← Chapters

အခန်း (၉၁၃-၉၁၅)

Vol. 61 Ch. 913-915

အခန်း (၉၁၃-၉၁၅)

Vol. 61 Ch. 913-915

အခန်း ၉၁၃ - အမြွှာဝေလငါး စကြဝဠာအင်ပါယာကို ငါကာကွယ်ပေးမယ်

"မင်းက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲကွာ"

ကျန်းမုန့်လောင်၏ သူငယ်ချင်းများမှာ သူတို့၏ အံ့သြမှုကို ဆက်မထိန်းထားနိုင်ကြတော့ပေ။

အမြွှာဝေလငါး စကြဝဠာအင်ပါယာ၏ အရှင်သခင်ကိုပင် ဤသို့ဆက်ဆံရဲသည်မှာ အံ့သြစရာမရှိတော့ပါချေ။ သူ့ထက် အစွမ်းထက်သူများပင် ဤနေရာတွင် သူ့ကို ခစားနေကြရသည်။

"မုန့်လောင်... ငါတို့ကို ဒါလေးရှင်းပြလို့ရမလား။ ငါတို့ တကယ် ဇဝေဇဝါဖြစ်နေပြီ"

လောင်ကျိုး၏ စိတ်ထဲတွင် ရှုပ်ထွေးနေပေသည်။ တစ်ခုချင်းစီကို ခွဲနားထောင်မည်ဆိုလျှင် နားလည်နိုင်သော်လည်း အားလုံးကို ပေါင်းစပ်လိုက်သောအခါ သူ လုံးဝသဘောမပေါက်တော့ပေ။

သူတို့ နားလည်ထားသလောက်ဆိုလျှင် ကျန်းမုန့်လောင်သည် အဆင့်တစ်မျိုးနွယ်စုမှ ထွက်ခွာလာသူတစ်ဦးသာ ဖြစ်လေရာ ဤကဲ့သို့သော ကိစ္စမျိုးကို မည်သို့လုပ်နိုင်ခဲ့လေသလဲ။

"တကယ်တော့ အရင်တုန်းက အကြောင်းတွေကို ပြန်ပြောပြမှရလိမ့်မယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။ သူ ထပ်ဖုံးကွယ်ထားရန် အစီအစဉ်မရှိတော့ပေ။ မည်သို့ပင်ဖြစ်စေ ယခုအခါ ဤလျှို့ဝှက်ချက်မှာ စကြဝဠာတစ်ခုလုံးကို ပျံ့နှံ့သွားလျှင်ပင် သူ့ကို မည်သူက ဘာလုပ်နိုင်မည်နည်း။ သူသည် ထိုမျှအထိ အစွမ်းထက်နေချေပြီ။

ဂါနေး၊ မာကာဘာကာနှင့် အခြားကျွန်များပင် နားစွင့်လိုက်ကြသည်။ စကြဝဠာတစ်ခုလုံးရှိ မြေအောက်လေလံပွဲကြီးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်ပစ်ခဲ့သော ဤလူငယ်လေး၏ ဇာစ်မြစ််မှာ သူတို့ အသိချင်ဆုံးအရာပင်။

"လွန်ခဲ့တဲ့ နှစ်ငါးထောင် ခြောက်ထောင်လောက်က ငါ့ဘိုးဘေးတစ်ယောက်က ရတနာတစ်ခုကို ရခဲ့တယ်။ အဲဒါက ငါ့ရဲ့ထူးရှယ်နတ်ဘုရားကျောင်းတော်ပဲ"

ကျန်းမုန့်လောင်လည်း သူ့မိသားစုသမိုင်းကြောင်းကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။

သူပြောပြနေသော သမိုင်းကြောင်း၏ အပိုင်းကဏ္ဍတိုင်းတွင် သူတို့၏ အမူအရာများမှာ ပိုပိုပြီး အံ့ဩမှင်တက်လာကြသည်။

ကျန်းမုန့်လောင်၏ မိသားစုက ဘာကြောင့် ဤမျှချမ်းသာနေရသလဲဆိုသည်မှာ အံ့သြစရာမရှိတော့ပေ။ ဤခေတ်တွင် မရှိသင့်သော ဗဟုသုတများနှင့် စွမ်းအားများကို ကျန်းမုန့်လောင် ပိုင်ဆိုင်ထားသည်မှာလည်း အံ့သြစရာမရှိတော့ပေ။

ရှေးဟောင်းအမွေအနှစ်နေရာများအားလုံး ကျန်းမုန့်လောင်၏ မိသားစုနှင့် ဆက်စပ်နေခြင်းမှာလည်း အံ့သြစရာမရှိတော့ပေ။ သူ့ဘိုးဘေးသည် ဒဏ္ဍာရီလာစနစ်တစ်ခုကို ရရှိခဲ့သည်မဟုတ်လော။

"သောက်ကျိုးနည်း.. ဒီလိုကိစ္စမျိုးတွေက သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေထဲမှာပဲ ဖြစ်တတ်တယ်လို့ ငါ အမြဲထင်ထားခဲ့တာ။ မင်းဆီမှာ တကယ်ကြီး ဖြစ်နေလိမ့်မယ်လို့ မယုံနိုင်ဘူးကွာ"

ဝမ်လင်၏ မျက်နှာထက်တွင် အားကျမှု၊ မနာလိုမှုနှင့် မကျေနပ်မှုများ အပြည့်ရှိနေပေသည်။

ကျန်းမုန့်လောင်နှင့် ပထမဆုံး စတင်တွေ့ဆုံခဲ့ချိန်ကို ပြန်တွေးကြည့်လိုက်လျှင် ထိပ်တန်း သူဌေးသားပေါက်စတစ်ယောက်ဖြစ်သော သူသည် ချမ်းသာကြွယ်ဝမှုအရာတွင် ဖြတ်လမ်းနည်းသုံးထားသော လူတစ်ယောက်နှင့် သွားရောက်ယှဉ်ပြိုင်ခဲ့မိခြင်းမှာ အလွန်မိုက်မဲလှသည်။

"တကယ်ယုံနိုင်စရာမရှိဘူး"

လောင်ကျိုးနှင့် အခြားသူများမှာ အံ့သြလွန်း၍ တအံ့တသြ စုတ်သပ်လိုက်မိသည်။

"နောက်ပိုင်းကျတော့ ကျန်းခိုင်လို့ခေါ်တဲ့ ငါ့ဘိုးဘေးတစ်ယောက်က ကမ္ဘာပေါ်မှာ ဂြိုဟ်သားမျိုးနွယ်စုကင်းထောက်တွေ ချန်ထားခဲ့တဲ့ အာကာသယာဉ်ကို တွေ့ခဲ့ပြီး အဲဒီယာဉ်နဲ့ စကြဝဠာထဲမှာ နှစ်ထောင်ပေါင်းများစွာ ခရီးသွားခဲ့တယ်"

ကျန်းမုန့်လောင်က ဆက်ရှင်းပြသည်။

"ငါတို့စကြဝဠာရဲ့ အမြင့်ဆုံးမျိုးနွယ်စုထက် အဆပေါင်းများစွာ သာလွန်တဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို အားကိုးပြီး သူက နာမည်ကောင်းတစ်ခု ရခဲ့သလို အခြေခံအုတ်မြစ်တချို့ကိုလည်း တည်ဆောက်နိုင်ခဲ့တယ်"

"သူ ဘယ်လောက်တောင် တည်ဆောက်နိုင်ခဲ့တာလဲ"

ဝမ်လင်က အလောတကြီး မေးလိုက်သည်။

"စကြဝဠာရဲ့အကြီးဆုံးဘဏ်မှာ အမြင့်ဆုံးအဆင့် ဘဏ်အကောင့်ရယ်၊ ဒဏ္ဍာရီတွေတစ်သီကြီးရယ်။ ပြီးတော့ လက်ရှိအချိန်အထိ စကြဝဠာတစ်ခုလုံးမှာ အမိုက်ဆုံး အမျိုးသမီးတစ်ယောက်ရယ်ပဲ"

ကျန်းမုန့်လောင်က ကျန်းခိုင်၏ အောင်မြင်မှုများကို တိုတိုတုတ်တုတ် အကျဉ်းချုံးပြောပြလိုက်သည်။

"အဆင့်ငါးထိပ်တန်းမျိုးနွယ်စုရဲ့ အာကာသယာဉ်အုပ်စုကြီးကို မင်း ဘယ်လိုများ ပြန်ယူလာနိုင်ခဲ့တာလဲဆိုတာ အံ့သြစရာ မရှိတော့ပါဘူး။ ငါက မင်း ခိုးလာတာလား။ လိမ်လာတာလား။ ဒါမှမဟုတ် လုလာတာလားလို့ တွေးနေခဲ့တာ"

ချင်ဖုန်းခမျာ နောက်ဆုံးတွင် အရာအားလုံးကို နားလည်သွားလေသည်။

"မင်းသာရှိရင် ငါတို့ ကမ္ဘာမြေမျိုးနွယ်စုကြီးတော့ တစ်ဟုန်ထိုး တိုးတက်လာတော့မှာ မဟုတ်ဘူးလား"

"တစ်ဟုန်ထိုး တိုးတက်လာမယ်လို့တော့ ပြောလို့မရဘူး"

ကျန်းမုန့်လောင်က ပြုံးလိုက်သည်။

"မျိုးနွယ်စုတစ်ခုက တအားမြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် အဲဒါက ကောင်းတဲ့အရာ မဟုတ်ဘူး။ အကြီးမြန်အောင်ဆိုပြီး ပျိုးပင်ကို ဆွဲဆန့်တဲ့ ပုံပြင်အကြောင်း ငါ ရှင်းပြနေစရာမလိုဘူး ထင်တယ်"

"မှန်တယ်"

လောင်ကျိုးနှင့် အခြားသူများလည်း ခေါင်းညိတ်ထောက်ခံကြသည်။ အကယ်၍ သူတို့သာ အလိုရှိပါက အဆင့်ငါးမျိုးနွယ်စု၏ ဂြိုဟ်ပေါ်သို့ ပြောင်းရွှေ့နေထိုင်ရန် သေချာပေါက် လုပ်နိုင်သော်လည်း အဆင့်မြင့်မျိုးနွယ်စု၏ ကမ္ဘာတွင် နေထိုင်ရလျှင်ပင် သူတို့၏သိပ္ပံပညာ၊ လူမှုဗေဒ၊ လောကအမြင် စသည်တို့မှာ ထိုအဆင့်နှင့် ကိုက်ညီအောင် မြင့်တက်လာနိုင်မည် မဟုတ်ပေ။ ထိုအခါ သူတို့အနေနှင့် အပိုဝန်ထုပ်ဝန်ပိုးများသာ ဖြစ်လာပေလိမ့်မည်။

"ဒါပေမဲ့ ငါ အာမခံနိုင်တာကတော့ စကြဝဠာတစ်ခုလုံးမှာ ငါတို့ ကမ္ဘာမြေမျိုးနွယ်စုကို ဘယ်မျိုးနွယ်စုကမှ လာမရမ်းကားရဲစေရဘူး။ လာတဲ့ကောင်တိုင်းကို ငါ ကိုင်တွယ်ဖြေရှင်းပေးမယ်"

...

ကျန်းမုန့်လောင်၏ စကားများကို ဂါနေး၊ မာကာဘာကာနှင့် ထိုကျွန်များလည်း ကြားလိုက်ကြသည်။

သူတို့သည် ကျန်းမုန့်လောင်၏ နောက်ခံဇာစ်မြစ်ကို အမြဲတွေးဆခန့်မှန်းခဲ့ကြသည်။ သူတို့၏ အယူအဆအရ ကျန်းမုန့်လောင်၏ နောက်ကွယ်တွင် အနိုင်ယူမရနိုင်သော စကြဝဠာအဆင့်ပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် မယုံနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်သော အမည်မသိအစွမ်းထက်မျိုးနွယ်စုတစ်ခု ရှိနေနိုင်သည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် သူတို့၏ အမြင်များက အလွန် ကျဉ်းမြောင်းနေခဲ့ကြောင်း သူတို့ သဘောပေါက်သွားသည်။ သူတို့၏ လောကအမြင်ကြီးတစ်ခုလုံး ပြောင်းပြန်လှန်ခံလိုက်ရသည်။

လက်ရှိအချိန်တွင် ဤစကြဝဠာနှင့်ပတ်သက်၍ အခြားသော အပြိုင်စကြဝဠာများ တည်ရှိကြောင်း သီအိုရီအရသာ သူတို့ သိထားသော်လည်း ယခုအချိန်အထိ ဤအချက်ကို သက်သေပြနိုင်မည့် အချက်အလက် သို့မဟုတ် သက်သေအထောက်အထား မရှိသေးပေ။

သာမန် အဆင့်လေးသက်ရှိတစ်ဦးမျှသာဖြစ်သော ကျန်းမုန့်လောင်သည် အဆင့်ခုနစ်နှင့် အဆင့်ရှစ်သက်ရှိများပင် အလွန်လိုလားတောင့်တသည့် စွမ်းအင်ဆေးလုံးများနှင့် နတ်စွမ်းအင်ဆေးလုံးများကဲ့သို့သော အစွမ်းထက်သည့်အရာများကို ဖော်စပ်နိုင်ခဲ့ခြင်းမှာ အံ့သြစရာမရှိတော့ပေ။

သူသည် လျှို့ဝှက်ဆန်းကြယ်သော မီးတောက်ကိုပင် ပိုင်ဆိုင်ထားပြီး အဂ္ဂိရတ်ပ ညာရှင်တစ်ဦး၏ ကျရှုံးသွားသော ဖန်တီးမှုတစ်ခုကိုပင် အဆင့်ခုနစ်သိုင်းလက်နက်တစ်ခုအဖြစ် အသာလေး ပြန်လည်သွန်းလုပ်နိုင်ခဲ့သည်။

သူ ပေါ့ပေါ့ပါးပါး ထုတ်ပြလိုက်သော သိုင်းကျမ်းများကပင် ဤစကြဝဠာထဲတွင် တန်ဖိုးကြီးရတနာများ ဖြစ်နေချေသည်။

တကယ်တော့ သူသည် ဤစကြဝဠာကို ကျော်လွန်၍ အခြားစကြဝဠာနှင့် ကြုံတွေ့ခဲ့ပြီးသည်မှာ ကြာလှချေပြီ။

မျိုးနွယ်စုများတွင် အဆင့်သတ်မှတ်ချက်များ ရှိပါက စကြဝဠာများတွင်လည်း အဆင့်သတ်မှတ်ချက်များ ရှိရပေမည်။ အပြင်ဘက်တွင် သူတို့၏ စကြဝဠာထက် ပိုအစွမ်းထက်သော စကြဝဠာတစ်ခု ရှိနေပါက ကျန်းမုန့်လောင်အား တိုင်းတာရန် ဤကမ္ဘာ၏ စံနှုန်းများကို သူတို့ အသုံးမပြုသင့်ပေ။

ဤရှုထောင့်မှကြည့်လျှင် သူဖန်တီးခဲ့သော အံ့ဖွယ်ဖြစ်ရပ်များအားလုံးမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ထင်ရသည်။

"မင်းတို့ ကြားလိုက်ကြလား"

"ကြားလိုက်တယ်"

ကျွန်များမှာ တီးတိုးပြောဆိုနေကြသည်။

"ဒီကောင့်ရဲ့ကံက တော်တော်ကောင်းလွန်းတယ်ဆိုတာတော့ ဝန်ခံရလိမ့်မယ်"

"ငါ လွတ်လပ်ခွင့်ပြန်ရရင် သူ့ကို ဘယ်လိုပြန်လက်စားချေရမလဲလို့ စဉ်းစားခဲ့သေးတယ်။ ငါ ကိုယ့်သေတွင်းကိုယ် တူးနေတာပဲဖြစ်ရမယ်"

"ညီအစ်ကိုတို့... သူ့ကျွန်အဖြစ် နေရတာက မကောင်းတဲ့ကိစ္စ မဟုတ်ဘူးလို့ ငါ ရုတ်တရက်ကြီး တွေးမိသွားတယ်"

"သောက်ကျိုးနည်း... မင်း ကျွန်လုပ်ချင်ရင်လည်း ဆက်လုပ်လေ။ ငါကတော့ တစ်သက်လုံး ကျွန်မလုပ်ချင်ဘူး။ အနှစ်၁၀၀၀ပြည့်တာနဲ့ ထွက်သွားမှာ"

"ငတုံး...မင်းမှာ အမြော်အမြင်မရှိဘူးလား"

"မင်းရဲ့အမြင်က ကျဉ်းမြောင်းလွန်းတယ်လို့ ငါလည်း ထင်တယ်။ စဉ်းစားကြည့်လေ... သူ့ဆီမှာ ကောင်းတဲ့အရာတွေ အများကြီးရှိတယ်။ ထိပ်တန်းသက်ရှိတစ်ယောက်ကို သူက အားစိုက်ထုတ်စရာမလိုဘဲ ဖန်တီးနိုင်တယ်။ ငါတို့သာ သစ္စာရှိရှိနဲ့ သူ ယုံကြည်ရတဲ့လူတွေ ဖြစ်လာခဲ့ရင် ယုံကြည်ရတဲ့ ကျွန်တွေအနေနဲ့တောင်မှ ငါတို့ ဘာတွေရလာနိုင်မလဲဆိုတာ တွေးကြည့်စမ်းပါ"

"ဟုတ်တယ်။ ငါတို့ အဆင့်ရှစ်သက်ရှိ ဒါမှမဟုတ် အဆင့်ကိုးအထိတောင် အဆင့်တက်သွားနိုင်တယ်။ အခုအချိန်မှာ ငါတို့က ဘာမှမဟုတ်သေးပေမဲ့ သူ့နောက်ကိုသာ လိုက်မယ်ဆိုရင် လူတစ်ယောက်ရဲ့အောက်မှာနေပြီး လူအယောက်သောင်းဂဏန်းရဲ့ အထက်မှာ နေရာရလာနိုင်တယ်"

"ယုတ္တိရှိသားပဲ"

"နောက်နောင် ငါတို့အလုပ်တွေကို သေချာလုပ်ကြရအောင်။ အခွင့်အရေးရရင် သူ့အပေါ် ငါတို့ရဲ့ သစ္စာရှိမှုကို ပြရမယ်။ ဘယ်သူသိမှာလဲ။ ငါတို့ရဲ့ အဆင့်အတန်းတွေ အခုထက်ပိုပြီး အများကြီး ပိုမြင့်လာနိုင်တာပဲ"

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းမုန့်လောင်၏ အနောက်ရှိ ကျွန်များမှာ အသစ်ပြန်လည်မွေးဖွားလာသည့်အလား ဖြစ်သွားကြသည်။ အပြင်ပန်းအသွင်အပြင် မဟုတ်ပါဘဲ သူတို့၏ စိတ်နှလုံးနှင့် ယုံကြည်ချက်များ ပြောင်းလဲသွားခြင်းပင်။ အဆင့်ရှစ်ထိပ်တန်းသက်ရှိဖြစ်သော ကတ်ဇ်လည်း ပါပေသည်။

...

"ဝူးဟူး"

ကျန်းမုန့်လောင်မှာ ကောင်းကင်ထက်ရှိ ကိုယ်ပိုင်အာကာသယာဉ်ကို ရုတ်တရက် လှမ်းမြင်လိုက်ရသည်။

"ဟိုမှာ အိုတစ်စ် ရောက်လာပြီ။ သွားတွေ့ကြရအောင်"

အိုတစ်မရောက်လာခင် စတားဂေဇာသည် သူတို့ကို စစ်သင်္ဘောအုပ်စု ကွပ်ကဲရေးစင်တာသို့ ခေါ်ဆောင်သွားသည်။

အိုတစ်သည် ကမ္ဘာမြေ၏ ဘာသာစကားများကို ရှာဖွေရန် သူ့ဉာဏ်ရည်တုကို ဦးစွာအသုံးပြုခဲ့ပြီး အမြန်ဆုံးအရှိန်အဟုန်ဖြင့် အသေအချာ သင်ယူလေ့လာခဲ့သည်။

"မစ္စတာကျန်း...မင်္ဂလာပါ။ ကျွန်တော်က အိုတစ်ပါ။ မမျှော်လင့်ဘဲ လာလည်ရတဲ့အတွက် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"

အိုတစ်သည် အာကာသယာဉ်ပေါ်က ဆင်းလာရင်း ကျန်းမုန့်လောင်အား အလွန်ရိုသေစွာ ဦးညွှတ်လိုက်သည်။ သူ့မျက်လုံးများနှင့် အသံထဲတွင် လေးစားမှုနှင့် ကြောက်ရွံ့ရိုသေမှု အရိပ်အယောင်များ အပြည့်ပင်။

"ရပါတယ်။ ခင်ဗျား ကျုပ်ကို လာမရှာရင်တောင် ကျုပ်က ခင်ဗျားဆီလာဖို့လုပ်နေတာ"

ကျန်းမုန့်လောင် ပြုံးလိုက်သည်။

"ဒီတစ်ခေါက် လာလည်တာ ဘာကိစ္စများ ရှိလို့လဲ"

"အင်း... ခင်ဗျားက ကျွန်တော်တို့အမြွှာဝေလငါးစကြဝဠာအင်ပါယာမှာ နေတာဆိုတော့ ခင်ဗျားနဲ့ ခင်ဗျားရဲ့မျိုးနွယ်စုကို သေချာစောင့်ရှောက်ပေးဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ လိုအပ်တာများ ရှိလားဗျ"

"သြော်.. သိပ်ပြီး ထွေထွေထူးထူးတော့ မရှိပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒီကလေကချေ မျိုးနွယ်စုတွေ ကျုပ်တို့ကို လာမနှောင့်ယှက်အောင်သာ သေချာလုပ်ပေးထားပါ။ ပြင်ပစစ်ပွဲတွေရဲ့ သက်ရောက်မှုမရှိဘဲ ကျုပ်ရဲ့မျိုးနွယ်စုကို မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်စေချင်တယ်"

"ကျွန်တော် နားလည်ပါပြီ။ အခုချက်ချင်း ပြန်သွားပြီး ခင်ဗျားတို့အနားမှာရှိတဲ့ မျိုးနွယ်စုတွေရဲ့ အခြေအနေကို စစ်ဆေးပေးပါ့မယ်။ ခင်ဗျားတို့အတွက် ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ စစ်ပွဲအားလုံးကို ဖယ်ရှားပေးပါ့မယ်။ ပြီးတော့ ခင်ဗျားတို့ဂြိုဟ်ပေါ်က ဘယ်ကိစ္စကိုမှလည်း ကျွန်တော် ဝင်မစွက်ဖက်ပါဘူး။ ခင်ဗျားကို အလိုမကျဖြစ်စေတဲ့ မျိုးနွယ်စုများရှိတယ်ဆိုရင် ကျွန်တော့်ကိုသာ ပြောပါ"

"ကောင်းပြီလေ"

ကျန်းမုန့်လောင်လည်း ကျေနပ်အားရစွာ ခေါင်းညိတ်ပြလိုက်သည်။

"ခင်ဗျားသာ အလုပ်ကို သေချာလုပ်ပေးမယ်ဆိုရင် အမြွှာဝေလငါးစကြဝဠာအင်ပါယာတစ်ခုလုံးကို ကျုပ် ကာကွယ်ပေးမယ်"

**********************

အခန်း ၉၁၄ - ကမ္ဘာမြေငွေကြေး၏ ဝယ်ယူနိုင်စွမ်း

"ဟုတ်ကဲ့ပါ။ အခုလိုစောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ဤသည်မှာ အိုတစ်အတွက်မူ နှစ်သန်းပေါင်းများစွာအတွင်း ကြားဖူးသမျှထဲဝယ် အကောင်းဆုံးသတင်းပင်။

အမြွှာဝေလငါး စကြဝဠာအင်ပါယာမှာ အဆင့်ငါးမျိုးနွယ်စုတစ်ခု ဖြစ်သော်ငြား အခြေခံအဆင့်မှာသာ ရှိနေသေးသည်။ စကြဝဠာထဲတွင် အဆင့်ငါးမျိုးနွယ်စုများက ဂင်္ဂါမြစ်ထဲက သဲပွင့်များနှယ် ရေတွက်၍မရနိုင်လောက်အောင် ပေါများလွန်းလှသောကြောင့် သူတို့က ထူးထူးခြားခြားပေါ်လွင်နေခြင်းမရှိပေ။

ပတ်ဝန်းကျင်ရှိ အဆင့်ငါးမျိုးနွယ်စုများကြားမှာပင် အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ အင်အားက ပျမ်းမျှအောက်သာရှိပြီး အခြေအနေကလည်း သိပ်အဆင်ပြေလှသည်မျိုး မဟုတ်ပါချေ။

တကယ်တမ်းတွင် အနီးအနားရှိ မျိုးနွယ်စုများကလည်း အင်အားကြီးလှသည်မျိုး မဟုတ်ပါချေ။ အင်အားအကြီးဆုံးဟူသော မျိုးနွယ်စုကပင် အလယ်အလတ် အဆင့်ငါး မျိုးနွယ်စုသာ ဖြစ်၏။ သူတို့၏အင်အားနှင့် အရွယ်အစားမှာ အဆင့်ငါးနယ်ပယ်ထဲသို့ ခြေချခါစ အမြွှာဝေလငါးစကြဝဠာအင်ပါယာထက် ဆယ်ဆလောက်သာ ပိုကြီးသည်။

သို့သော် ပိုများပြားသော အရင်းအမြစ်များကို အရယူနိုင်ရန်နှင့် ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေများ ဖန်တီးနိုင်ရန်အတွက် မျိုးနွယ်စုတော်တော်များများက တစ်ယောက်နှင့်တစ်ယောက် ကူညီထောက်ပံ့ပြီး ဖွံ့ဖြိုးတိုးတက်အောင် မဟာမိတ်ဖွဲ့လေ့ရှိကြသည်။

ဥပမာအနေနှင့်ပြောရလျှင် အနီးအနားရှိ အခြေခံအဆင့်ငါး မျိုးနွယ်စု၁၃ခု ပူးပေါင်းဖွဲ့စည်းထားသည့် 'အိုလီယာမျိုးနွယ်စုများ မဟာမိတ်အဖွဲ့'ဟူ၍ ရှိ၏။ သူတို့၏ အင်အားက အနီးအနားရှိ တစ်ခုတည်းသော အလယ်အလတ် အဆင့်ငါးမျိုးနွယ်စုနှင့်ပင် ရင်ဘောင်တန်းနိုင်သည်။

ထိုမျိုးနွယ်စု၁၃ခုက အပြန်အလှန် ကူညီထောက်ပံ့ပေးကြသည့်အတွက် သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းက အလွန်မြန်ဆန်လာခဲ့ပြီး ထိုအလယ်အလတ် အဆင့်ငါးမျိုးနွယ်စုများပင် တစ်ခါတစ်ရံ သူတို့၏အရှိန်အဝါကြောင့် ရှောင်ဖယ်ပေးရသည်အထိ ဖြစ်လာသည်။

သို့သော် အကျိုးအမြတ်ရှိလာလျှင် စစ်ပွဲဆိုသည်မှာလည်း ကပ်ပါလာတတ်စမြဲပင်။ ဤအဆင့်ငါးမျိုးနွယ်စု၁၃ခုထဲတွင် မဟာမိတ်ဖွဲ့ရန် စတင်လှုံ့ဆော်ခဲ့သည့် မျိုးနွယ်စုမှာ မဟာမိတ်အဖွဲ့အတွင်းရှိ အာဏာတချို့ကို တဖြည်းဖြည်း ချုပ်ကိုင်လာခဲ့သည်။ ထို့နောက် သူတို့က နယ်မြေချဲ့ထွင်မည့် အကြံအစည်များ ရှိလာပြီး ပတ်ဝန်းကျင်ရှိ မျိုးနွယ်စုများကိုပါ သူတို့နှင့် ပူးပေါင်းဖို့ စတင်သွေးဆောင်လာကြသည်။

လူတိုင်းက အပြန်အလှန် ဖွံ့ဖြိုးတိုးတက်ရုံလောက်သာ ရည်ရွယ်ထားသည်ဆိုလျှင် ကောင်းမွန်သော ကိစ္စတစ်ရပ်ပင်။ သို့သော် မဟာမိတ်အဖွဲ့က ယခင်လို မဟုတ်တော့ဘဲ စတင်ပျက်ယွင်းလာခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်အစစ်အမှန်က အကုန်လုံးကို သိမ်းပိုက်ပေါင်းစည်းပြီး သူတို့ကိုယ်သူတို့ ပိုမိုအင်အားကြီးမားလာအောင် လုပ်ရန်ပင်။

ပါဝင်ပူးပေါင်းခဲ့သော မျိုးနွယ်စုများမှာ အကျိုးအမြတ် ခံစားရသည်ဟု ထင်ရသော်ငြား တကယ်တမ်းတွင်မူ သူတို့၏စီးပွားရေး၊ နည်းပညာ၊ စစ်ရေးအင်အား စသည့်အရာများမှာ အတိုင်းအတာတစ်ခုအထိ သူတို့၏ ကိုယ်ပိုင်ထိန်းချုပ်မှုအောက်တွင် အပြည့်အဝ မရှိတော့ချေ။

ကိုယ့်မျိုးနွယ်စုအပေါ် ထိန်းချုပ်နိုင်စွမ်းကို ဘယ်သူကများ ဆုံးရှုံးချင်မည်နည်း။

ဤအချက်ကို သဘောပေါက်သွားသည့်အခါ မျိုးနွယ်စုတော်တော်များများမှာ သူတို့ကို စတင်ငြင်းဆန်လာကြသည်။ ဤသို့သော ငြင်းဆန်မှုများကြောင့်ပင် ပြဿနာများ စတင်ပေါ်ပေါက်လာတော့သည်။ မဟာမိတ်အဖွဲ့မှာ အကြောင်းပြချက်အမျိုးမျိုးပြပြီး အခြားမျိုးနွယ်စုများ၏ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုများကို ဝင်ရောက်စွက်ဖက်လာသလို ပဋိပက္ခများနှင့် ကတောက်ကဆများကိုပါ တမင်သက်သက် ဖန်တီးလာသောကြောင့် ပတ်ဝန်းကျင်ရှိ မျိုးနွယ်စုများ အလွန် ဒုက္ခရောက်ခဲ့ကြရသည်။

အမြွှာဝေလငါး စကြဝဠာအင်ပါယာလည်း ထိုမဟာမိတ်အဖွဲ့ကို ငြင်းဆန်ခဲ့သည့် မျိုးနွယ်စုများထဲတွင် ပါဝင်သည်။

အစပိုင်းတွင်မူ သူတို့အနေနှင့် သိပ်အလွန်အကျွံ မလုပ်ရဲကြသေးပေ။ သို့သော် နောက်ပိုင်းတွင် သူတို့၏ လက်တုံ့ပြန်မှုများ တဖြည်းဖြည်း စတင်လာပြီး ပြင်ပအင်အားစု တော်တော်များများက အမြွှာဝေလငါး စကြဝဠာအင်ပါယာကို ဖြိုခွဲရန် ကြိုးစားသည့်အနေနှင့် အတွင်းပိုင်းအထိ စတင်ထိုးဖောက် ဝင်ရောက်လာကြသည်။

ထို့ပြင် အရင်းအမြစ်ထွက်ရှိရာ နေရာတော်တော်များများကလည်း တမင်သက်သက် ပြဿနာရှာခြင်းမျိုးများ စလုပ်လာကြသည်။ မကြာသေးခင်ကပင် အမြွှာဝေလငါးစကြဝဠာအင်ပါယာပိုင်နယ်မြေတစ်ခုရှိ အင်ပါယာ၏ အရင်းအမြစ်တူးဖော်ရေးကုမ္ပဏီတစ်ခုကို စကြဝဠာပင်လယ်ဓားပြများက ဓားပြဝင်တိုက်သွားသည်။ ဤစကြဝဠာပင်လယ်ဓားပြများမှာ တကယ့်ပင်လယ်ဓားပြများ ဟုတ်မဟုတ်ဆိုသည်ကိုမူ သိသူများ သိကြပါသည်။

သို့သော် ဤအခြေအနေများကြောင့် အိုတစ်ခမျာ စိုးရိမ်သောကရောက်ပြီး အိပ်ရေးပျက်ရလုနီးပါး ဖြစ်ခဲ့ရသည်။

သို့သော်လည်း ယခုမူ ကျန်းမုန့်လောင်၏ စကားများကြောင့် သူ့ယုံကြည်မှုများမှာ ချက်ချင်းဆိုသလို ပြန်လည်မြင့်တက်လာသည်။

မျိုးနွယ်စုတစ်ခု၏ အင်အားကို တိုင်းတာသည့် စံနှုန်းဆိုသည်မှာ စစ်ရေးအင်အားပင်။

အဆင့်တစ်မျိုးနွယ်စုဖြစ်သည့် ကမ္ဘာမြေပေါ်မှာပင် တစ်ချိန်တုန်းက ဟွာရှားနိုင်ငံ၏ ခေါင်းဆောင်ကြီးများက "နိုင်ငံအားနည်းရင် သံတမန်ရေးဆိုတာ မရှိဘူး"ဟူသည့် နက်နဲလှသော အမှန်တရားကို မိန့်ဆိုခဲ့ဖူးသည်။ ခိုင်မာတောင့်တင်းသော စစ်တပ်ဆိုသည်မှာ အရာအားလုံး၏ အခြေခံအုတ်မြစ်ပင်။

ယခုဆိုလျှင် ကျန်းမုန့်လောင်သည် စံသတ်မှတ်ချက်မီ အဆင့်ငါးအထွတ်အထိပ် စစ်သင်္ဘောအစင်းတစ်ရာပါဝင်သည့် တပ်ဖွဲ့တစ်ခု ရှိနေရုံသာမက စကြဝဠာထဲတွင် အင်အားအကြီးဆုံး ဇူဒါတပ်ဖွဲ့ကြီးကိုပါ ပိုင်ဆိုင်ထားသေးသည်။ သို့ဖြစ်လေရာ ပတ်ဝန်းကျင်ရှိ ဘယ်မျိုးနွယ်စုကများ ရန်စရဲတော့မည်နည်း။

"မစ္စတာကျန်း... ခင်ဗျားဆီက စစ်တပ်တစ်တပ်လောက် အရင်ငှားလို့ ရနိုင်မလား"

"ယှဉ်နေစရာ လိုသေးလို့လား"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ခင်ဗျားအတွက် စစ်အသုံးစရိတ်ကို ဩဂတ်စတပ်ဆီ ပေးခဲ့ပြီလေ။ အဲဒီပိုက်ဆံနဲ့ဆိုရင် အင်အားကြီးတပ်ဖွဲ့တစ်ခုကို အပြည့်အဝ တပ်ဆင်နိုင်ရုံတင်မကဘူး။ တစ်တပ်ထက်တောင် အများကြီး ပိုဖွဲ့စည်းလို့ရသေးတယ်"

"ဩဂတ်စတပ်လား"

အိုတစ်သည် ကျန်းမုန့်လောင်နှင့် ဘာပြောခဲ့သလဲဆိုသည်ကိုပင် မမေးရသေးဘဲ အလျင်အမြန် ပြေးလာခဲ့သည်။

ထို့ကြောင့် ဩဂတ်စတက်စ်ကို ချက်ချင်းဆက်သွယ်လိုက်သည်။

"ဩဂတ်စတက်စ်... မစ္စတာကျန်းက ငါတို့ကို စစ်အသုံးစရိတ် ပေးခဲ့တယ်ဆိုတာ ဟုတ်လား"

"ဟုတ်ပါတယ် ဧကရာဇ်အရှင်။ ကျွန်တော် အခုပဲ လျှောက်တင်မလို့ပါ။ ဒါပေမဲ့ ဧကရာဇ်အရှင်က လောနေတော့ ကျွန်တော် ပြောချိန်မရလိုက်ပါဘူး"

ဩဂတ်စတက်စ်က ပြောလေသည်။

အိုတစ်က ကျန်းမုန့်လောင်ကို သတိကြီးကြီးထားပြီး လှမ်းကြည့်လိုက်၏။

"သူ ငါတို့ကို ဘယ်လောက်ပေးခဲ့တာလဲ။ စကြဝဠာဒင်္ဂါးကြယ်ပွင့်တစ်ရာလား"

အကယ်၍ ကြယ်ပွင့်တစ်ရာသာရှိမည်ဆိုလျှင် အလယ်အလတ် အဆင့်ငါးမျိုးနွယ်စု စစ်သင်္ဘောတစ်စီးကို ဝယ်နိုင်မည်ဖြစ်၏။ ထိုအချိန်ကျလျှင် မဟာမိတ်အဖွဲ့ကပင် သူတို့ကို လွယ်လင့်တကူ ပြဿနာလာရှာရဲမည် မဟုတ်တော့ချေ။

"ဧကရာဇ်အရှင်.... အရှင်တွေးတာ တအားနည်းလွန်းပါတယ်"

"သူ ငါတို့ကို ကြယ်ပွင့်တစ်သောင်း ပေးခဲ့တာလား"

ဤတစ်ခါတော့ အိုတစ်လည်း ပိုရဲတင်းစွာ ခန့်မှန်းလိုက်သည်။

"ကြယ်ပွင့်တစ်သန်းတိတိပါ"

"ဘာ"

အိုတစ်ခမျာ သူ့လက်ထဲရှိ ဆက်သွယ်ရေးစက်ကို ခြေမွပစ်မိမတတ် ဖြစ်သွားလေသည်။

"မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်"

"ဧကရာဇ်အရှင်... မစ္စတာကျန်းရဲ့ပိုင်ဆိုင်မှုနဲ့ ယှဉ်ရင် ဒီပမာဏကို များတယ်လို့ ထင်နေတာလား"

"ဒါကတော့..."

အိုတစ်လည်း ကျန်းမုန့်လောင်၏ စွမ်းဆောင်ရည်ကို ကောင်းကောင်းသိထားသည်ဖြစ်ရာ ကြယ်တစ်သန်းဆိုသည်မှာ သူ့အဖို့ တကယ်မများလှသည်မှာ အမှန်ပင်။

သို့သော် သူတို့မျိုးနွယ်စု၏ ဖွံ့ဖြိုးတိုးတက်မှု အနေအထားအရဆိုလျှင် နောက်ထပ်နှစ်သန်းပေါင်းဆယ်နှင့်ချီ၍ ကြာဦးမည်ဆိုလျှင်ပင် ဤမျှများပြားသော စကြဝဠာဒင်္ဂါးပမာဏကို စုဆောင်းနိုင်ရန် မဖြစ်နိုင်ချေ။

"ကျေးဇူးတင်ပါတယ် မစ္စတာကျန်း"

အိုတစ်က ကျန်းမုန့်လောင်ကို နောက်တစ်ကြိမ် အရိုအသေပေးလိုက်ပြန်သည်။

"ဒီလိုလုပ်စရာ မလိုပါဘူး။ ဒါက အသေးအဖွဲလေးပါ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဩဂတ်စတက်စ် ပြောသလိုပဲ။ အနီးအနားက အဆင့်ငါးမျိုးနွယ်စုတချို့က မောက်မာနေကြတာဆိုတော့ ဒီပိုက်ဆံကိုသုံးပြီး ပစ္စည်းကောင်းကောင်းတချို့ဝယ်ပြီး သူတို့ကို ဆုံးမလိုက်ပါ"

"ဟုတ်ကဲ့"

အိုတစ်ခမျာ အလွန်တရာ စိတ်လှုပ်ရှားနေပြီး လက်ထဲရှိ ဓားကပင် သွေးဆာနေလေပြီ။

"သြော် ဒါနဲ့... နောက်တစ်ခုကျန်သေးတယ်"

ကျန်းမုန့်လောင်က ပြောသည်။

"ခင်ဗျားတို့တွေ သိတဲ့အတိုင်း ကျုပ်က နည်းနည်းကြောက်တတ်တော့ အခုဝယ်ထားတဲ့ တပ်ဖွဲ့က ကျုပ်အတွက် လုံခြုံမှုအပြည့်အဝ မပေးနိုင်ဘူးလို့ ခံစားရတယ်။ အဲဒါကြောင့် နောက်ထပ် ထပ်ဝယ်ဖို့ စီစဉ်ထားတယ်။ အဲဒီဟာတွေကိုလည်း ခင်ဗျားတို့ စီမံခန့်ခွဲနိုင်ဖို့အတွက် အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ နာမည်အောက်မှာပဲ မှတ်ပုံတင်လိုက်မယ်"

"ရတာပေါ့။ အသေးအဖွဲကိစ္စလေးပါဗျာ"

အိုတစ်မှာ ပို၍ပင် ဝမ်းသာသွားသည်။ အကယ်၍ သူသည် အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ နာမည်ဖြင့် စစ်သင်္ဘောများကို ဝယ်ယူခဲ့လျှင် ကျန်းမုန့်လောင်က ထိုစစ်သင်္ဘောများကို လက်တွေ့အသုံးချသူ ဖြစ်နေသည့်တိုင် စကြဝဠာမဟာမိတ်အဖွဲ့၏ မှတ်တမ်းများတွင်မူ အမြွှာဝေလငါး စကြဝဠာအင်ပါယာအောက်၌သာ စာရင်းဝင်နေမည်ဖြစ်၏။

ဥပမာအားဖြင့် ကျန်းမုန့်လောင်က သူ့ကို အဆင့်ငါးအထွတ်အထိပ် စစ်သင်္ဘောအစင်းတစ်ရာဝယ်ခိုင်းခဲ့လျှင် တခြားသူများက အမြွှာဝေလငါး စကြဝဠာအင်ပါယာ၏ စစ်ရေးအင်အားကို ရှာဖွေကြည့်သောအခါ ထိုစစ်သင်္ဘောအစင်းတစ်ရာလည်း စာရင်းထဲတွင် ပါဝင်နေမည်ဖြစ်၏။

ဤသည်မှာ အခြားမျိုးနွယ်စုများကို ခြိမ်းခြောက်ဟန့်တားရန်အတွက် ကြီးမားလှသော အင်အားတစ်ရပ် ဖြစ်လာပေလိမ့်မည်။

"ဘယ်နှစင်းလောက်ဝယ်ဖို့ စီစဉ်ထားတာလဲ။ ဩဂတ်စတက်စ်ကို စီစဉ်ခိုင်းလိုက်ပါ့မယ်"

အိုတစ်က မေးလိုက်သည်။

"အစင်းတစ်ရာလား"

"အဲဒီလောက်ဆိုလည်း သိပ်မလုံလောက်သေးဘူးထင်တယ်"

ကျန်းမုန့်လောင်က ခဏမျှ စဉ်းစားလိုက်၏။

"ကျုပ်အတွက် အစင်းတစ်သောင်းလောက် ဝယ်ပေးပါ။ ဒီလူ့ကို သွားရှာလိုက်"

ကျန်းမုန့်လောင်လည်း သူ့အား တီလာ၏ လိပ်စာကတ်တစ်ခုကို ကမ်းပေးလိုက်သည်။

"ကျုပ်နာမည်သာ ပြောလိုက်။ သူတို့ ခင်ဗျားကို လျှော့ဈေးပေးလိမ့်မယ်"

"တပ်ဖွဲ့ပေါင်းတစ်သောင်းလား"

ထိုအချိန်ဝယ် အိုတစ်၏ နှလုံးခုန်သံများ ရပ်တန့်သွားမတတ်ပင်။ အင်အားအကြီးမားဆုံး အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စုများပင် အဆင့်ငါးအထွတ်အထိပ် စစ်သင်္ဘောအစင်းတစ်သောင်း မရှိကြပေ။

"ဟုတ်တယ်။ လောလောဆယ်တော့ ဒီလောက်ဆိုရင် လုံလောက်ပါပြီ။ မလုံလောက်သေးဘူးဆိုရင် နောက်မှထပ်ဖြည့်တာပေါ့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငွေချေဖို့ကိုတော့ ကျုပ်ရဲ့ဒုတိယကတ်နဲ့ပဲ ရှင်းလိုက်ပါ"

"ဟုတ်ကဲ့။ ဟုတ်ကဲ့"

အိုတစ်ခမျာ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ ဤတစ်ခါတွင်မူ သူတို့၏ အမြွှာဝေလငါး စကြဝဠာအင်ပါယာတော့ သေချာပေါက် ကြီးပွားပေတော့မည်။

"ဪ နောက်တစ်ခု ရှိသေးတယ်"

"ပြောပါခင်ဗျာ"

"ကမ္ဘာမြေက စကြဝဠာမျိုးနွယ်စုထဲကို ဝင်ရောက်လာပြီဆိုတော့ ကျုပ်တို့တွေ မကြာခဏ အဆက်အသွယ်လုပ်ရတော့မှာ သေချာတယ်။ စီးပွားရေးအရောင်းအဝယ် ကိစ္စတွေဆိုရင်လည်း ငွေကြေးက အမြဲလိုအပ်မှာပဲလေ။ အဲဒါကြောင့် ဒီငွေကြေးရဲ့ ဝယ်ယူနိုင်စွမ်းနဲ့ ပတ်သက်ပြီး ခင်ဗျားနဲ့ ဆွေးနွေးချင်တယ်"

ပုံမှန်အခြေအနေမျိုးတွင် ကမ္ဘာ့ငွေကြေး၏ ဝယ်ယူနိုင်စွမ်းမှာ အလွန်အားနည်းပြီး မျိုးနွယ်စုများအကြား အဆင့်အတန်းကွာဟချက်သည် ရာနှင့်ချီ၍သော်လည်းကောင်း၊ ထောင်နှင့်ချီ၍သော်လည်းကောင်း ကွာဟနိုင်ကြောင်း ကျန်းမုန့်လောင် ကောင်းကောင်းသိထားသည်။

ယခုအချိန်မှာ ကမ္ဘာသားများအနေနှင့် အခြားလူများနှင့် ကုန်သွယ်မှုပြုလုပ်ရမည်ဆိုပါက ဘာတစ်ခုမှ ဝယ်ယူနိုင်စွမ်း ရှိမည်မဟုတ်ပေ။

"ဒါက ဖြေရှင်းရလွယ်ပါတယ်"

အိုတစ်က ပြောလိုက်သည်။

"ကျွန်တော် ဒီထက်ပိုပြီး မြင့်အောင်တော့ မလုပ်နိုင်ပေမဲ့ ခင်ဗျားတို့ဂြိုဟ်ရဲ့ ငွေကြေး ဝယ်ယူနိုင်စွမ်းကို ကျွန်တော်တို့အမြွှာဝေလငါး စကြဝဠာအင်ပါယာရဲ့ အထွေထွေသုံးငွေဝယ်ယူနိုင်စွမ်းနဲ့ တန်းတူဖြစ်အောင်တော့ အာမခံပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီထက်တော့ ပိုမြင့်အောင် မလုပ်ပေးနိုင်ပါဘူး။ လောလောဆယ် ကျွန်တော်တို့ရဲ့ အထွေထွေသုံးငွေက စကြဝဠာဒင်္ဂါးနဲ့ယှဉ်ရင် အချိုးအစားဆယ်ဆလောက် နိမ့်နေပါသေးတယ်"

"ဒါဆိုရင်လည်း အဆင်ပြေပါတယ်"

ကျန်းမုန့်လောင် ရယ်မောလိုက်သည်။ အနည်းဆုံးတော့ အမြွှာဝေလငါးစကြဝဠာအင်ပါယာအတွင်း၌ ဤအချိုးအစားက လုံလောက်မှုရှိနေလေပြီ။ အမြွှာဝေလငါး စကြဝဠာအင်ပါယာကြီး အင်အားကြီးထွားလာသည်နှင့်အမျှ ငွေလဲလှယ်နှုန်းကလည်း အမြန်ဆုံးလိုက်မီလာမည်မှာ အသေအချာပင်။

"နေဦး"

ကျန်းမုန့်လောင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်သည်။

"ကမ္ဘာပေါ်မှာ ငွေကြေးအမျိုးအစားတွေ အများကြီးရှိတာဆိုတော့ ငွေကြေးတိုင်းက ဒီလောက်အထိ တန်ဖိုးမြင့်နေဖို့မလိုဘူး။ ဥပမာ အမေရိကန်ဒေါ်လာနဲ့ ဂျပန်ယန်းငွေ... အဲဒီလို ငွေကြေးမျိုးတွေကိုတော့ အခြေခံအဆင့်တစ် မျိုးနွယ်စုရဲ့ ဝယ်ယူနိုင်စွမ်းလောက်နဲ့ပဲ သတ်မှတ်ထားလို့ရတယ်"

**********************

အခန်း ၉၁၅ - ငါတို့ နေရာမှားပြီး လာမိတာများလား

"မုန့်လောင်... အဲဒီအကွက်က သိပ်လှတာပဲ"

ဝမ်လင်က ကျန်းမုန့်လောင်၏ ခါးကို ဖွဖွလေးထိုးလိုက်သည်။

အဆင့်တစ်မျိုးနွယ်စု၏ ငွေကြေးနှင့် အဆင့်ငါး မျိုးနွယ်စု၏ငွေကြေး ကွာခြားချက်မှာ နောက်စရာမဟုတ်ပေ။ ဝယ်ယူနိုင်စွမ်းက အဆမတန် ကွာခြားလှသည်။

ဤငွေကြေးစနစ်ကို တရားဝင်စတင်လိုက်သည်နှင့် ဟွာရှားငွေကြေးကို အသုံးပြုသူတိုင်းမှာ ချက်ချင်းဆိုသလို ဘီလျံနာဖြစ်လာကြမည်သာ။ ဟွာရှားနိုင်ငံ၏ လမ်းဘေးရှိ သူတောင်းစားပင် မည်သည့်အဆင့်တစ်မျိုးနွယ်စုတွင်မဆို ဘီလျံနာတစ်ဦး ဖြစ်လာပေလိမ့်မည်။

"ဒါက ငါ့ကြိုးစားအားထုတ်မှုတွေနဲ့ တည်ဆောက်ထားတဲ့ အင်ပါယာပဲ။ ဘာလို့ တခြားလူတွေကို အချောင်ခံစားခိုင်းရမှာလဲ"

ကျန်းမုန့်လောင်က ရယ်မောရင်း ပြောလိုက်သည်။

"ပြီးတော့ မျိုးချစ်စိတ်နဲ့ သက်သောင့်သက်သာနေတတ်တဲ့ နိုင်ငံတကာက မိတ်ဆွေတချို့ကို အထင်အမြင်သေးတာက ဟွာရှားလူမျိုးတိုင်းမှာ ပါလာတဲ့ မွေးရာပါအရည်အသွေးတွေပဲလေ"

"အဓိပ္ပာယ်ရှိတယ်။ ပြောတာကောင်းတယ်"

လောင်ကျိုးမှာ တဟားဟားမရယ်ဘဲ မနေနိုင်ခဲ့ပေ။

သူတစ်ပါး ဒုက္ခရောက်သည်ကို ကြည့်ပြီး ကျေနပ်နေခြင်းမှာ လူသားများ၏ မရှိမဖြစ် စရိုက်လက္ခဏာများထဲမှ တစ်ခုပင်။

"ကောင်းပါပြီ။ ကျွန်တော် နားလည်ပါပြီ"

အိုတစ်က အဆင့်ခြောက်သက်ရှိတစ်ဦးဖြစ်သည့်အားလျော်စွာ အလွန်ပါးနပ်လှသည်။ သူသည် ကျန်းမုန့်လောင်၏ ရှုပ်ထွေးလှသော ရည်ရွယ်ချက်များကို ခပ်မြန်မြန်သဘောပေါက်သွားသည်။ ဤအဆင့်တစ်မျိုးနွယ်စုငယ်လေး၏ အတွင်းရေးဆက်ဆံရေးများမှာ အလွန်သိမ်မွေ့ပြီး ရှုပ်ထွေးလှသည်။

သို့သော် အခြေအနေများ ပိုရှုပ်ထွေးလေလေ၊ ကျန်းမုန့်လောင်၏ မျက်နှာသာပေးမှုကို ရရှိရန် အခွင့်အရေးများ ပိုမိုမြင်တွေ့လာရလေလေပင်။ မည်သို့ပင်ဆိုစေကာမူ သူသည် ကျန်းမုန့်လောင် သဘောကျစေရန်သာ လုပ်ဖို့လိုသည်။ ဤဂြိုဟ်ပေါ်ရှိ အခြားသူများ၏ အသက်အန္တရာယ်က သူ့အတွက် အရေးမပါပေ။

ထိုစကားများကို ပြောလိုက်သည်နှင့် အခြေစိုက်စခန်းတွင် အခြားနိုင်ငံများမှ လူများလည်း ရှိနေသောကြောင့် ထိုလူများ၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားကြသည်။

သူတို့သည် ဟွာရှားကို ကျော်တက်ရန် သန္နိဋ္ဌာန်ချထားခဲ့ကြသော်လည်း ဤလုပ်ရပ်ကြောင့် အနည်းဆုံး နှစ်သန်းပေါင်းများစွာ ကွာဟသွားစေခဲ့သည်။ သူတို့အနေနှင့် ဤတစ်သက်တွင်သာမက နောင်လာနောက်သား မျိုးဆက်များတိုင်အောင် ဟွာရှားကို မီနိုင်တော့မည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ဟွာရှားနှင့် မဟာမိတ်ဖြစ်သော နိုင်ငံများမှ အဖွဲ့ဝင်များမှာမူ ဝမ်းသာလုံးဆို့နေကြသည်။ သူတို့သည် အခွင့်အရေးကို လက်ဆုပ်လက်ကိုင် ရယူနိုင်ခဲ့ကြသည်။ အမှန်တကယ်ပင် လူတစ်ယောက် အောင်မြင်သွားလျှင် ပတ်ဝန်းကျင်ရှိ လူများပါ အကျိုးခံစားရပေသည်။ ယခုဆိုလျှင် သူတို့ကို မည်သူက အနိုင်ကျင့်ရဲတော့မည်နည်း။

"ဒါနဲ့ ခင်ဗျားယူလာတဲ့ လက်ဆောင်က ဘယ်မှာလဲ"

"ဒီမှာပါ"

အိုတစ်က ချက်ချင်း ဖားယားသောဟန်ပန်ဖြင့် တုံ့ပြန်လိုက်သည်။

"ခင်ဗျားတို့ရဲ့ မျိုးနွယ်စုက စကြဝဠာမဟာမိတ်အဖွဲ့ထဲကို အခုမှ ဝင်ရောက်လာတာဆိုတော့ ကွမ်တမ်ဆက်သွယ်ရေး၊ ကွန်ရက်တွေ၊ သယ်ယူပို့ဆောင်ရေး စတဲ့ အခြေခံတည်ဆောက်မှုတချို့က ပြည့်စုံချင်မှ ပြည့်စုံဦးမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် ဆောက်လုပ်ရေး ဝန်ထမ်းတွေကို စီစဉ်ထားပြီးပါပြီ။ သူတို့ မကြာခင် ရောက်လာပါလိမ့်မယ်"

"ပြီးတော့ ဒါက ခင်ဗျားတို့အတွက် ပညာရေးစနစ်တစ်ခုပါ"

အိုတစ်သည် သိုလှောင်ရေးကိရိယာနှင့်တူသော အရာတစ်ခုကို ထုတ်ယူလိုက်သည်။

"ဒါက အဆင့်ငါးမျိုးနွယ်စုတွေအတွက် အသိပညာစနစ်တစ်ခုဖြစ်ပြီး စကြဝဠာမျိုးနွယ်စုတွေက ပညာရေးနဲ့ ကျင့်စဉ်တွေအတွက် နှစ်ဘီလျံပေါင်းများစွာ အချိန်ယူပြီး တီထွင်ထားတာပါ။ ခင်ဗျားတို့ရဲ့ မျိုးနွယ်စုအနေနဲ့ ဒီလိုလျင်မြန်တဲ့ တိုးတက်မှုတွေနဲ့ အမြန်ဆုံး အသားကျလာဖို့ ကူညီပေးနိုင်ပါတယ်"

အိုတစ်သည် ဤလက်ဆောင်အတွက် အချိန်အတော်ကြာအောင် စဉ်းစားခဲ့ရသည်။ ကျန်းမုန့်လောင်လို လူတစ်ယောက်က ပိုက်ဆံရှားပါးနေပါ့မလား။ သူ မရနိုင်သည့်အရာဟူ၍ ဘာရှိလေသလဲ။ အိုတစ်ထံတွင်ရှိသော အဖိုးတန်ဆုံးပစ္စည်းမှာ အဆင့်ခြောက်နီးပါးရှိသော သိုင်းလက်နက်တစ်ခုသာ ဖြစ်၏။

သို့သော် ထိုသို့သော အရာမျိုးကို ကျန်းမုန့်လောင်က အသာလေးဖန်တီးနိုင်ပေသည်။

ဖားတော့မည်ဆိုလျှင် ကွက်တိကျအောင် ဖားရမည်။ နည်းလမ်းလွဲပြီး ဖားမိခြင်းမျိုး မဖြစ်စေရပေ။

သေချာစဉ်းစားကြည့်ပြီးနောက် ကျန်းမုန့်လောင်သည် သူ့မျိုးနွယ်စု၏ စစ်ယာဉ်တန်းအတွက် ငွေကြေးမြောက်မြားစွာ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သတိထားမိလိုက်သည်။ ဤမျိုးနွယ်စုမှာ သူ့အတွက် အလွန်အရေးပါရပေမည်။ ထို့ကြောင့် လိုအပ်ချက်ကို အတိအကျ ဖြည့်ဆည်းပေးခြင်းကား အကောင်းဆုံး နည်းဗျူဟာပင်။

"ဪ... တော်တော်အမြော်အမြင်ကြီးတာပဲ"

ဝန်ခံရမည်ဆိုလျှင် ဤကပ်ဖားမှုမှာ ကျန်းမုန့်လောင်၏ ရင်ကို ကွတ်တိထိမှန်သွားခဲ့သည်။

လာမည့်ရက်များတွင် ကမ္ဘာမြေမှာ ပေါက်ကွဲအားကောင်းသော တိုးတက်မှုများနှင့် တွေ့ကြုံရမည်ဖြစ်၏။ လူအင်အားနှင့် အရင်းအမြစ်မြောက်မြားစွာ လိုအပ်မည့် အခြေခံ တည်ဆောက်မှုများအပြင် အခြေခံအုတ်မြစ်အဖြစ် သီအိုရီဗဟုသုတအများအပြားလည်း လိုအပ်ပေလိမ့်မည်။

ဤပညာရေးစနစ်မှာ အထူးအဖိုးတန်သော ရတနာတစ်ခုဖြစ်၏။ လက်ရှိ ကမ္ဘာမြေ၏ ပညာရေးစနစ်မှာ တစ်သက်လုံး သုတေသနလုပ်လျှင်ပင် အဆင့်တစ် မျိုးနွယ်စုစံနှုန်းများ၏ အောက်ခြေသို့သာ ရောက်ရှိနိုင်ပေမည်။

အိုတစ်၏အဆိုအရ ဤပြဋ္ဌာန်းစာအုပ်များမှာ သာမန်အရည်အချင်းရှိသူများကိုပင် အခြေခံပညာရေးမှ အဆင့်သုံးမျိုးနွယ်စုအဆင့်သို့ ရောက်ရှိစေနိုင်သည်။ အကြမ်းဖျင်းအားဖြင့် နှစ်ငါးဆယ်ခန့် ဆက်လက်လေ့လာပါက သာမန်အဆင့်ငါးစံနှုန်းသို့ ရောက်ရှိနိုင်မည်ဖြစ်ပြီး ထိုအဆင့်ထက် ကျော်လွန်သွားပါက နောက်ထပ် သိပ္ပံနည်းကျ အောင်မြင်မှုအသစ်တစ်ခု လိုအပ်မည်ဖြစ်၏။

"ဟားဟားဟား.. ကျွန်တော် ဉာဏ်နည်းနည်း သုံးလိုက်ရုံပါ"

ကျန်းမုန့်လောင်၏ မျက်နှာအမူအရာကို ကြည့်ပြီး သူ့ကပ်ဖားမှု ထိရောက်သွားကြောင်း အိုတစ် သိလိုက်သည်။

"ခင်ဗျားရဲ့လက်ဆောင်ကို ကျုပ်လက်ခံပါတယ်"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။

"နောက်နောင် ကိစ္စတစ်ခုခုရှိရင် စကြဝဠာဆက်သွယ်ရေးကွန်ရက်ကတစ်ဆင့် ကျုပ်ကို တိုက်ရိုက်ဆက်သွယ်နိုင်တယ်။ ကျုပ်ကို ဆက်သွယ်လို့မရခဲ့ရင်လည်း ကိစ္စတွေကိုဖြေရှင်းဖို့ ကျုပ်တို့ဂြိုဟ်ပေါ်က တခြားတစ်ယောက်ယောက်ကို ရှာလို့ရပါတယ်"

အနာဂတ်တွင် သူ မကြာခဏ ခရီးထွက်ရနိုင်သည်ဟု ကျန်းမုန့်လောင် ခန့်မှန်းမိသည်။ ထို့ကြောင့် စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းနိုင်ရန် ကမ္ဘာမြေပေါ်တွင် စွမ်းဆောင်ရည်ရှိသူအချို့ကို ချန်ထားခဲ့ရန် လိုအပ်သည်။

ကျန်းမုန့်လောင်ထံမှ ကတိရလိုက်သောကြောင့် အိုတစ်မှာ ပြုံးရွှင်နေလေတော့သည်။

...

ကျန်းနန်မြို့ရှိ စံအိမ်ထဲတွင် ကျန်းမုန့်လောင်နှင့် လုရီယောင်တို့မှာ စိတ်လှုပ်ရှားဖွယ်ရာ လေ့ကျင့်ခန်းတစ်ခုကို ယခုလေးတင် ပြီးစီးသွားသည်။

"ဒီအတောအတွင်း အပြင်မှာ လျှောက်ပြီး ရှုပ်နေခဲ့သေးလား"

"ကိုယ်က ဘာလို့အဲဒီလိုလုပ်မှာလဲ။ သွေးဆောင်ဖြားယောင်းမှုတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ ကိုယ်ကတော့ သန့်ရှင်းစင်ကြယ်ပြီး သီလစောင့်ထိန်းတဲ့သူပါ"

"ငါ ဂရုမစိုက်ဘူး။ နောက်တစ်ခါ အပြင်ထွက်ရင် ငါ့ကိုပါ ခေါ်သွားရမယ်"

ကျန်းမုန့်လောင်၏ အရင်းနှီးဆုံး အဖော်ဖြစ်သည့်အားလျော်စွာ အရင်းအမြစ်ပေါင်းများစွာကို လုရီယောင်ထံသို့ ပေးအပ်ခဲ့သောကြောင့် သူ(မ)၏ သက်ရှိအဆင့် တိုးတက်မှုမှာ အမြန်ဆုံးပင်။ ယခုဆိုလျှင် လုရီယောင်လည်း အဆင့်သုံးသက်ရှိတစ်ယောက် ဖြစ်နေချေပြီ။

"ကောင်းပြီလေ။ မင်းကို ခေါ်သွားမယ်"

ကျန်းမုန့်လောင်က နောက်ပြောင်ချင်ဟန်ဖြင့် ပြုံးစိစိလုပ်လိုက်သည်။

"ဒါပေမဲ့ အပြင်မှာသွားပြီး ပျော်ကြမယ်ဆိုရင် ကမ္ဘာပေါ်မှာ တစ်ခုခုတော့ ချန်ထားခဲ့သင့်တယ်"

"ဘာကိုလဲ"

"မေးနေစရာ လိုသေးလို့လား။ မုန့်လောင်ပေါက်စလေး ဒါမှမဟုတ် ရီယောင်ပေါက်စလေးပေါ့"

"နင် ဘာလုပ်မလို့လဲ"

"အဲဒါလုပ်မလို့လေ"

...

ပါမောက္ခကျန်းမုန့်လောင်၏ အဖွဲ့က လပေါ်တွင် နှစ်ပေါင်းများစွာ လျှို့ဝှက်တည်ဆောက်ခဲ့သော အထူးစစ်ယာဉ်တန်းမှာ ယနေ့ တရားဝင်အသက်ဝင်လာပြီ ဖြစ်၏ဗ။ မကြာခင် ဂျူပီတာဂြိုဟ်၏ ပတ်လမ်းအနီးတွင် ကြီးမားလှသော စစ်ရေးလေ့ကျင့်မှုကြီးကို ကျင်းပသွားမည်ဖြစ်ရာ လူသားအားလုံး တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ကြည့်ရှုနိုင်ပေမည်။

ကမ္ဘာမြေတွင် ဤမျှအင်အားကြီးမားသော စစ်ယာဉ်တန်းကြီး ရုတ်တရက် ပေါ်ပေါက်လာသည့်အတွက် ကမ္ဘာသူကမ္ဘာသားများကို ခိုင်လုံသော ရှင်းပြချက်တစ်ခု ပေးရန် လိုအပ်သည်။ ကျန်းမုန့်လောင် ကမ္ဘာမြေမှ ထွက်ခွာသွားခဲ့သော နှစ်များအတွင်း ခမ်းနားကြီးကျယ်သော ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးနိုင်ခဲ့သည်။

တစ်လတည်းနှင့်ပင် ကမ္ဘာမြေသည် ခေတ်သစ်တစ်ခုသို့ ဝင်ရောက်လာသကဲ့သို့ပင်။ စစ်ရေး၊ နိုင်ငံရေးနှင့် ပညာရေးစနစ်များကို အလုံးစုံ ပြန်လည်ဖွဲ့စည်းခဲ့ပြီး ကြီးမားလှသော ဆောက်လုပ်ရေး စီမံကိန်းများကိုလည်း လုပ်ဆောင်လျက်ရှိ၏။ နေအဖွဲ့အစည်းအတွင်းရှိ အခြားဂြိုဟ်များကို ဖွံ့ဖြိုးတိုးတက်စေမည့် စီမံကိန်းများလည်း တစ်ခုပြီးတစ်ခု စတင်ပေါ်ပေါက်လာကာ အလုပ်ရှုပ်မည့် ကာလတစ်ခု၏ ကနဦးကို အမှတ်အသားပြုနေသည်။

ချဉ်းကပ်လာသော ဒူရန်ဒိုမျိုးနွယ်စုမှ ကျူးကျော်သူများကိုမူ သူတို့ တမင်တကာပင် လျစ်လျူရှုထားခဲ့ကြသည်။

...

နေအဖွဲ့အစည်း၏ အစွန်အဖျားတွင်

အဆင့်သုံးမျိုးနွယ်စု၏ အမြင့်ဆုံးစံနှုန်းဝင် စစ်သင်္ဘောအစင်း၂၀၀၀ပါဝင်သော စစ်ယာဉ္တန်းတစ်ခုက အမြန်ဆုံးအမြန်နှုန်းဖြင့် ခရီးနှင်လာချေသည်။

အဖွဲ့ဝင်များထံမှ သတင်းစကားများ ရရှိပြီးကတည်းက ဒူရန်ဒိုမျိုးနွယ်စု၏ မိခင်ဂြိုဟ်သည် ကမ္ဘာမြေ၏အခြေအနေကို ချက်ချင်း သုံးသပ်ခဲ့သည်။

အဆင့်တစ်သို့ ရောက်ခါစ အဆင့်နိမ့်မျိုးနွယ်စုတစ်ခုက အဆင့်လေး သို့မဟုတ် အဆင့်ငါး သက်ရှိများကို အမြောက်အမြား မွေးထုတ်ပေးနိုင်သည်ဆိုခြင်းမှာ သူတို့တွင် သံသယဖြစ်စရာ လျှို့ဝှက်ချက်တစ်ခု ရှိနေမည်မှာ အသေအချာပင်။

ပုံမှန်အားဖြင့် အဆင့်နှစ်မျိုးနွယ်စုတစ်ခု၏ အရှင်သခင်တစ်ယောက်က အဆင့်လေးသက်ရှိတစ်ဦးသာ ဖြစ်လေ့ရှိရာ ကမ္ဘာမြေ၏ အခြေအနေက သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။

ထို့ကြောင့် သူတို့လည်း ကမ္ဘာမြေ၏ အချက်အလက်များကို အဆင့်ပိုမြင့်သော အဆင့်သုံးမျိုးနွယ်စုဖြစ်သည့် အန်တီလာမျိုးနွယ်စုထံသို့ ချက်ချင်းသတင်းပို့ခဲ့ကြသည်။

ဤမျိုးနွယ်စုမှာ အဆင့်လေးသို့ ခြေတစ်လှမ်း ချထားပြီးဖြစ်၏။ သူတို့၏ အရှင်သခင်သည် စွမ်းအားကြီးမားသော အဆင့်ငါးသက်ရှိတစ်ဦးဖြစ်ပြီး သောင်းနှင့်ချီသော အဆင့်လေးသက်ရှိများနှင့် ရာနှင့်ချီသော အဆင့်ငါးသက်ရှိများ ပါဝင်သည့် စစ်တပ်ကို ဦးဆောင်ထားသည်။

အန်တီလာမျိုးနွယ်စု၏ အရှင်သခင်မှာ သက်ရှိအဆင့်မြင့်မားသော်လည်း နည်းပညာပိုင်းတွင် နောက်ကျနေသေးသော ဤမျိုးနွယ်စုအပေါ် အလွန်စိတ်ဝင်စားနေပြီး တန်ဖိုးကြီးမားသည်ဟုလည်း ယူဆထားသည်။

သေချာပေါက် အောင်မြင်စေရန်အတွက် သူ၏ အင်အားအကြီးဆုံးစစ်တပ်နှင့် စစ်သည်တော်များကို စေလွှတ်လိုက်သည်။

ဤစစ်ဆင်ရေး၏ တပ်မှူးမှာ လူနက်ဒ်ဟု အမည်ရပြီး အလယ်အလတ်တန်းစား အဆင့်ငါးသက်ရှိ သိုင်းပညာရှင်တစ်ဦးနှင့် ထူးချွန်သော စစ်ရေးဗျူဟာမှူးတစ်ဦး ဖြစ်၏။ သူ့တာဝန်မှာ ဤအပြာရောင်ကြယ်ကို သိမ်းပိုက်ပြီး သူတို့၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန်ပင်။

"အပြာရောင်ကြယ်ဘက်က ထူးခြားမှုတစ်ခုခု ရှိလား"

လူနက်ဒ်သည် သူတို့၏ မြင်ကွင်းထဲတွင် ပေါ်လာသော နေအဖွဲ့အစည်းအတွင်းရှိ အကြီးဆုံးဂြိုဟ်ဖြစ်သည့် ဂျူပီတာဂြိုဟ်ကြီးကို စိုက်ကြည့်လျက် မေးလိုက်သည်။

"မရှိပါဘူး"

လူနက်ဒ်၏ လက်အောက်ငယ်သားက ခေါင်းယမ်းလျက် ဖြေသည်။

"ဟမ့်...အခုလောက်ဆိုရင် သူတို့ ကြောက်လန့်ပြီး တုန်လှုပ်နေလောက်ပြီ"

လူနက်ဒ်က ခပ်ဖွဖွရယ်မောလိုက်သည်။ ဤမျိုးနွယ်စုမှာ ထူးဆန်းသည်ဟု ထင်ရသော်လည်း ဤမျှစစ်အင်အားနှင့်ဆိုလျှင် မမျှော်လင့်ထားသော အရာများ ဖြစ်လာလိမ့်မည်ဟု သူ မထင်ပေ။"

"ဝှီး"

အနီရောင်အလင်းတန်းတစ်ခုက အဝေးဆီမှ ရုတ်တရက် အလျင်အမြန် ကြီးမားလာသည်။

"ပြင်းထန်တဲ့စွမ်းအင်ကို ထောက်လှမ်းတွေ့ရှိပါတယ်။ ရှောင်တိမ်းရေး စစ်ဆင်မှုတွေကို လုပ်ဆောင်ပါ"

"မဖြစ်နိုင်ဘူး။ မြန်လွန်းတယ်။ ဒါက ရှောင်လွှဲလို့မရတဲ့ အမြင့်ဆုံးအဆင့်လက်နက်ပဲ"

"ဝုန်း"

စစ်သင်္ဘောနှစ်စင်းခမျာ အနီရောင်အလင်းတန်းထဲတွင် အငွေ့ပျံ၍ပျောက်ကွယ်သွားသည်။

"ဘာဖြစ်သွားတာလဲ။ အခြေအနေကို သတင်းပို့စမ်း"

လူနက်ဒ်ခမျာ ရုတ်တရက်ဆိုသလို မလုံခြုံသော ခံစားချက်တစ်ခု ဝင်ရောက်လာသည်။

"တပ်မှူး... ဒီစွမ်းအင်ပြင်းအားကို ကြည့်ရတာ အနည်းဆုံး အဆင့်ငါးမျိုးနွယ်စုရဲ့စစ်သင်္ဘော ဒါမှမဟုတ် အဆင့်တူလက်နက်တွေနဲ့ ပစ်ခတ်လိုက်တာ ဖြစ်နိုင်ပါတယ်"

"အဆင့်ငါးမျိုးနွယ်စုရဲ့စစ်သင်္ဘော ဟုတ်လား"

လူနက်ဒ် မျက်မှောင်ကြုတ်လိုက်မိသည်။

"ငါတို့ နေရာမှားနေတာများလား"

************************

All Chapters