← Chapters

အခန်း (၈၈၉-၈၉၀)

Vol. 87 Ch. 889-890

အခန်း (၈၈၉-၈၉၀)

Vol. 87 Ch. 889-890

အခန်း (၈၈၉) အတူတူရှိနေပေးပါ

'ဒီလောက်ပဲလား... စိတ်မပူပါနဲ့။ ငါကလည်း သူတို့ကို ကယ်တင်ရင်းနဲ့ အသက်အသေခံဖို့ အစီအစဉ် မရှိပါဘူး။ ငါ့မှာလည်း စောင့်ရှောက်ရမယ့် ကိုယ်ပိုင်မိသားစု ရှိသေးတာပဲလေ။ ငါ့အသက်က ငါ့အတွက် အရေးအကြီးဆုံးပဲ။ ငါ ကတိပေးပါတယ်... ဘယ်သူပဲ ငါ့ကို ရန်မူပါစေ ငါ့အသက်ဟာ သူတစ်ပါး အလွယ်တကူ ယူဆောင်သွားနိုင်တဲ့ ပစ္စည်းတစ်ခု မဟုတ်စေရဘူး' လုံချန်းက ရွှင်းကို စိုက်ကြည့်ရင်း လေသံအေးအေးဖြင့် ပြန်ပြောလိုက်၏။

ရွှင်းသည် သူ၏ စကားလုံးများထဲတွင် တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရသော်လည်း အတိအကျတော့ ရှာမတွေ့ချေ။

"ကောင်းပါပြီ" နောက်ဆုံးတွင် သူမက ခေါင်းညိတ်ကာ ဆိုလိုက်သည်။

'အခု နင် စိတ်ကျေနပ်ပြီဆိုရင် အဲဒီနည်းလမ်းကို ပြောပြတော့လေ' လုံချန်းက မေးလိုက်၏။

"အင်း... ဒီနည်းလမ်းက နင့်အတွက်ပဲ အလုပ်ဖြစ်မယ့် နည်းလမ်းမျိုးပါ။ ဘာလို့လဲဆိုတော့ မင်းရဲ့ ဟင်းလင်းပြ င်နိယာမကို သုံးဖို့ လိုလို့ပဲ" ရွှင်းက ဖြေလိုက်သည်။

"ဪ... ငါ့ရဲ့ ဟင်းလင်းပြင် နိယာမကို သုံးပြီး ကမ္ဘာတွေကြား ကူးသန်းရမယ်လို့ ပြောတာလား။ ငါမသိတဲ့ ဖြတ်လမ်းတစ်ခုခု ရှိနေလို့လား။ ငါသိသလောက်တော့ ငါ့ရဲ့ ဟင်းလင်းပြင် ဖြတ်သန်းခြင်းက တစ်ခါသုံးရင် ကီလိုမီတာ ရာဂဏန်းလောက်ပဲ သွားနိုင်တာလေ" လုံချန်းက ထောက်ပြလိုက်၏။

"ငါ အခု သိထားတဲ့ နားလည်မှု အတိုင်းအတာနဲ့တော့ ကမ္ဘာတွေကြား ကူးသန်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ထင်တယ်" သူက ဆက်ပြောသည်။

"အဲဒါ အတိအကျပဲ။ နင့်ရဲ့ သွေးမျိုးဆက်ဟာ တတိယအကြိမ်မြောက် စမ်းသပ်မှုမှာ နိုးထလာခဲ့ပြီ။ အခုဆိုရင် အရင်ကထက် ပိုပြီး ထင်ရှားလာပြီလေ။ ဒါပေမဲ့ နင့်က အဲဒီစွမ်းအားကို အပြည့်အဝ အသုံးမချရသေးဘူး။ နင့်ရဲ့ သွေးမျိုးဆက် စွမ်းအားနဲ့ ဟင်းလင်းပြင် နိယာမအပေါ် နားလည်မှုကို တိုးမြှင့်နိုင်တဲ့ အလားအလာ နင့်မှာ ရှိတယ်။ အဲဒါက နင့်ရဲ့ သွေးမျိုးဆက် ပြောင်းလဲမှုနှုန်းကိုလည်း ပိုမြန်စေလိမ့်မယ်" ရွှင်းက ထောက်ပြလိုက်၏။

ရွှင်း၏ စကားကို ကြားသောအခါ လုံချန်းက ခေါင်းညိတ်လိုက်သည်။ သူသည် သူ၏ အတွေးများကို ရွှင်း မသိစေရန် စိတ်ချင်းဆက်သွယ်မှုကို ခဏတာ ဖြတ်တောက်လိုက်၏။

'ကြည့်ရတာ သူက ငါ့ရဲ့ သွေးမျိုးဆက်ကို မြန်မြန်နိုးထလာအောင် လုပ်ပေးရင်းနဲ့ ငါ့ကို ကူညီနေတာပဲ။ အဓိကကတော့ ငါ့ကို အပြည့်အဝ နိုးထလာစေချင်တာပေါ့။ စိတ်မပူပါနဲ့ ရွှင်း... နင်ဟာ ထျန်းရှန်ရဲ့ အစီအစဉ်ကြီးထဲက နယ်ရုပ်တစ်ရုပ် ဖြစ်နိုင်ပေမဲ့ ငါကတော့ နင့်ရဲ့ သားကောင် အဖြစ်ခံမှာ မဟုတ်ဘူး။ ငါ့ကို နင် ထိန်းချုပ်ထားနိုင်တယ်လို့ပဲ ဆက်တွေးနေလိုက်ပါ။ အချိန်တန်တဲ့အခါ နင် နားလည်သွားပါလိမ့်မယ်' သူက ရွှင်း၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း တွေးနေမိသည်။

သူ၏ အတွေးတွေက မျက်နှာပေါ်က အမူအရာနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသော်လည်း သူကမူ တည်တည်ငြိမ်ငြိမ်ပင် ရှိနေ၏။

"ဒါဆိုရင် ငါ့ရဲ့ သွေးမျိုးဆက်ကို သုံးပြီး နိယာမတွေအပေါ် နားလည်မှုကို ဘယ်လို တိုးမြှင့်ရမလဲ" သူက မေးလိုက်သည်။

ရွှင်းတွင် မရိုးသားသော ရည်ရွယ်ချက်များ ရှိနေသော်လည်း သူမ မည်သည်ကို လိုချင်ကြောင်း သူ သိနေသရွေ့တော့ သူမက အန္တရာယ် မရှိနိုင်ချေ။ ထို့ပြင် သူမ၏ အတွေ့အကြုံနှင့် ဗဟုသုတများကိုလည်း သူ လိုအပ်နေသေးသည် မဟုတ်လော။

"နင့်ရဲ့ တတိယအကြိမ် သွေးမျိုးဆက် နိုးထမှုမှာ ဒါက အတော်လေး ရိုးရှင်းသွားပါပြီ။ ဒါပေမဲ့ တစ်ခု သတိထားရမှာက ဒီနည်းလမ်းကို နိယာမတစ်ခုစီအတွက် တစ်ကြိမ်ပဲ သုံးလို့ရမယ်ဆိုတာပဲ" ရွှင်းက ပြန်ဖြေ၏။ "ဒီနည်းလမ်းက နင့်ရဲ့ နိယာမ ပျိုးပင်တွေကို အချိန်တိုအတွင်းမှာ အမြန်ကြီးထွားစေလိမ့်မယ်။ ဒါပေမဲ့ နိယာမအပေါ် နားလည်မှု ပိုမြင့်လေလေ ရရှိမယ့် အကျိုးကျေးဇူးက ပိုများလေလေမို့ နောက်ကျမှ သုံးတာက ပိုကောင်းတာပေါ့"

"ဆိုလိုတာက ငါ အခုသာ ဟင်းလင်းပြင်နိယာမအတွက် သုံးလိုက်ရင် နောက်တစ်ကြိမ် ထပ်သုံးလို့ မရတော့ဘူးပေါ့။ ကျန်တဲ့ နားလည်မှုပိုင်းကိုတော့ ကိုယ့်အားကိုယ်ကိုးပြီးပဲ လုပ်ရမှာပေါ့" လုံချန်းက တွေးဆလိုက်သည်။

"ဟုတ်တယ်။ အဲဒါကြောင့် အခုလောလောဆယ် အမှောင် နိယာမနဲ့ ပုံရိပ်ယောင် နိယာမတွေအတွက် မသုံးသေးတာ ပိုကောင်းမယ်။ အခု နင့်အတွက် အရေးတကြီး လိုအပ်နေတဲ့ ဟင်းလင်းပြင် နိယာမကိုပဲ မြှင့်တင်ဖို့ လိုတာလေ။ အခုချက်ချင်း မလိုအပ်သေးတဲ့ နိယာမတွေအတွက် ဒါကို ဖြုန်းတီးပစ်ဖို့ မလိုဘူး" ရွှင်းက ဆိုသည်။

"ကောင်းပြီလေ... အဲဒါကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းကို ပြောပြပါဦး"

"နည်းလမ်းက ရိုးရိုးလေးပါ။ နင့်ရဲ့ သွေးကို ထုတ်ပြီး နင့်ရဲ့ သိုင်းဟင်းလင်းပြင်ထဲမှာ ရှိနေတဲ့ နိယာမပျိုးပင်ပေါ်ကို လောင်းပေးလိုက်ရုံပဲ" ရွှင်းက ပြောလိုက်၏။

'ဘယ်လိုလုပ်ရမှာလဲ' လုံချန်းက မေးရန် ပြင်လိုက်စဉ်မှာပင် လမ်းဘေးရှိ တည်းခိုခန်းတစ်ခန်းကို လှမ်းမြင်လိုက်ရသဖြင့် စကားစရပ်လိုက်ရသည်။

ထိုနေရာသည် သူတို့ တည်းခိုရန် သင့်တော်မည့် နေရာမျိုး ဖြစ်ပေသည်။ သူသည် ရှင်းပြရန် ပြင်နေသော ရွှင်းကို တားလိုက်သည်။ 'ခဏလေး... ငါတို့ ဒီကို ရောက်နေပြီဆိုတော့ နန်းတော်ကို သွားစရာ မလိုတော့ဘူး။ အေးအေးချမ်းချမ်း တည်းခိုလို့ရမယ့် နေရာလေး တစ်ခုအရင် ရှာလိုက်ဦးမယ်'

သူသည် ဘေးတွင် စကား မပြောဘဲ ငြိမ်သက်နေသော မင်ယုကို လှည့်ကြည့်လိုက်သည်။ မင်ယုနှင့် မင်လန်တို့မှာ လုံချန်းတစ်ယောက် အတွေးနက်နေသည်ကို မြင်သဖြင့် မနှောက်ယှက်ဘဲ စောင့်နေကြခြင်း ဖြစ်၏။

သူက မင်ယုကို မေးလိုက်၏။ "မင်ယု... ဒီနေရာက နင့်ရဲ့ အိမ်မဟုတ်ဘူးဆိုတာ ငါတို့ သိပြီးပြီဆိုတော့ နန်းတော်ကို သွားနေဖို့ မလိုတော့ဘူး ထင်တယ်။ နင်တို့ ကမ္ဘာဆီကို ပို့ပေးမယ့် ဝင်ပေါက်ကို ငါ မရှာတွေ့ခင်အထိ ဒီတည်းခိုခန်းမှာပဲ ခဏလောက် တည်းကြမလား"

မင်ယုက ခေါင်းညိတ်ပြလိုက်သည်။ သူမကိုယ်တိုင်လည်း ယခုအချိန်တွင် စိတ်သောက ရောက်နေရသည် မဟုတ်လော။ ဤနေရာသည် သူမ၏ အိမ်မဟုတ်ကြောင်း သေချာသွားပြီ ဖြစ်ရာ အပြင်၌ လျှောက်သွားနေဖို့ စိတ်ကူးမရှိတော့ချေ။ ထို့ပြင် ဤအချိန်သည် လုံချန်းနှင့် မင်လန်တို့ နှစ်ဦးတည်း ရှိနေသင့်သည့် အချိန်ဖြစ်သည်ဟုလည်း သူမက တွေးနေမိသည်။

သူမသည် မင်လန်ကို ကြည့်ကာ ဆိုလိုက်သည်။ "နင်တို့ နှစ်ယောက်တည်း ရှိရမယ့် အချိန်မှာ ငါက ကြားညှပ်နေသလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်နော်"

ထို့နောက် လုံချန်းကို ကြည့်ကာ ဆိုလိုက်သည်။ "ငါ့ကို ကမ္ဘာတုထဲကိုပဲ ပြန်ပို့ပေးပါတော့"

"ဟင်... ဘာတွေ ပြောနေတာလဲ။ ဒါက ကိစ္စအသေးအမွှားလေးပဲဟာကို။ ပြန်သွားစရာ မလိုပါဘူး။ ငါတို့နဲ့အတူ ရက်နည်းနည်းလောက် နေခဲ့ပါဦး။ သုံးယောက်အတူတူ ရှိနေတာလည်း မဆိုးပါဘူး" မင်လန်က မင်ယု၏ လက်ကို တင်းတင်းဆုပ်ကိုင်ရင်း ချော့မော့လိုက်၏။

သူမသည် မင်ယုအတွက် တကယ်ကို စိတ်မကောင်း ဖြစ်နေရသည်။ မင်ယုသည် မိသားစုနှင့် တွေ့ရတော့မည်ဟု မည်မျှပင် မျှော်လင့်ခဲ့ရကြောင်း သူမ အသိဆုံး ဖြစ်၏။ ယခုတော့ မျှော်လင့်ချက်များ ပျက်စီးသွားရုံ မကဘဲ ကိုယ့်ကမ္ဘာကိုပင် ပြန်ရောက်နိုင်မည်လားဆိုသည်မှာ မရေမရာ ဖြစ်နေသည် မဟုတ်လော။

ဤကဲ့သို့သော အချိန်မျိုးမှာ မင်ယုကို ကမ္ဘာတုထဲသို့ တစ်ယောက်တည်း ပြန်မပို့လိုချေ။

"ဟုတ်တယ်... ပြန်သွားစရာ မလိုပါဘူး။ ငါနဲ့အတူ ရှိနေပေးပါ" လုံချန်းကလည်း ထောက်ခံလိုက်သည်။

မင်ယုက ငြင်းဆန်နေမည်ကို သိသဖြင့် သူက အကြောင်းပြချက်တစ်ခု ပေးလိုက်၏။ "အချို့အချက်တွေကို ပိုပြီး နားလည်အောင် နင့်ဆီက အဖြေတွေ ငါ လိုအပ်ဦးမှာပါ။ အဲဒါကြောင့် ငါ့အနားမှာ ရှိနေပေးတာ ပိုကောင်းမယ်"

သူသည် သူမ၏ အခြားလက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်း နားနားသို့ ကပ်ကာ တိုးတိုးလေး ဆိုလိုက်သည်။

"ငါတို့ သုံးယောက် အတူတူ ပျော်ခဲ့ရတာတွေကိုလည်း ငါ သတိရနေတာ။ နင့်ရဲ့ ယင်ယန်ကျင့်စဉ်က လန်အာနဲ့ ယှဉ်ရင် ဘယ်လောက်အထိ တိုးတက်လာပြီလဲဆိုတာ ငါ စမ်းကြည့်ချင်သေးတယ်လေ"

မင်လန်ကမူ သူ ပြောနေသည့် စကားကို မကြားရသော်လည်း မင်ယု၏ မျက်နှာလေး ရဲတက်သွားသည်အား မြင်ရုံနှင့် မည်သည့် အကြောင်းအရာ ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။

မင်ယုသည် လုံချန်း၏ စကားကို မကြားချင်ယောင်ဆောင်ကာ ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏ နီမြန်းနေသော ပါးပြင်လေးများကတော့ အမှန်တရားကို ဖော်ပြနေပေတော့သည်။

ထို့နောက်တွင် သူတို့ သုံးဦးသည် တည်းခိုခန်းအတွင်းသို့ ဝင်သွားကြပြီး လုံချန်းက အခန်းတစ်ခန်း ငှားလိုက်၏။ သူသည် ဤအင်ပါယာတွင် သုံးသော ငွေကြေး မရှိသဖြင့် အဖိုးတန် ပစ္စည်းလေးတစ်ခုဖြင့်ပင် အခန်းခ ပေးလိုက်ရပြန်သည်။

ငွေချေပြီးသည်နှင့် သူတို့သည် အခန်းသော့ကို ချက်ချင်း ရရှိခဲ့ကြ၏။

အလုပ်သမားတစ်ဦးက သူတို့အား သတ်မှတ်ထားသော အခန်းဆီသို့ လိုက်လံ ပို့ဆောင်ပေးခဲ့လေသည်။

အခန်း (၈၉၀) လှေကားထစ်များ

လုံချန်းနှင့် မိန်းကလေးများသည် သူတို့ တည်းခိုမည့် အခန်းဆီသို့ လိုက်ပါလာခဲ့ကြ၏။ လုံချန်းသည် အခန်းတစ်ခန်းတည်းကိုသာ အလိုရှိသဖြင့် တစ်ခန်းသာ ငှားခဲ့ခြင်း ဖြစ်ပေသည်။

မိန်းကလေးနှစ်ဦးလုံးကို သူ၏ ဇနီးသည်များအဖြစ် မိတ်ဆက်ပေးခဲ့ပြီးဖြစ်ရာ အခန်းနှစ်ခန်း ငှားနေရန် မလိုတော့ချေ။ မည်သို့ဆိုစေ ဤညတွင် သူတို့အားလုံး တစ်ခန်းတည်း၌သာ အတူရှိနေကြမည် မဟုတ်လော။

သူတို့သည် အခန်းထဲသို့ ဝင်လိုက်ကြပြီး တံခါးကို ပိတ်လိုက်ကြ၏။

လုံချန်းက မိန်းကလေးများကို ကြည့်ကာ မေးလိုက်သည်။ "ရေချိုးခန်းက တစ်ခန်းပဲ ရှိတာဆိုတော့... ဘယ်သူ အရင်ချိုးမလဲ"

"နင် နေမကောင်းဘူးလား" မင်လန်က သူ၏မျက်နှာကို စူးစမ်းစွာ ကြည့်ရင်း မေးလိုက်၏။

"ဟင်... ဘာကို ဆိုလိုတာလဲ" လုံချန်းမှာ ဇဝေဇဝါ ဖြစ်သွားရသည်။

"မဟုတ်ပါဘူး... ပုံမှန်ဆိုရင် နင်က ရေချိုးခန်းထဲအထိ... အဲ... အဖော်လုပ်ပေးမယ်ဆိုပြီး လိုက်လာတတ်တာလေ။ ဒီနေ့တော့ မလိုက်ဘူးဆိုလို့ပါ" မင်လန်က မေးခွန်းထုတ်လိုက်၏။

"ဟားဟား... ဪ... အဲဒါကို ပြောတာလား" လုံချန်းက သဘောကျစွာ ရယ်မောလိုက်သည်။

"တောင်းပန်ပါတယ်ကွာ။ ငါ အခုလုပ်စရာလေးတွေ နည်းနည်းရှိနေလို့ နင်တို့နောက်ကို မလိုက်နိုင်တာပါ။ အဲဒါကြောင့်ပါ" သူက ဆက်ပြောလိုက်၏။

"ဪ... အဲဒီလိုလား" မင်လန်က ခေါင်းညိတ်ပြကာ မင်ယု၏ လက်ကို ဆွဲပြီး ရေချိုးခန်းဆီသို့ ခေါ်သွားတော့သည်။ "လာ... ငါတို့ သွားကြစို့"

မိန်းကလေးနှစ်ဦးမှာ ရေချိုးခန်းထဲသို့ ဝင်သွားကြပြီး လုံချန်း တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။

လုံချန်းသည် အနီးရှိ ခုတင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။ ရွှင်း၏ ဝိညာဉ်ပုံရိပ်မှာလည်း သူ၏ ဘေးတွင် ထိုင်လျက် စောင့်ကြည့်နေပေ၏။

"ငါ အားပြီ။ ငါ့ရဲ့ သွေးမျိုးဆက်ကို သုံးပြီး ငါ့ရဲ့ စွမ်းအားတွေကို ဘယ်လို မြှင့်တင်ရမလဲဆိုတာ ပြောပြတော့" သူက ရွှင်းကို မေးလိုက်သည်။

"နင် အခုချက်ချင်းပဲ သုံးတော့မလို့လား" ရွှင်းက ပြန်မေး၏။

"ချက်ချင်းတော့ မဟုတ်ပါဘူး။ နည်းလမ်းကိုပဲ အရင် သိထားချင်တာပါ။ ဖြစ်နိုင်ရင်တော့ ဒါကို နောက်မှ သုံးတာ ပိုကောင်းမယ်လို့ ငါ ထင်တယ်" လုံချန်းက ခေါင်းယမ်းရင်း ဆိုလိုက်သည်။

"နင်က ဝင်ပေါက်တွေလိုမျိုး တခြား ကူးသန်းစရာ နည်းလမ်းတွေကို တကယ်ပဲ ရှာတွေ့မယ်လို့ ထင်နေတာလား။ အဲဒါက တကယ့်ကို အန္တရာယ်များတဲ့ အလုပ်ပဲ။ ဒီနည်းလမ်းက နောက်မှသုံးလေ ပိုကောင်းလေဆိုတာ ငါသိလို့ မပြောဘဲ နေခဲ့တာ။ ဒါပေမဲ့ နင်က ဝင်ပေါက်ရှာဖို့ ဧကရာဇ်ဆီ ချဉ်းကပ်တာမျိုးက ပိုပြီး အန္တရာယ်များနေတာမို့လို့ ငါက အခုပြောပြဖို့ ဆုံးဖြတ်လိုက်တာပဲ။ အခုပဲ ဒါကို သုံးလိုက်ပါ။ ဧကရာဇ်နားကို ကပ်ဖို့လည်း မကြိုးစားပါနဲ့တော့" ရွှင်းက တိုက်တွန်းလိုက်၏။

"ငါ့အတွက် ဘာက အကောင်းဆုံးလဲဆိုတာ ငါသိပါတယ်။ စိတ်မပူပါနဲ့။ နည်းလမ်းကိုသာ ပြောပြပါ" လုံချန်းက ပြန်ပြောလိုက်သည်။

ရွှင်း၏ အကွက်ချ စီစဉ်မှုများကို သူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေမိသလို သူမက သူ့အား ထိန်းချုပ်ဖို့ ကြိုးစားနေသည်ကို မြင်ရသည်မှာ ပို၍ပင် စိတ်ပျက်စရာ ကောင်းနေပေသည်။

သူသည် စိတ်ကို တည်ငြိမ်အောင် လေကို ပြင်းပြင်းရှူလိုက်၏။

"ကောင်းပြီလေ... နင်သေချင်လည်း သေပေါ့၊ ငါက ဘာလို့ စိတ်ပူနေရမှာလဲ" ရွှင်းက နှုတ်ခမ်းဆူကာ ဆိုလိုက်သည်။ "နင် စမ်းကြည့်လို့ မှားသွားပြီဆိုရင်တော့ ငါ့ဆီ ပြန်လာပြီး တောင်းပန်ဖို့ မမေ့နဲ့ဦး"

"အေးပါ... အဲဒီလိုနေ့မျိုး ရောက်လာခဲ့ရင်ပေါ့လေ" လုံချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်၏။

"ကဲ... အခု နည်းလမ်းကို ပြောပြတော့"

"ကောင်းပြီ... နင့်ရဲ့ အတွေးတွေကို ဖွင့်ထားလိုက်။ ငါ့ရဲ့ ဗဟုသုတတွေထဲကနေ နင့်ဆီကို အချက်အလက်အချို့ လွှဲပေးလိုက်မယ်။ ဒါဆိုရင် အဲဒါက ဘာလဲဆိုတာ နင် နားလည်သွားလိမ့်မယ်" ရွှင်းက ပြန်ဖြေသည်။

လုံချန်းသည် ခုတင်ပေါ်တွင် တရားထိုင်သည့် ပုံစံဖြင့် ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်၏။

သူသည် ရွှင်းကို သူ၏ အတွေးများထဲသို့ ဝင်ရောက်ခွင့် ပေးလိုက်သည်။ မကြာမီမှာပင် သူ၏ ဦးခေါင်းအတွင်း၌ ရွှင်း၏ တည်ရှိမှုကို ခံစားလိုက်ရပြီး အချက်အလက်များစွာ စီးဝင်လာတော့သည်။

သူ၏ စိတ်အာရုံထဲတွင် လူတစ်ယောက် တရားထိုင်နေသည့် မြင်ကွင်းကို မြင်လိုက်ရ၏။ ထိုလူ၏ ခန္ဓာကိုယ် အတွင်းပိုင်းနှင့် သိုင်းဟင်းလင်းပြင်ထဲရှိ နိယာမပျိုးပင်ကိုပါ သူက လှမ်းမြင်နေရပေသည်။

"ဒါက ငါလား" သူက မေးလိုက်၏။

"မဟုတ်ဘူး။ ဒါက နင် ပိုပြီး နားလည်လွယ်အောင် ငါ့ရဲ့ ဗဟုသုတတွေနဲ့ ဖန်တီးထားတဲ့ စိတ်ကူးယဉ် မြင်ကွင်းတစ်ခုပဲ" ရွှင်း၏ အသံမှာ သူ၏ ဦးခေါင်းအတွင်း၌ ပဲ့တင်ထပ်သွားသည်။

လုံချန်းက ခေါင်းညိတ်ပြကာ ထိုစိတ်ကူးယဉ် ခန္ဓာကိုယ်ကို အသေအချာ စောင့်ကြည့်နေမိ၏။

ထိုလူသည် သူ၏ လက်ညှိုးကို သွားနှင့် ခပ်ဖွဖွ ကိုက်လိုက်ရာ သွေးများ ထွက်လာတော့သည်။ ထို့နောက် သူသည် ထိုလက်ညှိုးကို ပါးစပ်ထဲ ပြန်ထည့်ကာ သွေးကို စုပ်ယူလိုက်သော်လည်း ထိုသွေးများမှာ ခန္ဓာကိုယ်ထဲသို့ ပြန်မဝင်သွားချေ။

သွေးများမှာ ပါးစပ်ထဲ ရောက်သည်နှင့် မူလအဆီအနှစ်များအဖြစ် ပြောင်းလဲသွားသည်ကို လုံချန်းက အံ့သြစွာ မြင်လိုက်ရ၏။

"သူ ဘယ်လိုလုပ်လိုက်တာလဲ" သူက မှင်တက်စွာ မေးလိုက်သည်။

"နင့်ရဲ့ သွေးတွေဟာ မူလစွမ်းအားတွေနဲ့ အပြည့်အဝ တည်ဆောက်ထားတာ။ အဲဒါကြောင့် နင် အလိုရှိရင် အဲဒါတွေကို မူလအဆီအနှစ်တွေအဖြစ် အလွယ်တကူ ပြောင်းလဲနိုင်တယ်။ ဒါပေမဲ့ နင်က လူသားတစ်ယောက် ဖြစ်နေသေးလို့ အဲဒီ မူလအဆီအနှစ်ကို သုံးပြီး တိုက်ခိုက်လို့တော့ မရသေးဘူး။ နတ်ဘုရားတွေပဲ အဲဒီလို လုပ်နိုင်တာ။ ဒါပေမဲ့ အဲဒီအဆီအနှစ်ကို နင့်ရဲ့ စွမ်းအင် အနှစ်သာရ အတွက်တော့ သုံးလို့ရတယ်" ရွှင်းက သာယာသော လေသံဖြင့် ရှင်းပြ၏။

"ဒီသွေးက နင့်ကိုယ်ပိုင် ဖြစ်နေလို့ နင် ဒါကို သုံးနိုင်တာ၊ ပြောင်းလဲနိုင်တာပေါ့။ အဲဒီလို ပြောင်းလဲပြီးတဲ့နောက် ပထမဆုံး ထွက်လာတဲ့ အဆီအနှစ်စက်ကို နင့်ရဲ့ သိုင်းဟင်းလင်းပြင်ဆီကို ပို့ပေးရမယ်။ ပြီးတော့ နင့်ရဲ့ နိယာမပျိုးပင်ကို အဲဒီအဆီအနှစ်နဲ့ အာဟာရကျွေးရမှာပဲ။ ဒီလို အာဟာရကျွေးတာဟာ ပထမဆုံးအကြိမ်ဖြစ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်လိမ့်မယ်။ ဒါက နင့်ရဲ့ နိယာမပျိုးပင်ကို အဆင့်တစ်ခုစာအထိ အပြည့်အဝ ကြီးထွားသွားစေနိုင်တယ်" သူမက ဆက်ပြောသည်။

"ဟင်... အဆင့်တစ်ခုစာလုံး ဟုတ်လား။ အဲဒါကြောင့် နင်က နောက်မှသုံးတာ ပိုကောင်းတယ်လို့ ပြောတာကိုး။ ဒါက ကျင့်ကြံသူတစ်ယောက်ကို အဆင့်ကြီး တစ်ဆင့်စာ ခုန်တက်သွားစေနိုင်တဲ့ ရှားပါး ဆေးစွမ်းကောင်းတွေလိုပဲပေါ့။ အခုသုံးရင်တော့ ဝိညာဉ်သန့်စင်ခြင်း အဆင့်ကနေ ရွှေအမြုတေအဆင့်ကို ရောက်သွားမှာပေါ့။ ဒါပေမဲ့ ကောင်းကင်ဘုံ အဆင့် ရောက်မှ သုံးရင်တော့ အဆင့်တက်ဖို့ စွမ်းအင် အဆပေါင်းများစွာ လိုအပ်တဲ့ သူတော်စင် အဆင့်ကို တစ်ခါတည်း ရောက်သွားနိုင်မှာပေါ့" လုံချန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်၏။

သူက ဆက်ပြောသည်။ "စောစောစီးစီး သုံးလိုက်တာက တကယ့်ကို ဖြုန်းတီးရာ ရောက်နေသလိုပဲ"

"ဒါပေမဲ့ နင်က ဒီကမ္ဘာကနေ ထွက်သွားချင်တယ်ဆိုရင်တော့ ဒါက လိုအပ်တာပဲလေ။ ဒါမှမဟုတ် နင် သူတော်စင်အဆင့် ရောက်တဲ့အထိ စောင့်မလား။ အဲဒီအချိန်ကျရင်တော့ ကမ္ဘာတွေကြားက အတားအဆီးတွေကို အလွယ်တကူ ဖြတ်ကျော်နိုင်မှာပါ" ရွှင်းက ပြန်ဖြေ၏။

"ငါ့မှာ အဲဒီလောက် အချိန်မရှိဘူး။ အဲဒါကပဲ ပြဿနာပဲ" လုံချန်းက ခေါင်းယမ်းရင်း ဆိုလိုက်သည်။

"ဘာပဲဖြစ်ဖြစ်... ငါ့ရဲ့ ဟင်းလင်းပြင်နိယာမကို အဆင့်မြှင့်ဖို့အတွက် ဒီအဆင့်တက်မှုက လိုအပ်နေတာပဲ။ မဟုတ်ရင် မင်းသားဆီက အမှတ်အသားကို ရအောင်ယူပြီးရင်တောင် သူတော်စင်ဘုရင်ရဲ့ ဂူသင်္ချိုင်းဆီ ပြန်ရောက်ဖို့ လနဲ့ချီပြီး ခရီးနှင်ရဦးမှာ။ အခုလုပ်လိုက်တာက နောက်မှလုပ်တာထက်စာရင် ပိုပြီးတော့ အကျိုးရှိမယ်။ ငါ့မှာလည်း အခု စွမ်းအားတွေ ပိုလိုအပ်နေတာပဲလေ။ ဖြုန်းတီးရာ ရောက်တယ်ဆိုပေမဲ့ ဒါက တွက်ချက်ပြီးသား ဖြုန်းတီးမှုပါပဲ" သူက ဆက်ပြောသည်။

"အတိအကျပါပဲ။ နင် အခု ဒါကို လိုအပ်နေတာလေ။ အဲဒါကြောင့် သုံးလိုက်ပါ။ ဒီအဆင့် နှစ်ဆင့်ကိုပဲ လုပ်ဖို့ လိုတာပါ။ ဒါဆိုရင် နင်က အရင်ကထက် အဆပေါင်းများစွာ ပိုပြီး သန်မာလာလိမ့်မယ်"

"ဟုတ်..."

လုံချန်းက ပြန်ဖြေမည့်အချိန်မှာပင် ရေချိုးခန်းတံခါး ပွင့်လာသံကို ကြားလိုက်ရ၏။

"နင် တစ်ယောက်တည်း စကားပြောနေတာလား"

မင်လန်က ရေချိုးခန်းထဲကနေ ထွက်လာရင်း မေးလိုက်သည်။ သူမ၏ ကိုယ်ပေါ်တွင်မူ မည်သည့် အဝတ်အစားမျှ ရှိမနေချေ။

All Chapters