အခန်း (၉၀၇-၉၀၉)
Vol. 61 Ch. 907-909
အခန်း ၉၀၇ - ခင်ဗျားတို့ရဲ့ တန်ဖိုးမရှိတဲ့ သတ္တုအပိုင်းအစတွေကို ကြည့်ပါဦး
အသက်ရှင်လာသည့် သက်တမ်းတစ်လျှောက် ဤသည်မှာ ဩဂတ်စတက်စ် ကြားဖူးသမျှထဲတွင် အဓိပ္ပာယ်အမဲ့ဆုံး အကြောင်းပြချက်ပင်။
အဆင့်နှစ်မျိုးနွယ်စု၏ ကျူးကျော်မှုကို ခံရသောကြောင့် အဆင့်ငါးအထွတ်အထိပ် စစ်သင်္ဘောအစင်းတစ်ရာပါသည့် စစ်ယာဉ်တန်းကို ဝယ်သတဲ့လား။ ထို့ပြင် စကြဝဠာထဲတွင် အင်အားအကြီးဆုံး ဇူဒါတပ်ဖွဲ့ကိုပင် ရထားသေးသည်။
ငါက စာသိပ်မဖတ်ဘူးဆိုပေမဲ့ အရူးတော့မလုပ်နဲ့နော်.. ဒါက ခြင်ကို အမြောက်နဲ့ပစ်ရုံတင် မဟုတ်တော့ဘူး။ နျူကလီးယားဗုံးနဲ့ ထုနေသလိုပဲ…
ထိုအဆင့်နှစ်မျိုးနွယ်စုက ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူတို့တစ်သက် ကြုံရလိမ့်မည်ဟု လုံးဝထင်ထားမည်မဟုတ်ပေ။
ထို့ပြင် သူ့လောက် အထင်ကြီးဖို့ကောင်းသူတစ်ယောက်၏ မျိုးနွယ်စုကို မည်သည့်အဆင့်နှစ်မျိုးနွယ်စုကများ လာကျူးကျော်ရဲမည်နည်း။
ခင်ဗျားက တစ်ချက်လှမ်းခေါ်လိုက်ရုံနဲ့ အဆင့်ခြောက်နဲ့အထက် သက်ရှိသောင်းဂဏန်းလောက်က ခင်ဗျားအတွက် တိုက်ခိုက်ပေးဖို့ အပြေးလာကြတာမဟုတ်ဘူးလား။ သာမန်အဆင့်နှစ်မျိုးနွယ်စုလေးကို ရင်ဆိုင်ဖို့အတွက် ဒီဟာတွေ တကယ်လိုအပ်လို့လား..
ဒီထက်ပိုကောင်းတဲ့ အကြောင်းပြချက်လေး ရှာပါဦးလား။ ခင်ဗျား သေလောက်အောင်ပျင်းနေလို့ အပျော်ရှာနေတယ်ဆိုရင်လည်း တစ်မျိုးပေါ့။ ဒါပေမဲ့ လောကကြီးမှာ အဲဒီလောက်အထိ ပျင်းနေတဲ့လူရယ်လို့ ဘယ်လိုလုပ်ရှိနိုင်မှာလဲ…
"ဘာလဲ။ မယုံဘူးလား"
"ကျွန်.. ကျွန်တော်က ဘယ်လိုလုပ်ပြီး မယုံဘဲနေမှာလဲ"
ဩဂတ်စတက်စ်ကို အသေရိုက်သတ်လိုက်မည်ဆိုလျှင်ပင် သူကတော့ ယုံနိုင်ဦးမည်မဟုတ်ချေ။
ယခုအချိန်တွင် စကြာဝဠာမျိုးနွယ်စုများကြား၌ ထင်မြင်ယူဆချက်အမျိုးမျိုး ရှိနေကြသည်။ အချို့က ကျန်းမုန့်လောင်သည် စကြဝဠာအစပိုင်းကတည်းက တည်ရှိခဲ့သော အလွန်အင်အားကြီးမားသည့် ရှေးဟောင်းမျိုးနွယ်စုတစ်ခုမှ ဆင်းသက်လာသူဖြစ်ပြီး သူတို့၏ အဆင့်မြင့်နည်းပညာများကြောင့် အခြားမျိုးနွယ်စုများ ရှာမတွေ့နိုင်သော နေရာတွင် ပုန်းအောင်းနေကြသည်ဟု ဆိုကြသည်။
အချို့ကလည်း ရီထျန်းဂိုဏ်းသည် ဇူဒါမျိုးနွယ်စုတွင် အသက်ရှင်ကျန်ရစ်သူများ၏ မျိုးဆက်ဖြစ်ပြီး ယခုအခါ အင်အားကြီးမားလာပြီဖြစ်၍ သူတို့ကို တစ်ချိန်က တိုက်ခိုက်ခဲ့သော မျိုးနွယ်စုများကို လက်စားပြန်ချေရန် အစပျိုးနေခြင်းဖြစ်ကာ ရီထျန်းဂိုဏ်းက ဦးဆောင်နေသည်ဟုလည်း ဆိုကြ၏။
ယူဆချက်အမျိုးမျိုးရှိသော်လည်း ခြွင်းချက်မရှိ လူတိုင်း ယုံကြည်ထားကြသည်မှာ သူတို့သည် သိပ္ပံနှင့် သိုင်းပညာ နှစ်ခုစလုံးတွင် အလွန်တိုးတက်နေသော မျိုးနွယ်စုတစ်ခုမှ လာခြင်းဟုပင်။ အကြောင်းမှာ သိပ္ပံနှင့် သိုင်းပညာနှစ်ခုစလုံးကို ပေါင်းစပ်ပြီး အထွတ်အထိပ်သို့ ရောက်ရှိမှသာ ဤသို့ထူးချွန်သော မျိုးဆက်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်သောကြောင့်ပင်။
အခြားအရာများကို မဆိုထားနှင့်။ လူတစ်ယောက်တည်းက စကြဝဠာအလင်းတန်းပလက်ဖောင်း၏ စနစ်အတွင်းသို့ အသာလေး ထိုးဖောက်ဝင်ရောက်ပြီး စွမ်းအင်ဆေးလုံးနှင့် နတ်စွမ်းအင်ဆေးလုံးများကို ဖော်စပ်၍ အဆင့်ခုနစ်သိုင်းလက်နက်တစ်ခုကို အားစိုက်ထုတ်စရာမလိုပါဘဲ ပုံသွင်းနိုင်ခဲ့သည်။ ဤအရာများမှာ ယနေ့ခေတ် စကြာဝဠာမျိုးနွယ်စုများရှိ မည်သည့်အဆင့်မြင့်မျိုးနွယ်စုကမှ မစွမ်းဆောင်နိုင်သော အရာများပင်။
"မယုံချင်လည်း နေပေါ့။ ဂရုမစိုက်ပါဘူး"
ကျန်းမုန့်လောင်က မျက်လုံးလှန်လိုက်သည်။ သူလိမ်ပြောလျှင်လည်း မည်သူကမှ မယုံသလို သူ အမှန်အတိုင်းပြောလျှင်လည်း မည်သူမှ မယုံကြချေ။
သို့သော် သူ့ဘေးရှိ ဂါနေးနှင့် မာကာဘာကာတို့ကလည်း မျက်စောင်းထိုးလိုက်မိကြသည်။ အကြောင်းမှာ သူတို့လည်း ကျန်းမုန့်လောင်၏စကားကို မယုံကြည်ကြသောကြောင့်ပင်။
"တကယ်တော့ ငါကြီးပြင်းလာတဲ့ဂြိုဟ်က အဆင့်တစ်အခြေခံမျိုးနွယ်စုလေးလေ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ငါ စကြဝဠာမျိုးနွယ်စုဆီကို မလာခင်က ငါတို့တွေက တခြားမျိုးနွယ်စုက လူတွေနဲ့တောင် အဆက်အသွယ်မရှိခဲ့ဘူး။ နောက်ပိုင်း ငါတို့ရဲ့မျိုးနွယ်စုကို ကျူးကျော်ချင်တဲ့ လူတချို့နဲ့ ကြုံခဲ့ရတယ်။ အဲဒါက မှားတယ်လို့ ငါတော့ထင်တာပဲ။ ငါတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စွမ်းရှိဖို့ လိုတယ်လေ။ အဲဒါကြောင့် စစ်သင်္ဘောတွေဝယ်ဖို့အတွက် ငါ ထွက်လာခဲ့လိုက်တာ"
"အဲဒါ… ဒါပေမဲ့ အဓိပ္ပာယ်မှမရှိတာ"
ဩဂတ်စတက်စ်မှာ ပို၍ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားချေသည်။ တချို့အရာများက ယုတ္တိတန်သော်ငြား အဆင့်တစ်မျိုးနွယ်စုရှိ လူတစ်ယောက်က အဘယ်ကြောင့်များ ဤမျှငွေကြေးအင်အားတောင့်တင်းပြီး အင်အားကြီးနေရလေသလဲ။
"တကယ်တော့ ဘာရယ်မဟုတ်ပါဘူး။ ငါ့ဘိုးဘေးတွေက ကံကောင်းလို့ အာကာသယာဉ်တစ်စီး ရခဲ့တော့ စကြဝဠာထဲမှာ ခဏလောက် လှည့်လည်သွားလာရင်း ငါ့အတွက် ပိုင်ဆိုင်မှုတချို့ ချန်ထားခဲ့တာလေ။ တကယ်တော့ ငါက မိသားစုအမွေကို ဆက်ခံထားတဲ့ ငပျင်းတစ်ယောက်ပေါ့"
သူက ပြောလိုက်၏။
"တကယ်မယုံနိုင်စရာပဲ"
ဩဂတ်စတက်စ်လည်း သူတို့၏ အမြွှာဝေလငါးစကြဝဠာအင်ပါယာတွင် မကြာသေးခင်ကမှ ဖြစ်ပွားခဲ့သော ကိစ္စတစ်ခုကို ရုတ်ခြည်းသတိရလိုက်သည်။
"မစ္စတာကျန်း… ကျွန်တော် တစ်ခုလောက်မေးလို့ရမလား"
"မေးလေ။ ဒါပေမဲ့ ငါက အဆင့်တစ်မျိုးနွယ်စုက အကောင်ပေါက်လေးဆိုတော့ သတင်းအချက်အလက်တွေ သိပ်မသိလို့ ဖြေချင်မှဖြေနိုင်မှာနော်"
ကျန်းမုန့်လောင်ကလည်း ခွန်းတုံ့ပြန်လိုက်သည်။
ဩဂတ်စတက်စ်ခမျာ ချက်ချင်းဆိုသလို ခေါင်းခဲသွားသည်။ သူ့လိုလူကတောင် အကောင်ပေါက်လေးဆိုရင် သူတို့ကရော ဘာတွေလဲ…
"ဒီလိုပါ.. တလောတုန်းက ကျွန်တော်တို့မျိုးနွယ်စုကို အဆင့်ငါးမျိုးနွယ်စုတပ်ဖွဲ့တချို့ ရောက်လာပါတယ်။ သူတို့က အဆင့်သုံးနဲ့ အဆင့်လေးမျိုးနွယ်စုတပ်ဖွဲ့တွေကို ဖျက်ဆီးပစ်ခဲ့တယ်လေ။ ဒီကိစ္စကို ခင်ဗျားသိလား"
"မင်းပြောတာ ဂူဂေါမျိုးနွယ်စုနဲ့ ရှီကျစ်မျိုးနွယ်စုကို ပြောတာလား"
"ဟုတ်ပါတယ်"
ဩဂတ်စတက်စ် တွေးလိုက်မိသည်။
သေချာတယ်။ ဒီကိစ္စက ကျန်းမုန့်လောင်နဲ့ ပတ်သက်နေတာပဲ…
"ငါ့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ဂူဂေါမျိုးနွယ်စုက သူ့ကောင်မလေးရဲ့မျိုးနွယ်စုကို ကျူးကျော်ချင်နေတာလေ။ အဲဒါကို ငါက လက်ပိုက်ကြည့်နေနိုင်ပါ့မလား"
"ပြီးတော့ ရှီကျစ်မျိုးနွယ်စုက ဂူဂေါမျိုးနွယ်စုကို ကူညီပေးချင်ခဲ့တာလေ။ သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါလည်း အသာထိုင်မကြည့်နေနိုင်ဘူးပေါ့"
ကျန်းမုန့်လောင်က မေးလိုက်၏။
"မင်း ငါ့ကို တာဝန်ယူခိုင်းမလို့တော့မဟုတ်ဘူးမလား"
"မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ သေချာပေါက်မဟုတ်ပါဘူးဗျာ"
သူတို့၏ အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ ဥပဒေများအရ သူတို့အနေနှင့် ကျန်းမုန့်လောင်ကို တာဝန်ယူခိုင်းသင့်သော်လည်း သူတို့က ဘယ်လိုလုပ်ပြီး လုပ်ရဲမည်နည်း။ လူတစ်ဦးတစ်ယောက်၏အင်အားက အဖွဲ့အစည်းတစ်ခု၏ စည်းမျဉ်းထိန်းချုပ်နိုင်စွမ်းထက် သာလွန်နေချိန်တွင် ထိုစည်းမျဉ်းက အသုံးမဝင်တော့ပေ။
"ဒါပေမဲ့ ဒီကိစ္စမှာ ငါ နည်းနည်းလွန်သွားတယ်"
ကျန်းမုန့်လောင်က ဆိုချေသည်။
"သူတို့က ရမ်းကားပြီး အတင်းကျူးကျော်လာတော့ အပျက်အစီးတချို့ ဖြစ်သွားလောက်တယ်။ ပြီးတော့ ငါတို့ အမြွှာဝေလငါးစကြဝဠာအင်ပါယာအတွက်လည်း ဆုံးရှုံးနစ်နာမှုတချို့ ကြုံခဲ့ရတယ်"
ကျန်းမုန့်လောင်က ခရစ်စတယ်ကတ်တစ်ခုကို ထုတ်ယူ၍ ဩဂတ်စတက်စ်ကို ပေးလိုက်၏။
"ဒါကို ငါ့လက်ဆောင်လို့ သဘောထားလိုက်ပါ။ ငါ့လို တောသားတစ်ယောက်ကို စိတ်မကွက်ဖို့ ဧကရာဇ်အရှင်ကို ပြောပေးပါ"
"ဒါကို ကျွန်တော်က ဘယ်လိုလုပ်ပြီး လက်ခံရမှာလဲ"
ဩဂတ်စတက်စ်က ကတ်ကို ချက်ချင်း ပြန်တွန်းလိုက်သည်။
ခင်ဗျား ဘာမှမပေးရင်တောင် ဧကရာဇ်အရှင်က ခင်ဗျားကို စိတ်မကွက်ရဲပါဘူး…
"ယူထားလိုက်ပါ"
ကျန်းမုန့်လောင်က အတင်းပြောလိုက်သည်။
"ငါလည်း အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲလေ။ ငါတို့ရဲ့စကြဝဠာအင်ပါယာကြီး ဒီလိုအခြေအနေမျိုးဖြစ်နေတာကို မြင်ရတော့ ငါလည်း နည်းနည်းစိတ်မကောင်းဖြစ်မိတယ်"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်၏။
"ငါတို့ရဲ့စစ်သင်္ဘောတွေကို ကြည့်စမ်းပါဦး။ အမှိုက်တွေလောက်ပဲရှိတာ။ ကောင်းတာလေးတွေ မြန်မြန်ဝယ်လိုက်။ ငါ မင်းကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ သူ့ဆီကနေ အာကာသယာဉ်တွေ ဝယ်လိုက်။ ငါ့နာမည်ပြောရင် ဈေးအများကြီးလျှော့ပေးလိမ့်မယ်"
"အမှိုက်တွေ…"
ဩဂတ်စတက်စ်မှာ ထိုစကားလုံးများကို ထပ်တလဲလဲရေရွတ်နေမိသည်။
အမြွှာဝေလငါးစကြဝဠာအင်ပါယာတစ်ခုလုံးမှာ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်သန်းခန့်ကမှ အဆင့်ငါးမျိုးနွယ်စုအဖြစ်သို့ အဆင့်မြှင့်တင်နိုင်ခဲ့ခြင်းပင်။ သို့သော် ထိုအဆင့်ငါးအခြေခံတပ်ဖွဲ့၁၂ဖွဲ့ကို တည်ဆောက်ရန်အတွက် သူတို့၏အရှင်သခင်မှာ နှစ်ပေါင်းနှစ်သန်းကြာအောင် စုဆောင်းထားခဲ့ရသည့် ပိုင်ဆိုင်မှုတစ်ဝက်နီးနီးကို ထုတ်သုံးခဲ့ရသည်။
သူတို့ထက် နောက်ကျပြီးမှ အဆင့်မြှင့်တင်နိုင်ခဲ့သော အိမ်နီးချင်းမျိုးနွယ်စုတချို့မှာ အဆင့်လေးအထွတ်အထိပ်မျိုးနွယ်စု စစ်ယာဉ်တန်းများကို အသုံးပြုနေကြဆဲပင်။ ထို့ကြောင့် သူတို့၏တပ်ဖွဲ့များကို အားကျနေကြသူများကလည်း အများသားပင်။
အပြင်ပန်းတွင် အတန်ငယ်ရှုတ်ချကြသော်လည်း ဩဂတ်စတက်စ်ကတော့ သူတို့စကြဝဠာအင်ပါယာ၏ တပ်ဖွဲ့အတွက် ဂုဏ်ယူမိဆဲသာ။
သို့သော် ယခုမူ ကျန်းမုန့်လောင်၏စကားအရ ဤတပ်ဖွဲ့များမှာ အမှိုက်များဟု အခေါ်ခံလိုက်ရသည်။
သို့သော် ပြန်လည်း မငြင်းသာပေ။ ကျန်းမုန့်လောင်၏ စစ်ယာဉ်တန်းနှင့် ယှဉ်လိုက်ပါက ဤယာဉ်တန်း၁၂တန်းကို အမှိုက်ဟု ခေါ်လိုက်ခြင်းကပင် မြှောက်ပင့်ရာကျနေချေပြီ။
"မင်း မယူဘူးဆိုရင် မင်း ငါ့ကို အထင်သေးနေတယ်လို့ ဆိုလိုချင်တာပဲ။ မင်း ငါ့ကို အထင်သေးနေရင်တော့ ငါ ဒေါသထွက်ရလိမ့်မယ်"
တကယ်တော့ ကျန်းမုန့်လောင်သည် သူ့စကြဝဠာအင်ပါယာကို အနည်းငယ် ပို၍အင်အားကြီးမားစေချင်သည်။ သို့မှသာ ကမ္ဘာမြေ၏ ပတ်ဝန်းကျင်လည်း အနည်းငယ် ပိုတည်ငြိမ်လာမည်ဖြစ်၏။ အရေးပေါ်ကိစ္စများကို သူကိုယ်တိုင် အမြဲဖြေရှင်းနေရခြင်းကို မလိုလားပေ။
"ကဲ ငါပြန်တော့မယ်။ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်စီမံခန့်ခွဲလိုက်ပါတော့ တပ်မမှူး"
"မစ္စတာကျန်း.. ခဏနေပါဦး။ ကျွန်တော်တို့ အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ ဧကရာဇ်အရှင်ကို အကြောင်းကြားထားပြီးပါပြီ။ သူကလည်း ခင်ဗျားနဲ့ တွေ့ချင်နေပါတယ်"
ဩဂတ်စတက်စ်က ဖိတ်ခေါ်လိုက်၏။
"ငါအလုပ်များနေတယ်လို့ ပြောလိုက်ပါ"
ကျန်းမုန့်လောင်က ဆိုချေသည်။
"ငါ အိမ်ပြန်ဖို့လောနေလို့။ နောက်တစ်ခေါက်မှပေါ့။ သူအားတဲ့အချိန်ကျရင် ငါ့ဂြိုဟ်ကို လာလည်လို့ရတယ်လို့ ပြောလိုက်ပါ"
ကျန်းမုန့်လောင်က ကမ္ဘာမြေ၏နံပါတ်နှင့် ကိုဩဒိနိတ်များကို ဩဂတ်စတက်စ်အား ပေးလိုက်ပြီးနောက် ကောထန်ကို စစ်သင်္ဘောများအားလုံး စတင်မောင်းနှင်ရန် ခိုင်းလိုက်သည်။
အကယ်၍ တိုက်ခိုက်ရေးတာဝန် လိုအပ်ပါက ထိပ်တန်းစစ်သင်္ဘောမောင်းနှင်သူများကို လိုအပ်သော်ငြား အခြေခံလမ်းကြောင်းပြရုံအတွက်သာဆိုလျှင် စစ်သင်္ဘောများတွင် တပ်ဆင်ထားသော ဉာဏ်ရည်တုက အသာလေးကိုင်တွယ်နိုင်ပေသည်။
"ဝုန်း"
စစ်သင်္ဘောပေါင်း နှစ်သိန်းကျော်မှာ တစ်ပြိုင်တည်းမောင်းနှင်လိုက်ချိန်ဝယ် ဆိပ်ကမ်းတစ်ခုလုံး ငလျင်လှုပ်သလို တုန်ခါသွားလေသည်။
"ဟိုစစ်သင်္ဘောတွေ မောင်းတက်သွားပြီ"
"ကြောက်ဖို့ကောင်းလိုက်တာ။ ဒီလိုစစ်သင်္ဘောမျိုးနဲ့သာဆိုရင် အမြွှာဝေလငါးစကြဝဠာအင်ပါယာကတော့ ပြိုင်ဘက်ကင်းတော့မှာပဲ"
"ငါတို့ ဒီသတင်းကို ချက်ချင်းပြန်ပို့ဖို့လိုတယ်။ ငါတို့မျိုးနွယ်စုက သူတို့နဲ့ အမြဲ အခြေအနေတင်းမာနေတာ။ တကယ်လို့ ဧကရာဇ်အရှင်က ဒီသတင်းကိုမသိဘဲ တပ်ဖွဲ့တစ်ခုခု လွှတ်လိုက်ရင် ငါတို့မျိုးနွယ်စုတစ်ခုလုံး ပျောက်ကွယ်သွားနိုင်တယ်"
"မြန်မြန်လုပ်.. ဓာတ်ပုံရိုက်ထားကြ။ ဗီဒီယိုရိုက်ထားကြ"
…..
"သူက တော်တော်ဩချလောက်တဲ့လူပဲ"
ဩဂတ်စတက်စ်သည် ကျန်းမုန့်လောင်၏ သလင်းကျောက်ကတ်ကို စကြဝဠာဘဏ်၏ ကြိုးမဲ့ကွန်ရက်စနစ်နှင့် ချိတ်ဆက်လိုက်၏။ သူ့အနေနှင့် ငွေသွင်းငွေထုတ် လုပ်၍မရသော်လည်း လက်ကျန်ငွေကိုတော့ စစ်ဆေးနိုင်ပေသည်။
သို့သော် ထိုပမာဏကြောင့် သူ လုံးဝအံ့ဩမှင်တက်သွားရသည်။
"ငါ… ကြယ်ပွင့်တစ်သန်းတောင်လား"
*********************
အခန်း ၉၀၈ - မြင့်မြင့်တွေးစမ်းပါ
"ဝိုး... မပြန်ဖြစ်တာ တော်တော်ကြာပြီဆိုတော့ ကမ္ဘာမြေကို ပြန်တွေ့ရတာ အတိတ်က အမှတ်တရတွေကိုတောင် ပြန်သတိရမိတယ်"
စစ်ယာဉ်တန်းက အာကာသထဲတွင် ဖြည်းဖြည်းချင်း ရွက်လွှင့်လာသည်။ ထိုအခိုက်အတန့်တွင် အပြာရောင်ဂြိုဟ်လေးမှာ ကျန်းမုန့်လောင်၏ အမြင်အာရုံထဲ၌ တဖြည်းဖြည်း ကြီးမားလာလေသည်။
"အစ်ကိုကြီး... ဒါက အစ်ကိုကြီးရဲ့ ဂြိုဟ်လား"
ဂါနေးကလည်း ဤဂြိုဟ်၏ အလှတရားကြောင့် အံ့ဩမှင်တက်သွားသည်။
"ဟုတ်တယ်။ ငါ ဒီမှာပဲမွေးပြီး ဒီမှာပဲကြီးပြင်းခဲ့တာ။ ငါ ကမ္ဘာမြေကနေ ထွက်လာတာ ဒါ ပထမဆုံးအကြိမ်ပဲ"
"ကျွန်တော် တကယ် မထင်ထားဘူး။ အစ်ကိုကြီးရဲ့ ဂြိုဟ်က တကယ်ကြီး အဆင့်တစ်မျိုးနွယ်စု ဖြစ်နေတာကိုး"
အစကတော့ ဂါနေးနှင့် မာကာဘာကာတို့ မယုံခဲ့ကြသော်လည်း ယခု မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရချိန်တွင် အံ့အားသင့်ရုံသာ တတ်နိုင်တော့သည်။
အထူးသဖြင့် အဆင့်ရှစ်သက်ရှိတစ်ဦးဖြစ်သော မာကာဘာကာအနေနှင့် ဤဂြိုဟ်ပေါ်ရှိ သာမန်လူသားများမှာ ဉာဏ်ရည်ဉာဏ်သွေး ပေါ်ပေါက်လာသည်မှာ သိပ်မကြာသေးသော အဆင့်တစ်သက်ရှိများ၏ အခြေခံအကျဆုံး အဆင့်တွင်သာ ရှိသေးကြောင်း အာရုံခံနိုင်သည်။
သို့သော် သူ့ကို အံ့အားသင့်စေသည့်အရာမှာ ဤဂြိုဟ်ပေါ်တွင် အလွန်ထူးခြားသော လူအုပ်စုလေး တစ်စု ရှိနေခြင်းပင်။ အဆင့်နှစ်မှ အဆင့်သုံး သက်ရှိ သောင်းဂဏန်းခန့် ရှိပြီး အဆင့်ငါးသက်ရှိ ၁၀၀၀၀ ခန့်ပင် ရှိသေးသည်။
အဆင့်မြင့်မျိုးနွယ်စုများမှာပင် ွဤမျှများပြားသော အဆင့်ငါးသက်ရှိများကို ရှာတွေ့ရန် ခက်ခဲလှသည်။
သူ အာရုံခံမိသည့် လူများထဲတွင် အချို့မှာ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများဖြစ်ပြီး ထိုအဆင့်ငါးသက်ရှိများမှာမူ ကျန်းမိသားစုမှ ပြုစုပျိုးထောင်ထားသော သက်တော်စောင့်များ ဖြစ်ကြသည်။
"အခုတော့ အဆင့်တစ်မျိုးနွယ်စုပဲ ရှိသေးတယ်။ ဒါပေမဲ့ သိပ်မကြာတော့ပါဘူး"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။
"ဪ... လကမ္ဘာပေါ်မှာ လူသားတွေ အခြေစိုက်စခန်း စဆောက်နေကြပြီလား"
ကျန်းမုန့်လောင် ကမ္ဘာမြေမှ ထွက်ခွာသွားသည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်၏။ ဒူရန်ဒိုမျိုးနွယ်စု ချန်ထားခဲ့သော အာကာသယာဉ်နှင့် ကျန်းမုန့်လောင်၏ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ပြုစုပျိုးထောင်ပေးထားသော ပါရမီရှင်များကို အသုံးချ၍ တစ်နှစ်မပြည့်ခင် အချိန်အတွင်း ကမ္ဘာမြေ၏ နည်းပညာမှာ နေ့ချင်းညချင်း ရာစုနှစ်တစ်ခုစာခန့် တိုးတက်လာပုံရသည်။
သို့သော် အချိန်က တိုတောင်းလွန်းသောကြောင့် နည်းပညာများ ရှိနေသော်လည်း တည်ဆောက်မှုမှာ အလွန်အခြေခံကျသော အဆင့်တွင်သာ ရှိနေသေးသည်။ လကမ္ဘာပေါ်ရှိ အခြေစိုက်စခန်းကလည်း စမ်းသပ်ရေးစခန်းတစ်ခုနှင့်သာ တူနေချေသည်။
သို့သော် အခြေခံကာကွယ်ရေး အဆောက်အအုံများကို တည်ဆောက်ပြီးဖြစ်ရာ ဟွာရှားနိုင်ငံက ဦးဆောင်သော အာကာသတပ်ဖွဲ့သစ်ကိုလည်း လကမ္ဘာပတ်လမ်းကြောင်း အနီးတွင် ချထားပြီးဖြစ်၏။
လကမ္ဘာအခြေစိုက်စခန်းကို အဖြူရောင်အထူးကုန်ကြမ်းပစ္စည်းများဖြင့် တည်ဆောက်ထားပြီး လက်ရှိတွင် ငါးဆယ်စတုရန်းကီလိုမီတာကျယ်ဝန်းကာ မဟာဗျူဟာနှင့် သုတေသန ဝန်ထမ်းပေါင်း ၂၀၀၀ကျော် ရှိ၏။
အခြေစိုက်စခန်း၏ အမြင့်ဆုံးတပ်မှူးမှာ အလွန်ငယ်ရွယ်သော အရာရှိတစ်ယောက်ဖြစ်ပြီး အကယ်၍ ကျန်းမုန့်လောင်သာ ဤနေရာတွင် ရှိနေပါက ထိုလူမှာ ချင်ဖုန်းဖြစ်ကြောင်း သေချာပေါက် မှတ်မိပေလိမ့်မည်။
ကျန်းမုန့်လောင်အတွက် လအနည်းငယ်သာ ကြာမြင့်ခဲ့သော်လည်း နှိုင်းရသီအိုရီအရ အလင်းအလျင်ဖြင့် ခရီးသွားနေစဉ် အချိန်သည် အလွန်နှေးကွေးစွာ ကုန်ဆုံးကြောင်း သတိပြုရမည်ဖြစ်၏။ အချိန်ပြောင်းလဲမှုအချို့ကို ခုခံနိုင်စွမ်းရှိသော အဆင့်မြင့်နည်းပညာများ ရှိနေသော်လည်း ကမ္ဘာမြေတွင်မူ သုံးနှစ်ခန့် ကြာမြင့်သွားခဲ့လေပြီ။
လွန်ခဲ့သည့် နှစ်အနည်းငယ်က ချင်ဖုန်းလည်း ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ကျောင်းသားတစ်ယောက်ဖြစ်လာခဲ့ပြီး ဆရာလီယွင်လောင်ထံတွင် မဟာဗျူဟာကို အချိန်အတန်ကြာအောင် လေ့လာခဲ့ပြီးနောက် စစ်ရေးလမ်းညွှန်မှုနှင့် မဟာဗျူဟာ ကွပ်ကဲမှု နှစ်ရပ်စလုံးတွင် ထူးချွန်ခဲ့သည်။
ထို့ပြင် သူသည် အတန်းများတက်ရောက်ရာတွင် အလွန်တက်ကြွပြီး ရွေးချယ်စရာ ဘာသာရပ်များစွာကို ယူ၍ မိမိ၏ လေ့ကျင့်မှုကိုလည်း မလျှော့ချခဲ့ပေ။ သုံးနှစ်ကျော်ကာလအတွင်း သူသည် အဆင့်သုံးသက်ရှိ ဖြစ်လာခဲ့သည်။
ထို့နောက် သူသည် အရေးပါသောနေရာတွင် အသုံးချခံရပြီး ဤအာကာသစစ်တပ်၏ အကြီးအကဲတပ်မှူး ဖြစ်လာခဲ့သည်။
အမှန်ပင်။ ဤကာလအတွင်း သံသယများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ အသက်သုံးဆယ်ပင် မပြည့်သေးသော ဟွာရှားလူငယ်လေးတစ်ဦးက ဤမျှ ရာထူးကြီးမားသော အရာရှိဖြစ်လာသည်ဆိုလျှင် အခြားနိုင်ငံများမှ လူများက မည်သို့ ယုံကြည်နိုင်မည်နည်း။
သို့သော် ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ မည်သူကများ အသုံးမကျဘဲ နေမည်နည်း။ ယခု ဤအာကာသတပ်မတော်တွင် ချင်ဖုန်းသည် ပြိုင်ဘက်ကင်းသော ဂုဏ်သတင်းကျော်ဇောမှုမျိုးကို ရရှိနေပြီဖြစ်၏။
"ဒါဆို တလောတုန်းက ငါတို့ လက်ခံရရှိခဲ့တဲ့ သတင်းစကားတွေကို ကုတ်ဖြည်ပြီးပြီလား"
ချင်ဖုန်းက လေးနက်တည်ကြည်စွာ မေးလိုက်သည်။
လွန်ခဲ့သည့်နှစ်လခန့်က အာကာသစစ်တပ်မှာ ယာယီအခြေစိုက်စခန်းတစ်ခု တည်ဆောက်နေစဉ် ပြင်ပဂြိုဟ်မျိုးနွယ်စုတစ်ခုထံမှ အချက်ပြလှိုင်းတစ်ခုကို လက်ခံရရှိခဲ့သည်။
"ဟုတ်ကဲ့။ အခု သတင်းရပါပြီ။ ဒူရန်ဒိုမျိုးနွယ်စုကဆိုတာလည်း အတည်ပြုပြီးပါပြီ"
ချင်ဖုန်း၏ လက်ထောက်က ပြောလိုက်သည်။
"ခေါင်းဆောင်ခန့်မှန်းတာ မှန်ပါတယ်"
"ဒီလောက်ကျယ်ဝန်းတဲ့ စကြဝဠာကြီးထဲမှာ တိုက်ဆိုင်မှုတွေက သိပ်များများစားစား မရှိပါဘူး။ သူတို့မဟုတ်ရင် တခြားဘယ်မျိုးနွယ်စုမှ မဖြစ်နိုင်ဘူး"
ချင်ဖုန်းက ပြောသည်။
"ခြိမ်းခြောက်စာပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား"
"ဟုတ်ပါတယ်။ ကုတ်ဖြည်ပြီးတဲ့နောက် သူတို့က ကျွန်တော်တို့ကို သုံ့ပန်းတွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့ အညံ့ခံဖို့ ပြင်ဆင်ထားဖို့ တောင်းဆိုနေပါတယ်။ အများဆုံး တစ်လအတွင်း သူတို့ရဲ့တပ်ဖွဲ့က ကျွန်တော်တို့ကမ္ဘာမြေကို ရောက်လာလိမ့်မယ်တဲ့"
"ပြီးတော့ရော"
"သူတို့ပြောတာတော့ အရင်တစ်ခေါက်ကဟာက စူးစမ်းရှာဖွေရေးသင်္ဘောမို့ သိပ်အင်အားမကြီးဘူးတဲ့။ ဒီတစ်ခေါက် စေလွှတ်လိုက်တဲ့ တပ်ဖွဲ့ကတော့ တကယ့်တိုက်ရည်ခိုက်ရည်ရှိပြီး အင်အားကြီးမားတဲ့အပြင် အဆင့်မြင့်ဆင့်ကဲပြောင်းလဲထားတဲ့ တိုက်ခိုက်ရေးတပ်စုတွေလည်း ပါတာမို့ အရင်တုန်းကလို အမှားမျိုးတွေ ထပ်ဖြစ်ဖို့ မဖြစ်နိုင်တော့ဘူးတဲ့"
"အဆင့်မြင့်ဆင့်ကဲပြောင်းလဲထားတဲ့ တပ်စုတွေ ဟုတ်လား"
ချင်ဖုန်း တွေးတောလိုက်သည်။
"သူတို့က ငါတို့ထက် ပိုအင်အားကြီးတဲ့ လူတွေကို ရည်ညွှန်းနေတာမလား"
ချင်ဖုန်းခမျာ အကြည်ရောင် ပြတင်းပေါက်မှတစ်ဆင့် ကြယ်များပြည့်နှက်နေသော ကောင်းကင်ယံကို တွေဝေစွာ ငေးကြည့်နေသည်။
"ကျန်းမုန့်လောင်.. လူယုတ်မာ... ဘယ်အချိန်မှ ကမ္ဘာမြေကို ပြန်ရောက်မှာလဲ။ အရင်တစ်ခေါက်က ပြဒါးရှင်လုံးတွေ ပြင်ခိုင်းထားပြီးတော့ ပျောက်သွားတာလေ။ အခု တစ်လပဲ အချိန်ကျန်တော့တယ်။ မင်း ပြန်လာမှဖြစ်မယ်နော်"
"တပ်မှူး ကြည့်ပါဦး"
ချင်ဖုန်း၏ လက်ထောက်က ကောင်းကင်သို့ လက်ညှိုးထိုး၍ ထိတ်လန့်တကြား အော်လိုက်သည်။
ထိုအရာများမှာ အမည်းရောင်ခြေရာများဖြစ်ပြီး သူတို့၏ရှုထောင့်က ကြည့်မည်ဆိုလျှင် အဝေးရှိ ကြယ်များ၏ အလင်းရောင်ပင် တွန့်လိမ်နေသည်။
"ဒါက အမြန်နှုန်းနည်းတဲ့ အလင်းစက်ကွင်းပဲ"
ခဏမျှတွေးတောပြီးနောက် အတန်းထဲတွင် သင်ယူခဲ့ဖူးသည့် အရာများကို ချင်ဖုန်း ချက်ချင်း သတိရလိုက်သည်။ သူသည် ယင်းဘာသာရပ်ကို အဓိကဘာသာရပ်အဖြစ် ယူခဲ့ခြင်း မရှိသော်လည်း အခြေခံသဘောတရားများနှင့် သီအိုရီတချို့ကိုမူ သင်ယူခဲ့ဖူးသည်။
"ဒါတွေက ကွေးညွတ်အင်ဂျင်ကို အသက်သွင်းလိုက်မှ ပေါ်လာတဲ့ ခြေရာတွေပဲ"
အင်ဂျင်နီယာပညာရပ်မှာ ကြီးမားကျယ်ပြန့်လွန်းလှပြီး သီအိုရီများမှာ နက်နဲနေပြီဖြစ်သော်ငြား ကမ္ဘာမြေ၏ အခြေခံစက်မှုလုပ်ငန်းမှာ အလွန်အားနည်းနေသေးသည်။ ယခုလက်ရှိတွင် ကွေးညွတ်အင်ဂျင်ကိုသာ ထုတ်လုပ်နိုင်သေးသည်။ အာကာသယာဉ်ပေါ် တပ်ဆင်၍ ခရီးသွားလာနိုင်ခြင်းမျိုး မရှိသေးပေ။
"အားလုံး အသင့်ပြင်ထား။ရန်သူ့တိုက်ခိုက်မှု ဖြစ်နိုင်တယ်"
ချင်ဖုန်းခမျာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။ ဒူရန်ဒိုမျိုးနွယ်စုရဲ့ တပ်ဖွဲ့က စောရောက်လာတာများလား။
အခြေစိုက်စခန်းတစ်ခုလုံးတွင် အချက်ပေးသံများ ချက်ချင်း မြည်ဟည်းသွားပြီး အာကာသစစ်သင်္ဘောများအားလုံး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။ ရန်သူ့စစ်သင်္ဘောများ အိမ်ပေါက်ဝသို့ ရောက်လာပါက သူတို့ရင်ဆိုင်ရမည့်အရာမှာ ပျက်စီးခြင်းနှင့် ကျရှုံးခြင်းသာဖြစ်ကြောင်း နားလည်ထားသော်လည်း လူသားများမှာ အဆုံးအထိတိုင်အောင် တိုက်ပွဲဝင်လိုစိတ် လုံးဝမကင်းမဲ့ကြပေ။ ဟွာရှားလူမျိုးများဆိုလျှင် ပို၍ပင် မကင်းမဲ့နိုင်ချေ။
သို့သော် ကြီးမားကျယ်ပြန့်လှသော ထိုအနက်ရောင် တပ်ဖွဲ့ကြီး သူတို့ရှေ့တွင် ပေါ်လာသောအခါ ချင်ဖုန်းပင် အသက်ရှူမှားသွားရသည်။
ဝတ္ထုများထဲတွင် ကြယ်တာရာအဆင့် စစ်သင်္ဘော အစင်း၂၀၀၀ဆိုလျှင်ပင် အလွ်ခမ်းနားကြီးကျယ်သော မြင်ကွင်းတစ်ခုကို ဖော်ဆောင်နေပြီဖြစ်သော်ငြား ဤအရေအတွက်ကို အဆတစ်ရာခန့် မြှောက်လိုက်သည့်အခါ အမြင်အာရုံ သက်ရောက်မှုက အဆုံးအစမရှိ ကြီးမားသွားပြန်သည်။
"သေစမ်း"
ချင်ဖုန်း ကျိန်ဆဲလိုက်မိသည်။
"မင်း ဘယ်သူ့ကို ဆဲနေတာလဲ ကောင်လေး"
ရင်းနှီးသော အသံတစ်သံက သူ့နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
"တပ်မှူး... ကျွန်တော်တို့ရဲ့စနစ် အဟက်ခံလိုက်ရပြီ။ ကျွန်တော်တို့ တားလို့မရဘူး"
"တားဖို့ မလိုပါဘူး"
ချင်ဖုန်း ရယ်မောလိုက်သည်။
"သူလုပ်ချင်တဲ့အရာကို ဘယ်သူမှ တားလို့မရဘူး"
"ဝူးဟူး.. လပိုင်းလောက်ပဲ ကြာသေးတယ်။ မင်းက အာကာသစစ်တပ်ရဲ့ တပ်မှူးကြီးဖြစ်နေပြီပဲ။ မဆိုးဘူး"
ကျန်းမုန့်လောင်၏ မျက်နှာက ကြီးမားလှသော ဖန်သားပြင်ထက်တွင် ရုတ်တရက် ပေါ်လာသည်။
"ကျောင်းအုပ်ကြီး"
"သောက်ကျိုးနည်း"
"သူ ပြန်ရောက်လာပြီဟေ့"
"ဘာကိုလပိုင်းလဲ။ သုံးနှစ်ရှိပြီလေကွာ"
အာကာသတပ်မတော်ထဲတွင် ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ကျောင်းသားများစွာ ရှိနေသဖြင့် သူတို့က ကျန်းမုန့်လောင်ကို ချက်ချင်း မှတ်မိသွားကြသည်။
"မကောင်းတဲ့ကောင်... နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့"
ချင်ဖုန်း၏ ရင်ထဲရှိ ကြီးမားလှသော ဝန်ထုပ်ဝန်ပိုးကြီးမှာ ချက်ချင်းပင် လွင့်စင်သွားသည်။
"ဒီတပ်ဖွဲ့ကို မင်း ခေါ်လာတာလား"
"ဘယ်လိုလဲ။ မိုက်လား။ ငါ ဝယ်လာတာ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ပြီးတော့ ငါ့အထူးကိုယ်ပိုင် အာကာသယာဉ်က စကြဝဠာတစ်ခုလုံးမှာ အမိုက်ဆုံးပဲ"
"မင်းသာ ပြန်မလာဘူးဆိုရင် အဲဒီခွေးကောင်တွေ ရောက်လာတော့မှာ"
ချင်ဖုန်းက ဒေါသတကြီး ပြောလိုက်သည်။
"ဒီမှာ တစ်ယောက်တည်း ရုန်းကန်ရတာ ဘယ်လောက်ခက်ခဲလဲ မင်းသိလား။ မရဘူး။ မင်း ငါ့ကို ကွပ်ကဲဖို့ စစ်သင်္ဘောနည်းနည်းပေးရမယ်"
သီအိုရီအတန်းများတွင် ချင်ဖုန်းသည် စစ်သင်္ဘောများ မောင်းနှင်ခြင်းနှင့် ကွပ်ကဲခြင်းအကြောင်း သင်ယူခဲ့ဖူးသည်။
"ဒါတွေက ဘယ်အဆင့်မျိုးနွယ်စုရဲ့ စစ်သင်္ဘောတွေလဲ။ အဆင့်နှစ်လား။ အဆင့်သုံးလား"
"မြင့်မြင့်တွေးစမ်းပါ"
"အဆင့်လေးများ ဖြစ်နေမလား"
"သေးသေးလေးတွေးတုန်းပဲလား"
"အဆင့်ငါးများလား။ မင်း ဘဏ်ကိုသွားပြီး ဓားပြတိုက်လာတာလား"
"ဟားဟားဟား...ငါ ဘဏ်ဓားပြတိုက်တာတော့ မဟုတ်ဘူး။ ငါ့ဘိုးဘေးတစ်ယောက်က စကြဝဠာကို စူးစမ်းဖို့ ကမ္ဘာမြေကနေ ထွက်သွားပြီး အမှတ်မထင် စကြဝဠာရဲ့အကြီးဆုံးဘဏ်မှာ အစုရှယ်ယာရှင် ဖြစ်သွားတာလေ။ အခုမှ ငါက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူတင် မဟုတ်ဘဲ စကြဝဠာထဲမှာပါ အချမ်းသာဆုံး ဖြစ်နေနိုင်တယ်ဆိုတာ သိလိုက်ရတယ်"
*************************
အခန်း ၉၀၉ - အဲဒီလူ ပြန်ရောက်လာပြီ
"မင်းက ငါ့ကို သိပ္ပံစိတ်ကူးယဉ်ပုံပြင် လာပြောနေတာလား"
ရေနွေးငွေ့အင်ဂျင်ကိုပင် မတီထွင်ရသေးသည့် အချိန်တုန်းက ကျန်းမုန့်လောင်၏ ဘိုးဘေးများ အာကာသထဲသို့ ဘယ်လိုရောက်သွားခဲ့လဲဆိုသည်ကို ချင်ဖုန်း တွေးကြည့်၍ မရနိုင်ပေ။
လွန်ခဲ့သည့် နှစ်၂၀၀၀ကျော်ဆိုလျှင် အနည်းဆုံး ချင်းရှီဟွမ်အင်ပါယာခေတ် ဖြစ်ရပေမည်။
မင်း ငါ့ကို နောက်နေတာလား။
"ထားလိုက်ပါတော့။ ဘယ်လိုပဲဖြစ်ဖြစ် မင်း ယုံမှာမှ မဟုတ်တာ"
ကျန်းမုန့်လောင်က ခေါင်းခါယမ်းလိုက်သည်။
"ဒါနဲ့ အခု ကမ္ဘာပေါ်က အခြေအနေ ဘယ်လိုရှိလဲ"
"ဟီးဟီး... ငါတို့က အခု ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးနိုင်ငံဖြစ်နေပြီ။ စီးပွားရေးတိုးတက်မှုနှုန်းပဲဖြစ်ဖြစ်၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု အရှိန်ပဲဖြစ်ဖြစ် ဒါမှမဟုတ် တခြားတိုးတက်မှုတွေမှာပဲဖြစ်ဖြစ် ဘယ်နိုင်ငံမှ ငါတို့နားကိုတောင် မကပ်နိုင်ဘူး"
"ဪ...ဒါနဲ့ စကားမစပ် မင်းရဲ့ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာ သိပ္ပံသုတေသနဗဟိုဌာနကြီး ဖြစ်နေပြီ။ ကျောင်းဝင်းကိုလည်း အဆပေါင်းများစွာ ချဲ့ထွင်ထားတယ်။ ဒီနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ဝင်ခွင့်ရမှတ်က ပထမအဆင့် သတ်မှတ်ချက်ထက် အမှတ်၁၅၀နီးပါးလောက်တောင် မြင့်တယ်"
"ဝူးဟူး...မဆိုးပါဘူး"
ဤသည်မှာ ကျန်းမုန့်လောင် မျှော်လင့်ထားသည့်အတိုင်းပင်။ ၎င်းမှာ အခြေခံလုပ်ဆောင်မှုမျှသာ ဖြစ်၏။
"နိုင်ငံခြားသားကျောင်းသားတွေအတွက် ဝင်ခွင့်ရမှတ်ကရော ဘယ်လိုလဲ"
"နိုင်ငံခြားသားတွေ မင်းတို့ကျောင်းကို ဝင်ခွင့်ရဖို့ဆိုတာ သိပ်မလွယ်ဘူး။ ပညာရေးရမှတ်တွေ မြင့်မားရမယ့်အပြင် လျှောက်ထားသူတိုင်းက ဟွာရှား ဘာသာစကား ကျွမ်းကျင်မှု စာမေးပွဲကို အရင်အောင်မြင်ရမယ်။ ပြီးတော့ အဲဒီလျှာခလုတ်တိုက်တဲ့စကားလုံးတွေကြောင့် သူတို့ တော်တော်အခက်တွေ့နေကြတယ်"
"ဟားဟားဟား"
ကျန်းမုန့်လောင်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။ နိုင်ငံခြားသားများ ဟွာရှားဘာသာစကားကို သင်ယူနေခြင်းမှာ အကြီးမားဆုံးသော ယဉ်ကျေးမှု တင်ပို့ခြင်းပင်။ ကမ္ဘာမြေကြီးတစ်ခုလုံး၊ နဂါးငွေ့တန်းဂလက်ဆီတစ်ခုလုံး၊ အမြွှာဝေလငါးစကြဝဠာအင်ပါယာနှင့် စကြဝဠာတစ်ခုလုံးပင် ဟွာရှားဘာသာစကားကို ပြောဆိုလာရန်မှာ သိပ်မဝေးတော့ဘူးဟု သူတွေးမိလိုက်သည်။
"ပြီးတော့ အဲဒီဒူရန်ဒိုမျိုးနွယ်စုတွေကရော ဘယ်လိုနေလဲ"
"ဟီးဟီး... ပြီးခဲ့တဲ့တစ်ခေါက် မင်း သူတို့ကို ပညာပေးလိုက်ကတည်းက သူတို့ တော်တော်လိမ္မာသွားတယ်"
ချင်ဖုန်းက ပြောသည်။
"ဒါပေမဲ့ မင်း ကမ္ဘာမြေကနေ ထွက်သွားတယ်လို့ ကြားပြီးတဲ့နောက် သူတို့တွေ ပြန်ပြီး မောက်မာလာကြတယ်။ သူတို့ရဲ့မိခင်ဂြိုဟ်က သူတို့ကို လာကယ်လိမ့်မယ်လို့ နေ့တိုင်း စိတ်ကူးယဉ်နေကြတာ။ တလောတုန်းကဆိုရင် အသေးစား ဆန့်ကျင်ပုန်ကန်မယ့် လက္ခဏာတွေတောင် ပြလာတယ်"
"ဪ.. သူတို့ရဲ့ မိခင်ဂြိုဟ်က လှုပ်ရှားလာတာများလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။ ယခင် ခန့်မှန်းချက်များအရ သူတို့ ကမ္ဘာမြေသို့ ရောက်ရှိလာမည့်အချိန်မှာ ဤအချိန်လောက်ပင် ဖြစ်သင့်သည်။
"ဟုတ်တယ်"
ချင်ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်လလောက်က ဒူရန်ဒိုမျိုးနွယ်စုဆီကနေ သုံ့ပန်းတွေကို လွှတ်ပေးဖို့နဲ့ အညံ့ခံဖို့ တောင်းဆိုတဲ့ သတိပေးချက်တစ်ခု ရခဲ့တယ်။ အဲဒီ ဒူရန်ဒိုမျိုးနွယ်စုတွေက ဒီသတင်းစကားတွေကို ရကြပုံပဲ။ ဒါကြောင့် သူတို့ ဒီလောက်တောင် မောက်မာလာကြတာ"
"စိတ်ဝင်စားစရာပဲ"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"သူတို့ ခုန်ပေါက်နေပါစေဦး။ မကြာခင် သူတို့ ကြောက်ရမယ့်အရာကို တွေ့သွားလိမ့်မယ်"
"အင်း"
ချင်ဖုန်းက ကျန်းမုန့်လောင်ခေါ်လာသည့် ကြီးမားလှသော တပ်ဖွဲ့ကြီးကို ကြည့်ရင်း ပြောလိုက်သည်။
"သူတို့သာ ဒါကိုမြင်သွားရင် ကြောက်လန့်ပြီး သတိလစ်သွားလောက်တယ်"
ဒူရန်ဒိုမျိုးနွယ်စုထံမှ ရရှိသော သတင်းစကားများအရ ဤမျိုးနွယ်စုမှာ အများဆုံး အဆင့်နှစ်မျိုးနွယ်စုသာ ဖြစ်ပြီး အဆင့်သုံးမျိုးနွယ်စု၏ နောက်ခံအချို့ ရှိနေနိုင်ကြောင်း ဆုံးဖြတ်နိုင်သည်။
သို့သော် အဆင့်သုံးမျိုးနွယ်စု၏ စစ်တပ်တစ်ခုလုံး တပ်ဖြန့်လာလျှင်ပင် ဤတပ်ဖွဲ့၏ စစ်သင်္ဘော အမြောက်များမှ ပစ်ခတ်မှုအနည်းငယ်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ သူတို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် မျှော်လင့်ချက်ကင်းမဲ့ခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ကို သိသွားကြပေလိမ့်မည်။
"ကောထန်... စစ်သင်္ဘောတွေအားလုံးအတွက် နေရာလွတ်ကိုယ်ပျောက်စနစ်ကို ဖွင့်ပြီး အခုလောလောဆယ် သူတို့ကို လကမ္ဘာမျက်နှာပြင်ပေါ်မှာပဲ နေခိုင်းလိုက်"
ကျန်းမုန့်လောင် အမိန့်ပေးလိုက်ပြီးနောက် စတားဂေဇာယာဉ်ကို အခြေစိုက်စခန်းအနီးတွင် ရပ်နားရန် ညွှန်ကြားလိုက်သည်။
"ကျွတ် ကျွတ် ကျွတ်...မင်းရဲ့ အာကာသယာဉ်က တကယ်အဆင့်မြင့်ပုံပေါ်တယ်"
ချင်ဖုန်းက စတားဂေဇာယာဉ်ကို အားကျစွာ ကြည့်လိုက်သည်။
"တော်တော်ဈေးကြီးမှာပဲနော်"
"သိပ်မဆိုးပါဘူး။ ဂလက်ဆီသန်းပေါင်းများစွာကိုတောင် ဝယ်နိုင်လောက်တယ်"
"အဟွတ် အဟွတ် အဟွတ်"
အကယ်၍ သူသာ ဤယာဉ်ကို ပျက်စီးအောင် လုပ်မိပါက လျော်ကြေးကို ဘယ်တော့မှ ပေးနိုင်မည်မဟုတ်ကြောင်း သိလိုက်သဖြင့် ချင်ဖုန်းခမျာ လက်ကို ချက်ချင်း ပြန်ရုပ်လိုက်သည်။
"မင်းတို့ရဲ့ ဒီအခြေစိုက်စခန်းက တော်တော်ရိုးရှင်းလွန်းတယ်"
"သုံးနှစ်အတွင်း ဒီအဆင့်အထိ ရောက်လာတာတင် အထင်ကြီးချင်စရာကောင်းနေပြီကွ"
ချင်ဖုန်းက ပြောလိုက်သည်။
"ဘာလဲ။ စကြဝဠာထဲ တစ်ပတ်လောက် သွားလည်ပြီးတော့ အထက်စီးဆန်နေတာလား"
"ဒါပေါ့။ မင်းကို ကောင်းတာလေးတစ်ခု ပြရသေးတာပေါ့"
ကျန်းမုန့်လောင်သည် စကြဝဠာမြေအောက် ကုန်စည်ပြပွဲမှ ပစ္စည်းများစွာ ဝယ်ယူခဲ့ပြီး ထိုအထဲမှ အချို့မှာ ကမ္ဘာမြေကို ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးမည့်အရာများပင်။
ဇူဒါစစ်သင်္ဘောတစ်စင်းထဲမှ စက်ရုပ်အုပ်စုကြီးတစ်စု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထိုစက်ရုပ်များမှာ အဆင့်ငါးမျိုးနွယ်စုမှ အခြေခံစက်ရုပ်များ ဖြစ်၏။ လကမ္ဘာမျက်နှာပြင်ကို တိုင်းတာစစ်ဆေးပြီးနောက် ဧရာမပြုပြင်မွမ်းမံမှု အစီအစဉ်တစ်ခု ချက်ချင်းပုံပေါ်လာပြီး ပြင်းထန်သော တည်ဆောက်ရေးအဆင့်သို့ ကူးပြောင်းသွားခဲ့သည်။
"တစ်ပတ်အတွင်း မင်းတို့ လုံးဝအသစ်စက်စက် လကမ္ဘာ အခြေစိုက်စခန်းတစ်ခု ရလိမ့်မယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ပြီးတော့ သူတို့တွေက ဘယ်သူတွေလဲ"
သူက ကျန်းမုန့်လောင်၏ အနောက်ရှိ လူအုပ်စုကို ကြည့်၍ မေးလိုက်သည်။
"သူတို့တွေက ဂြိုဟ်သားတွေလို့တော့ မပြောနဲ့နော်"
"ဟ... အဲ့လိုမှမဟုတ်ရင် သူတို့က ငါ့သားသမီးတွေမလို့လား"
ကျန်းမုန့်လောင်ခမျာ မယုံနိုင်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"ဒီလူတွေက တော်တော်ထူးခြားတာပဲ"
ချင်ဖုန်းသည် အဆင့်သုံးသက်ရှိတစ်ယောက် ဖြစ်သော်လည်း ဤအဖွဲ့ထံမှ ဖြာထွက်နေသော ကြောက်မက်ဖွယ် စွမ်းအားကို အာရုံခံနိုင်သည်။ ကျန်းမုန့်လောင်၏အိမ်ရှိ သက်တော်စောင့်များထက်ပင် ပိုစွမ်းအားကြီးမားနေချေသည်။
အထူးသဖြင့် သူတို့ထဲမှ အချို့လူများ၏ အကြည့်တစ်ချက်ကပင် သူ့ကို ငရဲပြည်သို့ ဆွဲချသွားမည်ဟု ချင်ဖုန်း ခံစားလိုက်ရသည်။
"သူတို့က စကြဝဠာထဲက ငါ့တပည့်ဂါနေးတဲ့"
ကျန်းမုန့်လောင်က မိတ်ဆက်ပေးလိုက်သည်။
"ဂါနေး... ငါ့သူငယ်ချင်းချင်ဖုန်းနဲ့ မိတ်ဆက်ပေးမယ်"
"ဒီတစ်ယောက်က ငါ့လက်အောက်ငယ်သားတစ်ယောက် မာကာဘာကာပဲ။ အဆင့်ရှစ်သက်ရှိ တစ်ယောက်ပေါ့"
"အဆင့်.. အဆင့်ရှစ်သက်ရှိ ဟုတ်လား"
ချင်ဖုန်းခမျာ အစက မာကာဘာကာ၏ နာမည်ကို လှောင်ပြောင်ရန် ရည်ရွယ်ထားသော်လည်း အဆင့်ရှစ်သက်ရှိဟု ကြားလိုက်ရသောအခါ ဆက်မရယ်နိုင်တော့ပေ။
နောက်နေခြင်းမဟုတ်ပါချေ။ ထူးရှယ်နတ်ဘုရားကျောင်းတော်မှာပင် အဆင့်ရှစ်သက်ရှိဆရာများမှာ အင်အားအကြီးဆုံးထဲတွင် ပါဝင်ပေသည်။ သူတို့၏ စွမ်းအားက ဂြိုဟ်တစ်လုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပြီး တစ်ခါတလေ ဆရာတာနော့စ်က ဆရာမမယ်ဒူဆာကို အကြည့်တစ်ချက် ရောက်သွားသည်နှင့် ဆရာရှောင်ယန်က သူတို့နှင့် ထိုနေရာမှာပင် ရန်ဖြစ်ကြသည်အထိပင်။
အဆုံးမဲ့ကျောက်မျက်များနှင့် ထူးဆန်းသော မီးတောက်တို့၏ တိုက်ပွဲက ကျောင်းတစ်ခုလုံးကို ပြိုကွဲလုမတတ် ဖြစ်စေခဲ့ပြီး ဆရာအနည်းငယ်ကိုပင် အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့ရသည်။
ထိုစဉ်ကတည်းက အဆင့်ရှစ်သက်ရှိများ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူတို့ သဘောပေါက်သွားခဲ့သည်။ ယခုလို လူစားမျိုးက ကျန်းမုန့်လောင်၏ လက်အောက်ငယ်သား ဖြစ်နေသတဲ့လား။
"သူတို့တွေကရော မင်းရဲ့ လက်အောက်ငယ်သားတွေပဲလား"
ရှေ့ဆုံးရှိ လူက မာကာဘာကာထက်ပင် ပိုအစွမ်းထက်နေကြောင်း သိလိုက်ရသဖြင့် ကျီတိဖုနှင့် အခြားလူများကို လက်ညှိုးထိုး၍ ချင်ဖုန်း မေးလိုက်သည်။
"သူတို့က ငါ့ကျွန်တွေလေ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"တစ်ခါတလေ သူတို့က စိတ်ရှုပ်ဖို့ကောင်းတယ်လို့ ခံစားရရင် သဲအိတ်လို ထိုးကြိတ်ပစ်လို့ ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သေနိုင်တာမှ မဟုတ်တာ"
ကျွန်များ၏ မျက်နှာထက်တွင် သောကရောက်နေလေဟန် အမူအရာများ ချက်ချင်းပေါ်လာသည်။
လူအချင်းချင်းကြားမှာ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကွာဟချက် ကြီးမားနေရတာလဲ။
"ဒီလကမ္ဘာအခြေစိုက်စခန်းကို စောင့်ကြပ်ဖို့ လူနည်းနည်းထားခဲ့ပြီး ကျန်တဲ့လူတွေက ငါနဲ့အတူ ကမ္ဘာမြေကို လိုက်ခဲ့ကြ"
ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်"
မည်သည့်ပြဿနာကိုမဆို အားစိုက်ထုတ်စရာမလိုဘဲ ဖြေရှင်းပေးနိုင်သည့် အဆင့်ခြောက်သက်ရှိတချို့ကို လကမ္ဘာအခြေစိုက်စခန်းတွင် ထားခဲ့သည်။ ထို့နောက် ကျန်းမုန့်လောင်နှင့် ချင်ဖုန်းတို့မှာ စတားဂေဇာယာဉ်ဖြင့် ကမ္ဘာမြေသို့ ပြန်ပျံသန်းလာခဲ့ကြသည်။
"အဖေ.. မုန့်လောင် ပြန်ရောက်ပြီ။ ကျွန်တော်တို့ ကမ္ဘာမြေကို ပြန်လာနေတယ်"
ချင်ဖုန်းက ကျန်းမုန့်လောင် ပြန်ရောက်လာကြောင်း သူ့အဖေဗိုလ်ချုပ်ချင်ထံသို့ ချက်ချင်း အကြောင်းကြားလိုက်သည်။
"ဪ.. အဲဒီ ကျန်းမျိုးရိုးကောင်လေး ပြန်ရောက်ပြီလား။ အခြေအနေ ဘယ်လိုလဲ"
"အကုန်အဆင်ပြေပါတယ်။ ပြီးတော့ သူက အင်အားကြီးတပ်ဖွဲ့တစ်ခုကိုပါ ခေါ်လာသေးတယ်"
"ကောင်းလိုက်တာ"
ထိုသတင်းကြောင့် ဗိုလ်ချုပ်ချင်မှာ စိတ်လှုပ်ရှားမှုဖြင့် မျက်နှာများပင် နီရဲလာသည်။
"ဒီသတင်းကောင်းကို တခြားလူတွေကို ငါပြောပြလိုက်ဦးမယ်"
...
လုရီယောင် : "အဲဒီလူဆိုးကောင်.. နောက်ဆုံးတော့ ပြန်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ"
လောင်ကျိုး - "ဪ.. မုန့်လောင် ပြန်ရောက်ပြီလား။ အရမ်းကောင်းတယ်။ အရမ်းကောင်းတယ်"
ဟန်ကျင်ယွီ : "ဒီကောင်လေး နောက်ဆုံးတော့ ပြန်လာဖို့ ဆုံးဖြတ်လိုက်ပြီပဲ။ စကြဝဠာမျိုးနွယ်စုထဲ ခရီးသွားပြီးတဲ့နောက် သူ ပစ္စည်းကောင်းတွေ အများကြီး ပြန်သယ်လာမှာ သေချာတယ်။ သေချာပေါက် ကောင်းကောင်းလေ့လာရမယ်"
ဝမ်လင် : "သူ့ကို ဂြိုဟ်သားမျိုးနွယ်စုက မိန်းကလေးတချို့ ငါ့အတွက် ခေါ်လာခိုင်းထားတာ။ တကယ်ခေါ်လာလား မသိဘူး။ ဟားဟားဟား"
ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများ : "ကျောင်းအုပ်ကြီး ပြန်ရောက်ပြီလား။ မိုက်လိုက်တာ။ ဒီအတောအတွင်း သူ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ငါတို့ကို ပြောပြရမယ်။ သောက်ရမ်းစိတ်လှုပ်ရှားစရာ ကောင်းမှာပဲနော်"
"ရိုင်းရိုင်းစိုင်းစိုင်း မပြောနဲ့။ စိတ်လှုပ်ရှားစရာပဲလို့ ပြော။ ယဉ်ကျေးစမ်းပါ"
...
ဟွာရှားရှိ ကျန်းမုန့်လောင်၏ သူငယ်ချင်းများနှင့် မိသားစုမှာ ထိုသတင်းကြောင့် အလွန်ဝမ်းသာပျော်ရွှင်သွားကြသည်။
သို့သော် လူတချို့၏ နားထဲတွင်မူ ၎င်းမှာ သတင်းကောင်း မဟုတ်ခဲ့ပေ။
"ဘာ.. အဲဒီလူ ပြန်ရောက်လာပြီလား။ ပြီးတော့ သူနဲ့အတူ တပ်ဖွဲတစ်ခုပါခေါ်လာတယ် ဟုတ်လား"
"သွားပြီ.. ငါတို့ ဘယ်တော့မှ နေရောင်ခြည်ကို ထပ်မြင်ရတော့မှာ မဟုတ်ဘူး"
"မြန်မြန်.. လူတိုင်းကို အသိပေးလိုက်။ လှုပ်ရှားမှု အားလုံးကို ရပ်တန့်လိုက်။ အမြင့်ဆုံးအရေးပေါ် အခြေအနေဟေ့"
************************