အခန်း (၂၆၆၁-၂၆၆၂)
Vol. 207 Ch. 2661-2662
အဆတစ်ရာစနစ် စာစဥ်(၂၀၇)
အခန်း(၂၆၆၁)
“အသက်ဆယ်ရှိုက်စာ အချိန်အတွင်းမှာ မင်းတို့တွေ ကိုယ့်ဘာသာကိုယ် အပြင်ထွက်မသွားဘူးဆိုရင် ငါ့ကိုရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”
ကျန်းချန်က ကျင်းရှောင် တို့ကို ခပ်ပြတ်ပြတ်ပင် ပြောလိုက်ပြီး မျက်လုံးများကို ပြန်မှိတ်ထားလိုက်သည်။
ကျန်းချန် အတွက်မူ ကောင်းကင်နတ်ဘုရားအဆင့် လူငယ်တစ်စုသည် မြေပြင်ပေါ်မှ ပုရွက်ဆိတ်များနှင့် မခြားနားပေ။
လက်ချောင်းလေး တစ်ချောင်းကို အသာအယာ လှုပ်ရှားလိုက်ရုံဖြင့်ပင် ချက်ချင်း အမှုန့်ချေပစ်နိုင်၏။
သာမန်အချိန်များတွင်သာ ကျင်းရှောင်တို့ လူစုက သူ့ရှေ့တွင် ဤသို့ လာရောက် ရမ်းကားလျှင် ၎င်းတို့အားလုံးသည် အေးစက်သော အလောင်းများ ဖြစ်နေလောက်ချေပြီ။
သို့သော် ယခုအခါ စန်းလန်သူတော်စင်ဂိုဏ်းတွင် ကျန်းချန်သည် မိုဖန်ထံမှ စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် သတင်းကို စောင့်ဆိုင်းနေချင်သဖြင့် ပြဿနာမဖြစ်လိုသောကြောင့် ဘာမှမလုပ်ဘဲ နေခြင်း ဖြစ်သည်။
အကယ်၍ ထိုပုရွက်ဆိတ်များက သေလမ်းရှာနေကြမည် ဆိုလျှင် သူက ညှာတာနိုင်တော့မည် မဟုတ်ချေ။
ကျန်းချန်က သူတို့ကို လုံးဝ အရေးမစိုက်သည်အား မြင်လျှင် ကျောက်မန် ပို၍ ဒေါသထွက်လာခဲ့သည်။
“ဟေ့ကောင် စန်းလန်သူတော်စင်ဂိုဏ်းရဲ့အပြင်စည်းမှာ ငါ့ကို မျက်စိထဲမထည့်ရဲတာ မင်း ပထမဆုံးပဲ”
“မင်းမှာ အသက်ငါးရှိုက်စာ အချိန်ကျန်သေးတယ်”
ကျန်းချန်က ကျောက်မန်၏ စကားကို လုံးဝ လျစ်လျူရှုလိုက်ပြီး မျက်လုံးပင် ဖွင့်မကြည့်ခဲ့ပေ။
“ဟမ့် မင်းက သတ္တိရှိသားပဲ.. ဒီလိုဆိုမှတော့ စန်းလန်သူတော်စင်ဂိုဏ်းရဲ့ အပြင်စည်းမှာ ကျောက်မန်ကို စော်ကားမိရင် ဘယ်လိုအကျိုးဆက်တွေ ရင်ဆိုင်ရမလဲ ဆိုတာ မင်းသိအောင် လုပ်ပေးရတော့မှာပဲ”
ကျောက်မန်၏ ခန္ဓာကိုယ်ကနေ အေးစက်စက် အရှိန်အဝါများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“သူ့ရဲ့ ခြေ၊လက်တွေကို ချိုးပစ်လိုက်”
ကျောက်မန်၏ စကားဆုံးသည်နှင့် သူ၏ နောက်လိုက်နှစ်ဦးသည် ကျန်းချန် ထံသို့ လူသတ်ငွေ့လွှမ်းသော အရှိန်အဝါဖြင့် ပြေးဝင်သွားကြသည်။
“ထွက်သွားစမ်း”
ကျန်းချန်က တင်ပျဥ်ခွေ၍ ထိုင်နေရာကနေ နှုတ်မှ အေးစက်စက် ရေရွတ်လိုက်သည်။
ထိုခဏမှာပင် ကျန်းချန်ထံ ပြေးဝင်လာသော စန်းလန်သူတော်စင်ဂိုဏ်းမှ တပည့်နှစ်ဦးသည် ပြင်းထန်သော ရိုက်ခတ်မှု တစ်ခုကို ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးများ အန်ထုတ်လိုက်ရကာ ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် အခန်း အပြင်ဘက်သို့ လွင့်ထွက်သွားခဲ့ကြသည်။
ဤမြင်ကွင်းကိုမြင်လျှင် ကျောက်မန်နှင့် ကျင်းရှောင် တို့သည် မျက်နှာပျက်သွားခဲ့ကြ၏။
အစောပိုင်းက တိုက်ခိုက်ခံလိုက်ရသော တပည့်နှစ်ဦးသည် စန်းလန်သူတော်စင်ဂိုဏ်း၏ အပြင်စည်းမှ ဝါရင့် တပည့်ဟောင်းများ ဖြစ်ကြသည်။
သူတို့က ပါရမီ မထူးချွန်သော်လည်း စန်းလန်သူတော်စင်ဂိုဏ်းတွင် နှစ်အတော်ကြာ ကျင့်ကြံခဲ့သည် ဖြစ်၍ ကောင်းကင်နတ်ဘုရား တတိယအဆင့် နှင့် စတုတ္ထအဆင့် ကျင့်ကြံသူများ ဖြစ်လာကြသည်။
ယခုအခါတွင်မူ ထိုလူသည် စကားတစ်ခွန်းကို ရေရွတ်လိုက်ရုံဖြင့်ပင် ကောင်းကင်နတ်ဘုရား တတိယအဆင့်နှင့် စတုတ္ထအဆင့် ကျင့်ကြံသူများကို ဒဏ်ရာအပြင်းအထန် ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်။
စန်းလန်သူတော်စင်ဂိုဏ်း၏ အပြင်စည်းမှ ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ရှိ တပည့်ပင်လျှင် ဤကဲ့သို့ လုပ်ဆောင်ရန် ခက်ခဲမည် ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရလျှင် သူတို့ရှေ့မှ လူငယ်သည် အနည်းဆုံး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်နေလောက်၏။
ကျောက်မန်က ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
“ငါ မင်းကို အထင်သေးမိသွားပြီထင်တယ်.. မင်းမှာ ဒီလိုခွန်အားမျိုး ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
စန်းလန်သူတော်စင်ဂိုဏ်း၏ အပြင်စည်းမှ တပည့်များသည် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်သည်နှင့် အတွင်းစည်းတပည့် အဖြစ် သတ်မှတ်ခံရလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် စန်းလန်သူတော်စင်ဂိုဏ်း၏ အပြင်စည်းတွင် အသန်မာဆုံး ကျင့်ကြံသူများမှာ ကျောက်မန် အပါအဝင် နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် ကျင့်ကြံသူ သုံးဦးသာ ရှိသည်။
ထိုသုံးဦးမှ လွဲလျှင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်သည် စန်းလန်သူတော်စင်ဂိုဏ်း၏ အပြင်စည်းတွင် အသန်မာဆုံးဟု ဆို၍ ရသည်။
စန်းလန်သူတော်စင်ဂိုဏ်း ထဲသို့ ယခုမှ ဝင်ရောက်လာသော ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။
“ဒီကောင်က တော်တော် သန်မာတာပဲ”
ကျင်းရှောင်၏ စိတ်ထဲတွင် တုန်လှုပ်နေသော်လည်း သူ့ကိုယ်သူ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် သူက သတိကြီးစွာ ထားခဲ့ပြီး တိုက်ရိုက် သွားမတိုက်ခဲ့ဘဲ အပြင်စည်းမှ နယ်မြေနတ်ဘုရားတစ်ပိုင်းအဆင့် ကျောက်မန်ကို အကူအညီတောင်းခဲ့သည်။
သို့မဟုတ်လျှင် သူ့အနေဖြင့် ကျန်းချန်၏ လက်ထဲတွင် သေဆုံးသွားလောက်ချေပြီ။
“အချိန်စေ့သွားပြီ.. မင်းတို့ အပြင်ကို မထွက်သွားချင်ဘူး ဆိုမှတော့ ငါကိုယ်တိုင်ပဲ မင်းတို့ကို အပြင်ပို့ပေးရမှာပေါ့”
ကျန်းချန်က အေးစက်စက် ရေရွတ်ပြီးသည်နှင့် သူ၏ လက်တစ်ဖက်ကို မြှောက်ကာ အသာအယာ ဝှေ့ယမ်းလိုက်သည်။
“ဝုန်း..”
ကျောက်မန်တို့က တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ကြောက်မက်ဖွယ် လက်ဝါးစွမ်းအား၏ ရိုက်ခတ်မှုကို ခံလိုက်ရကာ အခန်းအပြင်သို့ အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားခဲ့ကြသည်။
“ဝေ့ါ”
ကျောက်မန်က သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို အသေအလဲ ထိန်းချုပ်လိုက်ရသည့် အပြင် ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ရသည်။
သူက ကျန်းချန် ရှိနေသည့် အခန်းကို လှမ်းကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
လူသစ်တစ်ယောက်က ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော အင်အားမျိူး ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူ၏ နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် အင်အားဖြင့်ပင် မည်သည့် ခုခံမှုကိုမှ မပြုလုပ်နိုင်ခဲ့ဘဲ တစ်ဖက်လူ၏ လက်ဝါးစွမ်းအားကြောင့် လွင့်ထက်သွားခဲ့ရသည်။
နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူများသာလျှင် ဤကဲ့သို့ လုပ်ဆောင်နိုင်မည်ဖြစ်သည်။
သို့ဆိုလျှင် အတွင်းထဲမှ လူငယ်သည် နယ်မြေနတ်ဘုရားအဆင့် ပါရမီရှင် တစ်ယောက် ဖြစ်နေပါသလော။
သို့သော်လည်း နယ်မြေနတ်ဘုရားအဆင့် ပါရမီရှင်သည် အတွင်းစည်းကို တိုက်ရိုက် ဝင်ရောက်နိုင်သည်ဖြစ်ရာ အဘယ်ကြောင့် စန်းလန်သူတော်စင်ဂိုဏ်း၏ အပြင်စည်းတပည့် လာလုပ်နေရပါသနည်း။
“အစ်ကိုကျောက်.. ဒီကောင်က နယ်မြေနတ်ဘုရား အဆင့် ကျင့်ကြံသူ ဆိုတာ သိသာနေတာပဲ.. ဒီအဆင့်ကျင့်ကြံမှုနဲ့ စန်းလန်သူတော်စင်ဂိုဏ်းရဲ့ အပြင်စည်းမှာ ရောနှောပုန်းအောင်းနေပုံထောက်ရင် မရိုးသားတာ သေချာတယ်.. ဒီကိစ္စကို အကြီးအကဲဆီ အမြန်ဆုံး သွားတိုင်ကြရအောင်”
ကျင်းရှောင်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်ပြီးနောက် အေးစက်စက် ပြောလိုက်သည်။
“သွားကြစို့”
ကျောက်မန်၏ မျက်ဝန်းများက တဖျပ်ဖျပ် လင်းလက်သွားခဲ့သည်။
ယင်းနောက်တွင် သူ၏လူများကို ခေါ်ဆောင်ကာ ကျန်းချန်၏ နေအိမ်ကနေ ထွက်ခွာသွားခဲ့၏။
“ပြဿနာပဲ.. စန်းလန်သူတော်စင်ဂိုဏ်းထဲမှာ ဆက်လက်ပုန်းအောင်းနေဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်.. မိုဖန်လည်း သတင်း စုံစမ်းလို့ရရဲ့လား မသိဘူး”
ကျန်းချန်က သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး ကျောက်မန်တို့ ထွက်ခွာသွားသော ဘက်ဆီသို့ လှမ်းကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကျန်းချန် ညည်းတွားနေသည်ကို ကြားလိုက်ရသကဲ့သို့ပင် ကျောက်မန်တို့ ထွက်သွားပြီး သိပ်မကြာမီမှာပင် အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော မိုဖန်သည် ကျန်းချန်ဆီသို့ ရောက်ရှိလာခဲ့သည်။
“ညီနောင်ကျန်းချန် ဘယ်လိုဖြစ်ရတာလဲ.. ကျင်းရှောင်ဆိုတဲ့ကောင်က သူ့လူတွေနဲ့ အတူ ညီနောင်ကျန်းချန်ကို ပြဿနာလာရှာတာလား”
ကျန်းချန်၏ အခန်းထဲမှ ခြေရာလက်ရာများကို မြင်လိုက်ရလျှင် မိုဖန် မျက်နှာပျက်သွားခဲ့သည်။
“ထားလိုက်ပါ.. ဒါက ကိစ္စအသေးအဖွဲလေးပါ.. ငါ့အတွက် ဘာမှ အရေးမပါဘူး”
ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ တိုက်ရိုက်ပင် မေးလိုက်သည်။
“ဒီနေ့ ငါ့ကို လာတွေ့တာ တစ်ခုခု ရှာတွေ့ခဲ့လို့လား”
မိုဖန်က ခေါင်းညိတ်ပြလိုက်သည်။
“မကြာသေးခင်က စန်းလန်သူတော်စင်ဂိုဏ်းရဲ့ ရှေးဟောင်း ကျမ်းစာအားလုံးကို လေ့လာကြည့်ခဲ့တယ်.. ရှေးဟောင်းကျမ်းစာ တချို့မှာ စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်နဲ့ပတ်သက်ပြီး မှတ်တမ်းတချို့ကို တွေ့ခဲ့ရတယ်”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့သည်။
“ပြောပါဦး”
“ရှေးဟောင်းကျမ်းစာထဲက မှတ်တမ်းတွေအရ ဆိုရင် စန်းလန်သူတော်စင်ဂိုဏ်းက စန်းလန်စကြဝဠာကို မအုပ်စိုးခင် ခေတ်တစ်ခုမှာ ထူးခြားတဲ့ အင်အားစုတစ်စု စန်းလန်စကြဝဠာထဲမှာ ပေါ်ပေါက်ခဲ့ဖူးတယ်.. အဲဒီ အင်အားစုက စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ အဆုံးသတ်မှာ အရေးနိမ့်သွားခဲ့တယ်.. ကောင်းကင်လမ်းစဥ်လည်း ဒဏ်ရာရရှိသွားခဲ့တယ်.. အဲဒီအချိန်မှာ စန်းလန်သူတော်စင်ဂိုဏ်းရဲ့ တည်ထောင်သူ စန်းလန်ဘိုးဘေးက စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်နဲ့ မတော်တဆ ဆုံတွေ့ခဲ့ပြီး ဒဏ်ရာရနေတဲ့ ကောင်းကင်လမ်းစဥ် ဆီကနေ သဘောတူညီချက် တစ်ခုကို ရယူနိုင်ခဲ့တယ်.. အဲဒီ နောက်ပိုင်းမှာ စန်းလန်ဘိုးဘေးက စန်းလန်သူတော်စင်ဂိုဏ်းကို တည်ထောင်ခဲ့တာပဲ.. ဂိုဏ်းကို တည်ထောင်ပြီး သိပ်မကြာခင်မှာ စန်းလန်စကြဝဠာကို လွှမ်းမိုးနိုင်တဲ့ နံပါတ်တစ် ဂိုဏ်းကြီး ဖြစ်လာခဲ့တယ်”
မိုဖန်က သူရှာတွေ့ထားသည့် သတင်း အချက်အလက်များကို မထိန်ချန်ဘဲ ပြောပြခဲ့သည်။
ကျန်းချန်၏ မျက်ဝန်းထဲတွင် စိတ်ဝင်စားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
စန်းလန်သူတော်စင်ဂိုဏ်း၏ တည်ထောင်သူ စန်းလန်ဘိုးဘေးနှင့် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်တို့ တွေ့ဆုံမှုရှိခဲ့သည်ဆိုလျှင် စန်းလန် သူတော်စင်ဂိုဏ်း အနေဖြင့် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် တည်နေရာကို သိရှိနိုင်ခြေ အလွန်ပင် မြင့်မားသည် မဟုတ်ပါလား။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး မိုဖန်ကို ကြည့်ကာ မေးလိုက်သည်။
“နောက်ထပ် သတင်းအချက်အလက်ရော ရှိသေးလား”
“ရှိတယ်”
မိုဖန်က ခေါင်းညိတ်၍ ပြောလိုက်သည်။
“စန်းလန်သူတော်စင်ဂိုဏ်းကို တည်ထောင်ခဲ့ပြီးတဲ့နောက်မှာ အင်မော်တယ်အဆင့်ကို ထိုးဖောက်ပြီး အင်မော်တယ်လောကကို တက်လှမ်းသွားနိုင်တဲ့ အင်မော်တယ်တွေ ပေါ်ထွက်ခဲ့တယ်.. သူတို့က အင်မော်တယ်အဆင့်ကို မထိုးဖောက်မီ စန်းလန်နယ်မြေ ထဲက နေရာ တစ်နေရာကို ထွက်သွားကြလေ့ရှိတယ်.. ဒါပေမဲ့ အဲဒီနေရာက ဘယ်နေရာလဲ ဆိုတာတော့ မှတ်တမ်းထဲမှာ မရှိဘူး”
အခန်း(၂၆၆၁)ပြီး၏။
အခန်း(၂၆၆၂)
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းချန်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
စန်းလန်သူတော်စင်ဂိုဏ်းသည် စန်းလန်စကြဝဠာ၏ နံပါတ်တစ် အင်အားစုကြီး ဖြစ်သည်။
သို့သော်လည်း ပုံမှန်အားဖြင့် အလွန်တရာ ကျယ်ဝန်းသည့် စန်းလန် စကြဝဠာ အတွင်း၌ စန်းလန်သူတော်စင်ဂိုဏ်း တစ်ဂိုဏ်းတည်း သာလျှင် အင်မော်တယ်များကို မွေးဖွားပေးနိုင်သည် ဆိုသည်မှာ လုံးဝ အဓိပ္ပာယ်မရှိပေ။
ထို့ကြောင့် ဤကိစ္စသည် စန်းလန်ဘိုးဘေးနှင့် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်တို့ ကြားမှ သဘောတူညီချက်နှင့် ဆက်စပ်နေမည်မှာ ထင်ရှားနေခ့သည်။
ထို့အပြင် အင်မော်တယ်လောကသို့ တက်လှမ်းသွားသည့် စန်းလန်သူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူများသည် အဆင့်မတက်မီ တစ်နေရာသို့ ထွက်ခွာသွားကြသည် ဖြစ်ရာ ၎င်းတို့သည် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို သွားရောက် ရှာဖွေခဲ့ခြင်း ဖြစ်ဖို့များသည်။
ဆိုရလျှင် စန်းလန်သူတော်စင်ဂိုဏ်း၏ ဘိုးဘေးများ အဆင့်မတက်မီ သွားရောက်ခဲ့သော နေရာသည် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် ရှိသော နေရာ ဖြစ်နိုင်ပေသည်။
သို့သော်လည်း ထိုနေရာက မည်သည့် နေရာတွင် ရှိနေပါသနည်း။
သူ့အထင် စန်းလန်သူတော်စင်ဂိုဏ်း တစ်ဂိုဏ်းလုံးတွင် လူအနည်းငယ်မျှသာ ထိုနေရာကို သိရှိနိုင်လောက်၏။
“ညီနောင်ကျန်းချန်.. ကျွန်တော် ဒီကိုမလာခင်က ကျွန်တော့်ဆရာကို မေးကြည့်ခဲ့သေးတယ်.. ဆရာက ဘာမှမပြောခဲ့ပေမဲ့ အဲဒီနေရာကို သိနေလိမ့်မယ်လို့ ကျွန်တော်ထင်တယ်.. ဒါမှမဟုတ်ရင် ညီနောင်ကျန်းချန်ကို ဆရာနဲ့ တွေ့ပေးရမလား”
ကျန်းချန် အတွေးနက်နေစဥ်မှာပင် မိုဖန်၏ စကားသံက ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“သွားဖို့ မလိုတော့ဘူးထင်တယ်.. မင်းရဲ့ဆရာ ရောက်လာပြီ”
ကျန်းချန်၏ စကားအဆုံးမှာပင် အနည်းငယ် ခါးကိုင်းနေသော အဘိုးအို တစ်ဦး၏ ပုံရိပ်သည် မိုဖန်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
“အုပ်စိုးသူ အထွတ်အထိပ် အဆင့်”
ရုတ်တရက် ပေါ်ထွက်လာသော အဘိုးအိုကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ဤကာလအတွင်း ကျန်းချန်သည် စန်းလန်သူတော်စင်ဂိုဏ်းအတွင်း၌ အုပ်စိုးသူအထွတ်အထိပ်အဆင့် အရှိန်အဝါ နှစ်ခုကို အာရုံခံမိခဲ့သည်။
ထိုအရှိန်အဝါ နှစ်ခုအနက် တစ်ခုမှာ စန်းလန်သူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ် စန်းယွင်ဟိုင် ဖြစ်ပြီး နောက်တစ်ခုမှာ သူ့ရှေ့မှ အဘိုးအို ဖြစ်နိုင်လောက်၏။
“ငါ အဘိုးကြီး ရောက်နေတာကိုတောင် သိနေတယ် ဆိုတော့ မင်းက တကယ်ကို သာမန် မဟုတ်ဘူးပဲ”
ကျန်းချန်က အဘိုးအိုကို အကဲခတ်နေသကဲ့သို့ပင် အဘိုးအိုကလည်း ကျန်းချန်ကို အကဲခတ်နေခဲ့သည်။
အဘိုးအို၏ အိုမင်းနေသော မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။
အဘိုးအိုကိုမြင်လျှင် မိုဖန်က တအံ့တဩ ပြောလိုက်သည်။
“ဆရာ.. ဆရာက ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ”
“မင်း စန်းလန်သူတော်စင်ဂိုဏ်းကို ဝင်ရောက်တဲ့နေ့မှာပဲ မင်းဆီကနေ မင်းနဲ့ မသက်ဆိုင်တဲ့ အင်အားတစ်ခုရဲ့ သဲလွန်စကို ငါခံစားမိခဲ့တယ်”
အဘိုးအိုက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“မကြာသေးခင်က မင်းရှေးဟောင်းကျမ်းစာတွေ ဖတ်ပြီး စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရှာနေခဲ့တယ်.. ဒါ့အပြင် စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ် တည်နေရာကို ငါ့ကို မေးနေမှတော့ ငါက သဲလွန်စကို မမြင်ဘဲ နေပါ့မလား”
မိုဖန်က အလျင်အမြန်ပင် ပြောလိုက်သည်။
“ဆရာ.. စန်းလန်သူတော်စင်ဂိုဏ်းကို ညီနောင်ကျန်းချန် လာတာက စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ် တည်နေရာကို စုံစမ်းရုံတင်ပါ.. တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး”
အဘိုးအိုက မိုဖန်၏ စကားကို လျစ်လျူရှုလိုက်ပြီး ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
“ငါ့နာမည်က စန်းယာ.. မင်း ဘယ်သူလဲဆိုတာ သိပါရစေ”
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အထောက်အထားကို အကဲမဖြတ်နိုင်ရုံသာမက ထိုလူငယ်ထံကနေ အလွန်တရာ အန္တရာယ်ရှိသည့် အရှိန်အဝါတစ်ခုကို မရေမရာ ခံစားမိခဲ့သည်။
ထို့ကြောင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အုပ်စိုးသူ အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ဦး ဆိုသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ဤမျှ ငယ်ရွယ်သော အုပ်စိုးသူ အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်မျိုးကို အဘိုးအိုစန်းယာ၏ တစ်သက်တာတွင် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်၏။
“ကျုပ်က နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ် ကျန်းချန်ပါ”
စန်းလန်သူတော်စင်ဂိုဏ်းမှ အုပ်စိုးသူ အထွတ်အထိပ် အဆင့်ကျင့်ကြံသူ ကိုယ်တိုင် ရောက်ရှိလာပြီ ဖြစ်ရာ ကျန်းချန်သည် ဆက်လက် ဖုံးကွယ်ထားရန် မလိုအပ်တော့၍ သူ၏ အထောက်အထားကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။
အကြီးအကဲစန်းယာက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
“မင်းက နတ်ဘုရားနယ်မြေက လူသားဧကရာဇ် ကျန်းချန်လား”
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က စန်းလန်သူတော်စင်ဂိုဏ်းသည် ဘိုးဘေးများဆီမှ အင်မော်တယ်အမိန့်ကို လက်ခံရရှိခဲ့သည်။
ထိုအမိန့်အရ ထာဝရရှင်သန်ခြင်းနန်းတော်ကို ရှာဖွေရန် နတ်ဘုရားနယ်မြေကို စစ်ချီလာခဲ့သော်လည်း နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ် လက်ချက်ကြောင့် အပြင်းအထန် အထိနာခဲ့သည်။
ထိုတိုက်ပွဲတွင် သူ မပါဝင်ခဲ့သော်လည်း စန်းလန်သူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ် စန်းယွင်ဟိုင်သည် အုပ်စိုးသူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူဆယ်ဦးကျော်နှင့် အတူ သွားရောက်ခဲ့သည့်တိုင် အရှုံးဖြင့်သာ ပြန်ဆုတ်ခဲ့ရသည်။
သူ သိထားသလောက် ဆိုလျှင် ဂိုဏ်းချုပ်စန်းယွင်ဟိုင်သည် ထိုစစ်ပွဲတွင် အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို အသုံးပြုပြီး အင်မော်တယ်လောကမှ ဘိုးဘေးကို ဆင့်ခေါ်ခဲ့သော်လည်း ဘိုးဘေး၏ကိုယ်ပွားသည် ကျန်းချန်၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့သည်။
ဆိုရလျှင် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အုပ်စိုးသူ အထွတ်အထိပ်အဆင့်ကိုပင် ကျော်လွန်နေပြီး အဆင့်နိမ့် စကြဝဠာတွင် ပြိုင်ဘက်ကင်း ဖြစ်နေပေပြီ။
ထိုကဲ့သို့ အနှိုင်းမဲ့ အစွမ်းထက်သည့် ပုဂ္ဂိုလ်က သူတို့ စန်းလန်သူတော်စင်ဂိုဏ်းသို့ ရောက်လာလိမ့်မည်ဟု အဘိုးအိုစန်းယာ လုံးဝ ထင်မထားခဲ့ပေ။
“ကျန်းချန်.. အဲဒီတုန်းက စန်းလန်သူတော်စင်ဂိုဏ်းက အထက်အမိန့်အရ ထာဝရရှင်သန်ခြင်းနန်းတော်ကို ရှာဖွေဖို့အတွက် နတ်ဘုရားနယ်မြေကို စစ်ချီခဲ့ကြတာပါ.. အခု ထာဝရအင်မော်တယ်နန်းတော်က နတ်ဘုရားနယ်မြေမှာ မရှိတော့တဲ့ အတွက် ငါတို့ စန်းလန်သူတော်စင်ဂိုဏ်းနဲ့ နတ်ဘုရားနယ်မြေ ကြားက အာဃာတတွေကို အဆုံးသတ်သင့်ပြီ ထင်တယ်”
အဘိုးအိုစန်းယာက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
ဤလူငယ်သည် အလွန်တရာပင် အစွမ်းထက်ပြီး ဘိုးဘေး၏ ကိုယ်ပွားကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။
သူနှင့် စန်းယွင်ဟိုင် ပူးပေါင်းလျှင်ပင် လူသားဧကရာဇ်၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
အကယ်၍ သူတို့ စန်းလန် သူတော်စင်ဂိုဏ်းက ကျန်းချန်ကို အမှန်တကယ် ကိုင်တွယ်နိုင်ခဲ့လျှင်ပင် သူတို့ စန်းလန်သူတော်စင်ဂိုဏ်း၏ အင်အားသည် အကြီးအကျယ် ထိခိုက်သွားပေလိမ့်မည်။
“စိတ်မပူပါနဲ့.. ကျုပ် စန်းလန်စကြဝဠာကို ရောက်လာတာက စန်းလန်သူတော်စင်ဂိုဏ်းကို ဒုက္ခပေးဖို့ မဟုတ်ပါဘူး”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
“အကြီးအကဲ အနေနဲ့လည်း ကျုပ်တို့ နတ်ဘုရားနယ်မြေရဲ့ အခြေအနေကို ကြားဖူးမှာပါ.. ကျုပ် ဒီတစ်ခေါက် စန်းလန်စကြဝဠာရဲ့ကောင်းကင်လမ်းစဥ်ကို လာရှာတာက သူ့ရဲ့ အကူအညီကို ယူပြီး အင်မော်တယ်အဆင့်ကို ထိုးဖောက်ချင်ရုံ သက်သက်ပါပဲ”
သူက စန်းလန်သူတော်စင်ဂိုဏ်းမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူအချို့ကို သတ်ဖြတ်ခဲ့ပြီး ဂိုဏ်းချုပ်ကိုပင် ဒဏ်ရာအပြင်းအထန် ရရှိစေကာ စန်းလန်သူတော်စင်ဂိုဏ်း၏ ဘိုးဘေးကိုယ်ပွားကိုပင် သတ်ဖြတ်ခဲ့ဖူး၍ စန်းလန်သူတော်စင်ဂိုဏ်း အနေဖြင့် သူ့အပေါ်တွင် အလွန်အမင်း ရန်လိုလိမ့်မည်ဟု အစပိုင်းတွင် သူထင်ထားခဲ့သည်။
ထို့ကြောင့်လည်း သူ၏ အထောက်အထားကို အလွယ်တကူ မဖော်ပြခဲ့ခြင်းဖြစ်၏။
သို့သော်လည်း သူ မထင်ထားခဲ့သည်မှာ သူ့ရှေ့မှ အဘိုးအိုစန်းယာသည် သူ့ကို ရန်သူအဖြစ် သတ်မှတ်ချင်ပုံ မရခြင်းပင်။
စန်းလန်သူတော်စင်ဂိုဏ်း၏ သဘောထားကိုသာ ကြိုသိခဲ့လျှင် သူ့အနေဖြင့် စန်းလန်သူတော်စင်ဂိုဏ်းသို့ ပေါ်ပေါ်ထင်ထင် လာရောက်နိုင်သည် ဖြစ်ရာ အဘယ်ကြောင့် ဒုက္ခခံရပါဦးမည်နည်း။
“မင်းက စန်းလန်စကြဝဠာထဲမှာ အင်မော်တယ်အဆင့်ကို ထိုးဖောက်ပြီး အင်မော်တယ်လောကဆီ တက်လှမ်းချင်တာလား”
အဘိုးအိုစန်းယာက တစ်ခဏမျှ မှင်တက်သွားပြီးနောက်တွင် ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“ဒါဆိုရင်တော့ မင်းစိတ်ပျက်သွားရလိမ့်မယ် ထင်တယ်.. တကယ်တမ်း စန်းလန်စကြဝဠာကသာ အဆင့်ထိုးဖောက်လို့ရမယ် ဆိုရင် ငါ့အနေနဲ့ အုပ်စိုးသူအထွတ်အထိပ် အဆင့်မှာ ဒီလောက် နှစ်တွေအများကြီး သောင်တင်နေမှာ မဟုတ်ဘူး”
ထိုစကားကိုကြားလျှင် ကျန်းချန် မျက်မှောင်ခပ်တင်းတင်းကြုတ်သွားခဲ့သည်။
“အကြီးအကဲတို့.. စန်းလန်သူတော်စင်ဂိုဏ်းရဲ့ တည်ထောင်သူက စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်နဲ့ သဘောတူညီချက် ရယူထားခဲ့တယ် မဟုတ်လား.. ဘယ်လိုဖြစ်လို့ အကြီးအကဲတို့ စန်းလန်သူတော်စင်ဂိုဏ်းက လူတွေတောင် အဆင့်ထိုးဖောက်လို့ မရတာလဲ”
“အရင်တုန်းကတော့ စန်းလန်သူတော်စင်ဂိုဏ်းရဲ့ အုပ်စိုးသူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေက စန်းလန်သူတော်စင်ဂိုဏ်းရဲ့ ကောင်းကင်လမ်းစဥ် ရှိတဲ့နေရာကို သွားရောက်သရွေ့ အဆင့်ထိုးဖောက်ဖို့ အခွင့်အရေး အမှန်တကယ် ရှိခဲ့ပါတယ်”
အဘိုးအိုစန်းယာက လေးနက်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သန်းလောက်က စပြီး စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်က စန်းလန်သူတော်စင်ဂိုဏ်းရဲ့ ဘိုးဘေးနဲ့ သဘောတူညီချက်ကို တမင်တကာ ဖျက်သိမ်းလိုက်ပုံရတယ်.. စန်းလန်စကြဝဠာရဲ့ အုပ်စိုးသူအဆင့် ကျင့်ကြံသူတွေတောင် သူနေထိုင်တဲ့နေရာကို လုံးဝ ဝင်လို့ မရတော့ဘူး”
ထိုစကားကိုကြားလျှင် ကျန်းချန်က အတွေးနက်သွားခဲ့သည်။
စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်နှင့် စန်းလန်သူတော်စင်ဂိုဏ်း၏ တည်ထောင်သူ ဘိုးဘေးတို့ ဆုံတွေ့စဥ်က ကောင်းကင်လမ်းစဥ်သည် ဒဏ်ရာအပြင်းအထန် ရရှိထား၍ စန်းလန်ဘိုးဘေး တောင်းဆိုသည့် အခြေအနေများကို မတတ်သာဘဲ သဘောတူခဲ့ပုံ ရသည်။
ထို့ကြောင့် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် စန်းလန်ဘိုးဘေးနှင့် ထားရှိခဲ့သော သဘောတူညီချက်ကို ဆက်လက် အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်မရှိတော့ခြင်း ဖြစ်နိုင်လောက်၏။
ကျန်းချန်က တစ်ခဏမျှ စဥ်းစားပြီးနောက်တွင် အဘိုးအိုစန်းယာကို ကြည့်ကာ ပြောလိုက်သည်။
“အကြီးအကဲ.. ကျွန်တော့်ကို စန်းလန်စကြဝဠာရဲ့ကောင်းကင်လမ်းစဥ် ရှိတဲ့နေရာဆီ ခေါ်သွားပေးနိုင်မလား”
မည်သို့ပင်ဖြစ်စေ ကျန်းချန်သည် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် တည်ရှိသော နေရာကို သွားရန် ဆုံးဖြတ်လိုက်သည်။
သို့မဟုတ်လျှင် သူ့အနေဖြင့် စန်းလန်စကြဝဠာထက် ပိုမို၍ အင်အားကြီးမားသော ထျန်းယန် စကြဝဠာသို့ သွားရလိမ့်မည် မဟုတ်ပါလား။
ထျန်းယန်စကြဝဠာသည် ကြယ်ငါးပွင့်အဆင့် ဖြစ်၍ ထျန်းယန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ထက် ကိုင်တွယ်ရ ပိုခက်ခဲနိုင်ခြေ ရှိသည်။
“ကောင်းပါပြီ”
အကြီးအကဲစန်းယာ၏ မျက်ဝန်းထဲတွင် တောက်ပသောအလင်းတန်းများ လက်ခနဲ ဖြစ်သွားခဲ့သည်။
ယခုအခါ သူ၏ သက်တမ်းက သိပ်မကျန်တော့ပေ။
ကျန်းချန်၏ အင်အားသည် အုပ်စိုးသူ အထွတ်အထိပ်အဆင့်တွင် ပြိုင်ဘက်ကင်း ဖြစ်ရာ ဤတစ်ကြိမ်တွင် သူ့အနေဖြင့် ကျန်းချန်၏ အင်အားကို အသုံးချပြီး အဆင့်တက်ရန် အတွက် တိုက်ပွဲဝင်နိုင်ပေလိမ့်မည် မဟုတ်ပါလော။
အခန်း(၂၆၆၂)ပြီး၏။