အခန်း (၁၇၂၉-၁၇၃၀)
Vol. 173 Ch. 1729-1730
အခန်း (၁၇၂၉) - သစ္စာဖောက်
မော်ထျန်းဌာနမှ အရှင်မြတ်နှစ်ပါးသည် ဝိညာဉ်စစ်သည် ငါးသိန်းကျော်ကို ဦးဆောင်ကာ ဝမ်ချွမ်းမြစ် ရှေ့သို့ ရောက်ရှိလာကြသည်။
"ဒီနေရာက ပေါ်မလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။ ဖူထူလောက ထဲမှာ ဒီလိုနေရာမျိုးတွေက ရေတွက်လို့တောင် မကုန်နိုင်ဘူး။ ကျုပ်တို့ မော်ထျန်းဌာနက အင်အားကြီးတယ်ဆိုပေမဲ့ အကုန်လုံးကိုတော့ မထိန်းချုပ်နိုင်သေးဘူး..."
အရှင်မြတ်တစ်ဦးက ခြေဖောက်အောက်ရှိ ဝမ်ချွမ်းမြစ်ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး စကားကို ဆက်မပြောတော့ချေ။
"တစ်နေ့နေ့မှာတော့ ယင်လောကက အရင်လို ဂုဏ်သိက္ခာတွေ ပြန်ရလာမှာပါ။ နန်းတော်သခင်ရဲ့ နည်းလမ်းတွေနဲ့ဆိုရင် ယင်လောကငယ် ကိုသာ တိုက်ခိုက်သိမ်းပိုက်နိုင်ရင် ယင်လောကကတစ်ဆင့် တာအိုကို သက်သေထူနိုင်လိမ့်မယ်"
အခြားအရှင်မြတ်တစ်ဦးက အေးစက်စက် လှောင်ပြောင်လိုက်သည်။
"အဲဒီအချိန်ကျရင် လူ့လောက ကိုးနယ်မြေပဲဖြစ်ဖြစ်၊ နတ်ဘုရားလောကပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ပရမ်းပတာ ဖြစ်နေပါစေ ကျုပ်တို့ မော်ထျန်းဌာနရဲ့ မျက်နှာသာပေးမှုကိုပဲ စောင့်ကြည့်ရတော့မှာ။ မိစ္ဆာမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်၊ လူသားမျိုးနွယ်... ဘယ်မျိုးနွယ်ပဲဖြစ်ဖြစ် သူတို့ရဲ့ မျိုးနွယ်စုမီးတောက်ကို ဆက်လက်ထွန်းညှိဖို့ဆိုရင် ကျုပ်တို့ရဲ့ သံသရာလမ်းကိုပဲ ဖြတ်သန်းကြရလိမ့်မယ်"
သူတို့နှစ်ဦး၏ အထက် ကောင်းကင်ယံ မှောင်ရိပ်အတွင်း၌ ဖန့်ချန်နှင့် ချင်းဟယ် သီလရှင် တို့ တိုင်ပင်နေကြသည်။
"သီလရှင်လေး... မင်းလည်း ကြားတဲ့အတိုင်းပဲ၊ မော်ထျန်းဌာနရဲ့ ရည်မှန်းချက်က ယင်လောကငယ် ကို တိုက်ခိုက်သိမ်းပိုက်ဖို့ပဲ။ အခု ငါက ယင်လောကရဲ့ ငရဲမင်း အဖြစ် ရှိနေတာဆိုတော့ ငါကသာ အစစ်အမှန် တရားဝင်သူ ဖြစ်တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ငါ့ကိုသတ်ပြီး ငါ့လက်ထဲက ငရဲမင်းအမွေအနှစ်ကို လုယူဖို့ပဲ"
ဖန့်ချန်က သက်ပြင်းချလိုက်သည်
"နတ်ဆိုးမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်တွေက သုံးလောကလုံး ပျက်စီးဖို့ ကြံစည်နေကြတာ။ မော်ထျန်းတီကျန့် ကတော့ မှောင်ရိပ်ထဲမှာ ပုန်းအောင်းရင်း ကိုယ့်အင်အားကိုယ် တည်ဆောက်နေတယ်။ အဲဒီအစား အရင်မျိုးဆက် ငရဲမင်းကတော့ သုံးလောက ပျက်စီးမယ့်အရေးအတွက် သူ့အသက်ကိုတောင် စတေးခဲ့ရတယ်။
ယင်လောကရဲ့ နတ်ဘုရားစစ်စစ်တွေတောင် အကုန်သေကျေပျက်စီးခဲ့ရတာ။ မင်းက သတ္တဝါတွေကို မသတ်ချင်ဘူးဆိုတာ ငါသိပေမဲ့ မျိုးနွယ်စုရဲ့ ဘေးဒုက္ခနဲ့ ကြုံလာရတဲ့အခါမှာတော့ မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု လုပ်သင့်တယ်"
ချင်းဟယ်သီလရှင်၏ မျက်လုံးထဲတွင် စဉ်းစားဆင်ခြင်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။ ခဏအကြာတွင် သူမက ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်ပြီး တောက်ပသော မျက်ဝန်းများဖြင့် ဖန့်ချန်ကို ကြည့်လိုက်သည်။
"ဖန့်သခင်လေး.. ယင်လောကကို ရှင်ကိုယ်တိုင် ဦးဆောင်တာကမှ တရားဝင်လမ်းမှန်ဖြစ်မယ်လို့ ကျွန်မ ထင်ပါတယ်။ ဒီ မော်ထျန်းတီကျန့် ဆိုတဲ့သူက ယင်လောကကို အသုံးချပြီး ကောင်းကင်ဘုံနိယာမ အဖြစ် ပြောင်းလဲဖို့ ကြံစည်နေတာပဲ။ တကယ်လို့ အဲဒီအချိန် ရောက်လာရင်လည်း ယင်လောကက ဆက်ပြီး ရှုပ်ထွေးနေဦးမှာပဲ။ သုံးလောကလုံး ငြိမ်းချမ်းဖို့ဆိုရင် ဒီနေရာကပဲ အခြေခံကျတာပါ။ ဘယ်နေရာပဲ ပျက်ပျက်၊ ဒီနေရာတော့ ပျက်လို့မဖြစ်ဘူး"
"သီလရှင်လေးက အပြောရဆိုရ လွယ်တာပဲ"
ဖန့်ချန်၏ မျက်နှာတွင် ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်လာသည်။
နောက်တစ်ခဏတွင် ချင်းဟယ်သီလရှင်နှင့် ဖန့်ချန်တို့သည် တစ်ပြိုင်နက်တည်း ကိုယ်ထင်ပြလိုက်ကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ကောင်းသော ယင်စွမ်းအင် များ လှိုင်းလုံးကြီးကဲ့သို့ လိပ်တက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော သံခြေကျင်း၊ သံကွင်းများအဖြစ် ပြောင်းလဲကာ အောက်ဘက်ရှိ ဝိညာဉ်စစ်သည် ငါးသိန်းကျော်ကို ချည်နှောင်ပိတ်ဆို့လိုက်တော့သည်။
ထိုအရှင်မြတ်နှစ်ပါးမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ မိမိတို့ကိုယ်ပေါ်ရှိ ယင်စွမ်းအင်များအားလုံး လုံးဝ ပိတ်ဆို့ခံလိုက်ရကြောင်း ခံစားလိုက်ရသည်။ လက်ချောင်းလေးတစ်ချောင်းကိုပင် လှုပ်၍မရတော့ချေ။
'အဆင့် ၉ ယင်မသေမျိုး ရောက်လာတာလား '
နှစ်ဦးသား၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤအခြေအနေကို ရှင်းပြနိုင်သည့် တစ်ခုတည်းသော အဖြေမှာ အဆင့် ၉ ပုဂ္ဂိုလ်ကြီး ရောက်လာခြင်းသာ ဖြစ်သည်။
ထို့နောက်တွင် သူတို့နှစ်ဦးသည် လေထဲတွင် လမ်းလျှောက်လာသော ဖန့်ချန်နှင့် ချင်းဟယ်သီလရှင်တို့ကို မြင်လိုက်ရသည်။ သူတို့သည် ဖန့်ချန်၏ ကိုယ်ပေါ်တွင် မည်သည့်ထူးခြားမှုကိုမျှ မခံစားရသော်လည်း ချင်းဟယ်သီလရှင်၏ ကိုယ်ပေါ်တွင်မူ နက်နဲလှသော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ခံစားနေရသည်။
"မိတ်ဆွေနှစ်ယောက်... ဘယ်လိုခေါ်သလဲ"
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ"
အရှင်မြတ်တစ်ဦးက ဖန့်ချန်၏ မေးခွန်းကို ပြန်မဖြေဘဲ သူတို့၏ နောက်ခံကိုသာ ပြန်မေးလိုက်သည်။
"အရှင်မြတ်တို့... ဖန့်သခင်လေးက ယင်လောကရဲ့ တရားဝင် ငရဲမင်းဖြစ်သလို မော်ထျန်းဌာနက အမြဲတမ်း ရှာဖွေနေတဲ့ လက်ရှိမျိုးဆက် ငရဲမင်းလည်း ဖြစ်ပါတယ်"
ချင်းဟယ်သီလရှင်က ပြုံးလျက် ဆိုသည်
"တကယ်လို့ အရှင်မြတ်တို့ ဆန္ဒရှိမယ်ဆိုရင် ဖန့်သခင်လေးက အရှင်မြတ်တို့ကို ယင်လောကရဲ့ နတ်ဘုရား ရာထူးတွေ ပေးသနားနိုင်ပါတယ်"
လက်ရှိမျိုးဆက် ငရဲမင်း
နှစ်ဦးသား၏ မျက်လုံးထဲတွင် တုန်လှုပ်ခြောက်ခြားမှုများ ပြည့်နှက်သွားသည်။ ထိုသတင်းစကားကို လက်ခံနိုင်ရန် သူတို့ အချိန်အတော်ကြာအောင် ကြိုးစားလိုက်ရသည်။ သူတို့ထဲမှ တစ်ဦးမှာ တစ်စုံတစ်ခုကို ချက်ချင်း သတိရသွားဟန်ဖြင့် လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။
"တိကျန်းအရှင်မြတ် နဲ့ ကျင်းလန်အရှင်မြတ် တို့က ခင်ဗျားလက်ချက်နဲ့ သေခဲ့တာလား "
ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
နှစ်ဦးသား၏ ရင်ထဲတွင် အေးစက်သွား၏။ ထိုကိစ္စမှာ မော်ထျန်းဌာနအတွင်း၌ အလွန်ပင် ဂယက်ထခဲ့သော ကိစ္စဖြစ်သည်။ ထိုသူနှစ်ဦးကို သတ်လိုက်သူမှာ လက်ရှိမျိုးဆက် ငရဲမင်းဖြစ်လိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးဖူးခဲ့ကြသလို၊ ဤငရဲမင်း၏ ဘေးတွင် အဆင့် ၉ ယင်မသေမျိုးတစ်ဦး အလုပ်အကျွေး ပြုနေလိမ့်မည်ဟုလည်း လုံးဝ ထင်မထားခဲ့ကြချေ။
မော်ထျန်းဌာနမှာပင်... ထိုနန်းတော်သခင်မှလွဲ၍ အဆင့် ၉ ယင်မသေမျိုး ဟူ၍ မရှိချေ။
ထိုသို့ဆိုလျှင် ကျင်းလန်နှင့် တိကျန်းတို့ မည်သို့ကြောင့် ရုတ်တရက် သေဆုံးသွားရသနည်း ဆိုသည်ကို သူတို့ ခန့်မှန်းနိုင်လိုက်ပြီ ဖြစ်သည်။
"အခုနက သီလရှင်လေး ပြောတဲ့စကားကို အရှင်မြတ်တို့ စဉ်းစားပြီးပြီလား "
ဖန့်ချန်က ခပ်ဖွဖွ ပြုံးလျက် ဆိုသည်။
"ကျုပ်တို့က မော်ထျန်းဌာနရဲ့ အရှင်မြတ်တွေပဲ။ မော်ထျန်းဌာနကပဲ အခုအချိန်မှာ ယင်လောကရဲ့ အစစ်အမှန် တရားဝင်သူပဲ။ ခင်ဗျားက ကျုပ်တို့ နန်းတော်သခင်ကို သစ္စာဖောက်ပြီး ခင်ဗျားဆီမှာ ခိုလှုံမယ်လို့ ထင်နေတာလား "
အရှင်မြတ်တစ်ဦးက အေးစက်စက် ကြည့်လိုက်သည်။
"ခင်ဗျားကသာ ယင်လောကရဲ့ သစ္စာဖောက် သူပုန်ပဲ။ အခု ယင်လောကငယ် ကို ခင်ဗျား ထိန်းချုပ်ထားတာလား ခင်ဗျားသာ ယင်လောကငယ်ကို လွှဲပေးမယ်ဆိုရင် ကျုပ်တို့ နန်းတော်သခင်က တာအိုကို သက်သေထူနိုင်လိမ့်မယ်။ အဲဒီအချိန်ကျမှသာ ယင်လောကက ရှေးခေတ်ကထက် ပိုပြီး ခိုင်မာလာမှာဖြစ်သလို သုံးလောကရဲ့ အထွတ်အထိပ်မှာ ရပ်တည်နိုင်မှာ "
"မော်ထျန်းတီကျန့်က ယင်လောကကို သုံးလောကရဲ့ အထွတ်အထိပ် ဖြစ်စေချင်တာလား "
ဖန့်ချန်က အေးဆေးစွာ မေးလိုက်သည်။
တစ်ဖက်လူက ဂုဏ်ယူစွာဖြင့်
"ဒါပေါ့၊ ရှေးဦးကတည်းက အခုထိ နန်းတော်သခင်လိုမျိုး ကြီးကျယ်တဲ့ ရည်မှန်းချက်ရှိသူ ဘယ်သူရှိလို့လဲ နန်းတော်သခင် တစ်ယောက်ပဲ ငရဲမင်းနေရာနဲ့ ထိုက်တန်တာ"
"သုံးလောက စည်ပင်ဝပြောဖို့ဆိုတာ ဟန်ချက်ညီမှု ပေါ်မှာပဲ မူတည်တာ။ တကယ်လို့ ယင်လောကက သုံးလောကရဲ့ အထွတ်အထိပ် ဖြစ်သွားရင် ဟန်ချက်ပျက်သွားပြီး နောက်ထပ် ပရမ်းပတာတွေ ဖြစ်လာလိမ့်မယ်"
ဖန့်ချန်က ခေါင်းကို အသာအယာ ခါလိုက်သည်။ သူသည် မော်ထျန်းတီကျန့်၏ အတွေးအခေါ်ကို သဘောမတူပေ။ သူကိုယ်တိုင် ငရဲမင်းဖြစ်နေသော်လည်း ယင်လောကသည် လူ့လောကနှင့် နတ်ဘုရားလောကတို့၏ အထက်တွင် ရှိနေသင့်သည်ဟု မယူဆပေ။ ဟန်ချက်ညီခြင်းသည် ယင်နှင့်ယန် ကဲ့သို့ပင်၊ တစ်ဖက်စောင်းနင်း မဖြစ်သင့်ချေ။
"ခင်ဗျားလို အစွမ်းအစမရှိတဲ့သူပဲ အဲဒီလို တွေးတာ။ ခင်ဗျား ကျုပ်တို့ မော်ထျန်းဌာနဘက်ကိုပဲ ကူးလာတာ ပိုကောင်းမယ်။ ခင်ဗျားရဲ့ ထူးခြားတဲ့ အဆင့်အတန်းအရ နန်းတော်သခင်က ခင်ဗျားကို ရာထူးကြီးကြီး ပေးမှာ သေချာတယ်။ လူတစ်ယောက်အောက်၊ လူသန်းပေါင်းများစွာရဲ့ အထက်ပေါ့"
ထိုအရှင်မြတ်၏ မျက်လုံးထဲတွင် တပ်မက်မှုများ ပေါ်လာပြီး ဖန့်ချန်ကို ပြန်လည် စည်းရုံးရန် ကြိုးစားလာသည်။
ဖန့်ချန်က ရယ်မောလိုက်သည်
"မိတ်ဆွေတို့... အခု ခင်ဗျားတို့ ရှေ့မှာ ရွေးချယ်စရာ လမ်းနှစ်လမ်း ရှိတယ်။ တစ်ခုကတော့ ယင်လောကရဲ့ နတ်ဘုရားဖြစ်လာပြီး ငါ့အမိန့်ကို နားထောင်ဖို့။ နောက်တစ်ခုကတော့ ဒီနေရာမှာတင် အစအနမကျန် ပျောက်ကွယ်သွားဖို့ပဲ"
"ပြက်လုံးပဲ... ငါ့ရှေ့မှာ လမ်းတစ်လမ်းပဲ ရှိတယ်။ အဲဒါက နန်းတော်သခင်အတွက် အသက်ပေးဖို့ပဲ ငါ ဒီနေ့လို အဆင့်အတန်းမျိုး ရလာတာ နန်းတော်သခင်ရဲ့ ပြုစုပျိုးထောင်မှုကြောင့်ပဲ။ ငါ ဘယ်တော့မှ နန်းတော်သခင်ကို သစ္စာမဖောက်ဘူး"
"တတိယမြောက်လမ်း မရှိဘူးလား"
အခြားအရှင်မြတ်တစ်ဦးက ရုတ်တရက် မေးလိုက်သည်။ သူ၏ အသံမှာ အနည်းငယ် အက်ရှနေ၏။
သူ၏ စကားထဲတွင် တုံ့ဆိုင်းနေသည့် အရိပ်အယောင်ကို ကြားလိုက်ရသဖြင့် ဘေးနားရှိ အရှင်မြတ်က စူးရှသောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"မင်း ဘာလုပ်ချင်နေတာလဲ မမေ့နဲ့ဦး၊ လက်ရှိ ငရဲမင်းပဲဖြစ်ဖြစ်၊ အရင်က ငရဲမင်းပဲဖြစ်ဖြစ် အားလုံးက ရှေးဦးကတည်းက နန်းတော်သခင်ရဲ့ ရန်သူတော်တွေပဲ "
"ငါထင်တာကတော့... လက်ရှိ ငရဲမင်းက ကိုယ်ထင်ပြလာပြီဆိုမှတော့ ကျုပ်တို့ နှစ်ဖက်စလုံး အသေအလဲ တိုက်နေဖို့ မလိုတော့ဘူး။ လက်တွဲသင့်တယ်။ လူ့လောက ကိုးနယ်မြေက ရှုပ်ထွေးမှုတွေကို အရင်ရှင်းမယ်၊ နတ်ဘုရားလောကက ရူးနေတဲ့ မသေမျိုးတွေကို ရှင်းမယ်၊ ပြီးရင် မသေမျိုးစွမ်းအားတွေ လောကထဲ ပြန်ပေါ်လာအောင် လုပ်ပြီး သုံးလောကရဲ့ ရှေးဟောင်းဂုဏ်ကျက်သရေကို ပြန်ရှာသင့်တယ်လို့ ထင်တယ်"
ထိုအရှင်မြတ်က စဉ်းစားဆင်ခြင်လျက် ပြောလိုက်သည်။
ဖန့်ချန်၏ စိတ်ထဲတွင် လှုပ်ခတ်သွားပြီး ပြုံး၍ ဆိုလိုက်သည်။
"မိတ်ဆွေကို ဘယ်လိုခေါ်သလဲ"
"ဖားထျန်းအရှင်မြတ် ပါ။ နေနက်အင်ပါယာ က တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦးပါ။ မော်ထျန်းဌာနထဲ ရောက်နေတာ နှစ်ပေါင်း ၇၀၀ ကျော်ပါပြီ"
တစ်ဖက်လူက ပြန်ဖြေသည်။
"ဖားထျန်း... မင်း နန်းတော်သခင်ကို သစ္စာဖောက်ရဲတယ်ပေါ့လေ "
"နန်းတော်သခင်ရဲ့ ဒေါသကို မကြောက်ဘူးလား"
"ဒါက သစ္စာဖောက်တာ မဟုတ်ပါဘူး။ ငါမသိတာက ဘာလို့ မော်ထျန်းဌာနက မိစ္ဆာမျိုးနွယ်တွေကို ကူညီနေရတာလဲ ဆိုတာပဲ"
ဖားထျန်းအရှင်မြတ်က အေးဆေးစွာ ပြောလိုက်သည်။
"အဲဒါက နန်းတော်သခင်ရဲ့ အကြံအစည်ပဲ။ သူ့ရဲ့ အမြင်နဲ့ သူ့ရဲ့ အဆင့်အတန်းကို မင်းလို အဆင့် ၈ ရှေးဟောင်းမသေမျိုးလေးက ဘယ်နားလည်ပါ့မလဲ မိစ္ဆာတွေကို ကူညီတယ်ဆိုတာ ခေတ္တခဏ အသုံးချတဲ့ နည်းဗျူဟာပဲ။ ဒါမှသာ ယင်လောကငယ်ကို သွားမယ့်လမ်းကို ပိုပြီး မြန်မြန် ဖွင့်နိုင်မှာ "
ဖားထျန်းအရှင်မြတ်က ဖန့်ချန်ဘက်သို့ ကူးချင်သည့် အရိပ်အယောင် ပြနေသဖြင့် ထိုအရှင်မြတ်မှာ အလွန်အမင်း ဒေါသထွက်နေပုံရသည်။
"ဒါပေမဲ့ ဒီတိုင်းတစ်ပါးသားတွေကို ဒီလောက်အထိ ရဲတင်းခွင့် မပေးသင့်ဘူး။ ထိုက်ချန်းနယ်မြေကို သိမ်းပိုက်ခွင့် မပေးသင့်ဘူး။ နန်းတော်သခင်ရဲ့ နည်းလမ်းတွေနဲ့ဆိုရင် မိစ္ဆာတွေဆီကနေ လုယူသင့်တာ၊ အခုလို သူတို့နဲ့ ပူးပေါင်းနေဖို့ မဟုတ်ဘူး"
ဖားထျန်းအရှင်မြတ်က ခေါင်းကို အသာအယာ ခါလိုက်ပြီး ဖန့်ချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"လက်ရှိ ငရဲမင်း... ကျွန်တော့်ရဲ့ ကိုယ်ပေါ်မှာ မော်ထျန်းဌာန နန်းတော်သခင်ရဲ့ ဘွဲ့နှင်းအပ်ခြင်းရှိနေပါတယ်။ အဲဒါကို မဖျက်ဆီးနိုင်သရွေ့ သူ့ရဲ့ ထိန်းချုပ်မှုအောက်ကနေ မလွတ်နိုင်ဘူး။ ဒီကိစ္စအတွက် ခင်ဗျားမှာ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်း ရှိပါသလား "
"သစ္စာဖောက်"
ဘေးနားရှိ အရှင်မြတ်မှာ ဖားထျန်းအရှင်မြတ်ကို အရှင်လတ်လတ် ဝါးစားပစ်ချင်နေသည့် အလား ဖြစ်နေတော့သည်။
အခန်း (၁၇၃၀) - ဖောက်ပြန်ပြောင်းလဲခြင်း
ဖန့်ချန်၏ ငရဲမင်းတံဆိပ်အတွင်း၌ အဆင့် ၈ ရှေးဟောင်းမသေမျိုး အတော်များများကို ဘွဲ့နှင်းအပ်ရန် လုံလောက်သော ယင်သက်တမ်း များ ရှိနေသည်။
ဤ ဖားထျန်းအရှင်မြတ် သည် အမှန်တကယ်ပင် ခိုလှုံလိုသော ဆန္ဒရှိကြောင်းနှင့် ယင်သက်တမ်းများကို အလဟဿ ဖြစ်မသွားစေနိုင်ကြောင်း အတည်ပြုပြီးနောက်၊ ဖန့်ချန်သည် ကိုယ်တိုင်ကိုယ်ကျ ဘွဲ့နှင်းအပ်သည့် အမိန့်စာတစ်စောင်ကို ရေးသား၍ ဖားထျန်းအရှင်မြတ်၏ ခန္ဓာကိုယ်အတွင်းသို့ ရိုက်သွင်းလိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ မူလကရှိနေသော ယင်မသေမျိုး ဘွဲ့နှင်းအပ်ခြင်းမှာ ထိုခဏ၌ပင် ချက်ချင်း ဖုံးလွှမ်းခံလိုက်ရပြီး အစအနမျှပင် မကျန်တော့ချေ။ ၎င်းသည် မီးတောက်နှင့်တွေ့သော ဂွမ်းစကဲ့သို့ပင် မည်သည့် ပြန်လည်ခုခံမှုမျှ မပြုနိုင်ခဲ့ပေ။
စက္ကန့်ပိုင်းအတွင်းမှာပင် ဖားထျန်းအရှင်မြတ်သည် ဘွဲ့နှင်းအပ်ခြင်းအသစ်၏ ကွဲပြားခြားနားမှုကို ခံစားလိုက်ရသည်။ ယင်လောကအတွင်းရှိ တဟုန်ထိုး တက်လာသော ယင်စွမ်းအင်များသည် ယခင်ကထက် ပိုမိုမြန်ဆန်စွာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာတော့သည်။
"ဖားထျန်းအရှင်မြတ်... မင်း သူ့ကို သစ္စာဖောက်လိုက်တာကို နန်းတော်သခင် သေချာပေါက် သိသွားလိမ့်မယ်။ မင်း လူ့လောကမှာပဲ ပုန်းပုန်း၊ ယင်လောကမှာပဲ ပုန်းပုန်း၊ နန်းတော်သခင် ကိုယ်တိုင် မင်းကို လာရှာတဲ့အထိ စောင့်နေလိုက်တော့"
"ယွန်းဖူအရှင်မြတ် ... အခုက အဘက်ဘက်က အားပြိုင်နေကြတဲ့ အချိန်ပဲ။ နန်းတော်သခင်က ငါလို အဆင့် ၈ ရှေးဟောင်းမသေမျိုးလေးကို ဂရုစိုက်ဖို့ အချိန်ဘယ်ရှိပါ့မလဲ။
မင်းလည်း အသက်ရှင်အောင် ကြိုးစားထားဖို့ ငါအကြံပေးချင်တယ်။ တစ်နေ့နေ့မှာ လောကပြင်ပကသူတွေ လူ့လောက ကိုးနယ်မြေကနေ ထွက်သွားပြီး သုံးလောကလုံး တကယ်ပဲ ငြိမ်းချမ်းတဲ့ ခေတ်ကောင်းကြီးကို ရောက်လာတာကို မင်း မြင်နိုင်ကောင်း မြင်နိုင်ပါလိမ့်မယ်"
ဖားထျန်းအရှင်မြတ်က အေးဆေးစွာ ဆိုသည်။
"လောကပြပသူတွေက ငါနဲ့ ဘာဆိုင်လဲ သုံးလောက ငြိမ်းချမ်းတာကရော ငါနဲ့ ဘာဆိုင်လဲ ကျုပ်တို့ မော်ထျန်းဌာန တည်ရှိနေတာက ယင်လောကကို အရာအားလုံးရဲ့ အထက်မှာ ရှိနေစေဖို့ပဲ။ မင်းက ဒီအခြေခံသဘောတရားကိုတောင် နားမလည်ဘူး။ နန်းတော်သခင်က မင်းကို အရှင်မြတ်အဖြစ် ခန့်အပ်ခဲ့တာဟာ မော်ထျန်းဌာနရဲ့ ကံဆိုးမှုပဲ "
ယွန်းဖူအရှင်မြတ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငရဲမင်း... ဒီလူကတော့ ကုလို့မရတော့ပါဘူး။ သတ်မလား၊ ချန်ထားမလားဆိုတာ အမိန့်အတိုင်းပါပဲ"
ဖားထျန်းအရှင်မြတ်က ခေါင်းကို အသာအယာခါယမ်းလျက် ဖန့်ချန်ကို လက်အုပ်ချီ၍ ဆိုလိုက်သည်။
"မင်း တကယ်ပဲ ငါ့ကို သတ်တော့မှာလား မင်းနဲ့ငါက ပေါင်းလာတာ နှစ်တွေ အများကြီး ရှိပြီလေ၊ ဒါကိုပဲ မင်းက ငါ့ကို သတ်ချင်နေတာလား "
ယွန်းဖူအရှင်မြတ်သည် ဒေါသနှင့် ထိတ်လန့်မှုတို့ ရောယှက်လျက် ဖားထျန်းအရှင်မြတ်ကို မယုံနိုင်သလို ကြည့်နေသည်။ ထို့နောက် သူက ဖန့်ချန်ဘက်သို့ လှည့်ကြည့်ကာ
"ခင်ဗျား တကယ်ပဲ ကျုပ်ကို သတ်မှာလား"
"မသတ်ဘဲနဲ့ မင်းကို အိမ်ခေါ်သွားပြီး နှစ်သစ်ကူးပွဲ လုပ်ရမှာလား "
ဖန့်ချန်က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။
ယွန်းဖူအရှင်မြတ်၏ မျက်နှာတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။ သူသည် အသေအချာ စဉ်းစားဆင်ခြင်ပြီးနောက် နောက်ဆုံးတွင် သွားကိုတင်းတင်းစေ့ကာ အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရသည်။
"ကျွန်တော်လည်း ခင်ဗျားအတွက် အမှုထမ်းလို့ မရတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ နန်းတော်သခင်ဘက်ကကျတော့..."
ဖားထျန်းအရှင်မြတ်မှာ ခဏမျှ မှင်တက်သွားပြီးနောက် ရယ်မောလျက် ခေါင်းခါလိုက်သည်။ ယွန်းဖူအရှင်မြတ်ကမူ မသိချင်ယောင်ဆောင်ကာ ဖန့်ချန်ကိုသာ စိုက်ကြည့်နေ၏။
"အင်း... မင်းက မော်ထျန်းတီကျန့် ကို ကြောက်တာကတော့ လူ့သဘာဝပါပဲ။ ဘာပဲဖြစ်ဖြစ် သူက သုံးလောက ပရမ်းပတာဖြစ်တဲ့ ခေတ်ကတည်းက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မိစ္ဆာအိုကြီးတစ်ယောက်ပဲလေ၊ တွက်ဆလို့မရတဲ့ ကောင်းကင်ဘုံနတ်ဆိုး လို့တောင် အမည်တွင်တာ။ အရင်မျိုးဆက် ငရဲမင်းတောင် သူ့ကို အပြတ်မရှင်းနိုင်ခဲ့ဘူး။ တကယ်လို့ မင်း သူ့ကို သစ္စာဖောက်လိုက်လို့ နောက်တစ်ချိန် သူ မင်းဆီ ရောက်လာရင်တော့ မင်း သေမှာ သေချာတယ်"
ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြသည်။
ယွန်းဖူအရှင်မြတ်ကလည်း အလောတကြီး ခေါင်းညိတ်သည်။
"ဒါကြောင့်ပဲလေ"
"ဒါပေမဲ့ မင်း သူ့ကို သစ္စာမဖောက်ရင် ဒီနေ့ပဲ သေရလိမ့်မယ်။ အဲဒီတော့ မင်းမှာ ရွေးချယ်စရာ မရှိဘူးထင်တယ်"
ဖန့်ချန်က ဆိုသည်။
ယွန်းဖူအရှင်မြတ်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ရိုသေစွာဖြင့်
"ငရဲမင်းအတွက် အသက်ပေး အမှုထမ်းပါရစေ"
ဟု ဆိုလိုက်တော့သည်။
ဖန့်ချန်သည် နောက်ထပ် ယင်သက်တမ်း ခြောက်သိန်းကို အသုံးပြု၍ ယွန်းဖူအရှင်မြတ်ကို ဘွဲ့နှင်းအပ်ခြင်း ပြီးမြောက်စေခဲ့သည်။ ယခုအခါ အရှင်မြတ်နှစ်ဦးကို သိမ်းသွင်းပြီးပြီဖြစ်ရာ နောက်ထပ် ပြဿနာမှာ ဝိညာဉ်စစ်သည် ငါးသိန်းကျော်ပင် ဖြစ်သည်။
"ဒီဝိညာဉ်စစ်သည်တွေက မော်ထျန်းတိကျန်းက မင်းတို့အတွက် စီစဉ်ပေးထားတာလား၊ ဒါမှမဟုတ် မင်းတို့ကိုယ်တိုင် စုဆောင်းထားတာလား"
ဖန့်ချန်က မျက်နှာထား အမျိုးမျိုးဖြစ်နေသော ဝိညာဉ်စစ်သည်များကို လှမ်းကြည့်ကာ မေးလိုက်သည်။
ဖားထျန်းအရှင်မြတ် စကားမပြောရသေးမီ ယွန်းဖူအရှင်မြတ်က ဦးအောင် ဝင်ဖြေသည်။
"ဒီဝိညာဉ်စစ်သည်တွေက ကျွန်တော်တို့ နှစ်ပေါင်းများစွာ စုဆောင်းလာတဲ့ ကိုယ်ပိုင်တပ်ဖွဲ့တွေပါ။ သူတို့က ကျွန်တော်တို့ အမိန့်ကိုပဲ နားထောင်ကြတာ။ သူတို့မှာ မော်ထျန်းဌာနရဲ့ အပြင်စည်းဝင်တွေဆိုတဲ့ အမည်ခံရှိပေမဲ့ အဲဒီအမည်ခံက ကျွန်တော်တို့အပေါ်မှာပဲ မူတည်တာပါ။
အခု ကျွန်တော်တို့က ငရဲမင်းဆီ ခိုလှုံလိုက်ပြီဆိုတော့ သူတို့ကလည်း သစ္စာဖောက်သူပုန်ဘဝကနေ လွတ်မြောက်ပြီး ကျွန်တော်တို့နဲ့အတူ အမှောင်ကိုစွန့်လို့ အလင်းကို ဆောင်ကြမှာပါ"
"အမှန်ပါပဲ"
ဖားထျန်းအရှင်မြတ်ကလည်း အသာအယာ ခေါင်းညိတ်သည်။
"တကယ်လို့ ဒီထဲမှာ အဲဒီလူရဲ့ သူလျှိုတွေ ပါနေရင်ရော..."
ဖန့်ချန်က ထိုကိုယ်ပိုင်တပ်ဖွဲ့ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ဖားထျန်းနှင့် ယွန်းဖူတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း ဆိုလိုက်သည်။
"မရှိနိုင်ပါဘူး။ အဲဒီလူက ဒီလိုအောက်တန်းကျတဲ့ နည်းလမ်းမျိုးကို အသုံးမချပါဘူး။ သူက အရမ်းကို မာန်တက်တဲ့သူဆိုတော့ ဒီလိုကိစ္စမျိုးကို လုပ်မှာမဟုတ်ဘူး"
"ဒါဆို သူတို့ကိုယ်ပေါ်က ဘွဲ့နှင်းအပ်ခြင်းတွေကရော "
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
"ဘွဲ့နှင်းအပ်ခြင်း အော်... တကယ်တော့ အဲဒါက ပဋိညာဉ် နည်းလမ်းတစ်မျိုးပါ၊ အစစ်အမှန် ဘွဲ့နှင်းအပ်ခြင်းနဲ့ မတူပါဘူး။ သူတို့ဆီက ဘွဲ့နှင်းအပ်ခြင်းတွေက ကျွန်တော်တို့နှစ်ယောက်ဆီက လာတာဆိုတော့ ကျွန်တော်တို့ရဲ့ အမိန့်ကိုပဲ နားထောင်ကြတာပါ။ တခြားသူက ခိုင်းလို့မရပါဘူး"
"ဒါပေမဲ့ ဒီနည်းစနစ်ကတော့ အဲဒီလူဆီက လာတာတော့ အမှန်ပါပဲ"
"အင်း... ဒါဆိုရင်တော့ ပြဿနာမရှိပါဘူး။ တကယ်လို့ သူလျှို ပါနေခဲ့ရင်တောင် မော်ထျန်းတီကျန့်နဲ့ ရင်ဆိုင်ရမှာက မင်းတို့နှစ်ယောက်ပဲလေ"
ဖန့်ချန်က ခပ်ပြုံးပြုံးဖြင့် ဆိုသည်
"မင်းတို့က ငါ့ထက်တောင် ပိုပြီး သတိထားကြလိမ့်မယ်လို့ ငါယုံကြည်ပါတယ်"
နှစ်ဦးသား၏ မျက်နှာမှာ အနည်းငယ် လေးနက်သွားသော်လည်း သူတို့သည် မိမိတို့၏ နည်းလမ်းများကို ယုံကြည်မှု ရှိပုံရသဖြင့် သိပ်ပြီး စိုးရိမ်ဟန်မပြကြချေ။
"ငရဲမင်း... အပေါ်မှာ ဆင်းမလာသေးတဲ့ အရှင်မြတ် နှစ်ယောက် ကျန်သေးတယ်။ ကျွန်တော်တို့ အပေါ်တက်ပြီး သူတို့နဲ့ လူလဲပေးလိုက်ရမလား "
ယွန်းဖူအရှင်မြတ်က စိတ်အားထက်သန်နေပုံရသည်။
ချင်းဟယ်သီလရှင်သည် ဤမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေမိ၏။
"အဲဒီနှစ်ယောက်က ခိုလှုံလာနိုင်ခြေ ဘယ်လောက်ရှိလဲ"
ဖန့်ချန်က မေးသည်။
ဖားထျန်းအရှင်မြတ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ယွန်းဖူအရှင်မြတ်လောက်တော့ ရှိပါလိမ့်မယ်"
"ဖားထျန်း... မင်း ဘာကို ဆိုလိုတာလဲ"
ယွန်းဖူအရှင်မြတ်၏ မျက်နှာ ပျက်သွားသည်။ ဖားထျန်းအရှင်မြတ်ကမူ ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ပြန်မပြောချေ။
"သွားကြတော့"
ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
အရှင်မြတ်နှစ်ဦးသည် ဝိညာဉ်စစ်သည် ငါးသိန်းကို ဦးဆောင်ကာ လူ့လောကသို့ ပြန်တက်သွားကြတော့သည်။
မီးဝိညာဉ်ချိုင့်ဝှမ်း အထက်ကောင်းကင်ယံ
ကျန်ရှိနေသော အရှင်မြတ်နှစ်ဦးမှာ ဖားထျန်းတို့အုပ်စု ပြန်တက်လာသည်ကို မြင်သောအခါ အောက်ဘက် အခြေအနေကို လှမ်းမေးလိုက်ကြသည်။
ယွန်းဖူအရှင်မြတ်က ဟန်ပါပါဖြင့် သက်ပြင်းချလိုက်သည်။
"အောက်ဘက်ကတော့ အကုန်လုံး ခြောက်ကပ်နေတာပဲ။ နှစ်ပေါင်းများစွာ ဝိညာဉ်တွေ မနေခဲ့တာ သိသာတယ်။ ဒါပေမဲ့ ရှုခင်းကတော့ တော်တော်လေး လှတယ်၊ မင်းတို့လည်း ဆင်းကြည့်သင့်တယ်"
"ကျွေ့မုန့်အရှင်မြတ် နဲ့ ဖေးရှီအရှင်မြတ် ... မင်းတို့နှစ်ယောက် ဆင်းကြည့်ချင်ရင် ဆင်းကြည့်လို့ရတယ်။ ငါတို့ ဒီကနေ စောင့်ကြည့်ပေးထားမယ်"
ဖားထျန်းအရှင်မြတ်က ဆိုသည်။
"ခြောက်ကပ်နေမှတော့ ဆင်းကြည့်လည်း ဘာထူးမှာလဲ။ မသွားတော့ဘူး၊ ဒီမှာပဲ စောင့်မယ်။ တာဝန်ကို မြန်မြန်အဆုံးသတ်ပြီး မြန်မြန်ထွက်သွားတာ ပိုကောင်းတယ်။ ဂုဏ်သရေရှိ အရှင်မြတ်တွေ ဖြစ်ပြီးတော့မှ မျိုးဆက်သစ်လေး နှစ်ယောက်အတွက် အစေခံလုပ်ပေးနေရတာ... ဟဲဟဲ..."
ဖေးရှီအရှင်မြတ်က အေးစက်စက် ရယ်မောလိုက်သည်။ သူ၏ အကြည့်များမှာ ကောင်းကင်ယံရှိ တာတေထျန်းကျွင်းနှင့် ယွမ်ယန်သန့်စင်သူတို့ထံသို့ ကျရောက်နေ၏။
ထို့နောက် သူက မီးဝိညာဉ်ချိုင့်ဝှမ်းအတွင်းရှိ ကျင့်ကြံသူများကို တစ်ချက်ဝေ့ကြည့်လိုက်ရာ မျက်လုံးထဲတွင် အထင်သေးသည့် အရိပ်အယောင်များ ပေါ်နေသည်။ ယွန်းဖူအရှင်မြတ်၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသည်။
"ဖေးရှီ... ဒီနေရာက မရဏလမ်း က နှစ်ပေါင်းများစွာကြာမှ ပြန်ပွင့်လာတာဆိုတော့၊ ငါတို့ ဒီအခွင့်အရေးကို သုံးပြီး ဆင်းကြည့်ရအောင်။ အချိန်အများကြီးလည်း ပေးရမှာ မဟုတ်ဘူး"
ကျွေ့မုန့်အရှင်မြတ်က ပြုံးလျက် ဆိုသည်
"ရှင် သွားချင်သွား၊ မသွားချင်နေ၊ ကျွန်မကတော့ အရင်သွားပြီ"
ပြောပြီးသည်နှင့် သူမသည် မရဏလမ်းကို ချက်ချင်းဖွင့်၍ သူမ၏ ဝိညာဉ်စစ်သည်များကို ဦးဆောင်ကာ မြူဖြူများကြားထဲသို့ ဝင်သွားတော့သည်။
ဖေးရှီအရှင်မြတ်သည် ဤမြင်ကွင်းကို ကြည့်ကာ ခေတ္တ တုံ့ဆိုင်းသွားပြီးနောက်
"ထားလိုက်ပါတော့... ငါတို့လည်း သွားကြည့်တာပေါ့"
ဟု ဆိုကာ သူ၏ နောက်လိုက်များနှင့်အတူ လိုက်ပါသွားလေသည်။
ယွန်းဖူအရှင်မြတ်သည် ထိုအခါမှ သက်ပြင်းချနိုင်တော့သည်။ သူက ဖားထျန်းအရှင်မြတ်ကို ကြည့်ကာ ပြုံး၍ ဆိုသည်။
"တော်သေးတာပေါ့ သူတို့ ဆင်းသွားလို့။ တကယ်လို့ သူတို့ ဆင်းမသွားရင် ငါ နောက်ထပ် အကြောင်းပြချက် ဘယ်လိုရှာရမလဲတောင် မသိဘူး၊ အမှားအယွင်းတွေတောင် ပါသွားနိုင်တယ်"
ခဏအကြာတွင် သူက မကျေမနပ်ဖြင့် ညည်းတွားလိုက်ပြန်သည်။
"ဖားထျန်းအရှင်မြတ်... မင်း ငရဲမင်းဆီ ခိုလှုံချင်ရင်တောင် ဒီလောက်အထိ မမြန်သင့်ဘူးလေ။ ဒီလောက်အထိ အလွယ်တကူ ဖောက်ပြန်ပြောင်းလဲသွားတာကို မြင်ရင် ငရဲမင်းက ငါတို့ကို အထင်သေးသွားလိမ့်မယ်"
"..."
ဖားထျန်းအရှင်မြတ်မှာ ခေတ္တ တိတ်ဆိတ်သွားပြီးနောက် လက်ကို ဝေ့ယမ်းပြကာ စကားမပြောချင်တော့ကြောင်း အရိပ်အယောင် ပြလိုက်သည်။
"ဘာလို့ ဒီတစ်ဝိုက်မှာ ယင်လေတွေ တဖြူးဖြူး တိုက်နေသလို ခံစားနေရတာလဲ "
လင်ချန်က မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ဝေ့ကြည့်နေသည်။ ခုနက ဝိညာဉ်စစ်သည် ငါးသိန်း သွားလာလှုပ်ရှားမှုကြောင့် အမှန်ပင် လှုပ်ခတ်မှု အနည်းငယ် ရှိခဲ့ခြင်း ဖြစ်သည်။
"အင်း... အခုကြည့်ရတာတော့ ဒီသူငယ်ချင်းတွေ သေဖို့ သေချာသွားပြီပဲ။ တာတေထျန်းကျွင်း ကိုယ်တိုင် ပေါ်လာတယ်ဆိုတာ သူတို့က ကျွယ်မင်နန်းတော်က ဝမ်ယဲ့ကို... သတ်ဖို့ လုံးဝ ဆုံးဖြတ်ထားတာပဲ"
လင်ချန်၏ အာရုံမှာ ကျိရှန့်တို့အုပ်စုထံသို့ ပြန်လည် ရောက်ရှိသွားပြန်သည်။
ဝမ်ယဲ့သည် တာဝေ့စာကြည့်တိုက် မှ ဝမ်ကျန့်ချီ ကို သတ်ခဲ့သလို၊ နေနက်အင်ပါယာ မှ စစ်ဘုရင်၏သား ယွင်ရှူးကျဲ ကိုလည်း သတ်ခဲ့သည်ဟု သူ ကြားထားပြီးသား ဖြစ်သည်။ ရှေ့ကတစ်ယောက်မှာ တာတေထျန်းကျွင်းနှင့် အလွန်ရင်းနှီးသည်ဟု ဆိုကြပြီး၊ နောက်တစ်ယောက်မှာလည်း တာတေထျန်းကျွင်း၏ သူငယ်ချင်း ဖြစ်သည်ဟု ဆိုကြသည်။
ရန်သူက ယခုတစ်ခေါက် ပေါ်လာခြင်းမှာ တာဝန် အတွက် သက်သက်သာ မဟုတ်နိုင်တော့ချေ...။