← Chapters

အခန်း (၈၈၇-၈၈၈)

Vol. 87 Ch. 887-888

အခန်း (၈၈၇-၈၈၈)

Vol. 87 Ch. 887-888

အခန်း (၈၈၇) သမိုင်းအမှန်

"ငါ ထင်ထားတဲ့အတိုင်းပါပဲ။ သမိုင်းကြောင်းက နည်းနည်းလောက် ကွဲတာကလွဲရင် ငါတွေးထားတဲ့အတိုင်း တထပ်တည်း ဖြစ်နေတာပဲ" လုံချန်းက မင်ယုနှင့် မင်လန်တို့သာ ကြားနိုင်မည့် လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

"နင် ဘာတွေ ရှာတွေ့ခဲ့လို့လဲ" မင်ယုက မေးလိုက်သည်။

လုံချန်းကို အရာရာ မေ့လျော့သွားစေလောက်အောင် ဆွဲဆောင်နိုင်ခဲ့သည့် ထိုအကြောင်းအရာမှာ မည်သို့ဖြစ်ကြောင်း သူမ သိချင်နေမိသည်။

လုံချန်းသည် မင်ယုကို ကြည့်လိုက်သော်လည်း ချက်ချင်း အဖြေမပေးသေးချေ။ သူသည် စာအုပ်ကို ပိတ်ကာ မတ်တပ်ရပ်လိုက်ပြီး ဆိုလိုက်သည်။ "သွားကြစို့။ အပြင်ရောက်မှ ငါ ပြောပြမယ်"

မိန်းကလေးများမှာလည်း ဤနေရာသည် စကားသံများကို သူတစ်ပါး ကြားသွားနိုင်သည့် နေရာဖြစ်သဖြင့် လုံချန်း၏ စိုးရိမ်မှုအား နားလည်ကာ လိုက်ပါလာခဲ့ကြ၏။

"ကျွန်တော့်ရဲ့ ဗဟုသုတတွေ တိုးပွားဖို့အတွက် ဒီစာအုပ်ကို ဖတ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ" လုံချန်းက စာကြည့်တိုက်မှူးထံ စာအုပ်ပြန်အပ်ရင်း ပြောလိုက်သည်။

ထို့နောက်တွင် သူတို့သည် အင်ပါယာ စာကြည့်တိုက်အတွင်းမှ ထွက်လာခဲ့ကြ၏။

"လန်အာ... နင်ကတော့ သူတော်စင်ဘုရင် အကြောင်းကို မသိသေးဘူး မဟုတ်လား" စာကြည့်တိုက်မှ ထွက်လာပြီးနောက် လုံချန်းက မင်လန်ကို မေးလိုက်သည်။

မင်ယုမှာမူ သူနှင့်အတူ အချိန်အတော်ကြာ နေခဲ့ဖူးသဖြင့် အချို့အချက်များကို သိထားသော်လည်း မင်လန်မှာမူ များစွာသော အကြောင်းအရာများအား မသိသေးချေ။

"သူတော်စင် ဘုရင်ဆိုတာ ဒီလောကမှာ ရှိခဲ့ဖူးသမျှ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပေါ့" လုံချန်းက မင်လန် နားလည်စေရန် စတင် ရှင်းပြလိုက်၏။ တစ်ဆက်တည်းမှာပင် မင်ယု မသိသေးသော အချက်အချို့ကိုလည်း သူက ပြောပြချင်နေပေသည်။

"ငါ အခု သုံးနေတဲ့ ဓားနက်ကြီးနဲ့အတူ တွဲသုံးတဲ့ ဓားကလည်း သူ့ရဲ့ ဓားပဲလို့ အဆိုရှိခဲ့တယ်" သူက ဆက်ပြောသည်။

"ဒဏ္ဍာရီတွေအရတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူသားနွယ်စုတွေဟာ အခု ငါတို့မြင်နေရတဲ့ သားရဲတွေနဲ့ မတူတဲ့ တခြားကမ္ဘာကလာတဲ့ သတ္တဝါတွေရဲ့ ကျွန်ပြုတာကို ခံခဲ့ရတာ။ လူသားတွေဟာ အဲဒီသတ္တဝါတွေအတွက် ကျွန်တွေလိုရော၊ အစားအစာတွေလိုရော ဖြစ်ခဲ့ရတာပေါ့။ ဒါဟာ သူတော်စင်ဘုရင် ပေါ်မလာခင်အထိပဲ" သူက လူသူရှင်းသော လမ်းမထက်တွင် လျှောက်လှမ်းရင်း ပြောပြနေ၏။

"အဲဒီခေတ်က လူသားတွေဟာ ကျင့်ကြံခြင်းအကြောင်း သိကြပေမဲ့ သိပ်ပြီးတော့ မကျွမ်းကျင်ကြဘူး။ သူတို့ရဲ့ သခင်တွေက လူသားတွေကို ခိုင်းစေလို့ ကောင်းအောင် သန်မာကျန်းမာစေချင်ရုံပဲ ရှိတာမို့ အခြေခံ ခန္ဓာကိုယ်ကျင့်စဉ် အချို့ကိုပဲ သင်ပေးထားခဲ့တာ။ သူတို့အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်လောက်တဲ့ အထိတော့ သန်မာခွင့် မပေးခဲ့ကြဘူး"

"ဒါပေမဲ့ သူတော်စင်ဘုရင် ရှန်းဝူ ပေါ်လာတဲ့နေ့မှာတော့ အရာရာ ပြောင်းလဲသွားခဲ့တယ်။ သူဟာ ခန္ဓာကိုယ်ကျင့်စဉ် အခြေခံလေးပဲ သင်ယူခဲ့ရတဲ့ သာမန်ကောင်လေးတစ်ယောက် ဖြစ်ပေမဲ့ သူက တကယ့်ကို ပါရမီရှင်တစ်ယောက် ဖြစ်နေတာ။ သူဟာ ကျင့်စဉ်တွေရဲ့ သဘောတရား အလုံးစုံကို နားလည်နိုင်စွမ်း ရှိခဲ့တယ်။ သူဟာ မြင်သမျှ ကျင့်စဉ်တွေကို အကုန်နားလည်နိုင်တဲ့ ထူးခြားသူတစ်ယောက်လို့ ပြောကြတယ်"

"သူဟာ အဆင့်နိမ့် ကျင့်စဉ်တွေကိုပဲ အခြေခံပြီး ပိုပြီးတော့ အစွမ်းထက်တဲ့ ကျင့်စဉ်တွေ ဖြစ်လာအောင် ဖန်တီးခဲ့တယ်။ အဲဒီကနေတစ်ဆင့် သူဟာလည်း ပိုပြီး သန်မာလာခဲ့သလို တခြား လူသားတွေကိုလည်း အဲဒီကျင့်စဉ်တွေ မျှဝေပေးခဲ့တယ်"

"နောက်ဆုံးမှာတော့ သူ့ရဲ့ ဦးဆောင်မှုနဲ့အတူ တော်လှန်ရေးကြီး ဖြစ်ပွားခဲ့တယ်။ အဲဒီတော်လှန်ရေးမှာ လူသားတွေဟာ သူတို့ရဲ့ ကမ္ဘာကို အဲဒီမိစ္ဆာသတ္တဝါတွေ လက်ထဲကနေ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြပြီး ကမ္ဘာမြေရဲ့ အရှင်သခင်တွေ ဖြစ်လာခဲ့ကြတာပေါ့။ လူသားတွေကို ကျွန်ပြုခဲ့တဲ့ သားရဲတွေဟာလည်း အားနည်းတဲ့ သားရဲအချို့ကိုပဲ ချန်ထားခဲ့ပြီး ထွက်ပြေးသွားကြရတော့တယ်။ အဲဒါကြောင့်လည်း အခုခေတ်မှာ အဆင့်မြင့် သွေးမျိုးဆက်ရှိတဲ့ သားရဲတွေကို မတွေ့ရတော့တာပေါ့"

လုံချန်းသည် သူ ငယ်စဉ်က ဇာတိမြေမှာ ဖတ်ခဲ့ရဖူးသည့် သမိုင်းအကျဉ်းကို ပြန်လည် ဖောက်သည်ချလိုက်၏။

"အံ့သြစရာပါပဲ။ ဒါဆိုရင် သူက နင်တို့အတွက်တော့ တကယ့် ကယ်တင်ရှင်ကြီးပေါ့" မင်လန်က အံ့သြတုန်လှုပ်စွာဖြင့် ဆိုလိုက်သည်။ လုံချန်း ရှင်းပြပုံအရဆိုလျှင် သူတော်စင်ဘုရင်မှာ တကယ့်ကို မွန်မြတ်လှသည့် ပုဂ္ဂိုလ်တစ်ဦး မဟုတ်လော။

"အင်း... သူဟာ လူသားနွယ်စုရဲ့ ကယ်တင်ရှင်ပဲ။ အနည်းဆုံးတော့ ငါတို့က အဲဒီလိုပဲ ထင်ခဲ့ကြတာ..." လုံချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်၏။

"ငါ ဒီတိုက်ကြီးကို ရောက်လာတဲ့အခါမှာတော့ လူတွေက သူ့ကို သူတော်စင် သတ်ဖြတ်သူလို့ ခေါ်ကြပြီး လူသားတွေရဲ့ ရန်သူကြီးတစ်ယောက်လို ပြောနေကြတာကို ကြားခဲ့ရတယ်။ အဲဒါက ငါ့အတွက် အတော်လေး ဇဝေဇဝါ ဖြစ်စေခဲ့တာ။ ဒီတိုက်ကြီးက လူတွေက သူ့ကို အရမ်းမုန်းကြတာပဲ။ တိုက်ကြီး နှစ်ခုကြားက သမိုင်းကြောင်းတွေ ဒီလောက်တောင် ကွဲပြားနေတာက တကယ့်ကို စိတ်ဝင်စားစရာပဲ" သူက ဆက်ပြောသည်။

"အခုတော့ နင် အဲဒီအကြောင်းရင်းကို ရှာတွေ့သွားပြီလား။ အဲဒါကြောင့် စာကြည့်တိုက်ကို သွားခဲ့တာလား" မင်လန်က လုံချန်းကို မေးလိုက်၏။

"ဟုတ်တယ်။ သူ့ဆီက တခြား ပစ္စည်းတစ်ခုကိုပါ ငါ တွေ့လိုက်ရတဲ့အခါမှာတော့ အချို့အချက်တွေကို ငါ သတိထားမိသွားတယ်။ ကမ္ဘာတွေကြားက ဆက်သွယ်ထားတဲ့ ဝင်ပေါက်တွေကလည်း ဒီအချက်ကို ပိုပြီး ထင်ရှားစေခဲ့တာပေါ့။ ဒါပေမဲ့ ဒီကမ္ဘာရဲ့ သမိုင်းစာအုပ်တွေကို ဖတ်ပြီး အတည်ပြုဖို့တော့ လိုအပ်ခဲ့တယ်" လုံချန်းက ပြန်ဖြေလိုက်၏။

"ဒါဆိုရင် တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ။ ဘာလို့ သမိုင်းကြောင်းတွေက နှစ်မျိုးကွဲနေရတာလဲ" မင်ယုက မေးလိုက်သည်။

"ဒီတိုက်ကြီးနဲ့ တခြားကမ္ဘာတစ်ခုကို ဆက်သွယ်ထားတဲ့ ဝင်ပေါက်တွေ ရှိတယ်လို့ ငါပြောရင် နင်တို့ ဘာကို တွေးမိသလဲ" လုံချန်းက ပြန်မေးလိုက်၏။

"အဲဒီဝင်ပေါက်တွေဟာ လူတွေကို ဒီနေရာကနေ တခြားကမ္ဘာကို သွားဖို့ ကူညီပေးသလိုပဲ၊ တခြားကမ္ဘာက လူတွေ ဒီကိုလာဖို့လည်း ကူညီပေးတာပေါ့" လုံချန်းက ဆက်ပြောသည်။

"ပြီးတော့ ဒီကမ္ဘာက လူတွေက ဘာလို့ သူတော်စင်ဘုရင်ဟာ သူတို့ရဲ့ လူတွေကို သတ်ဖြတ်ပြီး ထိတ်လန့်စရာတွေ ဖြစ်စေခဲ့တယ်လို့ ပြောကြတာလဲ။ အဖြေကတော့ သူ တကယ်ပဲ သတ်ခဲ့လို့ပါပဲ။ ဒီအချက်က နောက်ထပ် မေးခွန်းတစ်ခုကိုလည်း အဖြေပေးလိုက်တာပဲ။ သူဟာ သူ့ရဲ့ ဇာတိမြေက လူတွေကို နှိပ်စက်တဲ့ သားရဲတွေကို ဆန့်ကျင်တိုက်ခိုက်နေတာပဲ ဖြစ်ပါလျက်နဲ့ ဘာကြောင့် ဒီဘက်က လူတွေကိုရော တိုက်ခိုက်ခဲ့တာလဲ" သူက မိန်းကလေးများကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"ဒီကမ္ဘာက လူတွေနဲ့ အဲဒီသားရဲတွေက ပူးပေါင်းနေခဲ့ကြလို့လား" မင်ယုက ခန့်မှန်းလိုက်၏။

"အတိအကျပါပဲ။ ငါ တွေးထားတာလည်း အဲဒါပဲ။ ဒီကမ္ဘာရဲ့ သမိုင်းကြောင်းကလည်း အဲဒါကို အတည်ပြုပေးနေတယ်" လုံချန်းက ခေါင်းညိတ်ကာ ဆိုလိုက်သည်။

"ငါ ဖတ်ခဲ့ရသလောက်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီကမ္ဘာဟာ တခြားကမ္ဘာတစ်ခုနဲ့ ပထမဆုံး နေရာပြောင်း ဝင်ပေါက်ကို တည်ဆောက်ခဲ့တယ်။ အဲဒီကမ္ဘာက လူသားတွေရဲ့ ရုပ်သွင်ဟာ ဒီကမ္ဘာက လူသားတွေနဲ့ မတူဘူး။ လူသားလို့တောင် ခေါ်လို့မရဘူး။ သူတို့ဟာ လူသားအသွင် ဆောင်နိုင်တဲ့ သားရဲမျိုးနွယ်တွေပဲ ဖြစ်ရမယ်"

"အဲဒီ သားရဲမျိုးနွယ်တွေဟာ လူသားအသွင် ဆောင်နေရင်တောင် သူတို့ရဲ့ မူလ သားရဲလက္ခဏာတွေက ထင်ရှားနေသေးလို့ အမြင်ချင်း မတူကြဘူး"

လုံချန်းက ဆက်လက် ရှင်းပြနေ၏။ သူသည် လမ်းဘေးမှ လူတစ်ဦးတစ်ယောက် ဖြတ်လျှောက်သွားတိုင်း သူ၏ စကားကို အခြားသူများ မကြားစေရန် ခဏခဏ ရပ်နားခဲ့ရသေးသည်။

"အဲဒီ သားရဲမျိုးနွယ်တွေဟာ ဒီတိုက်ကြီးရဲ့ သူငယ်ချင်းတွေ ဖြစ်လာကြတယ်လို့ ဆိုတယ်။ ဧကရာဇ်မင်းမြတ်ကလည်း ဒီခင်မင်မှုကို သဘောကျလွန်းလို့ သူတို့အတွက် လူသူမရှိတဲ့ စွန့်ပစ်ထားတဲ့ တိုက်ကြီးတစ်ခုကို ပေးအပ်ခဲ့ပြီး ယဉ်ကျေးမှု တည်ထောင်ခွင့် ပေးခဲ့တယ်။ ဒါဟာ ယဉ်ကျေးမှု ဖလှယ်တဲ့ အစီအစဉ်တစ်ခုလို ဖြစ်ခဲ့တာပေါ့။ ဒီတိုက်ကြီးက လူသားတွေလည်း သူတို့ဆီသွားပြီး ရှားပါးသယံဇာတတွေကို သွားရောက် တူးဖော်ခွင့် ရခဲ့ကြတယ်"

"အဲဒီ ပေးလိုက်တဲ့ တိုက်ကြီးဆိုတာ..." မင်ယုက တိုးတိုးလေး ရေရွတ်လိုက်၏။

"အင်း... အဲဒီတိုက်ကြီးဟာ တကယ်တမ်းတော့ လူသူမရှိတဲ့ နေရာ မဟုတ်ခဲ့ဘူး။ အဲဒီမှာ လူသားတွေ နေထိုင်နေခဲ့တာ။ ဒါပေမဲ့ ဒီဘက်က သမိုင်းကြောင်းမှာတော့ အဲဒီတိုက်ကြီးဟာ ဘာသက်ရှိမှ မရှိတဲ့ ခြောက်ကပ်ကပ် တိုက်ကြီးလို့ ဖော်ပြထားတယ်" လုံချန်းက ဖြေလိုက်သည်။

မင်လန်က ဝင်ပြောလိုက်၏။ "ဖြစ်နိုင်တာကတော့ ဒီအင်ပါယာရဲ့ ဧကရာဇ်က အမှန်တရားကို ဖုံးကွယ်ထားခဲ့တာ နေမှာပေါ့"

"အဲဒါလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလိုနဲ့ပဲ အစပြုခဲ့တာပေါ့။ နောက်ပိုင်း သမိုင်းကြောင်းတွေကတော့ လိုသလို ပြင်ထားတာမို့ ငါ ခန့်မှန်းရုံပဲ ရတော့မယ်။ သူတော်စင်ဘုရင်ဟာ အဲဒီ သားရဲမျိုးနွယ်တွေကို အနိုင်တိုက်ပြီး အဲဒီတိုက်ကြီးကနေ မောင်းထုတ်ခဲ့တယ်။ သူတို့တွေက ဒီဘက်ကို ပြန်လာပြီး ဧကရာဇ်ဆီမှာ အကူအညီ တောင်းခဲ့ကြပုံရတယ်။ ဧကရာဇ်ကလည်း တကယ်ပဲ သူတို့ကို ကူညီခဲ့မှာပါ" လုံချန်းက ဆိုလိုက်လေသည်။

အခန်း (၈၈၈) ရွှင်းအား ပေးခဲ့သော ကတိ

"ဟုတ်တယ်... အဲဒါကြောင့်ပဲ သူတော်စင်ဘုရင်က သူတို့ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ရမယ်။ ကိုယ့်လူမျိုးစုကို ကျွန်လို ဆက်ဆံခံနေရတာဟာ တခြားလူသားတွေရဲ့ လက်ချက်ကြောင့်ဆိုတာ သိလိုက်ရရင် ဘယ်သူမဆို ဒေါသထွက်ကြမှာပဲ" မင်ယုက ဆိုလိုက်၏။

"အတိအကျပဲ။ သူတော်စင် ဘုရင်ဟာ သားရဲတွေကို အနိုင်တိုက်ပြီး လူသားတွေကို လွတ်လပ်ခွင့်ပေးပြီးတဲ့နောက်မှာ ပျောက်ကွယ်သွားခဲ့တယ်လို့ အဆိုရှိတယ်။ ငါ့အထင်တော့ သူဟာ ဒီဘက်ကို ရောက်လာပြီး သားရဲမျိုးနွယ်တွေ ဘယ်တော့မှ ပြန်မလာနိုင်အောင်နဲ့ သူတို့ကို ကူညီခဲ့တဲ့သူတွေ နောင်တရသွားအောင် သင်ခန်းစာ လာပေးခဲ့တာ ဖြစ်ရမယ်" လုံချန်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ဒီကမ္ဘာမှာ မှတ်တမ်းတင်ထားတဲ့ သမိုင်းကတော့ တစ်မျိုးကြီးပဲ" သူက ဆက်ပြော၏။

"သူတို့ သမိုင်းမှာတော့... ဧကရာဇ်မင်းမြတ်ဟာ ချစ်ကြည်ရေး အထိမ်းအမှတ်အနေနဲ့ ဖော်ရွေတဲ့ သားရဲမျိုးနွယ်တွေကို လူသူမရှိတဲ့ တိုက်ကြီးမှာ အခြေချ နေထိုင်ခွင့် ပေးခဲ့တယ်တဲ့။ အရာရာဟာ အဆင်ပြေနေခဲ့ရာကနေ တစ်နေ့မှာတော့ တခြားကမ္ဘာတစ်ခုက ဝင်ပေါက်တစ်ပေါက်ကို ဖွင့်လိုက်တဲ့အချိန်မှာ ပြဿနာက စတာပဲ"

"အဲဒီဝင်ပေါက်က သားရဲမျိုးနွယ်တွေ အေးအေးချမ်းချမ်း နေထိုင်နေတဲ့ တိုက်ကြီးဆီကို တိုက်ရိုက် ပေါက်နေတာလေ။ ဒဏ္ဍာရီတွေအရ အဲဒီဘက်က ကျူးကျော်သူတွေဟာ လူသားတွေပဲတဲ့။ သူတို့ဟာ သားရဲမျိုးနွယ်တွေကို စစ်ကြေညာပြီး သူတို့ တရားဝင် ပိုင်ဆိုင်ထားတဲ့ မြေပေါ်ကနေ မောင်းထုတ်ခဲ့ကြတယ်။ အဲဒီ ကျူးကျော်သူတွေဟာ အင်မတန် အားနည်းကြပေမဲ့ သူတို့ရဲ့ ဘုရင်ကတော့ အံ့သြစရာကောင်းလောက်အောင် သန်မာတယ်လို့ ဆိုကြတာပဲ"

"ဧကရာဇ်မင်းမြတ်က သားရဲမျိုးနွယ်တွေကို ကူညီဖို့နဲ့ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးရအောင် ကြားဝင်စေ့စပ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတော်စင် သတ်ဖြတ်သူလို့ နာမည်တွင်လာမယ့် အဲဒီကျူးကျော်သူတွေရဲ့ ဘုရင်က အင်ပါယာကိုပါ စစ်ကြေညာခဲ့တာပဲ။ သူတစ်ယောက်တည်းနဲ့တင် ဒီတိုက်ကြီးက စွမ်းအားကြီး စစ်သည်တော် အမြောက်အမြားကို သတ်ဖြတ်ခဲ့ပြီး မတရားတဲ့ စာချုပ်တစ်ခုကို အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့တယ်။ အဲဒီစာချုပ်ကတော့ ကျူးကျော်သူတွေ အုပ်ချုပ်နေတဲ့ တိုက်ကြီးကို ဘယ်တော့မှ ပြန်ပြီး မတိုက်ခိုက်ရဘူးဆိုတဲ့ အချက်ပဲပေါ့" လုံချန်းသည် ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းထက်မှ တော်ဝင်နန်းတော်ကြီးကို လှမ်းမြင်လိုက်ရချိန်တွင် သူ၏ စကားကို အဆုံးသတ်လိုက်၏။

"သူတို့ရေးထားတဲ့ သမိုင်းအရဆိုရင်တော့ ဧကရာဇ်ကို အကျပ်ကိုင်ပြီး စာချုပ်ချုပ်ပြီးတဲ့နောက်မှာ သူတော်စင် သတ်ဖြတ်သူဟာ ဒီကမ္ဘာကနေ ထွက်သွားခဲ့တယ်၊ အားနည်းတဲ့ ကျူးကျော်သူ လူသားတွေကိုပဲ ထိုတိုက်ကြီးမှာ ထားရစ်ခဲ့တယ်လို့ ဆိုတာပဲ" သူက ဆက်ပြောသည်။

"ဒါက သမိုင်းထဲက ဟာကွက်တစ်ကွက် မဟုတ်ဘူးလား။ သူတို့ပြောသလို သူတော်စင် သတ်ဖြတ်သူက ထွက်သွားပြီဆိုရင် ဘာလို့ အဲဒီတိုက်ကြီးကို ပြန်မတိုက်ကြတာလဲ။ ကျန်ခဲ့တာက အားနည်းတဲ့ လူသားတွေပဲလေ။ ဘာက သူတို့ကို တားဆီးနေတာလဲ" မင်လန်က သံသယဖြင့် မေးလိုက်၏။

"ဟားဟား... အဲဒါက ရိုးရှင်းပါတယ်လေ။ သူတော်စင် သတ်ဖြတ်သူ ပြန်လာမှာကို သူတို့ ကြောက်နေကြတာ ဖြစ်မှာပေါ့။ ဒါပေမဲ့ ငါဖတ်ခဲ့တဲ့ စာအုပ်ထဲမှာတော့... သူတို့ဟာ ကတိသစ္စာ တည်ကြည်သူတွေ ဖြစ်လို့ မတရားတဲ့ အခြေအနေအောက်မှာ ပေးခဲ့တဲ့ ကတိဖြစ်ပေမဲ့ တည်အောင် စောင့်ထိန်းကြတာပါဆိုပြီး အလှဆင် ရေးထားတာပဲ။ အဲဒါကြောင့် သူတို့ ကျူးကျော်ပြီး လက်စားမချေတာပါတဲ့လေ" လုံချန်းက လှောင်ပြုံးပြုံးရင်း ဖြေလိုက်သည်။

"ဒါဆို ဒီကမ္ဘာကလူတွေက ကျူးကျော်သူတွေကို မမုန်းကြဘူးလား။ ဘာလို့ ဒီတိုက်ကြီးထဲကိုတောင် ပေးဝင်နေကြတာလဲ။ အဲဒီ အားနည်းတဲ့ တိုက်ကြီးနဲ့ ဘာလို့ အဆက်အသွယ် မဖြတ်လိုက်ကြတာလဲ" မင်ယုက ဝင်မေးသည်။

"အဲဒီအဖြေကိုတော့ ငါလည်း မသိဘူး။ ဖြစ်နိုင်တာကတော့ သူတို့ကို တိုက်ခိုက်ခဲ့တာက သူတော်စင် သတ်ဖြတ်သူ တစ်ယောက်တည်းမို့လို့လား။ အခု အဲဒီတိုက်ပေါ်မှာ ရှိနေတဲ့သူတွေက ပထမဆုံး ကျူးကျော်သူတွေရဲ့ မျိုးဆက်တွေပဲလေ၊ သူတို့အပေါ်မှာတော့ ရန်ငြိုးမရှိဘူးလို့ ယူဆပုံရတယ်။ သူတို့ ရန်ငြိုးထားတာက သူတို့လူတွေကို သတ်ခဲ့တဲ့ သူတော်စင် သတ်ဖြတ်သူကိုပဲ။ ဒါပေမဲ့ သူ့ကို သူတို့ မသတ်နိုင်တော့... အခု သူ့ရဲ့ အမွေခံဖြစ်တဲ့ ငါ့ဆီကို ပစ်မှတ်က ပြောင်းလာတာပေါ့" လုံချန်းက ခပ်ရယ်ရယ်ပင် ဆိုလိုက်၏။

"မင်ယု... နင့်ရဲ့ ကမ္ဘာမှာ သားရဲမျိုးနွယ်တွေ ရှိလား" သူက မေးလိုက်ပြန်သည်။

ဝင်ပေါက်သည် သားရဲမျိုးနွယ်များ ရှိသည့် ကမ္ဘာသို့ ပေါက်နေသည်ဟု သူ ကြားသိထားရာ ၎င်းမှာ မင်ယု၏ ကမ္ဘာ ဟုတ် မဟုတ် သူ သိလိုခြင်း ဖြစ်၏။

"ငါတို့ကမ္ဘာမှာ သားရဲမျိုးနွယ် နိုင်ငံတွေ ရှိပါတယ်။ ငါတို့ အင်ပါယာလောက် မသန်မာပေမဲ့ နင့်ရဲ့ ဖော်ပြချက်တွေနဲ့တော့ တထပ်တည်း ကျနေတာပဲ" မင်ယုက အတည်ပြုလိုက်သည်။

"ကောင်းပြီ... ဒါဆိုရင်တော့ ငါတို့အတွက် မျှော်လင့်ချက် ရှိလာပြီပေါ့"

လုံချန်းနှင့် မင်ယုတို့ စကားပြောနေစဉ်မှာပင် ရွှင်းသည် သူ၏ ရှေ့တွင် တစ်ဖန် ပေါ်လာပြန်သည်။ သူက သူမကို စူးစမ်းစွာ ကြည့်လိုက်၏။

'တစ်ခုခု ပြောစရာ ရှိလို့လား' သူက စိတ်ချင်း ဆက်သွယ်ကာ မေးလိုက်သည်။

"အင်း... ငါ မေ့လို့ ပြောဖို့ ကျန်ခဲ့တာ။ ကမ္ဘာတွေကြား ကူးသန်းဖို့ နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်။ ဝင်ပေါက်တွေကို မတွေ့ရင်တောင် တခြားနည်းလမ်းနဲ့ နင်သွားချင်တဲ့ ကမ္ဘာကို သွားလို့ ရသေးတယ်" ရွှင်းက ပြုံးရင်း ဆိုလိုက်၏။

'တကယ်လား၊ ဘာလို့ စောစောက မပြောတာလဲ။ အဲဒါက တကယ့်ကို အံ့သြစရာပဲ။ ဘယ်လိုနည်းလဲ ဆိုတာ ပြောပြစမ်းပါဦး' လုံချန်းမှာ ဝမ်းသာအားရ ဖြစ်သွားရသည်။

အကယ်၍ အခြားနည်းလမ်းသာ ရှိလျှင် ဧကရာဇ်ထံ ချဉ်းကပ်နေစရာ မလိုတော့ချေ။ ထိုသည်က သူ့အတွက် ပို၍ပင် ကောင်းမွန်ပေဦးမည်။

"ငါ့အတွက် တစ်ခုခု လုပ်ပေးမယ်လို့ နင် ကတိပေးရင် ငါ ပြောပြမယ်" သူမက ကလေးတစ်ယောက်လို မျက်နှာပေးဖြင့် ဆိုလိုက်၏။

'ဘာကို လိုချင်လို့လဲ' လုံချန်းက မေးလိုက်သည်။

ရွှင်း အလိုချင်ဆုံးအရာမှာ မှန်ထဲတွင် ရှိနေသည်ဟု သူမ ထင်မှတ်ထားသည့် ထျန်းရှန်ကို ပြန်ခေါ်လာဖို့ပင် ဖြစ်၏။ သူမ၏ မှတ်ဉာဏ်များက အတုအယောင်တွေ ဖြစ်နေမှန်း သူမ မသိသလို လုံချန်းကလည်း သူမကို မပြောပြခဲ့ချေ။ မည်သို့ဆိုစေ လုံချန်း၏ သွေးမျိုးဆက် အပြည့်အဝ နိုးထမလာမချင်းတော့ သူမသည် လုံချန်းကို အန္တရာယ် မပြုနိုင်ချေ။

"နင် ငါ့ကို ကတိတစ်ခု ပေးစေချင်တယ်" သူမက တောင်းဆိုလိုက်သည်။

"ဘာမှန်းမသိဘဲ ငါ ကတိမပေးနိုင်ဘူး။ နောက်ကျမှာ ဒုက္ခမရောက်ချင်ဘူးလေ။ ဘာကတိလဲဆိုတာ ပြောပြဦး၊ အဲဒါမှ ငါ စဉ်းစားမယ်" လုံချန်းက အကွက်ကျကျ ငြင်းလိုက်၏။

"သွားပါ... နင်က ငါ့ကို မယုံဘူးလား" ရွှင်းက နှုတ်ခမ်းဆူကာ မေးလိုက်သည်။

"ငါ နင့်ကို ယုံပါတယ်၊ ဒါပေမဲ့ အနာဂတ်ကိုတော့ မယုံဘူး။ ငါ မဖျက်နိုင်မယ့် ကတိမျိုးကိုပဲ ပေးချင်တာ။ အဲဒီတော့ နင် ဘာလိုချင်လဲဆိုတာ ပြောပြ"

"ကောင်းပြီလေ... ငါ့ကို ပေးရမယ့် ကတိကတော့... မင်ယုရဲ့ မိဘတွေအတွက်နဲ့ နင့်ရဲ့ အသက်ကို ရင်းပြီး အန္တရာယ် မပြုပါဘူးဆိုတဲ့ အချက်ပဲ။ တကယ်လို့ နင်ဟာ အောင်နိုင်ဖို့ မသေချာတဲ့ စစ်ပွဲထဲ ရောက်နေပြီး နင့်ရဲ့ အသက်ကို အန္တရာယ် မပြုဘဲ သူ့မိဘတွေကို ကယ်ဖို့ နည်းလမ်း မရှိတော့ဘူးဆိုရင် နင်တစ်ယောက်တည်း ထွက်ပြေးရမယ်။ အဲဒီ ကတိတစ်ခုပဲ ငါ လိုချင်တာ" ရွှင်းက မျက်လုံးလေး ကလည်ကလည်ဖြင့် ဆိုလိုက်၏။

ထိုကတိစကားကို ကြားလိုက်ရချိန်တွင် လုံချန်းမှာ မှင်တက်သွားရတော့သည်။ သူက ခက်ခဲသော အရာတစ်ခုခုကို တောင်းဆိုလိမ့်မည်ဟု ထင်ထားသော်လည်း သူမ တောင်းဆိုသည်မှာ ဤမျှသာ ဖြစ်နေသည်။ ထိုသည်ကလည်း ယုတ္တိရှိပေသည်။ အကယ်၍ သူ တစ်ခုခု ဖြစ်သွားလျှင် သူမ၏ သခင်ဟောင်းလည်း လွတ်မြောက်လာနိုင်တော့မည် မဟုတ်ပေ။

လုံချန်း တစ်ခါတစ်ရံတွင် အတော်လေး စိတ်ညစ်ရပေသည်။ သူမအား သစ္စာဖောက်ရန် ပြင်နေသည်ဟု ဆူပူကြိမ်းမောင်းချင်သော်လည်း သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ကာ ငြိမ်သက်နေလိုက်ရတော့လေသည်။

All Chapters