အခန်း (၂၆၇၃-၂၆၇၄)
Vol. 208 Ch. 2673-2674
အခန်း(၂၆၇၃)
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အင်မော်တယ် ခရစ္စတယ်ကို ကိုင်ထားသည့် လက်ဖဝါးကို အနည်းငယ်အားစိုက်လိုက်ရာ အင်မော်တယ်အဆီအနှစ် စွမ်းအားများသည် အင်မော်တယ်ခရစ္စတယ် ထဲသို့ တိုက်ရိုက်ပင် စီးဝင်သွားခဲ့ပြီး လုဖုန်း၏ ဝိညာဥ်ကို အမြစ်ပြတ် ချေမှုန်းပစ်လိုက်သည်။
လုမိသားစုက သူ့နောက်ကို လိုက်သတ်ရန် လူလွှတ်လိုက်ကတည်းပင် လုမိသားစုသည် သူ့ကို အလွှတ်ပေးရန် အစီအစဥ်မရှိသည်မှာ ထင်ရှားနေခဲ့၏။
သို့ဖြစ်ရာ သူက အဘယ်ကြောင့် သနားညှာတာနေရပါမည်နည်း။
လုဖုန်း၏ အင်မော်တယ်ဝိညာဥ်ကို ချေမှုန်းပြီးနောက်တွင် ကျန်းချန်သည် နေရာကနေ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
ယခု လုဖုန်း အသတ်ခံလိုက်ရပြီ ဖြစ်ရာ သူနှင့် လုမိသားစု ကြားတွင် ပြန်လည် သင့်မြတ်နိုင်ခြင်း လုံးဝ မရှိတော့ပေ။
လုမိသားစုသည် စန်းယွင်ပြည်နယ်တွင် ဒုတိယတန်းစား အင်အားစု တစ်ခုမျှသာ ဖြစ်သော်လည်း ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများကို ပိုင်ဆိုင်ထားသည်။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ရွှေအင်မော်တယ်အဆင့်ကျင့်ကြံသူကို အသာထား၊ လုမိသားစုက အဆင့်မြင့် ပကတိအင်မော်တယ် တစ်ပါးကို စေလွှတ်လိုက်လျှင်ပင် သူ့အနေဖြင့် ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိမည် မဟုတ်ချေ။
ထို့ကြောင့် ယခုအချိန်တွင် အရေးကြီးဆုံး အရာတစ်ခုမှာ ဆိတ်ငြိမ်သော နေရာတစ်ခုကို ရှာဖွေပြီး အပတ်တကုတ်ကျင့်ကြံ၍ သူ၏ ခွန်အားကို မြှင့်တင်ရန်ပင် ဖြစ်သည်။
လက်ရှိအချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အုပ်စိုးသူ နတ်စွမ်းအားကို ကိုးဆယ်ရာခိုင်နှုန်းအထိ အသွင်ပြောင်းပြီးပြီ ဖြစ်ရာ မကြာမီမှာပင် အတုအယောင် အင်မော်တယ် အဆင့်ကနေ ပကတိ အင်မော်တယ်အဆင့်သို့ ချိုးဖျက်နိုင်ပေတော့မည်။
ထိုအချိန်တွင် ပကတိအင်မော်တယ် တတိယအဆင့် ဖြစ်သည့် လုဖုန်း၏ အင်မော်တယ်ခရစ္စတယ်ကို စုပ်ယူလိုက်မည် ဆိုလျှင် ပကတိ အင်မော်တယ် ဒုတိယအဆင့်သို့ပင် တစ်ထိုင်တည်း ချိုးဖျက်နိုင်လောက်၏။
သူက အတုအယောင် အင်မော်တယ်အဆင့်တွင်ပင် ပကတိအင်မော်တယ် စတုတ္ထအဆင့်နှင့် ယှဥ်နိုင်သည့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားခဲ့သည်။
ထို့ကြောင့် ပကတိအင်မော်တယ် ဒုတိယအဆင့်ကိုသာ ရောက်ရှိသွားမည် ဆိုလျှင် အနည်းဆုံး ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်နှင့် ယှဥ်နိုင်မည် ဖြစ်ပြီး ပကတိအင်မော်တယ် သတ္တမအဆင့်ကိုပင် တိုက်ခိုက်နိုင်စွမ်း ရှိမည်ဟု သူ ထင်မြင်မိသည်။
အင်မော်တယ်လောကထဲကို ယခုလေးတင် ခြေချလာသည့် အတုအယောင် အင်မော်တယ်သာ ဖြစ်သည့်သူကို နှိမ်နင်းရန်အတွက် လုမိသားစုသည် ရွှေအင်မော်တယ် အဆင့်နှင့် ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူများကို အလွယ်တကူ စေလွှတ်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူသာ ပကတိအင်မော်တယ် ဒုတိယအဆင့်သို့မဟုတ် တတိယအဆင့်သို့ ရောက်ရှိနိုင်မည် ဆိုလျှင် လုမိသားစုမှ စေလွှတ်မည့်သူများကို စိုးရိမ်စရာ မရှိတော့ပေ။
လုဖုန်းသတ်ခံလိုက်ရသည့် ဤနေရာမှ ထွက်ခွာပြီးနောက်တွင် ကျန်းချန်သည် နှစ်နာရီကြာအောင် ပျံသန်းခဲ့ပြီး အဆုံးသတ်တွင် လူသူကင်းမဲ့သော တောင်တန်း တစ်ခုတွင် ရပ်တန့်လိုက်သည်။
သူက တောင်တန်းထဲတွင် ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် လျင်မြန်စွာပင် စတင် ကျင့်ကြံလိုက်သည်။
တစ်ရက်ခန့်ကြာပြီးနောက်တွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ် အတွင်းရှိ နောက်ဆုံး လက်ကျန် အုပ်စိုးသူနတ်စွမ်းအားများကို အင်မော်တယ်အဆီအနှစ် စွမ်းအား အဖြစ် ပြောင်းလဲနိုင်ခဲ့၏။
“ဒင်.. သင်က အင်မော်တယ်အဆီအနှစ် အသွင်ပြောင်းခြင်းပြီးမြောက်သွားပါပြီ.. သင်က ပကတိအင်မော်တယ် ပထမအဆင့်ကို အောင်မြင်စွာ ထိုးဖောက် ရောက်ရှိသွားခဲ့ပါပြီ”
သူ၏ စိတ်ထဲမှ စနစ်၏ သတိပေးချက်ကို ကြားလိုက်ရလျှင် ကျန်းချန်သည် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
သူက လက်ဖဝါးကို လှုပ်ရှား၍ လုဖုန်း၏ အင်မော်တယ်ခရစ္စတယ်ကို ထုတ်ယူလိုက်ပြီး သူ၏ ခွန်အားကို ဆက်လက် မြှင့်တင်ရန် အတွက် အင်မော်တယ်ခရစ္စတယ်မှ စွမ်းအင်များကို စုပ်ယူရန် ပြင်ဆင်လိုက်သည်။
“ကောင်လေး.. မင်းက အခု ပကတိအင်မော်တယ်အဆင့်ကို ရောက်ရှိသွားပြီ ဆိုတော့ အချိန်မျှော်စင်ကို ဖွင့်ဖို့ ကြိုးစားကြည့်လို့ရပြီ.. အချိန်မျှော်စင်က မင်းရဲ့ကျင့်ကြံမှုကို ပိုပြီး ထိရောက်စေလိမ့်မယ်”
ယင်းအချိန်တွင် ကျန်းချန်၏ စိတ်ထဲ၌ အင်မော်တယ်ကျောက်တိုင်၏ စကားသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဟုတ်သားပဲ.. ကျွန်တော် အဲဒါကို မေ့နေတယ်”
ကျန်းချန်က တီးတိုး ရေရွတ်လိုက်ပြီး သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ အချိန်မျှော်စင်က သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့သည်။
သူက လက်ဖဝါးပေါ်ရှိ အချိန်မျှော်စင်ကိုကြည့်ကာ စိတ်ထဲကနေ မေးမြန်းလိုက်၏။
“စီနီယာ.. အချိန်မျှော်စင်က ဘာအတွက် အသုံးဝင်တာလဲ”
“အချိန်မျှော်စင်က အချိန်စွမ်းအားကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် သူ့ရဲ့ အခြေခံအကျဆုံး လုပ်ဆောင်ချက်က ကျင့်ကြံမှုကို အရှိန်မြှင့်တင်ပေးတာပဲ.. မင်း အချိန်မျှော်စင်ကို အသက်သွင်းပြီး အချိန်မျှော်စင်ထဲ ဝင်လိုက်ရင် သိလာပါလိမ့်မယ်”
ထိုစကားကို ကြားလျှင် ကျန်းချန်သည် တွေဝေမနေတော့ဘဲ အချိန်မျှော်စင်ထဲသို့ အင်မော်တယ်စွမ်းအားများကို တိုက်ရိုက်ပင် ထည့်သွင်းလိုက်သည်။
သိပ်မကြာခင်မှာပင် အချိန်မျှော်စင်ကနေ ဆန်းကြယ်သော အလင်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ကျန်းချန်သည် အချိန်မျှော်စင်အတွင်းရှိ ဟင်းလင်းပြင် အတွင်းသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်၏ စိတ်ထဲတွင် အချက်အလက် များစွာ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
အချိန်မျှော်စင်တွင် စုစုပေါင်း ခုနစ်ထပ် ရှိပြီး သူ ယခုရောက်ရှိနေသော နေရာသည် အချိန်မျှော်စင်၏ ပထမထပ်ဖြစ်သည်။
ဤနေရာရှိ အချိန်၏ အရှိန်အဟုန်သည် ပြင်ပကမ္ဘာထက် ဆယ်ဆ ပိုမြန်၏။
တစ်နည်းအားဖြင့် ဆိုရလျှင် ပြင်ပကမ္ဘာမှ တစ်ရက်သည် အချိန်မျှော်စင် အတွင်း ဆယ်ရက် ကုန်ဆုံးသွားခြင်း ဖြစ်သည်။
အချိန်မျှော်စင် အတွင်း၌ ကျင့်ကြံခြင်းသည် ပြင်ပကမ္ဘာတွင် ကျင့်ကြံသည်ထက် ဆယ်ဆ ပိုမြန်သည်နှင့် အတူတူပင် ဖြစ်သည်။
ရှင်းလင်းစွာဆိုရလျှင် အချိန်မျှော်စင်သည် မှော်ဆန်သောရတနာတစ်ပါး ဖြစ်ပြီး သူ၏ အဆ ၁၀၀ စနစ် ကဲ့သို့ပင် အလွန်တရာ ဆန်းကြယ်သည်။
ဤသည်က အချိန်မျှော်စင်၏ ပထမထပ်သာ ရှိသေး၍ နောက်ထပ် အထပ်တစ်ခုချင်းစီ၏ အချိန်စီးဆင်းမှု အရှိန်အဟုန်သည် ပထမထပ်ထက်ပင် ပို၍ ထိတ်လန့်ဖွယ်ရာကောင်းပေလိမ့်မည်။
သို့သော် ဒုတိယထပ်ကို ဝင်ရောက်ရန် အတွက် ကောင်းကင်အင်မော်တယ် အဆင့်ကို ရောက်ရှိရန် လိုအပ်သည်။
သူ၏ လက်ရှိ ခွန်အားအရ အချိန်မျှော်စင်၏ ပထမထပ်ကိုသာ ဖွင့်လှစ်နိုင်သေး၏။
ဤအချိန်တွင် ကျန်းချန်သည် ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေး လင်းပိုထျန်းက အဘယ်ကြောင့် အချိန်တိုအတွင်း ပိယွင် အင်မော်တယ်နန်းတော်နှင့် အခြားသော တလော့အင်အားစုများ မနာလိုဖြစ်ရလောက်သည် အထိ ကြီးထွားလာနိုင်ခဲ့သည့် အကြောင်းရင်းကို အဆုံးသတ်တွင် နားလည်သွားခဲ့သည်။
အချိန်မျှော်စင်သည် အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ရာကောင်းသည့် စွမ်းရည်အချို့ ရှိနေခဲ့၏။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
သူက အချိန်မျှော်စင်၏ ပထမထပ်ကိုသာ ဖွင့်လှစ်နိုင်သေးသော်လည်း ပထမထပ်၏ အချိန်စီးဆင်းမှုနှုန်း ဆယ်ဆကိုပင် အလွန်တရာ ကျေနပ်နေခဲ့ပြီ ဖြစ်သည်။
အချိန်မျှော်စင်နှင့် အတူ အဆ ၁၀၀ စနစ်၏ အတွေ့အကြုံရမှတ်များပါ ပေါင်းစပ်လိုက်လျှင် ကျန်းချန်၏ ခွန်အားသည် သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာ ထိတ်လန့်စရာကောင်းသော အဆင့် အထိ တိုးတက်လာလိမ့်မည် မဟုတ်ပါလော။
“အရင်ဆုံး ခွန်အားမြှင့်တင်ဖို့ အတွက် အင်မော်တယ်ခရစ္စတယ်ကို စုပ်ယူရမယ်”
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး အချိန်မျှော်စင်၏ ပထမထပ်တွင် တင်ပျဥ်ခွေ၍ ထိုင်လိုက်ကာ သူ၏ ခွန်အားကိုမြှင့်တင်ရန် အတွက် အင်မော်တယ်ခရစ္စတယ်ကို စုပ်ယူ၍ စတင် ကျင့်ကြံလိုက်သည်။
“ဒင်.. သင်က ပကတိအင်မော်တယ် တတိယအဆင့် ခရစ္စတယ်ရဲ့ စွမ်းအားကို စုပ်ယူပြီး အင်မော်တယ်စွမ်းအား အတွေ့အကြုံရမှတ် သုံးရာကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်က ပကတိအင်မော်တယ် တတိယအဆင့် ခရစ္စတယ်ရဲ့ စွမ်းအားကို စုပ်ယူပြီး အင်မော်တယ်စွမ်းအား အတွေ့အကြုံရမှတ် သုံးရာကို အဆ ၁၀၀ ရရှိပါတယ်”
“..........”
ဤသို့ဖြင့် ကျန်းချန်သည် အင်မော်တယ်ခရစ္စတယ်၏ စွမ်းအားများကို အဆက်မပြတ် စုပ်ယူနေခဲ့ရာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ်စွမ်းအင်များသည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် ဆက်လက် ကြီးထွားလာခဲ့သည်။
လဝက်မပြည့်မီမှာပင် ကျန်းချန်သည် အင်မော်တယ်ခရစ္စတယ်ထဲမှ စွမ်းအားများကို လုံးဝ စုပ်ယူပြီးစီးသွားခဲ့၏။
ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည်လည်း ပကတိအင်မော်တယ် ပထမအဆင့် အစောပိုင်းကနေ အထွတ်အထိပ်အဆင့်အထိ ရောက်ရှိသွားခဲ့သည်။
ဆိုရလျှင် သူက ပကတိအင်မော်တယ် ဒုတိယအဆင့်သို့ ထိုးဖောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။
ရက်အနည်းငယ် ထပ်မံ ကုန်ဆုံးသွားခဲ့ပြီးနောက်တွင် ကျန်းချန်၏ စိတ်ထဲ၌ သာယာနာပျော်ဖွယ်ကောင်းသော စနစ်၏ သတိပေးသံသည် အဆုံးသတ်တွင် ထွက်ပေါ်လာခဲ့သည်။
“ဒင်.. သင်က ပကတိအင်မော်တယ် ဒုတိယအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပါပြီ”
ပကတိအင်မော်တယ် တတိယအဆင့် ခရစ္စတယ်၏ အကူအညီဖြင့် ကျန်းချန်သည် ပကတိအင်မော်တယ် ပထမအဆင့်ကနေ ဒုတိယအဆင့်အထိ အောင်မြင်စွာ ထိုးဖောက်ရောက်ရှိရန် ရက်ပေါင်းနှစ်ဆယ်ခန့် ကြာမြင့်ခဲ့သည်။
ဤရက်ပေါင်းနှစ်ဆယ် ဆိုသည်မှာ အချိန်မျှော်စင် အတွင်း၌ ကုန်ဆုံးသွားသောအချိန် ဖြစ်ပြီး ပင်မကမ္ဘာတွင် နှစ်ရက်မျှသာ ရှိသေး၏။
နှစ်ရက်အတွင်း ပကတိအင်မော်တယ် ပထမအဆင့်ကနေ ဒုတိယအဆင့်သို့ ရောက်ရှိခဲ့ခြင်းသည် အင်မော်တယ်လောက တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် သူတစ်ဦးတည်းသာ ရှိပေလိမ့်မည်။
ပကတိအင်မော်တယ် ဒုတိယအဆင့်ကို ရောက်ရှိသွားပြီးနောက်တွင် ကျန်းချန်သည် သူ၏ ကျင့်ကြံမှုကို ရပ်တန့်လိုက်ခြင်းမရှိဘဲ ဆက်လက် ကျင့်ကြံနေခဲ့သည်။
အချိန်မျှော်စင်၏ အထောက်အပံ့ကြောင့် သူက အချိန်မျှော်စင်ကနေ ထွက်ခွာရန် အလျင်မလိုခဲ့ပေ။
ဤသို့ဖြင့် မသိလိုက် မသိဘာသာဖြင့်ပင် သုံးလ ဟူသောအချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ပကတိအင်မော်တယ် ဒုတိယအဆင့်ကနေ တတိယအဆင့်သို့ ထပ်မံ၍ ထိုးဖောက်သွားခဲ့ပြန်သည်။
အချိန်မျှော်စင် အတွင်း သုံးလသာ ကုန်ဆုံးသွားသော်လည်း ပြင်ပကမ္ဘာတွင်မူ ဆယ်ရက်ပင် မပြည့်သေးပေ။
လဝက်မပြည့်မီ အချိန်အတွင်း ကျန်းချန်သည် အင်မော်တယ်လောကထဲကို စတင်ဝင်ရောက်လာသည့် အတုအယောင် အင်မော်တယ် အဆင့်ကနေ ပကတိအင်မော်တယ် တတိယအဆင့်အထိ ထိုးဖောက်နိုင်ခဲ့သည်။
“ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ဖို့ ပြဿနာမရှိတော့ဘူး.. တကယ်လို့ ဝှက်ဖဲတွေ အကုန်ထုတ်သုံးမယ် ဆိုရင် ပကတိအင်မော်တယ် သတ္တမအဆင့်တောင် ငါ့ကို ရင်ဆိုင်ဖို့ လွယ်မှာ မဟုတ်ဘူး.. ဘာပဲဖြစ်ဖြစ် ဒီအင်မော်တယ်လောကမှာ ငါ့ကိုယ်ငါ ကာကွယ်နိုင်မဲ့ ခွန်အားတချို့တော့ ရှိလာခဲ့ပြီ”
ကျန်းချန်က မျက်လုံးများကို ဖွင့်လိုက်ပြီး နှုတ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ပကတိအင်မော်တယ် အဆင့်တွင် အဆင့်တစ်ဆင့် ထိုးဖောက်ရန်အတွက် အင်မော်တယ် အဆီအနှစ်စွမ်းအား အဆပေါင်းများစွာ သို့မဟုတ် ဆယ်ဆခန့် လိုအပ်သည်။
အချိန်မျှော်စင်၏ စီးဆင်းမှု ဆယ်ဆ အမြန်နှုန်းဖြင့်ပင် ပကတိအင်မော်တယ် တတိယအဆင့်ကနေ စတုတ္ထအဆင့်သို့ ထိုးဖောက်ရန် လအနည်းငယ် ကြာမြင့်လိမ့်မည် ဖြစ်၏။
ထို့ကြောင့် ကျန်းချန်က အချိန်မျှော်စင် အတွင်း၌ ဆက်လက်ကျင့်ကြံနေရန် အစီအစဥ် မရှိတော့ဘဲ ပြင်ပကမ္ဘာသို့ ထွက်ကာ အင်မော်တယ်လောက၏ အခြေအနေကို လေ့လာရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် ချက်ချင်းပင် မတ်တတ် ထရပ်လိုက်ပြီး အချိန်မျှော်စင်၏ ပထမထပ်ကနေ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၂၆၇၃)ပြီး၏။
အခန်း(၂၆၇၄)
လူသူကင်းမဲ့သော ရှေးဟောင်းတောင်တန်းနှင့် သစ်တောများထဲတွင် အနက်ရောင်အရိပ် တစ်ခုသည် လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။
ထိုသူမှာ တံခါးပိတ် ကျင့်ကြံခြင်းကို ယခုလေးတင် ရပ်တန့်လိုက်သည့် ကျန်းချန်ပင် ဖြစ်သည်။
သူက နတ်အသိစိတ်အာရုံကို ဖြန့်ကြက်ကာ မိုင်တစ်ရာပတ်လည်ရှိ အရာအားလုံးကို အမြဲမပြတ် စူးစမ်းနေခဲ့သည်။
အင်မော်တယ်လောကကို ပထမဆုံးအကြိမ် စတင် ခြေချခြင်းဖြစ်၍ ဤနယ်မြေနှင့် စိမ်းသက်နေသဖြင့် သဘာဝကျစွာပင် သတိကြီးစွာ ထားရလိမ့်မည် မဟုတ်ပါလော။
နာရီဝက်ခန့် ကြာပြီးနောက်တွင် မိုင်တစ်ရာခန့် အကွာအဝေး၌ တိုက်ပွဲဖြစ်ပွားသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က တိုက်ပွဲ ဖြစ်ပေါ်သည့် နေရာ ဆီသို့ လျင်မြန်စွာ ဦးတည်လိုက်သည်။
တစ်ခဏအကြာမှာပင် မီတာတစ်ရာခန့် မြင့်သော ရှေးဟောင်းသစ်ပင်ကြီး တစ်ပင် ပေါ်တွင် ကျန်းချန်၏ ပုံရိပ် ပေါ်လာခဲ့၏။
သူက ပေတစ်ထောင်ခန့် အကွာအဝေးရှိ နေရာတစ်ခုကို လှမ်းကြည့်လိုက်သည်။
“လခြမ်းနီဓားပြအဖွဲ့.. ထျန်းရွှေအင်မော်တယ်မြို့တော်က ငါတို့ လော့ရွှေကုန်သည်အဖွဲ့ကိုတောင် လုယက်ရဲတယ် ဆိုတော့ မင်းတို့ အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်”
လူအရေအတွက် များစွာ ပါဝင်သော ကုန်သည်အဖွဲ့ထဲမှ ငွေရောင်ဝတ်စုံဝတ် အဘိုးအိုက ပြင်းထန်စွာ အော်ငေါက်လိုက်သည်။
ထိုငွေရောင်ဝတ်စုံဝတ် အဘိုးအို၏ အရှိန်အဝါက အလွန်တရာပင် အားကောင်းပြီး ကျန်းချန်ပင်လျှင် ကြီးမားသော ဖိအားကို ခံစားနေရ၏။
သူ ခန့်မှန်းရသလောက် ထိုငွေရောင်ဝတ်စုံဝတ် အဘိုးအိုသည် အနည်းဆုံး ကောင်းကင်အင်မော်တယ် တစ်ပါး ဖြစ်နိုင်လောက်သည်။
ငွေရောင်ဝတ်စုံဝတ် အဘိုးအို၏ နံဘေးတွင် အမျိုးသမီး တစ်ဦး ရှိနေခဲ့ပြီး ထိုအမျိုးသမီးသည် နတ်သမီးတစ်ပါး ကဲ့သို့ လှပပြီး ကော့ညွှတ်နေသာ မျက်ခုံးများ၊ နီမြန်းသော နှုတ်ခမ်းနှင့် ဖြူဖွေးသော သွားများရှိကာ ကြော့ရှင်းသော ကိုယ်ဟန်အနေအထားကို ပိုင်ဆိုင်ထား၏။
သူမကို ကြည့်ရသည်မှာ ငယ်ရွယ်သော်လည်း အရှိန်အဝါကမူ ကျန်းချန်ထက် အနည်းငယ် ပိုမို အားကောင်းသဖြင့် ပကတိအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်နိုင်လောက်သည်။
တစ်ဖက်အဖွဲ့တွင်မူ ရက်စက်ကြမ်းကြုတ်ပုံ ရသော ဓားပြနှစ်ဆယ်၊ သုံးဆယ်ခန့် ရှိနေခဲ့သည်။
ထိုဓားပြများထဲတွင် အားအနည်းဆုံးသူပင် ပကတိအင်မော်တယ် အဆင့်သို့ ရောက်ရှိနေကြပြီး ထိုအထဲတွင် ပကတိအင်မော်တယ် ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့် ကျင့်ကြံသူများပင် ပါဝင်နေခဲ့သည်။
အထူးသဖြင့် မျက်စိတစ်ဖက်ကို အဝတ်စည်းထားသော မျက်စိတစ်ဖက်ကန်း ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် ငွေရောင်ဝတ်စုံဝတ် အဘိုးအိုထက်ပင် မနိမ့်ကျပေ။
“ဟားဟား ပုံမှန်အခြေအနေတွေမှာ ဆိုရင်တော့ ငါတို့ လခြမ်းနီအဖွဲ့က မင်းတို့ လော့ရွှေကုန်သည်အဖွဲ့က လူတွေကို လုယက်ရဲမှာမဟုတ်ဘူး...ဒါပေမဲ့ အခုအချိန်မှာ မင်းတို့ လော့ရွှေကုန်သည်အဖွဲ့ရဲ့ တစ်ဦးတည်းသော ရွှေအင်မော်တယ်က အသက်ငင်နေတဲ့ အချိန်ကိုရောက်နေခဲ့ပြီ.. ငါတို့ လခြမ်းနီဓားပြအဖွဲ့က ဘာကို ကြောက်နေရဦးမှာလဲ”
မျက်စိတစ်ဖက်ကန်း ကျင့်ကြံသူက ငွေရောင်ဝတ်စုံဝတ် အဘိုးအိုတို့ လူစုကို စိုက်ကြည့်ကာ မထီမဲ့မြင် ပြုံး၍ ပြောလိုက်သည်။
“ဒါ့အပြင် တစ်စုံတစ်ယောက်က ငါတို့ မငြင်းဆန်နိုင်တဲ့ အဖိုးအခကို ပေးထားမှတော့ ငါတို့ လခြမ်းနီဓားပြအဖွဲ့က ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်မှာလဲ”
ထိုစကားကိုကြားလျှင် ငွေရောင်ဝတ်စုံဝတ် အဘိုးအို ရုတ်တရက် မျက်နှာပျက်သွားခဲ့သည်။
လော့ရွှေကုန်သည်အဖွဲ့၏ ခေါင်းဆောင် ဒဏ်ရာ အပြင်းအထန်ရရှိကာ သေလုမျောပါး ဖြစ်နေကတည်းကပင် လော့ရွှေကုန်သည်အဖွဲ့၏ အကြီးအကဲချုပ်သည် ခေါင်းဆောင် နေရာကို လုယူရန် စတင် လှုပ်ရှားလာခဲ့သည်။
ထိုအခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းရန်အတွက် လော့ရွှေကုန်သည်အဖွဲ့၏ သခင်မလေးသည် အင်မော်တယ်ဆေးဝါးကို ရှာဖွေပြီး ခေါင်းဆောင်၏ ဒဏ်ရာကို ကုသရန်အတွက် ခရီးထွက်လာခြင်း ဖြစ်သည်။
ယခုအခါ သူတို့သည် ခေါင်းဆောင်ကို ကုသပေးနိုင်မည့် ဆေးစွမ်းကောင်းကို ရှာဖွေ တွေ့ရှိခဲ့သော်လည်း လခြမ်းနီဓားပြအုပ်စု၏ ကြားဖြတ် ဟန့်တားခြင်းကို ခံနေရ၏။
ထို့အပြင် လခြမ်းနီဓားပြအုပ်စု ပေါ်လာခြင်းသည် တစ်စုံတစ်ဦး၏ လှုံ့ဆော်မှုကြောင့် ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
ငွေရောင်ဝတ်စုံဝတ် အဘိုးအိုအနေဖြင့် များစွာ စဥ်းစားနေရန်ပင် မလိုခဲ့ပေ။
လခြမ်းနီအဖွဲ့ကို သူတို့အား ကြားဖြတ်သတ်ဖြတ်ရန် ငှားရမ်းခဲ့သူသည် လော့ရွှေကုန်သည်အဖွဲ့မှ အကြီးအကဲချုပ်သာ ဖြစ်နိုင်ခြေ အလွန်များ၏။
လော့ရွှေကုန်သည်အဖွဲ့မှ အကြီးအကဲချုပ်နှင့် ၎င်း၏ လူများသည် သူတို့ကို လော့ရွှေကုန်သည် အဖွဲ့သို့ ပြန်မလာစေလိုကြပုံ ရသည်။
“သခင်မလေး.. ငါ လခြမ်းနီဓားပြအုပ်စုကို တားထားပေးမယ်.. သခင်မလေးက ဒီအခွင့်အရေးကို အသုံးချပြီး အင်မော်တယ်ဆေးဝါးနဲ့ အတူ လော့ရွှေကုန်သည်အဖွဲ့ ဆီကို ဘေးကင်းကင်းနဲ့ ရောက်အောင်ပြန်ပါ”
ငွေရောင်ဝတ်စုံဝတ် အဘိုးအိုက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ နံဘေးမှ အမျိုးသမီးကို လေးနက်စွာ ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူတို့သည် အင်မော်တယ်ဆေးဝါးကို လော့ရွှေကုန်သည်အဖွဲ့ ဆီသို့ ရောက်အောင် ယူသွားရပေမည်။
သို့မှသာ ခေါင်းဆောင်၏ ဒဏ်ရာက ပြန်လည် သက်သာလာပြီး အခြေအနေကို တည်ငြိမ်အောင် ပြန်လည် ထိန်းသိမ်းနိုင်လိမ့်မည် မဟုတ်ပါလော။
သို့မဟုတ်လျှင် လော့ရွှေ ကုန်သည်အဖွဲ့သည် လူယုတ်မာများ၏ လက်ထဲသို့ ကျရောက်သွားလိမ့်မည် ဖြစ်သည်။
“ဦးလေးလီ.. ကျွန်မက ဦးလေးလီက လခြမ်းနီဓားပြအဖွဲ့နဲ့ ရင်ဆိုင်ဖို့ ဘယ်လိုလုပ်ပြီး တစ်ယောက်ထဲ ထားခဲ့နိုင်မှာလဲ”
အမျိုးသမီးက ခေါင်းခါရမ်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ကျွန်မတို့ အတူတူ လက်တွဲပြီး ဒီနေရာကနေ ဖောက်ထွက်ကြစို့”
“မဖြစ်ဘူး သခင်မလေး”
ငွေရောင်ဝတ်စုံဝတ် အဘိုးအိုက အလျင်အမြန်ပင် ပြောလိုက်သည်။
“လခြမ်းနီဓားပြအုပ်စုက စေလွှတ်လိုက်တဲ့ လူတွေက ငါတို့ထက် အများကြီး ပိုသန်မာတယ်.. တကယ်လို့ ငါတို့သာ ထိပ်တိုက် ရင်ဆိုင်မယ်ဆိုရင် ဘယ်သူမှ ထွက်သွားနိုင်မှာမဟုတ်ဘူး”
တစ်ဖက်မှ မျက်စိတစ်ဖက်ကန်း ကျင့်ကြံသူသည် လခြမ်းနီဓားပြအဖွဲ့၏ တတိယ ခေါင်းဆောင်ဖြစ်သည့် ဝမ်ပျောင်း ဖြစ်သည်။
ဝမ်ပျောင်းသည် သူကဲ့သို့ပင် ကောင်းကင်အင်မော်တယ် ဒုတိယအဆင့်ကို ရောက်ရှိနေသူ ဖြစ်သည်။
ထိပ်တိုက် ရင်ဆိုင်မည်ဆိုလျှင် သူက ဝမ်ပျောင်း၏ ထိန်းချုပ်ခြင်းကို ခံရပေလိမ့်မည်။
လခြမ်းနီဓားပြအဖွဲ့တွင် ကောင်းကင်အင်မော်တယ် ဒုတိယအဆင့် ဖြစ်သော ဝမ်ပျောင်းအပြင် ပကတိအင်မော်တယ်ဆဋ္ဌမအဆင့် ကျင့်ကြံသူနှစ်ဦးလည်း ရှိနေသေး၏။
သူတို့ဘက်တွင် သူမှ လွဲ၍ အသန်မာဆုံး ကျင့်ကြံသူ ဟူ၍ ပကတိအင်မော်တယ် ပဉ္စမအဆင့်တစ်ဦးသာ ရှိရာ လခြမ်းနီဓားပြအဖွဲ့နှင့် ယှဥ်ပြိုင်ရန်မှာ အလွန်ပင် ခက်ခဲနေခဲ့သည်။
အကယ်၍သာ ထိပ်တိုက်ရင်ဆိုင်မည် ဆိုလျှင် ယနေ့တွင် သူတို့အားလုံးသည် သေချာပေါက် သုတ်သင်ခံရပေလိမ့်မည်။
“သခင်မလေး တွေဝေမနေပါနဲ့တော့.. သခင်မလေးအနေနဲ့ ခေါင်းဆောင်ကို တစ်စုံတစ်ခု ဖြစ်စေချင်ပြီး လော့ရွှေကုန်သည်အဖွဲ့ကို တခြားသူရဲ့ လက်ထဲ မကျရောက်စေချင်ဘူးဆိုရင် အမြန် ထွက်သွားလိုက်တော့”
ငွေရောင်ဝတ်စုံဝတ် အဘိုးအိုက ထိုစကားကို ပြောပြီးသည်နှင့် ချက်ချင်းပင် စတင် လှုပ်ရှားကာ လခြမ်းနီဓားပြအုပ်စုမှ လူများထံ ပြေးဝင်သွားခဲ့သည်။
သူက မျက်စိတစ်ဖက် ကန်းကျင့်ကြံသူ အဆင်သင့် မဖြစ်သေးသည့် အခြေအနေကို အခွင့်ကောင်းယူကာ ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူနှစ်ဦးကို အရင်ဆုံး ရှင်းပစ်ရန် ရည်ရွယ်ထားခဲ့သည်။
ထိုနှစ်ဦးကို ရှင်းပစ်လိုက်လျှင် သူ့အနေဖြင့် မျက်စိတစ်ဖက်ကန်း ကျင့်ကြံသူ၏ ထိန်းချုပ်ခြင်းကို ခံရလျှင်ပင် လခြမ်းနီဓားပြ အဖွဲ့ဘက်တွင် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူနှစ်ဦး မရှိတော့သဖြင့် သခင်မလေးနှင့် အခြားသူများသည် ထွက်ပြေးနိုင်မည့် အခွင့်အရေး ပိုများလာပေမည်။
သို့ရာတွင် စိတ်ကူးက လှပသော်လည်း လက်တွေ့ အရှိတရားကမူ ခါးသီးလှ၏။
ငွေရောင်ဝတ်စုံဝတ် အဘိုးအို စတင် လှုပ်ရှားလိုက်သည့်အချိန်မှာပင် မျက်စိတစ်ဖက်ကန်း ကျင့်ကြံသူသည် ကောင်းကင်အင်မော်တယ် ဒုတိယအဆင့် အရှိန်အဝါကို ထုတ်ဖော်ကာ ငွေရောင်ဝတ်စုံဝတ် အဘိုးအို၏ ရှေ့တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။
“အဘိုးကြီး.. မင်းရဲ့ပြိုင်ဘက်က ငါပဲ”
မျက်စိတစ်ဖက်ကန်း ကျင့်ကြံသူက အေးစက်စက် ပြောလိုက်ပြီး သူ၏ လက်အောက်ငယ်သားများကို ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
“အကုန်သတ်ပစ်ကြ”
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
မျက်စိတစ်ဖက်ကန်း ကျင့်ကြံသူ၏ အမိန့်ကိုရသည်နှင့် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူနှစ်ဦး ဦးဆောင်သော လခြမ်းနီဓားပြ အဖွဲ့ဝင်များသည် လော့ရွှေကုန်သည်အဖွဲ့မှ လူများကို သတ်ဖြတ်ရန် ပြေးဝင်သွားခဲ့ကြသည်။
လော့ရွှေကုန်သည်အဖွဲ့မှ လူများသည် နောက်ဆုတ်ရန် အချိန်မရှိတော့သဖြင့် လခြမ်းနီဓားပြ အုပ်စုနှင့် ထိပ်တိုက် ရင်ဆိုင်ကြရတော့သည်။
သို့သော်လည်း လော့ရွှေကုန်သည်အဖွဲ့မှ ကျင့်ကြံသူများသည် လခြမ်းနီဓားပြ အဖွဲ့ဝင်များနှင့် ယှဥ်လျှင် သိသိသာသာပင် ပို၍ အားနည်းနေခဲ့သည်။
သခင်မလေး ဦးဆောင်သော လော့ရွှေကုန်သည်အဖွဲ့မှ လူများသည် လခြမ်းနီ ဓားပြအုပ်စု၏ တိုက်ခိုက်မှုအောက်တွင် တရစပ် နောက်ဆုတ်နေကြရ၏။
“သခင်မလေး”
သူ၏ သခင်မလေး အန္တရာယ်ရှိနေသည်ကိုမြင်လျှင် ငွေရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်နှာထက်တွင် စိုးရိမ်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက မျက်စိတစ်ဖက်ကန်း ကျင့်ကြံသူနှင့် တိုက်ခိုက်နေရာကနေ သခင်မလေးကို ကယ်တင်ရန် သွားလိုသော်လည်း မျက်စိတစ်ဖက်ကန်း ကျင့်ကြံသူသည် သူ့ကို လုံးဝ အလွှတ်မပေးခဲ့ပေ။
“ဝုန်း..”
လော့ရွှေကုန်သည်အဖွဲ့မှ သခင်မလေးနှင့် လခြမ်းနီ ဓားပြအဖွဲ့မှ ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်တို့က ထိပ်တိုက် ရင်ဆိုင်မိခဲ့ကြသည်။
ချက်ချင်းဆိုသလိုပင် သခင်မလေးသည် ပေရာဂဏန်းခန့် အကွာအဝေး အထိ လွင့်စင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ရ၏။
သူမ၏ လှပသော မျက်နှာလေးသည် မျက်စိတစ်မှိတ် အတွင်းမှာပင် အလွန်တရာ ဖြူဖျော့သွားခဲ့သည်။
“ငါ လော့ချင်းအာက ဒီလိုနဲ့ပဲ သေရတော့မှာလား”
သူမကို ထပ်မံ တိုက်ခိုက်ရန် ပြင်နေသော ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူကို ကြည့်ရင်း လော့ချင်းအာ၏ မျက်နှာထက်တွင် မျှော်လင့်ချက်ကင်းမဲ့သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
သူမကို လော့ရွှေကုန်သည်အဖွဲ့၏ ပါရမီရှင် တစ်ဦးဟု ယူဆနိုင်ပြီး သူမ၏ ပကတိအင်မော်တယ် စတုတ္ထအဆင့် ခွန်အားဖြင့် ဆိုလျှင် ပကတိအင်မော်တယ် ပဉ္စမအဆင့်ကိုပင် ရင်ဆိုင်ရန် လုံလောက်သော်လည်း ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်နှင့် ရင်ဆိုင်ရန်မှာမူ မဖြစ်နိုင်သလောက်ပင်။
“သွားသေလိုက်တော့”
လခြမ်းနီဓားပြအဖွဲ့မှ ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူ၏ ပုံရိပ်သည် လော့ချင်းအာ၏ ဦးခေါင်းအထက်တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့ပြီး အင်မော်တယ်စွမ်းအားများဖြင့် စုစည်းထားသော လက်ဝါးရိုက်ချက်ကို လော့ချင်းအာထံ ရိုက်ချလိုက်သည်။
လော့ချင်းအာက သွားများကို အံကြိတ်လိုက်ပြီး အစွမ်းကုန် ခုခံရန် ပြင်လိုက်စဥ်မှာပင် ရွှေရောင်ဓားအလင်း တစ်ခုသည် ရုတ်တရက် လေထဲကို ထိုးဖောက် ဝင်ရောက်လာခဲ့ပြီး သူမဆီသို့ သက်ရောက်လာသည့် လက်ဝါးရိုက်ချက်ကို ချေမှုန်းပစ်လိုက်သည်။
လခြမ်းနီဓားပြအဖွဲ့မှ ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူသည် ဟင်းလင်းပြင်ထဲတွင် ခြေဆယ်လှမ်းထက်မက နောက်ဆုတ်သွားခဲ့ရပြီးနောက်တွင် ဓားအလင်းတန်း ထွက်ပေါ်လာသည့် အရပ်ဆီသို့ စိုက်ကြည့်လိုက်သည်။
သူ၏ အေးစက်စက် အော်ဟစ်သံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
“ဘယ်ကောင် အမှောင်ထဲမှာ ပုန်းလျှိုးကွယ်လျှိုး လုပ်နေတာလဲ.. သတ္တိရှိရင် ထွက်လာခဲ့စမ်း”
အခန်း(၂၆၇၄)ပြီး၏။