အခန်း (၉၀၄-၉၀၆)
Vol. 61 Ch. 904-906
အခန်း ၉၀၄ - တပ်မမှူးကြီး ကိစ္စကြီးတစ်ခု ထပ်ဖြစ်ပြန်ပြီ
"အာ... ပစ္စည်းကောင်းတွေ အများကြီးပဲ"
ကျန်းမုန့်လောင်က လေလံရုံထဲမှ ထွက်လာရင်း ပျင်းရိပျင်းတွဲ အကြောဆန့်လိုက်သည်။
လေလံပွဲ၏ ဒုတိယပိုင်းတွင် ပထမပိုင်းထက်ပင် ပိုကောင်းမွန်သော ပစ္စည်းများ များများပါဝင်လေသည်။ ကျန်းမုန့်လောင် မျက်စိကျသွားသော မည်သည့်အရာမဆို သူ့လက်ထဲက မလွတ်မြောက်နိုင်ခဲ့ပေ။ သို့သော်လည်း တစ်ခါတစ်ရံတွင်မူ သူသည် အခြားသူများအတွက် ကြင်နာစွာ လမ်းဖယ်ပေးတတ်သေးသည်။ မည်သို့ပင်ဆိုစေ နောင်တစ်ခါ ဆုံတွေ့ကြသည့်အခါ မျက်နှာပျက်စရာမရှိအောင် နေရာချန်ထားပေးခြင်းက ကောင်းမွန်သည်မဟုတ်ပါလော။
"ပြန်တော့မလို့လား"
အာရီယာက ကျန်းမုန့်လောင်အား ပြပွဲအခမ်းအနား၏ အဝင်ဝအထိ လိုက်လံပို့ဆောင်ရင်း မေးလိုက်သည်။
"ဟုတ်တယ်။ ကျွန်တော့်ဂြိုဟ်ပေါ်မှာ ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိသေးလို့"
ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။
"နောက်ထပ် ကျူးကျော်သူအုပ်စုတစ်စုလောက် ရောက်လာနိုင်သေးတယ်ဆိုတော့ သူတို့ကို ကျွန်တော် ရှင်းရဦးမယ်"
"ဒီလိုကိစ္စသေးသေးလေးတွေကိုတောင် မင်းကိုယ်တိုင် အာရုံစိုက်နေရသေးတာလား"
"ဒါက ဘဝမှာ အပန်းဖြေစရာလေး တစ်ခုပါ။ ပြဿနာလေးတွေမှမရှိရင် ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်မလဲ"
"ကောင်းပြီလေ။ ဒါဆိုလည်း မင်းကို ဆက်မဆွဲထားတော့ပါဘူး"
အာရီယာက ပြောလိုက်သည်။
"တကယ်လို့ ကျန်းခိုင်နဲ့တွေ့ဖို့ အခွင့်အရေးရခဲ့ရင် ငါ့အစား စကားလေးတစ်ခွန်းလောက် ပါးပေးဖို့ မမေ့နဲ့နော်... ငါ သူ့ကို လွမ်းနေတယ်လို့"
"စိတ်ချပါ"
ကျန်းမုန့်လောင်က ပြုံးလိုက်သည်။
"သူနဲ့သာ တွေ့ဖြစ်ရင် အဒေါ့်စကားကို သေချာပေါက် ပါးပေးပါ့မယ်"
...
ကျန်းမုန့်လောင်၏ အာကာသယာဉ်မှာ ဆိပ်ကမ်းမှ ဖြည်းညင်းစွာ ထွက်ခွာသွားချိန်တွင် မရေမတွက်နိုင်သော မျက်လုံးများက သူ့ပေါ်သို့ ကျရောက်နေချေသည်။ ဤတစ်ကြိမ်တွင် လေလံပစ္စည်း၈၀ရာခိုင်နှုန်းကျော်မှာ သူ့အိတ်ကပ်ထဲသို့ ရောက်သွားခဲ့သည်။ ယခုဆိုလျှင် သူသည် ရွေ့လျားနေသော ရတနာသိုက်ကြီးတစ်ခုနှင့် တူနေပေပြီ။
သို့တိုင် မည်သူကမှ သူ့ကို ဓားပြတိုက်ရန် မဝံ့ရဲကြချေ။ ယခင်က ကြိုးစားခဲ့သော ဓားပြတစ်သိုက်မှာ ပြန်လုယက်ခံရရုံသာမက လွတ်လပ်ခွင့်ပါ ဆုံးရှုံး၍ သူ့ကျွန်များအဖြစ်သို့ပင် ရောက်သွားချေသည်။
ထို့ပြင် ထိုအာကာသယာဉ်ပေါ်တွင် အဆင့်ခြောက်နှင့်အထက် သက်ရှိပေါင်း အယောက်တစ်ရာကျော်ရှိနေပေသည်။ အများစုမှာ အဆင့်ရှစ်အထွတ်အထိပ် သက်ရှိများပင်။ ဦးနှောက်ချို့ယွင်းနေသူကလွဲ၍ သူ့ကို တိုက်ခိုက်ခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။
ထိုအာကာသယာဉ်ကို "ဇူဒါအာကာသတပ်ဖွဲ့" ဟုခေါ်သော အင်အားအကြီးဆုံး တပ်ဖွဲ့ကြီးက ဝန်းရံထားသည်ကိုမူ ပြောစရာပင် မလိုတော့ပေ။
ကျန်းမုန့်လောင်မှာ ဤတပ်ဖွဲ့ကို စွမ်းအင်အပြည့် ဖြည့်တင်းထားပြီးဖြစ်၏။ အကယ်၍ သူသာ ဒေါသထွက်ပါက ဤတပ်ဖွဲ့က သူတို့၏ မျိုးနွယ်စုများထံသို့ မျက်စိတစ်မှိတ်အတွင်း ရောက်သွားနိုင်ပြီး ပြာပုံအဖြစ်သို့ ပြောင်းလဲပစ်နိုင်စွမ်း ရှိပေသည်။
"ဘော့စ်... ကျွန်တော်တို့ ဘယ်သွားကြမလို့လဲ။ ရီထျန်းဂိုဏ်းချုပ်ကိုလား"
ဂါနေးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
သူ့မိုဟာမျိုးနွယ်စုထံမှ ကျူးကျော်သူများ အားလုံး ဆုတ်ခွာသွားပြီဟူသော သတင်းကို သူ ယခုလေးတင် ရထားသည်။ ယခင်ကျူးကျော်သူများမှာ သူတို့၏ မျိုးနွယ်စုကို ပြန်လည်တည်ဆောက်ရာတွင် ကူညီပေးလာကြပြီး အကာအကွယ်ပေးသူများပင် ဖြစ်လာလေသည်။
ဂါနေးသည် သူ့မျိုးနွယ်စုတွင် သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့လေပြီ။
သို့သော် ဂါနေး၏ နှလုံးသားထဲတွင် သူရဲကောင်းဆိုသည်မှာ တစ်ဦးတည်းသာရှိ၏။ ထိုသူမှာ ကျန်းမုန့်လောင်ပင်။
"ဟုတ်တယ်။ ဂိုဏ်းချုပ်ကို သွားကြမယ်"
ကျန်းမုန့်လောင် ရယ်မောလိုက်လေသည်။
"မိုက်လိုက်တာ"
ဂါနေးမှာ ဝမ်းသာလွန်း၍ ခုန်ပေါက်လုမတတ်ပင်။
"မာကာဘာကာ...မင်းရဲ့မျိုးနွယ်စုကိစ္စကို ဖြေရှင်းဖို့အတွက်လည်း ငါ လူလွှတ်ထားပြီးပြီ။ မကြာခင် သတင်းကောင်း ကြားရမယ်လို့ ငါ ယုံကြည်တယ်"
ထိုသို့ပြောရင်း သူက အဆင့်ရှစ်ဆေးလုံးတစ်လုံးကို လူအုပ်ထဲသို့ ပစ်ချပေးလိုက်လေရာ အဆင့်ရှစ်အထွတ်အထိပ် သက်ရှိများမှာ ဤတာဝန်ကို ရယူရန်အတွက် လုယက်တိုက်ခိုက်လုနီးပါး ဖြစ်သွားကြသည်။
"ကျေးဇူးတင်ပါတယ်"
မာကာဘာကာက ပြောလိုက်သည်။ သူ့မျိုးနွယ်စုကိစ္စမှာ သူ့ရင်ထဲတွင် အမြဲတစေ ဆူးတစ်ချောင်းလို စူးနစ်နေခဲ့သည် မဟုတ်ပါလော။
"မင်း ငါ့ဘေးနားမှာ အမြဲရှိနေပေးဖို့ မလိုပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"နှစ်တစ်ထောင်ပြည့်လို့ ထွက်သွားချင်တယ်ဆိုရင်လည်း အချိန်မရွေး ထွက်သွားလို့ရတယ်"
"သခင်နဲ့အတူ အမြဲရှိနေခွင့်ရဖို့ မျှော်လင့်ပါတယ်"
"ဟားဟားဟား... နှစ်တစ်ထောင်အကြာကျမှ ဆက်ပြောကြတာပေါ့"
ကျန်းမုန့်လောင်က ရယ်မောရင်း သူ့အခန်းထဲသို့ ဝင်သွားချေသည်။ ကမ္ဘာမြေသို့ ပြန်ရန် ပြင်ဆင်နေပြီဖြစ်ရာ ထူးရှယ်နတ်ဘုရားကျောင်းတော်ကတစ်ဆင့် သူ့မိသားစုကို အသိပေးရန် လိုအပ်ပေသည်။
...
"ဂုဏ်သိက္ခာရှိတဲ့ အဆင့်ရှစ်သက်ရှိတစ်ယောက်ဖြစ်တဲ့ မင်းက အဆင့်လေးသက်ရှိတစ်ယောက်ရဲ့ လက်အောက်ငယ်သားအဖြစ် နေချင်နေတာကို ငါတော့ မယုံနိုင်ဘူး"
ကျန်းမုန့်လောင် ထွက်သွားပြီးနောက် ကျီတိဖုနှင့် အခြားသူများက သူ့အား ချက်ချင်းပင် လှောင်ပြောင်လိုက်ကြသည်။
သူတို့က ဝိညာဉ်တံဆိပ်၏ ထိန်းချုပ်မှုအောက်တွင် ကျန်းမုန့်လောင်၏ ကျွန်များအဖြစ် မတတ်သာ၍သာ နေခဲ့ကြရသည်။ သို့သော် မာကာဘာကာကမူ ကျန်းမုန့်လောင်အား ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ လေးစားနေကြောင်း သူတို့ ခံစားမိသည်။
"မင်းတို့က ဘာသိလို့လဲ"
မာကာဘာကာကလည်း လှောင်ပြောင်လိုက်သည်။
"အဆင့်ရှစ်အထွတ်အထိပ် သက်ရှိတွေက ငါ့သခင်ရှေ့မှာ အဲဒီလောက်အထင်ကြီးစရာ ကောင်းတယ်လို့ မင်းတို့ ထင်နေတာလား"
"မင်း ဘာကိုဆိုလိုချင်တာလဲ"
ကျီတိဖုမှာ အံ့အားသင့်သွားလေသည်။ စကြဝဠာတစ်ခုလုံးတွင် အဆင့်ရှစ်အထွတ်အထိပ် သက်ရှိများမှာ အလွန်နည်းပါးလှသည်။ တစ်ယောက်ချင်းစီတိုင်းကလည်း ဤအဆင့်သို့ ရောက်ရှိရန် နှစ်သန်းပေါင်း ဆယ်ဂဏန်းမှ ဘီလီယံနှင့်ချီ၍ အချိန်ယူခဲ့ရသည်ဖြစ်ရာ ကြီးမြတ်သော တည်ရှိမှုများအဖြစ် သတ်မှတ်ခံထားရသည်။
ဒါက အထင်ကြီးစရာ မကောင်းဘူးလား။
"ဟွန့်..."
လွန်ခဲ့သည့်ရက်အနည်းငယ်က ကျန်းမုန့်လောင်သည် မာကာဘာကာနှင့် ဂါနေးတို့အား ထူးရှယ်နတ်ဘုရားကျောင်းတော်သို့ ဝင်ခွင့်အသိပေးစာများ ပေးအပ်ခဲ့သည်။
ကောင်းကင်ကို ပြာကျစေပြီး ပင်လယ်ကို ဆူပွက်စေနိုင်သည့် စွမ်းရည်များရှိသော ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ဆရာများကို မတွေ့ခင်အချိန်အထိ အဆင့်ရှစ်သက်ရှိများမှာ အလွန်ကြီးမြတ်သည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။
ထိုနေရာရှိ မည်သည့်အဆင့်ရှစ်သက်ရှိ၏ စွမ်းအားမဆို စကြဝဠာထဲရှိ အဆင့်ရှစ်သက်ရှိများကို အလွယ်တကူ ရှင်းလင်းဖယ်ရှားပစ်ရန် လုံလောက်နေပြီး အဆင့်တစ်ဆယ် သက်ရှိများနှင့် အခြားအဆင့်မြင့်တည်ရှိမှုများပင် ရှိနေကြသေးသည်။
သာမန် အဆင့်ရှစ်သက်ရှိတစ်ယောက်က ဘာများ တန်ဖိုးရှိလို့လဲ။
ထူးရှယ်နတ်ဘုရားကျောင်းတော်၌ ယခင်ကျောင်းအုပ်ကြီးများ၏ မှတ်တမ်းဖြစ်သော ဂုဏ်ထူးဆောင်ကျောင်းအုပ်စာရင်းကိုပင် သူ တွေ့ခဲ့ရသေးသည်။ အဆင့်ကိုးသက်ရှိအဖြစ်သို့ ပထမဆုံးရောက်ရှိခဲ့သော ကျန်းမုန့်လောင်၏ဘိုးဘေးဖြစ်သူ ကျန်းမုန့်လောင်၏ ဖခင်မှာ အသက်လေးဆယ်ကျော်ရုံမျှသာ ရှိသေးသည်။
ထို့ပြင် ကျန်းမုန့်လောင်နှင့် အာရီယာတို့ကြားရှိ စကားဝိုင်းကိုလည်း သူ ကြားခဲ့ရသည်။ အာရီယာအနေနှင့် အဆင့်ရှစ်အထွတ်အထိပ် သက်ရှိမှ သူ(မ)၏ လက်ရှိသက်ရှိအဆင့်သို့ ရောက်ရှိရန် ငါးနှစ်သာ အချိန်ယူခဲ့ရသည်။
ဒါက ဘာကိုဆိုလိုတာလဲ။
အကယ်၍ သူသာ ကျန်းမုန့်လောင်နောက်သို့ လိုက်မည်ဆိုပါက အဆင့်ကိုးသက်ရှိသို့ ရောက်ရှိရန် စိုးရိမ်စရာမလိုတော့ပေ။ တစ်နေ့တွင် မာကာဘာကာကိုယ်တိုင်ပင် ပိုမြင့်မားသော အဆင့်မြင့်သက်ရှိတစ်ယောက် ဖြစ်လာနိုင်သေးသည်။
ကျန်းမုန့်လောင်နှင့်အတူ နေထိုင်ခွင့်ရသည့် အခွင့်အရေးကို စကြဝဠာဘဏ်၏ ဥက္ကဋ္ဌရာထူးနှင့် လဲပေးလျှင်ပင် သူ လဲမည်မဟုတ်ပေ။
"မင်းတို့ရဲ့ အမြင်တွေကလေ"
မာကာဘာကာခမျာ ခေါင်းခါယမ်းလိုက်သည်။
အရမ်းကျဉ်းမြောင်းလွန်းတယ်"
...
အမြွှာဝေလငါးစကြဝဠာအင်ပါယာနယ်စပ်၊ အမှတ်ရှစ် တပ်မတော်အခြေစိုက်စခန်း။
"အဲဒီမျိုးနွယ်စုတွေရဲ့ အခြေအနေက အခု ဘယ်လိုရှိလဲ"
ဩဂတ်စတက်စ်မှာ သတိလစ်မတတ် အလုပ်များနေခဲ့သည်။ ထိုဧရာမအာကာသတပ်ဖွဲ့ကြီး "ဖြတ်သန်း"သွားကတည်းက အမြွှာဝေလငါးစကြဝဠာအင်ပါယာတစ်ခုလုံးမှာ အထိတ်တလန့် ဖြစ်ခဲ့ရသည်။
"တပ်မမှူးကို အစီရင်ခံပါတယ်။ ဂူဂေါလ်မျိုးနွယ်စုမှာ မကြာသေးခင်က အကြီးအကျယ် ပုန်ကန်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဆင့်နှစ် မျိုးနွယ်စု တော်တော်များများက အာဏာသိမ်းနေကြလို့ အခုဆိုရင် ဖရိုဖရဲတွေ ဖြစ်နေပါပြီ"
"နတ်သမီးမျိုးနွယ်စုကရော"
"သူတို့က တလောတုန်းက အိုင်ဇက်လို့ခေါ်တဲ့ အဆင့်နှစ်မျိုးနွယ်စုတစ်ခုနဲ့ နီးစပ်သွားပြီး လက်ထပ်ထိမ်းမြားမဟာမိတ်တွေတောင် ဖြစ်နေကြပါပြီ"
လက်အောက်ငယ်သားက အစီရင်ခံသည်။
"အိုင်ဇက်မျိုးနွယ်စုလား... ဘာလို့ ဒီနာမည်ကို ရင်းနှီးနေသလို ခံစားရတာပါလိမ့်"
"တပ်မမှူး မေ့သွားပြီလား။ လွန်ခဲ့တဲ့လပိုင်းတုန်းက ကျွန်တော်တို့ရဲ့ အမြွှာဝေလငါးစကြဝဠာအင်ပါယာမှာ တပ်စွဲထားတဲ့ စကြဝဠာဘဏ်တပ်ဖွဲ့တွေ တစ်ကြိမ်ထွက်သွားခဲ့ဖူးတယ်လေ။ သူတို့ရဲ့ခရီးစဉ်က အဲဒီအမြွှာဝေလငါးစကြဝဠာအင်ပါယာကိုပါ"
"အာ... ဟုတ်ပြီ။ အဲဒီတုန်းက အဆင့်ခြောက် သက်ရှိနှစ်ယောက်ဆီက တိုက်ခိုက်ရေးအငွေ့အသက်တွေ ထွက်လာတာကို ငါ မှတ်မိပြီ။ အခုထက်ထိ စုံစမ်းစစ်ဆေးမှုရလဒ်တွေ မရသေးဘူးလား"
ဩဂတ်စတက်စ်က မေးခွန်းထုတ်လိုက်သည်။
အမြွှာဝေလငါးစကြဝဠာအင်ပါယာမှာ မကြာသေးခင်က အဘယ်ကြောင့် ဤမျှသက်ဝင်လှုပ်ရှားနေခဲ့ရသလဲဆိုသည်ကို ယနေ့အထိ မသိကြသေးပေ။
"မရသေးပါဘူး"
လက်အောက်ငယ်သားက ခေါင်းယမ်းပြလိုက်သည်။
"နောက်ထပ်သတင်းတစ်ခု ရှိပါသေးတယ်။ အဲဒီအိုင်ဇက်မျိုးနွယ်စုရဲ့ အရှင်သခင်နဲ့ နတ်သမီးမျိုးနွယ်စုရဲ့ မင်းသမီးတို့ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကပဲ မင်္ဂလာပွဲကျင်းပပြီးစီးသွားပါပြီ"
"ဒါက သိပ်တော့အရေးမကြီးပါဘူး။ ဟုတ်တယ်မလား"
"ဟုတ်ပါတယ်။ အရေးတော့ မကြီးပါဘူး"
လက်အောက်ငယ်သားက ပြောလိုက်သည်။
"ဒါပေမဲ့ အဲဒီမင်္ဂလာပွဲကို အဆင့်ငါးမျိုးနွယ်စု အရှင်သခင်တွေကိုယ်တိုင်ကိုယ်ကျ တက်ရောက်ခဲ့ကြပါတယ်။ အဆင့်ငါးမျိုးနွယ်စုရာပေါင်းများစွာက ကိုယ်စားလှယ်တွေ စေလွှတ်ပြီး လက်ဆောင်တွေ ပေးပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။ တကယ်တမ်း ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကိုတော့ ကျွန်တော်တို့ရဲ့ဧကရာဇ်အရှင်တောင် မသိပါဘူး"
"တကယ်ပဲ အဲဒီလို ဖြစ်ခဲ့တာလား"
ဩဂတ်စတက်စ်၏ မျက်နှာကား မှုန်ကုပ်သွားသည်။
"အဲဒီအိုင်ဇက်မျိုးနွယ်စုရဲ့ အရှင်သခင်က ဘယ်သူလဲ"
"ကျွန်တော် သိထားသလောက်တော့ သူက အရှင်သခင်ဟောင်းရဲ့ အငယ်ဆုံးသားပါ။ ဒါပေမဲ့ မကြာသေးခင်ကမှ အိုင်ဇက်မျိုးနွယ်စုအပါအဝင် ပတ်ဝန်းကျင်က အဆင့်နှစ်မျိုးနွယ်စုဆယ်ခုစလုံးက သူ့နာမည်အောက်ကို ရောက်သွားပါတယ်။ နတ်သမီးမျိုးနွယ်စုနဲ့ ဂူဂေါလ်မျိုးနွယ်စုတို့ကြားက စစ်ပွဲတွေကလည်း သူတို့ရဲ့မဟာမိတ်ဖွဲ့မှုနဲ့ သက်ဆိုင်ပါလိမ့်မယ်"
"ဒါဆို ဒီအိုင်ဇက်မျိုးနွယ်စုပိုင်ရှင်က အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုလိုတာလား"
ဩဂတ်စတက်စ်မှာ နက်နက်နဲနဲ တွေးတောမိလေတော့သည်။
"ဖြစ်နိုင်ခြေ အရမ်းများပါတယ်။ ပြီးတော့ အဲဒီလူက အနည်းဆုံး အဆင့်ငါးအဆင့်မြင့် မျိုးနွယ်စု ဒါမှမဟုတ် အထွတ်အထိပ်မျိုးနွယ်စုတစ်ခုက အရေးပါတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါလိမ့်မယ်။ အစတုန်းက ကျွန်တော်တို့ စုံစမ်းစစ်ဆေးချင်ခဲ့ပေမဲ့ ဧကရာဇ်အရှင်က တားမြစ်ခဲ့ပါတယ်။ ဧကရာဇ်အရှင်ကိုယ်တိုင်လည်း အရမ်းစိုးရိမ်ပူပန်နေတယ်ဆိုတာ သိသာပါတယ်"
"အဓိပ္ပာယ်မရှိတာ။ ဧကရာဇ်အရှင်က ဘယ်လိုလုပ်ပြီး မစိုးရိမ်ဘဲနေမလဲ"
ယနေ့အချိန်အထိ ဩဂတ်စတက်စ်မှာ ဂူဂေါလ်မျိုးနွယ်စုတစ်လျှောက် ဖြတ်သန်းသွားခဲ့သော တပ်ဖွဲ့ကြီးများ၏ မြင်ကွင်းကို မေ့ဖျောက်၍ မရနိုင်သေးပေ။ သူတို့၏ စကြဝဠာအင်ပါယာကြီး ဖျက်ဆီးခံရသည်ကို သူတို့၏ ဧကရာဇ်အရှင်က စကားတစ်ခွန်းမျှပင် မဟဝံ့ဘဲ လက်မှိုင်ချကြည့်နေခဲ့ရသည် မဟုတ်ပါလော။
"တီ... တီ... တီ... တီ... တီ..."
ထိုအခိုက်အတန့်တွင် တပ်မဌာနချုပ်၌ အချက်ပေးသံများ တစ်ဖန်မြည်လာပြန်သည်။
"ဘာတွေဖြစ်နေတာလဲ"
ဩဂတ်စတက်စ်၏ ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားပြီးနောက် ထပ်လာပြန်ပြီလားဟု တွေးလိုက်မိသည်။
"ကင်းလှည့်ယာဉ်... အခြေအနေကို အစီရင်ခံစမ်း"
"တပ်မမှူး... အရေးပေါ်ကိစ္စကြီးတစ်ခု ထပ်ဖြစ်ပြန်ပါပြီ"
***********************
အခန်း ၉၀၅ - ပါဆယ်လာယူရမယ့်နေရာက ဘယ်မှာလဲဆိုတာ မေးလို့ရမလား
"စိတ်အေးအေးထား။ ဖြည်းဖြည်းပြော။ မင်းက လောကကြီးအကြောင်း ဘာမှမသိသေးဘူးလား။ အဆင့်ငါးမျိုးနွယ်စုတပ်ဖွဲ့ရှစ်ခုက ငါတို့ရဲ့ စကြဝဠာအင်ပါယာကို ရောက်လာတာထက် ပိုပြီးကြီးကျယ်တဲ့ကိစ္စက ဘာများရှိနိုင်ဦးမှာမို့လို့လဲ"
ယခုအခါ ဩဂတ်စတက်စ်သည် သူ့ကိုယ်သူ အတွေ့အကြုံရင့်ကျက်သူတစ်ဦးအဖြစ် သတ်မှတ်ထားလေသည်။ သူတို့၏ သာမန် အဆင့်ငါးအခြေခံမျိုးနွယ်စုလေးကပင် ဤကဲ့သို့သော အခြေအနေမျိုးကို ဖြတ်သန်းဖူးပြီဖြစ်ရာ သူ့အတွက် ဘယ်အရာကမှ ပိုအံ့သြစရာကောင်းတော့မည်မဟုတ်ဟု ယူဆထားသည်။
"တပ်မမှူး... ဒီတစ်ခေါက်က အရင်တစ်ခေါက်ကထက်တောင် ပိုကြောက်စရာကောင်းနေပါတယ်။ တပ်ဖွဲ့ပေါင်းတစ်ရာပါ။ တပ်ဖွဲ့ပေါင်းတစ်ရာတိတိပါ။ စစ်သင်္ဘောတွေရဲ့ အရှည်ကို ကြည့်ရသလောက်တော့ အဆင့်ငါးအထွတ်အထိပ် မျိုးနွယ်စုတွေရဲ့ တပ်ဖွဲ့တွေချည်းပါပဲ"
ဩဂတ်စတက်စ်၏ လက်အောက်ငယ်သားက ပြောလိုက်လေသည်။
"မင်း ဘာပြောလိုက်တယ်"
ဩဂတ်စတက်စ်၏ တည်ငြိမ်မှုကား အလုံးစုံ ပျက်သုဉ်းသွားရလေပြီ။ အဆင့်ငါးအထွတ်အထိပ် မျိုးနွယ်စုများမှ တပ်ဖွဲ့ပေါင်းတစ်ရာတဲ့လား။
ဒါက ဘာသဘောလဲ။ အနီးအနားက စကြဝဠာအင်ပါယာတွေအကုန်လုံးကို ဖျက်ဆီးပစ်ဖို့ စီစဉ်နေကြတာများလား။
စကြဝဠာအင်ပါယာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သော ယခင်ကိစ္စတွင်ပင် အဆင့်ငါး အထွတ်အထိပ် မျိုးနွယ်စုတစ်ခုမှ စံမီတန်းမီတပ်ဖွဲ့တစ်ဖွဲ့တည်းသာ ပါဝင်ခဲ့သည်။ သို့သော် ယခုမူကား တပ်ဖွဲ့တစ်ရာတောင်တဲ့လား။
ဒါ... ဒါက လူတစ်ယောက်ကို ရူးသွပ်သွားစေဖို့ လုံလောက်နေပြီ။
ဩဂတ်စတက်စ်မှာ စောစောက သူပြောခဲ့သည့် စကားအတွက် သူ့ကိုယ်သူ အလွန်ရှက်ရွံ့သွားသည်။ အတွေ့အကြုံရင့်ကျက်သတဲ့လား။ ရယ်ချင်စရာပင်။
"သူတို့နဲ့ ဆွေးနွေးကြည့်ပြီးပြီလား"
"ဆွေးနွေးပြီးပါပြီ။ ဒါပေမဲ့ တစ်ဖက်လူတွေက ဘယ်စကြဝဠာအင်ပါယာကမှ လာတဲ့လူတွေဟုတ်ပုံမပေါ်ဘူး"
လက်အောက်ငယ်သားက အစီရင်ခံတင်ပြလိုက်သည်။
"သူတို့က ဆဲလ်ဒီကော်ပိုရေးရှင်းရဲ့ ထောက်ပံ့ပို့ဆောင်ရေးဌာနကလို့ ပြောပြီး ဒီကို ကုန်ပစ္စည်းလွှဲပြောင်းပေးဖို့ လာတာတဲ့"
"ဆဲလ်ဒီကော်ပိုရေးရှင်းလား"
အဆင့်ငါးမျိုးနွယ်စုတစ်ခု၏ တပ်မမှူးတစ်ယောက်အနေနှင့် ဩဂတ်စတက်စ်သည် ဗဟုသုတ အတန်အသင့် ရှိလေသည်။ ထိုကုမ္ပဏီမှာ စကြဝဠာ၏ အကြီးဆုံး စစ်လက်နက်ပစ္စည်းကုမ္ပဏီကြီးတစ်ခု၏ လက်အောက်ခံဖြစ်ပြီး တရားမဝင်လက်နက်များနှင့် ကိရိယာများကို ရောင်းချလေ့ရှိသည်။
"ဒါဆို ဒီတပ်ဖွဲ့တစ်ရာလုံးက ကုန်ပစ္စည်းတင်လာတယ်ဆိုတဲ့ သဘောလား"
"ဟုတ်ပါတယ်။ သူတို့ကတော့ အဲဒီလိုပြောပါတယ်။ တစ်ယောက်ယောက်က ဒီစစ်သင်္ဘောတွေကို မှာယူပြီး ပို့ဆောင်ရမယ့်နေရာကို ကျွန်တော်တို့ရဲ့ အမြွှာဝေလငါးစကြဝဠာအင်ပါယာအနီးမှာ သတ်မှတ်ပေးခဲ့တာပါတဲ့"
"သွားမယ်။ သွားကြည့်ရအောင် ငါ့ကိုခေါ်သွားပေး"
ဩဂတ်စတက်စ်လည်း ချက်ချင်းပင် သူ့နေအိမ်မှ ထွက်လာခဲ့ပြီး ရှေ့တန်း ကာကွယ်ရေးစခန်းသို့ တန်းတန်းမတ်မတ် သွားလေတော့သည်။
စကြဝဠာအင်ပါယာ၏ တပ်ဖွဲ့တစ်ခုလုံးမှာ အသင့်အနေအထားသို့ ရောက်ရှိနေပြီး သူတို့၏ ကာကွယ်ရေးနယ်မြေ အပြင်ဘက်တွင်မူ အဆင့်ငါးအထွတ်အထိပ်တပ်ဖွဲ့များက အပြည့်တန်းစီနေကြသည်။
"ဒါက... ကြယ်တာရာလေလွင့်သူတွေလား"
တပ်မမှူးဖြစ်သူ ဩဂတ်စတက်စ်သည် လက်နက်များနှင့်ပတ်သက်၍ အထူးသဖြင့် ထိပ်တန်းမျိုးနွယ်စုများရှိ အထူးစစ်သင်္ဘောကြီးများနှင့်ပတ်သက်၍ ဗဟုသုတကြွယ်ဝသည်။ သူသည် ထိုသင်္ဘောကြီးများကို လိုချင်လွန်း၍ သွားရည်ကျနေခဲ့သည်မှာ အတန်ကြာချေပြီ။
အကယ်၍ သူ့တွင်သာ ကြယ်တာရာလေလွင့်သူ စစ်သင်္ဘောများဖြင့် ဖွဲ့စည်းထားသော တပ်မကြီးတစ်ခု ရှိမည်ဆိုပါက အနီးအနားရှိ ရာနှင့်ချီသော အဆင့်ငါးမျိုးနွယ်စုများကို ခြိမ်းခြောက်ရန် လုံလောက်ချေပြီ။ သို့ဖြစ်လေရာ အမြွှာဝေလငါးစကြဝဠာအင်ပါယာကို လူတိုင်းက နတ်ဘုရားတစ်ပါးအလား လေးစားလာအောင် လုပ်မည်ဟုလည်း တစ်ခါက စိတ်ကူးယဉ်ခဲ့ဖူးသည်။
ကြယ်တာရာလေလွင့်သူ တပ်ဖွဲ့တစ်ခုမှာ စွမ်းအင်သာ လုံလုံလောက်လောက် ရှိမည်ဆိုပါက သာမန်အဆင့်ငါးမျိုးနွယ်စု တပ်ဖွဲ့ပေါင်း တစ်ထောင်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။ သာမန်အဆင့်ငါးအထွတ်အထိပ် စစ်သင်္ဘောတစ်စင်းပင် ရန်သူအမြောက်အများကို အသာလေးတိုက်ခိုက်နိုင်သည်။
သို့သော် သူတို့မှာ အဆင့်ငါးအလယ်အလတ် မျိုးနွယ်စုများထံမှ တပ်ဖွဲ့တစ်ဖွဲ့ကိုပင် ဝယ်ယူနိုင်စွမ်း မရှိပေ။ အနိမ့်ဆုံးအဆင့် လက်နက်တပ်ဆင်ထားသော ကြယ်တာရာလေလွင့်သူ စစ်သင်္ဘောတစ်စင်းအတွက်ပင် များပြားလှသော စကြဝဠာဒင်္ဂါးပြားများကို လိုအပ်သည်။ သူတို့လို အဆင့်ငါးအခြေခံမျိုးနွယ်စုပေါင်းများစွာ စုပေါင်းလိုက်လျှင်ပင် ထိုပမာဏကို လိုက်မီနိုင်ရန် ခဲယဉ်းလှသည်။
ယခုမူ သူတို့ရှေ့တွင် ထိုကဲ့သို့သော တပ်ဖွဲ့ပေါင်း တစ်ရာပင် ရှိနေချေသည်။ ၎င်းမှာ စင်စစ် သွေးဆောင်ဖြားယောင်းနိုင်လွန်းလှပေသည်။
"ဘယ်သူကများ မှာလိုက်တာပါလိမ့်"
ဩဂတ်စတက်စ်လည်း မတွေးဘဲမနေနိုင်တော့ပေ။
"ငါတို့မျိုးနွယ်စုထဲက လူတော့ မဖြစ်နိုင်ပါဘူးနော်။ ဒီနေရာမှာ ဘယ်သူကများ ဒီလိုတပ်ဖွဲ့မျိုးကို ဖွဲ့စည်းနိုင်စွမ်းရှိမှာတဲ့လဲ"
ဤသို့သော အဆင့်အတန်းရှိသည့် တပ်ဖွဲ့ပေါင်းတစ်ရာအတွက် စက်ရုံတွင် ထုတ်လုပ်ရမည့် အချိန်ကပင် အလွန်ကြာရှည်နိုင်ပြီး လက်နက်မျိုးစုံနှင့် စွမ်းအင်ဖွဲ့စည်းပုံများအတွက်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။ ကုန်ကျစရိတ်များမှာလည်း တွက်ချက်၍မရနိုင်လောက်အောင် များပြားလှသည်။
အဆင့်ငါးအထွတ်အထိပ် မျိုးနွယ်စုတစ်ခုအတွက်ပင် ဤကဲ့သို့သောတပ်ဖွဲ့မျိုး ဖွဲ့စည်းရန် သူတို့ပိုင်ဆိုင်သမျှ အရာအားလုံးကို ရောင်းချရပေလိမ့်မည်။ များသောအားဖြင့် အဆင့်ငါးအထွတ်အထိပ် မျိုးနွယ်စုများတွင် အဆင့်ငါးအထွတ်အထိပ် တပ်ဖွဲ့တစ်ဖွဲ့ သို့မဟုတ် နှစ်ဖွဲ့ခန့်သာ ရှိတတ်ပြီး ကျန်တပ်ဖွဲ့များကို အဆင့်ငါးအဆင့်မြင့်မျိုးနွယ်စုများ၏ တပ်ဖွဲ့များဖြင့် ဖြည့်တင်းထားလေ့ရှိသည်။
"နေဦး"
ဩဂတ်စတက်စ်မှာ အမြွှာဝေလငါးစကြဝဠာအင်ပါယာ၌ မကြာသေးခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ရုတ်တရက် သတိရလိုက်သည်။
"အဲဒီလူများ ဖြစ်နေမလား"
"တပ်မမှူး... ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ"
ထိုလက်အောက်ငယ်သားက မေးလိုက်သည်။
"ပစ္စည်းလက်ခံမယ့်လူ ရောက်မလာသေးဘူး။ ကျွန်တော်တို့ သတိအနေအထားနဲ့ပဲ ဆက်နေရမလား"
"ဘာကို ဆက်နေရမှာလဲ"
ဩဂတ်စတက်စ်က ကျိန်ဆဲလိုက်သည်။
"မင်းက ငါတို့ကို အထင်သေးလွန်းနေတာလား။ ဒါမှမဟုတ် အထင်ကြီးလွန်းနေတာလား။ ငါတို့ရဲ့ ယိုင်နဲ့နဲ့ကာကွယ်ရေးစနစ်လောက်နဲ့ သူတို့ဘက်က တပ်ဖွဲ့လိုက် လာစရာတောင် မလိုဘူး။ စစ်လေယာဉ်နည်းနည်းလောက်နဲ့တင် ငါတို့ရဲ့ခံစစ်က ပြိုလဲသွားမှာ။ မင်း ငါ့ကို လာနောက်နေတာလား"
အကယ်၍ တစ်ဖက်လူသာ ရန်ပြုလိုလျှင် သတိအနေအထားလည်း အသုံးဝင်မည် မဟုတ်ပေ။ သူတို့ဘက်က အကြံဆိုးမရှိဘူးဆိုလျှင်လည်း သူတို့၏ သတိအနေအထားက အချည်းနှီးသာ။ သတိထားနေခြင်းကား ဘာမှ ထူးခြားလာမည် မဟုတ်သည့်အတွက် ဘာကြောင့် ပင်ပန်းခံနေမည်နည်း။
"ဒါဆိုရင်..."
"ဒီကိစ္စကို ဧကရာဇ်အရှင်ဆီ အကြောင်းကြားလိုက်။ စစ်သင်္ဘောတွေ လာလွှဲယူမယ့်လူက ဘယ်သူလဲဆိုတာ ကြည့်ဖို့အတွက် လူတစ်ယောက်ပဲ ချန်ထားခဲ့ပြီး ကျန်တဲ့လူတွေကို အနားယူခိုင်းလိုက်။ သူတို့ လုပ်ချင်တာသာ လုပ်ခိုင်းလိုက်တော့"
"အနားယူရမယ်တဲ့လား"
လက်အောက်ငယ်သားခမျာ အံ့အားသင့်သွားလေသည်။
"တကယ်လို့ ဒီကာလအတွင်း အနီးအနားက မျိုးနွယ်စုတွေက ပြဿနာလာရှာရင် ကျွန်တော်တို့..."
"ပြဿနာရှာမယ် ဟုတ်လား"
ဩဂတ်စတက်စ်က လှောင်ရယ်လိုက်ပြီး ကောင်းကင်ပေါ်ရှိ အစက်အပြောက်ငယ်လေးများကို လက်ညှိုးထိုးပြလိုက်သည်။
"ဟိုမှာ ကြည့်လိုက်စမ်း။ ဒီကိုလာပြီး ပြဿနာရှာလောက်အောင် ဘယ်သူက ရူးမိုက်မှာလဲ။ အခုဆိုရင် သူတို့က ငါတို့ထက်တောင် ပိုစိုးရိမ်နေလောက်ပြီ"
ဤတပ်ဖွဲ့ကြီးမှာ သူတို့၏ အမြွှာဝေလငါးစကြဝဠာအင်ပါယာအနီးတွင် ပေါ်လာသောကြောင့် အခြားမျိုးနွယ်စုများမှာ ဤတပ်ဖွဲ့သည် သူတို့နှင့် သက်ဆိုင်သည်ဟု တစ်နည်းနည်းဖြင့် တွေးထင်သွားနိုင်ပေသည်။ ပြဿနာရှာရန်ဖြစ်စေ၊ အခြားရည်ရွယ်ချက်များဖြင့်ဖြစ်စေ သူတို့အနေနှင့် ဤအရှုပ်အထွေးများထဲတွင် ပါဝင်ချင်ကြမည်မဟုတ်ချေ။
...
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်လ ကုန်လွန်သွားခဲ့သော်လည်း တပ်ဖွဲ့ကြီးကတော့ မူလနေရာ၌ ဆက်ရှိနေဆဲပင်။ သို့သော် ဤသည်မှာ ထူးဆန်းသောအရာတော့ မဟုတ်ပေ။ ဤမျှကြီးမားလှသော စီးပွားရေးလွှဲပြောင်းမှုမျိုးမှာ တစ်ခါတစ်ရံတွင် နှစ်နှင့်ချီ၍ အချိန်ယူရတတ်သည်။
ရှေ့တန်းတိုက်ခိုက်ရေး ဝန်ထမ်းများမှာ ထိုတပ်ဖွဲ့ကြီးကို ပုံမှန်အတိုင်း ဆက်လက်စောင့်ကြည့်နေကြသည်။
"ဟေ့.. ပစ္စည်းလာယူမယ့်လူ ဘယ်တော့လောက် ရောက်လာမယ်လို့ မင်းထင်လဲ"
"ဘယ်သူသိမှာလဲ။ ဒီလိုတပ်ဖွဲ့မျိုး ဝယ်နိုင်တဲ့လူက တော်တော်အလုပ်များနေမှာ သေချာတယ်။ နှစ်တော်တော်ကြာတဲ့အထိ ရောက်မလာတာမျိုးလည်း ဖြစ်နိုင်တာပဲ"
"ဒါနဲ့ တလောတုန်းက လုပ်သွားတဲ့ စကြဝဠာ လျှို့ဝှက်ပြပွဲအကြောင်း မင်း ကြားပြီးပြီလား"
"ဟားဟားဟား... ကြားပြီးပြီပေါ့။ မင်းက ရီထျန်းဂိုဏ်းအကြောင်း ပြောချင်တာမလား"
"ဟုတ်တယ်ကွ။ အဲဒီလူက တကယ် မယုံနိုင်စရာပဲ။ အဆင့်လေးသက်ရှိတစ်ယောက်က အဆင့်ခြောက်၊ အဆင့်ခုနစ်နဲ့ အဆင့်ရှစ်သက်ရှိအယောက်တစ်ရာကျော်ကို အညံ့ခံလာအောင် လုပ်နိုင်ခဲ့ပြီး သူတို့ အရှက်ကွဲနေတဲ့ပုံစံကိုတောင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သေးတာ"
"ဘာလဲ။ မင်း အဲဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခဲ့တာလား"
"ဒီလိုစိတ်လှုပ်ရှားစရာကောင်းတဲ့ အဖြစ်အပျက်မျိုးက နှစ်ထောင်ပေါင်းများစွာကြာမှ တစ်ကြိမ်ပဲ ပေါ်လာတတ်တာလေ။ သေချာပေါက် ကြည့်ရမှာပေါ့"
"ဟားဟား... စကြဝဠာဒင်္ဂါးတစ်သိန်းဆိုတာ ငါတို့ နှစ်ပေါင်းများစွာကြာအောင် စုရတဲ့လစာလေ။ မင်းက တကယ် ပိုက်ဆံဖြုန်းနိုင်တာပဲ"
"ဟီးဟီး... အဲဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ငါ မှတ်တမ်းတင်ထားလိုက်တယ်။ ပြီးတော့ ငါတို့ စကြဝဠာအင်ပါယာရဲ့ ဗီဒီယို ပလက်ဖောင်းတစ်ခုပေါ်မှာ တင်ပြီး အစမ်းကြည့်ခအနေနဲ့ စကြဝဠာဒင်္ဂါးရာဂဏန်းလောက် ကောက်လိုက်တယ်။ ငါ ဘယ်လောက်ရလိုက်လဲ မှန်းကြည့်"
"ဘယ်လောက်တောင်လဲ"
"စကြဝဠာဒင်္ဂါး စုစုပေါင်း၁.၂သန်းတောင်"
"ဝိုး... မင်း တကယ်လည်တာပဲ။ ဒါပေမဲ့ ဒါက မူပိုင်ခွင့်ပြဿနာ မရှိဘူးလား"
"ငါတို့လို အရေးမပါတဲ့ နေရာလေးတစ်ခုမှာ စကြဝဠာဒင်္ဂါး ဘီလီယံနဲ့ချီပြီး အလုပ်လုပ်နေတဲ့ လူတွေက ငါတို့အတွက်နဲ့ အချိန်ဖြုန်းနေမှာ မဟုတ်ပါဘူးကွာ"
"ဟားဟား... ဒါလည်း ဟုတ်တာပဲ"
"တီ... တီ... တီ..."
"ဘာဖြစ်တာလဲ။ နောက်ထပ် အချက်ပေးသံလား"
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် အချက်ပေးသံ ထပ်မြည်လာခဲ့သည်။
"တပ်ဖွဲ့... နောက်ထပ်တပ်ဖွဲ့တစ်ခု။ စွမ်းအင်တုံ့ပြန်မှု ၁၀၀၀၁တောင်"
"ရှေ့ဆုံးက စွမ်းအင်ပစ်မှတ်ကို ချဲ့ကြည့်လိုက်စမ်း"
သူတို့နှစ်ယောက်သား ချက်ချင်းဆိုသလို သတိကြီးကြီးထား၍ စတင်လုပ်ဆောင်လိုက်ကြသည်။
"တစ်ယောက်ယောက် တပ်မမှူးကို မြန်မြန်အကြောင်းကြားလိုက်"
"ဒါက နောက်ဆုံးပေါ် ကိုယ်ပိုင် အာကာသယာဉ်မော်ဒယ် စတားဂေဇာပဲ။ နေဦး။ သူ့အနောက်က စစ်ယာဉ်တန်းကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ"
စစ်သည်တစ်ယောက်က ဗီဒီယိုဖိုင်တစ်ခုကို ဖွင့်ကြည့်လိုက်သည်။ ၎င်းမှာ ဇူဒါအာကာသယာဉ်တန်းအတွက် လေလံပွဲတွင် ကျန်းမုန့်လောင် ပါဝင်ခဲ့စဉ်က ရိုက်ကူးထားသော မှတ်တမ်းပင်။ ပွဲစီစဉ်သူများ၏ ရှင်းလင်းတင်ပြမှုအတွင်း သူတို့သည် ထိုစစ်ယာဉ်တန်း၏ ပုံပန်းသဏ္ဌာန်ကို ထုတ်လွှင့်ပြသခဲ့ကြသည်။
"တစ်... တစ်ထပ်တည်းပဲ။ အဲ... အဲဒါ ဇူဒါ အာကာသယာဉ်တန်းပဲ"
"ရီထျန်းဂိုဏ်း... ရီထျန်းဂိုဏ်းကလူတွေ ဒီကို ရောက်နေတယ်"
"သူတို့က ဘာလို့ ဒီကိုရောက်လာတာလဲ။ တစ်ယောက်ယောက်က သူတို့ကို ပြဿနာသွားရှာထားလို့လား"
သူတို့နှစ်ယောက်စလုံး ချက်ချင်းပင် ကြောက်လန့်တကြားဖြစ်သွားပြီး မျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။
"မြန်မြန်... သူတို့ ဘာလို့ ဒီကိုရောက်လာတာလဲဆိုတာ မေးကြည့်လိုက်"
"ဒါက အမြွှာဝေလငါး စကြဝဠာအင်ပါယာရဲ့ အမှတ်ရှစ်တပ်မတော် အခြေစိုက်စခန်းပါ။ ခင်ဗျားတို့ရဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။ မဟုတ်ရင် ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကို အသုံးပြုရပါလိမ့်မယ်"
သူတို့သည် တရားဝင်လေသံဖြင့် ပြောလိုက်သော်လည်း ရင်ထဲတွင်မူ မလုံမခြုံဖြစ်နေကြသည်။
"ဟယ်လို... ကျွန်တော်က ဒီအနီးအနားမှာ သွားယူရမယ့် ပါဆယ်ထုပ်တစ်ထုပ်ရှိလို့ပါ။ ဘယ်နေရာမှာ သွားယူရမလဲဆိုတာ မေးလို့ရမလား"
*******************
အခန်း ၉၀၆ - ငါက နည်းနည်း ကြောက်တတ်လို့
"သူပဲ။ သေချာပေါက် သူပဲ"
အမှတ်ရှစ်တပ်မတော်မှ စစ်သည်တစ်ယောက်က ဆက်သွယ်ရေးစက်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"အဲဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ကျွန်တော် ကြည့်လိုက်တယ်။ သူ့အသံကိုလည်း မှတ်မိတယ်။ လုံးဝမမှားဘူး"
အဆင့်ရှစ်သက်ရှိကိုပင် အကြောက်တရား သွင်းပေးနိုင်ခဲ့သည့် နတ်ဆိုးအလား ထိုလူငယ်လေး၏ ပုံရိပ်က သူ့စိတ်ထဲတွင် ချက်ချင်းပေါ်လာခဲ့သည်။
ဤလူက သူတို့၏ အမြွှာဝေလငါးစကြဝဠာ မျိုးနွယ်စုဆီသို့ တကယ်ရောက်လာခဲ့သည်။ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်က ဘာများဖြစ်မည်နည်း။ ဆွေမျိုးမိတ်ဆွေများထံ လာလည်လေသလား။ သို့သော် အလည်လာရုံသက်သက်ဖြင့် စကြဝဠာ၏ အင်အားအကြီးဆုံးစစ်ယာဉ်တန်းကို ခေါ်လာသည်ဟု မည်သူကများ ကြားဖူးမည်နည်း။ သို့မဟုတ် လက်စားချေရန် လာလေသလား။
"လူကြီးမင်း... ကျေးဇူးပြုပြီး... ကျွန်တော်တို့ အေးအေးဆေးဆေး စကားပြောကြရအောင်ပါ။ ကျွန်တော်တို့ရဲ့ တပ်မမှူးကို သွားခေါ်ဖို့ လူလွှတ်လိုက်ပါပြီ။ ပြဿနာတစ်ခုခုရှိရင် သူနဲ့ ဆွေးနွေးလို့ရပါတယ်။ သူ မဖြေရှင်းနိုင်ဘူးဆိုရင်တောင် ဧကရာဇ်အရှင်ကို အသိပေးလို့ရပါတယ်။ စိတ်အေးအေးထားပါဦး"
"မင်းက ဘာလို့တုန်နေတာလဲ။ ငါက ပါဆယ်လာယူရုံလေးကို ဒီလောက်ကြီး ပျာယာခတ်နေစရာ မလိုဘူးမလား"
ကျန်းမုန့်လောင်လည်း နားမလည်နိုင်ဖြစ်သွားသည်။
"မင်း ငါ့ကို သိတာလား"
"အခုအချိန်မှာ ခင်ဗျားကို ဘယ်သူကများ မသိဘဲနေပါ့မလဲ"
ထိုစစ်သည်ခမျာ ငိုတော့မတတ်ပင်။
"ခင်ဗျား တိုက်ရိုက်ထုတ်လွှင့်တာကို ကျွန်တော် ကြည့်ခဲ့ပါတယ်။ ခင်ဗျားလို အရေးပါတဲ့လူတစ်ယောက်က ဘာလို့ ကျွန်တော်တို့လို အဆင့်ငါးမျိုးနွယ်စုသေးသေးလေးကို ပြဿနာလာရှာရတာလဲဗျာ။ တစ်ယောက်ယောက်က ခင်ဗျားကို စော်ကားမိတယ်ဆိုရင်လည်း ပြောသာပြောလိုက်ပါ။ ကျွန်တော်တို့ ဧကရာဇ်အရှင်ကိုယ်တိုင်က သူတို့ကို ခွင့်လွှတ်ပေးမှာ မဟုတ်ပါဘူး"
"ငါ တကယ် ပါဆယ်လာယူရုံတင်ပါဆို"
ကျန်းမုန့်လောင်မှာ ဆွံ့အသွားရသည်။
"ငါ့ရဲ့ တွက်ချက်မှုအရဆိုရင် ငါမှာထားတဲ့ ကြယ်တာရာလေလွင့်သူ စစ်သင်္ဘောအစင်းတစ်ရာပါတဲ့ စစ်ယာဉ်တန်းက ရောက်နေလောက်ပြီ။ မင်းတို့ တွေ့မိသေးလား"
"အဲဒီယာဉ်တန်းက ခင်ဗျားဟာလား"
ထိုအချိန်ကျမှသာ ထိုစစ်သည်လည်း စိတ်သက်သာရာရသွားတော့သည်။ ဤလူကြီးမင်းက ထိုတပ်ဖွဲ့ကို ဝယ်လိုက်သည်ဆိုပါက အံ့သြစရာတော့ မဟုတ်ပေ။ မည်သို့ပင်ဆိုစေ သူသည် စကြဝဠာဒင်္ဂါးသန်းနှစ်ဆယ်ကို တစ်ခဏအတွင်း အလွယ်တကူ လုယူနိုင်သူဖြစ်လေရာ ဤငွေပမာဏက သူ့အတွက် ဘာမှမပြောပလောက်ပေ။
"မဟုတ်လို့ ဘာဖြစ်ရမှာလဲ။ ငါတို့ရဲ့ အမြွှာဝေလငါးစကြဝဠာအင်ပါယာထဲမှာ ဘယ်သူကများ အဲဒါကို ဝယ်နိုင်မှာလဲ"
"ငါတို့လား"
ထိုစစ်သည်ခမျာ ထိုစကားလုံးများ၏ ဆိုလိုရင်းကို အမြန်ရိပ်စားမိလိုက်သည်။
"ခင်ဗျား... ခင်ဗျားက အမြွှာဝေလငါးစကြဝဠာအင်ပါယာက လူလား"
"ဒါပေါ့"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါက စကြဝဠာလျှို့ဝှက်ပြပွဲကို သွားတက်ပြီး အခု အိမ်ပြန်လာတာလေ။ ပြဿနာရှိလို့လား"
"မရှိပါဘူး။ ဘာပြဿနာမှ မရှိပါဘူး"
ထိုအချိန်တွင် သူ့ရင်ထဲရှိ လေးလံလှသော ကျောက်တုံးကြီး ဖယ်ရှားခံလိုက်ရသလို ခံစားလိုက်ရသည်။ အိမ်ပြန်လာရုံသက်သက် ဖြစ်နေသည်ကိုး။ ထို့ကြောင့်လည်း စစ်ယာဉ်တန်းကြီးပါ ခေါ်လာခြင်းပင်။ အံ့သြစရာတော့ မရှိပေ။
သူတို့၏ အမြွှာဝေလငါးစကြဝဠာအင်ပါယာတွင် ဤမျှကြောက်မက်ဖွယ်ကောင်းသူတစ်ယောက် ဘယ်အချိန်ကတည်းက ရှိနေခဲ့သလဲဆိုသည်ကိုသာ စဉ်းစားမရဖြစ်နေပေသည်။ သူသည် ဧကရာဇ်အရှင်ထက် မည်မျှပိုချမ်းသာကြွယ်ဝနေမည်ကိုပင် ခန့်မှန်း၍မရနိုင်ပေ။ ဤလူ့အကြောင်းကို သူ ဘာကြောင့် ယခင်က တစ်ခါမှ မကြားဖူးခဲ့ရသလဲ။
"ဘာတွေဖြစ်နေတာလဲ"
ထိုအချိန်တွင် တပ်မမှူးဩဂတ်စတက်စ်က အလျင်စလိုဖြင့် ရောက်ချလာသည်။
"တပ်မမှူး... ခင်ဗျား ယုံချင်မှယုံလိမ့်မယ်။ ကျွန်တော်တို့ စကြဝဠာအင်ပါယာထဲကနေ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက် ပေါ်ထွက်လာပြီဗျ"
ထိုစစ်သည်က ကျန်းမုန့်လောင်၏ အချက်အလက်များကို သူ့အား အမြန်ပြောပြလိုက်သည်။
စကြဝဠာလျှို့ဝှက်ပြပွဲမှာ စကြဝဠာရှိ အဓိကမီဒီယာများ၏ မျက်နှာဖုံးစာမျက်နှာများတွင် တစ်လတိတိ နေရာယူထားခဲ့လေရာ ဩဂတ်စတက်စ်လည်း ထိုသတင်းကို စောင့်ကြည့်နေခဲ့သည်။
"မင်းပြောချင်တာက ဝမ်စီခုန်းဆိုတဲ့လူက ငါတို့အမြွှာဝေလငါးစကြဝဠာအင်ပါယာကလူလို့ ဆိုလိုချင်တာလား"
"ဟုတ်လောက်ပါတယ်။ သူက အခုလေးတင် 'ငါတို့ရဲ့ အမြွှာဝေလငါးစကြဝဠာအင်ပါယာ' လို့ သုံးနှုန်းသွားတာ"
"ဒါဆို ရီထျန်းဂိုဏ်းက တခြားလူတွေကရော"
"သေချာတော့မသိဘူးဗျ။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ အမြွှာဝေလငါးစကြဝဠာအင်ပါယာနဲ့ ပတ်သက်ဆက်နွှယ်နေတာတော့ သေချာတယ်။ ကျွန်တော်ထင်တာတော့ သူနဲ့ ဆက်သွယ်ဖို့ လိုအပ်လိမ့်မယ်"
"ငါပဲ ကိုင်တွယ်လိုက်မယ်"
ဩဂတ်စတက်စ်လည်း ဆက်သွယ်ရေးစက်ရှေ့သို့ တိုးလာခဲ့သည်။
"ဟယ်လို... ကျွန်တော်က အမြွှာဝေလငါးစကြဝဠာအင်ပါယာ အမှတ်ရှစ်တပ်မတော်ရဲ့ တပ်မမှူး ဩဂတ်စတက်စ်ပါ။ ခင်ဗျားက မစ္စတာဝမ်စီခုန်းလား"
"ဪ တကယ်တော့ ဝမ်စီခုန်းဆိုတာက နာမည်တုပါ။ ကျွန်တော့်နာမည်အရင်းက ကျန်းမုန့်လောင်လို့ခေါ်တယ်"
ယခုအချိန်တွင် သူ့မျိုးနွယ်စုဆီသို့ ပြန်ရောက်လာပြီဖြစ်ရာ နာမည်တုကို ဆက်သုံးရန် မလိုအပ်တော့ဘူးဟု ကျန်းမုန့်လောင် တွေးမိသည်။
"အာ.. မစ္စတာကျန်း.. ကျွန်တော် ခုနက ကြားလိုက်ရတာဗျ။ အဲဒီစစ်ယာဉ်တန်းတစ်ရာကို ခင်ဗျားဝယ်ထားတာဆိုတာ အမှန်ပဲလား"
"အမှန်ပဲ"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"အဲဒါတွေ ဘယ်မှာလဲဆိုတာ ခင်ဗျားသိလား။ သေချာတွေးကြည့်မယ်ဆိုရင် ကျွန်တော်က အပြင်မှာ ရက်ပိုင်းလောက် လျှောက်လည်နေခဲ့တာဆိုတော့ သူတို့ရောက်နေတာ ကြာလောက်ပြီ"
"ဟုတ်ပါတယ်။ ရောက်နေပါပြီ"
ဩဂတ်စတက်စ်လည်း ကပျာကယာပြန်ဖြေလိုက်သည်။
"စစ်အခြေစိုက်စခန်းနားက ကုန်သွယ်ရေးဆိပ်ကမ်းနားမှာ သူတို့ကို နေရာချပေးထားပါတယ်။ ကျွန်တော်ကိုယ်တိုင် ခင်ဗျားကို ခေါ်သွားပေးပါ့မယ်"
ဤသည်မှာ တစ်ဖက်လူက စကြာဝဠာအဆင့် ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး သူတို့၏ မျိုးနွယ်စုသေးသေးလေးက အင်အားအရာတွင် ထိုကုမ္ပဏီ၏ဌာနတစ်ခုကိုပင် ယှဉ်နိုင်စွမ်းမရှိကြောင်း အဓိပ္ပာယ်သက်ရောက်နေပေသည်။
ဤမျှကြီးကျယ်ခမ်းနားလှသော စစ်ယာဉ်တန်းကြီးမှာ ထိုနေရာတွင် ခန့်ညားထည်ဝါစွာ ရှိနေသည်ကို ထည့်သွင်းစဉ်းစားပါက သူတို့ကို ထိုနေရာတွင် စောင့်ခိုင်းထားခြင်းမှာ ရိုင်းပျရာကျပေလိမ့်မည်။ ထို့ကြောင့် သူတို့ကို အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးဆိပ်ကမ်းတွင်သာ နေရာချထားပေးလိုက်ရသည်။
"ကျေးဇူးပဲ"
ကျန်းမုန့်လောင်လည်း စစ်အခြေစိုက်စခန်းတွင် အာကာသယာဉ်ကို ရပ်နားလိုက်သည်။ အပြင်ဘက်တွင် ဩဂတ်စတက်စ်နှင့် အခြားသူများက သူ့ကို ကြိုဆိုရန် စောင့်ဆိုင်းနေကြသည်။
ယာဉ်တံခါးဖွင့်လိုက်သည်နှင့် အသက်ရှူကျပ်စေနိုင်လောက်သည့် အရှိန်အဝါတစ်ခုက သူတို့ကို လွှမ်းခြုံသွားပြီး အသက်ရှူရန်ပင် ခက်ခဲသွားစေသည်။
ယခုအချိန်အထိ သူတို့ ကြုံဖူးသမျှထဲတွင် အင်အားအကြီးဆုံး သက်ရှိမှာ အလွန်ဆုံးရှိလှ အဆင့်ခြောက်အခြေခံသက်ရှိဖြစ်သော သူတို့၏ ဧကရာဇ်အရှင်ပင်တည်း။
"မင်းတို့အားလုံး ဒီမှာနေခဲ့ကြ။ ဂါနေးနဲ့ မာကာဘာကာက ငါနဲ့လိုက်ခဲ့"
"မစ္စတာကျန်း… ခင်ဗျားရဲ့လက်အောက်ငယ်သားတွေအတွက် အနားယူဖို့ အခန်းလေးများ လိုအပ်ဦးမလား"
ဩဂတ်စတက်စ်က တရိုတသေမေးလိုက်လေသည်။
"မလိုဘူး။ သူတို့က ငါ့ကျွန်တွေပါ။ သူတို့နဲ့မတန်ဘူး"
"ဒါပေမဲ့.."
သူတို့က ကျန်းမုန့်လောင်၏ကျွန်များ ဖြစ်သော်ငြား သူတို့အတွက်မူ ဤသက်ရှိများမှာ မော်ကြည့်ရလောက်သော ပုဂ္ဂိုလ်ကြီးများပင်။
ပုံမှန်အားဖြင့် အဆင့်ခြောက် သို့မဟုတ် ယင်းထက်မြင့်သော သက်ရှိတစ်ယောက်ယောက် သူတို့၏ စကြဝဠာအင်ပါယာသို့ လာရောက်လည်ပတ်ပါက ဧကရာဇ်အရှင်ထံမှ အလွန်အဆင့်မြင့်လှသော ဧည့်ဝတ်ပြုကြိုဆိုမှုကို ခံယူရမည်သာ။ အဆင့်ရှစ်သက်ရှိတစ်ယောက်နှင့် ကြုံတွေ့ရလျှင် ကိုယ်ကို ညွတ်ကိုင်း၍ အရိုအသေပေးရပေမည်။
"ဟင်"
ကျန်းမုန့်လောင်က သူတို့ကို တစ်ချက်စိုက်ကြည့်လိုက်သည်။
"မင်းတို့တွေက အနားယူခန်းထဲမှာ အနားယူချင်သေးတာလား"
"ဟီးဟီးဟီး… ကျွန်တော်တော့ အာကာသယာဉ်ထဲမှာ နေရတာကိုပဲ တော်တော်ကျေနပ်နေပါပြီ"
"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ သခင်က ကျွန်တော်တို့ကို တခြားတာဝန်တွေလည်း ပေးထားသေးတာဆိုတော့ အနားယူခန်းတွေဘာတွေမလိုပါဘူး"
"တွေ့လား။ သူတို့က မသွားချင်ကြဘူးတဲ့"
ကျန်းမုန့်လောင်လည်း ပခုံးတွန့်ပြလိုက်သည်။
"မင်းတို့ အာကာသယာဉ်ကို သွားမရှင်းကြသေးဘူးလား"
"ဟုတ်ကဲ့.. ကျွန်တော်တို့ အခုချက်ချင်းလုပ်လိုက်ပါ့မယ်"
……
ဤမြင်ကွင်းကြောင့် ဩဂတ်စတက်စ်မှာ ဆွံ့အသွားရသည်။။ စက်ရုပ်များပင် လုပ်ဆောင်နိုင်သော အိမ်မှုကိစ္စများအတွက် အဆင့်မြင့်သက်ရှိများကို ခိုင်းစေခြင်းမှာ ကျန်းမုန့်လောင်တစ်ယောက်တည်းသာ လုပ်နိုင်သောကိစ္စမျိုး ဖြစ်ပေလိမ့်မည်။
"ဒီဘက်ကိုကြွပါ"
ဩဂတ်စတက်စ်က ရှေ့ဆုံးက ဦးဆောင်သွားသည်။
အဆင့်ငါးမျိုးနွယ်စုတစ်ခု ဖြစ်သည့်အတွက် သူတို့၏ နေ့စဉ်ကုန်စည်စီးဆင်းမှုမှာ အလွန်များပြားလှသည်။ ထို့ကြောင့် သူတို့အနေနှင့် အကြီးစားဂြိုလ်ပေါင်းများစွာကို ဤဒေသအတွင်းသို့ နည်းလမ်းအမျိုးမျိုးဖြင့် ဆွဲယူလာပြီး ခွဲခြား၍မရနိုင်အောင် တစ်သားတည်းဖြစ်စေရန် ချိတ်ဆက်ထားကြသည်။
စစ်ယာဉ်တန်းကို ကုန်သွယ်ရေးဇုန်၏ အဝင်ဝတွင် ရပ်နားထားသည်။ ဩဂတ်စတက်စ်တွင်လည်း သူ့အစီအစဉ်နှင့်သူ ရှိပေသည်။ အကြောင်းမှာ အနီးအနားရှိ မျိုးနွယ်စုများမှ ကုန်သည်များ ထိုနေရာတွင် ရှိနေသောကြောင့် ဤအခွင့်အရေးကို အသုံးချ၍ အိမ်နီးချင်းဖြစ်သော အခြားအဆင့်ငါးမျိုးနွယ်စုများကို နည်းနည်းလောက် ခြိမ်းခြောက်ချင်သောကြောင့်ပင်။
"ဘုရားရေ… ဒါတွေက အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စုရဲ့ စစ်သင်္ဘောတွေ မဟုတ်ဘူးလား"
"ငါ အခုတင်ရှာကြည့်လိုက်တာ။ ဒါတွေက ဝမ်ဒါရာစစ်သင်္ဘောတွေကွ။ လက်ရှိ ဈေးကွက်ထဲမှာ အင်အားအကြီးဆုံးစစ်ယာဉ်တန်းနော်။ တပ်ဖွဲ့တစ်ခုကို အနည်းဆုံး စကြာဝဠာဒင်္ဂါး သန်းနဲ့ချီပြီးတန်တယ်"
"ဒါဆို တပ်ဖွဲ့တစ်ရာဆိုတော့ စကြာဝဠာဒင်္ဂါး သန်းပေါင်းများစွာတန်တာပေါ့။ ဘယ်အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စုကမှ အဲဒါကို အသာလေးမဝယ်နိုင်ဘူးမလား"
"သူတို့အမြွှာဝေလငါးစကြာဝဠာအင်ပါယာက ဘယ်တုန်းကများ ဒီလောက်အထိ အင်အားကြီးသွားတာလဲ"
"သူတို့နောက်ကွယ်မှာ နိုင်ငံရေးကျောထောက်နောက်ခံအကြီးစားများ ရှိနေလို့လား"
အခြားမျိုးနွယ်စုများရှိ ကုန်သည်များမှာ အချင်းချင်း တီးတိုးပြောနေကြသည်။ အထူးသဖြင့် မိမိကိုယ်ကို အမြဲသာလွန်သည်ဟု မှတ်ယူထားကြသော အခြားအဆင့်ငါးအလယ်အလတ်မျိုးနွယ်စုများမှာ ဤစစ်ယာဉ်တန်းကို မြင်လိုက်ရချိန်ဝယ် သူတို့၏မာနကို မျိုသိပ်ထားလိုက်ရသည်။
အကယ်၍ ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက မျိုးနွယ်စုနှစ်ခုကြားရှိ ပြဿနာတစ်ရပ် ဖြစ်လာနိုင်သည်။ ဤသည်မှာ နောက်ပြောင်စရာကိစ္စမဟုတ်ပေ။
"လူကြီးမင်း.. ရောက်လာပြီလား"
ကုန်ပစ္စည်းလွှဲပြောင်းပေးရမည့် တာဝန်ခံက ကျန်းမုန့်လောင်ကို အရိုအသေပေး၍ ဦးညွတ်လိုက်၏။
"ဒါက ကြယ်တာရာဝမ်ဒါရာတပ်ဖွဲ့၁၀၀ရဲ့ စံနှုန်းမြင့်တိုက်ခိုက်ရေးအစီအစဉ်ပါ။ စစ်ဆေးမှုအစီအရင်ခံစာတွေအားလုံး ဒီမှာရှိပါတယ်။ ခင်ဗျား အရင်စစ်ဆေးကြည့်လိုက်ပါ။ ဘာပြဿနာမှမရှိဘူးဆိုရင် အခွင့်အာဏာလွှဲပြောင်းမှုကို ဆက်လုပ်လို့ရပါပြီ"
"ကောထန်.. ဒါ မင်းတာဝန်ပဲ"
"ကျောင်းအုပ်ကြီး.. စနစ်မှာ ဘာပြဿနာမှမပြပါဘူး။ လက်ခံဖို့ အဆင်သင့်ပါပဲ"
"ကောင်းပြီ"
ကျန်းမုန့်လောင်လည်း စာချုပ်တွင် လက်မှတ်ထိုးလိုက်ပြီးနောက် စစ်သင်္ဘော၏ အခွင့်အာဏာအားလုံးကို ကောထန်ထိန်းချုပ်ထားသော သူ့ဉာဏ်ရည်တုထံသို့ လွှဲပြောင်းပေးလိုက်သည်။
"လူကြီးမင်း.. ကျွန်တော်တို့ကုမ္ပဏီကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်နောင်လည်း ပူးပေါင်းရဖို့ မျှော်လင့်ပါတယ်"
"ဒါပေါ့"
သူတို့ကို ပြန်လွှတ်လိုက်ပြီးနောက် ဩဂတ်စတက်စ်မှာ သိချင်စိတ်ကို ထိန်းမထားနိုင်တော့သဖြင့် မေးလိုက်သည်။
"မစ္စတာကျန်း.. ခင်ဗျား ဒီလောက်ကြီးတဲ့ စစ်ယာဉ်တန်းကို ပြင်ဆင်ထားတာ ဘာအစီအစဉ်များ ရှိလို့လဲ"
"ဪ… မကြာခင် ငါတို့မျိုးနွယ်စုက အဆင့်နှစ်မျိုးနွယ်စုတစ်ခုရဲ့ ကျူးကျော်မှုကို ခံရနိုင်ခြေရှိလို့လေ။ ငါက ကြောက်တတ်တယ်။ ငယ်ငယ်လေးကတည်းက လုံခြုံမှုရှိတယ်လို့လည်း မခံစားရဘူး။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ကိရိယာတချို့ ဝယ်လိုက်တာ။ ဒါက ငါတို့မျိုးနွယ်စုရဲ့စည်းမျဉ်းတွေကို ဖောက်ဖျက်ရာမကျပါဘူးနော်"
*********************