← Chapters

အခန်း (၈၈၁-၈၈၂)

Vol. 87 Ch. 881-882

အခန်း (၈၈၁-၈၈၂)

Vol. 87 Ch. 881-882

အခန်း (၈၈၁) ကောင်းကင်တောင်တန်း

မြို့ဝင်ပေါက် အပြင်ဘက်တွင် အစောင့်များ စကားစမြည် ပြောဆိုနေကြစဉ်မှာပင် လုံချန်းနှင့် မင်လန်တို့သည် ကြယ်တာရာ အင်ပါယာ၏ တော်ဝင်မြို့တော်အတွင်းသို့ လှမ်းဝင်ခဲ့ကြပြီ ဖြစ်၏။

မြို့တော်ကြီးမှာ အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ လမ်းမကြီးများမှာ လူပေါင်း ရာချီ၍ တစ်ပြိုင်နက်တည်း လျှောက်လှမ်းနိုင်သည်အထိ ကျယ်ဝန်းလှ၏။

လမ်းမများပေါ်တွင် အမှိုက်သရိုက် တစ်စုံတစ်ရာ မရှိဘဲ သန့်ရှင်းသပ်ရပ်နေပေသည်။ လူအများမှာ လမ်း၏ ဘေးတစ်ဖက်တစ်ချက်ရှိ လူသွားလမ်းများပေါ်တွင် စနစ်တကျ လျှောက်လှမ်းနေကြ၏။

ဤမျှအထိ စနစ်ကျလှသော မြို့ပြအစီအစဉ်မှာ လုံချန်းအတွက်တော့ ကမ္ဘာမြေပေါ်ရှိ ခေတ်မီမြို့ကြီးများနှင့် ဆင်တူနေသဖြင့် ရင်းနှီးကျွမ်းဝင်သလို ခံစားနေရပေသည်။ ကွဲပြားသည်မှာ ဤနေရာရှိ အဆောက်အဦးများမှာ ခေတ်မမီသေးခြင်းနှင့် လမ်းမများပေါ်တွင် မီးပွိုင့်များ၊ ကားများ မရှိခြင်းပင် ဖြစ်၏။

သို့သော် လမ်းမများပေါ်တွင် ရံဖန်ရံခါ ဖြတ်သန်းသွားသော မြင်းရထားအချို့ကိုမူ မြင်တွေ့နိုင်ပေသည်။

'မဆိုးပါဘူး... ငါရောက်ဖူးခဲ့တဲ့ ဝိညာဉ်လောကက မြို့တွေလောက် စိတ်လှုပ်ရှားဖို့ မကောင်းပေမဲ့ ဒီလောကရဲ့ စံနှုန်းနဲ့ဆိုရင်တော့ ဒါဟာ အကောင်းဆုံး မြို့ပြလို့တောင် သတ်မှတ်လို့ ရပါတယ်' လုံချန်းက မြို့တော်၏ မြင်ကွင်းကို အကဲခတ်ရင်း တွေးနေမိ၏။

"စိတ်ဝင်စားစရာကောင်းတဲ့ မြို့ပဲနော်၊ ဟုတ်တယ်မလား" သူက သူ၏ ဘယ်ဘက်ဘေးတွင် လျှောက်လှမ်းနေသော မင်လန်ကို ကြည့်ကာ မေးလိုက်သည်။ သူတို့နှစ်ဦးမှာ လမ်း၏ ဘယ်ဘက်ခြမ်းအတိုင်း လျှောက်လာခဲ့ကြခြင်း ဖြစ်၏။

မင်လန်ကို ကြည့်လိုက်သောအခါ သူမသည် သူ့အား စူးစမ်းသော အကြည့်များဖြင့် ကြည့်နေသည်ကို လုံချန်း သတိထားမိသွား၏။

"တစ်ခုခု မေးချင်လို့လား" သူက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဝူရှေးနိုင်ငံရဲ့ မင်းသား ဟုတ်လား။ နင် ဘယ်လိုလုပ် အဖမ်းမခံရတာလဲ။ အဲဒီတံဆိပ်က တကယ်ပဲ အစစ်လား" သူမ၏ ခေါင်းထဲတွင် ဝဲလည်နေသော မေးခွန်းကို မင်လန်က ထုတ်မေးလိုက်တော့သည်။

"ဪ... ဒါကို သိချင်နေတာကိုး" ထိုသို့ ဆိုကာ လုံချန်းက သဘောကျစွာ ရယ်မောလိုက်၏။

သူသည် သူမ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ ဒါက အတုမဟုတ်ပါဘူး။ ဝူရှေးမင်းသားကို ငါသတ်တုန်းက သူ့ဆီက ရခဲ့တာလေ"

သူသည် သူမ၏ ပါးပြင်ကို အသာအယာ နမ်းရှိုက်လိုက်ပြီးနောက် မူလအတိုင်း ပြန်လည် လျှောက်လှမ်းလိုက်၏။

"ဟင်... အဲဒါက ဟိုတုန်းကလား... အခုမှ သတိရတော့တယ်။ ကျီရှန်နဲ့အတူ အဲဒီကို သွားတုန်းက ဖြစ်ရမယ်။ နင်က မင်းသားကို မြင်ကတည်းက ဒါကို ကြိုတင်စဉ်းစားထားတာပေါ့လေ။ တကယ်ကို ပါးနပ်တာပဲ" မင်လန်က လုံချန်းကို ချီးကျူးရင်း ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ဟုတ်တယ်။ အခုတော့ ငါတို့ မြို့ထဲကို အလွယ်တကူ ဝင်နိုင်ခဲ့ပြီဆိုတော့၊ တော်ဝင်နန်းတော်ဆီ ရောက်ဖို့ပဲ လိုတော့တယ်။ ငါတို့ရဲ့ ရှည်လျားလှတဲ့ ခရီးစဉ်ကြီးကလည်း အဆုံးသတ်တော့မှာပေါ့" လုံချန်းက လက်ထဲရှိ တံဆိပ်ကို ကြည့်ရင်း ရေရွတ်လိုက်၏။

သူသည် တံဆိပ်ကို ပြန်သိမ်းရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်က သူ၏ ပုခုံးကို ဝင်တိုက်မိသွားတော့သည်။ လက်ထဲမှ တံဆိပ်မှာ လေထဲသို့ လွင့်တက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။

"လမ်းလျှောက်ရင် ရှေ့ကို မကြည့်ဘူးလား"

သရော်တော်တော် အသံတစ်သံက နောက်ဘက်မှ ထွက်ပေါ်လာပေသည်။

"အရှင်မင်းသား... ကျွန်တော်တို့က အင်ပါယာရဲ့ တော်ဝင်မြို့တော်ကို ရောက်နေတာပါ။ ဒီမှာ ဒီလောက်အထိ ရဲရဲတင်းတင်း မလုပ်သင့်ပါဘူး။ ကျွန်တော်တို့က မြို့သူမြို့သားတွေကို ပြန်ပြောတယ်ဆိုတာ ဧကရာဇ်မင်း သိသွားရင် ကျွန်တော်တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် မကောင်းဖြစ်ပါလိမ့်မယ်" အခြားသော အမျိုးသမီး အသံတစ်သံကလည်း ထွက်ပေါ်လာပြန်သည်။

လုံချန်း နောက်သို့ လှည့်ကြည့်လိုက်သောအခါ အဖိုးတန် ဝတ်စုံများကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရ၏။ ထိုအမျိုးသား၏ ဘေးတွင်လည်း အစောင့်အချို့ ဝန်းရံထားပေသည်။

အမျိုးသမီးမှာ အသက် ၂၀ ကျော်ခန့် ရှိပုံရပြီး အမျိုးသားမှာမူ အသက် ၃၀ နီးပါး ရှိပုံရ၏။ သူတို့နှစ်ဦးလုံးမှာ ငွေရောင်ဆံပင်များ ရှိကြသဖြင့် ဆွေမျိုးများဟု ထင်ရသော်လည်း အမျိုးသမီး ပြောဆိုပုံမှာ ဆွေမျိုးနှင့် မတူချေ။

ကြည့်ရသည်မှာ ထိုလူမှာ တော်ဝင်မျိုးနွယ် တစ်ဦးဖြစ်ကာ အမျိုးသမီးမှာမူ သူ့ကို စောင့်ရှောက်ပေးရသူ သို့မဟုတ် သူ့ထံတွင် အလုပ်လုပ်ပေးရသူနှင့် ပိုတူနေပေသည်။

"ဟွန့်... သူက ငါ့ကို အရင်ဝင်တိုက်တာလေ။ ကောင်းပြီ... ငါ ဘာမှ မပြောတော့ဘူး" ထိုလူငယ်က စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်၏။

အမျိုးသမီးမှာမူ ပို၍ ပါးနပ်သူ ဖြစ်ပေသည်။ သူတို့မှာ သူစိမ်းများ ဖြစ်ကြသဖြင့် ဤနေရာတွင် အကြောင်းမဲ့ ရုတ်ရုတ်သဲသဲ မဖြစ်လိုချေ။ လုံချန်း၏ လက်ထဲမှ တစ်စုံတစ်ခု ပြုတ်ကျသွားသည်ကို သူမ သတိထားမိလိုက်၏။ ထို့ကြောင့် တောင်းပန်သည့် အမူအရာဖြင့် လုံချန်း၏ တံဆိပ်ကို ကောက်ပေးရန် ရှေ့သို့ တိုးလာခဲ့သည်။

လုံချန်း၏ တံဆိပ်မှာ မှောက်လျက် ကျနေသဖြင့် သူမသည် ပုံစံကို မမြင်ရသေးချေ။ သူမသည် တံဆိပ်ကို ကောက်ယူကာ ပြန်လှန်ကြည့်လိုက်သည့် အခါမှာတော့ မှင်တက်သွားတော့သည်။

"ဝူရှေးနိုင်ငံရဲ့ မင်းသားလား" သူမက တံဆိပ်ပေါ်ရှိ ပုံစံကို ကြည့်ကာ အံ့သြတကြီး ရေရွတ်လိုက်၏။

သူမသည် လုံချန်းကို သံသယဖြင့် စိုက်ကြည့်နေပေသည်။

'သူက ဝူရှေးနိုင်ငံက လူလား။ ဒါမှမဟုတ် ဝူရှေးမင်းသား အစစ်နဲ့ တွေ့ဖူးတဲ့သူလား။ တကယ်လို့ သူသာ မင်းသားအစစ်ကို မြင်ဖူးတယ်ဆိုရင်တော့ ငါ့အလှည့် ရောက်ပြီပဲ' လုံချန်းက မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိ၏။

"ဟမ်... သူက ဝူရှေးနိုင်ငံရဲ့ မင်းသား ဟုတ်လား။ အဲဒါ ဘာဖြစ်လဲ။ ဝူရှေးဆိုတာ ငါတို့နိုင်ငံထက်စာရင် အားနည်းတဲ့ နိုင်ငံလေးပဲလေ။ မင်းက ဘာလို့ ဒီလောက်တောင် အံ့သြနေရတာလဲ" ငွေရောင်ဆံပင်နှင့် လူက အမျိုးသမီး အံ့သြနေသည်ကို မြင်သောအခါ သရော်လိုက်၏။

"ဘာမှမဟုတ်ပါဘူး။ ဝူရှေးမင်းသားကို ဒီမှာ တွေ့လိုက်ရလို့ အံ့သြသွားတာပါ။ ဝူရှေးနိုင်ငံဆိုတာ ကျွန်မတို့နိုင်ငံထက်တောင် ဒီနေရာနဲ့ ပိုဝေးသေးတာကိုး" ဟအမျိုးသမီးက ခေါင်းယမ်းရင်း တိုးတိုးလေး ဆိုလိုက်သည်။ သူမသည် တံဆိပ်ကို လုံချန်းထံသို့ ပြန်ပေးလိုက်၏။ "ရော့... ဒါ ရှင့်တံဆိပ်ပဲ"

'ဪ... သူတို့ကလည်း တခြားနိုင်ငံက လာကြတာကိုး။ ဒါကြောင့် သူ ဒီလောက် အံ့သြသွားတာပေါ့။ တော်သေးတာပေါ့' လုံချန်းက သူ၏ လျှို့ဝှက်ချက် မပေါက်ကြားသေးမှန်း သိလိုက်ရသဖြင့် သက်ပြင်းချနိုင်တော့သည်။ သူသည် တံဆိပ်ကို ပြန်ယူကာ သူ၏ ရှေးဟောင်းလက်စွပ် အတွင်းသို့ ပြန်ထည့်လိုက်၏။

ယခုမှပင် သူတို့မှာ သူ့ကို မသိကြမှန်း သေချာသွားသဖြင့် လုံချန်းသည် မိမိ၏ ဂုဏ်သိက္ခာအား ထိန်းသိမ်းသောအားဖြင့် ပြန်လည် တုံ့ပြန်လိုက်တော့သည်။

"သူက ဒီအင်ပါယာရဲ့ နိုင်ငံသားတောင် မဟုတ်ဘူး၊ နုံချာတဲ့ နိုင်ငံလေး တစ်နိုင်ငံရဲ့ မင်းသားပဲဟာ။ သူ့အတွက် အချိန်ဖြုန်းနေစရာ မလိုပါဘူး။ သူ ငါ့ကို ဝင်တိုက်တာကိုတောင် မင်းက မေ့ပစ်ခိုင်းနေသေးတယ်။ တကယ်ဆို သူက ငါ့ကို ပြန်တောင်းပန်ရမှာ" ငွေရောင်ဆံပင်နှင့် လူက အမျိုးသမီးကို ပြောလိုက်၏။

"နုံချာတဲ့ မင်းသား ဟုတ်လား။ မင်းကရော ဘာမို့လို့ ဒီအင်ပါယာရဲ့ နိုင်ငံသားတစ်ယောက်လို စကားပြောနေရတာလဲ။ မင်းကလည်း နုံချာတဲ့ နိုင်ငံတစ်နိုင်ငံက မင်းသားတစ်ပါးပဲ မဟုတ်ဘူးလား" လုံချန်းက ပြန်လည် တုံ့ပြန်လိုက်သည်။ "မင်း ဘယ်နိုင်ငံကလဲဆိုတာ ပြောစမ်းပါဦး"

"မင်း ဘယ်ကလဲဆိုတာ ငါကို့ ပြောစမ်း" သူက ဆက်ပြောလိုက်၏။

သူတို့နှစ်ဦး၏ စကားများအရ သူတို့မှာလည်း နိုင်ငံတစ်နိုင်ငံမှ ဖြစ်ကြောင်း သူ သိလိုက်ရပြီ ဖြစ်ရာ မည်သည့်နိုင်ငံ ဖြစ်မည်ကို သူ သိချင်နေပေသည်။

"ဟွန့်... ငါပြောလိုက်ရင် မင်း ကြောက်ပြီး ဘောင်းဘီထဲ သေးထွက်မသွားစေနဲ့ဦး။ ငါတို့က ကောင်းကင် တောင်တန်း နိုင်ငံက လာတာ။ ငါက အိမ်ရှေ့စံမင်းသား လူလီပဲ။ ကဲ... မင်းရဲ့ မရိုမသေ ပြုမှုအတွက် ငါ့ကို အခုချက်ချင်း တောင်းပန်စမ်း" ငွေရောင်ဆံပင်နှင့် လူက ဆိုလိုက်၏။

"ကောင်းကင်တောင်တန်း နိုင်ငံ ဟုတ်လား..." လုံချန်းက မျက်လုံးမှိတ်ကာ သူမြင်ဖူးခဲ့သမျှ မြေပုံထဲမှ နေရာတစ်ခုကို ပြန်လည် မြင်ယောင်ကြည့်လိုက်သည်။

'တကယ်ပဲ ကောင်းကင်တောင်တန်း နိုင်ငံဆိုတာ ရှိတာပဲ။ ဝူရှေးနိုင်ငံနဲ့ တော်တော်လေး ဝေးပြီး၊ အဲဒီထက်လည်း နည်းနည်း ပိုကြီးပုံရတယ်' သူက တွေးလိုက်၏။

"ကောင်းပြီလေ... ပျော်ပျော်ရွှင်ရွှင်သာ နေခဲ့ကြပါဦး" ထိုသို့ ဆိုကာ သူသည် မင်လန်၏ လက်ကို ဆွဲ၍ ထိုနေရာမှ လှည့်ထွက်လာခဲ့တော့သည်။ ကောင်းကင်တောင်တန်း နိုင်ငံက သူ့ကို သိစရာ အကြောင်းမရှိသဖြင့် သူ ဂရုစိုက်နေစရာ မလိုတော့ပါချေ။

"ဟေ့... မင်း ဘယ်သွားမလို့လဲ" မင်းသားလူလီက အော်ဟစ်ခေါ်လိုက်သော်လည်း ငွေရောင်ဆံပင်နှင့် အမျိုးသမီးက သူ့ကို တားဆီးလိုက်၏။

"အရှင်မင်းသား... လမ်းလျှောက်တာ ရှေ့မကြည့်တာက အရှင့်ရဲ့ အမှားပဲလေ။ အင်ပါယာထဲမှာ ရုတ်ရုတ်သဲသဲတွေ မဖြစ်အောင် သွားကြရအောင်ပါ" ငွေရောင်ဆံပင်နှင့် အမျိုးသမီးက ဆိုလိုက်လေသည်။

အခန်း (၈၈၂) သူတို့ မရှိတော့ဘူး

"ကျွန်မတို့ ဒီမှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင် မလုပ်သင့်ဘူး။ ကျွန်မတို့ ထွက်မလာခင်က မင်းကြီး ဘာမိန့်မှာလိုက်သလဲဆိုတာ မင်းသားလေး မှတ်မိတယ် မဟုတ်လား။ ကျေးဇူးပြုပြီး ပြဿနာ မရှာပါနဲ့" ငွေရောင်ဆံပင်နှင့် အမျိုးသမီး ဖေးက မင်းသားကို ပြောလိုက်၏။

"ဖေး... မင်းကတော့ အမြဲတမ်း ငါ့ဘက်က မပါဘူး။ ကောင်းပြီလေ... ဒီတစ်ခါတော့ သူ့ကို ငါ ခွင့်လွှတ်လိုက်မယ်။ ဒါပေမဲ့ နောက်တစ်ခါ ငါ့ကို ထပ်တိုက်မိရင်တော့ ငါ လုံးဝ ခွင့်မလွှတ်ဘူး" မင်းသားလူလီက ဒေါသတကြီးဖြင့် နောက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"တကယ်လို့ အရှင်မင်းသားဘက်က အမှားမရှိဘဲ နောက်တစ်ခါ သူ့ကို ထပ်တွေ့လို့ ပြဿနာဖြစ်ရင်တော့ ကျွန်မ မတားတော့ပါဘူး" အမျိုးသမီး ဖေးက မင်းသားလူလီ၏ နောက်သို့ လိုက်ရင်း လှမ်းပြောလိုက်၏။ သူတို့နှစ်ဦးမှာ လုံချန်းတို့နှင့် ဆန့်ကျင်ဘက် အရပ်သို့ လျှောက်သွားကြတော့သည်။

လုံချန်းသည် ဧရာမ မြို့တော်ကြီးအတွင်း လျှောက်လှမ်းနေသော်လည်း အခက်အခဲနှင့် စတင် ရင်ဆိုင်နေရပြီ ဖြစ်၏။

သူသည် မြင့်မားလှသော အဆောက်အဦးများနှင့် မျှော်စင်ကြီးများကို မြင်တွေ့နေရသော်လည်း တော်ဝင်နန်းတော်ကြီးကိုမူ ရှာမတွေ့သေးချေ။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် တစ်စုံတစ်ယောက်ကို ရပ်၍ မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

သူသည် ဆိုင်တစ်ဆိုင်အတွင်းမှ ထွက်လာသော လူတစ်ယောက်ထံသို့ လျှောက်သွားလိုက်၏။ ထိုလူမှာ ကောင်းကင် အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သဖြင့် လုံချန်းနှင့် ယှဉ်လျှင် များစွာ အားနည်းသူ ဖြစ်ပေသည်။

လုံချန်းသည် ထိုလူ၏ အနားတွင် ရပ်လိုက်ပြီး မေးလိုက်သည်။ "တော်ဝင်နန်းတော်က ဘယ်ဘက်မှာလဲဆိုတာ ခင်ဗျား ပြောပြနိုင်မလား"

"တော်ဝင်နန်းတော်လား။ မြို့ရဲ့ မြောက်ဘက်အကျဆုံး နေရာမှာ ရှိပါတယ်။ အဲဒီကို သွားရင် တွေ့ပါလိမ့်မယ်" ထိုလူက မည်သည်မျှ ပြန်လည် မမေးမြန်းဘဲ ဖြေလိုက်သည်။

ဖြေပြီးသည်နှင့် သူသည် ထွက်ခွာသွားတော့၏။

'စိတ်ဝင်စားစရာပဲ။ တခြားနေရာမှာသာဆိုရင် ငါ ဘာလို့ အဲဒီကို သွားချင်ရတာလဲဆိုပြီး လူတွေက ဝိုင်းမေးနေကြမှာ။ စစ်မက်ဖြစ်ပွားနေတဲ့ အခြေအနေမျိုးမှာဆိုရင် ပိုပြီးတော့တောင် သံသယဝင်ကြဦးမယ်။ ဒါက ဘာတွေ ဖြစ်နေတာလဲ။ ဒီလူတွေက တကယ့်ကို အေးအေးဆေးဆေးနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေကြတာပဲ။ သူတို့တစ်တွေ စစ်ဆိုတာကိုရော မြင်ဖူးကြရဲ့လား' လုံချန်းက မျက်မှောင်ကြုတ်ရင်း တွေးနေမိသည်။

သူသည် ခြေလှမ်း နှစ်လှမ်းခန့်သာ လှမ်းရသေးသော ထိုလူ၏ နောက်သို့ ပြန်လည် ပြေးသွားလိုက်၏။

"အခု ဘာလိုချင်ပြန်ပြီလဲ" ထိုလူက လုံချန်းက သူ့ကို ခဏခဏ နှောင့်ယှက်နေသည်ဟု ထင်ကာ စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်။

"နောက်တစ်ခုလောက် မေးချင်လို့ပါ။ ခင်ဗျား ချန်တီ အင်ပါယာအကြောင်း သိလား။ သူတို့တွေ ကြယ်တာရာ အင်ပါယာကို လာမတိုက်ကြဘူးလား။ သုံးလောက အင်ပါယာကရော ဒီပဋိပက္ခမှာ ဘာတွေ လုပ်နေလဲ။ ကြည့်ရတာ အခြေအနေတွေက သိပ်ပြီး မပြင်းထန်သလိုပဲနော်။ ပဋိပက္ခက ပြေလည်သွားပြီလား" လုံချန်းက စူးစမ်းလိုက်၏။

"ပဋိပက္ခ ဟုတ်လား။ ချန်တီအင်ပါယာ ဟုတ်လား။ သုံးလောက အင်ပါယာ ဟုတ်လား။ မင်း ဘာတွေ ပြောနေတာလဲ။ သုံးလောကနဲ့ ချန်တီ အင်ပါယာတွေဆိုတာ မရှိတော့တာ ကြာလှပြီ။ မင်းက အခြေခံ သမိုင်းကြောင်းတွေကိုတောင် မသိဘူးလား။ အဲဒီအင်ပါယာတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာကတည်းက အပြတ်အသတ် ချေမှုန်းခံလိုက်ရတာလေ။ ဒီတိုက်ကြီးမှာ ရှိတဲ့ တစ်ခုတည်းသော အင်ပါယာက ကြယ်တာရာအင်ပါယာပဲ။ ငါတို့က ဘာလို့ ပဋိပက္ခတွေအတွက် စိုးရိမ်နေရမှာလဲ" ထိုလူက ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။

"မင်းက ဘယ်တောဘယ်တောင်က ဆင်းလာတာလဲ" သူက ဆိုသည်။ လုံချန်းအား လောကကြီးနှင့် အဆက်အသွယ် ပြတ်နေသည့် ရွာငယ်လေးတစ်ရွာမှ လာသူဟု သူ ထင်မှတ်သွားခြင်း ဖြစ်၏။

"သူတို့က လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာကတည်းက ဒီတိုက်ကြီးကနေ ပျောက်ကွယ်သွားခဲ့တာ သေချာလား" လုံချန်းက သေချာအောင် ထပ်မေးလိုက်သည်။

"သေချာတာပေါ့။ စာကြည့်တိုက် တစ်ခုခုကို သွားပြီး မင်းဘာသာမင်း ဖတ်ကြည့်လိုက်ပါ။ အတိတ်မှာပဲ နစ်မွန်းမနေပါနဲ့ ညီလေးရာ" ထိုသို့ ဆိုကာ ထိုလူမှာ လုံချန်းကို မှင်တက်လျက် ထားရစ်ခဲ့ပြီး ထွက်ခွာသွားတော့သည်။

"အင်ပါယာ နှစ်ခုလုံးက ပျောက်ကွယ်သွားပြီ ဟုတ်လား။ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကြယ်တာရာကပဲ တစ်ခုတည်းသော ကျန်ရစ်တဲ့ အင်ပါယာ ဖြစ်နေတာလား" မင်လန်က ဖြစ်ပျက်နေသည်များကို နားမလည်နိုင်စွာဖြင့် လုံချန်းအား မေးလိုက်၏။

"မင်ယု ပြောတုန်းကတော့ အဲဒီ အင်ပါယာ နှစ်ခုက ကြယ်တာရာနိုင်ငံနဲ့ စစ်ဖြစ်နေနိုင်တယ် ဆိုတာ မဟုတ်လား။ အခုကျတော့ ဘယ်လိုဖြစ်ပြီး သူတို့က မရှိတော့တာလဲ" သူမက ဆက်ပြောသည်။

"ဖြစ်နိုင်တာက အဲဒီလူက ငါတို့ကို လိမ်နေတာလည်း ဖြစ်နိုင်ပါတယ်။ တခြားတစ်ယောက်ကို ထပ်မေးကြည့်ရအောင်" လုံချန်းက သူကိုယ်တိုင် ကြားလိုက်ရသည့် စကားကို မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။

သူသည် ဆိုင်တစ်ဆိုင်အတွင်းမှ ထွက်လာသော အမျိုးသမီးတစ်ဦးထံသို့ လျှောက်သွားလိုက်သည်။

ထိုအမျိုးသမီး၏ လက်ထဲတွင် သူမ ယခုလေးတင် ဝယ်ယူလာခဲ့သည့် အဝတ်အထည်များ ထည့်ထားသော အိတ်အချို့ ပါရှိပေသည်။

"ခွင့်ပြုပါဦးခင်ဗျာ။ ခင်ဗျားရဲ့ အချိန်လေး ခဏလောက် ပေးလို့ ရမလား" လုံချန်းက ယဉ်ကျေးစွာ မေးလိုက်၏။

"ဘာကိစ္စလဲ။ ကျွန်မမှာ အချိန် သိပ်မရှိဘူး" အမျိုးသမီးက လမ်းဆက်လျှောက်ရင်း ပြောလိုက်သည်။ "တစ်ခုခု မေးချင်ရင် ကျွန်မနဲ့အတူ လိုက်လျှောက်ရင်း မေးပါ"

လုံချန်းနှင့် မင်လန်တို့သည် သူမနှင့်အတူ ဘေးချင်းယှဉ်ကာ လျှောက်လှမ်းလိုက်ကြ၏။

"သုံးလောကနဲ့ ချန်တီအင်ပါယာတွေ ပျောက်ကွယ်သွားခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ သိချင်လို့ပါ" လုံချန်းက ဆိုလိုက်သည်။

"အဲဒါလား။ ကျွန်မက သမိုင်းပညာရှင်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ နှစ်ပေါင်း နှစ်ရာထက်မနည်းတော့တာ သေချာပါတယ်။ ရှင်က ဒါကို မသိဘူးလား။ ဒါက ဒီတိုက်ကြီးရဲ့ သမိုင်းမှာ ကလေးတွေတောင် သိတဲ့အရာပဲလေ။ အဲဒီတုန်းက အဖြစ်အပျက်က ဒီတိုက်ကြီးရဲ့ အခြေအနေ တစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့တာ မဟုတ်လား။ အဲဒီနောက်မှာ ကြယ်တာရာအင်ပါယာက ဒီတိုက်ကြီးရဲ့ စစ်မှန်တဲ့ အရှင်သခင် ဖြစ်လာခဲ့တာပေါ့" အမျိုးသမီးက ရှင်းပြလေသည်။

သူမ၏ အတည်ပြုချက်ကို ကြားလိုက်ရသောအခါ လုံချန်းသည် ရှေ့က လူမှာ လိမ်ညာနေခြင်း မဟုတ်ကြောင်း သေချာသွားတော့သည်။

"ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ထိုသို့ ဆိုကာ သူသည် ထိုအမျိုးသမီးနောက်သို့ လိုက်ပါခြင်းကို ရပ်တန့်လိုက်၏။

သူသည် မင်လန်နှင့်အတူ လမ်းလျှောက်ရင်း ထွက်ခွာလာခဲ့သည်။

"ဒါက အမှန်တရား ဖြစ်နေပြီ။ ဒါဆို မင်ယုကရော ဘယ်လို ဖြစ်တာလဲ" မင်လန်က ထောက်ပြလိုက်၏။

လုံချန်းက ပြန်လည် မဖြေကြားသေးဘဲ အခြေအနေကို နားလည်နိုင်ရန် အလေးအနက် တွေးတောနေမိသည်။

ကြာမြင့်စွာ တွေးတောပြီးနောက်တွင်မှ သူသည် နားလည်မှု တစ်စုံတစ်ရာ ရရှိသွားဟန်ဖြင့် နှုတ်ခမ်းကို ဖွင့်ဟကာ ပြန်ဖြေလိုက်၏။ "ငါ နားလည်သလောက်ဆိုရင် ဒါက ဖြစ်နိုင်ခြေ လေးခု ရှိနေတယ်။ ဒီလေးခုကပဲ ငါ စဉ်းစားလို့ရတဲ့ တစ်ခုတည်းသော ဖြစ်နိုင်ခြေတွေပဲ"

"အဲဒါတွေက ဘာတွေလဲ" မင်လန်က စူးစမ်းစွာ မေးလိုက်သည်။

"ပထမဆုံး ဖြစ်နိုင်ခြေကတော့ မင်ယုရဲ့ မှတ်ဉာဏ်တွေက ရှုပ်ထွေးကုန်တာပဲ။ သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာဆိုတော့ သူ့ရဲ့ ဦးနှောက်က တစ်ခုခု ချို့ယွင်းသွားတာ ဖြစ်နိုင်တယ်။ သူက သူ့ရဲ့ အင်ပါယာဟာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ရန်သူတွေကြောင့် အန္တရာယ်ဖြစ်နေတယ်လို့ ထင်နေတာ။ ဖြစ်နိုင်တာက သူ ဒဏ်ရာရပြီး ဒီကို ရောက်မလာခင်မှာ သမိုင်းစာအုပ် တစ်အုပ်ကို ဖတ်နေခဲ့တာမျိုးပေါ့။ ဒါက ဖြစ်နိုင်ခြေ နည်းပေမဲ့လည်း မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး" လုံချန်းက ရှင်းပြလိုက်၏။

စကားပြောနေရင်းမှာပင် သူတို့သည် တော်ဝင်နန်းတော် တည်ရှိရာ မြို့မြောက်ဘက်ဆီသို့ ဆက်လက် လျှောက်လှမ်းနေကြဆဲ ဖြစ်ပေသည်။

"ဒုတိယ ဖြစ်နိုင်ခြေကတော့ ပိုပြီးတော့တောင် ထူးဆန်းနေသေးတယ်" သူက ဆက်ပြောသည်။

"ဒုတိယ ဖြစ်နိုင်ခြေက ဘာလဲ" မင်လန်က မေးလိုက်၏။

"ကြယ်တာရာအင်ပါယာ တည်ရှိတဲ့ နောက်ထပ် တိုက်ကြီးတစ်ခု ရှိနေတာမျိုးပေါ့။ အဲဒီတိုက်ကြီးက ဒီတိုက်ကြီးနဲ့ ပုံသဏ္ဌာန်ရော၊ တည်နေရာရော၊ နိုင်ငံတွေရော အကုန်တူနေတာ။ ကွဲပြားတာ တစ်ခုကတော့ အဲဒီမှာ တခြားအင်ပါယာတွေက ပျောက်ကွယ်မသွားသေးဘဲ၊ မင်ယုက အဲဒီနေရာက လာတာမျိုးပေါ့" လုံချန်းက ရှင်းပြလိုက်၏။

"ဒါဆိုရင် ငါတို့က တိုက်ကြီး မှားရောက်နေတာလား" မင်လန်က မှင်တက်သွားကာ မေးလိုက်သည်။

"မဟုတ်ဘူး။ ငါ တိုက်ကြီးအားလုံးရဲ့ မြေပုံတွေကို ကြည့်ပြီးပြီ။ ကြယ်တာရာ အင်ပါယာဆိုတာ ဒီတိုက်ကြီးမှာပဲ ရှိတာ။ တကယ်လို့ ဒုတိယ ဖြစ်နိုင်ခြေသာ အမှန်ဆိုရင် ငါတို့က တိုက်ကြီး မှားနေတာ မဟုတ်ဘူး။ ငါတို့က လောကတစ်ခုလုံးကို မှားရောက်နေတာပဲ" လုံချန်းက ဆိုလိုက်၏။ ဤဖြစ်နိုင်ခြေကို တွေးလိုက်ရုံနှင့် သူ၏ ဦးနှောက်ပင် နာကျင်လာရပေသည်။

"ဒုတိယ ဖြစ်နိုင်ခြေသာ အမှန်ဆိုရင်တော့ ဒါက တကယ်ကို ဆိုးရွားလိမ့်မယ်" သူက တိုးတိုးလေး ဆိုလိုက်၏။

"အဲဒါက တိုက်ဆိုင်မှုလွန်းရာ မကျဘူးလား။ တူညီတဲ့ အင်ပါယာတွေ ရှိနေတဲ့ လောကတစ်ခု ဆိုတာလေ" မင်လန်က မေးလိုက်သည်။

"သိပ်တော့ မထူးဆန်းပါဘူး။ ဒီစကြဝဠာထဲမှာ လူသားလောကပေါင်း ထောင်ချီပြီး ရှိနေတာပဲလေ။ အဲဒီလို ဖြစ်နေတာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး" သူက ပြန်ဖြေလိုက်၏။ "ဒါပေမဲ့ ဒါက တကယ်ကို စိတ်ပျက်စရာ ကောင်းလိမ့်မယ်။ မင်ယုက သူ့အိမ်ကို ပြန်ရတော့မယ်ဆိုပြီး အများကြီး မျှော်လင့်နေတာလေ။ သူ့ရဲ့ မျှော်လင့်ချက်တွေ အကုန် ရိုက်ချိုးခံလိုက်ရသလို ဖြစ်သွားမှာပေါ့"

မင်လန်လည်း အခြေအနေ၏ ပြင်းထန်မှုကို နားလည်သွားပေသည်။

"ဒါဆို တတိယ ဖြစ်နိုင်ခြေကရော ဘာလဲ" သူမက မေးလိုက်လေသည်။

All Chapters