အခန်း (၁၇၂၇-၁၇၂၈)
Vol. 173 Ch. 1727-1728
အခန်း (၁၇၂၇) - လူသိရှင်ကြား ကွပ်မျက်ခြင်း
ဖန့်ချန်၏ အကြည့်မှာ ကျိရှန့်ထံမှ ဖြည်းညှင်းစွာ ရွေ့လျားသွားပြီး ကျန်ရှိနေသောသူများထံသို့ ကျရောက်သွားသည်။
ထိုကျင့်ကြံသူများ ဝတ်ဆင်ထားသည့် ကျင့်ကြံသူဝတ်စုံများမှာ စုတ်ပြတ်သတ်နေပြီး ရတနာအငွေ့အသက်များ ကင်းမဲ့ကာ အသက်မဲ့သော အရာဝတ္ထု များ ဖြစ်နေကြပြီ ဖြစ်သော်လည်း၊ ယင်းတို့ပေါ်ရှိ အမှတ်အသားများအရ သူတို့၏ နောက်ခံအရင်းအမြစ်ကို ဖန့်ချန် ခွဲခြားသိမြင်လိုက်သည်။
ထိုက်ယီမသေမျိုးဂိုဏ်း၊ ကြယ်တစ်သောင်းနန်းတော်၊ အသွေးသားနန်းတော်၊ ရုလိုင်ဘုရားကျောင်း...
ကျိရှန့် အပါအဝင် စိတ်ဝိညာဥ်နယ်မြေ၏ ထိပ်တန်းအင်အားစုကြီး ငါးခုမှ အမာခံတပည့်များအားလုံး အရှင်လတ်လတ် ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။
"ဟော... တာတေထျန်းကျွင်း၊ ဒီလူတွေက ဘယ်သူတွေလဲ"
ဝူဖာဆရာတော်က ကျိရှန့်တို့အုပ်စုကို ကြည့်ကာ အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။
သူ၏ နောက်ကွယ်မှ မင်ဝမ်ကြယ်၏ ဒေသခံကျင့်ကြံသူများလည်း စပ်စုလိုစိတ်များ ဖြစ်ပေါ်နေကြသည်။ မင်ဝမ်ကြယ်မှာ နိုးထလာသော မိစ္ဆာမျိုးနွယ်များ၏ သိမ်းပိုက်ခြင်းကို ခံထားရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး၊ စိတ်ဝိညာဥ်နယ်မြေနှင့် နတ်ဘုရားဘုရင်နယ်မြေတို့မှာ မကြာသေးမီကမှ စစ်ကူအဖြစ် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မင်ဝမ်ကြယ်၏ ဒေသခံကျင့်ကြံသူများသည် စိတ်ဝိညာဥ်နယ်မြေနှင့် နတ်ဘုရားဘုရင်နယ်မြေမှ ကျင့်ကြံသူများကို တစ်ခါမျှ မမြင်ဖူးကြချေ။
"သူတို့လား... သူတို့က လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ စိတ်ဝိညာဥ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေရဲ့ လက်ထဲကနေ ကျုပ်တို့ အရှင်လတ်လတ် ဖမ်းဆီးလာခဲ့တဲ့ အမာခံတပည့်တွေပေါ့။"
ယွမ်ယန်သန့်စင်သူက တာတေထျန်းကျွင်းကိုယ်စား ဝူဖာဆရာတော်ကို ပြန်လည်ဖြေကြားပေးလိုက်သည်။
"ဒီနယ်မြေနှစ်ခုရဲ့ အမာခံတပည့်တွေတောင် ဖြစ်နေတာလား"
လူတိုင်း အနည်းငယ် တုန်လှုပ်သွားကြသည်။ ကျိရှန့်တို့အုပ်စုကို ကြည့်သည့် အကြည့်များထဲတွင် စပ်စုလိုစိတ်များ ပြည့်နှက်နေသကဲ့သို့ တာတေထျန်းကျွင်းတို့၏ နည်းလမ်းများကိုလည်း ရင်ထဲမှ လေးစားမိသွားကြသည်။
အမာခံတပည့် ၂၀ ကျော်ကို ဤကဲ့သို့ အရှင်လတ်လတ် ဖမ်းဆီးကာ မင်ဝမ်ကြယ်သို့ ခေါ်ဆောင်လာနိုင်ခြင်းမှာ သူတို့ စိတ်ကူး၍ပင် မရနိုင်သော စွမ်းဆောင်ရည်မျိုး ဖြစ်သည်။ ဤအမာခံတပည့် ဆိုသည်မှာ တစ်ဦးစီတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးလှေအစီရင် များကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြောင်း သိထားရမည်။
သူတို့၏ လက်ရှိ ကျင့်ကြံဆင့်မှာ မမြင့်မားလှသော်လည်း၊ မသေမျိုးလှေအစီရင်ကို ထိန်းချုပ်မောင်းနှင်ချိန်တွင်မူ သာမန်ကျင့်ကြံသူများနှင့် သူတို့ကြားရှိ ကွာခြားချက်မှာ မိုးနှင့်မြေကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
"အရှင်နှစ်ပါးက ဒီသုံ့ပန်းတွေကို ခေါ်လာရတဲ့ ရည်ရွယ်ချက်က..."
ဝူဖာဆရာတော်က စဉ်းစားဆင်ခြင်လျက် မေးလိုက်သည်။
"သူတို့ဆီမှာ ဝမ်ယဲ့ လို့ခေါ်တဲ့ အမာခံတပည့်တစ်ယောက် အခု မင်ဝမ်ကြယ်မှာ ပုန်းနေတယ်မဟုတ်လား။ သူက ကျုပ်တို့ရဲ့ အမာခံ ၈ ယောက်နဲ့ ခင်ဗျားတို့ ခူတုကျောင်းတော်က အဆင့်မြင့်ဘုန်းကြီး တစ်အုပ်စုလုံးကို သတ်ခဲ့တာလေ။ အဲဒါကြောင့် ကျုပ်နဲ့ ယွမ်ယန်သန့်စင်သူက တိုင်ပင်လိုက်တယ်... အဲဒီဘက်က လုပ်ရပ်ကို သုံးဆသော အရေအတွက်နဲ့ ပြန်ပြီး တုံ့ပြန်ပေးရမယ်လို့ပေါ့။ာ "
တာတေထျန်းကျွင်းက ခပ်ဖွဖွ ပြုံး၍ ဆိုသည်။
စကားပြောနေစဉ်မှာပင် သူသည် ကျိရှန့်၏ ရှေ့သို့ ရုတ်တရက် လျှောက်သွားကာ ကျိရှန့်၏ မေးစေ့ကို ဆွဲကိုင်ပြီး ထုံထိုင်းနေသော ကျိရှန့်၏ မျက်နှာကို မိမိဘက်သို့ လှည့်စေကာ ပြုံးလျက် မေးလိုက်သည်။
"မင်းရဲ့ စီနီယာအစ်ကို ဝမ်ယဲ့က မင်းကို လာကယ်လိမ့်မယ်လို့ မင်းထင်သလား "
"စီနီယာ ဒုတိယအစ်ကို"
ကျိရှန့်၏ အသက်မဲ့နေသော အကြည့်များမှာ နောက်ဆုံးတွင် အာရုံစိုက်မှု ပြန်ရလာသည်။ သူသည် တာတေထျန်းကျွင်းကို စိုက်ကြည့်နေပြီး ရှေ့မှလူမှာ မည်သူဖြစ်ကြောင်း သတိရရန် အချိန်အတော်ကြာအောင် စဉ်းစားနေပုံရသည်။
ထို့နောက်
"ထွီ"
ကျိရှန့်က တံတွေးဖြင့် ထွေးလိုက်သည်။
တံတွေးမှာ တာတေထျန်းကျွင်း၏ မျက်နှာပေါ်သို့ မကျရောက်ဘဲ စွမ်းအားတစ်ခုကြောင့် လေထဲမှာတင် ပျောက်ကွယ်သွားခဲ့သည်။
"အားလုံး ကြည့်ကြပါဦး... ကျွယ်မင်နန်းတော်ရဲ့ အမာခံတွေက တကယ်ကို အရိုးမာကြတာပဲ။ အမှန်အတိုင်းပြောရရင် ကျုပ် တကယ်ကို လေးစားမိပါတယ် "
တာတေထျန်းကျွင်းက ကျိရှန့်ကို မြှောက်ကာ တစ်ပတ်ပတ်ပြရင်း ပြုံး၍ ဆိုသည်။
ကျိရှန့်မှာ ခွေးသေတစ်ကောင်ကဲ့သို့ သူ၏လက်ထဲတွင် ပါလာပြီး လုံးဝ ပြန်လည်ခုခံနိုင်စွမ်း မရှိချေ။ ကျိရှန့်၏ ခန္ဓာကိုယ်မှာ ပြင်းထန်လှသော မသေမျိုးစွမ်းအား များဖြင့် ပိတ်ဆို့ခံထားရခြင်း ဖြစ်သည်။
အနီးနားရှိ ကျင့်ကြံသူများသည် ဤသူမှာ စိတ်ဝိညာဥ်နယ်မြေ ကျွယ်မင်နန်းတော်၏ အမာခံတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသောအခါ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာကြသည်။
လက်ရှိ ရပ်တည်နေသည့် ဘက်မတူညီမှုကို ခေတ္တဘေးဖယ်ထားလျှင်ပင်၊ အမာခံတပည့်တစ်ဦးမှာ ဤကဲ့သို့သော အခြေအနေသို့ ကျရောက်နေရခြင်းကို ကြည့်ခြင်းအားဖြင့် လွန်ခဲ့သော နှစ်ပေါင်းရာချီ စစ်ပွဲမှာ မည်မျှ ရက်စက်ကြမ်းကြုတ်ခဲ့ကြောင်း ခံစားမိနေကြသည်။
ကံကောင်းသည်မှာ သူတို့နေထိုင်ရာ နေရာသည် စစ်ပွဲပြီးဆုံးသွားသော နေရာဖြစ်သဖြင့် စစ်မီးများ ဤနေရာသို့ မရောက်ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။
"မင်းတို့... ဒုတိယစီနီယာအစ်ကိုကို ရှာမတွေ့လို့ ငါ့ကို လာပြီး အညှိုးအတေး ပုံချနေတာလား... ဒါကပဲ မင်းတို့ မိစ္ဆာဘက်တော်သားတွေရဲ့ အရည်အချင်းလား ဟဲ..."
ကျိရှန့်က ခက်ခက်ခဲခဲ ပြုံးကာ ဆိုလိုက်သည်။ သူ၏ ရယ်သံထဲတွင် လှောင်ပြောင်မှုနှင့် ကဲ့ရဲ့မှုများ ပြည့်နှက်နေ၏။
"တာတေထျန်းကျွင်း... ဒီလူက ပါးစပ်အရမ်းမာနေတာပဲ။ သူ့ကို ငါအရင် ဝါးစားပစ်လိုက်တာ ပိုကောင်းမယ် ထင်တယ်။ အဲဒီ ဝမ်ယဲ့ ဆိုတဲ့ မိတ်ဆွေက ကြည့်မနေနိုင်တော့ဘဲ မှောင်မိုက်တဲ့ ထောင့်တစ်နေရာကနေ ထွက်လာပြီး ကြွက်တစ်ကောင်လို ပုန်းမနေတော့ဘူးပေါ့ "
ယွမ်ယန်သန့်စင်သူက သူမ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ကျိရှန့်ကို လောဘဇောများဖြင့် စိုက်ကြည့်နေသည်။
"ယွမ်ယန်သန့်စင်သူ... စိတ်မလောပါနဲ့ဦး။ ကျုပ်တို့က အားလုံးရှေ့မှာ ကွပ်မျက်မယ်လို့ သဘောတူထားပြီးသားပဲဆိုတော့ မူလအစီအစဉ်အတိုင်းပဲ လုပ်ရမယ် "
တာတေထျန်းကျွင်းက တစ်ချက်ရယ်ကာ ဝူဖာဆရာတော်ဘက်သို့ အကြည့်လွှဲလိုက်သည်။
"ဝူဖာဆရာတော်... ဒီကိစ္စအတွက် ခင်ဗျားတို့ ခူတုကျောင်းတော်ကပဲ နည်းနည်း ပင်ပန်းခံပြီး လိုက်လုပ်ပေးပါဦး။ ကျုပ်နဲ့ ယွမ်ယန်တို့က နောက်တစ်လအကြာမှာ စိတ်ဝိညာဥ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေက လာတဲ့ ဒီကျင့်ကြံသူတစ်အုပ်စုလုံးကို လူသိရှင်ကြား ကွပ်မျက်မယ်လို့ ကြေညာပေးပါ။ မင်ဝမ်ကြယ်က ကျင့်ကြံသူတွေ အားလပ်ကြတယ်ဆိုရင် လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ် "
ဝူဖာဆရာတော်၏ မျက်နှာရိပ် လှုပ်ခတ်သွားပြီး လက်အုပ်ချီလျက်
"အမိတာဘ... ဆင်းရဲသားဘုန်းကြီး ဒါကို သေသေချာချာ စီစဉ်လိုက်ပါ့မယ်။ ဒီသတင်းကို တစ်လောကလုံး သိအောင် နှံ့နှံ့စပ်စပ် ကြေညာပေးပါ့မယ် "
ထိုနေ့မှစ၍ ခူတုကျောင်းတော်၏ ခေါင်းလောင်းသံများမှာ မင်ဝမ်ကြယ်တစ်ခွင် အဆက်မပြတ် မြည်ဟိန်းနေတော့သည်။ ခေါင်းလောင်းသံကြားရသည့် ကျင့်ကြံသူတိုင်း၏ နားထဲတွင် ဝူဖာဆရာတော်၏ အသံက ပဲ့တင်ထပ်နေသည်။
သတင်းစကားမှာ ရှင်းလင်းလှသည်။ အရပ်ရပ်မှ ကျင့်ကြံသူများကို ကွပ်မျက်ပွဲ လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်ခြင်း ဖြစ်သည်။
ကြည့်ရှုရမည့် နေရာမှာ ခူတုကျောင်းတော်၏ မီးဝိညာဉ်ချိုင့်ဝှမ်း ပင် ဖြစ်သည်။
ထိုချိုင့်ဝှမ်းရှိ မြေအောက်မီးမှာ အလွန်ပြင်းထန်လှပြီး ခူတုကျောင်းတော်မှ ဘုန်းကြီးများ စိတ်ဓာတ်ကျင့်ကြံရာ နေရာလည်း ဖြစ်သည်။ ခူတုကျောင်းတော်မှ ဘုန်းကြီးများသည် တာအိုပေါင်းစပ်ခြင်း အဆင့်သို့ ရောက်ရှိသည်နှင့် မီးဝိညာဉ်ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်ကာ နှစ်ပေါင်းတစ်ရာကြာ စိတ်ဓာတ်ကို လေ့ကျင့်ပြီးမှသာ ဗုဒ္ဓနှလုံးသား ကို တည်ဆောက်နိုင်ကြသည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ မီးတောက်များသည် ခန္ဓာကိုယ်ကိုသာမက ဝိညာဉ်ကိုပါ အကြီးအကျယ် ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။ တာအိုပေါင်းစပ်ခြင်းအဆင့်အောက် ကျင့်ကြံသူများ မှားယွင်းဝင်ရောက်မိပါက အနည်းဆုံး ခန္ဓာကိုယ် ပျက်စီးမည်ဖြစ်ပြီး၊ အဆိုးဆုံးမှာ ဝိညာဉ်ပါ အစအနမကျန် ပျောက်ကွယ်ကာ လွင့်မျောနေသော ဝိညာဉ်အဖြစ်ပင် ရှင်သန်ခွင့် မရတော့ပေ။
ခူတုကျောင်းတော်၏ ခေါင်းလောင်းသံများ အဆက်မပြတ် မြည်ဟီးနေသည်နှင့်အမျှ နတ်ဘုရားအဆင့် ကျင့်ကြံသူများစွာမှာ မီးဝိညာဉ်ချိုင့်ဝှမ်းသို့ အဆက်မပြတ် ရောက်ရှိလာကြသည်။
ထိုကျင့်ကြံသူများသည် မင်ဝမ်ကြယ်၏ နေရာအနှံ့အပြားမှ လာကြသူများဖြစ်ပြီး၊ အချို့မှာ မိစ္ဆာဘက်တော်သားများ၏ လက်အောက်သို့ အညံ့ခံကာ အုပ်ချုပ်မှုကို လက်ခံထားကြသူများ ဖြစ်သော်လည်း အမှန်တကယ်မှာမူ အခြေအနေအရသာ ဟန်ဆောင်ပန်ဆောင် ဆက်ဆံနေကြခြင်း ဖြစ်သည်။
သို့သော် အချို့မှာမူ မိစ္ဆာဘက်တော်သားများထံ တကယ်တမ်း ခိုလှုံသွားကြသူများဖြစ်ပြီး၊ မိစ္ဆာများအတွက် ကမ္ဘာကြီးကို တိုက်ခိုက်သိမ်းပိုက်ပေးခဲ့ကာ ယခုအခါ မင်ဝမ်ကြယ်ပေါ်တွင် အေးချမ်းစွာ အနားယူနေကြသူများ ဖြစ်သည်။
အချို့သော ကျင့်ကြံသူများသည် မိသားစုမှ မျိုးဆက်သစ်များကိုပါ ခေါ်ဆောင်လာကြသည်။ ထိုလူငယ်များသည် အမာခံတပည့်များအကြောင်းကို ကြားဖူးရုံသာရှိပြီး တစ်ခါမျှ မမြင်ဖူးကြချေ။
မီးဝိညာဉ်ချိုင့်ဝှမ်းတွင် စိတ်ဝိညာဥ်နယ်မြေနှင့် နတ်ဘုရားဘုရင်နယ်မြေမှ အမာခံတပည့် ၂၄ ဦးကို ကွပ်မျက်မည်ဟု ကြားသိရသောအခါ၊ သူတို့သည် ပွဲစည်သည်ကို ကြည့်လိုကြသကဲ့သို့ ထိုအမာခံတပည့်များမှာ တကယ်ပင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့် ထူးခြားနေသလား ဆိုသည်ကိုလည်း မြင်တွေ့လိုကြသည်။
ထို့ကြောင့် အချိန်တိုအတွင်းမှာပင် မီးဝိညာဉ်ချိုင့်ဝှမ်းသို့ ရောက်ရှိလာသော ကျင့်ကြံသူ လူကြီးလူငယ် အရေအတွက်မှာ သန်းနှင့်ချီ၍ ရှိနေပြီဖြစ်သည်။
ဖန့်ချန်နှင့် ရှန့်နင် တို့သည် အပြင်ဘက်အစွန်၌ ရပ်နေရင်း မီးဝိညာဉ်ချိုင့်ဝှမ်း၏ အလယ်ဗဟိုသို့ လှမ်းကြည့်လိုက်ကြသည်။
ချိုင့်ဝှမ်းအလယ်တွင် ကျောက်တိုင် ၂၄ တိုင် မတ်တပ်ရပ်နေပြီး ကျိရှန့်တို့အုပ်စုမှာ ခူတုကျောင်းတော်၏ နတ်ဆိုးနှိမ်နင်းရေး တုတ်ကောက် များဖြင့် ကျောက်တိုင်များပေါ်တွင် အရှင်လတ်လတ် ရိုက်နှက်ကပ်ရိုက်ခြင်း ခံထားရသည်။
မူလက ဤနေရာရှိ မီးဆိပ် များမှာ သူတို့အပေါ် သက်ရောက်မှု မရှိနိုင်သော်လည်း၊ သူတို့၏ အနီးအနားတွင် ခူတုကျောင်းတော်မှ ဘုန်းကြီး ၃၀၀ တိတိ ဝိုင်းရံထိုင်နေကြသည်။
အနိမ့်ဆုံး အဆင့် ၁ မသေမျိုး ရှိသော ထိုဘုန်းကြီးများသည် မြေပြင်ပေါ်တွင် ထိုင်လျက် ပါးစပ်မှ မန္တန်များကို တတွတ်တွတ် ရွတ်ဖတ်နေကြသည်။
ထိုကျမ်းစာများ၏ အားဖြည့်မှုကြောင့် ကျောက်တိုင်အနီးရှိ မီးဆိပ်များမှာ ပိုမိုပြင်းထန်လာပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။
မကြာခဏဆိုသလို မီးလျှံတစ်ခုမှာ ကောင်းကင်သို့ ပန်းထွက်လာပြီး အမာခံတပည့် တစ်ဦးဦးကို လွှမ်းခြုံသွားတတ်သည်။ ထိုအမာခံတပည့်များသည် ဤမျှများပြားလှသော လူအုပ်ကြီးရှေ့တွင် သိက္ခာမကျစေရန် သွားကို တင်းတင်းစေ့ထားချင်ကြသော်လည်း၊ ဤမီးဆိပ်မှာ ဝိညာဉ်ကိုပါ လောင်မြဲစေနိုင်ခြင်း ဖြစ်သည်။
ထိုနာကျင်မှုကို သူတို့ လုံးဝ တောင့်မခံနိုင်ကြဘဲ အဆက်မပြတ် အော်ဟောက်ခြင်းဖြင့်သာ နာကျင်မှုကို လျှော့ချနေကြရသည်။
ရက်ပေါင်းများစွာ ကြာသည်အထိ ဤနှိပ်စက်မှုမှာ နေ့စဉ် ဆယ်ကြိမ်မက ထပ်ခါတလဲလဲ ဖြစ်ပေါ်နေခဲ့သည်။
ကျိရှန့် အပါအဝင် အမာခံတပည့် ၂၄ ဦးစလုံး၏ ကိုယ်ပေါ်ရှိ ကျင့်ကြံသူဝတ်စုံများမှာ ပြာဖြစ်သွားခဲ့ပြီ ဖြစ်သည်။ အရေပြားများလည်း အလွှာလိုက် ကွာကျနေပြီး တစ်ကိုယ်လုံး သွေးချင်းချင်းနီကာ အနီရောင်ဆေးများဖြင့် ပက်ဖျန်းထားသကဲ့သို့ ဖြစ်နေသည်။ အချို့နေရာများတွင် မီးအဆိပ်ကြောင့် အရေပြားလောင်ကျွမ်းသွားရာမှ အရိုးများကိုပင် မြင်နေရသည်။
ဤကဲ့သို့သော ပုံစံ၊ ထိုကဲ့သို့သော နာကျင်စွာ အော်ဟောက်သံများဖြင့် သူတို့ထံတွင် အမာခံတပည့်များ၏ အရှိန်အဝါ အစအနမျှပင် ရှာမတွေ့တော့ချေ။
ရှန့်နင်မှာ မျက်နှာသေဖြင့် ရှိနေသော်လည်း၊ သူ၏ မျက်လုံးထောင့်မှနေ၍ ဖန့်ချန်ကို မသိမသာ လှမ်းကြည့်နေမိသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ကျိရှန့်ကို မှတ်မိနေသောကြောင့် ဖြစ်သည်။
အခန်း (၁၇၂၈) - ရေစက်
"ဒါတွေက စိတ်ဝိညာဥ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေရဲ့ အမာခံတပည့်တွေလား။
ကြည့်ရတာတော့ ဘာမှမဟုတ်ပါလား။ ငါသာဆိုရင် အော်မနေဘဲ အောင့်ခံပြလိုက်မှာ။ ဒီလောက်ကလေး အလောင်ခံရတာကို အော်နေတာတော့ နာကျင်မှုကို သိပ်ကြောက်လွန်းရာ ရောက်နေပြီ"
"ဒီလိုကြည့်ရင် စိတ်ဝိညာဥ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေက ဝမ်သောက်မသေမျိုးဂိုဏ်းကို စစ်ကူလာပေးတယ်ဆိုတာ ပြက်လုံးတစ်ခုပဲ"
"ဘယ်လောက်မှ မကြာသေးဘူး၊ မဟာမိတ်အဖွဲ့က အမာခံတပည့်တွေကို အရှင်လတ်လတ် ဖမ်းမိတာ အများကြီးပဲ။ မဟာမိတ်အဖွဲ့က ထိုက်ချန်းနယ်မြေကို သိမ်းပိုက်ဖို့ သိပ်မဝေးတော့ဘူး ထင်တယ်"
အချို့သော လူငယ်ကျင့်ကြံသူများက ကျိရှန့်တို့အုပ်စုကို လက်ညှိုးထိုးလျက် ဝေဖန်ပြောဆိုနေကြသည်။ သူတို့၏ အသံများမှာ လေပြည်နှင့်အတူ ကျောက်တိုင်ပေါ်ရှိ အမာခံတပည့် ၂၄ ဦး၏ နားထဲသို့ တိုးဝင်သွား၏။
ယခင်ကဆိုလျှင် ဤကဲ့သို့သော မျိုးဆက်သစ်လေးများက လာရောက်ကဲ့ရဲ့လျှင် သူတို့သည် အရိုးကိုပါ ပြာဖြစ်အောင် လုပ်ပစ်လိုက်မည် ဖြစ်သော်လည်း၊ ယခုအခါတွင်မူ သူတို့အများစုမှာ တုံ့ပြန်မှု တစ်စုံတစ်ရာမျှ မရှိကြတော့ချေ။ အချို့မှာမူ ခက်ခဲစွာ ခေါင်းမော့၍ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ ပြန်လည်ငုံ့သွားကြသည်။ ကြည့်ရသည်မှာ သူတို့၌ အားအင်ကုန်ခမ်းနေပုံရ၏။
ရှန့်နင်က မိမိကို မျက်လုံးထောင့်မှ မသိမသာ ကြည့်နေသည်ကို ဖန့်ချန် သိသော်လည်း သူသည် မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်ဘဲ အမာခံတပည့် ၂၄ ဦးကိုသာ တည်ငြိမ်သော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။
ကောင်းကင်ယံ၌ တာတေထျန်းကျွင်း နှင့် ယွမ်ယန်သန့်စင်သူ တို့သည် လက်ကို နောက်ပစ်လျက် ရပ်နေကြပြီး အောက်ဘက်ရှိ လူအုပ်ကြီးကို ပြုံးရွှင်စွာ ငုံ့ကြည့်နေကြ၏။ ဖန့်ချန်သည် ဤနေရာသို့ ရောက်လာသည်မှာ နာရီဝက်ခန့်သာ ရှိသေးသော်လည်း ထိုသူနှစ်ဦး၏ အကြည့်က သူ့ထံသို့ ဆယ်ကြိမ်မက ကျရောက်လာသည်ကို ခံစားမိသည်။
သူတို့၏ ရည်ရွယ်ချက်ကို သူ ချက်ချင်းပင် နားလည်လိုက်၏။ သို့မဟုတ်လျှင်လည်း ထိုသူတို့သည် သူတို့၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ထားရန်ပင် စိတ်ကူးမရှိကြချေ။ ဤအမာခံတပည့် ၂၄ ဦး၏ အသက်ကို အသုံးချကာ သူ့ကို လူလုံးထွက်ပြလာအောင် အကျပ်ကိုင်နေခြင်း ဖြစ်သည်။
'ဒီနှစ်ယောက်လုံးက အဆင့် ၇ ရှေးဟောင်းမသေမျိုးတွေပဲ။ မသေမျိုးလှေအစီရင်တွေလည်း ကိုယ်နားမှာ ရှိမနေဘဲနဲ့ ဒီလောက်အထိ လှုပ်ရှားမှုကြီး လုပ်ရဲတယ်ဆိုတာ သူတို့ကိုယ်သူတို့ တစ်ဖက်ကနေ ပြန်ပြီး ချောင်းမြောင်းတိုက်ခိုက်ခံရမှာကို မကြောက်ဘူးလို့ ပြနေတာပဲ။'
'ဒါက သူတို့မှာ ယုံကြည်ချက် အပြည့်ရှိနေတာပဲ။ အဆင့် ၉ ပုဂ္ဂိုလ်ကြီးတွေ ပေါ်မလာသရွေ့ အဆင့် ၈ ရန်သူတွေကို သူတို့ ကိုင်တွယ်နိုင်စွမ်း ရှိတယ်လို့ ဆိုလိုတာပဲ။ သူတို့ဆီမှာ နတ်ဘုရားရတနာ တွေ ရှိနေလို့လား၊ ဒါမှမဟုတ် ငါဆိုတဲ့ ငါးကြီးကို မျှားဖို့အတွက် မှောင်ရိပ်ထဲမှာ ပိုပြီး အစွမ်းထက်တဲ့သူတွေ ပုန်းနေတာလား '
ဖန့်ချန်၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး တာတေထျန်းကျွင်းနှင့် ယွမ်ယန်သန့်စင်သူတို့၏ ခေါင်းပေါ်တည့်တည့်တွင် ရပ်တန့်ကာ သူတို့နှစ်ဦးကို အနီးကပ် လေ့လာကြည့်ရှုနေသည်။ လက်ရှိ သူမြင်တွေ့နေရသော အချက်အလက်များအရ သူတို့တွင် အဆင့် ၈ ရှေးဟောင်းမသေမျိုးကို ယှဉ်နိုင်သည့် နတ်ဘုရားရတနာ ရှိ၊ မရှိကိုမူ အတပ်မပြောနိုင်သေးပေ။
ဤအချက်ကို အတည်မပြုနိုင်သရွေ့ သူသည် ဝိညာဥ်ကလေး ကို ကူညီရန် ခေါ်၍မရနိုင်ချေ။
'သူတို့က အခု ငါ့ကို ဝမ်ယဲ့လို့ ထင်နေကြတာ။ အရင်က ငါ ယွင်ရှူးကျဲ ကို သတ်တုန်းက ဝိညာဥ်ကလေး လက်ချက်ဆိုတာကို ရဲ့တောက်လင် တို့ မြင်သွားခဲ့ကြတယ်။ ဒါကြောင့် ငါ့နားမှာ အဆင့် ၈ ယင်မသေမျိုး အစောင့်အရှောက် ရှိနေတယ်ဆိုတာ သူတို့ သိထားပြီးသား။ အဲဒီတော့ သူတို့ ဒီလောက်အထိ ယုံကြည်မှု ရှိနေတာက...'
ဖန့်ချန်၏ ဝိညာဉ်သည် အမြင့်ပေ တစ်သောင်းကမ္ဘာသို့ ရုတ်တရက် ပျံတက်သွားသည်။ တိမ်တိုက်များ၏ နောက်ကွယ်တွင် ဝိညာဉ်စစ်သည် သန်းနှင့်ချီ၍ ငြိမ်သက်စွာ ရပ်တန့်နေကြသည်ကို မြင်လိုက်ရ၏။ ထိုသန်းနှင့်ချီသော ဝိညာဉ်စစ်သည်များအကြားတွင် ဖန့်ချန်သည် အနည်းဆုံး အဆင့် ၈ ယင်မသေမျိုး လေးဦး၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။
"မင်းအမေကိုပဲ... မိစ္ဆာဘက်တော်သား မဟာမိတ်အဖွဲ့က ဒီလောက်အထိ ရက်စက်တာလား အမာခံတပည့် ၂၄ ယောက်လုံးကိုတောင် ဖမ်းထားတာလား "
မသေမျိုးလှေကို စီးနင်းလျက် ပုံရိပ်တစ်ခုက တိတ်တဆိတ် ပျံသန်းလာပြီး အောက်ဘက်ရှိ မီးဝိညာဉ်ချိုင့်ဝှမ်းကို ငုံ့ကြည့်ကာ လေသံတိုးတိုးဖြင့် ဆဲရေးလိုက်သည်။ ဤသူ ပေါ်လာသည်နှင့် တိမ်တိုက်နောက်ကွယ်မှ သန်းနှင့်ချီသော ဝိညာဉ်စစ်သည်များမှာ ခေါင်းကို တစ်ပြိုင်နက် လှည့်လိုက်ကြပြီး အကြည့်များက ထိုသူ့ထံသို့ စုပြုံကျရောက်သွားကြသည်။ သို့သော် ထိုသူမှာမူ ဘာမှ သတိမထားမိသေးချေ။
'ဒီ လင်ချန် ကလည်း... ဘယ်နေရာသွားသွား သွားလို့ရရဲ့နဲ့၊ ဒီဘက်ကိုမှ လာရတယ်လို့။ တကယ် ကံဆိုးတာပဲ'
ဖန့်ချန်က သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်သည်။
ရောက်လာသူမှာ နတ်ဘုရားဘုရင်နယ်မြေမှ အမာခံတပည့် လင်ချန် ဖြစ်သည်။ ထိုသူသည် ပုန်းအောင်းနေလိမ့်မည်ဟု ထင်ထားသော်လည်း ယနေ့တွင် ဤနေရာသို့ ပွဲလာကြည့်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ထူးဆန်းတာပဲ... အရင်က ခွေးသူတောင်းစား ၈ ယောက်လုံးကို တကယ်ပဲ ဝမ်ယဲ့ သတ်လိုက်တာလား ကျွယ်မင်နန်းတော်က ဝမ်ယဲ့က... တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလား အမာခံ ၈ ယောက်ကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်လိုက်တာ၊ ငါတောင် နောက်လှည့်ကြည့်ဖို့ အချိန်မရလိုက်ဘူး"
လင်ချန်က မျက်မှောင်ကြုတ်လျက် သူ၏ မေးစေ့ကို ပွတ်သပ်နေမိသည်။
တစ်ချိန်တည်းမှာပင် ထိုအဆင့် ၈ ယင်မသေမျိုး လေးဦးသည် လင်ချန်၏ အနားသို့ တိတ်တဆိတ် ချဉ်းကပ်လာပြီး လင်ချန်ကို လေးဘက်လေးတန်မှ ဝိုင်းရံထားလိုက်ကြသည်။ သူတို့ထဲမှ တစ်ဦးက အခြားသုံးဦးကို မျက်ရိပ်ပြလျက် ဖမ်းဆီးရန် အချက်ပြလိုက်၏။
သို့သော် ယင်မသေမျိုး တစ်ဦးက ခေါင်းကို အသာအယာ ခါလိုက်သည်။
"တာတေထျန်းကျွင်း လိုချင်တာက ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်ပဲ၊ ဒီလူ မဟုတ်ဘူး"
"သူက ဝမ်ယဲ့ မဟုတ်ဘူးလို့ မင်း ဘယ်လိုသိလဲ သူ့ရဲ့ အခုနက စကားတွေက ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တာပဲ"
"ဝမ်ယဲ့ရဲ့ ဘေးမှာ အဆင့် ၈ ယင်မသေမျိုး အစောင့်ရှိတယ်။ တကယ်လို့ သူဒီကို ရောက်လာရင် မင်းနဲ့ ငါတို့ကို မြင်နေမှာပဲ၊ ဒီလောက် တုံးတုံးအအနဲ့ အထဲကို တိုးဝင်လာပါ့မလား"
"ဒါလည်း ဟုတ်တာပဲ။ ဒါပေမဲ့... ကျုပ်တို့က ဂုဏ်သရေရှိ အရှင်မြတ် လေးပါး ဖြစ်နေပြီးတော့၊ ဘာကိစ္စ တာတေထျန်းကျွင်းရဲ့ ခိုင်းစေမှုကို နားထောင်နေရမှာလဲ "
အဆင့် ၈ ယင်မသေမျိုး တစ်ဦးက ရုတ်တရက် မကျေမနပ် ဖြစ်သွားသည်။
"ကျုပ်တို့ မော်ထျန်းဌာန နဲ့ သူတို့က ပူးပေါင်းဆောင်ရွက်ရုံတင်ပဲ။ ထိုက်ချန်းနယ်မြေ တိုက်ပွဲမှာ ကျုပ်တို့က တိုက်ရိုက် ဝင်မစွက်ဖက်ဖူးဘူး။ ဒီနေ့ ကျုပ်တို့ လက်ပါမိရင် စိတ်ဝိညာဥ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေရဲ့ ဒေါသကို ဆွပေးသလို ဖြစ်လိမ့်မယ်"
"ပါးစပ်ပိတ်ထားစမ်း၊ ဒါက နန်းတော်သခင် ရဲ့ အမိန့်ပဲ။ ကျုပ်တို့ အရှင်မြတ်တွေက နန်းတော်သခင်ရဲ့ အမိန့်ကို ဖီဆန်လို့ရမလား "
ယင်မသေမျိုး တစ်ဦးက လှောင်ပြောင်လိုက်ပြီးနောက် လင်ချန်ကို အေးစက်စက် လှမ်းကြည့်လိုက်သည်။
"သူ့ကို အရင် ဖမ်းထားလိုက်တာ ပိုကောင်းမယ်။ ခုနက သူပြောတဲ့ စကားတွေအရ သူက အဲဒီ အမာခံ ၈ ယောက် လိုက်ဖမ်းနေတဲ့သူ ဖြစ်နိုင်တယ်။ ဝမ်ယဲ့နဲ့ မပတ်သက်ရင်တောင် သူက စိတ်ဝိညာဥ်နယ်မြေ ဒါမှမဟုတ် နတ်ဘုရားဘုရင်နယ်မြေရဲ့ အမာခံတပည့် ဖြစ်နေမှာပဲ"
"မလောပါနဲ့ဦး၊ သူ နောက်ထပ် ဘာလုပ်မလဲဆိုတာ အရင်ကြည့်ရအောင်။ သူ့မှာ ဝှက်ဖဲတွေ ရှိနေနိုင်သေးတယ်"
အဆင့် ၈ ယင်မသေမျိုး တစ်ဦးသည် လင်ချန်၏ အနားသို့ ကပ်သွားကာ ကိုယ်ကိုကိုင်းညွှတ်လျက်၊ လင်ချန်၏ မျက်နှာနှင့် ကပ်လုနီးပါး အနီးကပ် လေ့လာကြည့်ရှုပြီးနောက် ကျေနပ်အားရစွာ ပြုံးလိုက်သည်။
"ဟော... ဘယ်က ယင်လေ တွေလဲ ထူးဆန်းလိုက်တာ... ငါ့နားမှာ ယင်မသေမျိုးတွေ ရှိနေတာများလား"
လင်ချန်က ရုတ်တရက် သူ၏ ပါးကို ပွတ်သပ်လိုက်ပြီး မျက်လုံးထဲတွင် သတိကြီးစွာ ထားဟန် ပေါ်လာသည်။
ထိုအဆင့် ၈ ယင်မသေမျိုးမှာ ခဏမျှ မှင်တက်သွားပြီးနောက် ရယ်မောလိုက်သည်။
"ဒီကောင်လေးက တော်တော်လေးကို အကဲခတ်မြန်တာပဲ"
"တကယ်ပဲ ယင်မသေမျိုး ရှိနေတာလည်း ဖြစ်နိုင်တာပဲ... ဒီမင်ဝမ်ကြယ်က ဘာလို့မှန်းမသိဘဲ ယင်လောကကူးလို့ ရသွားတာဆိုတော့၊ ယင်မသေမျိုးတွေက ဒီက ယင်လောကကတစ်ဆင့် တစ်ယောက်မှ မသိအောင် ဒီကို ရောက်နေတာမျိုး ဖြစ်နိုင်မလား..."
လင်ချန်က လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
'ယင်လောကကူးလို့ ရသွားတယ်'
အေးအေးဆေးဆေး ရှိနေသော အဆင့် ၈ ယင်မသေမျိုး လေးဦးလုံးမှာ ချက်ချင်းပင် လင်ချန်ကို ဝိုင်းကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်များမှာ အလွန်တရာ လေးနက်သွား၏။
သူတို့ထဲမှ တစ်ဦးသည် ယင်လောကနှင့် ဆက်သွယ်ရန် ကြိုးစားကြည့်ရာ၊ သူ၏ အနီးနားတွင် ဖြူလွလွ မြူခိုးများ ထွက်ပေါ်လာပြီး မရဏလမ်း က မြူထဲတွင် ရေးရေးလေး ပေါ်လာသည်မှာ အမှန်ပင် ဖြစ်သည်။
"တစ်ယောက်ယောက်က ဒီနေရာက တားမြစ်အစီရင်ကို ဖြေဖျက်လိုက်ပြီ "
အဆင့် ၈ ယင်မသေမျိုး တစ်ဦး၏ မျက်နှာတွင် ဝမ်းသာမှုနှင့် စိုးရိမ်မှုတို့ ရောယှက်နေသည်။
"အရင်က ငါကြားခဲ့တဲ့ သတင်းက အမှန်ပဲ။ အဲဒီလူအုပ်စု ချထားခဲ့တဲ့ တားမြစ်အစီရင်ကို ဖြေဖျက်နိုင်တဲ့သူ တကယ်ပဲ ရှိနေတာပဲ"
"ဒါက ကျုပ်တို့အတွက်တော့ အကျိုးကျေးဇူး အကြီးကြီးပဲ "
"သူတို့က ဒီကိစ္စကို ကျုပ်တို့ကို မပြောဘူးဆိုတာက၊ သူတို့ကိုယ်တိုင်လည်း ဒီနေရာက တားမြစ်အစီရင် ပျက်သွားတာကို မသိသေးလို့ ဖြစ်ရမယ်"
"ကျုပ်တို့ အောက်ကို ဆင်းကြည့်ရအောင်။ ဒီအောက်က ယင်လောကက ဘယ်လို အခြေအနေမျိုး ရှိနေမလဲဆိုတာကိုပေါ့"
ယင်မသေမျိုး လေးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စိတ်ဝင်တစား ရှိနေကြသည်။
"မင်းတို့နှစ်ယောက် အပေါ်မှာပဲ စောင့်နေကြ။ တာတေထျန်းကျွင်းနဲ့ ယွမ်ယန်သန့်စင်သူတို့ သတ်မခံရအောင် ကြည့်ပေးထားရုံပဲ။ ကျုပ်တို့ အရင်ဆင်းကြည့်မယ်၊ ပြီးမှ မင်းတို့နဲ့ လူလဲမယ်"
"ကောင်းပြီ၊ အောက်မှာ သိပ်မကြာစေနဲ့။ တက်မလာဘဲ နေနေရင်တော့ ငါတို့ မျက်နှာပျက်ရလိမ့်မယ်"
အဆင့် ၈ ယင်မသေမျိုး လေးဦးမှာ ခဏမျှ တိုင်ပင်ပြီးနောက်၊ နှစ်ဦးမှာ ချက်ချင်းပင် ဝိညာဉ်စစ်သည် ငါးသိန်းခန့်ကို ခေါ်ဆောင်ကာ ဝေဝါးနေသော မြူဖြူများကြားထဲသို့ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားကြတော့သည်။
'လူ့လောကမှာ အရှင်မြတ် နှစ်ပါး၊ ယင်လောကမှာ အရှင်မြတ် နှစ်ပါး...'
ဖန့်ချန်၏ စိတ်ထဲတွင် ရုတ်တရက် ဆန္ဒတစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။ မော်ထျန်းဌာန မှ အရှင်မြတ်လေးပါး တစ်ပြိုင်နက်တည်း လှုပ်ရှားနေသည်ကို တွေ့ရခဲလှရာ၊ သူတစ်စုံတစ်ရာ မလုပ်ဆောင်လိုက်ရလျှင် ယနေ့ကြုံတွေ့ရသော ဤ ရေစက် ကို အားနာရာ ရောက်ပေလိမ့်မည်။
နောက်တစ်ခဏတွင် သူ၏ ပုံရိပ်သည်လည်း မြူဖြူများကြားထဲသို့ ပျောက်ကွယ်သွားတော့သည်။