← Chapters

အခန်း (၉၀၁-၉၀၃)

Vol. 61 Ch. 901-903

အခန်း (၉၀၁-၉၀၃)

Vol. 61 Ch. 901-903

အခန်း ၉၀၁ - ရီထျန်းဂိုဏ်းက လူသစ်လက်ခံသေးလား

"မင်းကို ငါမေးနေတယ်လေ။ နားလည်လားလို့"

သေလုမျောပါးဖြစ်နေသည့် ကျီတိဖုကိုကြည့်ရင်း ကျန်းမုန့်လောင်က ခပ်ကျယ်ကျယ်ပြောလိုက်၏။

"နား... နားလည်ပါတယ်..."

ထိုအချိန်တွင်မူ ကျီတိဖု၏ မျက်လုံးထဲရှိ နောက်ဆုံးမျှော်လင့်ချက်ရောင်ခြည်လေးပါ လုံးဝပျောက်ကွယ်သွားလေပြီ။

"မင်းတို့ကောင်တွေရော ဘယ်လိုလဲ"

ကျန်းမုန့်လောင်က ကျန်လူများကို လှည့်ကြည့်လိုက်သည်။

ကျန်နေသေးသည့် လူအယောက်တစ်ရာကျော်မှာ အရှက်မခွဲခံရသေးသော်လည်း ကျီတိဖုလို အဖြစ်ဆိုးနှင့် ကြုံရမည်ကိုတွေးပြီး လူတိုင်း အကြောက်လွန်နေကြသည်။ သောင်းနှင့်ချီသော အဆင့်မြင့်သက်ရှိများ၏ ဝိုင်းရံခြင်းကို ခံထားရသဖြင့် ထွက်ပြေးရန်ဟူသည့်အတွေးမျိုးလည်း သူတို့ခေါင်းထဲတွင် လုံးဝမရှိတော့ချေ။

"ကျွန်တော်တို့ နားလည်ပါပြီ"

အစပိုင်းတွင် သူတို့အနေနှင့် ဓားပြတိုက်ခြင်း မအောင်မြင်ဘူးဟုသာ ထင်ခဲ့ကြသည်။ အကျိုးအမြတ်မရသည့်အပြင် ဝမ်စီခုန်းအမည်ရသည့် ဤလူက ယုတ်မာသော နည်းလမ်းများကို အသုံးပြုရုံသာမက အငြိုးအတေးပါ ကြီးမားလှသည်။ အဆင့်ရှစ် အထွတ်အထိပ် သက်ရှိတစ်ယောက်ကို အရှက်ခွဲရန် တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ပြီး ယုတ်မာလိမ့်မည်ဟု သူတို့ လုံးဝထင်မှတ်မထားခဲ့ကြပေ။

ယခုမူ သူတို့သည် လူ့အခွင့်အရေး တစ်စက်လေးမှမရှိသည့် အကျဉ်းသားများသာဖြစ်ကြောင်း သဘောပေါက်သွားကြလေပြီ။ သူတို့ အရှက်ခွဲခံရဖို့မှာ ကျန်းမုန့်လောင်၏ နှုတ်ဖျားပေါ်တွင်သာ မူတည်နေပြီး သူတို့ အသတ်ခံရဖို့ကလည်း ကျန်းမုန့်လောင်၏ အတွေးတစ်ချက်ပေါ်တွင်သာ မူတည်နေတော့သည်။

သူတို့တွင် ညှိနှိုင်းနိုင်သည့် စွမ်းအားမျိုး လုံးဝမရှိတော့ပေ။ ထိုအခိုက်အတန့်တွင် သူတို့၏ ခုခံလိုစိတ်များလည်း လုံးဝပျောက်ကွယ်သွားခဲ့ချေပြီ။

"သူ့ကိုဖုံးဖို့ သစ်ရွက်တစ်ရွက်လောက် သွားယူပေးလိုက်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အကြာကြီးကြည့်မိရင် ငါ့မျက်လုံးတွေ စွန်သွားဦးမယ်"

"ဟုတ်ကဲ့ပါ မစ္စတာဝမ်"

အဆင့်ခြောက် သက်ရှိတစ်ယောက်က သစ်ရွက်ကြီးတစ်ရွက်ကို အပြေးအလွှား သွားယူပေးသည်။

"မင်း ဘာလုပ်နေတာလဲ"

ကျန်းမုန့်လောင်က မကျေမနပ်ဖြစ်သွားပြန်သည်။

"ဒီလောက်ကြီးတဲ့ သစ်ရွက်ကြီးနဲ့... မင်းက သူ့ကို အထင်ကြီးလွန်းနေတာပဲ။ အဲ့ဒါက ယဉ်ကျေးရာကျလို့လား။ မင်း သူ့ကို လှောင်နေတာလို့တောင် ငါသံသယဝင်လာပြီ"

"သူနဲ့တော်လောက်မယ့် သစ်ရွက်ပဲ ပေးစမ်းပါ။ ဟိုဟာဆိုရင် အတော်ပဲ"

ကျန်းမုန့်လောင်က အနီးအနားရှိ ခြုံပုတ်တစ်ခုမှ ထိကရုန်းပင် အရွယ်အစားခန့်ရှိသော သစ်ရွက်တစ်ရွက်ကို လက်ညှိုးထိုးပြလိုက်သည်။

ဤမျှအထိ အရှက်ခွဲခံလိုက်ရပြီးနောက် ကျီတိဖုတွင် အခြားအတွေးများ မရှိတော့ချေ။ သူ မြန်မြန် ထွက်သွားချင်နေပြီဖြစ်၏။ တတ်နိုင်လျှင် ဤစကြဝဠာကြီးထဲမှ ထွက်ခွာပြီး သူ့ကို မည်သူမှမသိနိုင်သည့် နေရာတစ်ခုကိုရှာကာ အထီးကျန်စွာဖြင့် ဘဝကို ဖြတ်သန်းချင်သွားမိသည်။

"မစ္စတာဝမ်... ကျွန်တော်တို့ကို ပြန်လွှတ်ပေးဖို့ ဘာတွေလိုအပ်မလဲဆိုတာ ပြောပြပေးပါ"

ကျီတိဖုက အားနည်းလှသော အသံဖြင့် ပြောလိုက်သည်။

"အင်းလေ... ဒါဆိုရင်လည်း ဒီစာရင်းကို သေချာရှင်းကြတာပေါ့"

ကျန်းမုန့်လောင်က ဆိုသည်။

"မင်းတို့ ငါ့ကို နစ်နာအောင်လုပ်ခဲ့တာတွေ တော်တော်များတယ်။ ဒါပေမဲ့ ငါက အကြောင်းပြချက်မရှိ ရစ်တတ်တဲ့လူလည်း မဟုတ်သလို သွေးအေးလူသတ်သမားလည်း မဟုတ်ဘူး။ ငါ့ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးရင် မင်းတို့ကို ထပ်ပြီး ဒုက္ခမပေးတော့ဘူး"

"လျော်ကြေးအနေနဲ့ စကြဝဠာဒင်္ဂါးတစ်သောင်း ပေးပါ့မယ်"

ကျီတိဖုက ပြောလိုက်သည်။

"ကျွန်တော်က စကြဝဠာဒင်္ဂါးတစ်ထောင် ပေးပါ့မယ်"

"ကျွန်တော်က စကြဝဠာဒင်္ဂါးငါးရာပေးပါ့မယ်"

ကျန်အဆင့်ခြောက်နှင့် အဆင့်ခုနစ် သက်ရှိတစ်ရာကျော်ကလည်း ဝင်ပြောကြသည်။

"ဝိုး... တော်တော်ရက်ရောကြတာပဲ။ စကြဝဠာဒင်္ဂါးတစ်သောင်းဆိုတာ အလယ်အလတ်အဆင့်ရှိတဲ့ အဆင့်ငါးမျိုးနွယ်စုတစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုနဲ့တောင် သွားတူနေပြီ"

"ဒီတစ်ကြိမ်တော့ အမြတ်ထွက်တာ သေချာသွားပြီ။ လူတစ်ရာကျော်ဆိုတော့ အားလုံးပေါင်းလိုက်ရင် စကြဝဠာဒင်္ဂါးတစ်သိန်းလောက်တော့ ရှိမယ်မလား"

"ဒီတစ်ခေါက်တော့ ဝမ်စီခုန်း ထီပေါက်တာပဲ"

...

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသူများလည်း အားကျသွားကြသည်။ ကျန်းမုန့်လောင်သည် လက်ဆောင်များမှတစ်ဆင့် ဝင်ငွေအမြောက်အမြားကို ရရှိခဲ့ရုံသာမက များပြားလှသော လျော်ကြေးငွေများကိုပါ ရရှိလိုက်သည်။

"ဒီလောက်လေးပဲလား"

ကျန်းမုန့်လောင် မကျေမနပ်ဖြစ်သွားသည်။

"ငါ့ကို တောင်းစားနေတဲ့ သူတောင်းစားလို့များ ထင်နေလား။ ဒီပိုက်ဆံနည်းနည်းလေးနဲ့ ငါ့ကို ပထုတ်ချင်နေတာလား"

"ဟင်"

"အဲ့ဒါက မလောက်သေးဘူးလား။ သူပြောနေတာ လူစကားရောဟုတ်ရဲ့လား"

"သူတောင်းစားကို ပထုတ်တာတဲ့လား။ စကြဝဠာဒင်္ဂါး သောင်းဂဏန်းလောက်ပေးပြီး သူတောင်းစားကို မောင်းထုတ်တာ ဘယ်သူများ မြင်ဖူးလို့လဲ။ ငါလည်း ဒီလိုသူတောင်းစားမျိုး ဖြစ်ချင်လိုက်တာ"

"ဒါဆို သူက ဘယ်လောက်တန်တဲ့ လျော်ကြေးကို လိုချင်နေတာလဲ"

...

စကားပြောဝိုင်းထဲတွင် ဆွေးနွေးငြင်းခုံမှုလှိုင်းလုံးကြီးတစ်ခု ထပ်မံပေါက်ကွဲသွားပြန်သည်။

"ငါမှတ်မိသလောက်ဆိုရင် ကျီတိဖု.. မင်းက တန်ကြေးသန်းနဲ့ချီတဲ့ အဆင့်ငါးအထွတ်အထိပ် မျိုးနွယ်စုကို ပိုင်ဆိုင်ထားတဲ့ အဆင့်ရှစ် အထွတ်အထိပ်သက်ရှိမဟုတ်လား"

"မင်းရဲ့ ကျွန်ကုန်သွယ်ရေးနဲ့ ဂြိုဟ်ရောင်းတဲ့ စီးပွားရေးတွေကိုပါ ထည့်ပေါင်းလိုက်ရင် မင်းရဲ့ပိုင်ဆိုင်မှုတွေက အနည်းဆုံး စကြာဝဠာဘဏ်မှာ ကြယ်လေးပွင့်အဆင့်ရှိပြီး စကြဝဠာဒင်္ဂါးတစ်သန်းရှိတယ်နော်။ ငါ့ကို တစ်သောင်းတည်းနဲ့ လာပထုတ်ချင်နေတာ။ ငါ့ကို ငတုံးလို့များ ထင်နေတာလား"

"ပြီးတော့ မင်းတို့တွေလည်း ပါတယ်"

ကျန်းမုန့်လောင်က အခြားသူများကို လှောင်ပြုံးပြုံးပြလိုက်သည်။

"မင်းတို့ရဲ့ စုစုပေါင်းပိုင်ဆိုင်မှုက ခုနကပြောတဲ့ ပမာဏထက် အနည်းဆုံး အဆတစ်ရာလောက်တော့ ပိုများတယ်မလား။ ဝမ်စီခုန်းဆိုတဲ့ငါက ဒီပိုက်ဆံနည်းနည်းလေးပေးပြီး အနိုင်ကျင့်လို့ရတယ်များ ထင်နေကြတာလား"

"ဆက်ရိုက်စမ်း"

ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။

"နေ... နေပါဦး"

ကျီတိဖုခမျာ ထိတ်လန့်တကြား ပြောလိုက်သည်။

"ဒါဆိုလည်း ပမာဏတစ်ခုလောက် ပြောပါ"

"အင်း... ဒါဆိုလည်း တွက်ကြည့်ရတာပေါ့"

ကျန်းမုန့်လောင်က တဟားဟားရယ်လိုက်သည်။

"ပထမဆုံးအနေနဲ့ ငါ့ရဲ့စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးအကြောင်း ပြောရအောင်။ ငါက အများကြီး မတောင်းပါဘူး။ စကြဝဠာဒင်္ဂါးတစ်သန်းဆိုတာ အကြောင်းပြချက် မခိုင်လုံတာမျိုး မဟုတ်ပါဘူးနော်။ ဘာပဲဖြစ်ဖြစ် ငါက ရီထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ။ ဒီနေ့ အနိုင်ကျင့်ခံလိုက်ရပြီး နောက်ပိုင်း ဂိုဏ်းထဲမှာ လှောင်ပြောင်ခံရရင် ငါ့အတွက် အရမ်းရှက်ဖို့ကောင်းတယ်"

"အဟွတ် အဟွတ်..."

ဤပမာဏတစ်ခုတည်းကပင် အခြားသူများအားလုံးကို သတိလစ်မတတ် ဖြစ်သွားစေသည်။

ကျီတိဖုကို မထည့်တွက်လျှင် သူတို့ထဲရှိ အများစုမှာ စကြဝဠာဒင်္ဂါး တစ်သန်းပြည့်အောင်စုဖို့ သူတို့၏ အိတ်ကပ်ထဲရှိသမျှ အကုန်ထုတ်ရမည်ဖြစ်၏။ ထို့ပြင် ကျန်းမုန့်လောင်၏ လေသံအရ သူသည် ဤမျှဖြင့် ကျေနပ်မည့်ပုံမပေါ်ပေ။

"ဒီနေ့ ငါ ထိခိုက်ဒဏ်ရာ မရလိုက်ဘူးဆိုတော့ ဆေးဖိုးဝါးခတော့ မတောင်းတော့ပါဘူး"

ကျန်းမုန့်လောင်၏ ဤစကားကြောင့် သူတို့ သက်ပြင်းချနိုင်သွားသည်။

"ဒါဆို အကြီးစားပမာဏကို တွက်ကြည့်ကြရအောင်"

ကျန်းမုန့်လောင်က ပြောသည်။

"ကြည့်... ငါ့ဘော်ဒါဂျက်မားက ငါ့ကိုကူညီပေးဖို့အတွက် လူတွေအများကြီး ခေါ်လာတယ်။ ပြီးတော့ သူတို့က အလကားကူညီပေးကြတာ မဟုတ်ဘူး။ အခကြေးငွေ ပေးရတယ်"

ကျန်းမုန့်လောင်က ဂဏန်းပေါင်းစက်တစ်ခုကို ထုတ်ယူလိုက်သည်။

"အစက ပြန်စမယ်"

"အဆင့်ခြောက်သက်ရှိက ၄၅၂၅၂ယောက်။ တစ်ယောက်အတွက် အခြေခံဆုကြေးက စွမ်းအင်ဆေးလုံးတစ်လုံး။ ပြီးတော့ တစ်ယောက်ကို ပါးတစ်ချက်စီ ရိုက်ပေးရတဲ့အတွက် ထပ်ဆောင်းဆုကြေးက စွမ်းအင်ဆေးလုံးတစ်လုံး"

"ငါ့ဘော်ဒါလီကျားချီရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ စွမ်းအင်ဆေးလုံးတစ်လုံးရဲ့ဈေးနှုန်းက အမှောင်ဒင်္ဂါး ၈၈၈ဘီလီယံရှိတယ်။ စကြဝဠာဒင်္ဂါးနဲ့ ပြောင်းတွက်ရင် ၈၈၈ပြားရှိတယ်။ ဆေးလုံးပေါင်းကိုးသောင်းကျော်ဆိုတော့ အကြမ်းဖျင်းတွက်လိုက်မယ်။ စကြဝဠာဒင်္ဂါး၈သိန်းလို့ပဲ ထားလိုက်တော့"

"ပြန်ဖျက်"

"ပြီးတော့ အဆင့်ခုနစ်သက်ရှိက ၁၇၂၃ယောက်။ တစ်ယောက်ကို နတ်စွမ်းအင်ဆေးလုံး နှစ်လုံးစီ။ နတ်စွမ်းအင်ဆေးလုံးရဲ့ လိုက်ဖ်လွှင့်တဲ့ဈေးက အမှောင်ဒင်္ဂါး၈၈ထရီလီယံ။ တစ်လုံးကို စကြဝဠာဒင်္ဂါး၈၈၀၀လောက်ရှိတော့ စုစုပေါင်းလိုက်ရင် စကြဝဠာဒင်္ဂါး သန်းသုံးဆယ်ပေါ့"

"ပြန်ဖျက်"

"အဆင့်ရှစ်သက်ရှိက ၁၂၂ယောက်။ တစ်ယောက်ကို ကံစမ်းမဲဘူးနှစ်ခုစီ။ တစ်ဘူးကို အမှောင်ဒင်္ဂါး ၈၈၈ထရီလီယံဆိုတော့ တစ်ခုကို စကြဝဠာဒင်္ဂါး ၈၈၈၀၀နဲ့ စုစုပေါင်းက စကြဝဠာဒင်္ဂါး ဆယ်သန်း"

"ငါက မင်းတို့အတွက် အကြွေအစွန်းထွက်တွေကိုတောင် ဖြတ်ပေးလိုက်သေးတယ်။ အားလုံးပေါင်းလိုက်ရင် စုစုပေါင်း စကြဝဠာဒင်္ဂါး၄၂သန်းရှိတယ်။ ဒီပမာဏကို စုပေးပြီးရင် မင်းတို့ ထွက်သွားလို့ရပြီ"

"စကြဝဠာဒင်္ဂါး၄၂သန်းတဲ့လား။ နောက်ထပ်နည်းနည်းလောက် ထပ်ပေါင်းလိုက်ရင် ကြယ်ငါးပွင့်အဆင့်ရှိတဲ့ စကြာဝဠာဂလက်ဆီအသုံးပြုသူတစ်ယောက်ရဲ့ စုစုပေါင်းပိုင်ဆိုင်မှုနဲ့တောင် ညီသွားလောက်ပြီ။ ဒါက ဓားပြတိုက်နေတာလား"

"သူတို့ကတိပေးထားတာတွေက ဒီဈေးနှုန်းနဲ့ တကယ်ကိုက်ညီတယ်ဆိုရင် ဒါ ဓားပြတိုက်တာ မဟုတ်ပါဘူး။ စွမ်းအင်ဆေးလုံးတွေ၊ နတ်စွမ်းအင်ဆေးလုံးတွေနဲ့ ကံစမ်းမဲဘူးတွေက တကယ်လည်း ဒီလောက်တန်ကြေးရှိတာကိုး"

"ကျွတ်... ကျွတ်... ကျွတ်... ရီထျန်းဂိုဏ်းက တော်တော်လက်ဖွာတာပဲ။ အကူအညီတောင်းဖို့အတွက် ဒီလောက်ဈေးကြီးပေးရတယ်ဆိုတော့ အရမ်းဖြုန်းတီးလိုက်တာ"

"သူတို့တွေကတော့ ဒီပမာဏကို အေးဆေးပေးနိုင်တာပေါ့။ ဟိုလူတွေအားလုံးရဲ့ ပိုင်ဆိုင်မှုတွေကို ပေါင်းလိုက်ရင်တောင် စကြဝဠာဒင်္ဂါးဆယ်သန်းတောင် ပြည့်ပါ့မလား"

"ငါ ရုတ်တရက် မေးချင်မိတယ်။ ရီထျန်းဂိုဏ်းက လူသစ်လက်ခံသေးလား"

"ငါလည်း ဝင်ချင်တယ်။ လိုအပ်ချက်က ဘာတွေလဲ။ အသုံးမကျတဲ့လူ တစ်ယောက်အနေနဲ့ရော လျှောက်လို့ရလား"

...

ခဏအကြာတွင် စကားပြောဝိုင်းထဲ၌ ရီထျန်းဂိုဏ်းသို့ မည်သို့ဝင်ရောက်ရမလဲဟူသည့် အကြောင်းအရာအပေါ် မထင်မှတ်ဘဲ အာရုံစိုက်ကုန်ကြလေသည်။

"ငါက သိပ်ဉာဏ်ကောင်းတာပဲ"

ကျန်းမုန့်လောင်က ဂဏန်းပေါင်းစက်ကို ပြန်သိမ်းလိုက်သည်။

တကယ်တမ်းတွင် ဤပစ္စည်းများ၏ တန်ကြေးမှာ ဤဈေးနှုန်းနှင့် အလွန်ကွာခြားလှပြီး ကုန်ကျစရိတ်မှာ ဆယ်ပုံတစ်ပုံမျှပင် မရှိပေ။ သို့သော် အများပြောသလို အသိပညာက အဓိကကုန်ထုတ်စွမ်းအား ဖြစ်၏။ သူက အဓိကနည်းပညာကို ပိုင်ဆိုင်ထားပြီး တစ်ဦးတည်းသော ရောင်းချသူဖြစ်နေသဖြင့် သူကသာ ဈေးသတ်မှတ်ရမည် မဟုတ်ပါလော။

ထို့ပြင် ဈေးနှုန်းက ဈေးကွက်၏ အသိအမှတ်ပြုမှုကိုပါ ရရှိထားသေးသည်။

"ဒါပေမဲ့ မစ္စတာဝမ်... ကျွန်တော်တို့ အဲ့ဒီလောက် ပိုက်ဆံအများကြီး တကယ်မတတ်နိုင်ဘူးဗျ"

စကြဝဠာဒင်္ဂါးသန်းလေးဆယ်ကျော်ဆိုသည်မှာ သူတို့အားလုံးကို ရောင်းချလိုက်လျှင်ပင် လုံလောက်မည်မဟုတ်ပေ။

"မလောက်ဘူးဆိုလည်း ပြဿနာမရှိပါဘူး"

ကျန်းမုန့်လောင်က ပြုံးလိုက်သည်။

"ပေးနိုင်သလောက်တော့ ပေးလိုက်ပေါ့။ မပေးနိုင်တဲ့ အကြွေးတွေအတွက်တော့ အလုပ်ဆင်းပြီး ဆပ်လို့ရပါတယ်။ ငါ့ဆီမှာ နှစ်သန်းပေါင်းနည်းနည်းလောက် အလုပ်လုပ်ပေးရင် ရပြီလေ"

"မင်းတို့မှာ ငြင်းပိုင်ခွင့်ရှိပါတယ်"

ကျန်းမုန့်လောင်က သူ့အနောက်ရှိ သောင်းနှင့်ချီသည့် လူများကို လက်ညှိုးထိုးပြရင်း မဲ့ပြုံး ပြုံးလိုက်သည်။

"ဒါပေမဲ့ ငါ့ညီအစ်ကိုတွေက သူတို့ပစ္စည်းဖိုးတွေမရလို့ တစ်ခုခုထလုပ်ရင်တော့ ငါလည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူးနော်"

******************

အခန်း ၉၀၂ - အကြွေးဆပ်ရန် နှစ်တစ်ထောင်အလုပ်လုပ်ခြင်း

သူတို့ရမည့် လျော်ကြေးငွေများ ဆုံးရှုံးသွားနိုင်ကြောင်း ကြားလိုက်ရသောအခါ ကျန်းမုန့်လောင်၏ အနောက်ရှိ သောင်းနှင့်ချီသော အဆင့်မြင့်သက်ရှိများ၏ မျက်နှာထားမှာ ချက်ချင်းဆိုသလို ဖော်ရွေမှုကင်းမဲ့သွားသည်။

သူတို့အမြင်တွင် စွမ်းအင်ဆေးလုံးများနှင့် နတ်စွမ်းအင်ဆေးလုံးကဲ့သို့သော အရာများမှာ ကောင်းကင်ဘုံကိုပင် အာခံနိုင်သော အစွမ်းအာနိသင်များရှိပြီး များပြားလှသောတန်ကြေးလည်း ရှိရမည်ဖြစ်၏။ အကြောင်းမှာ စကြဝဠာအတွင်းရှိ ဆေးဖော်စပ်သူအများစု၏ ကုန်ကျစရိတ်မှာ ယေဘုယျအားဖြင့် ရောင်းဈေး၏ ဆယ်ရာခိုင်နှုန်းခန့်သာ ရှိသောကြောင့်ပင်။

ထို့ကြောင့် စကြဝဠာဒင်္ဂါးသန်းလေးဆယ်ကျော် တန်ဖိုးရှိသော အရာတစ်ခုသည် ကုန်ကျစရိတ်အနေနှင့် စကြဝဠာဒင်္ဂါးသုံးသန်း သို့မဟုတ် လေးသန်းခန့်ရှိမည်ဟု သူတို့ ယုံကြည်ထားကြသည်။

စကြဝဠာဒင်္ဂါး သုံးသန်းလေးသန်းဆိုသည်မှာလည်း နည်းပါးလှသော ပမာဏမဟုတ်ပေ။ ထိုပမာဏမှာ စကြာဝဠာဘဏ်ရှိ သာမန် ကြယ်လေးပွင့်အဆင့် အသုံးပြုသူတစ်ဦးသာ ပိုင်ဆိုင်နိုင်သည့် ငွေကြေးပမာဏဖြစ်ပြီး ဆရာသခင်တစ်ယောက်အတွက်ပင် ဤမျှများပြားသောငွေကို စုဆောင်းရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။

ဤကုန်ကျစရိတ်များက ဘယ်ကလာလေသလဲ။ ဤလူအယောက်တစ်ရာကျော်ဆီက အတင်းအကျပ် တောင်းယူရမည်မဟုတ်လော။ သို့မဟုတ်ပါက ဆရာသခင်က သူ့အိတ်ကပ်ထဲက စိုက်ရှင်းရပေလိမ့်မည်။ သို့ဆိုလျှင် ဆရာသခင်ပင် နစ်နာသွားမည်မဟုတ်လော။

ထို့ကြောင့် ဤအခိုက်အတန့်တွင် လျော်ကြေးတောင်းခံရေးကိစ္စမှာ သူတို့၏ကိုယ်ပိုင်ကိစ္စအလား ရင်ထဲတွင် ခံစားလိုက်ရသဖြင့် ဤကိစ္စသည် အလွန်အရေးကြီးသွားလေပြီ။

"မင်းတို့က ဆရာသခင်ရဲ့ သူငယ်ချင်းကို ဒုက္ခပေးချင်ခဲ့တာလေ။ အခု ဆရာသခင်ရဲ့ သူငယ်ချင်းက အဲဒါကို စိတ်ထဲမထားဘဲ လျော်ကြေးနည်းနည်းပဲ တောင်းတာကို။ တအားများလွန်သွားလို့လား"

"မင်းတို့ မကြားဘူးလား။ ဆရာသခင်ရဲ့ သူငယ်ချင်းက သဘောထားကြီးကြီးနဲ့ အကြွေအစွန်းထွက်တွေကိုတောင် လျှော့ပေးလိုက်သေးတာကို။ မင်းတို့က ဒီမှာ အပြစ်ရှာနေတုန်းလား"

"ဆရာသခင့်သူငယ်ချင်းရဲ့ ကိစ္စက ငါတို့ကိစ္စပဲ။ မင်းတို့ လျော်ကြေးမပေးရင် ငါတို့တစ်ယောက်မှ သဘောတူမှာမဟုတ်ဘူး"

"စကြဝဠာဒင်္ဂါး ၄၂သန်းနော်။ တစ်ပြားမှ လျှော့မပေးနိုင်ဘူး။ အဲဒီလိုမှမဟုတ်ရင်တော့ မင်းတို့တွေ ရီထျန်းဂိုဏ်းအတွက် အလုပ်လုပ်ပြီး အကြွေးဆပ်ရလိမ့်မယ်"

လူပေါင်းလေးသောင်းခန့်က ရန်လိုလေဟန်ဖြင့် ခြိမ်းခြောက်လိုက်သဖြင့် ကျီတိဖုနှင့် အခြားသူများမှာ တစ်ဖန်ပြိုလဲသွားရပြန်သည်။

သူတို့အနေနှင့် လျော်ကြေးမပေးချင်၍ မဟုတ်ပါဘဲ ထိုမျှများပြားသော ငွေကြေးပမာဏကို တကယ်ထုတ်မပေးနိုင်၍သာ။

"မစ္စတာဝမ်... ကျွန်တော် ရိုးရိုးသားသားပဲ ပြောပါ့မယ်။ ကျွန်တော့်မျိုးနွယ်စုရဲ့ စုစုပေါင်းပိုင်ဆိုင်မှုက စကြဝဠာဒင်္ဂါးငါးသန်းလောက်ရှိတယ်။ ကျွန်တော့်မှာ လက်ငင်းငွေသား စကြဝဠာဒင်္ဂါး ၁.၂သန်းရှိတယ်။ ကျွန်တော့်ရဲ့ ကျွန်ကုန်သွယ်ရေးအဖွဲ့ကိုပါ ပေါင်းလိုက်ရင် တန်ဖိုးက စကြဝဠာဒင်္ဂါးလေးသန်းရှိတယ်။ အားလုံးပေါင်းလိုက်ရင်တောင် စကြဝဠာဒင်္ဂါးဆယ်သန်းပဲ ရှိတာပါ"

"ဝိုး... ဒီကောင်က တော်တော်ချမ်းသာတာပဲ"

ကျန်းမုန့်လောင် အာမေဍိတ်သံပြုလိုက်သည်။ အဆင့်ရှစ်အထွတ်အထိပ် သက်ရှိတစ်ယောက်အတွက် ဤမျှကြွယ်ဝချမ်းသာခြင်းကပင် ပြည့်စုံကုံလုံသည်ဟု ဆိုရပေမည်။

"မစ္စတာဝမ်... ကျွန်တော့်မျိုးနွယ်စုရဲ့ စုစုပေါင်းပိုင်ဆိုင်မှုက စကြဝဠာဒင်္ဂါး၂.၈သန်းပဲ ရှိတာပါ။ ကျွန်တော့်မှာ တခြားပိုင်ဆိုင်မှုတွေ မရှိတော့ပါဘူး"

နောက်ထပ် အဆင့်ရှစ်အထွတ်အထိပ် သက်ရှိတစ်ယောက်က ခါးသက်သက် ဆိုလာလေသည်။ နှစ်ပေါင်းဘီလီယံနှင့်ချီ၍ စုဆောင်းလာခဲ့သမျှမှာ ယနေ့ သဲထဲရေသွန် ဖြစ်သွားနိုင်သည်။ ဤအရာများမှာ မကြာခင် အခြားလူတစ်ယောက်၏ ပိုင်ဆိုင်မှု ဖြစ်သွားပေတော့မည်။

"ကျွန်တော်...ကျွန်တော်ကတော့ စကြဝဠာဒင်္ဂါး၂.၂သန်းအထိပဲ စုပေးနိုင်မှာပါ"

...

ဤအဆင့်ရှစ်သက်ရှိများ၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ စကြဝဠာဒင်္ဂါး သန်းနှစ်ဆယ်ခန့်သာ ရှိသည်။

သို့သော် ကျန်နေသေးသော အဆင့်ခုနစ်နှင့် အဆင့်ခြောက် သက်ရှိအယောက်တစ်ရာကျော်မှာမူ အများကြီး ပိုဆင်းရဲပုံရသည်။ အဆင်းရဲဆုံးဆိုသူများမှာ စကြဝဠာဒင်္ဂါးဆယ်ပြားပင် ထုတ်မပြနိုင်ကြချေ။ အနည်းငယ် ပိုချမ်းသာသူများတွင်ပင် စကြဝဠာဒင်္ဂါး သောင်းဂဏန်းမျှသာ ရှိကြသည်။ ထို့ကြောင့်လည်း သူတို့က ကျန်းမုန့်လောင်အား ဓားပြတိုက်မည့်အကြံကို စွန့်စွန့်စားစား ရွေးချယ်ခဲ့ကြသည်မှာ အံ့သြစရာမရှိပေ။

"မင်းတို့က မလောက်သေးဘူးပဲ"

ကျန်းမုန့်လောင်က အထင်သေးလေဟန် အမူအရာကို ပြသလိုက်သည်။

"တစ်ဝက်တောင် ပြည့်အောင် မစုနိုင်ကြဘူး"

"မစုနိုင်ရင်လည်း မင်းတို့ရဲ့လုပ်အားနဲ့ အကြွေးဆပ်လို့ရပါတယ်"

စကြဝဠာဒင်္ဂါးသန်းနှစ်ဆယ်အထိ စုနိုင်ခဲ့ပြီဖြစ်ရာ ကျန်းမုန့်လောင်လည်း သူခေါ်ထားသည့် လူမိုက်များအတွက် ကျေနပ်နေပြီဖြစ်၏။ ဤနည်းဖြင့် သူတို့၏ လျော်ကြေးငွေများကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ရာ ကျန်ပမာဏအတွက်မူ ဘယ်လိုပေးပေး အရေးမကြီးတော့ပေ။

"မစ္စတာဆယ်ဂါ... ကျွန်တော် မေးစရာတစ်ခုရှိပါတယ်။ စကြဝဠာမဟာမိတ်အဖွဲ့မှာ အဆင့်ခြောက်နဲ့အထက် သက်ရှိတွေကို ငှားရမ်းရင် ဈေးနှုန်းကို ဘယ်လိုတွက်ချက်လဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"အဲဒါတော့ ပြောရခက်တယ်"

ဆယ်ဂါက ခဏမျှစဉ်းစားလိုက်သည်။

"အဆင့်ခြောက်နဲ့အထက် သက်ရှိတွေက သူတို့ကိုယ်သူတို့ အရမ်းအထင်ကြီးတာ။ ပိုက်ဆံအရမ်းပြတ်နေတဲ့ အချိန်မျိုးကလွဲရင် သူတို့ကိုယ်သူတို့ ငှားရမ်းဖို့ ကုန်ပစ္စည်းတွေအနေနဲ့ သဘောမထားကြဘူး။ ဒါပေမဲ့ စကြဝဠာသိုင်းပညာအဖွဲ့အစည်းမှာတော့ အဆင့်မြင့်သက်ရှိတွေကို ငှားရမ်းနိုင်တဲ့ အခြေအနေမျိုးတွေ ရှိတတ်တယ်"

"သြော်..."

"ဥပမာ တချို့နေရာတွေကို စူးစမ်းလေ့လာရေးသွားတာမျိုး။ ဒါမှမဟုတ် အရမ်းအန္တရာယ်များတဲ့ အလုပ်တွေကို လုပ်တာမျိုးပေါ့"

ဆယ်ဂါက ပြောသည်။

"ဒီအလုပ်တွေကို များသောအားဖြင့် အဆင့်ခြောက်နဲ့အထက် သက်ရှိတွေပဲ လုပ်ဆောင်နိုင်ကြတယ်။ ဒီလိုအချိန်မျိုးမှာ စီစဉ်သူတွေက ဒီလူတွေကို ဆွဲဆောင်နိုင်ဖို့ သင့်တော်တဲ့ ဆုကြေးတွေ ပေးရတယ်။ ပလက်ဖောင်းပေါ်မှာ သီးသန့်ဈေးနှုန်းတွေကို စစ်ဆေးကြည့်လို့ရပါတယ်"

"ကျေးဇူးပဲ"

ကျန်းမုန့်လောင်လည်း စကြဝဠာသိုင်းပညာအဖွဲ့အစည်း၏ အလုပ်တာဝန်ဆုကြေး ပလက်ဖောင်းကို ဖွင့်ရန် ကောထန်ကို ချက်ချင်း ခိုင်းလိုက်သည်။

သေချာပေါက်ပင်။ ထိုနေရာတွင် အမျိုးမျိုးသော တာဝန်များကို ထုတ်ပြန်ထားသည်။

ဆီဂယ်မျိုးနွယ်စု အပျက်အစီးများကို စူးစမ်းလေ့လာရန် :

လိုအပ်ချက် : အဆင့်ခြောက် အလယ်အလတ်အဆင့်နဲ့အထက် သက်ရှိဖြစ်ရမည်။

လိုအပ်သောလူဦးရေ : ဆယ်ဦး (လက်ရှိ၆ဦး စာရင်းသွင်းထားသည်)

အခြေခံလစာ : စကြဝဠာဒင်္ဂါးသန်းငါးဆယ် + ရရှိလာမည့် အကျိုးအမြတ်ခွဲဝေမှု (တစ်ခေါက်လျှင် သို့မဟုတ် စကြဝဠာနှစ်တစ်နှစ်လျှင်)

...

အဆင့်ရှစ်စကြဝဠာသားရဲကြီး ဆာဘတ် ကြယ်တာရာသားရဲကို ဖမ်းဆီးရန်

ထုတ်ပြန်ကြေညာသူ : စကြဝဠာမဟာမိတ်အဖွဲ့

လိုအပ်ချက် : အဆင့်ရှစ်အခြေခံအဆင့်အထက် သက်ရှိဖြစ်ရမည်။

လိုအပ်သောလူဦးရေ : နှစ်ရာကျော်

အခြေခံလစာ : စကြဝဠာဒင်္ဂါးတစ်ထောင် (စကြဝဠာနှစ်တစ်နှစ်လျှင်)

ကျန်းမုန့်လောင်လည်း အကြမ်းဖျင်း ကြည့်ရှုလိုက်သည်။ သက်ရှိအဆင့်များအပေါ် မူတည်၍ အဆင့်ခြောက်သက်ရှိများအတွက် အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်နှင့် အထွတ်အထိပ်အဆင့်များ၏ တစ်နှစ်စာ ငှားရမ်းခဈေးနှုန်းများမှာ စကြဝဠာဒင်္ဂါး ၀.၅၊ ၁ပြား၊ ၅ပြားနှင့် ၁၀ပြားခန့် အသီးသီးရှိကြသည်။

အဆင့်ခုနစ် သက်ရှိများအတွက်မူ စကြဝဠာဒင်္ဂါးငါးဆယ်၊ တစ်ရာ၊ နှစ်ရာနှင့် ငါးရာဟူ၍ အသီးသီးရှိကြသည်။

အဆင့်ရှစ် သက်ရှိများအတွက်မူ စကြဝဠာဒင်္ဂါးတစ်ထောင်၊ နှစ်ထောင်၊ ငါး​ထောင်နှင့် တစ်သောင်းအထိ ရောက်ရှိသွားသည်။

သက်ရှိအဆင့်တူလျှင်ပင် ခွန်အားချင်း တူချင်မှ တူလိမ့်မည်။ ထို့ကြောင့် ဤအခြေခံသတ်မှတ်ချက်အပေါ် အဆင့်တစ်ခု သို့မဟုတ် နှစ်ခုခန့် အတက်အကျ ရှိနိုင်သည်။

ကျီတိဖုကဲ့သို့သော အဆင့်ရှစ် အထွတ်အထိပ် သက်ရှိတစ်ယောက်အတွက် ဈေးနှုန်းမှာ တစ်နှစ်လျှင် စကြဝဠာဒင်္ဂါး ၁၅၀၀၀ခန့် ရှိနိုင်ပြီး ဆယ်ဂါကဲ့သို့သော ထိပ်တန်းအဆင့်ရှစ် အထွတ်အထိပ်သက်ရှိတစ်ယောက်အတွက်ဆိုလျှင် တစ်နှစ်ကို စကြဝဠာဒင်္ဂါးငါးသောင်း ပေးရလျှင်ပင် အံ့သြစရာ မဟုတ်ပေ။

"မင်းတို့ရဲ့ ပိုင်ဆိုင်မှုတွေကို နုတ်လိုက်ရင် နောက်ထပ် စကြဝဠာဒင်္ဂါး သန်းနှစ်ဆယ်လောက် ကျန်နေသေးတယ်မလား"

ကျန်းမုန့်လောင်က ဂဏန်းပေါင်းစက်ကို ပြန်ထုတ်လိုက်သည်။

"ငှားရမ်းခဈေးနှုန်းတွေအရဆိုရင် မင်းတို့အားလုံးပေါင်းလိုက်ရင် တစ်နှစ်ကို စကြဝဠာဒင်္ဂါး၄၀၀၀၀လောက် ရနိုင်တယ်။ ဒါပေမဲ့ အခု မင်းတို့က ငါ့ရဲ့သုံ့ပန်းတွေဖြစ်နေတာဆိုတော့ အဲဒီငွေကို တစ်ဝက်ဖြတ်လိုက်တာက မတရားရာ မကျပါဘူးနော်။ စကြဝဠာဒင်္ဂါး ၂၀၀၀၀လို့ပဲ ထားလိုက်မယ်ဆိုရင်တောင် မင်းတို့ ငါ့ဆီမှာ အကြွေးကျေအောင် နှစ် ၁၀၀၀လောက် အလုပ်လုပ်ပေးဖို့ လိုလိမ့်မယ်။ ပြဿနာမရှိဘူးမလား"

လူအယောက်တစ်ရာကျော်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကျန်းမုန့်လောင်ဆိုလိုချင်သည့် အဓိပ္ပာယ်မှာ သူတို့အနေနှင့် အကြွေးဆပ်ရန်အတွက် အမှန်တကယ် အလုပ်လုပ်ပေးရမည်ဟူသော သဘောပင်။

ဤအခြေအနေမှာ ကျွန်ဖြစ်ရခြင်းထက် ပိုကောင်းပြီး အချိန်အကန့်အသတ်လည်း ရှိသည်ဆိုသော်ငြား သူတို့လို လူများအတွက်မူ လက်ခံရန် အလွန်ခက်ခဲနေဆဲပင်။

"မလုပ်ချင်ဘူးလား။ မလုပ်ချင်ရင် ငွေထုတ်ပေးလေ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငွေလည်းမရှိဘူး။ အလုပ်လည်း မလုပ်ချင်ဘူးဆိုရင်တော့ မင်းတို့ကို သတ်ပစ်ရုံပဲ ရှိတော့တယ်။ နောက်ပိုင်း လူသတ်မှုနဲ့ တစ်ယောက်ယောက်က ငါ့ကို တရားစွဲရင်တောင် ရှေ့နေလော့ကိုငှားပြီး အမှုလိုက်ခိုင်းဖို့ ပိုက်ဆံနည်းနည်းလောက် ထပ်သုံးလိုက်ရုံပဲ။ ငါက တရားစွဲတဲ့လူနဲ့ တရားသူကြီးကိုပါ တစ်ခါတည်း အတူတူပို့ပစ်လိုက်မှာ။ ဘာလို့လဲလို့တော့ လာမမေးနဲ့။ ပိုက်ဆံရှိရင် ဘာမဆိုလုပ်လို့ရတယ်"

"ကောင်းပြီလေ... ကျွန်တော်တို့ အလုပ်လုပ်ပါ့မယ်"

ဂုဏ်သိက္ခာကျဆင်းခြင်းနှင့် ရင်ဆိုင်ရချိန်တွင် ကျီတိဖုနှင့် အခြားလူများခမျာ အသက်ရှင်သန်ရေးကိုသာ ရွေးချယ်လိုက်ကြသည်။ ကျန်းမုန့်လောင်က သူတို့အားလုံးကို သတ်ပစ်လိုက်လျှင်ပင် မည်သည့်တရားစွဲဆိုမှုကိုမှ ရင်ဆိုင်ရမည်မဟုတ်ကြောင်း ယုံကြည်ရန် သူတို့တွင် အကြောင်းပြချက်ပေါင်းများစွာ ရှိနေသည်။ အကြောင်းမှာ ထိုသို့သော အမှုအခင်းများကို လိုက်ပါဆောင်ရွက်ပေးမည့် ဒဏ္ဍာရီလာရှေ့နေကြီးမှာ တစ်ခါမှ အမှုရှုံးဖူးခြင်း မရှိသောကြောင့်ပင်။

ထို့ပြင် စကြဝဠာမျိုးနွယ်စုလောကတွင် ခွန်အားကြီးသူကသာ အမှန်တရားဖြစ်ပြီး စကြဝဠာမဟာမိတ်အဖွဲ့၏ ဥပဒေများမှာ ဘာမှအရေးမပါချေ။

"မာကာဘာကာ"

ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။

"သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေးပြီး အကုန်လုံး ငါ့ဆီလွှဲလိုက်"

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"

မာကာဘာကာလည်း သူတို့၏ ပိုင်ဆိုင်မှုလွှဲပြောင်းရေးကို အသေးစိတ် ကြီးကြပ်လိုက်သည်။

ပိုင်ဆိုင်မှုအတည်ပြုခြင်းနှင့် လွှဲပြောင်းခြင်းမှာ မြန်ဆန်လှသည်။ နာမည်ကြီးအဖွဲ့အစည်းများမှ အတည်ပြုပေးထားသော သူတို့၏ ပိုင်ဆိုင်မှုများမှာ စကြဝဠာဒင်္ဂါး၂၁.၃၃သန်းခန့် ရှိပြီး ကျန်းမုန့်လောင်၏ ခြိမ်းခြောက်မှုအောက်တွင် ထိုပိုင်ဆိုင်မှုများအားလုံးမှာ ယခုအခါ ကျန်းမျိုးရိုးနာမည်ကို ခံယူသွားကြလေပြီ။

"ပြီးတော့ ဒါရော"

ကျန်းမုန့်လောင်က ဝိညာဉ်တံဆိပ်တစ်ခုကို ဖန်တီးလိုက်ပြန်သည်။ သို့သော် ဤအရာမှာ မာကာဘာကာ၏ တံဆိပ်နှင့် မတူပါဘဲ ပိုမိုအားကောင်းသော ထိန်းချုပ်နိုင်စွမ်းရှိ၏။ အကြောင်းမှာ ကျန်းမုန့်လောင်အနေနှင့် သူတို့၏ လုံခြုံရေးကို အာမမခံနိုင်သောကြောင့်ပင်။ သူတို့တွင် မကောင်းသော အကြံအစည်များ ရှိလာသည်နှင့်တစ်ပြိုင်နက် သူတို့၏ ဝိညာဉ်များလည်း ချက်ချင်းကြေမွပျက်စီးသွားမည်သာ။

ထိတ်လန့်ဖွယ်ရာ နောက်ဆက်တွဲ အကျိုးဆက်များကို ကြားလိုက်ရသောအခါ သူတို့အားလုံး တုံ့ဆိုင်းသွားကြသည်။

"ဘာလဲ။ ဒီစာချုပ်ကို လက်မှတ်မထိုးချင်ဘူးလား"

ကျန်းမုန့်လောင်က လက်ယပ်ခေါ်လိုက်သည်။

"ဟင်"

သောင်းနှင့်ချီသော အဆင့်မြင့်သက်ရှိများအားလုံးက သူတို့ကို ရန်လိုစွာ စိုက်ကြည့်လိုက်ကြသည်။

"မင်းတို့က အကြွေးမဆပ်ဘဲ လိမ်ချင်နေတာလို့ ကြားတယ်နော်"

"ဆရာသခင်ရဲ့သူငယ်ချင်းက မင်းတို့ကို တန်ဖိုးထားပေးနေတာကို"

"မသိနားမလည်သလို ဆက်မလုပ်ဖို့ ငါ အကြံပေးချင်တယ်"

...

"ထိုးမယ်။ ကျွန်တော်တို့ လက်မှတ်ထိုးပါ့မယ်"

ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရချိန်တွင် သူတို့လည်း အခြားရွေးချယ်စရာ မရှိတော့ပေ။

အကယ်၍ နောက်ထပ်အခွင့်အရေးသာ ရမည်ဆိုလျှင် မကောင်းဆိုးဝါး ကျန်းမုန့်လောင်ကို ရန်စရန် သူတို့ လုံးဝရွေးချယ်ကြမည် မဟုတ်ပေ။ ယခုမူ သူတို့၏ ပိုင်ဆိုင်မှုများ ဆုံးရှုံးသွားရုံသာမက လွတ်လပ်ခွင့်ပါ ဆုံးရှုံးသွားပြီဖြစ်၏။ သို့သော် ဤလောကတွင် 'အကယ်၍' ဆိုသည်မှာ လုံးဝမရှိပေ။

**********************

အခန်း ၉၀၃ - ငါ သူတို့တွေအားလုံးကို ရိုက်နှက်ဆုံးမခဲ့ဖူးတယ်

"သူ ဘာလုပ်နေတာလဲ"

လူမိုက်များနှင့် အခြားလူများမှာ ဝိညာဉ်တံဆိပ်ကို အသုံးပြုနေသော ကျန်းမုန့်လောင်အား ကြည့်ရင်း ပြောလိုက်ကြသည်။

"ငါလည်း မသိဘူး"

ထိုအထဲတွင် ဗဟုသုတအကြွယ်ဝဆုံးဖြစ်သော ဆယ်ဂါကလည်း ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးသဖြင့် ပြောလိုက်သည်။

"အရမ်းအားကောင်းတဲ့ ဝိညာဉ်စွမ်းအင်တစ်ခုကို ခံစားမိတယ်။ ဒါက အရမ်းအစွမ်းထက်တဲ့ သိုင်းပညာတစ်ခု ဖြစ်နိုင်တယ်"

"ရီထျန်းဂိုဏ်းမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေတာလဲ"

ဆယ်ဂါက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ဤမျှအစွမ်းထက်သော ဆေးဖော်စပ်သူ၊ အဆုံးမရှိသော သိုင်းပညာလျှို့ဝှက်ချက်များနှင့် စကြဝဠာအလင်းတန်းအဖွဲ့ပင် မယှဉ်နိုင်သော နည်းပညာပိုင်းဆိုင်ရာ ပါရမီရှင်များရှိသည့် ဤကဲ့သို့သော အဖွဲ့အစည်းမျိုးကို သူတို့ တစ်ခါမှမကြားဖူးသည်မှာ ယုံနိုင်စရာပင် မရှိပေ။

ဝိညာဉ်တံဆိပ်ကို အပြီးသတ်ပြီးနောက် ကျန်းမုန့်လောင်က ကျေနပ်အားရစွာ ပြုံးလိုက်သည်။ စကြဝဠာဒင်္ဂါးသန်းနှစ်ဆယ်မှာ များပြားလှသော သူ့လက်ကျန်ငွေထဲတွင် မပြောပလောက်သည့် ပမာဏဖြစ်သောကြောင့် သူ့ကို အထူးတလည် စိတ်မလှုပ်ရှားစေနိုင်ပေ။

သို့သော် သူ့ကို အမှန်တကယ် စိတ်လှုပ်ရှားစေသည့်အရာမှာ နှစ်၁၀၀၀တိုင်တိုင် အခမဲ့ အသုံးချနိုင်မည့် လူမိုက်အယောက်တစ်ရာကျော်ကို ပိုင်ဆိုင်လိုက်ရခြင်းပင်။ ထို့ပြင် ကျွန်ကုန်သည်တစ်ဦးအနေနှင့် ကျီတိဖု၏ ကျွန်အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားလှသည်။ ယခုဆိုလျှင် ကျီတိဖုပိုင်ဆိုင်သမျှမှာ ကျန်းမုန့်လောင်၏ ပိုင်ဆိုင်မှု ဖြစ်သွားပြီ မဟုတ်ပါလော။

"လူကြီးမင်းတို့... ဒီနေ့ အကူအညီပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်"

ကျန်းမုန့်လောင်က သူတို့ကို ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။

"ကျွန်တော့်သူငယ်ချင်း ကတိပေးထားတဲ့ ပစ္စည်းတွေကို သေချာပေါက် ပို့ပေးပါလိမ့်မယ်။ ဂရုထဲမှာ ပို့ပေးရမယ့် လိပ်စာလေး ချန်ထားခဲ့ပါ"

ကျန်းမုန့်လောင်၏ ကတိကို ရပြီးနောက် အဆင့်မြင့်သက်ရှိများမှာ ပြုံးရွှင်သွားကြပြီး သာမန်အဆင့်လေး သက်ရှိတစ်ယောက်အတွက် သူတို့၏အလုပ်တာဝန်များကို ဘေးဖယ်၍ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီး ကူညီပေးခဲ့ရခြင်းအပေါ် နောင်တမရကြတော့ပေ။

"မစ္စတာဝမ်က သဘောကောင်းလွန်းပါတယ်ဗျာ။ မတရားတာကိုမြင်ရင် ဝင်ကူညီပေးရမှာ သဘာဝပဲလေ"

"ဟုတ်တာပေါ့။ ကျွန်တော်တို့က ဆရာသခင်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲဟာ။ ဒီကိစ္စလေးက ပြောနေစရာတောင် မလိုပါဘူး"

"ကျွန်တော်တို့က ဆုကြေးအတွက် လုပ်ပေးတာမဟုတ်ပါဘူး။ မတရားတဲ့ အခြေအနေတွေကို ဖြေရှင်းပေးရတာ ကြိုက်ရုံသက်သက်ပါ။ ဒါနဲ့ မစ္စတာဝမ်... ကျွန်တော့်ဆီကို ရှင်းဖုန်းအမြန်ချောပို့နဲ့ ပို့ပေးလို့ရမလား။ သူတို့ပို့တာက အမြန်ဆုံးပဲ"

"အခု ကိစ္စလည်းပြီးသွားပြီဆိုတော့ ကျွန်တော်တို့ကို ခွင့်ပြုပါဦး"

"အားလုံးပဲ ဘေးကင်းချောမွေ့စွာ ပြန်နိုင်ကြပါစေ"

ကျန်းမုန့်လောင်က သူတို့ ထွက်ခွာသွားသည်ကို ကြည့်နေ​ချေသည်။ လေလံရုံကြီးလည်း အမြန် ပြန်လည်တိတ်ဆိတ်သွားသည်။

"အစ်ကိုကြီး... အစ်ကိုကြီးက အရမ်းအံ့သြဖို့ကောင်းတာပဲ"

ဂါနေးက ကျန်းမုန့်လောင်အား လေးစားအားကျလေဟန် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ တစ်ချိန်က အဆင့်အတန်းမြင့်မားခဲ့သော ဤပုဂ္ဂိုလ်များမှာ ယခုမူ သူ့ကို လေးစားရုံသာမက နာခံနေကြရလေပြီ။ ဤသည်မှာ အဆင့်ကိုးသက်ရှိများပင် မလွဲမသွေ အမိန့်ပေးနိုင်သည့် အရာမျိုးမဟုတ်ပေ။

"မာကာဘာကာ"

ကျန်းမုန့်လောင်က သူ့ကို လက်ယပ်ခေါ်လိုက်သည်။

"ဒါက ငါ့ရဲ့ ဝိညာဉ်တံဆိပ်အမှတ်အသားပဲ။ အခုကစပြီး ဒီလူတွေကို မင်း စီမံအုပ်ချုပ်ရမယ်။ အခွင့်အရေးရတဲ့အခါ ဒါကို ဘယ်လိုသုံးရမလဲဆိုတာ ငါ သင်ပေးမယ်။ သူတို့ စကားနားမထောင်ရင် တုံ့ဆိုင်းမနေနဲ့။ သတ်သာ သတ်ပစ်လိုက်"

"ဟုတ်ကဲ့"

မာကာဘာကာသည် ကျန်းမုန့်လောင်၏ အမိန့်များကို ခြွင်းချက်မရှိ နာခံသူဖြစ်၏။ သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍မူ သူသည် အတိတ်က လက်နက်ကိရိယာတစ်ခုသာ ဖြစ်ခဲ့ဖူးသဖြင့် ဤကိစ္စအပေါ် ခံစားချက်ကင်းမဲ့နေသည်မှာ ကြာလှလေပြီ။

"မင်းတို့အားလုံး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြစမ်း"

ကျန်းမုန့်လောင်က ဝိညာဉ်တံဆိပ် အခတ်ခံထားရသော ကျွန်များကို ပြောလိုက်သည်။

"မစ္စတာဝမ်... ကျွန်တော်က ကျီတိဖုပါ။ ကျွန်တော်..."

"ဖြန်း"

ကျန်းမုန့်လောင်က သူ့ခေါင်းကို ရိုက်ချလိုက်သည်။

ကျီတိဖု၏ မျက်လုံးထဲတွင် အရှက်ရလေဟန် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ပြန်တုံ့ပြန်ချင်ခဲ့သည်။ သို့သော် ဆန်းကြယ်လှသော ထိုတံဆိပ်အောက်တွင် သူ့ဝိညာဉ်အမှတ်အသားကို ချန်ထားပြီးကတည်းက သူ့ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ကျန်းမုန့်လောင်က ထိန်းချုပ်ထားပြီဖြစ်ကြောင်း ရုတ်တရက် သတိထားမိလိုက်သည်။

သူ့တွင် အဆိုးမြင်စိတ်များ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စွမ်းအားတစ်ခုက သူ့ဝိညာဉ်ကို ဆွဲဖြဲနေသလို ခံစားလိုက်ရသည်။ ထိုအကြောင်းကို တွေးမိပြီးနောက် သူလည်း တိတ်တဆိတ် သည်းခံနေရုံသာ တတ်နိုင်တော့သည်။

"မစ္စတာဝမ်ဆိုတာ မင်းတို့ ခေါ်ချင်တိုင်း ခေါ်လို့ရတဲ့ နာမည်လား။ တစ်ယောက်က ငါ့ရဲ့ တပည့်။ နောက်တစ်ယောက်က ငါတို့ရီထျန်းဂိုဏ်းရဲ့ ဘယ်လက်ရုံးကွ"

ကျန်းမုန့်လောင်က လှောင်ပြောင်လိုက်သည်။

"မင်းတို့ကိုယ်မင်းတို့ ဘယ်သူလို့များ ထင်နေတာလဲ။ အခုကစပြီး နောက်နှစ်တစ်ထောင်လုံးလုံး မင်းတို့တွေက ငါ့ကျွန်တွေပဲ။ ဒါကြောင့် ငါ့ကို သခင်လို့ ခေါ်ရမယ်"

"ဟုတ်ကဲ့ပါ သခင်"

လူအယောက်တစ်ရာကျော်က တစ်ပြိုင်တည်း ပြန်ဖြေလိုက်သည်။

"ဖြန်း"

ကျန်းမုန့်လောင်က ကျီတိဖု၏ ခေါင်းကို ထပ်ရိုက်လိုက်ပြန်သည်။

"ငါ ရုတ်တရက်ကြီး စိတ်ပြောင်းသွားပြီ။ 'သခင်'ဆိုတဲ့ အခေါ်အဝေါ်က ငါ့ကို မြေရှင်ပဒေသရာဇ်တစ်ယောက်နဲ့ တူစေတယ်။ ငါက ဂုဏ်သိက္ခာရှိတဲ့ ပါတီဝင်တစ်ယောက်ဖြစ်တဲ့အတွက် နိုင်ငံရေးအသိအမြင် မြင့်မားဖို့ လိုတယ်။ ကျွန်စနစ်ဆိုတာ ရှေ့ဆက်သွားလို့မရဘူး။ အဲဒီအစား မင်းတို့ ငါ့ကို 'ဘော့စ်'လို့ပဲ ခေါ်သင့်တယ်။ အဲဒါကမှ ပိုပြီးလက်တွေ့ကျသလို ခံစားရတယ်"

ကျီတိဖုခမျာ မျက်ရည်ကျလုမတတ် ဖြစ်သွားပြီး မကောင်းဆိုးဝါးတစ်ကောင်၏ လက်ခုပ်ထဲသို့ သက်ဆင်းလိုက်ရသည့်နှယ် ခံစားလိုက်ရသည်။

"ဟုတ်ကဲ့ ဘော့စ်"

"အစ်ကိုကြီး... တိုက်ရိုက်ထုတ်လွှင့်တာကို ဆက်လုပ်ရမလား"

ဂါနေးက ကြောက်ရွံ့တုံဆိုင်းစွာ မေးလိုက်သည်။ ဤလူများကို နှိမ်နင်းပြီးဖြစ်လေရာ ဆက်ကြည့်စရာ အကြောင်းအရာ သိပ်မကျန်တော့သလို ဖြစ်နေချေသည်။ ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းလည်း အရှိန်ကျသွားဟန်တူသည်။

"လုပ်ရမှာပေါ့။ ဆက်လွှင့်ထားလိုက်"

ကျန်းမုန့်လောင်က ပြောသည်။

"အဆင့်ရှစ်သက်ရှိတွေ ပန်းပွင့်လက်ဟန် အကကတာကို ကြည့်ချင်တဲ့လူ ရှိလား။ ပန်းပွင့်လက်ဟန်အကကြည့်ချင်ရင် နံပါတ်တစ်ကိုနှိပ်။ ဒူးထောက်ပြီး "အောင်နိုင်သူ"သီချင်းဆိုတာကို ကြည့်ချင်ရင် နံပါတ်နှစ်ကိုနှိပ်၊ ဆိုရှယ်ရှိတ်ကင်းကတာကို ကြည့်ချင်ရင် နံပါတ်သုံးကိုနှိပ်။ တိုင်ပတ်အကကတာကို ကြည့်ချင်ရင် မျက်လုံးပုံလေးကို နှိပ်ခဲ့ကြပါ"

"ပန်းပွင့်လက်ဟန်လား။ အောင်နိုင်သူသီချင်းတဲ့။ ဆိုရှယ်ရှိတ်ကင်း... အဲဒါတွေက ဘာတွေလဲ"

"စိတ်ဝင်စားစရာပဲ။ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ အရာမျိုးကို အရင်က တစ်ခါမှမကြားဖူးဘူး"

"၁၁၁၁"

"၃၃၃၃"

"ဘော့စ်... ကျွန်တော်တို့ အဲဒါတွေဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးလေ..."

ကျီတိဖုတို့တစ်သိုက်ခမျာ အခက်တွေ့နေသော မျက်နှာထားများဖြင့် ပြောလိုက်သည်။

"စိုးရိမ်စရာမလိုပါဘူး။ ငါ သင်ပေးမယ်"

ကျန်းမုန့်လောင်က သူတို့၏ ဉာဏ်ရည်တုစနစ်များဆီသို့ လိုအပ်သည့် အချက်အလက်များကို ပို့ပေးရန် ကောထန်အား ခိုင်းလိုက်သည်။

"ဒီလိုနဲ့ပဲ မင်းရဲ့ အောင်နိုင်မှုအောက်မှာ နောက်ဆုတ်မယ့် လမ်းတွေအားလုံး ပိတ်ဆို့သွားခဲ့..."

...

"ဒါက ဘာသီချင်းလဲ။ အရမ်းနားထောင်လို့ ကောင်းတာပဲ"

"ဒီအကက ထူးဆန်းပေမဲ့ စည်းချက်ညီလိုက်တာ"

"ဟုတ်တယ်။ ငါ့လက်တွေတောင် အလိုလို လိုက်ကချင်လာပြီ"

"ဒါက ဆိုရှယ်ရှိတ်ကင်းဆိုတာလား။ တကယ်အံ့သြဖို့ကောင်းတာပဲ"

...

"ကဲ... ဒီနေ့တော့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီမှာပဲ အဆုံးသတ်လိုက်ပါပြီ။ နောက်ပိုင်းကျရင်လည်း ကျွန်တော်တို့ ရီထျန်းဂိုဏ်းသားတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ထပ်စောင့်ကြည့်ပေးဖို့ မမေ့ကြနဲ့နော်။ အားလုံးကို ချစ်တယ်နော်"

ပရိသတ်များက ထပ်ကြည့်ရန် စိတ်အားထက်သန်နေဆဲဖြစ်သော်ငြား ကျန်းမုန့်လောင်ကမူ တိုက်ရိုက်ထုတ်လွှင့်ခန်းကို ပိတ်လိုက်သည်။

"ဂါနေး... ငါတို့ ဘယ်လောက်ရလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"အစ်ကိုကြီး... ကျွန်တော်တို့ အကြီးအကျယ်ပွတာပဲ။ လက်မှတ်ရောင်းရငွေက ကြယ်ပွင့်၅၂.၇သန်းရှိပြီး လက်ဆောင်တွေက ကြယ်သန်း၂၀နီးပါး ရတယ်"

ဂါနေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ့တစ်သက်တာတွင် ဤမျှများပြားသော ငွေကြေးများကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"ဒီလောက်ငွေလေးကိုများ"

ကျန်းမုန့်လောင်က သူတို့၏ အမြင်ကျဉ်းမြောင်းမှုအပေါ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"ခပ်မြင့်မြင့်တွေးစမ်းပါ။ ငါ့နောက်ကိုသာ လိုက်ခဲ့။ မကြာခင် ဒီငွေတွေက ဘာမဟုတ်တဲ့ငွေလေးတွေပဲ ဖြစ်သွားလိမ့်မယ်"

"မင်းတို့ တစ်ယောက်ကို ကြယ်ဆယ်သန်းစီ ယူထားလိုက်"

ကျန်းမုန့်လောင်က ဂါနေးနှင့် မာကာဘာကာတို့ကို ပြောလိုက်သည်။

"ဒါက ဒီနေ့အတွက် ရီထျန်းဂိုဏ်းရဲ့ အကျိုးအမြတ်ခွဲဝေမှုလို့ သတ်မှတ်လိုက်။ ဝယ်ချင်တာရှိရင် ဝယ်သာဝယ်။ ပိုက်ဆံကို ချွေတာနေရင် ငါ့ကို မလေးစားရာကျတယ်"

"တစ်ယောက်ကို ကြယ်ဆယ်သန်းစီတောင် ရတာလား"

ကျွန်များမှာ ချက်ချင်းဆိုသလို မနာလိုမျက်ရည်များ ကျဆင်းလာချေသည်။ သူတို့ ဓားပြတိုက်ခံရစဉ်က သူတို့အချင်းချင်းကြားမှာပင် ကြယ်သန်းနှစ်ဆယ်မျှသာ စုဆောင်းနိုင်ခဲ့သော်လည်း ကျန်းမုန့်လောင်ကမူ သူ့လက်အောက်ငယ်သားများအား ဤမျှများပြားသော ငွေများကို ရက်ရက်ရောရောပေးကမ်းနေပေသည်။

ဒါက ဘာသဘောလဲ။

"အကုန်ဖြေရှင်းပြီးသွားပြီလား"

ထိုအခိုက်အတန့်တွင် အာရီယာသည် ဘယ်နေရာကမှန်းမသိပါဘဲ နောက်တစ်ကြိမ် ပေါ်လာပြန်​လေသည်။

"ဘွားဘွားအဒေါ်..."

ကျန်းမုန့်လောင်က ဘိုးဘေးကျန်းခိုင်၏ အမျိုးသမီးအား မည်သို့ခေါ်ဆိုရမည်ကို သေချာမသိပေ။

"အားလုံး ရှင်းပြီးသွားပါပြီ"

အာရီယာက လက်ချောင်းများဖြင့် ကျန်းမုန့်လောင်၏ မျက်နှာပေါ်သို့ ညင်သာစွာ ပွတ်သပ်လိုက်သည်။

"မင်းက သူနဲ့ ချွတ်စွပ်တူရုံတင်မကဘူး။ သူ တောက်ပခဲ့သလိုမျိုးလည်း တောက်ပနေတာပဲ"

"ကျစ်... ငါ့ဘိုးဘေးက သူ့ကို ဘာဆေးတွေများ တိုက်ထားတာလဲ"

အာရီယာ၏ အရူးအမူးဖြစ်နေသော အမူအရာကိုကြည့်၍ ကျန်းမုန့်လောင် စဉ်းစားမိသည်။ ကျန်းခိုင်က မိန်းမရှုပ်သူတစ်ယောက်ဆိုသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်သလို အာရီယာကိုယ်တိုင်ကလည်း သူ့တွင် မရေမတွက်နိုင်သော အမျိုးသမီးများ ရှိခဲ့ကြောင်း သိထားသည်။

သူ(မ)က သူ့ကို ဘာကြည့်ကြိုက်တာလဲ။ ဘာမှမရှိတာကိုလား။ အမွေးထူတဲ့ သူ့ခြေသလုံးတွေကိုလား။ ဒါမှမဟုတ် သူက အဲဒီလောက်တောင် ဆွဲဆောင်မှုရှိနေတာလား။

"လေလံပွဲကို မနက်ဖြန် ဆက်လုပ်မယ်။ မင်း ရက်နည်းနည်းလောက် ဆက်နေပြီး လည်ပတ်လို့ရတယ်။ ပြီးမှ ပြန်ပေါ့"

အာရီယာက ဆက်ပြောလိုက်သည်။

"ပြီးတော့ နောက်နောင် ဘာပဲဖြစ်ဖြစ် မင်း မဖြေရှင်းနိုင်တဲ့ ကိစ္စရှိလာခဲ့ရင် ငါ့ကို အချိန်မရွေး အကူအညီလာတောင်းလို့ရတယ်"

ထိုသို့ပြောလိုက်ချိန်တွင် အာရီယာထံမှ အားကောင်းသော ယုံကြည်မှုများ ဖြာထွက်လာသည်။

"စကြဝဠာမဟာမိတ်အဖွဲ့ပဲဖြစ်ဖြစ် စကြဝဠာသိုင်းကျောင်းတော်ပဲဖြစ်ဖြစ် သူတို့ရဲ့ တည်ထောင်သူတွေကို မင်း ရန်စမိတယ်ဆိုရင်တောင် ကြောက်နေစရာမလိုဘူး"

"ဘွားဘွားအဒေါ်... အရင်တုန်းက အဒေါ်နဲ့ တခြားအဆင့်ကိုးသက်ရှိတွေ အကြီးအကျယ် တိုက်ခိုက်ခဲ့ကြတယ်လို့ ကြားတယ်။ ဘယ်လို အဆုံးသတ်သွားခဲ့လဲ"

ကျန်းမုန့်လောင်က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

"ဟီးဟီး... ငါ့သက်ရှိအဆင့်နဲ့ စွမ်းအားတွေ အားလုံးကို ကျန်းခိုင်က တိုးတက်အောင် လုပ်ပေးခဲ့တာလေ။ ငါ သင်ယူခဲ့ရတာတွေက ဒီစကြဝဠာကြီးထက် အများကြီးသာလွန်တယ်။ အဲဒီသနားစရာကောင်းတဲ့ သတ္တဝါတွေက ငါ့ကို ဘယ်လိုလုပ်ပြီး အနိုင်ယူနိုင်မှာလဲ"

"အဲဒီအမှိုက်ကောင်တွေအကုန်လုံးကို ငါ ရိုက်နှက်ဆုံးမခဲ့ဖူးတယ်"

*********************

All Chapters