အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
အခန်း။ ၆၃
ဆန်းဝူမြို့အတွင်း၌...
ဝမ်ပင်းသည် စိတ်ကြည်လင်စွာဖြင့် ညဈေးတန်းတစ်လျှောက် အေးအေးလူလူ လမ်းလျှောက်နေသည်။ ယခုဆိုလျှင် သူလုပ်ဆောင်ရမည့်အလုပ်မှာ ကျောက်ယီကို မသေမျိုးဂိုဏ်းသို့ ပြန်ခေါ်သွားရန်သာ ကျန်တော့သည်။
ဂိုဏ်းသို့ ရောက်သည်နှင့်တစ်ပြိုင်နက် တာဝန်မှာ အောင်မြင်စွာ ပြီးဆုံးပေလိမ့်မည်။
ကျောက်ယီမှာမူ အတွေးများစွာဖြင့် နောက်မှ တကောက်ကောက် လိုက်ပါလာသည်။ အထူးသဖြင့် ရုတ်တရက် လွတ်လပ်ခွင့်ရရှိသွားခြင်းနှင့် တစ်စုံတစ်ဦးက သူ့ကို တန်ဖိုးထားပေးခြင်းတို့ကြောင့် သူ၏ရင်ထဲတွင် ခံစားချက်မျိုးစုံ ရောပြွမ်းနေသည်။
သူ၏ မိသားစု အရှိန်အဝါ အတောက်ပဆုံး အချိန်များတွင်ပင် မည်သူမျှ သူ့အပေါ် ဤမျှအထိ ဂရုမစိုက်ပေးခဲ့ဖူးချေ။
ခဏမျှ တိတ်ဆိတ်နေပြီးနောက် ကျောက်ယီက မေးလိုက်သည်။
"ခင်ဗျားက တကယ်ပဲ မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား"
ဝမ်ပင်းက ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။
ညမှောင်လာချိန်တွင် ဝမ်ပင်းသည် ယွင်လန်တောင်ခြေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ထောင်ချီသော ကျောက်လှေကားထစ်များပေါ်တွင် လမ်းလျှောက်နေစဉ်အတွင်း ကျောက်ယီသည် ဝမ်ပင်းမှာ တကယ်ပင် မသေမျိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ကြောင်းနှင့် သူ့ကို ဂိုဏ်းထဲသွင်းရန်အတွက် ရွှေတစ်ထောင် အမှန်တကယ် အကုန်ခံခဲ့ကြောင်းကို နောက်ဆုံး၌ ယုံကြည်သွားတော့သည်။
သို့သော်လည်း ခရီးစဉ်မှာ ခြောက်ကပ်နေကာ မသေမျိုးဂိုဏ်း ကျဆင်းနေပြီဆိုသော ကောလာဟလများမှာ အမှန်ပင် ဖြစ်နေသည်။
အကယ်၍ ဂိုဏ်းသာ မပျက်စီးခဲ့ပါက ယခင် မသေမျိုးဂိုဏ်းသည် ပျံလွှားနဂါးအဖွဲ့နှင့် ယှဉ်နိုင်စွမ်းရှိသဖြင့် သူ၏ ကလဲ့စားချေနိုင်မည့် အခွင့်အရေးမှာလည်း များစွာ မြင့်မားနေမည် ဖြစ်သည်။
တောင်ထိပ်သို့ မရောက်မီလေးတွင် ဝမ်ပင်းက ရုတ်တရက် လှည့်ကြည့်ကာ ကျောက်ယီကို ပြောလိုက်သည်။
"ကျောက်ယီ... ဂိုဏ်းဝင်ကြေး ပေးရမယ်"
"ဂိုဏ်းဝင်ကြေး"
"မင်းမှာရှိသမျှ ပိုက်ဆံတွေ အကုန်ပေး"
"ဂိုဏ်းချုပ်ဝမ်... ခင်ဗျားက ကျွန်တော့်ကို ကယ်ဖို့တောင် ရွှေတစ်ထောင် အကုန်ခံထားတာပဲလေ ဒါက..."
ဝမ်ပင်း၏ မျက်နှာမှာ ရုတ်တရက် တည်ကြည်သွားသည်။
သူသည် မတ်မတ်ရပ်ကာ ခိုင်မာသောလေသံဖြင့် "ဒါက မသေမျိုးဂိုဏ်းရဲ့ စည်းမျဉ်းပဲ။ အကယ်၍ မင်း ဂိုဏ်းဝင်ကြေး မပေးရင် မသေမျိုးဂိုဏ်းကို ဝင်လို့မရဘူး။ အဲဒီနောက်ပိုင်း မင်းရဲ့ သွေးကြောတွေ ပြန်ကောင်းဖို့နဲ့ ကလဲ့စားချေဖို့ ကိစ္စတွေက ငါ့တာဝန် မဟုတ်တော့ဘူး"
ထိုသို့ပြောပြီးနောက် ဝမ်ပင်းက စိတ်ထဲမှလည်း ထပ်လောင်းပြောလိုက်မိသည်။
ရွှေတစ်ထောင်တန်တဲ့ ဂိုဏ်းဝင်ကြေးကိုတောင် ကင်းလွတ်ခွင့် ပေးထားတာပဲ။ မင်းက ဘာတွေ ထပ်လိုချင်နေသေးတာလဲ။
သို့သော် ကျောက်ယီ၏ အာရုံမှာ ဂိုဏ်းဝင်ကြေးထက် အခြားတစ်ချက်အပေါ်သို့ ရောက်ရှိသွားသည်။
"ဂိုဏ်းချုပ်... ခင်ဗျား ခုနက သွေးကြောတွေ ပြန်ကောင်းဖို့လို့ ပြောလိုက်တာလား"
ဝမ်ပင်း၏ စကားကြောင့် ကျောက်ယီ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များမှာ ထင်းခြောက်ထဲသို့ မီးစွဲသွားသကဲ့သို့ တောက်လောင်လာသည်။
စိတ်လှုပ်ရှားမှုက ထင်း၊ မျှော်လင့်ချက်က မီး ဖြစ်ကာ ညဉ့်မှောင်လေ မီးတောက်က ပိုမိုတောက်ပလာလေပင်။
ဝမ်ပင်းကို ကြည့်နေသော သူ၏ အကြည့်များတွင် စိတ်လှုပ်ရှားမှုများ ပြည့်လျှံနေသည်။
တစ်ချိန်က သူသည် သူ၏ သွေးကြောများ ပြန်လည်ကောင်းမွန်လာရန် စိတ်ကူးယဉ်ခဲ့ဖူးသည်။ ထိုသို့သာဖြစ်လျှင် သူ ဆက်လက် ကျင့်ကြံနိုင်မည်ဖြစ်ကာ နက်နဲသောနယ်ပယ်သို့ ရောက်ရန် တစ်သက်လုံး ကြိုးစားရမည် ဆိုလျှင်ပင် သူ ဝန်မလေးချေ။
ခက်ခဲပင်ပန်းမှုများကို သူ မကြောက်သော်လည်း မိဘနှင့် ညီမလေးအတွက် ကလဲ့စားချေနိုင်မည့် လမ်းစမရှိတော့မည်ကိုသာ သူ ကြောက်ရွံ့ခြင်းပင်။
သို့သော် သွေးကြောများကို ပြန်လည်ကုသရန်မှာ ရှားပါးပြီး တန်ဖိုးမဖြတ်နိုင်သော ပစ္စည်းများ လိုအပ်သည်။
သွေးကြောများကို ပြန်လည်ကောင်းမွန်စေပြီး ခိုင်မာစေနိုင်သည်ဟု ဆိုသော ပစ္စည်းတစ်ခုကို ရွှေငါးသောင်းဟူသော မြင့်မားသည့်ဈေးနှုန်းဖြင့် ရောင်းချနေသည်ကို သူ တစ်ကြိမ် မြင်ဖူးသည်။
ရွှေငါးသောင်း...
ကျောက်မိသားစုရဲ့ ပိုင်ဆိုင်မှု တစ်ဝက်လောက်ကို ရောင်းလိုက်ရင်တောင် အဲဒီပမာဏကို ရောက်ဖို့ မလွယ်ကူလှချေ။
ဝမ်ပင်းက ခေါင်းညိတ်ပြပြီး ပြန်ဖြေလိုက်သည်။
"သွေးကြော ပြန်ကောင်းဖို့ဆိုတာ ဘာမှ အရေးမကြီးတဲ့ ကိစ္စလေးပါ"
"ဂိုဏ်းဝင်ကြေး... ကျွန်တော် ပေးပါ့မယ် ပေးပါ့မယ်"
ကျောက်ယီသည် သူ၏ ကိုယ်ပေါ်တွင် အမြန်နှိုက်၍ ရှာတော့သည်။
သူ၏ ရင်ဘတ်ထဲတွင် တစ်ပြား။
သူ၏ လက်အင်္ကျီထဲတွင် တစ်ပြား။
သူ၏ ဖိနပ်အမြင့်ထဲတွင် တစ်ပြား။
...
နောက်ဆုံးတွင် သူ၏ ဘောင်းဘီနားတွင် နောက်ထပ် တစ်ပြားကို ထပ်တွေ့လိုက်ရသည်။
စုစုပေါင်း ရွှေဒင်္ဂါး ၂၂ ပြားကို သူ၏ ကိုယ်ပေါ်ရှိ နေရာအနှံ့အပြားတွင် ဝှက်ထားခဲ့ခြင်းပင်။
ထို ၂၂ ပြားကို သိမ်းဆည်းပြီးနောက် ဝမ်ပင်းသည် ကျောက်ယီကို မသေမျိုးဂိုဏ်းအတွင်းရှိ မီးဖိုချောင်သို့ ခေါ်ဆောင်သွားခဲ့သည်။
ဟွမ်ယီသည် ညစာပြင်ဆင်နေပြီး ဝမ်ပင်း ရောက်လာသည်ကို မြင်သည်နှင့် ချက်ချင်းပင် နှုတ်ဆက်လိုက်သည်။
"ဂိုဏ်းချုပ်... ပြန်လာပြီလား"
"အင်း"
"ဒါက ဂျူနီယာတပည့်သစ်လားဟင်"
ဝမ်ပင်းက ခေါင်းညိတ်ပြကာ "ဟုတ်တယ် သူ့နာမည်က ကျောက်ယီ။ သူ့ကို နည်းနည်း လမ်းညွှန်ပေးလိုက်ပါဦး။ ပြီးတော့ သူ့အတွက် စားစရာ တစ်ခုခု အရင်ပြင်ပေးလိုက်" ဟု ပြောလိုက်သည်။
ဟွမ်ယီသည် မီးဖိုချောင်ထဲမှ ချက်ပြုတ်ပြီးသား ဟင်းလျာများကို တန်းယူလာခဲ့သည်။
"ရန်လီလီအတွက် ပြင်ထားတဲ့ ညစာကိုပဲ အရင်စားလိုက်တော့နော်"
ကျောက်ယီသည် တစ်လုပ်စားကြည့်ပြီးနောက် အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
"တကယ့်ကို အရသာရှိတာပဲ"
ဝမ်ပင်းက ပြုံးလိုက်ပြီးနောက် ဟွမ်ယီကို ပြောလိုက်သည်။
"ဟွမ်ယီ... ခဏနေရင် သူ့ကို အိပ်ဆောင်ဝင်းဆီ ခေါ်သွားလိုက်ဦး ပြီးတော့ တခြားတပည့်တွေနဲ့လည်း မိတ်ဆက်ပေးလိုက်"
"ဟုတ်ကဲ့ပါ"
ဟွမ်ယီသည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ကျောက်ယီ အားရပါးရ စားနေသည်ကို ကြည့်ကာ ကျေနပ်နေတော့သည်။
အကြောင်းရင်းကို သူမကိုယ်တိုင် မသိသော်လည်း လူသစ်တစ်ယောက် ရောက်လာသည့်အခါတိုင်း စီနီယာအစ်မတစ်ယောက်က ဂျူနီယာမောင်လေးအသစ်ကို တွေ့ရသကဲ့သို့ စိတ်လှုပ်ရှားမှုကို ခံစားရလေ့ရှိသည်။
ဗိုက်ဝအောင် စားပြီးနောက် ဟွမ်ယီသည် ကျောက်ယီကို အိပ်ဆောင်ဝင်းဆီသို့ ခေါ်သွားခဲ့သည်။ သစ်သားတံတားပေါ်အရောက်တွင် ဟွမ်ယီက "ဂျူနီယာမောင်လေး... မင်းက ဒီနေ့မှ စရောက်တာဆိုတော့ အိပ်ဆောင်ခကို အစ်မကပဲ အစောပိုင်း စိုက်ထုတ်ပေးလိုက်မယ်နော်" ဟု ပြောလိုက်သည်။
ဟွမ်ယီ ဘာကို ဆိုလိုသည်ကို ကျောက်ယီ နားမလည်ဘဲ ရှိနေစဉ်မှာပင် ဟွမ်ယီက ရွှေဒင်္ဂါး ၁၀၀ တန် ငွေစက္ကူတစ်ရွက်ကို သံသေတ္တာထဲသို့ ထည့်လိုက်သည်ကို တွေ့လိုက်ရသည်။
"ရွှေဒင်္ဂါး ၁၀၀ ဆိုရင် နှစ်ညစာအတွက် လုံလောက်ပြီ"
"စီနီယာအစ်မ... မသေမျိုးဂိုဏ်းမှာ နေထိုင်ခက တစ်ညကို ရွှေဒင်္ဂါး ၅၀ တောင် ကျတာလားဟင်"
ကျောက်ယီက အံ့ဩတကြီးဖြင့် ဟွမ်ယီကို ကြည့်ကာ မေးလိုက်သည်။
"အင်း"
ဟွမ်ယီက ခေါင်းညိတ်ပြပြီး ကျောက်ယီကို အိပ်ဆောင်ဝင်းအတွင်းသို့ ခေါ်သွားခဲ့သည်။
သူတို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ရန်လီလီက ပြေးလာပြီး ဟွမ်ယီကို "ဟွမ်ယီ... ငါ့ရဲ့ ညစာလေး... ဟင် ဒါ ဘယ်သူလဲ" ဟု မေးလိုက်သည်။
"သူက မသေမျိုးဂိုဏ်းရဲ့ တပည့်သစ် ကျောက်ယီလေ"
ဟွမ်ယီက ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။
ကျောက်ယီကလည်း အလျင်အမြန်ပင် ရိုရိုသေသေ ဂါရဝပြုလိုက်ပြီး "စီနီယာအစ်ကိုကြီးကို နှုတ်ခွန်းဆက်သပါတယ်" ဟု ပြောလိုက်သည်။
ရန်လီလီသည် စိတ်ထဲမှ တိတ်တဆိတ် သဘောကျသွားပြီး စီနီယာအစ်ကိုကြီး ပီသစွာဖြင့် "ဟီးဟီး... တကယ်ကို ယဉ်ကျေးတာပဲ။ နောက်ဆိုရင် ငါ့ကို စီနီယာအစ်ကိုရန်လို့ ခေါ်နိုင်တယ်။ ငါက ဒီမှာ စီနီယာအစ်ကိုကြီးပဲ။ အခု အသက် ၁၅ နှစ် ရှိပြီ အဆင့်ကတော့ သိပ်မမြင့်ပါဘူး၊ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၆ ပဲ ရှိသေးတယ်" ဟု ပြောလိုက်သည်။
"အသက် ၁၅ နှစ်... အဆင့် ၆ ပဲ ရှိသေးတယ် ဟုတ်လား..."
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျောက်ယီမှာ မှင်တက်သွားပြီး ရန်လီလီကို ကြောင်ကြည့်နေမိတော့သည်။
ဒါက တကယ်ပဲ ပျက်စီးနေတဲ့ မသေမျိုးဂိုဏ်း ဟုတ်ရဲ့လား။
အသက် ၁၅ နှစ်မှာ အဆင့် ၅ ရှိခြင်းကပင် ပါရမီရှင်ဟု အသတ်ခံရပြီးပြီ ဖြစ်သည်။ အဆင့် ၆ ဆိုသည်မှာ ပါရမီရှင်ထက်ပင် သာလွန်နေ၏။
မသေမျိုးဂိုဏ်းမှာ ဒီလို ပါရမီရှင်တွေ တကယ်ရှိနေတာလား။
သူ မယုံနိုင်ဖြစ်နေစဉ်မှာပင် ကျောက်ချင်းက ရန်လီလီ၏ ဘေးသို့ အသာအယာ လမ်းလျှောက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဂျူနီယာမောင်လေး ကျောက်... ငါ့နာမည်က ကျောက်ချင်းပါ သူ့ထက် တစ်လငယ်တယ်။ အဆင့် ၆ ပါပဲ။ ဒါပေမဲ့ ဒီအသက် ၁၅ နှစ်အရွယ် အဆင့် ၆ ရန်လီလီက ငါ့လက်ထဲမှာ ဆယ်ကွက်တောင် မခံပါဘူး"
"ဒါက ဘာဖြစ်လို့လဲ"
"နင့်ကို လူရာဝင်အောင် လုပ်ပေးနေတာလေ"
ထိုသူနှစ်ဦး ငြင်းခုံနေကြသည်ကို ကြည့်ပြီး ကျောက်ယီမှာ အံ့ဩလွန်း၍ စကားပင် မထွက်နိုင်တော့ချေ။ အသက် ၁၅ နှစ်နှင့် အဆင့် ၆ ရှိနေခြင်းကပင် သူ့အတွက် တုန်လှုပ်စရာ ဖြစ်နေရသည့်ကြားထဲ အခုတော့ အဆင့်တူချင်းကိုပင် အပြတ်အသတ် နှိမ်ထားနိုင်သည့် ၁၅ နှစ်အရွယ် အဆင့် ၆ က ရှိနေပြန်သေးသည်။
ဒါက...
ငါဒီမှာ ဘယ်လိုလုပ် နေနိုင်ပါ့မလဲ။
"အသက် ၁၅ နှစ်နဲ့ အဆင့် ၅ ရောက်ခဲ့လို့ ငါ့ကိုယ်ငါ ပါရမီရှင်လို့ ထင်နေခဲ့တာ။ အခုမှပဲ ငါက သာမန်လူတစ်ယောက်ထက် မပိုဘူးဆိုတာ သိလိုက်ရတော့တယ်"
မကြာမီမှာပင် ကျောက်ယီသည် လူငယ်တစ်စု၏ နွေးထွေးသော ကြိုဆိုမှုကို ခံလိုက်ရပြီး သူတို့၏ တက်ကြွလှသော ဧည့်ဝတ်ကျေပွန်မှုများကြားတွင် အနည်းငယ် ကသိကအောက် ဖြစ်နေမိသည်။
သူသည် ပါရမီရှင်များကြားထဲမှ အသုံးမကျသောလူတစ်ယောက် ဖြစ်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် ရှက်စိတ်များက ကြီးစိုးနေတော့သည်။
...
ညဉ့်က တဖြည်းဖြည်း နက်လာခဲ့သည်။
သန်းခေါင်ကျော်ပြီးနောက် ကျောက်ယီတစ်ယောက် အိပ်ဆောင်ဝင်းအတွင်း အိပ်ပျော်ရန် ပြင်နေစဉ်မှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။
ထို့နောက် ဝမ်ပင်း၏ အသံ ထွက်ပေါ်လာသည်။
"တံခါးဖွင့်လိုက်ပါဦး"
"ဂိုဏ်းချုပ်... ဒီလောက်ညဉ့်နက်မှ မအိပ်သေးဘူးလားခင်ဗျာ"
ကျောက်ယီသည် အဝတ်အစားများကို အမြန်လဲကာ ဝမ်ပင်းကို အခန်းထဲသို့ ကြိုဆို လိုက်သည်။
ဝမ်ပင်းသည် တန်းလျားရှည်တစ်ခုတွင် ဝင်ထိုင်လိုက်ပြီး သူ့ရှေ့တွင် ရပ်နေသော ကျောက်ယီကို ကြည့်ကာ "မှတ်ထားပါ မသေမျိုးဂိုဏ်းမှာ အားနည်းတဲ့သူ မရှိစေရဘူး။ မင်းမှာ ကြီးမားတဲ့ ပါရမီရှိတယ်။ မင်းရဲ့ အားအင်အားလုံးကို ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ထားလိမ့်မယ်လို့ ငါ မျှော်လင့်တယ်" ဟု ပြောလိုက်သည်။
"ဂိုဏ်းချုပ်"
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျောက်ယီ၏ မျက်နှာတွင် အပြုံးများ ဝေဆာသွားပြီး အိပ်ချင်စိတ်များလည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ဝမ်ပင်းသည် သက်စောင့်စီးကရက်ကို ထုတ်ယူကာ မီးခြစ်ဖြင့် ညှိလိုက်ပြီး ကိုယ်တိုင်တစ်ချက် ရှူရှိုက်လိုက်ပြီးနောက် ကျောက်ယီကို လှမ်းပေးလိုက်သည်။
"ငါလုပ်သလို လိုက်လုပ်ပါ။ ဒါကို ကုန်အောင် သောက်ရမယ်။ ဖြည်းဖြည်းချင်း ရှူသွင်းပြီး ဖြည်းဖြည်းချင်း ပြန်ထုတ်ပါ။ မနက်ဖြန် မနက်ရောက်ရင် မင်းရဲ့ သွေးကြောတွေ အကုန်လုံး ပြန်ကောင်းသွားလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"
ကျောက်ယီသည် သက်စောင့်စီးကရက်ကို ကျေးဇူးတင်စွာဖြင့် လှမ်းယူလိုက်ပြီး ဗုန်းခနဲ ဒူးထောက်ချလိုက်တော့သည်။ ဝမ်ပင်းက သူ့ကို ပြန်ထူပေးလိုက်ရာ ကျောက်ယီသည် ပထမဆုံးတစ်ချက်ကို စတင် ရှူရှိုက်လိုက်တော့သည်။
တစ်ချက် ရှူသွင်းကာ တစ်ချက် ပြန်ထုတ်၏။
ထိုသို့ ထပ်ခါထပ်ခါ လုပ်နေမိသည်။
ဆယ်ကြိမ်မြောက်အရောက်တွင် ကျောက်ယီ၏ ဝမ်းသာမျက်ရည်များမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်လာခဲ့ရသည်။
သူ၏ ခန္ဓာကိုယ်အတွင်းသို့ တစ်စုံတစ်ခု ဝင်ရောက်လာကာ သူ၏ သွေးကြောများကို ပြုပြင်ပြောင်းလဲပေးနေသည်ကို သူ ခံစားလိုက်ရသည်။
နဂိုက အဆက်အသွယ် ပြတ်
တောက်နေသော ဒန်ထျန်သည်လည်း ချီစွမ်းအင်အစအနတစ်ခုကို ရုတ်တရက် အာရုံခံမိသွားသည်။ ၎င်းမှာ ခဏတာမျှသာ ဖြစ်သော်လည်း သူ၏ သွေးကြောများ ပြန်လည်ကောင်းမွန်လာခြင်းကို ဆိုလိုခြင်းပင်။
တစ်နှစ်ပတ်လုံး သူ အိပ်မက်မက်ခဲ့ရသည့်အရာက အခုတော့ အမှန်တကယ် ဖြစ်လာခဲ့သည်။
အခန်း။ ၆၄
"ဂိုဏ်းချုပ်ရဲ့ ကျေးဇူးတရားကို ကျောက်ယီတစ်ယောက် ရင်ထဲကနေ အမြဲအောက်မေ့ သွားပါ့မယ်။ ကျွန်တော့်ရဲ့ ဂါရဝကို လက်ခံပေးပါဦး"
ကျောက်ယီသည် နောက်တစ်ကြိမ် ဒူးထောက်ချလိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင် ဝမ်ပင်းက သူ့ကို ထူရန် ကြိုးစားသော်လည်း ကျောက်ယီ၏ တံတောင်ဆစ်ကို ဆုပ်ကိုင်ထားစဉ်မှာပင် သိသိသာသာ ပြန်လည်တွန်းကန်နေသော အင်အားတစ်ခုကို ခံစားလိုက်ရသည်။ သူသည် ဤအတိုင်း အလွယ်တကူ ထမည့်ပုံမပေါ်ချေ။
ဤကောင်လေးသည် သူ့အပေါ် အမှန်တကယ် ကျေးဇူးတင်နေကြောင်း ဝမ်ပင်း သိလိုက်သည်။
သို့မဟုတ်ပါက ထပ်ခါတလဲလဲ ဒူးထောက်နေလိမ့်မည် မဟုတ်ပေ။
ဝမ်ပင်းက ပြုံးလိုက်ပြီး သူ၏ပုခုံးကို အားပေးသည့်လေသံဖြင့် ပုတ်ပေးကာ "တော်ပါပြီ ထတော့။ မင်းရဲ့ သွေးကြောတွေ အကုန်လုံး ပြန်ကောင်းသွားတဲ့အခါ ဒါမှမဟုတ် ကလဲ့စားချေပြီးတဲ့အခါမှပဲ နောက်တစ်ခါ ထပ်ပြီး ဂါရဝပြုတော့" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
ကျောက်ယီသည် လေးလေးနက်နက် ခေါင်းညိတ်ပြပြီး မတ်တပ်ရပ်လိုက်တော့သည်။
၎င်းကို မြင်သောအခါ ဝမ်ပင်းသည် တိတ်ဆိတ်စွာပင် လှည့်ထွက်လာခဲ့ပြီး တံခါးကို အသာအယာ ပြန်ပိတ်ပေးခဲ့သည်။
အိပ်ဆောင်ဝင်းအတွင်းမှ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာပြီးနောက် တင်းယွီဆောင်သို့ ပြန်ရောက်သောအခါ၊ သူ၏ရှေ့မှောက်ရှိ မှီခိုရာဂိုဏ်း မြေပုံကို ကြည့်ရင်း နောက်ထပ် အဆောက်အအုံ အဆင့်မြှင့်တင်မှုကို ဘယ်နေရာမှာ ထားရမလဲဆိုသည်ကို စတင် စဉ်းစားတော့သည်။
ပင်မဆောင်ကို အဆင့်မြှင့်ဖို့က ဖြစ်နိုင်သော်လည်း လက်ရှိတွင် ဂိုဏ်း၏ ဆွဲဆောင်မှုအဆင့် တိုးတက်ဖို့က ထိုမျှအထိ အရေးမကြီးသေးချေ။
မသေမျိုးဂိုဏ်းမှာ တပည့်တွေ မရှားပါဘူး။
ဆွဲအားစက်ကွင်းကို မြှင့်မလား။
စမ်းသပ်ကွင်းကို မြှင့်မလား။
...
ခဏအကြာတွင် ဝမ်ပင်းက ပြောလိုက်သည်။
"ငါ့ကို တင်းယွီဆောင် အဆင့်မြှင့်ပေးပါ"
အဆုံးတွင်တော့ ဝမ်ပင်းသည် မိစ္ဆာဝိညာဉ်ဓားကို နောက်တစ်ကြိမ် အဆင့်မြှင့်တင်လိုက်ခြင်းက ပိုကောင်းမည်ဟု တွေးမိသည်။ လက်ရှိ မိစ္ဆာဝိညာဉ်ဓားမှာ အလွန်သန်မာနေပြီ ဖြစ်သော်လည်း အနည်းငယ် ပို၍ အစွမ်းထက်လာပါက ပို၍ စိတ်ချရပေလိမ့်မည်။
ဖြစ်နိုင်လျှင် ဤအဆင့်မြှင့်တင်မှုက သူ့ကို နက်နဲသောနယ်ပယ်အထိ တိုက်ရိုက် ရောက်သွားစေနိုင်သည်။
အကယ်၍ ထိုသို့သာ ကံကောင်းခဲ့ပါက နောင်တွင် မည်သူကမျှ မသေမျိုးဂိုဏ်းသို့ ညဘက်တွင် ကျူးကျော်ဝင်ရောက်ရန် ရဲဝံ့တော့မည် မဟုတ်ချေ။
စနစ်၏ အသံက နောက်မှ ကပ်လျက် ထွက်ပေါ်လာသည်။
"တင်းယွီဆောင်ကို အဆင့်မြှင့်တင်ပြီးနောက်မှာတော့ မိစ္ဆာဝိညာဉ်ဓားက ညဘက်မှာပဲ လှုပ်ရှားနိုင်တဲ့ ကန့်သတ်ချက် မရှိတော့ဘဲ နေ့ဘက်မှာပါ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ စွမ်းရည်ကို ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့အင်အားက နက်နဲသောနယ်ပယ် အနိမ့်ဆုံးအဆင့်အထိ တိုးတက်သွားမှာဖြစ်ပြီး တခြားသူတွေရဲ့ အမြင်အာရုံကို ကွယ်စေနိုင်တဲ့စွမ်းရည်ကိုပါ ပိုင်ဆိုင်လာမှာပါ"
"တကယ်လား"
"ဟုတ်ကဲ့ မိစ္ဆာဝိညာဉ်ဓားဟာ နတ်ဘုရားတမန်အဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီး အဝါရောင်မီးတောက်တွေကလည်း တစ်ပြိုင်နက်တည်းမှာပဲ မီးပြာရောင်အဖြစ် အဆင့်မြင့်သွားမှာပါ။ တကယ်လို့ သူက အမြင်မခံချင်ဘူးဆိုရင်တော့ ဘယ်သာမန်လူသားကမှ သူ့ရဲ့တည်ရှိမှုကို အာရုံခံနိုင်မှာ မဟုတ်ပါဘူး။ သူ့ရှေ့တည့်တည့်မှာ ရပ်နေရင်တောင်မှ ဘယ်သူမှ မြင်နိုင်မှာ မဟုတ်ပါဘူး"
ဤအချက်ကို ကြားလိုက်ရသည့်အခါ ဝမ်ပင်းမှာ အတိုင်းမသိ ဝမ်းသာသွားပြီး စားပွဲကို ရိုက်ကာ ပြောလိုက်သည်။
"ဒါပဲလေ ငါ တင်းယွီဆောင်ကို အဆင့်မြှင့်ဖို့ ရွေးချယ်ခဲ့တာ တကယ် မှန်သွားပြီ။ ဒါနဲ့ စနစ်... တင်းယွီဆောင်ကို အဆင့်မြှင့်ဖို့ ရွှေဒင်္ဂါး ဘယ်လောက် လိုမလဲ"
"ရွှေဒင်္ဂါး သုံးသောင်းငါးထောင်ပါ"
"ပင်မဆောင်ကို မြှင့်ဖို့က ရွှေငါးသောင်း လိုတာ။ တင်းယွီဆောင်ကို မြှင့်တာက ပင်မဆောင်ထက် အများကြီး သက်သာတာပဲ။ အမှန်အတိုင်း ပြောရရင် ပင်မဆောင်ကို မြှင့်တာက ပိုပြီး တန်ဖိုးရှိပေမဲ့ လက်ရှိမှာတော့ မိစ္ဆာဝိညာဉ်ဓားက ငါ့အတွက် ပိုပြီး အသုံးဝင်တယ်။ စနစ်... ငါ့ကို တင်းယွီဆောင် အဆင့်မြှင့်ပေးတော့"
"အတည်ပြုပါသလား"
"အတည်ပြုတယ်"
[တင်းယွီဆောင် အဆင့်မြှင့်ရန် ကျန်ရှိသောအချိန် တစ်နာရီ]
[စွမ်းရည်အသစ် သန့်စင်သော မိစ္ဆာဝိညာဉ်ဓား၊ ဆိုင်ခန်းတွင် ပစ္စည်းအသစ်များ ရရှိနိုင်ပြီ]
ထိုအချိန်တွင် တောင်ပေါ်၌ ကင်းလှည့်နေသော မိစ္ဆာဝိညာဉ်ဓားနှင့် တောင်စောင့်ခွေး ဟားဟားတို့မှာ သစ်ပင်ထိပ်ဖျားများပေါ်တွင် ခုန်ပျံနေခြင်းကို ရုတ်တရက် ရပ်တန့်သွားကြသည်။
မိစ္ဆာဝိညာဉ်ဓားမှာ ရုတ်တရက် အားရပါးရ ရယ်မောလိုက်ပြီး သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ မီးတောက်များမှာလည်း ရုတ်ချည်းပင် အားကောင်းလာကာ ဘေးပတ်ဝန်းကျင်ရှိ သစ်ကိုင်းများကို ချက်ချင်း လောင်ကျွမ်းစေခဲ့ရာ တောအုပ်တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များဖြင့် ပြည့်နှက်သွားတော့သည်။
နောက်တစ်ခဏတွင် မိစ္ဆာဝိညာဉ်ဓားမှာ ပျောက်ကွယ်သွားတော့သည်။
တောင်စောင့်ခွေး ဟားဟား၏ မျက်လုံးထဲမှ မီးတောက်များမှာလည်း မှေးမှိန်သွားပြီး ၎င်း၏ ခြေဖဝါးအောက်ရှိ မီးကြာပန်းမှာလည်း ပျောက်ကွယ်သွားခဲ့သည်။
ဝုတ်…
ဝုတ်
ဟားဟားသည် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ခုန်ဆင်းလိုက်ပြီးနောက် မိစ္ဆာဝိညာဉ်ဓားဘယ်
ရောက်သွားတာလဲဟု ရှာဖွေသည့်အလား ပတ်ဝန်းကျင်ကို ကြည့်ကာ ဟောင်လိုက်သည်။
တင်းယွီဆောင် အပြင်ဘက် မြက်ခင်းပြင်ပေါ်တွင် ဝမ်ပင်း ထိုင်နေကာ သူ၏နောက်ဘက်တွင်မူ အဆင့်မြှင့်တင်နေဆဲဖြစ်သဖြင့် မြူဖြူများ ဖုံးလွှမ်းနေသော တင်းယွီဆောင် ရှိနေသည်။ သူ၏စူးရှသော မျက်လုံးများက နောက်ဆုံးစာသား ခြောက်လုံးကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားစွာဖြင့် "ငါ့ကို ဆိုင်ဖွင့်ပေးပါ" ဟု အမိန့်ပေးလိုက်သည်။
သူ၏ရှေ့မှောက်ရှိ မြင်ကွင်းမှာ ပြောင်းလဲသွားပြီး တင်းယွီဆောင်၏ ဆိုင်ခန်း ပေါ်လာသည်။ သို့သော် အတွင်း၌ ရှိနေသည်မှာ သက်စောင့်စီးကရက်ကဲ့သို့သော ပစ္စည်းအသေးစားလေး မဟုတ်ဘဲ ဂိုဏ်းဝတ်စုံ အဆင့်မြှင့်စက်ဟု စာတန်းတပ်ထားသော အဖြူရောင် သံသေတ္တာကြီး တစ်ခု ဖြစ်နေသည်။
"ဒါက ဘာလဲ"
စနစ်က ရှင်းပြသည်။
"ဂိုဏ်းတစ်ခုမှာ ကိုယ်ပိုင်ဝတ်စုံ ရှိရပါမယ်။ အဲဒါက တစ်ဦးတစ်ယောက်ကို ကိုယ်စားပြုရုံတင်မကဘဲ ဂိုဏ်းရဲ့ နက်နဲတဲ့ အစဉ်အလာကိုပါ ဖော်ပြနေတာပါ။ ဒီ ဂိုဏ်းဝတ်စုံ အဆင့်မြှင့်စက်က သခင့်ကို ထူးခြားတဲ့ ဝတ်စုံတွေ ဖန်တီးပေးနိုင်မှာဖြစ်ပြီး အဲဒီဝတ်စုံတွေမှာ အထူးစွမ်းရည်တွေ ပါဝင်မှာ ဖြစ်ပါတယ်"
"ဥပမာ ဘာတွေလဲ"
"ဓားမတိုးခြင်း၊ ရေစိုခံခြင်းနဲ့ မီးလောင်မှုကို ခံနိုင်ရည်ရှိခြင်းတို့ပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒါက လွန်ခဲ့တဲ့ ရက်ပိုင်းက သခင် အလိုချင်ဆုံး အရာတွေ ဖြစ်နေပါတယ်"
"ဓားမတိုးတာအပြင် တခြားရော ဘာရှိသေးလဲ"
"လက်ရှိ ထုတ်လုပ်ပေးနိုင်တဲ့ အထူးစွမ်းရည်တွေကတော့ အလေးချိန် တိုးမြှင့်ခြင်း၊ ဒဏ်ရာကာကွယ်ရေး ဒိုင်းလွှားပေးခြင်းနဲ့ အရှိန်မြှင့်တင်ပေးခြင်းတို့ ဖြစ်ပါတယ်"
ထို့နောက် ဂိုဏ်းဝတ်စုံ အဆင့်မြှင့်စက်၏ စွမ်းရည်ရှင်းလင်းချက်များမှာ ဝမ်ပင်း၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။
အလေးချိန် တိုးမြှင့်ခြင်းသည် ပုစဉ်းရင်ကွဲ အတောင်ပံကဲ့သို့ ပါးလွှာသော ပိုးဖဲကြိုးကို ပေါင် ၁၀၀ အထိ လေးလံသွားအောင် ပြုလုပ်နိုင်သည်။ ၎င်းကို ဝတ်ဆင်ထားခြင်းဖြင့် တပည့်များ၏ အရှိန်နှင့် အင်အားကို ကျင့်ကြံစေနိုင်သည်။ နှစ်ရှည်လများ ကျင့်သားရသွားပြီးနောက် ၎င်းကို ချွတ်လိုက်သည့်အခါ တစ်ကျော့ပြန် မွေးဖွားလာသကဲ့သို့ ခံစားရစေမည်။
ဒဏ်ရာကာကွယ်ရေး ဒိုင်းလွှားက ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသူ၏ အပြည့်အဝ တိုက်ခိုက်မှုကို တစ်မိနစ်စာ တောင့်ခံပေးနိုင်သည်။
အရှိန်မြှင့်တင်ပေးခြင်းမှာမူ ဝတ်ဆင်သူကို လေနတ်ဘုရား အခြေအနေသို့ ရောက်ရှိစေကာ ပြေးနှုန်းကို ၃၀ ရာခိုင်နှုန်း တိုးမြှင့်ပေးမည်။
စွမ်းရည်သုံးခုကို ဖတ်ပြီးနောက် ဝမ်ပင်းသည် ခဏမျှ စဉ်းစားကာ မေးလိုက်သည်။
"စနစ်... ဒီစက်က ရွှေဒင်္ဂါး ဘယ်လောက် ပေးရမှာလဲ"
"ရွှေဒင်္ဂါး ၅၀၀၀ ပါ"
"ငါ ဝယ်မယ်"
ဝမ်ပင်းသည် သူ၏ အိတ်ကပ်ကို စမ်းကြည့်လိုက်သည်။
အထူးစွမ်းရည်တွေပါတဲ့ ဂိုဏ်းဝတ်စုံဆိုတာ ဒီလောကမှာ တစ်ခုတည်းသော အရာ ဖြစ်နေမှာပဲ မဟုတ်လား။
နောက်တစ်နေ့ နံနက်ခင်း၌ နီရဲသော နေမင်းကြီးသည် ယွင်လန်တောင်၏ ကျောက်လှေကားထစ်များပေါ်သို့ နေရောင်ခြည်များ ဖြာကျနေစေကာ ကော်ဇောနီ ခင်းထားသကဲ့သို့ ရှိနေသည်။
လေတိုက်ခတ်လာသည်နှင့်အမျှ သစ်ရွက်များ၏ တရှဲရှဲ မြည်သံနှင့် သဘာဝ၏ အသံများကို နားထောင်ရင်း လမ်းလျှောက်ရခြင်းမှာ စိတ်ကို ကြည်လင်အေးချမ်းစေသည်။
ရန်ကျုံးရှန်းနှင့် ဟွမ်ကုန်းတို့သည် တောင်ပေါ်သို့ စောစောစီးစီး တက်လာကြသည်။ ယခင်
ရက်များကဲ့သို့ ယွီမိုကို လာတွေ့ရုံသက်သက် မဟုတ်ဘဲ ယွီမိုတစ်ယောက် မသေမျိုးဂိုဏ်းတွင် ပိုမိုတက်ကြွ လန်းဆန်းလာသည်ကို တွေ့ရသဖြင့် အထူးပစ္စည်းများစွာကို သယ်ဆောင်လာခဲ့ခြင်းပင်။
အမှန်စင်စစ် သူတို့ ယူလာသည်မှာ စားစရာ မဟုတ်သလို ဂျင်ဆင်း သို့မဟုတ် သမင်ဦးချို ကဲ့သို့သော အားဆေးများလည်း မဟုတ်ချေ။ သို့သော် သူတို့ထက် ပိုမိုအစွမ်းထက်ပြီး ပိုမိုကောင်းမွန်သော ဆေးဖက်ဝင် ပစ္စည်းများ ဖြစ်သည်။
တောင်ထိပ်သို့ ရောက်ခါနီးတွင် ရန်ကျုံးရှန်းက သူ၏နောက်မှ အစေခံကို အလျင်အမြန် တိုက်တွန်းလိုက်ပြီး ဟွမ်ကုန်းနှင့်အတူ ခြေလှမ်းကို မြှင့်လိုက်သည်။
"မြန်မြန်လုပ် ဒီနေ့ရဲ့ ဆေးဖက်ဝင် ဟင်းလျာကို မသေမျိုးဂိုဏ်းမှာ အရင်ဆုံး ပြင်ဆင်ရမှာ ငါတို့မှာ အချိန်သိပ်မရှိဘူး"
ဟွမ်ကုန်းသည် လမ်းတစ်လျှောက်လုံး စဉ်းစားခန်း ဝင်နေပြီးနောက် ရုတ်တရက် ပြောလိုက်
သည်။
"အစ်ကိုကြီးရန်... ဆေးဖက်ဝင် ဟင်းလျာချက်တဲ့ အဆင့်တွေကို ငါ အခါတစ်ဆယ်မက ပြန်စဉ်းစားပြီးပြီ။ ဘယ်လိုပဲ တွေးတွေး တစ်နာရီဆိုတဲ့ အချိန်က ဒီဟင်းလျာကို ပြင်ဆင်ဖို့ မလောက်လောက်ဘူးလို့ ခံစားနေရတယ်"
ရန်ကျုံးရှန်း မျက်မှောင်ကြုတ်သွားကာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "ဒါဆိုရင် အကြီးအကဲယွင်ကို အချိန်ပိုတောင်းကြည့်တာပေါ့။ စည်းမျဉ်းဆိုတာ အသေ၊ လူဆိုတာ အရှင်ပဲ။ ငါတို့ ဒီနေ့လာတာ ယွီမိုအတွက်ပဲ။ ငါတို့ မီးဖိုချောင်ထဲမှာပဲ နေမှာပါ။ တခြားဘယ်မှ မသွားဘူးလို့ ပြောရင် နာရီဝက်လောက် အချိန်ပိုပေးတာက အဆင်ပြေမှာပါ"
ဟွမ်ကုန်းက ဘာမှပြန်မပြောချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ မရေရာသော ခန့်မှန်းချက်သာ ဖြစ်သောကြောင့်ပင်။ အကယ်၍ လာရောက်တွေ့ဆုံချိန်ကို တစ်နာရီမှ တစ်နာရီခွဲအထိ တိုးပေးနိုင်မည်ဆိုလျှင် ယွင်လျောင်က အရင်ကတည်းက သဘောတူခဲ့နိုင်သည်။
အနီးရှိ အစေခံ အာလန်းက ဝင်ပြောသည်။
"အကြီးအကဲ ဟွမ်ကုန်း... ခင်ဗျားပြင်ဆင်နေတဲ့ ချီစွမ်းအင်ဖြည့် ဆေးဟင်းလျာက ကျွန်တော့်သခင်လေး ကောင်းကျိုးအတွက်ပဲလေ။ ဒါက မသေမျိုးဂိုဏ်းချုပ်ရဲ့ ကတိကို ဖြည့်ဆည်းပေးဖို့ သွယ်ဝိုက်ပြီး ကူညီပေးနေတာပဲ မဟုတ်လား။ မသေမျိုးဂိုဏ်းက လူတွေက ဒီလောက်အထိတော့ တင်းကျပ်မှာ မဟုတ်ပါဘူး"
"အာလန်း ပြောတာလည်း ဟုတ်တာပဲ။ ဒီဟင်းလျာက ဂိုဏ်းချုပ်ဝမ်အတွက် အများကြီး အလုပ်သက်သာစေမှာပဲ။ အကြီးအကဲ ယွင်က ဒီလောက်အထိ တင်းကျပ်မယ် မထင်ပါဘူး"
ရန်ကျုံးရှန်းက သဘောတူလိုက်သည်။