← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း။ ၆၁

ဝမ်ပင်းသည် လီဟွာကို အရေးတယူ မလုပ်သည့်အပြင် သူ့ဘက်သို့ မျက်လုံးတစ်ချက်ပင် လှည့်မကြည့်ချေ။

သူသည် ရှီဟွာကိုသာ ကြည့်လျက် "ငါ အထဲဝင်ကြည့်လို့ ရမလား" ဟု မေးလိုက်သည်။

ရှီဟွာက ခေါင်းညိတ်ပြလိုက်သည်။

ဝမ်ပင်း အထဲသို့ လှမ်းဝင်သွားသည်ကို ကြည့်ရင်း ရှီဟွာ၏ စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲ ပေါ်လာသည်။

ဝမ်ပင်းက ငါ့ဆီမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းချက်ကို သဘောတူလိုက်တာလား။

သို့သော် ထိုအတွေးကို သူမ ချက်ချင်းပင် ပြန်လည်ရုပ်သိမ်းလိုက်မိသည်။

မသေမျိုးဂိုဏ်းသည် အကြီးအကဲ ရန်ဟွားကိုပင် သတ်နိုင်သော စွမ်းအားရှိနေပြီဖြစ်ကာ ရန်မိသားစု၏ သားကြီး ရန်လီလီကိုယ်တိုင်ပင် မသေမျိုးဂိုဏ်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ အခြေအနေ မည်မျှပင် ဆိုးရွားပါစေ ဂိုဏ်းချုပ်တစ်ဦးဖြစ်သူ ဝမ်ပင်းအနေဖြင့် လုံဟွာကျောင်းအထိ ဆင်းလာပြီး အောက်ကျနောက်ကျ အလုပ်လုပ်လိမ့်မည် မဟုတ်ချေ။

ဒါပေမဲ့ ဝမ်ပင်းက ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲဆိုသည်ကို သူမ လုံးဝ စဉ်းစား၍ မရနိုင်တော့ချေ။

မသေမျိုးဂိုဏ်း စတင်ပြိုလဲစဉ်က သူမ၏ အနာဂတ်အတွက် မည်သည့်လမ်းစဉ်ကို ရွေးချယ်ရမှန်း မသိခဲ့သကဲ့သို့ပင် ယခုလည်း ဝေခွဲမရ ဖြစ်နေတော့သည်။

"နင် တကယ်ပဲ ငါ့ကို လာတွေ့တာလား"

"မဟုတ်ဘူး"

ရှီဟွာက "အော်" ဟုသာ တုံ့ပြန်လိုက်သော်လည်း သူမကိုယ်တိုင်ပင် သတိမထားမိသော စိတ်ပျက်မှု အရိပ်အယောင်လေး တစ်ခုက သူမ၏ မျက်ဝန်းထဲတွင် ဖြတ်ပြေးသွားသည်။

ဝမ်ပင်းက ဆက်ပြောသည်။

"ငါက လမ်းကြုံလို့ ဝင်လာတာ တကယ်တော့ အိမ်သာ အရမ်းတက်ချင်နေလို့ပါ"

"ဟမ်…"

"မရဘူးလား"

"ရ... ရပါတယ် ဒီကနေ တည့်တည့် သွားလိုက်ရင် အဆုံးမှာ ရှိပါတယ်"

ရှီဟွာ တစ်ယောက် စိတ်ထဲတွင် ရှုပ်ထွေးသွားတော့သည်။ သူမ ခန့်မှန်းထားသမျှ အခြေအနေများမှာ ဝမ်ပင်း၏ မူလရည်ရွယ်ချက်နှင့် အဝေးကြီး ကွာခြားနေသည်။

လျစ်လျူရှုထားခြင်း ခံလိုက်ရသဖြင့် ဝမ်ပင်းကို မူလကတည်းက မကြည်ဖြူသော လီဟွာသည် ရှေ့မှ ပိတ်ရပ်လိုက်ပြီး "ဝမ်ပင်း... မင်း အထဲဝင်ရင် ဝင်နိုင်တယ်။ ဒါပေမဲ့ တစ်ခုခု ဖြစ်လာရင်တော့ ရှီဟွာ့ကို ကြားဝင်ဖျန်ဖြေပေးဖို့ လာမတောင်းဆိုနဲ့ဦး" ဟု ပြောလိုက်သည်။

လီဟွာ စကားပြောပြီးသည်နှင့် ရှီဟွာ၏ မျက်နှာ ပျက်သွားကာ သိုင်းသင်တန်းကျောင်း၏ နောက်ဘက်ဝင်းဆီသို့ အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။

ထိုနေရာတွင် သူမကို စိတ်မသက်မသာ ဖြစ်စေသော တစ်စုံတစ်ဦး ရှိနေပုံပင်။ သို့သော် ဝမ်ပင်းက အိမ်သာခဏသုံးရန် လာခြင်းဖြစ်သဖြင့် သူမအနေဖြင့် မောင်းထုတ်ရန်လည်း မသင့်တော်ချေ။

"ဝမ်ပင်း... အလုပ်ပြီးရင် မြန်မြန်လေး ပြန်လိုက်ပါနော်။ ဒီနေ့ ကျောင်းထဲမှာ မှီခိုရာဂိုဏ်းက လူတွေ ရှိနေတယ်။ အကယ်၍ သူတို့ နင့်ကို မြင်သွားရင်..."

"နားလည်ပါပြီ"

ဝမ်ပင်းက ခေါင်းညိတ်ပြသည်။

ထိုသို့ပြောပြီးနောက် ရှီဟွာသည် လှည့်ထွက်သွားတော့သည်။ လီဟွာကလည်း ဝမ်ပင်းကို ဆက်မတားတော့ဘဲ ဘေးသို့ ဖယ်ပေးလိုက်သည်။

သူ၏ စိတ်ထဲတွင်မူ ဝမ်ပင်းတစ်ယောက် အထဲတွင် ရှိနေသော မူရန်နှင့် တိုးပါစေဟု ဆုတောင်းနေမိသည်။ မူရန်၏ စရိုက်အရဆိုလျှင် ဝမ်ပင်းကို ချက်ချင်းပင် လက်စဖျောက်လိုက်မည်ပင်။

ထိုသူနှစ်ဦး ထွက်သွားသည်နှင့် ဝမ်ပင်းသည် ကျောက်ယီ ပျောက်ကွယ်သွားသော ဘက်သို့ ဦးတည်၍ သွားလိုက်သည်။

အုတ်တံတိုင်းကို အမှီပြု၍ လမ်းအဆုံးအထိ လျှောက်လာခဲ့သည်။

ထိုနေရာမှာ မီးဖိုချောင်ဖြစ်ပြီး အပြင်ဘက်တွင် ရေတွင်းတစ်တွင်း ရှိသည်။ ဘယ်ဘက်တွင် ထင်းဂိုဒေါင်ရှိကာ ညာဘက်တွင်တော့ အခန်းငယ်လေး တစ်ခုရှိသည်။

ဝင်းအတွင်း၌ ဝါးဖြင့် ပြုလုပ်ထားသော အဝတ်လှန်းစင်များစွာ ရှိနေပြီး လျှော်ဖွတ်ပြီးစ အဝတ်အစားများမှာ တစက်စက် ရေကျလျက် ရှိနေကြသည်။

ထိုအချိန်တွင် ကျောက်ယီသည် ရေတွင်းဘေး၌ ထိုင်ကာ အဝတ်များကို ရိုက်ပုတ်တံဖြင့် ရိုက်၍ လျှော်ဖွတ်နေသည်။ ဖရိုဖရဲ ဖြစ်နေသော သူ၏ ပုံစံကြောင့် သူ၏ မျက်နှာအမူအရာကို အကဲခတ်ရန် ခက်ခဲလှသည်။

"ကျောက်ယီ"

ဖုန်း….

အဝတ်ရိုက်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။

သူ၏ ဘယ်လက်ထဲတွင် ဆပ်ပြာမှုန့်များကို ကိုင်ထားဆဲဖြစ်ကာ လေထဲတွင် တန့်နေတော့သည်။

"ခင်ဗျား ဘယ်သူလဲ"

ဖရိုဖရဲ ဖြစ်နေသော ဆံပင်ကြားမှ အလွန်အမင်း ထိတ်လန့်နေသော မျက်လုံးတစ်စုံက ထွက်ပေါ်လာသည်။

ကျောက်ယီသည် လူစိမ်းကို အကဲခတ်ကြည့်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင် သူ ဤသူကို တစ်ခါမျှ မမြင်ဖူးချေ။ ဝတ်ပုံစားပုံမှာလည်း ပန်းလမင်းမြို့သားနှင့် မတူပေ။

သို့သော် ထိုသူက သူ၏ နာမည်ရင်းကို သိနေကာ တစ်နှစ်ပတ်လုံး သူ လျှို့ဝှက်ထားခဲ့သော နာမည်ပင်။

လွန်ခဲ့သော တစ်နှစ်ပတ်လုံး သူသည် မည်သူ့ကိုမျှ ဤနာမည်ကို မပြောပြခဲ့ချေ။ သူ့ကို လက်ခံကျွေးမွေးထားသော လှပသည့် ကျောင်းပိုင်ရှင်ကိုပင် မပြောပြခဲ့ပေ။

ဝမ်ပင်းက ပြုံးလိုက်ရင်း အဝတ်လှန်းစင်များကို ဖြတ်ကျော်လာခဲ့သော်လည်း အနားသို့ အလွန်အကျွံ တိုးမသွားဘဲ ပြောလိုက်သည်။

"ငါက ဝမ်ပင်းပါ မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ အကယ်၍ မင်း ငါ့ဂိုဏ်းကို ဝင်မယ်ဆိုရင် မင်းအတွက် အကောင်းဆုံး လမ်းညွှန်မှုတွေနဲ့ သိုင်းပညာတွေကို ငါ ပေးနိုင်တယ်"

မသေမျိုးဂိုဏ်း…

ထိုစကားလုံး သုံးလုံးကို ကြားလိုက်ရသည့်အခါ ကျောက်ယီ၏ မျက်နှာတွင် လျစ်လျူရှုသော အမူအရာ ပေါ်လာသည်။

"မသေမျိုးဂိုဏ်းက ပျက်စီးသွားပြီလေ။ ခင်ဗျား လူလိမ်ချင်ရင်လည်း တခြားတစ်ယောက်ယောက်ရဲ့ အမည်ကို သုံးပြီး လိမ်သင့်ပါတယ်။ နောက်ပြီး ကျွန်တော်က လူစဉ်မမီတဲ့ ဒုက္ခိတတစ်ယောက်ပဲ။ ကျွန်တော့်မှာ ဘာမှ မရှိပါဘူး။ ခင်ဗျား လိမ်ယူစရာ ဘာတစ်ခုမှ မရှိဘူး"

"ငါ တကယ်ပဲ မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ"

"ခင်ဗျား လူမှားနေပြီထင်တယ်"

ထိုသို့ပြောပြီး ကျောက်ယီသည် မတ်တပ်ရပ်ကာ သစ်သားဇလုံကို မပြီး မီးဖိုချောင်ဘက်သို့ ဦးတည်သွားတော့သည်။ ဝမ်ပင်းနှင့် ဆက်လက် စကားမပြောလိုတော့သည်မှာ ထင်ရှားလှသည်။

ဝမ်ပင်းက ချက်ချင်းပင် ဆက်ပြောလိုက်သည်။

"ကျောက်ယီ... အကယ်၍ မင်း ငါ့ရဲ့ မသေမျိုးဂိုဏ်းကို ဝင်ဖို့ သဘောတူမယ်ဆိုရင် ဆယ်နှစ်အတွင်း မင်းရဲ့ ကလဲ့စားချေမှုကို ပြည့်ဝစေရမယ်လို့ ငါ အာမခံတယ်"

ကျောက်ယီ ပြန်မဖြေခဲ့ပေ။

သို့သော် သူသည် မီးဖိုချောင်တံခါးဝ၌ ရပ်တန့်သွားသည်။

ဟွန်း…

ဆယ်နှစ်တဲ့လား။

ဆယ်နှစ်မပြောနဲ့၊ အနှစ်နှစ်ဆယ်၊ သုံးဆယ်ဆိုရင်ရော ဘာထူးမှာမို့လို့လဲ။

တစ်ချိန်က သူသည် အသက် ၁၅ နှစ်အရွယ်မှာတင် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၅ အထိ ကျင့်ကြံနိုင်ခဲ့ပြီး အနာဂတ်တွင် နက်နဲသောနယ်ပယ်ကိုပင် လှမ်းမျှော်ကြည့်နိုင်ခွင့် ရှိခဲ့သည်။ သို့သော် ယခုမူ သူသည် ဒုက္ခိတတစ်ယောက်သာ ဖြစ်ကာ သွေးကြောအားလုံး ပျက်စီးနေပြီး သူ၏ဘဝမှာ ခွေးတစ်ကောင်လို တန်ဖိုးမရှိတော့ချေ။ ကလဲ့စားချေဖို့ဆိုသည်မှာ လက်လှမ်းမမီနိုင်သော အိပ်မက်တစ်ခုသာ ဖြစ်လာခဲ့သည်။

ပြီးတော့ ပျံလွှားနဂါးအဖွဲ့ဆိုသည်မှာ ကြယ်နှစ်ပွင့်အဆင့်ရှိသော အင်အားစုဖြစ်ပြီး နက်နဲသောနယ်ပယ် ပညာရှင်တစ်ဦးက ဦးစီးကာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသော ကျင့်ကြံသူ နှစ်ဆယ်ကျော်ကို အုပ်ချုပ်ထားခြင်းပင်။

ကလဲ့စားချေရန်အတွက် သူသည် နက်နဲသောနယ်ပယ်သို့ ရောက်ရှိရမည်ဖြစ်သော်လည်း ထိုအချိန်ရောက်လျှင် ပျံလွှားနဂါးအဖွဲ့မှ ပညာရှင်မှာလည်း ပို၍မြင့်မားသော အဆင့်သို့ ရောက်ရှိနေလောက်ပြီဖြစ်သည်။

အချိန်သည် မည်သူ့ကိုမျှ မစောင့်ဆိုင်းသလို ကောင်းကင်နှင့်မြေကြီး၏ ချီစွမ်းအင်ကိုပင် မစုပ်ယူနိုင်တော့သည့် သွေးကြောပြတ်တောက်နေသူတစ်ဦးအတွက်ဆိုလျှင် ပို၍ပင် ဆိုးရွားလှသည်။

ကျောက်ယီ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဝမ်ပင်းက အလျင်အမြန် ဆက်ပြောလိုက်

သည်။

"ငါ မင်းကို ဒီနေရာကနေ လွတ်မြောက်အောင် ကူညီပေးမယ်ဆိုရင် မင်း မသေမျိုးဂိုဏ်းကို ဝင်ဖို့ သဘောတူမလား"

"ဖြစ်နိုင်ပါတယ်"

ထိုသို့ပြောပြီးနောက် ကျောက်ယီသည် မီးဖိုချောင်ထဲသို့ ဝင်သွားကာ တံခါးပိတ်လိုက်တော့သည်။

ဝမ်ပင်းသည် ရှီဟွာကို ရှာဖွေပြီး ကျောက်ယီ၏ အစေခံစာချုပ်ကို ဖျက်ဆီးပစ်ကာ သူ့ကို ပထမဆုံး လွတ်လပ်ခွင့်ပေးရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။

ကျောက်ယီ၏ လက်ရှိစိတ်ဓာတ်အခြေအနေအရ လက်တွေ့ရလဒ်ကို မမြင်ရဘဲ မည်သည့်စကားကိုမျှ ယုံကြည်လိမ့်မည် မဟုတ်ချေ။

သိုင်းသင်တန်းကျောင်း၏ နောက်ဘက်ဝင်းသို့ ရောက်သောအခါ ကလေးငယ်များ၏ အပြစ်ကင်းစင်သော အော်ဟစ်သံများကို ကြားလိုက်ရပြီး ရှီဟွာက သူတို့ကို ကျင့်ကြံခြင်း သင်ကြားပေးနေသည်ကို တွေ့လိုက်ရသည်။

ရှီဟွာသည် ခေါင်းလှည့်ကြည့်လိုက်ရာ ဝမ်ပင်းကို မြင်သည်နှင့် မျက်နှာပျက်သွားပြီး အနားသို့ အမြန်လာကာ တိုးတိုးလေး ပြောလိုက်သည်။

"နင့်ကို ငါ တန်းပြန်တော့လို့ ပြောထားတယ် မဟုတ်လား ဘာလို့ ဒီမှာ ရှိနေသေးတာလဲ"

"ရှီဟွာ... ငါ နင့်ကို အကူအညီတစ်ခု တောင်းချင်လို့ပါ ငါနဲ့ ခဏလိုက်ခဲ့ပါဦး"

"နင်ကတော့... ဟင်း မှီခိုရာဂိုဏ်းက လူတွေ မြင်သွားရင်တော့..."

သူတို့နှစ်ဦးသည် ထောင့်တစ်နေရာသို့ လျှောက်သွားစဉ်မှာပင် လီဟွာသည် သံလိုက်တစ်ခုကဲ့သို့ တကောက်ကောက် လိုက်ပါလာသည်။

သို့သော် ဝမ်ပင်းက သူ့ကို လုံးဝ လျစ်လျူရှုထားပြီး ရှီဟွာကိုသာ ဆက်ပြောလိုက်သည်။

"ရှီဟွာ... ငါ နင့်ဆီက လူတစ်ယောက် ခေါ်သွားချင်လို့"

"လူခေါ်သွားမယ်"

ရှီဟွာသည် လေ့ကျင့်နေသော ကလေးငယ်များဘက်သို့ အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။

ဝမ်ပင်းက အမြန်ရှင်းပြသည်။

"ငါရှာနေတဲ့သူက သူတို့မဟုတ်ဘူး လွန်ခဲ့တဲ့ ရက်ပိုင်းကမှ နင်လက်ခံထားတဲ့ တစ်ယောက်လေ"

"နင်က ဟူအာကို ပြောတာလား"

"ဟူအာ... အင်း ဟုတ်တယ် သူပဲ"

ရှီဟွာ စကားမပြောရသေးမီ လီဟွာက ကြားဖြတ်ပြောလိုက်သည်။

"ဝမ်ပင်း... ဟူအာက ငါတို့ လုံဟွာကျောင်းနဲ့ အစေခံစာချုပ် ချုပ်ထားပြီးသား။ ဆိုလိုတာက သူက ငါတို့အတွက် တစ်သက်လုံး အဝတ်လျှော်၊ ဟင်းချက်ပေးရမယ့်သူပဲ။ သူ့ကို မင်းကိုပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး"

ဝမ်ပင်းသည် လီဟွာ၏ စကားကို မကြားချင်ယောင်ဆောင်ကာ ရှီဟွာကိုသာ ဆက်ပြောနေသည်။

"ဘယ်လိုလဲ... အကယ်၍ သူ့ကို ငါ့ကိုပေးမယ်ဆိုရင် နင်တို့ နစ်နာမှုမရှိစေရဘူးလို့ ငါကတိပေးတယ်။ အစေခံဝန်ထမ်း အယောက်တစ်ဆယ်လောက်တောင် ငါ ပြန်လဲပေးနိုင်တယ်"

ရှီဟွာသည် ခဏမျှ တွန့်ဆုတ်သွားပြီး လီဟွာကို တစ်ချက်ကြည့်ကာ "ဟူအာက သူ့ရဲ့ အစေခံစာချုပ်နဲ့ လာတာလေ" ဟု ပြောလိုက်သည်။

"ဟူအာကို ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး"

လီဟွာက ကျေနပ်အားရစွာဖြင့် ရယ်မောရင်း ကြေညာလိုက်သည်။

မင်း ငါ့ကို စောစောက လျစ်လျူရှုထားတယ် မဟုတ်ဘူးလား။

အခုတော့ ငါ့ကို လာတောင်းပန်နေရပြီ မလား။

လီဟွာတစ်ယောက် စိတ်ထဲတွင် ကျေနပ်နေစဉ်မှာပင် ဝမ်ပင်း၏ စကားကြောင့် မှင်တက်သွားရသည်။

"ရွှေဒင်္ဂါး ၁၀၀၀"

"မင်း ဘာကို ဆိုလိုတာလဲ"

"ဟူအာရဲ့ အစေခံစာချုပ်ကို ငါ့ကိုပေး ငါ မင်းကို ရွှေဒင်္ဂါး ၁၀၀၀ ပေးမယ်"

"မင်း..."

လီဟွာသည် ခေတ္တမျှ စကားဆွံ့အသွားရသည်။ ရွှေဒင်္ဂါး ၁၀၀၀ ဆိုသည်မှာ အမှန်တကယ်ပင် အလွန်များပြားသော ပမာဏ ဖြစ်သည်။

သူသည် ချမ်းသာသော မိသားစုမှ လာသူမဟုတ်သလို သူ၏ ကျင့်ကြံခြင်း အရင်းအမြစ်များမှာ မှီခိုရာဂိုဏ်းမှ ထောက်ပံ့သည်အပြင် သူ့ဘာသာ ရှာဖွေရသော ငွေဖြင့်သာ ဝယ်ယူရခြင်းပင်။ သူ၏ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၅ ဖြင့်ဆိုလျှင် တစ်လမှ ရွှေဒင်္ဂါး သုံးလေးဆယ်သာ ရှာနိုင်မည် ဖြစ်သည်။

သို့သော် ဝမ်ပင်းကမူ နုံချာသော အစေခံတစ်ယောက်ကို ဝယ်ရန်အတွက် ရွှေဒင်္ဂါး ၁၀၀၀ ကို ချက်ချင်း ကမ်းလှမ်းလိုက်ခြင်းပင်။

ထိုကဲ့သို့သော လူမျိုးကို အစေခံဈေးတွင် ရွှေဒင်္ဂါး ၁၀ ပြားနှင့်ပင် ဝယ်နိုင်သည်။ ဟူအာကို ဝမ်ပင်းထံ ရောင်းလိုက်လျှင် သူသည် တစ်ညတွင်းချင်း သူဌေးဖြစ်သွားပေလိမ့်မည်။

ထိုစဉ် သိုင်းသင်တန်းကျောင်း၏ ထောင့်တစ်နေရာတွင် လီဟွာ၏ အခန်းမှ အဝတ်ဟောင်းများကို သွားယူရန် ပြင်နေသော ကျောက်ယီသည် ဤစကားများကို အတိုင်းသား ကြားလိုက်ရသဖြင့် သူ၏ ခြေလှမ်းများ ရပ်တန့်သွားကာ ရင်ထဲတွင် ဖော်ပြမပြနိုင်သော ခံစားချက်တစ်ခု ပြည့်လျှံလာခဲ့သည်။

သူ၏ တန်ဖိုးမရှိလှသော ဘဝမှာအဝတ်လျှော်၊ ဟင်းချက်သည်မှအပ အခြားဘာမျှ မလုပ်နိုင်သောသူပင်။

ထို့ကြောင့် သူသည် လုံဟွာကျောင်းတွင် အစေခံတစ်ယောက်အဖြစ်သာ ဘဝကို အဆုံးသတ်ရန် ပြင်ဆင်ထားခဲ့သော်လည်း ယခုမူ တစ်စုံတစ်ဦးက သူ၏ လွတ်လပ်မှုအတွက် ရွှေတစ်ထောင် အကုန်အကျခံရန် ဆန္ဒရှိနေ၏။

ကျောက်ယီသည် ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး သူ၏ လက်ဖျားဖြင့် မျက်ဝန်းထောင့်မှ တောက်ပြောင်သော မျက်ရည်စတစ်ခုကို သုတ်လိုက်မိသည်။

သူသည် အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။

ထို့နောက် သူသည် သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

"ဒါက တစ်စုံတစ်ယောက်ရဲ့ ဂရုစိုက်မှုကို ခံရတဲ့ ခံစားချက်မျိုးလား..."

အခန်း။ ၆၂

"ဟူအာက မင်းအပိုင်ပဲ"

ဝမ်ပင်းဆီက ရွှေဒင်္ဂါးတစ်ထောင် ရရှိပြီးနောက် လီဟွာသည် သူ၏အိတ်ကပ်ထဲမှ ကျောက်ယီ၏ အစေခံစာချုပ်ကို ထုတ်ပေးလိုက်တော့သည်။

ထို့နောက် လီဟွာက ချက်ချင်းပင် အော်ဟစ်လိုက်သည်။

"ဟူအာ... ဒီကိုလာခဲ့စမ်း"

ဒေါက်…

ဝုန်း…

ရုန်းရင်းဆန်ခတ် အသံအချို့ ထွက်ပေါ်လာပြီးနောက် ဟူအာသည် ထောင့်တစ်နေရာမှ ပြေးထွက်လာသည်။

"ဖရိုဖရဲနဲ့... ဒီလို အမူအရာမျိုးနဲ့ မင်း ဘာများ လုပ်နိုင်မှာလဲ"

လီဟွာက သူ့ကို စိတ်ပျက်လက်ပျက် တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။

"ဟူအာ... ဒီနေ့ကစပြီး မင်းက လုံဟွာသိုင်းသင်တန်းကျောင်းနဲ့ မသက်ဆိုင်တော့ဘူး။ အခု မင်းက သူ့အပိုင်ပဲ"

ကျောက်ယီသည် ဝမ်ပင်းကို မော့ကြည့်လိုက်စဉ်မှာပင် မမျှော်လင့်ထားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဝမ်ပင်းသည် သူ၏လက်ထဲရှိ အစေခံစာချုပ်ကို လူတိုင်းရှေ့တွင် အပိုင်းပိုင်း ဆုတ်ဖြဲ

ပစ်လိုက်သည်။

လီဟွာမှာ မှင်တက်သွားသော်လည်း နောက်မှ တခိခိ ရယ်မောလိုက်မိသည်။ ဝမ်ပင်း အဘယ်ကြောင့် ဤသို့လုပ်သည်ကို သူ ဂရုမစိုက်ဘဲ အိတ်ကပ်ထဲမှ ငွေထုပ်ကို စမ်းရင်း ထွက်ခွာသွားတော့သည်။

သူသည် တစ်နေရာရာတွင် သွား၍ ပျော်မြူးနေပေလိမ့်မည်။

...

လုံဟွာသိုင်းသင်တန်းကျောင်းအတွင်းရှိ အခန်းတစ်ခု၌ မူရန်သည် တင်ပျဉ်ခွေထိုင်ကာ သိုင်းကျမ်းများကို စစ်ဆေးနေပြီး သူ၏မျက်မှောင်မှာ တင်းကျပ်စွာ ကြုတ်ထားသည်။

လီဟွာသည် အခန်းထဲသို့ လမ်းလျှောက်ဝင်လာရာ သူ၏မျက်ခုံးများမှာ ပြေလျော့နေပြီး အတော်လေး ကျေနပ်နေပုံပင်။

အဘယ်ကြောင့်ဆိုသော် ဟူအာ၏စာချုပ်မှာ ရွှေဒင်္ဂါး ၁၀ ပြားသာ တန်သော်လည်း ယခုမူ အဆတစ်ရာမက အမြတ်ထုတ်နိုင်ခဲ့သောကြောင့်ပင်။

မူရန်ကို မြင်သောအခါ သူ၏မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"စီနီယာအစ်ကို မူရန်... မသေမျိုးဂိုဏ်းက တပည့်တစ်ယောက် အပြင်မှာ ရောက်နေတယ်"

"မသေမျိုးဂိုဏ်း တပည့်"

မူရန်သည် ကျမ်းစာအုပ်ကို ချက်ချင်းပိတ်လိုက်ပြီး သူ၏မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် လီဟွာကို ပြောလိုက်သည်။

"လီဟွာ... ငါ့ဓားကို ယူခဲ့စမ်း။ မသေမျိုးဂိုဏ်းက တစ်ယောက်ယောက်ကို တွေ့တာနဲ့ ငါ ချက်ချင်း သတ်ပစ်မယ်"

"အခုပဲ ယူခဲ့ပါ့မယ်"

လီဟွာသည် စားပွဲရှေ့ရှိ ဓားစင်သို့ ချက်ချင်း လျှောက်သွားကာ ဓားလက်ကိုင်ကို ဆုပ်ကိုင်ရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။

အစ်မ ရှီဟွာ... အစ်မက ဝမ်ပင်းကို ဒီလောက်တောင် ကာကွယ်ပေးချင်နေမှတော့ ဝမ်ပင်း ပျောက်ကွယ်သွားတာပဲ အကောင်းဆုံး ဖြစ်မှာပါ။

...

ဝမ်ပင်းက အစေခံစာချုပ်ကို ဆုတ်ဖြတ်လိုက်သည်ကို မြင်သောအခါ ရှီဟွာက အလျင်အမြန် မေးလိုက်သည်။

"ဝမ်ပင်း... နင်က ဟူအာကို ဝယ်ဖို့ ရွှေတစ်ထောင်တောင် အကုန်ခံထားတာပဲ။ ဘာလို့ စာချုပ်ကို ဆုတ်ဖြတ်ပစ်လိုက်တာလဲ"

"ဘာလို့လဲဆိုတော့ ငါ သူ့ကို ငါ့ရဲ့ကျွန်အဖြစ် မထားချင်လို့ပါ။ ငါ သူ့ကို ပေးချင်တာက ရွှေထက်တန်ဖိုးရှိတဲ့ လွတ်လပ်ခွင့်နဲ့... မျှော်လင့်ချက်ပဲ"

ဝမ်ပင်း၏ အကြည့်မှာ ကျောက်ယီထံသို့ တစ်ဖန် ရောက်ရှိသွားသည်။

"သွားကြစို့... ငါနဲ့အတူ မသေမျိုးဂိုဏ်းကို လိုက်ခဲ့ပါ။ မင်းသာ ဆန္ဒရှိမယ်ဆိုရင် ဒီနေ့ကစပြီး မင်းက မသေမျိုးဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်လာလိမ့်မယ်"

ရှီဟွာသည် ထိုစကားများကြောင့် မှင်တက်သွားပြီး အံ့ဩတကြီး မေးလိုက်သည်။

"ဝမ်ပင်း... နင်က သူ့ကို ဂိုဏ်းထဲသွင်းဖို့အတွက်နဲ့တင် ရွှေတစ်ထောင် အကုန်ခံလိုက်တာလား နင် မသိသေးလို့ပါ။ သူ့ရဲ့ သွေးကြောတွေက အကုန်ပျက်စီးနေတာ။ လုံးဝ ကျင့်ကြံလို့ မရဘူး။ နင့်ရဲ့ ရည်ရွယ်ချက်ကို စောစောက သိခဲ့ရင် ငါ နင့်ကို တားမိမှာပဲ။ အခုတော့ လီဟွာတစ်ယောက် ရွှေတစ်ထောင် ရသွားလို့ အူလှိုက်သည်းလှိုက် ရယ်နေတော့မှာပဲ"

ဝမ်ပင်းက ခပ်ဖွဖွ ရယ်မောလိုက်ပြီး ကျောက်ယီ၏ ပုခုံးကို အသာအယာ ပုတ်ပေးကာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"သေချာ ကြည့်ထားပါ မကြာခင်မှာ သူက တခြားသူတွေ မော့ကြည့်ရမယ့် အမြင့်ကို ရောက်သွားလိမ့်မယ်။ လီဟွာ ဆိုတဲ့ကောင်ကတော့ အဲဒီအချိန်ကျရင် သူ့ရဲ့ဖိနပ်ကို သယ်ပေးဖို့တောင် အရည်အချင်း ပြည့်မီမှာ မဟုတ်ဘူး"

"ဒါပေမဲ့..."

ရှီဟွာသည် တွန့်ဆုတ်နေပြီး ဆက်လက် အကြံပေးချင်နေသော်လည်း ဝမ်ပင်း၏ မျက်ဝန်းထဲမှ ခိုင်မာသော ယုံကြည်မှုကို မြင်လိုက်ရသည့်အခါ သူမ၏ စိတ်ထဲတွင် အသံတစ်ခု ပဲ့တင်ထပ်လာသည်။

သူ ပြောတာ မှန်တယ်။

သူ တကယ်ပဲ မှန်နေတာပဲ။

ရှီဟွာမှာ အတန်ငယ် တုန်လှုပ်သွားရသည်။ ဝမ်ပင်း၏ အကြည့်တစ်ချက်က သူမ၏ ရင်ထဲမှ ယုံကြည်ချက်ကိုပင် လှုပ်ခါသွားစေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ဟူအာက တကယ်ပဲ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်နိုင်လို့လား။

ထို့နောက် ဝမ်ပင်းက ပြုံးလျက် ရှီဟွာကို ပြောလိုက်သည်။

"ရှီဟွာ... ဒီနေ့အတွက် ကျေးဇူးပဲ။ နောက်နေ့ကျရင် ငါ နင့်ကို နတ်ဘုရားစားဖိုမှူးရဲ့ ဟင်းလျာတွေနဲ့ ဧည့်ခံပါ့မယ်"

"ကောင်းပါပြီ ဒါပေမဲ့ နင် အမြန်ဆုံး ထွက်သွားတာ အကောင်းဆုံးပဲ။ စားဖို့သောက်ဖို့က နောက်မှ ပြောကြတာပေါ့။ အကယ်၍ စီနီယာအစ်ကို မူရန် ထွက်လာပြီး နင့်ကို တွေ့သွားရင်..."

သူမ၏ စကားမှာ ရုတ်တရက် ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၇ ရှိသော ကျင့်ကြံသူတစ်ဦး ချဉ်းကပ်လာသည်ကို သူမ ခံစားလိုက်ရသောကြောင့်ပင်။

လုံဟွာသိုင်းသင်တန်းကျောင်းတွင် အကြီးအကဲဆွန်း၏တပည့် မူရန်တစ်ဦးတည်းသာ ထိုမျှ အင်အားရှိသည်။

အခြေအနေ မဟန်တော့သည်ကို သိလိုက်ရသဖြင့် သူမသည် ဝမ်ပင်းကို ချက်ချင်း ထွက်ခွာသွားရန် တိုက်တွန်းလိုက်တော့သည်။

သို့သော် အချိန်နှောင်းသွားခဲ့ကာ မူရန်သည် အခန်းထောင့်သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ထပ်တစ်လှမ်း လှမ်းလိုက်သည်နှင့် တောင်စမ်းရေပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ဝမ်ပင်းကို တွေ့မြင်ရတော့မည်ဖြစ်သည်။

ဓားကိုကိုင်ဆောင်ထားသော မူရန်သည် တစ်ဝက်တစ်ပျက် လှမ်းထွက်လိုက်သည်နှင့် ရှီဟွာ၏ မျက်စိထဲသို့ ဝင်လာသည်။

သို့သော် မူရန်၏ အကြည့်က ဝမ်ပင်းအပေါ်သို့ ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် သူ၏မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားတော့သည်။

ရင်းနှီးနေသော မျက်နှာ၊ ရင်းနှီးနေသော ဝတ်စုံနှင့် ရင်းနှီးနေသော နူးညံ့သည့် အပြုံး။

ဤသုံးချက်စလုံးက မူရန်ကို မကြာသေးမီက ယွင်လန်တောင်ခြေရှိ မြင်ကွင်းကို ပြန်လည်သတိရသွားစေကာ တစ်ကိုယ်လုံး တုန်တက်သွားစေတော့သည်။

မူရန်သည် ကိုင်ထားသောဓားနှင့်အတူ မှင်တက်စွာဖြင့် နောက်သို့ဆုတ်လိုက်ပြီး နံရံကိုမှီကာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ သူ၏လက်ဖဝါးများတွင်လည်း ချွေးများ စိုရွှဲလာခဲ့သည်။

၎င်းကို မြင်သောအခါ လီဟွာက နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။

"စီနီယာအစ်ကို မူရန်... ဘာဖြစ်လို့လဲခင်ဗျာ"

"ဘာမှမဟုတ်ပါဘူး။ ငါ ဒီနေရာကနေပဲ အကဲခတ်ချင်လို့ပါ ဋကိုယ့်အကြောင်းကိုယ်သိ၊ ရန်သူ့အကြောင်းကိုသိရင် တိုက်ပွဲပေါင်းတစ်ရာမှာ အောင်နိုင်တယ်လေ။ မင်းလည်း အထဲကို နည်းနည်း ထပ်ဝင်လိုက်ဦး သူတို့ ငါတို့ကို မတွေ့ပါစေနဲ့"

မူရန်သည် အမူအရာပျက်ပျက်ဖြင့် ပြုံးလိုက်ရင်း တံတွေးကို ထပ်မံမျိုချလိုက်ပြန်သည်။

သူသည် အမှန်တရားကို ပြောရန် လုံးဝမရဲချေ။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စမှာ သူ၏အရှက်ရစရာဖြစ်ပြီး သူ၏ဆရာကိုယ်တိုင်ပင် မှီခိုရာဂိုဏ်းသို့ ပြန်ရောက်သည့်တိုင် မည်သူ့ကိုမျှ ဖွင့်မပြောခဲ့သည့် ကိစ္စဖြစ်သည်။

အကယ်၍ သူသည် ယခင်က ဤမျှအထိ အရှက်တကွဲ ဖြစ်ခဲ့ရသည်ကို လီဟွာသာ သိသွားပါက သူ၏ စီနီယာအစ်ကိုဟူသော ဂုဏ်သိက္ခာမှာ မြေလှန်သွားပေလိမ့်မည်။

မူရန်၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသော လီဟွာမှာ အတော်လေး ဇဝေဇဝါဖြစ်သွားပြီး မည်သို့မျှ စဉ်းစား၍မရသဖြင့် ပြောလိုက်သည်။

"စီနီယာအစ်ကို... အဲဒီကို မသွားချင်ရင်လည်း ကျွန်တော် သူ့ကို ဒီဘက်ခေါ်လာပေးလို့ ရပါတယ်။ သူ မလာရဲဘဲ မနေပါဘူး"

"မလိုဘူး"

မူရန်သည် လီဟွာ၏လက်ကို လှမ်းဆွဲလိုက်ပြီး အားနာသလိုလို အမူအရာပျက်သလိုလိုဖြင့် ပြုံးလိုက်သည်။

"ငါ အိမ်သာသွားချင်လို့ပါ။ မင်း ဒီမှာပဲနေပြီး သူ့ကို စောင့်ကြည့်နေလိုက်"

ထိုသို့ပြောပြီး မူရန်သည် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် လီဟွာ၏ အော်ပြောသံ ထွက်ပေါ်လာသည်။

"စီနီယာအစ်ကို... အိမ်သာက ဒီဘက်မှာလေ"

"ငါက ပတ်သွားရတာ ကြိုက်လို့ပါ"

မူရန်သည် အခန်းထဲသို့ သုတ်ခြေတင် ပြေးဝင်သွားပြီး ဓားကို ချလိုက်ကာမှ သက်ပြင်းအရှည်ကြီး တစ်ချက် ချနိုင်တော့သည်။

ယခုပြန်စဉ်းစားလျှင်ပင် သူ ထိတ်လန့်နေမိဆဲပင်။ အကယ်၍ သူသာ ဓားကိုဆွဲပြီး တကယ်ချဉ်းကပ်သွားခဲ့ပါက ဤလုံဟွာသိုင်းသင်တန်းကျောင်းတွင်ပင် ယနေ့ အသက်ပျောက်သွားနိုင်သည်။

လွန်ခဲ့သော သုံးရက်က ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ခုနစ်သို့ ရောက်ရှိပြီးနောက် စုဆောင်းခဲ့သမျှ ယုံကြည်ချက်များမှာ ယခုအခါ လုံးဝ ဥဿုံ ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်တွင် မူရန် ပြေးထွက်သွားသည်ကို ကြည့်နေသော လီဟွာမှာ သူ၏ဦးနှောက်များ အလုပ်မလုပ်တော့သလို ခံစားလိုက်ရသည်။

ဒါက မသေမျိုးဂိုဏ်းက တပည့်ကိုတွေ့ရင် တွေ့တဲ့နေရာမှာ သတ်ပစ်မယ်လို့ ကြုံးဝါးခဲ့တဲ့ မူရန် တကယ်ပဲလား။

ဘာလို့များ မူရန်က ကြောက်လန့်နေသလို ခံစားနေရတာလဲ။

"ငါ့စိတ်ထင်လို့ ဖြစ်မှာပါ။ စီနီယာအစ်ကို မူရန်က အဆင့်ခုနစ်ကို ရောက်နေပြီပဲ။ ဘာမှမရှိတော့တဲ့ ဝမ်ပင်းလိုလူကို ဘာလို့ ကြောက်နေရမှာလဲ"

ရှီဟွာသည် ဝမ်ပင်းကို လိုက်ပို့ပြီးနောက် မူရန်၏ အခန်းသို့ ရောက်ရှိလာသည်။ သူ အသာတကြည် လွှတ်ပေးခဲ့သည့်အတွက် ကျေးဇူးတင်စကား ပြောရန်ဖြစ်သည်။

ဝမ်ပင်းကို မူရန် သတ်ပစ်မည်ကို သူမ စိုးရိမ်ခဲ့ခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နှစ်ဦးစလုံးမှာ အဆင့်ခုနစ်ဖြစ်သဖြင့် တိုက်ခိုက်ကြလျှင်ပင် ဘေးမှ မှီခိုရာဂိုဏ်း တပည့်များက ဝိုင်းကူကြပေလိမ့်မည်။

ဝမ်ပင်း၏ အင်အားမှာ အဆင့်ရှစ်သို့ ရောက်နေလျှင်ပင် တစ်ယောက်ကို အများက ဝိုင်းတိုက်လျှင် ရုန်းကန်ရပေလိမ့်မည်။

ထိုအချိန်တွင် ဝမ်ပင်း အရှင်ဖမ်းခံရနိုင်ချေ ရှိသည်။

အကြီးအကဲ ရန်ဟွား သေဆုံးမှုအတွက် မှီခိုရာဂိုဏ်းက စုံစမ်းစစ်ဆေးနေချိန် ဖြစ်ရာ ဝမ်ပင်းသာ အရှင်ဖမ်းခံရပါက သေချာပေါက် အသက်ပျောက်ပေလိမ့်မည်။

သို့သော် သူမ ကျေးဇူးတင်စကား မပြောရသေးမီ ပြတင်းပေါက်နားတွင် ရှိနေသော မူရန်က ခေါင်းပြူထွက်လာပြီး မေးလိုက်သည်။

"ဝမ်ပင်း သွားပြီလား"

"သွားပြီ"

ထိုစကားကို ကြားလိုက်ရမှ မူရန်သည် သက်ပြင်းအရှည်ကြီး ချလိုက်ကာ ကုလားထိုင်ပေါ်သို့ ပစ်ထိုင်ချလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"တော်သေးတယ်... ပြန်မလာနိုင်တော့ဘူးလို့တောင် ထင်နေတာ။ ကံကောင်းလို့ပဲ"

All Chapters