ပေ ( ၂၇၀၀ )
Vol. 11 Ch. 173
ကျောက်စိမ်းသေတ္တာထဲမှ ဆေးလုံးက အရည်ပျော်နေပြီး ဆေးနံ့က ဂူတစ်ဂူလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
ဝေလဝိညာဉ်ဆေးလုံးအကြောင်းကို ရွှီချင်း မသိပါသော်လည်း အပင်များအကြောင်းကို နားလည်ထားသည်။ သူ တစ်ချက်ရှူကြည့်လိုက်ပြီး သူ့အတွေးများ ချက်ချင်း လည်ပတ်သွားကာ ပါဝင်သောဆေးပင်များကို အမျိုးအစားခွဲနိုင်လိုက်သည်။
“ ရောင်စုံမေပယ်ရွက်၊ ရွက်တစ်ရာမြက်၊ စုဟဲကျစ်ပင်၊ ချင်းရှန်းပင်၊ ဝိညာဉ်အားဖြည့်နွယ်ပင် … ”
ရွှီချင်း တီးတိုးရေရွတ်လိုက်သည်။ သူ့ညာလက်က မြှောက်သွားပြီး ဆေးနံ့ကို ဖမ်းဆုပ်ဟန်ပြု၍ နှာခေါင်းဝတွင်တေ့ကာ ဂရုတစိုက် ရှူကြည့်လိုက်သည်။
“ ပြီးတော့ ကျင်းနီပင် ”
ကျောက်စိမ်းသေတ္တာကို ကြည့်နေသော ရွှီချင်း၏အကြည့်က စူးရှသွားပြီး စိတ်ထဲမှနေ၍ ခွဲခြားလိုက်သည်။
ထိုဆေးလုံး၏ ဖွဲ့စည်းပုံက အလွန်ရှုပ်ထွေးပြီး ဆေးနံ့မှ ဆေးပင်များအားလုံးကို ခွဲခြားရန်မှာ သူ့အတွက် အလွန် ခက်ခဲသည်။ အဓိကဆေးပင်များကိုသာ သူ ခွဲခြားနိုင်သည်။
သို့သော်လည်း အဆိပ်တာအိုနှင့် အပင်ဗဟုသုတတွင် ကျွမ်းကျင်မှုများအရ ထိုဆေးလုံး၏အစွမ်းက အားဖြည့်ပေးနိုင်ခြင်းဖြစ်သည်ကို သူ သိသည်။ ထို့ပြင် ပါဝင်ပစ္စည်းများအားလုံးတွင် ဝိညာဉ်စွမ်းအားများစွာ ပါဝင်သည်။
အားဆေးများသည် အပင်များထဲမှ ဝိညာဉ်စွမ်းအားများကို အထူးနည်းလမ်းတစ်မျိုးဖြင့် ထုတ်ယူကာ ကျင့်ကြံသူများ စုပ်ယူနိုင်သော ကျင့်ကြံခြင်းစွမ်းအားအဖြစ် ပြောင်းလဲ၍ ဆေးအဖြစ် ထုတ်ထားခြင်း ဖြစ်သည်။
“ သွေးအငွေ့အသက်ပါနေတဲ့ အဲဒီဆေးလုံးထဲမှာ ဆေးပင်အနည်းအကျဉ်းလည်း ရှိတယ်။ ဘယ်သတ္တဝါရဲ့ သွေးဆိုတာကိုတော့ မသိဘူး။ ဆေးလုံးနာမည်မှာ ‘ ဝေလ ’ ဆိုတာ ပါနေတော့ ပင်လယ်သတ္တဝါတစ်ကောင်ရဲ့ သွေးများ ဖြစ်နေမလား ”
ရွှီချင်းက တခဏကြာ စဉ်းစားနေပြီးနောက် ဖမ်းဆုပ်ဟန်လုပ်လိုက်သည်။ ရုတ်တရက် ကျောက်စိမ်းသေတ္တာက ပျံသန်းလာပြီး သူ့လက်ထဲ ရောက်သွားသည်။
“ ဒီဆေးလုံးကို ငါ မသိပေမဲ့ အရည်ပျော်အောင်တော့ ငါ လုပ်နိုင်တယ် ”
ရွှီချင်းက သိုလှောင်အိတ်ထဲမှ ဆေးပင်အနည်းအကျဉ်းကို ထုတ်လိုက်ပြီး ၎င်းတို့ကို ပေါင်းစည်းဖော်စပ်ကာ ကျောက်စိမ်းသေတ္တာထဲ ထည့်လိုက်သည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး ညအချိန်သို့ ရောက်လာပြန်သည်။ နှင်းမုန်တိုင်းက ယမန်နေ့ကထက် ပို၍ သည်းထန်နေဟန်တူပြီး မြေပြင်ပေါ်မှ ခြေရာလက်ရာများအားလုံးကို ဖျောက်ပစ်လိုက်သည်။ ရွှီချင်း ရွေးချယ်ထားခဲ့သည့် လှိုဏ်ဂူကိုလည်း အပြည့်အဝ ဖုံးလွှမ်းသွား၏။
နှင်းပွင့်များက တရွှီရွှီလေတိုးသံများကိုသာ အပြည့်အဝ မဖုံးလွှမ်းနိုင်ချေ။ ဝင်ပေါက်မှ လေတိုးသံသဲ့သဲ့ လွင့်ပျံလာပြီး ရွှီချင်း၏နားထဲ ပဲ့တင်ထပ်လာသောအခါတွင် သူသည် မျက်လုံးများကို ဖွင့်၍ သူ့ရှေ့ရှိ ကျောက်စိမ်းသေတ္တာကို ကြည့်လိုက်သည်။
ဆေးလုံးက ဆေးရည်အဖြစ်သို့ အရည်ပျော်သွားခဲ့ပြီဖြစ်သည်။ ထိုဆေးရည်က ကြည်လင်သန့်စင်နေပြီး ဖောက်မြင်နေရသည်။ သိပ်သည်းထူထပ်သော ဆေးနံ့သည်လည်း ပို၍ ပေါ့ပါးလာသည်။
ရွှီချင်းက သေတ္တာလေးကို အပေါ်မ,လိုက်ပြီး ဆေးရည်များကို တစ်ကျိုက်တည်းဖြင့် သောက်လိုက်သည်။
ဆေးရည်များ သူ့လည်ချောင်းနှင့် အစာအိမ်တစ်လျှောက် စီးဆင်းသွားသည့်အခိုက် သူ့ခန္ဓာကိုယ်ထဲမှ ဖော်ပြ၍ မရနိုင်သော အပူလှိုင်းများ ပျံ့နှံ့သွားသည်။ ထိုအပူလှိုင်းက အပြင်ဘက်ရှိ အအေးဓာတ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေပေသည်။ ထိုအချိန်၌ ၎င်းက ပေါက်ကွဲသွားဟန်တူပြီး ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ သွေးကြောတိုင်းသို့ ပျံ့နှံ့သွားကာ အသွေးအသားများထဲ ဝင်ရောက်သွားသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဆေးရည်ထဲရှိ ဝိညာဉ်စွမ်းအင်များကို အတတ်နိုင်ဆုံး စုပ်ယူရန် ရှူရှိုက်နေသည့်အလားပင်။
ရွှီချင်း၏ခန္ဓာကိုယ် တုန်ခါသွားပြီး သူ့မျက်လုံးများထဲ ထူးဆန်းသော အလင်းတစ်ချက် ဝင်းလက်သွားသည်။ ထိုဆေးလုံး၏ ထူးခြားသောအစွမ်းကို သူ အာရုံခံမိလိုက်ပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ စကားကို သုံးဆယ်ရာခိုင်နှုန်းအထိ ယုံကြည်သွားသည်။
သူက တွေဝေတွန့်ဆုတ်မနေတော့ဘဲ ပင်လယ်အသွင်ပြောင်းပညာရပ်ကို အစွမ်းကုန် လှည့်ပတ်လိုက်သည်။ တခဏလေးအတွင်း ပင်လယ်ဖွတ်ကျွန်းအပြင်ဘက်၌ အဆင့်ကိုးသို့ ရောက်ရှိသွားခဲ့သော ကိုးရာ့ခုနစ်ဆယ်ပေမြင့်သည့် ဝိညာဉ်ပင်လယ်က ဝုန်းခနဲ ပေါက်ကွဲထွက်လာသည်။
၎င်းက ပေကိုးရာ့ခုနစ်ဆယ်မှ ပေကိုးရာ့ရှစ်ဆယ်အထိ ဆန့်ထွက်လာသည်။
ယင်းသည် အဆုံးသတ် မဟုတ်သေးချေ။ ဆေးရည်မှ ဝိညာဉ်စွမ်းအားများ၏ အထောက်အပံ့အောက်တွင် သူ့ဝိညာဉ်ပင်လယ်က ဆက်လက်ပြန့်ကားလာသည်။ တခဏလေးအတွင်း ပေ ( ၉၉၉ ) မှ ပေ ( ၁၀၀၀ ) အထိ ရောက်သွားသည်။
ပေ ( ၁၀၀၀ ) သို့ရောက်သွားသောအချိန်တွင် ရွှီချင်း၏ မျက်လုံးများထဲ စူးရှသောခရမ်းရောင်အလင်းတစ်ခု ဝင်းလက်သွားသည်။ သူ့အသက်ရှူသံများ အနည်းငယ် မြန်ဆန်လာသည်။ ပေ ( ၁၀၀၀ ) မြင့်သော ဝိညာဉ်ပင်လယ်ကြောင့် သူ့ပင်လယ်အသွင်ပြောင်းပညာရပ်က အဆင့်ကိုးမှ အဆင့်တစ်ဆယ်သို့ ရောက်ရှိသွားသည်။
ယင်းသည် ဂိုဏ်းသားအများစုအတွက် ပင်လယ်အသွင်ပြောင်းပညာရပ်၌ အဆုံးသတ်ဖြစ်သည်။
ပင်လယ်အသွင်ပြောင်းပညာရပ်ကို အဆင့်တစ်ဆယ်အထိ ခွဲခြားထားသည်။ အဆင့်တစ်ဆင့်စီ၌ ဝိညာဉ်စွမ်းအားအပြောင်းအလဲများစွာ ပါဝင်ပြီး တားမြစ်ပင်လယ်၏ အရှိန်အဝါသည်လည်း ပို၍ပင် အားကောင်းလာသည်။ ၎င်း၏ တန်ခိုးအစွမ်းနှင့် အခြေခံက ဂိုဏ်းလေးများမှ ပညာရပ်များထက် သာလွန်ပြီး အဆင့်မြင့်ကျင့်ကြံခြင်းပညာရပ်တစ်မျိုးဟူ၍ပင် ပြောနိုင်သည်။
ထို့ကြောင့်လည်း သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများက အလွန် အစွမ်းထက်နေရခြင်း ဖြစ်သည်။
သို့သော်လည်း ၎င်းတွင် ကန့်သတ်ချက်ရှိသည်။ အဆင့်တစ်ဆင့်စီက ပေတစ်ရာမြင့်သော ဝိညာဉ်ပင်လယ်နှင့် ညီမျှပြီး အဆင့်တစ်ဆယ်က ပေတစ်ထောင်မြင့်သော ဝိညာဉ်ပင်လယ်ဖြစ်သည်ဟု ယူဆနိုင်သည်။ ယင်းသည် ထိုကျင့်ကြံခြင်းပညာရပ်၏ ကန့်သတ်ချက်ဖြစ်ပါသော်လည်း ထိုကန့်သတ်ချက်က တရားသေတော့ မဟုတ်ချေ။
အမှန်စင်စစ် ထိုကန့်သတ်ချက်ကို ကျော်လွန်၍ ပိုမိုမြင့်မားသည့်အဆင့်သို့ ရောက်သွားသော ဂိုဏ်းသားများလည်း ရံဖန်ရံခါ ရှိတတ်သည်။ သို့သော်လည်း ထိုကဲ့သို့ ဂိုဏ်းသားများက အလွန် ရှားပါးသည်။ အကယ်၍ ရှိနေခဲ့လျှင်တောင် ဂိုဏ်းသားအများစုက ဝိညာဉ်ပင်လယ်ကို ပေ ( ၃၀၀ ) မှ ပေ ( ၅၀၀ ) အထိသာ တိုးပွားသွားအောင် စွမ်းဆောင်နိုင်ကြသည်။
သို့ပေမည့် ထိုသို့စွမ်းဆောင်နိုင်သည့်ဂိုဏ်းသားများသည်လည်း ထူးခြားသော ပါရမီရှိသူများ ဖြစ်ကြသည်။
ယခင်က ပင်လယ်အသွင်ပြောင်းပညာရပ်၌ ထိုကန့်သတ်ချက် ရှိနေရခြင်းသည် ဓာတ်နှောများကြောင့်သာ ဖြစ်ကြောင်း ရွှီချင်း သုံးသပ်ကြည့်ခဲ့ပြီးဖြစ်သည်။
ကျင့်ကြံသူများ လေ့ကျင့်သည့်အခါတွင် သူတို့ကိုယ်ထဲမှ ဓာတ်နှောများက ဆက်လက်တိုးပွားလာမည်ဖြစ်သည်။ ဆေးလုံးများကို သုံး၍ ဓာတ်နှောများကို ဖယ်ရှားပစ်သည့်တိုင်အောင် အမြစ်ပြတ်အောင် လုပ်နိုင်မည် မဟုတ်ပေ။
အချိန်ကြာလာသောအခါတွင် ဓာတ်နှောများ နက်ရှိုင်းစွာ အမြစ်တွယ်သွားမည်ဖြစ်သည်။ ဓာတ်နှောပမာဏ များလာသည်နှင့်အမျှ ပင်လယ်အသွင်ပြောင်းပညာရပ်၏ကန့်သတ်ချက်ကို ကျော်လွန်ရန် ခက်ခဲလာမည်ဖြစ်သည်။
သို့သော်လည်း သူ့ခန္ဓာကိုယ်ထဲ၌ မည်သည့်ဓာတ်နှောမျှ ရှိမနေပေ။
“ ငါ့ဝိညာဉ်ပင်လယ်အကျယ်က ဓာတ်နှောတွေမဟုတ်ဘဲ င့ါခံနိုင်ရည်အပေါ် မူတည်မှာပဲ ”
ရွှီချင်း၏ မျက်လုံးများထဲ ခရမ်းရောင်ဝင်းလက်သွားသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် အရှိန်အဟုန်မပျက် ရှိနေသေးသော ဆေးဝိညာဉ်စွမ်းအားများကို သူ အာရုံခံမိလိုက်ပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ပြင်ဆင်ထားသည့် ဆေးလုံးကြောင့် အတန်ငယ် အံ့အားသင့်သွားရသည်။
“ ဒီဆေးလုံးက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးအတွက် သိပ်အဖိုးတန်တဲ့ပစ္စည်းဖြစ်မယ် ”
ထိုအကြောင်းကို ရွှီချင်း တွေးမိလိုက်သောအခါ သူ့မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ချလိုက်သည့်အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။ ဂိုဏ်းထဲရှိ အန္တရာယ်များကြောင့်ဖြစ်စေ၊ သူ့စိတ်ဆန္ဒကြောင့်ဖြစ်စေ သူ့ဝိညာဉ်ပင်လယ်က မည်မျှအထိ တိုးတက်နိုင်သည်ကို သူ အမှန်တကယ် သိချင်နေတော့သည်။
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပင်လယ်အသွင်ပြောင်းပညာရပ်ကို ထပ်မံလှည့်ပတ်ကာ ဆေးလုံးထဲမှ ဝိညာဉ်စွမ်းအားများကို အစွမ်းကုန် စုပ်ယူလိုက်သည်။ သူ့နောက်မှ ‘ ပါ ’ အရိပ်ပင် ပေါ်လာပြီး အစွမ်းကုန် ရှူရှိုက်လိုက်သည်။
ရွှီချင်း၏ခေါင်းထဲတွင် လှိုင်းလုံးကြီးများအလား ပဲ့တင်ထပ်နေသည့် တဝုန်းဝုန်းမြည်ဟည်းသံများကို အပြင်မှနေ၍ မကြားနိုင်ပေ။ ယခုအချိန်၌ သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ပင်လယ်က ထပ်မံပြန့်ကားလာသည်။
ပေ ( ၁၀၁၀ ) ၊ ( ၁၃၁၀ )၊ ( ၁၆၁၀ )
ဝိညာဉ်ပင်လယ်၏ ဆန့်ထွက်ခြင်းက ကြောက်ခမန်းလိလိပင်။ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ပေ ( ၂၃၀၀ ) ရောက်သွားသည့်တိုင်အောင် မပြီးသေးပေ။
ထိုကြောက်ခမန်းလိလိ ဖောက်ထွက်ခြင်းကြောင့် ရွှီချင်းထံမှ ထွက်ပေါ်နေသည့် ဖိအားက ယခင်ကထက် အဆပေါင်းများစွာ အားကောင်းလာသည်။
၎င်းက လေပွေကြီးတစ်ခုပင် ဖြစ်နေပြီး အပြင်ဘက်မှ အနားကပ်လာသည့် နှင်းမုန်တိုင်းကို ပုံပျက်သွားစေသည်။ အနီးကပ်ကြည့်ပါက ထိုပုံပျက်နေသည့်နေရာက ရွှီချင်း၏ ဝိညာဉ်ပင်လယ်နေရာနှင့် အတူတူဖြစ်နေပြီး ပေ ( ၂၃၀၀ ) အကျယ်ရှိသည်ကို တွေ့ရပေမည်။
ပေ ( ၂၄၀၀ )၊ ပေ ( ၂၅၀၀ )၊ ပေ ( ၂၆၀၀ ) …
နောက်ဆုံး၌ သူ့ခန္ဓာကိုယ်ထဲမှ ဆေးအစွမ်းများ တဖြည်းဖြည်း လွင့်ပျယ်လာသည်။
ပေ ( ၂၀၀၀ ) ကျော် နယ်ပယ်အတွင်း လေပြင်းများ အဘက်ဘက်သို့ တိုက်ခတ်နေသည်။
ကံကောင်းထောက်မ၍ သူ ရွေးချယ်လိုက်သော နေရာသည် အနီရောင်လွင်ပြင်၌ မဟုတ်ဘဲ အလွန် ချောင်ကျသောနေရာတွင် ရှိသည်။ ဘေးပတ်လည်တွင် တစ်ေ်ယာက်မှ မရှိဘဲ အထူးသဖြင့် ယနေ့တွင် နှင်းမုန်တိုင်းကလည်း သည်းကြီးမဲကြီး တိုက်ခတ်နေသည်။
ထို့ကြောင့် ထိုမြင်ကွင်းကို တစ်ယောက်မှ မမြင်ကြပေ။
“ ပင်လယ်အသွင်ပြောင်းပညာရပ်ထဲက မှတ်တမ်းတွေအရတော့ ရှေးကတည်းက အခုထိ အမြင့်ဆုံးကျင့်ကြံထားနိုင်တဲ့သူရဲ့ ဝိညာဉ်ပင်လယ်က ပေ ( ၂၇၀၀ ) ရှိတယ်တဲ့ ”
ရွှီချင်း၏ မျက်လုံးများ ပွင့်သွားပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်၍ ဘေးနှစ်ဖက်သို့ ဝှေ့ယမ်းလိုက်သည်။ သူက တဖြည်းဖြည်း လွင့်ပျယ်လာနေသော ခန္ဓာကိုယ်ထဲရှိ ဆေးစွမ်းများကို ခြောက်ကပ်သွားသည်အထိ ညှစ်ထုတ်လိုက်ပြီး မန္တန်ကို အသုံးချလိုက်သည်ဖြစ်၍ မြေရိုင်းဒေသမှ ဓာတ်နှောများ ရောနေသည့် ဝိညာဉ်စွမ်းအားများပါ အလုအယက် ဝင်လာသည်။
၎င်းဝိညာဉ်စွမ်းအားများက ရောနှောနေသည့်အတွက်ကြောင့် အနည်းအကျဉ်းကိုသာ စုပ်ယူနိုင်သည်။ သို့သော်လည်း ထိုအချိန်၌ အထောက်အပံ့အနေဖြင့် ယင်းက လုံလောက်နေသေးသည်။
ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားများ တိုးဝင်လာပြီး သူ့ခန္ဓာကိုယ်ထဲမှ ဆေးစွမ်းများ လွင့်ပျယ်သွားတော့မည့်အခိုက် ရွှီချင်း၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ပင်လယ်က နောက်တစ်ဖန် ဝုန်းခနဲ ထကြွလာသည်။
ပေ ( ၂၆၃၀ )၊ ( ၂၆၆၀ )၊ ( ၂၆၉၀ ) …
ပေ ( ၂၇၀၀ ) သို့တိုင်အောင် ရှည်ထွက်သွားသည်။
ဂူတစ်ဂူလုံး တဝုန်းဝုန်းမြည်ဟည်းသွားပြီး ပေ ( ၂၇၀၀ ) အကျယ်တစ်ခုလုံး တစ်ပြိုင်နက်တည်း တုန်ခါသွားသည်။ နှင်းမုန်တိုင်းကြီး ဖျက်ဆီးခံလိုက်ရကာ မြေများလည်း ပြိုကျသွားသည်။ ၎င်းက အဘက်ဘက်သို့ ပျံ့နှံ့ပေါက်ကွဲသွားပြီး ရွှီချင်း ထိုင်နေသည့်နေရာ၌ ဧရာမကျင်းနက်ကြီးတစ်ကျင်း ပေါ်လာသည်။
သူ့ပတ်လည်တွင် ကြောက်ခမန်းလိလိ ဝိညာဉ်စွမ်းအားအငွေ့အသက်များ လည်ပတ်နေပြီး ဘေးပတ်ဝန်းကျင်မှ လေနှင့်နှင်းက အနားသို့ မကပ်ဝံ့ကြချေ။ သူ့နောက်မှ ‘ ပါ ’ အရိပ်သည်လည်း ကောင်းကင်ကြီးကို မော့ကြည့်၍ ဟိန်းဟောက်မာန်ဖီလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်မှ ကြမ်းတမ်းသောအရှိန်အဝါများက ပို၍ပင် ပြင်းထန်လာပြီး ၎င်း ကြီးထွားလာသည်မှာ သိသာသည်။
‘ ပါ ’ အရိပ်၏ခန္ဓာကိုယ်မှ အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာပြီး အက်ကွဲကြောင်းများအောက်မှ ချော်ရည်ပူများက ပို၍ပင် နီမြန်းလာသည်ကို မြင်နိုင်သည်။ အပူလှိုင်းများက အရပ်မျက်နှာအနှံ့ ရိုက်ခတ်သွားပြီး ဘေးပတ်လည်ရှိ နှင်းမုန်တိုင်းမှာ မိုးရေစက်များအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ထိုမိုးရေစက်များမှာ အဖြူရောင်အခိုးအငွေ့များအဖြစ် ချက်ချင်း အငွေ့ပျံသွားပြီး လေထဲသို့ ပျံတက်သွားသည်။
‘ ပါ ’ အရိပ်ခန္ဓာကိုယ်ထဲမှ အတောင်ပံများ အပြင်ဘက်သို့ ဖောက်ထွက်ချင်နေသည့်အလား နောက်ကျောမှ ဖုကြီးနှစ်ခု ထွက်လာသည်။
ရွှီချင်း၏ မျက်လုံးများ ဖျပ်ခနဲ ပွင့်လာပြီး ခရမ်းရောင်ဝင်းလက်သွားသည်။ သူက ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ပင်လယ်ကို အာရုံခံကြည့်လိုက်ပြီး သူ့ကိုယ်ထဲမှ ပြန့်ထွက်လာသည့် အရှိန်အဝါကြောင့် သူ တုန်လှုပ်ချောက်ချားသွားရသည်။
တဖြည်းဖြည်းနှင့် သူ့မျက်လုံးများ တဖိတ်ဖိတ်တောက်ပလာသည်။
“ ချီစုစည်းခြင်းအဆင့် အထွတ်အထိပ် ”
ရွှီချင်း ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ့ကိုယ်သူ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။ ထို့နောက် လက်ရှိအစွမ်းဖြင့်ဆိုပါက နတ်တိုက်ကွက်ကို ထုတ်ဖော်ရန် မလိုကြောင်း သူ ခံစားလိုက်ရသည်။ သူ၏မန္တန်များ၊ ကောင်းကင်ဓားမော့နှင့် အဆိပ်တို့ဖြင့် ပေါင်းစပ်လိုက်ပါက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ဖိနှိပ်နိုင်မည် ဖြစ်သည်။
ရွှီချင်းက ညာလက်ကို ကောင်းကင်သို့ ညွှန်လိုက်သည်။ ရုတ်တရက် တားမြစ်ပင်လယ်ဝေလနဂါးမှ ဖြစ်ပေါ်လာခဲ့သော ရှဲကျင်းလုံက လေထဲတွင် ချက်ချင်း ဆန့်ထွက်လာသည်။ ၎င်းက ပေ ( ၂၇၀၀ ) သို့ ရောက်သွားပြီးနောက် ပေ ( ၁၀၀၀ ) သို့ ချက်ချင်း ကျုံ့သွားသည်။
တချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ပင်လယ်သည်လည်း ဖိနှိပ်ခံလိုက်ရသည်။
ရွှီချင်းက ပေါက်ကွဲသောအခါမှသာ သူ၏အစွမ်းကို ထုတ်ဖော်ပြသလေ့ရှိပေသည်။
ရွှီချင်းက ရုပ်ပြောင်းလိုက်ပြီးနောက် မတ်တတ်ရပ်လိုက်သည်။ သူ့မျက်လုံးများထဲတွင် မျှော်လင့်ချက်များဖြင့် ဝင်းလက်နေသည်။
သူ၏ဝိညာဉ်ပင်လယ်က အဆုံးသတ်ကို မရောက်သေးဘဲ တချို့နေရာများက ကြီးထွားရန် လိုသေးသည်ဟု သူ ခံစားလိုက်ရသည်။
“ နောက်ကျ ငါ သိလာရမှာပဲ ”
ရွှီချင်းက လျှပ်စီးလက်သည့်အလား ချက်ချင်း ပြေးထွက်သွားသည်။ ညအမှောင်ထုထဲတွင် သူသည် အဝေးသို့ ခရီးဆက်သွား၏။
သူက တခြားမြို့သို့ သွားကာ ထိုမြို့မှတစ်ဆင့် ချီရွှဲ့ထုံဂိုဏ်းသို့ ပြန်ချင်နေသည်။
သူ ထွက်လာခဲ့သည်မှာ တစ်လကျော်ကြာနေပြီဖြစ်သည်။ ယခု ကိစ္စအားလုံး ဖြေရှင်းပြီးသွားပြီဖြစ်ပြီး သူ၏ကျင့်ကြံခြင်းသည်လည်း တိုးတက်လာခဲ့ပြီဖြစ်ရာ ရေသူမမျိုးနွယ်နှင့် တတိယမင်းသားကြားမှ ကိစ္စက ငြိမ်သက်နေလား၊ မငြိမ်မသက်ဖြစ်နေလား ဆိုသည်ကို သူ ပြန်သွားကြည့်ရန် တွေးထားသည်။
ထိုသို့ဖြင့် ရွှီချင်းသည် လမ်းခရီးတစ်လျှောက် ပျံသန်းစေနိုင်သော အဆောင်ကို အသုံးချ၍ အရှိန်တင်လိုက်သည်။ သုံးရက်ကြာပြီးနောက် သူ၏ပန်းတိုင်သို့ ရောက်သွားသည်။ ယင်းသည် အနီရောင်လွင်ပြင်အပြင်ဘက်ရှိ ချီရွှဲ့ထုံဂိုဏ်း၏ မြို့ခွဲဖြစ်သည်။
သူသည် မြို့ထဲတွင် အချိန်ဖြုန်းမနေတော့ဘဲ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
သူက အခကြေးငွေပေးလိုက်ပြီး အစီအရင်ထဲ ခြေချလိုက်သည်။ တည်နေရာမရွှေ့ပြောင်းခင် သူက အဝေးရှိ အနီရောင်လွင်ပြင်ရှိရာအရပ်သို့ လှမ်းကြည့်လိုက်ပြီး ရင်ထဲတွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူ့ရင်ထဲမှ ဆူးညှောက်ကို ဖယ်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး မသေသွားခဲ့သော်လည်း ထိုရလဒ်ကို သူ လက်ခံနိုင်သည်။
“ အခု ဂိုဏ်းထဲမှာ အားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်နေရင် ငါ ကောင်းကောင်း အိပ်ပျော်နိုင်ပြီ ”
ရွှီချင်းက ရင်ထဲမှနေ၍ ရေရွတ်လိုက်သည်။ တည်နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်က ဝင်းလက်သွားပြီး အလင်းတန်းများ ဖြာထွက်လာကာ သူ့ကို လွှမ်းခြုံသွားသည်။
အလင်းပင်လယ်ပျောက်ကွယ်သွားသည်နှင့် တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်ထဲမှ ရွှီချင်းသည်လည်း ပျောက်ကွယ်သွားသည်။
နှင်းမုန်တိုင်းက ဆက်လက်တိုက်ခတ်နေဆဲဖြစ်ပြီး မြေပြင်ကို ထပ်ခါထပ်ခါ ဖုံးလွှမ်းကာ ကြည်လင်တောက်ပသည့် အဖြူရောင်စာရွက်တစ်ရွက်အဖြစ် ပြောင်းလဲနေသည်။
ယင်းက အလွန် သန့်ရှင်းစင်ကြယ်သည်။
ဘေးပတ်လည်ရှိ အအေးဓာတ်က မြေရိုင်းဒေသထဲသို့ တစ်ဆင့်ချင်း ကျူးကျော်ဝင်ရောက်ကာ အညှာအတာကင်းမဲ့သည့် လူသတ်ငွေ့များအဖြစ်သို့ ပြောင်းလဲနေသည်။
ယင်းက အလွန် ရက်စက်လှပေသည်။