← Chapters

အခန်း (၉၁၀-၉၁၂)

Vol. 61 Ch. 910-912

အခန်း (၉၁၀-၉၁၂)

Vol. 61 Ch. 910-912

အခန်း ၉၁၀ - ဘယ်ဂြိုဟ်ပေါ်မှာ အမြှုပ်ခံချင်တာလဲ

"မင်းတို့ ဘာတွေကြည့်နေကြတာလဲ"

"ဝိုး... လှလိုက်တဲ့အာကာသယာဉ်။ ဘယ်နိုင်ငံက အသစ်တီထွင်ထားတာလဲ"

ကောင်းကင်ယံတွင် ရုတ်တရက်ပေါ်လာသော အာကာသယာဉ်တစ်စင်းကို မြင်တွေ့လိုက်ရသောအခါ ကမ္ဘာမြေပေါ်ရှိ လူများမှာ အံ့သြရန်ပင် မတတ်နိုင်ကြတော့ပေ။ ယနေ့ခေတ်တွင် ငွေရှိပါက အာကာသခရီးစဉ်အတွက် အရပ်ဘက်သုံး အာကာသယာဉ်တစ်စင်းကိုပင် ဝယ်ယူနိုင်နေပြီဖြစ်၏။

ဟွာရှားတပ်ဖွဲ့ ကွပ်ကဲရေးစင်တာ၏ ဆိပ်ကမ်းတွင် လူအုပ်ကြီးတစ်ခု စောင့်ဆိုင်းနေကြသည်။

ဤနေရာမှာ ယခင်က သဲကန္တာရတစ်ခုဖြစ်သော်ငြား ပြုပြင်မွမ်းမံမှုတချို့ ပြုလုပ်ပြီးနောက် ကမ္ဘာ့အကြီးဆုံး စစ်ဘက်ဆိုင်ရာ အာကာသစစ်သင်္ဘော ဆိပ်ကမ်းဖြစ်လာခဲ့သည်။ လက်ရှိအသုံးပြုနေသော လူသားများ၏ အာကာသစစ်သင်္ဘောတိုင်းကလည်း ဤနေရာမှ ထွက်ပေါ်လာခြင်းပင်။

ကျန်းမုန့်လောင် ပြန်ရောက်ပြီဟူသော သတင်းကို ရရှိပြီးနောက် လူအများအပြားက သူ့ကို ကြိုဆိုရန် ဤနေရာသို့ ချက်ချင်း ရောက်လာကြသည်။

စတားဂေဇာယာဉ်သည် ဖြည်းညင်းစွာ ဆင်းသက်လာ၏။ လူတိုင်းကလည်း အလွန်မိမိုက်လှသော ထိုအာကာသယာဉ်ကို စိုက်ကြည့်နေကြသည်။

"ဒါက ပြင်ပဂြိုဟ်မျိုးနွယ်စုက အာကာသယာဉ်လား"

နည်းပညာရှင်တစ်ဦးက ကိရိယာပြားကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ကျွန်တော်တို့ ဘာဒေတာမှ ထောက်လှမ်းလို့မရပါဘူး။ အနီအောက်ရောင်ခြည် ရောင်ပြန်ဟပ်မှု သုည၊ လျှပ်စစ်သံလိုက်လှိုင်း ရောင်ပြန်ဟပ်မှု သုည၊ အတိုင်းအတာတွေ အားလုံး သုညပဲ"

ယခုအချိန်အထိ မျိုးဆက်သုံးဆက်တိုင်တိုင် အဆင့်မြှင့်တင်ထားသော နဂါးကိုယ်ပျောက် တိုက်လေယာဉ်ပင် ထိုအဆင့်သို့ မရောက်နိုင်သေးပေ။

အာကာသယာဉ်တံခါး ပွင့်လာပြီးနောက်ကျန်းမုန့်လောင်လည်း အခြားလူများနှင့်အတူ ထွက်လာခဲ့သည်။ သူ့ရင်ခွင်ထဲသို့ ပထမဆုံးပြေးဝင်လာသူမှာ လုရီယောင်ပင်။

"ဟားဟားဟား... ပြန်ရောက်တာ နည်းနည်းနောက်ကျသွားလို့ တောင်းပန်ပါတယ်ကွာ"

ကျန်းမုန့်လောင်က သူ(မ)၏ဆံပင်ကို မြတ်နိုးစွာ ပွတ်သပ်ရင်း ပြောလိုက်သည်။

"အဟမ်း... မင်းတို့နှစ်ယောက်အတွက် သီးသန့်အချိန်လေး ပေးရမလား"

ဝမ်လင်က စစ်ဘက်ရေးရာ သို့မဟုတ် နိုင်ငံရေးနယ်ပယ်မှ မဟုတ်သော်လည်း ကျန်းမုန့်လောင်၏ သူငယ်ချင်းတစ်ယောက်အနေနှင့် လုရီယောင်နှင့် အခြားလူများနှင့်အတူ လိုက်ပါလာခြင်းပင်။

'မင်း ဘာကြီးဝတ်ထားတာလဲ"

"ဂြိုဟ်သားမျိုးနွယ်စုရဲ့ အဝတ်အစားလေ"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။

"ယုံချင်ယုံ မယုံချင်နေ။ ဒီအဝတ်အစားက ကမ္ဘာမြေအလုံးပေါင်းများစွာတောင် ဝယ်နိုင်တယ်"

"ဘယ်လိုပဲဖြစ်ဖြစ် ဒီထဲမှာ မင်းတစ်ယောက်တည်း စကြဝဠာထဲလျှောက်သွားဖူးတာဆိုတော့ မင်းပြောတာ အတည်ပေါ့ကွာ"

ဝမ်လင်က မျက်လုံးလှန်လိုက်သည်။

"မင်းတို့နှစ်ယောက် ဖက်လို့ဝပြီလား။ ဒီည ဖက်ဖို့ အချိန်တွေအများကြီး ရှိသေးတယ်လေ။ အခု လောစရာမလိုသေးပါဘူး။ ဟုတ်တယ်မလား"

"မင်း စကားမပြောရင်လည်း အနေတယ်လို့ ဘယ်သူမှ မထင်ပါဘူး"

ကျန်းမုန့်လောင်နှင့် လုရီယောင်တို့ ပြိုင်တူပြောလိုက်သည်။

"သူတို့ မတွေ့ရတာ နှစ်ချီနေပြီလေ။ ရှင်က ကြားထဲက နှောင့်ယှက်ရတာ သဘောကျနေတာမလား"

ဝမ်လင်၏ ကောင်မလေးက သူ့ကို အားရပါးရ ဆွဲဆိတ်လိုက်သည်။

"ကဲပါ။ နောက်မနေနဲ့တော့"

ကျန်းမုန့်လောင်က ယခုအချိန်မှာ ချစ်ကြင်နာပြရမည့်အချိန် မဟုတ်ကြောင်း သိသည်။ မီဒီယာသတင်းထောက်များက သူတို့ကို ဓာတ်ပုံရိုက်နေကြသဖြင့် ကလေးများအတွက် အနည်းငယ် မသင့်တော်ပေ။

"မုန့်လောင်... ကြိုဆိုပါတယ်"

လောင်ကျိုးနှင့် အခြားသူများက ကျန်းမုန့်လောင်ကို တစ်ယောက်ပြီးတစ်ယောက် အားရပါးရ ဖက်လိုက်ကြသည်။

"ဒါနဲ့ အခြေအနေဘယ်လိုလဲ။ ချင်ဖုန်းရဲ့ အစီရင်ခံစာအရ မင်း တပ်ဖွဲ့တစ်ဖွဲ့ ခေါ်လာတယ်ဆို"

"ဟုတ်တယ်"

ကျန်းမုန့်လောင်လည်း ခေါင်းညိတ်ပြလိုက်သည်။

"ပြဿနာကို ဖြေရှင်းမှတော့ တစ်ခါတည်း အမြစ်ပြတ်အောင် ဖြေရှင်းလိုက်ကြတာပေါ့။ ကျွန်တော့်ရဲ့တပ်ဖွဲ့က ဒူရန်ဒိုမျိုးနွယ်စုထက် အဆင့်ပေါင်းများစွာ ပိုမြင့်တဲ့အပြင် သူတို့ကို အသာလေးချေမှုန်းပစ်နိုင်တယ်"

"ကောင်းတယ်.. အရမ်းကောင်းတယ်"

လောင်ကျိုးမှာ မျက်ရည်ဝဲသွားချေသည်။ ကျန်းမုန့်လောင် မည်သို့ စီမံဆောင်ရွက်ခဲ့သလဲဆိုသည်ကို သူ တိတိကျကျမသိသော်လည်း ပေးပို့လာသော စစ်သင်္ဘောအချက်အလက်များကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်။

ကျန်းမုန့်လောင်ပြောသည့် စကားမှာ အမှန်သာဖြစ်ပါက ဟွာရှားမျိုးနွယ်စုဖြစ်စေ ကမ္ဘာမြေ၏ လူသားမျိုးနွယ်စုဖြစ်စေ နောင်တွင် ဘေးကင်းလုံခြုံပြီး အေးချမ်းသော ပတ်ဝန်းကျင်တစ်ခုတွင် ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်၏။

"မုန့်လောင်... ချင်ဖုန်း မင်းကို ပြောပြပြီးလောက်ရောပေါ့။ ဒူရန်ဒိုမျိုးနွယ်စုက လူတွေ နောက်တစ်လအတွင်း ကမ္ဘာမြေနားကို ရောက်လာတော့မှာ။ ငါတို့ ကြိုတင်ပြင်ဆင်ထားသင့်တယ် မဟုတ်ဘူးလား"

ဗိုလ်ချုပ်ချင်က လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

"မလိုပါဘူး"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"သူတို့က ယင်ကောင်တစ်အုပ်အဆင့်ပဲ ရှိတာပါ။ အချိန်မရွေး ရိုက်ချပစ်လို့ ရတယ်။ အဲဒီအစား ကျွန်တော်က ဟိုဒူရန်ဒိုမျိုးနွယ်တွေကို တောင် သွားကြည့်ချင်သေးတယ်"

"သူတို့လား။ သူတို့ အခု တော်တော်မောက်မာနေကြတာ"

ဗိုလ်ချုပ်ချင်က ဒေါသတကြီး ပြောလိုက်သည်။

"သူတို့ဆီမှာ သူတို့မျိုးနွယ်စုက ပို့လိုက်တဲ့ ရေဒီယိုအချက်ပြလှိုင်းတွေထဲက သက်ဆိုင်ရာ အကြောင်းအရာတွေကို ဖတ်ရှုနိုင်တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုခု ရှိနေတယ်။ သူတို့အမျိုးတွေ လာနေပြီဆိုတာ သိလို့ ငါတို့ကို လုံးဝအရေးမစိုက်တော့ဘူး"

"ဪ.. စကားနားမထောင်ရင် သူတို့ကို သတ်ပစ်လို့မရဘူးလား"

ကျန်းမုန့်လောင်သည် ဤဂြိုဟ်သားကျူးကျော်သူများနှင့် ပတ်သက်၍ မည်သည့် တွန့်ဆုတ်မှုမှ မရှိပေ။ လိုအပ်လျှင် သတ်ပစ်ရုံသာ။

"ဒါတွေအားလုံးက ဂြိုဟ်သားကာကွယ်ရေး မူဝါဒတချို့ကို ပြဋ္ဌာန်းခဲ့တဲ့ ဂြိုဟ်စုသမဂ္ဂက ငတုံးတစ်သိုက်ကြောင့်ပေါ့။ မဲအရေအတွက်ရဲ့ တစ်ဝက်တောင် ရသွားသေးတယ်။ သူတို့က လူသားဆန်ဆန် ဆက်ဆံဖို့ တောင်းဆိုနေကြတာ"

လောင်ကျိုးမှာ ဒေါသထွက်လွန်း၍ မိမိကိုယ်ကိုပင် မထိန်းနိုင်တော့ပေ။

"ဟားဟားဟား... သူတို့က လောင်းကြေးထပ်ချင်နေကြတာ။ ဒီတစ်ခါ မုန့်လောင်သာ ကမ္ဘာမြေကို မကယ်တင်နိုင်ရင် ဒူရန်ဒိုမျိုးနွယ်စုက ကမ္ဘာမြေကို သေချာပေါက် ဖျက်ဆီးပစ်မှာ။ မူကြမ်းရေးဆွဲခဲ့တဲ့အတွက် သူတို့ကို အသက်ချမ်းသာပေးလိမ့်မယ်လို့ တွေးနေကြတာနေမှာပေါ့"

"ဒီလူတွေက တော်တော်ကလေးဆန်ပြီး ရိုးအလွန်းတယ်"

ကျန်းမုန့်လောင်ကလည်း လှောင်ပြောင်လိုက်သည်။

"သူတို့ကို သွားကြည့်ရအောင်။ သူတို့ ဘယ်လောက်မောက်မာနိုင်လဲဆိုတာ ကြည့်ချင်သေးတယ်"

တပ်ဖွဲ့ အခြေစိုက်စခန်းမှာ ကျန်းနန်မြို့မှ ကီလိုမီတာ၁၀၀၀ခန့် ကွာဝေးသော်လည်း စတားဂေဇာယာဉ်ကမူ မျက်စိတစ်မှိတ်အတွင်း အရောက်သွားနိုင်သည်။

လက်ရှိ ကျန်းနန်မြို့ တိရစ္ဆာန်ရုံ.. အဲလေ.. မဟုတ်သေးပါဘူး။

ယခုမူ ကျန်းနန်မြို့ ဉာဏ်ရည်မြင့်မျိုးနွယ်စု သက်ရှိတိရစ္ဆာန်ရုံ ဖြစ်နေချေပြီ။ ထို့ပြင် ထိုနေရာမှာ ကျန်းနန်မြို့၏ AAAAAအဆင့်ရှိသည့် ခရီးသွားဆွဲဆောင်မှု အသစ်တစ်ခု ဖြစ်လာခဲ့သည်။ ဂြိုဟ်သားများကို လာကြည့်ကြသည့် ဧည့်သည်အရေအတွက်ကလည်း အလွန်များပြားပြီး လက်မှတ်ဈေးနှုန်းမှာ နှစ်ကြာလာသည်နှင့်အမျှ နှစ်ရာမှ ငါးရာအထိ တက်လာခဲ့သည်။

သို့သော် ဧည့်သည်အသွားအလာမှာ ပြတ်လပ်မသွားပေ။ အကြောင်းမှာ ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ကျောင်းသားများမှာ အကြံပိုင်လွန်းသောကြောင့်ပင်။ သူတို့က ရိုးရိုးရှင်းရှင်း ကြည့်ခိုင်းရမည့်အစား ဂြိုဟ်သားများ၏ ဖျော်ဖြေရေးအစီအစဉ် အမျိုးမျိုးကိုပါ ထည့်သွင်းပြောင်းလဲခဲ့ကြသည်။

"ခွေးသူတောင်းစား လူသားတွေ... မင်းတို့ ဘာကြည့်နေတာလဲ။ ငါတို့ရဲ့မိခင်ဂြိုဟ်က လူတွေလွှတ်လိုက်တဲ့အထိ စောင့်နေလိုက်။ မင်းတို့အားလုံး သေရတော့မှာ"

"မင်းတို့ရဲ့ ငှက်ပျောသီးတွေ ပြန်ယူသွားစမ်း။ ငါတို့ အဲဒါတွေ မစားဘူး"

"လူသားတွေ...တစ်နေ့ကျရင် ငါတို့ တိရစ္ဆာန်ရုံတစ်ခု ဖွင့်ပြီး မင်းတို့ကို အကြည့်ခံတိရစ္ဆာန်တွေ ဖြစ်စေရမယ်"

တိရစ္ဆာန်ရုံထဲသို့ မဝင်ခင်မှာပင် ကျန်းမုန့်လောင်မှာ ကျိန်ဆဲသံများကို ကြားလိုက်ရသည်။

"မင်းအမေကို ဆဲနေတာလား။ လှောင်အိမ်ထဲ ပိတ်မိနေတဲ့ကောင်က ငါ့ကို လာစိန်ခေါ်ရဲတယ်ပေါ့"

"ကျောင်းအုပ်ကြီး ပြန်လာတဲ့အခါ မင်းတို့ ဒီလောက်မောက်မာနိုင်သေးလားဆိုတာ ကြည့်ရသေးတာပေါ့"

"မိခင်ဂြိုဟ် ဟုတ်လား။ ငါတို့ကျောင်းအုပ်ကြီးက မင်းတို့မိခင်ဂြိုဟ်ကို ဂြိုဟ်သားကစားကွင်းကြီးတစ်ခုအဖြစ် ပြောင်းပစ်မှာ။ စောင့်ကြည့်နေလိုက်"

"သေစမ်း... ဘယ်အရူးမူဝါဒက သတ်လို့မရဘူးလို့ပြောလို့ ဒီမျောက်တွေ နေ့တိုင်း ဟောင်ဖွာဟောင်ဖွာလုပ်တာကို နားထောင်နေရတာလဲ"

"ဟေ့ ဟေ့ ဟေ့ ကောင်လေး... မမြင်ဘူးလား။ ခွင့်ပြုချက်မရှိဘဲ အစာမကျွေးရဘူး။ ဒီသတ္တဝါတွေက အန္တရာယ်များတယ်။ မင်းကို ကိုက်လိမ့်မယ်"

တာဝန်ကျနေသော ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများက စည်းကမ်းထိန်းသိမ်းရင်း ဤဒူရန်ဒိုမျိုးနွယ်များကို ဆူပူကြိမ်းမောင်းနေကြသည်။

ယခင်နှစ်များအတွင်း ဤဒူရန်ဒိုမျိုးနွယ်များမှာ အရိုက်ခံ၊ အဆဲခံ၊ အလုပ်ကြမ်းလုပ်ရသည့် ဒဏ်များကိုပင် မကျေနပ်ခြင်းမရှိဘဲ သေလုမျောပါး နာခံခဲ့ကြသည်။ သို့သော် လွန်ခဲ့သည့်နှစ်လက မိခင်ဂြိုဟ်ထံမှ သတင်းကြားပြီးကတည်းက သူတို့ ထကြွသောင်းကျန်းနေကြသည်။

ကမ္ဘာမြေသားများက သူတို့ကို ကာကွယ်ပေးထားသည့် ဥပဒေမူကြမ်းတစ်ခု အတည်ပြုထားကြောင်းလည်း သိထားသဖြင့် သူတို့မှာ ပို၍ပင် ထိန်းမနိုင်သိမ်းမရ ဖြစ်လာကြသည်။

သူတို့ကို အခွင့်အရေး မပေးလေနှင့်။ မဟုတ်လျှင် သူတို့က ကမ္ဘာမြေသားအားလုံးကို ကျေးကျွန်များ ဖြစ်အောင် သေချာပေါက် လုပ်ကြလိမ့်မည်။

"ဆူလိုက်တာ။ မင်းတို့ကောင်တွေ ဘယ်လို

စီမံခန့်ခွဲနေတာလဲ။ ဒီလအတွက် မင်းတို့လစာတစ်ဝက် အဖြတ်ခံရမယ်"

"သောက်ကျိုးနည်း။ ကျောင်းအုပ်ကြီးရဲ့ အသံလား"

"သောက်ကျိုးနည်း... ကျောင်းအုပ်ကြီး ပြန်ရောက်ပြီလား"

ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ကျောင်းသားများသာမက ထိုဒူရန်ဒိုမျိုးနွယ်များပင် ကျိန်ဆဲခြင်းကို ရပ်တန့်လိုက်ကြသည်။ သူတို့အနေနှင့် ဤလူငယ်၏ မိစ္ဆာဆန်သော အသံကို ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်ပေ။

သူသည် စကြဝဠာမျိုးနွယ်စုအတွင်း ဒူရန်ဒို မိခင်ဂြိုဟ်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ကမ္ဘာမြေကို ကယ်တင်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် ထွက်သွားသည်ဟု ဆိုကြ၏။

စကြဝဠာမျိုးနွယ်စုက မည်မျှအန္တရာယ်များကြောင်း သူတို့ သိထားသည်။ သူ ပြန်မလာနိုင်ရန် အလားအလာများလှသည်။

သို့သော် ယခုမူ သူ တကယ် ပြန်ရောက်လာချေပြီ။

"ဟားဟားဟား... လူသား မင်း အသက်ရှင်ရက် ပြန်လာနိုင်တာ ကံကောင်းသားပဲ"

ဒူရန်ဒိုမျိုးနွယ်စုမှ တပ်မှူးကတ်ဇ်က ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ပွင့်ကို လှစ်ဟပြသလိုက်သည်။

"ငါတို့မျိုးနွယ်စုရဲ့ တပ်ဖွဲ့က မကြာခင် ရောက်လာတော့မယ်။ မင်း ဘယ်လောက်အစွမ်းထက်ထက် ငါတို့ရဲ့တပ်ဖွဲ့တွေအားလုံးကို တစ်ယောက်တည်း ဖျက်ဆီးနိုင်မှာမို့လို့လား"

"မင်းတို့တွေအားလုံးကို သေသွားစေချင်တယ်"

"ငါ့သခင်ကိုများ ပြန်ပြောနေသေးတာလား။ သေချင်လို့လား"

ကျန်းမုန့်လောင်၏ အနောက်ရှိ မာကာဘာကာမှာ သည်းမခံနိုင်တော့ပေ။ သူ့အမြင်တွင် ကျန်းမုန့်လောင်ကို စော်ကားခြင်းမှာ သေဒဏ်ထိုက်သော ရာဇဝတ်မှုပင်။

ကြီးမားလှသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုစွမ်းအားကြောင့် သူ့ခမျာ နောက်ဘက်ရှိ လူလုပ်ကျောက်ဆောင်ဘက်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်သည်။

"သူက အမြဲ ဒီလိုပဲမောက်မာနေတာလား"

ကျန်းမုန့်လောင်က သူ့ဘေးနားရှိ လူများကို မေးလိုက်သည်။

"ကျောင်းအုပ်ကြီး.. သူက အသံအကျယ်ဆုံးအော်တဲ့လူပါပဲ"

"ရယ်ရတယ်။ ဒါပေမဲ့ လုံးဝတော့ မဟုတ်ဘူး။ ငါ့မိသားစုရဲ့အုတ်မြစ်က ဘယ်လောက်နက်ရှိုင်းလဲဆိုတာ မင်း မသိပုံပဲ"

ကျန်းမုန့်လောင်က ကတ်ဇ်ကို ကြည့်ရင်း ပြုံးလိုက်သည်။

"ငါတို့ နေအဖွဲ့အစည်းမှာ ဂြိုဟ်တစ်လုံးမှတောင် မဖွံ့ဖြိုးသေးဘူး။ ပြောစမ်းပါဦး.. မင်းတို့တပ်ဖွဲ့ရောက်လာရင် မင်းတို့မျိုးနွယ်စုရဲ့ အလောင်းတွေကို ဘယ်ဂြိုဟ်ပေါ်မှာ ငါ မြှုပ်ပေးရမလဲ"

**********************

အခန်း ၉၁၁ - သူက ကျွန်တော်တို့ စကြဝဠာ အင်ပါယာရဲ့ အရှင်သခင်ပဲ

"မင်း... မင်းတို့တွေ..."

ထိုအချိန်တွင် ကတ်ဇ်၏အာရုံက ကျန်းမုန့်လောင်၏ အနောက်ရှိ လူများထံသို့ ရောက်သွားခဲ့သည်။

အခြားသူများ မလန့်စေရန်အတွက် ကျန်းမုန့်လောင်က သူတို့၏အရှိန်အဝါကို ဖုံးကွယ်ထားရန် ပြောထားခဲ့သော်ငြား အစောပိုင်းက မာကာဘာကာမှာ သည်းမခံနိုင်တော့သည့်အတွက် အဆင့်မြင့်သက်ရှိများဖြစ်သည့် သူတို့ရဲ့ အရှိန်အဝါများကို ရုတ်တရက် ထုတ်လွှတ်လိုက်မိသည်။

ကတ်ဇ်မှာ ကျန်းမုန့်လောင်၏ စွမ်းအားကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသည်။ ထိုအချိန်တုန်းက သူသည် အဆင့်ငါးသက်ရှိတစ်ယောက်၏ စွမ်းအားကို ဆင့်ခေါ်ပြီး သူတို့၏ စစ်သင်္ဘောကို လက်ဗလာဖြင့် ဖျက်ဆီးပစ်ခဲ့၏။ ထိုအဖြစ်က သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေဆဲသာ။

သို့သော် လက်ရှိအချိန်ဝယ် ကျန်းမုန့်လောင်၏ စွမ်းအားမှာ ဤလူနှင့်ယှဉ်လိုက်လျှင် ကျယ်ပြောလှသော သမုဒ္ဒရာထဲက ရေတစ်ပေါက်နှယ် အားနည်းလွန်းလှသည်ဟု ခံစားလိုက်ရသည်။

မိစ္ဆာနှင့်တူသော ထိုကောင်လေးက အဆင့်ငါး သက်ရှိပင်။ သူတို့မျိုးနွယ်စု။ အရှင်သခင်ထက်ပင် ပိုစွမ်းအားကြီးသော သက်ရှိဖြစ်၏။ သို့ဆိုပါက ဤစွမ်းအားရှင်က ဘယ်လောက်တောင် အစွမ်းထက်နေလေမလဲ။

"အဆင့်ခြောက်သက်ရှိထက် ကျော်နေတာပဲ"

ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုက သူ့ခေါင်းထဲတွင် ပေါ်လာချေသည်။ ဤသို့သော စွမ်းအားမျိုးနှင့်ဆိုလျှင် သက်ရှိအဆင့်ကား အဆင့်ငါးသက်ရှိတစ်ယောက် ပိုင်ဆိုင်သင့်သည့် အဆင့်ထက် အများကြီးကျော်လွန်နေရပေမည်။

အဆင့်ခြောက်သက်ရှိတဲ့။

ဤသည်မှာ စကြဝဠာအင်ပါယာတစ်ခု၏ အရှင်သခင်သာ ပိုင်ဆိုင်နိုင်သော စွမ်းအားဖြစ်ပြီး ဤစကြဝဠာထဲရှိ မရေမတွက်နိုင်သော သက်ရှိများ တောင့်တနေကြသည့် သက်ရှိအဆင့်များ၏ အထွတ်အထိပ်ပင်တည်း။

သူ့ဝိညာဉ်၏ နက်ရှိုင်းလှသော နေရာတွင် ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။

အကယ်၍ ဤသည်မှာ အဆင့်ခြောက် သက်ရှိ တကယ်ဖြစ်နေခဲ့ပါက သူ့နောက်ကွယ်တွင် အနည်းဆုံး အဆင့်ငါးမျိုးနွယ်စုနှင့် ညီမျှသော အရင်းအမြစ်များ ရှိရပေမည်။

အကြောင်းမှာ ဘယ်သက်ရှိမဆို အဆင့်ခြောက်သက်ရှိအဆင့်သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် စကြဝဠာမဟာမိတ်အဖွဲ့၏ အတည်ပြုချက်ကို ရရှိပြီးလျှင် မဟာမိတ်အဖွဲ့က အခြေခံအဆင့်ငါးမျိုးနွယ်စုတစ်ခုကို မိမိပိုင်နက်အဖြစ် ချီးမြှင့်ပေးမည်သာ။

ဒူရန်ဒိုမျိုးနွယ်စုက သေးငယ်သော အဆင့်နှစ် မျိုးနွယ်စုလေးတစ်ခုသာ ဖြစ်၏။ သူတို့နောက်ကွယ်ရှိ အစ်ကိုကြီးမှာ အဆင့်သုံးမျိုးနွယ်စု ဖြစ်နေလျှင်ပင် အဆင့်ငါးမျိုးနွယ်စုရှေ့မှာတော့ ယှဉ်နိုင်စွမ်း မရှိပါချေ။

သို့သော် သူတို့လို သေးငယ်လှသော အဆင့်တစ်မျိုးနွယ်စုလေးက အဘယ်​ကြောင့်များ အဆင့်ငါးမျိုးနွယ်စုရှိ ထင်ရှားကျော်ကြားလှသော ပုဂ္ဂိုလ်တစ်ယောက်နှင့် သိကျွမ်းနေရသလဲ။ သူ နားမလည်နိုင်လောက်အောင်ပင်။ ဤသည်မှာ လုံးဝ သိပ္ပံနည်းမကျပေ။

ထို့ပြင် အဆင့်ခြောက်သက်ရှိဟု ထင်ရသူက ကျန်းမုန့်လောင်ကို အလွန်ရိုသေလေးစားပြီး အရိုအသေပေးနေကြောင်း သူ ကြားလိုက်ရသေးသည်။

ဤသည်မှာ လူတစ်ယောက်က ပုရွက်ဆိတ်တစ်ကောင်ကို ရိုရိုသေသေ ဦးညွှတ်နေသလိုပင်။ ဤအဖြစ်ကား သူ့နားလည်နိုင်စွမ်းကို ကျော်လွန်နေချေပြီ။

"အံ့သြသွားတာလား"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"မင်း လန့်သေသွားမှာစိုးလို့ ပြောရဦးမယ်။ ဒီကောင်လေးကလွဲရင် ငါ့နောက်ကလူတွေထဲမှာ သက်ရှိအဆင့်ခြောက်အောက်နိမ့်တဲ့လူတစ်ယောက်မှ မရှိဘူး။ ခုနက မင်းကို ရိုက်လိုက်တဲ့လူက အဆင့်ရှစ်သက်ရှိကွ"

ကတ်ဇ်အတွက်မူ အချိန်များ ရပ်တန့်သွားသလိုပင်။ အကြောက်တရားနှင့် နောင်တများအကြားမှာပင် သူသည် အဆင့်ရှစ်သက်ရှိထံမှ အရိုက်ခံရပြီး အသက်ရှင်နေသေးသည့်အတွက် နည်းနည်းဂုဏ်ယူသလိုပင် ခံစားလိုက်ရ၏။

ဒါက အထင်ကြီးစရာကောင်းတယ် မဟုတ်ဘူးလား။

သို့သော် မကြာခင်မှာပက် ဤသည်မှာ ဘာကို ကိုယ်စားပြုကြောင်း သူ သဘောပေါက်သွားသည်။

သူတို့က အဆင့်တစ်မျိုးနွယ်စုဆီသို့ ရောက်လာကြသည်။ မူလကတော့ သူတို့ကို လုယက်ပြီး ချမ်းသာကြွယ်ဝအောင် လုပ်နိုင်မည်ဟု ထင်ခဲ့သော်လည်း ဤအဆင့်တစ်မျိုးနွယ်စုက သူတို့ကို ပြန်ဆုံးမခဲ့သည်။

သူတို့အနေနှင့် မကျေနပ်သည့်အတွက် သူတို့၏မိခင်ဂြိုဟ်ရှိ တပ်ဖွဲ့တစ်ခုကို ခေါ်လာခဲ့သည်။ သို့သော် ဤလူတစ်သိုက်မှာ စကြဝဠာ အင်ပါယာ၏ အုပ်စိုးရှင်များနှင့်တူသော သက်ရှိအုပ်စုတစ်စုကို ခေါ်လာခဲ့ကြသည်။

သူတို့၏တပ်ဖွဲ့ ကမ္ဘာမြေသို့ ရောက်လာသောအခါ စောင့်ကြိုနေမည့် ရလဒ်ကို သူ ကြိုမြင်နေရသလိုပင်။

သူတို့ ဘယ်ဂြိုဟ်ပေါ်တွင် အမြှုပ်ခံချင်လဲဟု ကျန်းမုန့်လောင်က သူ့ကို မေးလိုက်ခြင်းမှာ အံ့သြစရာမရှိပေ။ သူတို့လူများ၏ အလောင်းများပင် အကောင်းအတိုင်း ကျန်ခဲ့ပါ့မလားဆိုသည်ကို အတပ်မသိနိုင်တော့ချေ။

"မလာခဲ့ကြနဲ့။ ဘာပဲဖြစ်ဖြစ် မလာခဲ့ကြနဲ့"

သူတို့မိခင်ဂြိုဟ်ရှိ သူ့လူများကို ချက်ချင်း ပြန်လှည့်သွားရန် သို့မဟုတ် အမြွှာဝေလငါးစကြဝဠာအင်ပါယာက လုံးဝထွက်ခွာသွားရန်၊ ဝေးဝေးသွားနိုင်လေ ပိုကောင်းလေဖြစ်ကြောင်း ပြောပြဖို့ ဆက်သွယ်ရေးစက်တစ်ခုလောက်ရဖို့ ယခုအချိန်တွင် သူ အသည်းအသန် ဆန္ဒပြင်းပြနေပေသည်။

ကတ်ဇ်မှာ သူတို့၏ မျိုးနွယ်စုသမိုင်းမှာ အကြီးမားဆုံးအပြစ်သား ဖြစ်လာပေတော့မည်။

"ဘာလို့ ဆက်မအော်တော့တာလဲ"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"ခုနလေးတင် မင်း ကြွားလုံးထုတ်နေတာ မဟုတ်ဘူးလား။ မင်းတို့တပ်ဖွဲ့ မကြာခင် ရောက်လာတော့မယ် ဆိုပြီးတော့လေ။ ငါကတော့ ကြောက်လွန်းလို့ သေးတောင်နည်းနည်းထွက်ကျသွားပြီ"

ဒူရန်ဒိုမျိုးနွယ်စုရှိ သုံ့ပန်းများခမျာ တိတ်ဆိတ်သွားချေသည်။

အကယ်၍ ကျန်းမုန့်လောင်သာ စိတ်အခြေအနေမကောင်းလျှင် သူတို့၏စစ်သင်္ဘောဟာ စကြဝဠာဖုန်မှုန့်များ ဖြစ်သွားလိမ့်မည်။ အကယ်၍ သူသာ စိတ်အခြေအနေ နည်းနည်းပိုကောင်းလျှင် ကျန်းနန်မြို့ ဉာဏ်ရည်မြင့်မျိုးနွယ်စု တိရစ္ဆာန်ရုံ၏ အတိုင်းအတာက ရေတွက်၍မရနိုင်အောင် ကြီးမားလာပြီး အပန်းဖြေဥယျာဉ်ကြီးတစ်ခုပင် ဖြစ်သွားနိုင်သည်။

ဤကမ္ဘာမြေသားများမှာ တဖြည်းဖြည်း ပိုလွန်ကျူးလာကြသည်။ အစကတော့ အခြား ကမ္ဘာမြေသားများက သူတို့ကို ကြည့်ရှုရုံလောက်သာ ခွင့်ပြုခဲ့သည်။ နောက်ပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်အမျိုးမျိုးကို လုပ်ခိုင်းလာပြီး ထို့နောက်တွင်မူ ဂြိုဟ်သားအနှိပ်ဝန်ဆောင်မှု၊ ဂြိုဟ်သားခြေဆေးဝန်ဆောင်မှု၊ ဂြိုဟ်သားအသားကင် စသော ဝန်ဆောင်မှု အမျိုးမျိုး ထွက်ပေါ်လာပြီး သူတို့ကို လူတစ်ယောက်နှယ် သဘောမထားကြတော့ချေ။

သူတို့၏အရေအတွက်များ တိုးလာသည်နှင့်အမျှ ကျန်းနန်မြို့ရှိ ဉာဏ်ရည်မြင့်မျိုးနွယ်စု သက်ရှိတိရစ္ဆာန်ရုံ၏ စီးပွားရေးလုပ်ငန်းက ပိုကျယ်ပြန့်လာလိမ့်မည်ဟု ယုံကြည်နိုင်သည်။

သို့သော် လတ်တလောတွင်မူ ကတ်ဇ်ခမျာ ကူကယ်ရာမဲ့နေတော့သည်။ သူ့မျိုးနွယ်စု၏တပ်ဖွဲ့ကို အသိမပေးနိုင်ပေ။ အရာအားလုံးက မျှော်လင့်ချက်မဲ့လွန်းလှသည်။

"အကြောက်တရားရဲ့ အရသာကို မြည်းစမ်းကြည့်လိုက်စမ်းပါ ချာတိတ်ရာ"

ကျန်းမုန့်လောင်က ခေါင်းခါယမ်းလိုက်၏။

"တစ်ယောက်ယောက် ဒီကို လာခဲ့စမ်း"

"ကျောင်းအုပ်ကြီး... ဘာကိစ္စများ ရှိလို့လဲ"

ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ကျောင်းသားတစ်ယောက် လျှောက်လာချေသည်။

"ဒီတိရစ္ဆာန်ရုံကို တိုးချဲ့ဖို့ ပြင်ဆင်ထားလိုက်"

"ဗျာ"

ကျောင်းသားခမျာ အံ့အားသင့်သွားလေသည်။

"ကျောင်းအုပ်ကြီး... ဒူရန်ဒိုမျိုးနွယ်စုက လူတွေ သိပ်မရှိတော့ဘူးလေ။ အဲဒါကို ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး တိုးချဲ့လို့ရမှာလဲ"

"စိတ်မပူနဲ့။ မကြာခင် ငါတို့ စုဆောင်းဖို့အတွက် နောက်ထပ်အများကြီး ရောက်လာတော့မှာ။ ဒီဇိုင်းကောင်းကောင်း ဆွဲပေးနိုင်မယ့် အမိုက်စားဒီဇိုင်နာတစ်ယောက်ကို ရှာထားလိုက်။ အဆင့်အတန်းရှိပြီး ခမ်းနားနေရမယ်"

"နားလည်ပါပြီ"

...

"မုန့်လောင်...မင်း သေချာရဲ့လား"

တိရစ္ဆာန်ရုံထဲက ထွက်လာချိန်ဝယ် လောင်ကျိုးနှင့် အခြားသူများကမူ စိုးရိမ်နေပုံပေါ်သည်။

ကျန်းမုန့်လောင်က ယုံကြည်မှုရှိပုံပေါ်နေသော်ငြား မျိုးနွယ်စုများနှင့် ပတ်သက်သည့် သူတို့၏ နားလည်နိုင်စွမ်းက ကန့်သတ်ချက် ရှိနေပေသည်။ သူတို့အတွက်မူ အဆင့်နှစ်ဒူရန်ဒိုမျိုးနွယ်စုဆိုသည်ကပင် မကျော်လွှားနိုင်သော ဧရာမအတားအဆီးကြီးတစ်ခု ဖြစ်နေချေပြီ။

အဆင့်မြင့်သက်ရှိဟူသော သဘောတရားနှင့် ပတ်သက်၍လည်း သူတို့ ဘာမှမသိသလောက်ပင်။

"ကျွန်တော့်ကို မယုံဘူးလား"

ကျန်းမုန့်လောင်က ပြုံးလိုက်၏။

ထိုအချိန်မှာပင် ချင်ဖုန်း၏ ဆက်သွယ်ရေးစက်က အသံမြည်လာခဲ့သည်။

ဤသည်မှာ မိုဘိုင်းဖုန်းအရွယ်အစားခန့်ရှိသော ကိရိယာလေးတစ်ခု ဖြစ်သော်ငြား ၎င်း၏ ထုတ်လွှင့်နိုင်စွမ်းနှင့် စွမ်းဆောင်ရည်ကတော့ အမြင့်ဆုံးအဆင့်မှာ ရှိ၏။ လကမ္ဘာပတ်လမ်းထဲရှိ အချက်အလက်များကို သူ့ဆက်သွယ်ရေးစက်ဆီသို့ ချက်ချင်းနီးပါး တစ်ပြိုင်တည်း ပို့ဆောင်နိုင်စွမ်း ရှိသည်။

"ကျွန်တော် ချင်ဖုန်းပါ။ ဘာကိစ္စများ ရှိလို့လဲ"

"တပ်မှူးကို အစီရင်ခံပါတယ်။ ကျွန်တော်တို့ရဲ့ လကမ္ဘာ အခြေစိုက်စခန်းနားမှာ ပျံသန်းနေတဲ့ အမည်မသိ အရာဝတ္ထုတွေ ပေါ်လာပါတယ်။ ဒါပေမဲ့ တော်ဝင်ပညာရှင်ကျန်း ခေါ်လာတဲ့ စစ်သင်္ဘောက အလိုအလျောက် အသက်ဝင်လာပါတယ်။ အခု အဲဒီUFOတွေက ကျွန်တော်တို့နဲ့ ဆက်သွယ်ဖို့ တောင်းဆိုနေပါတယ်"

"ရုပ်သံကို ငါ့ဆီ လွှဲလိုက်"

ချင်ဖုန်းက အမိန့်ပေးလိုက်သည်။

မကြာခင်မှာပင် ရှင်းလင်းပြတ်သားသော ရုပ်သံတစ်ခု သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုအထဲတွင် ဉာဏ်ရည်တု၏ မောင်းနှင်မှုအောက်မှာ အလိုအလျောက် ပျံသန်းနေသောစတားဂေဇာအာကာသယာဉ်ပေါင်းများစွာကို တွေ့လိုက်ရပြီး သူတို့နှင့် မျက်နှာချင်းဆိုင်တွင်မူ အနီရင့်ရောင် ကိုယ်ပိုင်သင်္ဘော နောက်တစ်စင်း ရှိနေလေသည်။

"မုန့်လောင်... ဒါက ဒူရန်ဒိုမျိုးနွယ်စုရဲ့ အာကာသယာဉ်များလား"

ချင်ဖုန်းက မေးလိုက်သည်။

"မဖြစ်နိုင်ဘူး"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်၏။

"ဒီအာကာသယာဉ်ရဲ့ အရွယ်အစားနဲ့ အလျားကို ကြည့်ရတာ အနည်းဆုံး အဆင့်လေးမျိုးနွယ်စုအဆင့် ဒါမှမဟုတ် အဲဒီထက်ပိုမြင့်တဲ့ အာကာသယာဉ်တစ်ခုပဲ ဖြစ်ရမယ်။ ဒူရန်ဒိုမျိုးနွယ်စုက ဒါမျိုး မတတ်နိုင်ဘူး"

ကမ္ဘာမြေက စကြဝဠာကွမ်တမ်ကွန်ရက်နှင့် မချိတ်ဆက်ရသေးပေ။ ထို့ကြောင့် ကျန်းမုန့်လောင်ဟာ သက်ဆိုင်ရာအချက်အလက် တစ်စုံတစ်ရာကို ရှာမတွေ့ချေ။

"သခင်... ဒါက စကြဝဠာဒင်္ဂါး၂၈ထရီလီယံလောက် တန်ကြေးရှိတဲ့ အဆင့်ငါးမျိုးနွယ်စုရဲ့ အခြေခံအာကာသယာဉ်တစ်စင်းပါ။ ကျွန်တော် အရင်က တစ်စင်းမြင်ဖူးပါတယ်"

အဆင့်ခြောက်သက်ရှိဖြစ်သည့် ကျွန်တစ်ယောက်က ပြောလိုက်၏။

"ဒါက အခြေခံအဆင့် အာကာသယာဉ်တစ်စင်းဖြစ်ပြီး သာမန်အဆင့်ခြောက် သက်ရှိတစ်ယောက်ရဲ့ ယာဉ်တစ်စီး ဖြစ်နိုင်ပါတယ်"

"ချင်ဖုန်း.. မင်း ဆက်သွယ်ရေးကို တိုက်ရိုက် ချိတ်ဆက်ပေးလို့ ရမလား"

"ခဏစောင့်ဦး"

ချင်ဖုန်းက ပြောလိုက်၏။

"နည်းပညာရှင်.. ဆက်သွယ်ခွင့် တောင်းဆိုချက်ကို အတည်ပြုလိုက်။ ပြီးတော့ မြင်ကွင်းကို ဒီကို တိုက်ရိုက်လှမ်းပို့ပေး"

မိနစ်အနည်းငယ် ချိန်ညှိပြီးနောက်မှာမူ ဆက်သွယ်ရေးစက်ပေါ်တွင် ရုပ်သံတစ်ခု ပေါ်လာခဲ့သည်။

ထိုလူမှာ ဇိမ်ခံအဝတ်အစားများကို ဝတ်ဆင်ထားသော ခန့်ညားထည်ဝါသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပင်။ သို့သော် ကျန်းမုန့်လောင်၏ မျက်နှာကို မြင်လိုက်ရချိန်တွင််မူ ခန့်ညားသော ထိုအသွင်အပြင်က ချက်ချင်းပျောက်ကွယ်သွားပြီး သတိထားပြီး ရိုကျိုးသော အသွင်အပြင်ဖြင့် အစားထိုးသွားခဲ့သည်။

"တစ်ဆိတ်လောက်ပါ။ ခင်ဗျားက မစ္စတာ ကျန်းမုန့်လောင်လားဗျ"

"ခင်ဗျားက ဘယ်သူလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"မင်္ဂလာပါ။ ကျွန်တော်က အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ ဧကရာဇ် အိုတစ်စ်ပါ။ ခင်ဗျားဆီကို အလည်လာတာပါ"

"မုန့်လောင်... သူက ဘယ်သူလဲ"

ချင်ဖုန်းက စပ်စုလိုက်သည်။

"အမြွှာဝေလငါးစကြဝဠာအင်ပါယာဆိုတာ ဘာလဲ။ ဘာဧကရာဇ်လဲ။ တော်တော်အစွမ်းထက်တဲ့ပုံပဲနော်"

"ဪ..သူက ငါတို့စကြဝဠာအင်ပါယာရဲ့ အရှင်သခင်လေ"

ကျန်းမုန့်လောင်ကလည်း ရှင်းပြလိုက်သည်။

"ဘယ်လိုပြောရမလဲ... အင်း.. တိတိကျကျ ပြောရရင် ကမ္ဘာမြေ၊ နဂါးငွေ့တန်းဂလက်ဆီ အားလုံးက သူ့ပိုင်နက်ထဲမှာ ရှိတာပေါ့"

********************

အခန်း ၉၁၂ - သူက ဘာမှမဟုတ်ပါဘူး

"နဂါးငွေ့တန်းဂလက်ဆီရဲ့ အရှင်သခင်လား။ အဲ့ဒါက ဘာအဓိပ္ပာယ်လဲ"

ကျန်းမုန့်လောင်နှင့် အခြားသူများမှလွဲ၍ ကမ္ဘာပေါ်ရှိ အခြားသူများအားလုံးအတွက်မူ ထိုအရာက အလွန်နားလည်ရခက်နေပေသည်။

"အင်း... မင်းတို့ကို ငါ သေချာရှင်းပြမယ်။ စကြဝဠာထဲမှာ အကြီးဆုံးအဖွဲ့အစည်းကို စကြဝဠာမဟာမိတ်အဖွဲ့လို့ ခေါ်တယ်။ သူတို့က စကြဝဠာတစ်ခုလုံးကို ကမ္ဘာပေါ်က နိုင်ငံတွေ၊ ပြည်နယ်တွေ၊ မြို့တွေလိုမျိုး ဒေသတွေအဖြစ် ခွဲခြားသတ်မှတ်ထားတာ"

"ငါတို့ကမ္ဘာမြေက အဆင့်တစ်မျိုးနွယ်စုအနေနဲ့ သတ်မှတ်ခံထားရတယ်။ ပုံမှန်ဆိုရင် ငါတို့ကို အဆင့်နှစ်မျိုးနွယ်စုတစ်ခုက အုပ်ချုပ်ရမှာပေါ့။ များသောအားဖြင့် အဆင့်နှစ်မျိုးနွယ်စုတစ်ခုက ငါတို့လို အဆင့်တစ်မျိုးနွယ်စုပေါင်း ရာနဲ့ချီပြီးတော့ ဒါမှမဟုတ် ထောင်နဲ့ချီပြီးတော့ အုပ်ချုပ်လေ့ရှိတယ်။ ဒူရန်ဒိုမျိုးနွယ်စုဆိုတာက အဲဒီအဆင့်မှာရှိတဲ့ မျိုးနွယ်စုတစ်ခုပဲ"

"ငါတို့ရဲ့ နဂါးငွေ့တန်းဂလက်ဆီကတော့ အဆင့်သုံးမျိုးနွယ်စုတစ်ခုပဲ။ ဒါပေမဲ့ အဲဒါက သာမန် အဆင့်သုံးမျိုးနွယ်စုလေးတစ်ခုပဲ။ သူ့ဆီမှာ ယဉ်ကျေးမှုထွန်းကားတဲ့ ဂြိုဟ်ပေါင်း တစ်သိန်းလောက်ပဲ ရှိတယ်။ အကြမ်းဖျင်းပြောရရင် အဆင့်နှစ်မျိုးနွယ်စု တစ်ရာကျော်လောက်နဲ့ ညီမျှတာပေါ့။ ဒူရန်ဒိုကတော့ တခြားအဆင့်သုံး မျိုးနွယ်စုတစ်ခုရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိတယ်"

"အဲဒီအထက်မှာတော့ လာနီယာကီးယားဂလက်ဆီအစုအဝေးလို့ခေါ်တဲ့ အဆင့်လေး မျိုးနွယ်စု ရှိတယ်။ အဲဒီအထဲမှာ ငါတို့နဂါးငွေ့တန်းဂလက်ဆီလိုမျိုး အဆင့်သုံးမျိုးနွယ်စုပေါင်း၁၈၀၀လောက် ဖွဲ့စည်းထားတယ်"

"စောစောက ငါပြောခဲ့တဲ့ အမြွှာဝေလငါး စကြဝဠာအင်ပါယာဆိုတာကတော့ အကြီးဆုံး အုပ်ချုပ်ရေးနယ်မြေပဲ။ အဲဒီမှာ လာနီယာကီးယားလို အဆင့်လေးမျိုးနွယ်စုပေါင်း ရာနဲ့ချီပြီး ရှိတယ်။ ပြီးတော့ အင်ပါယာတစ်ခုလုံးကို အဆင့်မြင့်သက်ရှိတစ်ယောက်က အုပ်ချုပ်တာ။ အဲဒီလူက စကြဝဠာအင်ပါယာရဲ့ အရှင်သခင်ပဲ။ အခု ငါတို့ရှေ့မှာ ရပ်နေတဲ့လူပေါ့"

ကျန်းမုန့်လောင်၏ ရှင်းပြချက်ကို ကြားပြီးနောက် လူတိုင်း ဤအချက်အလက်များကို ခေါင်းထဲတွင် စဉ်းစားရင်း မှင်တက်အံ့ဩသွားကြသည်။

"ဒါဆို မင်းပြောချင်တာက ဒီအမြွှာဝေလငါး စကြဝဠာအင်ပါယာထဲမှာ ယဉ်ကျေးမှုထွန်းကားတဲ့ ဂြိုဟ်ပေါင်း မရေမတွက်နိုင်အောင် ရှိနေပြီးတော့ အိုတစ်ဆိုတဲ့ ဒီလူက အင်ပါယာတစ်ခုလုံးရဲ့ ရှင်ခြင်းသေခြင်းကိုပါ ချုပ်ကိုင်ထားတဲ့ အရှင်သခင်ဆိုတဲ့ သဘောပေါ့"

ချင်ဖုန်းက ပထမဆုံး သဘောပေါက်သွားပြီး မေးခွန်းထုတ်လိုက်သည်။

"အမှန်ပဲ။ အဲဒီလိုနားလည်ထားလို့လည်း ရတယ်"

"အိုတစ် မဟုတ်လား။ ခင်ဗျား ရောက်လာတာ တော်တော်လေးစောသားပဲ။ ကျွန်တော်က ရက်နည်းနည်းလောက်ကြာမှ ရောက်လာမယ် လို့ထင်နေတာ"

ကျန်းမုန့်လောင်က ရင်းရင်းနှီးနှီးပုံစံမျိုးဖြင့် ပြောလိုက်သည်။

"ဟေ့ကောင်... မင်း ဘာလုပ်နေတာလဲ"

ဝမ်လင်က ကျန်းမုန့်လောင်၏ ပါးစပ်ကို အမြန်ပိတ်လိုက်သည်။

သူက စကြဝဠာအင်ပါယာရဲ့ အရှင်သခင်လေ။ မင်း သူ့ကို အဲဒီလိုသွားပြောရသလား။

အကြမ်းဖျင်းမျှသာ သိရသေးသော်လည်း သူတို့ရှေ့ရှိ လူ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူ အပြည့်အဝ နားလည်သဘောပေါက်သည်။ သူတို့၏ သေးငယ်လှတဲ့ ကမ္ဘာမြေကို မဆိုထားနှင့်။ ဒူရန်ဒိုမျိုးနွယ်စုကြီးကိုပင် ဤလူက မျက်တောင်တစ်ခတ်အတွင်း ဖျက်ဆီးပစ်နိုင်လောက်သည်။

"မင်း သေချင်နေတာလား။ သူက စကြဝဠာအင်ပါယာရဲ့ အရှင်သခင်ဆိုတာ သိရက်နဲ့တောင် မင်းက သူ့ကို အဲဒီလိုပုံစံမျိုးနဲ့ ပြောရဲသေးတယ်ပေါ့။ မင်းသေရင် ငါတော့ လိုက်မသေနိုင်ဘူးနော်"

ဝမ်လင်က အိုတစ်အား ပြုံးဖြီးဖြီးဖြင့် ကြည့်လိုက်သည်။

"အာ.. လူကြီးမင်း ကျွန်တော့်သူငယ်ချင်းက သိပ်နားမလည်လို့ပါ။ သူက စကားပြောလည်း သိပ်မတတ်ဘူး။ သူ့ကိုယ်စား ကျွန်တော်ကပဲ တောင်းပန်ပါတယ်"

"ငါ့ကို လွှတ်စမ်းပါ"

ကျန်းမုန့်လောင်ကလည်း ဝမ်လင်၏ ချုပ်ကိုင်မှုမှ ရုန်းထွက်လိုက်သည်။

"မစ္စတာကျန်း... ကျွန်တော့်ကို အိုတစ်လို့ပဲ ခေါ်နိုင်ပါတယ်"

အိုတစ်၏ စိတ်ထဲတွင်မူ မေးခွန်းများဖြင့် ပြည့်နှက်နေသည်။

သြဂတ်စတက်စ်က ကျန်းမုန့်လောင်အကြောင်း သူ့ကို အသိပေးပြီးသည်နှင့် တစ်ပြိုင်နက် သူ ချက်ချင်း ပြေးလာခဲ့ခြင်းပင်။

လမ်းခုလတ်တွင် ကမ္ဘာမြေ၏ အဆင့်သတ်မှတ်ချက်ကို စစ်ဆေးကြည့်လိုက်သောအခါ ကမ္ဘာမြေသည် သာမန်အခြေခံမျိုးနွယ်စုတစ်ခုသာဖြစ်ပြီး စကြဝဠာမဟာမိတ်အဖွဲ့သို့ မကြာသေးမီကမှ ဝင်ရောက်ထားကြောင်း တွေ့ရှိခဲ့ရသည်။ ဤပုဂ္ဂိုလ်ကြီးက အဆင့်တစ်မျိုးနွယ်စု၏ ဂြိုဟ်တစ်ခုပေါ်တွင် အမှန်တကယ် နေထိုင်နေပေသည်။

ထို့ပြင် ကျန်းမုန့်လောင်၏ သူငယ်ချင်းဟု ယူဆရသော ထိုလူမှာ ကျန်းမုန့်လောင် မည်သူမည်ဝါဖြစ်ကြောင်း လုံးဝသိပုံမပေါ်ပေ။ စင်စစ်ထူးဆန်းလွန်းလှသည်။

"အို... အိုတစ်တဲ့လား"

ဝမ်လင်နှင့် ကျန်လူများအားလုံး ကျောက်ရုပ်နှယ် မလှုပ်နိုင်မယှက်နိုင် ဖြစ်သွားကြသည်။

ဘာတွေဖြစ်နေတာလဲ။ စကြဝဠာအင်ပါယာရဲ့ အရှင်သခင်က ကျန်းမုန့်လောင်ရှေ့မှာ သူ့ကိုယ်သူ အိုတစ်လို့ သုံးနှုန်းလိုက်တာလား။ အဲဒါက နည်းနည်းများ နှိမ့်ချလွန်းမနေဘူးလား။ ဒါ ဘယ်လိုဇာတ်ကွက်မျိုးလဲ။

"ကောင်းပြီလေ။ ဒါဆိုရင်လည်း ငါ အားမနာတော့ဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အိုတစ်.. ဒီနေ့ ဘာကိစ္စရှိလို့ ဒီကိုရောက်လာတာလဲ"

"အာ.. မစ္စတာကျန်း ခင်ဗျားရဲ့ စစ်သင်္ဘောတွေကို နည်းနည်းလောက် နောက်ဆုတ်ခိုင်းထားလို့ ရမလား။ ကျွန်တော်... ကျွန်တော် နည်းနည်း ကြောက်နေလို့ပါ"

အိုတစ်၏ မျက်နှာထက်တွင် "သေမလောက်ကြောက်နေသည်"ဟူသော စာသားကို အထင်းသား ရေးထားသည့်အလားပင်။

ဤသည်မှာ ဝမ်ဒါရာအာကာသယာဉ်များပင်။ သူ့အာကာသယာဉ်မှာ အဆင့်ငါးမျိုးနွယ်စုအဆင့်ဖြစ်သော်လည်း ဤအဆင့်ငါး ထိပ်တန်းမျိုးနွယ်စု အာကာသယာဉ်များနှင့် ယှဉ်လိုက်လျှင် ကစားစရာအရုပ်လေးတစ်ရုပ်နှယ် အလွယ်တကူပင် အမှုန့်ကြိတ်ခံလိုက်ရနိုင်သည်။

ထိုကဲ့သို့သော အာကာသယာဉ်များထံမှ ချိန်ရွယ်ခံထားရသဖြင့် သူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေမိသည်။

"ဪ.. ဟားဟားဟား တောင်းပန်ပါတယ်။ အခုချက်ချင်း ပြင်လိုက်ပါ့မယ်"

ကျန်းမုန့်လောင်လည်း အာကာသယာဉ်များ၏ အလိုအလျောက် ပျံသန်းမှုစနစ်ကို ပိတ်ရန်နှင့် မူလကိုယ်ပျောက်စနစ်သို့ ပြန်ပြောင်းရန် ကောထန်အား အမြန်ညွှန်ကြားလိုက်သည်။

နောက်ဆုံးတွင်မူ အိုတစ်၏ နဖူးထက်ရှိ ချွေးများလည်း တိတ်သွားလေသည်။

"မစ္စတာကျန်း... ကျွန်တော် ခင်ဗျားနဲ့ စကားပြောဖို့ ခင်ဗျားရဲ့ဂြိုဟ်ပေါ်ကို လာခဲ့လို့ရမလား။ ဒီတစ်ခေါက်က ခင်ဗျားဆီကို သီးသန့်အလည်လာခဲ့တာပါ။"

"ရတာပေါ့။ ကြိုဆိုပါတယ်"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။

"ငါပေးထားတဲ့ ကိုဩဒိနိတ်အတိုင်း လာခဲ့ပါ။ ပြီးတော့ ငါ့မျိုးနွယ်စုက လူတွေကို မလန့်စေနဲ့ဦးနော်"

"ဟုတ်ကဲ့။ ကျွန်တော် သတိထားပါ့မယ်"

"ဪ.. ဒါနဲ့ အလည်လာတာဆိုတော့ မင်း လက်ဆောင်တော့ ယူလာခဲ့တယ်မလား။ လက်ဆောင်မပါရင် မလာခိုင်းဘူးနော်"

"ယူလာပါတယ်။ သေချာပေါက် ယူလာတာပေါ့ဗျ"

...

"မုန့်လောင်... ဘာတွေဖြစ်နေတာလဲ"

ဆက်သွယ်ရေး ပြတ်တောက်သွားသည်နှင့် တစ်ပြိုင်နက် ချင်ဖုန်းနှင့် အခြားသူများမှာ ကျန်းမုန့်လောင်အား ချက်ချင်း ဝိုင်းအုံလိုက်ကြသည်။

"ဒီလူက စကြဝဠာအင်ပါယာရဲ့ အရှင်သခင်ဆို။ ဘာလို့ မင်းရဲ့သားသမီးတစ်ယောက်လို ဖြစ်နေရတာလဲ"

"သားသမီးတောင် မကဘူး။ မြေးတစ်ယောက်နဲ့တောင် ပိုတူနေသေးတယ်။ ငါတောင် ငါ့အဖေရှေ့မှာ အဲဒီလောက် မကြောက်ခဲ့ဖူးဘူး"

"မုန့်လောင်... ဒီအတောအတွင်း မင်း ဘာတွေ ကြုံတွေ့ခဲ့ရတာလဲ"

ထိုအချိန်တွင် လူတိုင်း၏ စိတ်ထဲဝယ် မေးခွန်းများဖြင့် ပြည့်နှက်သွားသည်။ စကြဝဠာအင်ပါယာ၏ အရှင်သခင်တစ်ပါးက ကျန်းမုန့်လောင်ထံသို့ လက်ဆောင်များ ယူဆောင်လာပြီး ကိုယ်တိုင်လာရောက်လည်ပတ်ရုံသာမက လွန်စွာကျိုးနွံ၍ ဖားယားနေသည့်ပုံစံမျိုး ဖြစ်နေချေသည်။

"တကယ်တော့ ဘာမှမဟုတ်ပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငါ့အနောက်က ဒီလူတွေကို ကြည့်လိုက်"

"မေ့တော့မလို့။ မင်း ခေါ်လာတဲ့လူတွေက ဘယ်သူတွေလဲ..."

"ဒီနှစ်ယောက်က ငါ့ညီလေးတွေလေ"

ကျန်းမုန့်လောင်လည်း ကျန်လူများကို လက်ညှိုးထိုးပြလိုက်သည်။

"ဒီကောင်တွေက ငါ့ဆီက လာလုယက်ကြတာ။ အဲဒါနဲ့ ငါက အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်တော့ အခု သူတို့က ငါ့ကျွန်တွေ ဖြစ်သွားကြပြီ"

"ကျွန်တွေလား"

ယနေ့ခေတ် ကမ္ဘာမြေအတွက် ထိုစကားလုံးမှာ အလွန်စိမ်းသက်နေချေသည်။ ကျွန်စနစ် မရှိတော့သည်မှာ ကြာလှချေပြီ။ အကယ်၍ ရှိခဲ့လျှင်လည်း လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ပြစ်မှုများဖြင့် စွပ်စွဲခံရမည်မှာ သေချာသည်။

ကျန်းမုန့်လောင်၏ စကားအဆုံးတွင် သူတို့အလိုအလျောက်ပင် ထိုလူများထံသို့ ကြည့်လိုက်မိကြသည်။

ဤလူများ၏ အဝတ်အစားများမှာ အလွန် ခမ်းနားကြော့ရှင်းနေသည်ကို သူတို့ ရုတ်တရက် သတိပြုမိလိုက်သည်။ အဝတ်အစားများ၏ ကုန်ကြမ်းပစ္စည်းမှာ မရင်းနှီးသော်လည်း ကျက်သရေရှိလှပေသည်။

ထို့ပြင် တစ်ယောက်ချင်းစီတိုင်းတွင် ဖျောက်ဖျက်၍မရသော သြဇာအာဏာ အငွေ့အသက်များ ရှိနေကြပြီး ထိုအရာမှာ ကျွန်သုံ့ပန်းများအဖြစ် ရက်အတန်ကြာအောင် ဖမ်းဆီးခံထားရလျှင်ပင် အလွယ်တကူ ပျောက်ကွယ်သွားမည့် အရာမျိုး မဟုတ်ပေ။

ဒီလိုလူတွေက ကျွန်တွေတဲ့လား။

ကျန်းမုန့်လောင်၏ စကားအဆုံးတွင် မည်သူကမှ တုံ့ပြန်မှုမရှိပေ။ သူတို့၏ ကျွန်အဆင့်အတန်းကို လက်ခံထားသည့်ပုံပင်။

"မုန့်လောင် သူတို့က..."

"စွမ်းအားအနည်းဆုံးကစပြီး တစ်ယောက်ချင်းစီ မိတ်ဆက်ကြစမ်း"

ကျန်းမုန့်လောင်က နောက်ပြောင်လိုက်သည်။

ကျွန်အုပ်ကြီးလည်း အချင်းချင်း အကဲခတ်ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် အဆင့်ခြောက်သက်ရှိတစ်ယောက်က သူတို့ကြားမှ တိုးထွက်လာသည်။

"ကျွန်တော်က ဂေဇီစကြဝဠာအင်ပါယာရဲ့ ဘုရင်ဘရူးလော့စ်ပါ..."

"ဖြောင်း"

ကျန်းမုန့်လောင်လည်း သူ့ခေါင်းကို ရိုက်ချလိုက်၏။

"မင်း နာမည်ကို မမေးဘူး။ ထွက်သွားစမ်း။ နောက်တစ်ယောက်"

"ကျွန်တော်က ဂျေကိုစကြဝဠာအင်ပါယာရဲ့ အရှင်သခင်တစ်ပါးပါ"

"ကျွန်တော်က..."

လူအယောက်တစ်ရာကျော်မှာ တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်သွားကြလေရာ ကမ္ဘာပေါ်ရှိ လူများမှာ ထိုလူတစ်ယောက်ချင်းစီတိုင်းက စကြဝဠာအင်ပါယာဘုရင်အဆင့်များ ဖြစ်ကြောင်း သိလိုက်ရချိန်ဝယ် ပါးစပ်အဟောင်းသားဖြစ်ပြီး ပို၍ပင် အံ့ဩမှင်တက်သွားကြလေသည်။

"ဒီအတိုင်းဆိုရင် ဝိုးတဝါးဖြစ်နေလောက်သေးတယ်"

ကျန်းမုန့်လောင်က တစ်စုံတစ်ယောက်အား လက်ညှိုးထိုးပြလိုက်၏။

"ဒီကောင်ရဲ့အင်ပါယာက အမြွှာဝေလငါး စကြဝဠာအင်ပါယာ ဆယ်ခုစာလောက်နဲ့ ညီမျှတယ်"

"သူ့ဟာကတော့ ၁၈ခုစာလောက်နဲ့ ညီမျှလောက်မယ်"

...

"သူ့အင်ပါယာဆိုရင် ထောင်နဲ့ချီပြီးတောင် ပါတယ်"

ကျန်းမုန့်လောင်လည်း လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။

"အခု မင်းတို့ နားလည်လောက်ရောပေါ့။ ဒီထဲက ကျွန်တစ်ယောက်တောင် ဒီအမြွှာဝေလငါး စကြဝဠာအင်ပါယာရဲ့ အရှင်သခင်ကို အသာလေးအနိုင်ယူနိုင်တယ်။ ငါတို့ရဲ့ အင်ပါယာတစ်ခုလုံးကိုတောင် ပြာကျသွားအောင် လုပ်ပစ်နိုင်တယ်။ အဲဒါကို မင်းတို့က အိုတစ်ကို ဘယ်လိုလူလဲလို့ မေးနေသေးတယ်ပေါ့"

********************

All Chapters