အခန်း (၇၁၇-၇၁၈)
Vol. 72 Ch. 717-718
အခန်း (၇၁၇) - ဝါးမြိုလိုက်ပြီလား ၊ တောက်ယန်ရဟန်း ၊ ဝူလျန့်ထျန်းကျွန်း ၊ ဆင်ခြင်တုံတရားနတ်ဘုရား ၊ သတ်ဖြတ်ခြင်း အရှိန်အဝါ
"မင်း သူ့ကို စားလိုက်တာလား "
လီယန်ချူး၏ မျက်ဝန်းများ အေးစက်သွားသည်။ သူ သတ်ရမည့်သားကောင်ကို ကြားဖြတ်လုယူခံလိုက်ရခြင်း ပင်။
လူငယ်တာအိုရဟန်းက အေးဆေးစွာ ပြုံး၍
"မှန်တာပေါ့" ဟု ဖြေလိုက်သည်။
ပတ်ဝန်းကျင်ရှိ လူများမှာ ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားကြပြီး အံ့သြတုန်လှုပ်သော မျက်ဝန်းများဖြင့် ထိုလူငယ်ကို ကြည့်နေကြတော့သည်။ စားလိုက်တယ် ဟိုမိစ္ဆာကြီးကို စားပစ်လိုက်တယ်ဆိုပါလား သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သံသယစိတ်များဖြင့် ထိတ်လန့်နေကြစဉ်၊ လီယန်ချူး၏ ရင်ထဲတွင်မူ ဒေါသအရှိန်က မြင့်တက်လာသည်။
မဟုတ်သေးဘူး... ဒီကောင် ရူးနေတာလား
လူငယ်တာအိုရဟန်းက သူ့ကို စိုက်ကြည့်ကာ ပြုံးလျက်
"မင်း တော်တော်တော်တာပဲ၊ ဒီနတ်ဘုရားရဲ့ လှည့်ကွက်ကို ရိပ်မိတယ်ပေါ့"
လီယန်ချူး၏ မျက်နှာမှာ တည်ငြိမ်လွန်းသဖြင့် ရေပြင်ကဲ့သို့ ရှိနေသော်လည်း သတ်ဖြတ်လိုသော အရှိန်အဝါများက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းနေပြီဖြစ်သည်။
လူငယ်ရဟန်းမှာ ခဏမျှ ကြောင်သွားပြီးမှ ရယ်မော်ကာ
"ဘယ်သူသတ်သတ် အတူတူပါပဲ၊ ငါက မင်းကိုယ်စား သူ့ကို အပြတ်ရှင်းပေးလိုက်တာပဲကို၊ မင်းက ဘာလို့ ဒေါသထွက်နေရတာလဲ "
လီယန်ချူးက ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်ချင်သွားသည်။
"မင်းက ဘယ်သူလဲ"
ယန်ဝိညာဉ်အဆင့် ပညာရှင်တစ်ဦးကို ဝါးမြိုပစ်နိုင်သူမှာ သာမန်ကျင့်ကြံသူ မဟုတ်နိုင်သည်ကတော့ သေချာလှသည်။
"ဝူလျန့်ထျန်းကျွန်း... တပည့်တော်ရဲ့ ဘွဲ့အမည်က တောက်ယန်ပါ"
ဟု လူငယ်ရဟန်းက အသာအယာ ဆိုလိုက်သည်။
တောက်ယန် လီယန်ချူး၏ မျက်ဝန်းများမှာ အန္တရာယ်ရှိသော အနေအထားသို့ ကျဉ်းမြောင်းသွားသည်။
"တောက်ယန်"
"မင်းက တောက်ယန်ရဟန်း ပဲ"
တိတ်ဆိတ်နေသော ရွှီထျန်းနန်မှာ ရုတ်တရက် တစ်ခုခုကို သတိရသွားသကဲ့သို့ အလန့်တကြား အော်ဟစ်လိုက်ခြင်းဖြစ်သည်။ လီယန်ချူးက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
ရဟန်း
ကျောတွင် ဓားလွယ်ထားသော လူငယ်တာအိုရဟန်းက ပြုံး၍
"ငါ့ရဲ့ ဘွဲ့နာမည်ကို သိတဲ့သူ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ ငါက တာအိုဂိုဏ်းထဲကို ဝင်ခဲ့တာ ကြာပြီမို့လို့ ရဟန်း ဆိုတဲ့ စကားလုံးကိုတော့ ချန်ထားခဲ့ပါတော့"
ရွှီထျန်းနန်၏ မျက်နှာမှာ အလွန်လေးနက်သွားပြီး ရန်သူကြီးကို ရင်ဆိုင်ရသကဲ့သို့ အမူအရာမျိုး ဖြစ်နေသည်။ သူ၏ ကိုယ်တွင်းရှိ ကျင့်စဉ်စွမ်းအားများ တရိပ်ရိပ် ထွက်ပေါ်လာပြီး မူလဝိညာဉ်စွမ်းအားဖြင့် အကာအကွယ်အတားအဆီးများ ပြုလုပ်လိုက်သည်။
သူ၏ ဘေးပတ်လည်တွင် ဓားပျံပေါင်းများစွာ ပေါ်ထွက်လာသည်။
"ရွှီအရာရှိ... သူက ဘယ်သူမို့လို့လဲ"
လီယန်ချူးက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ကြာပန်းဖြူဂိုဏ်း မှာ ထိပ်တန်းပညာရှင် နှစ်ယောက်ရှိတယ်။ တစ်ယောက်က နက်နဲလှတဲ့ ကြာပန်းဖြူမယ်တော် ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ သူပဲ... တောက်ယန်ရဟန်း တတိယအဆင့် အလယ်အလတ်ရှိတဲ့ ကျင့်ကြံသူကြီးပဲ"
ရွှီထျန်းနန်က ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
တတိယအဆင့် အလယ်အလတ် လီယန်ချူး ခဏမျှ ကြောင်သွားသည်။ သူက အနည်းဆုံးတော့ အဆင့်နှောင်းပိုင်း ပညာရှင်တစ်ဦး ဖြစ်လိမ့်မည်ဟု ထင်ထားခြင်းဖြစ်သည်။ အကယ်၍ မဟာရှ တို့ခေတ်ကဆိုလျှင် ဤသူသည် ဒုတိယတန်းစား ပညာရှင်ပင်
အဆင့် ၃ ရှိသော ရွှီထျန်းနန်ထက် ပို၍ အစွမ်းထက်မည်မှာ သေချာသော်လည်း၊ ရွှီထျန်းနန်သည် ရွှေတောင်ပံနတ်ဘုရားကို ရင်ဆိုင်စဉ်ကပင် ဤမျှအထိ မကြောက်လန့်ခဲ့ပေ။ ယခု တောက်ယန်ကို မြင်သည့်အခါတွင်မူ အလွန်ပင် စိုးရိမ်ထိတ်လန့်နေပုံရသည်။ ရွှီထျန်းနန်က ရုတ်တရက် သတ္တိနည်းသွားသည်တော့ မဟုတ်နိုင်၊ ဤတောက်ယန်ရဟန်းတွင် တစ်ခုခု ထူးခြားနေသည်မှာ သေချာလှသည်။
"မင်း တအား စိတ်လှုပ်ရှားနေတာပဲ"
တောက်ယန်က ပြုံး၍ ဆိုလိုက်သည်။
သူက ရယ်မော်ချင်သလို ဖြစ်နေစဉ်
ရှူး
အလင်းတန်းတစ်ခု ရောက်ရှိလာသည်။ ထိုသူမှာ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှပသော အမျိုးသမီးကြီးတစ်ဦး ဖြစ်သည်။ သူမသည် ပန်းချီကားထဲမှ ထွက်လာသကဲ့သို့ လှပသော်လည်း သူမ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လှသည်။
နောက်ထပ် ယန်ဝိညာဉ်အဆင့် တစ်ယောက် ရွှီထျန်းနန်၏ မျက်နှာ ပို၍ ပျက်သွားသည်။ ဤအမျိုးသမီးမှာ စောစောက ပန်းခြင်းကို ကိုင်ဆောင်ပြီး စွန်းကတော်ကို လုယူသွားသောသူပင် ဖြစ်သည်။ သူမ၏ ပြတ်တောက်သွားသော လက်မောင်းမှာလည်း ယခုအခါ မူလအတိုင်း ပြန်လည်ကောင်းမွန်နေပြီဖြစ်သည်။
သူမသည် တောက်ယန်၏ ရှေ့သို့ ရောက်လာပြီး ရိုသေစွာဖြင့်
"တောင်အောက်က ကျင့်ကြံသူ ၃၂ ယောက်လုံးကို အကုန် သတ်ဖြတ်လိုက်ပါပြီ"
ဟု တင်ပြလိုက်သည်။ တောက်ယန်ရဟန်းက ခေါင်းတစ်ချက် ငြိမ့်ပြလိုက်၏။
ဟား လူတိုင်း ထိတ်လန့်စွာဖြင့် အသက်ရှူမှားကုန်ကြသည်။ ဤသူတို့က ဤနတ်ဘုရားနယ်မြေအတွင်းရှိ ကျင့်ကြံသူအားလုံးကို မျိုးတုံးအောင် သတ်ဖြတ်ရန် ကြိုးစားနေကြသည်လား ယခုအခါ နယ်မြေ၏ ကန့်သတ်ချက်များ ပျက်ပြယ်သွားပြီဖြစ်ရာ တတိယအဆင့်ရှိသော ဤအမျိုးသမီးကြီးအတွက် တစ်ဦးတည်းရှိနေသော ယင်ဝိညာဉ်အဆင့် ကျင့်ကြံသူများကို သတ်ရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။
ရွှီထျန်းနန်၏ အကြည့်များ ပြောင်းလဲသွားကာ သူ၏ ကိုယ်တွင်းရှိ မူလဝိညာဉ်စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။
ရှူး ရှူး ရှူး
ဓားပေါင်းသောင်းခြောက်ထောင်မှာ ရေစီးကြောင်းကြီးတစ်ခုအလား ဓားလွယ်ထားသော လူငယ်ရဟန်းထံသို့ တိုးဝင်သွားတော့သည်။
"သွားစမ်း"
လူငယ်တာအိုရဟန်းက အော်ဟစ်လိုက်ပြီး သူ၏ ဓားကို ဆွဲမထုတ်ဘဲ လက်ချောင်းကို ဓားကဲ့သို့ အသုံးပြုကာ ခုတ်ပိုင်းချလိုက်သည်။ ထိုအခါ ရွှီထျန်းနန်၏ မရေမတွက်နိုင်သော ဓားများမှာ ချက်ချင်းပင် အပိုင်းပိုင်း ပြတ်ကျသွားတော့သည်။ ပြန့်ကျဲကာ ပျက်စီးကုန်သည် ရွှီထျန်းနန်၏ ရင်ဘတ်တွင်လည်း အရိုးပင် မြင်ရလောက်သည့် ဓားဒဏ်ရာတစ်ခု ထင်ကျန်ရစ်သည်။
လူငယ်ရဟန်းက ခဏမျှ ကြောင်သွားပြီးမှ
"ရွှေရောင်နတ်ဘုရား အဆောင် လား... ဒီအရာက မင်းကို နောက်တစ်ကြိမ် ထပ်ကယ်နိုင်ဦးမှာလား"
ဟု ပြုံး၍ မေးလိုက်သည်။
ရွှီထျန်းနန်၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။ သူ၏ အစွမ်းကုန် ထုတ်သုံးလိုက်သော နတ်ဘုရားအတတ်မှာ တောက်ယန်၏ ရှေ့တွင် ဘာမှမဟုတ်သကဲ့သို့ ဖြစ်နေရသည်။ လုံဟူရှန်း၏ ရွှေရောင်နတ်ဘုရား အဆောင်ကိုပင် သူက ခုတ်ဖြတ်နိုင်သည်လား။
တောက်ယန်သည် သူ့ကို ဂရုမစိုက်တော့ဘဲ လီယန်ချူးဘက်သို့ လှည့်ကြည့်လိုက်ကာ
"မင်းက လှံကို မသုံးတတ်ဘူး၊ တကယ်တော့ မင်းက ဓားကိုပဲ သုံးရမှာ"
လီယန်ချူးက မျက်မှောင်ကြုတ်လိုက်၏
"မင်း ဘာတွေ ပြောနေတာလဲ ငါနားမလည်ဘူး"
သူ၏ စိတ်ထဲတွင်မူ အံ့သြသွားရသည်။ ငါ့ရဲ့ ပုံစံအစစ်က ပေါ်သွားပြီလား
"ဓားကို သုံးတဲ့ မဟာဆရာကြီး တစ်ယောက်က ဘာလို့ သူ့အတတ်တွေကို ဖုံးကွယ်ထားရတာလဲ... မင်းရဲ့ ဝိသေသက အတုဖြစ်နေလို့ပဲနေမှာ။ ဒါပေမဲ့ ငါကိုယ်တိုင်တောင် အစစ်အမှန်ကို မမြင်နိုင်ဘူးဆိုတာကတော့ တော်တော်ထူးဆန်းတယ်။ မင်း ကျင့်ထားတာ... နတ်ဘုရားကျင့်စဉ် ဖြစ်နေလို့လား "
တောက်ယန်က လီယန်ချူးကို စိုက်ကြည့်ကာ ဆက်ပြောသည်။
"စောစောက ငါ ချွေအဖိုးကြီးကို စားလိုက်တဲ့အပေါ် မင်းက ဒေါသထွက်နေတာပဲ... မင်းက ကုသိုလ်လမ်းစဉ် ကို လျှောက်လှမ်းနေတာကိုး"
လီယန်ချူး၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားသည်။ ဤတောက်ယန်က ဤမျှအထိ ခန့်မှန်းနိုင်သည်လား။
"မင်းရဲ့ မျက်နှာကို ကြည့်ရတာ ငါခန့်မှန်းတာ မမှားဘူးပဲ။ စိတ်ဝင်စားစရာပဲ... အခုလို ခေတ်ကာလမှာ ကုသိုလ်တရားနဲ့ နတ်ဘုရားဖြစ်ဖို့ ကြိုးစားနေတဲ့သူ ရှိသေးတာပဲ။ ငါ သတိပေးပါရစေ သူငယ်ချင်း... ဒီလမ်းက ပြဿနာတက်လွယ်တယ်နော်"
ဟု တောက်ယန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
"မင်းရဲ့ အပိုစကားတွေက တော်တော်များတာပဲ"
ဟု လီယန်ချူးက လေးနက်စွာ ပြောလိုက်သည်။
"သတ်ဖြတ်မှုမှာ ပြတ်သားတယ်၊ မတရားမှုကို မခံချင်ဘူး... မင်းလိုလူမျိုးက အခုထိ အသက်ရှင်နေပြီး ဒီလောက်အဆင့်ထိ ရောက်လာတယ်ဆိုတာက၊ မင်းမှာ ကောင်းကင်ဘုံကပေးတဲ့ ကံတရား ကြီးမားလွန်းလို့ပဲ ဖြစ်ရမယ်။ မဟုတ်ရင်လည်း မင်းရဲ့ ကံကြမ္မာက အလွန်ပဲ မာကျောနေလို့ဖြစ်မှာပဲ"
တောက်ယန်က မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ကာ ဆက်ပြောသည်။
"ကံတရား ကြီးမားတဲ့သူကို သတ်ရင် ကံကြမ္မာအကျိုးဆက် တွေ ခံရလွယ်တယ်။ ဒါပေမဲ့ ဒုတိယလူမျိုးကတော့ အမှတ်မထင်ဘဲ ရှုံးနိမ့်သွားတတ်တယ်။ ဒီနေ့ ကိစ္စမှာတော့... မင်းက အပြောင်းအလဲကို ဖန်တီးမယ့်သူပဲ "
လီယန်ချူးသည် ဤကဲ့သို့သော လူမျိုးနှင့် ပထမဆုံးအကြိမ် ဆုံဖူးခြင်းဖြစ်သည်။ သူက ခဏမျှ စဉ်းစားပြီးမှ အေးဆေးစွာ မေးလိုက်သည်။
"မင်း အရင်ဘဝက ကိုနန် လား"
တောက်ယန် ခဏမျှ ကြောင်သွားပြီး
"ကိုနန် ဆိုတာ ဘယ်သူလဲ"
လီယန်ချူးက လေးလေးနက်နက် ဖြေလိုက်သည်
"ဆင်ခြင်တုံတရား နတ်ဘုရား လေ"
တောက်ယန်၏ မျက်လုံးများ လင်းလက်သွားပြီး
"အဲဒီလို နတ်ဘုရား ရှိလို့လား" ဟု တွေးတောနေတော့သည်။
လီယန်ချူးသည် ကျားခေါင်းရွှေလှံကို မြှောက်ကာ ထိုလူငယ်ရဟန်းကို လွှဲယမ်းလိုက်၏။ အရှိန်အဝါမှာ အလွန်ပင် ခန့်ညားလှသည်။ တောက်ယန်က လက်ချောင်းကို ဓားကဲ့သို့ အသုံးပြုကာ အသာအယာ ခုတ်ချလိုက်သည်။
သူ၏ မျက်နှာပေးမှာ အလွန်ပင် တည်ငြိမ်နေပြီး မည်သည့်အရာကိုမဆို ဓားတစ်ချက်တည်းဖြင့် ဖြတ်တောက်နိုင်သကဲ့သို့ ရှိနေ၏။
ရွှမ်း
ကျားခေါင်းရွှေလှံမှာ အပိုင်းနှစ်ပိုင်း ပြတ်သွားရသည်။ ဖြတ်ထားသော နေရာမှာလည်း ညီညာပြန့်ပြူးနေ၏။ တောက်ယန်၏ ဓားအတတ်မှာ အမှန်တကယ်ပင် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။
ဘုန်း
ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်း ထိတ်လန့်သွားကြပြီး အထူးသဖြင့် ရွှီထျန်းနန်မှာ သရဲမြင်လိုက်ရသကဲ့သို့ပင် စောစောက လီယန်ချူးသည် သူ၏ ခေါင်းဖြင့် တောက်ယန်၏ ခေါင်းကို ပြင်းထန်စွာ ဆောင့်တိုက်လိုက်ခြင်း ဖြစ်သည်။ တောက်ယန်၏ ကျင့်စဉ်အဆင့်ဖြင့်ပင် ခေါင်းတစ်ခုလုံး မူးဝေသွားပြီး နောက်သို့ ယိုင်ဆင်းသွားရသည်။
တောက်ယန်: "..."
ဒါ ဘာတိုက်ကွက်လဲ
လီယန်ချူးက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ မြေပြင်မှာ တုန်ခါသွားသည်။
ဝုန်း
သူသည် တောက်ယန်ထံသို့ မရပ်မနားသော အရှိန်အဝါဖြင့် တိုးဝင်တိုက်ခိုက်လိုက်သည်။ တောက်ယန်က ကိုယ်ဟန်ကို ဖျတ်လတ်စွာဖြင့် နောက်သို့ ဆုတ်ခွာရင်း လက်ချောင်းကို ဓားအဖြစ်သုံးကာ ခုတ်ချလိုက်ပြန်သည်။ ဓားအရှိန်အဝါမှာ နဂါးတစ်ကောင်အလား ဖြစ်ပေါ်လာပြီး ဟိန်းဟောက်လျက် လီယန်ချူးထံသို့ ပြေးဝင်သွားသည်။
လီယန်ချူး၏ ကိုယ်ပေါ်တွင် တောက်ပသော ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး ဆန်းကြယ်သော ဂါထာစာလုံးများ လည်ပတ်နေသည်။
အစီရင်ဝတ်စုံံ
ဒေါင်
ကောင်းကင်နှင့် မြေပြင်ကြားတွင် ခေါင်းလောင်းကြီးတစ်ခုကို တီးလိုက်သကဲ့သို့ အသံကြီး မြည်ဟီးသွားပြီး ရိုက်ခတ်မှုလှိုင်းများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားတော့သည်။ လူအများမှာ မိမိကိုယ်ကို ကာကွယ်ရန် ကြိုးစားကြသော်လည်း အနီးနားရှိ လူအချို့မှာမူ ဒဏ်ရာအပြင်းအထန် ရသွားကြသည်။
လီယန်ချူးသည် တောက်ယန်၏ ရင်ဘတ်ကို လက်သီးဖြင့် အားကုန် ထိုးလိုက်၏။ တောက်ယန်က ဓားအလင်းတန်းအဖြစ် ပြောင်းလဲကာ ရှောင်တိမ်းသွားသည်။
ဝုန်း
ထိုလက်သီးချက်မှာ အနီးနားရှိ တောင်ကုန်းတစ်ခုကို တိုက်ရိုက် ထိမှန်သွားပြီး တောင်ကုန်းမှာ တစ်စစီ ပျက်စီးသွားရတော့သည်။ ကျောက်ခဲများနှင့် ဖုန်မှုန့်များမှာ ကောင်းကင်ယံအထိ လွင့်ပျံသွား၏။
"သိုင်းနတ်ဘုရားလမ်းစဉ်ကို လျှောက်နေတာကိုး၊ ဒါကြောင့်လည်း ဒီလောက် သန်မာနေတာပဲ"
တောက်ယန်က မတုန်မလှုပ်ဘဲ တိမ်တိုက်များအထက်မှနေ၍ အေးဆေးစွာ ပြောလိုက်သည်။ သူသည် လောကကြီးကို အပေါ်စီးမှ ကြည့်နေသော ဓားနတ်ဘုရားတစ်ဦးကဲ့သို့ ခန့်ညားလှပေသည်။
ရုတ်တရက် တောက်ယန်သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ မိုးကြိုးများ ပစ်ချနေပြီး အရှိန်အဝါမှာ ကောင်းကင်ဘုံ၏ အာဏာစက်အလား ပြင်းထန်လှပေသည်။ လီယန်ချူး၏ ကိုယ်ပေါ်တွင် မိုးကြိုးများ လင်းလက်လာပြီး သူ၏ မျက်ဝန်းများမှာ အေးစက်နေ၏။
"မိုးကြိုးနတ်ဘုရား ငါးရာ ငါ့လက်ဝါးအတွင်းမှာ ရှိစေ၊ မြေပြင်ကို ခွဲထုတ်ပြီး ကောင်းကင်ကိုလည်း ပြိုလဲစေ၊ မိစ္ဆာနဲ့ ဝိညာဉ်ဆိုးတွေ ဒါနဲ့တွေ့ရင် ခဏချင်းမှာ ပြာအဖြစ် ပြောင်းစေ မိုးကြိုးငါးပါး လက်ဝါးဂါထာ ... အမိန့်တော်အတိုင်း ဖြစ်စေ"
ဝုန်း ဝုန်း ဝုန်း
မိုးကြိုးငါးပါး ထိပ်တိုက်ပစ်ချခြင်း ကောင်းကင်နှင့် မြေပြင်မှာ ဖြူဖွေးသွားတော့သည်။ လူအများ၏ အမြင်အာရုံ ပြန်လည်ကြည်လင်လာသည့်အခါတွင်မူ... ခန့်ညားလှသော ဓားနတ်ဘုရား တောက်ယန်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျနေသည်ကို တွေ့လိုက်ရသည်။ သူရှိနေသော နေရာတွင် ဧရာမ ကျင်းကြီးတစ်ခု ဖြစ်ပေါ်နေပြီး မြေပြင်မှာလည်း မီးလောင်ကျွမ်းနေသည်။
သူသည် ကျင်း၏ အလယ်တွင် လဲလျောင်းနေပြီး အသက်ရှိမရှိပင် မသိရတော့ပေ။
အခန်း (၇၁၈) - နက်နဲသော ကျင့်စဉ် ၊ မိုးကြိုးငါးပါးကို ထိန်းချုပ်ခြင်း ၊ မိုးစက်ပမာ ဓားအစီရင် ၊ထိပ်တန်းပွဲကြီး
တိတ်ဆိတ်သွားပြန်သည်။ သေလောက်အောင် တိတ်ဆိတ်သွားခြင်း ဖြစ်သည်။
ကျင့်ကြံသူအားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မည်သူမျှ စကားမဆိုနိုင်ကြပေ။ ရွှီထျန်းနန်မှာမူ ကမ္ဘာကြီး ပျက်စီးသွားသကဲ့သို့ အံ့သြတုန်လှုပ်သော မျက်နှာဖြင့် လီယန်ချူးကို စိုက်ကြည့်နေမိသည်။
"တောက်ယန်က... ဒီလူငယ်လေးရဲ့ လက်ချက်နဲ့ပဲ ဒီလို သေသွားပြီလား "
ရွှီထျန်းနန်၏ ရင်ထဲတွင် သက်ပြင်းတစ်ချက် အသာချမိ၏။ တောက်ယန်ရဟန်း ဆိုသည့် အမည်မှာ တစ်ချိန်က တစ်လောကလုံးကို တုန်ဟိန်းစေခဲ့သော အမည်ဖြစ်သည်။ သူသည် အတတ်ပညာ၏ အထွတ်အထိပ် ကို ကိုယ်စားပြုသူပင် လွန်ခဲ့သော နှစ်ပေါင်း သုံးရာခန့်က လုံဟူရှန်းပေါ်ရှိ တာအိုအတတ်ကို မကျင့်ဘဲ ဓားနတ်ဘုရားအတတ်ကိုသာ ကျင့်ကြံသည့် လူငယ်နတ်ဘုရား မှတစ်ပါး၊ မည်သူမျှ သူ၏ ကျော်ကြားမှုကို မကျော်လွန်နိုင်ခဲ့ပေ။
ရွှီထျန်းနန်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေစဉ်
ရုတ်တရက်
အလင်းတန်းတစ်ခု ကောင်းကင်သို့ ထိုးတက်သွား၏။
နက်ရှိုင်းသော ကျင်းကြီးအတွင်းမှ ကျောတွင် ဓားလွယ်ထားသော လူငယ်တာအိုရဟန်းမှာ ဖြည်းဖြည်းချင်း ပြန်လည် ထရပ်လာသည်။ သူ၏ ကိုယ်ပေါ်မှ ဒဏ်ရာများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်လည် ကောင်းမွန်သွားခဲ့ပြီး သူ၏ ခန့်ညားသော အရှိန်အဝါမှာ မူလအတိုင်းပင်။
"စကားများရင် တကယ်ပဲ အထိုးခံရတာပဲ"
ဟု တောက်ယန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
လီယန်ချူးက မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ ဒီကောင်က ဒီလောက်တောင် အထိုးခံနိုင်တာလား။
ချွန်း
တောက်ယန်က လက်ချောင်းကို ဓားကဲ့သို့ အသုံးပြုကာ ဖြည်းဖြည်းချင်း ထိုးနှက်လိုက်သည်။ ကြည်လင်လှသော နဂါးဟိန်းသံကြီး ကောင်းကင်နှင့် မြေပြင်ကြားတွင် မြည်ဟီးသွားပြီး၊ ဓားအရှိန်အဝါတစ်ခုသည် မိုးကြိုးနှင့် လေပြင်းများအလား ဟင်းလင်းပြင်ကို ဖြတ်သန်းလာတော့သည်။
ဒေါင်
ကောင်းကင်နှင့် မြေပြင်ကြားတွင် ခေါင်းလောင်းကြီး တီးလိုက်သကဲ့သို့ အသံကြီး ထွက်ပေါ်လာ၏။ လီယန်ချူးသည် ထိုဓားချက်ကြောင့် ပေပေါင်းများစွာ နောက်သို့ ဆုတ်ခွာသွားရသည်။ သူ၏ ကိုယ်ပေါ်ရှိ အစီရင်ဝတ်စုံမှ စစ်မှန်သော ယန်မိုးကြိုးမီးလျှံ အရှိန်အဝါများ ထွက်ပေါ်လာပြီး၊ တောက်ပသော နတ်ဘုရားအလင်းများအောက်တွင် သူသည် နတ်ဘုရားတစ်ပါးအလား ခန့်ညားနေသည်။
သူသည် ရှေ့သို့ တစ်လှမ်းတိုးကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ပြင်းထန်လှသော သွေးစွမ်းအင် များ ပေါက်ကွဲထွက်လာပြီး အနီရောင်အလင်းတန်းများက တစ်လောကလုံးကို လင်းထိန်သွားစေကာ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ချက်ချင်းပင် ပူပြင်းလာတော့သည်။
ဝုန်း
မြေပြင်မှာ ပြိုကွဲသွားပြီး နက်ရှိုင်းသော မြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ ဤလက်သီးချက်မှာ တစ်လောကလုံးကို လွှမ်းခြုံထားသကဲ့သို့ ရှိနေသဖြင့် တောက်ယန်၏ စိတ်ထဲတွင် လောကကြီးတစ်ခုလုံးက သူ့ကို ဖိနှိပ်တိုက်ခိုက်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် ခုနစ်စင်ကြယ် ခြေလှမ်း ကို အသုံးပြုကာ ဓားအရှိန်အဝါ အများအပြားကို ထုတ်လွှတ်လိုက်သည်။ ထိုဓားအရှိန်အဝါများမှာ ဓားပိုက်ကွန်တစ်ခုအလား ဖြစ်ပေါ်လာပြီး လီယန်ချူး၏ ပြင်းထန်သော လက်သီးစွမ်းအားကို အပိုင်းပိုင်း ခွဲပစ်လိုက်တော့သည်။
ဓားကျင့်ကြံသူ ဆိုသည်မှာ သတ်ဖြတ်ခြင်း အရှိန်အဝါ အပြင်းထန်ဆုံးပင် ဤသူ၏ ဓားအတတ် အသုံးချပုံမှာ အလွန်ပင် ဆန်းကြယ်လှသဖြင့် အနီးနားရှိ လူအများ၏ စိတ်ထဲတွင် မြင့်မားလှသော တောင်ကြီးတစ်လုံးကို မော့ကြည့်နေရသကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်လာရသည်။
ဝုန်း ဝုန်း ဝုန်း
လီယန်ချူး၏ လက်သီးနှင့် လက်ဝါးများ ရောက်ရှိရာနေရာတိုင်းတွင် မိုးကြိုးငါးပါး ထိပ်တိုက်ပစ်ချနေတော့သည်။
မိုးကြိုးငါးပါး လက်ဝါးဂါထာ
တောက်ယန်သည် ဓားအလင်းတန်းအဖြစ် ပြောင်းလဲကာ ရှောင်တိမ်းသွားသည်။ ကောင်းကင်ဘုံ မိုးကြိုး၏ အာဏာစက်ကို သူ တိုက်ရိုက် မရင်ဆိုင်ရဲပေ။ ဤလူငယ်လေးသည် မိုးကြိုးအတတ်တွင် ထူးခြားသော နားလည်မှု ရှိနေသည်ဟု သူ ခံစားနေရသည်။ အကယ်၍သာ မာနထောင်လွှားပြီး မိုးကြိုးကို တိုက်ရိုက် ရင်ဆိုင်မိပါက၊ သူသည် ဤနေရာ၌တင် အသက်ပျောက်သွားနိုင်ပေသည်။
ဂျိန်း ဂျိန်း
မိုးကြိုးများ မရပ်မနား ပစ်ချနေ၏ လီယန်ချူး၏ ကိုယ်ပေါ်တွင် တောက်ပသော မိုးကြိုးအလင်းများ ဖုံးလွှမ်းနေပြီး၊ သူသည် ကောင်းကင်ဘုံမှ မိစ္ဆာများကို နှိမ်နင်းရန် ဆင်းသက်လာသော မိုးကြိုးနတ်စစ်သူကြီး ၃၆ ပါးအလား ထင်မှတ်ရပေသည်။
ရွှမ်း ရွှမ်း ရွှမ်း
တောက်ယန်၏ ဓားအရှိန်အဝါများက နေရာအနှံ့ ပျံ့နှံ့နေပြီး၊ ဓားအတတ်မှာ အလွန်ပင် ဆန်းကြယ်လှကာ မယုံကြည်နိုင်ဖွယ်ရာ နတ်ဘုရားအတတ် ပြောင်းလဲမှုများစွာ ရှိနေသည်။
လူတိုင်း၏ စိတ်ထဲတွင် ဤကြာပန်းဖြူ ဂိုဏ်းမှ မိစ္ဆာ၏ ဓားအတတ်ကိုမူ အမှန်တကယ်ပင် အထင်ကြီးလေးစားသွားကြသည်။ ထိုဓားအတတ်မှာ အမှန်တကယ်ပင် လောကုတ္တရာ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လီယန်ချူး၏ တိုက်ခိုက်ပုံမှာမူ ပို၍ ကြမ်းတမ်းလှသည်။ သူသည် မိုးကြိုးငါးပါး အဆောင်၏ အနှစ်သာရကို အမြဲတမ်း ဆင်ခြင်သုံးသပ်လေ့ရှိသလို၊ ထိုအဆောင်ကိုလည်း ကိုယ်ပေါ်တွင် အမြဲဆောင်ထားသဖြင့် သူ၏ စိတ်ဝိညာဉ်ထဲတွင် မိုးကြိုးမီးလျှံ အရှိန်အဝါများမှာ အလွန်ပင် ပြင်းထန်နေပြီဖြစ်သည်။
ပြီးခဲ့သော အကြိမ်က ကုသိုလ်အမှတ် နှစ်သိန်းတန် မိုးကြိုးငါးပါး အဆောင်ကို သုံး၍ ကျာချွမ်းဖန်း၏ ခန္ဓာဟောင်းကို ပြာအဖြစ် ပြောင်းလဲပစ်စဉ်က၊ သူကိုယ်တိုင်လည်း မိုးကြိုးပစ်ခံရသဖြင့် အတော်လေး ဒဏ်ရာရခဲ့ဖူးသည်။
ထိုစဉ်က သေမင်းနှင့် နီးကပ်ခဲ့သော်လည်း၊ ထိုအချိန်မှစ၍ သူ၏ မိုးကြိုးအတတ် ကျင့်ကြံမှုမှာ အံ့မခန်း တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ တောင်အောက်ရှိ ကျောက်တုံးတောအုပ်ထဲတွင်လည်း ကောင်းကင်၏ နိမိတ်ထူးများကို ဖြစ်ပေါ်စေကာ ကောင်းကင်မိုးကြိုးဖြင့် ခန္ဓာကိုယ်ကို ကျစ်လျစ်အောင် ပြုလုပ်နိုင်ခဲ့သည်။
သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ထဲတွင် မိုးကြိုးမီးလျှံ အရှိန်အဝါများ ပို၍ လေးလံလာသည်။ သူသည် မရေမတွက်နိုင်သော ကံတရားများကြားမှ မိုးကြိုးကို စေခိုင်းနိုင်သည့် ထူးခြားသော အခွင့်အရေးကို ရရှိခဲ့ခြင်း ဖြစ်သည်။
သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်များထဲတွင် မိုးကြိုးပစ်ခံရပြီးနောက် ထူးခြားသော စွမ်းအားများ ရရှိလာသကဲ့သို့ပင်၊ လီယန်ချူးသည်လည်း ကံအားလျော်စွာ ထိုအခွင့်အရေးကို ရရှိခဲ့ပုံရသည်။
ဝုန်း ဝုန်း
ကောင်းကင်နှင့် မြေပြင်မှာ ဖြူဖွေးသွားပြန်သည်။
တောက်ယန်မှာ နောက်တစ်ကြိမ် ဒဏ်ရာရသွားပြန်သည်။ သို့သော် ထိုသူ၏ စိတ်ဝိညာဉ်မှာ အလွန်ပင် ခိုင်မာလှသလို၊ ထူးခြားသော ကျင့်စဉ်တစ်ခုကိုလည်း ကျင့်ကြံထားပုံရသည်။ အလင်းတန်းများ လည်ပတ်သွားသည်နှင့် ဒဏ်ရာများမှာ ချက်ချင်းပင် ပြန်လည် ကောင်းမွန်သွားပြန်သည်။
တောက်ယန်က မျက်မှောင်ကြုတ်ကာ လီယန်ချူးကို ကြည့်ရင်း စိတ်ထဲတွင် သံသယများ ပြည့်နှက်နေသည်။
"မိမိစိတ်အလိုအတိုင်း မိုးကြိုးကို စေခိုင်းနိုင်တာ... ဒါက မိုးကြိုးငါးပါးကို ထိန်းချုပ်ခြင်း ဆိုတဲ့ နတ်ဘုရား အတတ်ကြီးလား"
မိုးကြိုးငါးပါးကို ထိန်းချုပ်ခြင်း
၎င်းမှာ ရှေးဟောင်းကျမ်းစာများထဲတွင် မှတ်တမ်းတင်ထားသော အလွန်အစွမ်းထက်သည့် နတ်ဘုရားအတတ်တစ်ခု ဖြစ်သော်လည်း ကျင့်ကြံပုံကိုမူ မည်သူမျှ မသိကြပေ။
အချို့ကလည်း ၎င်းမှာ မွေးရာပါပါလာသော နတ်ဘုရားစွမ်းရည် ဟု ပြောကြသည်။
မိုးကြိုးငါးပါးကို ထိန်းချုပ်ခြင်း... လီယန်ချူး၏ မျက်ဝန်းထဲတွင် မိုးကြိုးအလင်းများ ဖြတ်ပြေးသွားသည်။
"အားလုံးကို မျိုးတုံးအောင် သတ်မယ်ဆို လာလေ"
သူ၏ အသံမှာ မိုးခြိမ်းသံကြီးအလား ဟိန်းထွက်သွား၏။ သူ၏ လက်ထဲတွင် နက်မှောင်သော အရောင်ရှိပြီး ရှေးဟောင်းဆန်သော ပုံစံရှိသည့် လှံရှည်တစ်စင်း ပေါ်ထွက်လာသည်။ သူသည် ကောင်းကင်ယံကို ဖြတ်သန်းသွားသော မိုးကြိုးတစ်စင်းအလား အရှိန်ဖြင့် ပြေးဝင်သွားပြီး၊ လှံကို လွှဲယမ်းလိုက်ရာ တောင်များကို ဖြိုခွဲနိုင်သည့် အရှိန်အဝါမျိုး ရှိနေတော့သည်။
ဂျိန်း
ပြင်းထန်သော လေပြင်းများကြောင့် ကျောက်ခဲနှင့် သဲများ လွင့်စင်ကုန်ပြီး၊ လီယန်ချူး လက်ထဲရှိ လှံရှည်မှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။ တောက်ယန်က မျက်မှောင်ကြုတ်ကာ လက်ဖြင့် ဂါထာသင်္ကေတ တစ်ခုကို ပြုလုပ်လိုက်သည်။
ဆန်းပြားလှသော အပြာရောင် စာလုံးတစ်ခု ပေါ်ထွက်လာပြီး၊ ဟင်းလင်းပြင်တွင် အလွန်ကြီးမားပြီး ရှုပ်ထွေးသော အဆောင်တစ်ခုကို ရေးဆွဲလိုက်သည်။
ဤအဆောင် ပေါ်ထွက်လာသည်နှင့် လေပြင်းများလည်း ထွက်ပေါ်လာ၏။ ၎င်းမှာ တကယ့် စစ်မှန်သော တာအိုဂိုဏ်း၏ နတ်ဘုရားအဆောင်ပင် ဖြစ်သည်။
ခလွမ် ခလွမ်
တောက်ယန်၏ ကျင့်စဉ်စွမ်းအားဖြင့် ဖန်တီးထားသော တာအိုအဆောင်မှာ လှံရှည်၏ ရိုက်ခတ်မှုကြောင့် ခဏချင်းမှာပင် တစ်စစီ ပျက်စီးသွားရတော့သည်။ လှံရှည်မှာ မရပ်မနားသော အရှိန်ဖြင့် တောက်ယန်၏ ခါးဆီသို့ ဦးတည်သွား၏။ တောက်ယန်က မျက်မှောင်ကြုတ်ကာ ကိုယ်ယောင်ဖျောက်ပြီး ရှောင်တိမ်းလိုက်သည်။
"တကယ့်ကို ကြမ်းတမ်းတဲ့ လှံအသိပဲ"
သူ၏ စိတ်ထဲတွင် လေးလံသွားကာ အေးစက်စွာ အော်ဟစ်လိုက်သည်။
"နောင်တရခြင်းသည်သာ ကမ်းနားလမ်း "
ထိုစကားအဆုံးတွင် သူ၏ ကိုယ်ပေါ်မှ နူးညံ့လှသော ဗုဒ္ဓအလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ လီယန်ချူးသည် သူ၏ စိတ်နှလုံးကို ဆေးကြောသန့်စင်ပေးနေသည့် အင်အားကြီးသော စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး၊ နောက်သို့ ပြန်လှည့်လိုသော စိတ်များ ဖြစ်ပေါ်လာသည်။
"တကယ်ပဲ နောင်တရခြင်းက ကမ်းနားလမ်းပါလား..."
သို့သော် လီယန်ချူး၏ စိတ်ဝိညာဉ်ထဲမှ ခရမ်းရွှေရောင် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး ထိုဗုဒ္ဓအလင်းကို ချက်ချင်းပင် ပယ်ဖျက်လိုက်တော့သည်။
ရှူး
လှံရှည်သည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး၊ ကောင်းကင်ယံတွင် နေမင်းကြီး ပေါက်ကွဲသွားသကဲ့သို့ အလင်းတန်းများ ထွက်ပေါ်လာသည်။
ဝုန်း ဝုန်း ဝုန်း
တောက်ယန်သည် မရပ်မနား ရှောင်တိမ်းနေရပြီး၊ မြေပြင်မှာလည်း တစ်စစီ ပျက်စီးကုန်သည်။ တောင်ထိပ်၏ အစိတ်အပိုင်း တော်တော်များများမှာ ပြိုကျပျက်စီးသွားရသဖြင့်၊ ကျန်ရှိနေသော ကျင့်ကြံသူများမှာ ဘေးလွတ်ရာသို့ အလုအယက် ပြေးဆင်းသွားကြရသည်။
ကျဲ့ခုံးရဟန်းက တောက်ယန်ကို အံ့သြစွာ ကြည့်နေမိသည်။
"ဗုဒ္ဓဘာသာ၏ သစ္စာစကား "
သူသည် အလွန်ပင် အံ့အားသင့်နေခြင်းဖြစ်သည်။ ၎င်းမှာ ဗုဒ္ဓဘာသာ၏ အကြီးမြတ်ဆုံး နတ်ဘုရားအတတ် ၁၀ ပါးထဲမှ တစ်ခု ဖြစ်ပေသည်။ ထိုတောက်ယန်က ထိုအတတ်ကို တတ်မြောက်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ပို၍ အံ့သြစရာ ကောင်းသည်မှာ ထိုကျောက်ကျိလုံ သည် ထိုအတတ်၏ လွှမ်းမိုးမှုကို အနည်းငယ်မျှသာ ခံလိုက်ရပြီး ဘာမှမဖြစ်သကဲ့သို့ ရှိနေခြင်းပင်။
"မဖြစ်နိုင်ဘူး... သူက ဘာလို့ ဗုဒ္ဓဘာသာ သစ္စာစကားကို ခုခံနိုင်ရတာလဲ "
ကျဲခုံးရဟန်း၏ စိတ်ထဲတွင် သံသယများ ပြည့်နှက်နေ၏။ ထိုထိပ်တန်းတိုက်ပွဲကြီးမှာ လောကကို အုပ်စိုးနိုင်စွမ်းရှိသော ဤဗုဒ္ဓဘာသာ ပါရမီရှင်လေးအား "ငါက အသုံးမကျတဲ့လူပါလား" ဆိုသည့် ခံစားချက်မျိုး ပေးစွမ်းနေတော့သည်။
လေပြင်းများက ကောင်းကင်ကို ဖုံးလွှမ်းထားပြီး တောက်ယန်ကို မရပ်မနား တိုက်ခိုက်နေသည်။
ရွှမ်း
တောက်ယန်က ဓားတစ်ချက် ခုတ်ချလိုက်သည်။ ဤဓားချက်မှာ သူ နားလည်သဘောပေါက်ထားသည့် အဆင့်မြင့်ဆုံး ဓားအတတ်ပင် ဖြစ်သည်။ မည်မျှပင် အစွမ်းထက်သော နတ်ဘုရားလက်နက် ဖြစ်ပါစေ၊ သူ၏ ဓားချက်အောက်တွင် အပိုင်းပိုင်း ပြတ်သွားရမြဲဖြစ်သည်။ စောစောက လီယန်ချူး၏ ကျားခေါင်းရွှေလှံမှာလည်း ထိုနည်းဖြင့်ပင် အပြတ်ခံခဲ့ရခြင်း ဖြစ်သည်။
ဒေါင်
ကောင်းကင်နှင့် မြေပြင်ကြားတွင် ခေါင်းလောင်းကြီး တီးလိုက်သကဲ့သို့ အသံကြီး ထွက်ပေါ်လာပြန်သည်။ သို့သော် လီယန်ချူး လက်ထဲမှ နက်မှောင်သော လှံရှည်မှာမူ ဘာမှ မထိခိုက်ဘဲ ရှိနေ၏။ လီယန်ချူးက ထိုအခွင့်အရေးကို အရယူကာ လှံဖြင့် အားကုန် ရိုက်ချလိုက်တော့သည်။
ဝုန်း
မြေပြင်တွင် နက်ရှိုင်းသော မြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားပြီး၊ တောက်ယန်မှာ ကောင်းကင်သို့ ပျံတက်ကာ ထိုတိုက်ကွက်ကို ရှောင်လိုက်ရသည်။
သူ၏ အကြည့်များမှာ လီယန်ချူး လက်ထဲရှိ လှံရှည်ပေါ်သို့ ရောက်ရှိသွားသည်။ ခဏမျှ စိုက်ကြည့်ပြီးနောက် သူသည် အံ့သြရိပ်များဖြင့်
"ဒါ... ကိန်းရဲ့လှံ လား"
လီယန်ချူးက အေးစက်စွာ ရယ်မောလိုက်သည်
"မင်းက ခန့်မှန်းရတာ တော်လှချည်လား၊ ကဲ... လာလေ၊ ဒီလှံကိုလည်း ထပ်ပြီး ခုတ်ဖြတ်ကြည့်ဦးလေ "
တောက်ယန်၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် တွန့်သွားသည်။ ဤလူငယ်လေး၏ စိတ်နေစိတ်ထားမှာ တကယ့်ကို ဆိုးရွားလှသည်ဟု သူ ခံစားလိုက်ရသည်။
ကိန်းရဲ့လှံ ဆိုသည်မှာ ကောင်းကင်ပြင်ပရှိ ဥက္ကာခဲသံ ဖြင့် သွန်းလုပ်ထားခြင်း ဖြစ်ရာ၊ ၎င်းကို ခုတ်ဖြတ်နိုင်ရန်မှာ မြေပြင်နတ်ဘုရား အဆင့်သို့ ရောက်ရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။
တောက်ယန်သည် စောစောက သင်ခန်းစာကို ယူကာ စကားပိုမပြောတော့ဘဲ
"ဓားအစီရင် " ဟု တိုးတိုးလေး ဆိုလိုက်သည်။
မရေမတွက်နိုင်သော ဓားအရှိန်အဝါများမှာ မိုးစက်မိုးပေါက်များအလား ကောင်းကင်ယံမှ ဆင်းသက်လာတော့သည်။ ဤဓားချက်မှာ ရွှီထျန်းနန်၏ ဓားလမ်းစဉ်နှင့် ဆင်တူသော်လည်း၊ ဓားအစီရင်၏ ရှုပ်ထွေးမှုမှာမူ ရွှီထျန်းနန်ထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်လှပေသည်။
ရွှီထျန်းနန်မှာ တစ်ချက်မျှ ကြည့်ရုံဖြင့် ၎င်းအတွင်း၌ ခုနစ်စင်ကြယ် ဓားအစီရင်၊ ယင်ယန် ဓားအစီရင်၊ နဂါးပျံ ဓားအစီရင်၊ မိစ္ဆာနတ်ဆိုး ဓားအစီရင် စသည့် ကြီးငယ်မဆိုသော ဓားအစီရင်ပေါင်း ၁၀ မျိုးကျော် ပါဝင်နေသည်ကို မြင်လိုက်ရသည်။
အပြောင်းအလဲများမှာ အဆုံးမရှိ ရွှီထျန်းနန်၏ မျက်လုံးများမှာ ပြူးကျယ်သွားရပြီး
"ဪ... ဒီအတတ်ကို ဒီလိုမျိုးတောင် ကစားလို့ ရတာပါလား"
ဆိုသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာရတော့သည်။