← Chapters

အခန်း (၂၆၆၇-၂၆၆၈)

Vol. 207 Ch. 2667-2668

အခန်း (၂၆၆၇-၂၆၆၈)

Vol. 207 Ch. 2667-2668

အခန်း(၂၆၆၇)

ကျန်းချန်က အဘိုးအိုစန်းယာကို ဂရုမစိုက်ဘဲ စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို စူးစမ်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

“စန်းလန်စကြဝဠာထဲကလူတွေ အင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်လေလေ..မင်းအတွက် အကျိုးအမြတ် ပိုများလေလေ မဟုတ်လား.. ဘာလို့ မင်းက စန်းလန်စကြဝဠာက လူတွေ အဆင့်ထိုးဖောက်တာကို တားဆီးချင်နေရတာလဲ”

“ဒါက စန်းလန်ဘိုးဘေး ငါ့ကို ကတိမတည်ခဲ့လို့ပဲ”

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်က အဘိုးအိုစန်းယာကို တစ်ချက် လှမ်းကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“ငါ ချင်းစန်းဂိုဏ်းနဲ့ တိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန် ရရှိနေချိန်မှာ စန်းလန်ဘိုးဘေးက အခွင့်အရေးယူပြီး ငါနဲ့ သဘောတူညီချက် တစ်ခု ပြုလုပ်ခဲ့တယ်.. အဲဒီသဘောတူညီချက်အရ စန်းလန်ဘိုးဘေးကို ငါ့ရဲ့ မူလစွမ်းအင် တစ်ဝက် ငှားရမ်းပေးခဲ့ရတယ်.. စန်းလန်သူတော်စင်ဂိုဏ်းထဲက အင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်တဲ့သူ ငါးယောက် ပြည့်သွားရင် သူက ငါ့ရဲ့ မူလစွမ်းအင်ကို ပြန်ပေးမယ်လို့ သဘောတူထားပေမဲ့ နောက်ဆုံးတော့ စန်းလန်ဘိုးဘေးက ငါ့ကို ကတိဖျက်ခဲ့တယ်”

မူလစွမ်းအင် ဆိုသည်မှာ ကောင်းကင်လမ်းစဥ်၏ အဓိက အဆီအနှစ်စွမ်းအား ဖြစ်သည်။

အကယ်၍ စန်းလန်စကြဝဠာတွင် အင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်သူ ရှိလာခဲ့လျှင် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် စွမ်းအင်သည် တိုးတက်လာမည် ဖြစ်ရာ ယင်းသည် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် အတွက် အမှန်တကယ် အကျိုးရှိမည် ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် မူလစွမ်းအင်တစ်ဝက်ကို စန်းလန်ဘိုးဘေးက ယူထားသဖြင့် အကျိုးကျေးဇူးသည်လည်း တစ်ဝက်ခန့် လျော့နည်းသွားခဲ့သည်။

အကယ်၍ စန်းလန်ဘိုးဘေးသာ သူ့ကို မလှည့်စားခဲ့လျှင် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် အနေဖြင့် စန်းလန်စကြဝဠာမှ ကျင့်ကြံသူများက အင်မော်တယ်အဆင့်ကို ထိုးဖောက်ရာတွင် အဘယ်ကြောင့် တားဆီးရပါမည်နည်း။

ဤကဲ့သို့ တားဆီးခြင်းသည် စန်းလန်စကြဝဠာမှ ကျင့်ကြံသူများထက် သူ့ကို ပို၍ ထိခိုက်စေခဲ့သည်။

ကောင်းကင်လမ်းစဥ်၏ ရှင်းပြမှုကိုကြားလျှင် ကျန်းချန်သည် စိတ်ထဲကနေ တိတ်တဆိတ် ခေါင်းခါရမ်းမိလိုက်သည်။

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် ချင်းစန်းတောင်ကို ပိတ်ဆို့ပြီး စန်းလန်ဂိုဏ်းမှ လူများကို အင်မော်တယ်အဆင့်သို့ ထိုးဖောက်ခွင့် မပေးတော့သည်မှာ မထူးဆန်းတော့ပေ။

အကြောင်းရင်းမှာ စန်းလန်သူတော်စင်ဂိုဏ်း၏ တည်ထောင်သူ စန်းလန်ဘိုးဘေးသည် ကောင်းကင်လမ်းစဥ်၏ မူလစွမ်းအင် တစ်ဝက်ကို သိမ်းပိုက်ထား၍ ဖြစ်နေခဲ့၏။

ကျန်းချန်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။

“ငါ မင်းနဲ့ အပေးအယူတစ်ခု လုပ်ချင်တယ်.. မင်းသဘောတူနိုင်မလား”

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“မင်းတို့ လူသားတွေက အရမ်းကို ကောက်ကျစ်လွန်းတယ်.. ငါမင်းကို မယုံနိုင်ဘူး.. ငါ့အနေနဲ့ မင်းကို အင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်ဖို့ အကူအညီတော့ ပေးလိုက်မယ်.. ဒါထက်ပိုပြီး မင်းနဲ့ငါ့ ကြားမှာ ဘာမှပြောစရာ မရှိဘူး”

“ငြင်းဖို့မလောပါနဲ့.. ငါရဲ့အပေးအယူကို အရင်နားထောင်ကြည့်ပါဦး”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ငါ အင်မော်တယ်လောကကို ရောက်သွားရင် စန်းလန်ဘိုးဘေးကို ရှာပြီး မင်းရဲ့ မူလစွမ်းအင်ကို ပြန်ပေးခိုင်းမယ်.. စန်းလန်ဘိုးဘေးက မူလစွမ်းအင်ကို ပြန်ပေးပြီးရင် မင်းအနေနဲ့ စန်းလန်စကြဝဠာက လူတွေအဆင့်တက်တာကို မတားဆီးရဘူး.. ဒါ့အပြင် ငါတို့ နတ်ဘုရားနယ်မြေက လူတွေ စန်းလန်စကြဝဠာကို လာပြီး အဆင့်ထိုးဖောက်တဲ့ အခါမှာလည်း မင်းသူတို့ကို အကူအညီပေးရမယ်”

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်က အနည်းငယ် စဥ်းစားလိုက်ပြီးမှ ကျန်းချန်ကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ကောင်းပြီလေ.. စန်းလန်ဘိုးဘေးက ငါ့ရဲ့ မူလစွမ်းအင်ကို ပြန်ပေးသ‌ရွေ့ ငါ့ဘက်က ဘာပြဿနာမှ မရှိဘူး”

အကယ်၍ ထိုကောင်လေးသာ စန်းလန်ဘိုးဘေးကို မူလစွမ်းအင် အမှန်တကယ် ပြန်ပေးခိုင်းနိုင်လျှင် စန်းလန်စကြဝဠာနှင့် နတ်ဘုရားနယ်မြေမှ လူများကို အဆင့်တက်ခွင့်ပေးခြင်းသည် သူ့အတွက် မည်သို့မျှ မထိခိုက်ဘဲ အကျိုးအမြတ်သာ ရှိမည် ဖြစ်ရာ စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်အနေဖြင့် သဘောမတူစရာ အကြောင်းမရှိပေ။

ထိုကောင်လေးက စန်းလန်ဘိုးဘေးကို မူလစွမ်းအင် ပြန်မပေးခိုင်းနိုင်လျှင်ပင် သူ့အတွက် ဘာမှ ဆုံးရှုံးစရာ မရှိပေ။

ယင်းကြောင့်လည်း ကျန်းချန်၏ ကမ်းလှမ်းချက်ကို စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်က မငြင်းပယ်ခဲ့ခြင်းဖြစ်၏။

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်က တုံ့ဆိုင်းမနေတော့ဘဲ လက်ဟန်များကို ပြုလုပ်ကာ ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းသို့ ကောင်းကင်တာအို အမှတ်အသား တစ်ခုကို လျင်မြန်စွာ ပေါင်းစပ်ပေးလိုက်သည်။

“ဒီကောင်းကင်တာအို အမှတ်အသားက အင်မော်တယ်အဆင့်ကို ထိုးဖောက်ပြီး အင်မော်တယ်လောကကို တက်လှမ်းဖို့အတွက် အဓိကဖြစ်တဲ့ အင်မော်တယ်ကပ်ဘေးကို လှုံ့ဆော်ပေးမဲ့ သော့ချက်ပဲ.. အခု မင်းအနေနဲ့ ဒီအမှတ်အသားကို အချိန်မရွေး လှုံ့ဆော်ပြီး အင်မော်တယ်ကပ်ဘေး ကျရောက်လာအောင် လုပ်လို့ရပြီ”

ထိုစကားကိုကြားလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ်”

ယခုအခါတွင် ကောင်းကင်တာအို အမှတ်အသားလည်း ရှိနေပြီ ဖြစ်ရာ သူ့အနေဖြင့် အင်မော်တယ်အဆင့်ကို ထိုးဖောက်ပြီး အင်မော်တယ်လောကသို့ တက်လှမ်းရန်မှာ ပြဿနာမရှိတော့ပေ။

“မိတ်ဆွေလေး ကျန်းချန်”

ထိုအချင်းအရာကို မြင်လျှင် အဘိုးအို စန်းယာသည် ကျန်းချန်ကို အကူအညီတောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူက ကျန်းချန်ကို သူ့ကိုယ်စား ကောင်းကင်လမ်းစဥ် ထံကနေ ကောင်းကင်တာအို အမှတ်အသား တောင်းပေးရန် ရည်ရွယ်နေခဲ့သည်။

သို့သော်လည်း ကျန်းချန် စကားမပြောရသေးမီမှာပင် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် အဘိုးအိုစန်းယာကို ရည်ရွယ်၍ အေးစက်စက် ပြောလိုက်သည်။

“မင်း ဘာမှ ထပ်ပြောစရာမလိုဘူး.. လောလောဆယ်တော့ ငါမင်းတို့ စန်းလန် သူတော်စင်ဂိုဏ်းကို ကောင်းကင်အမှတ်အသားပေးမှာ မဟုတ်ဘူး.. ဒီကောင်လေး အင်မော်တယ်လောက ထဲကို ရောက်ပြီး စန်းလန်ဘိုးဘေးဆီက မူလစွမ်းအင်ကို ပြန်လွှဲပေးနိုင်တဲ့ အခါကျရင်တော့ မင်းအနေနဲ့ အဆင့်တက်ခွင့် ရလာလိမ့်မယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်က အဘိုးအိုစန်းယာ ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“အကြီးအကဲစန်းယာ.. ခင်ဗျား မြင်တဲ့အတိုင်းပဲ.. ကျုပ် ခင်ဗျားကို မကူညီချင်လို့ မဟုတ်ဘူး.. ခင်ဗျား ခဏလောက်ပဲစောင့်နေလိုက်ပါ.. ကျုပ် အင်မော်တယ်လောကထဲရောက်တာနဲ့ ခင်ဗျားတို့ ဘိုးဘေးကို အမြန်ဆုံးရှာဖွေပြီး ဒီကိစ္စကို ဖြေရှင်းပေးပါ့မယ်”

စန်းလန်စကြဝဠာမှ ကျင့်ကြံသူများ အင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်မလား ဆိုသည်နှင့် ပတ်သက်၍ ကျန်းချန် သိပ်ဂရုမစိုက်ပေ။

သို့သော်လည်း သူက နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများအတွက် အင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်သည့် လမ်းကြောင်း တစ်ခုကို ချန်ထားပေးချင်ခဲ့သည်။

ထို့ကြောင့် အင်‌မော်တယ်လောကထဲ ရောက်လျှင် သူက စန်းလန်ဘိုးဘေးကို သေချာပေါက် ရှာဖွေပြီး ကောင်းကင်လမ်းစဥ်၏ မူလစွမ်းအင် တစ်ဝက်ကို ပြန်လည် တောင်းယူပေးမည် ဖြစ်သည်။

“ဒါဆိုရင်လည်း ဒီအဘိုးကြီးက မိတ်ဆွေလေးကျန်းချန် ဆီက သတင်းကောင်းကို စောင့်မျှော်နေပါ့မယ်”

အဘိုးအိုစန်းယာက မကျေမနပ် ဖြစ်‌နေသော်လည်း အဆုံးသတ်တွင် ခေါင်းညိတ်လိုက်သည်။

စင်စစ် သူတို့ စန်းလန်သူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူများ အဆင့်ထိုးဖောက်၍ မရခြင်းသည် သူတို့ စန်းလန်သူတော်စင်ဂိုဏ်းကို တည်ထောင်သူဖြစ်သည့် စန်းလန်ဘိုးဘေး၏ လက်ချက်ကြောင့်ဟု ပြော၍ ရသည်။

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် စန်းလန်ဘိုးဘေးကြောင့် မူလစွမ်းအင် တစ်ဝက်ကို ဆုံးရှုံးခဲ့ရသည် ဖြစ်ရာ သူတို့ စန်းလန်သူတော်စင်ဂိုဏ်း အပေါ်တွင် ကောင်းမွန်သောအမြင် ရှိမနေခဲ့ပေ။

ထို့ကြောင့် ယခုအချိန်တွင် သူ့ကို ကောင်းကင်တာအို အမှတ်အသားပေးပြီး အဆင့်ထိုးဖောက်ခွင့် ပေးရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

ဆိုရလျှင် သူ၏ မျှော်လင့်ချက်သည် ကျန်းချန် အပေါ်တွင်သာ မူတည်နေတော့သည်။

“မစိုးရိမ်ပါနဲ့.. ဒီကိစ္စကို နှစ်အနည်းငယ် ဒါမှမဟုတ် ဆယ်စုနှစ်အနည်းငယ် အတွင်းမှာ ကျုပ်ဖြေရှင်းပေးပါ့မယ်”

ကျန်းချန်က အဘိုးအိုစန်းယာကို လေးနက်စွာ ပြောလိုက်သည်။

“ကျုပ်အတွက် နတ်ဘုရားနယ်မြေဆီ လူတစ်ယောက်ကို လွှတ်ပေးပြီး ကျုပ် အင်မော်တယ်လောကကို တက်လှမ်းတော့မယ်လို့ ပြောပေးပါ...ဒါ့အပြင် နတ်ဘုရားနယ်မြေက အုပ်စိုးသူအထွတ်အထိပ်အဆင့်ကို ရောက်တဲ့ကျင့်ကြံသူတွေရှိရင် လူသားဧကရာဇ်နန်းတော်ရဲ့ တံဆိပ်ပြားကို ယူဆောင်ပြီး စန်းလန်စကြဝဠာဆီမှာ အဆင့်ထိုးဖောက်လို့ ရတယ်လို့လည်း မှာပေးပါ”

“ကောင်းပြီ ငါ ဆက်ဆက်ပြောပေးပါ့မယ်”

ထိုစကားကို ပြောပြီးသည်နှင့် အဘိုးအိုစန်းယာ၏ ပုံရိပ်သည် အလင်းတန်းတစ်ခု အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ချင်းစန်းတောင်၏ အပြင်ဘက် ဆီသို့ ပျံသန်းသွားခဲ့သည်။

အဘိုးအိုစန်းယာ ပျောက်ကွယ်သွားပြီးနောက်တွင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။

ယခုအားလုံး အဆင်သင့်ဖြစ်နေပြီ ဖြစ်ရာ သူ့အနေဖြင့် အင်မော်တယ်အဆင့်ကို တက်လှမ်းရန်သာ ကျန်ရှိတော့သည်။

“ကောင်လေး မင်း အင်မော်တယ်ကပ်ဘေးကို ဖြတ်ကျော်ပြီး အင်မော်တယ်အဆင့်ကို ထိုးဖောက်မယ် ဆိုရင် ဒီချင်းစန်းတောင်ထဲမှာ မနေနဲ့.. ငါရဲ့နယ်မြေက မင်းရဲ့ ကပ်ဘေးကို ခံနိုင်ရည် မရှိလောက်ဘူး”

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်က ကျန်းချန်ကို တစ်ချက် ကြည့်ကာ ပြောလိုက်ပြီးနောက်တွင် မျက်စိတစ်မှိတ်အတွင်းမှာပင် အစအနပင် မကျန်ရှိအောင် ပျောက်ကွယ်သွားခဲ့သည်။

“ငါ အင်မော်တယ်အဆင့်ကို ထိုးဖောက်တဲ့အခါကျရင် အဆ ၁၀၀ စနစ်က အင်မော်တယ်ကပ်ဘေးကို ပိတ်ဆို့ပေးမလား မသိဘူး”

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် စကားကိုကြားလျှင် ကျန်းချန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထို့နောက် သူက ခေါင်းခါရမ်းလိုက်ပြီး ချင်းစန်းတောင်၏ အပြင်ဘက်တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

ဤတစ်ကြိမ် အဆင့်ထိုးဖောက်လျှင် ကြုံတွေ့ရမည့်အရာမှာ ကောင်းကင်ကပ်ဘေးထက် မြင့်မားသည့် အင်‌မော်တယ်ကပ်ဘေး ဖြစ်၍ အဆ ၁၀၀ စနစ်က ထိုကပ်ဘေးကို ပိတ်ဆို့ပေးနိုင်ရန် အကြွင်းမဲ့ သေချာမှု မရှိပေ။

မည်သို့ပင် ဖြစ်စေကာမူ ကျန်းချန်သည် ချင်းစန်တောင်ထဲတွင် အင်မော်တယ်ကပ်ဘေးကို လှုံ့ဆော်ရန် မရွေးချယ်ခဲ့ချေ။

ချင်းစန်တောင်၏ အပြင်ဘက်ရှိ ဟင်းလင်းပြင်တွင် ကျန်းချန်သည် ဝင့်ကြွားစွာ ရပ်နေရင်း အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ကာ သူ၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်တာအို အမှတ်အသားကို လှုံ့ဆော်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ကောင်းကင်တာအို အမှတ်အသားနှင့် ကျန်းချန် တို့သည် တစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီး စန်းလန်စကြဝဠာက တုန်ခါသွားခဲ့သည်။

ကောင်းကင်ယံထက်တွင် အင်မော်တယ်တံခါးပေါက် တစ်ခု ပွင့်လာပြီး အင်မော်တယ်အရှိန်အဝါများ ပြည့်နှက်နေသည့် မိုးတိမ်များသည် အင်မော်တယ်တံခါးပေါက်ထဲကနေ ထွက်ပေါ်လာခဲ့ကာ တစ်ခဏအတွင်းမှာပင် မိုင်ပေါင်းထောင်ချီဧရိယာကို လွှမ်းခြုံသွားခဲ့သည်။

“ဒါက အင်မော်တယ်ကပ်ဘေးလား”

ကျန်းချန်က ကောင်းကင်ယံရှိ ကြီးမားသော မိုးတိမ်များကို မော့ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အုပ်စိုးသူအဆင့်ကနေ အင်မော်တယ်အဆင့်ကို ထိုးဖောက်ရာတွင် ရင်ဆိုင်ရမည့် အင်မော်တယ်ကပ်ဘေးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

သာမန် အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဆိုလျှင် ဤအင်မော်တယ် ကပ်ဘေးအောက်တွင် ချက်ချင်းဆိုသလို ပြာကျသွားမည်မှာ သေချာသလောက်ပင်။

အခန်း(၂၆၆၇)ပြီး၏။

အခန်း(၂၆၆၈)

“ဒါက အင်မော်တယ်အဆင့်ကို ထိုးဖောက်ရင် ရင်ဆိုင်ရမဲ့ အင်မော်တယ်ကပ်ဘေးလား.. တကယ်ကို ကြောက်စရာပဲ”

ချင်းစန်းတောင်က‌နေ ယခုလေးတင် ထွက်လာပြီး မိုင်ပေါင်းရာချီ အကွာအဝေးတွင် ရှိနေသည့် အဘိုးအိုစန်းယာသည် ကျန်းချန် လှုံ့ဆော်လိုက်သည့် အင်မော်တယ်ကပ်ဘေးကို ချက်ချင်းဆိုသလို အာရုံခံမိလိုက်ပြီး ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဤအင်မော်တယ်ကပ်ဘေးသည် သူထင်ထားသည်ထက်ပင် များစွာ ပို၍ ကြောက်မက်ဖွယ် ကောင်းပုံရ၏။

အကယ်၍ စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သာ သူ့ကို ယခုအချိန်တွင် ကောင်းကင်တာအို အမှတ်အသားပေးလိုက်လျှင်ပင် သူ့အနေဖြင့် ဤအင်မော်တယ်ကပ်ဘေးကနေ အသက်ရှင်ရန် လုံးဝ ခက်ခဲမည်ကို အဘိုးအိုစန်းယာ ခံစားမိခဲ့သည်။

ကြည့်ရသည်မှာ သူ့အနေဖြင့် ကြိုတင်ပြင်ဆင်မှု တချို့ လုပ်ဆောင်ရန် လိုအပ်နေပုံ ရ၏။

သို့မဟုတ်လျှင် ကျန်းချန်က သူတို့ဘိုးဘေးကို ကောင်းကင်လမ်းစဥ်၏ မူလစွမ်းအင်များ အမှန်တကယ် ပြန်ပေးခိုင်းနိုင်ပြီး စန်းလန်စကြဝဠာမှ ကျင့်ကြံသူများ အနေဖြင့် အဆင့်တက်ရန် ကန့်သတ်ချက်မရှိတော့ဟု ဆိုလျှင်ပင် သူက အင်မော်တယ် ကပ်ဘေးအောက်တွင် ကျဆုံးသွားရန် အလွန်တရာ နီးစပ်နေခဲ့သည်။

ထိုသို့ တွေးမိပြီးနောက်တွင် အဘိုးအိုစန်းယာ၏ ပုံရိပ်သည် ကောင်းကင်ယံ ထဲသို့ လျင်မြန်စွာ တိုးဝင်၍ ပျောက်ကွယ်သွားခဲ့သည်။

ချင်းစန်းတောင်၏ အပြင်ဘက်တွင် ကျန်းချန်သည် လက်နှစ်ဖက်ကို‌ နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

သူ၏ မျက်ဝန်းများက ကောင်းကင်ယံမှ အင်မော်တယ်ကပ်ဘေးကို စိုက်ကြည့်နေခဲ့သည်။

သူက အင်မော်တယ်ကပ်ဘေးကို ရင်ဆိုင်ရန်အတွက် အဆင်သင့် ဖြစ်နေခဲ့ချေပြီ။

သို့သော်လည်း ခန့်ညားထည်ဝါပြီး ကြီးမားသောမိုးတိမ်များသည် ကောင်းကင်ယံထက်တွင် တစ်ခဏမျှသာ ရှိခဲ့ပြီး ပစ်မှတ်ကို ပျောက်ဆုံးသွားသည့်နှယ် အင်မော်တယ်တံခါးပေါက် ဆီသို့ လျင်မြန်စွာ စုစည်းသွားကြပြီး အဆုံးသတ်တွင် အင်မော်တယ်တံခါးပေါက် ထဲသို့ ဝင်ရောက်ကာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

“ငါ့ခန္ဓာကိုယ်ထဲက အဆ ၁၀၀ စနစ်က အင်မော်တယ်ကပ်ဘေးကိုတောင် ပိတ်ဆို့ပေးနိုင်ပါလား”

ကျန်းချန်က ကောင်းကင်ယံအနှံ့တွင် ပြန့်ကျဲနေရာကနေ အင်မော်တယ်တံခါးပေါက် ထဲသို့ ပြန်ဝင်သွားသည့် အင်မော်တယ်မိုးကြိုးများကို ကြည့်ကာ အံ့အားသင့်သွားခဲ့သည်။

ဤအင်မော်တယ်ကပ်ဘေးသည် လွှမ်းမိုးနိုင်စွမ်း အလွန်တရာကြီးမားသောကြောင့် သူ၏ ခွန်အားဖြင့်ပင် ကျော်ဖြတ်ရန် အတော်လေး အားစိုက်ရလိမ့်မည်ဟု မူလက ထင်ထားခဲ့သည်။

ယခုအခါတွင် စနစ်က အင်‌မော်တယ်ကပ်ဘေးအား ပိတ်ဆို့ပေးလိုက်ပြီ ဖြစ်ရာ သူ့အတွက် ဒုက္ခများစွာ သက်သာသွားစေသည်ဟု ဆိုရပေမည်။

“စကြဝဠာရဲ့ မူလအစ ဖြစ်တဲ့ အင်မော်တယ်လောကရေ .. ငါ ကျန်းချန်ရောက်လာပြီဟေ့”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ကောင်းကင်ယံမှ အင်မော်တယ် တံခါးပေါက်ကို မော့ကြည့်လိုက်သည်။

ထို့နောက်တွင် သူက တုံ့ဆိုင်းမနေတော့ဘဲ လျင်မြန်စွာ ပျံသန်းကာ အင်မော်တယ်တံခါးပေါက် ထဲသို့ တိုးဝင်သွားခဲ့သည်။

“အင်‌မော်တယ်ကပ်ဘေးတောင်မှ နောက်ဆုတ်သွားရတယ်ဆိုတော့ ဒီကောင်လေးက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ”

ချင်းစန်းတောင်ထဲမှ စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် အင်မော်တယ်တံခါးပေါက် ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည့် ကျန်းချန်ကို ငေးကြည့်နေခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်မှုများ ရှိနေခဲ့၏။

စကြဝဠာ၏ ကောင်းကင်လမ်းစဥ်များ ထဲမှ တစ်ခု ဖြစ်၍ စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် လောကတွင် သူတို့၏ ထိန်းချုပ်မှုကို မလိုအပ်ဘဲ ကောင်းကင်နိယာမများကို လျစ်လျူရှုနိုင်သည့် နတ်ခန္ဓာကိုယ်တချို့ ရှိသည်ကို ကောင်းစွာ သိရှိထားခဲ့သည်။

သို့သော် ထိုကဲ့သို့ နတ်ခန္ဓာကိုယ်များ ပင်လျှင် အင်မော်တယ်ကပ်ဘေးကို လျစ်လျူရှုရန်မှာ မဖြစ်နိုင်ပေ။

ကျန်းချန်က အင်မော်တယ်ကပ်ဘေးကို လှုံ့ဆော်ရန် အတွက် သူ၏ ကောင်းကင်တာအို အမှတ်အသားကို လိုအပ်နေသည်ဖြစ်ရာ ကျန်းချန်သည် ကောင်းကင်လမ်းစဥ် နိယာမကို လျစ်လျူရှုနိုင်သည့် နတ်ခန္ဓာကိုယ်မျိုး မဟုတ်သည်မှာ ထင်ရှားနေခဲ့သည်။

သို့သော်လည်း ကျန်းချန်က အင်မော်တယ်ကပ်ဘေးကို လှုံ့ဆော်ပြီးသည့် နောက်တွင် ကပ်ဘေးသည် နောက်ဆုတ်သွားခဲ့ရ၏။

ဤသည်မှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းနေခဲ့သည်။

စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် ကျန်းချန်နှင့်အတူ ပျောက်ကွယ်သွားသည့် အင်မော်တယ် တံခါးပေါက်ကို ငေးကြည့်နေခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

ဤလူသားသည် အမှန်တကယ်ပင် သာမန်လောက်သာ ဆန်းကြယ်သည့် ပါရမီရှင်မျိုး မဟုတ်ပေ။

ဆိုရလျှင် ထိုကောင်လေးသည် စန်းလန်ဘိုးဘေးထံမှ သူ၏ မူလစွမ်းအင် တစ်ဝက်ကို အမှန်တကယ် ပြန်ယူပေး‌ကောင်း ပေးနိုင်ပေလိမ့်မည်။

-----------------------------

‌ကောင်းကင်ယံရှိ တိမ်တိုက်များ အထက်မှ မြင့်မားသောနေရာတွင် အင်မော်တယ် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ပုံရိပ် နှစ်ခု တည်ငြိမ်စွာ ရပ်နေခဲ့သည်။

သူတို့က မြေပြင်ကို ငုံ့ကြည့်နေခဲ့ပြီး တိမ်တိုက်များ အထက်မှ ဟင်းလင်းပြင် ဝဲဂယက် တစ်ခုကို ကြည့်နေခဲ့ကြသည်။

ဤသည်မှာ မရေမတွက်နိုင်သော စကြဝဠာများနှင့် အင်မော်တယ်လောကကြားရှိ လမ်းကြောင်းတစ်ခု ဖြစ်၏။

ကျယ်ပြောလှသော အင်မော်တယ်လောကတွင် ဤကဲ့သို့ အင်မော်တယ်လမ်းကြောင်း အမြောက်အများ ရှိပြီး အင်မော်တယ်လောကမှ အင်အားစု အသီးသီးသည် အင်မော်တယ် လမ်းကြောင်းများကို ကိုယ်စီ ထိန်းချုပ်ထားကြသည်။

“ဒီတစ်ခေါက် အင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်တဲ့သူခြောက်ယောက်တောင် တစ်ပြိုင်တည်း ရှိနေတာပဲ.. ငါတို့ လုမိသားစု စောင့်ကြပ်တဲ့ အင်မော်တယ်လမ်းကြောင်းမှာ ဒီလောက်အထိ အရေအတွက် များပြားတာကို မကြုံရတာ အတော်တောင် ကြာခဲ့ပြီ”

တိမ်တိုက်များ အထက်ရှိ လူငယ်တစ်ယောက်က ဟင်းလင်းပြင်မှ ဝဲဂယက် ခုနစ်ခုကို ကြည့်ကာ အနည်းငယ်အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

လူငယ်၏ နံဘေးမှ မျက်ခုံးမွေးအနီရောင်နှင့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ တစ်ယောက်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒီတစ်ကြိမ်တော့ ပါရမီရှင် နှစ်ဦးလောက် ပေါ်လာပါစေလို့ မျှော်လင့်မိတယ်”

ထိုနှစ်ဦး စကားပြောဆိုနေစဥ်မှာပင် ဟင်းလင်းပြင် ဝဲဂယက်ကနေ တစ်စုံတစ်ယောက် ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့သည်။

ဟင်းလင်းပြင် ဝဲဂယက်ထဲမှ ထွက်လာသူမှာ အဖြူရောင်ဝတ်စုံကိုဝ တ်ဆင်ထားသည့် ချောမောသော လူငယ်တစ်ယောက် ဖြစ်ပြီး ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားခဲ့ကာ ပေါင်ချိန်သောင်းချီသည့် အလေးချန်ကို ထမ်းထားရသကဲ့သို့ မြေပြင်ပေါ်ကို ယိုင်လဲကျသွားခဲ့သည်။

“ဒါက အင်မော်တယ်လောကလား..အဆင့်နိမ့်စကြဝဠာနှင့် ယှဥ်ရင် အများကြီး ကွာခြားတာပဲ”

လူငယ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

အစောပိုင်းက ပေါ့ပါးလန်းဆန်းနေသော သူ၏ ခန္ဓာကိုယ်သည် ယခုအခါတွင် အနည်းငယ် တုန်ယင်နေခဲ့သည်။

အကြောင်းရင်းမှာ အင်မော်တယ်လောက၏ ဆွဲငင်အားနှင့် နိယာမများသည် အဆင့်နိမ့် စကြဝဠာထက် တစ်ဆင့် ပိုမြင့်သောကြောင့်ပင်။

လူငယ်က အင်မော်တယ်လောကထဲကို ပထမဆုံးအကြိမ် စတင် ဝင်ရောက်လာခြင်း ဖြစ်၍ တစ်ခဏအတွင်း အင်မော်တယ်လောက၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်ရန် ခက်ခဲနေခြင်းသာ ဖြစ်သည်။

တိမ်တိုက်များအထက်ရှိ အင်မော်တယ်တမန်တော် နှစ်ဦး၏ အမူအရာက အလွန်ပင် အေးစက်နေခဲ့သည်။

အင်မော်တယ်လမ်းကြောင်းကနေ ထွက်ပေါ်လာသည့် ကျင့်ကြံသူများ၏ အခြေအနေကို သူတို့သည် ကျင့်သားရနေပြီ ဖြစ်သည်။

အင်မော်တယ်လောကကို တက်လှမ်းလာနိုင်သူများသည် အဆင့်နိမ့် စကြဝဠာတွင် မည်သူ့ကိုမှ ဂရုစိုက်စရာ မလိုသည့် အုပ်စိုးသူအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သို့သော်လည်း အင်မော်တယ်လောကထဲကို ခြေချလိုက်သည်နှင့် ၎င်းတို့သည် အဆင့်အနိမ့်ဆုံး ကျင့်ကြံသူတစ်ယောက် အလိုအလျောက် ဖြစ်သွားခဲ့၏။

အဖြူရောင်ဝတ်စုံဝတ် လူငယ် ထွက်ပေါ်လာပြီးနောက်တွင် အင်မော်တယ်လမ်းကြောင်း ထဲကနေ နောက်ထပ် ပုံရိပ်တစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း ထိုလူက အပြာရောင်ဝတ်စုံဝတ် လူငယ်နှင့် နှိုင်းယှဥ်လျှင် သိသိသာသာပင် ပို၍ မခံမရပ်နိုင် ဖြစ်နေခဲ့သည်။

သူက ဟင်းလင်းပြင်ဝဲဂယက်ကနေ ထွက်လာသည်နှင့်တစ်ပြိုင်နက် တိုက်ရိုက်ပင် ဒူးထောက်ကျသွားခဲ့ပြီး အချိန်အတော်ကြာအောင် ရုန်းကန်နေခဲ့ရသည်။

“အရမ်းကို အားနည်းလွန်းတာပဲ”

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် တိမ်တိုက်များအထက်ရှိ အင်မော်တယ် တမန်တော် နှစ်ဦးသည် စိတ်ထဲကနေ တိတ်တဆိတ်ခေါင်းခါရမ်းလိုက်ကြသည်။

အဆင့်နိမ့် စကြဝဠာကနေ အင်မော်တယ်လောကကို တက်လှမ်းလာသည့် အင်မော်တယ်များသည် အတုအယောင် အင်မော်တယ် အဆင့်တွင်သာ ရှိကြသည်။

အင်မော်တယ်လောက၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်မှုကို အကဲခတ်ကာ ၎င်းတို့၏ ပါရမီအင်အားကို သိမြင်နိုင်၏။

ဆိုရလျှင် အရင်ဆုံး ထွက်ပေါ်လာသည့် ကျင့်ကြံသူ နှစ်ဦး၏ ပါရမီသည် သိပ်မကောင်းပေ။

ပထမဆုံး ထွက်ပေါ်လာသည့်သူက အင်မော်တယ်လောက၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်သေးသည်။

အကယ်၍ အနည်းငယ် လေ့ကျင့်ပေးမည် ဆိုလျှင် တိုးတက်ရန် အလားအလာ ရှိနေသေး၏။

ဒုတိယလူကမူ တစ်သက်လုံး အားစိုက်၍ ကျင့်ကြံလျှင်ပင် အင်မော်တယ်အဆင့်ကို ထိုးဖောက်ရန် မျှော်လင့်ချက် မရှိတော့မည်ကို စိုးရိမ်ရသည်။

တမန်တော်နှစ်ဦး၏ စောင့်ကြည့်မှုအောက်မှာပင် တတိယနှင့် စတုတ္ထမြောက် ကျင့်ကြံသူများသည် မကြာခင်မှာပင် ပေါ်ထွက်လာခဲ့သည်။

သူတို့နှစ်ဦး၏ အခြေအနေကလည်း အားတက်စရာ မရှိပေ။

နှစ်ဦးလုံးက အံကြိတ်၍ တောင့်ခံကာ အင်မော်တယ်လောက၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်အောင် အစွမ်းကုန် ကြိုးစားခဲ့ရသည်။

ချက်ချင်းဆိုသလိုပင် ပဉ္စမမြောက်လူသည် အင်မော်တယ်လမ်းကြောင်း ထဲကနေ ဖြည်းဖြည်းချင်း လျှောက်ထွက်လာခဲ့သည်။

ထိုလူငယ်သည် အင်မော်တယ် ကဲ့သို့ ခန့်ညားသော လူငယ်တစ်ဦး ဖြစ်ပြီး ငွေရောင် ငှက်မွေးဝတ်စုံကို ဝတ်ဆင်ထား၏။

“ဒါက အင်မော်တယ်လောကလား”

လူငယ်က အင်မော်တယ်လောက၏ ပတ်ဝန်းကျင်ကို ခံစားမိသော်လည်း သူ၏ အမူအရာက ယခင်လေးယောက်နှင့် ယှဥ်လျှင် များစွာ ပို၍ တည်ငြိမ်နေခဲ့သည်။

“အဆင့်နိမ့် စကြဝဠာနဲ့ ယှဥ်ရင် အင်မော်တယ်လောကရဲ့ ဖိအားက အများကြီး ပိုတာပဲ.. ဒါပေမဲ့ ဒီလောက်ကတော့ တောင့်ခံနိုင်ပါသေးတယ်”

လူငယ်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ရာကို အာရုံခံမိသွားခဲ့ပြီး တိမ်တိုက်များ ဆီသို့ လှမ်းကြည့်လိုက်ရာ ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။

“ဒီနှစ်ယောက်က အတော်လေး သန်မာတာပဲ”

အောက်ဘက်ရှိ ငွေရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်ကာ တိမ်တိုက်များ အထက်မှ တမန်တော်နှစ်ဦး၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူတို့က အင်မော်တယ်လမ်းကြောင်းကို စောင့်ကြပ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ အဆင့်နိမ့် စကြဝဠာကနေ တက်လှမ်းလာသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများကို မြင်ဖူးခဲ့သည်။

သို့သော် ဤငွေရောင်ဝတ်စုံဝတ် လူငယ် ကဲ့သို့ တည်ငြိမ်အေးဆေးသော ကျင့်ကြံသူကမူ လက်ချိုးရေတွက်၍ ရသည်အထိ အလွန်တရာ နည်းပါးသည်။

မျက်ခုံးမွေး အနီရောင်နှင့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက အောက်ဘက်မှ ငွေရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ဒီလူငယ်က ထူးခြားတဲ့ပါရမီတွေ ရှိတယ်.. သိပ်မကြာခင်မှာပဲ သူရဲ့ ခန္ဓာကိုယ် အတွင်းက စွမ်းအား အလုံးစုံကို အင်မော်တယ် အဆီအနှစ် စွမ်းအင် အဖြစ် ပြောင်းလဲပြီး ပကတိအင်မော်တယ် အဆင့်ကို ထိုးဖောက်နိုင်လိမ့်မယ်”

အခန်း(၂၆၆၈)ပြီး၏။

All Chapters