← Chapters

အခန်း (၂၆၇၁-၂၆၇၂)

Vol. 208 Ch. 2671-2672

အခန်း (၂၆၇၁-၂၆၇၂)

Vol. 208 Ch. 2671-2672

အဆတစ်ရာစနစ် စာစဥ်(၂၀၈)

အခန်း(၂၆၇၁)

လုဟယ်က ကျန်းချန်ကို မေးမြန်းလိုက်သည်အား မြင်လျှင် အားလုံး၏ အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ် ပေါ်သို့ စုပြုံ၍ ကျရောက်သွားခဲ့သည်။

အင်မော်တယ်စင်မြင့် ထက်တွင် ပြသခဲ့သည့် စွမ်းဆောင်ရည်အရဆိုလျှင် ထိုလူသည် လုမိသားစု၏ တပည့်တစ်ဦး ဖြစ်လာနိုင်မည်မှာ သေချာသလောက်ပင်။

အပြင်စည်းတပည့် မပြောနှင့်၊အတွင်းစည်းတပည့် ပင်လျှင် မဖြစ်နိုင်စရာ အကြောင်းမရှိပေ။

“ကျွန်တော့်နာမည်က ကျန်းချန်ပါ.. တောင်းပန်ပါတယ် စီနီယာ.. ကျွန်တော် လုမိသားစုထဲ ဝင်ဖို့ အစီအစဥ်မရှိပါဘူး”

ကျန်းချန်က ခေါင်းခါရမ်း၍ ပြန်ဖြေလိုက်သည်။

“ကျွန်တော် အင်‌မော်တယ်လောကထဲမှာ တစ်ကိုယ်တော်ကျင်လည်ဖို့ပဲ စဥ်းစားထားပါတယ်”

လုမိသားစုထဲ ဝင်ရောက်ခြင်းသည် လုမိသားစု၏ အကာအကွယ်ကို ရနိုင်သော်လည်း လုမိသားစု၏ ထိန်းချုပ်ခြင်းကို ခံရပေလိမ့်မည်။

ကျန်းချန်သည် လုမိသားစု၏ ထိန်းချုပ်ခြင်းကို မခံချင်သလို ဤမြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေသည်လည်း သူရေရှည်နေရမည့် နေရာ မဟုတ်၍ လုမိသားစုထဲ ဝင်ရန် သဘာဝကျစွာပင် အစီအစဥ်မရှိခဲ့‌ပေ။

ကျန်းချန် ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လုဟယ်၏ မျက်နှာ အမူအရာသည် ချက်ချင်းပင် သုန်မှုန်သွားခဲ့သည်။

“ကောင်လေး မင်းသေချာစဥ်းစားသင့်တယ်.. မင်းရဲ့ ပါရမီနဲ့သာဆိုရင် ငါတို့ လုမိသားစုထဲကို ဝင်လိုက်တာနဲ့ အတွင်းစည်းတပည့် အဆင့်အတန်းကို ရရှိနိုင်ပြီး အနာဂတ်က အကန့်အသတ်မရှိ တောက်ပနေမှာပဲ.. အင်‌မော်တယ်လောကမှာ တစ်ကိုယ်တော် ကျင်လည်တာက မင်းအတွက် အဆင်ပြေမှာ မဟုတ်ဘူး”

ကျန်ချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“သတိပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ”

“ကောင်းပြီလေ မင်းက ဆုံးဖြတ်ပြီးပြီဆိုမှ‌တော့ ဒီမှာ ဘာလုပ်နေသေးတာလဲ.. ထွက်သွားစမ်း”

လုဟယ်က အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ၏ လက်တစ်ဖက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် အင်မော်တယ်စွမ်းအားသည် ကျန်းချန်ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားခဲ့သည်။

ထိုခဏဝယ် ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖျတ်ခနဲ ပေါ်လာခဲ့သည်။

သို့သော်လည်း အဆုံးသတ်တွင် သူက အောင့်အီးသည်းခံလိုက်ပြီး ပြန်မတိုက်ခိုက်ခဲ့ပေ။

“ဝုန်း..”

သူက လုဟယ်၏ လက်ဝှေ့ယမ်းမှုကြောင့် လွင့်ထွက်သွားသည့် ပုံစံမျိုးကို တမင်တကာ ဖန်တီးလိုက်ပြီးနောက်တွင် အင်‌မော်တယ်လောက ထဲသို့ လှည့်ထွက်သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် လုဟယ်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခု ယှက်သန်းသွားခဲ့သည်။

ကျန်းချန် ထွက်ခွာသွားသည့် ဘက်ကို ငေးကြည့်ရင်း သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့သည်။

“ဒီကောင်လေးရဲ့ ပါရမီက မညံ့ဘူး.. ငါတို့ လုမိသားစု အတွက် အသုံးမချနိုင်မှတော့ သူ့ကို ဆက်ထားနေလည်း အပိုပဲ.. လုဖုန်း မင်း သူ့ကို သွားသတ်လိုက်”

သူ၏ အမြင်တွင် ကျန်းချန်သည် အင်‌မော်တယ် အဆီအနှစ်ကို နှစ်ဆယ်ရာခိုင်နှုန်းသာ ပြောင်းလဲရသေးသည့် အတုအယောင် အင်‌မော်တယ်တစ်ပါးသာ ဖြစ်သည်။

ကျန်းချန်တွင် ထူးချွန်သောပါရမီ ရှိနေသည့်တိုင် လုဖုန်း၏ ပကတိ အင်မော်တယ် တတိယအဆင့်ဖြင့်သာ ဆိုလျှင် ကျန်းချန်ကို သတ်ရသည်မှာ အလွန်တရာပင် လွယ်ကူသောအလုပ် ဖြစ်သည် မဟုတ်ပါလော။

အင်‌မော်တယ်လောကတွင် ပကတိ အင်‌မော်တယ်အဆင့်၊ကောင်းကင်အင်မော်တယ် အဆင့်နှင့် ရွှေအင်မော်တယ်အဆင့် ဟူ၍ အဆင့်ကြီးသုံးဆင့် ရှိပြီး အဆင့်တစ်ဆင့်စီတွင် အဆင့်ငယ် ကိုးဆင့် ကွဲခြားထားသည်။

သို့သော် ရွှေအင်မော်တယ်အဆင့် အထက်ရှိ တလော့ အင်မော်တယ် အဆင့်ကနေ စတင်၍ အဆင့်ငယ် ကိုးဆင့် ခွဲခြားထားခြင်း မရှိတော့ပေ။

တလော့အင်မော်တယ် အဆင့်ကို အင်မော်တယ်ဘုရင်တစ်ပိုင်း အဆင့်ဟုလည်း ခေါ်ဆိုကြပြီး ထိုအဆင့်သည် အင်‌မော်တယ်လောကတွင်ပင် အရေးပါသော အဆင့် ဖြစ်သည်။

“ဟုတ်ကဲ့”

လုဟယ်၏ နံဘေးရှိ လူငယ်က ပြန်ထူးလိုက်ပြီး ကျန်းချန် ထွက်ခွာသွားသည့် လမ်းကြောင်းအတိုင်း ချက်ချင်းပင် လိုက်သွားခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ငွေရောင်ဝတ်စုံဝတ် လူငယ်နှင့် အခြားသူများ ထိတ်လန့်သွားခဲ့ကြ၏။

ယင်းမှာ မစားရဲသည့်အမဲ သဲနှင့်ပက် ဟူသော ဆိုရိုးစကားအတိုင်းပင်။

ထိုအချိန်တွင် သူတို့သည် အင်‌မော်တယ်လောကကို တက်လှမ်းလာသူများက အင်‌မော်တယ်လောကတွင် အဘယ်ကြောင့် အသက်ရှင်နှုန်း တစ်ရာခိုင်နှုန်းအောက်သာ ရှိရသည့် အကြောင်းရင်းအား အဆုံးသတ်တွင် နားလည်သွားခဲ့သည်။

ဆိုရလျှင် အင်မော်တယ်လောကသည် သူတို့ ထင်ထားသည်ထက်ပင် ပို၍ ရက်စက်ပုံ ရ၏။

လုဟယ်တို့ ဆီမှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် အင်‌မော်တယ်လောကတွင် လျှောက်သွားနေရင်း သူ၏ နတ်အသိစိတ်အာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင် ပေတစ်ထောင်ပတ်လည်ကို အမြဲမပြတ် စူးစမ်းခဲ့သည်။

စကြဝဠာ၏ မူလအစ ဖြစ်သည့် အင်‌မော်တယ်လောကသည် အင်‌မော်တယ် နိယာမများ၏ ဖိနှိပ်မှုကို ခံထားရ၍ အဆင့်နိမ့် စကြဝဠာနှင့် လုံးဝ ကွဲပြားခြားနားနေခဲ့သည်။

အဆင့်နိမ့်ကမ္ဘာတွင် ကျန်းချန်၏ နတ်အသိစိတ်အာရုံသည် မျက်စိတစ်မှိတ်အတွင်း မိုင်ထောင်ပေါင်းများစွာကို လွှမ်းမိုးနိုင်သော်လည်း အင်‌မော်တယ်လောကတွင်မူ ပေတစ်ထောင်ခန့်သာ ဖြန့်ကျက်နိုင်ခဲ့သည်။

ကျန်းချန်က လှည့်လည်သွားလာရင်း စိတ်ထဲတွင် နောက်ထပ် အစီအစဥ်များကို စဥ်းစားနေခဲ့၏။

အင်‌မော်တယ်လောကသည် အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး သူ၏ အတုအယောင် အင်မော်တယ်အဆင့် ခွန်အားဖြင့်သာ ဆိုလျှင် အင်‌မော်တယ်လောကတွင် လှုပ်ရှားရန် မဖြစ်နိုင်သလောက်ပင်။

ယခု အရေးအကြီးဆုံးနေရာမှာ ပုန်းကွယ်နိုင်မည့် နေရာတစ်ခုကို ရှာဖွေပြီး ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို အင်မော်တယ်အဆီအနှစ် အဖြစ် ပြောင်းလဲကာ ပကတိအင်မော်တယ်အဆင့်ကို ထိုးဖောက်ရန် ဖြစ်သည်။

သူ၏ ပါရမီဖြင့်သာ ဆိုလျှင် ပကတိအင်မော်တယ်အဆင့်ကို ရောက်ရှိသွားသည်နှင့် ပကတိအင်မော်တယ် အဆင့်တွင် သူ့ကိုခြိမ်းခြောက်နိုင်သူ အနည်းငယ်မျှသာ ရှိပေတော့မည်။

ပကတိအင်‌မော်တယ်အဆင့်သို့ ရောက်လျှင် အင်‌မော်တယ်လောကတွင် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း အနည်းငယ် ရှိလာပေလိမ့်မည် မဟုတ်ပါလား။

ကျန်းချန်က ကျင့်ကြံရန်အတွက် ပုန်းကွယ်မည့် နေရာ တစ်နေရာကို ရှာဖွေရန် ဆုံးဖြတ်လိုက်စဥ်မှာပင် တစ်စုံတစ်ရာကို ရုတ်တရက် အာရုံခံမိလိုက်သည်။

ထိုခဏဝယ် သူ၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းများ ဖျတ်ခနဲ ပေါ်လာခဲ့သည်။

သူက နောက်သို့ လှည့်ကြည့်လိုက်ပြီး ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

“ရောက်နေမှတော့ ထွက်လာခဲ့တော့”

ကျန်းချန်၏ စကားသံ အဆုံးသတ်သည်နှင့် တအံ့တဩ ရေရွတ်လိုက်သော အသံတစ်သံသည် ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာခဲ့သည်။

“အင်‌မော်တယ်လောကထဲကို တစ်ကိုယ်တော် ကျင်လည်ဖို့ ရွေးချယ်လိုက်တဲ့လူလို့ မပြောရဘူး.. ထင်ထားတဲ့အတိုင်း မင်းမှာ စွမ်းရည်တချို့ ရှိနေတာပဲ”

သိပ်မကြာခင်မှာပင် ကျန်းချန်နှင့် အလွန်တရာ ရင်းနှီးသည့် ပုံရိပ် တစ်ခုသည် ကျန်းချန်နှင့် ပေတစ်ထောင်ခန့် အကွာရှိ လေထဲတွင် ပေါ်ထွက်လာခဲ့သည်။

ရောက်ရှိလာသူမှာ အခြားသူ မဟုတ်ဘဲ ကျန်းချန်ကို လိုက်သတ်ရန် လုဟယ် စေလွှတ်လိုက်သည့် လုဖုန်းပင် ဖြစ်သည်။

ကျန်းချန်က ခေါင်းမော့၍ လုဖုန်းကို ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းများက အလိုအလျောက် ကျဥ်းမြောင်းသွားခဲ့၏။

“ငါ့ဘာသာ အင်မော်တယ်လောကထဲ ကျင်လည်မလို့ကို.. မင်းတို့ လုမိသားစုက ဘာလို့ ဒီလောက်တောင် ရန်လိုနေရတာလဲ”

“ဒီလမ်းက မင်းကိုယ်တိုင်‌ ရွေးချယ်ခဲ့တာပဲ.. တခြားသူကို အပြစ်တင်ဖို့ မစဥ်းစားနဲ့.. မင်းသာ ငါတို့ လုမိသားစုထဲ ဝင်ခဲ့ရင် အပြင်စည်းတပည့် ဒါမှမဟုတ် အတွင်းစည်းတပည့်တောင် ဖြစ်နိုင်တယ်.. အနာဂတ်မှာ ကောင်းကင်အင်မော်တယ် ဒါမှမဟုတ် ‌‌ရွှေအင်မော်တယ်တောင် မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး”

လုဖုန်းက ခေါင်းခါရမ်း၍ ပြောလိုက်သည်။

“ဒါပေမဲ့ နှမြောစရာပဲ.. မင်းအဲဒါတွေ တစ်ခုမှ မဖြစ်နိုင်တော့ဘူး.. ဘာလို့လည်းဆိုတော့ မင်းက သေရတော့မှာ မို့လို့ပဲ”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် အေးစက်သွားခဲ့သည်။

“ငါက လုမိသားစုထဲ ဝင်ဖို့ ငြင်းဆိုလိုက်တာနဲ့ မင်းတို့ လုမိသားစုက ငါ့ကို သတ်တော့မယ်ပေါ့ ဟုတ်လား.. မင်းတို့က ငါ့ကို မင်းတို့ အလိုရှိသလို နှိပ်စက်လို့ရတဲ့ ပုရွက်ဆိတ်တစ်ကောင်လို့များ ထင်နေလား”

“သိပ်ဟုတ်တာပေါ့.. အဆင့်နိမ့်ကမ္ဘာကနေ အင်‌မော်တယ်လောကကို တက်လှမ်းလာတဲ့ မင်းတို့လို လူတွေက ငါတို့မျက်လုံးထဲမှာတော့ ပုရွက်ဆိတ်တွေနဲ့ ဘာမှမခြားဘူး.. မင်းတို့ရဲ့ သေခြင်းရှင်ခြင်း အရာအားလုံးက ငါတို့ရဲ့ လက်ထဲမှာပဲ ရှိတယ်”

လုဖုန်းက ကျန်းချန်ကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။

သူ့ရှေ့မှလူငယ်သည် အဆင့်နိမ့်ကမ္ဘာတွင် အထွတ်အထိပ်ပုဂ္ဂိုလ် ဖြစ်ခဲ့လျှင်ပင် အင်မော်တယ်လောကကို တက်လှမ်းလာလျှင် သာမန်အဆင့်သာ ဖြစ်သည်။

ဆိုရလျှင် အင်‌မော်တယ်လောကကို ဝင်ရောက်လာသည်နှင့် ကျားဖြစ်လျှင်ပင် ဝပ်နေရမည် ဖြစ်ပြီး နဂါး ဖြစ်နေလျှင်ပင် ငြိမ်သက်နေရမည်သာ။

ကျန်းချန်က လုဖုန်းကို ကြည့်ကာ ရုတ်တရက် ပြုံးလိုက်၏။

“မင်းက ဘာတွေ ရယ်နေတာလဲ”

လုဖုန်းက နှာခေါင်းရှုံ့ကာ‌ အေးစက်စက် ပြောလိုက်သည်။

“မင်းက သေခါနီးမှာတောင် ရယ်နိုင်သေးတယ်လား”

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် ခေါင်းခါရမ်းလိုက်သည်။

“ငါ အင်‌မော်တယ်လောကကို ဝင်ဝင်ချင်းမို့ အေးအေးဆေးဆေးပဲ နေချင်ခဲ့တယ်.. ဒါပေမဲ့ မင်းတို့ လုမိသားစုက ငါ့ကို သတ်ဖို့တောင် ကြံနေပြီ ဆိုမှတော့ ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့တော့”

စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ အားကောင်းသော စွမ်းအင် တစ်ခုက ချက်ချင်းပင် ပျံ့နှံ့လာခဲ့သည်။

“အင်‌မော်တယ်လောကထဲကို မဝင်ခင်က ငါအင်မော်တယ်ကိုယ်ပွားကို သတ်ခဲ့ဖူးတယ်.. ဒီနေ့ ငါက အင်‌မော်တယ်လောကကို ရောက်လာခဲ့ပြီ.. ပကတိအင်‌မော်တယ်တစ်ပါး ဖြစ်နေရင်တောင် ငါက ဘာလို့ မသတ်နိုင်ရမှာလဲ”

ကျန်းချန်၏ မောက်မာသော စကားများကို ကြားလိုက်ရပြီး ကျန်းချန်၏ ခန္ဓာကိုယ်ထဲမှ အားကောင်းသော စွမ်းအင်ကို ခံစားမိလျှင် လုဖုန်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုခဏဝယ် လုဖုန်း၏ ပကတိအင်မော်တယ် တတိယအဆင့် စွမ်းအားသည် လေဆင်နှာမောင်း တစ်ခု ကဲ့သို့ ကျန်းချန်ထံ သက်ရောက်လာခဲ့သည်။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ လူသားဧကရာဇ်ဓားသည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

သူ့ရှေ့မှ လုဖုန်းသည် ပကတိအင်မော်တယ် တစ်ပါး ဖြစ်သော်လည်း ခွန်အားကမူ သာမန်လောက်သာ ရှိမှန်း ကျန်းချန် ခံစားမိခဲ့သည်။

သူက အင်မော်တယ်လောက ထဲကို စဝင်စဥ်မှာပင် ပကတိအင်မော်တယ် ပထမအဆင့်နှင့် တိုက်ခိုက်နိုင်စွမ်း အပြည့်အဝရှိသည်။

ထို့အပြင် အင်‌မော်တယ်စင်မြင့်၌ သုံးရက်ကြာ ကျင့်ကြံပြီးနောက်တွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ် အတွင်းမှ စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းကို အင်‌မော်တယ် အဆီအနှစ်အဖြစ် ပြောင်းလဲခဲ့ပြီး ပကတိအင်‌မော်တယ် အဆင့်ကို ထိုးဖောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။

သူ၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် အင်‌မော်တယ်လောကတွင် လှည့်လည်သွားလာရန် မလုံလောက်သေးသော်လည်း သူ့ရှေ့မှ ပကတိအင်‌မော်တယ်ကို သတ်ရန်မှာမူ ခက်ခဲလိမ့်မည် မဟုတ်ပေ။

ကျန်းချန်က လုဖုန်းကို အေးစက်စက် ကြည့်လိုက်ပြီး သူ၏ လက်ထဲမှ လူသားဧကရာဇ်ဓားကို ဝှေ့ယမ်းကာ ဓားကွက် တစ်ကွက်ကို ချက်ချင်းပင် ထုတ်ဖော်လိုက်သည်။

အခန်း(၂၆၇၁)ပြီး၏။

အခန်း(၂၆၇၂)

လုဖုန်း၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာခဲ့ပြီး သူ၏ မျက်နှာအမူအရာက အလွန်တရာပင် အေးစက်နေခဲ့သည်။

“အင်‌မော်တယ်လောကထဲကို အခုလေးတင်မှ တက်လှမ်းလာတဲ့ အတုအယောင် အင်မော်တယ်လေးကများ ငါ့ရှေ့မှာ မောက်မာရဲတယ်.. အင်‌မော်တယ်လောကက ပကတိအင်မော်တယ်နဲ့ အဆင့်နိမ့်ကမ္ဘာကနေ တက်လှမ်းလာတဲ့ အတုအယောင်အင်‌မော်တယ်တို့ ကြားမှာ ဘယ်လောက်တောင် ကွာဟချက် ကြီးမားလဲ ဆိုတာ ပြသပေးရသေးတာပေါ့”

လုဖုန်းက ခန္ဓာကိုယ်ထဲမှ အင်‌မော်တယ် အဆီအနှစ်များကို လှုံ့ဆော်ကာ သူ၏ လက်ထဲရှိ အင်‌မော်တယ် အလင်းတန်းများ ဝန်းရံနေသည့် ဓားရှည်ဖြင့် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် တောက်ပသော ဓားအလင်းသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ကျန်းချန် ထံသို့ သက်ရောက်သွားခဲ့၏။

သို့သော်လည်း လုဖုန်း၏ အစွမ်းထက်ဓားချက်သည် ကျန်းချန်၏ ဓားချက်နှင့် ထိတွေ့ပြီးနောက်တွင် ပင်လယ်ထဲသို့ ကျသွားသည့် ကျောက်ခဲတစ်လုံး ကဲ့သို့ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

လုဖုန်းက မျက်မှောင်ကြုတ်သွားခဲ့ပြီး ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ငါ မင်းကို အထင်သေးခဲ့မိပြီပဲ.. မင်းက ခန္ဓာကိုယ်ထဲက အင်‌မော်တယ်အဆီအနှစ်ကို ကိုးဆယ်ရာခိုင်နှုန်း အထိ အသွင်ပြောင်းပြီသား ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. လက်စသတ်တော့ မင်းက အင်‌မော်တယ်စင်မြင့်ပေါ်မှာ မင်းရဲ့တကယ့် ခွန်အားကို ဖုံးကွယ်ထားခဲ့တာကိုး”

အင်‌မော်တယ်စင်မြင့်ပေါ်တွင် သုံးရက်ကြာ ကျင့်ကြံပြီးနောက် ခန္ဓာကိုယ်ထဲမှ အုပ်စိုးသူ နတ်စွမ်းအားများကို ကိုးဆယ်ရာခိုင်နှုန်း အထိ အင်‌မော်တယ်အဆီအနှစ် အဖြစ် အသွင်ပြောင်းလဲနိုင်သူမျိုးကို နှစ်ပေါင်းများစွာ အင်မော်တယ်လမ်းကြောင်းကို စောင့်ကြပ်လာသည့် သူ့အနေဖြင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

“ဒီကောင်လေးမှာ တလော့အင်‌မော်တယ် အဆင့်ကို ထိုးဖောက်နိုင်လောက်မဲ့ ပါရမီမျိုး ရှိနေမှာကို စိုးရိမ်မိတယ်”

တလော့အင်မော်တယ် ဆိုသည်မှာ မြောက်ပိုင်းအေးစက်သောနယ်မြေ တစ်ခုလုံးတွင်ပင် အလွန်တရာ ရှားပါးသော အစွမ်းထက် ပုဂ္ဂိုလ် ဖြစ်သည်။

လုမိသားစု တည်ရှိရာ စန်းယွင်ပြည်နယ် တွင်ပင် တလော့အင်မော်တယ် အရေအတွက် အလွန်တရာ နည်းပါး၏။

သူတို့ လုမိသားစုသည် စန်းယွင်ပြည်နယ်တွင် ဒုတိယတန်းစားအင်အားစု တစ်စုမျှသာ ဖြစ်ပြီး ရွှေအင်မော်တယ် အနည်းငယ်မျှသာ ရှိသည်။

ဆိုရလျှင် တလော့အင်မော်တယ်အဆင့် ဆိုသည်မှာ သူတို့ လုမိသားစု အနေဖြင့် မော်ဖူး၍ ကြည့်ရမည့် အဆင့်အတန်းမျိုး ဖြစ်၏။

လုဖုန်းက ကျန်းချန်ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

သူ၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်က ပို၍ပင် ပြင်းထန်လာခဲ့၏။

တလော့ ပါရမီရှိသည့် ပါရမီရှင် တစ်ယောက်သည် တလော့အင်မော်တယ် အဆင့်ကို အချိန်တိုအတွင်း ထိုးဖောက်နိုင်မည်မဟုတ်သည့်တိုင် ကြီးထွားဖို့ အခွင့်အရေး ပေးလိုက်သ‌ရွေ့ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်လာရန်မှာ မည်သည့်ပြဿနာမျှ ရှိမည် မဟုတ်ပေ။

ပါရမီ ထူးချွန်သည့် ရွှေအင်မော်တယ် တစ်ပါးသည် သူတို့လုမိသားစုကို ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာစေရန် လုံလောက်၏။

ဤကဲ့သို့ အထွတ်အထိပ် ပါရမီရှင်မျိုးကို သူတို့ လုမိသားစု အတွက် အသုံးမချနိုင်လျှင် နောက်နောင် ပြဿနာမတတ်အောင် အမြစ်ပြတ် သုတ်သင်ပစ်ရလိမ့်မည် မဟုတ်ပါလော။

“ကောင်လေး.. မင်းက ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ ဘယ်လောက်ပဲ ထူးချွန်တဲ့ပါရမီရှင်ဖြစ်နေပါစေ.. ကြီးထွားဖို့ အခွင့်အရေး ရှိဖို့တော့ လိုအပ်တယ်...မင်းသာ လုမိသားစုထဲ ဝင်မယ်ဆိုရင် လုမိသားစုရဲ့ အဓိက တပည့်ရင်း တစ်ယောက်တောင် ဖြစ်လာနိုင်တယ်.. လုမိသားစုရဲ့ အစွမ်းကုန် ပျိုး‌ထောင်ပေးမှုနဲ့ ဆိုရင် ရွှေအင်‌မော်တယ်အဆင့်နဲ့ မပြောနဲ့.. တလော့အင်‌မော်တယ် အဆင့်တောင် ဖြစ်လာဖို့ မျှော်လင့်နိုင်တယ်”

လုဖုန်းက ကျန်းချန်ကို စူးရှသော အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်၏။

“မင်း အခု စိတ်ပြောင်းမယ်ဆိုရင် နောက်မကျသေးဘူး”

လုမိသားစုတွင် တလော့ပါရမီမျိုး ရှိသည့် ပါရမီရှင် တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးပေ။

အကယ်၍ သူသာ ထိုကောင်လေးကို လုမိသားစုဆီ ပြန်ခေါ်သွားနိုင်ခဲ့လျှင် သူသည်လည်း အကျိုးကျေးဇူးကို သေချာပေါက် ခံစားရမည် ဖြစ်သည်။

“ကျုပ်က ခင်ဗျားတို့ လုမိသားစုကို မဝင်တာနဲ့ဘဲ ခင်ဗျားတို့ လုမိသားစုက ကျုပ်ကို သတ်ဖို့ လူလွှတ်လိုက်တယ်.. ဒီလို လူယုတ်မာမျိုးတွေနဲ့ တစ်မိုးအောက်တည်း အတူတူနေဖို့ ကျုပ်ဆန္ဒမရှိဘူး”

ကျန်းချန်က လုဖုန်းကို အေးစက်စက် တစ်ချက် ကြည့်ကာ ခနဲ့လိုက်သည်။

“တကယ်လို့ ကျုပ် အင်အားစု တစ်စုစုထဲ ဝင်ဖြစ်မယ်ဆိုရင်တောင် အဲဒါက ခင်ဗျားတို့ လုမိသားစုတော့ သေချာပေါက်ဖြစ်မှာ မဟုတ်ဘူး”

ထိုစကားကို ကြားလျှင် လုဖုန်း၏ ခန္ဓာကိုယ်ကနေ ပကတိအင်‌မော်တယ် တတိယအဆင့် အရှိန်အဝါများသည် ချက်ချင်းပင် အစွမ်းကုန် ပေါက်ကွဲထွက်လာခဲ့သည်။

“ကောင်လေး ငါမင်းကို အခွင့်အရေးပေးပြီးပြီ.. မင်းက ကိုယ့်သေလမ်း ကိုယ်ရွေးချယ်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်’

စကားဆုံးသည်နှင့် လုဖုန်းသည် အင်‌မော်တယ် အဆီအနှစ်စွမ်းအားများကို လှုံ့ဆော်ကာ ကောင်းကင်ဖြိုခွင်း ဓားချက်ဖြင့် ကျန်းချန်ကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။

ကျန်းချန်က ရှောင်တိမ်းမနေဘဲ လက်ထဲရှိ လူသားဧကရာဇ်ဓားဖြင့်ပင် ကောင်းကင်ဖြိုခွင်း ဓားချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။

အင်‌မော်တယ်လောကထဲကို စတင် ဝင်ရောက်စဥ်ကပင် သူ၏ ခွန်အားသည် ပကတိအင်‌မော်တယ် ပထမအဆင့် ကျင့်ကြံသူကို ယှဥ်ပြိုင်နိုင်စွမ်း မရှိစရာ အကြောင်းမရှိပေ။

ယင်းအပြင် အင်‌မော်တယ်စင်မြင့် ပေါ်တွင် သုံးရက်ကြာ ကျင့်ကြံစဥ် အဆ တစ်ရာ စနစ်၏ အကူအညီဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းမှ အုပ်စိုးသူ နတ်စွမ်းအားများကို ကိုးဆယ်ရာခိုင်နှုန်းကျော် အသွင် ပြောင်းလဲနိုင်ခဲ့ပြီး ပကတိအင်မော်တယ် ပထမအဆင့်ကို ထိုးဖောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

ထို့ကြောင့် သူ့‌ရှေ့မှ ပကတိအင်‌မော်တယ် တတိယအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ကျန်းချန်က သူ၏ ခွန်အားများကို လှုံ့ဆော်၍ အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်းကို တစ်ကွက်ပြီးတစ်ကွက် ထုတ်ဖော်လိုက်ရာ ပကတိအင်‌မော်တယ် တတိယအဆင့် ကျင့်ကြံသူ ဖြစ်သော လုဖုန်းကိုပင် လုံးဝ အသာစီးကနေ ဖိနှိပ်ထားနိုင်ခဲ့သည်။

အထူးသဖြင့် နောက်ဆုံးဓားကွက်သည် လုဖုန်းကို ပေရာဂဏန်း အကွာအဝေး အထိ အရှက်တကွဲ လွင့်စင်သွားစေခဲ့သည်။

“ဒီကောင်လေးရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ”

သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်ပြီးနောက်တွင် လုဖုန်း၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ထိုလူငယ်သည် ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အင်မော်တယ်အဆီအနှစ် အဖြစ် ကိုးဆယ်ရာခိုင်နှုန်းကျော် အသွင်ပြောင်းထားပြီးပြီ ဖြစ်သော်လည်း အတုအယောင်အင်‌မော်တယ်အဆင့်မှာသာ ရှိနေသေးသည်။

သို့သော်လည်း ပကတိအင်‌မော်တယ် တတိယအဆင့်ဖြစ်သည့် သူက ထိုလူငယ်၏ ဖိနှိပ်ခြင်းကို အလွယ်တကူပင် ခံလိုက်ရ၏။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကျန်းချန်က အဆင့်မြင့် အင်မော်တယ်ကျင့်စဥ် ဖြစ်သည့် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ကျင့်ကြံထားမှန်း သဘာဝကျစွာပင် လုဖုန်း မသိနိုင်ပေ။

ထို့ကြောင့်လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ အုပ်စိုးသူနတ်စွမ်းအားကို အင်မော်တယ်အဆီအနှစ် အဖြစ် ကိုးဆယ်ရာခိုင်နှုန်းကျော်သာ အသွင်ပြောင်းရသေးသော်လည်း ပကတိအင်‌မော်တယ် တတိယအဆင့် ကျင့်ကြံသူ ဖြစ်သည့် လုဖုန်းနှင့် နှိုင်းယှဥ်လျှင်ပင် လုံးဝ အားနည်းခြင်း မရှိဘဲ ပို၍ပင် သန်မာနေခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ကျန်းချန် တတ်မြောက်ထားသည့် အင်‌မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းသည် အင်မော်တယ်ဘုရင်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက တီထွင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အဆင့်နိမ့်စကြဝဠာတွင် အင်‌မော်တယ် ဖျက်ဆီးခြင်း ဓားသိုင်းကို အသုံးပြုသည်ထက် အင်‌မော်တယ်လောကတွင် အင်‌မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို အသုံးပြုသော စွမ်းအားသည် ဆယ်ဆမက တိုးပွားလာခဲ့သည်။

ဤကဲ့သို့သော ခွန်အားဖြင့် ဆိုလျှင် ပကတိအင်‌မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူကိုပင် တိုက်ခိုက်နိုင်သည် ဖြစ်ရာ ပကတိအင်‌မော်တယ် တတိယအဆင့် ဖြစ်သော လုဖုန်းကို ဖိနှိပ်ရန်မှာ အဘယ်ကြောင့် မလွယ်ကူဘဲ ရှိပါမည်နည်း။

“ကောင်လေး.. မင်းရဲ့ပါရမီက ထူးခြားတယ် ဆိုပေ့မဲ့ ငါတို့လုမိသားစုနဲ့ ရန်သူလုပ်မယ် ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို မင်းသေချာ စဥ်းစားသင့်တယ်”

လုဖုန်းက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး ကျန်းချန်ကို ခြိမ်းခြောက်လိုက်သည်။

သူ၏ အမူအရာက အလွန်တရာပင် သုန်မှုန်နေခဲ့၏။

ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ လူသားဧကရာဇ်ဓားကို ဝှေ့ယမ်းကာ လုဖုန်းကို အညှာအတာကင်းမဲ့စွာ ခုတ်ပိုင်းလိုက်သည်။

ထိုအချင်းအရာကို မြင်လျှင် လုဖုန်းသည် အကြီးအကျယ် မျက်နှာပျက်သွားခဲ့ပြီး အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။

သူ့ရှေ့မှ ကောင်လေးသည် အတုအယောင် အင်မော်တယ်အဆင့်သာ ရှိသေးသော်လည်း အင်မော်တယ်အဆီအနှစ် ကိုးဆယ်ရာခိုင်နှုန်းကျော် အသွင်ပြောင်းပြီးသား ဖြစ်နေသလို တိုက်ခိုက်ရေးစွမ်းရည်တွင်လည်း ပကတိအင်မော်တယ် တတိယအဆင့် ဖြစ်သည့် သူ့ထက်ပင် များစွာ သာလွန်ပြီး ပကတိအင်မော်တယ် စတုတ္ထအဆင့်ထက်ပင် မနိမ့်ကျပေ။

အကယ်၍ ထိုကောင်လေးနှင့် ဆက်လက် တိုက်ခိုက်နေမည် ဆိုလျှင် သူ့အနေဖြင့် အမှန်တကယ်ပင် အသက်အန္တရာယ် ရှိလာနိုင်ပေသည်။

“ထွက်ပြေးချင်တယ်လား.. ဒီကို ရောက်လာမှာတော့ မင်းရဲ့အသက်ကို ထာဝရထားခဲ့ရလိမ့်မယ်”

ကျန်းချန်က အေးစက်စက် ကြုံးဝါးပြီးသည်နှင့် အပြာရောင်ဧကရာဇ်ဓားသိုင်း၏ တတိယမြောက်ဓားကွက် ဖြစ်သော အပြာရောင်ဧကရာဇ်ဓားကွက်ကို ထုတ်ဖော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်ထဲတွင် အလင်းတံခါးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အပြာရောင်ပုံရိပ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုတံခါးမှ ထွက်ပေါ်လာခဲ့ကာ ထွက်ပြေးနေသော လုဖုန်းကို တစ်ချက် စိုက်ကြည့်လိုက်ပြီး ဓားကွက်တစ်ကွက်ကို ထုတ်‌ဖော်လိုက်သည်။

ထိုဓားကွက်သည် အလွန်ပင် ရိုးရှင်းပြီး စွမ်းအင် လှိုင်းဂယက်အနည်းငယ်မျှပင် မထစေသော်လည်း မိုင်တစ်ရာခန့် ဧရိယာကို မျက်စိတစ်မှိတ်အတွင်း ကျော်ဖြတ်သွားခဲ့သည်။

ယင်းနောက်တွင် အဝေးသို့ ထွက်ပြေးနေသော လုဖုန်းသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ နှစ်ပိုင်း ပြတ်ထွက်သွားခဲ့၏။

ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့်သာ အပြာရောင်ဧကရာဇ်ဓားကွက်ကို ခွန်အားအပြည့်အဝ အသုံးပြုလိုက်လျှင် အပြာရောင်ဧကရာဇ်ဓားကွက်သည် ယခင်ထက် ဆယ်ဆမက အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်လည်း လုဖုန်း ကဲ့သို့ ပကတိအင်မော်တယ် တတိယအဆင့် ကျင့်ကြံသူသည် အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိခဲ့ဘဲ ထိုဓားချက်ဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

လုဖုန်းကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် လုဖုန်း၏ အလောင်း ဘေးတွင် ဖျတ်ခနဲ ပေါ်လာခဲ့ပြီး လုဖုန်း၏ ခန္ဓာကိုယ်ထဲမှ လက်သီးဆုပ်ခန့် အရွယ်အစားရှိ အင်မော်တယ် ခရစ္စတယ်ကို ဆွဲထုတ်လိုက်သည်။

ပကတိအင်‌မော်တယ် တတိယအဆင့် ကျင့်ကြံသူ၏ ခရစ္စတယ်သည် ကျန်းချန်အတွက် ကောင်းမွန်သော အာဟာရတစ်ခုပင် ဖြစ်၏။

အကယ်၍ ထိုအရာကို စုပ်ယူနိုင်လျှင် ခွန်အားများစွာ တိုးတက်လာနိုင်မည် ဖြစ်ရာ ကျန်းချန်အနေဖြင့် လက်လွှတ်ခံနိုင်စရာ အကြောင်းမရှိပေ။

သို့သော်လည်း အင်မော်တယ်ခရစ္စတယ်သည် ကျန်းချန်၏ လက်ထဲသို့ မကျရောက်ချင်ဘဲ ကျန်းချန်၏ လက်ထဲတွင် အဆက်မပြတ် ရုန်းကန်နေခဲ့သည်။

ထိုသို့ ရုန်းကန်ရင်း လုဖုန်း၏ မျက်နှာသည် အင်မော်တယ်ခရစ္စတယ် ပေါ်တွင် အဆုံးသတ်၌ ပေါ်လာခဲ့သည်။

သူက ကျန်းချန်ကို ခက်ထန်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

“ကျန်းချန် မင်းင့ါကို မြန်မြန်လွှတ်ပေးစမ်း.. မဟုတ်ရင်တော့ ငါတို့ လုမိသားစုက မင်းကို ဘယ်တော့မှ အလွှတ်ပေးမှာမဟုတ်ဘူး”

အခန်း(၂၆၇၂)ပြီး၏။

All Chapters