← Chapters

ရှေးဟောင်းဘုရင်ရွှမ်ယုံ

Vol. 11 Ch. 172

ရှေးဟောင်းဘုရင်ရွှမ်ယုံ

Vol. 11 Ch. 172

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အကူအညီဖြင့် ရွှီချင်းက အလောင်းပေါ်မှ ဝှက်ထားသော သိုလှောင်အိတ်ကို တွေ့သွားသည်။ ထိုပစ္စည်းကို အလောင်း၏ ခန္ဓာကိုယ်ထဲတွင် မြှုပ်ထားခြင်း ဖြစ်ပြီး အထဲတွင် ပစ္စည်းများစွာ မရှိဘဲ သုံးခုသာ ရှိသည်။

ပထမပစ္စည်းက ဝိညာဉ်ကျောက်တုံးငါးရာတန်ကြေးရှိသော ဝိညာဉ်လက်မှတ်ဖြစ်သည်။

ဒုတိယတစ်မျိုးက အားဖြည့်ပေးနိုင်သည့် ဆေးလုံးများ ထည့်ထားဟန်တူသော ကျောက်စိမ်းသေတ္တာလေးတစ်လုံး ဖြစ်သည်။ သေတ္တာလေးကို ဖွင့်ကြည့်လိုက်သောအခါ ခရမ်းရောင်ဆေးလုံးတစ်လုံးကို သူ မြင်လိုက်ရသည်။

တတိယပစ္စည်းက ကျင်းကန်းဂိုဏ်းပညာရပ်နှင့် စောစောက ဂိုဏ်းစောင့်ဘိုးဘိုးပြောခဲ့သည့် ပညာရပ်တစ်ပိုင်းတစ်စကို မှတ်တမ်းတင်ထားသည့် ကျောက်စိမ်းပေလွှာလေး ဖြစ်သည်။

အယောင်ပြသုံးထားသော သိုလှောင်အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံးတစ်ရာခန့် တန်ကြေးရှိသော တိုလီမိုလီပစ္စည်းများဖြင့် ပြည့်နှက်နေသည်။

ရွှီချင်းက စိတ်ကျေနပ်ခြင်းမရှိမည်ကို သူ စိုးရိမ်ပူပန်နေသည့်အလား ခပ်သွက်သွက်ပြောလိုက်၏။

“ နောက်ဆုံးတစ်ခေါက်တုန်းက ဒုတိယမင်းသမီးက အများကြီး လိုချင်နေလို့ အခု သိပ်မကျန်တော့တာပါ ”

“ အရင်တစ်ခေါက် ဂိုဏ်းရတနာတိုက်ထဲက သိုလှောင်အိတ်ကလည်း အယောင်ပြပဲလား ”

ရွှီချင်းက ဖြည်းညင်းစွာ မေးမြန်းလိုက်သည်။

“ ဟုတ်ပါတယ် ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ တုန်ရီသွားပြီး ခပ်တိုးတိုးဖြေလိုက်သည်။

ရွှီချင်းက စကားတစ်ခွန်းမဆိုဘဲ အလောင်းကို ဖျက်ဆီးပြီးနောက် ကျင်းကန်းဂိုဏ်း၏ အပျက်အစီးပုံထဲ လိုက်လံရှာဖွေလိုက်သည်။ ထို့နောက် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ပြောခဲ့သည့် လျှို့ဝှက်ခန်းကို သူ တွေ့သွားသည်။ အခန်းထဲတွင် မည်သည့်ပစ္စည်းမျ ရှိမနေဘဲ မှော်ပစ္စည်းတစ်ခုအလား မန္တန်အစီအရင် လေးတစ်လက်သာ ရှိနေသည်။

ယင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ပြောသည့်အတိုင်း မှော်လှေများပေါ်၌ အသုံးပြုသည့်ပစ္စည်းဖြစ်ပြီး ထူးခြားသော မန္တန်အစီအရင်ဖြင့်သာ အသက်သွင်းနိုင်သည်။ ရွှီချင်းက ဒူးလေးကို ယူ၍ သိမ်းဆည်းလိုက်သည်။

ကျင်းကန်းဂိုဏ်းအပျက်အစီးထဲ သူ ဆက်လက်ရှာဖွေကြည့်လိုက်သည်။ သို့သော်ငြား ဤနေရာသည် ဆင်းရဲလွန်းပြီး ဂိုဏ်းသားအလောင်းများပေါ်၌ မည်သည့်အဖိုးတန်ပစ္စည်းမှ ရှိမနေပေ။ ဂိုဏ်းချုပ်၊ အကြီးအကဲများနှင့် တခြားလူများတွင်သာ အနည်းငယ် ပိုကောင်းသော ပစ္စည်းများ ရှိသည်။

“ သခင်လေး၊ သူတို့ကို သခင်လေး သတ်လိုက်တာ သိပ်ကောင်းပါတယ်။ ဒီသစ္စာဖောက်ကောင်တွေက ကျွန်တော်မျိုး ကျင့်ကြံနေတုန်း သစ္စာဖောက်ဖို့ ပြင်နေကြတာပါ။ အစကတော့ အချိန်တစ်ခုရောက်ရင် သူတို့ကို ကိုင်တွယ်ဖို့ ကျနော်မျိုး စီစဉ်ထားခဲ့တာပါ ”

ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ စကားများ မှန်၊ မမှန်ကို ဂရုစိုက်မနေဘဲ မွှေနှောက်ရှာဖွေပြီးသည်နှင့် ထွက်လာကာ နှင်းမုန်တိုင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ကောင်းကင်မှ မရေမတွက်နိုင်သော နှင်းခဲများ ကျဆင်းနေပြီး အနီရောင်လွင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းနေသည်။ မြေပြင်မှ ရှိရင်းစွဲ အနီရောင် ပျောက်ကွယ်ကာ အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။

လေက ပို၍ပင် သည်းခြေခိုက်လုမတတ် အေးစက်နေပြီး ကမ္ဘာမြေတစ်လွှား အအေးဓာတ်ကို ရောက်ရှိသွားစေချင်နေသည့်အလား နှင်းပွင့်လေးများကိုပါ သယ်ဆောင်သွားသည်။

ဤဆောင်းရာသီ၌ လူအမြောက်အမြား သေကြေကြလိမ့်မည်။

ရွှီချင်းက အင်္ကျီကို တင်းတင်းကြပ်ကြပ်ဖြစ်အောင် ဆွဲယူလိုက်ပြီး မြေရိုင်းဒေသတစ်လျှောက် ခရီးဆက်သွားသည်။ ရတနာမုဆိုးစခန်းသို့ သူ ပြန်မသွားတော့ဘဲ အနီရောင်လွင်ပြင်အစွန်အဖျားရှိ မြို့ကြီးသို့ ညကြီးမင်းကြီး မြန်မြန်သွက်သွက် ခရီးဆက်နေသည်။

“ ချီရွှဲ့ထုံဂိုဏ်းကို ငါ မြန်မြန် ပြန်မှဖြစ်မယ်။ ဒီမှာ ကြာကြာနေလို့မရဘူး ”

ရွှီချင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် ပြောရင်းဆိုရင်း မျက်လုံးများထဲမှ အေးစက်စက်ဝင်းလက်သွားပြီး သံတုတ်လေးကို ထည့်ထားသည့် သားရေအိတ်ရှုံ့အား လှမ်းကြည့်လိုက်သည်။

လက်နက်စောင့်ဝိညာဉ်အဖြစ် ပြောင်းလဲသွားသော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးအား ဖျက်စီးပစ်သင့်၊ မသင့် သူ မဆုံးဖြတ်ရသေးပေ။ သူက အကျိုးနှင့်အပြစ်ကို ရင်ထဲတွင် ချိန်ဆကြည့်လိုက်ရင်း လီထူဂိုဏ်းအကြောင်းကို ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးအား တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ သူ့အသက်အတွက် စိတ်မချရသေးသည်ကို ခံစားမိလိုက်ပြီး ခါးသက်သက်ခံစားလိုက်ရသည်။ တချိန်တည်းမှာပင် သူသည် မည်သည့်အရာကိုမျှ မကွယ်ဝှက်ဝံ့ဘဲ သူသိသမျှ အရာအားလုံးကို အမှန်အတိုင်း မခြွင်းမချန် ပြောပြလိုက်သည်။

“ လီထူဂိုဏ်းက ချီရွှဲ့ထုံဂိုဏ်း၊ ကျစ်ထူဂိုဏ်း၊ ကျန်းလီကျစ်ယင်ဂိုဏ်းတွေနဲ့ တစ်တန်းတည်းမှာ ရှိတယ်။ ပြီးတော့ လီထူဂိုဏ်းရဲ့ပင်မဂိုဏ်းက ဝမ်ကူးဒေသကြီးမှာရှိတယ်။ နန်းဟွမ်ဒေသက လီထူဂိုဏ်းက အဲဒီဝမ်ကူးဒေသကြီးက ဂိုဏ်းရဲ့အခွဲပဲ ”

“ လီထူဂိုဏ်းကလည်း ဝမ်ကူးဒေသကြီးကလား ”

ရွှီချင်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို လှမ်းကြည့်လိုက်သည်။ နန်းဟွမ်ဒေသကြီးထဲရှိ အင်အားစုများအကြောင်းကို သူ သိထားပါသော်လည်း အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကဲ့သို့ ကောင်းစွာ မသိထားပေ။

ရွှီချင်း၏ လေသံထဲရှိ သံသယအရိပ်အယောင်များကို သတိထားမိလိုက်၍ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက သူ့တန်ဖိုးအား ပြသရမည့်အချိန်ရောက်ပြီဟူ၍ ခံစားလိုက်ရပြီး ချက်ချင်းပင် အလျင်အမြန် ရှင်းပြလိုက်သည်။

“ သခင်လေး၊ နန်းဟွမ်ဒေသကြီးထဲက အဓိကဂိုဏ်းကြီးလေးဂိုဏ်းထဲမှာ ဒေသခံစစ်စစ် ကျစ်ထူဂိုဏ်းကလွဲရင် တခြားဂိုဏ်းသုံးဂိုဏ်းရဲ့ ဇစ်မြစ်က နန်းဟွမ်ဒေသကြီးမှာ မဟုတ်ပါဘူး ”

“ အဲဒီထဲမှာ ချီရွှဲ့ထုံဂိုဏ်းကိုပဲ ဥပမာပြောပြပါမယ်။ ချီရွှဲ့ထုံဂိုဏ်းက တောင်ထိပ်ခုနစ်လုံးက တစ်ခုတည်းလို့ ထင်ရပေမဲ့ တကယ်တော့ တောင်ထိပ်အများစုက ကိုယ်ပိုင်အုပ်ချုပ်ကြတာ။ သူတို့က ချီရွှဲ့ထုံဂိုဏ်းရဲ့ စည်းမျဉ်းတွေအောက်မှာ အတူတူနေထိုင်ကြတာပဲ ရှိတယ်။ နှစ်ပေါင်းများစွာကြာလာတော့ အဲဒီတောင်ထိပ်တွေက အတူတူ ပေါင်းစပ်သွားကြတာပဲ ”

“ ဘာလို့ အဲဒီလိုဖြစ်နေရတာလဲဆိုတော့ ချီရွှဲ့ထုံဂိုဏ်းက တောင်ထိပ်ခုနစ်လုံးက တကယ်တော့ ဝမ်ကူးဒေသကြီးထဲမှာရှိတဲ့ လူသားမျိုးနွယ်ထဲက ခုနစ်ဂိုဏ်းမဟာမိတ်ရဲ့ အဖွဲ့ဝင်ခုနစ်ယောက်က နန်းဟွမ်ဒေသကြီးထဲမှာ ဂိုဏ်းခွဲတစ်ခုကို အတူတူပေါင်းပြီး တည်ထောင်ခဲ့ကြလို့ပါ ”

“ အဲဒီလိုဂိုဏ်းခွဲလေးတွေကို အဆုံးမဲ့ပင်လယ်ကြီးထဲက လူသားမျိုးနွယ်ရှိတဲ့ တခြားကျွန်းတွေမှာလည်း ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့ နန်းဟွမ်ဒေသကြီးက အဆုံးမဲ့ပင်လယ်ကြီးထဲက အကြီးဆုံးကျွန်းတွေထဲက တစ်ကျွန်းဖြစ်နေတော့ ဒီမှာရှိတဲ့ဂိုဏ်းခွဲက အင်အားတောင့်တင်းနေရတာပါ ”

“ ကျန်းလီကျစ်ယင်ဂိုဏ်းကတော့ သိပ်ထူးဆန်းလွန်းလို့ ကျနော်မျိုးလည်း ကောင်းကောင်း မသိပါဘူး ”

ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ ထိုစကားများကို ပထမဆုံးအကြိမ်အဖြစ် သူ ကြားဖူးခြင်း ဖြစ်သည်။

“ ဝမ်ကူးဒေသခုနစ်ဂိုဏ်းမဟာမိတ်လား ”

“ ဝမ်ကူးဒေသကြီးက သိပ်ကြီးပါတယ်။ လူသားမျိုးနွယ်ဆိုတာ ဝမ်ကူးဒေသကြီးထဲမှာ နေရာကျဉ်းကျဉ်းလေးပဲ ရှိပါတယ်။ ဒါပေမဲ့ အဲဒါတောင် အဲဒီနေရာကျဉ်းကျဉ်းလေးက သိပ်ကျယ်ပြန့်ပါတယ်။ အဲဒီကို မရောက်ဖူးလို့ ဘယ်လောက်တောင် ကျယ်ပြန့်လဲ ကျနော်မျိုး မသိပေမဲ့ ခုနစ်ဂိုဏ်းမဟာမိတ်က ကမ်းလွန်ပင်လယ်ပြင်က လူသားမျိုးနွယ်ထဲမှာ အတော်လေးအင်အားကြီးပါတယ်။ ဒါပေမဲ့ လူသားမျိုးနွယ်စုတစ်ခုလုံးနဲ့ ယှဉ်ရင်တော့ အဲဒီမဟာမိတ်ကလည်း အင်အားအကြီးဆုံးအုပ်စု မဖြစ်နိုင်ပါဘူး ”

“ ဒါက နှိုင်းယှဉ်ကြည့်ရုံပါပဲ။ ကျနော်မျိုးအတွက်တော့ နန်းဟွမ်ဒေသကြီးထဲက ချီရွှဲ့ထုံဂိုဏ်းရဲ့တောင်ထိပ်တစ်လုံးတင် ကြီးမားနေပါပြီ ”

ရွှီချင်း၏ရင်ထဲ ဝုန်းဒိုင်းကျဲသွားရသည်။ သူက ခေါင်းမော့၍ အဝေးရှိ ကောင်းကင်ကြီးကို ကြည့်လိုက်သည်။ ဤလောကကြီးနှင့် ပတ်သက်၍ သူ၏ နားလည်မှုများ တိုးပွားလာရပြန်သည်။

“ ဒါပေမဲ့ လီထူဂိုဏ်းအကြောင်းကို ကျနော်မျိုး သိတယ်။ ဒီလောကကြီးတစ်ခုလုံးက မရေမတွက်နိုင်တဲ့ မျိုးနွယ်တွေမှာ လီထူဂိုဏ်းကို သက်ဝင်ယုံကြည်သူတွေ ရှိပါတယ်။ လီထူဂိုဏ်းရဲ့ တန်ခိုးအာဏာကလည်း သိပ်ကြီးတယ်။ အဲဒါက လီထူဂိုဏ်းရဲ့ အယူဝါဒကြောင့်ပါ ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ဆက်ပြောလိုက်သည်။

“ လီထူဂိုဏ်းရဲ့အယူဝါဒက ဒီလောကပျက်ကြီးထဲကနေ လွတ်မြောက်ရေးပါ။ သူတို့က နတ်ဘုရားမျက်နှာပျက်ကြီး ရောက်လာတဲ့ ရှေးခေတ်တုန်းက ထွက်သွားကြတဲ့ ရှေးဘုရင်တွေနဲ့ အရှင်သခင်တွေကို အရူးအမူးယုံကြည်သက်ဝင်ကြပါတယ်။ တစ်နေ့ကျရင် ရှေးဘုရင်တွေနဲ့ အရှင်သခင်တွေ တည်ဆောက်ထားတဲ့ မြင့်မြတ်တဲ့နယ်မြေဆီ သူတို့ ခေါ်ဆောင်ခံရမယ်လို့ ယုံကြည်နေကြတာပါ ”

“ လီထူဂိုဏ်းမှာ ဂိုဏ်းခွဲတွေအများကြီး ရှိနေရတဲ့အကြောင်းရင်းက သူတို့ဂိုဏ်းမှတ်တမ်းထဲမှာ ရှေးခေတ်တုန်းက ထွက်သွားခဲ့ပြီး မြင့်မြတ်တဲ့နယ်မြေတွေကို ဖန်တီးခဲ့တဲ့ ရှေးဘုရင်တွေနဲ့ အရှင်သခင်တွေက စုစုပေါင်းကိုးယောက် ရှိလို့ပါ ”

“ အဲဒါကြောင့် လီထူဂိုဏ်းကို ဂိုဏ်းခွဲကိုးခုအဖြစ် ခွဲထားပြီးတော့ သူတို့က ရှေးဘုရင်တွေနဲ့ အရှင်သခင်တွေကို ယုံကြည်သက်ဝင်ကြပါတယ်။ ဂိုဏ်းခွဲတစ်ခုနဲ့တစ်ခုမှာ ရင်းနှီးတဲ့ဆက်ဆံရေး မရှိပါဘူး။ သူတို့ယုံကြည်သက်ဝင်တဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်ကပဲ သူတို့ကို အဝေးကို ခေါ်ဆောင်သွားမယ်လို့ သူတို့ ထင်နေကြပါတယ် ”

“ အဲဒီရှေးဘုရင်တွေနဲ့ အရှင်သခင်တွေထဲမှာ လူသားတွေလည်း ပါသလို လူသားမဟုတ်တဲ့သူတွေလည်း ပါပါတယ်။ အဲဒါကြောင့်လည်း လီထူဂိုဏ်းကို သက်ဝင်ယုံကြည်သူတွေက မျိုးနွယ်အသီးသီးမှာ ရှိနေတာဖြစ်ပါတယ် ”

ထိုစကားများကို ကြားလိုက်ရသောအခါ ရွှီချင်း၏ ရင်ထဲ တုန်ခါသွားရပြီး ချက်ချင်းပင် နားလည်သွားကာ မေးမြန်းလိုက်သည်။

“ အရှင်သခင်နဲ့ ရှေးဘုရင်တွေက ဘယ်လိုမျိုးလဲ ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ဆွံ့အသွားသည်။ သူသည်လည်း မသိပေ။ သို့သော် ရွှီချင်းက သူ၏သေရေးရှင်ရေးကို ချိန်ဆနေသည့်အခါတွင်ဖြစ်နေ၍ မသိကြောင်း မပြောချင်သည့်အတွက် ခက်ခက်ခဲခဲစဉ်းစားပြီးနောက် ဖြေလိုက်သည်။

“ ရှေးဘုရင်တွေနဲ့ အရှင်သခင်တွေရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကျနော်မျိုး မခန့်မှန်းတတ်ပေမဲ့ ရှေးဟောင်းစာအုပ်တချို့မှာ ဖတ်ရသလောက် ဝမ်းကူးဒေသကြီးကို သွေးစည်းညီညွတ်အောင် လုပ်ပြီး မျိုးနွယ်တွေအားလုံးကို အုပ်ချုပ်တဲ့သူကို ရှေးဘုရင်တွေလို့ ခေါ်ပါတယ် ”

“ ရှေးဘုရင်တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ကျင့်ကြံသူတွေကို အရှင်သခင်တွေလို့ ခေါ်ပါတယ်။ သူတို့က ဝမ်ကူးဒေသကြီးကို စည်းလုံးညီညွတ်အောင် မလုပ်ခဲ့ပေမဲ့ မိုးမြေတုန်ဟီးစေလောက်တဲ့အစွမ်းမျိုး ရှိကြပါတယ် ”

ရွှီချင်း၏ မျက်လုံးများထဲတွင် ရူးသွပ်စွဲလမ်းသည့်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပါသော်လည်း သူ စကားမပြောပေ။

ရွှီချင်း၏အမူအရာကိုကြည့်၍ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ အမှန်စင်စစ် ထိုအဖြေက မှန်သလား၊ မှားသလား ဆိုသည်ကို သူ မသိပေ။ ထို့ပြင် သူ ဖတ်ခဲ့သည့် ရှေးဟောင်းစာအုပ်များဆိုသည်မှာလည်း အများအားဖြင့် ဝတ္ထုစာအုပ်များသာ ဖြစ်ပေသည်။

သူက အလျင်အမြန်ပင် စကားလမ်းကြောင်းပြောင်း၍ လီထူဂိုဏ်းအကြောင်း ဆက်လိုက်သည်။

“ လီထူဂိုဏ်းရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်ကို စစ်မင် လို့ခေါ်ပါတယ်။ ဒဏ္ဍာရီတွေအရတော့ သူက ဒီလောကကြီးထဲက ကျင့်ကြံသူတစ်ဦးမဟုတ်ဘဲ မြင့်မြတ်တဲ့နယ်မြေတစ်ခုကနေ လာတယ်လို့ ပြောပါတယ်။ သူက လီထူဂိုဏ်းရဲ့ အယူဝါဒတည်ထောင်သူဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်ပါတယ် ”

“ ဂိုဏ်းခွဲကိုးခုရဲ့ခေါင်းဆောင်တွေကတော့ သူတို့ကိုယ်သူတို့ သူတော်စင်တွေလို့ သမုတ်ကြပါတယ် ”

“ နန်းဟွမ်ဒေသကြီးထဲက ဂိုဏ်းက ရွှမ်ယုံဂိုဏ်းခွဲတစ်ခုပါ။ တကယ့်ရွှမ်ယုံဂိုဏ်းဌာနချုပ်က ဝမ်ကူးဒေသကြီးမှာ ရှိပါတယ်။ သူတို့က လူသားမျိုးနွယ်ရဲ့ ရှေးဘုရင် ရွှမ်ယုံကို ယုံကြည်သက်ဝင်ကြပါတယ် ”

“ နတ်ဘုရားမျက်နှာပျက်ကြီး မရောက်ခင် ရှေးဟောင်းစာအုပ်တွေထဲမှာ ရွှမ်ယုံခေတ်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီခေတ်ကို ဝမ်းကူးဒေသကြီးကို စည်းလုံးညီညွတ်အောင် လူသားမျိုးနွယ်ကို ဦးဆောင်ခဲ့တဲ့ ရှေးဘုရင်ရွှမ်ယုံက တည်ထောင်ခဲ့တာပါ ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ စကားများကို ကြားပြီး ရွှီချင်း၏အတွေးများ ယောက်ယက်ခတ်သွားရသည်။ သူက မိုးသောက်ယံသို့ ရောက်သည့်တိုင်အောင် တစ်လမ်းလုံး ပြေးလွှားနေခဲ့သည်။ နေမင်းကြီး မြင့်တက်လာသည့်အခါတွင် ရွှီချင်းက သူ၏ပန်းတိုင်ကို လှမ်းမြင်လိုက်ရသည်။

အနီရောင်လွင်ပြင်၌ ညစ်ပတ်စုတ်ပြတ်နေသည့်ထိုမြို့ထဲတွင်သာ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်ရှိသည်။

ထိုနေရာသို့ရောက်သောအခါတွင် ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သည်။

“ ခင်ဗျားရဲ့ဆေးလုံးက ဘယ်လိုဆေးမျိုးလဲ ”

“ အဲ … အဲဒါက ဝေလဝိညာဉ်ဆေးပါ။ အဲဒီဆေးကို သောက်ရမယ့်နည်းက အတော်လေး ထူးခြားပြီး ချက်ချင်း သောက်လို့မရပါဘူး။ ကျောက်စိမ်းသေတ္တာထဲမှာ ရက်တစ်ရာလောက် ထည့်ထားပြီး အရည်ပျော်တော့မှပဲ သောက်လို့ရပါတယ်။ ဒါပေမဲ့ အချိန်ကို တွက်ကြည့်ရသလောက် နောက်ထပ်သုံးရက်ပဲ လိုပါတော့တယ် ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အဝေးရှိမြို့ကို လှမ်းကြည့်လိုက်ပြီး ခပ်သွက်သွက်ဖြေလိုက်သည်။

“ ကျုပ်က တိတ်ဆိတ်တာကို သဘောကျတယ် ”

ရွှီချင်းက ရုတ်တရက် ပြောလိုက်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး တုန်ရီသွားပြီး နောက်ထပ်ပြောရန် ပြင်လိုက်စဉ် ဖိအားတစ်ခု ရောက်လာပြီး သံတုတ်လေးကို ဖုံးလွှမ်းသွားလေရာ လက်နက်စောင့်ဝိညာဉ်ဖြစ်သော သူမှာ ဒဏ်ရာရကာ ချုပ်နှောင်ခံလိုက်ရသည်။

ပထမအလွှာ ချုပ်နှောင်ပြီးသည့်တိုင်အောင် ရွှီချင်းမှာ စိတ်မချသေးပေ။ သူ၏အာရုံခံနိုင်စွမ်းကို တိုးမြှင့်လိုက်ပြီး ဝိညာဉ်အလွှာတစ်လွှာပြီးတစ်လွှာဖြင့် ချုပ်နှောင်လိုက်သည်။ ထိုအခါမှသာ သူ စိတ်အေးလက်အေး ဖြစ်သွားရသည်။

ထိုအချုပ်အနှောင်များအောက်တွင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အလွန် အားနည်းကာ လွင့်ပါးပျောက်ကွယ်သွားတော့မည့်အလား ဖြစ်သွားပြီး တဖြည်းဖြည်း အိပ်မောကျသွားသည်။

နောက်ဆုံး၌ ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို သတ်ဖြတ်ရန် မရွေးချယ်ခဲ့ပေ။ သံတုတ်ကလေးကို ပြီးပြည့်စုံသွားစေသည့် လက်နက်စောင့်ဝိညာဉ်၏ တန်ဖိုးက သူ့ကို ဆက်လက်ထိန်းသိမ်းရန် ဆုံးဖြတ်ချက်ချစေခဲ့သည်။

သို့သော်လည်း သူ့မှာ ၎င်းကို စစ်ဆေးရန် တခြားနည်းလမ်းများ မရှိသေးခင်နှင့် အခြေတည်အဆင့်သို့လည်း မရောက်သေးခင်အတောအတွင်း ၎င်းကို လှုပ်နှိုးရန် အစီအစဉ်မရှိပေ။ ၎င်းက မနာခံပါက ဖျက်ဆီးပစ်ရန်လည်း သူ စီစဉ်ထားပြီးဖြစ်သည်။

ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ မြို့ထဲသို့ သူ မဝင်သေးဘဲ လမ်းကြောင်းပြောင်း၍ လျှောက်သွားလိုက်သည်။

ညအချိန် ချီရွှဲ့ထုံဂိုဏ်းသို့ ပြန်မည်ဟု သူ တီးတိုးရေရွတ်ခဲ့သည့်အကြောင်းအရင်းမှာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ကြားသွားစေရန်ဖြစ်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက လက်နက်စောင့်ဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီး တချိန်လုံး ရိုးသားနေခဲ့ပါသော်ငြား ရွှီချင်း သူ့ကို လုံးဝဥဿုံ မယုံကြည်သေးပေ။

သို့ဖြစ်၍ ချီရွှဲ့ထုံဂိုဏ်းကို ပြန်မည်ပြောခြင်းက ဦးတည်ချက်လွဲသွားစေရန်ဖြစ်ပြီး ဆေးလုံးအကြောင်း မေးမြန်းခြင်းက စစ်ဆေးခြင်းဖြစ်သည်။

ဆေးလုံးနှင့် ပတ်သက်၍ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသာ လိမ်ညာခဲ့ပါက သူ့ကို ရွှီချင်း သတ်ပစ်မည်ဖြစ်သည်။ ထို့ပြင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတွင် သူ့လမ်းကြောင်းကို ခြေရာခံနိုင်သည့် အထူးနည်းလမ်းများ ရှိနေခဲ့လျှင် အသုံးဝင်တော့မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ရွှီချင်းက အချိန်အတိုင်းအတာတစ်ခုအထိ ချီရွှဲ့ထုံဂိုဏ်းသို့ ပြန်မသွားရန် စီစဉ်ထားသည့်အတွက်ကြောင့် ဖြစ်သည်။

ရွှီချင်းက အရှိန်တင်၍ ဆက်သွားလိုက်ပြီး ပျံသန်းစေနိုင်သော အဆောင်ကိုပင် အသုံးချလိုက်သည်။

ညအခါသို့ ရောက်သွားပြီး နားနေရန် လျှို့ဝှက်သော ဂူတစ်ဂူကို ရှာတွေ့သောအခါမှသာ သူ ရပ်လိုက်သည်။ သူက ဂူဝင်ပေါက်၌ အဆိပ်မှုန့်များကို ပက်လိုက်ပြီး ဂူအပေါ်သို့လည်း ပက်လိုက်သည်။ ထိုအခါမှသာ သူက တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ဆေးလုံးထည့်ထားသည့် ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည်။

“ ခင်ဗျားရဲ့အသက်က ဒီဆေးလုံးက ခင်ဗျားပြောသလို ဟုတ်၊ မဟုတ်ဆိုတဲ့အပေါ်မှာ မူတည်တယ် ”

ရွှီချင်းက ကျောက်စိမ်းသေတ္တာကို ကြည့်လိုက်သည်။ ထို့နောက် ကျောက်စိမ်းသေတ္တာကို ခပ်လှမ်းလှမ်းတွင် ချထားလိုက်ပြီး ခြေလှမ်းအနည်းငယ်ဆုတ်၍ ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ပြီးသည်နှင့် ကျောက်စိမ်းသေတ္တာသို့ လက်ညှိုးညွှန်လိုက်သည်။

ရုတ်တရက် ကျောက်စိမ်းသေတ္တာက တဖျစ်ဖျစ်မြည်၍ ဖြည်းညင်းစွာ ပွင့်လာပြီး ပြင်းထန်စူးရှသော ဆေးနံ့က သူ့အာရုံများကို လာရောက်တိုးဝှေ့လေသည်။

All Chapters