← Chapters

အခန်း (၂၆၆၃-၂၆၆၄)

Vol. 207 Ch. 2663-2664

အခန်း (၂၆၆၃-၂၆၆၄)

Vol. 207 Ch. 2663-2664

အခန်း(၂၆၆၃)

ချင်းစန်းတောင်သည် စန်းလန်စကြဝဠာ၏ အသန်မာဆုံးနှင့် ရှေးအကျဆုံးဂိုဏ်း ဖြစ်သော ချင်းစန်းဂိုဏ်း တည်ရှိသော နေရာ ဖြစ်သည်။

စန်းလန်သူတော်စင်ဂိုဏ်း ထွန်းကားမလာမီက ချင်းစန်းဂိုဏ်းသည် စန်းလန်စကြဝဠာ၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်ခဲ့သည်။

သို့ရာတွင် ချင်းစန်းဂိုဏ်းသည် ကောင်းကင်လမ်းစဥ်ကို ထိန်းချုပ်ရန် ကြိုးပမ်းရာတွင် အဆင်မပြေဖြစ်ခဲ့ပြီး အဆုံးသတ်တွင် ကောင်းကင်လမ်းစဥ်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံခဲ့ရသည်။

နောက်ပိုင်းတွင် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်နှင့် စန်းလန်ဂိုဏ်း၏ တည်ထောင်သူ စန်းလန်ဘိုးဘေးတို့ ပူးပေါင်းခဲ့ပြီး ချင်းစန်းဂိုဏ်းကို အပြီးတိုင် ဖျက်ဆီးခဲ့ကြသည်။

ချင်းစန်းဂိုဏ်း ပျက်စီးသွားပြီးနောက်တွင် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် ချင်းစန်းတောင်ထဲတွင် ပုန်းအောင်းနေခဲ့ရာ ချင်းစန်းတောင်သည် ကောင်းကင်စကြဝဠာ၏ အန္တရာယ်ရှိသော တားမြစ်နယ်မြေတစ်ခု ဖြစ်လာခဲ့၏။

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်နှင့် သဘောတူညီချက် ရယူထားသော စန်းလန်သူတော်စင်ဂိုဏ်းမှ လွဲ၍ မည်သူကမှ ချင်းစန်းတောင်ထဲသို့ မဝင်ရောက်နိုင်ကြပေ။

သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းခန့်မှ စ၍ စန်းလန်သူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူများပင်လျှင် ချင်းစန်းတောင်ထဲကို မဝင်ရောက်နိုင်ကြတော့ချေ။

ထိုအတွက်ကြောင့်ပင် လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းအတွင်း စန်းလန်သူတော်စင်ဂိုဏ်းဝင် မည်သူကမျှ အင်မော်တယ်အဆင့်ကို ထိုးဖောက်ပြီး အင်မော်တယ်လောကကို အဆင့် မတက်လှမ်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။

ချင်းစန်းတောင်သည် ကောင်းကင်ယံကို ထိုးဖောက်နေသော နတ်ဓား ကဲ့သို့ အလွန်တရာပင် မြင့်မားပြီး တိမ်တိုက်များနှင့်မြူခိုးများက နတ်ဘုံနတ်နန်း ကဲ့သို့ ဝိုင်းရံနေခဲ့သည်။

“မိတ်ဆွေလေးကျန်းချန်.. ဒါက ချင်းစန်းတောင်ပဲ.. စန်းလန်စကြဝဠာရဲ့ကောင်းကင်လမ်းစဥ် ရှိနေတဲ့ နေရာပေါ့”

အဘိုးအိုစန်းယာက ချင်းစန်းတောင်ကို လေးနက်သောအမူအရာဖြင့် ကြည့်ကာ ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သန်းကစပြီး ချင်းစန်းတောင်မှာ အကာအကွယ် အစီအရင် တစ်ခု ပေါ်လာခဲ့တယ်.. အုပ်စိုးသူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေတောင် အဲဒီအကာအကွယ်အစီအရင်ကို မထိုးဖောက်နိုင်ကြဘူး”

“ကောင်းကင်လမ်းစဥ် အကာအကွယ်ပါလား”

ကျန်းချန်က သူ့ရှေ့မှ ချင်းစန်းတောင်ကို အကဲခတ်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူ၏ ခွန်အားဖြင့်ဆိုလျှင် ချင်းစန်းတောင်၏ အဝင်ဝမှ အကာအကွယ်ကို အာရုံခံမိရန် မခက်ခဲပေ။

ယင်းအပြင် ထိုအကာအကွယ်ကနေ ထွက်ပေါ်နေသော အရှိန်အဝါသည် သူ ယခင်က မြင်ဖူးခဲ့သည့် နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ် အရှိန်အဝါနှင့် ခပ်ရေးရေး ဆင်တူနေခဲ့သည်။

ထို့ကြောင့် ဤကာကွယ်အစီအရင်ကို စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်က ခင်းကျင်းထားသည်မှာ ထင်ရှားနေခဲ့၏။

“လူသားဧကရာဇ်ဓား.. ပိုင်းဖြတ်စမ်း”

ကျန်းချန်က လူသားဧကရာဇ်ဓားကို ဆင့်ခေါ်ကာ ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

သို့ရာတွင် သူ၏ ဓားချက်သည် ချင်းစန်းတောင်၏ ကောင်းကင်လမ်းစဥ် အကာအကွယ်နှင့် ထိတွေ့သွားသော်လည်း မည်သည့် စွမ်းအင်လှိုင်းဂယက်ကိုမှ မဖြစ်ပေါ်စေခဲ့ပေ။

ကျန်းချန်၏ လက်ရှိအင်အားဖြင့်ဆိုလျှင် သာမန် ဓားချက်တစ်ချက်ကို ထုတ်ဖော်သည့်တိုင် အုပ်စိုးသူအဆင့် ကျင့်ကြံသူများက ခုခံရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် ခင်းကျင်းထားသော ကောင်းကင်လမ်းစဥ် အကာအကွယ်သည် အမှန်တကယ်ပင် ထူးခြားနေခဲ့၏။

“မိတ်ဆွေလေးကျန်းချန်.. ဒီလိုလုပ်တာက အလကားပဲ.. ကောင်းကင်လမ်းစဥ်ရဲ့ စွမ်းအားက အရမ်းကို ဆန်းကြယ်လွန်းတယ်.. ငါတို့လို အုပ်စိုးသူ အထွတ်အထိပ်အဆင့် အင်အားလောက်က ဒီအကာအကွယ် အစီအရင်ကို မထိုးဖောက်နိုင်ပုံပဲ”

အဘိုးအိုစန်းယာက ခေါင်းခါရမ်း၍ ပြောလိုက်သည်။

အုပ်စိုးသူ အထွတ်အထိပ် အဆင့်သို့ ရောက်ကတည်းကပင် အဘိုးအိုစန်းယာသည် ဤနေရာသို့ တစ်ကြိမ်ထက်မက လာခဲ့ဖူးပြီး နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သော်လည်း ကာကွယ်ရေး အစီအရင်ကို မထိုးဖောက်နိုင်ခဲ့ပေ။

[အင်မော်တယ်ဓားသိုင်းနဲ့ စမ်းသပ်ကြည့်မယ်]

ကျန်းချန်၏ မျက်ဝန်းများက လက်ခနဲ ဖြစ်သွားခဲ့ပြီး အပြာရောင်ဧကရာဇ်သက်ရှည်ကျင့်စဥ်ကို လှုံ့ဆော်ကာ ချက်ချင်းပင် လူသားအဖြစ် ပြောင်းလဲစေသော ဓားကွက်ကို ထုတ်ဖော်လိုက်သည်။

သူ၏ ဓားချက်က ကောင်းကင်လမ်းစဥ် ခင်းကျင်းထားသော အကာအကွယ် အစီအရင် ပေါ်သို့ ချက်ချင်းဆိုသလို ကျရောက်သွားခဲ့ပြီး ထိုနေရာကနေ ဆန်းကြယ်သော စွမ်းအင်လှိုင်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုခဏဝယ် ကျန်းချန်သည် သူ၏ ဓားချက်ကြောင့် အကာအကွယ် အစီအရင်က များစွာ အားနည်းသွားသည်ကို ခံစားမိခဲ့သည်။

“ကြည့်ရတာ ကောင်းကင်လမ်းစဥ် အကာအကွယ်က အပြာရောင်ဧကရာဇ်ဓားသိုင်းရဲ့ စွမ်းအားကို ခံနိုင်ရည်မရှိပုံပဲ”

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ အပြာရောင်ဧကရာဇ် ဓားသိုင်းဖြင့် သူ့ရှေ့မှ အကာအကွယ် အစီအရင်ကို အားကုန် တိုက်ခိုက်လိုက်သည်။

“လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်”

“အချိန်က ဓားတစ်စင်း”

“အပြာရောင်ဧကရာဇ် ဓားကွက်”

ကျန်းချန်က အပြာရောင်ဧကရာဇ်ဓားသိုင်းမှ ဓားကွက်များကို ဆက်တိုက် ထုတ်ဖော်လိုက်ရာ ကောင်းကင်လမ်းစဥ် ခင်းကျင်းထားသည့် ကောင်းကင်လမ်းစဥ် အကာအကွယ် အစီအရင်သည် လုံးဝ ခံနိုင်ရည်မရှိတော့ဘဲ တိုက်ရိုက်ပင် ပေါက်ကွဲသွားခဲ့သည်။

“ကောင်းကင်လမ်းစဥ် အကာအကွယ်က ဒီလိုမျိုးပဲ ထိုးဖောက်ခံလိုက်ရပြီလား”

အဘိုးအိုစန်းယာသည် သူ့ရှေ့မှ မြင်ကွင်းကို မှင်တက်စွာကြည့်နေမိပြီး အချိန်အ‌တော်ကြာသည် အထိ အံ့ဩထိတ်လန့်မှုကနေ ရုန်းမထွက်နိုင် ဖြစ်နေခဲ့သည်။

ကောင်းကင်လမ်းစဥ် ကိုယ်တိုင် ခင်းကျင်းထားသည့် ကောင်းကင်လမ်းစဥ် အကာအကွယ်က မည်မျှ အစွမ်းထက်သည်ကို အဘိုးအိုစန်းယာသည် မည်သူ့ထက်မဆို ပို၍ သိထားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သန်း အတွင်း စန်းလန်ဂိုဏ်း၏ အုပ်စိုးသူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူ အများအပြားသည် ဤကောင်းကင်လမ်းစဥ် အကာအကွယ်ကို ချိုးဖျက်ရန် ကြိုးစားခဲ့သော်လည်းအဆုံးသတ်တွင် လက်လျှော့ခဲ့ကြရသည်။

သို့သော်လည်း သူ့ရှေ့မှ နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်ကမူ ဤမျှအထိ အလွယ်တကူ ချိုးဖြတ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျန်းချန်က အလွန်အမင်း အစွမ်းထက်ပြီး အင်မော်တယ်ကိုယ်ပွားကိုပင် သတ်ဖြတ်နိုင်သည်ကို အဘိုးအိုစန်းယာ သိထားသော်လည်း ချင်းစန်းတောင်၏ ကောင်းကင်လမ်းစဥ် အကာအကွယ် အစီအရင်ကို ဤမျှအထိ အလွယ်တကူ ချိုးဖျက်နိုင်လိမ့်မည်ဟုတော့ မထင်ခဲ့ချေ။

အဘိုးအိုစန်းယာက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင်စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

ယခုအခါတွင် ချင်းစန်းတောင်၏ ကောင်းကင်လမ်းစဥ် အကာအကွယ်က ပြိုကွဲသွားပြီ ဖြစ်ရာ ချင်းစန်းတောင်ထဲသို့ ဝင်ပြီး စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ရှာတွေ့သရွေ့ သူ့အနေဖြင့် အဆင့်တက်နိုင်မည့် မျှော်လင့်ချက် ရှိလာခဲ့ပြီ မဟုတ်ပါလား။

“သွားကြစို့.. ငါတို့ အထဲဝင်ကြရအောင်”

“ကောင်းကင်လမ်းစဥ်အကာအကွယ်ကို ချိုးဖျက်ပြီးနောက်တွင် ကျန်းချန်သည် အဘိုးအိုစန်းယာနှင့်အတူ ချင်းစန်းတောင် ထဲသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

ချင်းစန်းတောင်ထဲသို့ ဝင်လိုက်သည်နှင့် ကျန်းချန်သည် အခြားကမ္ဘာတစ်ခုထဲကို ခြေချလိုက်သကဲ့သို့ ပတ်ဝန်းကျင်က ချက်ချင်း ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်က နက်မှောင်နေပြီး ကောင်းကင်ယံက ရှုပ်ထွေးနေပုံရကာ ပတ်ဝန်းကျင် တစ်ခုလုံးသည် မီးခိုးရောင် သန်းနေခဲ့၏။

ကျန်းချန်နှင့် စန်းယာတို့၏ အင်အားဖြင့်ပင် ပေရာဂဏန်းအတွင်းရှိ အခြေအနေကိုသာ အာရုံခံနိုင်ကြသည်။

သို့သော်လည်း သူတို့နှစ်ဦးစလုံးက အုပ်စိုးသူ အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေကြသူများ ဖြစ်ရာ အဆင့်နိမ့်စကြဝဠာတွင် သူတို့ကို ကြောက်ရွံ့စေမည့် အရာ မရှိသဖြင့် ချင်းစန်းတောင်၏ အတွင်းဘက် ဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းလာခဲ့ကြသည်။

ယင်းအချိန်တွင် ပတ်ဝန်းကျင်မှ မြူခိုးများသည် တလိပ်လိပ် တက်လာပြီး ကျန်းချန်နှင့် စန်းယာတို့ ထံသို့ တိုးဝင်လာခဲ့ရာ သူတို့နှစ်ဦးသည် ခန္ဓာကိုယ်မှ အုပ်စိုးသူ အထွတ်အထိပ်အဆင့် အရှိန်အဝါကို ထုတ်လွှတ်၍ မြူခိုးများကို ဖယ်ရှားပစ်လိုက်သည်။

မြူခိုးများ ပျောက်ကွယ်သွားသော အချိန်တွင် လျှပ်စီးကဲ့သို့ မြန်ဆန်သော အနက်ရောင်အရိပ် တစ်ခုသည် အဘိုးအိုစန်းယာ ထံသို့ တိုက်ရိုက်ပင် တိုးဝင်လာခဲ့သည်။

အဘိုးအိုစန်းယာက သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် ရေခဲလက်ဖဝါး တစ်ဖက်သည် ကောင်းကင်ယံကနေ ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်အရိပ်ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။

ရုတ်တရက် ထွက်ပေါ်လာသော အနက်ရောင်အရိပ်မှာ ဆယ်ပေခန့် ရှည်လျားသည့် ခွေးပုံသဏ္ဌာန် သားရဲတစ်ကောင် ဖြစ်သည်။

ထိုသားရဲ၏ တစ်ကိုယ်လုံးက နက်မှောင်နေခဲ့ပြီး ခန္ဓာကိုယ်ပေါ်တွင် အကြေးခွံများရှိကာ အရှိန်အဝါကမူ အုပ်စိုးသူအဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်၏။

သားရဲက အဘိုးအိုစန်းယာ၏ လက်ဝါးရိုက်ချက်ကို ခံလိုက်ရသော်လည်း သေဆုံးခြင်းမရှိဘဲ မြေပြင်ပေါ်မှ ထရန် ရုန်းကန်နေခဲ့သည်။

“ဒါက ဖူထျန်းခွေးပဲ.. စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ် မွေးထားတဲ့ ထူးဆန်းတဲ့ သားရဲပေါ့.. ဖူထျန်းခွေးက ကြေးနီအရေပြားနဲ့ သံမဏိအရိုးတွေကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ်က အရမ်းမာကျောတယ်.. သူ့ရဲ့အင်အားက အုပ်စိုးသူအဆင့် ကျင့်ကြံသူတွေနဲ့ ယှဥ်နိုင်တယ်.. ငါတို့ စန်းလန်သူတော်စင်ဂိုဏ်းရဲ့ မှတ်တမ်းတွေအရတော့ စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်က ဖူထျန်းခွေး အုပ်စုတစ်စုကို ထိန်းချုပ်ထားပြီး အရေအတွက်က တစ်ရာထက် မနည်းလောက်ဘူး”

ဖူထျန်းခွေးကို ကြည့်ရင်း အဘိုးအို စန်းယာက ကျန်းချန်ကို ရှင်းပြလိုက်သည်။

ထို့နောက်တွင် သူက ဖူထျန်းခွေးကို လက်ဝါးရိုက်ချက်ဖြင့် သတ်ဖြတ်ပစ်လိုက်သည်။

သူ၏ အိုမင်းသောမျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ဖူထျန်းခွေး အကောင်တစ်ရာသည် အုပ်စိုးသူအဆင့် ကျင့်ကြံသူ အယောက်တစ်ရာနှင့် ညီမျှသည်။

အကယ်၍ ဖူထျန်းခွေးများသာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာခဲ့လျှင် အုပ်စိုးသူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်သော သူ့အနေဖြင့် အခက်တွေ့နိုင်ပေသည်။

“ပုရွက်ဆိတ် တစ်အုပ်သာသာပါပဲ.. မစိုးရိမ်ပါနဲ့.. ငါတို့ရှေ့ဆက်သွားကြစို့”

ကျန်းချန်က လုံးဝ ဂရုစိုက်မနေဘဲ အတွင်းဘက်သို့ ဆက်လက်၍ လျှောက်လှမ်းသွားခဲ့သည်။

အတွင်းထဲသို့ ရောက်လေလေ ပတ်ဝန်းကျင်ရှိ မြူခိုးများက ပိုမို ထူထပ်လေလေ ဖြစ်သည်။

မြူခိုးများက ကျန်းချန်တို့ထံ တိုးဝင်ရန် ကြိုးစားခဲ့ကြသော်လည်း အုပ်စိုးသူအဆင့် ဖြစ်သော ကျန်းချန်တို့ နှစ်ယောက်ကို မည်သည့် ထိခိုက်မှုမှ မပေးနိုင်ခဲ့ကြပေ။

သို့သော်လည်း သူတို့နှစ်ဦး ခပ်ဝေးဝေး မရောက်မီမှာပင် သူတို့ရှေ့ရှိ ဟင်းလင်းပြင်တွင် ရုတ်တရက် စွမ်းအင်လှိုင်း လှုပ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ရာချီသော အနက်ရောင်အရိပ်များသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် တိုက်ရိုက်ပေါ်လာခဲ့၏။

ထိုအနက်ရောင်အရိပ် ရာချီသည် အရွယ်အစား အမျိုးမျိုး ကွဲပြားသော်လည်း တစ်ကောင်ချင်းစီကမူ အဘိုးအိုစန်းယာ အစောပိုင်းက သတ်ဖြတ်ခဲ့သော ဖူထျန်းခွေးနှင့် ဆင်တူကြပြီး အများစုသည် အုပ်စိုးသူအဆင့်နှင့် နှိုင်းယှဥ်နိုင်သော အရှိန်အဝါများကို ပိုင်ဆိုင်ကြသည်။

၎င်းတို့ထဲမှ အသန်မာဆုံး ဖူထျန်းခွေးမှာ အုပ်စိုးသူနှောင်းပိုင်းအဆင့်နှင့်ပင် နှိုင်းယှဥ်၍ ရသည်။

သူတို့ရှေ့တွင် ပေါ်လာသည်မှာ စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် မွေးထားသော ဖူထျန်းခွေးအုပ်စု ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

အခန်း(၂၆၆၃)ပြီး၏။

အခန်း(၂၆၆၄)

“မိတ်ဆွေလေးကျန်းချန် သတိထားပါ.. ဒီဖူထျန်းခွေးအုပ်စုက သာမန်မဟုတ်ဘူး”

အဘိုးအိုစန်းယာက သူ၏ရှေ့မှ ဖူထျန်းခွေး အုပ်စုကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ ကျန်းချန်ကို ပြောလိုက်သည်။

“အဲဒီတုန်းက ချင်းစန်းဂိုဏ်းရဲ့ အုပ်စိုးသူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူ သုံးဦးက ဒီဖူထျန်းခွေးအုပ်စုရဲ့ လက်ထဲမှာ ကျဆုံးခဲ့တယ်လို့ ပြောကြတယ်”

ဖူထျန်းခွေး အုပ်စုသည် ချင်းစန်းဂိုဏ်း၏ အုပ်စိုးသူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူ သုံးဦးကိုပင် သတ်နိုင်သည်ဆိုလျှင် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်သည် အုပ်စိုးသူ အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူသုံးဦးထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာကောင်းသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။

ဤအတိုင်းဆိုလျှင် သူတို့နှစ်ဦးအတွက် ဖူထျန်းခွေး အုပ်စုကို ရင်ဆိုင်ဖို့ ဆိုသည်မှာ သေချာပေါက် လွယ်ကူသော ကိစ္စမဟုတ်ပေ။

“ဒီနေရာကို ရောက်လာတာက စန်းလန်စကြဝဠာရဲ့ကောင်းကင်လမ်းစဥ်နဲ့ တွေ့ဖို့အတွက်ပဲ.. ကောင်းကင်လမ်းစဥ်နဲ့ တွေ့ရဖို့အတွက် ဖူထျန်းခွေး အကောင်တစ်ရာလောက် သတ်ရမယ် ဆိုရင်လည်း ကိစ္စမရှိဘူး.. တိုက်ခိုက်ကြစို့”

ကျန်းချန်က အေးစက်စက် ပြောလိုက်ပြီးနောက်တွင် သူ၏ ဓားကို ဖူထျန်းခွေး အုပ်စုထံ တိုက်ရိုက်ပင် ဝှေ့ယမ်းလိုက်သည်။

“တိုက်ကြစို့”

အဘိုးအိုစန်းယာကလည်း အံကြိတ်လိုက်ပြီး အုပ်စိုးသူအထွတ်အထိပ်အဆင့် စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

သူ၏ သက်တမ်းက သိပ်မကျန်တော့၍ အကယ်၍ သူသာ အင်မော်တယ်အဆင့်ကို မထိုးဖောက်နိုင်လျှင် သက်တမ်းစေ့သည်နှင့် သေဆုံးဖို့သာ ရှိတော့၏။

ယခု ကျန်းချန်က ချင်းစန်းတောင်၏ အကာအကွယ် အစီအရင်ကို ထိုးဖောက်ပြီး သူ့ကို ချင်းစန်းတောင် အတွင်းသို့ ခေါ်လာပေးခဲ့ပြီ ဖြစ်ရာ သူ့အနေဖြင့် တိုက်ပွဲဝင်ရုံသာ ရှိတော့သည် မဟုတ်ပါလား။

ကျန်းချန်၏ လူသားဧကရာဇ်ဓားပေါ်မှ ရွှေရောင်ဓားအလင်းသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီးနောက်တွင် ဓားစွမ်းအင် မိုးရေစက်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ဖူထျန်းခွေး အုပ်စုကို လွှမ်းခြုံသွားခဲ့သည်။

အဘိုးအိုစန်းယာ ထုတ်ဖော်လိုက်သော အေးစက်သည့် လေထုသည်လည်း ရေခဲလှိုင်းလုံးကြီးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဖူထျန်းခွေးအုပ်စု ထံသို့ တိုးဝင်သွားခဲ့သည်။

သူတို့ နှစ်ဦးလုံးက တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြပြီး ဖူထျန်းခွေး အုပ်စုကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်လာခဲ့၏။

ကျန်းချန်တို့နှစ်ဦး၏ ပြင်းထန်သော တိုက်ခိုက်မှုသည် ဖူထျန်းခွေးအုပ်စု၏ ပေတစ်ရာ အကွာအဝေးကိုပင် မချဥ်းကပ်နိုင်ခဲ့ဘဲ မမြင်ရသော စွမ်းအားတစ်ခုကြောင့် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“ဖူထျန်းခွေးတွေက တိုက်ခိုက်ရေး ဗျူဟာတွေကိုတောင် အသုံးပြုတတ်နေပါလား.. စိတ်ဝင်စားစရာပဲ”

ယခင်က ဖူထျန်းခွေး စစ်တပ်သည် ချင်းစန်းဂိုဏ်း၏ အုပ်စိုးသူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူသုံးဦးကို မည်ကဲ့သို့ သတ်ဖြတ်ခဲ့မှန်း ကျန်းချန် နားမလည်ခဲ့ပေ။

ဆိုရလျှင် သာမန် အုပ်စိုးသူအဆင့်နှင့် ယှဥ်လျှင် အုပ်စိုးသူအထွတ်အထိပ်အဆင့်သည် လုံးဝ ခြားနားသော အဆင့် ဖြစ်သည်။

ဖူထျန်းခွေး အ‌ကောင်တစ်ရာခန့် စုမိသွားလျှင် အုပ်စိုးသူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူကို ဒုက္ခပေးနိုင်ကောင်း ပေးနိုင်သော်လည်း သတ်ဖြတ်ရန်မှာမူ လွယ်ကူသောကိစ္စ မဟုတ်ပေ။

သို့သော် ယခု ဖူထျန်းခွေး အုပ်စုက သူ၏ တိုက်ခိုက်မှုကို တားဆီးရန် အတွက် တိုက်ခိုက်ရေးဗျူဟာကို အသုံးပြုနေသည်အား မြင်လိုက်ရလျှင် ကျန်းချန် ချက်ချင်းပင် နားလည်သွားခဲ့သည်။

ထိုအချိန်က ချင်းစန်းဂိုဏ်း၏ အုပ်စိုးသူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူသုံးဦးသည် ဖူထျန်းခွေးအုပ်စု၏ တိုက်ခိုက်ရေးဗျူဟာကြောင့်ပင် အသတ်ခံလိုက်ရခြင်း ဖြစ်နိုင်ပေသည်။

“မိတ်ဆွေလေးကျန်းချန်.. ငါတို့ အခုဘာဆက်လုပ်ကြမလဲ”

အဘိုးအိုစန်းယာက အလွန်အမင်း မျက်နှာပျက်ယွင်းနေခဲ့သည်။

အုပ်စိုးသူ အထွတ်အထိပ်အဆင့် ရောက်နေသည့် သူတို့နှစ်ဦးပူးပေါင်းလိုက်သည့်တိုင် ဖူထျန်းခွေး အုပ်စုကို ဘာမှမတတ်နိုင်ခဲ့၍ အဘိုးအိုစန်းယာသည် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့၏။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“သူခိုးကို ဖမ်းချင်ရင် ခေါင်းဆောင်ကို အရင်ဖမ်းရတယ်.. အုပ်စိုးသူ နှောင်းပိုင်းအဆင့်နဲ့ ညီမျှတဲ့ ဖူထျန်းခွေး ခေါင်းဆောင်ကို ရှင်းပစ်နိုင်မယ်ဆိုရင် သူတို့ရဲ့ တိုက်ခိုက်ရေးဗျူဟာက အလိုအလျောက် ပျက်ပြယ်သွားပါလိမ့်မယ်”

ထိုစကားကိုကြားလျှင် အဘိုးအိုစန်းယာက မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဒါက ပြောတော့လွယ်ပေမဲ့ လက်တွေ့ လုပ်ဆောင်ဖို့ မလွယ်ကူတဲ့ ကိစ္စပဲ”

ယခုအခါ ဖူထျန်းခွေး အုပ်စုသည် တိုက်ခိုက်ရေးဗျူဟာကို ခင်းကျင်းထားကြ၍ သူတို့၏ တိုက်ခိုက်မှုသည် ဖူထျန်းခွေး၏ ပေတစ်ရာ အကွာအဝေးကိုပင် မရောက်နိုင်ပေ။

သို့ဖြစ်ရာ ဖူထျန်းခွေးအုပ်စု၏ ခေါင်းဆောင်ကို ရှင်းပစ်ဖို့ဆိုသည်မှာ မည်ကဲ့သို့ လွယ်ကူနိုင်ပါမည်နည်း။

ကျန်းချန်က အဘိုးအိုစန်းယာကို ပြန်မဖြေခဲ့ပေ။

သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ အင်မော်တယ်ကျောက်တိုင်သည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ခဏတွင် အင်မော်တယ်ကျောက်တိုင်သည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး ဖူထျန်းခွေးအုပ်စု၏ ဦးခေါင်းအထက်တွင် ပေါ်လာခဲ့ကာ ပေပေါင်းများစွာ မြင့်မားသော နတ်ဘုရား ကျောက်တိုင်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“အင်မော်တယ်အကျဥ်းသားစွမ်းအား.. ဖိနှိပ်စမ်း”

ကျန်းချန်က အင်မော်တယ်ကျောက်တိုင်၏ အကျဥ်းသားစွမ်းအားကို အသုံးပြု၍ ဖူထျန်းခွေးအုပ်စု၏ခေါင်းဆောင်ကို ပစ်မှတ်ထားလိုက်သည်။

အကျဥ်းသားစွမ်းအားကနေ ဖွဲ့စည်းထားသည့် စွမ်းအင်သံကြိုးသည် ချက်ချင်းပင် ဖူထျန်းခွေးအုပ်စု၏ အကာအကွယ်ကို အဟန့်အတားမရှိ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး ဖူထျန်းခွေးအုပ်စု၏ ခေါင်းဆောင်ကို ချည်နှောင်လိုက်သည်။

အုပ်စိုးသူ နှောင်းပိုင်းအဆင့်နှင့် ညီမျှသည့် ဖူထျန်းခွေးခေါင်းဆောင်သည် မည်သည့် ခုခံမှုကိုမှ မပြုလုပ်နိုင်ခဲ့ဘဲ အင်မော်တယ် အကျဥ်းသားစွမ်းအားဖြင့် ဆွဲခေါ်ခံလိုက်ရကာ အင်မော်တယ်ကျောက်တိုင်ထဲကို ဝင်ရောက်သွားခဲ့သည်။

“သတ်ကြစို့”

ဖူထျန်းခွေးခေါင်းဆောင်ကို အကျဥ်းသားစွမ်းအားဖြင့် အင်မော်တယ်ကျောက်တိုင် ထဲတွင် ချုပ်နှောင်ပြီးနောက် ကျန်းချန်သည် ဖူထျန်းခွေးအုပ်စုကို တိုက်ခိုက်လိုက်သည်။

ကျန်းချန်က ဖူထျန်းခွေး ခေါင်းဆောင်ကို အလွယ်တကူပင်နှိမ်နင်းလိုက်သည်အား မြင်လျှင် အဘိုးအိုစန်းယာသည် မှင်တက်သွားခဲ့ပြီး ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာယူခဲ့ရသည်။

လူသားဧကရာဇ်ကျန်းချန်သည် အပြင်ဘက်ရှိ ကောင်းကင်လမ်းစဥ် အကာအကွယ်အစီအရင်နှင့် ဖူထျန်းခွေးအုပ်စု၏ ခေါင်းဆောင်ကို အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။

“ဒီကောင်လေးက တကယ်ကို ကြောက်စရာပဲ”

အဘိုးအိုစန်းယာက ခေါင်းခါရမ်းလိုက်ပြီး ဖူထျန်းခွေး အုပ်စုဆီသို့ ချက်ချင်းပင် ပြေးဝင်သွားခဲ့သည်။

ကျန်းချန် ခန့်မှန်းထားခဲ့သလိုပင် ဖူထျန်းခွေးအုပ်စု၏ ခေါင်းဆောင် နှိမ်နင်းခံလိုက်ရသည်နှင့် ဖူထျန်းခွေး အုပ်စု၏ တိုက်ခိုက်ရေးဗျူဟာသည် ချက်ချင်းပင် ပြိုကွဲသွားခဲ့သည်။

ဖူထျန်းခွေးအုပ်စုတွင် တိုက်ခိုက်ရေးဗျူဟာ၏ အထောက်အပံ့ မရှိတော့၍ အုပ်စိုးသူ အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် ကျန်းချန်နှင့် အဘိုးအိုစန်းယာတို့ အတွက် စိတ်တိုင်းကျ ချယ်လှယ်ခွင့် ရရှိသွားခဲ့သည်။

သူတို့နှစ်ယောက် ဖူထျန်းခွေးအုပ်စုကို မျက်စိတစ်မှိတ် အတွင်းမှာပင် သတ်ဖြတ်ပစ်လိုက်ကြ၏။

ဖူထျန်းခွေးများကို ရှင်းပစ်ပြီးနောက်တွင် ကျန်းချန်သည် ချင်းစန်းတောင်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ လှမ်းကြည့်လိုက်သည်။

“စန်းလန်စကြဝဠာရဲ့ကောင်းကင်လမ်းစဥ်ဆီမှာ ဖူထျန်းခွေးတွေအပြင် တခြား အရာတွေလည်း ရှိနေဦးမယ် ထင်တယ်”

ထိုစကားကိုကြားလျှင် အဘိုးအိုစန်းယာက တစ်ခဏမျှ မှင်တက်သွားပြီးမှ အနည်းငယ်စဥ်းစားကာ ပြောလိုက်သည်။

“ဂိုဏ်းရဲ့ မှတ်တမ်းတွေအရတော့ စန်းလန်စကြဝဠာရဲ့ကောင်းကင်လမ်းစဥ်မှာ အုပ်စိုးသူ အထွတ်အထိပ်အဆင့် မီးလျှံငှက်တစ်ကောင် ရှိသေးတယ်"

"ငါ အဲဒီ မီးလျှံငှက်ရဲ့အရှိန်အဝါကို ငါတို့နဲ့ သိပ်မဝေးတဲ့နေရာမှာ အာရုံခံမိတယ်.. ကြည့်ရတာ အဲဒီနေရာက စန်းလန် စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ် ရှိတဲ့နေရာပဲ ဖြစ်ရမယ်”

စကားဆုံးသည်နှင့် ကျန်းချန်သည် မီးလျှံငှက် အရှိန်အဝါ ထွက်ပေါ်နေသည့် နေရာသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားခဲ့သည်။

မကြာမီမှာပင် ကျန်းချန်တို့ နှစ်ယောက်သည် ချိုင့်ဝှမ်းတစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။

ကျန်းချန်တို့က ချိုင့်ဝှမ်းတွေကို ဝင်ရောက်ပြီး သိပ်မကြာမီမှာပင် စူးရှသော အော်ဟစ်သံ တစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် အနီရောင် အလင်းတန်း တစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်လာသည်ကို သူတို့မြင်လိုက်ရသည်။

ထိုအနီရောင် အလင်းတန်းကြားတွင် ပေရာချီ ကြီးမားသည့် ဧရာမ ငှက်တစ်ကောင် ရှိနေခဲ့သည်။

ထိုငှက်ကြီးများက မီးလျှံများဖြင့် ဖွဲ့စည်းထားသကဲ့သို့ ခန္ဓာကိုယ် တစ်ခုလုံး နီရဲနေခဲ့သည်။

ထိုငှက်၏ ရုန့်ရင်းသော အရှိန်အဝါက ကောင်းကင်ယံကနေ ပျံ့နှံ့လာခဲ့ရာ အဘိုးအိုစန်းယာ မျက်နှာပျက်သွားခဲ့သည်။

“တကယ်ကို ကြောက်ဖို့ကောင်းတဲ့ မီးလျှံငှက်ပါလား”

မီးလျှံငှက် ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်၏ အပူချိန်သည် သိသိသာသာပင် မြင့်တက်သွားခဲ့ပြီး မီးလျှံငှက်၏ အရှိန်အဝါက တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

မီးလျှံငှက်၏ ရုန့်ရင်းသော အရှိန်အဝါကြောင့် အဘိုးအိုစန်းယာ အသက်ရှုရကြပ်သလိုပင် ခံစားမိခဲ့သည်။

“ကျန်းချန် သတိထားပါ.. ဒီ မီးလျှံငှက်ရဲ့ အင်အားက အုပ်စိုးသူ အထွတ်အထိပ်အဆင့်ကိုတောင် ကျော်လွန်နေလောက်တယ်”

အဘိုးအိုစန်းယာက မီးလျှံငှက်ကို လေးနက်စွာ ကြည့်ရင်း ကျန်းချန်ကို သတိပေးလိုက်သည်။

ဤ မီးလျှံငှက်ဆီမှ လာသည့် ဖိအားသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

အကယ်၍ သူသာ မီးလျှံငှက်နှင့် တစ်ယောက်ချင်း တိုက်ခိုက်ရမည်ဆိုလျှင် မီးလျှံငှက်၏ လက်ထဲတွင် ကျဆုံးသွားနိုင်ခြေ အလွန်များမှန်း အဘိုးအိုစန်းယာ တွေးမိခဲ့သည်။

ကျန်းချန်က အဘိုးအိုစန်းယာကို မဲ့ပြုံးပြုံး၍ ကြည့်လိုက်သည်။

“ငါတို့တွေ ဒီနေရာအထိတောင် ရောက်လာခဲ့ပြီ.. အခု စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်နဲ့တွေ့ဖို့ နောက်ဆုံးခြေတစ်လှမ်းပဲ ကျန်တော့တယ်.. ခင်ဗျားက ဒီအတိုင်းပဲ လက်လျှော့လိုက်ချင်ပြီလား”

ကျန်းချန်၏ စကားကိုကြားလျှင် အဘိုးအိုစန်းယာ၏ မျက်ဝန်းထဲတွင် ပြတ်သားသော အလင်းရောင် တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် အဘိုးအိုစန်းယာသည် တိုက်ပွဲဝင်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

အခန်း(၂၆၆၄)ပြီး၏။

All Chapters