← Chapters

အခန်း (၂၆၆၅-၂၆၆၆)

Vol. 207 Ch. 2665-2666

အခန်း (၂၆၆၅-၂၆၆၆)

Vol. 207 Ch. 2665-2666

အခန်း(၂၆၆၅)

“ဝုန်း..”

အဘိုးအိုစန်းယာက အုပ်စိုးသူအဆင့် နတ်စွမ်းအားများကို ထုတ်ဖော်ကာ ပေထောင်ချီ ရှည်လျားသည့် ရေခဲဓား အဖြစ်သို့ ပြောင်းလဲ၍ မီးလျှံငှက်ကို ပိုင်းချလိုက်သည်။

အဘိုးအိုစန်းယာ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် မီးလျှံငှက်က တောက်ပသော နတ်မီးလျှံကို မှုတ်ထုတ်လိုက်ရာ ကောင်းကင်ယံတွင် အရောင်အသွေးများ ပြောင်းလဲသွားခဲ့သည်။

ထို့နောက်တွင် နတ်မီးလျှံနှင့် ပေထောင်ချီ ရှည်လျားသော ရေခဲဓားတို့သည် ဟင်းလင်းပြင်တွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။

တုန်လှုပ်ဖွယ် ပေါက်ကွဲသံသည် တစ်လောကလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

အဘိုးအိုစန်းယာ၏ ခန္ဓာကိုယ်က တုန်ယင်သွာခဲ့ပြီး ဟင်းလင်းပြင်ထဲတွင် ခြေဆယ်လှမ်းထက်မက နောက်သို့ ဆုတ်လိုက်ရ၏။

သူက ခန္ဓာကိုယ်တွင် ဗြောင်းဆန်နေသော စွမ်းအားများကို ဖိနှိပ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို အလျင်အမြန် ပြောလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. ဒီ မီးလျှံငှက်ရဲ့အင်အားက တကယ်ကို ကြီးမားလွန်းတယ်.. ငါတို့အတူတူ တိုက်ကြရအောင်”

“မီးလျှံငှက်လောက်ကတော့ ကျုပ်နဲ့ပဲ လွှဲထားလိုက်ပါ”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး လူသားဧကရာဇ်စည်းတံဆိပ်၏ နောက်ဆုံးစည်းတံဆိပ် ဖြစ်သော ကောင်းကင်ဖွင့်လှစ်စည်းတံဆိပ်ကို ထုတ်ဖော်ကာ မီးလျှံငှက်ကို ဖိချလိုက်သည်။

ထိုခဏဝယ် မီးလျှံငှက်သည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါင်သောင်းနှင့်ချီသော အလေးချိန်ကို ထမ်းထားရသကဲ့သို့ အဆက်မပြတ် ညည်းညူနေခဲ့၏။

သူ၏ ခန္ဓာကိုယ်တွင် မီးလျှံများ ပို၍ တောက်ပလာခဲ့ပြီး မျက်လုံးကနေပင် မီးပွားများ စင်ထွက်လာခဲ့သည်။

မီးလျှံငှက်က သူ၏ စွမ်းအားကို အစွမ်းကုန် ထုတ်သုံးကာ ခုခံနေခဲ့သော်လည်း မီးလျှံငှက်၏ စွမ်းအားသည် သူ၏ဦးခေါင်းအထက်ကနေ ဖိနှိပ်ထားသည့် ကောင်းကင်ဖွင့်လှစ်စည်းတံဆိပ်၏ စွမ်းအားကို မယှဥ်နိုင်ခဲ့ပေ။

ဤသို့ဖြင့်ပင် ဟင်းလင်းပြင်ထဲမှ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်သည် မီးလျှံငှက်၏ ကြီးမားသော ခန္ဓာကိုယ် ဆီသို့ တဖြည်းဖြည်း ကျရောက်လာခဲ့သည်။

“ဝုန်း..”

အဆုံးသတ်တွင် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်သည် မီးလျှံငှက်ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ မြေပြင်ထက်တွင် လက်ဝါးရာ တစ်ခုပင် ထင်ကျန်ရစ်ခဲ့သည်။

ထိုလက်ဝါးသည် ပေတစ်ထောင်ကျော် ကြီးမားပြီး ဤလောက ပေါ်တွင် ရိုက်နှက်ထားသည့် အင်မော်တယ်တစ်ပါး၏ လက်ဝါးရာနှင့်ပင် ဆင်တူနေခဲ့သည်။

လက်ဝါးရာအတွင်း မီးလျှံငှက်သည် ထိတ်လန့်တကြား ဝပ်ဆင်းနေခဲ့ပြီး မည်မျှပင် ရုန်းကန်နေပါစေ၊ မြေပြင်ပေါ်ကနေ ထရန် လုံးဝ ခက်ခဲနေခဲ့၏။

ထိုမြင်ကွင်းကိုမြင်လျှင် အဘိုးအိုစန်းယာ မှင်တက်သွားခဲ့သည်။

ကျန်းချန်က အုပ်စိုးသူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး ကျန်းချန်၏ အင်အားသည် သူ့ထက် များစွာ မြင့်မားသည်ကို စန်းယာ သိထားခဲ့သည်။

သို့သော်လည်း သူလုံးဝ မယှဥ်နိုင်ခဲ့သည့် မီးလျှံငှက်ကို ကျန်းချန်က အေးအေးဆေးဆေး ဖိနှိပ်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ဤအခိုက်အတန့်တွင် အဘိုးအိုစန်းယာသည် သူနှင့် ကျန်းချန်ကြားမှ ကွာဟချက် မည်မျှ ကြီးမားသည်ကို နားလည်သွားခဲ့သည်။

ရှင်းလင်းစွာဆိုရလျှင် သူတို့နှစ်ယောက်သည် ကေင်းကင်နှင့်မြေကြီး ကဲ့သို့ပင် ကွာခြားနေခဲ့၏။

ကျန်းချန်က မီးလျှံငှက်ကို အထက်စီးကနေ ငုံ့ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“ငါတို့ကို စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်ဆီ ခေါ်သွားပေးစမ်း.. ဒါဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်”

မီးလျှံငှက်က ကျန်းချန်ကို ဝါးမျိုတော့မည့်အလား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“ငှက်စုတ်.. ငါမင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးပြီးပြီ.. မင်းက ကိုယ့်သေလမ်း ကိုယ်ရှာချင်တယ် ဆိုမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့”

စကားဆုံးသည်နှင့် ကျန်းချန်၏ လက်ဖဝါးထက်တွင် ရွှေရောင်အလင်းများ စုစည်းလာခဲ့သည်။

သို့သော်လည်း ကျန်းချန်က တိုက်ခိုက်ရန် ပြင်လိုက်သောအချိန်မှာပင် ဒေါသတကြီး ရေရွတ်လိုက်သော အသံတစ်သံသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ငါ့ရဲ့နယ်မြေထဲမှာ ရမ်းကားရဲတယ် ဆိုတော့ မင်းက တကယ်ကို မောက်မာတာပဲ”

စကားသံက ကြားရသူကို ဦးတည်ချက် မခွဲခြားနိုင်အောင် ပြုလုပ်ထား၍ မည်သည့်အရပ်မှ လာမှန်း မသိနိုင်ပေ။

ကျန်းချန်က ဟင်းလင်းပြင်ကို မော့ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။

“စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်.. နောက်ဆုံးတော့မင်း ထွက်ပေါ်လာဖို့ ဆန္ဒရှိပြီပေါ့.. ငါက မင်းတစ်သက်လုံး အမှောင်ထဲမှာပဲ ပုန်းနေလိမ့်မယ်လို့ ထင်နေခဲ့တာ”

“ဟမ့်.. ပြင်ပစကြဝဠာက လူတစ်ယောက်က ငါ့ရဲ့နယ်မြေထဲကို လာပြီး ဒီလောက်ထိတောင် ရမ်းကားရဲတယ်လား”

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်က နှာခေါင်းရှုံ့ကာ အေးစက်စက် ကြုံးဝါးလိုက်သည်။

“စန်းယာ မင်းတော်တော်သတ္တိရှိတာပဲ.. ပြင်ပစကြဝဠာက လူတွေကို ငါ့နယ်မြေထဲတောင်‌ ခေါ်လာဝံ့တယ်”

အဘိုးအိုစန်းယာက လေးနက်စွာ ပြောလိုက်သည်။

“ကောင်းကင်လမ်းစဥ်.. ငါ့ရဲ့ဘိုးဘေးနဲ့ ခင်ဗျားတို့ကြားမှာ သဘောတူညီချက် တစ်ခု ရှိခဲ့ဖူးတယ်.. အခု ခင်ဗျားက ချင်းစန်းတောင်ကို ပိတ်ဆို့ထားတော့ ငါတို့ စန်းလန်ဂိုဏ်း အတွက် အင်မော်တယ် ဖြစ်ဖို့ အခွင့်အရေးတွေ လုံးဝ ဆုံးရှုံးသွားရပြီ.. ဒါက မတရားဘူးလို့ မထင်ဘူးလား”

“ငါက မတရားလုပ်တယ် ဆိုရင် မင်းတို့ စန်းလန်ဂိုဏ်းရဲ့ ဘိုးဘေးကရော ဘယ်လောက်များ တရားနေလို့လဲ”

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သန်းကစပြီး မင်းတို့ စန်းလန်ဂိုဏ်းနဲ့ငါ့ရဲ့ ကြားက သဘောတူညီချက်က ကုန်ဆုံးသွားခဲ့ပြီ.. ဒါက မင်းတို့ ဘိုးဘေးတွေရဲ့ လုပ်ရပ်ကြောင့်ပဲ”

ထိုစကားကိုကြားလျှင် ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။

“စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ် မင်းနဲ့ စန်းလန်သူတော်စင်ဂိုဏ်းက အာဃာတထဲမှာ ငါ ဝင်မပါချင်ဘူး.. ငါ ဒီကို ရောက်လာတာက အင်မော်တယ်အဆင့်ကို ထိုးဖောက်ချင်ရုံသက်သက်ပဲ”

“မင်းက အင်မော်တယ်အဆင့်ကို ထိုးဖောက်ချင်တယ်ဟုတ်လား”

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်က အေးစက်စက်ပြောလိုက်သည်။

“မင်းက ငါခင်းကျင်းထားတဲ့ ကောင်းကင်လမ်းစဥ် အကာအကွယ်ကိုလည်း ချိုးဖျက်ခဲ့တယ်.. ငါမွေးထားတဲ့ ဖူထျန်းခွေး အုပ်စုကိုလည်း သတ်ဖြတ်ခဲ့တယ်.. ဒါ့အပြင် ငါ့ရဲ့သားရဲဖြစ်တဲ့ မီးလျှံနတ်ငှက်ကိုလည်း ဒဏ်ရာရအောင် လုပ်ထားသေးတယ်.. ဒီလောက်အထိ ငါ့ကို ဒုက္ခပေးထားတာတောင် ငါ့ရဲ့အကူအညီကို ယူပြီး အင်မော်တယ်အဆင့်ကို ထိုးဖောက်ချင်တယ် ဆိုတော့ မင်း အတော် စိတ်ကူးယဥ်လွန်းနေတာပဲ”

“ကောင်းပြီလေ.. ဒါဆိုလည်း ငါ မင်းရဲ့ ငှက်ကို အရင်သတ်လိုက်မယ်.. ပြီးရင် မင်းသဘောတူတဲ့အထိ မင်းကို ဖမ်းပြီး နှိပ်စက်မယ်”

စကားဆုံးသည်နှင့် ကျန်းချန်က ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို ထုတ်ဖော်ကာ မြေပြင်ပေါ်မှ မီးလျှံငှက်ကို ရိုက်ချလိုက်သည်။

“ရပ်လိုက်စမ်း”

စန်းလန်စကြဝဠာ၏ကောင်းကင်လမ်းစဥ်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် လက်ဝါးရိုက်ချက် တစ်ခုသည် ကောင်းကင်ယံကနေ ကျဆင်းလာပြီး မီးလျှံငှက်ဆီသို့ ဦးတည်လာသော ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို အမှုန့် ဖြစ်သည်အထိ ချေမှုန်းပစ်လိုက်သည်။

မကြာမီမှာပင် ခပ်ရေးရေး အပြာရောင် ပုံရိပ်ယောင် တစ်ခုသည် ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာခဲ့သည်။

အပြာရောင်ပုံရိပ်ယောင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် တုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါသည် ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားခဲ့သည်။

ကျန်းချန်က အောက်ဘက်ရှိ မီးလျှံငှက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဟင်းလင်းပြင်ထဲမှ စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို လှမ်းကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ဒီမီးလျှံငှက် အတွက် မင်းဘာလို့ ဒီလောာက်တောင် စိုးရိမ်နေလဲ ဆိုတာ မဆန်းတော့ဘူး.. ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားရင် ဒီမီးလျှံငှက်က မင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ရမယ်”

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်က ဘာမှ ပြန်မပြောခဲ့ပေ။

သူ၏ တစ်ကိုယ်လုံးတွင် အလင်းများ တဖျပ်ဖျပ် လင်းလက်လာခဲ့ပြီး မြေပြင်ပေါ်ရှိ မီးလျှံနတ်ငှက်သည် ချက်ချင်းဆိုသလိုပင် မီးလျှံနတ်အလင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင်မူ စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေသော အရှိန်အဝါသည် ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းလာခဲ့၏။

[ကောင်းကင်လမ်းစဥ်က တကယ်ကို ကြောက်စရာပါလား]

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် ဆီမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအားများကို ခံစားမိလျှင် အဘိုးအိုစန်းယာ၏ မျက်နှာအမူအရက ချက်ချင်းဆိုသလို အလွန်တရာ လေးနက်သွားခဲ့သည်။

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် ကျန်းချန်ကို တိုက်ခိုက်ရန် အလျင်မလိုဘဲ အဘိုးအိုစန်းယာကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“စန်းယာ.. အခုချက်ချင်း ချင်းစန်တောင်ထဲကနေ အမြန်ထွက်သွားစမ်း.. ဒီလိုမှမဟုတ်ရင် စန်းလန်စကြဝဠာမှာ မင်းတို့ စန်းလန်သူတော်စင်ဂိုဏ်း အတွက် နေစရာနေရာ မကျန်ရှိစေရဘူးလို့ ငါကတိပေးတယ်”

ထိုစကားကိုကြားလျှင် အဘိုးအိုစန်းယာသည် မျက်နှာအနည်းငယ် ပျက်သွားခဲ့သည်။

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် သူ မှန်းဆထားသည်ထက်ပင် ပိုမို၍ အစွမ်းထက်နေခဲ့သည်။

လက်ရှိအချိန်တွင် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ကျန်းချန် နှိမ်နင်းနိုင်ရန်သာ သူ မျှော်လင့်နိုင်တော့သည်။

သို့မဟုတ်လျှင် သူတို့ စန်းလန်ဂိုဏ်းသည် စန်းလန်စကြဝဠာကနေ အမှန်တကယ် နှင်ထုတ်ခံရလိမ့်မည်ကို သူစိုးရိမ်နေမိ၏။

အဘိုးအိုစန်းယာက အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် သူ့ကိုယ်သူ အတွက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ သူ၏ သက်တမ်းသည် သိပ်မကျန်တော့ပေ။

အကယ်၍ သူသာ ယနေ့တွင် အင်မော်တယ် အဆင့်ကို ထိုးဖောက်နိုင်မည့် အခွင့်အရေးအား အရ မယူနိုင်ခဲ့လျှင် သူ့အနေဖြင့် သက်တမ်းစေ့သည်နှင့် ကျဆုံးသွားလိမ့်မည်သာ။

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်က အင်အားကြီးမားသလို ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်ကလည်း ကောင်းကင်ကိုပင် ဆန့်ကျင်နေပြီး အင်မော်တယ် ကိုယ်ပွားကိုပင် ချေမှုန်းနိုင်စွမ်း ရှိရာ ကျန်းချန် အနေဖြင့် ကောင်းကင်လမ်းစဥ်ကို မယှဥ်နိုင်စရာ အကြောင်းမရှိပေ။

“စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်.. ခင်ဗျားက စန်းလန်စကြဝဠာကို ထိန်းချုပ်ထားတယ် ဆိုပေမဲ့ စန်းလန်စကြဝဠာရဲ့ ကျင့်ကြံသူအားလုံးကို အင်မော်တယ် ဖြစ်ဖို့ အခွင့်အရေးတွေ ဆုံးရှုံးသွားအောင် လုပ်ပိုင်ခွင့် ခင်ဗျားမှာမရှိဘူး”

အဘိုးအိုစန်းယာက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို မော့ကြည့်ကာ ပြောလိုက်သည်။

“ဒီနေ့ ငါစန်းယာက စန်းလန်စကြဝဠာက ကျင့်ကြံသူအားလုံးအတွက် တောက်ပတဲ့ အနာဂတ်ကို ရယူပေးဖို့ ဆန္ဒရှိတယ်”

“တကယ်ကို မိုက်မဲတဲ့ အဘိုးကြီးပဲ”

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်က အဘိုးအိုစန်းယာကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“ကောင်းပြီလေ.. မင်းက ကိုယ့်သေတွင်း ကိုယ်တူးချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့”

စကားဆုံးသည်နှင့် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် ကောင်းကင်ယံကို မိုးကြိုးငရဲဘုံ အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

ထို့နောက်တွင်မူ ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် မိုးကြိုးစွမ်းအားများသည် ကျန်းချန်တို့ နှစ်ဦးဆီသို့ ပြင်းထန်စွာ ကျရောက်လာခဲ့၏။

အခန်း(၂၆၆၅)ပြီး၏။

အခန်း(၂၆၆၆)

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် ထုတ်ဖော်လိုက်သော မိုးကြိုးစွမ်းအားနှင့် ရင်ဆိုင်လိုက်ရလျှင် အဘိုးအိုစန်းယာ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ထိုမိုးကြိုးစွမ်းအားသည် သူ အုပ်စိုးသူအဆင့်ကို စတင်ထိုးဖောက်စဥ်က ကြုံတွေ့ခဲ့ရသည့် မိုးကြိုးကပ်ဘေးထက်ပင် ဆယ်ဆမျှ ပိုမို ပြင်းထန်နေခဲ့၏။

သူ၏ လက်ရှိအင်အားဖြင့်ပင် ထိုမိုးကြိုးစွမ်းအား ထံကနေ သေခြင်းတရား၏ အရိပ်အငွေ့ကို ခံစားလိုက်ရသည်။

“စန်းလန်ရေခဲသူတော်စင်သိုင်း”

အဘိုးအိုစန်းယာက တုံ့ဆိုင်းမနေတော့ဘဲ သူ၏ ခန္ဓာကိုယ်အတွင်းမှ အုပ်စိုးသူနတ်စွမ်းအားကို ချက်ချင်းပင် အဆုံးစွန်အထိ မြှင့်တင်လိုက်ရာ ကြောက်မက်ဖွယ် ရေခဲစွမ်းအားများသည် အဘိုးအိုစန်းယာ၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

ထိုရေခဲစွမ်းအားများသည် အလွန်အမင်း အေးစိမ့်နေခဲ့ပြီး အဘိုးအိုစန်းယာ၏ ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့၏။

ဟင်းလင်းပြင်ထဲကနေ ကျဆင်းလာသော ကြောက်မက်ဖွယ်မိုးကြိုးစွမ်းအားသည်ပင် ရေခဲစွမ်းအား အောက်တွင် အလွန်အမင်း နှေးကွေးသွားခဲ့သည်။

သို့သော်လည်း အဘိုးအိုစန်းယာ ထုတ်ဖော်လိုက်သည့် ရေခဲစွမ်းအားသည် ဟင်းလင်းပြင်ထဲမှ မိုးကြိုးစွမ်းအားကို တစ်ခဏမျှသာ နှောင့်နှေးစေနိုင်ခဲ့၏။

မိုးကြိုးစွမ်းအားသည် အလွန် လျင်မြန်စွာပင် ရေခဲစွမ်းအား၏ အဟန့်အတားကို ထိုးဖောက်ကာ အဘိုးအိုစန်းယာ ထံသို့ ကျဆင်းလာခဲ့သည်။

အဘိုးအိုစန်းယာက မျက်မှောင်ကြုတ်သွားခဲ့ပြီး သူသေကိုယ်သေ တိုက်ပွဲဝင်ရန် ပြင်လိုက်စဥ်မှာပင် သူ၏ နံဘေးရှိ ကျန်းချန်သည် အဆုံးသတ်တွင် လှုပ်ရှားလာခဲ့သည်။

သူက လက်ထဲရှိ လူသားဧကရာဇ်ဓားဖြင့် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို ထုတ်ဖော်ကာ ဟင်းလင်းပြင်ကနေ ကျဆင်းလာသော မိုးကြိုးစွမ်းအားများကို တိုက်ခိုက်လိုက်သည်။

ထိုဓားချက်သည် ဟင်းလင်းပြင်ထဲမှ မိုးကြိုးစွမ်းအားကို အလယ်တည့်တည့်ကနေ ပိုင်းဖြတ်ပစ်လိုက်၏။

“အင်မော်တယ်ဓားသိုင်းပါလား.. မင်းက ငါ့ရှေ့မှာ ဒီလောက်အထိ ရမ်းကားဝံ့တာ မထူးဆန်တော့ဘူး”

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်က အေးစက်စက် ပြောလိုက်ပြီး ယခင်ကထက် ပိုမို ကြောက်မက်ဖွယ်ရာကောင်းသော မိုးကြိုးစွမ်းအားကို ထုတ်ဖော်ကာ ကျန်းချန်တို့ကို ထပ်မံ တိုက်ခိုက်လိုက်သည်။

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ထံမှ ပြင်းထန်သော မိုးကြိုးစွမ်းအားနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိဘဲ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကို သုတ်သင်ခြင်း”

“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကို သတ်ဖြတ်ခြင်း”

“အပြာရောင်ဧကရာဇ်ဓားသိုင်း.. အပြာရောင်ဧကရာဇ်ဓားကွက်”

“...........”

ကျန်းချန်က သူတတ်မြောက်ထားသည့် အင်မော်တယ်ဓားကွက်များကို ထုတ်ဖော်ကာ စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်နှင့် အဆက်မပြတ် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ကြောက်မက်ဖွယ်စွမ်းအား နှစ်ခုသည် ဟင်းလင်းပြင်ထဲတွင် အဆက်မပြတ် ထိပ်တိုက် တွေ့နေခဲ့ကြပြီး ကောင်းကင်နှင့်မြေကြီး၏ အရောင်အဆင်းသည်ပင် ဖျော့တော့သွားခဲ့သည်။

ချင်းစန်းတောင်၏ အထက်ကောင်းကင်ယံ တစ်ခုလုံးသည် ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ပရမ်းပတာ အခြေအနေသို့ ရောက်ရှိသွားခဲ့၏။

အဘိုးအိုစန်းယာ၏ အင်အားဖြင့်ပင် ကျန်းချန်တို့ နှစ်ဦးကြားမှ ကြောက်မက်ဖွယ် တိုက်ခိုက်မှုအောက်တွင် နောက်သို့ ဆုတ်လိုက်ရ၏။

သူက ကျန်းချန်တို့ နှစ်ဦး တိုက်ခိုက်နေသည်ကို အကဲခတ်၍ ကြည့်နေခဲ့သည်။

သူ၏ မျက်နှာအမူအရာက အလွန်တရာပင် လေးနက်နေခဲ့၏။

ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ပွဲမျိုးသည် သူကဲ့သို့ အုပ်စိုးသူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူ အတွက်ပင် ဝင်ရောက်စွက်ဖက်ရန် မလွယ်ကူပေ။

သူ့အနေဖြင့် ကျန်းချန်က စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို အနိုင်ရစေရန် စိတ်ထဲတွင် ဆုတောင်းပေးခဲ့သည်။

သို့မဟုတ်လျှင် သူ့အနေဖြင့် ယနေ့တွင် ချင်းစန်းတောင်ထဲကနေ အသက်ရှင်လျက် ထွက်ခွာရန် ခက်ခဲမည့်အပြင် စန်းလန်သူတော်စင်ဂိုဏ်းသည်လည်း စန်းလန်စကြဝဠာကနေ လုံးဝ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။

ဟင်းလင်းပြင်ထဲမှ စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် ခန့်ညားသော အမူအရာဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။

“ကောင်လေး.. မင်းက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ငါ မင်းကိုလျှော့တွက်မိသွားပြီ ထင်တယ်”

ကျန်းချန်နှင့် အဆက်မပြတ် ရင်ဆိုင်တိုက်ခိုက်ပြီးနောက်တွင် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် စိတ်ထဲတွင် တုန်လှုပ်နေခဲ့သည်။

သူ့ရှေ့ရှိ ပြင်ပစကြဝဠာမှ လူငယ်သည် သူအသိစိတ် စတင် ရရှိလာကတည်းကပင် မြင်တွေ့ဖူးသမျှ အုပ်စိုးသူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူများတွင် အသန်မာဆုံးဖြစ်သည်မှာ သေချာ၏။

ထို့အပြင် ထိုကောင်လေးသည် အင်မော်တယ်အဆင့် ကျင့်စဥ်များကိုလည်း တတ်မြောက်ထားခဲ့သည်။

ဆိုရလျှင် သူ၏ လက်ရှိစွမ်းအားဖြင့်ပင် ထိုကောင်လေးကို အသာစီးရရန် ခက်ခဲနေခဲ့၏။

“ခင်ဗျားက ကျုပ်ထင်ထားတာထက် အများကြီး ပိုသန်မာပါတယ်”

ကျန်းချန်က စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ကြည့်ကာ ပြောလိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် လေးနက်သော အမူအရာများ ရှိနေခဲ့၏။

အစောပိုင်းက တိုက်ပွဲတွင် သူက နတ်ခန္ဓာပုံရိပ်၊ အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း၊ အပြာရောင်ဧကရာဇ်ဓားသိုင်း တို့ကို ထုတ်ဖော်ခဲ့သော်လည်း အဆုံးသတ်တွင် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို အနိုင်မရခဲ့ပေ။

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် သူ့ကို လောလောဆယ် မယှဥ်နိုင်သေးသော်လည်း ဤကဲ့သို့ တိုက်ပွဲမျိုးသည် ကျန်းချန်၏ ခွန်အားကို အလွန်လျင်မြန်စွာ ကုန်ဆုံးစေမည် ဖြစ်သည်။

သို့ရာတွင် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် စွမ်းအားကမူ ဤစန်းလန်စကြဝဠာ အတွင်း၌ ကုန်ခမ်းသွားမည် မဟုတ်ပေ။

ထို့ကြောင့် အကယ်၍ ဤအတိုင်းသာ ဆက်သွားနေလျှင် အဆုံးသတ်တွင် သူ့အနေဖြင့် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် လက်ထဲတွင် အသက်ပျောက်သွားနိုင်ခြေ ရှိနေခဲ့သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။

“ငါက အင်မော်တယ်အဆင့်ကို ထိုးဖောက်ပြီး အင်မော်တယ်လောကကို တက်လှမ်းနိုင်ဖို့အတွက် မင်းကို အကူအညီပေးစေချင်ရုံပါပဲ.. ဒါက မင်းအတွက်လည်း ဘာမှ ထိခိုက်မှုမရှိပါဘူး.. မင်းက ဘာလို့ ဒီလောက်အထိ အသည်းအသန် ငြင်းဆန်နေရတာလဲ”

“ငါနဲ့မင်းနဲ့က ဘာမှ မပတ်သက်ဘူး.. ငါက မင်းကို ဘာလို့ အကူအညီပေးရမှာလဲ”

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

“ကောင်လေး.. မင်းက ငါမြင်ဖူးသမျှ အုပ်စိုးသူအထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေ ထဲမှာ အသန်မာဆုံး ဆိုတာတော့ ငါဝန်ခံတယ်.. ဒါပေမဲ့ ဒီစန်းလန်စကြဝဠာထဲမှာတော့ မင်းငါ့ကို ယှဥ်နိုင်ဖို့ စဥ်း‌တောင် မစဥ်းစားနဲ့”

“ကောင်းပြီလေ.. ဒါဆိုလည်း မင်းနဲ့အပိုစကားတွေ ပြောမနေတော့ဘူး.. ငါတို့ ဆက်တိုက်ကြတာပေါ့”

စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ အုပ်စိုးသူအဆင့် နတ်စွမ်းအားများ ထပ်မံ ထွက်‌ပေါ်လာခဲ့သည်။

ကျန်းချန် အတွက် အင်မော်တယ်အဆင့်ကို ထိုးဖောက်ပြီး အင်မော်တယ်လောကကို တက်လှမ်းရန်မှာ မဖြစ်မနေ လိုအပ်သောအရာ ဖြစ်သည်။

အကယ်၍ သူက စန်းလန်စကြဝဠာတွင် မအောင်မြင်ခဲ့လျှင် ပိုမို အင်အားကြီးမားသော ထျန်းယန်စကြဝဠာသို့ သွားရပေလိမ့်မည်။

ထျန်းယန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် သူ့ရှေ့မှ စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ထက်ပင် ပိုမို ခက်ခဲနိုင်ခြေ ရှိသည်။

ဆိုရလျှင် ထျန်းယန်စကြဝဠာသို့ သွားမည့်အစား ဤစန်းလန်စကြဝဠာတွင်သာ တိုက်ပွဲဝင်ခြင်းသည် ပို၍ ကောင်းမွန်ပေလိမ့်မည်။

သို့သော်လည်း သူ၏ လက်ရှိအခြေအနေအရ စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်နှင့် ဆက်လက် အင်အားဖြုန်းနေခြင်းသည် ဉာဏ်ရှိရာ မရောက်၍ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရပေမည်။

ထို့ကြောင့် ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ပြီး အင်မော်တယ်ကျောက်တိုင်ကို တိုက်ရိုက်ပင် ထုတ်ယူလိုက်သည်။

ယင်းနောက် ကျန်းချန်က အင်မော်တယ် ကျောက်တိုင်ကို လှုံ့ဆော်လိုက်ရာ အင်မော်တယ် ကျောက်တိုင်သည် ကျန်းချန်၏ ဦးခေါင်းအထက်တွင် ပေပေါင်းများစွာ မြင့်မားသည့် နတ်ဘုရားကျောက်တိုင် အဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။

အင်မော်တယ်ကျောက်တိုင် ထံကနေ ထွက်ပေါ်လာသည့် တောက်ပသော အင်မော်တယ်အလင်းကြောင့် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည်ပင် အန္တရာယ် အငွေ့အသက်ကို ထိုခဏတွင် ခံစားလိုက်ရသည်။

“ဒါ.. ဒါက ဘာလဲ”

ကျန်းချန်၏ ဦးခေါင်းအထက်မှ အင်မော်တယ်ကျောက်တိုင်ကို စိုက်ကြည့်ရင်း စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် အမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

ကျန်းချန်က အင်‌မော်တယ်ကျောက်တိုင်ကို ထိန်းချုပ်ထားရင်း စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။

“ဒါက အင်မော်တယ်တွေကိုတောင် နှိမ်နင်းနိုင်တဲ့ အင်မော်တယ်ကျောက်တိုင်ပဲ.. ငါက ဒီအင်မော်တယ်ကျောက်တိုင်ကိုအသုံးပြုပြီး အင်မော်တယ်ကိုယ်ပွား တစ်ခုကိုတောင် သတ်ခဲ့ဖူးတယ်.. ဒါပေမဲ့ ကောင်းကင်လမ်းစဥ်ကို သတ်ဖို့တော့ မစမ်းကြည့်ဖူးသေးဘူး.. ဘယ်လိုလဲ မင်းစမ်းကြည့်ချင်လား”

ကျန်းချန်၏ စကားကိုကြားလျှင် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် ချက်ချင်းဆိုသလိုပင် အလွန်အမင်း မျက်နှာပျက်သွားခဲ့သည်။

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် အင်မော်တယ်ကျောက်တိုင်ထံကနေ ထွက်ပေါ်လာသော စွမ်းအားကို ခံစားမိ၍ ကျန်းချန် ပြောသည်က အမှန်ဖြစ်မှန်း သိနေခဲ့သည်။

အကယ်၍ ထိုကောင်လေးသာ မည်မျှပင် ရင်းနှီးရပါစေ၊ အင်မော်တယ်ကျောက်တိုင်ကို အသုံးပြုလိုက်လျှင် သူ့ကို မသတ်နိုင်လျှင်ပင် သူ့အနေဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားနိုင်ပေသည်။

သူက စစ်ပွဲအတွင်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သောကြောင့် စန်းလန်ဘိုးဘေးနှင့် သဘောတူညီချက် တချို့ကို ပြုလုပ်ခဲ့ရခြင်း ဖြစ်ပြီး ယခုမှသာ သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိလာခြင်းဖြစ်ရာ ထပ်မံ၍ ဒဏ်ရာမရရှိလိုတော့ပေ။

“ကောင်းပြီလေ.. မင်း အင်မော်တယ်အဆင့်ကို ထိုးဖောက်ပြီး အင်မော်တယ်လောကကို တက်လှမ်းနိုင်ဖို့ အတွက် ငါကူညီပေးမယ်”

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်က အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် အဆုံးသတ်၌ ကျန်းချန်ကို အလျှော့ပေးရန် ရွေးချယ်လိုက်သည်။

“မိတ်ဆွေလေး ကျန်းချန်”

ကျန်းချန်၏ ဖိအားအောက်တွင် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်က အလျှော့ပေးလိုက်သည်အား မြင်လျှင် အဘိုးအိုစန်းယာသည် သူတို့ အနားသို့ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။

သူ၏ အိုမင်းသော မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်သည် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို အမှန်တကယ်ပင် ဖိနှိပ်နိုင်ခဲ့ကာ အလျှော့ပေးစေခဲ့သည်။

ယင်းမှာ ကျန်းချန်၏ ခြေထောက်ကို မြဲမြံစွာ ဖမ်းဆုပ်ထားသရွေ့ သူသည်လည်း အဆင့်တက်နိုင်မည့် မျှော်လင့်ချက် ရှိသည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။

အခန်း(၂၆၆၆)ပြီး၏။

All Chapters