အခန်း (၇၁၁-၇၁၂)
Vol. 72 Ch. 711-712
အခန်း (၇၁၁) - ဒီတစ်ချီ အခွင့်အရေးကိုတော့ ငါအပိုင်သိမ်းပြီ ၊ မူလဝိညာဉ် အသွင်ကူးပြောင်းခြင်း၊ နတ်ဘုရား၏ တရားဟောသံ
"..." လူအများမှာ ဆွံ့အသွားကြသည်။
မင်း ဘာတွေပြောနေတာလဲဆိုတာကို ကိုယ့်ဘာသာကိုယ် ပြန်နားထောင်ပါဦးလား။
သို့သော်လည်း ယခုအချိန်တွင် နတ်ဆိုးကြီးများ၊ ဝိညာဉ်လမ်းစဉ် ကျင့်ကြံသူများ၊ မိစ္ဆာခေါင်းဆောင်များသာမက အမှန်တရားဂိုဏ်းဝင်များ သို့မဟုတ် တစ်ကိုယ်တော် ကျင့်ကြံသူများပင် ဤကျောက်တိုင်တောထဲတွင် လီယန်ချူးကို ရန်စရန် မဝံ့ရဲကြတော့ပေ။
လီယန်ချူးသည် ကျောက်တိုင်တောထဲတွင် လူအများကို တတ်နိုင်သမျှ ရှောင်ကွင်း၍ လျှောက်လှမ်းနေသည်။ တကယ်တော့ သူက တမင်ရှောင်နေစရာပင် မလိုတော့ပါ။ ကျောက်တိုင်တောထဲတွင် ထူးဆန်းသော အခြေအနေတစ်ခု ဖြစ်ပေါ်နေ၏။ လီယန်ချူးက တစ်ဖက်တွင် ရှိနေလျှင် ကျန်သော ကျင့်ကြံသူအားလုံးက အခြားတစ်ဖက်သို့ အလိုအလျောက် စုပြုံတိုးဝှေ့ သွားကြခြင်း ဖြစ်သည်။
အလယ်တွင် စည်းခြားထားသကဲ့သို့ပင် မည်သူမျှ သူ့အနားသို့ တိုးမကပ်ရဲကြချေ။ လူတိုင်းသည် မိုးကြိုးအလင်းတန်းများအကြားတွင် ရေချိုးနေသကဲ့သို့ ဖြစ်နေသော ထိုလူငယ်ကို ကြည့်ကာ မျက်လုံးများမှာ ရှုပ်ထွေးနေကြတော့သည်။
ကျိုးရွှန့်ဖုန်းသည် ဝမ်းလျားထိုး တွားသွားနေရင်းမှ ခေါင်းမော့ကာ သူ၏ ကျောက်အစ်ကို ကို ကြည့်ပြီး စိတ်ထဲမှ အလွန်ပင် လှုပ်ရှားနေမိသည်။
“မိုက်တယ်ကွာ တကယ့် သံမဏိယောက်ျားပဲ”
ကျိုးရွှန့်ဖုန်းသည် လူတစ်ယောက်ကို ဤမျှအထိ လေးစားမိခဲလှသည်။ သို့သော် ဤ ကျောက်ကျိလုံ ဆိုသူ ကျောက်အစ်ကိုမှာတော့ သာမန်လူ မဟုတ်သည်မှာ သေချာလှပေသည်။
ဝုန်း... ဝုန်း...ဂျိန်း... ဝုန်း...
မိုးကြိုးများက မရပ်မနား ပစ်ချနေဆဲပင်
လီယန်ချူး၏ မူလဝိညာဉ်နှင့် ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း ပိုမိုသန်မာလာသည်။ သူသည် အသွင်ပြောင်းလဲခြင်းအတတ် ကို တတ်မြောက်ထားသဖြင့် ဘေးဒုက္ခမျိုးစုံကို ရှောင်ကွင်းနိုင်သော်လည်း၊ ယခုအခါ ဤကောင်းကင်မိုးကြိုးမှာ သူ့အတွက် ဘေးဒုက္ခမဟုတ်ဘဲ သူ၏ မူလဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ကြီးမားသော တိုးတက်မှုများ ဖြစ်ပေါ်စေသည့် အထောက်အပံ့ ဖြစ်နေ၏။
“မိုးကြိုးပစ်ခံရတာက ဘာမှမဟုတ်ပေမဲ့... ငါက ဘာလို့ ဒီလောက်တောင် ခံနိုင်ရည်ရှိနေရတာလဲ ”
လီယန်ချူး၏ စိတ်ထဲတွင်လည်း ဤသံသယ ရှိနေပါသည်။ အမှန်အတိုင်း ပြောရလျှင် သူသည် မိုးကြိုးပစ်ခံနေရသည်ကို ရေနွေးစိမ်နေရသကဲ့သို့ပင် သက်သောင့်သက်သာ ခံစားနေရခြင်း ဖြစ်သည်။ သူ၏ သန့်စင်မှုမှာ အပြင်ပန်းတွင် မပေါ်လွင်ဘဲ အလွန်နက်ရှိုင်းသော အလွှာများတွင် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
၎င်းမှာ အသွင်ပြောင်းလဲခြင်းအတတ်ကြောင့်လည်း ဖြစ်နိုင်ပေသည်။ လီယန်ချူးတွင် ခံစားချက်တစ်ခု ရှိနေ၏ သူသာ သူ၏ မူလအသွင်အစစ်အမှန်ကို ထုတ်ဖော်လိုက်ပါက၊ သူ၏ စွမ်းအားမှာ ကောင်းကင်နှင့် မြေကြီး မှောက်ခုံဖြစ်သွားလောက်အောင် အကြီးအကျယ် ပြောင်းလဲသွားပေလိမ့်မည်။
သို့သော် နောက်ပိုင်းတွင် မိုးကြိုးများ အဆက်မပြတ် ပစ်ချနေသော်လည်း လီယန်ချူး၏ ခန္ဓာကိုယ်နှင့် ဝိညာဉ် တိုးတက်မှုနှုန်းမှာ နှေးကွေးသွားတော့သည်။ ဤတစ်ချီရရှိမည့် အခွင့်အရေး မှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဟု လီယန်ချူး သိလိုက်သည်။
ထိုအချိန်တွင် ကျောက်တိုင်တောထဲမှ ကျင့်ကြံသူ အတော်များများ ဖြတ်ကျော်သွားကြပြီ ဖြစ်သည်။ လီယန်ချူး ဖန်တီးလိုက်သော ထူးခြားသည့် ဖြစ်စဉ်ကြီးကြောင့် လူတိုင်းမှာ အံကြိတ်ကာ အရှိန်မြှင့် လျှောက်လှမ်းခဲ့ကြရာ၊ တစ်နည်းအားဖြင့် သူသည် လူအများကို ကျောက်တိုင်တော ဖြတ်ကျော်နိုင်ရန် ကူညီပေးသလို ဖြစ်သွားခဲ့သည်။
ကျောက်တိုင်တောကို ဖြတ်ကျော်ပြီးသော ကျင့်ကြံသူအချို့မှာ တင်ပျဉ်ခွေထိုင်ကာ ဆေးလုံးများ သောက်သုံးပြီး သူတို့၏ အသက်ရှူနှုန်းနှင့် စွမ်းအားများကို ပြန်လည် ထိန်းညှိနေကြသည်။ အများစုမှာ အနားယူနေကြခြင်းသာ ဖြစ်ပြီး၊ စိတ်တည်ငြိမ်အောင် ထိုင်ရန်မှာတော့ မဖြစ်နိုင်သေးပေ။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ယံမှ မိုးကြိုးဟိန်းသံများမှာ အဆက်မပြတ် မြည်ဟီးနေဆဲ ဖြစ်သောကြောင့်ပင်။
တဖြည်းဖြည်းနှင့် ကျောက်တိုင်တောထဲတွင် လီယန်ချူးနှင့် ကျန်လူအနည်းငယ်သာ ကျန်တော့သည်။ မိုးကြိုးဟိန်းသံများမှာလည်း တဖြည်းဖြည်း တိုးညှင်းသွားတော့၏။ လူတိုင်းမှာလည်း မသိမသာ သက်ပြင်းချလိုက်မိကြသည်။ ထိုမိုးကြိုးမှာ သူတို့ကို ပစ်ခြင်းမဟုတ်သော်လည်း ထိုမျှပြင်းထန်လှသော အရှိန်အဝါကြီးမှာ အလွန်ပင် ကြောက်စရာကောင်းလွန်းလှသည် မဟုတ်ပါလား။
"သူ ဘာလုပ်မလို့လဲ"
ကျင့်ကြံသူတစ်ဦးက အံ့သြတကြီး အော်လိုက်သည်။
လီယန်ချူးသည် ကျောက်တိုင်တစ်ခုပေါ်သို့ ခုန်တက်လိုက်သည်ကို လူတိုင်း သတိထားမိသွားကြ၏။ စောစောက တစ်စုံတစ်ဦးသည် ဤကဲ့သို့ ကျောက်တိုင်တောကို ဖြတ်ကျော်ရန် ကြိုးစားခဲ့သဖြင့် နေရာတင် ပွဲချင်းပြီး အသတ်ခံလိုက်ရသည်ကို အားလုံး အမှတ်ရနေကြဆဲ ဖြစ်သည်။
"သူ ရူးသွားတာလား"
ထိုကျင့်ကြံသူက ထပ်မံ အော်ပြောလိုက်သည်။
ဝုန်း...
ကြီးမားလှသော မိုးကြိုးသံကြီး တစ်ချက် ပေါက်ကွဲသွားပြီး တစ်လောကလုံး ဖြူဖွေးသွားတော့သည်။ မျက်စိထဲတွင် ပြန်လည် မြင်ကွင်းရှင်းသွားသည့်အခါ လူတိုင်းမှာ အံ့သြလွန်းသဖြင့် အသက်ရှူပင် မှားသွားကြသည်။
မျက်ခုံးမျက်ဖျား အေးစက်သော ထိုလူငယ်မှာ မည်သည့်ဒဏ်ရာမျှ မရဘဲ ကျောက်တိုင်ထိပ်တွင် မတ်မတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးတွင် မိုးကြိုးအလင်းတန်းများ ဖျတ်ဖျတ်လက်လက် တောက်ပနေသည်။
"ဒါတောင် ရသေးတာလား"
သို့သော် ထိုမိုးကြိုးသံကြီးပြီးနောက် ကောင်းကင်နှင့် မြေကြီးတွင် မည်သည့် ထူးခြားချက်မျှ ထပ်မံ ဖြစ်ပေါ်မလာတော့ပေ။ လီယန်ချူးသည်လည်း ဘာမှ ထပ်မခံစားရတော့ပါ။ မူလဝိညာဉ်ထဲမှ မိုးကြိုးသံစဉ်ရော၊ ဟင်းလင်းပြင်ထဲမှ ပစ်ချနေသော မိုးကြိုးများပါ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
မိမိကိုယ်တိုင်၏ သန်မာလာမှု အပြောင်းအလဲကို ခံစားမိလိုက်သဖြင့် လီယန်ချူး၏ စိတ်ထဲတွင် ဝမ်းသာသွားရ၏။ သူသည် ကျောက်တိုင်များပေါ်မှတစ်ဆင့် ဝဲပျံကာ ကျောက်တိုင်တောကို တိုက်ရိုက် ဖြတ်ကျော်လိုက်တော့သည်။
ထိုအချိန်တွင် ကျောက်တိုင်တောထဲ၌ ကျန်ရှိနေသေးသော ကျင့်ကြံသူအချို့မှာ သူ၏ လှုပ်ရှားမှုကို ငေးကြည့်ရင်း မနေနိုင်ဘဲ အားကျမိသွားကြသည်။
ထိုအထဲမှ တစ်ဦးမှာ ရုတ်တရက် ဝမ်းသာအားရ အော်လိုက်သည်။
"ဒါဆို ကျောက်တိုင်တောထဲက နတ်ဘုရားစွမ်းအားတွေ ပျောက်သွားပြီပေါ့ "
သူသည် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည့်အခါ ရင်းနှီးနေသော မိုးကြိုးသံစဉ်မှာ ပြန်လည် မြည်ဟီးလာပြန်သည်။ သူသည် မိုးကြိုးသံကို ခုခံရန် အစွမ်းကုန် အာရုံစိုက်ထားရာမှ၊ စောစောက ခေတ္တ စိတ်လျှော့လိုက်သည့်အတွက် မိုးကြိုးသံမှာ ပို၍ပင် ပြင်းထန်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"အား..."
ထိုကျင့်ကြံသူမှာ အသည်းယားဖွယ် အော်ဟစ်ကာ မြေကြီးပေါ်သို့ ဒူးထောက် လဲကျသွားတော့သည်။ ကျောက်တိုင်တောထဲတွင် ကျန်နေသေးသူများမှာ မျက်နှာပျက်သွားကြပြီး၊ စိတ်ထဲတွင် မနာလိုမှုနှင့် မခံချင်စိတ်များ ရောပြွမ်းနေကြတော့သည်။
“ဘာလို့လဲ ဘာလို့ သူကတော့ ကျောက်တိုင်တွေပေါ်မှာ ပျံသွားလို့ရပြီး၊ ငါတို့ကျတော့ ဒီမှာ ဒီလောက် ဒုက္ခခံနေရတာလဲ ”
ဝမ်းနည်းအားငယ်မှုများမှာ ကျောက်တိုင်တောထဲတွင် ပျံ့နှံ့သွားတော့သည်။ ဤဖြစ်ရပ်ပြီးနောက် လူတိုင်းသည် လီယန်ချူးကို ကြည့်သည့်အခါ မျက်လုံးများမှာ ပိုမို ရှုပ်ထွေးသွားကြရ၏။
“ဒီလူက တကယ်ပဲ ဘယ်သူလဲ”
ဟူသော အတွေးမှာ လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာတော့သည်။
သို့သော်လည်း ကောင်းကင်ယံမှ ပျံ့လွင့်လာသော နတ်ဘုရားတေးသံများမှာ အလွန်ပင် ဆွဲဆောင်မှု ရှိနေဆဲပင်။ လူတိုင်းမှာ ခေတ္တမျှ အနားယူပြီး စွမ်းအားများ ပြန်လည်ပြည့်ဖြိုးလာသည်နှင့် တောင်ပေါ်သို့ ဆက်လက် တက်လှမ်းကြတော့သည်။ နောက်ဆုံးတွင်မူ ကျိုရှောင်နတ်ဘုရားကျမ်းစာ ကို ရရှိရန်ကသာ သူတို့၏ အဓိက ရည်မှန်းချက် မဟုတ်ပါလား။
ဤနေရာသို့ ရောက်လာသူများမှာ စိတ်ဓာတ်ခိုင်မာသူများ ဖြစ်ကြသဖြင့် လီယန်ချူး ဖန်တီးခဲ့သော ထူးခြားသည့် ဖြစ်စဉ်ကြောင့် ခေတ္တမျှ စိတ်အာရုံ ထွေပြားသွားသော်လည်း၊ မကြာမီမှာပင် စိတ်ဓာတ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြသည်။
ဤတစ်ကြိမ်တွင် နတ်ဘုရားအခွင့်အရေး ပေါ်ပေါက်လာခြင်းမှာ ထူးခြားလှပြီး လင်ရွှီနယ်မြေထဲတွင် မိစ္ဆာများပင် မရှိတော့ပေ။ ၎င်းမှာ နတ်ဘုရားက ပေးသနားသော မြေဖြစ်ရာ၊ အကယ်၍ ဤနေရာတွင်မှ အခွင့်အရေးကို မရရှိခဲ့လျှင် တစ်သက်လုံး နောင်တရနေကြရပေလိမ့်မည်။
အထူးသဖြင့် ယင်ဝိညာဉ် အထွတ်အထိပ်သို့ ရောက်နေသော်လည်း ရှေ့ဆက်မတက်နိုင်ဘဲ ပိတ်မိနေသော ဂိုဏ်းကြီးများမှ ပုဂ္ဂိုလ်ကြီးများအတွက် ဤအခွင့်အရေးမှာ အလွန်ပင် အရေးကြီးလှပေသည်။
မကြာမီမှာပင် လူအတော်များများ တောင်ပေါ်သို့ တက်သွားကြပြီ ဖြစ်သည်။ တောင်ပေါ်ရှိ ကျောက်လှေကားထစ်များပေါ်တွင်မူ မည်သည့် ကန့်သတ်ချက်မျှ မရှိသလို၊ ထူးခြားသော စွမ်းအားများလည်း မရှိပေ။ လမ်းလျှောက်ရသည်မှာ သာမန်တောင်လမ်းအတိုင်းပင် ဖြစ်သဖြင့် လူတိုင်း ဝမ်းသာအားရ တောင်ပေါ်သို့ အမြန်ပြေးတက်သွားကြတော့သည်။
လီယန်ချူးမှာမူ တောင်ပေါ်သို့ အမြန်မတက်သေးဘဲ တင်ပျဉ်ခွေထိုင်ကာ ယခုရရှိလိုက်သော အကျိုးကျေးဇူးများကို အာရုံစိုက် ထိန်းညှိနေ၏။ ကျိုးရွှန့်ဖုန်းသည် စကားပြောရန် အနားသို့ လာချင်သော်လည်း လီယန်ချူး ကျင့်စဉ်ကျင့်နေသည်ကို တွေ့ရသဖြင့် အလိုက်သိစွာပင် တောင်ပေါ်သို့ တိတ်တဆိတ် တက်သွားတော့သည်။
ခဏအကြာတွင် ကျောက်တိုင်တောရှေ့၌ လူသူ ကင်းမဲ့သွားတော့သည်။ သို့သော်လည်း အနောက်မှ ကျင့်ကြံသူများမှာ တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာနေကြဆဲ ဖြစ်သည်။
လီယန်ချူးသည် ထိုနေရာတွင် ထိုင်ရင်း မိမိကိုယ်တိုင်၏ အပြောင်းအလဲများကို အသေအချာ ခံစားကြည့်နေမိသည်။ သူ၏ ခန္ဓာကိုယ်မှာ အရင်ကထက် များစွာ သန်မာလာခဲ့ပြီ ဖြစ်သော်လည်း၊ မည်သည့်အဆင့်သို့ ရောက်နေပြီလဲဆိုသည်ကိုတော့ ခန့်မှန်း၍ မရသေးပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ်ပေါ်တွင် အသွင်ပြောင်းလဲခြင်းအတတ်က ဖုံးကွယ်ထားသဖြင့် လက်ရှိတွင် သူပြသနေသော စွမ်းအားမှာ ဒုတိယအဆင့် သာ ဖြစ်နေသောကြောင့်ပင်။
မူလဝိညာဉ်၏ တိုးတက်မှုကိုလည်း အတိအကျ ခန့်မှန်း၍ မရသော်လည်း အချက်တစ်ချက်ကိုတော့ သူ သေချာ သိလိုက်သည်။ ၎င်းမှာ သူ၏ မူလဝိညာဉ်သည် အလွန်ပင် ထူထဲခိုင်မာသွားခြင်း ဖြစ်၏။ အရင်က သူ၏ မူလဝိညာဉ်မှာ ဝိညာဉ်ပုံရိပ် ကို အသုံးမပြုပါက အတော်လေး နုနယ်သေးသည်ဟု ဆိုနိုင်ပါသည်။ လုံဟူရှန်းဂိုဏ်း၏ ထိုက်ကျိ ယင်ယန်လျှို့ဝှက်အတတ်ကို အသုံးမပြုပါက သူတစ်ပါးနှင့် ယှဉ်ပြိုင်ရန် ခဲယဉ်းပေလိမ့်မည်။
တတိယအဆင့်ရှိ ယန်ဝိညာဉ်များမှာ ခိုင်မာလှသော်လည်း၊ တိုက်ပွဲဝင်ရာတွင် ဝိညာဉ်ပုံရိပ်၏ အကူအညီကို ယူရဆဲ ဖြစ်သည်။ သို့သော် လီယန်ချူးမှာမူ ယခုအခါ ကွဲပြားသွားပြီ ဖြစ်သည်။
သူ၏ မူလဝိညာဉ်မှာ ကြောက်စရာကောင်းလောက်အောင် ထူထဲသိပ်သည်းသွားပြီး သူ၏ အသားစိုင် ခန္ဓာကိုယ်နှင့်ပင် မခြားနားတော့ပေ။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ယခင်က အခေါင်းပွကြီး ဖြစ်နေပြီး ကျိုးလွယ်သော်လည်း၊ ယခုမူ အနှစ်အသားအပြည့်နှင့် အစိုင်အခဲ ကြီး ဖြစ်သွားခြင်းပင်။
“စောစောက မိုးကြိုးငါးပါးအဆောင် နဲ့ အပစ်ခံလိုက်ရလို့ မိုးကြိုးဓာတ်နဲ့ ပိုပြီး သဟဇာတ ဖြစ်သွားတာလား”
လီယန်ချူးက စိတ်ထဲမှ ခန့်မှန်းကြည့်နေမိသည်။
လက်ရှိတွင် လင်ရွှီနယ်မြေထဲ၌ ဒုတိယအဆင့်ရှိ ကျင့်စဉ်ကိုသာ သုံးနိုင်သဖြင့် သူ၏စွမ်းအားကို စမ်းသပ်၍ မရသေးပေ။ သူသည် ခေတ္တမျှ ခံစားကြည့်ပြီးနောက် လက်လျှော့လိုက်ကာ တောင်ပေါ်သို့ ဆက်လက် တက်လှမ်းခဲ့သည်။
ဤနတ်ဘုရားတောင်မှာ အလွန်ပင် မြင့်မားလှပြီး တောင်ထိပ်မှာ တိမ်တိုက်များအကြားတွင် ဖုံးလွှမ်းနေ၏။ လီယန်ချူး တောင်အလယ်သို့ ရောက်သည့်အခါ မြူနှင်းပါးပါးလေးများက ဖုံးလွှမ်းလာသည်။ သူသည် ရှေ့သို့ ဆက်လက် တက်လှမ်းခဲ့ရာ တောင်ထိပ်တွင် နတ်ဘုရားနန်းဆောင်ကြီး တစ်ခုကို တွေ့လိုက်ရ၏။
ထိုနေရာမှ မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေပြီး၊ သေချာ နားစွင့်ကြည့်ပါက နတ်ဘုရားတစ်ပါးက တရားဟောကြားနေသော အသံကို ကြားနေရတော့သည်။
"အထဲမှာ အသက်ရှင်နေတဲ့ နတ်ဘုရား ရှိနေတာလား"
လီယန်ချူး၏ မျက်ခုံးများ ပင့်တက်သွားတော့သည်။
အခန်း (၇၁၂) - နတ်ဘုရားနန်းဆောင်ကြီး ၊ ဝတ်စုံဖြူနှင့်နတ်ဘုရား ၊ တရားနာရင်း ယန်ဝိညာဉ်အဆင့်သို့ တက်လှမ်းခြင်း
ဤနန်းဆောင် ၏ ပုံစံမှာ ရှေးဆန်လှပြီး ထွင်းထုမွမ်းမံထားသော ထုတ်တန်း၊ တိုင်လုံးများဖြင့် ခန့်ညားထည်ဝါလှသည်။
လီယန်ချူးသည် နန်းဆောင်အတွင်းသို့ ခြေချလိုက်ရာ၊ အထဲတွင် စန်းချင်း ဆရာသခင်ကြီးများကို ပူဇော်ပသထားသည်ကို တွေ့လိုက်ရ၏။
ဝတ်စုံဖြူနှင့် နတ်ဘုရားတစ်ပါးမှာ ပလ္လင်ထက်၌ တရားဟောကြားနေပြီး၊ အောက်ဘက်ရှိ ကျင့်ကြံသူအပေါင်းမှာမူ နှစ်ခြိုက်စွာ နားထောင်နေကြသည်။ ထိုဝတ်စုံဖြူနှင့် နတ်ဘုရားမှာ အရပ်ရှစ်ပေခန့်ရှိကာ မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ချောမောလှပပြီး၊ မျက်လုံးအစုံမှာ ကြယ်တာရာများကဲ့သို့ တောက်ပနေကာ မေးစေ့တွင် မုတ်ဆိတ်ရှည် သုံးစု ရှိသည်။ ခါးတွင်မူ ရှေးဟောင်းဓားတစ်လက်ကို ချိတ်ဆွဲထား၏။
သူ တရားဟောကြားနေစဉ် ဘေးပတ်ဝန်းကျင်၌ ခရမ်းရောင်အငွေ့အသက်များ ဝေဖြာနေပြီး နတ်ပြည်တစ်ခုအလား ထင်မှတ်ရပေသည်။
လီယန်ချူးသည် နန်းဆောင်အတွင်းသို့ ဝင်ဝင်ချင်းမှာပင် အနည်းငယ် မှင်သက်သွားရ၏။ ကျင့်ကြံသူအပေါင်းမှာ ထိုနေရာတွင် တိတ်ဆိတ်စွာဖြင့် ဝတ်စုံဖြူနတ်ဘုရား၏ တရားကို နာယူနေကြသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
ထိုအထဲတွင် တရားရုံးတော်ချုပ် မှ ဒုတိယအရာရှိ ရွှီထျန်းနန်၊ မြက်ခင်းပြင်၏ ပါရမီရှင် မုယုံလုံချန်နှင့် ကျဲ့ခုံးဘုန်းကြီးတို့လည်း ပါဝင်သည်။ သူတို့၏ မျက်ဝန်းများထဲတွင် ကြည်ညိုသဒ္ဓါတရားများ ပြည့်လျှံနေပြီး အလွန်ပင် စိတ်လှုပ်ရှားနေကြ၏။
လီယန်ချူးသည် အသေအချာ နားစွင့်ကြည့်လိုက်ရာ ထိုဝတ်စုံဖြူနတ်ဘုရား ဟောကြားနေသည်မှာ ကျမ်းစာတစ်စောင်ဖြစ်ပြီး၊ ထိုအထဲတွင် ကျင့်ကြံခြင်း၏ လျှို့ဝှက်ချက်များ ပါဝင်နေသည်ကို တွေ့လိုက်ရသည်။
သူသည် စာကြောင်းအနည်းငယ်မျှကို နားထောင်လိုက်ရုံဖြင့်ပင် အလွန်နက်နဲသိမ်မွေ့ကြောင်း ခံစားလိုက်ရပြီး၊ စိတ်ထဲတွင် ကိလေသာများ ကင်းစင်ကာ အေးချမ်းသွားတော့သည်။
“လင်ရွှီနယ်မြေထဲမှာ တကယ်ပဲ နတ်ဘုရားတစ်ပါး ရှိနေတာလား ”
“ဒါကြောင့်ပဲ ဒီနေရာမှာ နယ်ပယ်ပြင်ပမိစ္ဆာတွေ ကျူးကျော်တဲ့ အမှတ်အသားတွေ မရှိတာလား ”
လီယန်ချူး အာရုံစိုက်ကြည့်နေစဉ် ထိုဝတ်စုံဖြူနတ်ဘုရားမှာလည်း သူ့ကို သတိထားမိသွား၏။ အေးစက်သော အကြည့်တစ်ချက် ဝေ့ဝဲလာရာ လီယန်ချူးသည် ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအားတစ်ခုက မိမိကို လွှမ်းခြုံထားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူသည် ကောင်းကင်အထိ မြင့်မားသော ဘီလူးကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ပင်။
သို့သော် ထိုစိတ်ဝိညာဉ်စွမ်းအားမှာ ခဏအတွင်း ပျောက်ကွယ်သွားခဲ့ပြီး မည်သည့် တိုက်ခိုက်လိုစိတ်မျှ မရှိပေ။ ထိုသို့မဟုတ်ဘဲ ထိုသူက လီယန်ချူးကို အသာအယာ ပြုံးပြလိုက်ရာ၊ လီယန်ချူးကလည်း ခေါင်းအသာညိတ်၍ ဝတ်ပြုနှုတ်ဆက်လိုက်သည်။
ဝတ်စုံဖြူနတ်ဘုရား၏ နှုတ်ထွက်စကားများမှာ ကြာပန်းများ ပွင့်လန်းလာသကဲ့သို့ပင်။ နန်းဆောင်ကြီးအတွင်း၌ အေးချမ်းသာယာသော အရှိန်အဝါများ လွှမ်းခြုံထားပြီး လူတို့၏ စိတ်ကို ကြည်လင်သန့်ရှင်းသွားစေသည်။
လီယန်ချူးသည် ခဏမျှ နားထောင်ပြီးနောက် ထိုနတ်ဘုရား ဟောကြားနေသည်မှာ ကျိုရှောင်နတ်ဘုရားကျမ်းစာ ဖြစ်နေသည်ကို တွေ့ရှိသွားသည်။
“ဒါ... ရွှီမိသားစု ဘိုးဘေးပြောတဲ့ နတ်ဘုရားကျမ်းစာပေါ့ ”
လီယန်ချူးသည် ရုတ်တရက် အခြေအနေကို နားမလည်နိုင်ဖြစ်သွားရသည်။ ဤနတ်ဘုရားက အဘယ်ကြောင့် နတ်ဘုရားကျမ်းစာကို လူအများရှေ့တွင် ဗြောင်ဟောကြားနေရသနည်း။
လင်ရွှီနယ်မြေထဲတွင် အဘယ်ကြောင့် နယ်ပယ်ပြင်ပမိစ္ဆာများ၏ အမှတ်အသား မရှိရသနည်း၊ ထိုစဉ်က နတ်ဘုရားနယ်မြေကြီး ပျက်စီးသွားအောင် ဘာတွေဖြစ်ခဲ့သနည်း၊ ထိုနယ်ပယ်ပြင်ပမိစ္ဆာများကကော ဘယ်ကနေ ရောက်လာကြသနည်း ဆိုသည်ကို သူ အလွန် သိချင်နေပါသည်။
လီယန်ချူး၏ စိတ်ထဲတွင် ကျိုရှောင်နတ်ဘုရားကျမ်းစာထက် ထိုစဉ်က ဖြစ်ရပ်မှန်များကို ပို၍ စိတ်ဝင်စားနေမိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မာနတ်ဘုရား နှင့် ထိုမိစ္ဆာများ တိုက်ခိုက်စဉ်က ကောင်းကင်နှင့် မြေကြီး ပျက်စီးမတတ် ဖြစ်ခဲ့သည်ကို မြင်တွေ့ခဲ့ရဖူးသောကြောင့်ပင်။ ထို့နောက်တွင်လည်း နယ်ပယ်ပြင်ပမိစ္ဆာများ လွတ်မြောက်သွားပြီး လူသားများ၏ ခန္ဓာကိုယ်ထဲတွင် ပူးကပ်နေခဲ့ကြသည်။
ထိုဖြစ်ရပ်များမှာ မြူခိုးများသဖွယ် လီယန်ချူး၏ စိတ်ထဲတွင် လွှမ်းမိုးနေခဲ့၏။ ယခုအခါတွင်မူ နတ်ဘုရားနယ်မြေအတွင်း အသက်ရှင်ကျန်ရစ်နေသော နတ်ဘုရားတစ်ပါးကို နောက်ဆုံး၌ တွေ့လိုက်ရပြီဖြစ်ရာ၊ ရှေ့သို့တိုး၍ မေးမြန်းချင်စိတ်များ ပြင်းပြနေပါသည်။
သို့သော်လည်း နန်းဆောင်အတွင်းရှိ ကျင့်ကြံသူ အယောက်ပေါင်းများစွာမှာ ဝတ်စုံဖြူနတ်ဘုရား၏ တရားကို အာရုံစိုက် နာယူနေကြသဖြင့်၊ လီယန်ချူးမှာ စိတ်လှုပ်ရှားမှုကို အသာအယာ ထိန်းချုပ်ထားလိုက်ရသည်။
သူက ဝေ့ဝဲကြည့်လိုက်ရာ အချိုးအစားကျလှပသော ခန္ဓာကိုယ်ပိုင်ရှင် ချင်လော့ရွှန်းကိုတော့ ဤနန်းဆောင်အတွင်း မတွေ့ရပေ။ သူသည် ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး ထိုင်ဖုံ တစ်ခုပေါ်တွင် ထိုင်လိုက်ကာ၊ နတ်ဘုရား၏ တရားဟောသံကို တိတ်ဆိတ်စွာ နာယူတော့သည်။
နတ်ဘုရားနယ်မြေကို အုပ်ချုပ်သူများမှာ မြေပြင်နတ်ဘုရား များ ဖြစ်ကြရာ၊ သူတို့၏ လမ်းညွှန်စကား တစ်ခွန်းမှာပင် ကျင့်ကြံသူတစ်ဦးအတွက် အတိုင်းအဆမရှိသော အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။ ယခုမူ ဝတ်စုံဖြူနတ်ဘုရားသည် ကျိုရှောင်နတ်ဘုရားကျမ်းစာကို ကိုယ်တိုင် ရှင်းလင်းဟောကြားနေခြင်း ဖြစ်သည်။
လီယန်ချူး၏ နားထဲသို့ ထိုအသံများ ဝင်ရောက်လာသည်နှင့် သူသည် မသိမသာပင် စိတ်နှစ်သွားတော့၏။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်စဉ်စွမ်းအားများမှာ ထူးခြားသော လမ်းကြောင်းအတိုင်း လည်ပတ်လာပြီး အလွန်ပင် ချောမွေ့နေသည်။ အရှိန်အဟုန်မှာ မြန်ဆန်သော်လည်း တည်ငြိမ်လှကာ၊ ထိုအထဲတွင် ထူးခြားဆန်းပြားသော အငွေ့အသက်များ ကိန်းအောင်းနေသဖြင့် အကျိုးကျေးဇူးမှာ ကြီးမားလှပေသည်။
“ဒါက ကျိုရှောင်နတ်ဘုရားကျမ်းစာလား နတ်ဘုရားရဲ့ တရားကို နာယူရုံနဲ့ ကျင့်စဉ်ကို တိုက်ရိုက် နားလည်သွားနိုင်တာလား ”
လီယန်ချူး စိတ်ထဲတွင် အံ့သြသွားမိသည်။
သို့သော် ထိုအပြောင်းအလဲမှာ ခဏတာမျှသာ ဖြစ်၏။ လီယန်ချူးသည် ဟွမ်ထင်ကျမ်းစာ ကို ကျင့်ကြံထားသူ ဖြစ်သည်။ ဟွမ်ထင်ကျမ်းစာတွင် ၎င်း၏ ကိုယ်ပိုင် ကျင့်စဉ်လည်ပတ်မှု လမ်းကြောင်း ရှိပြီးသားပင်။
ကျိုရှောင်နတ်ဘုရားကျမ်းစာက လည်ပတ်ရန် ကြိုးစားခြင်းမှာ ဟွမ်ထင်ကျမ်းစာ၏ လမ်းကြောင်းကို ဖျက်ဆီးသလို ဖြစ်နေသည်။ ထို့ကြောင့် ဤအပြောင်းအလဲလေးကို ဟွမ်ထင်ကျမ်းစာက ချက်ချင်းပင် ပြန်လည် ပြုပြင်လိုက်တော့သည်။
လီယန်ချူးသည် နတ်ဘုရား၏ တရားကို ဆက်လက် နာယူနေသော်လည်း၊ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ ထိုထူးခြားသော လမ်းကြောင်းအတိုင်း လည်ပတ်ခြင်း မရှိတော့ပေ။
“ဟင်... ကျင့်စဉ်လမ်းကြောင်းကို ပြောင်းလို့မရဘူးလား”
လီယန်ချူး ကြောင်သွားရသည်။
ကျင့်ကြံခြင်းလောကတွင် ကျင့်စဉ်လမ်းကြောင်း ပြောင်းလဲခြင်းမှာ ထူးဆန်းသောအရာ မဟုတ်ပေ။ ကျင့်စဉ်အမျိုးမျိုးကို ပူးတွဲကျင့်ကြံပြီး အစွမ်းထက်လာသူများ ရှိသကဲ့သို့၊ အစပိုင်းတွင် ကျင့်စဉ်တစ်ခုကို ကျင့်ပြီးမှ နောက်ပိုင်းတွင် ပိုမိုအားကောင်းသော ကျင့်စဉ်သို့ ပြောင်းလဲကျင့်ကြံသူများလည်း ရှိကြပါသည်။
“ဟွမ်ထင်ကျမ်းစာက ဒီလောက်တောင် မာကျောတာလား”
လီယန်ချူး၏ စိတ်ထဲတွင် ဤအတွေး ဖျတ်ခနဲ ပေါ်လာသည်။
ထိုထူးခြားသော ခံစားချက် ပျောက်ကွယ်သွားသည့်အခါ သူ၏ စိတ်မှာ ပို၍ တည်ငြိမ်သွားပြီး၊ တရားစဟောစဉ်ကကဲ့သို့ စိတ်လှုပ်ရှားမှုမျိုး မရှိတော့ပေ။ သူသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ၊ အားလုံး၏ မျက်ဝန်းများမှာ ကြည်ညိုသဒ္ဓါတရားများဖြင့် ပြည့်နှက်နေပြီး ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားနေကြသည်ကို တွေ့ရသည်။
ဝတ်စုံဖြူနတ်ဘုရားသည် ယခုအခါ ဂါထာမန္တရားတစ်ပုဒ်ကို ရွတ်ဆိုနေခြင်း ဖြစ်သည်။ အစပိုင်းတွင် နားလည်ရ ခက်ခဲနက်နဲလှသော်လည်း၊ ထိုနတ်ဘုရားက အသေးစိတ် ရှင်းလင်းဟောကြားလိုက်သည့်အခါ လူတိုင်းမှာ ချက်ချင်းပင် သဘောပေါက် နားလည်သွားကြတော့သည်။
"ယန်ဝိညာဉ်က ဇီဖူ မှာ ကိန်းအောင်းတယ်၊ ကျိုရှောင်က ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေကို သန့်စင်ပေးတယ်၊ ဇီဖူထဲကို ဝင်ရောက်နိုင်ရင် အရေးကြီးတဲ့ အတားအဆီးတွေကို ချိုးဖျက်နိုင်လိမ့်မယ်"
ဟု ဝတ်စုံဖြူနတ်ဘုရားက အေးအေးဆေးဆေး ပြောလိုက်သည်။
ထိုအချိန်တွင် လူအုပ်ထဲမှ လူတစ်ယောက်မှာ ရုတ်တရက် ထရပ်လိုက်ပြီး အလွန်ပင် စိတ်လှုပ်ရှားနေသည်။ လီယန်ချူး လှမ်းကြည့်လိုက်ရာ ထိုသူမှာ ခါးတွင် ဘူးသီးခြောက်ဘူးကို ချိတ်ဆွဲထားပြီး၊ မြက်ဖိနပ်တစ်စုံကို စီးထားကာ ဖြူဖွေးသော ဆံပင်နှင့် ကလေးငယ်တစ်ဦးကဲ့သို့ နုပျိုသော မျက်နှာရှိသည့် အဖိုးအိုတစ်ဦး ဖြစ်သည်။ သူ၏ မျက်လုံးများမှာ မီးတောက်များကဲ့သို့ တောက်ပနေသည်။
အတိအကျ ပြောရလျှင် သူသည် တာအိုလမ်းစဉ် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူ၏ အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လှပြီး၊ ယင်ဝိညာဉ် အထွတ်အထိပ်သို့ ရောက်နေသော ရွှီထျန်းနန်ထက် အနည်းငယ်မျှသာ အားနည်းသည့် တိမ်မြုပ်နေသော ကျွမ်းကျင်သူကြီး တစ်ဦးပင် ဖြစ်သည်။
"အောင်မြင်ပြီ နောက်ဆုံးတော့ အောင်မြင်သွားပြီ "
ထိုမြက်ဖိနပ်စီး အဖိုးအိုက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ သူသည် အနှစ်သုံးဆယ် ကျင့်ကြံပြီးနောက် ယင်ဝိညာဉ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ရာ ပါရမီမှာ မနိမ့်လှပေ။ သို့သော် ထိုအဆင့်မှာပင် နှစ်ပေါင်းခြောက်ဆယ်တိုင်တိုင် ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။
သူသည် မိမိ၏ ဘဝသက်တမ်းအတွင်း ယန်ဝိညာဉ် အဆင့်သို့ ရောက်ရန် မျှော်လင့်ချက် မရှိတော့ဟု ထင်ထားခဲ့သော်လည်း၊ လင်ရွှီနယ်မြေသို့ ရောက်လာပြီး နတ်ဘုရား၏ တရားကို နာယူရုံဖြင့် အတားအဆီးများကို တိုက်ရိုက် ချိုးဖျက်နိုင်ခဲ့ခြင်းပင်။
အဖိုးအို၏ အရှိန်အဝါမှာ တစ်ခဏအတွင်း ထူထဲသိပ်သည်းလာပြီး၊ သူ၏ အနောက်တွင် ဝေဝါးသော မူလဝိညာဉ်တစ်ခု ပေါ်လာကာ ယန်ဝိညာဉ်အတွင်း၌ သန့်စင်သော ယန်ဓာတ်များ စီးဆင်းနေသည်။ ထိုဝိညာဉ်ပုံရိပ်မှာ အဖိုးအို၏ မျက်နှာနှင့် အတိအကျပင်။
မူလဝိညာဉ်က အဖိုးအို၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည့်အခါ သူ၏ မျက်လုံးများမှာ ပိုမို နက်ရှိုင်းသွားတော့သည်။ ယန်ဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ သူ၏ ခန္ဓာကိုယ်အတွင်း မည်သည့် အတားအဆီးမျှ မရှိတော့ပေ။
"လျန်မိတ်ဆွေ... တတိယအဆင့်ကို တက်လှမ်းနိုင်သွားတဲ့အတွက် ဂုဏ်ယူပါတယ် "
သူနှင့် သိကျွမ်းသော အခြားအဖိုးအိုတစ်ဦးက ပြောလိုက်သည်။
မြက်ဖိနပ်စီးထားသော အဖိုးအိုမှာ စိတ်ထဲမှ မွန်းကြပ်မှုများ အားလုံး ကင်းစင်သွားသကဲ့သို့ အားရပါးရ ပြုံးလိုက်တော့သည်။ သူသည် ဝတ်စုံဖြူနတ်ဘုရားရှေ့တွင် ဒူးထောက်ဝတ်ပြုကာ တပည့်ဝတ်ကို ပြုလိုက်သည်။
"ကျွန်တော့်ကို တရားဓမ္မတွေ သင်ကြားပေးတဲ့အတွက် နတ်ဘုရားကြီးကို ကျေးဇူးအထူးတင်ပါတယ်"
သူ၏ အသံမှာ အလွန်ပင် ကြည်ညိုလေးစားမှု ရှိလှပေသည်။
ဝတ်စုံဖြူနတ်ဘုရားသည် သူ၏ မုတ်ဆိတ်ရှည်ကို အသာအယာ ပွတ်သပ်ရင်း ပြုံးလိုက်သည် ။
"မင်းရဲ့ ဉာဏ်အလင်းက မဆိုးပါဘူး၊ ငါ့နောက်မှာ သုံးနှစ်လောက် ကျင့်ကြံရင် ယန်ဝိညာဉ် အထွတ်အထိပ်အထိ ရောက်နိုင်တယ်"
ဤစကားကြောင့် လူတိုင်းမှာ အလွန်ပင် အံ့သြသွားကြရ၏။ ယန်ဝိညာဉ်အဆင့်၏ အဆင့်ငယ်တစ်ခုစီမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပြီး၊ တက်လှမ်းရန် ခက်ခဲမှုမှာ ယင်ဝိညာဉ်မှ ယန်ဝိညာဉ်သို့ တက်လှမ်းရသည်ထက် မနည်းပေ။ သို့သော် နတ်ဘုရားက ထိုအဖိုးအိုအား သုံးနှစ်အတွင်း အထွတ်အထိပ်သို့ ရောက်နိုင်သည်ဟု ပြောလိုက်ခြင်းမှာ အမှန်တကယ်ပင် မယုံနိုင်စရာပင်။
ထိုထက် ရှေ့ဆက်တိုးနိုင်လျှင် ကောင်းကင်သို့ ပျံတက်ကာ နတ်ဘုရားအဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်ပါလား။ လူတိုင်း၏ အသက်ရှူသံများမှာ ပြင်းထန်လာပြီး၊ သူတို့၏ မျက်ဝန်းများထဲတွင် တောင့်တမှုများဖြင့် ပိုမို၍ ကြည်ညိုလာကြတော့သည်။
ဝတ်စုံဖြူနတ်ဘုရားက လက်ကို အသာအယာ ဝှေ့ယမ်းပြလိုက်သည်။
"မင်း ပြန်ထိုင်ပါဦး၊ ယန်ဝိညာဉ်အဆင့်အတွက် ကျိုရှောင်နတ်ဘုရားကျမ်းစာမှာ အသစ်အဆန်းတွေ ရှိပါသေးတယ်၊ ငါ ဖြည်းဖြည်းချင်း ရှင်းပြပေးမယ်"
ထိုမြက်ဖိနပ်စီး အဖိုးအိုမှာ တပည့်ဝတ်ကို ထပ်မံပြုလိုက်ပြီး
"နတ်ဘုရားကြီးရဲ့ ဆုံးမမှုကို နာခံပါ့မယ်" ဟု ရိုသေစွာ ပြောလိုက်၏။ သူသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ နေရာတွင် ပြန်လည် ထိုင်လိုက်သည်။
ဝတ်စုံဖြူနတ်ဘုရားသည် တရားကို ဆက်လက် ဟောကြားနေပြီး၊ ထိုအဖိုးအိုကို ကြည့်သည့် အကြည့်မှာလည်း ကြင်နာပြီး ချီးကျူးသည့် အမူအရာ ရှိနေသည်။
လီယန်ချူးမှာမူ အံ့သြနေမိသည်။
“လင်ရွှီနယ်မြေထဲကို ယန်ဝိညာဉ်အဆင့်တွေ ဝင်လို့မရဘူး မဟုတ်လား ဒီမှာ တက်လှမ်းလိုက်ရင်တော့ ရတယ်ဆိုတဲ့ အဓိပ္ပာယ်လား ”
ဤနတ်ဘုရား တရားဟောနေသည့် မြင်ကွင်းကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် အကြောင်းရင်းမရှိဘဲ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ လူအများ၏ အမူအရာမှာ နှစ်ခြိုက်လွန်းလှသဖြင့် ရူးသွပ်နေသကဲ့သို့ပင် ဖြစ်နေရာ၊ လီယန်ချူးကို အနည်းငယ် နေမထိထိုင်မသာ ဖြစ်စေသည်။
သူသည် နေရာမှ ဖြည်းဖြည်းချင်း ထလိုက်ပြီး၊ ထိုင်ဖုံများ၏ အနောက်ဆုံး တန်းကနေ ထွက်ခွာသွားတော့သည်။
ထိုနတ်ဘုရားသည် လီယန်ချူးကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် အသာအယာ ခေါင်းခါလိုက်လေတော့၏...။