်းက သူ့ပုံစံက တော်တော်လေး နွမ်းလျနေတာ၊ ဒေါ်လေးတို့အတွက် လက်ဆောင်ပစ္စည်းတွေ ဝယ်သွားဖို့ ကျွန်မကို ၁၀ ယွမ်တောင် ပေးလိုက်သေးတယ်”

မြောင်စွေ့ဖန်း: “သူလည်း အဆင်ပြေတာမဟုတ်ဘဲနဲ့ ဘာလို့ပေးရတာလဲ၊ နောက်ဆို အိမ်ပြန်လာရင် ပစ္စည်းတွေလျှောက်ဝယ်မလာပါနဲ့၊ နင်လည်း သူပိုက်ဆံပေးရင်တောင် လက်လွတ်စပယ် မသုံးပစ်လိုက်နဲ့လေ”

ယဲ့မိန် စိတ်မကောင်းဖြစ်သွားသည်။

“ကျွန်မလည်း သူ့ပိုက်ဆံကို ယူချင်ပါ့မလား၊ ဒါပေမယ့် ကျွန်မလက်မခံရင် အစ်မစိတ်မကောင်းဖြစ်သွားမှာစိုးလို့လေ၊ ဒီကပြန်မှ လက်ဆောင်ပစ္စည်းနည်းနည်းဝယ်ပြီး ချမ့်မိသားစုကို သွားပေးလိုက်ပါ့မယ်”

လီကွေ့လန်လည်း သမီးဖြစ်သူအတွက် ဝမ်းနည်းသွားပါသည်။

“နင့်အစ်မ တော်တော် ဒုက္ခရောက်နေရှာမှာပဲ”

ယဲ့မိန်: “အခြေအနေတွေ အဲ့လောက်ဆိုးနေရင် သူတို့လင်မယား ကွာရှင်းလိုက်တာမှ ပိုကောင်းဦးမယ်”

လီကွေ့လန်: “အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းပါနဲ့အေ၊ ကွာရှင်းပြတ်စဲတယ်ဆိုတာ အဲ့လောက် ရိုးရှင်းတဲ့ကိစ္စ မဟုတ်ဘူးး”

ယဲ့မိန် မျက်စသာပစ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။

သူမအစ်မနေရာတွင် သူမသာဆိုလျှင် သည်းခံနေမည် မဟုတ်ပေ။

သို့သော် အစ်မဖြစ်သူကို အားနည်းပျော့ညံ့သူဟုလည်း သူမ မခေါ်ရက်ပါ။

ယခင်က သူမတို့ မိသားစု စားဝတ်နေရေး ကျပ်တည်းနေချိန်တွင် သူမအစ်မကို လာရောက်တင်တောင်းသည့် ငွေများကြောင့်သာ ကျန်ရှိသော မောင်နှမများက ကျောင်းဆက်တက်နိုင်ခဲ့ကြခြင်း မဟုတ်ပါလား။

ထို့ကြောင့်လည်း သူမတွင် ငွေရှိလာသည်နှင့် အစ်မဖြစ်သူထံ လက်ဆောင်ပစ္စည်းများ မကြာခဏ ဝယ်ပို့ပေးခဲ့ခြင်း ဖြစ်သည်။

အစ်မဖြစ်သူအတွက် သူမ ရင်နာမိပါသည်။

ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်းနှင့် ယဲ့မိန်တို့၏ စကားများကို ဘေးမှနားထောင်ရင်း ယဲ့မိန်၏ အစ်မဖြစ်သူ ယဲ့လျန်မှာ ခင်ပွန်းမိသားစုနှင့် အဆင်မပြေဖြစ်ကာ ဒုက္ခရောက်နေခြင်းဖြစ်မည်ဟု ခန့်မှန်းနိုင်ခဲ့လေသည်။

အိမ်ထောင်ကျသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ယဲ့လျန်သည် သမီးနှစ်ယောက်သာ ဖွားမြင်ခဲ့ပါသည်။

ယဲ့မိသားစုတွင် သားယောက်ျားလေး၊ သမီးမိန်းကလေး ခွဲခြားဆက်ဆံမှုမရှိသော်လည်း ယဲ့လျန်၏ ခင်ပွန်းမိသားစုမှာမူ သားယောက်ျားလေးများကိုသာ အလွန်တန်ဖိုးထားပါသည်။

ထို့အပြင် ယောက္ခမဖြစ်သူသည် အလွန်အပေါက်ဆိုးသူဖြစ်ပြီး စိတ်ကျေနပ်အောင် ထားဖို့ ခက်ခဲသဖြင့် တစ်အိမ်တည်း အတူနေထိုင်ရန် လွယ်ကူသူ မဟုတ်ပေ။

စိတ်မကောင်းဖြစ်စရာကိစ္စများကြောင့် အားလုံး မှိုင်တွေသွားကြသည်ကိုမြင်ပြီး ယဲ့မိန် စကားလမ်းကြောင်းလွှဲဖို့ ဆုံးဖြတ်လိုက်ပါသည်။

“ချန်းရှန့်နဲ့ ချန်းယွမ်တို့နှစ်ယောက် မကြာခင် ကောင်တီမြို့မှာ ကျောင်းသွားပြန်တက်ရတော့မှာ မဟုတ်လား၊ နောက်ဆုံးနှစ်က အရေးကြီးတယ်၊ ကျောင်းရဲ့အခြေအနေကလည်း အကောင်းကြီးမဟုတ်ဘူး၊ အဲ့တာကြောင့် ကျွန်မတို့အိမ်မှာပဲလာနေခိုင်းဖို့ သူတို့ယောက်ဖနဲ့ တိုင်ပင်ပြီးပြီ”

“ပြီးတော့ ရှောင်ရှောင်လည်း ကျောင်းတက်နေတုန်းပဲမလား၊ ကျောင်းပြောင်းမှာဆိုရင် ဆရာဆရာမတွေကို ကြိုအကြောင်းကြားထားရမယ်နော်”

မြောင်စွေ့ဖန်း ခေါင်းခါလိုက်ပါသည်။

“နင်တို့ဆီမှာ လာနေလို့ဖြစ်ပါ့မလား၊ နင်တို့အိမ်ကလည်း ဝန်ထမ်းအိမ်ပဲလေ၊ အကျယ်ကြီးမှ မဟုတ်တာ”

ယဲ့မိန်: “အားနာမနေပါနဲ့ဒေါ်လေးရယ်၊ ကျွန်မ စီစဉ်ပေးပါ့မယ်”

သူတို့စကားများကိုကြားပြီး လုဟန်ချွမ်ပြောခဲ့သည့် အကြောင်းအရာများအား ယဲ့ရှောင်ရှောင် သတိရသွားပါသည်။

လက်ရှိကျောင်းအခြေအနေက အမှန်တကယ် မကောင်းမွန်သည့်ပုံစံပင်။

အဆောင်တွင် မနေထိုင်ချင်လျှင် ကျောင်းနှင့်နီးသည့်နေရာတစ်ခုကို ရှာဖွေရပါလိမ့်မည်။

မြောင်စွေ့ဖန်းက ဆက်လက်ကန့်ကွက်ခဲ့သော်ငြား ယဲ့ရှောင်ရှောင်တစ်ယောက်တည်း အဆောင်တွင်နေထိုင်ရမည့်ကိစ္စအတွက်လည်း စိတ်ပူလာသဖြင့် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့ပါသည်။

လူကြီးသူမများ စကားပြောဆိုပြီးသွားသောအခါ ယဲ့ရှောင်ရှောင်သည် ယဲ့မိန်ကို သီးသန့်စကားသွားပြောခဲ့ပါသည်။

“ဒုတိယအစ်မ သမီးကို တစ်ခုလောက်ကူညီပါလား”

ယဲ့မိန်က ပွင့်လင်းမှုရှိသူဖြစ်သည်။

“ဘာကူညီပေးရမလဲ ပြောလေ”

ယဲ့ရှောင်ရှောင်: “သမီးအတွက် ကျောင်းအနီးနားမှာ ငှားလို့ရမယ့် နေရာတစ်ခုလောက် ရှာပေးပါလား၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေပြီးတဲ့အထိပဲ ငှားဖို့လိုတာပါ”

ဝမ်းကွဲညီမဖြစ်သူကို ယဲ့မိန် သေချာအကဲခတ်လိုက်ပါသည်။

သူမသည် ငယ်ရွယ်သော်လည်း စိတ်ဓာတ်ပြတ်သားမှုရှိပုံရသည်။

“ကျောင်းနားမှာ ငှားလို့ရတဲ့နေရာတွေတော့ ရှိပါတယ်၊ ဒါပေမယ့် ဈေးက မသေးဘူး”

ယဲ့ရှောင်ရှောင်: “ငွေရေးကြေးရေးက ပြဿနာမရှိပါဘူး”

ယဲ့မိန်: “ဟုတ်ပြီ၊ အဲ့တာဆို အစ်မရှာပေးမယ်နော်”

ယဲ့ရှောင်ရှောင် သူမကို ကျေးဇူးးတင်လိုက်ပါသည်။

အမှန်တကယ်တွင်မူ ယဲ့ရှောင်ရှောင်အတွက် အကြီးမားဆုံးပြဿနာမှာ နေထိုင်ဖို့ နေရာရှာဖွေရခြင်းမဟုတ်ဘဲ တစ်ယောက်တည်းနေထိုင်ပါက မည်သို့ချက်ပြုတ်စားသောက်ရမည်ဟူသည်ကို စဉ်းစားရခြင်းပင်ဖြစ်သည်။

သူမသည် ထမင်းဟင်း လုံးဝမချက်ပြုတ်တတ်ပေ။

--- --- ---

ယဲ့မိန်သည် အိမ်တွင် တစ်ရက်သာ နေခဲ့ပြီး ၁၅ ရက်နေ့ မနက်ခင်းတွင် မနက်စာစားပြီးနောက် ခင်ပွန်းဖြစ်သူနှင့်အတူ ပိုင်ချွမ်ရွာမှ ပြန်သွားခဲ့ပါသည်။

ယဲ့မိန်ရောက်ရှိလာစဉ်က အားလုံးအတွက် အဝတ်အစားများ ချုပ်လုပ်ရန် လှပသော ပိတ်စများစွာကို ယူဆောင်လာခဲ့သည်။

ကျောင်းစတက်ရတော့မည့် ကလေးများအတွက် အဝတ်အစားတစ်စုံစီ ချုပ်ပေးဖို့ မြောင်စွေ့ဖန်းနှင့် ကျန်းရွှယ်တို့ တိုင်ပင်ခဲ့ပါသည်။

ယဲ့ချန်းရှန့်: “ကျွန်တော့်အတွက် မလိုဘူးအမေ၊ ရှောင်ရှောင်အတွက်သာ လုပ်ပေးလိုက်ပါ”

မြောင်စွေ့ဖန်း ခေါင်းခါလိုက်သည်။

“နွေဦးနဲ့ နွေရာသီအတွက် ပေါ့ပေါ့ပါးပါး နှစ်စုံလောက် ယူသွားမှပေါ့၊ မနှစ်က နင့်နွေရာသီအဝတ်အစားတွေ အခုလောက်ဆို နင်နဲ့ဘယ်တော်တော့မလဲ”

ယောက်ျားလေးများသည် ဖွံ့ဖြိုးကြီးထွားနှုန်း အလွန်မြန်ဆန်ပြီး ယဲ့ချန်းချင့်ကဲ့သို့ အရွယ်ရောက်ခါမှ ကြီးထွားမှု ရပ်တန့်သွားတတ်ကြပါသည်။

“အမေ၊ သမီးလည်း မလိုပါဘူး၊ သမီးအဝတ်အစားတွေ ယူလာခဲ့တယ်”

ခရီးဆောင်အိတ်ထဲရှိ အဝတ်အစားများအားလုံးကို ယဲ့ရှောင်ရှောင် စစ်ဆေးပြီးသွားပါပြီ။

အားလုံးက အသစ်စက်စက်များပင် ဖြစ်ကြသည်။

ဟောက်မိသားစုတွင် အမှန်တရားကို မသိခဲ့ရစဉ်က မူလခန္ဓာကိုယ်ပိုင်ရှင်သည် အလွန်အလိုလိုက်ခံခဲ့ရပါသည်။

မြောင်စွေ့ဖန်းက လက်ယမ်းပြလိုက်သည်။

“နင်တို့ကလေးတွေ စိတ်မပူစမ်းပါနဲ့၊ နင်တို့ ဘာမှလုပ်စရာမလိုဘူး”

ထိုအဝတ်အစားများကို ယခုအချိန်တွင် ဝတ်ဆင်၍ မရသေးပေ။ မတ်လလောက် ရောက်ခါမှ အနွေးထည်များကို ချွတ်နိုင်ပါလိမ့်မည်။

၁၅ ရက်‌ကျော်သွားပြီးနောက် ကျောင်းပြန်ဖွင့်ရန်မှာလည်း တဖြည်းဖြည်း နီးကပ်လာခဲ့ပါသည်။

ယခင်က ကောင်တီမြို့၏ အမှတ်(၁)အထက်တန်းကျောင်းနှင့် နီးကပ်သဖြင့် အဘိုးမြောင်၏ အိမ်တွင်သာ ယဲ့ချန်းရှန့် နေထိုင်လေ့ ရှိပါသည်။

အထက်တန်း တတိယနှစ်သို့ ရောက်သောအခါတွင်မူ ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့နှစ်ယောက်စလုံး အဆောင်တွင် စတင်နေထိုင်ခဲ့ကြသည်။

အဘိုးမြောင်က နှင်းများကြောင့် လမ်းပိတ်ပြီး ကလေးများ ကျောင်းနောက်ကျမည်စိုးသဖြင့် မြို့ပေါ်သို့ စောစော ပြန်ကြဖို့ အကြံပြုပါသည်။

မြောင်ဖုန့်ရှန်း: “ချန်းယွမ်လည်း ငါတို့အိမ်မှာလာနေလို့ရတယ်၊ ဘာမှ အားနာစရာမလိုဘူး”

လီကွေ့လန်: “ဦးလေးဖုန့်ရှန်းတစ်ယောက်တည်း အလုပ်တွေများနေတော့မှာပဲ”

“ချန်းယွမ်၊ အဘိုးရဲ့အိမ်ကိုရောက်ရင် လိမ်လိမ်မာမာနေနော်၊ အမေလက်ဆောင်တွေထည့်ပေးလိုက်မယ်၊ နင့်အစ်မအကြီးဆုံးဆီ သွားလည်ဖို့လည်း မမေ့နဲ့ဦး”

မိသားစုနှင့် ခွဲခွာရမည်ကို တွန့်ဆုတ်နေသည့် ယဲ့ချန်းယွမ်က ခေါင်းညိတ်လိုက်ပါသည်။

“ဟုတ်ကဲ့ပါအမေ၊ ကျွန်တော် သွားတွေ့လိုက်ပါ့မယ်”

ယဲ့ချန်းနင်က အကြံပြုလိုက်သည်။

“သယ်စရာတွေက အများကြီးပဲ၊ အဘိုးတို့ကို ကျွန်တော်လိုက်ပို့ပေးလိုက်မယ်လေ”

ယဲ့ရှောင်ရှောင်က တတိယအစ်ကိုကို မသိမသာလှည့်ကြည့်သည်။

‘လိုက်ပို့ပေးမယ် ဟုတ်လား၊ အိမ်ကလစ်ထွက်ဖို့ ကြံရင်ကြံတယ်ပေါ့’

ယဲ့ချန်းနင်လည်း သူမကို ပြန်လှည့်ကြည့်ကာ အချင်းချင်း နားလည်မှုဖြင့် ပါးစပ်ပိတ်ထားခဲ့ကြပါသည်။

မြောင်စွေ့ဖန်းနှင့် လီကွေ့လန်တို့နှစ်ယောက် ကလေးများအတွက် အစားအစာ၊ အဝတ်အထည်နှင့် နေ့စဉ်အသုံးအဆောင်ပစ္စည်းများကို ထုပ်ပိုးပေးခဲ့ပြီး ကျောင်းစရိတ်များလည်း‌ ပေးခဲ့ကြသည်။

လီကွေ့လန်က မှာလိုက်သည်။

“ပိုက်ဆံကို လျှောက်မဖြုန်းနဲ့နော်၊ ပျောက်လည်း မပျောက်စေနဲ့ကြားလား၊ ကျောင်းဖွင့်ရင် ဆရာ့လက်ထဲ ထည့်ပေးရမှာ”

ယဲ့ချန်းယွမ်: “သိပါတယ် အမေရဲ့”

မြောင်စွေ့ဖန်းက အဖေဖြစ်သူကို မေးလိုက်သည်။

“ရှောင်ရှောင် ကျောင်းပြောင်းမယ့်ကိစ္စက စီစဉ်ဖို့လွယ်ရဲ့လား”

မြောင်ဖုန့်ရှန်း: “ပိုင်ချွမ်အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်က ငါ့တပည့်အရင်းပဲလေ၊ ရှောင်ရှောင် ကျောင်းပြောင်းလာဖို့က မခက်ပါဘူး၊ အဲ့ဒီက သင်ကြားရေးစနစ်တွေနဲ့ ရှောင်ရှောင် အသားမကျမှာကိုပဲ ငါစိတ်ပူမိတာ”

ယဲ့ကျန်းကော်က ဝင်ပြောသည်။

“ရှောင်ရှောင်ကို ပညာရေးအတွက် ဖိအားသိပ်မပေးသင့်ဘူး၊ သူက ဆေးပညာသင်ယူနေတာလေ၊ သူ့အနာဂတ်အတွက် စိတ်ချရပြီးသားပါ”

မြောင်စွေ့ဖန်း ခေါင်းညိတ်ကာ ဘာမှဆက်မပြောတော့ပေ။

ယဲ့ချန်းနင်သည် သူတို့၏ ပစ္စည်းများတင်ထားသော စွပ်ဖားလှည်းကိုဆွဲကာ ယဲ့ရှောင်ရှောင်တို့နှင့်အတူ ထွက်လာခဲ့ပါသည်။

တောင်လမ်းများကို လျှောက်လှမ်းရသည်မှာ ယဲ့ရှောင်ရှောင်အတွက်တော့ မရိုးနိုင်ဘဲ အမြဲတမ်း ခက်ခဲပါသည်။

သို့သော် ယခုတစ်ခေါက်တွင်မူ ရွာထိပ်တွင် သိကျွမ်းသူတစ်ဦးနှင့် သူတို့ဆုံခဲ့ပါသည်။

ရွာထိပ်တွင် ကုန်သယ်ကားကြီးတစ်စီးကို ရပ်ထားလေသည်။

ကားပြူတင်းပေါက်မှ လီသဲ့ရှု ခေါင်းပြူထွက်လာကာ လှမ်းမေးလိုက်ပါသည်။

“အစ်ကိုချန်းနင်ပါလား၊ ဘယ်သွားကြမလို့လဲ၊ ကျွန်တော်လိုက်ပို့ပေးမယ်လေ”

ယဲ့ချန်းနင်က မေးသည်။

“လမ်းမကြီးက ရှင်းသွားပြီလား”

လီသဲ့ရှုက ပြန်ဖြေလိုက်သည်။

“သစ်စက်မှာ အလုပ်စဖို့ အလျင်လိုနေလို့ လမ်းမကြီးကို စောစော ရှင်းလိုက်ကြပြီလေ”

ကားတစ်စီးရှိပါလျက်နှင့် လမ်းလျှောက်ဖို့ကို အရူးတစ်ယောက်သာ ရွေးချယ်ပါလိမ့်မည်။

ထို့ကြောင့် ယဲ့ချန်းနင်သည် လီသဲ့ရှု၏ ကမ်းလှမ်းမှုကို လက်ခံခဲ့လေသည်။

“ငါတို့ မြို့ထဲသွားမှာ၊ အဲ့ရောက်ရင် ချပေးခဲ့”

လီသဲ့ရှု ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးလိုက်သည်။

“အထဲမှာ စီးမလား၊ နေရာရှိပါတယ်”

ယဲ့ရှောင်ရှောင် ချက်ချင်းပင် ငြင်းဆန်လိုက်သည်။

“အပြင်မှာပဲ ထိုင်တော့မယ်”

လီသဲ့ရှု အလွန်စိတ်ဓာတ်ကျသွားလေသည်။

လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ယဲ့ရှောင်ရှောင်ကို ရွာထဲတွင် မတွေ့ခဲ့ရပေ။ ဤအရပ်တွင် ဆောင်းရာသီ၌ အပြင်ထွက်ဖို့ မသင့်တော်ခြင်းကြောင့် ဖြစ်ပါလိမ့်မည်။

အခွင့်အရေးကြီးတစ်ခုကို လက်လွှတ်လိုက်ရသကဲ့သို့ လီသဲ့ရှု ခံစားလိုက်ရသည်။

ကားပေါ်ရောက်သည်နှင့် လမ်းလျှောက်ရခြင်းကပင် ပိုကောင်းဦးမည်ဟု ယဲ့ရှောင်ရှောင် တွေးမိသွားပါသည်။

အကြောင်းမှာ ကားပေါ်တွင် လေပိုထန်ပြီး ပိုအေးစိမ့်နေခြင်းကြောင့်ပင်။

ကံကောင်းစွာဖြင့် ခရီးက သိပ်မဝေးလှပေ။

မြို့အဝင်ဝသို့ ရောက်ရှိသောအခါ ယဲ့ရှောင်ရှောင်တို့ မောင်နှမများ ကားပေါ်မှ ဆင်းလိုက်ကြပါသည်။

ယဲ့ရှောင်ရှောင်မှာ တစ်ကိုယ်လုံး အေးခဲတောင့်တင်းနေလေပြီ။

ယဲ့ချန်းရှန့်က မေးသည်။

“နင် ချမ်းနေတာလား”

ယဲ့ရှောင်ရှောင်သည် စက်ရုပ်ဆန်ဆန် ခေါင်းသာညိတ်ပြလိုက်တော့သည်။

All Chapters