← Chapters

အခန်း (၈၇၉-၈၈၀)

Vol. 87 Ch. 879-880

အခန်း (၈၇၉-၈၈၀)

Vol. 87 Ch. 879-880

အခန်း (၈၇၉) အင်ပါယာဆီသို့

"မြို့စားမင်း အသစ်နဲ့ ပတ်သက်လို့ ပြောရရင်တော့ သူလည်း တစ်စုံတစ်ရာ ကြံစည်ထားတာ ရှိကောင်းရှိနိုင်တယ်။ အဲဒီမိန်းကလေးကို မွေးစားခဲ့တာဟာ စေတနာသက်သက်ပဲ မဟုတ်လောက်ဘူး။ အဲဒီလို အကြံအစည်ဆိုး ရှိခဲ့လို့သာ သူ့ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်စွမ်းအားက မြို့စားမင်းကို ထိခိုက်စေခဲ့တာ ဖြစ်ရမယ်" လုံချန်းက ကျီရှန်ကို ရှင်းပြလိုက်၏။

"တည်းခိုခန်း ပိုင်ရှင်ရဲ့ ဇနီးလည်း အဲဒီမိန်းကလေးကို တစ်ခုခု ရန်ပြုဖို့ ကြိုးစားခဲ့လို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူ လှေကားပေါ်က ပြုတ်ကျသေတာကတော့ မတော်တဆမှု ဖြစ်ဖို့ ပိုများတယ်" သူက တည်းခိုခန်းဘက်သို့ တစ်ချက်ကြည့်ရင်း ဆက်ပြောလိုက်သည်။

"အချုပ်ပြောရရင်တော့ ငါတို့က သူ့ကို သတ်ချင်တဲ့စိတ် မရှိသရွေ့ အဲဒီ ခန္ဓာကိုယ်က ငါတို့ကို ဘာမှ အန္တရာယ်မပြုနိုင်ဘူး။ ငါက အဲဒီမိန်းကလေးကို စိတ်မဝင်စားတဲ့အတွက် ငါနဲ့ မင်လန်အပေါ် ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး။ မင်းကလည်း သူ့အပေါ် စေတနာရှိနေတာဆိုတော့ မင်းအတွက်လည်း ဘေးကင်းပါတယ်"

လုံချန်းက သူစုံစမ်းသိရှိသမျှကို အသေးစိတ် ရှင်းပြလိုက်ရာ ကျီရှန်သာမက မင်လန်ပါ မှင်တက်သွားရတော့သည်။

"ဒါဆိုရင် အတော်များများတော့ ရှင်းသွားပါပြီ။ ဒါပေမဲ့ ငါ သူ့ကို ရိုက်တုန်းက ဘာလို့ ငါ့ကို ဘာမှမဖြစ်တာလဲ။ သူ့ခန္ဓာကိုယ်က ကံကောင်းခြင်းတွေ၊ တခြားအချက်တွေကို လက်နက်လို သုံးပြီး ကာကွယ်ပေးတယ်ဆိုရင် ငါ သူ့ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တာတောင် ငါ ဘာလို့ ဘာမှမဖြစ်ခဲ့တာလဲ" ကျီရှန်က သူ၏ သံသယကို ထုတ်မေးလိုက်၏။

အကယ်၍ လုံချန်း စကားက အမှန်ဆိုလျှင် သူ ထိုမိန်းကလေးကို နာကျင်စေခဲ့စဉ်က သူကိုယ်တိုင်လည်း တစ်ခုခု ထိခိုက်ခဲ့ရမည် မဟုတ်လော။

"ငါ ပြောခဲ့သလိုပေါ့... အဲဒီ ခန္ဓာကိုယ်က သူ့ကို တကယ် သတ်ချင်ဖြတ်ချင်တဲ့သူ အပေါ်မှာပဲ အလုပ်လုပ်တာလေ။ မင်းလုပ်ခဲ့တာက လုံးဝကို မတော်တဆမှု ဖြစ်ခဲ့တာပဲ။ အဲဒါကြောင့်လည်း မင်းက သူ့ဘေးကင်းဖို့အတွက် ဒီလောက်တောင် စိုးရိမ်နေရတာပေါ့။ မင်းမှာ ရည်ရွယ်ချက်ဆိုး မရှိတဲ့အတွက် သူ့ကို မင်း ထိခိုက်စေနိုင်ခဲ့တာ" လုံချန်းက ရှင်းပြလိုက်သည်။

"မင်းရဲ့ စကားတွေက ယုတ္တိရှိပေမဲ့လည်း ဒီအယူအဆအတွက် မင်းကို စမ်းသပ်ခံတစ်ယောက်အဖြစ် ငါ မထားခဲ့နိုင်ဘူး။ တစ်ခုတော့ လုပ်ပါ... ငါ့ကို ထားခဲ့ပြီး မင်းတို့ပဲ အရင်သွားကြတော့။ ငါ ဒီမှာ ခဏနေခဲ့မယ်။ ဒီအယူအဆ မှန်မမှန် သေချာသွားပြီဆိုမှ တော်ဝင်မြို့တော်မှာ မင်းကို လာတွေ့မယ်" ကျီရှန်က ခေါင်းကို ခပ်ဖွဖွယမ်းရင်း အကြံပြုလိုက်၏။ "ဒါမှမဟုတ် မင်း အလုပ်တွေ မြန်မြန်ပြီးသွားရင်လည်း ပြန်အထွက်မှာ ဒီမြို့ကို ဝင်ခဲ့ဦးပေါ့"

"မင်း ဒီမှာ ကျန်ခဲ့စရာ မလိုပါဘူး။ သူ့ကို ငါတို့နဲ့အတူ ခေါ်သွားလို့ ရတာပဲ" လုံချန်းက ဆိုလိုက်သည်။

"ဟင့်အင်း... ငါ ဆုံးဖြတ်ပြီးပြီ။ သူ ငါ့ကို လိုအပ်နေတယ်လို့ ခံစားရတယ်။ ငါ သူ့ကို မသိပေမဲ့ သူက ငါ့ရဲ့ အတိတ်က လူသားလေးနဲ့ အများကြီး တူနေတယ်။ သူ့အနားမှာ ခဏလောက် ပိုနေပေးချင်သေးတယ်။ သူ့ကို ငါ တကယ်ပဲ ချစ်မိသွားမလား၊ ဒါမှမဟုတ် သူက ငါ့ရဲ့ ချစ်သူနဲ့ မတူဘူးဆိုတာ သိသွားမလား... ဒီနှစ်ခုစလုံးအတွက် ငါ ဒီမှာ နေဖို့ လိုတယ်" ကျီရှန်က ငြင်းပယ်လိုက်၏။

ကျီရှန်၏ မျက်နှာပေါ်မှ ခိုင်မာသော ဆုံးဖြတ်ချက်ကို မြင်လိုက်ရချိန်တွင် သူ မည်မျှ အလေးအနက်ထားနေသည်ကို လုံချန်း နားလည်သွားတော့သည်။

သူက နောက်ဆုံးအကြိမ်အဖြစ် ထပ်မေးလိုက်၏။ "ဒါက မင်း တကယ် လိုချင်တဲ့အရာ သေချာရဲ့လား"

"အင်း... ဒါ ငါ့ရဲ့ ဆုံးဖြတ်ချက်ပဲ။ မင်းနဲ့အတူ မလိုက်နိုင်တဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ မကြာခင်မှာ ငါ ရောက်လာမှာပါ။ မင်းနဲ့အတူ စစ်ပွဲထဲမှာ ပါဝင်ပေးပါ့မယ်" ကျီရှန်က ပြန်ဖြေလိုက်၏။

"ရပါတယ်... စိတ်မပူပါနဲ့။ မင်း ဒီမှာပဲ အချိန်ယူပါ။ မင်း အဆင်သင့်ဖြစ်ပြီဆိုမှ လာခဲ့ပါ" လုံချန်းက ခပ်ပြုံးပြုံးဖြင့် ဆိုကာ ခေါင်းညိတ်ပြလိုက်သည်။

"သွားပြီး သူ့ကို စောင့်ရှောက်ပေးလိုက်ပါဦး" ထိုသို့ ဆိုကာ လုံချန်းသည် နောက်သို့ လှည့်ထွက်ခဲ့တော့သည်။

သူသည် မင်လန်၏ လက်ကို ဆွဲကာ ထိုနေရာမှ ထွက်ခွာလာခဲ့၏။

ကျီရှန်သည် တစ်စုံတစ်ခုကို ပြောရန် လက်လှမ်းလိုက်သော်လည်း လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ခေါင်းကိုသာ ယမ်းလိုက်မိသည်။ သူသည် နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီးနောက် တည်းခိုခန်းထဲသို့ ပြန်ဝင်သွားတော့၏။

လုံချန်းသည် နေဝါးမျိုလင်းယုန်ကို ခေါ်လိုက်ရာ ၎င်းမှာ အတောင်ပံများအား ဖြန့်ကျက်လျက် မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့ပေသည်။

မင်လန်နှင့် လုံချန်းတို့သည် လင်းယုန်ကြီးပေါ်သို့ တက်လိုက်ကြပြီးနောက် ကောင်းကင်ယံသို့ တစ်ဖန် ပြန်လည် ပျံတက်ခဲ့ကြတော့၏။

"ငါ သူ့အတွက် ဝမ်းသာပါတယ်" မင်လန်က ဝေးကွာသွားသော တည်းခိုခန်းလေးကို ကြည့်ရင်း လုံချန်းအား ဆိုလိုက်၏။

"ငါလည်း အတူတူပါပဲ။ သူ့ကို ကြည့်ပြီး ငါ စိုးရိမ်နေခဲ့တာ။ သူက အများကြီး ဆုံးရှုံးခဲ့ရတာလေ။ ငါတို့ရှေ့မှာ သန်မာသလို ဟန်ဆောင်နေပေမဲ့ သူ့ရင်ထဲမှာ ဘယ်လောက် နာကျင်နေမလဲဆိုတာ ငါ သိတာပေါ့" လုံချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

သူသည် လက်ကို ဆန့်ထုတ်ကာ မင်လန်၏ လက်အား ဆုပ်ကိုင်လိုက်၏။ သူတို့၏ လက်ချောင်းလေးများ အပြန်အလှန် ရစ်ပတ်ထားကြရင်း သူက ဆက်ပြောလိုက်သည်။ "အဲဒီမိန်းကလေးက သူ့နှလုံးသားထဲက ဟာကွက်တွေကို ဖြည့်ဆည်းပေးနိုင်ပါစေလို့ပဲ ငါ မျှော်လင့်ပါတယ်"

"ငါလည်း အဲဒီလိုပဲ ဆုတောင်းပါတယ်" မင်လန်က ထောက်ခံလိုက်၏။

"မကြာခင် ငါတို့ တော်ဝင်မြို့တော်ကို ရောက်တော့မယ်။ ဒီနေ့တော့ နောက်ထပ် နှင်းမုန်တိုင်း ကျမယ့်ပုံ မရဘူး။ မြို့တော်ရောက်ရင် လူအားလုံးကို ငါ အပြင်ခေါ်ထုတ်လို့ ရပြီ။ ငါ့မိသားစုလည်း မင်ယုရဲ့ မိဘတွေနဲ့ တွေ့ရမှာဆိုတော့ ဝမ်းသာကြမှာပဲ၊ ဟုတ်တယ်မလား။ ဒါဟာ နောက်ထပ် မိသားစု ဆုံစည်းပွဲလေး တစ်ခု ဖြစ်လာမှာပေါ့။ ငါ တော်တော်လေးကို ရင်ခုန်နေပြီ"

လင်းယုန်ကြီးသည် ကောင်းကင်ယံတွင် အရှိန်အဟုန်ဖြင့် ပျံသန်းနေစဉ် လုံချန်းကမူ အနာဂတ် အတွက်ကိုသာ တွေးနေမိတော့သည်။

စစ်ပွဲက ချက်ချင်းကြီး ဖြစ်မနေသေးကြောင်းလည်း သူ သေချာနေပေသည်။ ဤသို့သော ရာသီဥတုမျိုးတွင် မည်သူမှ စစ်မတိုက်နိုင်ကြသဖြင့် သူ ခဏတာ အေးအေးချမ်းချမ်း နေနိုင်ဦးမည် မဟုတ်လော။

လုံချန်း၏ စကားကို ကြားသောအခါ မင်လန်က ခပ်ဖွဖွ ရယ်မောလိုက်၏။ လုံချန်းက သူမကို ကြည့်ကာမေးလိုက်သည်။ "ဘာလို့ ရယ်နေတာလဲ"

"နင်က ဒီတွေ့ဆုံပွဲအတွက် ဒီလောက်တောင် ရင်ခုန်နေတယ်ဆိုတော့၊ မင်ယုသာဆိုရင် ဘယ်လောက်တောင် ရင်ခုန်နေမလဲဆိုတာ ငါ တွေးကြည့်နေမိလို့ပါ"

"ဟားဟား... ဟုတ်တာပေါ့။ သူက ပြန်လာဖို့ တအားကို စိတ်အားထက်သန်နေတာလေ။ နောက်ဆုံးတော့ သူ့ရဲ့ ဆန္ဒတွေ ပြည့်ဝတော့မှာပေါ့။ ပြီးတော့ အခုထိ စစ်ပွဲကြီး အကြီးအကျယ် မဖြစ်သေးတာကလည်း ကောင်းပါတယ်။ ငါတို့ကပဲ ကံကောင်းတာလား၊ ဒါမှမဟုတ် သူကပဲ သူ့အင်ပါယာကြီးကို ရန်သူတွေ ကျူးကျော်နေပြီဆိုပြီး အစိုးရိမ်လွန်နေတာလားတော့ မသိဘူး။ ငါကြားဖူးသလောက်တော့ ဒီအင်ပါယာက ကျူးကျော်ခံရဖူးတာ တစ်ခါမှ မရှိဘူးတဲ့။ သူ့အဖေက အရာရာကို အတော်လေး ကောင်းကောင်း ကိုင်တွယ်နိုင်ပုံရတယ်" လုံချန်းက ထောက်ပြလိုက်၏။

"ဪ... ဟုတ်သားပဲ။ မိသားစုအကြောင်း ပြောမှ သတိရတယ်" သူက ရုတ်တရက် ရေရွတ်လိုက်မိသည်။ ကျီရှန်၏ ကိစ္စများကြားတွင် သူသည် ကမ္ဘာတုထဲ၌ ကျန်နေခဲ့သော မြွေဘုရင်ကို လုံးဝ မေ့နေခဲ့ခြင်း ဖြစ်၏။ သူနှင့်အတူ လိုက်ပါဖို့ အပြင်ခေါ်ပေးမည်ဟု သူ ကတိပေးထားခဲ့သည် မဟုတ်လော။

သူသည် မြွေဘုရင်ကို အပြင်သို့ ခေါ်ထုတ်လိုက်သည်။

မြွေဘုရင်သည် သူတို့ရှေ့တွင် ပေါ်လာကာ ဝမ်းသာအားရ ပျံသန်းနေတော့၏။

"ဟဲဟဲ... မင်း မင်းရဲ့ ဘုရင်ကြီးကို မေ့မှာ မဟုတ်ဘူးဆိုတာ ငါ သိသားပဲ။ တခြားလူသာဆိုရင် ဒီငှက်ကလေးကို ခေါ်တုန်းက ငါ့ကို ခေါ်ဖို့ မေ့သွားပြီလို့ ထင်မှာပဲ။ ဒါပေမဲ့ ငါကတော့ ငါ့တပည့်လေးကို ယုံကြည်ပြီးသား" သူက အော်ဟစ်လိုက်သည်။

"ဪ... ဟုတ်လား။ အခုတော့ ငါက မင်းရဲ့ လက်ရုံးနေရာကနေ မင်းရဲ့ တပည့် ဖြစ်သွားပြန်ပြီပေါ့" လုံချန်းက ရယ်မောလိုက်၏။

"ဘာပဲဖြစ်ဖြစ်... ကိုယ်လုံးကို သေးလိုက်စမ်းပါ။ ဒီလောက်ကြီး လွတ်လွတ်လပ်လပ် မပျံပါနဲ့။ လူတွေ အာရုံစိုက်တာ မခံချင်ဘူး" သူက ဆက်ပြောလိုက်သည်။

"ကောင်းပြီလေ"

မြွေဘုရင်သည် မူလက သာမန်မြွေတစ်ကောင် အရွယ်အစား ရှိသော်လည်း တဖြည်းဖြည်း သေးငယ်သွားကာ လုံချန်း၏ လက်ချောင်းခန့်သာ ရှိတော့သည်အထိ သေးသွားတော့သည်။ အရှည်မှာလည်း ၃၀ စင်တီမီတာခန့်သာ ရှိတော့၏။

"ဒီလောက်ဆို သေးပြီလား" သူက မေးသည်။

"လောလောဆယ်တော့ ဒီလောက်ဆို ရပါပြီ။ တစ်ယောက်ယောက် မြင်ရင်တောင် မင်းကို တီကောင်လို သားရဲလေး တစ်ကောင်လို့ ငါ ပြောလို့ရတာပေါ့" လုံချန်းက ပြုံးရင်း ဆိုလိုက်၏။

"တီကောင် ဟုတ်လား။ မင်းက ငါ့ကို အင်းဆက်တစ်ကောင်လို့ ခေါ်ရဲတယ်ပေါ့"

မြွေဘုရင်က အစပိုင်းတွင် အရှက်ရသလို ခံစားရသော်လည်း လုံချန်းသည် ထိုသည်က မဖြစ်နိုင်လောက်သည့် အခြေအနေမျိုး အတွက် ပြောခြင်းဖြစ်ကြောင်း ရှင်းပြလိုက်သည့်အခါတွင်မူ သူ သဘောတူ လိုက်တော့သည်။

ကြယ်တာရာ အင်ပါယာ၏ တော်ဝင်မြို့တော်သို့ ပျံသန်းလာသော သားရဲကြီးပေါ်တွင် လူသုံးဦး နှင့် မြွေငယ်လေးတစ်ကောင် ပါရှိနေပေတော့သည်။

အခန်း (၈၈၀) မင်းသားတစ်ပါးလား

ထူးခြားသည့် အဖြစ်အပျက် တစ်စုံတစ်ရာ မရှိဘဲ ခရီးနှင်လာခဲ့ကြပြီးနောက် လုံချန်းနှင့် မင်လန်တို့သည် ကြယ်တာရာ အင်ပါယာ၏ တော်ဝင်မြို့တော်သို့ မကြာမီမှာပင် ရောက်ရှိလာခဲ့ကြ၏။

လမ်းခရီးတစ်လျှောက်တွင် မြို့များစွာကို ဖြတ်ကျော်ခဲ့ကြသော်လည်း မည်သည့်မြို့တွင်မျှ အခက်အခဲ မတွေ့ခဲ့ရချေ။ ထိုမြို့များရှိ အစောင့်များမှာ မျက်နှာသစ်များကို တွေ့နေကျဖြစ်သဖြင့် ဂရုမစိုက်ကြသည့်နှယ် ရှိပေသည်။ ကြယ်တာရာ အင်ပါယာ၏ လက်အောက်ခံ မြို့များဖြစ်ကြသဖြင့် အစောင့်များမှာလည်း ယခင်ကကဲ့သို့ အထူးတလည် သတိထားခြင်း မရှိကြတော့ပေ။

သူတို့သည် မိမိတို့အား မည်သူမျှ လာရောက် ပြဿနာရှာလိမ့်မည် မဟုတ်ဟု ယုံကြည်နေကြပုံ ရပေသည်။

သူတို့သည် အထက်လူကြီးများက ပေးထားသောကြော်ငြာစာရွက်များပေါ်ရှိ အလိုရှိသူများ၏ မျက်နှာကိုသာ အဓိကထား စောင့်ကြည့်နေကြခြင်း ဖြစ်၏။ ထို့ကြောင့် မျက်နှာကို ဖုံးကွယ်ထားခြင်း မရှိဘဲ ကြော်ငြာမှ မျက်နှာများနှင့် မတူသူများကိုမူ မည်သည့် နှောင့်ယှက်မှုမျှ မပြုကြချေ။

သူတို့တွင် လုံချန်း၏ ကြော်ငြာစာရွက် ရှိနေသည်မှာ အမှန်ပင် ဖြစ်သော်လည်း ၎င်းမှာ အခြားမျက်နှာတစ်ခု ဖြစ်နေပေသည်။ လုံချန်း၏ ယခုမျက်နှာသစ်ကို မြင်တွေ့ခဲ့ရသော ကြယ်တာရာ အဖွဲ့မှာလည်း ဧကရာဇ်မင်းထံသို့ သတင်းပေးပို့ရန် ပြန်မရောက်လာကြသေးသဖြင့် လုံချန်းအတွက် အခွင့်သာနေခြင်း ဖြစ်၏။

လုံချန်းနှင့် မင်လန်တို့မှာ အလိုရှိသူစာရင်းတွင် မပါဝင်သဖြင့် မည်သည့် ပြဿနာမျှ မရှိဘဲ ခရီးဆက်နိုင်ခဲ့ကြပေသည်။

"ဟင်... တော်ဝင်မြို့တော်က အတော်လေး အစောင့် ထူထပ်ပုံရတယ်နော်။ မြို့ပတ်ပတ်လည်ကို ဝိုင်းထားတာပဲ။ ဝင်ပေါက်တစ်ပေါက်ပဲ မြင်ရပြီး အဲဒီမှာလည်း အစောင့်တွေ အပြည့်ပဲ" တော်ဝင်မြို့တော်အနီးသို့ ရောက်သောအခါ မင်လန်က ထောက်ပြလိုက်၏။ "အရင်မြို့တွေတုန်းက ဒီလောက် အစောင့် မများပါဘူး"

"ဒါကတော့ မြို့တော်ဖြစ်နေတာကိုး။ ဘယ်လောက်ပဲ အေးချမ်းနေပါစေ အင်ပါယာဆိုတာ ရန်သူရှိတတ်စမြဲပဲလေ။ တော်ဝင်မြို့တော်ကို ပိုပြီး လုံခြုံအောင် လုပ်ထားမှာကတော့ သေချာပါတယ်" လုံချန်းက ရှင်းပြလိုက်သည်။

"ငါတို့ အောက်ကို ဆင်းကြစို့။ မြို့ထဲကို ပင်မဝင်ပေါက်ကနေ ဝင်တာက ပိုကောင်းလိမ့်မယ်"

နေဝါးမျိုလင်းယုန်သည် ပိတ်ထားသော တံခါးမကြီးများဆီသို့ ဦးတည်ကာ ဆင်းသက်လိုက်၏။

တံခါးဝတွင် အစောင့်ပေါင်း ဆယ်ဂဏန်းခန့် ရပ်နေကြပေသည်။

သူတို့သည် မိမိတို့ထံသို့ ပျံသန်းလာသော သားရဲကြီးကို စိုက်ကြည့်နေကြ၏။

လင်းယုန်ကြီးသည် မြို့ဝင်ပေါက်အနီးတွင် ဆင်းသက်လိုက်သည်။

'ဒီမှာက ကောင်းကင် အဆင့် အထွတ်အထိပ်မှာ ရှိတဲ့ ကျင့်ကြံသူတွေက အစောင့်တွေ ဖြစ်နေတာလား။ တော်ဝင်မြို့တော်ဆိုတော့လည်း မဆန်းပါဘူးလေ။ မြို့ထဲမှာဆိုရင် ကောင်းကင်ဘုံ အဆင့်က ကျင့်ကြံသူတွေ အများကြီး ရှိနေမှာ သေချာတယ်' လုံချန်းက လင်းယုန်ပေါ်မှ ဆင်းရင်း အတွေးဝင်နေမိ၏။

သူသည် လင်းယုန်ကြီးကို သူ၏ လက်စွပ်အတွင်းရှိ သားရဲနယ်မြေသို့ ပြန်လည် ပို့ဆောင်လိုက်သည်။ သူ၏ ခါးတွင်မူ လူများ အထင်မှားစေရန်အတွက် သားရဲအိတ် တစ်လုံးကို ချိတ်ဆွဲထားပေသည်။

သူသည် မင်လန်၏ လက်ကို ဆွဲကာ အစောင့်များရှိရာသို့ လျှောက်သွားခဲ့၏။

အစောင့်များထဲတွင် ဆံပင်အနက်ရောင်နှင့် လူတစ်ယောက်မှာ ခေါင်းဆောင် ဖြစ်ပုံရပေသည်။ သူသည် အခြားအစောင့်များကို နှစ်လှမ်းခန့် ချန်ထားခဲ့ကာ ရှေ့သို့ တိုးထွက်လာခဲ့၏။

"မင်းတို့က ဘယ်သူတွေလဲ။ မြို့ထဲကို ဘာကိစ္စနဲ့ လာတာလဲ" အစောင့်ခေါင်းဆောင်က တင်းမာစွာ မေးလိုက်သည်။

သူ ဝတ်ဆင်ထားသော ဝတ်ရုံဖြူပေါ်တွင် မည်သည့် ပုံစံမျှ မပါရှိသော်လည်း သူ၏ ရင်ဘတ်တွင်မူ တောင်တန်းပုံပါသည့် တံဆိပ်တစ်ခု ချိတ်ဆွဲထား၏။

သူ၏ ခါးတွင်မူ ဓားတစ်လက်ကို ဆွဲထားပေသည်။

လုံချန်းသည် သူ၏ အိတ်ကပ်ထဲမှ တံဆိပ်တစ်ခုကို ထုတ်ယူကာ အစောင့်ထံသို့ ပေးလိုက်၏။

"ငါတို့က ဝူရှေးနိုင်ငံက လာတာပါ" သူက ဆိုလိုက်သည်။

"ဒီတံဆိပ်က... မင်းက ဝူရှေးနိုင်ငံရဲ့ မင်းသားလား" အစောင့်သည် တံဆိပ်ကို စစ်ဆေးကြည့်ပြီးနောက် အံ့သြတကြီး ရေရွတ်လိုက်မိ၏။

ဝူရှေးနိုင်ငံမှာ အင်အားအကြီးဆုံး မဟုတ်သော်လည်း အားအနည်းဆုံးတော့ မဟုတ်ချေ။ သို့သော် နိုင်ငံတစ်နိုင်ငံ၏ မင်းသားတစ်ပါးက မည်သည့် အစောင့်မျှ မပါဘဲ ခရီးသွားနေသည်မှာ ထူးဆန်းနေပေသည်။

ထိုတံဆိပ်က သူသည် မင်းသားဖြစ်ကြောင်း သက်သေပြနေ၏။ ဤတိုက်ကြီးတွင် တော်ဝင်အသိုင်းအဝိုင်းကို ခွဲခြားနိုင်ရန်အတွက် နိုင်ငံတိုင်းက တူညီသော ပုံစံရှိသည့် တံဆိပ်များကို ဖန်တီးခွင့် ရထားကြပေသည်။

ရှင်ဘုရင်များကိုသာ ဤတံဆိပ်များ ပြုလုပ်နည်းကို ပေးထားခြင်းဖြစ်ကာ ၎င်းအား အတုလုပ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

နိုင်ငံတိုင်းက တူညီသော အရောင်နှင့် တံဆိပ်များကို အသုံးပြုကြသော်လည်း တံဆိပ်ပေါ်တွင် ထွင်းထုထားသော နိုင်ငံအမည်များသာ ကွဲပြားကြခြင်း ဖြစ်၏။

အစောင့်ကိုင်ထားသော တံဆိပ်မှာ ဝူရှေးနိုင်ငံ၏ မင်းသားသာ ကိုင်ဆောင်နိုင်သည့် အစစ်အမှန် တံဆိပ် ဖြစ်နေပေသည်။

လုံချန်း၏ စကားကို ကြားသောအခါ မင်လန်ပင် မှင်တက်သွား၏။ 'သူက ဘယ်လိုဖြစ်ပြီး မင်းသားအယောင် ဆောင်နိုင်ရတာလဲ။ ဒီလောက်တောင် လွယ်လို့လား' သူမ တွေးနေမိသည်။

သူသည် ထိုတံဆိပ်ကို မည်သည်က ရခဲ့သနည်း။ အတုလုပ်ထားခြင်းလော။ သူမ၏ ခေါင်းထဲတွင် မေးခွန်းများစွာ ပေါ်ပေါက်နေပေသည်။

"ဟုတ်တယ်၊ ငါက ဝူရှေးနိုင်ငံရဲ့ မင်းသားပဲ။ ဒါကတော့ ငါ့ရဲ့ ဇနီးပေါ့။ ငါတို့က တော်ဝင်မြို့တော်ကို လေ့လာကြည့်ချင်လို့ လာခဲ့တာ။ ငါ့အဖေက ငါ ထီးနန်းကို မဆက်ခံခင်မှာ ဒီတိုက်ကြီးကို လှည့်လည်ကြည့်ရှုပြီး ဗဟုသုတ ရှာသင့်တယ်လို့ အမြဲပြောလေ့ရှိတယ်။ ဒါကြောင့် ဒီတိုက်ကြီးမှာ အရေးအကြီးဆုံး ဖြစ်တဲ့ ဒီမြို့ကနေပဲ စတင်ဖို့ ဆုံးဖြတ်လိုက်တာပါ" လုံချန်းက ဇာတ်လမ်းဆင်ကာ ပြန်ဖြေလိုက်၏။

သူသည် မင်ယုကို အပြင်သို့ မထုတ်ချင်သေးသဖြင့် ဤနည်းလမ်းအား အသုံးပြုလိုက်ခြင်း ဖြစ်သည်။ အကယ်၍ မင်ယုသာ ပါလာလျှင် အစောင့်များက သူမကို မှတ်မိသွားကာ မြို့တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားမည်ကို သူ မလိုလားချေ။

နောက်ထပ် အရေးကြီးသော အကြောင်းရင်းတစ်ခုမှာ သူမကို နန်းတော်ရှေ့သို့ ရောက်မှသာ အံ့သြသွားအောင် လုပ်ပေးချင်သောကြောင့် ဖြစ်၏။ ထိုအခါမှသာ သူမသည် ပျော်ရွှင်စွာဖြင့် နန်းတော်ထဲသို့ ပြေးဝင်ကာ သူမ၏ မိဘများကို ဖက်လဲတကင်း နှုတ်ဆက်နိုင်မည် မဟုတ်လော။

"ဘာလို့ မင်းနဲ့အတူ အစောင့်တွေ တစ်ယောက်မှ ပါမလာရတာလဲ။ မင်းသားတစ်ပါးကို အစောင့်မပါဘဲ ခရီးသွားခွင့် ပေးလိုက်တယ် ဟုတ်လား" အစောင့်က သံသယဖြင့် မေးလိုက်သည်။

"ဒါက တရားဝင် ခရီးစဉ်မှ မဟုတ်တာ။ ဗဟုသုတ ရှာဖို့ သက်သက်ပဲလေ။ အစောင့်တွေ ဝိုင်းနေရင် ငါ ဘယ်လိုလုပ် ဗဟုသုတ ရနိုင်မှာလဲ။ ပြီးတော့ ငါ့နိုင်ငံရဲ့ ပြင်ပမှာ ငါ့ကို ဘယ်သူမှ မသိကြပါဘူး။ ငါက ပြဿနာရှာဖို့ လာတာမှ မဟုတ်တာ၊ ဘာလို့ ဘေးကင်းဖို့ စိုးရိမ်နေရမှာလဲ" လုံချန်းက လွတ်လပ်ပေါ့ပါးစွာ ရယ်မောရင်း ပြောလိုက်၏။

"အင်း..." အစောင့်သည် လုံချန်းကို အကဲခတ်လိုက်ပြီးနောက် မင်လန်ကို ကြည့်လိုက်သည်။

သူမသည် အလွန်လှပသူ ဖြစ်သော်လည်း သူသည် အကြည့်ကို အမြန်လွှဲကာ စည်းကမ်းရှိစွာ နေလိုက်၏။

'ဒီလူက မင်းသားတစ်ပါးနဲ့ တကယ်တူတယ်။ မိန်းကလေးကလည်း မင်းသားတစ်ပါးရဲ့ ဇနီးဖြစ်လောက်အောင် လှပတာပဲ။ သူတို့ တံဆိပ်ကလည်း အစစ်ပဲဆိုတော့ သူတို့ပြောတာ အမှန်ဖြစ်နိုင်တယ်' သူက တွေးလိုက်သည်။

"ကောင်းပြီ... မြို့ထဲကို ဝင်နိုင်ပါတယ်" အစောင့်က သဘောတူလိုက်ပြီးနောက် သူ၏ လူများကို အမိန့်ပေးလိုက်၏။ "တံခါးဖွင့်ပေးလိုက်ကြ၊ သူတို့ကို ဝင်ခွင့်ပေးလိုက်"

သူသည် တံဆိပ်ကို လုံချန်းထံသို့ ပြန်ပေးလိုက်၏။

ဧရာမ တံခါးကြီးများမှာ အသံကျယ်ကြီး မြည်ဟည်းကာ ဖြည်းဖြည်းချင်း ပွင့်လာတော့သည်။

လုံချန်းက ခေါင်းညိတ်ပြကာ ဝင်ပေါက်ဆီသို့ လျှောက်သွားခဲ့၏။ သူသည် မင်လန်၏ လက်ကို ကိုင်ကာ မြို့ထဲသို့ လှမ်းဝင်လိုက်လေသည်။

သူတို့နှစ်ဦး ဝင်သွားပြီးနောက်တွင် တံခါးကြီးများမှာ ပြန်လည် ပိတ်သွားခဲ့၏။

အခြားအစောင့်တစ်ယောက်က ခေါင်းဆောင်အနားသို့ တိုးလာကာ မေးလိုက်သည်။ "ဘာတွေ ဖြစ်နေတာလဲ။ သူက ဒီနေ့ မြို့ထဲဝင်တဲ့ ဒုတိယမြောက် မင်းသားပဲ။ ဘာလို့ တခြားနိုင်ငံက မင်းသားတွေ ဒီကို လာနေကြတာလဲ။ အကြောင်းပြချက်တွေကလည်း တစ်ယောက်တစ်မျိုးစီနဲ့"

"ငါတို့ ဘာလုပ်လို့ ရမှာလဲ။ ဒါက ဧကရာဇ်မင်းရဲ့ အမိန့်ပဲလေ။ အဆင့်နိမ့် နိုင်ငံတွေက လာတာဆိုရင်တောင် တော်ဝင်မျိုးနွယ်တွေကို ငါတို့ တားဆီးလို့ မရဘူး" ခေါင်းဆောင်က ခေါင်းယမ်းရင်း ပြန်ဖြေလိုက်လေသည်။

All Chapters