အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်း။ ၆၅
ဤဆေးဖက်ဝင်ဟင်းလျာကို စုဆောင်းရရှိရန် ရန်မိသားစုဘက်မှ အတော်လေး အားထုတ်ခဲ့ရသည်။ ပါဝင်သော ဆေးဖက်ဝင်အပင်တိုင်းမှာ သက်တမ်း နှစ်တစ်ရာကျော်ရှိပြီး စုစုပေါင်းတန်ဖိုးမှာ ရွှေဒင်္ဂါး ၅၀၀၀ ထက်မနည်းချေ။
၎င်း၏အာနိသင်မှာ ချီစွမ်းအင်ကို ဖြည့်တင်းပေးပြီး ခန္ဓာကိုယ်ကို အာဟာရဖြစ်စေခြင်းဖြစ်ကာ ဆေးဖက်ဝင်ဟင်းလျာများကြားတွင်ပင် အလွန်တန်ဖိုးကြီးလှသည်။
၎င်းကို တောင်ပေါ်သို့ တစ်ခါတည်း သယ်ဆောင်လာပြီးဖြစ်ရာ ပြန်သယ်သွားဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။
ယွင်လန်တောင်သို့ ရောက်ရှိသောအခါ သူတို့နှစ်ဦး ယွင်လျောင်နှင့် ဆုံကြသည်။
ယနေ့ ဟွမ်ကုန်းက ဆေးဖက်ဝင်ဟင်းလျာ ချက်ပြုတ်ပေးမည်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ယွင်လျောင်သည် ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း အဆုံးတွင်မူ သူတို့ကို မသေမျိုးဂိုဏ်း၌ အချိန်အနည်းငယ် ပို၍နေထိုင်ခွင့်ပြုရန် သဘောတူလိုက်သည်။
ဟွမ်ကုန်း၏ ဆေးဖက်ဝင်ဟင်းလျာများမှာ ခြေမသန်သူကို လမ်းလျှောက်စေနိုင်ပြီး မျက်မမြင်ကို အလင်းမြင်စေနိုင်သည်ဟူသော သူ၏ကျော်ကြားမှုသတင်းကို ယွင်လျောင်သည် ဆင်ယွဲ့မြို့၌ ရှိစဉ်ကတည်းက ကြားဖူးနားဝရှိသည်။
အကယ်၍ တောက်တီးသည် သူ၏ချက်ပြုတ်မှုကြောင့် နာမည်ကြီးသည်ဆိုလျှင် ဟွမ်ကုန်း၏ အရှေ့အိုင်ဒေသတစ်ခွင် ကျော်ကြားမှုမှာ သူ၏ ဆေးဖက်ဝင်ဟင်းလျာများကြောင့်ပင် ဖြစ်ပေလိမ့်မည်။
မကြာသေးမီရက်များအတွင်း ဂုဏ်ထူးဆောင်အကြီးအကဲမှာ သူတို့နှင့်အတူ သာမန်ထမင်းဟင်းများကိုသာ နေ့စဉ်စားသောက်နေရသဖြင့် အာဟာရလိုအပ်ချက်မှာ အနည်းငယ် လိုအပ်နေပုံပင်။
ထိုဆေးဖက်ဝင်ဟင်းလျာက အကြီးအကဲအတွက် အကျိုးရှိစေမည်ဖြစ်ရာ ယွင်လျောင်အနေဖြင့် တားဆီးရန် အကြောင်းပြချက် မရှိတော့ချေ။
အကြီးအကဲ လုံးဝဥဿုံ ပြန်လည်ကျန်းမာလာလျှင် နက်နဲသောနယ်ပယ်ဆိုင်ရာ အခက်အခဲအချို့ကိုပင် တိုင်ပင်ဆွေးနွေးရန် သူ စိတ်ကူးထားသေးသည်။
"နတ်ဘုရားစားဖိုမှူး... ခင်ဗျား စိတ်ကြိုက်သာ လုပ်ပါ။ ဒီနေ့အတွက် တစ်နာရီ စည်းမျဉ်းကို လိုက်နာနေဖို့ မလိုပါဘူး"
ဟွမ်ကုန်းက "ကျေးဇူးတင်ပါတယ်" ဟု ပြန်ဖြေသည်။
ရန်ကျုံးရှန်းကလည်း ပြုံးလျက် "ကျေးဇူးတင်ပါတယ် အကြီးအကဲယွင်။ လာတုန်းကတော့ အချိန်ကန့်သတ်ချက်ကြောင့် စိုးရိမ်နေတာ။ အခုတော့ အချိန်အလုံအလောက် ရပြီဆိုတော့ ဒီဆေးဟင်းလျာက ညီအစ်ကိုယွီဆီကို အချိန်မီ ရောက်တော့မှာပဲ။ ဒီဆေးဖက်ဝင်ပစ္စည်းတွေကို ရှာဖွေရတဲ့ ငါ့ရဲ့အားထုတ်မှုတွေလည်း တန်သွားပါပြီ" ဟု ပြောလိုက်သည်။
ယွင်လျောင်က ခေါင်းညိတ်ပြကာ "ခင်ဗျားတို့ အလုပ်လုပ်ကြပါ။ ကျွန်တော် သွားလိုက်ဦးမယ်"
ရန်ကျုံးရှန်းက နောက်မှလိုက်ကာ မေးလိုက်သည် "အကြီးအကဲယွင်... ဂိုဏ်းချုပ်ဝမ် ပြန်ရောက်ပြီလားဆိုတာ သိပါသလား"
...
ယွင်လျောင် ထွက်သွားသည်နှင့် မီးဖိုချောင်အတွင်း၌ မကြာမီမှာပင် အလုပ်များလှသော အသံများဖြင့် ပြည့်နှက်သွားတော့သည်။
"မြန်မြန်လုပ်ကြ"
"ပစ္စည်းတွေ အကုန်ချလိုက်။ နှင်းပန်းတွေကို ဟိုမှာထား။ ကြယ်ခရုခွံတွေကိုတော့ စဉ်းတီတုံးပေါ်မှာ ထုချေလိုက်..."
ဟွမ်ကုန်း၏ အမိန့်ပေးသံများမှာ မီးဖိုချောင်အတွင်းရော အပြင်မှာပါ မပြတ်ထွက်ပေါ်နေသည်။
...
တင်းယွီဆောင်…
လွန်ခဲ့သောညက ဝမ်ပင်း ပြန်ရောက်လာကြောင်း ယွင်လျောင် သိရှိထားသဖြင့် ရန်ကျုံးရှန်းကို တင်းယွီဆောင်သို့ ခေါ်ဆောင်လာခဲ့သည်။
ဝင်ရောက်ခွင့်ရရှိပြီးနောက် ရန်ကျုံးရှန်းသည် သူနှင့်အတူပါလာသော သန်မာသည့် လူလတ်ပိုင်း အမျိုးသားနှစ်ဦးကို သူတို့သယ်လာသည့် သေတ္တာကို ချခိုင်းလိုက်သည်။
"ချလိုက်တော့"
ဗုန်း….
ထိုသူနှစ်ဦးသည် သစ်သားသေတ္တာကို ဝမ်ပင်း၏ရှေ့တွင် ချလိုက်ကြသည်။
ရန်ကျုံးရှန်းက စတင်ပြောဆိုသည် "ဂိုဏ်းချုပ်ဝမ်... မသေမျိုးလေညင်းရဲ့ နမူနာ သုံးမျိုးကို ပြုလုပ်ပြီးပါပြီ တစ်ချက်လောက် ကြည့်ပေးပါဦး"
ဝမ်ပင်းက ခေါင်းညိတ်ပြသည်။
ရန်ကျုံးရှန်းက သစ်သားသေတ္တာကို ဖွင့်လိုက်ရင်း ဆက်ပြောသည်။
"ဂိုဏ်းချုပ်ဝမ်... ဒီဝတ်စုံအတွက် ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းကို ကျွန်တော့်ဇနီးဆီကနေ ရခဲ့တာပါ။ မသေမျိုးလေညင်းလို့ ဆိုတဲ့အတိုင်း ဒီစကားလုံးလေးလုံးနဲ့ ကိုက်ညီရပါမယ်။ အထည်သားကိုတော့ နှစ်ပေါင်းတစ်ရာအထိ ပုံစံမပျက်ဘဲ တည်မြဲတဲ့ ပစ္စည်းနဲ့ ပြုလုပ်ထားပြီး အရမ်းနူးညံ့ပါတယ်။ ဆောင်းတွင်းမှာ နွေးပြီး နွေမှာ အေးမြတယ်လို့ ပြောရင်လည်း ပိုပြောရာမကျပါဘူး။ ဒါက ဒီဝတ်စုံရဲ့ ပထမအဆင့်ပါ။ ဒုတိယအဆင့်ကတော့ ထာဝရအသက်ရှင်ခြင်းကို ကိုယ်စားပြုတဲ့ ကျန့်မုသစ်ရွက်ပုံစံကို နှစ်တစ်ရာသက်တမ်းရှိ ငွေရောင်ပိုးဖလံရဲ့ ပိုးချည်မျှင်တွေနဲ့ ပန်းထိုးထားတာပါ။ ပေါ့ပါးနူးညံ့ပြီး ထာဝရရှင်သန်ခြင်းကို ကိုယ်စားပြုပါတယ်။ ဂိုဏ်းချုပ်ဝမ်အနေနဲ့ ဒီဝတ်စုံကို စိတ်တိုင်းကျရဲ့လားခင်ဗျာ"
ဝမ်ပင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး "ကျန်တာတွေကို ကြည့်နေဖို့ မလိုတော့ဘူး။ ဒါကိုပဲ ယူလိုက်မယ်" ဟု ပြောလိုက်သည်။
"တစ်ချက်လောက် စမ်းဝတ်ကြည့်ပါဦး ဂိုဏ်းချုပ်ဝမ်"
ထိုသို့ပြောပြီးနောက် ရန်ကျုံးရှန်းသည် ဝတ်စုံကိုယူကာ ဝမ်ပင်းကို အင်္ကျီ၊ ဘောင်းဘီ ဝတ်ဆင်ပေးပြီး ခါးပတ်ပတ်ပေးရန် ကူညီပေးခဲ့သည်။
ဝတ်ဆင်ပြီးနောက် ဘေးတွင်ရပ်နေသော ယွင်လျောင်က လက်မထောင်ပြကာ ပြုံးလျက် "ဂိုဏ်းချုပ်... တကယ့်ကို ခန့်ညားသွားတာပဲ" ဟု ချီးကျူးလိုက်သည်။
ဝမ်ပင်းက အနည်းငယ် ပြုံးလိုက်ပြီးနောက် ဤအခြေအနေကို ကြိုတင်ခန့်မှန်းထားသကဲ့သို့ တည်ငြိမ်သောအမူအရာဖြင့် ရန်ကျုံးရှန်းကို ပြောလိုက်သည်။
"ရန်မိသားစုခေါင်းဆောင်... ငါတို့ ဒီဝတ်စုံကိုပဲ အတည်ပြုမယ်။ ငါ့အတွက် အစုံ ၂၀ ပြုလုပ်ပေးပါ။ တစ်စုံကို ရွှေဒင်္ဂါး ၁၅၀ နှုန်းနဲ့ ပေးမယ်"
...
ကျား၊ မ ဝတ်စုံပုံစံ နှစ်မျိုးလုံးကို အတည်ပြုပြီးနောက် ဝမ်ပင်းသည် အခြားသူအချို့နှင့်အတူ တင်းယွီဆောင်မှ ထွက်ခွာလာခဲ့သည်။ ဗိုက်ဆာနေသဖြင့် မီးဖိုချောင်သို့ ဦးတည်ရန် ရည်ရွယ်ထားသည်။
သူတို့ လမ်းလျှောက်နေစဉ်မှာပင် ဟွမ်ကုန်းနှင့် အခြားသူများမှာ မသေမျိုးဂိုဏ်း၌ နေထိုင်သည်မှာ တစ်နာရီ ပြည့်သွားပြီဖြစ်ကြောင်း စနစ်က သူ့ကို အကြောင်းကြားလိုက်တော့သည်။
ဝမ်ပင်းသည် စနစ်က ပြသပေးထားသော မြေပုံကို ကြည့်လိုက်ရာ ဟွမ်ကုန်းသည် မီးဖိုချောင်ထဲတွင် ရှိနေကြောင်း တွေ့လိုက်ရသဖြင့် "ဒီနေ့ ဟွမ်ကုန်းကိုယ်တိုင် ချက်နေတာလား" ဟု မေးလိုက်သည်။
"မဟုတ်ပါဘူး ဒီနေ့ ဟွမ်ကုန်းက ဆေးဖက်ဝင်ဟင်းလျာ ပြင်ဆင်နေတာပါ"
"ဆေးဟင်းလျာ ငါတို့ ဒါကို မနက်စာအဖြစ် စားရမှာလား"
"မဟုတ်ပါဘူး ဂိုဏ်းချုပ်။ ခင်ဗျား နားလည်မှုလွဲနေပါပြီ။ ဟွမ်ကုန်း ပြင်နေတဲ့ ဆေးဟင်းလျာက အကြီးအကဲယွီအတွက်ပါ။ ဆေးဟင်းလျာဆိုတာ အေးသွားလို့ မရဘူး၊ အေးသွားရင် အာနိသင်က တစ်ဝက်လောက် လျော့သွားတတ်လို့ ဂိုဏ်းရဲ့ မီးဖိုချောင်ကို ခေတ္တငှားပြီး ချက်နေတာပါ"
"အချိန်က တစ်နာရီ ကျော်သွားပြီ မဟုတ်လား"
ဝမ်ပင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ယွင်လျောင်၏ အကြည့်ကို တည့်တည့်စိုက်ကြည့်လိုက်ရာ ယွင်လျောင်မှာ အနည်းငယ် စိတ်မလုံမလဲ ဖြစ်သွားရသည်။
"အဲဒါက ဆေးဟင်းလျာ ပြင်ဆင်ချိန် ကြာနေလို့ပါ..."
"ကိစ္စက အချိန်အကြောင်း မဟုတ်ဘူး"
ဝမ်ပင်း၏ စကားကြောင့် ယွင်လျောင်နှင့် ရန်ကျုံးရှန်းတို့ နှစ်ဦးစလုံး သက်ပြင်းချလိုက်မိကြသည်။ ဝမ်ပင်းက အချိန်ပိုနေသည့် ကိစ္စကို အပြစ်တင်တော့မည်ဟု သူတို့ ထင်ထားခဲ့ခြင်းပင်။
အမှန်စင်စစ် တစ်နာရီဆိုသော စည်းမျဉ်းကို ဝမ်ပင်းကိုယ်တိုင် သတ်မှတ်ခဲ့ခြင်းပင်။
သို့သော် ထိုအချိန်တွင် ဝမ်ပင်းသည် မီးဖိုချောင်ဘက်သို့ တည့်တည့်လျှောက်သွားသည်။ သူ၏ ပုံစံမှာ ထမင်းစားသွားမည့် ပုံစံမျိုးမဟုတ်ဘဲ အရေးကြီးကိစ္စတစ်ခု ရှိနေသည့်နှယ် တည်တင်းနေပြီး သူ၏မျက်နှာတွင် အပြုံးအရိပ်အယောင်မျှပင် မရှိချေ။
မကြာမီ ဝမ်ပင်း မီးဖိုချောင်သို့ ရောက်ရှိလာပြီး တံခါးဝတွင် ရပ်ကာ အထဲ၌ အလုပ်ရှုပ်နေသော ဟွမ်ကုန်းကို အကဲခတ်ကြည့်လိုက်သည်။
ဟွမ်ကုန်း လှည့်ကြည့်လိုက်သည့်အခါ ဝမ်ပင်းကို တွေ့သဖြင့် အလျင်အမြန်ပင် နှုတ်ဆက်
လိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... ပြန်လာပြီလားခင်ဗျာ"
"နတ်ဘုရားစားဖိုမှူး... ခင်ဗျား ဘာလုပ်နေတာလဲ"
ဝမ်ပင်း၏ အမူအရာမှာ အနည်းငယ် အေးစက်နေသည်ကို မြင်ရသဖြင့် ဟွမ်ကုန်းက အမြန်ပြန်ဖြေသည်။
"ဂိုဏ်းချုပ်ဝမ်... ဒီနေ့ ကျွန်တော် မသေမျိုးဂိုဏ်းရဲ့ မီးဖိုချောင်ကို ခဏငှားပြီး ဆေးဟင်းလျာ ပြင်ဆင်နေတာပါ။ ဒါက ကျွန်တော် ငယ်စဉ်ကတည်းက သင်ယူခဲ့တဲ့ ချီစွမ်းအင်နဲ့ သွေးလေလည်ပတ်မှုကို အားကောင်းစေတဲ့ ဟင်းလျာပါ။ အခုအချိန် ယွီမိုအတွက် အသင့်တော်ဆုံးပဲ ဖြစ်မှာပါ"
ဘေးတွင် ရှိနေသော ရန်ကျုံးရှန်းကလည်း ဝမ်ပင်းက အချိန်ပိုပေးမည်မဟုတ်မှာ စိုးရိမ်သဖြင့် "ဂိုဏ်းချုပ်ဝမ်... ဒီဆေးဟင်းလျာက တကယ်ကို အားဖြစ်စေတဲ့ အရာပါ။ ညီအစ်ကိုယွီရဲ့ လက်ရှိ ခန္ဓာကိုယ်အခြေအနေအတွက် အများကြီး အထောက်အကူပြုမှာပါ" ဟု ဝင်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ပင်းသည် ဟွမ်ကုန်း၏ နောက်ကွယ်ရှိ သံအိုးကြီးကို တစ်ချက်ကြည့်လိုက်သည်။
အိုးဖုံးအောက်မှ ရေနွေးငွေ့များမှာ အတားအဆီးမဲ့စွာ ထွက်ပေါ်နေသည်။
ဝမ်ပင်း၏ အမူအရာမှာ မပြေလည်သေးသည်ကို မြင်သောအခါ ဟွမ်ကုန်းက ထပ်မေးပြန်သည်။
"ဂိုဏ်းချုပ်ဝမ်... ဒီဆေးဟင်းလျာကို ပြင်ဆင်ရတာ အတော်လေး လက်ဝင်လှပါတယ်။ အဲဒါကြောင့်ပဲ မသေမျိုးဂိုဏ်းမှာ တစ်နာရီထက် ပိုပြီး နေမိသွားတာပါ"
ရန်ကျုံးရှန်းကလည်း ဝမ်ပင်း၏ မကျေမနပ်ဖြစ်နေသော အမူအရာကို မြင်သဖြင့် အမြန်ဝင်
ဖျန်ဖြေသည်။
"ဂိုဏ်းချုပ်ဝမ်... ညီအစ်ကိုယွီက ကျွန်တော့်ရဲ့ မိတ်ဆွေကောင်းပါ။ သူ အမြန်ပြန်ကောင်းလာစေချင်တဲ့ ဆန္ဒနဲ့ ဒီဆေးဟင်းလျာကို ပြင်ဆင်နေကြတာပါ"
"အချိန်က ပြဿနာမဟုတ်ဘူး။ ပြဿနာက ခင်ဗျားတို့ရဲ့ ဆေးဟင်းလျာပဲ"
"ဒီဆေးဟင်းလျာကို ချီစွမ်းအင်နိုးကြားစွပ်ပြုတ်လို့ ခေါ်ပါတယ်။ ကျွန်တော် ဒီဟင်းလျာကို ချက်လာတာ ဆယ်နှစ်ရှိပါပြီ။ ဒီစွပ်ပြုတ်တစ်ခွက်တည်းနဲ့တင် သေလုမျောပါးဖြစ်နေသူတွေ အသက်ပြန်ရှင်ခဲ့တာ အများကြီးပါ"
"နတ်ဘုရားစားဖိုမှူးက သူ့ရဲ့ ဆေးဟင်းလျာအပေါ် ဒီလောက်တောင် ယုံကြည်မှုရှိနေမှတော့ ငါ ဘာမှပြောစရာ မရှိတော့ဘူး။ ဒီဟင်းလျာကို ဆက်ချက်လို့ ရပါတယ်။ ဒါပေမဲ့ ငါ ကြိုပြီး ပြောထားချင်တာ တစ်ခုရှိတယ်"
"အဲဒါ ဘာလဲခင်ဗျာ"
"ဒီဆေးဟင်းလျာ အကြီးအကဲယွီရဲ့ ဗိုက်ထဲရောက်သွားတာနဲ့ ခင်ဗျားတို့ အကြီးအကဲယွီကို တောင်အောက်ကို တိုက်ရိုက် ခေါ်သွားလို့ ရပြီ"
"ဂိုဏ်းချုပ်ဝမ်... ဘာကို ဆိုလိုတာလဲ"
"အကြောင်းပြချက် မရှိဘူး"
ယွီမိုကို ကုသပေးရန် သဘောတူထားပြီး ရွှေဒင်္ဂါးသောင်းချီကို ဆေးဖိုးအဖြစ် လက်ခံထားပြီးဖြစ်ရာ ဝမ်ပင်းသည် ယခုအခါ သူ့ကိုယ်သူ ဆရာဝန်တစ်ဦးအဖြစ် မှတ်ယူထားသည်။ သက်စောင့်စီးကရက်၏ အစွမ်းကို အားကိုးနေရသော အပျော်တမ်း ဆရာဝန်တစ်ဦး ဖြစ်သော်လည်း ဝမ်ပင်းသည် လူနာများက သူ့ဆေးကို သောက်နေရင်းတစ်ပြိုင်နက်တည်းမှာ တခြားဆရာဝန်ပေးတဲ့ ဆေးကို သောက်တာကို လုံးဝ မကြိုက်ချေ။
ထိုခံစားချက်မှာ မည်သည့်အကြောင်းပြချက်မျှမရှိဘဲ ကြက်ဥကြော်ကိုသာ ကြိုက်ပြီး ကြက်ဥပြုတ်ကို မုန်းတီးနေသကဲ့သို့ပင်။
မည်သည့် ယုတ္တိဗေဒမှ မလိုအပ်ချေ။ သူ မကြိုက်ရုံနှင့်တင် ဤသို့ ပြုမူရန် လုံလောက်နေပြီဖြစ်သည်။
အထူးသဖြင့် ဆရာဝန်တစ်ဦးအဖြစ် လုပ်ဆောင်နေချိန်တွင် ထိုခံစားချက်က ပို၍ပင် ပြင်းထန်လှသည်။
ဝမ်ပင်းက ဆက်ပြောသည်။
"နတ်ဘုရားစားဖိုမှူး... ခင်ဗျားက ဒါကိုပဲ ဆက်လုပ်မယ်ဆိုရင် အကြီးအကဲယွီကို တောင်အောက် ခေါ်သွားနိုင်ပါတယ်။ ငါ ဝမ်ပင်းက ငါ့ဆေးကို သုံးနေရင်း တခြားသူရဲ့ ဆေးကို သောက်တဲ့သူကို ဘယ်တော့မှ မကုဘူး"
"ဒါ... ဒါကတော့..."
ဟွမ်ကုန်းသည် ချက်ပြုတ်ပြီးလုနီးပါးဖြစ်နေသော ဆေးဟင်းလျာကို ကြည့်ကာ ခက်ခဲစွာ ရပ်နေရင်း အကြပ်ရိုက်နေသော အမူအရာ ပေါ်လာတော့သည်။
အခန်း။ ၆၆
ယွီမိုအတွက် ဆေးဖက်ဝင်ဟင်းလျာ ပြင်ဆင်ပေးခြင်းက မူလက စေတနာကောင်းဖြင့် လုပ်ဆောင်သည့် အမှုတစ်ခုသာ ဖြစ်သည်။
ထို့ကြောင့် ဝမ်ပင်းက ဤကဲ့သို့ တင်းမာစွာ ပြောဆိုလာလိမ့်မည်ဟု သော်လည်းကောင်း ထိုဟင်းလျာကို သောက်သုံးပါက ယွီမိုကို ဆက်လက်ကုသပေးမည်မဟုတ်ဟု ကြေညာလိမ့်မည်ဟု သော်လည်းကောင်း မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။
ဝမ်ပင်း၏ စကားများသည် ခက်ထန်ရက်စက်ရာ ရောက်နေပြီး အကြောင်းပြချက်မရှိဘဲ အတ္တဆန်လွန်းသည့်အပြင် ဆရာဝန်တစ်ဦး၏ ကျင့်ဝတ်နှင့်လည်း မညီသကဲ့သို့ ခံစားရစေသည်။
သို့သော်လည်း ဝမ်ပင်းသည် မသေမျိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သလို ယွီမိုကို ကုသပေးနိုင်
သည့် တစ်ဦးတည်းသောသူလည်း ဖြစ်သည်။
လွန်ခဲ့သော ရက်ပိုင်းအတွင်း ယွီမို၏ အခြေအနေမှာ သိသိသာသာ တိုးတက်လာခဲ့သည်မှာ ငြင်းမရသော အမှန်တရားပင်။
သို့သော်လည်း ဤဆေးဖက်ဝင်ဟင်းလျာကို ယွီမိုကို မကျွေးရတော့ဘူးဆိုလျှင် ရွှေဒင်္ဂါး ၅၀၀၀ မှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။
ရွှေဒင်္ဂါး ၅၀၀၀ ဆိုသည်မှာ ရန်ကျုံးရှန်းအတွက် စီးပွားရေးအရ အကြီးအကျယ် ထိခိုက်စေလောက်သည့် ပမာဏမဟုတ်သော်လည်း စီးပွားရေးသမားတစ်ဦးအနေဖြင့် ဤမျှ အချိန်နှင့် ငွေကြေးရင်းနှီးထားသည့်အရာက ဘာအကျိုးသက်ရောက်မှုမှ မရှိဘဲ ပျက်စီးသွားရမည်ကို မြင်ရသည်မှာ စိတ်မသက်မသာ ဖြစ်ရသည်မှာ သဘာဝပင်။
ရန်ကျုံးရှန်းသည် အားကိုးရာမဲ့စွာဖြင့် ရှေ့သို့တိုးကာ ရှင်းပြရန် ကြိုးစားလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... ခင်ဗျား မသိသေးလို့ပါ။ ဒီဆေးဖက်ဝင်ဟင်းလျာက အားဆေးတစ်မျိုးပါ၊ အမှန်အတိုင်း ပြောရရင် ဒါက ရောဂါကုသတဲ့ ဆေးမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ညီအစ်ကိုယွီရဲ့ ခန္ဓာကိုယ်အခြေအနေကို မြှင့်တင်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါမှ သူ့ရဲ့ စိတ်ဓာတ်နဲ့ ခန္ဓာကိုယ်က ပိုပြီး လန်းဆန်းလာမှာဖြစ်သလို ဂိုဏ်းချုပ်ရဲ့ ကုသမှု လုပ်ငန်းစဉ်တွေကိုလည်း အနှောင့်အယှက် မဖြစ်စေမှာပါ"
ဝမ်ပင်းကမူ ဂရုမစိုက်သော အမူအရာဖြင့်ပင် "ဒါက အားဆေးသက်သက်ပဲ ဖြစ်နေဦးတော့ ဒီဆေးဟင်းလျာကို အကြီးအကဲရဲ့ ဗိုက်ထဲ အဝင်ခံလို့ မရဘူး" ဟု ပြတ်သားစွာ ပြောလိုက်သည်။
သောက်ခွင့်မပြုနိုင်ဘူးဟူသော သူ၏ ရပ်တည်ချက်မှာ ရှင်းလင်းလှသည်။
"ဂိုဏ်းချုပ်ဝမ်... ခင်ဗျား ဒါက နည်းနည်းတော့ လွန်မနေဘူးလား"
"မလွန်ပါဘူး။ ငါက အကြီးအကဲကို ကုသပေးဖို့ ဆုံးဖြတ်ထားတဲ့အတွက် သူက ဟိုဟာစား ဒီဟာသောက်နဲ့ အဓိပ္ပာယ်မရှိတဲ့အရာတွေကို လျှောက်စားနေတာကို ငါခွင့်မပြုနိုင်ဘူး"
ရန်ကျုံးရှန်းမှာ စကားဆွံ့အသွားရတော့သည်။
ဆေးဖက်ဝင်ဟင်းလျာများကို အဓိပ္ပာယ်မရှိသော အရာများဟု တစ်စုံတစ်ဦးက ပြောဆိုသည်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
အကယ်၍ ၎င်းမှာ ရွှေဒင်္ဂါး ၁၀၀ ခန့်သာ တန်ဖိုးရှိသော သာမန်ဆေးဟင်းလျာဆိုလျှင် ထားပါတော့။ ယခုမူ ရွှေဒင်္ဂါး ၅၀၀၀ တန်ဖိုးရှိသော ကောင်းကင်ဘုံမှ ရှားပါးပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ဆေးဟင်းလျာ ဖြစ်နေခြင်းပင်။
"တကယ်လို့ ဒီဟင်းလျာကိုသာ အပြင်မှာ ရောင်းမယ်ဆိုရင်၊ သွေးလေအားနည်းနေတဲ့ သက်ကြီးရွယ်အို သူဌေးကြီးတွေက ရွှေဒင်္ဂါး သောင်းနဲ့ချီ ပေးပြီးတော့တောင် ဝယ်ကြမှာပဲ။ ဆန်းဝူမြို့ တစ်မြို့လုံးမှာတောင် ဒီဟင်းလျာကို သောက်နိုင်တဲ့သူ ဘယ်နှစ်ယောက် ရှိမှာလဲ"
ဘေးနားရှိ အာလန်းမှာမူ ဝမ်ပင်း၏ စကားများကြောင့် ပို၍ပင် ဒေါသထွက်သွားကာ လူအုပ်ကြားထဲမှ ရှေ့သို့ တိုးထွက်လာခဲ့သည်။
ယခင်ဖြစ်ရပ်များကြောင့် သူသည် ဝမ်ပင်းနှင့် ထိပ်တိုက်မတွေ့လိုသော်လည်း ယနေ့ ဝမ်ပင်း၏ ပြုမူပုံမှာ သူ့ကို တကယ်ပင် ဒေါသထွက်စေခဲ့သည်။
သူသည် ဝမ်ပင်း၏ ရှေ့သို့ ရောက်သွားကာ "ဂိုဏ်းချုပ်ဝမ်... ခင်ဗျား ဘာတွေးနေလဲဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော့်သခင်လေး ပြန်ကောင်းလာတာ နှေးကွေးသွားပြီး မသေမျိုးဂိုဏ်းမှာ ဆက်နေပြီး ဂိုဏ်းရဲ့ အကာအကွယ်ကို တောင်းခံနေစေချင်တာ မဟုတ်လား ချီစွမ်းအင်နိုးကြားစွပ်ပြုတ်ကို အဓိပ္ပာယ်မရှိဘူးလို့ ပြောရဲတာ ခင်ဗျား တကယ် သတ္တိရှိတာပဲ။ ခင်ဗျားသာ ဆေးဖက်ဝင်ဟင်းလျာတွေအကြောင်း နည်းနည်းလောက် နားလည်ရင် ဒီလိုစကားမျိုး ပြောမှာမဟုတ်ဘူး"
အာလန်း၏ စကားကို ကြားသောအခါ ဝမ်ပင်း မှင်တက်သွားမိသည်။
"ငါက ဆေးဖက်ဝင်ဟင်းလျာတွေအကြောင်း နားမလည်ဘူး ဟုတ်လား"
ဝမ်ပင်းသည် ပြုံးလျက် ခေါင်းခါလိုက်သည်။ ၎င်းမှာ သူ့အတွက်တော့ ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ပင်။
အရှေ့ဘက်မြို့တော်ရှိ ဆေးဖက်ဝင်ဟင်းလျာများကို နားလည်သော ဆရာဝန်များကြားတွင် သူ့ထက် သာလွန်သူ တစ်ဦးမျှ မရှိဟုပင် သူ ပြောရဲသည်။
အကယ်၍ သူသာ ဆေးဖက်ဝင်ဟင်းလျာများကို အသုံးမပြုခဲ့ပါက ကြယ်အဆင့်မရှိသော ပါရမီဖြင့် အသက် ၁၈ နှစ်အရွယ်တွင် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၇ သို့ မည်သို့မျှ ရောက်ရှိနိုင်မည် မဟုတ်ပေ။
ဆေးဖက်ဝင်ဟင်းလျာများကသာ သူ့ကို ဖြစ်တည်စေခဲ့ခြင်း ဖြစ်ရာ ၎င်းတို့နှင့် ပတ်သက်၍ သူသည် ငယ်စဉ်ကတည်းကပင် အကျွမ်းတဝင် ရှိလှသည်။
အာလန်းကမူ အေးစက်စက် ပြုံးကာ "ခင်ဗျား နားလည်နိုင်လို့လား ဒီ ချီစွမ်းအင်နိုးကြားစွပ်ပြုတ်ဆိုတာ အရှေ့အိုင်ဒေသမှာ ရွှေတစ်သောင်းတန်လို့ ဈေးကပ်ထားရင်တောင် ဝယ်မယ့်သူတွေ တန်းစီနေတာဗျ။ ဒါက အဓိပ္ပာယ်မရှိတဲ့အရာ မဟုတ်ဘူး"
ဤနေရာတွင် ဟွမ်ကုန်းသည် အာလန်း၏ စကားကို တားဆီးခြင်း မပြုဘဲ နောက်သို့ တစ်လှမ်းဆုတ်ကာ အာလန်းကိုသာ ရှေ့တင်ထားလိုက်သည်။ ဝမ်ပင်းကို အာလန်းမှတစ်ဆင့် အလျှော့ပေးလာအောင် လုပ်ဆောင်သည့် သဘောပင်။
ဝမ်ပင်းသည် သူ၏ မိခင်ဖြစ်သူ ကိုယ်တိုင်ချက်ကျွေးခဲ့သော ဤစွပ်ပြုတ်အကြောင်းကို ဆယ်နှစ်ကျော်တိုင် နားပူအောင် နားထောင်ခဲ့ရသူဖြစ်သည်။ ထို့ကြောင့် ဝမ်ပင်းသည် မီးဖိုချောင်ထဲသို့ တိုက်ရိုက်ဝင်သွားကာ လေထဲတွင် ပျံ့လွင့်နေသော ရေနွေးငွေ့နံ့ကို ရှူရှိုက်လိုက်ပြီးနောက်
"နှင်းပန်း ၁၀၀၊ နှစ် ၃၀ သက်တမ်း ကြယ်ခရုခွံ၊ နှစ် ၇၀ သက်တမ်း သုံးရောင်ခြယ်ပန်း၊ နှစ် ၁၅၀ သက်တမ်း ချန်ရှန်း၊ နှစ် ၃၀၀ သက်တမ်း ချီစွမ်းအင်ပြန်လည်ပြည့်ဖြိုးသီး..."
အမှန်စင်စစ် သူသည် အနံ့ကို ရှူရှိုက်ကာ ခန့်မှန်းပြသည့် အမူအရာကို ပြုလုပ်လိုက်ခြင်းသာ ဖြစ်သည်။ ဤစွပ်ပြုတ်၏ ဖော်စပ်နည်းကို သူ အလွတ်ရနေသည်မှာ ကြာလှပြီဖြစ်သည်။
ဝမ်ပင်း၏ ပါဝင်ပစ္စည်းများကို တစ်ခုချင်း ရေတွက်ပြလိုက်သော စကားလုံးများက ရန်ကျုံးရှန်းနှင့် ဟွမ်ကုန်းတို့၏ နားထဲသို့ ရောက်သွားသည့်အခါ သူတို့နှစ်ဦးစလုံးမှာ အံ့အားသင့်လွန်းသဖြင့် မှင်တက်သွားရတော့သည်။
"မှန်တယ်။ နှစ် ၃၀ သက်တမ်းရှိတဲ့ ကြယ်ခရုခွံ။ ဒါလည်း မှန်တာပဲ... နှစ် ၇၀ သက်တမ်းရှိတဲ့ သုံးရောင်ခြယ်ပန်း။ မှန်ပြန်ပြီ။ နောက်ပြီး နှစ် ၃၀၀ သက်တမ်းရှိတဲ့ ချီစွမ်းအင်ပြန်လည်ပြည့်ဖြိုးသီး... အကုန်လုံး မှန်နေတုန်းပဲ"
ဝမ်ပင်းသည် ဆေးဖက်ဝင်ဟင်းလျာများအကြောင်းကို အမှန်တကယ် နားလည်ထားလိမ့်မည်ဟု ဟွမ်ကုန်း မထင်မှတ်ထားခဲ့ချေ။ အငွေ့ကို အနံ့ခံရုံမျှဖြင့် ချီစွမ်းအင်နိုးကြားစွပ်ပြုတ်အတွက် လိုအပ်သော ကောင်းကင်ဘုံရှားပါးပစ္စည်းများကို အတိအကျ ပြောနိုင်လိမ့်မည်ဟုလည်း မတွေးမိခဲ့ပေ။
"ဒါပေမဲ့ ဝမ်ပင်းက အခြေအနေကို နားလည်ထားပါလျက်နဲ့ ဘာဖြစ်လို့ တားဆီးနေရတာလဲ"
"ဘယ်လိုလဲ"
ဝမ်ပင်းက မေးခွန်းထုတ်လိုက်ရင်း အာလန်းနှင့် ဟွမ်ကုန်းတို့ထံသို့ အကြည့်ကို ပို့လိုက်သည်။
အာလန်းကမူ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ဝမ်ပင်းတစ်ယောက် အငွေ့ကို အနံ့ခံရုံဖြင့် စွပ်ပြုတ်၏ ပါဝင်ပစ္စည်းများကို ခန့်မှန်းနိုင်သည်ဆိုသည်ကို သူ လုံးဝမယုံကြည်ချေ။
အရှေ့အိုင်ဒေသကြီးက ဒီလောက်ကျယ်ပြောတာ ဒီလိုလူမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။
ဒီလို ဆန်းဝူမြို့လေးထဲမှာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
"ဂိုဏ်းချုပ်ဝမ်က ဆေးဖက်ဝင်ဟင်းလျာတွေအကြောင်းကို ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း နားလည်ထားလိမ့်မယ်လို့ ကျွန်တော် မထင်ထားမိဘူး"
ဟွမ်ကုန်း၏ စကားကို ကြားလိုက်ရသည့်အခါ အာလန်းမှာ လန့်ဖျတ်သွားပြီး ဟွမ်ကုန်းကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
တကယ်ပဲ အကုန်မှန်နေတာလား။
သူသည် ဟွမ်ကုန်းကို သံသယဖြင့် ကြည့်နေစဉ်မှာပင် ဟွမ်ကုန်း၏ မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အမူအရာကို မြင်လိုက်ရသည့်အခါ ဝမ်ပင်းပြောသမျှ အကုန်မှန်ကန်ကြောင်း သူ နားလည်သွားတော့သည်။
ရေနွေးငွေ့နံ့ကို ခံစားရုံမျှဖြင့် ချီစွမ်းအင်နိုးကြားစွပ်ပြုတ်၏ ကုန်ကြမ်းပစ္စည်းများကို တကယ်ပင် ခန့်မှန်းနိုင်ခဲ့သည်။
သူသည် ခဏမျှ စကားဆွံ့အသွားရသည်။
အံ့ဩမှုများ ပြေပျော့သွားပြီးနောက် ဟွမ်ကုန်းက မေးလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်က ချီစွမ်းအင်နိုးကြားစွပ်ပြုတ်အကြောင်း နားလည်နေမှတော့ ကျွန်တော်တို့ကို ဘာလို့ တားဆီးနေရတာလဲ"
"ဘာလို့လဲဆိုတော့ ဒါက အဓိပ္ပာယ်မရှိလို့ပဲ"
"ချီစွမ်းအင်နိုးကြားစွပ်ပြုတ်ဆိုတာ သာမန်ဆေးဖက်ဝင်ဟင်းလျာတွေထဲမှာ အကောင်းဆုံး တည်ရှိမှုတစ်ခုပါ။ ဂိုဏ်းချုပ်ဝမ်က ဘာလို့ ဒီလိုပြောရတာလဲ"
"ဆေးဖက်ဝင်ဟင်းလျာတွေဆိုတာ ကောင်းကင်ဘုံပစ္စည်းတွေအပေါ်မှာ အရမ်း စေ့စပ်သေချာရသလို သူတို့ရဲ့ သက်တမ်းလိုအပ်ချက်ကလည်း အရမ်း တင်းကျပ်ပါတယ်။ စီနီယာနတ်ဘုရားစားဖိုမှူး... ခင်ဗျားရဲ့ ချီစွမ်းအင်နိုးကြားစွပ်ပြုတ်မှာ သုံးထားတဲ့ ပစ္စည်းတွေရဲ့ သက်တမ်းကတောင် လွဲနေတာပဲ။ ငါက ဘယ်လိုလုပ် မတားဘဲ နေနိုင်မှာလဲ"
"သက်တမ်း လွဲနေတယ် ဟုတ်လား"
ဝမ်ပင်းက ဘာမှ ထပ်မပြောတော့ဘဲ မီးဖိုချောင်အတွင်းမှ လှည့်ထွက်လာခဲ့သည်။
ဟွမ်ကုန်းက အလျင်အမြန်ပင် နောက်မှ လိုက်လာရင်း မေးလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... ဒီချီစွမ်းအင်နိုးကြားစွပ်ပြုတ်ရဲ့ ဖော်စပ်နည်းကို ကျွန်တော်က ရွှေဒင်္ဂါး သောင်းနဲ့ချီ အကုန်ခံပြီး ရခဲ့တာပါ။ ပါဝင်ပစ္စည်း တစ်ခုခုရဲ့ သက်တမ်းမှာ အမှားအယွင်း ရှိနေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ပစ္စည်းတစ်ခုတည်း မဟုတ်ဘူး အကုန်လုံးပဲ"
"ဒါက ပိုပြီးတော့တောင် မဖြစ်နိုင်တော့ဘူး။ ကျွန်တော် ဒီစွပ်ပြုတ်ကို ငါးကြိမ်၊ ခြောက်
ကြိမ်လောက် ချက်ဖူးပါတယ်။ အာနိသင်ကလည်း ထူးခြားတယ်။ ဒါက ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ မှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ ဒန်ထျန်ထဲက ချီစွမ်းအင်အားလုံးကို တိုက်ရိုက် ပြန်လည်ပြည့်ဖြိုးစေနိုင်သလို စိတ်ဓာတ်ကိုလည်း အဆတစ်ရာလောက် လန်းဆန်းသွားစေနိုင်တာပါ။ အားလုံး လွဲနေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဟွမ်ကုန်း၏ စကားများကို နားထောင်ရင်း ဝမ်ပင်းသည် သူ၏မိခင်ကို ပြန်လည်သတိရသွားသည်။
ထိုနေ့က အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူ၏မိခင်သည် သူ၏ကုတင်ဘေးတွင် ထိုင်ရင်း သူ့ကို ဤကဲ့သို့ပင် ပြောခဲ့ဖူးသည်။ ထိုစဉ်က ဝမ်ပင်းကလည်း အလားတူ မေးခွန်းမျိုးကို ပြန်မေးခဲ့သည်။
"ဘာလို့ ချီစွမ်းအင်နိုးကြားစွပ်ပြုတ်က လွဲနေရတာလဲ။ ဒီစွပ်ပြုတ်ကို အရှေ့အိုင်ဒေသမှာ သုံးလာတာ နှစ်ပေါင်းတစ်ရာတောင် ရှိနေပြီ မဟုတ်လား။ တကယ်လို့ နှစ်တစ်ရာအတွင်းမှာ တကယ်ပဲ မှားနေခဲ့တာဆိုရင် ဘာလို့ ဘယ်သူကမှ ထောက်မပြခဲ့ကြတာလဲ"
ထိုစဉ်က သူ့မိခင်၏ အဖြေမှာ ရိုးရှင်းလှသည်။
စကားလုံး လေးလုံးတည်းပါပဲ "ဘယ်သူမှ မတွေ့ခဲ့လို့"
နောက်ပိုင်းတွင် ဝမ်ပင်း နားလည်သွားခဲ့သည်။ အရှေ့အိုင်ဒေသတွင် ဆေးဖက်ဝင်ဟင်းလျာများကို ပြုလုပ်နိုင်သော ဆရာဝန်များစွာ ရှိသည်။ နက်နဲသောနယ်ပယ်အတွက် ဆေးဟင်းလျာများကိုပင် သီးသန့်ဖော်စပ်ပေးသူများ ရှိကြသည်။
သို့သော် သူတို့မှာ အခြားသူများကို ဝန်ဆောင်မှုပေးရန် အလုပ်ထဲတွင်သာ နစ်မွန်းနေကြသဖြင့် ကောင်းကင်၏ အပြာရောင် သို့မဟုတ် ခေါင်းပေါ်မှ ပျံသန်းသွားသော ငှက်များကို သတိမပြုမိကြချေ။
သို့သော် သူ၏မိခင်မှာမူ မတူညီပေ။
သူမသည် ဝမ်ပင်း၏ အခြေအနေ တိုးတက်လာစေရန်အတွက်သာ ထိုစွပ်ပြုတ်ကို ပြုလုပ်ခြင်းဖြစ်ရာ သူမသည် စူးစမ်းရှာဖွေကာ သုတေသနပြုခဲ့သည်။ ထို့ကြောင့် သူမသည် ကောင်းကင်၏အရောင်ကို မြင်နိုင်သလို ခေါင်းပေါ်မှ ပျံသန်းသွားသော ငှက်များကိုလည်း သတိပြုမိခဲ့သည်။
အချိန်သည် ကြိုးစားအားထုတ်သူများကို အဖြေပေးလေ့ရှိသည်။ ထို့ကြောင့် သူ၏မိခင်သည် ချီစွမ်းအင်နိုးကြားစွပ်ပြုတ်အတွင်းရှိ အရင်းခံအမှားများကို ရှာဖွေတွေ့ရှိခဲ့ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။
ပြင်ဆင်ပြီးသား ချီစွမ်းအင်နိုးကြားစွပ်ပြုတ်အသစ်ကို စကားလုံး နှစ်လုံးတည်းဖြင့် ဖော်ပြရလျှင်
ပြီးပြည့်စုံသည်ဟူသော စကားပင်။