အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း။ ၆၉
"စီနီယာယွီ... ကျွန်မတို့က အမြန်ဆုံး သန်မာချင်နေတာ။ ဦးလေးသင်ပေးတာက တကယ့်ကို နှေးလွန်းတယ်"
ကျောက်ချင်းကလည်း ဘေးမှ ထောက်ခံလိုက်သည်။
ယွီမိုသည် ထိုစကားကို ကြားလိုက်ရပြီးနောက် လက်ကလေးဝှေ့ယမ်းကာ ထွက်ခွာသွားသော မိန်းကလေးနှစ်ဦးကို ကြည့်ရင်း ရင်ထဲတွင် တဆစ်ဆစ် နာကျင်သွားရတော့သည်။
ရင်ဘတ်က နာတယ်။
လက်ကလည်း နာတယ်။
ဘယ်ဘက်ခြေထောက်က ခြေသန်းလေးတောင် လိုက်နာသလိုပဲ။
"ငါက နက်နဲသောနယ်ပယ်အတုကြီးလား"
ယွီမိုသည် အားငယ်စွာ သက်ပြင်းချရင်း တိုးတိုးလေး ရေရွတ်မိသည်။
"ထားပါတော့... ဝမ်ပင်းက ငါ့ကို အဲဒီလို ဆက်ဆံရဲတာက ကုသပေးနိုင်တဲ့ အရည်အချင်းနဲ့ ယုံကြည်မှုရှိလို့ပဲ ဆိုပါစို့။ ဒါပေမဲ့ ဒီဟွမ်ယီဆိုတဲ့ ကောင်မလေးက ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၃ ပဲ ရှိသေးတာ။ ကျောက်ချင်းကလည်း အဆင့် ၆ ပဲ ရှိသေးတယ်။ ငါ့လို နက်နဲသောနယ်ပယ် ပုဂ္ဂိုလ်တစ်ယောက်က လမ်းညွှန်ပေးမယ်လို့ ကမ်းလှမ်းတာကိုတောင် သူတို့က နှေးတယ်လို့ ထင်နေကြတာလား။
ဒီလောကကြီး ဘာတွေဖြစ်ကုန်တာလဲ... အခုခေတ်မှာ နက်နဲသောနယ်ပယ်က တန်ဖိုးမရှိတော့ဘူးလား။ ဆင်ယွဲ့မြို့မှာတုန်းက ငါ့ဆီက လမ်းညွှန်မှုရဖို့ လက်ဆောင်တွေအပြည့်နဲ့ တန်းစီစောင့်နေကြတဲ့သူတွေ ရာနဲ့ချီရှိခဲ့တာ မဟုတ်လား"
"ကလေးလေး... မင်းရော ငါနဲ့ ခဏလောက် စကားပြောမလား"
ယွီမိုသည် ကျောက်ယီထံသို့ အကြည့်ပို့လိုက်ပြီးနောက် ကိုယ့်ကိုကိုယ်ပင် မယုံနိုင်လောက်
သည့် ကမ်းလှမ်းမှုတစ်ခုကို ထပ်မံပြုလုပ်လိုက်ပြန်သည်။
"ကလေးလေး... ငါနဲ့ ခဏလောက် စကားပြောပေးရင် ငါ မင်းရဲ့ ကျင့်ကြံမှုကို လမ်းညွှန်ပေးမယ်။ ငါက နက်နဲသောနယ်ပယ်ကွ နက်နဲသောနယ်ပယ်"
ကျောက်ယီသည် ထိုစကားကို ကြားသောအခါ အားနာသလို ပြုံးလိုက်မိသည်။
ဘယ်တုန်းကမှ နက်နဲသောနယ်ပယ်က ပုဂ္ဂိုလ်တစ်ယောက်က သူက နက်နဲသောနယ်ပယ်ကပါလို့ တခြားသူတွေကို ထပ်ခါတလဲလဲ ပြောပြနေရလို့လဲ။
ကျောက်ယီက ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်သည်။
"စီနီယာ... ရပါတယ်ခင်ဗျာ ကျွန်တော့်မှာ လုပ်စရာလေးတွေ ရှိသေးလို့ပါ"
"ငါ မင်းကို အဆင့်မြင့် သိုင်းပညာတစ်ခု သင်ပေးမယ်"
ဝှစ်…
ယွီမိုသည် သူ၏ရင်ဘတ်ထဲမှ ငွေရောင်အဖုံးပါသော စာအုပ်တစ်အုပ်ကို တိုက်ရိုက်ပင် ထုတ်ပြလိုက်သည်။
ဝမ်ပင်းသည် ကျောက်ယီက ထိုနေရာသို့ သွားရန် တွန့်ဆုတ်နေသည်ကို မြင်သောအခါ ယွီမို၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ အပိုင်းပိုင်းအပြတ်ပြတ် မဖြစ်စေရန်အတွက် ဝင်ပြောပေးလိုက်သည်။
"စီနီယာယွီက တကယ့် နက်နဲသောနယ်ပယ်က ပုဂ္ဂိုလ်အစစ်ပါ။ သူက သင်ပေးမယ်ဆိုရင်လည်း သင်ယူလိုက်ပါ"
"ဟုတ်တယ်။ ငါက တကယ်ကြီး နက်နဲသောနယ်ပယ်ကပါ"
ဝမ်ပင်း၏ စကားမှာ အနည်းငယ် ထူးဆန်းနေသကဲ့သို့ ရှိသော်လည်း ယွီမိုမှာ ထိုစကားကိုပင် ထောက်ခံပြီး လိုက်ပြောရတော့သည်။ မဟုတ်လျှင် ဘယ်သူမှ ယုံကြပုံမရချေ။
ဂိုဏ်းချုပ်ကိုယ်တိုင် ပြောလာသည်ကို ကြားရသည့်အခါမှ ကျောက်ယီ၏ မျက်နှာတွင် အံ့ဩမှုများ အတိုင်းသား ပေါ်လာတော့သည်။
"နက်နဲသောနယ်ပယ်"
"ဒါ... ဒါကတော့..."
သူ စကားပင် ဆက်မပြောနိုင်တော့ချေ။
ယွီမိုသည် ဤမြင်ကွင်းကို မြင်လိုက်ရမှသာ နောက်ဆုံးတွင် ပြုံးနိုင်တော့သည်။ တစ်စုံတစ်ဦးကို ပညာသင်ပေးရခြင်းက ဤမျှအထိ ပျော်စရာကောင်းလိမ့်မည်ဟု သူ ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင်။
ထိုအချိန်တွင် ဝမ်ပင်းသည် စီးကရက်တစ်လိပ်ကို ထုတ်ယူကာ ယွီမိုထံသို့ သွားပေးလိုက်ရင်း "စီနီယာယွီ... ဒါကို သောက်ဖို့ မမေ့ပါနဲ့ဦး" ဟု မှာကြားလိုက်သည်။
"စိတ်မပူပါနဲ့"
ယွီမိုက အာမခံလိုက်ပြီး ကျောက်ယီကို သူ၏ဘေးသို့ ခေါ်လိုက်တော့သည်။
ဝမ်ပင်းမှာမူ အိပ်ဆောင်ဝင်းမှ ထွက်ခွာလာပြီးနောက် တင်းယွီဆောင်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။ သူသည် ယခင်တာဝန်မှ ရရှိခဲ့သော ဆုလာဘ်များထဲမှ တစ်ခုကိုသာ အသုံးပြုရသေးပြီး ဉာဏ်အလင်းပွင့်ခြင်းအခွင့်အရေးကို အသုံးမပြုရသေးချေ။ ယနေ့တွင် သူသည် အခြားဘာမှမလုပ်ဘဲ နဂါးအမျက်ရှသိုင်းကိုသာ အာရုံစိုက် ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
"အိပ်ဆောင်ဝင်းနဲ့ ချိတ်ဆက်ပေး"
ထိုသို့ပြောလိုက်သည်နှင့် တင်းယွီဆောင်သည်လည်း အိပ်ဆောင်ဝင်းကဲ့သို့ပင် ပညာအမွေ စီးဆင်းစေနိုင်သော စွမ်းရည်ကို ရရှိသွားသည်။
တစ်ပြိုင်နက်တည်းမှာပင် ဝမ်ပင်းသည် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး ဉာဏ်အလင်းပွင့်ခြင်းအခြေအနေကို စတင်လိုက်သည်။
ထို့နောက် တင်းယွီဆောင်၏ အကာအကွယ်ကို ဖွင့်ထားရန်နှင့် မည်သူ့ကိုမျှ တောင်ပေါ်သို့ တက်ခွင့်မပြုရန် မှာကြားလိုက်သည်။
[ဉာဏ်အလင်းပွင့်ခြင်း - အခြေအနေ စတင်ပါပြီ]
[ကျင့်ကြံမှု အရှိန်မြှင့်တင်မှု - အဆ ၉၀]
တိုးတက်လာသော အရှိန်ကို မြင်လိုက်ရသည့်အခါ ဝမ်ပင်းမှာ များစွာ ဝမ်းသာသွားရသည်။ သူ၏ ကံတရားမှာ တကယ့်ကို ကောင်းမွန်နေဆဲပင်။ ဤတစ်ကြိမ်တွင် အဆ ၉၀ အထိ တိုးမြှင့်နိုင်ခဲ့သည်။
ပထမဆုံးအကြိမ်ကဲ့သို့ အဆ ၉၉ အထိ အရှိန်မတက်သော်လည်း အဆ ၉၀ ဆိုသည်မှာလည်း သိသာလှသော ကွာဟချက်မျိုး မဟုတ်ပေ။
နက်နဲသောကျင့်ကြံခြင်း အခြေအနေသို့ ရောက်ရှိသွားသည်နှင့် ဝမ်ပင်းသည် နက်မှောင်သော နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားသည်။
ဟုန်ကနဲ တစ်ချက်ခုန်လိုက်ရုံဖြင့် မိုင်ပေါင်းထောင်ချီ ပျံသန်းသွားပြီး တိမ်ဖြူများကို အဖော်ပြုပြီး လေပြင်းများကို အပေါင်းအဖော်လုပ်ကာ၊ မိုးကြိုးများကို ဘေးတွင်ထားလျက် မိုးသည်းထန်စွာ ရွာသွန်းစေသည်။
ဟိန်းသံတစ်ချက်ဖြင့် တောင်နှင့်မြစ်များကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေကာ မြင့်မားသော တောင်တန်းများကို တုန်ခါစေပြီး မြေပြင်ကို အက်ကွဲစေသည်။
ကိုယ်ထည်ကို တစ်ချက် လှုပ်ခါလိုက်ရုံဖြင့် မြစ်ရေများ လှိုင်းထန်ကာ ကမ္ဘာလောကကြီး၏ အရောင်အသွေးပင် ပြောင်းလဲသွားတော့သည်။
...
ညဉ့်မှောင်လာသောအခါ။
ယွင်လန်တောင်ခြေတွင် ဝတ်စုံနက်ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် အိမ်စွန်းများအောက်ရှိ အမှောင်ရိပ်ထဲ၌ လျှောက်လှမ်းနေသည်။
ကြည့်ရသည်မှာ အလေးချိန် ပေါင် ၁၃၀ ခန့် ရှိပုံရသော်လည်း ကျောက်သားလမ်းပေါ်တွင် သူ၏ခြေလှမ်းများမှာ လုံးဝ အသံမထွက်ဘဲ ဝိညာဉ်တစ်ခု လွင့်မျောနေသကဲ့သို့ ခံစားရစေသည်။
အကယ်၍ သူ လမ်းလျှောက်နေသည်မှာ မြေပြင်ပေါ်တွင် မဟုတ်ပါက မြင်သူတိုင်း သေချာပေါက် ထိတ်လန့်သွားပေလိမ့်မည်။
ယွင်လန်တောင်ခြေရှိ ဓားကျောက်စာတိုင်ရှေ့သို့ ရောက်သောအခါ သူ ရပ်လိုက်သည်။
ရုတ်တရက် သူသည် အထပ်ထပ်သော ကျောက်လှေကားထစ်များကို မော့ကြည့်လိုက်ရာ မျက်နှာဖုံးဝတ်စုံမှာ အနည်းငယ် လှုပ်ရှားသွားသည်။
သူ အသက်ပြင်းပြင်း ရှူလိုက်ခြင်းလား သို့မဟုတ် ပြုံးလိုက်ခြင်းလား ဆိုသည်ကို ဘယ်သူမှမသိနိုင်ချေ။
"ကျဆုံးနေတဲ့ မသေမျိုးဂိုဏ်းငယ်လေးကများ အရင်က ကြယ် ၂ ပွင့်အဆင့်ရှိခဲ့တယ်လို့ ပြောနေသေးတယ်။ အစောင့်အရှောက် အဲဒီလောက် အစွမ်းထက်တဲ့ အစောင့်အရှောက်သာ ရှိရင် မသေမျိုးဂိုဏ်းက ငါတို့ကို အခုလောက်ဆို လက်တုံ့ပြန်နေလောက်ပြီ။ ဘာလို့ အခုထိ ဘာသံမှ မကြားရသေးတာလဲ"
"မင်းတို့ အစီအစဉ်တွေကို ဆွေးနွေးချင်သလောက် ဆွေးနွေးကြ။ ငါကတော့ မင်းတို့နဲ့ အပြန်အလှန် ငြင်းခုံနေဖို့ အချိန်မရှိဘူး။ အခွင့်အရေးဆိုတာ ပြင်ဆင်ထားတဲ့သူတွေဆီကိုပဲ လာတာ။ အရင်တုန်းက နောက်ဆုံးအရိပ်တစ်ယောက်တည်း လှုပ်ရှားခဲ့လို့ပဲ သူ နာမည်ကြီးပြီး ခေါင်းဆောင် ဖြစ်လာခဲ့တာ။ ငါကတော့ အားလုံး စုပေါင်းပြီးမှ လှုပ်ရှားဖို့ လိမ်လိမ်မာမာနဲ့ စောင့်မနေနိုင်ဘူး။ အဲဒီလိုဆိုရင် အကောင်းဆုံး အခွင့်အရေးတွေက နောက်ဆုံးအရိပ်ဆီပဲ ရောက်ကုန်မှာပေါ့"
ထိုသို့ပြောလိုက်စဉ် သူ၏မျက်လုံးများထဲ၌ အတုမဲ့သော ယုံကြည်မှုနှင့် မာန်မာနများ ပေါ်လွင်နေသည်။
အမှန်စင်စစ် သူသည် လွန်ခဲ့သော အချိန်ကတည်းက နောက်ဆုံးအရိပ်ထက်ပင် ပိုမိုအစွမ်းထက်သော ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း မထုတ်ပြဘဲ အခွင့်အရေးကိုသာ စောင့်နေခဲ့ခြင်းပင်။
သူ အခွင့်အရေးကို စောင့်ခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်ကာ နောက်ဆုံးအခွင့်အရေးကို နောက်ဆုံးအရိပ်က ရယူသွားခဲ့သည်။
ယခုမူ ဤအခွင့်အရေးကို သူ သေချာပေါက် လက်လွတ်ခံမည်မဟုတ်ပေ။
ရေရွတ်ပြီးနောက် သူသည် ခါးမှ ခရမ်းရောင် ဓားမြှောင်နှစ်စင်းကို ဆွဲထုတ်လိုက်ရာ လရောင်အောက်တွင် ထူးဆန်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
ထို့နောက် သူ၏ရင်ဘတ်ထဲမှ အနက်ရောင် ဆေးဖက်ဝင်အပင်တစ်မျိုးကို ထုတ်ယူလိုက်သည်။
၎င်းကို အသက်ရှူသံထိန်းမြက်ဟု ခေါ်ကာ ထိုမြက်ကို စားသုံးပြီးပါက နက်နဲသောနယ်ပယ်ရှိသူတစ်ဦး၏ မီတာ ၁၀၀ အတွင်း ရောက်နေလျှင်ပင် ပြိုင်ဘက်က သူ၏ အသက်ရှူသံကို လုံးဝ ခံစားသိရှိနိုင်မည် မဟုတ်ပေ။
ခြေသံ၊ အသက်ရှူသံ အားလုံး ပျောက်ကွယ်သွားပြီး အစွမ်းမထုတ်ဘဲ တိုက်ကွက်မဖော်သရွေ့ သူ ရှိနေသည်ကို မည်သူက သိနိုင်မည်မဟုတ်ပေ။
...
တင်းယွီဆောင်၌ ဉာဏ်အလင်းပွင့်ခြင်း အခြေအနေ ပြီးဆုံးသွားသည့်အခါ ဝမ်းမြောက်ဖွယ်ရာပင် နဂါးအမျက်ရှသိုင်းမှာ အခြေခံအောင်မြင်မှုအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။
ထပ်မံ မြှင့်တင်ရန်အတွက် နက်နဲသောနယ်ပယ်ကျင့်ကြံမှု လိုအပ်သော်လည်း ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသော ကျင့်ကြံသူတစ်ဦးအတွက်မူ သိုင်းပညာတစ်ခု အခြေခံအောင်မြင်နေခြင်းကပင် ထိုအဆင့်တူသူများကြားတွင် အကုန်တိုက်ထုတ်နိုင်ရန် လုံလောက်နေပြီဖြစ်သည်။
ဆွဲအားစက်ကွင်းတွင် ကျင့်ကြံရန် ပြင်ဆင်နေစဉ်မှာပင် စနစ်၏ အသံက နားထဲသို့ ရောက်ရှိလာသည်။
"အရှင်... မိစ္ဆာဝိညာဉ်ဓားက ကျူးကျော်သူတစ်ဦးကို တွေ့ရှိထားပါတယ်။ သူ၏ ဝိညာဉ်ကို ချက်ချင်း ဝါးမြိုလိုက်ရမလားလို့ မေးနေပါတယ်"
"ခဏစောင့်ဦး"
ဝမ်ပင်းသည် အပေါ်ဝတ်စုံကို ဝတ်ဆင်ကာ တင်းယွီဆောင်မှ ထွက်လာခဲ့သည်။
"စနစ်... ကျူးကျော်သူရဲ့ အခြေခံအချက်အလက်တွေကို ငါ့ကို ကြည့်ခွင့်ပေးနိုင်မလား"
"ရပါတယ်"
စနစ်၏အသံ ဆုံးသည်နှင့် မြေပုံတစ်ခု မျက်စိရှေ့တွင် ပေါ်လာသည်။
အနီရောင် တြိဂံအမှတ်တစ်ခုသည် တောအုပ်အတွင်း လျင်မြန်စွာ လှုပ်ရှားနေပြီး ၎င်းအပေါ်တွင် ပုဂ္ဂိုလ်ရေး အချက်အလက်များ ရှိနေသည်။
[ရွှမ်ယဲ့]
[ကျား/မ:အမျိုးသား]
[အသက်:၄၅ နှစ်]
[အဆင့်:ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၂]
[အမှောင်ထဲမှ မုဆိုးတစ်ဦးဖြစ်ပြီး၊ တစ်ချက်တည်းဖြင့် အသက်ကို နှုတ်ယူနိုင်သော စွမ်းရည်ရှိသည်။ အဆင့် ၁၂ နှင့် အဆင့် ၁၃ ရှိသူများကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသည်]
"မမျှော်လင့်ဘဲ အဆင့် ၁၂ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ပါလား။ အရင်တစ်ခါ တောင်ခြေမှာ ပေါ်လာတဲ့လူထက် ပိုသန်မာပုံပဲ။ ကြည့်ရတာ အဘိုးကြီးရုန်တစ်ယောက် ငါ့လက်ထဲမှာ အရှက်ကွဲသွားတာကို မှီခိုရာဂိုဏ်းက လူတွေ ဒေါသထွက်နေကြပုံပဲ"
တိုးတိုးလေး ရေရွတ်ပြီးနောက် ဝမ်ပင်းသည် မြေပုံပေါ်ရှိ အနီရောင်အမှတ်ရှိရာသို့ စတင် ပြေးထွက်ခဲ့သည်။
သို့သော် ထိုအနီရောင်အမှတ်မှာ အဓိကဆောင်မကြီး၏ ဘေးတွင် ခဏမျှ ဝဲလည်နေပြီးနောက် ဆောင်မကြီးကို ဖြတ်ကျော်ကာ ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေသည်။
ဝမ်ပင်းသည် ဆက်မလိုက်တော့ဘဲ ဆောင်မကြီး၏ အမိုးပေါ်တွင် ရပ်ကာ စနစ်က သူ၏မျက်စိရှေ့ ပို့လွှတ်ပေးထားသော ပုံရိပ်များကိုသာ ကြည့်နေလိုက်သည်။
နက်မှောင်သော ခရမ်းရောင် ဓားမြှောင်များကို မြင်လိုက်ရသည့်အခါ ဝမ်ပင်း၏ အမူအရာ ပြောင်းလဲသွားသည်။
ညဉ့်နတ်ဆိုးဆိုသည်မှာ ဆန်းဝူမြို့၏ ထင်ရှားကျော်ကြားသော လက်နက် ၁၀ မျိုးထဲမှ တစ်ခုပင်။
လွန်ခဲ့သော ၁၀ နှစ်အတွင်း ဤဓား၏လက်ချက်ဖြင့် သေဆုံးခဲ့ရသော အဆင့် ၁၃ ကျင့်ကြံသူ အရေအတွက်မှာ ၁၀ ဦးထက်မနည်းတော့ချေ။
"မှီခိုရာဂိုဏ်းကတော့ တကယ်ကို အကွက်အကြီးကြီး ထုတ်လိုက်တာပဲ ညဉ့်နတ်ဆိုးကို ကိုင်ထားတဲ့ လုပ်ကြံသတ်ဖြတ်သူကိုတောင် စေလွှတ်လိုက်တယ်ပေါ့။ ဒါဆို မင်းတို့ ဘာလုပ်ဖို့ ကြံစည်နေလဲဆိုတာ ငါ တစ်ချက်လောက် ကြည့်လိုက်ဦးမယ်"
ထိုသို့ပြောကာ သူသည် ပြိုင်ဘက်ရှိရာသို့ တောင်ကုန်းများကို မြေပြန့်ကဲ့သို့ သဘောထားကာ တိုက်ရိုက် ဦးတည်သွားတော့သည်။
အခန်း။ ၇၀
ပင်လယ်ပြင်က ငြိမ်သက်ချင်သော်လည်း လေလှိုင်းက မရပ်တန့်နိုင်သကဲ့သို့ပင်။
ရွှမ်ယဲ့သည် မှောင်မိုက်သောညဉ့်ယံအတွင်း တိုးဝှေ့ဖြတ်သန်းရင်း သစ်ရွက်တစ်ရွက်ကိုပင် မထိခိုက်စေဘဲ လျင်မြန်လှသော တောငန်းနက်တစ်ကောင်ပမာ တောအုပ်ထူထပ်ရာအရပ်မှ လွတ်မြောက်လာခဲ့သည်။
သူသည် လမ်းတစ်လျှောက်လုံး လိုက်လံရှာဖွေခဲ့သော်လည်း မသေမျိုးဂိုဏ်းဝင် တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရှိရသေးချေ။
"ဒါပဲလား သူတို့ ဘာတွေကြံစည်နေလဲဆိုတာတောင် သူတို့ကိုယ်တိုင် သိကြရဲ့လားမသိဘူး။ မသေမျိုးဂိုဏ်းထဲမှာ အသက်ရှင်နေတဲ့လူတစ်ယောက်ကို ဘယ်လိုရှာရမလဲဆိုတာပဲ သူတို့ အစီအစဉ်ဆွဲနေကြတာ ထင်တယ်"
ရွှမ်ယဲ့သည် လှောင်ပြုံးပြုံးရင်း သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
ညဘက်တွင် လှုပ်ရှားသော မုဆိုးတစ်ဦးအနေဖြင့် ကိုယ်၏ အသက်ရှူသံနှင့် ခြေသံကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူအများစုမှာ မီတာပေါင်းများစွာ အကွာအဝေးမှ ကျောက်ခဲလေးတစ်လုံး ပြုတ်ကျသည့်အသံကိုပင် ကြားနိုင်သောကြောင့်ပင်။
သူ သတ်ဖြတ်ရန် ရည်ရွယ်ထားသော ပစ်မှတ်တိုင်းမှာ ထိုကဲ့သို့သော ပုဂ္ဂိုလ်များသာ ဖြစ်သည်။ ထို့ကြောင့် ရန်သူက အသံတစ်ချက်မျှ မကြားစေရန်နှင့် မည်သည့်ခြေရာလက်ရာမျှ ရှာမတွေ့စေရန်အတွက် သူ၏ နှလုံးခုန်သံကိုပင် ထိန်းချုပ်နိုင်ရန် လေ့ကျင့်ထားခဲ့သည်။
သတိပြုမိခြင်းခံလိုက်ရသော လုပ်ကြံသတ်ဖြတ်သူတစ်ဦးမှာ ထွက်ပြေးရုံ သို့မဟုတ် သေခြင်းတရားသာရှိသောလမ်းနှစ်သွယ် ရှိတော့သည်။
တာဝန်ပေါင်းများစွာ ထမ်းဆောင်ခဲ့ဖူးသော်လည်း ဤတစ်ကြိမ်သည် သူ ပထမဆုံးအကြိမ်အဖြစ် စကားကို ခပ်ကျယ်ကျယ်နှင့် စိတ်ပါလက်ပါ ပြောရဲခြင်းပင်။
ထိုအချိန်တွင် ကန်ဘေး၌ ကျောက်ယီနှင့် စကားပြောနေသော ယွီမိုမှာ ရုတ်တရက် ထထိုင်လိုက်သည်။
သူ၏ လက်ရှိအဆင့်မှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်းအဆင့်သာ ဖြစ်သော်လည်း သူ၏ အကြားအာရုံနှင့် အလိုလိုသိမြင်မှုမှာ လျော့ပါးသွားခြင်း မရှိသေးချေ။
မီတာတစ်ရာအတွင်း တိုးတိုးလေးပြောသော စကားသံများကို သူ ကြားနိုင်ဆဲဖြစ်သလို မည်သည့် သတ်ဖြတ်လိုသော အရှိန်အဝါကိုမဆို သူ ခံစားသိရှိနိုင်ဆဲပင်။
"ညဘက်မှာ လှုပ်ရှားတဲ့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ပဲ"
ထိုသို့ပြောပြီးနောက် ယွီမိုသည် သူ၏နောက်ကွယ်မှ ထူထပ်လှသော တောအုပ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ပိန်းပိတ်အောင် မှောင်နေသော ညဉ့်အမှောင်နှင့် ပုရစ်တွန်သံများမှလွဲ၍ အခြားဘာမှ ရှိပုံမရချေ။
ယွီမိုက ပြုံးလျက် "အသက်ရှူသံထိန်းမြက် စားထားတဲ့ မုဆိုးတစ်ယောက်ပဲ။ ကြည့်ရတာ ဒီခရီးက ပစ်မှတ်ကို အပြတ်ရှင်းဖို့ လာတာပေါ့။ ဒါပေမဲ့ ငါ ဒီမှာ ရှိနေတာကတော့ မင်းအတွက် ကံဆိုးတာပဲ" ဟု ပြောလိုက်သည်။
"ကလေးလေး... အထဲဝင်ပြီး အိပ်တော့"
"စီနီယာ... စကားမပြောတော့ဘူးလား"
ကျောက်ယီသည် တစ်ဝက်တစ်ပျက် အိပ်ပျော်နေရာမှ နိုးလာကာ လူပျိုကြီးစိတ်ဖြင့် အပျင်းကြောဆန့်လိုက်ပြီး ယွီမိုက ခေါင်းညိတ်ပြသည်ကို မြင်သောအခါ သမ်းဝေရင်း အိမ်ထဲသို့ ပြန်ဝင်သွားတော့သည်။
ယွီမိုသည် ကျောက်ယီ တံခါးပိတ်သွားသည်ကို သေချာကြည့်ပြီးမှ နောက်သို့ ပြန်လှည့်ကြည့်ကာ ပြန်ထိုင်လိုက်ပြီး ငါးမျှားတံကို ကိုင်လိုက်သည်။
...
ရွှမ်ယဲ့သည် အိပ်ဆောင်ဝင်း၏ အပြင်ဘက်တွင် ရပ်ကာ ကျောက်ယီ အိမ်ထဲဝင်သွားသည်ကို ကြည့်နေပြီး ယွီမို ငါးမျှားနေသည်ကို မြင်လိုက်သည်။
"မင်းပဲ"
ရွှမ်ယဲ့သည် ဤအဖိုးကြီးကို အရင်ဆုံး ဖမ်းဆီးရန် ဆုံးဖြတ်လိုက်သည်။
ညဘက်မှာ မအိပ်ဘဲ ဒီမှာ ဘာလို့ ငါးလာမျှားနေရတာလဲ
အဖိုးကြီးကို အရင်ဖမ်းမယ်။ ပြီးမှ ဟိုကောင်လေးကို ဖမ်းမယ်။
သို့သော် သူ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် ရွှမ်ယဲ့၏ အကြည့်မှာ သစ်သားတံတားပေါ်တွင် မည်သည့်အချိန်က ရောက်နေမှန်းမသိသော ခွေးဝါကြီးတစ်ကောင်ထံသို့ ကျရောက်သွားသည်။ ထိုခွေးဝါကြီးသာ အိပ်နေမည်ဆိုပါက သူ ဂရုစိုက်မည်မဟုတ်ပေ။
သို့သော် ခွေးဝါကြီးက သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားရသဖြင့် ရွှမ်ယဲ့က ငါ့ရဲ့ အရှိန်အဝါကို ခံစားမိသွားတာလားဟု တွေးမိသည်။
ခွေးဆိုသည်မှာ မရင်းနှီးသော အရှိန်အဝါကို ခံစားမိပါက အလွန်စိတ်လှုပ်ရှားတတ်ကြသည်။ အကယ်၍ သူက မြက်ပင်ကို လှုပ်ခါသလိုဖြစ်ပြီး မြွေကို ထိတ်လန့်စေကာ မသေမျိုးဂိုဏ်းက တခြားလူတွေကိုပါ နိုးကြားသွားအောင် မလုပ်ချင်ပါက ဤခွေးကို အရင်ရှင်းရမည်ပင်။
မဟုတ်လျှင် အဆုံးမရှိသော ပြဿနာများ ဖြစ်လာနိုင်သည်။
ဝှစ်….
သူ၏ ညာလက်ထဲမှ ညဉ့်နတ်ဆိုးဓားမြှောင်ကို ပစ်လွှတ်လိုက်သည်။
ဝမ်ပင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ခေါင်းခါလိုက်မိသည်။
"တကယ်ကို ရဲတင်းလွန်းတဲ့ လုပ်ကြံသတ်ဖြတ်သူပဲ။ မင်းကို မိစ္ဆာဝိညာဉ်ဓားရဲ့ လက်ထဲမှာ စောစောစီးစီး မသေစေချင်သေးဘူး။ ဒါပေမဲ့ မင်းကတော့ သူ့ကို သွားဆွနေတာပဲ။ ကံကြမ္မာက မင်းကို ဒီမှာပဲ အဆုံးသတ်စေချင်ပုံပဲ"
မိစ္ဆာဝိညာဉ်ဓားသည် ဟားဟား၏ ခေါင်းပေါ်သို့ လက်တင်လိုက်စဉ်မှာပင် အပြာရောင်မီးတောက်တစ်ခု ဖျတ်ခနဲ လက်သွားပြီး အသွင်ပြောင်းတော့မည့်အချိန်၌ ဝမ်ပင်းက ဆက်မကြည့်တော့ဘဲ ပြင်လိုက်စဉ် ရုတ်တရက် အသံတစ်သံ ကြားလိုက်ရသည်။
ဘုန်း….
ကောင်းကင်မှ ကြယ်တံခွန်တစ်ခု ပြုတ်ကျလာသကဲ့သို့ ရှေ့ဘက် မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့သည်။
မိုးကြိုးသံကဲ့သို့ ကျယ်လောင်လှသော ထိုအသံသည် ညဉ့်၏ တိတ်ဆိတ်မှုကို ချက်ချင်းပင် ဖြိုခွဲလိုက်ပြီး ညဉ့်ယံ၏ နောက်ဆုံးသော အေးချမ်းမှုကို လုယူသွားတော့သည်။
ဝမ်ပင်းသည် ထိုမြင်ကွင်းကို မျက်မှောင်ကြုတ်လျက် ကြည့်လိုက်မိသည်။
သစ်ရွက်ကြားမှ တိုးဝင်လာသော လရောင်အောက်တွင် မှောင်မည်းနေသော တောအုပ်မှာ နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားတော့သည်။ ငါးမျှားတံကို ကိုင်ဆောင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။
သူသည် ရွှမ်ယဲ့ ရပ်နေခဲ့သည့် နေရာပေါ်သို့ ခြေတစ်ဖက်ဖြင့် ဆင်းသက်လိုက်ပြီး လက်တစ်ဖက်ကမူ ငါးမျှားတံကို ကိုယ်တွယ်ထားသည်။
ပေါ်ထွက်လာပုံမှာ အတုမဲ့လှ၏။
ရွှမ်ယဲ့သည် အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သော်လည်း မြေပြင်တွင်မူ ကြည့်ရုံနှင့်ပင် ထိတ်လန့်စဖွယ် ကောင်းလှသည့် တွင်းကြီးတစ်တွင်း ကျန်ရစ်ခဲ့သည်။
ယွီမိုသည် အဝေးတွင် ဝပ်စင်းနေသော လုပ်ကြံသတ်ဖြတ်သူကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၂ ရှိတဲ့ လုပ်ကြံသတ်ဖြတ်သူလေး... မင်းဘာသာမင်း အဆုံးစီရင်မလား ဒါမှမဟုတ် ငါ့ရဲ့ ငါးမျှားတံနဲ့ အပိတ်ခံရမှာကို စောင့်မလား"
သူ့တည်နေရာ ပေါ်သွားသည်နှင့် ရွှမ်ယဲ့သည် တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားတော့သည်။
ယွီမိုသည် သူ၏ခေါင်းပေါ်၌ ရုတ်တရက် ပေါ်ပေါက်လာခြင်းဖြစ်ပြီး သူပိုင်ဆိုင်သည့် အစွမ်းမှာ ရွှမ်ယဲ့၏ ကျောရိုးထဲအထိ စိမ့်တက်သွားအောင် ကြောက်ရွံ့စေသည်။
သူသည် ကျန်ရှိနေသော ညဉ့်နတ်ဆိုးဓားမြှောင်ကို ပြန်ယူရန်ပင် မစဉ်းစားတော့ဘဲ ညဉ့်အမှောင်ကို အကာအကွယ်ယူကာ တောနက်ထဲသို့ ချက်ချင်းပင် ထွက်ပြေးတော့သည်။
သို့သော် ယွီမိုက လက်တစ်ဖက်ကိုသာ ဝှေ့ယမ်းလိုက်သည်။
ငါးမျှားတံမှ ငါးမျှားချိတ်မှာ ဝှစ်ကနဲ ထွက်ပေါ်လာပြီး ရွှမ်ယဲ့၏ ခြေထောက်နှစ်ဖက်ကို ရစ်ပတ်လိုက်ရာ ဘုန်းခနဲ အသံနှင့်အတူ ရွှမ်ယဲ့မှာ သစ်ပင်မြစ်ဆုံထဲသို့ မှောက်လျက်သား ပြုတ်ကျသွားတော့သည်။
ရွှမ်ယဲ့ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ သူ၏မျက်နှာမှာ ပြာနှမ်းနေပြီဖြစ်သည်။
မသေမျိုးဂိုဏ်းအတွင်း၌ အမှန်တကယ်ပင် နက်နဲခက်ခဲလှသည့် ပညာရှင်များ ရှိနေသည်ဆိုသည်ကို ယခုမှသာ သူ နားလည်သွားတော့သည်။ သို့သော် နားလည်သွားသည့်တိုင် အချိန်နှောင်းသွားခဲ့၏။
ဖြူဖွေးသောအလင်းတန်းတစ်ခုမှာ နီကျင်ကျင် အရှိန်အဝါတစ်ခုနှင့်အတူ သူ၏လည်ပင်းကို ဖြတ်သန်းသွားကာ သူ၏အသက်ကို နှုတ်ယူသွားတော့သည်။
ယွီမိုက ခပ်တိုးတိုးရယ်မောလျက် ငါးမျှားကြိုးကို ဆွဲဖြတ်လိုက်ပြီး "ငါ့မျက်စိအောက်မှာ လာပြီး ကစားချင်တာလား... သေတွင်းတူးတာပဲ"
ထိုအချိန်တွင် ဝမ်ပင်း ချဉ်းကပ်လာခဲ့သလို တောင်စောင့်ခွေး ဟားဟားမှာလည်း သစ်သားတံတားပေါ်မှ ပြေးလာခဲ့သည်။ ဝမ်ပင်းကို မြင်သည်နှင့် ယွီမိုက ပြုံးလျက် "မင်းအတွက် ကျူးကျော်သူကို ငါ ရှင်းပေးလိုက်ပြီ။ အဆင့် ၁၂ ရှိတဲ့ မုဆိုးတစ်ယောက်ပဲ" ဟု ပြောလိုက်သည်။
ထိုသို့ပြောရင်း ယွီမိုက အတွေးထဲတွင် ခိုး၍ ရယ်မောနေမိသည်။
ဒီတစ်ခါတော့ ဝမ်ပင်းက ငါ့ကို ကျေးဇူးတင်ပြီး အရင်ကထက် ပိုကောင်းကောင်း ဆက်ဆံလောက်ပြီ မဟုတ်ဘူးလား။
ဘာပဲဖြစ်ဖြစ် အဆင့် ၁၂ ရှိတဲ့ လုပ်ကြံသတ်ဖြတ်သူဆိုတာ အဆင့် ၁၃ ကျင့်ကြံသူကိုတောင် လုပ်ကြံနိုင်တာပဲလေ။ အကယ်၍ ငါသာ ဝင်မပါခဲ့ရင် အကြီးအကဲယွင်တောင် တားနိုင်ပါ့မလား မသေချာဘူး။
သို့သော် ဝမ်ပင်းကမူ ထိုနေရာတွင် ရပ်နေရင်း သူ၏နောက်ကွယ်မှ ခွေးဝါကြီး ဟားဟားကို လက်ညှိုးထိုးပြကာ "သူက ခင်ဗျားကို ကိုက်ချင်နေပုံပဲ" ဟု ပြောလိုက်သည်။
ယွီမို လှည့်ကြည့်လိုက်သည့်အခါ ဟားဟားက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရကာ တကယ်ပင် စိုက်ကြည့်နေခြင်းပင်။
လူတစ်ယောက်ကဲ့သို့ပင် ဒေါသထွက်နေသော အကြည့်ဖြင့် ကြည့်နေပြီး သူက လုပ်ကြံသတ်ဖြတ်သူကို သတ်ပစ်လိုက်သည့်အပေါ် အလွန်မကျေမနပ် ဖြစ်နေပုံပင်။
ယွီမိုက ဝမ်ပင်းကို အမြန်မေးလိုက်သည်။
"သူ ဘာဖြစ်နေတာလဲ"
ဝမ်ပင်းက "သူ ၁၅ မိနစ်လောက် စောင့်နေတဲ့ ညစာကို ခင်ဗျားက လုယူသွားတာလေ ခင်ဗျား ဘယ်လိုထင်လဲ" ဟု ပြန်ဖြေလိုက်သည်။
ပြောပြီးနောက် ဝမ်ပင်းသည် မြေပြင်ပေါ်ရှိ ညဉ့်နတ်ဆိုးဓားမြှောင်ကို ကောက်ယူကာ အကဲခတ်ပြီး အိတ်ထဲ ထည့်လိုက်သည်။ အခြားဓားတစ်စင်းမှာမူ မိစ္ဆာဝိညာဉ်ဓား၏ လက်ချက်ဖြင့် အရည်ပျော်သွားခဲ့ရာ ဓားရိုးသာ ကျန်တော့သည်။
ယွီမိုသည် ဟားဟားထံမှ အကြည့်ကို လွှဲလိုက်ပြီး ဝမ်ပင်းကို ပြောလိုက်သည်။
"လူငယ်လေး... ကျေးဇူးတင်တဲ့ စကားတစ်ခွန်းမှ မရှိဘူးလား"
"ဘာအတွက် ကျေးဇူးတင်ရမှာလဲ"
"ငါက လုပ်ကြံသတ်ဖြတ်သူကို ရှင်းပေးခဲ့တာလေ။ သူက အဆင့် ၁၂ ရှိတာ မင်းသာ သူ့ကို ရင်ဆိုင်ရရင် သေချာပေါက် သေမှာပဲ"
"ဟဲဟဲ"
ဝမ်ပင်း စိတ်ထဲတွင် ပြောလိုက်မိသည်။
ခင်ဗျားကသာ ငါ့ကို တောင်းပန်သင့်တာပါ။
ငါ့ရဲ့ မိစ္ဆာဝိညာဉ်ဓားရဲ့ ညစာကို လုစားသွားတာပဲ။ အကယ်၍ ခင်ဗျားက ရွှေဒင်္ဂါး ရာဂဏန်း ထောင်ဂဏန်းလောက် ပြန်ပေးမယ်ဆိုရင်တော့ ငါ ခွင့်လွှတ်ပေးပါ့မယ်။
"ကဲ... စီနီယာယွီ သန့်ရှင်းရေးလုပ်ပြီး အိပ်တော့"
"မဟုတ်သေးဘူးလေ... လူငယ်လေး မင်းက နက်နဲသောနယ်ပယ်က ပုဂ္ဂိုလ်တစ်ယောက်ကို ဒီလိုပဲ ဆက်ဆံတာလား"
ယွီမို စကားပြောနေတုန်းမှာပင် ဝမ်ပင်းက ရွှမ်ယဲ့၏ အလောင်းကို ဆွဲယူသွားပြီဖြစ်သည်။ ယွီမိုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ကာ ညဉ့်နက်ထဲတွင် သက်ပြင်းချလိုက်မိသည်။
သူ လှည့်ကြည့်လိုက်သည့်အခါ ခွေးဝါကြီး ဟားဟားကတော့ သူ့ကို စိုက်ကြည့်နေဆဲပင်။
ဒီခွေးက ဘာလဲဟ။