← Chapters

အခန်း (၂၆၆၉-၂၆၇၀)

Vol. 207 Ch. 2669-2670

အခန်း (၂၆၆၉-၂၆၇၀)

Vol. 207 Ch. 2669-2670

အခန်း(၂၆၆၉)

အဆင့်နိမ့်စကြဝဠာမှ ကျင့်ကြံသူများသည် အင်မော်တယ်လောကကို တက်လှမ်းကြသည့် အခါတွင် သူတို့၏ ခန္ဓာကိုယ်ထဲ၌ စုစည်းထားသည့် အင်‌မော်တယ် ခရစ္စတယ်များသည် အင်မော်တယ်အဆီအနှစ် အဖြစ် လုံးဝ ပြောင်းလဲသွားခြင်းမရှိသေးပေ။

ထိုအဆင့်ကို အတုအယောင် အင်မော်တယ်အဆင့်ဟု ခေါ်ဆိုကြသည်။

သူတို့၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများက အင်မော်တယ်အဆီအနှစ် အဖြစ် လုံးဝ ပြောင်းလဲသွားသောအခါမှသာ သူတို့သည် ပကတိအင်မော်တယ် အမှန်တကယ် ဖြစ်လာနိုင်ပေသည်။

အင်မော်တယ်လောက၏ ပတ်ဝန်းကျင်နှင့် မြန်မြန်ဆန်ဆန် လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းသည် အင်မော်တယ်အဆီအနှစ် ပြောင်းလဲသည့် အရှိန်အဟုန်ကို ကိုယ်စားပြု၏။

ဥပမာအားဖြင့် အင်မော်တယ်လမ်းကြောင်းကနေ ရှေ့ဆင့်နောက်ဆင့် ထွက်လာကြသည့် လူငါးဦး၏ အင်‌မော်တယ် အဆီအနှစ် ပြောင်းလဲသည့် အရှိန်အဟုန်သည် တစ်ဦးနှင့်တစ်ဦး လုံးဝ မတူညီကြပေ။

ပထမဆုံး ထွက်ပေါ်လာသည့် လူငယ် ဆိုလျှင် ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အင်မော်တယ်အဆီအနှစ် အဖြစ် လုံးဝပြောင်းလဲရန် တစ်နှစ်ခန့် အချိန်ယူရလိမ့်မည် ဖြစ်သည်။

နောက်ဆုံး ထွက်ပေါ်လာသည့် ငွေရောင်ဝတ်စုံဝတ် လူငယ်ကမူ တစ်လလောက်သာ လိုအပ်ပေလိမ့်မည်။

ယင်းမှာ ပါရမီအတိမ်အနက် ကွာဟခြင်းပင် ဖြစ်သည်။

မျက်ခုံးမွေးအနီရောင်ရှိသည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ စကားပြောဆိုနေစဥ်မှာပင် အင်မော်တယ်လမ်းကြောင်းထဲတွင် ဟင်းလင်းပြင်ဝဲဂယက် တစ်ခု ထပ်မံ ဖြစ်ပေါ်လာခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက် ထွက်လာခဲ့သည်။

ထိုလူမှာ စန်းလန်စကြဝဠာကနေ အင်မော်တယ်လောကသို့ တက်လှမ်းလာခဲ့သည့် ကျန်းချန်ပင် ဖြစ်၏။

“ဒါက အင်မော်တယ်လောကလလား”

ကျန်းချန်က အင်‌မော်တယ်လောက၏ ပတ်ဝန်းကျင်အပြောင်းအလဲကို ခံစားမိလိုက်သော်လည်း အမူအရာကမူ အလွန်တရာပင် အေးအေးလူလူ ဖြစ်နေခဲ့ပြီး ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ အကဲခတ်လိုက်သည်။

သူ၏ ပတ်ဝန်းကျင်နှင့် သူနှင့် အရှိန်အဝါ ဆင်တူသည့် ကျင့်ကြံသူ ငါးဦး ရှိနေခဲ့၏။

၎င်းတို့သည်လည်း အဆင့်နိမ့်စကြဝဠာကနေ အင်မော်တယ်လောကသို့ ဆင်းသက်လာသည့် ကျင့်ကြံသူများ ဖြစ်သည်မှာ သေချာသလောက်ပင်။

ထိုငါးယောက် အပြင် တိမ်တိုက်များ၏ အထက်တွင် တောက်ပသော အင်မော်တယ်ပုံရိပ် နှစ်ခု ရှိနေခဲ့သည်။

ယခုလေးတင် အင်မော်တယ်လောကကို တက်လှမ်းလာသည့် ကျန်းချန်သည် ထိုနှစ်ဦး ဆီကနေ အန္တရာယ်ရှိသော အငွေ့အသက်ကို ခံစားမိခဲ့သည်။

ထိုနှစ်ယောက်သည် အင်မော်တယ်လောကမှ အင်‌မော်တယ်များ ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။

“ပါရမီရှင် နောက်တစ်ယောက်ပါလား”

မျက်ခုံးမွေးအနီရောင်နှင့် လူက ကျန်းချန်ကို အနည်းငယ်အံ့အားသင့်စွာ ကြည့်လိုက်သည်။

ထိုခဏဝယ် အင်‌မော်တယ် အရှိန်အဝါများ ကိန်းအောင်းနေသည့် စကားသံသည် ကျန်းချန်၏ နားထဲကို တိုက်ရိုက်ပင် ပဲ့တင်ထပ်သွားခဲ့၏။

“မင်းတို့ရဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့ စင်မြင့်တွေက အင်‌မော်တယ်စင်မြင့်တွေပဲ.. ဒီအင်မော်တယ်စင်မြင့်က မင်းတို့ရဲ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို အင်‌မော်တယ်အဆီအနှစ် အဖြစ်ပြောင်းလဲနိုင်အောင် အကူအညီပေးလိမ့်မယ်.. မင်းတို့အနေနဲ့ အင်‌မော်တယ်လောကရဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်စေဖို့နဲ့ ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို အင်မော်တယ်အဆီအနှစ် အဖြစ် ပြောင်းလဲဖို့ ဒီ အင်‌မော်တယ်စင်မြင့် ပေါ်မှာ သုံးရက် ကျင့်ကြံခွင့်ရမယ်”

ထိုစကားကို ကြားသည်နှင့် ကျန်းချန်နှင့် အခြားသူများသည် တုံ့ဆိုင်းမနေတော့ဘဲ အင်မော်တယ်စင်မြင့် ပေါ်တွင် တင်ပျဥ်ခွေ၍ ထိုင်လိုက်ကြပြီး သူတို့၏ စွမ်းအားများကို အင်မော်တယ်အဆီအနှစ် အဖြစ် ပြောင်းလဲရန်အတွက် စတင် ကျင့်ကြံခဲ့ကြသည်။

ဤသို့ဖြင့် သုံးရက် ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

စနစ်၏ အဆ ၁၀၀ ပိုမြန်သည့် အရှိန်အဟုန်ဖြင့် ကျန်းချန်သည် အင်‌မော်တယ်စင်မြင့်၏ စွမ်းအားကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ထဲမှ အုပ်စိုးသူ နတ်စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းကျော်ကို အင်‌မော်တယ်အဆီအနှစ် အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး အတုအယောင် အင်‌မော်တယ် အဆင့်ကနေ ပကတိအင်မော်တယ်အဆင့်ကို ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

သို့သော်လည်း သူ့နံဘေးမှ လူငါးဦး၏ အခြေအနေကို အကဲခတ်မိပြီးနောက်တွင် သူက နှစ်ဆယ်ရာခိုင်နှုန်းလောက်သာ ပြသခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ယခုလေးတင် အင်မော်တယ်လောကကို တက်လှမ်းလာသည့် လူငါးဦး ထဲတွင် အင်မော်တယ်အဆီအနှစ် ပြောင်းလဲမှု အများဆုံး ဖြစ်သည့် ငွေရောင်ဝတ်စုံဝတ်လူငယ် ပင်လျှင် နှစ်ဆယ်ရာခိုင်နှုန်း အထိ မပြောင်းလဲနိုင်သေးခြင်းကြောင့် ဖြစ်၏။

ကျန်လေးယောက်ကမူ အင်မော်တယ်အဆီအနှစ် ပြောင်းလဲမှု ဆယ်ရာခိုင်နှုန်းပင် မရှိသေးပေ။

အားအနည်းဆုံး တစ်ယောက်ဆိုလျှင် ဤသုံးရက်အတွင်း အင်‌မော်တယ်လောက၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်အောင်ပင် မနည်း ကျင့်ကြံနေရ၏။

အကယ်၍ တိမ်တိုက်များထက်မှ လူနှစ်ယောက်သာ သူက ကိုးဆယ်ရာခိုင်နှုန်း ပြောင်းလဲနိုင်ခဲ့သည်ကို သိလျှင် သူ့ကို ပါရမီရှင် မွန်းစတားတစ်ကောင်လို ဆက်ဆံကြလိမ့်မည်မဟုတ်ပါလော။

အင်‌မော်တယ်လောကကို စတင် အခြေချသည့် အချိန်တွင် သူ့အနေဖြင့် အလွန်အမင်း အားနည်းနေသေး၍ လူသိမခံချင်ဘဲ အေးအေးဆေးဆေးသာ နေချင်ခဲ့သည်။

“ဒီနှစ်ယောက်က ဘယ်ဆိုးလို့လဲ.. သုံးရက်အတွင်းမှာ တစ်ယောက်က အင်မော်တယ်အဆီအနှစ် နှစ်ဆယ်ရာခိုင်နှုန်းနီးပါး ပြောင်းလဲနိုင်ခဲ့ပြီး.. နောက်တစ်ယောက်က နှစ်ဆယ်ရာခိုင်နှုန်းတောင် ပြည့်သွားခဲ့ပြီ...သူတို့တွေက ငါတို့တွေ ကောင်းကောင်း ပျိုးထောင်ပေးလို့ ရတဲ့သူတွေပဲ”

မျက်ခုံးမွေးအနီရောင်နှင့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ကျေနပ်သော အမူအရာဖြင့်ခေါင်းညိတ်လိုက်သည်။

ဤနှစ်ယောက်၏ ပါရမီဖြင့် ဆိုလျှင် တစ်လအတွင်း အတုအယောင် အင်မော်တယ် အဆင့်ကနေ ပကတိ အင်‌မော်တယ်အဆင့်ကို ထိုးဖောက်နိုင်လိမ့်မည် ဖြစ်၏။

အကယ်၍ ဤကဲ့သို့ ပါရမီရှင်များကို အနည်းငယ် လေ့ကျင့်ပေးလိုက်မည် ဆိုလျှင် အနာဂတ်တွင် ကောင်းကင်အင်မော်တယ်အဆင့် သို့မဟုတ် ရွှေအင်မော်တယ်အဆင့် အထိပင် ထိုးဖောက်နိုင်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

“အချိန်စေ့ပြီ”

မျက်ခုံးမွေးအနီရောင်နှင့် ကျင့်ကြံသူက လေးနက်စွာ ပြောလိုက်ပြီး အင်မော်တယ်စင်မြင့်ပေါ်မှ လူခြောက်ယောက်ကို နှိုးလိုက်သည်။

ကျန်းချန် အပါအဝင် လူငါးယောက်က မျက်လုံးများကို ဖွင့်လိုက်ကြပြီး သူတို့၏ ကျင့်ကြံခြင်းကို သုံးသပ်လိုက်ကြသည်။

သို့သော်လည်း အင်‌မော်တယ်စင်မြင့်၏ စွမ်းအားကို လောဘတက်နေသည့် လူတစ်ယောက် ရှိနေခဲ့သည်။

ထိုလူက တင်ပျဥ်ခွေ၍ ဆက်ထိုင်နေခဲ့ပြီး အင်မော်တယ်စင်မြင့်၏ စွမ်းအားကို လောဘတကြီး စုပ်ယူနေခဲ့၏။

မျက်ခုံးမွေး အနီရောင်နှင့် ကျင့်ကြံသူ၏ အကြည့်က အေးစက်သွားခဲ့ပြီး ချက်ချင်းပင် သူ၏ အင်္ကျီလက်စကို ခါရမ်းလိုက်ရာ အင်‌မော်တယ် စွမ်းအားများသည် လှိုင်းလုံးတစ်လုံးကဲ့သို့ ထွက်ပေါ်လာခဲ့ပြီး အင်‌မော်တယ်စင်မြင့်ကနေ မထသေးသည့်လူကို ရိုက်ခတ်သွားခဲ့သည်။

“ဝုန်း..”

ထိုလူက တုံ့ပြန်ဖို့ပင် အချိန်မရလိုက်ပေ။

သူ၏ ခန္ဓာကိုယ်က ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် စင်မြင့်ပေါ်ကနေ လွင့်ထွက်သွားခဲ့ပြီး ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ရသည်။

ယင်းမြင်ကွင်းသည် အင်မော်တယ်စင်မြင့် ပေါ်ရှိ လူအချို့၏ စိတ်နှလုံးကို ရှင်းပြ၍ မရနိုင်သည့် အေးစက်မှုအား ခံစားရစေခဲ့သည်။

ဤအင်မော်တယ်လောကမှ အင်မော်တယ်များ၏ မောက်မာမှုသည် အမှန်တကယ်ပင် သာမန် မောက်မာမှုမျိုး မဟုတ်ပေ။

“ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

မျက်ခုံးမွေးအနီရောင်နှင့် ကျင့်ကြံသူက ဒဏ်ရာအပြင်းအထန် ရရှိသွားသည့် လူကို ခက်ထန်စွာ စိုက်ကြည့်၍ အေးစက်စက်ပြောလိုက်သည်။

“အဆင့်နိမ့် စကြဝဠာမှာ မင်းက ဘယ်လိုပဲ အဆင့်အတန်းနဲ့ဘယ်လိုပဲ အင်အားရှိခဲ့ရှိခဲ့.. ဒီအင်‌မော်တယ်လောကမှာတော့ မင်းက အားအနည်းဆုံး အတုအယောင် အင်မော်တယ် တစ်ယောက်ပဲ.. ငါ့အမိန့်ကို ဆန့်ကျင်ရဲရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”

ကျန်းချန်နှင့် တခြားသူများသည် အနည်းငယ် အနေခက်သွားကြသော်လည်း ဘာမှ ပြန်မပြောခဲ့ကြပေ။

သူတစ်ပါး အိမ်သို့ ရောက်နေသူမျာသည် ခေါင်းငုံ့ထားရလိမ့်မည် မဟုတ်ပါလား။

သူတို့သည် အဆင့်နိမ့်စကြဝဠာတွင် အထွတ်အထိပ် နေရာ၌ ရှိခဲ့ကြပြီး စကြဝဠာ တစ်ခုလုံးကို အုပ်စိုးသူ ဖြစ်နေခဲ့လျှင်ပင် အင်‌မော်တယ်လောကတွင်မူ သူတို့သည် ပကတိအင်မော်တယ်အဆင့်ကိုပင် မထိုးဖောက်ရသေးသည့် အတုအယောင်အင်မော်တယ်များသာ ဖြစ်သည်။

သို့ဖြစ်ရာ သူတို့အနေဖြင့် မျက်ခုံးမွေးအနီ နှင့် ကျင့်ကြံသူကို မည်ကဲ့သို့ ဆန့်ကျင်ရဲပါမည်နည်း။

ဒဏ်ရာအပြင်းအထန် ရရှိသွားသော ကျင့်ကြံသူသည် စကားတစ်လုံးပင် မဟဝံ့တော့ပေ။

သူ၏ မျက်နှာ တစ်ခုလုံးက ဖြူဖျော့နေခဲ့ပြီး အနီရောင်မျက်ခုံးမွေးနှင့်လူကို ကြည့်နေသော သူ၏ အကြည့်ထဲတွင် ထိတ်လန့်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။

“ဒီနေရာက အင်မော်တယ်လောကကို မိတ်ဆက်ပေးတဲ့ နေရာပဲ.. ငါတို့ လုမိသားစုက နှစ်ပေါင်း မရေမတွက်နိုင်အောင် ဒီနေရာကို စောင့်ကြပ်လာခဲ့တယ်.. ငါက လုမိသားစုရဲ့တမန်တော် လုဟယ်ပဲ...ငါစကားကို တစ်ခါပဲပြောမယ် ကိုယ့်ဘာသာကိုယ် သေချာနားထောင်ထား.. မဟုတ်ရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ”

လုဟယ်က ကျန်းချန်တို့ ခြောက်ယောက်ကို ခက်ထန်စွာ ကြည့်လိုက်သည်။

သူ၏ အေးစက်စက် စကားသံသည် ကျန်းချန်တို့၏ နားထဲတွင် တိုက်ရိုက်ပင် ပဲ့တင်ထပ်သွားခဲ့၏။

ကျန်းချန်ကမူ တည်ငြိမ်သော အမူအရာဖြင့် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

ကျန်ငါးယောက်ကမူ အသံပင် မထွက်ဝံ့ကြဘဲ လုဟယ်၏ နောက်ဆက်တွဲ စကားများအား စောင့်ဆိုင်းနေခဲ့ကြသည်။

ထို့နောက်တွင် ကျန်းချန်သည် အင်‌မော်တယ်လောကနှင့် ပတ်သက်၍ ကျန်းချန် တို့ကို ရှင်းပြပေးခဲ့သည်။

အင်‌မော်တယ်လောကတွင် အင်မော်တယ်အဆင့် ခြောက်ဆင့် ရှိသည်။

၎င်းတို့မှာ ပကတိအင်မော်တယ်အဆင့်၊ ကောင်းကင်အင်မော်တယ်အဆင့်၊ ရွှေအင်မော်တယ်အဆင့်၊ တလော့ အင်မော်တယ်အဆင့် (ဝါ) အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့်၊ အင်မော်တယ်ဘုရင် အဆင့်နှင့် အင်မော်တယ်ဧကရာဇ် အဆင့်တို့ ဖြစ်ကြသည်။

ကျန်းချန်တို့သည် ယခုအခါတွင် အင်မော်တယ်လောက၏ မြောက်ဘက်အရပ်ရှိ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ ထဲမှ စန်းယွင်ပြည်နယ်ကို ရောက်ရှိနေခဲ့ကြခြင်း ဖြစ်သည်။

စန်းယွင်ပြည်နယ်သည် မြောက်ပိုင်းအေးစက်သောအင်မော်တယ်နယ်မြေ၏ ပြည်နယ်တစ်ဆယ့်ရှစ်ခု ထဲတွင် အနောက်ဘက်အရပ်မှ ပြည်နယ်တစ်ခု ဖြစ်သည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ အရှင်သခင်သည် အင်မော်တယ်လောကတွင် နာမည်ကျော်ကြားသည့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင် ဖြစ်၏။

“မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေက လင်းရှီးယောင် နေထိုင်တဲ့ ခရမ်းရောင်မီးလျှံ အင်မော်တယ်နယ်မြေနဲ့ ဘယ်လောက်တောင် ဝေးလဲမသိဘူး”

လုဟယ်၏ ရှင်းပြမှုကို ကြားလျှင် ကျန်းချန်သည် စိတ်ထဲကနေ တီးတိုး ရေရွတ်လိုက်သည်။

သို့ရာတွင် ကျန်းချန်သည် ဆက်လက် စဥ်းစားမနေတော့ဘဲ ခေါင်းခါရမ်းလိုက်သည်။

သူ၏ လက်ရှိအခြေအနေရ ခရမ်းရောင်မီးလျှံ အင်မော်တယ်နယ်မြေကို သွားပြီး လင်းရှီးယောင်ကို ရှာဖွေရန်မှာ အလွန်ပင် အလှမ်းဝေးလွန်းနေသေး၏။

လက်ရှိအချိန်တွင် အရေးကြီးသည်မှာ ဤမြောက်ပိုင်းအေးစက်သော အင်မော်တယ် နယ်မြေတွင် အခြေခိုင်အောင် အရင်လုပ်ဆောင်ရန် ဖြစ်သည်။

ထို့နောက်တွင် စန်းလန်သူတော်စင်ဂိုဏ်းမှ စန်းလန်ဘိုး‌ဘေးကို ရှာဖွေကြည့်ရမည် ဖြစ်သည်။

သူက စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် အတွက် မူလစွမ်းအင်ကို စန်းလန်ဘိုးဘေး ထံကနေ ပြန်လည် တောင်းယူပေးရဦးမည် မဟုတ်ပါလော။

စန်းလန်ဘိုးဘေးသည်လည်း စန်းလန်စကြဝဠာကနေ အင်မော်တယ်လောကကို တက်လှမ်းလာသူ ဖြစ်၍ သေချာပေါက် ဤမြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ ထဲတွင်သာ ရှိနေလောက်သည်။

ကျန်းချန် စဥ်းစားခန်း ဝင်နေစဥ်မှာပင် လုဟယ်၏ စကားသံက ကျန်းချန်၏ နားထဲကို ထပ်မံ၍ ဝင်ရောက်လာခဲ့သည်။

“အခု မင်းတို့မှာ ရွေးချယ်စရာ နှစ်လမ်းပဲရှိတယ်.. တစ်လမ်းက ငါတို့ လုမိသားစုရဲ့ သတ္တုတွင်းမှာ အလုပ်သမားအဖြစ် သုံးနှစ်ကြာ အလုပ်လုပ်ဖို့ပဲ.. သုံးနှစ်ပြည့်ရင်တော့ လွတ်လပ်ခွင့် ပြန်ရနိုင်ပြီး ငါတို့ လုမိသားစုရဲ့ အပြင်စည်းတပည့်တစ်ယောက် ဖြစ်လာနိုင်တယ်”

လုဟယ်၏ စကားကိုကြားလျှင် ယခုလေးတင် အင်မော်တယ်လောကကို တက်လှမ်းလာကြသည့် ကျင့်ကြံသူများသည် မျက်နှာမကောင်းတော့ပေ။

သူတို့က အဆင့်နိမ့် စကြဝဠာတွင် အင်မော်တယ်ကပ်ဘေးကို ကျော်ဖြတ်ကာ အင်‌မော်တယ်လောကကို တက်လာသူများ ဖြစ်ကြပြီး အဆင့်နိမ့် စကြဝဠာတွင် အထွတ်အထိပ် နေရာ၌ ရပ်တည်လာသူများ ဖြစ်ကြသည်။

သို့သော်လည်း အင်မော်တယ်လောကထဲကို အခြေချလိုက်သည့်အခါတွင် လုမိသားစု၏ သတ္တုတွင်း အလုပ်သမားတစ်ယောက် ဖြစ်လာပေတော့မည်။

သူတို့က အင်‌မော်တယ်လောကထဲတွင် အခြေချရန် မလွယ်ကူမှန်း သိထားသော်လည်း ဤကဲ့သို့ အဆင့်အတန်း ပြောင်းလဲသွားခြင်းကိုမူ လက်ခံရန် ခက်ခဲနေခဲ့ကြသည်။

အခန်း(၂၆၆၉)ပြီး၏။

အခန်း(၂၆၇၀)

“မင်းတို့ထဲက ပါရမီထူးချွန်တဲ့ သူတွေကတော့ ငါ့ရဲ့စစ်ဆေးမှုကို အောင်မြင်သရွေ့ လုမိသားစုရဲ့ အပြင်စည်းတပည့် တိုက်ရိုက် ဖြစ်လာနိုင်ပါတယ်”

ထိုစကားကို ပြောနေစဥ် လုဟယ်သည် ကျန်းချန်နှင့် ငွေရောင်ဝတ်စုံဝတ် လူငယ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ဤတစ်ကြိမ် အင်‌မော်တယ်လောကကို တက်လှမ်းလာကြသည့် ခြောက်ယောက်ထဲတွင် ကျန်းချန် တစ်ယောက်သာ လုမိသားစု၏ အပြင်စည်း တိုက်ရိုက်တပည့် ဖြစ်လာရန် အရည်အချင်း ပြည့်မီနိုင်ခြေ ရှိသည်။

“လုမိသားစုထဲ ဝင်တာအပြင် မင်းတို့အတွက် နောက်တစ်လမ်းကတော့ ဒီနေရာကနေ ထွက်သွားပြီး အင်‌မော်တယ်လောကမှာ တစ်ကိုယ်တော် ကျင်လည်ဖို့ပဲ”

ထိုစကားကိုကြားလျှင် ကျင့်ကြံသူအားလုံး၏ မျက်နှာထက်တွင် စိတ်အားထက်သန်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျင့်ကြံသူများသည် လုမိသားစုထဲ မဝင်လိုကြဘဲ အင်‌မော်တယ်လောကတွင် တစ်ကိုယ်တော် ကျင်လည်ရန်သာ ရည်ရွယ်ထားသည်မှာ ထင်ရှားနေခဲ့၏။

အဆုံးသတ်တွင် သူတို့သည် အင်မော်တယ်လောကတွင် အတောင်အလက် မစုံသေးသည့် အတွေ့အကြုံနုနယ်သူ အဖြစ် သတ်မှတ်ခံရနိုင်သော်လည်း အဆင့်နိမ့် စကြဝဠာတွင်မူ နာမည်ကျော်ကြားသည့် အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြ၏။

ထို့ကြောင့် သဘာဝကျစွာပင် သူတို့တွင် မာန်မာနများ ကိုယ်စီ ရှိကြသည်။

သို့ဖြစ်ရာ လုမိသားစု၏ သတ္တုတွင်း အလုပ်သမား ဖြစ်ရမည်ကို မည်ကဲ့သို့ ကျေနပ်နိုင်ပါမည်နည်း။

ကျင့်ကြံသူများ၏ အမူအရာကို မြင်လျှင် လုဟယ်သည် လှောင်ပြုံး ပြုံး၍ ပြောလိုက်သည်။

“မင်းတို့ ဘာတွေးနေလဲ ဆိုတာ ငါသိတယ်.. လွတ်လပ်ခွင့်ရှိနေမှတော့ ဘယ်သူက ငါတို့ လုမိသားစုထဲကို ဝင်ပြီး နိမ့်ကျတဲ့သတ္တုတွင်း အလုပ်သမား ဖြစ်ချင်ပါ့မလဲ.. ဒါပေမဲ့ မင်းတို့ မရွေးချယ်ခင်မှာ ငါတစ်ခု သတိပေးချင်တယ်.. ငါ အင်မော်တယ်လမ်းကြောင်းကို စောင့်ကြပ်လာတဲ့ တစ်လျှောက်လုံးမှာ အင်မော်တယ်လောကကို တက်လှမ်းလာတဲ့သူ တစ်ထောင်ထက် မနည်း ရှိခဲ့တယ်.. ဒါပေမဲ့ ငါတို့ လုမိသားစုထဲ မဝင်ဘဲ ထွက်သွားတဲ့ သူတွေက တစ်ရာမှာ တစ်ယောက်တောင် အသက်ရှင်ဖို့ မသေချာဘူး”

လုဟယ်၏ စကားကိုကြားလျှင် ကျင့်ကြံသူများသည် မျက်နှာအမူအရာ အနည်းငယ် ပျက်သွားကြသည်။

အဆင့်နိမ့် စကြဝဠာကနေ အင်မော်တယ်လောကကို တက်လှမ်းသူများ၏ အသက်ရှင်သန်နှုန်းသည် တစ်ရာခိုင်နှုန်းပင် ရှိမနေပါသလော။

တစ်နည်းအားဖြင့် ပြောရလျှင် အကယ်၍ သူတို့သာ ယနေ့တွင် လုမိသားစုထဲ မဝင်ခဲ့လျှင် အင်မော်တယ်လောက ထဲတွင် မုချသေကြရပေလိမ့်မည်။

ကျင့်ကြံသူတချို့သည် ချက်ချင်းဆိုသလိုပင် အနည်းငယ်ဝေခွဲမရ ဖြစ်သွားခဲ့ကြသည်။

လုဟယ်က ကျင့်ကြံသူများ၏ အမူအရာ ပြောင်းလဲသွားမှုများကို လျစ်လျူရှုလိုက်ပြီး သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ အင်မော်တယ်အလင်းများ ဝန်းရံနေသည့် ကျောက်စိမ်းတိုင် တစ်ခုသည် ကျန်းချန်တို့၏ ရှေ့တည့်တည့်တွင် ပေါ်လာခဲ့သည်။

“ငါတို့ လုမိသားစုဆီမှာ သတ္တုတွင်း အလုပ်သမား မလုပ်ချင်ဘူးဆိုရင် ဒီကျောက်တိုင်ကို အစွမ်းကုန် တိုက်ခိုက်လို့ရတယ်.. ဒီကျောက်တိုင်မှာ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ အနက်၊ ခရမ်း ဆိုပြီး အရောင်ခုနစ်မျိုး ရှိတယ်.. လိမ္မော်ရောင် လင်းလာအောင် လုပ်နိုင်သ‌‌ရွေ့ လုမိသားစုရဲ့ တပည့် တိုက်ရိုက်ဖြစ်လာနိုင်တယ်.. အဝါရောင် လင်းလာမယ် ဆိုရင်တော့ လုမိသားစုရဲ့ အတွင်းစည်း တပည့်တောင် တိုက်ရိုက် ဖြစ်လာနိုင်တယ်.. အဲဒီထက် မြင့်တဲ့ အရောင်တွေနဲ့ ပတ်သက်ပြီးတော့ ငါ မရှင်းပြတော့ဘူး.. ဘာလို့လည်းဆိုတော့ ငါအင်မော်တယ်လမ်းကြောင်းကို စောင့်ကြပ်လာတဲ့ သက်တမ်းအတွင်းမှာ တစ်ယောက်မှ မတွေ့ဖူးသေးလို့ပဲ”

ထိုစကားကို ပြောပြီးနောက်တွင် လုဟယ်သည် လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ရပ်နေရင်း ကျန်းချန်တို့ ခြောက်ယောက်ကို အေးစက်စက် အမူအရာဖြင့် ကြည့်လိုက်သည်။

“ငါပြောစရာရှိတာ အားလုံး ပြောပြီးပြီ.. မင်းတို့ ကိုယ့်ဘာသာကိုယ် ရွေးချယ်ကြတော့”

ထိုစကားကိုကြားလျှင် ကျင့်ကြံသူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

“စီနီယာ...ကျွန်တော်လုမိသားစုထဲ ဝင်ချင်ပါတယ်.. ဒီကျောက်တိုင်ကို အစွမ်းကုန် တိုက်ခိုက်ဖို့ပဲ လိုတာ မဟုတ်လား”

အဆုံးသတ်တွင် ငွေရောင်ဝတ်စုံဝတ် လူငယ်သည် အရင်ဆုံး စကားစပြောလာခဲ့သည်။

အင်မော်တယ်လောကထဲကို ခြေချလိုက်သည်နှင့် သူတို့သည် ဘာလုပ်၍ ဘာကိုင်ရမှန်း မသိဘဲ လမ်းပျောက်နေခဲ့ကြသည်။

သူတို့က အဆင့်နိမ့် စကြဝဠာရှိ ရှေးဟောင်းကျမ်းစာများထဲကနေ နည်းနည်းပါးပါး သိထားသော်လည်း အချက်အလက်များမှာ အလွန်တရာပင် အကန့်အသတ် ရှိ၏။

ထို့အပြင် အင်မော်တယ်လောကသည် သူတို့လို အတုအယောင် အင်မော်တယ်များ အတွက် အန္တရာယ်များဖြင့် ပြည့်နှက်နေသော နေရာဟုပင် ဆိုနိုင်သည်။

အကယ်၍ သူတို့သာ လုမိသားစုထဲ ဝင်ဖို့ မ‌ရွေးချယ်လျှင် သူတို့အတွက် သေဆုံးရန် ရာခိုင်နှုန်းမှာ ဆယ်ပုံကိုးပုံခန့်ပင် ရှိနေခဲ့သည်။

ယင်းကဲ့သို့သော အခြေအနေကို ငွေရောင်ဝတ်စုံဝတ် လူငယ်သည် မလိုချင်မှန်း သိသာနေခဲ့၏။

ထို့အပြင် ငွေရောင်ဝတ်စုံဝတ် လူငယ်သည် သူ၏ ပါရမီနှင့်အင်အား အပေါ်တွင် အတိုင်းအတာတစ်ခု အထိ ယုံကြည်မှုရှိနေခဲ့သည်။

ယင်းမှာ လုမိသားစုထဲ ဝင်ခဲ့လျှင်ပင် သူက သတ္တုတွင်းအလုပ်သမား ဖြစ်လာမည် မဟုတ်ဘဲ အနည်းဆုံး လုမိသားစု၏ အပြင်စည်းတပည့် ဖြစ်လာလိမ့်မည် ဟူ၍ပင်။

“မင်းက မအဘူးပဲ”

ငွေရောင်ဝတ်စုံဝတ် လူငယ်၏ စကားကိုကြားလျှင် လုဟယ်၏ မျက်ဝန်းထဲတွင် အပြုံးရိပ် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“အင်မော်တယ်လောကမှာ အင်အားကသာ အရေးကြီးဆုံးပဲ.. အင်အားကို သိုဝှက်ထားတာက မင်းအတွက် မကောင်းဘူး.. မင်းမှာ ပါရမီပိုရှိလေ ငါတို့လုမိသားစုမှာ ပိုပြီးနေရာရလေပဲ.. ဒါ့အပြင် လုမိသားစုက ပေးမဲ့ အရင်းအမြစ်နဲ့ အဆင့်အတန်းကလည်း ပိုပြီး မြင့်မားလိမ့်မယ်”

လုဟယ်က ထိုစကားကို ပြောနေစဥ် ကျန်းချန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ထိုကောင်လေး၏ အရှိန်အဝါသည် အလွန် ဆန်းကြယ်ပြီး သူကိုယ်တိုင်ပင် ထွင်းဖောက်မမြင်နိုင်ပေ။

ယင်းမှာ ထိုကောင်လေးသည် အင်အား တစ်စိတ်တစ်ပိုင်းကို ဖုံးကွယ်ထားလိုခြင်းကြောင့် ဖြစ်ရပေမည်။

ဆိုရလျှင် ထိုကောင်လေးက လုမိသားစု၏ တရားဝင်တပည့် တိုက်ရိုက် ဖြစ်လာနိုင်မလား ဆိုသည်ကို သူအနည်းငယ် မျှော်လင့်မိခဲ့သည်။

ငွေရောင်ဝတ်စုံဝတ် လူငယ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို ချက်ချင်းပင် အစွမ်းကုန် လှုံ့ဆော်လိုက်သည်။

ထို့နောက် သူက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး ကျောက်စိမ်းတိုင်ကို လက်သီးဖြင့် တိုက်ရိုက်ပင် ထိုးနှက်လိုက်သည်။

“ဝုန်း..”

လက်သီးချက်က ကျောက်စိမ်းတိုင်ကို ထိမှန်သွားပြီး ထိခိုက်သံ အနည်းငယ် ထွက်ပေါ်လာသော်လည်း ကျောက်တိုင်ပေါ်တွင် မည်သည့် အစအနမှ မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လျှင် ငွေရောင်ဝတ်စုံဝတ် လူငယ်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

အဆင့်နိမ့် စကြဝဠာတွင် ဆိုလျှင် သူ၏ ခွန်အားကို အကုန်အစင် အသုံးပြုထားသော လက်သီးချက်သည် မိုင်ပေါင်းထောင်ချီ ဧရိယာကို ချက်ချင်းပင် ပြာကျသွားစေနိုင်၏။

ယခု အင်မော်တယ်လောကကို ရောက်လာသည့် အခါတွင်မူ သူ၏ အင်အားသည် ဤမျှလောက်သာ ရှိတော့သည်။

စမ်းသပ် ကျောက်စိမ်းတိုင်ပေါ်တွင် အရာအနည်းငယ်မျှပင် ချန်ထားခဲ့ရန် မဖြစ်နိုင်တော့ပေ။

ယင်းအချိန်မှာပင် စမ်းသပ်ကျောက်စိမ်းတိုင် ပေါ်တွင် ဆန်းကြယ်သည့် စွမ်းအားလှိုင်း တစ်ခု ရုတ်တရက် ပေါ်လာခဲ့ပြီး တောက်ပသော လိမ္မော်ရောင် အလင်းတန်း တစ်ခုက ကျောက်တိုင်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုလိမ္မော်ရောင် အလင်းထဲတွင် အဝါရောင် အစအနလေးပင် အနည်းငယ်‌ ရောနှောပါဝင်နေခဲ့၏။

ထိုအချင်းအရာကို မြင်လိုက်ရလျှင် လုဟယ်သည် ခေါင်းညိတ်၍ ပြောလိုက်သည်။

“မဆိုးဘူးပဲ.. မင်းက ငါတို့ လုမိသားစုရဲ့ တပည့် ဖြစ်ဖို့ အရည်အချင်းရှိတယ်”

စမ်းသပ်ကျောက်စိမ်းတိုင်တွင် အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ အနက်နှင့် ခရမ်း ဟူ၍ အရောင်ခုနစ်မျိုး ရှိပြီး အနီရောင်ပါရမီသည် အညံ့ဆုံး ပါရမီကို ကိုယ်စားပြုသည်။

အကယ်၍ ကြီးကြီမားမား အခွင့်အရေးသာ မရှိခဲ့လျှင် တစ်သက်တာလုံး ပကတိအင်မော်တယ် အဆင့်တွင်သာ သောင်တင်ရလိမ့်မည် ဖြစ်သည်။

လိမ္မော်ရောင်ကမူ အင်မော်တယ်ပါရမီကို ကိုယ်စားပြုသည်။

အကယ်၍ အဝါရောင်အလင်းကို လှုံ့ဆော်နိုင်မည် ဆိုလျှင် ရွှေအင်မော်တယ်အဆင့်ကို ထိုးဖောက်ရန် အလားအလာ ရှိသည်ဟု အဓိပ္ပာယ်ရ၏။

ငွေရောင်ဝတ်စုံဝတ် လူငယ်၏ လိမ္မော်ရောင် အလင်းထဲတွင် အဝါရောင်အလင်း အနည်းငယ် ပါဝင်နေသည် ဖြစ်ရာ အနည်းဆုံးတော့ ငွေရောင်ဝတ်စုံဝတ် လူငယ်သည် ပါရမီရှင်တစ်ဦးဟု သတ်မှတ်၍ ရနေခဲ့သည်။

အကယ်၍ လုံလောက်သော အခွင့်အရေးသာ ရှိမည်ဆိုလျှင် ‌ရွှေအင်မော်တယ်အဆင့်ကိုပင် ထိုးဖောက်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

ဤကဲ့သို့သော ပါရမီမျိုးသည် သူတို့ လုမိသားစုတွင်ပင် အတော်လေး ကောင်းမွန်သည်ဟု သတ်မှတ်၍ ရ၏။

“ကျေးဇူးတင်ပါတယ် စီနီယာ”

ငွေရောင်ဝတ်စုံဝတ် လူငယ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လုဟယ်ကို ဂါဝရပြုကာ ပြောလိုက်သည်။

လုမိသားစုထဲကို ‌ငွေရောင်ဝတ်စုံဝတ် လူငယ် ဝင်သွားသည်နှင့် ကျန်လေးယောက်သည်လည်း ဆုံးဖြတ်ချက်ကို လျင်မြန်စွာ ချလိုက်ကြသည်။

လက်ရှိ အခြေအနေအရ လုမိသားစုထဲ ဝင်ရောက်ရန်က လွဲ၍ သူတို့အတွက် တခြား ရွေးချယ်စရာမရှိပေ။

လုမိသားစုက သူတို့ကို ဝင်ရောက်ရန် အတင်းအကျပ် မတိုက်တွန်းသော်လည်း သူတို့ အလောင်းအစား မလုပ်ရဲကြပေ။

အထူးသဖြင့် ဤကဲ့သို့ အခြေအနေ ဘာမှန်းမသိရသေးသည့် အင်မော်တယ်လောကတွင် ဖြစ်သည်။

တစ်ကြိမ်လောင်း၍ ရှုံးသွားလျှင် ပေးဆပ်ရမည့် အဖိုးအခမှာ အသက် ဖြစ်သည် မဟုတ်ပါလား။

စင်စစ် သုံးနှစ် ဆိုသည်မှာ သူတို့အတွက် လက်ဖျောက်တစ်ချက်တီးစာ အချိန်မျှသာ ဖြစ်သည်။

လုမိသားစုတွင် သတ္တုတွင်း အလုပ်သမား အဖြစ် သုံးနှစ်လုပ်ရခြင်းသည် ပြင်ပတွင် အသက်ဆုံးရှုံးရသည်ထက် ပို၍ ကောင်းမွန်ပေသည်။

ယင်းအပြင် အကယ်၍ သူတို့သာ စမ်းသပ် ကျောက်စိမ်းတိုင်ပေါ်မှာ လိမ္မော်ရောင်အလင်းကို လှုံ့ဆော်နိုင်မည် ဆိုလျှင် ငွေရောင်ဝတ်စုံဝတ် လူငယ် ကဲ့သို့ လုမိသားစု၏ အပြင်စည်းတပည့် တိုက်ရိုက် ဖြစ်လာနိုင်သေး၏။

သူတို့လေးယောက်က တုံ့ဆိုင်းမနေတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် စမ်းသပ်ရန် ရှေ့သို့ တက်လာခဲ့ကြသည်။

သို့သော်လည်း လေးယောက်လုံး၏ ပါရမီသည် ငွေရောင်ဝတ်စုံဝတ် လူငယ်နှင့် ယှဥ်လျှင် များစွာ နိမ့်ကျနေသည်မှာ ထင်ရှားနေခဲ့၏။

သူတို့က အစွမ်းကုန် တိုက်ခိုက်ခဲ့ကြသော်လည်း စမ်းသပ်ကျောက်စိမ်းတိုင် ပေါ်တွင် အပြောင်းအလဲ အနည်းငယ်ပင် မဖြစ်စေခဲ့ပေ။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် သူတို့ လေးယောက်သည် သက်ပြင်းချလိုက်ကြသည်။

လုမိသားစု၏ အပြင်စည်းတပည့် တိုက်ရိုက်ဖြစ်ရန် ဆိုသည်မှာ လွယ်ကူသောကိစ္စ မဟုတ်ပုံရသည်။

လုဟယ်ကမူ ထိုလေးယောက်ကို သိပ်ဂရုမစိုက်တော့ဘဲ ကျန်းချန်ကို တိုက်ရိုက်ကြည့်ကာ အေးစက်စက် မေးလိုက်သည်။

“ကောင်လေး မင်းနာမည် ဘယ်သူလဲ.. မင်းအလှည့်ရောက်ပြီ”

ထိုလူငယ်သည် အင်မော်တယ် အဆီအနှစ်ကို ပြောင်းလဲရာတွင် ငွေရောင်ဝတ်စုံဝတ် လူငယ်ထက် အနည်းငယ် ပိုသာနေသောကြောင့် ထိုလူငယ်၏ ပါရမီသည် ငွေရောင်ဝတ်စုံဝတ် လူငယ်ထက် ပို၍ အားကောင်းမည်မှာ သေချာ၏။

အကယ်၍ သူ၏ ခန့်မှန်းချက် မမှားခဲ့လျှင် ထိုလူငယ်သည် စမ်းသပ် ကျောက်စိမ်းတိုင် ပေါ်တွင် အဝါရောင်အလင်းကို လှုံ့ဆော်နိုင်ရန်မှာ ဆယ်ပုံ ကိုးပုံခန့် သေချာနေခဲ့သည်။

အခန်း(၂၆၇၀)ပြီး၏။

All Chapters